10/13/16



နေပြည်တော်၊ အောက်တိုဘာ ၁၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာအနီးရှိ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်မှ အိမ်ထောင်သည်လိုင်းခန်းအား ယနေ့နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်အား ၅ ဦးခန့်က ဌာနချုပ်၏ အရှေ့တောင်ဘက်တောင်ကုန်းမှ လက်နက်ငယ်များဖြင့် လာရောက်ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။


လာရောက်ပစ်ခတ်တိုက်ခိုက်သည့်နေရာအား တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်းရာ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများသည် ၀ါးပိတ်ကျေးရွာမှတစ်ဆင့် အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားသည်။

ဝါးပိတ်ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းစဉ် ရွာအနီး ပုန်းခိုနေသည့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက ကျေးရွာအား မီးရှို့ထွက်ပြေးသွားသဖြင့် တပ်မတော်စစ်ကြောင်းက ၀ိုင်းဝန်းကူညီ ငြိမ်းသတ်ပေးခဲ့သည်။


ကျေးရွာအတွင်း မီးလောင်မှုကြောင့် အိမ်ခြေ ၂၅ လုံးခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါနယ်မြေအတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြဝတီ
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/


နိရဉ္စရာ၊ အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း ယခု လက်ရှိ ဖြစ်ပွားနေသော တိုက်ခိုက်မှုနှင့် လွန်ခဲ့သော ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကို နှိုင်းယှဉ်ပါက တိုက်ခိုက်သူများ၏ ဦးတည်ချက် ဗျူဟာမှာ ပုံစံ မတူဘဲ ကွဲပြားနေသည်ဟု မောင်တော မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော် က ပြောကြား လိုက်သည်။

အောက်တိုဘာလ ၁၂ ရက် နေ့လယ်က ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် ဦးဆောင်သော အစိုးရအဖွဲ့နှင့် ရခိုင်တိုင်ရင်းသား ၂၀၀ ခန့် မောင်တောမြို့ သီရိမင်္ဂလာခန်းမတွင် တွေ့ဆုံစဉ် မောင်တော မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က ထိုသို့ တင်ပြ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အခု အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကိစ္စဟာ ၂၀၁၂ က ဖြစ်စဉ်နဲ့ မတူပါဘူး။ ၂၀၁၂ ခုနှစ်က ဒေသခံ တိုင်းရင်းသားတွေကို ပစ်မှတ်ထားတိုက်ခိုက်ပေမယ့် အခုတော့ လုံခြုံရေး တပ်ဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်မှု လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် အခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သေချာ လေ့လာသုံးသပ်ဖို့ လိုအပ်နေပါတယ်” ဟု ဦးလှထွန်းကျော်က ပြောဆိုသည်။


၎င်းပြင် ယခုတိုက်ခိုက်မှုသည် အစိုးရကို ဦးတည်ပြီး တိုက်ခိုက်သဖြင့် နိုင်ငံတစ်ခု ထူထောင်ဖို့ ခြေလှမ်း တစ်ခုဟု မြင်ကြောင်း သူက ပြောဆိုသည်။

“ သူတို့ရဲ့ ဘူးသီးတောင် မောင်တော အနည်းဆုံး နှစ်နေရာကို တိုက်ခိုက် သိမ်းပိုက်ပြီးတော့ နိုင်ငံ ထူထောင်မှုကို အကောင်အထည် ဖေါ်တဲ့ လုပ်ရပ်လို့ သုံးသပ်ပါတယ်” ဟု ဆိုသည်။

မောင်တောမြို့နယ်တွင် တရားဥပဒေစိုးမိုးမှုကို ရလိုပါက ဘင်္ဂလီကျေးရွာများကို ဌာနဆိုင်ရာ ၀န်ထမ်းများ အနေဖြင့် လွတ်လပ်စွာ ၀င်ထွက်သွားလာခွင့်ရရန် လိုအပ်ကြောင်းလည်း ဦးလှထွန်းကျော်က တင်ပြသည်။

“ ဒေသရဲ့ ဥပဒေ စိုးမိုးရေးအတွက် အကောင်အထည်ဖေါ်ဆောင်ရွက်ဖို့ဆိုရင် နိုင်ငံတော် ဝန်ထမ်းတွေ အနေနဲ့ ဘင်္ဂလီ ကျေးရွာတွေကို ဘေးကင်း လုံခြုံစွာ ဝင်ထွက် သွားလာနိုင်ဖို့ လိုပါတယ်။ ဒေသလုံခြုံရေး အတွက် ဆောင်ရွက်မယ်ဆိုရင်လဲ ဘင်္ဂလီအကြမ်းဘက်သမား တည်ဆောက်ထားတဲ့ UG တွေနဲ့ ဝှက်ထားတဲ့ လက်နက်တွေကို ဖေါ်ထုတ်နိုင်ဖို့ လိုအပ်ပါတယ်” ဟု ဦးလှထွန်းကျော်က တွေ့ဆုံပွဲတွင် ပြောဆိုသည်။

အနောက်တံခါး နယ်စပ်လုံခြုံရေးကို အကောင်အထည်ဖေါ်ဆောင်နိုင်ရန် နယ်စပ်တွင် တာဝန်ကျနေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ လစာကို လုံလောက်စွာပေးရန်လိုအပ်ကြောင်း တပ်အင်အား အပြည့် အဝနှင့် ခေတ်မီလက်နက်များကို တပ်ဆင်ပေးဖို့လိုအပ်ကြောင်း၊ ယခု စစ်ဆင်ရေးပြုလုပ် နေစဉ်ကာလ အတွင်းတွင်လည်း တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အတွက် ရိက္ခာ လစာနှင့် ခံစားခွင့်ကို အပြည့်အဝ ဖြည့်ဆည်း ပေးဖို့လိုအပ်ကြောင်း တင်ပြ ပြောကြားခဲ့သည်။

စံမောင်သန်း(မောင်တော)
Narinjara
https://www.facebook.com/Narinjara



အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ မီးရှို့ဖျက်စီးသွားသော ၀ါးပိတ်ကျေးရွာအားတွေ့ရစဉ်(ဓာတ်ပုံ-သမ္မတရုံး)
ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင်းရှိ ၀ါးပိတ်ကျေးရွာမှ အိမ်ခြေ ၂၅လုံးအား အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ မီးရှို့ဖျက်စီးသွားကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာ အနီးရှိ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် လိုင်းခန်းအား အောက်တိုဘာ ၁၂ ရက်နေ့ နံနက်ပိုင်းခန့်တွင် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၅ဦးခန့်က ဌာနချုပ်၏ အရှေ့တောင်ဘက် တောင်ကုန်းမှ လက်နက်ငယ်များဖြင့် လာရောက် ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်းရာ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများသည် ၀ါးပိတ်ကျေးရွာမှ တစ်ဆင့် အရှေ့တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးပြီး ၀ါးပိတ်ကျေးရွာအား မီးရှို့ထွက်ပြေးသွားသဖြင့် တပ်မတော် စစ်ကြောင်းက မီးလောင်မှုအား ၀ိုင်းဝန်း ကူညီငြိမ်းသတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တောမြို့နယ်၊ ကြက်ရိုးပြင်ကျေးရွာသို့ တပ်မတော်စစ်ကြောင်းမှ အောက်တိုဘာ ၁၂ နံနက် ၇ နာရီခန့်၌ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်း ရွာအတွင်းရှိနေသည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများသည် ရွာ၏အနောက်ဘက်သို့ ထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများထံမှ အလောင်း ၁၀ လောင်းနှင့် တစ်လုံးထိုးသေနတ် ၁ လက်တို့အား သိမ်းဆည်းရမိခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com



 မောင်တောက အစိုးရ ဝန်ထမ်းတွေ စစ်တွေကို ထွက်ပြေးလာ
ရခိုင်ပြည်နယ် မောင်တော မြို့နယ် ထဲမှာ နယ်ခြားစောင့် စခန်း တွေ စီနင်း ခံခဲ့ရ အပြီး အောက်တိုဘာ ၁၂ ရက် ဗုဒ္ဓဟူးနေ့ အထိ ပစ်ခတ်မှုတချို့ လေးရက်မြောက် ဆက်လက် ဖြစ်ပေါ်ခဲ့ပါတယ်။

ဝက်သိုက်နဲ့ အလယ်သံကျော် ရွာ အနီး ပစ်ခတ်မှုတွေ ပေါ်ပေါက်ခဲ့ပြီး ပတ်ဝန်းကျင်က ဒေသခံ ရခိုင် ရွာသားတွေ လုံခြုံရေး စိုးရိမ်မှုကြောင့် ထွက်ပြေး ခဲ့ရတယ်လို့ အဲဒီက လာတဲ့ သတင်းတွေက ဆိုပါတယ်။

ကြက်ရိုးပြင် ဆိုတဲ့ ရွာထဲမှာလည်း အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင် တွေက နယ်မြေ ရှင်းလင်းတုန်း အတိုက်အခိုက် ခံလာရ တဲ့ အတွက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး တိုက်ခိုက် လာသူတွေ ထဲက အလောင်း ၁ဝ လောင်း ကျန်ရစ် ခဲ့တယ် လို့ အစိုးရ စစ်တပ်က ပြောပါတယ်။

မောင်တော မြို့နယ် မြို့သူကြီးရွာ က မွတ်ဆလင် တစ်ဦးကတော့ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေဟာ မွတ်ဆလင်မ် ရွာတွေထဲ ဝင်ရောက် ပြီး လူတွေ့ တာနဲ့ အစစ်ဆေး အမေးမြန်း မရှိ ပစ်ခတ်နေ တယ်လို့ ဘီဘီစီကို ပြောပါတယ်။

သူ့မျက်စိရှေ့တင် အသက် ၁၄ နှစ်ကနေ အသက် ၃ဝ ကျော် အတွင်း ရှိမယ့် အရပ်သား ၇ ယောက် အပစ် ခံခဲ့ရတယ် လို့ အဲဒီ့ မျက်မြင် ကြုံတွေ့ ခဲ့ရသူက ဆိုပါတယ်။

ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့် ဦးဆောင်တဲ့ အဆင့်မြင့် အစိုးရ အရာရှိတွေ လည်း ရခိုင် ပြည်နယ် မှာ ရောက်ရှိ နေပြီး စစ်တွေနဲ့ မောင်တော မြို့တွေမှာ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင် နှစ်ဘက် အသိုင်းအဝိုင်းကို သီးခြားစီ တွေဆုံ ခဲ့ပါတယ်။

မွတ်ဆလင်တွေ တွေ့ကြုံ နေရတဲ့ စိုးရိမ်မှုတွေကို အစည်းအဝေးမှာ ပြောပြ ခဲ့တယ်လို့ စစ်တွေ မွတ်ဆလင် အသိုင်းအဝိုင်းက ရပ်မိရပ်ဖ တစ်ဦး ဖြစ်တဲ့ ဦးလှကျော်က ပြောပါတယ်။

တာဝန် ရှိသူတွေကလည်း မွတ်ဆင်လင်မ် အသိုင်းအဝိုင်းကို မစိုးရိမ်ဖို့ ပြောကြား ခဲ့သလို အစိုးရနဲ့ ပူးပေါင်းပြီး မသင်္ကာသူ တွေကို တွေ့ရရင်လည်း သတင်းပို့ တိုင်းကြားဖို့ တိုက်တွန်း ခဲ့တယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese




အမေရိကန် နိုင်ငံခြားရေးဌာ နိုင်ငံရပ်ခြား အထောက်အကူဆိုင်ရာ အရင်းအမြစ်အဖွဲ့ ဒါရိုက်တာ Hari Sastry ဟာ အောက်တိုဘာလ ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံကို တပတ်ကြာခရီးစဉ် လာရောက်မှာ ဖြစ်ပါတယ်။

မစ္စတာ Hari Sastry ဟာ နေပြည်တော်၊ ရန်ကုန်၊ လားရှိုးနဲ့ မန္တလေးမြို့တွေကို သွားရောက်မှာဖြစ်ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်တဲ့အပြင် USAIDS အဖွဲ့ရဲ့ နိုင်ငံရပ်ခြား အထောက်ကူပြု စီမံကိန်းတွေကို သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။

မစ္စတာ Sastry ဟာ အောက်တိုဘာလ ၁၂ ရက် ဗုဒ္ဓဟူးနေ့ကနေ ၁၅ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ပြီးမှ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။

မစ္စတာ Sastry ဟာ အရင်က ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အရင်းအမြစ် စီမံခန့်ခွဲရေးဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်ခဲ့တဲ့အပြင် စစ်ပြန်စစ်မှုထမ်းဟောင်းအဖွဲ့နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကျန်းမာရေးဌာနခွဲအကြီးအကဲ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဝါရှင်တန်ဒီစီ ၊ အောက်တိုဘာ ၁၃

အမျိုးသမီး နှစ်ဦးက ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရန့် အနေဖြင့် မိမိတို့ကို မဖွယ်မရာ ကိုင်တွယ်ခဲ့ကြောင်း နယူးယောက်တိုင်းသတင်းစာသို့ ဗုဒ္ဓဟူးနေ့ကပြောကြားလိုက်သည်။

ဂျက်ဆီကာ လိဒ်စ် နှင် ရေရှယ်ခရွတ် ဟူသော အမျိုးသမီး နှစ်ဦးက သူမတို့ကို ထရန့်က ခွင့်ပြုချက်မရ ၊ အလိုဆန္ဒမပါဘဲ မဖွယ်မရာ ပွတ်သပ်ကိုင်တွယ်ခဲ့ကြောင်းပြောကြားခဲ့သည်။

ဖြစ်ရပ်တစ်ခုမှာ ၂၀၀၅ ခုနှစ်က ဖြစ်ခဲ့ပြီး နောက်ဖြစ်ရပ်တစ်ခုမှာလွန်ခဲ့သော နှစ် ၃၀ အကျော်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

CNN သတင်းဌာနက ထရန့်ကို ခင်ဗျား ဘ၀မှာ မိန်းမတစ်ယောက်ကို သူ့ခွင့်ပြုချက်မပါ ဆန္ဒမရှိဘဲ အတင်းအကြပ် နမ်းခဲ့ဘူးလား ဟုမေးခဲ့ရာသူက ဟင့်အင်း ကျနော် ဒါမျိုးမလုပ်ဖူးပါဘူး ဟုပြောကြားခဲ့သည် ။ ထိုအခါ အမျိုးသမီး နှစ်ဦးက သူတို့ အနမ်းခံခဲ့ရသည့် ဇာတ်လမ်းကို ပြောပြရန်ရွေးချယ်ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ထရန့်၏ အောင်နိုင်ရေးအဖွဲ့က သတင်းများအားလုံးသည် နိုင်ငံရေး အရ လှုံ့ဆော်ခြင်းများသာဖြစ်ကြောင်းပြောကြားရင်း စွပ်စွဲချက်များကို ငြင်းဆိုထားသည်။

ထရန့်ကလည်း နယူးယောက်တိုင်းမ် သတင်းထောက်ကို ဒါမျိုးဘယ်တုန်းက မှ
မဖြစ်ခဲ့ဘူးဟုပြောကြားခဲ့သည်။ ။

စီအင်အင်
ATO
china.com Myanmar
https://www.facebook.com/china.com.mm/



 IS တွေ လက်အောက်က မိုဆူးလ်မြို့ကို ပြန်သိမ်းနိုင်ဖို့ ကာဒစ်ရှ်တပ်တွေ ပြင်ဆင်နေ။
အီရတ် မြောက်ပိုင်းမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က ဗုံးပါတဲ့ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခဲ့လို့ ကာဒစ်ရှ် တပ်သား ၂ ဦး သေဆုံးပြီး ပြင်သစ် တပ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာ ရခဲ့ပါတယ်။

ဒရုန်းယာဉ် တစ်စီး မြေပေါ် ပျက်ကျလာတာကို သွားကောက်တဲ့ အချိန်မှာ ဗုံးကွဲခဲ့တာလို့ ကာဒစ်ရှ် အရာရှိ တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဒီအဖြစ်အပျက်က IS တွေ သိမ်းထားတဲ့ မိုဆူးလ်မြို့ရဲ့ မြောက်ဘက်မှာ အောက်တိုဘာ ၂ ရက်နေ့က ဖြစ်ခဲ့တာပါ။

အဲဒီလို IS အဖွဲ့က ဒရုန်းယာဉ်တွေ သုံးပြီး တိုက်ခိုက်တာမျိုးကို ပြီးခဲ့တဲ့ လထဲမှာ အနည်းဆုံး ၂ ကြိမ်လောက် လုပ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

အခု ဒီအဖြစ်အပျက် ပေါ်ပေါက်ခဲ့ပြီးနောက် ဒရုန်းယာဉ်တွေ အားလုံးကို ဗုံးလက်နက်အဖြစ် မှတ်ယူ ကိုင်တွယ်ကြဖို့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တွေနဲ့ အီရတ် အစိုးရက သူတို့ တပ်ဖွဲ့တွေကို သတိပေးချက်တွေ ထုတ်ပြန် လိုက်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ရခိုင်ပြည်နယ်မောင်းတောမြို့နယ်အတွင်းရှိ ကျီးကန်းပြင်အမှတ် ၁ နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့ဌာနချုပ် ဗဟိုကင်းအပါအဝင် ငါးခူရစခန်းနဲ့ ရသေ့တောင် ကိုးတန်ကောက်စခန်းတို့ကို အောက်တိုဘာ ၉ ရက်နေ့ မနက် ၁ နာရီခန့်ကစပြီး RSO(Rohingya solidarity organization) ရိုဟင်ဂျာသွေးစည်းညီညွှတ်ရေးအဖွဲ့ က အကြမ်းဖက်ပြီး တပြိုင်နက်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့ စက်ရပ်သတင်းကို DVB TV သတင်းစာမျက်နှာမှာ ဖတ်လိုက်ရပါတယ်။

မိုက်မဲရက်စက်တဲ့ ဘယ်အကြမ်းဖက်မှု့မျိုးကိုမှ လက်မခံနိုင်ပါဘူး။ ဒါကြောင့်သူတို့ လုပ်ရပ်ကို ဒီနေရာကနေရှုံ့ချပါတယ်။ အခုလို အကြမ်းဖက် အဖြေရှာမှု့တွေကို ဘယ်အဖွဲ့ အစည်းက လုပ်ဆောင်လုပ်ဆောင် မထောက်ခံပါဘူး။ အကြမ်းဖက်မှု့နဲ့ ထိုက်တန်တဲ့ အရေးယူအပြစ်ပေးမှု့ တွေဆောင်ရွက်ရမှာပါ။ အဲ့ဒီမှာ နိုင်ငံချစ်စိတ်၊ အမျိုးချစ်စိတ်အလွန်ပြင်းပြတဲ့သူတွေကလည်း ဒေါသတွေဆူဝေပြီး စိတ်ခံစားချက်ကိုရှေ့တန်းတင်လို့  အကြမ်းဖက်သမားတွေခိုလှုံနေတဲ့ ဒေသခံရွာတွေပါ မီးရှို့ မောင်းထုတ်၊သတ်ဖြတ် အကြမ်းဖက်ဖို့ ဆော်သြ ရေးသားတောင်းဆိုလာကြတာတွေ့ လာရပါတယ်။

တကယ်တော့ ဒီရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က နယ်ခြားစောင့်စခန်းတွေကို ၀င်ရောက်စီးနင်းတိုက်ခိုက်မှု့ မဖြစ်ခင်ကတည်းက ဒီရက်ပိုင်းအတွင်း ဖေ့စ်ဘွတ်စတဲ့အင်တာနက်စာမျက်နှာတွေမှာ တပ်မတော်ရဲ့ကချင်ဒေသထိုးစစ်တွေ၊ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ အရှိန်မြှင့်ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ပွဲတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတော်လှန် ရေးလက်နက်ကိုင်တွေကို သတ်ဖြတ်ချေမှုန်းဖို့  လူသတ်စစ်ပွဲအတွက် လှုံ့ဆော်တိုက်တွန်းမှု့တွေကို ငြိမ်းချမ်းရေးလမ်းစဉ် ဗုဒ္ဓဘာသာဝင်အများစုနေတဲ့တိုင်းပြည်မှာ တရားဝင်ကျယ်ကျယ်လောင်လောင် ရေးသားပြောဆိုလာကြတာကို ၀မ်းနည်းဖွယ်တွေ့ မြင်နေရပါတယ်။

ဒီကိစ္စဟာ အလွန်သတိထားကိုင်တွယ်ရမှာပါ။ သွေးဆူပြီး မခံချင်စိတ်တခုနဲ့ မဆင်မခြင်တုံ့ပြန်လို့မဖြစ်ပါဘူး။ အဲ့ဒီလို လက်နက်နဲ့ အကြမ်းဖက်တိုက်ခိုက်လာမှု့တိုင်းဟာ လက်သင့်ခံစရာအကြောင်းမရှိပါဘူး မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ထိထိရောက်ရောက်တုံ့ပြန်ရမှာပါ။ ဘယ်သူတွေကသိမ်းတာလဲဆိုတာသေခြာအောင် စုံစမ်းစစ်ဆေးပြီးမှ အရေးယူရမှာပေါ့။ အသိဥာဏ်ရှေ့ထားပြီး ခေါင်းအေးအေးထားတုံ့ပြန်ဖို့ လိုတယ်။ အခုလို တနိုင်ငံလုံး သတ်ကြဖြတ်ကြဆိုပြီး လူသတ်စစ်ပွဲတွေ အပြင်းအထန်ဖြစ်ပွားအောင် လှုံ့ဆော်နေကြချိန်မှာ ပိုပြီးသတိထားပြောဆိုရေးသားသင့်တယ်။

နိုင်ငံရေးကိစ္စတွေကို ဖြေရှင်းရာမှာ လက်နက်နဲ့ ခြေမှုန်းပစ်ပြီးရှင်းလင်းအမြစ်ဖြတ်တဲ့ နည်းလမ်းတခုတည်းသာရှိတယ်ဆိုတာ ဆင်ခြင်တုံတရားနည်းပါးမှု့နဲ့ အာဏာရှင်ဝါဒ အကြမ်းဖက်ဝါဒဘဲ။ ရှေ့နောက်ဖြစ်လာမဲ့ အကျိုးဆက်တွေကို အသေအခြာထည့်သွင်းစဉ်းစားပြီး မှန်ကန်တဲ့နည်းနဲ့ ထိထိရောက်ရောက်ဖြေရှင်းဖို့ တိုက်တွန်းပါတယ်။

အထိရောက်ဆုံးဖြေရှင်းနိုင်ဖို့က နိုင်ငံရေးအမြင်ရင့်သန်တဲ့ အရပ်သားအစိုးရမှာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်လုံခြုံရေးဝန်ကြီးဌာနလုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရှိဖို့လိုသလို ဥပပဒေစိုးမိုးမှု့ရှိအောင် တိတိကျကျဆောင်ရွက်အရေးယူနိုင်ရင်၊နယ်စပ်စည်းရိုးလုံအောင်ကာကွယ်နိုင်မဲ့ လိုအပ်တဲ့ဥပဒေတွေပြဌာန်းနိုင်ရင် အနောက်တံခါးမှာ့ မဟုတ်ဘူး နယ်စပ်တံခါးအားလုံးလုံအောင်စောင့်ရှောက်နိုင်ပါတယ်။ အခုဟာက တရားဥပဒေမစိုးမိုးအောင် အခွင့်ထူးခံပြီး အကြမ်းဖက်ဖြေရှင်းချင်တဲ့ စစ်ခေါင်းဆောင်တွေ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အာဏာသုံးရပ်ကို ကိုင်ထားတော့ ဘယ်တံခါးမှ လုံအောင်မကာကွယ်နိုင်ဘူးဖြစ်နေတာမဟုတ်လား။

အခုလက်ရှိမြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ဖက်က အနောက်တံခါးမှ မလုံတာမဟုတ်ပါဘူး၊ တရုပ်၊ ယိုးဒယား၊ အိန္ဒိယနယ်စပ်တလျှောက်က အရှေ့တံခါး၊ အရှေ့တောင်တံခါး၊ အနောက်မြောက်တံခါး၊ မြောက်ဖက်တံခါး၊ ရှိရှိသမျှတံခါးတွေမလုံဘဲ သစ်တွေ၊ ကျောက်စိမ်းတွေ တိုင်းပြည်သယံဇာတတွေ ခိုးထုတ်၊ လူတွေခိုးထုတ်ခံနေရတာမဟုတ်လား။

ဘယ်ကိစ္စကိုမဆို အကြမ်းဖက်နည်းနဲ့ လက်နက်ကိုင်ဖြေရှင်းလို့  ရလာဒ်ကောင်းဘယ်လိုမှမရနိုင်သလို ပြဿနာအရင်းအမြစ်ကို မရှင်းထုတ်နိုင်ပါဘူး။ ဥပမာ KIA ကချင်တော်လှန်ရေးလက်နက်ကိုင်တပ်စခန်းဌာနချုပ်ကို တပ်မတော်က စစ်ဗိုလ်စစ်သားလေးတွေအသက်စတေး၊ တိုင်းပြည်ဘဏ္ဍာအမြောက်အများကို အသုံးပြုပြီး တက်သိမ်းနိုင်ယုံနဲ့ ကချင်တော်လှန်ရေးကို နိဂုံးသပ်နိုင်တယ်ထင်ပါသလား ?? ။ တကယ်တော့ မတရားမှု့အပေါ်ပုန်ကန်မှု့၊ အဖိနှိပ်မခံမှု့ဆိုတာ လူသားတွေရှိနေသ၍ အမြဲမပြတ်ပေါ်ထွန်းနေမှာပါ။ သူတို့ ဘာလို့ ပုန်ကန်ရတာလဲဆိုတဲ့ အကြောင်းတရားကိုရှာဖွေပြီး နိုင်ငံရေးနည်းနဲ့ အဖြေရှာမှသာ ရေရှည်ခံတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး ဘုံရည်မှန်းချက်ကိုတည်ဆောက်နိုင်မှာပါ။

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်းလက်ထက်တုန်းကလည်း ရခိုင်ပြည်နယ်မှာ မူဂျာဟစ်သောင်းကျန်းသူတွေကို ကုလားဆိုးသူပုန်တွေ နှိမ်နင်းတယ်ဆိုပြီး စစ်ဆင်ရေးတွေဆင်နွှဲခဲ့ကြပါတယ်။ လက်နက်ကိုသာအားကိုးတဲ့ စစ်ရေးနည်းကိုသာအသုံးပြုခဲ့ပြီး ရေရှည်အတွက်အေးချမ်းစေဖို့ နိုင်ငံရေးနည်းလမ်းတွေနဲ့ အဖြေမရှာခဲ့တော့ ပြဿနာတွေက ခဏသာငြိမ်သွားပေမဲ့ မီးခဲပြာဖုံးထားသလို ကျန်ရစ်ခဲ့တာပါ။


အခုရက်ပိုင်းမှာ ထိုးစစ်တွေအရှိန်မြှင့်ပြီး လူသတ်စစ်ပွဲတွေ တိုင်းပြည်ဘဏ္ဍာဖြုန်းပြီး ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး စစ်ဆင်ရေးတွေတိုးလုပ်ဆောင်နေကြတယ်။ အင်တာနက်ပေါ်မှာလည်း ဘုမသိဘမသိတွေကော၊ သိသိနဲ့ အမိန့်အရဝါဒဖြန့်နေရသူတွေကော၊ သမိုင်းကြောင်းမသိ၊ နိုင်ငံရေးအသိနိမ့်ကျပြီး လူမျိုးရေးအစွန်းရောက်၊ ဘာသာရေးအစွန်းရောက်မှိုင်းမိနေတဲ့ လူတွေက စစ်ပွဲတွေကိုအားပေးအားမြှောက်ပြု ထောက်ခံနေကြတာ အလွန်အန္တရာယ်များလှတယ်။

ပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းရင်းသားဒေသက ပြည်သူတွေဟာ ကောင်းစွာအိပ်ပျော်ခွင့်မရ၊ ကောင်းစွာစားသောက်ခွင့်မရ၊ ကောင်းစွာကျန်းမာရေးစောင့်ရှောက်ခွင့်မရ၊ ကောင်းစွာပညာ သင်ကြားခွင့်မရ၊ မလုံခြုံတဲ့ဘဝတွေနဲ့ရှင်သန်နေထိုင်နေရတာ ရာစုနှစ်ဝက်ကျော်နေပါပြီ။

နိုင်ငံကသာ ၁၉၄၈ ခုနှစ်က လွတ်လပ်ရေးရခဲ့ပေမဲ့ သူတို့မှာ လွတ်လပ်ရေးအရသာကို တခါမျှမခံစား ဘူးသေးပါဘူး။ ကိုယ်နေတဲ့ရွာကိုမီးနဲ့တိုက်တာခံရ၊နောက်ဆုံးပုန်းလျှိုးကွယ်လျှိုးတောထဲက ရွာပုန်းရွာရှောင် တွေတောင် ဖျက်ဆီးခံရတော့ သူများတိုင်းပြည်က စစ်ဘေးဒုက္ခသည်စခန်းမှာ မနေချင်ဘဲနေနေကြရတာ။ အဲ့ဒီလို တိုင်းရင်းသားပြည်သူတွေ စစ်ငရဲဒုက္ခတွေခံနေကြရတာ နှစ်ပေါင်း ၇၀ နီးပါးရှိနေပြီ။ ကိုယ်ချင်းစာပြီး စစ်ပွဲတွေရပ်အောင် ငြိမ်းချမ်းရေးရအောင် ပြည်သူတိုင်းက ဝိုင်းဝန်းကျိုးပမ်းကြပါ။

ပြည်တွင်းစစ်မီးတောက်ကြီးကို ငြိမ်းသတ်နိုင်ဖို့ဆိုတာ တပ်မတော်ကို ပြည်သူကရွေးကောက်တဲ့ နိုင်ငံတော်သမ္မတရဲ့ အုပ်ချုပ်မှုအောက် တိတိကျကျရောက်လာအောင် ၂၀၀၈ ဖွဲ့စည်းပုံကို မဖြစ်မနေပြင်ဖို့လိုပါတယ်။ အဲ့ဒါကိုပြင်နိုင်ဖို့ ပြည်သူတိုင်းက တခဲနက်ထောက်ခံတိုက်တွန်းဖို့လိုတယ်။

တပ်မတော်ဟာ ပြည်သူ့သမ္မတအမိန့်ကို မနာခံသ၍၊ မိဘပြည်သူ့ဆန္ဒကို အလေးမထားသ၍ ညီအကိုချင်းသတ်ရတဲ့ လူသတ်စစ်ပွဲတွေဆက်ဖြစ်နေလိမ့်မယ်။ ဘယ်ဖက်ကသေသေ ... နိုင်ငံရဲ့ သားသမီးတွေသေဆုံးရတာပါ။ ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေဇာပင်ဖြစ်နေရတဲ့ စစ်ဘေးဒါဏ်သင့် ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို ကိုယ်ချင်းစာကြပါ။

တိုင်းပြည်သာငြိမ်းချမ်းမယ်၊ အစိုးရက ပြည်သူနဲ့ တသားထဲရှိနေရင် ဘင်္ဂလီမကလို့ ဘယ်လိုအကြမ်းဖက်မှု့မျိုးကိုမဆို ညီညီညွတ်ညွတ်ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။ အကြမ်းဖက်ဝါဒကို အကြမ်းဖက်နည်းနဲ့ မဖြေရှင်းနိုင်ဘူး။ အခုအမေရိကန်တွေ ISIS တွေကို မနှိမ်နင်းနိုင်တာ အဲ့ဒါကြောင့်ဘဲ။ သူတို့ ကိုယ်တိုင်က သူများတိုင်းပြည်ကိုဘူလီလုပ်နေတော့ ဘာကိစ္စမဆို လက်နက် ငွေကြေးနဲ့ ဖိနှိပ်ဖြေရှင်းဖို့ ကျိုးစားနေတာ လူတိုင်းမြင်နေရတာမဟုတ်လား။

အခုလတ်တလော လုပ်ဆောင်ရမှာက RSO rohingya solidarity organization ရိုဟင်ဂျာအကြမ်းဖက် အဖွဲ့ ကို လိုက်လံရှာဖွေဖမ်းဆီးအပြစ်ပေးရမယ်။ ဒီလိုဖမ်းဆီးရာမှာ ပြည်သူနဲ့ ပူးပေါင်းလုပ်ဆောင်ရမယ်။ နောက်ပြီး ဖြစ်စဉ်နဲ့ ပါတ်သက်လို့  အစိုးရအနေနဲ့ မြန်နိုင်သမျှမြန်မြန် ပြည်သူတွေသိအောင် တိတိကျကျ ထုတ်ပြန်ပေးဖို့ လိုတယ်။ ဒါမှကောလဟလတွေ ပြန့် ပြီး ရောင်တော်ပြန်နဲ့ ရောကျိတ်လို့  အမုန်းစကားပြော နေတာတွေကို တားဆီးနိုင်မှာဖြစ်တယ်။

ရေရှည်မှာ ရခိုင်ဒေသငြိမ်းချမ်းဖို့ ၊ ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက်ဖြစ်ဖြစ်၊ တတိုင်းတပြည်လုံး ငြိမ်းချမ်းရေးရနိုင်ဖို့ ဖြစ်ဖြစ် နယ်စပ်လုံခြံရေးဆိုင်ရာဥပဒေ၊ နိုင်ငံသားဖြစ်ခွင့်ဥပဒေတွေ၊ အကြမ်းဖက်ခြင်းဆိုင်ရာဥပဒေ၊ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာဥပဒေစတဲ့ လိုအပ်ရင် ဥပဒေသစ်တွေပြဌာန်းလို့ နဲ့ ထိန်းချုပ်ကာကွယ်ပေးရမှာဖြစ်တယ်။ သေခြာတာကတော့ အဲ့ဒီနိုင်ငံရေးကိစ္စရပ်တွေကို တပ်မတော်က ဆောင်ရွက်လို့ မရနိုင်ပါဘူး။ ဇွတ်အတင်းဆောင်ရွက်မယ်ဆိုရင် ဆိုးကျိုးတွေနဲ့ သာရင်ဆိုင်ရမှာပါ။ နိုင်ငံရေးကိုနိုင်ငံရေးနည်းနဲ့ ပြဿနာအရင်းအမြစ်ကိုဖြေရှင်းရမဲ့ ဒီတာဝန်ကို ပြည်သူကရွေးကောက်တင်မြှောက်လိုက်တဲ့အရပ်သားအစိုးရကသာ ပြည်သူ့ ဆန္ဒကို လေးလေးစားစားနားထောင်ရင်း ဆောင်ရွက်ဖြေရှင်းရမှာဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူ့အသွေးအသား အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးပစ်နေတဲ့ မငြိမ်သက်မှု့တွေ၊ ပြည်သူတွေရဲ့ဘ၀မလုံခြုံစေတဲ့ တရားဥပဒေမစိုးမိုးမှု့တွေ လက်နက်ကိုင်အကြမ်းဖက်မှု့တွေ၊ လူသတ်စစ်ပွဲတွေကို အပြီးတိုင်ချုပ်ငြိမ်းသွားဖို့ မိုက်မဲရက်စက်တဲ့ ဘယ်အကြမ်းဖက်မှု့မျိုးကိုမှ လက်မခံနိုင်ပါဘူး။ ဥပမာတခုပေးရရင် မြန်မာပြည်နယ်စပ်ရဲ့ အရှေ့တံခါးနားမှာ တရုပ်လူမျိုးအုပ်စုတစုက မြန်မာ့သစ်တောတွေခိုးခုတ်ပြီး တရုပ်ပြည်ထဲခိုးသွင်းနိုင်ဖို့ နယ်ခြားစောင့်ကင်းစခန်းတွေကို အလစ်ဝင်တိုက်ခိုက်သတ်ဖြတ်လာလို့ မြန်မာဖက်က ပြန်လည်တိုက်ခိုက်ရင်း ဖမ်းမိတဲ့တရုတ်လူမျိုးတွေကို စိတ်လိုက်မာန်ပါနဲ့ အကုန်သတ်ပြစ်လိုက်ကြလို့ လက်လွတ်စပယ်ရှင်းလို့ မရပါဘူး။ တရုတ်နဂါးကြီးကို ကြောက်ဖို့ မလိုပေမဲ့ နိုင်ငံတကာဥပဒေတွေနဲ့ ကိုင်တွယ်ဖြေရှင်းမှသာ အင်အားကြီးတဲ့တရုတ်နိုင်ငံကို မှန်မှန်ကန်ကန် ပြတ်ပြတ်သားသား ရင်ဆိုင်နိုင်မှာပါ။

ဒီင်္ဆောင်းပါးမှာ အဓိကဆွေးနွေးခြင်တာက နိုင်ငံတခုလုံးနဲ့ ဆိုင်တဲ့ နိုင်ငံအရေးအရာကိစ္စရပ်တွေကို အကြမ်းဖက်ဖြေရှင်းလို့ အရင်းခံပြဿနာတွေပြေလည်အောင် မဖြေရှင်းနိုင်ပါဘူး။ အဲ့ဒီလိုဆိုလိုက်လို့ လက်နက်ကိုင်အကြမ်းဖက်မှု့တွေကိုရင်ဆိုင်ရာမှာ တပ်မတော်ကို ဘေးချိတ်ထားရမယ် မဆိုလိုပါဘူး။ နိုင်ငံရေးအသိမြင့်မားတဲ့ ခေတ်မှီတပ်မတော်တရပ်ဟာ တိုင်းပြည်တိုင်းမှာ မဖြစ်မနေရှိဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့နေရာမှန်မှာရှိဖို့ အလွန်အရေးကြီးပါတယ်။

ဒီမိုကရေစီနိုင်ငံတနိုင်ငံကတပ်မတော်ဆိုတာ ဒီမိုကရေစီကျင့်စဉ်နဲ့ အညီ ပြည်သူကအပ်နှင်းတဲ့ တိုင်းပြည်အုပ်ချုပ်ခွင့်ရရှိသောအစိုးရပ်တရပ်ရဲ့ညွှန်ကြားမှု့ကို တိတိကျကျနာခံလို့ ပရောဖက်ရှင်နယ်ကျကျ နိုင်ငံကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရမှာပါ။

လက်ရှိမြန်မာနိုင်ငံမှာက တပ်မတော်ဟာ ပြည်သူ့ အစိုးရလက်အောက်ကသီးခြားကင်းလွတ်နေပါတယ်။ သမ္မတအမိန့် ကိုနာခံစရာမလိုတဲ့သဘောမျိုးဖြစ်နေတာ တပ်မတော်မှမဟုတ်ပါဘူး တခြားလက်နက်ကိုင်တပ်ဖွဲ့ တွေဖြစ်တဲ့ ရဲ၊ စသုံးလုံး၊ အကျဉ်းဦးစီးဌာနတွေပါဝင်တဲ့ ပြည်ထဲရေးနဲ့ နယ်စပ်လုံခြုံရေးဝန်ကြီးဌာနတွေအားလုံးပါဝင်နေပါတယ်။ ဒါကြောင့် လက်ရှိအရပ်သားအစိုးရမှာ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေကို တည့်မတ်အောင်လုပ်ဖို့ အလွန်အခက်အခဲတွေ့ နေရတာ လူတိုင်းမြင်သာပါတယ်။

အဲ့ဒီလို ဖြစ်နေအောင်၂၀၀၈ ဖွဲ့ စည်ပုံအခြေခံဥပဒေက ခွင့်ပြုထားတာမို့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးခရီးမတွင်ဘဲ နှောင့်နှေးနေရတာဖြစ်ပါတယ်။ တပ်မတော်ကို ခေတ်မှီပြီး ပရောဖက်ရှင်နယ်ကျကျ ကာကွယ်ရေးတာဝန်ထမ်းဆောင်နိုင်ဖို့  ပြည်သူကရွေးကောက်တဲ့ နိုင်ငံတော်သမ္မတရဲ့ အုပ်ချုပ်မှုအောက် တိတိကျကျရောက်လာအောင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူ့ ဆန္ဒခံယူပွဲ အမြန်ဆုံးခေါ်ယူ ကျင်းပနိုင်အောင် မြန်မာနိုင်ငံသားတိုင်းဝိုင်းဝန်းတိုက်တွန်းသင့်ပါတယ်။ ဒါဟာ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်မှာဖြစ်သလို၊ မိဘပြည်သူတွေလေးစားအားထားရတဲ့၊ ပြည်သူချစ်တဲ့တပ်မတော် ဖြစ်လာစေဖို့ နဲ့  တိုင်းပြည်ရဲ့တံခါးအားလုံး လုံခြုံစေဖို့ အတွက် တခုတည်းသောနည်းလမ်းဖြစ်ပါကြောင်း ထပ်မံအသိပေးလိုက်ပါတယ်။


လေးစားစွာဖြင့်
(မင်းကောင်းချစ်)
အောက်တိုဘာ ၉ ရက်နေ့  ၂၀၁၆ ခုနှစ်


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ရက်အတွင်း အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ ခရီးစဉ် သွားရောက်မည် ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်တွင် အိန္ဒိယ ၀န်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဒေသတွင်း အရေးကိစ္စများ ကို ဆွေးနွေးမည်ဖြစ်သည်။

ယခု ခရီးစဉ်သည် NLD အစိုးရ လက်ထက် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး အိန္ဒိယခရီးစဉ် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နယူးဒေလီမြို့သို့ မသွားမီ ဂိုအာမြို့ ၌ အောက်တိုဘာ ၁၅ နှင့် ၁၆ တွင် ကျင်းပမည့် BRICS - BIMSTEC ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက် မည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ခရီးစဉ်အတွင်း အိန္ဒိယ သမ္မတ ပရာနပ်မူကာဂျီနှင့်လည်း တွေ့ဆုံ မည် ဖြစ်သည်။

ထို့အပြင် အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမည့် အစီအစဉ်
ရှိပြီး နှစ်နိုင်ငံ စီးပွားရေး ဆက်သွယ်မှု တိုးမြှင့်ရန် ဆွေးနွေး မည် ဖြစ်သည်။ အိန္ဒိယ၏ အရှေ့မြောက်ပိုင်း ဒေသနှင့် မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်း ဒေသ တို့သည် နယ်နိမိတ် ထိစပ်ပြေီး သက်ဆိုင်ရာ နိုင်ငံများတွင် ဖွံ့ဖြိုးမှု အနည်းဆုံးဒေသများ ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် သုံးနိုင်ငံ အဝေးပြေးလမ်း စီမံကိန်းနှင့် ကုလားတန် စီမံကိန်း များတွင် မြန်မာနိုင်ငံအား ထောက်ပံ့ကူညီလျက်ရှိသည်။ ထို့အပြင် ချင်းပြည်နယ်နှင့် နာဂဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက်လည်း အိန္ဒိယနိုင်ငံ က ကူညီလျက်ရှိသည်။ အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသတွင် လက်ရှိ ဆောင်ရွက်နေသည့် မီးရထားလမ်း၊ ကားလမ်းနှင့် အခြားဖွံ့ဖြိုးရေး စီမံကိန်းများက နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရာတွင် အရေးပါသည့် ကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန် အခွင့်အလမ်းကောင်း တစ်ခုဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် ပြန်လည် ရင်ကြားစေ့ရေး ဆောင်ရွက်နေ သည့် ဒေါ်အောင်ဆန်းစုကြည် အတွက် ကုလားတန်စီမံကိန်းက မှန်ကန်စွာ ဆောင်ရွက်နိုင်ပါက အရေးပါသည့် အထောက်အပံ့ တစ်ခု ဖြစ်လာနိုင်သည်။

KHTun
The Ladies News


ယခင်အစိုးရလက်ထက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေများထဲမှ ခေါင်းစဉ်မပြ သုံးစွဲရန်ဟုဆိုကာ အုပ်ချုပ်ရေးမှူးများထံ ကျပ်သိန်း ၂၀၀ ဆီ ပေးအပ်ခဲ့မှုများရှိကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက အောက်တိုဘာ ၁၂ ရက်တွင် မီဒီယာများသို့ ပြောသည်။

“ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ခေါင်းစဉ်မရှိဘဲ သုံးစွဲခဲ့တာရှိပါတယ်။ ဒါကလည်း ရှင်းစရာမလိုတော့ ပါဘူး။ ပြီးခဲ့တဲ့အစိုးရက ပြီးသွားပြီဖြစ်တဲ့ အတွက် အခုအစိုးရ လက်ထက်မှာ ရန်ပုံငွေလွှဲခဲ့တာ ၁၉.၃၀ ဘီလီယံရှိတယ်” ဟု ဒေါ်စန္ဒာမင်းကပြောသည်။

လက်ရှိအစိုးရအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်က ၁၅ ရာခိုင်နှုန်း အထူးကုန်စည်ခွန်က ၁၅ ရာခိုင်နှုန်း၊ တံဆိပ်ခေါင်းခွန်၊ ၀င်ငွေခွန်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ လှူဒါန်းငွေများကို အားလုံးပေါင်း၍ ရရှိမည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေများကို မည်သည့် နေရာများတွင် သုံးစွဲမည်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ကြီးကလည်း ဆက်လက် ဖြေကြားပေးသွားမည် ဖြစ်ခြင်းကြောင့် ပွင့်လင်းမြင်သာစွာ ချပြလိမ့်မည်ဟုလည်း ဒေါ်စန္ဒာမင်းက ဆိုသည်။

“စီးပွားရေးလုပ်ငန်းရှင်တွေ လှူဒါန်းတဲ့ လူတွေကို ဖော်ပြစရာမလိုပါဘူး။ လှူဒါန်းမှုတွေက ဒီလောက်ငွေတွေ ရရှိနေတယ်၊ ဘယ်နေရာတွေမှာ သုံးစွဲပါတယ်ဆိုတာကို ပြနိုင်တယ်ဆိုရင် ကျွန်မတို့အနေနဲ့ အဂတိတရား ကင်းရှင်းတယ်၊ ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရဖြစ်တယ် ဆိုတဲ့ဟာကိုလည်း ပြည်သူတွေကို ပြချင်ပါတယ်”ဟု ဒေါ်စန္ဒာမင်းကဆိုသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များက အကြောင်းအမျိုးမျိုး ကြောင့် လှူဒါန်းမှုများရှိကြောင်း ယင်းလှူဒါန်းငွေများ ကို ခေါင်းစဉ်များဖြင့် တိတိကျကျ မည်သည့် နေရာတွင် သုံးစွဲသည် ပြည်သူ့အ တွက် အကျိုးရှိစွာ အသုံးပြုပြီး ချပြပါက ပွင့်လင်းမြင်သာမှုရှိသည့် အစိုးရတစ်ရပ်အဖြစ် လက်ခံရမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“လှူဒါန်းငွေရရှိတယ် ဆိုတာ တစ်ယောက်တည်းက သိတာမဟုတ်ပါဘူး။ ၀န်ကြီးဌာနတွေ အားလုံးသိပါလိမ့်မယ်။ ၀န်ကြီးချုပ်အနေနဲ့လည်း ကတ်ဘိနက်မှာ တင်ပြပါလိမ့်မယ် အဲ့အခါကျမှ အားလုံး ဆုံးဖြတ်ပြီးတော့မှ သုံးစွဲတာဖြစ်တဲ့အတွက် အဂတိတရား ကင်းရှင်းနိုင်သလောက် ကင်းရှင်းတယ်လို့တော့ ထင်ပါတယ်” ဟုလည်း ဒေါ်စန္ဒာမင်းက ဆက်လက်ပြောကြားခဲ့သည်။

ဇော်မင်းထွန်း
The Ladies News

နေပြည်တော်၊ အောက်တိုဘာ ၁၂

လက်ရှိဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အရေးကိစ္စများသည် ဘာသာရေး ပဋိပက္ခများမဟုတ်ဘဲ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာ
ရခြင်းဖြစ်ကြောင်း၊ အရေးအကြီးဆုံးမှာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လိုက်နာရန်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံသားများကို ကာကွယ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများသည် နံပါတ်တစ်ဦး
စားပေးဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ပတ်သက်သည်များကိုလည်း
နိုင်ငံတကာ ကျင့်ထုံးများနှင့်အညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်
သွားမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ
ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ နယ်သာလန်နိုင်ငံ၊
နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Bert Koenders အား လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး နိုင်ငံခြားရေးဝန်ကြီးနှင့်
အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဒေသဆိုင်ရာ ဌာနအကြီးအကဲ Ms. Mira Wolberg နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ကရင်ဒုက္ခသည်များ
ကရင်ဒုက္ခသည်များ

ထိုင်း - မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ်တွေနဲ့ချီပြီးနေထိုင်လာကြတဲ့ မြန်မာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်ပို့ဖို့ ကုလသမဂ္ဂ၊ ထိုင်းအာဏာပိုင်နဲ့ မြန်မာအစိုးရတို့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ မကြာခင်ရက်ပိုင်း အတွင်းမှာ ပြန်ပို့ဖို့ရှိတဲ့ ပထမဦးဆုံး အသုတ်ကိုတော့ ကရင်ပြည်နယ်အတွင်း နေရာသစ်တွေမှာ ပြန်လည်နေရာချထားဖို့ ပြင်ဆင်နေတယ်လို့ ကရင်ပြည်နယ် ၀န်ကြီးချုပ်က ပြောပါတယ်။ ဒီ ပြင်ဆင်ဆောင်ရွက်မှု အသေးစိတ်နဲ့ပတ်သက်လို့ ရှားဖောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ထိုင်း - မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ်တွေနဲ့ချီပြီးနေထိုင်လာကြတဲ့ မြန်မာ ဒုက္ခသည်တွေထဲက ပထမဦးဆုံး အသုတ်ကို ဒီလ အောက်တိုဘာလထဲမှာပဲ မြန်မာနိုင်ငံ ကရင်ပြည်နယ်အတွင်းကို ပြန်ပို့ဖို့ တာဝန်ရှိသူတွေက လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ နိုဖိုးဒုက္ခသည်စခန်းက ဒုက္ခသည် တချို့အပါအ၀င် အခု ပြန်ပို့မယ့် ပထမဦးဆုံး အသုတ်ထဲမှာ လူဦးရေ ၅၆ ဦး ပါဝင်တယ်လို့ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“အစတုန်းကတော့များတယ် ၁၀၀ ကျော်တယ်။ အခုတကယ်တမ်းပြန်လာမယ့်လူက ကျမသိရတာက အကြမ်းဖျင်းပဲရှိသေးတယ်။ သေတော့မသေချာဘူး ၅၆ ဦးပဲရှိတော့တယ် လူဦးရေ ၅၆ ဦးပဲရှိတယ်။ အကြမ်းဖျင်းကတော့ ဒီလ ၂၅ ရက်နေ့ နောက်ပိုင်းလို့တော့ပြောတာပဲ။ ဘယ်ရက်လဲတော့ အတိအကျမသိရသေးဘူး။”

အခုပြန်လာကြမယ့် ဒုက္ခသည်တွေဟာ အတင်း ပြန်ပို့တာမဟုတ်ပဲ မိမိရဲ့ သဘောဆန္ဒအတိုင်းသာ ပြန်လာကြတဲ့ ဒုက္ခသည်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ပြန်လာမယ့် ဒုက္ခသည်တွေအတွက် လုံခြုံရေး၊ ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် အစိုးရက စီစဉ်ပေးနေတာတွေရှိသလို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR ကလည်း လိုအပ်တဲ့ အကူအညီတွေ ထောက်ပံ့ပေးတာတွေ ရှိတယ်လို့ ဒေါ်နန်းခင်ထွေးမြင့်အခုလို ဆက်ပြောပြပါတယ်။

“အခုနေမယ့်သူ့အတော်များများကတော့ ပြန်မယ့်အိမ်မရှိတော့ဘူး။ ကျမတို့ စီမံပေးတဲ့ အိမ်မှာနေမယ်ဆိုပြီးတော့ သူတို့အတွက် ကျမတို့က မိသားစုတစုကို တန်ဖိုးနည်းအိမ်ရာ လေးတွေဆောက်ထားပေးပါတယ်။ အဲဒီအိမ်တွေမှာ ၁ မိသားစု တလုံး ခြံလေးတွေကလည်း ပေ ၄၀-၆၀ အဲဒီလိုမျိုး အကွက်ကလေးတွေနဲ့ ကျမတို့ စီစဉ်ထားပေးတာပေါ့နော် ။ ယာယီနေလို့ရတဲ့အဆောင်ကလေးတွေလည်း အရင်တုန်းကရှိပါတယ် ကျမတို့မှာရှိပါတယ်။ အဲဒီအတွက် သူတို့ကို သီးသန့်တွေလည်းလုပ်ပေးထားပါတယ်။ ရေ၊ မီး၊ ရေချိုးခန်း၊ စားဝတ်နေရေး ကအစ လောလောဆယ်ဆယ်စားဝတ်နေရေးအတွက် ၁ လလောက်နေလည်း ၁ လလောက် ကျမတို့က ၁ ရက်ကို ၂၀၀၀ နှုန်းနဲ့ကျွေးဖို့ စီစဉ်ထားပါတယ်။ ဒါကတော့ အခုလောလောဆယ်ဆယ်ပေါ့နော်။ အိမ်နဲ့ရပြီဆို၇င် အိမ်သီးသန့်၊ မိသားစုခွဲနေချင်ပြီဆိုရင် မိသားစုခွဲနေဖို့လည်း စီစဉ်ထားတယ်။ ရွာအရောက် ပြန်ချင်ရင်လည်း ရွာက မိသားစုနဲ့ ကျမတို့ ဆက်သွယ်ထားပြီးပြီ။ အဲဒီတော့ ရွာအရောက် ပြန်ချင်တယ်ဆိုရင်လည်း အဲဒီနေ့ရောက်ပြီးနောက်တ နေ့မှာ ရွာအထိပြန်ဖို့ ၊ သူတို့မိသားစုတွေခေါ်ချင်ရင်လည်း ခေါ်ချင်တဲ့အလျှောက် ကျမတို့ စီစဉ်ထားပါတယ်။ သူတို့နေမယ့်နေရာက လူမရှိတဲ့နေရာတော့မဟုတ်ပါဘူး။ အန်တီတွေနေတဲ့ ပတ်ဝန်းကျင် နဲ့ နီးစပ်တဲ့နေရာမှာ ထားတာပါ။ အဲဒီမှာ ငြိမ်းချမ်းရေးအဖွဲ့မိသားစုတွေလည်းရှိတယ်။ နောက်ပြီးတော့ သူတို့အတွက်လည်း သီးသန့်အိမ်တွေလည်းဆောက်ထားပေးပါတယ်။ သူတို့ ယာယီနေထိုင်ဖို့ကလည်း မြ၀တီမြို့ပေါ်မှာ ရှိတဲ့အဆောက်အဦးပါ။ သူတို့ကို မြို့အပြင်ထုတ်ပြီးတော့ နယ်မြေလုံခြုံမှုမရှိတဲ့နေရာမှာ မထားပါဘူး။”

ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာရှိတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ဖို့နိုင်ဖို့အတွက် ထိုင်းအာဏာပိုင်တွေနဲ့အတူ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချနေထိုင်သူများအဖွဲ့ - IOM နဲ့ UNHCR တို့ က လွန်ခဲ့တဲ့ ခြောက်လကတည်းက စီစဉ်နေတာဖြစ်ပြီး အခုအသုတ်က ပထမဆုံး ကနဦးအဆင့်လုပ်ဆောင်ချက် ဖြစ်တယ်လို့ ကရင်ဒုက္ခသည်များ ကော်မတီ - KRC က ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောတူးတူးက အခုလိုပြောပြပါတယ်။

“Pilot အနေနဲ့ ပြန်ပို့ဖို့ရှိတယ်လေ။ စမ်းကြည့်တာပေါ့၊ pilot repatriation သဘောမျိုးပေါ့ ပြန်ပို့ဖို့ရှိတယ်။”

ကရင်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံတ၀ှမ်းမှာ အလုပ်အကိုင် အလုံအလောက်မရှိတာကြောင့် မြန်မာနိုင်ငံသားအများအပြား အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက်အလုပ်ရှာဖွေလုပ်ကိုင်နေရချိန်မှာပဲ အခုလို ဒုက္ခသည် ပြန်လာမယ်ဆိုရင် သူတို့အတွက် အလုပ်အကိုင်တွေရဖို့ ဘယ်လို စီစဉ်ဆောင်ရွက်ပေးဖို့ရှိသလဲ ဆိုတာကိုတော့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အခုလို ရှင်းပြပါတယ်။

“သူတို့အတွက်ဆိုအများကြီးစဉ်းစားထားပေးတယ်။ ပညာရေးနဲ့ ကျန်းမာရေးကတော့ ချက်ချင်းပဲ အဲဒီမှာ ကျောင်း တခါတည်းထားပေးလို့လည်းရတယ်။ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ရှိပြီးသား ၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်ထားပေးတယ်။ သူတို့နဲ့ နီးနီးနားနားလေးမှာ၇ှိတယ် ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးအဖွဲ့တွေလုပ်ထားပေးတဲ့ ကျောင်းတွေမှာ သူတို့ ၀င်နေလို့ရတယ်။ ဆေးပေးခန်းတွေလည်းအဲဒီမှာ ရှိတယ်။ နိုင်ငံတကာ UNHCR ကလည်း သူတို့ကို ထောက်ပံ့တယ် နည်းနည်းလေးပါ ၊ အဲဒါအန်တီ သိတာကတော့နော်။ တက်နိုင်သမျှကတော့ အန်တီတို့လည်းအလုပ်ကိုင်ရတာတွေကို အန်တီတို့ကြိုးစားပြီးတော့ ကုမ္ပဏီ တွေခေါ်ပြီးတော့ လုပ်နေတဲ့အချိန် အဲဒီအချိန်ကျမှ ။ အခုလောလောဆယ်တော့ အန်တီတို့စဉ်းစားထားတာက သူတို့ မွေးမြူရေးလုပ်ချင်လား။ လုပ်ချင်ရင် တပိုင်တနိုင်လေးမွေးမြုရေးလေးတွေ ၀က်ကလေးတွေ ကြက်ကလေးတွေပေးမယ်။ အကြီးလုပ်နိုင်ရင် အကြီးမွေးမြူရေးတွေလုပ်ခိုင်မယ်။”

ပြည်တွင်းစစ်ကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံ ဘက်ကိုထွက်ပြေးလာကြတဲ့ ဒုက္ခသည်အများစုဟာ ကရင်တိုင်းရင်းသားတွေ ဖြစ်ကြပြီးတော့ သူတို့အများစုဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်လာကြတာ နှစ်ပေါင်း ၃၀ နီးပါးရှိကြပြီဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ် တလျှောက်မှာ တရားဝင်ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်း ၉ ခုရှိပြီး ဒုက္ခသည်ဦးရေပေါင်း ၁ သိန်းကျော် ရှိတယ်လို့ UNHCR ကနေ ထုတ်ပြန်ထားတဲ့စာရင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီးတော့ ကရင်ပြည်နယ် မယ်သဝေါ ဒသေအတွင်းမှာ ခွဲထွက် ဒီကေဘီအေ အဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အဲဒီဒေသအတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ထောင်နဲ့ချီတဲ့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ အခုလို နယ်မြေမတည်ငြိမ်မှုတွေရှိနေတဲ့အချိန်တည်းမှာပဲ ကျေးရွာတချို့တွေမှာ မြေမြုပ်မိုင်း အန္တရာယ်တွေလည်း ရှိနေသေးတာကြောင့် ပြန်ပို့ခံရမယ့် ဒုက္ခသည်ရဲ့ လုံခြုံအတွက် စိုးရိမ်မှုတွေလည်း တွက်ပေါ်နေပါတယ်။

ရှားဖောင်
VOA Burmese News


နိရဉ္စရာ၊ အောက်တိုဘာ ၁၂

ယနေ့ နေ့လယ် ၂ နာရီကျော်ခန့်က မောင်တောမြို့ (၃) မိုင်မှ ရဲတပ်ဖွဲ့ဝင်များ စစ်ကူလိုက်ရန် ကားပေါ်တက်ရန် ပြင်ဆင်နေကြပုံ ဖြစ်သည်။

ယနေ့ နေ့လယ်က မောင်တော တောင်ပိုင်း အလယ်သံကျော်တွင် ဆူပူမှုများဖြစ်ရန် လုံ့ဆော်မှုများရှိခဲ့ပြီး တပ်မတော်စစ်ကြောင်း တစ်ခုမှ ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

သရေကုန်ဘောင် ရဲကင်းမှ အလယ်သံကျော်သို့ လိုက်ပါသွားကြသည်ဟု ဆိုသည်။

Narinjara
https://www.facebook.com/Narinjara


မောင်တော၊ အောက်တိုဘာ ၁၂

မောင်တောမြို့နယ်နှင့် အလှမ်းဝေးသည့်ကျေးရွာများရှိ အခြေခံပညာ ဆရာ၊ ဆရာမများအား သက်ဆိုင်ရာက သွားရောက်ခေါ်ယူရာတွင် လုံခြုံရေး အားနည်းမှုကြောင့် ယနေ့အချိန်ထိ ပိတ်မိနေကြဆဲဟြု ပည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းနှင့် အဆိုပါဆရာ၊ ဆရာမများက နိရဉ္စရာကိုပြောသည်။

မောင်တောမြို့နယ်ရှိ ဒိုးတန်း၊ ကြိမ်ချောင်း၊ ဂြိတ်ချောင်း၊ ကျွန်းဂေါင်း၊ လောင်းဒုံ၊ ဝေလာတောင်၊ ရွက်ညိုတောင်၊ သရက်အုပ်နှင့်ေ အာင်သပြေစသည့်ကျေးရွာများအပါအဝင် ကျေးရွာအများအပြားရှိ ဆရာ၊ ဆရာမများ ပိတ်မိနေခြင်းဖြစ်သည်ဟု သိရသည်။

“အဓိကတော့ လုံခြုံရေးအားနည်းလို့ အခုလိုပိတ်မိနေတာပါ။ ခရိုင်မှူးက သွားခေါ်နေပြီလို့ ကျွန်တော့်ကို ပြောလည်း သွားခေါ်တဲ့ကားက ဟိုကို မရောက်ဘူး။ လုံခြုံရေးအင်အားနည်းလို့ လမ်းမှာကို ပိတ်မိနေတယ်လို့သိရပါတယ်" ဟု မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက နိရဉ္စရာနှင့်တွေ့ဆုံစဉ်ပြောသည်။

နယ်ဝေးရှိ ဆရာ၊ ဆရာမများအား မြို့ပေါ်သို့ပြန်လည်ရောက်ရှိနိုင်ရေးအတွက် သက်ဆိုင်ရာက ကြပ်မတ်ဆောင်ရွက်နေသည်ဟု ယမန်နေ့ (အောက်တိုဘာလ ၁၁ ရက်)ကရခိုင်သို့ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေကပြောဆိုသော်လည်းလက်တွေ့မှာ ပြန်မလာနိုင်ဘဲ ပိတ်မိနေသည့်ဆရာ၊ ဆရာမများ အောက်တိုဘာလ ၁၂ ရက်နေ့အထိ မြောက်မြားစွာရှိနေသေးသည်ဟု ဆရာ၊ ဆရာမများက ဆိုကြသည်။

“ကားနဲ့လာခေါ်မယ်ဆိုလည်း အဆင်ပြေမယ်မထင်ဘူး။ လမ်းမှာက ကုလားရွာတွေ အများကြီးလေ။ ဟိုက်စကီးနဲ့လာခေါ်မှပဲ အဆင်ပြေမယ်ထင်ပါတယ်။တစ်ခုခုဖြစ်မှာတော့ ကျွန်မ အရမ်း စိုးရိမ်တာပဲ”ဟု ဒိုးတန်းကျေးရွာတွင် တာဝန် ထမ်းဆောင်နေသည့် မူလတန်းပြဆရာမ ဒေါ်အေးမြတ်သူက ပြောသည်။

ဘင်္ဂါလီများ အန္တရာယ်မပြုနိုင်သည့်ကျေးရွာတချို့မှ ဆရာ၊ ဆရာမများကိုမူ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ကားများဖြင့် သွားရောက်ခေါ်ဆောင်ပြီး ဘူးသီးတောင်မြို့ပေါ်အထိ လိုက်လံပို့ဆောင်နေမှုလည်း ရှိနေသည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara



နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း နယ်ခြားစောင့်တပ်တွေ အကြမ်းဖက် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပြီး အခုအချိန်ထိ ဘယ်သူ့လက်ချက်လဲ ဆိုတာ သေချာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံးပြီး လက်နက်တွေ ပျောက်ဆုံးခဲ့ရတဲ့ မောင်တော ဒေသတွင်း တပ်မတော်က အင်အားသုံးပြီး နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်မှုတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ စိုးရိမ်ချက်တွေ အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တုံ့ပြန်ခဲ့ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသုံးခု တိုက်ခိုက်ခံရပြီး ၄ ရက်အကြာ ဗုဒ္ဓဟူးနေ့ အထိ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အကြမ်းဖက် တိုက်ခိုက်သူတွေကြား ထိပ်တိုက်တွေ့မှုတွေ ရှိနေပါတယ်။ အကြမ်းဖက်မှုရဲ့ လက်သည် တရားခံနဲ့ ပတ်သက်လို့ တိတိကျကျ မသိရသေးတဲ့ အကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုသွားပါတယ်။

“အချက်အလက် သွားရောက် စုဆောင်းတဲ့ အဖွဲ့ ပြန်မလာသေးသလို သတင်းလည်း မပို့သေးပါဘူး။ ဒါကြောင့် သူတို့ ဘာတွေ တွေ့ထားသလဲဆိုတာ ကျမ အနေနဲ့ မပြောနိုင်သေးပါဘူး။ တိုက်ခိုက်ခံရတဲ့ ဒေသတွေကို ဒီကနေ့ မနက်သူတို့ သွားဖို့မှာလည်း ရာသီဥတုက မကောင်းလို့ ရဟတ်ယာဉ် သုံးလို့ မရပါဘူး။ ဒါကြောင့် မော်တော်ဘုတ်နဲ့သွားရပါတယ်။ ၁၅ ရက်နေ့လောက် သူတို့ ပြန်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီနောက်မှာမှ သူတို့ ဘာတွေ တွေ့ခဲ့သလဲ ဆိုတာကို ပြောနိုင်မှာပါ။ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကို ကျမတို့ အနေနဲ့ အတိအကျ မသိရသေးခင်မှာတော့ မှတ်ချက် တစုံတရာ ပေးနိုင်မှာ မဟုတ်ပါဘူး။”

ပြည်ထောင်စု ပြန်ကြားရေး ၀န်ကြီး ဦးဖေမြင့် အပါအ၀င် အစိုးရ အဖွဲ့ဝင်တွေ အကြမ်းဖက်မှုတွေ ဖြစ်ပွားတဲ့ မောင်တောမြို့နယ်တွင်းက ဒေသတွေကို ကိုယ်တိုင်သွားရောက်နေပြီး ဒီကနေ့မှာတော့ ရာသီဥတု ဆိုးရွားတာကြောင့် ရဟတ်ယာဉ်နဲ့ သွားလာလို့ မရဘဲ မော်တော်ဘုတ်တွေနဲ့ ခရီးထွက်သွားပြီ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုပါတယ်။ နောက်ရက်အနည်းငယ် အတွင်းမှာ မြေပြင် အခြေအနေတွေကို ပိုပြီး တိတိကျကျ သိရှိလာမယ်လို့ မျှော်လင့်ထားတဲ့ အကြောင်းလည်း ထည့်သွင်း ပြောဆိုသွားပါတယ်။ မနေ့ အင်္ဂါနေ့ကတော့ တပ်မတော် စစ်ကြောင်းနဲ့ အကြမ်းဖက် တိုက်ခိုက်သူတွေ ထိပ်တိုက်တွေ့တာကြောင့် မောင်တောမြို့နယ်တွင်းက ဒေသ ၂ ခုတို့မှာ နှစ်ဘက်စလုံးက အနည်းဆုံး ၈ ဦး သေဆုံးတယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်ပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း တပ်မတော်အင်အားသုံး ၀င်ရောက်တာကြောင့် မူဆလင် အများစု နေထိုင်ရာ ရခိုင်ပြည်နယ် အနောက်ပိုင်း ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ချက်တွေ ထွက်ပေါ်လာတဲ့ အပေါ်မှာလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို တုံ့ပြန်ပါတယ်။

“လူ့အခွင့်အရေး ပြသနာ မရှိဘူးဆိုတဲ့ နိုင်ငံကို ပြစမ်းပါ။ လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ ပြဿနာ တွေဟာ နိုင်ငံတိုင်းမှာ ရှိနေတယ်လို့ ကျမ ယူဆပါတယ်။ ကျမတို့ နိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို အလေးအနက် ထားပြီး ကိုင်တွယ်နေပါတယ်။ ဂရုတစိုက်နဲ့ စုံစမ်းစစ်ဆေးနေပါတယ်။ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်။ ဒါပေမယ့် နားလည်ထားရမှာက ကျမတို့ နိုင်ငံက ရာစုနှစ်ဝက်ကျော် ရှိခဲ့တဲ့ စနစ်ကြီးကို ကိုင်တွယ် ဖြေရှင်းဖို့ ဆိုတာ နေ့ချင်း ညချင်း ပြောင်းပစ်လို့တော့ မရနိုင်ပါဘူး။ လူ့အခွင့်အရေးဆိုတာ အစိုးရ တခုတည်းက ဖော်ဆောင်လို့ ရတာ မဟုတ်ဘဲ လူထုလည်း ပါဝင်ရပါမယ်။ လူ့အခွင့်အရေးဆိုတာ ကိုယ့်အတွက်ဘဲလို့ တချို့က ထင်ကြပါတယ်။ အဲဒါ မဟုတ်ပါဘူး။ တခြားလူတွေရဲ့ အခွင့်အရေးကို ထည့်မတွက်ကြဘူး။ တကယ်တန်း အဲသလို လုပ်လို့ မရပါဘူး။”

ဗုဒ္ဓဟူးနေ့ နေပြည်တော်မှာ နယ်သာလန် နိုင်ငံခြားရေး ၀န်ကြီးနဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကို ပြီးခဲ့တဲ့ ရက်က ကိုယ်တိုင်သွားရောက်ခဲ့တဲ့ နယ်သာလန် နိုင်ငံခြားရေး ၀န်ကြီးကလည်း Bert Koenders က အခုလို ပြောဆိုခဲ့ပါတယ်။

“ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကျနော့် အနေနဲ့ မှတ်ချက် တစုံတရာ ပေးဖို့ လိုမယ် မထင်ပါဘူး။ ဒါ့ အစိုးရရဲ့ တာဝန်ပါ။ ကျနော်တို့ ဆွေးနွေးခဲ့ကြတာကတော့ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ သဘောသဘာဝတွေ၊ ဒါတွေကို သင့်တင့်လျောက်ပတ်အောင် ဘယ်လို ဖြေရှင်းကြမလဲ၊ ကျနော်ထင်တာတော့ နည်းလမ်းတွေကတော့ အများကြီးပါ။ ပြန်လည်သင့်မြတ်ရေးကို ဘယ်လို လုပ်ကြမလဲ။ သိပ်လဲ ရှုပ်ထွေးပါတယ်။ ကျနော့် အနေနဲ့ ဒေသခံတွေကို ပန်ကြားခဲ့တာကတော့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အထောက်အကူတွေ ရရှိစေဖို့၊ လွတ်လပ်စွာ ကူးသန်းသွားလာခွင့်တို့ ပိုပြီး ရရှိစေဖို့ပါ။ စုံစမ်းစစ်ဆေးဖို့ကတော့ အစိုးရရဲ့ တာဝန်သာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းက နယ်ခြားစောင့် ရဲတပ်စခန်း ၃ ခု ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တိုက်ခိုက်ခံရမှု အတွင်း ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ရပြီး အင်္ဂါနေ့က ၄ ဦး ကျဆုံးတောကြောင့် မောင်တော ပဋိပက္ခ အတွင်း အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင် အနည်းဆုံး ၁၃ ဦး ကျဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်သူတွေ ဘက်ကတော့ အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်ခဲ့သူ ၂ ဦးကို အရှင်ဖမ်းမိထားပြီး စုံစမ်းစစ်ဆေနေတယ်လို့ အစိုးရက ပြောဆိုထားပါတယ်။

  မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



အစိုးရတပ်သားတချို့ကို အောက်တိုဘာလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့မှာ တွေ့ရစဉ်
ပြီးခဲ့တဲ့ရက်ပိုင်းက အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာက နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်အနီးမှာရှိတဲ့ ဝပိတ် မွတ်ဆလင် ကျေးရွာတဝိုက်မှာ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ်မှာ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မှာ အပြန်အလှန်တိုက်ခိုက်တာမျိုး မဟုတ်ဘဲ ဝပိတ်မွတ်ဆလင် ကျေးရွာအနီးက တောင်ကုန်း တွေနဲ့ တခြားနေရာတွေကို တပ်မတော်ဘက်က ပစ်ခတ်တာတွေ တွေ့ရတယ်လို့ ဝပိတ်ကျေးရွာအနီး အောင်သာယာရွာဒေသခံ ကိုကျော်စိုးမိုး က ပြောပါတယ်။

မောင်တောမြို့နယ်တစ်ခုလုံးမှာ အစိုးရက တပ်မတော်နဲ့ ရဲတပ်ဖွဲ့အင်အားတွေကို တိုးမြှင့်ချထားပြီး ပျောက်ဆုံးသွားတဲ့ လက်နက်တွေနဲ့ အကြမ်းဖက်သမားတွေကို ပိုက်စိပ်တိုက် ရှာဖွေနေတာ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနဲ့ စစ်ဆင်ရေးကွပ်ကဲရေးမှူးတွေကိုယ်တိုင် မောင်တောမှာ အခြေပြုပြီး စစ်ဆင်ရေးတွေအတွက် ကွပ်ကဲ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်သမားတွေလို့ သံသယရှိသူတွေနဲ့ လက်နက်အချို့ကို ပြန်လည်သိမ်းဆည်းရမိတာတွေ ရှိပေမယ့် အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
စစ်တွေအခြေစိုက် အမြောက်တပ်ရင်းက တပ်စိပ်အချို့လည်း ဒီနေ့ ဘူးသီးတောင်နဲ့ မောင်တောမြို့ နယ်ဘက်ကို အင်အားဖြည့်ဆောင်ရွက်ဖို့ ထွက်ခွာသွားပါတယ်။

မနေ့က မောင်တောမြို့နယ် ပြောင်းပစ်ကျေးရွာအနီး တောင်ကုန်းမှာ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရာစဉ် အကြမ်းဖက်တိုက်ခိုက်သူ ၃၀၀ ကျော်က ပြန်လည်ပစ်ခတ် တိုက်ခိုက် တာကြောင့် တပ်မတော်သား ၄ ဦး ကျဆုံးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။

RFA Burmese
http://www.rfa.org/burmese



မောင်တောမြို့တွင် လုံခြုံရေးရဲများကိုတွေ့ရစဉ်
လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့အရေးအခင်းနဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှုအောက်မှာ မျှမျှတတနဲ့ အကောင်းဆုံးဖြေရှင်းသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆို ပါတယ်။ လောလောဆည်မှာတော့ မောင်တောမြို့ အနီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံတိုင်းရင်းသား အတော်များ များဟာ လုံခြုံရေး အတွက် စိုးရိမ်ထိတ်လန့်တာတွေဖြစ်နေပြီး အိုးအိမ်စွန့်ခွာပြောင်းရွှေ့တာတွေလည်း ရှိနေပါ တယ်။ မောင်တောမြို့နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်အတွင်းဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေဟာ တနင်္ဂနွေနေ့ မနက်အစောက စတင်ဖြစ်ပွားပြီး အင်္ဂါနေ့အထိ တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေသလို ဒီကနေ့မှာလည်း တိုက်ပွဲဖြစ်ပွားနေတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အရေးအခင်းနဲ့ပတ်သက်ပြီးအခုလို ပြောဆိုပါတယ်။

“ဒီကိစ္စကတော့ ကျမတို့ကတော့ အကောင်းဆုံး ဖြစ်အောင် ဖြေရှင်းမယ်။ ဒါက မျှမျှတတ တရားဥပဒေ စိုးမိုးရေးအောက်မှာပဲ ကျမတို့အားလုံးလုပ်သွားမယ်။ ဘာတွေ ဘာတွေမှာ ဘာဖြစ်နေလဲဆိုတာ မရှင်းသ၍တော့ ဘယ်သူ့ကိုမှ ကျမတို့ စွပ်စွဲမှာမဟုတ်ဘူး။ သေသေချာချာ အထောက်အထား ခိုင်လုံမှ စွပ်စွဲချက် တင်သင့်ရင် တင်မှာဖြစ်ပါတယ်။”

ဒီကနေ့ နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ကျင်းပတဲ့ နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဖေမြင့်နဲ့ အဖွဲ့ဟာ တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အခြေအနေမှန်သိနိုင်ဖို့နဲ့ နယ်မြေတည်ငြိမ်မှုရှိစေဖို့ အတွက် ရခိုင်ပြည်နယ်မောင်တောမြို့ကို သွားရောက်လေ့လာနေပါတယ်။ ပြည်ထောင်စုဝန်ကြီးခရီးစဉ်ကတော့ ရာသီဥတု မကောင်းတာကြောင့် လေကြောင်းက သွားရောက်နိုင်တာမရှိဘဲ ရေလမ်းကသွားရောက်ရတာကြောင့် အချိန်ကြန့်ကြာမှုတွေလည်း ရှိနေပါတယ်။

ဝန်ကြီးနဲ့ အဖွဲ့ လာရောက်တဲ့နေ့မှာပဲ မောင်တောမြို့နယ်အတွင်းမှာတော့ အခြေအနေတွေက မတည်မငြိမ်ရှိနေတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“မနေ့က အဲဒီ ပြောင်းပစ်ကျေးရွာမှာ တိုက်ပွဲဖြစ်တာက တော်တော်လေးကြာတယ်။ ညနေ ၂ နာရီကနေ ည ၆ နာရီ ၇ နာရီထိ အဲလိုဖြစ်တော့ လူတွေထိန့်လန့်ကုန်တယ်။ ထိန့်လန့်ကုန်တယ် ကောလဟာလတွေများတာတွေရော ဟိုဌာနကိုပဲ ၀င်စီးတော့မလို အဲလိုတွေဖြစ်တော့ လူတွေက သိပ်ပြီးတော့ လုံခြုံရေး စိုးရိမ်သောကတွေများပြီး ဟိုပြောင်းဒီပြောင်း ဖြစ်နေကြတယ်။ နယ်ကလူက မြို့ပေါ်တက်လာတယ်၊ မြို့ပေါ်ကတခါ စစ်တွေတို့၊ ရသေ့တောင်တို့ အဲဒီလို အန္တရာယ်ကင်းမယ့်နေရာတွေကို ဆက်သွားကြတာတွေ့တယ်။ ဒီနေ့တနေ့လုံးကားနဲ့ ထွက်နေကြတာပဲ။”

အစိုးရတပ်မတော်က သတင်းထုတ်ပြန်ရာမှာတော့ အင်္ဂါနေ့ နေ့ခင်း ၂နာရီခွဲကျော်လောက်မှာ မောင်တောမြို့နယ် ပြောင်းပစ်ရွာအနီးမှာ တပ်မတော်စစ်ကြောင်းကို လူအင်အား၃၀လောက်က လက်နက်ငယ်တွေနဲ့ စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ပြန်လည်ခုခံစဉ်မှာ အင်အား၃၀၀လောက်က လက်နက်ငယ်တွေ၊ ဓားတွေတုတ်တွေနဲ့ အခြားဖက်က ထပ်မံတိုက်ခိုက်ကြောင်း ဖော်ပြပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ တပ်မတော်က ၄ယောက်ကျဆုံး၊ တယောက်ဒဏ်ရာရပြီး သေနတ်၂လက်ပျောက်ဆုံးပြီး စီးနင်တိုက်ခိုက်သူဖက်က အလောင်းတလောင်းရကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့မှာလည်း အမှတ် ၁ နယ်ခြားစောင့် တပ်စခန်းဌာနချုပ်ရှိရာ ကျီးကန်းပြင်ကို ဒီကနေ့မနက်ပိုင်းက လူအင်အား ၂၀၀လောက်နဲ့ ၀ိုင်းရံတိုက်ခိုက်ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ သီးခြားအတည်ပြုချက်တော့ မရပါဘူး။

 ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


သုံးစွဲသူများ၏ လုံခြုံရေးကို ဦးစားပေးကာ Samsung မှ Galaxy Note7 ရောင်းချခြင်း၊ လဲလှယ်ခြင်းနှင့် ထုတ်လုပ်ခြင်းကို ကမ္ဘာတစ်ဝန်းတွင် လုံးဝရပ်တန့်လိုက်တော့မည်ဖြစ်ပြီး လုံးဝသုံးစွဲခြင်း မပြုပါရန် သတိပေးချက်ကို Samsung မှ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံမှ Samsung Note 7 ၀ယ်ယူထားသူများအနေဖြင့် အဆိုပါဖုန်းကို Galaxy S7edge ဖြင့် လဲလှယ်နိုင်ပြီး တန်ဖိုးကွာခြားချက်အတွက် ကျပ် ၅၀၀၀၀ ခန့်တန်ဖိုးရှိ Samsung Original Battery Pack 5200 Mah နှင့် အခြားလက်ဆောင်ပစ္စည်းများကို ရယူရန်နှင့် ထိုသို့မဟုတ်ပါက Galaxy Note7 ဖုန်းအား ၀ယ်ယူခဲ့သော Samsung Brand Shop တွင် ဆက်စပ်ပစ္စည်းများနှင့်တကွ ပြန်လည် အပ်နှံရန်လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ဆိုင်တွင် ပြန်လည်အပ်နှံသူများကို ဖုန်းစတင်ဝယ်ယူရန် ဆောင်ရွက်ခဲ့သည့် ကမ္ဘာဇေဘဏ်ခွဲမှတဆင့် ပြန်အမ်းငွေအပြည့် ထုတ်ယူခြင်းကို လုပ်ဆောင်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူလ Galaxy Note7 ဖုန်းကိုင်ဆောင်သူများဖြစ်စေ၊ လဲလှယ်ထားသည့် Galaxy Note7 ဖုန်းကိုင်ဆောင်သူများဖြစ်စေ ဖုန်းအား ပါဝါပိတ်ထားသင့်ပြီး ဖုန်းများသုံးစွဲနေခြင်းကိုလည်း ရပ်တန့်ကာ မိမိတို့၏ ဈေးကွက်အလိုက် Samsung မှ ပေးအပ်သော အစီအစဉ်များကို ရယူရန် တိုက်တွန်းထားသည်။

Samsung မှ လက်ရှိတွင် ဖြစ်ပေါ်နေသည့် Galaxy Note7 နှင့် ပတ်သက်သည့် အခြေအနေ ကိစ္စရပ်များအား စုံစမ်းစစ်ဆေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိပြီး သုံးစွဲသူများ၏ လုံခြုံရေးသည် Samsung ၏ အဓိကဦးစားပေး ဖြစ်သည့်အတွက် Galaxy Note7 များ ရောင်းချခြင်း၊ လဲလှယ်ခြင်းနှင့် ထုတ်လုပ်ခြင်းတို့ကို ကမ္ဘာတစ်ဝန်းတွင် လုံးဝရပ်တန့်လိုက်ခြင်းဖြစ်ကြောင်း အသိပေး ကြေညာချက်တွင် ဖော်ပြထားသည်။

သဇင်လှိုင်
SKY Land News & Entertainment Media
https://www.facebook.com/skyland.news


ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး ရုံးအမှတ်၇ ဒုတိယခရိုင်တရားသူကြီး၂ တွင် အောက်တိုဘာ၁၂ရက် မွန်းတည့်ချိန်တွင် ရာဇသတ်ကြီး ၃၄/၁၆ ဇော်ကြီးအမှုအား စစ်ဆေးနေစဉ် တရားသူကြီးက လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုအတွက် ခေတ္တသွားရမည်ဖြစ်ကြောင်း ပြောကြားကာ တရားခွင်မှ ထွက်ခွာသွားကြောင်း သိရသည်။

'' တရားသူကြီးမရှိဘဲ စစ်ဆေးတော့ တချို့အမှားအယွင်းတွေ ရှိရင် ဝင်မပြောနိုင်တော့ဘူးပေါ့။''ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ဆိုသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် အောက်တိုဘာ ၁၂ရက် နံနက်ပိုင်းမှ စတင်ကာ လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပေါ်နေပြီး ၄င်းတရားသူကြီးမှ ဇော်ကြီးအား စစ်ဆေးသည့်အချိန် နာရီဝက်ခန့်နီးပါး ၊ မွန်းလွဲ ၁နာရီထိုးရန် မိနစ်နှစ်ဆယ်အလိုတွင် ပြန်လည်ရောက်ရှိလာခဲ့သည်။

'' အမှုစစ်နေတုန်း နှစ်ဘက်ရှေ့နေတွေကို ပြောသွားတာမျိုး အလုပ်ရှိလို့ဆိုရင် ရပါတယ်။ ဘယ်သူကမှလည်း မကန့်ကွက်ဘူးဆိုရင်ပေါ့”ဟု တရားလွှတ်တော်ရှေ့နေ ဦးဝင်းရွှေက ပြောသည်။

လက်ရှိတွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ မုဒိမ်းမှု လေးငါးမှုထက်မနည်း စစ်ဆေးလျက်ရှိသည်။

MTH
SKY Land News & Entertainment Media
https://www.facebook.com/skyland.news



(ပုံစာ- ဆေးဝါးအတုဖြစ်ကြောင်း FDAက စစ်ဆေးတွေ့ရှိခဲ့သော Griseofulvin Tablets 125mgဆေးဝါး) ဓာတ်ပုံ- FDA
ဈေးကွက်အတွင်း ဆေးဝါးအတုမျိုးစုံရှိသောကြောင့် ဆရာဝန်များပင် မျက်မြင်မခွဲနိုင်ဘဲ ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် ဓာတ်ခွဲစမ်းသပ်မှသာ သိရှိနိုင်မည်ဖြစ်ကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက ဆိုသည်။

'' အားလုံးပွင့်ပွင့်လင်းလင်းပြောရရင် ဆေးဝါးတုက မျိုးစုံရှိနေတယ်။ ကင်ဆာဆေး ၊ စိတ်ရောဂါဆေး ၊ နှလုံးဆေး၊ တချို့ FDAခွင့်မပြုတာတွေလည်း ရှိတယ်။''ဟု ၄င်းက ဆိုသည်။

ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဆေးဝါးများအနက် ဆေးဝါးအတုမျိုးစုံရှိနေရာ Chengdu Ernei pharmaceutica ကုမ္ပဏီ၏ Griseofulvin Tablets 125mg ဆေးဝါးသည် ဆေးဝါးအတုဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကြေညာခဲ့သည်။ ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးနှင့် ရွှေပြည့်စုံဈေးတို့တွင်လည်း သြဂုတ်လ ၃၁ရက်မှ စက်တင်ဘာလ ၂၆ရက်အတွင်း ကျပ်သိန်းပေါင်း နှစ်သောင်းကျော်တန်ဖိုးရှိသည့် ဘီပီအိုင်ဆေးဝါးအတုနှင့် သက်တမ်းလွန်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

'' Capsuleဆေးတောင့်ဆိုရင် ဖြုတ်ကြည့်တယ်။ ဂျုံမှုန့်တို့၊ ဆန်မှုန့်တို့၊ သလဲခဲတို့ဆိုရင် ဒါဆေးဝါးအတုပဲ။ ပထမနည်း မရရင် ဒုတိယနည်းက ဓါတ်ခွဲကြည့်ရင် သိပါတယ်”ဟု လုပ်ငန်းခွင်ကျန်းမာရေးမှ ဒေါက်တာသန်းထွဋ်က ပြောသည်။

ဆေးဆိုင်များတွင် ဆေးဝါးအတုများ ဖြန့်ဖြူးရောင်းချပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါးဥပဒေပုဒ်မ(၁၈)အရ အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

MTH
SKY Land News & Entertainment Media
https://www.facebook.com/skyland.news



နယ်ခြားစောင့်လုံခြုံရေးစခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ တာဝန်ရှိ သူတွေ အောက်တိုဘာလ ၁၂ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့သို့ အမြန်ရေယာဉ်ဖြင့် ရောက်ရှိလာစဉ် ။ Photo: MOI Webportal Myanmar/ Facebook
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ဒေသခံတွေအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လိုတာထက် ပိုပြီးအစိုးရိမ်မလွန်ကြဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက မောင်တော ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ပြောပါတယ်။

မောင်တောမြို့ သီရိမင်္ဂလာခန်းမမှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးတွေ၊ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ မောင်တော ဒေသခံတွေ ဒီနေ့ညနေက တွေ့ဆုံရာမှာ ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

"စိုးရိမ် ကြောင့်ကြမှုကတော့ ရှိမှာပါ။ ဒီကာလမှ ပိုပြီးတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ပြောချင်တာက လိုတာထက် ပိုပြီးတော့ မစိုးရိမ်ပါနဲ့။ စိုးရိမ်ကြောင့်ကြမှုတွေများပြီးတော့ ပိုပြီးတော့ မဖြစ်သင့်တာတွေ၊ မလုပ်သင့်တာတွေ ပိုပြီးတော့ ပိုလုပ်မယ်၊ ပိုပြောမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။ ဒါကလည်း စောစောက ကျွန်တော်ပြောသလို လူတိုင်းမှာ တာဝန်ရှိပါတယ်။ ၀ိုင်းပြီးတော့ ထိန်းသိမ်းကြပါ။"

ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းတွေအနေနဲ့ တစ်ဖက်နဲ့ တစ်ဖက် အကြမ်းမဖက်ကြဖို့နဲ့ အတိတ်က ဖြစ်ရပ်တွေကို သင်ခန်းစာယူကြဖို့လည်း ၀န်ကြီးချုပ် ဦးညီပုက သတိပေးခဲ့ပါတယ်။

မောင်တော ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေတို့ တက်ရောက်ခဲ့ပြီး မောင်တော ဒေသခံ တစ်ရာကျော်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၉ ရက်နေ့က မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်က ရဲကင်းစခန်း ၃ခု တိုက်ခိုက်ခံရပြီး လက်နက်တွေ ပါသွားတဲ့အတွက် တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ရာမှာ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။

မောင်တောမြို့တစ်ဝိုက်က ကျေးရွာတွေမှာနေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတချို့ဟာ ဘေးလွတ်ရာ မြို့ရွာတွေကို ထွက်ပြေးခိုလှုံနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ဘူးသီးတောင်နဲ့ မောင်တော မြို့ပေါ်မှာလည်း လမ်းသွားလမ်းလာ မရှိသလောက်ဖြစ်နေပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေသာ တွေ့ရတယ်လို့ မောင်တောမြို့ကိုရောက်နေတဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မီဒီယာတာဝန်ခံ ဦးမိုးဝေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

နိရဉ္စရာ၊ အောက်တိုဘာ ၁၂ (နေ့လယ် ၁ နာရီ မိနစ် ၂၀)

မောင်တောမြို့နယ် သရေကုန်ဘောင်နှင့် ကိုင်းကြီးကျေးရွာများမှ တိုင်းရင်းသား ကျေးရွာသားများသည် သရေကုန်းဘောင်တွင် တပ်စွဲထားသော ရဲကင်းစခန်းကို ရုပ်သွားရာမှ ယခု အခါ မောင်တော (၃) မိုင်သို့ ထွက်ပြေးလာကြကြောင်း အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ကားနှစ်စီးဖြင့် ထွက်ပြေးလာကြသူ ရွာသား အရေအတွက် လေးငါးဆယ်ရှိကြောင်း၊ အလယ်သံကျော်ဘက်မှ သေနတ်သံများကြား၍ ကြောက်ပြီး ထွက်ပြေးလာကြောင်း၊ ရွာတွင် ရှိနေသော ရဲသားများလည်း မရှိတော့သဖြင့် စိုးရိမ်ရရာမှ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း ယနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင် သရေကုန်ဘောင်မှ (၃) မိုင်သို့ ထွက်ပြေးလာသူ အမျိုးသမီး တစ်ဦးက နိရဉ္စရာသို့ ဖုန်းဆက်ပြောကြားသည်

သရေကုန်ဘောင်တွင် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး ကိုင်းကြီးတွင် အိမ်ခြေ ၇၀ ကျော်ရှိပြီး ရွာသားများ အားလုံးထွက်ပြေးရန် စီစဉ်နေကြပြီး ရွာတွင် အခြေအနေ ဆူဆူညံညံ ဖြစ်နေကြောင်း သူမက ပြောကြားသည်။

သက်ဆိုင်ရာမှ အခြေအနေကို အမြန်ဆုံးထိန်းသိမ်းရန် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

Narinjara
https://www.facebook.com/Narinjara