10/16/16

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးသွားရောက်ရန်
နှင့် အိန္ဒိယနိုင်ငံ ဂိုအာမြို့၌ ကျင်းပမည့် BIMSTEC Retreat အစည်းအဝေးနှင့် BRICS and BIMSTEC Leader´s Outreach Summit အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အိန္ဒိယသမ္မတနိုင်ငံ ဂိုအာမြို့ ရေတပ်စခန်းဌာနချုပ် လေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅ မိနစ် တွင် ရောက်ရှိသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး H.E. Mr. Vijay Kumasr Singh ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မော်တော်ယာဉ် များဖြင့် ခေတ္တတည်းခိုမည့် Hotel leela သို့ ရောက်ရှိကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Hotel leela ၌ ဂိုအာပြည်နယ်ဝန်ကြီးချုပ်မှ BIMSTEC ခေါင်းဆောင်များအား တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။

MSCO.



(ဓာတ်ပုံ - မြဝတီ facebook page)
မောင်တော၊ အောက်တိုဘာ ၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ပိတ်မိနေသည့် INGO ဝန်ထမ်းများနှင့် အစိုးရဌာနဆိုင်ရာဝန်ထမ်း ၁ဝဝ ကျော်အား တပ်မတော်ရဟတ်ယာဉ်ဖြင့် အောက်တိုဘာ ၁၅ ရက်နေ့ကလည်း ဆက်လက်ပို့ဆောင်နေသည်ဟု တပ်မတော်က ထုတ်ပြန်သည်။

မောင်တောမြို့နယ် တောင်ပြိုဝဲကျေးရွာအပါအဝင် အနီးရှိကျေးရွာများမှ INGO ဝန်ထမ်းများအပါအဝင် ကျောင်းဆရာ၊ ဆရာမများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများနှင့် အခြားဌာနများမှ ဝန်ထမ်း စုစုပေါင်း ၁၁၅ ဦးအား အောက်တိုဘာလ ၁၅ ရက်နေ့တွင် တပ်မတော် ရဟတ်ယာဉ် ၂ စီးဖြင့် စစ်တွေနှင့် ဘူးသီးတောင်မြို့ပေါ်သို့ ပို့ဆောင်ပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“အထက(၄)ကျောင်းမှာ ကျောင်းဆရာ၊ ဆရာမတချို့ရောက်ကြပါတယ်။ မောင်တောကနေ ရဟတ်ယာဉ်နဲ့ရောက်ရှိကြတာလို့ ပြောပါတယ်”ဟု စစ်တွေမြို့ခံ ကိုတင်ငြိမ်းဦးက နိရဉ္စရာသို့ ပြောသည်။

မောင်တောအကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် မောင်တောခရိုင်အတွင်း ပိတ်မိနေသည့် အစိုးရဝန်ထမ်းများကို အောက်တိုဘာလ ၁၃ ရက်နေ့မှစတင်ကာ တပ်မတော်ရဟတ်ယာဉ်များဖြင့် ယခုကဲ့သို့ ပြောင်းရွှေ့ပေးနေခြင်းဖြစ်သည်။

“ဒီလိုအဖြစ်မျိုး တစ်ခါမှ မကြုံဖူးဘူး။ အရမ်းကြောက်တာပဲ”ဟု ရဟတ်ယာဉ်ဖြင့် ဘူးသီးတောင်မြို့ပေါ်သို့ ပို့ဆောင်ခြင်းခံရသူ မူလတန်းပြဆရာမ ဒေါ်ခင်သန္တာက နိရဉ္စရာသို့ ပြောသည်။

အဆိုပါဝန်ထမ်းများအနေဖြင့် ယင်းတို့တာဝန်ကျရာဒေသသို့ ပြန်လည်တာဝန်ထမ်းဆောင်ရမည်ဆိုပါက လုံခြုံရေးတင်းကျပ်စွာချထားပေးပါမည်ဟု သက်ဆိုင်ရာလူကြီးမင်းများက လက်မှတ်ထိုးကတိခံပေးမှသာ ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်းလည်း အဆိုပါဝန်ထမ်းများက ဆိုသည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara


လော့စ်အိန်းဂျလိစ် ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ လော့စ်အိန်းဂျလိစ်မြို့ ၌ အောက်တိုဘာ ၁၅ ရက် က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရသွားကြောင်း ရဲတပ်ဖွဲ့ ကဆိုသည်။

West Adams ခရိုင် လော့စ်အိန်းဂျလိစ်မြို့ ၌ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် သေနတ်သမားအဖြစ် သံသယရှိသူတစ်ဦးကို ဖမ်းမိထားပြီး ၄င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်စပ်မှုရှိနိုင်သူ အခြားတစ်ဦးကို ဆက်လက် ရှာဖွေလျက်ရှိကြောင်း ရဲတပ်ဖွဲ့ က ပြောသည်။

အခင်းဖြစ်စဉ်အတွင်း သေဆုံးသွားကြသူများ၏ အသက်အရွယ်နှင့် ကျားမအမျိုးအစားကို ယခုအချိန်ထိ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသလို ပစ်ခတ်ရခြင်းအကြောင်းအရာကိုလည်း ရှင်းရှင်းလင်းလင်းမသိရှိရသေးပေ။
ပစ်ခတ်မှုနှင့်ပတ်သက်၍ သံသယရှိသူအမျိုးသားတစ်ဦးကို ဖမ်းဆီးထားပြီး အခြား သံသယရှိသူအများအပြားကျန်ရှိနေနိုင်ကြောင်း သိရသည်။ အဆိုပါ သံသယရှိသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကိုမူ ရဲတပ်ဖွဲ့ ကထုတ်ဖော်ပြောဆိုထားခြင်း မရှိကြောင်း သိရသည်။

China Xinhua News


 နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ထွက်ခွာ (Myanmar State Counsellor Office)
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ထွက်ခွာ (Myanmar State Counsellor Office)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယခရီးစဉ် ဒီကနေ့ စတင်လိုက်ပါပြီ။ အိန္ဒိယနိုင်ငံသမ္မတ၊ ၀န်ကြီးချုပ်တို့ရဲ့ ဖိတ်ကြားချက်နဲ့ အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ ကျင်းပမယ့် BIMSTEC ဒေသတွင်းအစည်းအဝေး ၊ BRICS-BIMSTEC ထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရသစ်လက်ထက် နိုင်ငံတော်ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး တရားဝင်ချစ်ကြည်ရေး သွားရောက်တဲ့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ဘယ်လိုအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးနိုင်ခဲ့မလဲဆိုတဲ့အကြောင်း မဆုမွန် တင်ပြထားပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၁၆ရက်နေ့ တနင်္ဂနွေမနက်ပိုင်းမှာပဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ ပါဝင်တဲ့ အစိုးရအဖွဲ့ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံခရီးစဉ် စတင်ပြီးတော့ နေ့လည်ပိုင်းမှာတော့ အိန္ဒိယနိုင်ငံကို ဆိုက်ရောက်သွားကြပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်မယ့် BIMSTEC ဒေသတွင်းအစည်းအဝေးနဲ့ BRICS- BIMSTEC ထိပ်သီးဆွေးနွေးပွဲတွေအပြီးမှာတော့ နိုင်ငံတော်ချစ်ကြည်ရေးခရီးစဉ်အဖြစ်အိန္ဒိယသမ္မတ Pranab Mukherjee နဲ့ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj တို့နဲ့ တွေ့ဆုံဖို့ ရှိသလို နှစ် နိုင်ငံ ကုန်သွယ်စီးပွားရေး တိုးမြှင့်နိုင်ဖို့ အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံမယ့် စီးပွားရေးဆွေးနွေးပွဲ ကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း အိန္ဒိယ-မြန်မာ ၂ နိုင်ငံ နယ်စပ်ဒေသက လုံခြုံရေး၊ နှစ် နိုင်ငံ ကုန်သွယ်စီးပွားဆက်ဆံရေး ပို့ကုန်သွင်းကုန်အရေးတွေနဲ့ပတ်သက်လို့ ဆွေးနွေးနိုင်မယ်လို့ခန့်မှန်းနေကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံလည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရသစ်လက်ထက် နိုင်ငံတော်ခေါင်းဆောင်တဦး အနေနဲ့ ပထမဆုံး တရားဝင်ချစ်ကြည်ရေး သွားရောက်တဲ့ ဒီခရီးစဉ်အတွင်းမှာအိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ဘယ်လိုအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးနိုင်ခဲ့မလဲ ဆိုတဲ့အကြောင်းကိုတော့ မြန်မာ့အရေးလေ့လာသုံးသပ်နေတဲ့ ဦးအောင်သူငြိမ်းက အခုလို ရှု့မြင်ပါတယ်။

“ဟုတ်ကဲ့ ကျနော်မြင်ရသလောက်ကပေါ့နော်အိန္ဒိယက သူ့တို့ရဲ့ အရှေ့မျှော် မူဝါဒပေါ့နော် Look East ဆိုတဲ့ မူဝါဒရှိပါတယ်။ အထူးသဖြင့်တော့ မြန်မာအပါအ၀င် ကျနော်တို့ရဲ့ တိဘက် နိုင်ငံတွေနဲ့ ပိုပြီးတော့ တိုးပြီး ဆက်ဆံမယ်ဆိုတဲ့ မူဝါဒပေါ့။ ဒါပေမယ့် လက်တွေ့ကျကျပြောရင်တော့အိန္ဒိယက နှေးတယ်ခင်ဗျ။ တရုတ်ကပိုပြီးတော့ ခြေသွက်တဲ့သဘောရှိပါတယ်။ ဆိုတော့ အဲဒီအနေအထားမှာတော့ အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်တာ ပိုကောင်းရင် ပိုကောင်းပါတယ်။ ဆိုတော့ နောက်တခုကျတော့ အခုလက်ရှိဒေသတွင်းမှာ ပထ၀ီနိုင်ငံရေးအရ အိန္ဒိယကလည်း နိုင်ငံကြီးတခုဖြစ်တဲ့အတွက် ကျနော်တို့နိုင်ငံအတွက်ကလည်း အရေးပါတဲ့နိုင်ငံတခုဖြစ်တယ်လို့ထင်ပါတယ်။

မေး။ ။ ပထမဦးဆုံးအနေနဲ့ ဒေသတွင်းအစည်းအဝေးတွေတက်တဲ့အခါမှာ ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးနိုင်ခြေရှိသလဲ ဒီလို BIMSTEC အစည်းအဝေးတွေမှာလေ။

ဖြေ။ ။ ဟုတ်ကဲ့ BIMSTEC ကတော့ အထူးသဖြင့် အိန္ဒိယဦးဆောင်တဲ့ ဒေသတွင်းဆိုင်ရာ အုပ်စုပေါ့နော်။ ဆိုတော့ အဲဒီအနေအထားမှာတော့ BIMSTEC ကပြောမယ်ဆိုရင် အရေးတော့ကြီးပါတယ်။ နောက်တခါ အိန္ဒိယနဲ့ အထူးသဖြင့် ကျနော်တို့မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးကိစ္စပေါနော်။ နောက်တခါ ဒေသအတွင်းအခြေခံအဆောက်အအုံတို့၊ ကုန်သွယ်ရေးကိစ္စတွေက အရေးကြီးပါတယ်။ အထူးသဖြင့်တော့ ကျနော်ထင်တာကတော့ ကုန်သွယ်ရေးကိစ္စတွေလည်းဆွေးနွေးကောင်းဆွေးနွေးနိုင်ပါတယ်။ အထူးသဖြင့်တော့ အိန္ဒိယက ကျနော်တို့မြန်မာနိုင်ငံနဲ့ ကုန်သွယ်တဲ့အခါမှာ ၄ နိုင်ငံမြောက်ပေါ့နော်၊ ကျန်တဲ့ တရုတ်တို့ ၊ စကာင်္ပူ တို့စသဖြင့် ဒါတွေပြီးရင် စတုထ္တမြောက် ကုန်သွယ်မှုအများဆုံးနိုင်ငံပါ။ ဆိုတော့ အိန္ဒိယမှာ ကျနော်တို့ဘက်က ရောင်းတဲ့ပဲတို့ ဘာတို့ ရှိသလို၊ အိန္ဒိယက ကျနော်တို့ပြန်တင်တဲ့ လူသုံးကုန်ပစ္စည်းတွေ၊ ဆေးပစ္စည်းတွေလည်းရှိပါတယ် ဆိုတော့ ဒီကိစ္စကလည်း အရေးကြီးတယ်ထင်ပါတယ်။ နောက်တခုကတော့ ဒီအိန္ဒိယနဲ့ ကျနော်တို့ကြားထဲမှာ အထူးသဖြင့်ကတော့ ဒီအခြေခံအဆောက်အအုံအတွက်ပေါ့နော် အထူးသဖြင့် အိန္ဒိယက လာပြီးတော့ ထိုင်းကိုဆက်သွယ်မယ့်လမ်း ၊ နောက်တခါကျတော့ ကုလားတန် မြစ်ဝှမ်း ဖွံ့ဖြိုးရေးစီမံကိန်း ဆိုတော့ ဒီအချက်တွေကလည်း ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ ကျနော်ထင်ပါတယ်။

မေး။ ။နောက် ၂ နိုင်ငံနယ်စပ် လုံခြုံရေးနဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားတာတွေရှိပါတယ် ဆိုတော့ ဒီ အိန္ဒိယ-မြန်မာ ၂ နိုင်ငံနယ်စပ် အထူးသဖြင့် နယ်စပ်မှာ အခြေစိုက်တဲ့ လက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီးတော့ ဘာများဆွေးနွေးနိုင်ခြေရှိမယ်လို့ ဦးအောင်သူငြိမ်း မြင်မိပါသလဲရှင့်။

ဖြေ။ ။ အထူးသဖြင့်တော့ ကာကွယ်ေ၇းကိစ္စတွေ၊ လုံခြုံရေးကိစ္စတွေဆိုရင်တော့ အထူးသဖြင့်တပ်မတော်ဘက်က ခေါင်းဆောင်တွေ၊ ပြည်ထဲရေး (သို့မဟုတ်) ကာကွယ်ရေး ၀န်ကြီးဌာနက ပါသွားရင်တော့ ဆွေးနွေးဖို့တော့ များပါတယ်။ ကျနော်ယူဆတာကတော့ ယေဘုယျအားဖြင့်တော့ ကျနော်တို့ ဒေသတွင်း ဒီမိုကရေစီဖွံ့ဖြိုးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ နောက်တခါကျတော့ ကျနော်တို့မြန်မာနိုင်ငံမှာ အိန္ဒိယရဲ့ ရင်းနှီးမြှပ်နှံမှုအလားအလာတွေပေါ့နော် ဆိုတော့ ဒါတွေပဲ ဆွေးနွေးဖြစ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျ။”

အိန္ဒိယနိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ဖိတ်ကြားချက်နဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ အိန္ဒိယနိုင်ငံခရီးစဉ် သွားရောက်တာဖြစ်ပါတယ်။

VOA Burmese News



TNLA တပ်ဖွဲ့ဝင်တွေကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တွေ့ရစဉ်။ Photo: Kan Thar/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်လုံမြို့နယ်ခွဲက ပါလိုင်ကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့  တအာင်း(ပလောင်)တိုင်းရင်းသား လက်ကိုင်ကိုင် အဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်လောက်ကစပြီး တိုက်ပွဲဖြစ်ပွားနေရာမှာ ဒီကနေ့ တိုက်ပွဲတွေပိုပြင်းထန်နေတယ်လို့ ပါလိုင်ကျေး ရွာဒေသခံတစ်ဦး က ပြောပါတယ်။

အဲဒီကျေးရွာတွေဟာ TNLA တပ်တွေ သွားလာလှုပ်ရှားနေတဲ့ ကျေးရွာတွေဖြစ်ပြီး အခုချိန်မှာ နှစ်ဖက်တပ်တွေ နီးနီးကပ်ကပ်ရှိနေတဲ့အနေအထားဖြစ်ပါတယ်။

TNLA တပ်မဟာ ၂ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်မဲမြို့နယ်အတွင်း အစိုးရတပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက် လာတာကြောင့်တိုက်ပွဲတွေပြင်းထန်နေကြောင်း နဲ့ မိုးမိတ်မြို့နယ်မှာလည်း TNLA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA ဖက်က သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese



ထိုင်းနိုင်ငံ အိမ်ရှေ့စံ Maha Vajiralongkorn အားတွေ့ရစဉ် (ဆင်ဟွာ)
    ဘန်ကောက်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

    ထိုင်းနိုင်ငံ အိမ်ရှေ့စံ Maha Vajiralongkorn က ထီးနန်းဆက်ခံခြင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နန်းတော်ဥပဒေ နှင့် ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများ ဖြင့် အသေးစိတ်ဆောင်ရွက်ထားခြင်းဖြစ်၍ ထိုင်းနိုင်ငံပြည်သူပြည်သားများအနေဖြင့် ထီးနန်းဆက်ခံခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုမရှိကြရန် ပြောကြားခဲ့သည်။

အသက် ၆၃နှစ်အရွယ်ရှိပြီဖြစ်သော ထိုင်းအိမ်ရှေ့စံသည် ထီးနန်းယာယီထိန်းသိမ်းသူ Prem Tinsulanonda နှင့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ တို့အား ပြီးခဲ့သည့် အောက်တိုဘာ၁၅ရက်ကတွေ့ဆုံခဲ့ကြောင်း ထိုင်းအစိုးရက ၄င်းတို့၏ အင်တာနက်စာမျက်နှာ၌ဖော်ပြခဲ့သည်။

ထိုင်းအိမ်ရှေ့စံက ထီးနန်းဆက်ခံမည့်အချိန်ကာလနှင့် ပတ်သက်၍ ပြောကြားရာ၌ ၄င်းအပါအဝင် ထိုင်းနိုင်ငံသားအားလုံးတို့သည် ထိုင်းဘုရင် ဘူမိဘောလ် အဒူလျာဒတ် ကံတော်ကုန်သွားခြင်းအတွက် ဝမ်းနည်းပူဆွေးနေရကြောင်း နှင့် ဈာပနအခမ်းအနား ပြီးဆုံးပြီးမှသာလျှင် ထီးနန်းဆက်ခံရန် အချိန်ကာလကောင်း သို့ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းဘုရင် ဘူမိဘောလ်၏ ရုပ်ကလာပ်တော်အား ရိုးရာဓလေ့အတိုင်း တော်ဝင်ဈာပနအခမ်းအနား မကျင်းပမီ တော်ဝင်နန်းတော်၌ လပေါင်းများစွာထားရှိသွားမည်ဖြစ်ကြောင်း နှင့် ဘုန်းတော်ကြီးများက အောက်တိုဘာ ၁၄ရက်ကတည်းက တော်ဝင်နန်းတော်ရှိ ရုပ်ကလာပ်တော် နံဘေးတွင် ရက်ပေါင်း ၁၀၀တိုင်အောင် ရွတ်ဖတ်ဆုတောင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ ထိုင်းအိမ်ရှေ့မင်းသား၏ ပြောကြားချက်များကို ကိုးကား၍ ဝန်ကြီးချုပ် ပရာယွတ်က အောက်တိုဘာ ၁၅ရက် သန်းခေါင်ယံအချိန်တွင် နိုင်ငံပိုင်ရုပ်သံလိုင်းမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ပရာယွတ်က ၄င်းသည် အိမ်ရှေ့စံ၏ဆန္ဒအား အမျိုးသား ဥပဒေပြုလွှတ်တော် ဥက္ကဋ္ဌ ထံသို့ အသိပေးခဲ့ပြီးဖြစ်ကြောင်း နှင့် ထိုင်းနိုင်ငံအတွင်းရှိ ပြည်သူများကိုလည်း ယင်းအကြောင်းအရာ အား သိရှိစေလိုကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က တော်ဝင်နန်းတော်အတွင်းရှိ ထိုင်းဘုရင်၏ ရုပ်ကလာပ်တော် အား အများပြည်သူဖူးမြော်နိုင်ရန် အောက်တိုဘာ ၂၈ မှ စတင်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းဘုရင် ဘူမိဘောလ် အဒူလျာဒတ် သည် နှစ်၇၀ကြာ ထီးနန်းစိုးစံပြီးနောက် အောက်တိုဘာ ၁၃ရက်တွင် ကံတော်ကုန်ခဲ့ပြီး ကံတော်ကုန်ချိန်တွင် သက်တော် ၈၈နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


မွန်ပြည်နယ်၊ သုဓမ္မဝတီမြို့သစ် စစ်မှုထမ်းဟောင်းအိမ်ရာမှာ တွေ့ရတဲ့ ဦးမင်းဆွေ (ဓာတ်ပုံများ - ထက်ခေါင်လင်း / Myanmar Now)

 သထုံ (Myanmar Now) –   တပ်မတော်မှာ တပ်ခွဲတပ်ကြပ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးစိန်ကျော်ဝင်းက ၁၉၉၉ ခုနှစ် ကရင်ပြည်နယ် စစ်မြေပြင်မှာ မိုင်းထိခဲ့တာကြောင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာ အများအပြားရရှိခဲ့ပါတယ်။ မိုင်းဒဏ်ကြောင့် ကိုယ်လက်အင်္ဂါမဆုံးရှုံးပေမယ့် မျက်စိနှစ်လုံးကိုတော့ စွန့်လွှတ်လိုက်ရပါတယ်။

ဆေးကုသမှုခံယူအပြီးမှာ တပ်မတော်က သူ့ကို နောက်တန်းမှာ ပေါ့ပေါ့ပါးပါးတာဝန်တွေကို ၈ နှစ်ကြာ ပေးပါတယ်။ သူ  အငြိမ်းစားယူပြီးနောက်မှာတော့  သူ့မျက်လုံးနှစ်ဘက် ဆုံးရှုံးမှုအတွက် တပ်မတော်က သူ့ကို  ပေးအပ်တဲ့ အထောက်အပံ့က အင်မတန် နည်းပါးလွန်းတာနဲ့ ကြုံလိုက်ရပါတယ်။
တပ်မတော်ကနေ အနားယူခါစမှာ အငြိမ်းစားလစာ ကျပ်သုံးသောင်းကျော်၊ ဆုံးရှုံးတဲ့မျက်လုံးအတွက် တစ်ဘက်ကို နစ်နာကြေး ရာဂဏန်း   ရရှိခဲ့တယ်လို့  ဦးစိန်ကျော်ဝင်းက ဆိုပါတယ်။
“တပ်က ထွက်လာတော့ မျက်လုံးတစ်လုံးအတွက် တစ်လကို ကျပ် ၈ဝဝ ပဲ ရတယ် ဆိုတာ သိရတော့၊  ငါ့မျက်လုံးနှစ်လုံး တိုင်းပြည်အပေါ်မှာ စွန့်လွှတ်ခဲ့ရတဲ့အတွက် ခံစားခွင့်က ကလေးမုန့်ဖိုးတောင်မရှိပါလား၊ တော်တော့်ကို ရယ်လည်းရယ်ချင်၊ စိတ်လည်း တိုခဲ့ရတယ်” လို့ ဦးစိန်ကျော်ဝင်းက ပြောပါတယ်။

မကြာသေးခင်နှစ်များအတွင်း အငြိမ်းစားဝန်ထမ်းလစာတွေ တိုးပေးခဲ့တာကြောင့်  ဦးစိန်ကျော်ဝင်းရဲ့ ပင်စင်ငွေက  ၉ဝ,ဝဝဝ ကျော်၊ မျက်လုံးဆုံးရှုံးမှုအတွက် တစ်ဘက်ကို  ၆,ဝဝဝ နှုန်းနဲ့ လစဉ်ထောက်ပံ့ကြေးက ၁၂,ဝဝဝ ရနေပါပြီ။  သို့သော်လည်း  ဒီပမာဏဟာ ကနေ့ခေတ် နေထိုင်မှုစရိတ်ကြောင့် ကလေးမုန့်ဖိုးလို ဖြစ်နေတုန်းပဲလို့ သူက ညည်းပြပါတယ်။ 

မွန်ပြည်နယ်၊ သုဓမ္မဝတီမြို့သစ် စစ်မှုထမ်းဟောင်းအိမ်ရာမှာ တွေ့ရတဲ့ ဦးဝင်းဌေး၊ ဦးအောင်ကြည်၊ ဦးစိန်ကျော်ဝင်း 

ဦးစိန်ကျော်ဝင်းက မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က မိတ်ဆွေတစ်ယောက်ရဲ့ခြံထဲမှာ  ခိုလှုံနေတုန်း  ကိုယ်လက်အင်္ဂါထိခိုက်တဲ့ စစ်မှုထမ်းဟောင်းတွေအတွက် အိမ်ရာမှာ   နေထိုင်ခွင့်လျှောက်ထားရာမှာ ၂ဝဝ၉ မှာတော့ သထုံမြို့နဲ့ ငါးမိုင်ခန့်အကွာမှာရှိတဲ့ သုဓမ္မဝတီမြို့သစ်မှာ နေထိုင်စရာ အိမ်တစ်လုံး ရရှိခဲ့ပါပြီ။ သုဓမ္မဝတီမှာ ဦးစိန်ကျော်ဝင်းလို စစ်ပြန်ရဲဘော် ၆ဝ ခန့်ဟာ မိသားစုနဲ့အတူ နေထိုင်လျက် ရှိပါတယ်။
နိုင်ငံအနှံ့မှာ သုဓမ္မဝတီလို မသန်စွမ်းစစ်မှုထမ်းဟောင်းအိမ်ရာ ဘယ်လောက်ရှိတယ်ဆိုတာတော့ မသိရသေးပါဘူး။ နှစ် ၇ဝ နီးပါး ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မှာ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတစ်ခုခု စွန့်လွှတ်ခဲ့ရတဲ့ တပ်မတော်သားအရေအတွက်  ဘယ်လောက်ရှိတယ်၊ သူတို့အတွက် ဘယ်လို ဘယ်ပုံထောက်ပံ့နေတယ်ဆိုတဲ့သတင်းအချက်အလက်ကို တပ်မတော်က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဆင်းရဲတွင်း
ရဲဘော်ဟောင်းအများအပြားကတော့ စစ်မှုထမ်းဟောင်းအိမ်ရာ အခမဲ့ ရရှိတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါတယ်။ သို့သော်လည်း သူတို့အများစုဟာ ဘဝရှင်သန်ရေးအတွက် ခက်ခက်ခဲခဲ နေထိုင်ကြရတယ်လို့ ဆိုကြပါတယ်။ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း၊ အပိုဝင်ငွေ ရရှိမယ့်နည်းလမ်းတွေ မရှိသလောက်ပါပဲ။
အငြိမ်းစားယူခဲ့ရသူချင်းအတူတူ အရာရှိကြီးတွေ၊ စစ်ဗိုလ်ကြီးတွေရဲ့ မိသားစုတွေ သူတို့ထက် ပိုမိုအဆင်ပြေ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေကြတာကို အားကျမိတယ်လို့  ကရင်ပြည်နယ် ရှေ့တန်း စစ်မြေပြင်မှာ မြေမြှုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်စွန့်လွှတ်လိုက်ရတဲ့ အငြိမ်းစားတပ်ကြပ်ကြီး ဝင်းဌေးက ပြောပါတယ်။
သူက   မနက်တိုင်း သထုံ၊ ဘားအံ၊ မုတ္တမမြို့တို့ကို ဖြတ်သွားတဲ့ အဝေးပြေးလမ်းမှာ  ပလပ်စတစ်ပုလင်းခွံကောက်ပြီး ပြန်ရောင်းပါတယ်။ 

 “ကျွန်တော့်မိန်းမက ကျန်းမာရေးကလည်း ကောင်းတဲ့သူမဟုတ်တော့ အပြင်ထွက်အလုပ်လည်း မလုပ်နိုင်ဘူးလေ။ မနက်မိုး လင်းတာနဲ့ မိသားစု စားဝတ်နေရေး ဘယ်လိုပြေလည်မလဲလို့တွေးပြီး ဘယ်နေရာ သွားကောက်ရမလဲပဲ စဉ်းစားတယ်။   တစ်နေ့ကို ၁,၅ဝဝ၊ ၂,ဝဝဝ လောက်တော့ ရပါတယ်” လို့ ဦးဝင်းဌေး ဆိုပါတယ်။

သုဓမ္မဝတီမြို့သစ်ရောက် စစ်မှုထမ်းဟောင်းအများစုက သူတို့ရဲ့ သားသမီးတွေ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကြတယ်၊ မိသားစုကို အနည်းနဲ့အများ ပြန်လည် ထောက်ပံ့ကြတယ်လို့ ဆိုကြပါတယ်။
Myanmar Now က ဆက်သွယ်မေးမြန်းခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရအရာရှိတစ်ဦးကတော့ မသန်စွမ်း စစ်ပြန်များအတွက် ထောက်ပံ့ရေးအစီအစဉ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေဆိုခြင်း မရှိခဲ့ပါဘူး။


မွန်ပြည်နယ်၊ သုဓမ္မဝတီမြို့သစ် စစ်မှုထမ်းဟောင်းအိမ်ရာက နေအိမ်ရှေ့မှာ ထိုင်နေတဲ့ ဦးမြဝင်း

ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ တပ်မတော်သားကို အရပ်ဘက် ဌာနဆိုင်ရာများကို  ပြောင်းရွှေ့ တာဝန်ပေးတာတွေ ရှိတယ်လို့   မြေမြှုပ်မိုင်းဒဏ်ခံခဲ့ရသူတို့  ခြေတု၊ လက်တု တပ်ဆင်နိုင်ရေးအတွက် ကူညီခြင်း၊ နှစ်သိမ့်အားပေးခြင်းလုပ်ငန်းများ လုပ်ကိုင်နေတဲ့ ငြိမ်းချမ်းမြန်မာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ  ဦးသန့်ဇင်က ပြောပါတယ်။ ဦးသန့်ဇင် ကိုယ်တိုင်လည်း ဒုတပ်ရင်းမှူးတစ်ဦးဘဝမှာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း မိုင်းထိတဲ့အတွက် ညာဘက်ခြေထောက် စွန့်လွှတ်လိုက်ရသူပါ။

ပညာအရည်အချင်းမြင့်တဲ့အရာရှိတွေဟာ ညွှန်ကြားရေးမှူး၊ ဒုညွှန်ကြားရေးမှူး စတဲ့ နေရာတွေ ရသွားကြတယ်၊ ပညာအရည်အချင်း နည်းပါးသူတွေကတော့ ဘဝရပ်တည်ရေးအတွက် အခက်အခဲ ကြီးကြီးမားမား  ရှိနေတယ်လို့ ဦးသန့်ဇင်က ဆိုပါတယ်။

“တပ်ရဲ့ စိုက်ပျိုးရေးစီမံကိန်းတွေ ရှိတယ်။ အဲ့ဒီမှာ ဒီလူတွေကို ရွာလေးထောင်ပေးပြီးတော့ အဲ့ဒီမှာ လုပ်ခိုင်း၊ နေခိုင်းတာပေါ့၊  လစာလည်း နည်းတယ်။ အပြင်မှာရှာဖို့ မြို့တက်လာကြတော့ တချို့က ကောင်းကောင်းမွန်မွန် ဖြစ်သွားသလို တချို့ကတော့ တောင်းစားတဲ့ဘဝကို ရောက်သွားတာမျိုးလည်း ရှိတာပေါ့”လို့ ဦးသန့်ဇင်က ရှင်းပြပါတယ်။
မိုင်းဒဏ်ရာရသူ အရေအတွက်ကတော့ တပ်မတော်အတွက် အထူးလျှို့ဝှက်ချက်ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

“မိုင်းထိပြီး ခြေထောက်ဖြတ် ဖို့ ဆေးရုံတက်နေချိန်မှာကို ကျွန်တော်နဲ့အတူ တက်နေတဲ့သူတွေက ၃ဝဝ လောက် ရှိတယ်။ ခြေတုလုပ်တဲ့ စက်ရုံကိုမေးတော့ သိန်းဂဏန်းလောက်ကို ရှိနေတယ်လို့ သိရတယ်၊ အဲ့ဒါက အရပ်သားတွေရော၊ တပ်မတော်သားတွေရောကို ပြောတာ။ စာရင်း တိတိကျကျ သွားကြည့်လို့တော့ မရဘူး။ တပ်မတော်ဘက်မှာလဲ ဒီလိုထိခိုက်တဲ့ တပ်မတော်သားအရေအတွက်က ဘယ်သူ့ကိုမှ မပေးဘူး” လို့ ဦးသန့်ဇင်က ပြောပါတယ်။

အရာရှိများ အထောက်အပံ့ပိုရ
တိုက်ပွဲတွေအတွင်းမှာ ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရတာချင်းအတူတူ   အရာရှိအဆင့် နဲ့ အောက်ခြေအဆင့်  ရရှိတဲ့ အခွင့်အရေးက ကွာခြားလွန်းတယ်လို့    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးကျော်ဇေယျက ပြောပါတယ်။
အရာရှိအဆင့် အငြိမ်းစားယူခဲ့သူ အများစုကို တပ်မတော်ရဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ရဲ့ လုပ်ငန်းတွေမှာ ပြန်လည်ခန့်ထားပေမယ့် အောက်ခြေအဆင့် စစ်သည်ဟောင်းတွေကိုတော့ ခန့်ထားတာမျိုး မတွေ့ဘူးလို့   ဦးပိုင်လီမိတက်မှာ   အစုရှယ်ယာ ဒါရိုက်တာအဖြစ်  တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးကျော်ဇေယျက ပြောပါတယ်။

စစ်မှုထမ်းဟောင်း အိမ်ရာတချို့မှာ ရေ၊ မီးက အစ  ပြည့်စုံမှုမရှိသလို စာသင်ကျောင်း၊ အလုပ်အကိုင် ရှိတဲ့ နေရာတွေနဲ့ ဝေးလံတဲ့နေရာတွေ ဖြစ်တယ်လို့    သူက ဆက်ပြောပါတယ်။

“စစ်မှုထမ်းဟောင်း အိမ်ရာတွေကို လက်တွေ့ပြန်ဆင်းကြည့်စေချင်တယ်၊ ဘာတွေလိုအပ်နေလဲဆိုတာ။ ဒါကို လက်ရှိအစိုးရနဲ့ တပ်မတော်အနေနဲ့ လုပ်ပေးစေချင်တယ်။ ဒီပင်စင်လခလေးကိုပဲ မှီခိုရတော့ အကျင့် စာရိတ္တတွေလည်း ပျက်ပြားတာမျိုး ဖြစ်လာကြရော” လို့ သူက ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်တွေဟာ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာသာ ရှိနေတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ဝင်ရောက်ကိုင်တွယ်ဖို့ မဖြစ်နိုင်သေးဘူးလို့ သူက သုံးသပ်ပါတယ်။
  ကြုံရာကျပန်း လုပ်စားနိုင်တဲ့ အခြေအနေ မရှိတဲ့ ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရသူ အောက်ခြေအဆင့် စစ်သည်ဟောင်းတွေရဲ့ ဘဝ အာမခံချက်အတွက် တပ်မတော်ကရော အစိုးရကပါ စီစဉ်ပေးသင့်ပြီလို့ သူက ဆိုပါတယ်။

“တကယ်ဆို စစ်မှုထမ်းဟောင်းတွေကို အဆင့်မြင့်မြင့်နဲ့ အိမ်ရာတွေ ထားနိုင်ရမယ်၊ ပေးမယ်ဆို ဒါကို ကာကွယ်ရေးဘတ်ဂျက်ကနေ ပေးသင့်တာပေါ့” လို့ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးကျော်ဇေယျက ပြောလိုက်ပါတယ်။     ။


မွန်ပြည်နယ်၊ သထုံမြို့အနီး ကားလမ်းပေါ်မှာ ပလပ်စတစ်ပုလင်းခွံတွေ လိုက်လံကောက်ယူနေတဲ့ စစ်ပြန်ရဲဘော်ဟောင်း ဦးမောင်ရှိန်  


Myanmar Now
http://www.myanmar-now.org/my/news/i/?id=d6ff90eb-37aa-4004-b733-086810bc307e



မြန်မာနိုင်ငံသားများသို့ အသိပေးတင်ပြချက်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။

ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်း(ဂျပန်) (UMCA) မှ တာဝန်ရှိသူများသည် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက် ခဲ့ကြသူများကိုယ်စား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ တွေ့ဆုံမှုသည် ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းယူခဲ့ပြီးနောက် ဂျပန်ရောက်မြန်မာ ဒီမိုကရေစီရေး လှုပ်ရှားခဲ့သူများနှင့် ၂၈ နှစ်ကျော်ကာလအတွင်း ပထမဦးအကြိမ်ဖြစ်ပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်း ဘက်မှ ၁၇ ဦးတက်ရောက်ခဲ့၍ အများဆန္ဒအရ ရွေးချယ်ထားကြသူများဖြစ်သည့် ဦးသန်းဆွေ၊ ဦးကျော်ကျော်စိုး၊ ဦးဇော်မင်းခိုင်၊ ဦးမိုင်ကျော်ဦး၊ ဦးရဲငြိမ်း တို့မှ တာဝန်ယူ ဦးဆောင်ဆွေးနွေးခဲ့ပြီး မြန်မာသံရုံးမှ သံအမတ်ကြီး ဦးသူရိန်သန့်ဇင်၊ သံမှူး ဒေါ်သိဂီ င်္အောင်၊ ပထမအတွင်းဝန် ဒေါ်သီရိဝင့်ခိုင်သန့်၊ အုပ်ချုပ်ရေးဆိုင်ရာ အရာရှိ ဦးသန့်ဇင်တို့ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်းမှ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက် နေ့စွဲဖြင့် မြန်မာနိုင်ငံသံရုံးသို့ ပေးပိုခဲ့သော စာအရ ယခုကဲ့သို့တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံဆွေးနွေးသည့် အဓိက အချက်သုံးချက်ဖြစ်သည့် -

(၁)။ ဒီမိုကရေစီရေးလှုပ်ရှားခဲ့ကြသူ မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ် ပြန်လည်ရရှိနိုင်ရန်။
(၂)။ ဂျပန်နိုင်ငံတွင် နိုင်ငံသားမိဘ ၂ပါးမှ မွေးဖွားလာခဲ့ကြသော ကလေးသူငယ်များထဲမှ နိုင်ငံမဲ့ (stateless) အနေအထားသို့ ရာက်ရှိနေခြင်းကို ဖြေရှင်းပေးရန်။
(၃) မြန်မာနိုင်ငံသားတယောက်၏ ဂုဏ်သိက္ခာနှင့် နိုင်ငံသားအခွင့်အရေးများ ပြန်လည်ရရှိခံစားနိုင်ရေး ဆောင်ရွက်ပေးရန် ဟူသော အချက် သုံးချက်ကို ဆွေးနွေးခဲ့ပါသည်။

၁။ ။မြန်မာနိုင်ငံ စစ်အစိုးရသက်တမ်းတလျှောက် စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပြန်လည်ရရှိနိုင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြခြင်းကြောင့် ဂျပန်ရောက် မြန်မာနိုင်ငံသားအများအပြား နိုင်ငံသားအခွင့်အရေးများဆုံးရှုံးခံခဲ့ကြရသော်လည်း ဂျပန်နိုင်ငံသားအဖြစ် လွှဲပြောင်း ခံယူထားခြင်းမရှိကြောင်း၊ ထိုသူများသည် ခရီးသွားလာရန်အတွက် ဂျပန်အစိုးရမှ ထုတ်ပေးသည့် ခရီးသွားလာခွင့်လက်မှတ် ( Re entry Permit ) အားအသုံးပြုခဲ့ရကြောင်း၊ အဆိုပါ ခရီးသွားလာခွင့်လက်မှတ်ဖြင့် အမိမြန်မာနိုင်ငံသို့ သွားရောက်ခြင်းသည် ဂျပန်နိုင်ငံ၏ ဥပဒေအရ တရားမ၀င်ကြောင်း ယခုအခါ မြန်မာနိုင်ငံတွင် ပြည်သူလူထုမှရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရတရပ်ပေါ်ထွန်းလာပြီဖြစ်သဖြင့် ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြသူများအား မြန်မာနိုင်ငံကူးလက်မှတ် ပြန်လည်ထုတ် ပေးနိုင်ရန် တင်ပြဆွေးနွေးခဲ့ပါသည်။
မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်က နိုင်ငံကူးလက်မှတ်ပြန်လည်ထုတ်ပေးရေး၊ သက်တမ်းတိုးမြင့်ပေးရေးတို့အား သတ်မှတ် ကျင့်သုံးလျှက်ရှိသည့် ဥပဒေ စည်းမျဉ်းစည်းကမ်းများဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း၊ ထို့အတွက် နိုင်ငံကူးလက်မှတ်ပြန်လည်ထုတ်ပေး ရန် အခွန်ပေးဆောင်ရန်လိုအပ်ကြောင်း ပြောဆိုခဲ့ပါသည်။
UMCA တာဝန်ရှိသူများမှ သမတ ဦးသိန်းစိန်လက်ထက် မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာချက်အရ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှစ၍ ပြည်ပရောက်မြန်မာနိုင်ငံသားများ ၀င်ငွေခွန်ပေးဆောင်ရန် မလိုတော့ ဟူ၍သတ် မှတ်လိုက်ကြောင်း သို့ဖြစ်ပါ၍ ယခု မြန်မာသံရုံးမှပြောဆိုသော အခွန်သည် ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် စစ်အစိုးရသက်တမ်း အတွက်ပေးဆောင်ရမည့် ၀င်ငွေခွန်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်အာဏာသိမ်းခဲ့သည့် စစ်အစိုးရအား ဖြုတ်ချနိုင်ရေးအတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်အပါအ၀င် ပြည်တွင်း ဒီမိုကရေစီအင်အားစုများ၊ ဥိးမင်းကိုနိုင် ဦးကိုကိုကြီး စသည့် ၈၈၈၈ မျိုးဆက်ခေါင်းဆောင်များ၊ ဦးအေးသာအောင်၊ ဦးခွန်ထွန်ဦးအစရှိသော တိုင်းရင်းသားခေါင်းဆောင်များ နှင့် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ၊ နိုင်ငံတကာရောက်ဒီမိုကရေစီ အင်းအားစု များအားလုံး သဘောတူ ချမှတ်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံရေး လုပ်ငန်းစဉ်များတွင်- (စစ်အစိုးရအား အသိအမှတ်မပြုရေး၊ စစ်အစိုးရအား အထောက်အကူဖြစ်စေမည့် အကူအညီ အထောက် အပံ့များ ရပ်ဆိုင်းရေး လှုပ်ရှားမှုများသည် အဓိကအချက်တခုအဖြစ်ပါဝင်ခဲ့သည်။ ထိုအတွက် နိုင်ငံတကာနှင့် ဂျပန်ရောက်ဒီကရေစီအင်အား စုများ၏ စစ်အစိုးရအား အခွန်မပေးဆောင်ရေး၊ ODA မပေးရေး၊ စီးပွားရေးရင်းနှီးမြှုတ်နှံမှုမလုပ်ရေး၊ စသည်တို့သည် ဂျပန်ရောက် မြန်မာ့နိုင် ငံရေး လှုပ်ရှားဆောင်ရွက်ခဲ့သူများ၏ အဓိကကျသော ရပ်တည်ချက်ဖြစ်၍ ယခုကဲ့သို့ နောက်ကြောင်းပြန် အခွန်ကောက်ခံခြင်းသည် မိမိတို့၏ ဂုဏ်သိက္ခာနှင့် နိုင်ငံရေး ရပ်တည်ချက်အား ထိခိုက်စေပါသဖြင့် UMCA အနေဖြင့် လက်ခံဆောင်ရွက်မည်မဟုတ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။)
သံအမတ်ကြီး ဦးသူရိန်သန့်ဇင်မှ ယခုကိစ္စသည် သံရုံးမှ ဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် လုပ်ပိုင်ခွင့် မဟုတ်ပါ၍ နိုင်ငံတော် အစိုးရထံ တင်ပြပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ UMCA ဖက်မှ နားလည်လက်ခံပါကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။

၂။ ။ဂျပန်နိုင်ငံတွင် မွေးဖွားခဲ့သော မြန်မာ ကလေးသူငယ်များ၏ နိုင်ငံသား အရေးကိစ္စနှင့်ပတ်သက်၍ မိဘဖြစ်သူသည် မြန် မာနိုင်ငံသားဖြစ်ပါက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ မည်သည့်အရပ်ဒေသတွင် မွေးဖွားစေကာမူ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ် ပြုမည်ဖြစ်ပြီး မိဘဖြစ်သူမှ လုပ်ထုံးလုပ်နည်းများအတိုင်း တရားဝင် အကြောင်းကြားပါက မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား အား အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးနေကြောင်း ကလေးငယ်များသည် သံရုံးမှ ပြုလုပ်ဆောင်ရွက်ပေးနေသော ပညာရေးကိစ္စရပ်များ အပါ အ၀င် အခြားနိုင်ငံသားအခွင့်အရေးများ ရယူခံစားနိုင်သော်လည်း နိုင်ငံကူးလက်မှတ်ထုတ်ပေးနိုင်ရေးသည် မိဘများ၏ ၀င်ငွေခွန်ပေးသွင်း မှုနှင့် ဆက်စပ်နေကြောင်း သံရုံးမှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပါသည်။
UMCA ဖက်မှ ဂျပန်ရောက်ဒီမိုကရေစီရေး လှုပ်ရှားခဲ့ကြသူများ အနေဖြင့် စစ်အစိုးရဆန့်ကျင်ရေး လုပ်ငန်းစဉ်များထဲမှ အခွန်ပေး ဆောင်မှု မပြုလုပ်ရေး ရပ်တည်ချက်နှင့် အတူ အခြားအခြေအနေတရပ်မှာ ဂျပန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ပြုထားသော မြန်မာနိုင်ငံသား များသည် ဂျပန်နိုင်ငံသားအဖြစ် ခံယူထားခြင်း မရှိစေကာမူ ဂျပန်အစိုးရသို့ (၁)။ ၀င်ငွေခွန်၊ (၂)။ မြူနီစပယ်ခွန်၊ (၃)။ ကျန်းမာရေးအာမခံနှင့် အခြားအခွန်အမျိုးမျိုးတို့အား မဖြစ်မနေ ပေးဆောင်ကြရကြောင်း၊ စစ်အစိုးရလက်ထက် နိုင်ငံရေးလှုပ်ရှားသူ မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံသားအခွင့်အရေးများအားလုံး ဆုံးရှုံးခံခဲ့ကြရသော်လည်း ယခု အခါတွင် အဆိုပါကာလအတွက် နောက်ကြောင်းပြန် အခွန်ကောက်ခံခြင်းသည် ၀င်ငွေတခုတည်းအပေါ် အခွန် ၂ ထပ်ကောက်ခံခြင်းပင်ဖြစ်ပြီး နိုင်ငံသားများအား အလွန် ကြီးမားသော ၀န်ထုပ်ဝန်ပိုးဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ရာ မြန်မာသံ အမတ်ကြီး ဦးသူရိန်သန့်ဇင်မှ အခွန်၂ ထပ်ကောက်ခံခြင်းမှ ကင်းလွတ်နိုင်ရေးသည် နှစ်နိုင်ငံအကြား သဘောတူစာချုပ်အပေါ်တွင်မူတည် နေကြောင်း ဂျပန်ရောက် မြန်မာနိုင်ငံသားများ၏ အဆိုပါအခြေအနေအား မိမိ ကောင်းစွာ နားလည်သဘောပေါက်ပါကြောင်း အထက်အစိုး ရသို့ တင်ပြ၍ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။

၃၊ ။စစ်အစိုးရလက်ထက် ဒီမိုကရေစီရေး ဆောင်ရွက်ခဲ့ကြသူများ ဂုဏ်သိက္ခာရှိစွာဖြင့် အမိမြန်မာနိုင်ငံသို့ ပြန်လာခွင့်ရရေး အပါအ၀င် နိုင်ငံသားတဦး၏ အခွင့်အရေးများ ပြန်လည်ရရှိနိုင်ရေး ကိစ္စအတွက်ဆွေးနွေးကြရာတွင် UMCA ဖက်မှ မြန်မာနိုင်ငံသားများ အနေဖြင့် နိုင်ငံကူးလက်မှတ် ပြန်လည်မရရှိသေးခြင်းကြောင့် နိုင်ငံတကာသို့ ခရီးသွားလာရာတွင် ဂျပန်နိုင်ငံမှထုတ်ပေးထားသော ခရီးသွားလာခွင့် လက်မှတ်ကိုသာ အသုံးပြုနေရပြီး အချုပ်အခြာအာဏာရှိသော နိုင်ငံတခု၏ တရားဝင် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ခွင့် ကိုင်ဆောင်ခွင့်မရရှိခြင်းသည် သိမ်ငယ်သကဲ့သို့ခံစားရကြောင်း၊ အဆိုပါ ခရီးသွားလာခွင့်လက်မှတ်ဖြင့် မြန်မာနိုင်ငံသို့သွားလာခြင်းသည် ဂျပန်နိုင်ငံ၏ တရားဥပဒေအား ချိုးဖောက်ရာရောက်သော်လည်း မြန်မာသံရုံးအနေဖြင့် မသိကျိုးကျွံပြုနေကြောင်း မိခင်နိုင်ငံသို့ ခရီးသွား ရောက်ခြင်းကိုပင် နိုင်ငံခြားသားတယောက်ကဲ့သို့ ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားရပြီး ဗီဇာလျှောက်ရာတွင် ခေတ် စနစ်နှင့် လိုက်လျောညီ ထွေမှုမရှိတော့သော ကန့်သတ်ချက်များ၊ စည်းမျဉ်းစည်းကမ်းများဖြင့် ကန့်သတ်ထားခြင်းများသည့် မဖြစ်သင့်ကြောင်း တင်ပြဆွေးနွေးခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်မှ ဂျပန်နိုင်ငံမှ ထုတ်ပေးထားသော ခရီးသွားလာခွင့်လက်မှတ်ဖြင့် လူမှုရေးဗီဇာလျှောက်ထားခြင်းအား ပြည်ထဲရေးဝန်ကြီးဌာနမှ ကိုင်တွယ်ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့ပါသည်။

နိုင်ငံရပ်ခြားရောက် မြန်မာများ၏ ရင်ဆိုင်တွေ့ကြုံနေရသော အခက်အခဲများအား အမှန်ကန်ဆုံး သိမြင်နိုင်သည်မှာ မြန်မာသံရုံးများ ပင်ဖြစ်ရာ အဆိုပါပြသနာများအား ပြည်သူ့အစိုးရမှ အမှန်တကယ်သိရှိနားလည်ပြီး ဖြေရှင်းပေးနိုင်ရန် မြန်မာနိုင်ငံသားများနှင့် မြန်မာသံရုံး တို့အကြား ရိုးသားစွာဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်မှုသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိပါသည်။ စစ်အစိုးရလက်ထက် နိုင်ငံတကာရှိ မြန်မာသံရုံးများသည် နိုင်ငံသားများ၏ အကျိုးစီးပွားထက် စစ်အုပ်စု၏ အကျိုးစီးပွားနှင့် ၀ါဒဖြန့်ချီရေးသက်သက်သာ လုပ်ဆောင် ရပ်တည်ခဲ့ကြသည်။ သံအမတ်အပါအ၀င် သံရုံးဝန်ထမ်းအများစုမှာ စစ်အစိုးရမှ ရွေးချယ်ခန့်အပ်ထားသော စစ်တပ်မှ ကူးပြောင်းလာသူများသာဖြစ်၍ ယခုမျက်မှောက် အချိန်အခါတွင်ပင် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံးများ၏လုပ်ကိုင်ဆောင်ရွက်မှုများအား စိုးရိမ် ပူပန်မှုများ ရှိနေဆဲပင်ဖြစ်သည်။
သံအမတ်ကြီး ဦးသူရိန်သန့်ဇင်မှ မိမိသည် နိုင်ငံဝန်ထမ်းတဦးဖြစ်၍ မည်သည့်အစိုးရတက်သည်ဖြစ်စေ တာဝန်ထမ်းဆောင်ရ ကြောင်း သို့သော် လက်ရှိ ဂျပန်ရောက် မြန်မာနိုင်ငံသားများ၏ အခြေအနေများအား သိရှိနားလည်ထားပြီဖြစ်ရာ နောက် သုံးနှစ်တွင် မိမိ သက်ပြည့်ပင်စင်ယူရမည်ဖြစ်ကြောင်း မိမိတာဝန်ထမ်းဆောင်ရမည့်သက်တမ်းတွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများအတွက် မှတ်တိုင်တခု စိုက်ထူနိုင်ရန် အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ UMCA အနေဖြင့် ကြိုဆိုပါကြောင်း ကျေး ဇူးတင်ပါကြောင်း ပြောကြားလိုပါသည်။

ယခုကဲ့သို့ ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြသူများနှင့် မြန်မာသံရုံးအကြား ရင်းနှီး ပွင့်လင်းစွာဖြင့် တွေ့ဆုံဆွေးနွေးနိုင်ခြင်း သည် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအပြောင်းအလဲ၏ အကျိုးဆက်တခုဖြစ်သည်ဟု UMCA မှ မှတ်ယူထားပါသည်။ UMCA မှ တင်ပြ ဆွေးနွေးခဲ့သော အချက် ၃ ချက်သည် ဂျပန်ရောက်မြန်မာနိုင်ငံသားများသာမက နိုင်ငံတကာရှိ ဒီမိုကရေစီရေးလှုပ်ရှားခဲ့သူ အားလုံးမှ ရင်ဆိုင်တွေ့ကြုံနေရသော ကိစ္စရပ်များဖြစ်၍ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရအဖွဲ့အပါအ၀င် လူထုထူတန်းစား အဖွဲ့အစည်းများနှင့် လည်းကောင်း နိုင်ငံတကာရောက်မြန်မာနိုင်ငံသားများနှင့်လည်းကောင်း လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားဖြစ်မည်ဖြစ်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်း ဂျပန်'

နိုင်ငံခြားဗီဒီယိုကား ကူးခွေရောင်းချနေသူတွေကို ဖမ်းဆီးတာတွေ ရပ်တန့်ပေးဖို့ အောက်တိုဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြတောင်းဆိုနေကြစဉ် နိုင်ငံခြားဗီဒီယိုကား ကူးခွေရောင်းချနေသူတွေကို ဖမ်းဆီးတာတွေ ရပ်တန့်ပေးဖို့ အောက်တိုဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြတောင်းဆိုနေကြစဉ်
Photo: Htet Arker/ RFA

နိုင်ငံခြားဗီဒီယိုကား ကူးခွေရောင်းချနေသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူနေတာတွေ ရပ်တန့်ပေးဖို့ လှိုင်၊ လှိုင်သာယာ၊ ကမာရွတ်၊ တောင်ဒဂုံမြို့နယ်တွေ က ကူးခွေ ရောင်းချသူ ၃၀ ကျော်က ဒီနေ့ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အစိုးရအနေနဲ့ မူပိုင်ခွင့်တင်ထားတဲ့ခွေတွေကို ကူးယူရောင်းချနေတာတွေကိုသာ ဖမ်းဆီးပြီး နိုင်ငံခြားကားတွေ ကို ရောင်းချခွင့် ပေးစေလိုတယ် လို့ တောင်ဒဂုံမြို့နယ်မှာ ကူးခွေရောင်းချနေတဲ့ ဦးထွန်းလင်းအောင် က ပြောပါတယ်။

"ဒါဟာ ပထမအစိုးရလက်ထက်က ပြဌာန်းခဲ့တဲ့ ဥပဒေ၊ အခုလို ပွင့်လင်းမြင်သာတဲ့ခေတ်မှာ အဲဒါလေး ကို ဖြေလျော့ပေးဖို့ ကျနော်တို့ကို လမ်းဘေးမှာ လွတ်လွတ်လပ်လပ် ရောင်းချပိုင်ခွင့် အဲ့ဒါလေးတစ်ခုပဲ ကျနော်တို့တောင်းဆိုတယ်။ ဟုတ်ပီ ဒီမူပိုင်ခွင့်တင်ထားတဲ့ ခွေတွေကို ကျနော်တို့ ကူးယူခြင်း၊ ဌားရမ်းခြင်း၊ သူ့မူပိုင်ခွင့်ရှိတဲ့ဟာတွေကို အလွဲသုံးစားလုပ်တယ်ဆိုရင် ထိထိမိမိအရေးယူပေး။ ကျန်တဲ့ ကိုရီးယားကား၊ အင်္ဂလိပ်ကားနဲ့  ကာတွန်းကားလေးကိုတော့ နည်းနည်းလေး သက်ညှာပြီးတော့ စဉ်းစားပေးစေချင်တာ ပါပဲ။"

ဆန္ဒပြသူတွေဟာ မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုဥပဒေကို ပြင်ဆင်ပေးဖို့ ၊ နိုင်ငံခြားကားတွေကို ဈေးနှုန်းသက်သက်သာ သာနဲ့ ကြည့်ရှူခွင့်ပေးဖို့၊ ခိုးကူးခွေတွေကို ဖမ်းဆီးရာမှာ မြန်မာဗီဒီယို ကူးခွေတွေကိုသာ ဖမ်းဆီးဖို့နဲ့ စားဝတ်နေရေးအခက်အခဲရှိနေတဲ့ နိုင်ငံခြားကားကူးခွေ ရောင်းချသူတွေရဲ့ ဘဝကို စာနာဖို့ တောင်းဆိုခဲ့ကြ ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက စပြီး နိုင်ငံခြားကူးခွေရောင်းချသူတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးနေ တာကြောင့် အရင်က ခွေနှစ်ခွေကို ကျပ် ၅၀၀ နဲ့ ရောင်းချနေပေမယ့် လက်ရှိမှာတော့ တစ်ခွေကို ကျပ် ၅၀၀ အထိ ဈေးနှုန်းမြင့်တက်သွားတယ်လို့ ပြောကြပါတယ်။

ကူးခွေရောင်းချသူတွေဟာ ပျမ်းမျှအားဖြင့် ငွေကြေးအရင်းအနှီး ၈ သောင်းကနေ တစ်သိန်းလောက် အထိရင်းရပြီး တနေ့ကို ဝင်ငွေကျပ် ၈ထောင် ဝန်းကျင်ရရှိကြတယ်လို့ပြောပါတယ်။

အဖမ်းခံရတဲ့အခါ ၁၉၉၆ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေအရ ထောင်ဒဏ် ၃ လကနေ ၆ လအထိ ကျခံရနိုင်တာဖြစ် ပါတယ်။
RFA

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ထွက်ခွာလာတဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ် မနေ့က နစ်မြုပ်မူမှာ လက်ရှိအချိန်အထိ သေဆုံးသူ ၅ ဦးကို တွေ့ရှိထားပြီး ၁၅၈ ဦးကို ကယ်တင်နိုင်ခဲ့ပေယ့် လူတစ်ရာကျော်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ကနီမြို့အနီးမှာ လူသေအလောင်းတစ်ခုကို ဒီနေ့ ညနေပိုင်းက ထပ်မံတွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

"မနေ့ညက ကယ်ဆယ်လိုက်တာကတော့ လူ ၁၅၈ ဦးနဲ့ လူသေအလောင်းကတော့ ၅ လောင်းတွေ့ပါပြီ ၊ နောက်ထပ် တစ်လောင်းကတော့ ခုလိုက်နေတုန်းပဲရှိသေးတယ်၊ ခုမုံရွာမြို့က ပရဟိတ အသင်းတွေ အကုန်လုံးနီးပါး ကနီ ကိုရောက်ပြီးတော့ ဘယ်တောင်ပံ ညာတောင်ပံဖြန့်ပြီးတော့ ကားတွေကလည်း ၁၉ စီး အစီး ၂၀ ကျော်နဲ့ စောင့်နေတယ်။ လူတွေကလည်း အများကြီး ရာဂဏန်းလောက်ရှိမယ် အဲဒီမှာ လှေတွေနဲ့ကော စက်လှေတွေနဲ့ကော အဲဒီချင်းတွင်းမြစ်ထဲမှာ လိုက်ဆယ်နေကြတယ်"

ကနီမြို့နယ် မိကျောင်းတွင်းရွာနားက ချင်းတွင်း မြစ်ကွေ့မှာ နစ်မြှုပ်သွားတဲ့ ရေယာဉ်ကို ရှာဖွေနေ ပေမယ့် မတွေ့ရသေးပဲ အဲဒီ မော်တော်ယာဉ် အတွင်းပိုင်းထဲက အထူးခန်းမှာ သေဆုံးသူတွေ အတော်များများရှိနိုင်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၅ နာရီ ခန့်မှာ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အတွင်း လူ ၃၀၀ ကျော်ကို တင်ဆောင်လာတဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ် နစ်မြုပ် ခဲ့တာဖြစ်ပါတယ်။

အမြန် ရေယာဉ် တစ်စီးမှာ ခရီးသည် ၁၂၀ ကျော်သာ စီးနင်းခွင့်ပြုဖို့ သတ်မှတ် ထားပေမယ့် လူ ၃၀၀ ကျော်အထိ တင်ခဲ့သလို ကုန်ပစ္စည်းတွေအပါအ၀င် ယာဉ်အမိုးပေါ်မှာ မော်တော် ဆိုင်ကယ်တွေ တင်ခဲ့တဲ့ အတွက် မနိုင်ဝန်ဖြစ်ပြီး တိမ်းမှောက်ခဲ့ရတာလို့ အသက်ရှင် လွတ်မြောက်လာသူတွေ က ပြောပါတယ်။
ဒါ့အပြင် ရေယာဉ်ပေါ်မှာ အသက်ကယ် ၀တ်စုံတွေ အလုံအလောက် မပါလာဘူးလို့လည်း ပြောကြပါတယ်။

ပျောက်ဆုံးနေသူတွေကို ကူညီကယ်ရှာဖွေပေးနေတဲ့ ဟိတသုခ လူမူကူညီရေး အသင်း က ဦးသိန်းဇော်က ချင်းတွင်းမြစ်ထဲမှာ ရေယာဉ်မှောက်တဲ့ အကြိမ် ၄ ကြိမ်ထိ ရှိနေပြီ ဖြစ်ပြီး ဒီတကြိမ်ဟာ သေဆုံးပျောက်ဆုံးတဲ့သူ အများဆုံးဖြစ်တယ်လို့ ပြောပါတယ်။

Photo: Myanmar Fire Services Department/ Facebook

( အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်တာကြောင့် သေဆုံးနေသောရုပ်အလောင်းကို အောက်တိုဘာလ ၁၅ ရက်နေ့က ဆယ်ယူနေစဉ် )
RFA


တရုတ်အမျိုးသမီးတဦးဟာ သူမ အလွန်အမင်း စွဲလမ်းနှစ်သက်နေတဲ့ အမျိုးသားရဲ့ ပုံတူပန်းချီကားကြီးကို ကျောက်တောင်နံရံပေါ်မှာ ဆွဲခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တရုတ်လူမှုကွန်ရက်မှာ ဝေဖန် ငြင်းခုံနေကြပါတယ်။

ဒီဖြစ်ရပ်က လူမှုကွန်ရက် သတင်းတွေမှာ ပျံ့နှံ့နေပြီး ဒီလို ပုံမှန်မဟုတ်တဲ့ အံ့သြလေးစားစရာ ဖော်ပြမှုက လူမှုကွန်ရက်မှာ စိတ်လှုပ်လှုပ်ခတ်ခတ်နဲ့ ငြင်းခုံဆွေးနွေးတဲ့အထိ ဖြစ်နေပါတယ်။

ပန်းချီရေးဆွဲခဲ့သူ အသက် ၃၀ နှစ်အရွယ် လင်းလင်းအမည်ရ အမျိုးသမီးတောင်တက်သမားဟာ သူမအနေနဲ့ သူမရဲ့ အမှန်တကယ် စိတ်ခံစားချက်ကို ထုတ်ဖော်မပြောချင်ဘူးလို့လည်း ဒေသခံသတင်းဌာနတွေကို ပြောခဲ့ပါတယ်။

လင်းလင်းက တရုတ်နိုင်ငံ ရေဒီယိုသတင်းဌာန FM 93 ကို သူမ ဒီနံရံဆေးရေး ပုံတူပန်းချီကားကို ဆွဲခဲ့တာ ၂ လကျော်ကာလအတွင်း အားလပ်ရက်တွေမှာ ဆွဲခဲ့ကြောင်း၊ တရုတ်ပြည်အရှေ့ဘက် ဇီချွမ်အမျိုးသားပန်းခြံက ကျောက်တုံးကြီးတတုံးပေါ်မှာ ဒီပုံတူပန်းချီကားကို ဆွဲခဲ့တာဖြစ်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

သူမက ပန်းချီကားကို မနက်အစောကြီး ၃ နာရီမှာ စတင်ဆွဲခဲ့တာဖြစ်ပြီး နာရီတော်တော်ကြာခဲ့တယ်လို့ ဆိုပါတယ်။

ဒီပုံတူထဲက အမျိုးသားက ဘယ်သူလဲဆိုတော့ လင်းလင်းက “ကျမက သူ့အပေါ်မှာ စိတ်ခံစားချက် ပြင်းတယ်။ ဒါပေမယ့် သူကတော့ ကျမရဲ့မေတ္တာကို မတုံ့ပြန်ပါဘူး။ သူ့ကို ကျမက အားလပ်ရက်တိုင်းမှာ အခြားကျောက်တောင်တတောင်ပေါ် တက်ဖို့ အဖော်စပ်တိုင်း သူက တောင်ပေါ်ကယ်ဆယ်ရေးကိစ္စနဲ့ သင်တန်းပေးနေရတာနဲ့ အလုပ်အမြဲရှုပ်နေတယ်”လို့ FM 93 ရေဒီယိုသတင်းဌာနကို ပြောပါတယ်။

ပန်းချီကားထဲက အမျိုးသားဟာ တောင်တက်သမား အသိုင်းအဝိုင်းမှာ လေးစားရတဲ့ တောင်တက်သမားတဦး ဖြစ်တယ်လို့လည်း ဖြည့်ပြောခဲ့ပါတယ်။

၇ မီတာလောက် အမြင့်ရှိတဲ့ ဒီပုံတူပန်းချီကားကို အခြားတောင်တက်သမားတွေက တွေ့ပြီး ဓာတ်ပုံရိုက်၊ ဓာတ်ပုံကို လူမှုကွန်ရက်မှာ ဖြန့်ခဲ့လို့ အကြီးအကျယ် လူသိများခဲ့တာပါ။

တချို့ဆိုရှယ်မီဒီယာ သုံးစွဲသူတွေကလည်း “အချစ်ကို ကျောက်သားနံရံတွေပေါ် ခြယ်မှုန်းခြင်း”၊ “ခင်ဗျားကို အရမ်းလေးစားပါတယ်၊ အင်မတန်ကောင်းတဲ့လက်ရာပါ”၊ “နောင်နှစ် ရာနဲ့ချီလာတဲ့အခါ ဒါက ရှေးဟောင်းမှတ်တိုင်တခု ဖြစ်လာမယ်” ဆိုပြီး ဒီပုံကို ဆက်ထားသင့်တယ်လို့ ပြောနေကြသလို အချို့တွေကလည်း သူမ ဒီလို ဆွဲထားတဲ့ပုံကို ခွင့်မပြုသင့်ဘူး၊ သူမဟာ သဘာဝအလှအပကို ဖျက်ဆီးခဲ့လို့ တရားစွဲခံရသင့်တယ်၊ ပုံကို ဖျက်သင့်တယ်လို့လည်း ပြောဆိုပြီး အငြင်းအခုံ ဖြစ်နေတာပါ။

တရုတ်နိုင်ငံ သတင်းဌာနတော်တော်များများမှာလည်း ပုံကို ဆက်ထားသင့်၊ ဒါမှမဟုတ် ဖျက်သင့်သလားဆိုပြီး မေးခွန်းတွေ မေးထားပါတယ်။ ဝီချက်ဝက်ဘ်ဆိုဒ်ရဲ့စစ်တမ်းမှာ ၈၃ ရာခိုင်နှုန်းက ပုံကို ဆက်ထားသင့်တယ်လို့ ပြောပြီး ဝီဘိုစစ်တမ်းမှာတော့ ၇၅ ရာခိုင်နှုန်းက ဒီပုံကို ဖျက်သင့်တယ်လို့ ပြောထားပါတယ်။

ပန်းခြံအာဏာပိုင်တွေကလည်း ဒီပန်းချီကား ဆက်ရှိသင့်တယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် သဘာဝအလှအပတွေ မပျက်စီးဖို့ ပညာရှင်တွေရဲ့ အကြံပြုချက်အရ ကျောက်တုံးပေါ်က ပန်းချီကားကို စနစ်တကျဖျက်သွားမယ်လို့ သတင်းထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ပုံတူပန်းချီဆွဲသူ လင်းလင်းကလည်း ဒီပုံတူကို တောင်နံရံမှာ အမြဲရှိစေချင်ပေမယ့် ဆက်ရှိနေဖို့ ဆန္ဒပြနေမှာ မဟုတ်ဘူး။ ဒီပန်းချီကားက သူနဲ့ပတ်သက်ပြီး ကျမရဲ့အမှတ်တရပါ။ အကယ်၍ အာဏာပိုင်တွေက ကျမကို ပန်းချီကားဖျက်ဖို့ ပြောလာရင် ကျမ အမြန်ဖျက်ပေးလိုက်မှာပါလို့ ပြောခဲ့ကြောင်း သိရပါတယ်။
DVB TV News

Billboard ရဲ့ 2016 Woman of the Year ဆုရှင်အဖြစ်အဆိုတော်မက်ဒေါနားကိုရွေးချယ်လိုက်ပါတယ်။သူမရဲ့ အနုပညာဥာဏ်ကွန့်မြူးမှုနဲ့ဂီတတင်မကပဲတခြားလွှမ်းမိုးနိုင်မှုတွေကြောင့်ဒီဆုကိုပေးအပ်ချီးမြှင့်တာဖြစ်ပါတယ်။ (၁၁)ကြိမ်မြောက်ကျင်းပမယ့် Billboard Women In Music အခမ်းအနားကိုတော့နယူးယောခ်စီးတီးမှာဒီဇင်ဘာလ (၉)ရက်နေ့တွင်ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

မက်ဒေါနားဟာတကယ့်ကိုထူးချွန်တဲ့အနုပညာရှင်ဖြစ်ပြီး၊တေးဂီတနယ်ပယ်မှာသူမရဲ့လွှမ်းမိုးနိုင်စွမ်းတွေကတော့အံ့မခန်းပါပဲလို့ The Hollywood Reporter-Billboard Media Group ရဲ့ ဥက္ကဌနဲ့တီထွင်ဖန်တီးမှုအကြီးအကဲဖြစ်သူ Janice Min(ဂျင်းနစ်မင်း)ကပြောပါတယ်။

သူမရဲ့ဖန်တီးနိုင်စွမ်းအမြင် တွေ၊ဆန်းသစ်တီထွင်မှုတွေနဲ့အာရုံစူးစိုက်မှုတွေကကမ္ဘာတစ်ဝန်းရှိပရိသတ်သန်းပေါင်းများစွာကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။ဒါ့အပြင်သူမရဲ့လူတွေအပေါ်လွှမ်းမိုးနိုင်စွမ်းရည်တွေကိုအမျိုးသမီးတွေအကြားပြောဆိုမှုတွေ၊လိင်မှုရေးရာနဲ့အခွင့်အရေးတန်းတူညီမျှရရှိရေးတို့မှာအသုံးချခဲ့တယ်လို့ ABC News မှာဖော်ပြထားပါတယ်။

------------- (by-Nilar Wai)
Central News Bureau


နိုင်ငံတကာမှာ ကျော်ကြားလှတဲ့ သတင်းစာပညာဆိုင်ရာ အမြင့်မားဆုံး ပူလစ်ဇာဆုကို မြန်မာနိုင်ငံက သတင်းထောက် အမျိုးသမီးတစ်ဦးဖြစ်တဲ့ ကချင်တိုင်းရင်းသူ အက်စသာထုဆန်က အမေရိကန်နိုင်ငံမှာ လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။

အေပီသတင်းဌာနမှာ အမှုထမ်းဆောင်နေတဲ့ အက်စသာထုဆန်ဟာ ၂၀၁၄ ခုနှစ်မှာ တစ်ခြားသတင်းထောက်(၃) ယောက်နဲ့အတူ ထိုင်းနိုင်ငံပိုင် ငါးဖမ်းသင်္ဘောတွေပေါ်မှာနဲ့ အင်ဒိုနီးရှားနိုင်ငံက လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းတွေပေါ်မှာ ကျွန်ပြုခံနေရတဲ့ ရေလုပ်သားတွေအကြောင်းကို စတင် စုံစမ်းခဲ့ပါတယ်။
တစ်နှစ်ကျော်အချိန်ယူစုံစမ်းခဲ့ပြီး ဖေါ်ထုတ်ရေးသားခဲ့မှုကြောင့် မြန်မာနိုင်ငံသားတွေအများစု ဖြစ်တဲ့ ကျွန်ပြုခံရေလုပ်သား(၂၀၀၀)ကျော် ပြန်လည်လွတ်မြောက်လာတဲ့အတွက် အက်စသာထုဆန်အပါအဝင် သတင်းထောက်(၄)ဦးကို ပူလစ်ဇာဆုချီးမြှင်ခဲ့တာပါ။
အောက်တိုဘာ(၁၃)ရက်က အမေရိကန်နိုင်ငံ နယူးရော့ခ်မြို့က ကိုလံဘီယာတက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ ပူလစ်ဇာဆုပေးပွဲကို တက်ရောက်ပြီး ဆုရယူခဲ့တဲ့ အက်စသာထုဆန်က ဒီဆုပေးပွဲတက်ရောက်ရချိန်မှာ ခံစားရပုံကို အခုလိုပြောပြပါတယ်
ဆက်လက်ပြီး အနာဂတ်မှာလည်း ကမ္ဘာပေါ်မှာ စားသုံးကုန် လူသုံးကုန်တွေကို ဘယ်လိုပုံစံနဲ့ ထုတ်လုပ်နေလဲ ဆိုတာကို စုံစမ်းထောက်လှမ်းတဲ့ သတင်းတွေ ဖေါ်ထုတ်သွားဦးမယ်လို့ အက်စသာထုဆန်က ပြောပါတယ်။

ကမ္ဘာပေါ်မှာ သတင်းပညာရပ်နဲ့ပတ်သက်တဲ့ အဆင့်အမြင့်ဆုံး ပူလစ်ဇာဆုကို မြန်မာနိုင်ငံက သတင်းထောက်တစ်ယောက်က အခုလို ဆွတ်ခူးနိုင်ခဲ့တာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဒီသတင်းကို Central News Bureau က ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau


အရင်ကတော့ ကျွန်တော်နဲ့ ထောင်နီးနားချင်းများဆိုပြီး တူမောရိုးဂျာနယ်မှာ အခန်းဆက် ဆောင်းပါးတွေ ရေးခဲ့ဖူးပါတယ်။ စာအုပ်လည်း ထုတ်ခဲ့ဖူးပါတယ်။ ဒီတုန်းက ထည့်မရေးခဲ့ရတဲ့ သူ တစ်ယောက်ရှိပါတယ်။ တမင်သက်သက် ချန်ထားခဲ့တာလို့ ပြောရင်လည်း ရပါတယ်။ ကျွန်တော်နဲ့ အသက်အရွယ်လည်း မတူတော့ ကျွန်တော့် ရေးဟန်အတိုင်း ပြောင်ပြောင်နောက်နောက် ရေးရင်ဖြင့် မသင့်တော်ပေဘူးလို့ ယူဆတဲ့အတွက် သူ့ကို ချန်လှပ်ထားခဲ့တာပါ။ သူကတော့ ဒီကနေ့ နာမည်ကျော် ဦးဝင်းထိန်ပါပဲ။

ကျွန်တော်တို့ကတော့ သူ့ကို ထိန်ထိန်လို့လည်း ခေါ်တယ်။ ဦးထိန်လို့လည်း ခေါ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ကျွန်တော် အဖမ်းခံရတော့ အင်းစိန်ထောင် အထူးတိုက်မှာ စံမြန်းခဲ့ရတာပေါ့။ ဒီတုန်းက ဦးထိန်တို့ ရောက်မလာသေးပါဘူး။ သူတို့က NLD နဲ့ တိုင်ပတ်နေချိန်ပေါ့။ အမှန်ကိုပြောရရင် ၁၉၈၈ တုန်းက NLDဆိုတာ ဖွဲ့သာဖွဲ့တယ်၊ တံတွေးနဲ့ကပ်တဲ့ စာရွက်လိုပါ။ စေးစေးပိုင်ပိုင် မရှိသလို ကပ်ကပ်နီးနီးလည်း မရှိပါဘူး။ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးဘက်က ပါလာတဲ့ မျိုးချစ် တပ်မတော်သားဟောင်းများကို ကျွန်တော်တို့က (မခ)တွေလို့ ခေါ်ပါတယ်။ ဦးအောင်ကြီးဖက်က ပါလာတဲ့ သူတွေကိုတော့ (စမူဆာ)တွေလို့ ခေါ်ပါတယ်။ ထင်တဲ့အတိုင်းပါပဲ။ ဦးအောင်ကြီးကစလို့ NLDကို စွန့်ခွာခဲ့ပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ တတ်သိပညာရှင်များ အဖွဲ့နဲ့ ဦးတင်ဦး ခေါင်းဆောင်တဲ့ (မခ)တွေပဲ ကျန်တော့တာပေါ့။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်မှာ NLDကို ဖမ်းပါလေရော။ ဒေါ်အောင်ဆန်းစုကြည်လည်း အကျယ်ချုပ်၊ ဦးတင်ဦးကိုလည်း ထောင်ထဲပို့၊ ဦးဝင်းတင်ကြီးလည်း ထောင်ထဲရောက်လာနဲ့ အင်းစိန်ထောင်ကြီး စည်ကားသွားတာပေါ့။ ဒီတော့မှ ဦးဝင်းထိန်နဲ့ ကျွန်တော်တို့ ဆုံခဲ့ကြရပါတယ်။ မျက်စိထဲ မြင်အောင်ပြောရရင် ကျွန်တော်တို့ ရောက်နေတဲ့ အထူးတိုက်ဆိုတာ ဆယ်ခန်းတွဲ တန်းလျားတစ်ခုပါ။ ထောင်ထဲမှာတော့ အကျယ်ဆုံး အခန်းတွေပေါ့။ ၁၆ ပေ၊ ၁၂ပေ ကျယ်ပါတယ်။ ရေလောင်းအိမ်သာနဲ့ ရေချိုးဖို့ ဘုံဘိုင်တစ်ခု ပါပါတယ်။

ဦးထိန်ကို တော်တော်ချစ်ပုံရပါတယ်။ အခန်းနံပါတ် (၁)မှာ ထားပါတယ်။ တစ်မှာထားလို့ ချစ်သဒ္ဓါပွားပြီး မေတ္တာထားတယ်လို့ မထင်စေလိုပါ။ အခန်း (၁)ဟာ ထိပ်ဆုံးမှာပါ။ ထောင်ဝင်းထဲကို ဘယ်သူဝင်လာလာ ပထမဆုံး ရောက်မှာက အခန်းအမှတ် ၁၀ပါ။ အဲဒီအခန်းမှာက KNU ကိုကိုနိုင်ပါ။ သူကတော့ သန်လျင်ရော၊ မြို့တော်ခန်းမရောကိုပါ ဗုံးဖောက်ခဲ့တဲ့သူပေါ့။ သူပြီးရင်တော့ ဗကပ ကိုသက်ခိုင်၊ (ဗိုလ်ချုပ်ကျော်ဇောရဲ့ သမက်၊ မြေပေါ်ဗကပ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူပေါ့)၊ အခန်းနံပါတ် ၈မှာက ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ရှေ့နေကြီး ဦးကိုယု (NLD) ပါ၊ မြန်မာတစ်နိုင်ငံလုံးမှာ ဟိုးဟိုးကျော်ခဲ့တဲ့ အမှုနှစ်မှုရှိပါတယ်။ တစ်မှုကတော့ ဗိုလ်ကြီးအုန်းကျော်မြင့် အမှု၊ နောက်တစ်မှုက သခင်စိုးအမှု၊ အဲဒီ ၂မှုလုံးကို ဦးကိုယုက ရှေ့နေလိုက်ပေးခဲ့တာပါ။ သူ့ရဲ့ ပြောတာဆိုတာ မေးမြန်းတာ၊ စကားအသုံးအနှုန်း ကြွယ်ဝတာတွေကြောင့် အရမ်းကို နာမည်ကျော်ကြားခဲ့တာပေါ့။ ဗိုလ်ကြီး အုန်းကျော်မြင့်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်ထင်ရဲ့ ကိုယ်ရေး အရာရှိပါ။ သူကတပ်မတော် ထောက်လှမ်းရေး ဗိုလ်မှူးချုပ် တင်ဦး၊ သမ္မတ ဦးစန်းယုနဲ့ တခြားခေါင်းဆောင်တွေကို တပ်မတော်နေ့ ညစာစားပွဲမှာ လုပ်ကြံဖို့ ကြံစည်ခဲ့တာပေါ့။ မအောင်မြင်တော့ ဖမ်းခံရပြီး သေဒဏ် ပေးခံခဲ့ရပါတယ်။ တိုက်ဆိုင်ချင်လို့ပဲလား မသိပါဘူး။ (ဗိုလ်ကြီး အုန်းကျော်မြင့် အမှုကြောင့် အဖမ်းခံပြီး တပ်မတော်ကနေ အနားပေးခံခဲ့ရတဲ့ ဦးဝင်းထိန်ရယ်၊ ဗိုလ်ကြီး အုန်းကျော်မြင့် အမှုကြောင့် အဖမ်းခံပြီး ထောင်ခုနှစ်နှစ် ချခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးရယ်၊ ဗိုလ်ကြီး အုန်းကျော်မြင့် အမှုကို လိုက်ခဲ့တဲ့ ရှေ့နေကြီး ဦးကိုယုရယ် သုံးဦးသား အထူးဝင်းထဲမှာ လာဆုံနေကြတာပါ။)

ရှေ့က စကားကို ဆက်ရရင် အခန်း (၇) မှာက ဦးဝင်းတင်၊ အခန်း (၆)မှာတော့ ဗကပယူဂျီ ဦးတင်အောင်၊ အခန်း (၅)မှာက ကျွန်တော်၊ အခန်း (၄)မှာ ဗိုလ်ကြီး ဒေါက်တာမော်ဇင်၊ အခန်း (၃)မှာတော့ မင်းကိုနိုင်တို့ပေါ့။ ကျွန်တော်ပြောချင်တဲ့ နေရာခုမှ ရောက်ပါပြီ။ အခန်း နံပါတ် (၂)ကို တမင်သက်သက် တစ်ယောက်မှ မထားဘဲ လွှတ်ထားခဲ့ပါတယ်။ အကြောင်းအကြီးကြီး ရှိပါတယ်။ တစ်ခန်းနဲ့ တစ်ခန်း စကားပြောကြတဲ့ အခါမှာ တစ်ယောက်မျက်နှာ တစ်ယောက် မြင်ရတာ မဟုတ်ပါဘူး။ အသံပဲကြားရတာပါ။ ဒါပေမဲ့ စကားပြောဖော်လေး ရှိနေသေးလို့ အပျင်းပြေတာပေါ့။ တစ်ခါတစ်လေတော့လည်း ငြင်းကြခုန်ကြရတာ အရသာလေ။ ဦးဝင်းထိန်ကိုတော့ ဘေးခန်းနဲ့ စကားပြော မရအောင် ထိပ်ဆုံးက တစ်နံပါတ် အခန်းပို့ထားပြီး အခန်းအမှတ် (၂)ကို လူမထားဘဲ ခြားလိုက်တာပေါ့။ ဘယ်သူနဲ့မှ စကားပြောလို့ မရတော့အောင်ရယ် ပြောချင်လည်း လိပ်ခေါင်း ထွက်အောင် အော်မှရယ်ဆိုပြီး ညစ်တာပါ။ ပိုဆိုးတာက ထောင်ပိုင်တွေ။ ထောင်ညွှန်မှူးတွေ လာရင် အခန်းနံပါတ် (၂)ကနေ ပြန်ကွေ့ထွက်သွားတော့တာချည်းပါပဲ။ သဘောကတော့ ဦးထိန်နဲ့ စကားမပြောချင်လို့ ရှောင်တာပေါ့။ ရှောင်လည်း ရှောင်ချင်စရာပါ။ ထောင်ညွှန်ချုပ်တွေ၊ ညွှန်မှူးတွေက တပ်ထဲမှာ ဦးထိန်ထက် ငယ်တဲ့သူတွေ ဖြစ်သလို၊ တပ်ထဲမှာ ဦးထိန်ရဲ့ ထက်မြက်မှုကို လိုက်မမီတဲ့သူတွေလည်း ဖြစ်နေလို့ပါ။

နောက်ပြီး ဦးထိန်ကို ကြောက်ကြတာလည်း ဖြစ်ဖို့များပါတယ်။ ဘာလို့လဲဆိုတော့ ဦးထိန်က တုတ်ထိုးအိုးပေါက် ပြောတတ်တာကိုး။ ဘာကိုမှ ဂရုမစိုက်၊ ဘယ်သူ့ကိုမှ မကြောက်။ ထောင်ထဲ ရောက်နေတာတောင် ပြောချင်သလို ပြောတတ်တဲ့ ဦးထိန်ကို သူတို့ ကြောက်ကြပုံရပါတယ်။

ဦးထိန်ကလည်း တော်တော်ဆိုးတယ် ခင်ဗျ။ ထောင်က ညွှန်မှူးရောက်လာပြီး သူ့အခန်းရှေ့ကို မလာဘဲ အခန်းနံပါတ် ၂ ကနေ လှည့်ပြန်တော့
(အိုညွှန်မှူးရဲ့၊ ကို ...ရဲ့၊ ကျုပ်ဆီ ခဏလာနေပါ။ အနူမဟုတ်ပါဘူး။ ခင်ဗျားမျက်နှာ ဖူးချင်လို့ပါဗျ) လို့ အသံကုန် အော်တာကိုး။ ဒီတော့လည်း ညွှန့်မှူးခမျာ အောင့်သက်သက်နဲ့ ဦးထိန်အခန်းရှေ့ သွားရတာပေါ့။ ဘာလိုလဲ ပြောပါဆိုပြန်တော့လည်း (ဘာမှမလိုပါဘူး၊ ကျုပ် အခန်းရှေ့မလာဘဲ လှည့်လှည့်ပြန်သွားကြလို့ ခေါ်ကြည့်တာ ကျေးဇူးပဲ) ဆိုပြီး လုပ်ချတော့တာ ခင်ဗျ။

တစ်လောက ဦးထိန်နဲ့ ပတ်သက်ပြီး စောက်ရူးစောက်ရူးလို့ ပြောတယ်ဆိုတာ ကြားလိုက်ရတော့ ပြုံးမိပါတယ်။ ဒီစကား ဒီအသံကို လွန်ခဲ့တဲ့ ၂၆နှစ်ကတည်းက ကြားဖူးခဲ့တာပါ။ လေယူ လေသိမ်းကအစ အတူတူပါပဲ။ ၁၉၉၀ ရွေးကောက်ပွဲပြီးတော့ ထောင်ပိုင် ဦးအုန်းဟန် ဆိုတာက ထောင်ထဲ လှည့်လာပါတယ်။ ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်းပြီးတဲ့ အကြောင်း၊ ခင်ဗျားတို့ လွတ်နိုင်ကြောင်းပေါ့လေ။ တစ်ခန်းဝင် တစ်ခန်းထွက်လိုက် ဖောရှောတာပေါ့။

ဟော.. ဦးဝင်းထိန် အခန်းနားလည်း ရောက်ရော ထောင်ပိုင်ကြီးက လှည့်ပြန်ပါရော၊ ဘာရမလဲ။ ဦးထိန်က အော်ခေါ်တော့တာပေါ့။ (ဓာတ်ဆီ၊ ဓာတ်စံ အသံနဲ့ခင်ဗျ) ဗျိုး ကိုအုန်းဟန်၊ ထောင်ပိုင် ကိုအုန်းဟန်ရဲ့တဲ့လေ။ ထောင်ပိုင်လည်း ဘာတတ်နိုင်မှာလဲ။ ပြန်လှည့်လာရတာပေါ့။ ဒီမှာတင် ဦးထိန်က မေးတော့တာ

ထိန် ။ ။ ခင်ဗျား မနေ့က မဲပေးခဲ့လား။
အုန်း ။ ။ ပေးတာပေါ့။
ထိန် ။ ။ ဘယ်ပါတီပေးလဲ။
အုန်း ။ ။ ဘယ်ပြောလို့ ဖြစ်မလဲ။
ထိန်။ ။ ခမောက်ထဲ မထည့်ခဲ့ဘူးလား။
အုန်း ။ ။ မသိပါဘူးဗျာ။

ထောင်ပိုင်က တစ်ခါတည်း လှည့်ထွက်တော့တာပါပဲ။ ဒါကို ဦးထိန်က ဘာဆက်ပြောတယ် ထင်ပါသလဲ။

ထိန်။ ။စောက်ရူးစောက်ရူး ခင်ဗျားမှ စောက်ရူး၊ ကိုယ်ဘယ်ထဲ မဲထည့်ခဲ့မှန်း မသိတဲ့ စောက်ရူး။

ပြီးတော့ တ၀ါးဝါး၊ တဟားဟား တစ်ယောက်တည်း ရယ်နေပါတော့တယ်။ သြော် ဦးထိန်၊ ဟိုတုန်းကတည်းက စောက်ရူးကို ခုထိသယ်ဆောင်လာတုန်းပဲကိုးလို့ ပြုံးမိတာပါ။ ခုတော့ ဦးထိန်က သူပြောချင်တဲ့ ဗိုလ်ကြီး အုန်းကျော်မြင့် အကြောင်း စာအုပ်တစ်အုပ် ရေးထုတ်လိုက်ပါပြီ။ တကယ်တော့ သူဖြတ်သန်းခဲ့တဲ့ လမ်းမှာ ရေးစရာတွေ တပုံတပင် ရှိနေမှာပါ။ ရေးဖို့လည်း တိုက်တွန်းချင်ပါတယ်။ သူမရေးခင် ကျွန်တော် အရင်ဖော်ကောင်လုပ်ပြီး သူ့စောက်ရူးကို ရေးချလိုက်ပါပြီ။ ခွင့်လွှတ်ပါ ဦးထိန်။ ဒီစာဖတ်ပြီး ကျွန်တော့်ကို စောက်ရူးလို့ ပြောချင်ပြောပါလေဦး။

ဇာဂနာ

tomorrow
http://tomorrow.com.mm/?q=articles%2F301


''သားကြိုးစားကြည့်ချင်တယ်ဆိုပြီး စစ်တက္ကသိုလ်ကို ရွေးချယ်လိုက်တဲ့သားက အခုတော့ သူ့ကံကြမ္မာကို သူရွေးချယ်လိုက်သလိုဖြစ်သွားတာပါ''ဟု ပြင်ဦးလွင် စစ်တက္ကသိုလ်တွင် စီနီယာမှ ဂျူနီယာသို့ အုပ်ချုပ်သော စနစ်ဖြင့် ဆုံးမစဉ် လက်လွန်၍ ဆုံးပါးသွားခဲ့သည့် ဗိုလ်လောင်းအောင်ညီညီဇော်၏ ဖခင်က ပြောသည်။

အောက်တိုဘာ (၇)ရက် ညနေက နောက်ဆုံးနှစ်ကျောင်းသားဖြစ်သူ ဗိုလ်လောင်းဇွဲမာန်အောင်က ဒုတိယနှစ် ကျောင်းသားဖြစ်သူ ဗိုလ်လောင်းအောင်ညီ ညီဇော်အား လက်သီးဖြင့်ထိုး၍ ဆုံးမစဉ် လက်လွန်သေဆုံးသွားခဲ့သည့်ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သည်။

''ကိုယ့်သားသမီးကျမှ ဒီလိုဖြစ်ရလေခြင်းဆိုပြီး ခံစားရတယ်။ အံ့သြရတယ်။ ဘယ်လိုမှ မျှော်လင့်မထားတဲ့အရာ ကြီး ဖြစ်ပျက်ခဲ့တာပဲ''ဟု ဗိုလ်လောင်းအောင်ညီညီဇော်၏ဖခင် ဦးခင်ဇော်ဝင်းက ပြောသည်။ ယင်းဖြစ်စဉ်အတွက် စစ်တက္ကသိုလ်မှ တာဝန်ရှိသူများက စစ်တက္ကသိုလ်တွင် ကြီးနိုင်ငယ်ညှဉ်း အုပ်ချုပ်ခွင့်မရှိသည့်ညွှန်ကြားချက်များ ထုတ်ပြန်ထားသည့်စာများ ၎င်းတို့အား ထုတ်ပြခဲ့သည်ဟု ဆိုသည်။

''တာဝန်ရှိသူတွေ ထုတ်ထားတဲ့ စည်းကမ်းကို ကြပ်မတ်စေချင်တယ်။ စီနီယာက ဂျူနီယာကို အုပ်ချုပ်တာထက် တခြားနည်းလမ်းတွေရှိဦးမှာပါ။ ကိုယ့်သားလေးလိုအဖြစ်ဆိုးမျိုး နောင်လည်း မမြင်ချင် မကြားချင်တော့လို့ပါ''ဟု ပြောသည်။

ဗိုလ်လောင်းအောင်ညီညီဇော်အား လက်သီးဖြင့်ထိုးခဲ့သည့် ဗိုလ်လောင်းဇွဲမာန်အောင်နှင့်အတူ မိဘနှစ်ပါးက ဦးခင်ဇော်ဝင်းတို့ ဇနီးမောင်နှံအား တောင်းပန်လိုသည်ဟု ခွင့်တောင်းသဖြင့် ခွင့်ပြုခဲ့ပြီး ၎င်းတို့မှ ခြေသလုံးဖက်၍ပင် တောင်းပန်ခဲ့သည်ဟု ဆိုသည်။

''ကျောင်းက တာဝန်ရှိသူတွေက မြန်မာဓလေ့ထုံးတမ်းအရ ၀န်ချတောင်းပန်တာ ဖြစ်တယ်။ ကျေအေးဖို့ မဟုတ်ဘူး။ ကျောင်းက စီစဉ်ပေးတာလည်းမဟုတ်ဘူး။ သူနဲ့ထိုက်တဲ့ အပြစ်ဒဏ်ကတော့ သူခံရမယ်လို့ ကျောင်းက တာဝန်ရှိသူတွေက ပြောတယ်''ဟု ဆိုသည်။ သားဖြစ်သူ၏ အသက်ဆုံးပါးသွားသည်အထိ လက်သီး ဖြင့် ထိုးခဲ့သူအားလည်း မည်သို့မျှ လက်တုံ့ပြန်လိုစိတ်မရှိဟုဆိုသည်။ ''သူတို့ကို ဘာမှလုပ်ဖို့ ဒီနေ့အထိ အစီအစဉ်မရှိဘူး။ အဟောင်းတွေက အသစ်အသစ် ပြန်ပြန် မဖြစ်ချင်တော့ဘူး''ဟု တရားနှင့်သာဖြေ မည်ဟု ဆိုသည်။

ဗိုလ်လောင်းအောင်ညီညီဇော် မဆုံးခင် တပတ်အလိုတွင် ၎င်း၏မိခင်၊ ဖခင်တို့အား ဖုန်းဖြင့်ဆက်သွယ်၍ စကားပြောဖြစ် သေးသည်ဟုဆိုသည်။ ညီညီဇော်သည် အမိ၊ အဖအပေါ်တွင် မည်သည့်အခါကမျှ စိတ်ညစ်ညူးငြိုငြင်အောင် မပြုလုပ်သည့် လူငယ်တဦးဖြစ်ပြီး ၎င်း၏အခက်အခဲများအားလည်း မိဘများ စိတ်မချမ်းမြေ့မည်ကို စိုးသောကြောင့် ဖွင့်ဟပြောကြားခြင်းမရှိဟု ဆိုသည်။ ''သူ့အခက်အခဲတွေကို မိဘကို မပြောဘူး။ အဆင်ပြေတယ်ပဲ ပြောတာ။ သူ့ညီအစ်ကိုမောင်နှမတွေကိုတော့ စီနီယာ ဂျူနီယာအုပ်ချုပ်ပုံကြောင့် နှိပ်စက်ခံရတဲ့ အကြောင်းတွေ ပြောတာတော့ကြားတယ်''ဟု ဆိုသည်။

ဗိုလ်လောင်းအောင်ညီညီဇော်သည် မွေးချင်းများထဲတွင် အငယ်ဆုံးဖြစ်ပြီး ၎င်း၏အထက်တွင် အစ်ကိုနှစ်ဦးရှိသည်။ ညီညီဇော်သည် ငယ်စဉ်ကတည်းက အတန်းတိုင်းတွင် ထူးချွန်ဆုများဖြင့် အောင်မြင်ခဲ့ပြီး ဆယ်တန်းစာမေးပွဲတွင်လည်း အမှတ်ပေါင်း လေးရာကျော်အထိ ရရှိခဲ့ပြီး ၎င်း၏ဆန္ဒအရ ဗိုလ်လောင်းတက္ကသိုလ်ကိုသာ ရွေးချယ်ခဲ့သည်ဟု ဆိုသည်။

''သူက စစ်တက္ကသိုလ်တက်ချင်တယ်ပြောတော့ ကိုယ်က မခွဲနိုင်လို့မလုပ်ပါနဲ့သားရယ်လို့တော့ တားခဲ့သေးတယ်။ ဒါပေမဲ့ သူ့အဖေကလည်း သားကကောင်းတဲ့လမ်းကို ရွေးတာပဲ။ သူကလည်း စိတ်အား ထက်သန်တော့ တားမရခဲ့ဘူး''ဟု အောင်ညီညီဇော်၏မိခင် ဒေါ်ခင်စန်းလွင်က ပြောသည်။ ဒေါ်ခင်စန်းလွင်က သူ၏သားစစ်တက္ကသိုလ်တက်လျှင် တနယ်စီခွဲရမည်ဖြစ်သည့်အတွက် မခွဲနိုင်သဖြင့် စစ်တက္ကသိုလ်တက်သည့် ပထမနှစ်တနှစ်လုံး သားကိုလွမ်းသည့်ဝေဒနာဖြင့် နေ့စဉ် ငိုကြွေးခဲ့ရသည်ဟု ဆိုသည်။

အောက်တိုဘာ (၇)ရက်က ဆုံးပါးခဲ့သည့် ဗိုလ်လောင်းအောင်ညီညီဇော်၏ ရက်လည် သပိတ်သွတ်ဆွမ်းကျွေးအတွက် သူ၏မွေးရပ်မြေ က၀မြို့နယ် အုန်းနှဲရွာတွင် အောက်တိုဘာ ၁၃ ရက်က ပြုလုပ်ခဲ့သည်။ ''ပြဿနာတခုဖြစ်တိုင်း ၀ုန်းဝုန်း ဒိုင်းဒိုင်းနဲ့အချိန်တန်တော့လည်း သွေးအေးသွားကြတယ်။ နောက်ဆုံးဖြစ်စေချင်တာ က ကျွန်တော့်သားလေးရဲ့ အဖြစ်အပျက်ကို အစဉ်သတိရပြီး ပြုပြင်ပြောင်းလဲသင့် တဲ့ဟာတွေ ပြောင်းလဲစေချင်တယ်။ အသက်နဲ့ရင်းပြီးတော့ ပေးဆပ်ခဲ့ရတဲ့ သင်ခန်းစာဖြစ်တာကြောင့် ကျွန်တော့်သားလေးကို ဥပမာပြုပြီး စံနမူနာအဖြစ်အနေနဲ့ စစ်တက္ကသိုလ်မှာ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်စေချင်တယ်''ဟု ဦးခင်ဇော်ဝင်းက ပြောသည်။ ဗိုလ်လောင်းညီညီဇော်၏ မိခင် ဆန္ဒကတော့ ''သားလေး ကောင်းရာမွန်ရာရောက်ပါစေ။ နောင်ဘ၀အဆက်ဆက်မှာ ဒီလိုအသက်ငယ်ငယ်လေးနဲ့ ဒီလိုအဖြစ် ဆိုးမကြုံရပါစေနဲ့ သူများတွေလည်း မဖြစ်ပါစေနဲ့။ ကောင်းရာမွန်ရာရောက်ပါစေ။ ဒါပဲ အန်တီတို့တတ်နိုင်တော့တယ်''ဟု ဆုတောင်းစကားသာ ပြောကြားခဲ့တော့သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

 ဘန်ကောက်မြို့ရှိ သုဝဏ္ဍဘူမိလေဆိပ်အပါအ၀င် အထင်ကရ ၃နေရာကို ကားဗုံးဖောက်ခွဲမည် ဆို သော သတင်းနှင့် ဆက်စပ်၍ ထိုင်းရဲတပ်ဖွဲ့က သံသယရှိ ၂၁ ဦးထက်မနဲ ထိန်းသိမ်းထားကြောင်း ခေါင်ဆွတ် သတင်းကဆိုပါတယ်။
ဘန်ကောက်မြို့ရှိ သုဝဏ္ဍဘူမိလေဆိပ်အပါအ၀င် အထင်ကရ ၃နေရာကို ကားဗုံးဖောက်ခွဲမည် ဆို သော သတင်းနှင့် ဆက်စပ်၍ ထိုင်းရဲတပ်ဖွဲ့က သံသယရှိ ၂၁ ဦးထက်မနဲ ထိန်းသိမ်းထားကြောင်း ခေါင်ဆွတ် သတင်းကဆိုပါတယ်။
ဘန်ကောက်မြို့ရှိ သုဝဏ္ဍဘူမိလေဆိပ်အပါအ၀င် အထင်ကရ ၃နေရာကို ကားဗုံးဖောက်ခွဲမည် ဆို သော သတင်းနှင့် ဆက်စပ်၍ ထိုင်းရဲတပ်ဖွဲ့က သံသယရှိ ၂၁ ဦးထက်မနဲ ထိန်းသိမ်းထားကြောင်း ခေါင်ဆွတ် သတင်းကဆိုပါတယ်။

ဖမ်းဆီးမှုတွေကို တနင်္လာနေ့ကစတင်ကာစစ်ဆင်ရေး တရပ်အနေနဲ့ ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး၊ ၆ဦးကတော့ ဆွိုင် ရမ်ကမ်ဟန် ၅၃က အဆောက်အဦးမှာ စနေနေ့ မနက်က ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါ တယ်။

တချို့သောသတင်းတွေအရ ဖမ်းဆီးမှုတွေကို ဘန်ကောက် ရမ်ခမ်ဟန်တက္ကသိုလ်တ၀ိုက်မှာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့ အထိ လူပေါင်း ၄၀ခန့်ကို ဖမ်းဆီးထားကာ အများစုဟာ တောင်ပိုင်းသား မွတ်ဆလင်တက္ကသိုလ် ကျောင်းသား တွေဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ၁၅ဦးကိုတော့ ပြန်လွှတ်ခဲ့ တယ်လို့သိရပါတယ်။ ။ ကျန်သူများကိုတော့ အကျဉ်း ထောင်နဲ့ စစ်တပ်တွေမှာ ထိန်းသိမ်းထားပါတယ်။

ဖမ်းဆီးခံရသူ အများစုကို စစ်တပ်က စစ်ဆေးမေးမြန်းမှုများပြုလုပ်နေပြီး၊ မည်သည့်နေရာမှာ ထိန်းသိမ်းခံထားရ တယ်ဆိုတာကို ထုတ်ဖော်မပြောတဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်မကင်းဖြစ်နေပါတယ်။

ရဲဗိုလ်မှူးကြီး Suppachai Piammanat က “သူတို့ကို ဘယ်မှာထိန်းသိမ်းသိမ်းထားတယ်ဆိုတာကို သေချာမသိ တဲ့အတွက် မပြောနိုင်သေးပါဘူး၊ စစ်ဆေးရေးလုပ်ဖို့ စစ်တပ်ကခေါ်ထားတယ်ဆိုတာ ဖြစ်နိုင်ပါတယ်” လို့ဆိုပါ တယ်။

ရဲတပ်ဖွဲ့ ကနဦးပြောဆိုချက်အရ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ဟာ ဗုံးခွဲမည့်သတင်းနဲ့ ပတ်သက်ပြီး သက်သေခံပစ္စည်းနဲ့ သံသယရှိတဲ့ ချိတ်ဆက်များကို ဖော်ထုတ်ရန်လိုပြောပေမယ့်၊ နောက်ပိုင်းမှာတော့ ရာဇ၀တ်လျော့ချ နှိမ်နင်းရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီ
http://burma.irrawaddy.com/short-news/2016/10/16/125287.html


ပေကျင်း ၊ ၁၆-၁၀-၂၀၁၆

တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေ ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်မှုအား ထောက်ခံကြောင်း နှင့် အဆိုပါကဏ္ဍ တွင် ဖိလစ်ပိုင်နှင့် အတူ အခိုင်အမာ ပူးပေါင်း ဆောင်ရွက် သွားလိုကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဂန်းရှောင် က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြား ခဲ့သည်ဟု Xinhua သတင်းဌာန က ဖော်ပြ ထားသည်။

မူးယစ်ဆေးဝါး သည် လူသားများ အတွက် ဘုံရန်သူ ဖြစ်ကြောင်းနှင့် နိုင်ငံအားလုံး အနေဖြင့် မူးယစ်ဆေးဝါး ရာဇဝတ်မှုများ တိုက်ဖျက်ရေး အတွင်း တာဝန်ရှိကြောင်း ၄င်းက ပြောကြားသည်။ တရုတ်အစိုးရ အနေဖြင့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော ရာဇဝတ်မှု များအား အမြစ်ပြတ် ချေမှုန်းသွားရေး ကတိပြု ထားပြီး အဆိုပါ ရာဇဝတ်မှု များနှင့် ပတ်သက်သော နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု များတွင်လည်း တက်တက် ကြွကြွ ပါဝင်  ဆောင်ရွက်နေ ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

နှစ်နိုင်ငံမှ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဌာနများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ရေး နှင့် ပတ်သက်သော ဆွေးနွေးမှု စတင်ပြုလုပ် လျက်ရှိပြီး ရလဒ်များအား မကြာမီ ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်း ဂန်းရှောင် က ထပ်လောင်း ပြောကြားသည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေ သည် နိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်မှု တစ်ရပ်အား ဆောင်ရွက်လျက် ရှိပြီး အစိုးရ အနေဖြင့် မူးယစ်ဆေးဝါး သုံးစွဲသူများ အတွက် ပြန်လည် ထူထောင်ရေး စင်တာများ ပိုမိုထားရှိ သွားရန် စီစဉ်နေကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ ဂိုအာမြို့တွင် ကျင်းပမည့် BIMSTEC Retreat အစည်းအဝေးနှင့် BRICS-BIMSTEC Leaders' Outreach Summit များသို့ တက်ရောက်ရန်အတွက်လည်းကောင်း၊ အိန္ဒိယနိုင်ငံသမ္မတ နှင့် ၀န်ကြီးချုပ်တို့၏ ဖိတ်ကြားချက်များအရ
တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ရန်အတွက်လည်းကောင်း၊ယနေ့ ၀၈း၃၀ နာရီတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် အိန္ဒိယနိုင်ငံ ဂိုအာမြို့သို့ ထွက်ခွာသွားပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ လိုက်ပါသွားကြောင်း သိရှိရပါသည်။

Ministry of Foreign Affairs Myanmar

ဟီလာရီ ကလင်တန် ဆေးသုံးထားတယ်လို့ ထရမ့် စွပ်စွဲ

သမ္မတလောင်း နှစ် ဦး စလုံး ဆေး စစ် မှု ခံယူ သင့်တယ်လို့လည်း သူက တောင်းဆို

အမေရိကန် သမ္မတလောင်း ၂ ဦး ရဲ့ စကား စစ်ထိုး ပွဲတွေမှာ ဟီလာရီ ကလင်တန် ဟာ ဆေးဝါး တစ်မျိုးမျိုး သုံးစွဲ ထားတယ်လို့ ဒေါ်နယ် ထရမ့်က စွပ်စွဲ ပြောကြား လိုက်ပါတယ်။

စကား စစ်ထိုး ပွဲ အစပိုင်းမှာ ဟီလာရီ ကလင်တန် ဟာ အလွန် အင်မတန်မှ တက်ကြွ နေခဲ့တယ်လို့ ဒေါ်နယ် ထရမ့် က ပြောပါတယ်။

အောက်တိုဘာလ ၁၉ ရက် ဗုဒ္ဓဟူး နေ့မှာ ကျင်းပမယ့် နောက်ဆုံး စကား စစ်ထိုး ပွဲမှာ သမ္မတလောင်း နှစ် ဦး စလုံး ဆေး စစ် မှု ခံယူ သင့်တယ်လို့လည်း သူက တောင်းဆို ခဲ့ပါတယ်။

သမ္မတလောင်း ယောက်လုံးကို ဆေးစစ်ဖို့ ဆောင်ရွက် သင့်ပါတယ်။ ဟီလာရီ ဘာဖြစ် နေသလဲ ဆိုတာ ကျနော် မသိနိုင်ဘူးလို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

နယူး ဟမ့် ရှိုင်းယားမှာ ကျင်းပတဲ့ မဲဆွယ် စည်းရုံးပွဲမှာတော့ သူက ရွေးကောက်ပွဲ မှာ သူ့ကို အရေး နိမ့်အောင် မဲ မသမာ မှုတွေ လုပ်ထား တယ်လို့ စွပ်စွဲ ပြောကြား ခဲ့ပါတယ်။

ရွေးကောက်ပွဲ အကြို စစ်တမ်း တွေမှာ ဟီလာရီ ကလင်တန် က အသာ ရနေတဲ့ အတွက် အဲဒီ ရလဒ်တွေကို ချေဖျက်ဖို့ ဒေါ်နယ် ထရမ့်က ကြိုးစား နေတာလို့ ကလင်တန်ရဲ့ မဲဆွယ် စည်းရုံးရေး မန်နေဂျာ က ပြောကြား ခဲ့ပါတယ်။
BBC Burmese



မောင်တောမြို့တွင် ကင်းလှည့်ဖို့ ပြင်ဆင်နေသည့် ရဲတပ်ဖွဲ့ဝင်များ။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကျေးရွာတွေမှာ နယ်မြေရှင်းလင်းတဲ့ လုံခြုံရေးတပ်တွေကို ချောင်း မြောင်းတိုက်ခိုက်မှုတချို့ ဆက်ပြီး ရှိနေသေးပေမဲ့ မောင်တောမြို့ပေါ်မှာတော့ အခြေအနေတွေ တည်ငြိမ်နေပြီး ဌာနဆိုင်ရာလုပ်ငန်းများ ပုံမှန် လည်ပတ်နေပြီလို့ ဒေသခံ အရာရှိ တဦးက ပြောပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပြန်ပြီးတောက်လာနေတဲ့ ပဋိပက္ခမီးတောက်တွေကို အမြန်ဆုံး ငြိမ်အောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ NCA လက်မှတ်ရေး ထိုးခြင်း တနှစ်ပြည့် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်မှာပါ။

ရခိုင်ပြည်နယ် အနောက်မြောက်နယ်စပ် မောင်တောမြို့နယ် လိပ်အိုင်ကျေးရွာမှာ မနေ့ စနေနေ့က လုံခြုံရေး ကင်းလှည့်လည်နေတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့တဲ့ အမျိုးသား (၁) ဦးနဲ့ အမျိုးသမီး (၂) ဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း မြန်မာအစိုးရက ထုတ်ပြန်တဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒါအပြင် အခြားကျေးရွာတရွာမှာ လုံခြုံရေးတပ်တွေကို နောက်ထပ် တိုက်ခိုက်မှုတွေရှိခဲ့ပြီး (၄) ဦးကိုတော့ အရှင် ဖမ်းဆီးရမိပြီး စစ်ဆေးမေးမြန်းနေကြောင်း မြန်မာအစိုးရ သတင်းမှာ ရေးသားထားပါတယ်။

အခုတိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ နေရာတွေဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်နားက ရွာတွေမှာဖြစ်နေပေမဲ့ မောင်တောမြို့ပေါ်မှာတော့ အခြေအနေတွေ တည်ငြိမ်ပြီး အစိုးရဌာနတွေနဲ့ စာသင်ကျောင်းတွေက ပုံမှန် လည်ပတ်နေကြောင်း မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ဗွီအိုအေကိုပြောပါတယ်။

“ဒီဘက်မှာတော့ အေးအေးဆေးဆေးပါပဲ။ ဌာနဆိုင်တွေက အကုန်ရှိပါတယ်။ မနေ့က ကျောင်းပိတ်ရက်လေ၊ သီတင်းကျွတ် ကျောင်းပိတ်ရက်။ ပုံမှန်အတိုင်းပါပဲ။”

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ NCA အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခြင်း တနှစ်ပြည့် အခမ်းအနားမှာ အဖွင့်မိန့်ခွန်း ပြောကြားခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အခုလို ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“အားလုံးသိတဲ့အတိုင်းပဲ ကျွန်မတို့နိုင်ငံရဲ့ အနောက်ပိုင်းဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ဆိုရင် စစ်မီးတောက်တွေ ပြန်ပြီးတောက်လာတာကို တွေ့ရပါတယ်။ ပဋိပက္ခမီးတောက်တွေ ပြန်ပြီး တောက်လာ တာကိုတွေ့ရပါတယ်။ ကျမတို့ ဒါတွေကို အမြန်ဆုံး ငြိမ်းအောင်လုပ်ရပါမယ်။”

ဒါအပြင် နိုင်ငံရဲ့ လုံခြုံရေးကိစ္စနဲ့ ပတ်သက်လို့ NLD အစိုးရရဲ့ ဥပဒေနဲ့အညီ သတ္တိရှိရှိ လုပ်ဆောင်ချက်တွေကို ပြည်သူတွေက ၀ိုင်းဝန်း ထောက်ခံမယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောပါတယ်။

“တာဝန်အရ လုပ်သင့် လုပ်ထိုက်တာတွေကိုတော့ ကျမတို့ လုပ်သွားပါမယ်။ တရားဥပဒေ စိုးမိုးရေး မူဘောင်အတွင်းက လုပ်သင့် လုပ်ထိုက်တာတွေကို ကျမတို့ လုပ်သွားမှာပါ။ ကျမတို့ နိုင်ငံသူနိုင်ငံသားများရဲ့ လုံခြုံရေး၊ ကျမတို့နိုင်ငံရဲ့ တည်တံ့ခိုင်မြဲရေးအတွက် လုပ်သင့်လုပ်ထိုက် တဲ့ကိစ္စတွေကို ကျွန်မတို့ဟာ တရားဥပဒေဘောင်အတွင်းက မှန်မှန်ကန်ကန်နဲ့ သတ္တိရှိရှိနဲ့ လုပ်သွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ပြည်သူကလည်း ၀ိုင်းဝန်းပြီး ကျွန်မတို့ကို ထောက်ခံမယ်လို့ ယုံကြည်ပါတယ်။”

လက်ရှိ မတည်ငြိမ် သေးတဲ့ နယ်စပ် မောင်တောဒေသ ကျေးရွာတွေက ပြည်သူတွေနဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေကို ဘေးကင်းရာ ဒေသတွေဘက်ကို သက်ဆိုင်ရာ လုံခြုံရေးတပ်တွေက ကူညီရွှေ့ပြောင်းပေး နေပါတယ်။

ဒီအတောအတွင်း မနေ့က အထက်ကန်သာယာရွာက ကျောင်းဆရာ တဦး ချောင်းမြောင်းပစ်ခံခဲ့ရပြီး မောင်တောဆေးရုံးမှာ ဆေးကုသ ခံယူနေပါတယ်။

အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကို သွားရောက် စုံစမ်းခဲ့ကြတဲ့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် ဦးဆောင်တဲ့ NLD အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ အောက်တိုဘာလ (၁၇) ရက်နေ့ (တနင်္လာနေ့) နေ့လည် (၂) နာရီမှာ ခရီးစဉ်နဲ့ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

 အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



အနည်းဆုံး ၃၀ သေဆုံးပြီး ၆၀ကျော် ဒဏ်ရာရ
အီရတ်မြို့တော် ဘဂ္ဂဒတ်က ဈေးတခုအနီးမှာ စုဝေးနေတဲ့ ရှီအာ မူဆလင်တွေကို အသေခံဗုံးခွဲသမားတယောက်က တိုက်ခိုက်လိုက်တဲ့အတွက် အနည်းဆုံး ၃၀ သေဆုံးပြီး ၆၀ကျော် ဒဏ်ရာရသွားပါတယ်။

ရှီအာမူဆလင်တွေက တမန်တော် မိုဟာမက်ရဲ့ မြေး ဟူစိန်အသတ်ခံရတဲ့ အထိန်းအမှတ်အနေနဲ့ စုဝေးနေကြတာ ဖြစ်ပါတယ်။

ဒီအထိန်းအမှတ်ပွဲမှာ ဂါရဝပြုဖို့ လာကြသူတွေ အပြည့်ရှိနေတဲ့ နေ့လည်စာ စားချိန်မှာ ဗုံးတပ်စွပ်ကျယ်ကို ဝတ်ထားတဲ့ စစ်သွေးကြွတယောက်က ယာယီတဲတခုထဲမှာ ဖောက်ခွဲလိုက်တာ ဖြစ်ပါတယ်။

လတ်တလောကာလမှာ ဒီဗုံးခွဲမှုအပါအဝင် ဘဂ္ဂဒတ်မြို့တွင်းတိုက်ခိုက်မှုတွေကို အီရတ်တဝှမ်း ခြေကုပ်နယ်မြေ နည်းလာတဲ့ အစ္စလမ်မစ် နိုင်ငံအဖွဲ့ အိုင်အက်စ်က ပြုလုပ်နေတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese



အဲဒီ ဒေသ ကို အစ္စလာမ်ဝါဒ ဖြန့်ချီရေး အနေနဲ့ IS အဖွဲ့ က အသုံးချ နေ
တူရကီ နဲ့ နယ်စပ် ဆီးရီးယား နိုင်ငံ ထဲက အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ ထိန်းချုပ် ထားတဲ့ ဒါဘစ် ဒေသ ကို ဆီးရီးယား သူပုန် အဖွဲ့ တွေက တူရကီ လေတပ် ရဲ့ လေကြောင်း ပစ်ကူ နဲ့ အတူ ထိုးစစ်ဆင် တိုက်ခိုက် နေပါတယ်။

ဒါဘစ် ဒေသဟာ ခရစ်ယန် ဘာသာမှာ ကမ္ဘာပျက်ကိန်း ကြုံတဲ့ အခါ ခံတပ် အဖြစ် ကျန်ရှိနေမယ်လို့ သမ္မာကျမ်းစာမှာ ပါရှိပြီး အဲဒီ ဒေသ ကို အစ္စလာမ်ဝါဒ ဖြန့်ချီရေး အနေနဲ့ IS အဖွဲ့ က အသုံးချ နေတာပါ။

ဒါဘစ် ဒေသ က IS အဖွဲ့ရဲ့ ထောက်ပံ့ရေး လမ်းကြောင်း တွေကို ဆီးရီးယား သူပုန် အဖွဲ့ က ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံ က ဒါဘစ် ဒေသ ကို IS အဖွဲ့ က သိမ်းပိုက် ထားတာ ၂ နှစ် ကျော် ခဲ့ပြီလည်း ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဆီးရီးယား နိုင်ငံ ငြိမ်းချမ်းရေး အတွက် အဓိက အရေးပါ တဲ့ နိုင်ငံတွေ ဖြစ်တဲ့ ရုရှ နဲ့ အမေရိကန် တို့ ဆွစ်ဇာလန် နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပေမယ့် အပစ်အခတ် ရပ်စဲ ရေး အတွက် အဖြေထုတ် နိုင်ခြင်း မရှိခဲ့ပါဘူး။

ဆီးရီးယား အရေး အတွက် နှစ် နိုင်ငံအကြားမှာ သဘောထား ကွဲလွဲမှုတွေ ပြင်းထန် နေပေမယ့် ငြိမ်းချမ်းရေး အတွက် အကြံအစည် သစ်တွေကို ပွင့်ပွင်လင်းလင်း ဆွေး နွေး နိုင်ခဲ့ကြောင်း အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောပါတယ်။

အောက်တိုဘာလ ၁၇ ရက် တနင်္လာ နေ့မှာ နှစ်နိုင်ငံကြား ဆွေးနွေး ပွဲကို ထပ်မံ ကျင်းပမှာ ဖြစ်ပြီး ဆီးရီးယား ငြိမ်းချမ်းရေး အတွက် အဖြေ တခုခု ရဖို့ မျှော်လင့် ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဆိုပါတယ်။

ဆီးရီးယား ငြိမ်းချမ်းရေး အတွက် အမေရိကန် ဘက်က တင်ပြတဲ့ အကြံအစည် သစ်တွေ ဟာ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လဗ်ရော့ဗ် က ပြန်လည် တုန့်ပြန် ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese



သမ္မတလောင်း Donald Trump အောက်တိုဘာလ ၁၅ ရက်နေ့က New Hampshire ပြည်နယ်မှာ မဲဆွယ် စည်းရုံးနေစဉ်။
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဖက် ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton အနိုင်ရအောင် သတင်း မီဒီယာတွေက ၀င်ရောက် စွက်ဖက်နေကြတယ်လို့ ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump က စွပ်စွဲ ပြောကြားလိုက်ပါတယ်။ Trump အနေနဲ့ လက်မခံနိုင်လောက်တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှု အများအပြားကို ငြင်းဆိုနေတဲ့ တချိန်ထဲမှာပဲ သူက အခုလို တန်ပြန် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

သူ့အပေါ် စွပ်စွဲ ပြောဆိုနေသူတွေဟာ ဟန်ဆောင်ပြီး ပြောဆိုနေကြကြောင်း၊ သူတို့အနေနဲ့ သက်သေအထောက်အထား ဘာမှ မပြနိုင်ကြောင်း စနေနေ့က New Hampshire မြို့မှာ ပြုလုပ်တဲ့ မဲဆွယ် စည်းရုံးမှုအတွင်း Trump က ထောက်ခံ သူတွေကို ပြောကြားခဲ့ပါတယ်။

Hillary Clinton ကို တရားစွဲသင့်ကြောင်း၊ သူမအနေနဲ့ ထောင်ကျသင့်ကြောင်း၊ ဒါပေမယ့် သူမဟာ သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်နေပြီး ရွေးကောက်ပွဲ ကလည်း လုပ်ပွဲကြီး ဖြစ်ကြောင်း စနေနေ့ အစောပိုင်းမှာ Trump က Twitter လူမှုကွန်ယက်တဆင့် ပြောကြားလိုက်ပါတယ်။

Clinton နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ကိုယ်ပိုင် အင်တာနက် Server အသုံးပြုခဲ့တဲ့အတွက် သူမကို ထောင်ချသင့်ကြောင်း Trump က အကြိမ်ကြိမ် ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် Clinton အပေါ် တင်ထားတဲ့ စွဲချက်တွေဟာ မလျှော်ကန်ကြောင်း စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ FBI ညွန်ကြားရေးမှူး James Comey က ဇူလိုင်လတုန်းက ကြေညာခဲ့ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com


 စမ်းသပ်မှုကို ကင်ဂျုံအွန်း စောင့်ကြည့်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြ
မြောက်ကိုရီးယား နိုင်ငံက မအောင်မမြင် ဖြစ်ခဲ့ရတဲ့ ဒုံးကျည် ပစ်ခတ် စမ်းသပ်မှုကို ထောက်လှမ်း နိုင်ခဲ့တယ်လို့ အမေရိကန် စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

စနေနေ့က မြောက်ကိုရီးယား နိုင်ငံ ကူဆောင်း မြို့ မှာ ဒုံးကျည် ပစ်ခတ် စမ်းသပ်မှု ကို လုပ်ခဲ့တာလို့ အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး ဂယ်ရီ ရော့စ် က ပြောပါတယ်။

အရင်တုန်း က ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုတွေ နဲ့ အခု လတ်တလော စမ်းသပ် ခဲ့တဲ့ ဒုံးကျည် ပစ်ခတ်မှုတွေကို အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီးက ပြင်းပြင်းထန်ထန် ရှုံ့ချ ပြစ်တင် လိုက်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံက မူဆာဒမ် တာလတ် ပစ် ဒုံးကျည် ကို စမ်းသပ် ပစ်ခတ် ခဲ့တာ လို့ ယူဆ ရပါတယ်။ ဒါပေမယ့် ဒုံးကျည် စမ်းသပ် ပစ်ခတ်မှု နဲ့ ပတ်သက်လို့ မြောက်ကိုရီးယား ဘက်က ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါဘူး။

BBC Burmese
http://www.bbc.com/burmese


အမေရိကန်အစိုးရက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းလိုက်ပြီးနောက် ယခင်က လက်လှမ်းမမီနိုင် သည့် စီးပွားရေးလုပ်ငန်းကြီးများအတွက် အခွင့်အလမ်းများပွင့်သွားပြီဖြစ်ရာ အမေရိကန်နှင့် မြန်မာနှစ်ဖက်စလုံး တွင် အောင်ပွဲခံရန် အကြောင်းတရပ် ဖြစ်လာသည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် လက်ကျန်စီးပွားရေးပိတ်ဆို့မှုများအား အပြီးသတ်ရုပ်သိမ်းပေးခဲ့သည်။

ထိုသို့ရုပ်သိမ်းပေးလိုက်သည့်အတွက် အမေရိကန်စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လုပ်ကိုင်ခြင်းမှ တားမြစ်ထားသည့် ကုမ္ပဏီနှင့်လူပုဂ္ဂိုလ် ၁၀၀ ကျော် ပစ်မှတ်ထားပိတ်ဆို့မှုစာရင်းမှ လွတ်မြောက်ခဲ့သည်။ စစ်အစိုးရအပေါ် ဖိအားပေးသည့်အနေဖြင့်နှင့်နောက်ပိုင်းတွင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အထမြောက်အောင်မြင်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ၁၉၉၇ ခုနှစ်ကတည်းက ချမှတ်ခဲ့သည့် ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် မြန်မာ့စီးပွားရေး အကြီးအကျယ်ထိခိုက်ခဲ့ရသည်။

ထိုသို့ပိတ်ဆို့ခံထားရသူများအနက်မှတဦးဖြစ်သူ Max Myanmar Holding ဥက္ကဋ္ဌဦးဇော်ဇော်က စိတ်ကူးယဉ် အိပ်မက်တခု လက်တွေ့ဖြစ်လာသကဲ့သို့ဖြစ်သည်ဟုဆိုပြီး ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့သည် မြန်မာနိုင်ငံအတွက် သမိုင်းဝင်နေ့ တနေ့ဖြစ်သည်ဟု ဆိုသည်။ Max ကုမ္ပဏီများအုပ်စုကို ၁၉၉၃ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံမှ ကားများကို တင်သွင်းခဲ့သည်။ထို့နောက်တွင် ဘဏ္ဍာရေးနှင့် အိမ်ခြံမြေလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၂၀၀ ကျော်ခန့်ရောင်းချနိုင်ခဲ့သည်။ လက်ရှိတွင် ဧရာဝတီဘဏ်သည်လည်း မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သည်။

Max Myanmar Holding ထိုသို့အချိန်တိုအတွင်း ကြီးထွားလာရာ ဦးဇော်ဇော်သည် စစ်ဗိုလ်ချုပ်ကြီးများနှင့် ပတ်သက်ဆက်နွယ်၍ စီးပွားရေးလုပ်ကိုင်နေသည်ဆိုသော သံသယကြောင့် အမေရိကန်အစိုးရက ၂၀၀၉ ခုနှစ် တွင် ပစ်မှတ်ထားဒဏ်ခတ်မှုစာရင်းတွင် ထည့်သွင်းခြင်းခံခဲ့ရသည်။ အမေရိကန်ကုမ္ပဏီများနှင့် Max အုပ်စုအကြား စီးပွားရေးလုပ်ကိုင်၍မရတော့သည့်အပြင် အခြားနိုင်ငံများမှ ကုမ္ပဏီများလည်း ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်မည်စိုးသဖြင့် စွန့်ခွာသွားခဲ့ကြသည်။ ယခုကဲ့သို့ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းလိုက်သည့်အတွက် Max Myanmar အနေဖြင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ငွေချေးစာချုပ်၊ အစုရှယ်ယာ အရောင်းအ၀ယ်အစရှိသည့် ငွေကြေးဈေးကွက်များတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် လက်တွဲလုပ်ကိုင်ရန်များစွာလွယ်ကူသွားပြီဖြစ်သည်ဟု ဦးဇော်ဇော်က ပြောသည်။

ယခင်က မြန်မာနိုင်ငံတွင်လုပ်ကိုင်ရာတွင် အထူးသတိထားလုပ်ကိုင်ခဲ့ရသည့် အမေရိကန် ကုမ္ပဏီများအနေဖြင့်လည်း ယခုအခါ လွတ်လပ်စွာ လုပ်ကိုင်နိုင်ပြီဖြစ်သည်။ အမေရိကန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရာတွင် အခြားနိုင်ငံများမှကုမ္ပဏီများကို အကျောပေး လုပ်ကိုင် ရသကဲ့သို့ဖြစ်ခဲ့သည့်အခြေအနေမှ ကင်းလွတ်သွားခြင်းပင်ဖြစ်ကြောင်း General Electric (GE)မှ တာဝန်ရှိသူတဦးက ပြောသည်။ GE သည် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်က ပြန်လည်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် စစ်အစိုးရမှ အရပ်သားတပိုင်းအစိုးရသို့ ကူးပြောင်းခဲ့ပြီးနောက် စီးပွားရေးပိတ်ဆို့မှုများကို တစိတ်တပိုင်းပယ်ဖျက်ပေးခဲ့ရာ အမေရိကန်ကုမ္ပဏီများ ပြန်လည်အခြေချခွင့်ရရှိခဲ့သည်။ GE သည် စွမ်းအင် ကဏ္ဍတွင် အဓိကရင်းနှီးမြှုပ်နှံနေပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို မြင်းခြံတွင် တည်ဆောက်လျက်ရှိသည်။ နောက်ပိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍနှင့် လေကြောင်းလိုင်းများချဲ့ထွင်လုပ်ကိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၂ ဒသမ ၆ သန်းခန့်ရှိပြီး စုစုပေါင်းပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ ၉ ဒသမ ၅ ဘီလီယံ၏ (သုည ဒသမ ၁)ရာခိုင်နှုန်းပင်မရှိချေ။ သို့သော် အမေရိကန်လုပ်ငန်းများ မြန်မာနိုင်ငံတွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလက Microsoft ကုမ္ပဏီ က မြန်မာနိုင်ငံတွင် ပထမဆုံးရုံးခန်းကို ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် Citibank နှင့် အာမခံလုပ်ငန်း AIG တို့ကလည်း ၀င်ရောက်လုပ်ကိုင်ရန် စိုင်းပြင်းလျက်ရှိသည်။

သို့သော် ယခင်ကစစ်အစိုးရနှင့် ချိတ်ဆက်လုပ်ကိုင်ခဲ့သည့် ပုဂ္ဂိုလ်များနှင့် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများသည် မြန်မာ့စီးပွားရေးတွင် လွှမ်းမိုးထားဆဲဖြစ်သည်။ ရန်ကုန်ရှိ Asia World ဆိပ်ကမ်းနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဆောင်များကို ယခင်က ဒဏ်ခတ်ပိတ်ဆို့ခံ ကုမ္ပဏီတခုဖြစ်သော Asia World က လုပ်ကိုင်နေသည်။ ဒေါ်အောင် ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့ခြင်းသည် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် အင်အားကြီးမားသည့် ၎င်းစီးပွားရေးလုပ်ငန်းကြီးများအနေဖြင့် ပူးပေါင်းပါဝင်ကြရန်နှင့် တချိန်တည်းမှာပင် တပ်မတော်နှင့် NLD အကြား တင်းမာမှုများကိုလည်း လျှော့ချသွားရန် ရည်ရွယ်သည်။

ကျင့်ဝတ်စည်းကမ်းများအရ ဂျပန်နိုင်ငံမှစီးပွားရေးလုပ်ငန်းကြီးများလည်း အစိုးရနှင့်ဆက်နွှယ်မှုရှိသည့် မြန်မာကုမ္ပဏီကြီးများနှင့် ချိတ်ဆက်လုပ်ကိုင်ရန် တွန့်ဆုတ်ခဲ့ကြသည်။ ''ခုတော့ Asia World နဲ့တွဲပြီး အခြေခံအဆာက်အအုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေလုပ်ဖို့ အခွင့်အလမ်းတိုးလာတော့မှာပါ''ဟု ဂျပန်ကုန်သွယ်ရေးလုပ်ငန်းကြီးတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

ယခုကဲ့သို့ ပွင့်လင်းသွားသည့် အခြေအနေအပေါ် ဂျပန်ကုမ္ပဏီကြီးများကလည်း အားတက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ပိုမိုပွင့်လင်းသောနိုင်ငံဖြစ်လာမည်ဟု Mitsubishi Corp မှ သတင်းရင်းမြစ်တဦးက ပြောသည်။ အမေရိကန်ကုမ္ပဏီများဝင်ရောက်လာမည်ဖြစ်သဖြင့် အရည်အချင်းရှိ၍ တတ်ကျွမ်းသော ၀န်ထမ်း ကောင်းများရရှိပိုင်ဆိုင်နိုင်မှုသည် ယှဉ်ပြိုင်မှုတွင် အရေးကြီးသည့်အချက်ဖြစ်ကြောင်း မြန်မာဘရူဝါရီ၏ မိင်ကုမ္ပဏီဖြစ်သော Kirin Holdings မှ တာဝန်ရှိသူက သတိပေးပြော ကြားသည်။ စားကျက်သစ်တွင် ၀င်ရောက်လုပ်ကိုင်မည့် ပြည်ပကုမ္ပဏီကြီးများအနေဖြင့် ပြိုင်ဆိုင်မှုအတွက် ကြိုတင်ပြင်ဆင်ရတော့မည်ဖြစ်ပေသည်။

အော်စကာ
(Ref;Asia Nikkei)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


“ပြည်သူတွေက ဒီနိုင်ငံကို ဘာက အကျိုးပေးမယ်၊ အကျိုးမပေးဘူးဆိုတာ သိနေကြပါတယ် …”
------ ------ ------ ----- ------

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများအနေနှင့် ပြည်သူတို့၏ ဆင်ခြင်နိုင်စွမ်း ဆင်ခြင်တုံ တရားအား လျော့မတွက်ကြရန်လိုအပ်ကြောင်းနှင့် ပြည်သူများသည် တိုင်းပြည်အတွက် မည်သည်က အကျိုးပြု နေသည်။ မည်သည်က အကျိုးယုတ်စေသည်ကို သိနေကြကြောင်းကို NCA နှစ်ပတ်လည်အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“၁၉၈၈ ခုနှစ်က အင်းလေးဘက်က ဆရာတော်ကြီးတပါးက ကျမကို သြ၀ါဒတခုပေးခဲ့ဖူးတယ်။ အဲဒီ ဆရာတော်ကြီးက ဦးဖိုးစိန်ကို မီခဲ့တယ်။ ဇာတ်ကိုသွားကြည့်တော့ လူရွှင်တော်ပြောတဲ့စကားရှိတယ်။ ဦးဖိုးစိန်ကြီး ခင်ဗျားလောက်ကတတ်တဲ့သူ ပရိသတ်ထဲမှာ တယောက်မှမရှိဘူး။ ဒါပေမဲ့ ခင်ဗျား ခြေထိုး နည်းနည်းမှာရင် အားလုံးသိတယ်။ စိန်ဗေဒါကြီး ခင်ဗျားလောက်တီးတတ်တာ တယောက်မှမရှိပါဘူး။ ဒါပေမဲ့ တီးလုံးလေးတကွက်လွဲသွားရင် အားလုံးသိတယ်ဆိုပြီး သတိပေးဖူးကြောင်း ဆရာတော်ကြီးက ကျွန်မကို မိန့်ပါ တယ်။ ဘာကိုဆိုလိုတာလဲဆိုတော့ ကိုယ်က ဘယ်လောက်ပဲတော်တော် ကိုယ့်ပရိသတ်ကို အထင်မသေးရဘူး ဆိုတဲ့သဘောပြောတာပါ။ ကျွန်မတို့ရဲ့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမအဖွဲ့အစည်းများ ဟာ ကျွန်မတို့ပြည်သူတွေရဲ့ ဆင်ခြင်တုံတရားကို လျော့မတွက်ကြပါနဲ့။ ပြည်သူတွေက ဒီနိုင်ငံကို ဘာက အကျိုးပေးမယ်၊ အကျိုးမပေးဘူးဆိုတာ သိနေကြပါတယ်”ဟု ၄င်းက ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးအားလုံးတွင် နာကြည်းချက်တွေရှိနေမည်ဆိုတာ နားလည်ပါကြောင်းနှင့် ထိုနာကြည်းချက်များကိုလည်း ကျော်လွှားနိုင်မည့်အရည်အချင်းလည်း မိမိတို့အားလုံးတွင်ရှိနေမည်ဆိုတာ ယုံကြည်ပါကြောင်း ၄င်းက ပြောကြားခဲ့သည်။

“အားလုံးက ကိုယ့်အမြင်နဲ့ကိုယ် ရှိကြပါတယ်။ နာကြည်းချက်တွေ ရှိနေကြတယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ နာကြည်းချက်တွေကို ကျော်လွှားနိုင်မယ့် အရည်အချင်းလည်း ကျွန်မတို့အားလုံးမှာရှိတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ မီးအင်အားကို ပြိုင်ရမှာမဟုတ်ပါဘူး။ မီးကို ငြိမ်းနိုင်မယ့်အင်အားကို ပြိုင်ရပါမယ်။ အခုဆို ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးကြိုးစားမှုတွေကို တနိုင်ငံလုံးက ကြည့်နေကြပါတယ်။ မျှော်လင့်ချက်ကြီးစွာ စောင့်မျှော် နေကြပါတယ်။ ဒါကြောင့် ကျွန်မတို့ပြည်သူတွေကို လျှော့မတွက်ကြပါနဲ့”ဟု ၄င်းက ဆက်လက်ပြောကြားသည်။

NCA နှစ်ပတ်လည်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်မှ NCA စာချုပ်တွင် ပါသင့်ပါထိုက်သည့်အဖွဲ့များ အားလုံးပါဝင်ရန် အင်မတန်မှ လိုအပ်ပါကြောင်း၊ အတိတ်ကလမ်းကြောင်းမှ အနာဂတ်ကို ပြောင်းလဲရန် ပြောင်းလဲရဲတဲ့သတ္တိ၊ ရင်ဆိုင်ရဲတဲ့သတ္တိရှိဖို့ လိုပါကြောင်း၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်အား ပြန်လည်သုံးသပ် ပြင်ဆင်မည်ဖြစ်ကြောင်းနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်နှင့်အညီ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထွန်း(နေပြည်တော်)၊ လတ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


မြောက်ဥက္ကလာပမြို့နယ်က ကန်သာယာပန်းခြံကို အများပြည်သူပိုင် နေရာအဖြစ် ပြန်လည်သတ်မှတ်ပေးဖို့ အောက်တိုဘာလ ၁၅ ရက်နေ့က တောင်းဆိုဆန္ဒပြကြစဉ်
မြောက်ဥက္ကလာပမြို့နယ်က ကန်သာယာပန်းခြံကို အများပြည်သူပိုင် နေရာအဖြစ် ပြန်လည်သတ်မှတ်ပေးဖို့ အောက်တိုဘာလ ၁၅ ရက်နေ့က တောင်းဆိုဆန္ဒပြကြစဉ်
Photo: Kyaw Zaw Win/RFA
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်က ကန်သာယာပန်းခြံကို အများပြည်သူပိုင် နေရာအဖြစ် ပြန် လည်သတ်မှတ်ပေးဖို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူ ၅ဝဝ လောက်က ဒီကနေ့ တောင်းဆိုဆန္ဒပြကြ ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေကို တိုက်ခိုက်လိုတာမဟုတ်ပဲ အများပြည်သူ လွတ်လပ်စွာ သွားလာနိုင်တဲ့ ပန်းခြံ အဖြစ် ပြန်လည်ရရှိလိုတဲ့အတွက် ဆန္ဒပြတာဖြစ်တယ်လို့ မြောက်ဥက္ကလာပမြို့နယ် (င) ရပ်ကွက်မှာ နေထိုင်တဲ့ ကိုထင်ကျော် က ပြောပါတယ်။

ကန်သာယာပန်းခြံကို စီးပွားရေးလုပ်ငန်းရှင်တချို့က ၂ဝ၁၃ ခုနှစ်လောက်က သိမ်းယူထားပြီး အခုအချိန်မှာ ဈေး ဝယ်စင်တာတွေ၊ လက်မှတ်ဝယ်ယူကစားရတဲ့ ကစားကွင်းတွေ ဆောက်လုပ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ပန်းခြံနဲ့ကပ်လျှက်မှာရှိတဲ့ မီးသတ်ရေကန်နဲ့ သောက်သုံးရေကန်တွေကို အခုအခါမှာ အုတ်တံတိုင်း ကာရံလိုက်တာကိုလည်း ဆန္ဒပြသူတွေက ကန့်ကွက်ကြပါတယ်။

ဆန္ဒပြသူတွေဟာ မြောက်ဥက္ကလာပအဝိုင်းကနေ ကန်သာယာပန်းခြံအထိ ၄ မိုင်နီးပါး လမ်းလျှောက် ဆန္ဒပြကြ တာဖြစ်ပါတယ်။

RFA

စစ်ပွဲတွေ ရပ်တန့်ပေးဖို့ မန္တလေးမှာ အောက်တိုဘာလ ၁၅ ရက်နေ့က တောင်းဆိုဆန္ဒပြကြစဉ်
စစ်ပွဲတွေ ရပ်တန့်ပေးဖို့ မန္တလေးမှာ အောက်တိုဘာလ ၁၅ ရက်နေ့က တောင်းဆိုဆန္ဒပြကြစဉ်
Photo: Hset Paing Toe/RFA
စစ်ပွဲတွေ ရပ်တန့်ပေးဖို့ မန္တလေးဒေသခံ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ကချင်လူမှုရေးအသင်းအဖွဲ့တွေ စုပေါင်းပြီး မန္တလေးမြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ လက်ရှိဖြစ်ပွားနေတဲ့ တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ကချင်အမျိုးသမီး ဒေါ်လမိုင်ထွယ်ရာ က ပြောပါတယ်။

ဆန္ဒပြတောင်းဆိုသူ ၂ဝဝ ကျော်ဟာ မန္တလေးကျုံးမြို့ရိုးရဲ့ အနောက်တောင်ထောင့်ကနေ စုဝေးခဲ့ကြပြီး မန္တလေးမြို့တော်ခန်းမရှေ့ကို ချီတက်ခဲ့ကြတာဖြစ်ပါတယ်။
RFA

 ရန်ကုန်မြို့ Panda ဟိုတယ်မှာ အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသား မဟာမိတ်အဖွဲ့ UNA အစည်းအဝေးကို တွေ့ရစဉ် ရန်ကုန်မြို့ Panda ဟိုတယ်မှာ အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသား မဟာမိတ်အဖွဲ့ UNA အစည်းအဝေးကို တွေ့ရစဉ်
Photo: Thiha Tun/RFA

ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေမှာ အစိုးရတပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို ရပ်ဆိုင်းပေးဖို့ စည်းလုံးညီညွတ်သော တိုင်းရင်းသား မဟာမိတ်အဖွဲ့ UNA က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ Panda ဟိုတယ်မှာ ဒီနေ့ ကျင်းပတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသား မဟာမိတ်အဖွဲ့ UNA အစည်းအဝေးကနေ သဘောထားထုတ်ပြန် တောင်းဆိုလိုက်တာလို့ SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ ပြည်ထောင်စုရဲ့ ပြဿနာဖြစ်ပြီး UNA အဖွဲ့ဟာ ရခိုင်ပြည်နယ် သားတွေနဲ့ တစ်သားတည်းရပ်တည်ကြောင်းနဲ့ အစိုးရက ကိုင်တွယ်ဖြေရှင်းပေးဖို့ UNA အဖွဲ့က တိုက်တွန်းခဲ့ ပါတယ်။

UNA အဖွဲ့ရဲ့ ဒီနေ့ အစည်းအဝေးကနေ ထုတ်ပြန်တဲ့သဘောထား ကြေညာချက်ထဲမှာ နောက်တစ်ကြိမ် ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေးပါတီတွေ အားလုံးပါဝင်နိုင်ရေးနဲ့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံးပါဝင်ရေး အတွက်လည်း တောင်းဆိုထားပါတယ်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းတိုးတက်ရေးပါတီနဲ့ ရှမ်းနီ(တိုင်းလိုင်) နဲ့ မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီ ညွတ်ရေးပါတီတို့ကို UNA အဖွဲ့ဝင်တွေအဖြစ် လက်ခံလိုက်ပါတယ်။

UNA အဖွဲ့ဝင်ဖြစ်ဖို့ တင်ပြထားတဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံဖို့ ယာယီဆိုင်းငံ့ ထားပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီကိုတော့ တိုင်းရင်းသားပါတီ မဟုတ်တဲ့အတွက် ငြင်းပယ်လိုက်ပါတယ်။

ဒီနေ့ အစည်းအဝေးကို UNA ခေါင်းဆောင်တွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်နဲ့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပူကျင့်ရှင်းထန်နဲ့ အဖွဲ့ဝင်တွေ တက်ရောက်ကြပါတယ်။
RFA

 အောင်စိုးမိုးကျော် ရေယာဉ် နစ်မြုပ်တာကြောင့် ပျောက်ဆုံးနေသူတွေကို အောက်တိုဘာလ ၁၅ ရက်နေ့က ရှာဖွေနေတာ တွေ့ရစဉ် အောင်စိုးမိုးကျော် ရေယာဉ် နစ်မြုပ်တာကြောင့် ပျောက်ဆုံးနေသူတွေကို အောက်တိုဘာလ ၁၅ ရက်နေ့က ရှာဖွေနေတာ တွေ့ရစဉ်
Photo:Sagaing Regional lnformation Page

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အတွင်း ဟုမ္မလင်းကနေ မုံရွာမြို့ကို ပြေးဆွဲတဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ်ဟာ ဒီနေ့မနက် ၅ နာရီခန့်က တိမ်းမှောက်ခဲ့တာကြောင့် ပျောက်ဆုံးသူ ၁၅ဝ ကျော်ရှိနေပြီး ညနေပိုင်းအထိ သေဆုံးသူ ၄ ဦးကို ရှာဖွေတွေ့ရှိထားပါတယ်။

အောင်စိုးမိုးကျော် ရေယာဉ်ဟာ ကုန်နဲ့လူတွေ အဆမတန်တင်တာကြောင့် ဟန်ချက်မထိန်းနိုင်ဘဲ ကနီမြို့နယ်၊ မိကျောင်းတွင်းကျေးရွာအရောက်မှာ နစ်မြုပ်ခဲ့တာဖြစ်တယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

"ခရီးသည်တွေက တားနေတဲ့ကြားထဲကနေ စက်လှေက အခြေအနေမကောင်းဘူး လူတအားတင်နေတယ်။ မင်းတို့ကောင်တွေ ထပ်မတင်နဲ့တော့။ တအားဝိတ်တွေများနေပြီ။ ဒါတွေက အခု ကျန်ရစ် ခဲ့တဲ့သူတွေက ကျနော်တို့ကို ပြောပြတာ။ မျက်ရည်စက်လျှက်နဲ့ အဲ့လိုပြောပြကြတဲ့အခါကျတော့ ပြောနေတဲ့ ကြားထဲကနေ ဒီတိုင်းနင်းခွပြီးတော့ ဝိသမလောဘပေါ့၊ တအားတင်လိုက်တော့ မဖြစ်သင့် မဖြစ်ထိုက်တာတွေ၊ စိတ်မကောင်းစရာတွေ ဖြစ်ကုန်တာပေါ့၊ စိတ်မချလို့ မှတ်တမ်းဓါတ်ပုံရိုက် ထားတာတွေလည်းရှိတယ်၊ အဲဒီမှာ အမျိုးသမီးတွေက ခေါင်မိုးပေါ်တက်စီးရတဲ့ အခြေအနေရှိတယ်"

ကနီမြို့နယ်မှာ နစ်မြုပ်ခဲ့တဲ့ရေယာဉ်ဟာ အောက်တိုဘာလ ၁၄ ရက်နေ့ည ၇ နာရီဝန်းကျင်မှာ ဟုမ္မလင်းမြို့နယ် ကနေ စတင်ထွက်ခွါခဲ့တာဖြစ်ပါတယ်။

အောင်စိုးမိုးကျော် ရေယာဉ်ဟာ ညပိုင်းအချိန်တွေမှာ ရေယာဉ်တွေမမောင်းနှင်ကြဖို့ စည်းကမ်းချက်ကို ဖောက် ဖျက်ခဲ့တယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

လက်ရှိမှာ ရေယာဉ်လုပ်သား ၄ ဦးကို ကနီမြို့နယ်၊ ကင်းကျေးရွာအုပ်စု ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ရေ ယာဉ်မောင်းနှင်သူကို ရှာဖွေလို့မရသေးပါဘူး။

ပျောက်ဆုံးနေသူတွေထဲမှာ ကျောင်းသူ ကျောင်းသားတွေ၊ ဆရာမတွေ၊ သူနာပြုတွေနဲ့ ဝန်ထမ်းတွေ များတယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီနေ့ညနေအထိ ကယ်ဆယ်ထားသူ ၁၅ဝ ကျော်အတွက် တစ်ယောက် ကို ငွေနှစ်သောင်းကျပ်ဆီ ပေးအပ်ခဲ့ပြီး နေရပ်ဒေသတွေကို ပြန်ပို့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေပါတယ်။

ကယ်ဆယ်ရရှိထားသူ ၁ဝဝ ကျော်ကို မိချောင်းတွင်းကျေးရွာနဲ့ ကင်းကျေးရွာက ဘုန်းကြီးကျောင်းတွေ မှာ စောင့်ရှောက်ထားပြီး လူ ၄ဝ ကျော်က ကင်းတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။
RFA


ရခိုင်ပြည်နယ်၊ မောင်တောတောင်ပိုင်း၊ အထက်ကန်သာယာရွာရှိ အရပ်ခန့် ကျောင်းဆရာ ကိုရန်းဇု (ခ) ကိုသန်းထွန်း အသက်(၂၁)နှစ်ကျော်သည် ၁၅-၁၀-၂၀၁၆ ရက်နေ့ နေ့လည် (၁၁)နာရီကျော်ခန့်က ရွာအပြင်ဘက်တွင် သေနတ်ဖြင့် ချောင်းမြောင်းပစ်ခံရ၍ ဝမ်းဗိုက်ထိမှန်ဒဏ်ရာရရှိ သဖြင့် နေ့လည်(၁၂)နာရီခန့်တွင် မောင်တောဆေးရုံ သို့ ရောက်ရှိဆေးကုသမှု ခံယူနေ ရကြောင်းနှင့် သေနတ် ထိမှန်သော ကိုသန်းထွန်း အတွက် သွေးလိုအပ်၍ သွေးလှူဒါန်ပေး ခဲ့သူမှာ ကိုအောင်ကိုကိုဖြစ်ကြောင်း သတင်း ရရှိသည်။

ဓာတ်ပုံ- Aung Ko Ko
သတင်း - ဦးသန်းထွန်း ( စစ်တွေလူမှုအဖွဲ့အစည်းများကိုယ်စားပြုကော်မတီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


၂၀၁၆ခုနှစ် အောက်တိုဘာလ(၁၅) ရက်နေ့ နံနက်(၀၄း၄၅)ချိန် အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၂၆၂/၃-၄)အကြားရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်းဦးစိုင်းသိန်းနိုင်(၄၄)နှစ်၊ (ဘ)ဦးစိန်မွန်၊ ၁၃/ကမန(နိုင်)၀၃၇၄၂၈၊ တိုက်ချောင်းကျေးရွာ၊ ဇမ္ဗူသီရိမြို့နယ်နေသူမောင်းနှင်လာသောယာဉ်အမှတ်၊ 2K/3618 မိုးကောင်းကင် Express ယာဉ်မှာ၎င်းယာဉ်၏ ရှေ့မှ ယာဉ်မောင်းဦးလှမျိုးအောင် (၄၀)နှစ် (ဘ) ဦးတင်ဝင်း၊ ၁၄/ဇလန(နိုင်)၀၀၉၄၅၈ လမ်းမတော်လမ်း၊ ဇလွန်မြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ်၊ 6J/2653 ၊ အကယ်ဒမီ Express မော်တော်ယာဉ်အားကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ယာဉ်၏ နောက်ပိုင်းအားတိုက်မိခဲ့ပါသည်။


သတင်းအရပေပင်လေးအမြန်လမ်းရဲစခန်း၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့များအခင်းဖြစ်နေရာသို့ ရောက်ရှိစစ်ဆေးရာယာဉ်အမှတ်၊ 2K/3618 မိုးကောင်းကင် Express ယာဉ်ပေါ်ပါရှိသူယာဉ်မောင်း(အပါ)၊ ကျား(၃၄)ဦး၊ မ(၁၅)ဦး၊ စုစုပေါင်း (၄၉)ဦးအနက် ကျား(၁)ဦးသေဆုံးပြီး သံဃာ(၁)ပါး၊ ကျား(၅)ဦး၊ မ(၄)ဦးတို့ ဒဏ်ရာရရှိခဲ့သည့်အပြင် 6J/2653 ၊ အကယ်ဒမီ Express ယာဉ်ပေါ်ပါ (၄၅)ဦးအနက် ကျား(၂)ဦး၊ မ(၂)ဦးတို့ ဒဏ်ရာရရှိခဲ့ပါသည်။ မိုးကောင်းကင် Express ယာဉ်ပေါ်ပါ သေဆုံးသူမှာဦးမောင်မျိုး (၂၈)နှစ် ၊(ဘ) စုံစမ်းဆဲ၊ ယာဉ်နောက်လိုက်၊ မှော်ဘီမြို့ နေသူ၌ ဦးခေါင်းကွဲကြေဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပါသည်။


အမြန်လမ်းရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ မီးသတ် တပ်ဖွဲ့နှင့် ကြက်ခြေနီအဖွဲ့တို့သည် အခင်းဖြစ်နေရာအား ကြည်ရှုစစ်ဆေး၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးကာ ဒဏ်ရာရလူနာများအား ညောင်းကုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ဖြစ်စဉ်မှာမိုးကောင်းကင် Express ယာဉ်မောင်း၏ မဆင်မခြင်မောင်းနှင်ခြင်း၊ အိပ်ငိုက်ခြင်းတို့ ကြောင့် ဖြစ်ပွားရကြောင်းသိရှိရပါသည်။

"အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့"
Yangon-Mandalay Expressway
https://www.facebook.com/ygnmdyexpressroad