10/18/16


ဒေါ်အောင်ဆန်းစုကြည်ဟာ ကွန်ဂရက်စ်ပါတီ အတိုက်အခံခေါင်းဆောင် ဆိုနီယာဂန္ဒီကို သူမရဲ့ နေအိမ်မှာ သွားရောက်တွေ့ဆုံ နှုတ်ဆက် (Indian National Congress)
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ် အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံမှာကျင်းပခဲ့တဲ့ BIMSTEC နဲ့ BRICS အစည်းအဝေးတွေ တက်ရောက်ခဲ့ပြီး ဂိုအာမြို့ကနေ မနေ့ကတော့ နယူးဒေလီမြို့ကို ရောက်ရှိခဲ့ပြီး အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ကို စတင်ခဲ့ပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကုန်သွယ်ရေးဝန်ကြီး Nirmala Sitharaman က နယူးဒေလီလေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ပါတယ်။ နယူးဒေလီမြို့က Rashtrapati Bhavan နိုင်ငံတော်ဧည့်ဂေဟာမှာ တည်းခိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကွန်ဂရက်စ်ပါတီ အတိုက်အခံခေါင်းဆောင် ဆိုနီယာဂန္ဒီကို သူမရဲ့ နေအိမ်မှာ သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။ဒီအကြောင်း မခွာညိုကပြောပြပေးမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ငယ်စဉ်ကတည်းက မိခင်ဖြစ်သူ ဒေါ်ခင်ကြည် သံအမတ်ရာထူးနဲ့ အိန္ဒိယမှာ တာဝန်ထမ်းဆောင်စဉ်ကတည်းက အိန္ဒိယနိုင်ငံရေး အသိုင်းအဝိုင်းနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့တဲ့အကြောင်း အိန္ဒိယနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ ၉၀ ရွေးကောက်ပွဲမှာ ပုလဲမြို့နယ်လွှတ်တော် အမတ်ဖြစ်ခဲ့သူ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယက Lady Shri Ram ကောလိပ်ကနေ အောင်ပြီးတဲ့နောက်မှာ အင်္ဂလန်နိုင်ငံ Oxford သက္ကသိုလ်မှာ ပညာသင်ပါတယ်ခင်ဗျ။ အဲဒီအချိန်မှာပဲ အိန္ဒိယနိုင်ငံက မစ္စစ် Indira Gandhi သား Rajiv Gandhi လည်း Oxford မှာ ပညာသင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စစ် Indira Gandhi သား Rajiv Gandhi တို့က ပိုပြီးတော့ ရင်းရင်းနီးနီးတွေ့ဆုံ ခင်မင်ခဲ့ကြတယ်လို့ ကျနော်တို့ လေ့လာတွေ့ရှိရပါတယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်အခုတခေါက်သွားတဲ့အခါမှာ အဲဒီလို မိသားစုသဘာမျိုး ဆက်ဆံရေးတွေ့တယ်ဆိုတာက တော်တော်လေးလည်း မိသားစုခင်မင်မှုအပြင် နိုင်ငံရေးအရလည်း ကျနော့်အမြင်ပေါ့လေ တော်တော်လေးလေးနက်တယ်လို့ မြင်တယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ၁၉၈၈ ခုနှစ် မြန်မာပြည် အရေးအခင်းဖြစ်တုန်းက ဒီမိုကရေစီအရေးကို ပြောင်ပြောင်တင်းတင်း ကျကျနန ထောက်ခံခဲ့တာက ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီလက်ထက်မှာ ဖြစ်ပါတယ်ခင်ဗျ။ သူ မတော်တစ လုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့နောက် ၉၂- ၉၃ မှသာလျှင် ပေါ်လစီက ပြောင်းသွားတာ။ ဆိုတော့ အဲဒီကာလတုန်းက အနောက်နိုင်ငံတွေထက်တောင်မှ အိန္ဒိယက ဒီမိုကရေစီအရေးကို ရာဂျစ်ဂန္ဒီလက်ထက်မှာ ထောက်ခံခဲ့တဲ့အတွက် ဒီအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်တဲ့အကြောင်း ပြောကောင်းပြောမလားလို့ မှန်းကြည့်ရတာပေါ့ခင်ဗျ။”

လက်ရှိ အိန္ဒိယအတိုက်အခံခေါင်းဆောင် မစ္စက်ဆိုနီယာဂန္ဒီရဲ့ လက်ရှိ အနေအထားအရရော ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲဆိုတာကို မေးမြန်းကြည့်တဲ့အခါမှာတော့ ဒေါက်တာ တင့်ဆွေက အခုလို ပြောပါတယ်။

“အိန္ဒိယနိုင်ငံက ဒီမိုကရေစီနိုင်ငံမှာတောင်မှ ရင့်ကျက်ပြီးသား ဒီမိုကရေစီနိုင်ငံဆိုတော့ အိန္ဒိယလွှတ်တော်မှာ အာဏာရပါတီနဲ့ ၀န်ကြီးချုပ်အပြင် အတိုက်အခံ အင်အားစုမှာ အတိုက်အခံခေါင်းဆောင်ဆိုတဲ့ နိုင်ငံရေးအရပြောရင် ၀န်ကြီးချုပ်နဲ့ တတန်းထဲ ဆက်ဆံခံရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒီအတိုက်အခံအဖွဲ့ ပါတီခေါင်းဆောင်ဆိုတာ ၀န်ကြီးချုပ်ပြီးရင် ဒုတိယအရေးအကြီးဆုံးဖြစ်တယ်။ အိန္ဒိယနဲ့ အင်္ဂလန်နိုင်ငံ မှာ အတိုက်အခံရဲ့ အသံက အတိုက်အခံ အုပ်စု ရဲ့ ဆောင်ရွက်ချက်တွေဟာလည်း အစိုးရလုပ်နေတဲ့ ပါတီအဖွဲ့အစည်းတွေလည်း အလေးထားရတာဖြစ်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဘယ်နိုင်ငံက ခေါင်းဆောင်လာလာ၊ အတိုက်အခံရဲ့အသံဟာ ဒီမိုကရေစီနိုင်ငံမှာ အရေးကြီးတဲ့အတွက် ဒီခရီးစဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စက်ဆိုနီယာဂန္ဒီ တွေ့တာဟာ ကျနော်တို့ အိန္ဒိယ- မြန်မာ ဆက်ဆံရေးကို အများကြီးအထောက်အကူပြုမယ်လို့ ကျနော်ယုံကြည်ပါတယ်ခင်ဗျ။”

ဒီမိုကရေစီသက်တမ်းနုနေသေးတဲ့ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံတကာကရော၊ ဒေသတွင်းကပါ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ BIMSTEC ညီလာခံမှာ တက်ရောက်လာကြတဲ့ အဖွဲ့ဝင်နိုင်ငံတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်သွားပါတယ်။

“ကျမတို့ နိုင်ငံအနေနဲ့ လုပ်ဆောင်စရာတွေအများကြီးကျန်ရှိနေသေးသလို လုပ်ဆောင်ဖို့လည်း သံဓိဌာန် ခိုင်မာပါတယ်။ ကျမတို့အစိုးရ ၂၀၁၆မတ်လ၃၁ ၇က်နေ့က တက်လာပြီးတဲ့နောက် ရေရှည်ခံတဲ့အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ဦးစားပေးလုပ်ဆောင်ဖို့ ချမှတ်ခဲ့ပါတယ်။ ဒါတွေက မြန်မာနိုင်ငံသားတွေရဲ့ လူမှုရေးနဲ့ စီးပွားရေးလိုအပ်ချက်တွေကို ဖြည့်စီးပေးနိုင်ဖို့ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဒေသအတွင်းနဲ့ နိုင်ငံတကာ အဆင့်မှာလည်း ပူးပေါင်းဆောင်ရွက်မှုတိုးစေဖို့ နည်းလမ်းတွေကို ရှာဖွေရာမှာ နိုင်ငံတကာရဲ့ အကူအညီကို တောင်းခံခဲ့ပါတယ်။ တာဝန်သိတဲ့ ရင်းနှီးမြုပ်နှံမှု အတွက် ကျမတို့ နိုင်ငံ တံခါးကို အခုဆို ဖွင့်ထားပါပြီ။ ကျမတို့ နိုင်ငံအတွက် အလုပ်အကိုင်တွေဖန်တီးပေးနိုင်ဖို့ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းစေမယ့်ကိစ္စရပ်တွေကို ဆွေးနွေး သွားမှာ ဖြစ်ကြောင်းနဲ့ နှစ်နိုင်ငံကြား ရှိရင်းစွဲ ချစ်ခင်ရင်းနှီးမှုကို ပိုပြီး ခိုင်မာအောင်ဆောင်ရွက်သွားနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖွေ သွားမှာဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီသီတင်းပတ်အစောပိုင်းမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ ပဉ္စမမြောက် အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးပြီး စီးပွားရေး အခွင့် အလမ်း သစ်တွေပေါ်ထွက်လာချိန်မှာ မြန်မာနိုင်ငံနဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံဖို့ အလားအလာတွေ အများကြီးရှိလာတာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၁၉ ရက် နေ့မှာ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi နဲ့တွေ့ဆုံဖို့ရှိပြီး အိန္ဒိယအရှေ့မြောက် ပိုင်းမှာ နယ်နမိတ်ချင်ထိစပ်နေတဲ့ ဘူတန်နဲ့ နယ်စပ်တလျှောက် သူပုန်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြဖွယ်ရှိပါတယ်။

အိန္ဒိယခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနက တာဝန်ရှိသူတွေ လိုက်ပါသွားခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ဖိတ်ကြားချက်နဲ့ အိန္ဒိယကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ အောက်တိုဘာလ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့ အထိ ဖြစ်ပါတယ်။

 မခွာညို  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



 ပက်ရှ်မာဂါ လက်နက်ကိုင် တွေဟာ မြို့သိမ်းစစ် ဆင်နွှဲတဲ့ တပ်ဦးမှာ ရှိနေ
အီရတ် နိုင်ငံထဲ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တို့ အဓိက ခြေကုပ် ယူထားတဲ့ မိုဆိုးလ်မြို့ကို ပြန်လည် သိမ်းပိုက် နိုင်ဖို့ အီရတ် အစိုးရတပ်တွေ စတင် တိုက်ခိုက် လာခဲ့တာမှာ ပထမ ဆုံးရက် အတွက် ရည်မှန်းချက်တွေ အားလုံး စီစဉ် ထားထက်ကို ပိုစောပြီး အထမြောက် အောင်မြင် ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေး ဌာနက ထုတ်ပြန် ပါတယ်။

IS တွေ လက်ထဲ ကျရောက်နေတဲ့ မိုဆိုးလ်မြို့က သိန်းနဲ့ချီတဲ့ အီရတ် ပြည်သူတွေ လွတ်မြောက်ရေး အတွက် မြို့သိမ်းစစ်ပွဲရဲ့ ကနဦး ကာလဟာ အင်မတန် အရေးပါ အခရာ ကျတယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တာဂွန်က ပြောပါတယ်။

ကာ့ဒ်မျိုးနွယ်စုဝင် ပက်ရှ်မာဂါ လက်နက်ကိုင် တွေဟာ မြို့သိမ်းစစ် ဆင်နွှဲတဲ့ တပ်ဦးမှာ ရှိနေပြီး မိုဆိုးလ်မြို့ အရှေ့ခြမ်းက ကျေးရွာတွေဘက် ထိုးဖောက် ဝင်ရောက် သွားနိုင်ခဲ့လို့ အီရတ် အစိုးရ တပ်တွေ ချီတက် လာဖို့ရာ လမ်းကြောင်း ပွင့် သွား ခဲ့ပါတယ်။

ပက်ရှ်မာဂါ တပ်ဖွဲ့ဝင်တွေဟာ ချီတက်ရာ လမ်းကြောင်း တလျှောက်နဲ့ ကွင်းပြင်တွေထဲ IS တို့ ထောင်ထားတဲ့ ဗုံးတွေနဲ့ အသေခံ ကားဗုံးခွဲ တိုက်ခိုက်မှုတွေ တွေ့ကြုံ ခဲ့ရတယ် ဆိုပြီး ကာ့ဒ် တပ်မှုး တစ်ဦးက ပြောပါတယ်။

အီရတ် မှာ နေရာချထားတဲ့ အမေရိကန် တပ်ဖွဲ့တွေ ကတော့ မိုဆိုးလ် မြို့သိမ်း ထိုးစစ်ရဲ့ ရှေ့တန်းမှာ မပါဝင်ပဲ အကြံပေး နေရာမှာပဲ ရှိနေမယ်လို့ အမေရိကန် အရာရှိတွေက အတည်ပြု ပါတယ်။

ဒီအချိန်မှာပဲ၊ မိုဆိုးလ် စစ်ပွဲကြောင့် အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေး လာရနိုင်တဲ့ အရပ်သားတွေ အတွက် အရေးပေါ် နေရာ ထိုင်ခင်းတွေ ချထား ပေးနိုင်ဖို့ အပူတပြင်း စီမံ ဆောင်ရွက် နေတယ် ဆိုပြီး ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။

အကူအညီပေးရေး အဖွဲ့တွေမှာ လူ လေးသိန်း စာ အတွက် ယာယီတဲတွေ အပါအဝင် ထောက်ပံ့ရေး ပစ္စည်းတွေ အလုံအလောက် ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ အီရတ် နိုင်ငံ အတွင်း လူသားချင်း စာနာ နားလည်မှု ဆိုင်ရာ အကူအညီပေးရေး တာဝန်ခံ လိစ် ဂရန်ဒေး က ပြောပါတယ်။

မိုဆိုလ်း မြို့ထဲကနေ အရပ်သားတွေ ထွက်ပြေး လာနိုင်ဖို့ လမ်းကြောင်းတွေ ဖွင့်ပေးမယ် လို့ အီရတ် အစိုးရက ကတိပေး ထားသလို၊ မြို့ထဲကို လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ် တာမျိုး မလုပ်ဘူးလို့လည်း ပြောထားပါတယ်။

BBC Burmese
http://www.bbc.com/burmese



အစိုးရ ဝန်ထမ်းတွေဟာ လုပ်ငန်းခွင်တွေ ကနေ စွန့်ခွာ တိမ်းရှောင် ခဲ့ရ။
ရခိုင်ပြည်နယ် မောင်တော မြို့နယ် ထဲမှာ လုံခြုံရေး စိုးရိမ် မှုတွေကြောင့် ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင် အစိုးရ ဝန်ထမ်းတွေဟာ လုပ်ငန်းခွင် တွေကို စွန့်ခွာ တိမ်းရှောင် ခဲ့ရတဲ့ အတွက် ဒေသခံ အရပ်သားတွေ အတွက် အခက်အခဲတွေ ဖြစ်ပေါ် လာရပါတယ်။

ပတ်ဝန်းကျင် ရွာတွေ ကပါ မှီခို နေရတဲ့ အောင်သပြေ တိုက်နယ် ဆေးရုံမှာ ဝန်ထမ်း တစ်ယောက် မှ မရှိတော့တဲ့ အတွက် ရွာခံတွေ အနေနဲ့ ကျန်းမာရေး အတွက် အားကိုးရာ မရှိ ဖြစ်နေရတယ် လို့ အောင်သပြေ ရွာသား တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် လမ်းတွေ ဈေးတွေ ပိတ်ထားဆဲ ဖြစ်နေလို့ နေရေးစားရေး အထွေထွေ အခက်အခဲတွေ တွေ့ကြုံ နေရတယ်လို့လည်း ဆိုပါတယ်။

အောင်သပြေ၊ အောင်ချမ်းသာနဲ့ ဗန္ဓုလ အပါအဝင် ပတ်ဝန်းကျင် ရွာတွေဟာ မောင်တော မြို့နယ် မြောက်ဘက် အစွန်ဆုံး ဘင်္ဂလာဒေ့ရှ်နဲ့ ကပ်ရပ် တည်ရှိတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

အဲဒီ့ ရွာတွေမှာ အစိုးရ ဝန်ထမ်းတွေ မရှိတော့ ပေမယ့် ရွာသားတွေတော့ ဆက်လက် နေထိုင် နေကြဆဲ ဖြစ်ပါတယ်။

ဘူးသီးတောင် မြို့နယ် တောင်ပိုင်းမှာ တိုက်ပွဲ ရှိမနေ ပေမယ့်လည်း လုံခြုံရေး ဆိုင်ရာ ကြောင့်ကြစိတ်တွေ ကြောင့် ကျောက္ကာတိုင်နဲ့ ငှက်ပျောချောင်း အပါအဝင် ရခိုင်ရွာ တချို့က ကျေးရွာသားတွေ နေရပ် စွန့်ခွာ ထွက်ပြေး ခဲ့ကြ ပါတယ်။

အဲဒီလို ထွက်ပြေး လာသူ အယောက် ၈ဝ လောက် ဟာ ဘူးသီးထောင် မြို့နယ် ထဲက စပါးထား ဆိုတဲ့ ရွာကို ရောက်လာ ကြတယ်လို့ ရွာခံ တစ်ယောက်က ပြောပါတယ်။

ရခိုင်ရွာ အနည်းစု ဖြစ်နေတဲ့ ဒေသတွေမှာ အစိုးရဘက်က လုံခြုံရေး တိုးမြှင့်ချ ပေးတာမျိုး မရှိတဲ့ အတွက် အခုလို ထွက်ပြေး ရတဲ့ အထိ စိုးရိမ်မှုတွေ တိုးမြင့် လာနေတယ် ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ် နေပါတယ်။

BBC Burmese
http://www.bbc.com/burmese


 စစ်ဘေးသင့် အလက်ပိုမြို့
ဆီးရီးယား နိုင်ငံထဲ အလက်ပ်ပိုမြို့ကို ဗုံးကြဲနေတာတွေ လာမယ့် ကြာသပတေး နေ့မှာ ၈ နာရီကြာ ရပ်ပေး ထားမယ်လို့ ရုရှားက ပြောလာပါတယ်။

အဲဒီ့ ကာလ အတွင်း အလက်ပ်ပို မှာ ရှိနေတဲ့ အရပ်သားတွေ အနေနဲ့ မြို့ကနေ ထွက်သွားဖို့ အခွင့်အလမ်း ရှိလာမှာ ဖြစ်သလို၊ ဆေးကုသဖို့ လိုအပ် နေသူတွေကို လည်း ကယ်ထုတ်ခွင့် ရနိုင် လိမ့်မယ်လို့ ရုရှား စစ်ဘက် က ဆိုပါတယ်။

အလက်ပ်ပိုမြို့မှာ ရုရှားရဲ့ ပယောဂကြောင့် မဖော်ပြ နိုင်လောက်အောင် ဆိုးဆိုးရွားရွား တွေ့ကြုံ ခံစား နေရတယ် ဆိုပြီး ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီး တွေက ပြစ်တင် ရှုတ်ချ နေပါတယ်။

အလက်ပ်ပိုကို ကြဲနေတဲ့ ဗုံးတွေဟာ မြို့နဲ့ မမျှလောက်အောင် ပမာဏများပြား ပြင်းထန် လွန်းလှတယ် ဆိုပြီး အီးယူ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ လာ့ဂ်ဆင်းဘာ့ဂ် တွေ့ဆုံပွဲကနေ ထုတ်ပြန် ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese




ထိုင်းဘုရင် ဘူမိဘောလ်အဒူယာဒက် နတ်ရွာစံပြီးတဲ့နောက် ဘုရင်ကြီးနဲ့ပတ်သက်တဲ့ အမှတ်တရ ဓာတ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေ၊ စာတွေ လူမှုကွန်ရက်မှာ အတော်များများ ရောက်လာပါတယ်။
အဲဒီထဲက laemgate ဆိုတဲ့ ဖေ့စ်ဘွတ်ခ်မျက်နှာမှာ တင်ထားတဲ့ ဘုရင်ကြီးမှ သမီးလတ်သီရိဒုံထံ လွန်ခဲ့တဲ့ ၁၂ နှစ်က ပေးပို့ခဲ့တဲ့ စာတစ်စောင်ဟာလည်း ရေပန်းစား လျက်ရှိပါတယ်။
အဲဒီစာဟာ အများပြည်သူအတွက် အကျိုးရှိစေခြင်းငှာ မင်းသမီးကိုယ်တိုင် ကောက်နုတ်ဖြန့်ဝေထားပြီး စာရဲ့အဆုံးမှာလည်း ဖတ်ပြီးတော့ ရင်ဆို့တယ်လို့ ဖော်ပြထားပါတယ်။
စာပါအကြောင်းအရာကို မြန်မာလို ဆီလျော်အောင် ဘာသာပြန်လိုက်ပါတယ်။

ဖေဖေ့သမီး
ဒီမြေပေါ်မှာ အရာတိုင်းဟာ အမြဲဒွန်တွဲပြီး ဖြစ်လာတယ်။
မှောင်မည်းခြင်းနဲ့ လင်းထိန်ခြင်း
လိမ္မာခြင်းနဲ့ မိုက်မဲခြင်း
မိမိနှစ်သက်ရာကို ရွေးချယ်ရစတမ်းဆိုရင်
လူတိုင်းဟာ အလင်းရောင်ကိုသာ နှစ်သက်မယ်။
ကောင်းမွန်သောအရာကိုသာ နှစ်သက်မယ်။
ဒါပေမယ့် ကိုယ်နှစ်သက်တဲ့အရာကို ရချင်မှရမယ်။
အဲဒီ လင်းထိန်သောနေရာ သို့မဟုတ်
ကောင်းမွန်သောနေရာကို ရောက်ဖို့ဆိုရင်
နည်းလမ်းရှိပါတယ်။
အဲဒါကတော့ သူတပါးကို ချစ်ခင်ခြင်းပါပဲ။
ဘာကြောင့်လဲဆိုတော့ သူတပါးရဲ့ ချစ်ခင်မှုကို ရခဲ့ရင် ပြဿနာတိုင်းကို ဖြေရှင်းနိုင်လိမ့်မယ်။
ဒီကမ္ဘာမှာ ချမ်းသာသုခတွေနဲ့ပဲ ရှိစေချင်တယ်ဆိုရင် ငြိမ်းချမ်းမှုပဲ ရှိစေလိုတယ်ဆိုရင် လူတွေရဲ့ ချစ်ခင်မှုကို ရရှိမှဖြစ်မယ်။
သမီးကို ဖေဖေ ဒီလို ပြောချင်တယ်။

၁။ အတိတ်မှာပဲ ဖြစ်စေ၊ ပစ္စုပ္ပန်မှာပဲ ဖြစ်စေ၊ အနာဂတ်မှာပဲ ဖြစ်စေ သူတပါးကို ကိုယ်နဲ့ အတူတူ မွေးဖွားလာသူ၊ ကိုယ်နဲ့အတူတူအိုမယ့်သူ၊ ကိုယ်နဲ့အတူ နာမယ့်သူ၊ ကိုယ်နဲ့အတူ သေမယ့်သူချည်းပဲလို့ သဘောထားပါ။
၂။ လောကကြီးကို အကောင်းမြင်ပါ။ အဲဒီထက်ပိုကောင်းအောင် မြင်ပါ။။ ပြဿနာကို ဆီလျော်မှန်ကန်စွာ ဖြေရှင်းနိုင်ဖို့ လောကကို အမှန်တရားနဲ့ ရှုမြင်ပါ
၃။ ထီးတည်းနေတတ်အောင် နေပါ။ ဆိုလိုတာက စိတ်ကို ရောင့်ရဲမှုနဲ့ အခြေခံတာ၊ ရှိသလောက်နဲ့ ရသလောက်နဲ့ ရောင့်ရဲတင်းတိမ်တာ၊ စွဲလမ်းမှုမရှိတာ၊ ရှိလည်း ကောင်းတယ်၊ မရှိရင်လည်း ရတယ်လို့ သဘောထားပါ၊ ကိုယ့်အခြေအနေနဲ့ကိုယ် တင်းတိမ်မှု ရှိပါ။
– လောဘကြီးလို့ နောက်ပိုင်းဒုက္ခရောက်သွားရတဲ့ ဖားပြုတ်လို မဖြစ်ရဘူး (တရံသော အခါ ဖားပြုပ်သားအမိက နွားတကောင်ကို တွေ့သတဲ့၊ ဖားပြုပ်လေးက ‘နွားကအကြီးကြီးပဲ မေမေလို့ ကြီးလိုက်တာ’လို့ ချီူကျူးလိုက်တော့ ဖားပြုပ်မကလည်း ငါလည်းကြီးအောင် လုပ်တတ်တယ် ဆိုပြီး သူ့ကိုယ်ကို ဖောင်းလိုက်တယ်၊ ဒီလောက်လား၊ ဒီလောက်လား ဆိုပြီး ထပ်ကာထပ်ကာ ဖောင်းလိုက်တော့ ဗိုက်ကွဲသွားတဲ့ ပုံပြင်ကို ဥပမာပေး)
– အလုပ်ကို နိုင်သလောက်ပဲ လုပ်ပါ၊ မနိုင်တဲ့ဝန်ကို မထမ်းပါနဲ့။
– မိမိအခြေအနေနဲ့ လိုက်လျောညီထွေတဲ့ အသက်မွေးဝမ်းကျောင်းမှုမျိုးကိုသာ လုပ်ပါ။
၎။ စိတ်ကို တည်တံ့အောင်ထားပါ။ ပျင်းရိခြင်းရဲ့ ပြစ်ဒဏ်နဲ့ ကြိုးစားခြင်းရဲ့ ဆုလာဘ်တွေ ကို မြင်တတ်ပါစေ ၊ မမျှော်လင့်တဲ့အရာတွေ ကြုံဆုံလာရခဲ့ရင်လည်း ပူပင်ဝမ်းနည်းမနေဘဲ အခြွေအရံရှိခြင်း အခြွေအရံမဲ့ခြင်း၊ သုခဖြစ်ခြင်း ဒုက္ခဖြစ်ခြင်း၊ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း၊ လာဘ်ရှိခြင်း လာဘ်ပိတ်ခြင်း၊ ရာထူးတက်ခြင်း၊ ရာထူးကျခြင်း ဆိုတဲ့ လောကဓံတရားကို အောက်မေ့ပြီး ရှိပါစေတော့လို့ သဘောထားလိုက်ပါ ။
ဖေဖေ
၂၀၀၄ ခုနှစ် အောက်တိုဘာ ၆ ရက် ။
DVB TV News

တ်တလောဖြစ်ပွားနေဆဲ ပြည်တွင်းစစ်ဟာ ဘယ်လောက်တောင် တိုင်းပြည်ကာကွယ်ရေးအတွက် အရေးကြီးနေလို့ တိုက်နေရတယ်ဆိုတာ ဘယ်အဖွဲ့ အစည်းမှ ပြည်သူတွေကျေနပ်လက်ခံအောင်ရှင်းမပြနိုင်ကြပါဘူး။ တိုင်းပြည်ထူထောင်ရေး၊ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် သုံးစွဲဖို့ ဘဏ္ဍာငွေကြေးချို့ တဲ့နေလို့ ပြည်သူပြည်သားအားလုံး ဆင်းရဲနွမ်းပါးနေရချိန်မှာ ရှင်နည်းရာ အဂ္ဂလူထွက်ဆိုသလို နိုင်ငံတော်ရဲ့ဘဏ္ဍာငွေကြေးတွေကို တိုင်းရင်းသားညီးအကိုအချင်းချင်းသတ်ဖြတ်ရတဲ့ ပြည်တွင်းစစ်ပွဲတွေ၊ ထိုးစစ်တွေမှာ လေယာဉ်တွေ၊ တင့်ကားတွေသုံးပြီးဖြုန်းတီးပစ်နေတာဟာ အလွန်လွဲချော်မှု့ကြီးဖြစ်တယ်။

မိဘပြည်သူတွေက လူသတ်စစ်ပွဲတွေရပ်ကြပါ၊ ငြိမ်းချမ်းရေးရအောင်ကျိုးစားကြပါလို့ အထပ်ထပ်မေတ္တာရပ်ခံနေတဲ့ကြားက ပြည်သူပိုင် ဘဏ္ဍာငွေကြေးတွေကို ခွင့်ပြုချက်မတောင်း၊ အတည်ပြုချက်မယူ၊ ဖြေရှင်းချက်မပေးဘဲ စစ်ပွဲတွေအရှိန်မြှင့်နေတာဟာ ပြည်သူကိုစော်ကားနေတဲ့သဘောသက်ရောက်ပါတယ်။ ငါတို့ လုပ်ချင်တာလုပ်မယ် တိုင်းပြည်ကာကွယ်နေရတာဆိုတဲ့ မဲပြာပုဆိုးအကြောင်းပြချက်နဲ့ ဘယ်သူ့ အမိန့် ကိုမှာနာခံစရာမလိုဘူးဆိုတာ ဦးနေ၀င်းလက်ထက်ကစလို့ ကျင့်သုံးခဲ့တဲ့ အာဏာရှင်စရိုက်သဘာဝပါဘဲ။

အခုဆိုရင် မြစ်ကြီးနား၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများမှာတော့ ထိုးစစ်ဆန့် ကျင်ရေး၊ ငြိမ်းချမ်းရေးတောင်းဆိုပွဲတွေကျင်းပသွားခဲ့ပြီးပါပြီ။ တကယ်တော့ ဒီလိုမျိုး ငြိမ်းချမ်းရေးအတွက် လူထုဆန္ဒထုတ်ဖေါ်မှု့တွေကို တိုင်းနဲ့ ပြည်နယ်မြို့ တော်တိုင်းမှာ ထုတ်ဖေါ်ကျင်းပသင့်ပါတယ်။ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းမှာ စစ်မဖြစ်နေလို့ ဆိုပြီး မဆိုင်သလိုထိုင်မနေသင့်ပါဘူး။

ဘာကြောင့်လို့ လဲဆိုတော့ စစ်ပွဲတွေ၊ ထိုးစစ်ဆင်နေတာတွေဟာ ငြိမ်းချမ်းရေးကို အဟန့် အတားပြုနေကြတာပါ။ ပြည်တွင်းစစ်မငြိမ်းနိုင်သတ်နိုင်ရင် ငြိမ်းချမ်းရေးမရရင် တရားဥပဒေစိုးမိုးအောင် မဆောင်ရွက်နိုင်ပါဘူး။ တရားဥပဒေမစိုးမိုးရင် နိုင်ငံသားအားလုံးဘ၀မလုံခြုံနိုင်သလို တိုင်းပြည်ရဲ့ခြံစည်းရိုးလည်းမလုံပါဘူး၊ တခါးပေါက်အားလုံးကိုလည်း လုံခြုံအောင်ထိထိရောက်ရောက် အကာအကွယ်မပေးနိုင်ပါဘုး။ အဲ့ဒီအခြေအနေဆိုးဟာ စစ်မဖြစ်တဲ့ တိုင်းနဲ့ ပြည်နယ်တွေက နိုင်ငံသားတွေပါ မလုံခြုံတဲ့ဘ၀တွေ ခံစားရစေမှာဖြစ်သလို ဆင်းရဲဒုက္ခအစုစုကို ဆက်စပ်ခံစားကြရတာ မဟုတ်လား။ ဒါကြောင့် ငြိမ်းချမ်းရေးရဖို့ တောင်းဆိုရမှာ နိုင်ငံသားတိုင်းနဲ့ ဆိုင်ပါတယ်။

လတ်တလော ထင်ရှားတဲ့သာဓကအနေနဲ့ ကတော့ မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာရှိတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ပါဘဲ။ ဒီဖြစ်စဉ်အပေါ်ဥပဒေနှင့်အညီတုံ့ပြန်ဆောင်ရွက်ရန်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ညွှန်ကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်တင်က ပြန်ကြားရေးဝန်ကြီးဌာန မှာ အောက်တိုဘာ ၉ ရက်၊ ညဦးပိုင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်တဲ့သတင်းကို အင်တာနက်သတင်းပေါ်မှာ ဖတ်လိုက်ရပါတယ်။နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ထိပ်တန်းနိုင်ငံ့အကြီးအကဲတယောက်အနေနဲ့  ပြောသင့်ပြောအပ်တဲ့စကားကို တည်တည်ကြည်ကြည် ဆိုသွားတာဖြစ်ပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီအကြမ်းဖက်ဖြစ်စဉ်ကို ခုတုံးလုပ်ပြီး အမျိုးချစ်လွန်နေသူတွေ ဘာသာရေးလူမျိုးရေးအစွန်းရောက်နေသူတွေ၊ NLD ပါတီဦးဆောင်တဲ့ အရပ်သားအစိုးရကို အပုပ်ချတိုက်ခိုက်လိုတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေဟာ သွေးဆူပြီး မခံချင်စိတ်နဲ့ ဖြစ်ဖြစ်၊ တမင်ရည်ရွယ်လို့ ဘဲဖြစ်ဖြစ်၊ အကြမ်းဖက်တာကို အကြမ်းဖက်နည်းနဲ့ မဆင်မခြင်တုံ့ ပြန်ဖို့  ခြေထိုးလှုံ့ဆော်နေကြတာ အင်တာနက်ပေါ်မှာ ပလူပျံနေတာပါဘဲ။ ဒါဟာ ပြသနာတွေကို ဖြေရှင်းရာမှာ ပိုမိုရှုပ်ထွေးခက်ခဲစေပြီး မလိုလားအပ်တဲ့ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှု့တွေကို မြန်မာနိုင်ငံရဲ့တခြားဒေသတွေကိုပါ ကူးစက် ဦးတည်သွားစေနိုင်တယ်။

နိုင်ငံတကာမိသားစုအမြင်တွေမှာလည်း လူနည်းစုအပေါ် လူများစုက ဝိုင်းအနိုင်ကျင့်နေသယောင်ဖြစ်အောင်တွန်းအားပေးသလိုဖြစ်နေပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု့တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးခရီးစဉ်ကို အဟန့်အတားပြုနေတဲ့သူတွေရဲ့ ရည်ရွယ်ချက်တွေကို မီးမောင်းထိုးပြနေပါတယ်။

ဒီဘင်ဂါလီ အကြမ်းဖက်မှု့ကို လှေကြုံစီးပြီး ပြည်သူတင်မြောက်တဲ့အစိုးရကို အထင်လွဲအောင် မြန်မာနိုင်ငံ ထဲက တခြားအစ္စလာမ်ဘာသာဝင်တွေကိုပါ ရောယောင်မုန်းတီးအောင် ခြေထိုးလှုံ့ဆော်နေလို့ အမုန်းတရားကို တိုက်ရိုက်ရော သွယ်ဝိုက်ပြီးတော့ရော ဖြန့်ဝေဖျက်ဆီးသလိုဖြစ်နေတာပါဘဲ။

တရားဥပဒေမစိုးမိုးခြင်းဆိုတဲ့ ရေသောက်မြစ်မကြီးကိုအခြေခံထားတဲ့ မြန်မာနိုင်ငံမှာ အရွက်တဖားဖားနဲ့ ကြီးထွားနေတဲ့ ပြဿနာအဆိပ်ပင်ကြီးအောက်မှာ ပြည်တွင်းစစ်၊ ဘင်ဂါလီခိုးဝင်၊ အကြမ်းဖက်မှု့၊ အနောက် စည်းရိုးမလုံခြုံမှု့၊ အရှေ့တံခါးမလုံမှု့၊ အဂတိတရားလိုက်စားမှု့ အစရှိတဲ့ ပြသနာအကိုင်းအခက်တွေ အားလုံးကို ခုတ်ဖြတ်ပစ်ယုံနဲ့ ပြဿနာအဆိပ်ပင်ကြီးကို မရှင်းလင်းနိုင်ပါဘူး။ ခုတ်ပစ်လည်း အတက်တွေ အညွှန့်အညောက်တွေထွက်လာမှာပါဘဲ။ မှန်ကန်တဲ့နည်းလမ်းနဲ့အမြစ်လှန်ရမှာပါ။ ခုတ်သင့်တဲ့ကိုင်းကိုခုတ် တူးသင့်တာကိုတူးပြီး ပြည်သူနဲ့အစိုးရ ဟန်ချက်ညီညီအလုပ်လုပ်ရင် ဘင်ဂါလီရန်မကလို့စစ်အာဏာရှင် ဖြစ်ဖြစ်၊ ဘာရန်ဖြစ်ဖြစ် စနစ်တကျတွန်းလှန်နိုင်ပါတယ်။

အခုဖြစ်နေတာက တရားဥပဒေစိုးမိုးအောင် မလုပ်နိုင်လို့ အကြမ်းဖက်မှု့တွေများပြားနေရသလို့ အဲ့ဒီအကြမ်းဖက်မှု့တွေကိုလည်း ထိထိရောက်ရောက် မနှိမ်နင်းနိုင်ဘူးဖြစ်နေတာပါ။ ပြည်သူတွေ အသိတရားရှိရှိ ပူးပေါင်းဆောင်ရွက်မှု့မရှိတဲ့ ဘယ်ကိစ္စမျိုးမဆို အောင်မြင်စရာအကြောင်းမရှိပါဘူး။

ညီအကိုချင်းသတ်ခိုင်းတဲ့စစ်ကို စစ်မိန့်ပေးနေတာတွေရပ်ပါ။ တပ်မတော်စစ်သားတွေသေသေ KIA တပ်သားတွေသေသေ အားလုံး မြန်မာနိုင်ငံသားတွေပါ။ စစ်ဖြစ်တဲ့ဒေသက အကြမ်းဖက်ခံ တိုင်းရင်းသားတွေလည်း မြန်မာပြည်သားတွေ၊ ကချင်တွေသေသေ မြန်မာစစ်သားသေသေ ရခိုင်တွေသေသေ ဒါဟာ နိုင်ငံအတွက်ဆုံးရှုံးမှု့။ စစ်ဖြစ်နေလို့ ခံရတာကို ထည့်မတွက်ကြေး၊ လစ်လျူရှု့ရမယ် ဆိုရင် အကြမ်းဖက်မှု့ကို အားပေးရာရောက်သလို ဖိနှိပ်သူဖက်က ရပ်တည်ရာရောက်တယ်။

တိရိစ္ဆာန်တောင်သူ့ အိမ်ဖျက်တာမကြိုက်ဘူး၊ ရခိုင်၊ ကချင်၊ ကရင်၊ ရှမ်း၊ မွန်၊ ကယား၊ ချင်း၊ မြန်မာ တိုင်းရင်းသားအားလုံးရဲ့ အိုးအိမ်တွေ ပြည်တွင်းစစ်ကြီးအောက်မှာ၊ အကြမ်းဖက်မှု့တွေအောက်မှာ အဖျက်အဆီးခံနေရတာ နှစ်ပေါင်း ၇၀ နီးပါးရှိနေပြီဆိုတော့ ကိုယ်ချင်းစာကြည့်ပါ။

တချို့တိုင်းရင်းသားဒေသတွေဆို အဖျက်အဆီးခံရတာ တကြိမ်တောင်မဟုတ်ပါဘူး အကြိမ်ကြိမ်အခါခါ အဖျက်ခံရတဲ့အပြင် အခုဆို ကိုယ်မွေးရပ်မြေမှာကိုယ်နေထိုင်ရှင်သန်ခွင့်တောင်မရရှာကြပါဘူး။ ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့ နှစ်ပေါင်း ၇၀ နီးပါးမှာ အပြစ်မဲ့တဲ့ မြန်မာနိုင်ငံသား ဘယ်နှစ်ယောက်လောက်သေပြီး ပြီထင်ပါသလဲ ... ? မြန်မာနိုင်ငံသား ဘယ်နှစ်ယောက် ခြေပြတ်လက်ပြတ်ဖြစ်ပြီးဘ၀ဆုံး လူညွှန့် တုံးဖြစ်ခဲ့ ရပြီးပြီ ထင်ပါသလဲ ? တိုင်းရင်းသူအမငယ်၊ နှမငယ်ဘယ်နှစ်ယောက်လောက် မုဒိမ်းကျင့်ခံရပြီး ပန်းကောင်း အညွှန့် ချိုးခံခဲ့ရပြီးပြီ ထင်ပါသလဲ? အဲ့ဒီတိုင်းရင်းသားတွေရင်ထဲက ဒေါသမီးတောက်တွေ၊နာကျည်းမှု့တွေ ကို ငြိမ်းချမ်းရေးအမြန်ဆုံးရအောင်ယူပြီး ကုစားပေးဖို့ အလွန်အရေးကြီးလှပါတယ်။

ဖိနှိပ်သူ၊ အနိုင်ကျင့်သူ၊ အကြမ်းဖက်သူဆိုတာ အာဏာပိုင်၊ လုပ်ငန်းရှင် ဘင်ဂါလီ၊ လက်နက်ကိုင်စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စသည်ဖြင့် ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ ဘယ်သူဘဲဖြစ်ဖြစ် အကြမ်းဖက်အနိုင်ကျင့်သူဆိုရင် ပြည်သူပြည်သားအားလုံးက ဆန့်ကျင်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဖြစ်ပျက်နေသမျှ အကြမ်းဖက်မှု့၊ အနိုင်ကျင့်မှု့၊ အကျင့်ပျက်ချစားမှု့၊ လာဘ်ပေးလာဘ်ယူမှု့၊ အနိဌာရုံအဝဝ ပြဿနာပေါင်းစုံအမွှမွှအားလုံးရဲ့မူလဘူတအရင်းခံအကြောင်းတရားဟာအဂတိတရား ၄ ပါး ကို အခြေခံရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်။ ဒီပြသနာအရင်းအမြစ်ဖြစ်တဲ့ အခွင့်ထူးခံ ၂၀၀၈ ဖွဲ့စည်းပုံပြင်မှသာ ပြဿနာသောင်းခြောက်ထောင်ကိုထိထိရောက်ရောက် ချေမှုန်း နိုင်မှာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီစနစ်နဲ့ အညီ ပြင်ဆင်နိုင်ရင်... ငြိမ်းချမ်းရေုးမြန်မြန်ရမယ်။ ငြိမ်းချမ်းရေးရရင် နိုင်ငံသားအားလုံးစည်းစည်းလုံးလုံးနဲ့ လက်နက်အားကိုး ဗိုလ်ကျမှု၊ အကြမ်းဖက်မှု၊ အကျင့်ပျက်ခြစားမှု့၊ ဘင်ဂါလီကိစ္စ၊ အနောက်တံခါးမလုံခြုံမှု့၊ အရှေ့ တံခါး မလုံခြုံမှု့ စတဲ့ ရှိရှိသမျှ မြန်မာနိုင်ငံရဲ့ ပြသနာအဝဝကို စနစ်တကျ ထိထိရောက်ရောက်ဖြေရှင်းနိုင်တယ်။ ပင်မအရင်းခံအကြောင်းတရားကို (Root Cause) ရှင်းနိုင်ရင် အကိုင်းအခက်ပြသနာတွေ အလွယ်တကူရှင်း လို့ရပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဟာ ပြဿနာအားလုံးရဲ့အဖြေဖြစ်ပါတယ်။

အချုပ်အားဖြင့်ရေးရရင် တရားဥပဒေမစိုးမိုးခြင်းရေသောက်မြစ်မကြီးဟာ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဆို တဲ့ ဖုန်းဆိုးမြေကြီးထဲက ထွက်လာတာပါဘဲ။ အဲ့ဒီဖုန်းဆိုးမြေကြီးကို ရွှေသီးတဲ့မြေကြီးဖြစ်အောင် ပြုပြင်နိုင် မယ်ဆိုရင် အဆိပ်ပင်ပေါက်လာရင်တောင် မသန်စွမ်းနိုင်သလို အလွယ်တကူတူးထုတ်ရှင်းပစ်လို့ရပါတယ်။

ဒါကြောင့်မို့ အကြမ်းဖက်မှု့၊ ဗိုလ်ကျမှု့၊ မတရားမှု့တွေကို ရင်ဆိုင်ဖြေရှင်းရာမှာ ကိုင်းကိုလည်းဖြတ်၊ အမြစ်ကိုလည်းသတ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ လက်နက်နဲ့ အကြမ်းဖက်မှု့ အဖြေရှာတတ်သူတွေ ကိုရှေ့တန်းတင်အားထားပြီး ဟိုအကိုင်းလေးဖြတ်၊ ဒီအကိုင်းလေးချိုင်ပြသာလုပ်ပေမဲ့ ရေသောက် မြစ်မကြီးကို မတူးထုတ်ရင်တော့ ပြဿနာအညွှန့် အညှောင့်တွေ အကိုင်းအခက်တွေပြန်ပြန်ထွက်ပြီး မဆုံးနိုင်တဲ့အကြမ်းဖက်သံသရာကြီးထဲမှာ တ၀ဲလည်လည်နစ်မွန်းနေရတော့မှာပါ။ ဒါကြောင့်တိုင်းပြည် ငြိမ်းချမ်းရေးရအောင် ၂၀၀၈ ဖွဲ့ စည်းပုံကိုပြင်ဆင်လို့ ဗိုလ်ကျစိုးမိုးမှု့၊ ဖိနှိပ်အနိုင်ကျင့်မှု့၊ အကြမ်းဖက်မှု့ ကိုင်းတွေကိုလည်းဖြတ် အမြစ်ကိုလည်းသတ်ပါလို့ နိုင်ငံသားတိုင်းကို အလေးအနက်တိုက်တွန်းပါတယ်။


လေးစားစွာဖြင့်
(မင်းကောင်းချစ်)
အောက်တိုဘာလ ၁၅ ရက် ၂၀၁၆ ခုနှစ်




မြန်မာနိုင်ငံ၊ ဟူးကောင်းတောင်ကြားဒေသတွင် တွေ့ရှိခဲ့သည့် သက်တမ်း နှစ်သန်း ၁၀၀ ခန့်ရှိ ပယင်းကျောက်အတွင်း ပါဝင်သော အတောင်ပံမပါသည့် ကပ်ပါး နကျယ်ကောင် ရုပ်ကြွင်း၏ ခန္ဓာကိုယ် အစိတ်အပိုင်းများသည် အခြားအင်းဆက်ပိုးမျိုးစုံ၏ အစိတ်အပိုင်းများ ပေါင်းစပ်ထားပုံ ပေါ်သော်လည်း၊ ကမ္ဘာပေါ်တွင် လက်ရှိတွေ့ရှိဖူးသမျှ မည်သည့် အင်းဆက်မျိုးစုတွင်မှ ပါဝင်ခြင်းမရှိသည့် မျိုးစိတ်သစ် ဖြစ်သည်ဟု လေ့လာသူ သိပ္ပံပညာရှင်များက သတ်မှတ်ခဲ့သည်။

ထိုထူးဆန်းသည့် ကပ်ပါး နကျယ်ကောင်သည် သစ်ပင်များ၏ အောက်ခြေတွင် လှည့်ပတ်ကျက်စားခဲ့ဖွယ်ရှိသည်။ ထိုထူးခြားသည့် ကပ်ပါး နကျယ်ကောင်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရုရှား၊ အင်္ဂလန်နှင့် အမေရိကန် ပညာရှင်များ စုပေါင်းလေ့လာကာ Cretaceous သုတေသနဂျာနယ်တွင် ဖော်ပြသည်။

အော်ရီဂွန်တက္ကသိုလ်၊ သိပ္ပံကောလိပ်မှ ဂုဏ်ထူးဆောင် ပါမောက္ခ ဂျော့ပွိုင်နာက “ဒီအင်းဆက်ပိုးကို ပထမဆုံး မြင်တွေ့ချိန်တုန်းက ဘာဆိုတာ မတွေးတတ်ခဲ့ပါဘူး။ သူ့ရဲ့ သန်မာတဲ့ နောက်ခြေထောက်တွေက နှံကောင်နဲ့ တူပါတယ်။ အာရုံခံဦးမှင်က ပုရွက်ဆိတ်နဲ့ တူပါတယ်” ဟု ပြောကြားခဲ့သည်။ ယခုတွေ့ရှိထားသည့် ကပ်ပါးနကျယ်ရုပ်ကြွင်းမှာ အမဖြစ်ပြီး အလွန်ကောင်းမွန်ပြည့်စုံသည့် အခြေအနေတွင် ရှိနေသည်ဟု ဆိုသည်။

ကချင်ပြည်နယ် ဟူးကောင်းတောင်ကြားဒေသမှ ထွက်ရှိသည့် ပယင်းကျောက်များမှ ကြောရိုးမဲ့ ပိုးကောင်မျိုးစု ၂၅၂ ခု တွေ့ရှိခဲ့ပြီး ခရီတာရှက်ခေတ် (လွန်ခဲ့သော နှစ် ၆၅ သန်းခန့်မှ ၁၄၅ သန်းခန့်အထိ) မှ ပယင်းရုပ်ကြွင်းများ အများဆုံးတွေ့ရှိရသည့် ဒေသတစ်ခုဖြစ်သည်။

KHTun
The Ladies News


ထိုင်းနိုင်ငံဘုရင်မင်မြတ် ဘူမိဘော သေဆုံးကြောင်း ထိုင်းဘုရင်နန်းတော်မှ ကြေညာခဲ့နောက် ည ၉ နာရီခန့်မှာ အိမ်ရှေ့မင်းသားဖြစ် တဲ့ အသက် ၆၄ နှစ်အရွယ် သားတော် မဟာဗဂျီရာလောင်ကွန်းဟာ ထိုင်းဘုရင် ဘူမိဘော၏ အရိုက်အရာကို ဆက်ခံမယ့်သူဖြစ်ကြောင်း ထိုင်းနိုင်ငံ လွှတ်တော်ကြေညာခဲ့သည်။

ထိုနေ့ညက အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဘုရင်မင်းမြတ် နတ်ရွာစံကြောင်း တော်ဝင်မိသားစုရေးရာ ဗျူရို၏ ထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့ပြီး လွှတ်တော် တက်ရောက်သူတွေက ကိုးမိနစ်ကြာ တိတ်ဆိတ်ခဲ့ကြသည်။

ထိုအခမ်းအနား၏ နောက်တစ်ဆင့်မှာ ၂၀၀၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အိမ်ရှေ့စံကို ဘုရင်အသစ်ဖြစ်လာစေဖို့ လွှတ်တော်ဥက္ကဋ္ဌက အိမ်ရှေ့စံကို ထီးနန်းအရိုက်အရာ ဆက်ခံပေးဖို့ ဖိတ်ကြားပြီး ဘုရင်အဖြစ် အတည်ပြုကြေညာပေးမှာ ဖြစ်သည်။

သို့သော် ကြည့်ရှုနေသည့် ပြည်သူများ အံ့အားသင့်သွားစေသည်က ပါလီမန်အနေဖြင့် ဘုရင်အသစ် ရွေးချယ်သည့် ကိစ္စနှင့်ပတ်သက်ပြီး တော်ဝင်ဈာပန အခမ်းအနားပြီးမှသာ ပြုလုပ်မည်ဖြစ်ကြောင်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။

အိမ်ရှေ့စံမင်း ၀ဇီရာလောဝ်ကွန်းအား ဖခင်ဖြစ်သူက ၄င်း၏ အရိုက်အရာ ဆက်ခံဖို့ ၁၉၇၂ ခုနှစ်ကတည်းက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရာဇကုမ္မာရ ဘွဲ့တော်ရရှိထားသော အသက် ၆၄ နှစ် အရွယ်ရှိသည့် အိမ်ရှေ့စံဘုရင့်သားတော်မှ ၀န်ကြီးချုပ်၏ လျှောက်ထားမှုကို လက်ခံ ပါကြောင်း၊ ယခုအချိန်တွင် ဖခမည်းတော်အတွက် တိုင်းသူပြည်သားများ နှင့်အတူ ၀မ်းနည်း ပူဆွေးနေသောကာလ ဖြစ်ပါသဖြင့် ထိုကာလ ကျော်လွန်ပြီးမှသာ တည်ဆဲဥပဒေများ အတိုင်း ဆောင်ရွက်စေလိုကြောင်း မိန့်တော်မူသည်ဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ကဆိုသည်။

နန်းတက်ပွဲ စီစဉ်ရန်အတွက် လွှတ်တော်ကို တင်သွင်းမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်က တိုင်းပြည်သို့ မိန့်ခွန်းပြောရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ၀န်ကြီးချူပ် ပရာယွတ်က ထိုင်းနိုင်ငံအနေဖြင့် ၀မ်းနည်းခြင်း ကာလ တစ်နှစ်တာ ကျင်းပမည်ဖြစ်ပြီး ဈာပနာ အခမ်းအနားကျင်းပမည့် ရက်ပေါင်း ၃၀ ကာလအတွင်း ဖျော်ဖြေရေး အစီအစဉ်များကို လျော့ထားရန် ဆိုသည်။

စိုင်းဟန်

ထိုင်းနိုင်ငံဘုရင်မင်မြတ် ဘူမိဘော သေဆုံးကြောင်း ထိုင်းဘုရင်နန်းတော်မှ ကြေညာခဲ့နောက် ည ၉ နာရီခန့်မှာ အိမ်ရှေ့မင်းသားဖြစ် တဲ့ အသက် ၆၄ နှစ်အရွယ် သားတော် မဟာဗဂျီရာလောင်ကွန်းဟာ ထိုင်းဘုရင် ဘူမိဘော၏ အရိုက်အရာကို ဆက်ခံမယ့်သူဖြစ်ကြောင်း ထိုင်းနိုင်ငံ လွှတ်တော်ကြေညာခဲ့သည်။

ထိုနေ့ညက အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဘုရင်မင်းမြတ် နတ်ရွာစံကြောင်း တော်ဝင်မိသားစုရေးရာ ဗျူရို၏ ထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့ပြီး လွှတ်တော် တက်ရောက်သူတွေက ကိုးမိနစ်ကြာ တိတ်ဆိတ်ခဲ့ကြသည်။

ထိုအခမ်းအနား၏ နောက်တစ်ဆင့်မှာ ၂၀၀၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အိမ်ရှေ့စံကို ဘုရင်အသစ်ဖြစ်လာစေဖို့ လွှတ်တော်ဥက္ကဋ္ဌက အိမ်ရှေ့စံကို ထီးနန်းအရိုက်အရာ ဆက်ခံပေးဖို့ ဖိတ်ကြားပြီး ဘုရင်အဖြစ် အတည်ပြုကြေညာပေးမှာ ဖြစ်သည်။

သို့သော် ကြည့်ရှုနေသည့် ပြည်သူများ အံ့အားသင့်သွားစေသည်က ပါလီမန်အနေဖြင့် ဘုရင်အသစ် ရွေးချယ်သည့် ကိစ္စနှင့်ပတ်သက်ပြီး တော်ဝင်ဈာပန အခမ်းအနားပြီးမှသာ ပြုလုပ်မည်ဖြစ်ကြောင်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။

အိမ်ရှေ့စံမင်း ၀ဇီရာလောဝ်ကွန်းအား ဖခင်ဖြစ်သူက ၄င်း၏ အရိုက်အရာ ဆက်ခံဖို့ ၁၉၇၂ ခုနှစ်ကတည်းက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရာဇကုမ္မာရ ဘွဲ့တော်ရရှိထားသော အသက် ၆၄ နှစ် အရွယ်ရှိသည့် အိမ်ရှေ့စံဘုရင့်သားတော်မှ ၀န်ကြီးချုပ်၏ လျှောက်ထားမှုကို လက်ခံ ပါကြောင်း၊ ယခုအချိန်တွင် ဖခမည်းတော်အတွက် တိုင်းသူပြည်သားများ နှင့်အတူ ၀မ်းနည်း ပူဆွေးနေသောကာလ ဖြစ်ပါသဖြင့် ထိုကာလ ကျော်လွန်ပြီးမှသာ တည်ဆဲဥပဒေများ အတိုင်း ဆောင်ရွက်စေလိုကြောင်း မိန့်တော်မူသည်ဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ကဆိုသည်။

နန်းတက်ပွဲ စီစဉ်ရန်အတွက် လွှတ်တော်ကို တင်သွင်းမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်က တိုင်းပြည်သို့ မိန့်ခွန်းပြောရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ၀န်ကြီးချူပ် ပရာယွတ်က ထိုင်းနိုင်ငံအနေဖြင့် ၀မ်းနည်းခြင်း ကာလ တစ်နှစ်တာ ကျင်းပမည်ဖြစ်ပြီး ဈာပနာ အခမ်းအနားကျင်းပမည့် ရက်ပေါင်း ၃၀ ကာလအတွင်း ဖျော်ဖြေရေး အစီအစဉ်များကို လျော့ထားရန် ဆိုသည်။

စိုင်းဟန်
The Ladies News


အီရတ် Mosul ပြန်လည်သိမ်းယူဖို့ စစ်ဆင်ရေးစတင်
အီရတ် Mosul ပြန်လည်သိမ်းယူဖို့ စစ်ဆင်ရေးစတင်
အီရတ်နိုင်ငံ မြောက်ပိုင်း မိုးဆူးလ်မြို့ကို IS စစ်သွေးကြွတွေ လက်ထဲကနေ ပြန်လည် သိမ်းယူနိုင်ဖို့အတွက် အီရတ်အစိုးရတပ်ဖွဲ့တွေဟာ အချိန်အတော်ကြာ ပြင်ဆင်လာခဲ့တဲ့ မြေပြင် ထိုးစစ်ဆင်မှုတွေ စတင်နေတာနဲ့အမျှ ကနဦးအဆင့် အောင်မြင်မှုတွေ ရနေတဲ့အကြောင်း ကာ့ လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

ဒေသစံတော်ချိန် မနက် ၆ နာရီကစလို့ IS စစ်သွေးကြွတွေလက်ထဲက စတုရန်း ကီလိုမီတာ ၂၀၀ လောက်ကို ပြန်လည် သိမ်းပိုက်ထားနိုင်ပြီလို့ ကာ့ သမ္မတ Masoud Barzani က ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဆီးရီးယားနိုင်ငံမှာ Aleppo မြို့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေမျိုး မဖြစ်ရလေအောင် သူတို့ တပ်ဖွဲ့တွေ အကောင်းဆုံး ကြိုးစားနေတယ်လို့လည်း ဆိုပြီး မိုဆူးလ်မြို့ လွတ်မြောက်ရစေမယ်လို့ Barzani က ပြောပါတယ်။

အခု စစ်ဆင်မှုဟာ အမေရိကန် တိုက်ခိုက်ရေးတပ်ဖွဲ့တွေ အီရတ်ကနေ ထွက်ခွာခဲ့တဲ့ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကစလို့ အကြီးမားဆုံး စစ်ဆင်မှု ဖြစ်သလို၊ ဒေသတွင်းက အရပ်သား ထောင်ပေါင်းများစွာရဲ့ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်စရာအခြေအနေတွေ တိုးလာနေပါတယ်။

အခု စစ်ဆင်ရေးမှာ ကာ့ဒ် လက်နက်ကိုင်အဖွဲ့တွေ၊ ဖက်ဒရယ်အစိုးရ ရဲတပ်ဖွဲ့တွေ၊ ဆူနီ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ၊ Shi’ite ပြည်သူ့စစ်တပ်ဖွဲ့တွေ၊ လေကြောင်း တိုက်ခိုက်မှုတွေအပြင် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ IS စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့တွေရဲ့ ကူညီတိုက်ခိုက်မှုတွေလည်း ပါဝင်ပါတယ်။

အမေရိကန် အစိုးရ အရာရှိတွေကတော့ IS ချေမှုန်းရေး လှုပ်ရှားမှုမှာ အခုစစ်ဆင်ရေးဟာ အရေးပါတဲ့အကြောင်းနဲ့ မိုဆူးလ်မြို့ကို ပြန်လည် သိမ်းယူနိုင်ဖို့ သီတင်းပတ် တွေနဲ့ချီ ဒါမှမဟုတ် ဒီထက်ပိုပြီး ကြာမြင့်နိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။
VOA Burmese News


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဦးဇော်ဝင်းကို အောက်တိုဘာလ ၁၇ ရက်နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဦးဇော်ဝင်းကို အောက်တိုဘာလ ၁၇ ရက်နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Win Naung Toe/ RFA
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့် ရဲကင်းစခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အကြမ်းဖက် သမား ၂၉ ဦးကို ဖမ်းဆီးရ မိထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဦးဇော်ဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း မောင်တောမြို့နယ်ကို သွားရောက်လေ့လာခဲ့တဲ့ အခြေအနေတွေကို ပြည်ထောင်စုဝန်ကြီးတွေက ဒီနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ရှင်းလင်းပွဲ ကျင်းပရာမှာ ရဲချုပ်ဦးဇော်ဝင်းက ဖမ်းမိထားတဲ့ အကြမ်းဖက်သမားတွေကို စစ်တွေနဲ့ မောင်တောအကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားတယ်လို့ ပြောခဲ့တာဖြစ် ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက အကြမ်းဖက်တိုက်ခိုက်မှုနဲ့ နယ်မြေရှင်းလင်းရေးဆောင် ရွက်ရာမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် တပ်မတော်က ၅ ဦး နဲ့ ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့တယ် လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်တိုက်ခိုက်သူတွေထဲက အယောက် ၃၀ ကို အသေဖမ်းဆီးရမိတယ်လို့လည်း ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြောပါတယ်။

အဲဒီအကြမ်းဖက်မှုနဲ့ ပတ်သက်သူတွေကို တရားဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူမှာဖြစ်ပြီး ပြည်တွင်း ဥပဒေတွေ၊ နိုင်ငံတကာဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။

အခုချိန်မှာ မောင်တောမြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ရောက်ရှိနေပြီး မောင်တောဒေသ နယ်ခြားစောင့် တပ်ဖွဲ့ ရဲမှူးချူပ် မောင်မောင်ခင်ကို တာဝန်ကနေ ဖယ်ရှားလိုက်ပြီး အဲဒီနေရာမှာ ရဲမှူးချူပ် သူရစန်းလွင်ကို အစားထိုးခန့်အပ်လိုက်တယ်လို့လည်း ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲကို ပြည်ထဲရေး၊ နယ်စပ်ရေး၊ နိုင်ငံခြားရေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာန တာဝန်ရှိသူတွေ တက်ရောက်ရှင်းလင်းခဲ့တာဖြစ် ပါတယ်။
RFA


ဂိုအာ အောက်တိုဘာ ၁၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် တို့သည် ယမန်နေ့ ဒေသစံတော်ချိန် ည ၁၀ နာရီ မိနစ် ၄၀ တွင် ဂိုအာမြို့ရှိ Hotel Leela ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ သြဂုတ်လအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဆွေးနွေး သဘောတူညီခဲ့သည်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ အဆင့်အသီးသီးတွင် ချစ်ကြည်ရေးခရီးစဉ်များအပြန်အလှန်စေလွှတ်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး အတွက် ဆွေးနွေးညှိနှိုင်းမှုများစတင်ရေးနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရေးတို့ကို ရင်းနှီးစွာဆွေးနွေးကြသည်။


ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင် ပြည်နယ် မြောက်ပိုင်း ဒေသ နောက်ဆုံးဖြစ်ရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ တရုတ်သမ္မတ ရှီကျင့်ဖျင် က ကောင်းစွာ နားလည်သဘောပေါက်ကြောင်းနှင့် အပြုသဘော ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တရုတ်သမ္မတနှင့်အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပါတီဗဟိုကော်မတီ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင်နှင့် မူဝါဒရေးရာ သုတေသန ရုံး အကြီးအကဲ MR.Wang Huning ၊ ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ပါတီအတွင်းရေးမှူးရုံးအဖွဲ့ဝင် MR. Li Zhanshu ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင် MR. Yang Jiechi နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ တက်ရောက်ကြသည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor


    ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့အနီး အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှုတွင် ၁၅.၁၀.၂၀၁၆ရက်နေ့မှ ၁၇.၁၀.၂၀၁၆ ရက်နေ့၊ နံနက်၁၁း၀၀ အချိန်အထိ ခရီးသည် ၁၅၅ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၂၈ဦး၏ ရုပ်အလောင်းများအား ဆယ်ယူနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးအားဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

လက်ရှိကယ်ဆယ်ရေးလုပ်ငန်းများလိုက်ပါဆောင်ရွက်လျက်ရှိသည့် ကနီမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူဗိုလ်ကြီးထိန်လင်းက “ နစ်မြုပ်သွားတဲ့ မော်တော်ကတော့ တွေ့ပြီ။ ဒါပေမယ့်ဆယ်လို့မရသေးဘူး။ အဲ့ဒီ့ဘက်ကရေစီးလည်းသန်တယ်။ လက်ရှိမှာ ပျောက်ဆုံးနေသူ ၈၀ ဦးခန့်ရှိနိုင်တယ် ။ ရုပ်အလောင်းတွေကတော့ ဆက်ပြီးရှာဖွေတွေ့ရှိနေပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

အဆိုပါရေယာဉ်နစ်မြုပ်မှုအား ဥပဒေနှင့် အညီအရေးယူသွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပြောကြားခဲ့ကြောင်း ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဆင်ဟွာကို ပြောသည်။ ဦးထွန်းထွန်းဝင်းက “ရေယာဉ်နစ်မြုပ်ရတာက မတန်တဆဝိတ်တွေ တင်လို့ပါ။ ဒီကိစ္စ နဲ့ ပတ်သက်လို့ ကျွန်တော့်အနေနဲ့ ပို့ဆောင်ရေး ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေး ကော်မတီ ကိုလည်း တင်ပြသွားမယ်’’ ဟုပြောသည်။ လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများ မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်’’ ဟုပြောသည်။

ယခုကဲ့သို့ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားခြင်းမရှိရန် လိုအပ်သည့်  ပြင်ဆင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရှောင်တခင်စစ်ဆေးမှုများအားလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း တင်ပြသွားမည် ဟု ဦးထွန်းထွန်းဝင်းကဆိုသည်။ ချင်းတွင်းမြစ်ရိုးတလျှောက်တွင် ရေယာဉ်တိမ်းမှောက်မှု ၂နှစ်အတွင်းတွင် ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ၊ အကြောင်းအရင်းများမှာ ရေယာဉ်စည်းကမ်းလိုက်နာမှု အားနည်း၍ ဖြစ်ရခြင်းဖြစ်ကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com


နယူးဒေလီ အောက်တိုဘာ ၁၇

BIMSTEC Retreat အစည်းအဝေးနှင့် BRICS and BIMSTEC Leader´s Outreach Summit အစည်းအဝေးသို့တက်ရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အိန္ဒိယနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်ရန် ယနေ့ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ ဂိုအာမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာရာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် နယူးဒေလီမြို့သို့ ရောက်ရှိသည်။


ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် အိန္ဒိယသမ္မတအိမ်တော် Rashtrapati Bhavan Guest house သို့ ရောက်ရှိကြသည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor



( နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ရစဉ် )Photo: Win Ko Ko Latt/ RFA
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ လာမယ့် အောက်တိုဘာလ ၂၂ ရက်နေ့မှာ ဒုတိယအကြိမ် တွေ့ဆုံကြမှာဖြစ်ပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ အစိုးရရဲ့ စီးပွားရေးမူဝါဒတွေကို ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

အစိုးရကထုတ်ပြန်ထားတဲ့ စီးပွားရေးမူဝါဒတွေထဲမှာ ပွင့်လင်းမြင်သာတဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ နိုင်ငံသားတိုင်း စီးပွားရေးလုပ်ဆောင်ရာမှာ လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်၊ မူပိုင်ခွင့်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု၊ နိုင်ငံပိုင်လုပ်ငန်းတွေကို ပိုမိုအောင်မြင်အောင် လုပ်ဆောင်သွားဖို့ တို့ ပါဝင်ပါတယ်။

ဒါ့အပြင် အလုပ်အကိုင်အခွင့်အလမ်း များတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာလတိုအတွင်း ပိုမိုဦးစားပေးဆောင်ရွက်ဖို့၊ မျှတတဲ့ အခွန်စနစ်ကို ဖော်ဆောင်ဖို့၊ အခြေခံအဆောက်အအုံ အလျင်အမြန်ဖွံ့ဖြိုးအောင် လုပ်ဆောင်ဖို့တို့လည်း ပါဝင်ပါတယ်။

အစိုးရရဲ့ စီးပွားရေးမူဝါဒတွေထဲမှာ ငွေကြေးကဏ္ဍအတွက် အရေးပါတဲ့ ဗဟိုဘဏ်နဲ့ ပတ်သက်တဲ့ မူဝါဒတွေ မပါဝင်ခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေက ဝေဖန်ခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese



( အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်မှုကြောင့် သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေကို အောက်တိုဘာလ ၁၇ ရက်နေ့က ထပ်မံဆယ်ယူ ရရှိထားစဉ် ) Photo: Myanmar Fire Services Department/ Facebook
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာအနီးမှာ အောင်စိုးမိုးကျော်အမြန်ရေယာဉ် နစ်မြုပ်မှုကြောင့် သေဆုံးနေတဲ့ ရုပ်အလောင်း ၂၀ ကျော်ကို ဒီနေ့ ထပ်မံဆယ်ယူရရှိထားတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

ကနီမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ များတယ်လို့ ပြောပါတယ်။

"ဒီနေ့ ဖြစ်တဲ့နေရာက လေးလောင်း အခုလောလောဆယ်တွေ့တယ်။ ကနီမှာ ၁၁ လောင်း၊ မုံရွာမှာ ၅ လောင်း၊ ချောင်းဦးဘက်မှာ ၁ လောင်း အဲဒါဒီနေ့တွေ့ထားတဲ့ စာရင်းအရပေါ့နော်။ စုစုပေါင်း ၂၇ လောင်း ပေါ့။ အထူးသဖြင့်တော့ အမျိုးသမီးတွေပဲဖြစ်တယ်။ ယောင်္ကျားလေးအလောင်းက ၁ လောင်း ပဲ တွေ့သေးတယ်။ ကျန်တာကတော့ အမျိုးသမီးနဲ့ ကလေး နှစ်ယောက်ပါတယ်။အသက် ၂၀ နဲ့ ၃၀ ကြား အမျိုးသမီးလေးတွေပါ။" လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

ရေယာဉ်စတင်နစ်မြုပ်တဲ့နေမှာ အလောင်း ၅ လောင်း၊ အောက်တိုဘာလ ၁၆ ရက်နေ့ မနေ့က အလောင်း ၂ လောင်းနဲ့ ဒီနေ့မှာ ၂၁ လောင်း ဆယ်ယူရရှိခဲ့တာပါ။

အလောင်းတွေကို ကနီမြို့နယ်အနီးက ကျွန်းငယ်တစ်ခုမှာ စုထားပြီး သက်ဆိုင်ရာမိသားစုဝင်တွေကို တစ်ရက်စောင့်ဆိုင်းပြီးမှ သဂြိုလ်ဖို့ ပြင်ဆင်ထားပါတယ်။ သေဆုံးသူတွေရဲ့ လက်ဝတ်လက်စားတွေနဲ့ ရရှိတဲ့ အထောက်အထားပစ္စည်းတွေကို ရဲတပ်ဖွဲ့ဘက်က မှတ်တမ်းပြုစုနေတယ်လို့ ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော်ရေယာဉ်ကို ရေငုတ်သမားတွေက ဒီနေ့မနက်က ဆယ်ယူနေပေမယ့် ရေစီးသန်တာကြောင့် ညနေပိုင်းအထိ ဆယ်ယူလို့ မရသေးဘူးလို့လည်း ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese



(ပုံစာ- မောင်တောမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်) ဓာတ်ပုံ_AFP
ဒေသခံတိုင်းရင်းသားများအနေဖြင့် နေရပ်စွန့်ခွာခြင်း မပြုလုပ်ရန်နှင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက အစွမ်းကုန် ကာကွယ်မည်ဖြစ်ကြောင်း မောင်တောမြို့နယ်သို့ ရောက်ရှိနေသည့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ယနေ့ (အောက်တိုဘာလ ၁၇ရက်)တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ဒေသခံ တိုင်းရင်းသား နယ်မြေကို စွန့်ခွာသွားပါက အခြားသူများက ၀င်ရောက်နေထိုင်သွားမည်ကို စိုးရိမ်ရကြောင်း ၎င်းက ဆိုသည်။

“ဒီမှာရှိတဲ့ တိုင်းရင်းသားတွေ ဆက်နေပါ။ ငါတို့ ကာကွယ်ပေးမယ်။ ငါတို့ရဲတွေက ကာကွယ်ပေးမယ်။ တပ်မတော်က ကာကွယ်ပေးမယ်။ တတ်နိုင်သမျှ ဒီနယ်မြေကနေ စွန့်ခွာမသွားဖို့ ပြောချင်တယ်။ ငါကိုယ်တိုင် ဆင်းမယ်။ ခုလည်း ရွာတွေကို ဆင်းနေတယ်။”ဟု ၎င်းက ဆိုသည်။

၎င်းကိုယ်တိုင် တိုက်ခိုက်ခံရသည့် နေရာများသို့ သွားရောက်မည်ဖြစ်ပြီး ပထမဦးဆုံး တိုက်ခိုက်ခံရသည့် ကျီးကန်းပြင်ဌာနချုပ်တွင်ပါ ကွပ်ကဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပါသွားသော လက်နက်များကြောင့် ထိခိုက်လောက်သည့် အခြေအနေမရှိသော်လည်း လက်နက်များကို မရရအောင် ပြန်လည်ရယူမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“သူတို့ဆီ ပါသွားတယ်ဆိုတာ တချို့ သေနတ်ပါသွားတယ်။ တချို့ ကျည်မပါသွားဘူး။ တချို့ ကျည်ပါသွားတယ်။ အဲဒီသေနတ်တော့ မပါသွားဘူး။ အဲဒီတော့ သူတို့မှာ ရသွားတာ အကျိုးအမြတ် ဖြစ်တာ တစ်ခုမှ မရှိဘူး။ သို့သော်လည်း ဒီလက်နက်တွေ မရလို့တော့ မဖြစ်ဘူး”ဟု ၎င်းက ဆိုသည်။

သဇင်လှိုင်
SKY Land News & Entertainment Media
https://www.facebook.com/skyland.news/


မျက်ရည်စီးသောမြစ်ကြောင်းထဲက တစ်နေ့တာ လူမှုကူညီရေး ပရဟိတ လုပ်ငန်းများ ...

မုံရွာ၊ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်ရှိ ချင်းတွင်းမြစ်ဘေး မြို့နယ်များတွင် အောက်တိုဘာ ၁၇ ရက်မနက် မိုးလင်းသည်မှစတင်၍ မြစ်ကြောင်းအတွင်းစီးမျှောလာသော ရုပ်အလောင်းများကို လူသားချင်းစာနာစွာဖြင့် ကောင်းမွန်စွာ ဆယ်ယူပေးပြီးနောက် သေဆုံးသူ၏ မိသားစုဝင်များ လွယ်လင့်တကူ ရွေးချယ် သဂြိုလ်နိုင်ရန် လူမှုကူညီရေး အသင်းအဖွဲ့များနှင့် သက်ဆိုင်ရာမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


အဆိုပါ ရုပ်အလောင်းများသည် အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီခန့်က ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ ခုတ်မောင်းပြေးဆွဲလာသည့် ခရီးသည်တင် အမြန်ရေယာဉ် တစ်စီး တိမ်းမှောက်နစ်မြုတ်ရာတွင် စီးနင်းလိုက်ပါကြသော ခရီးသည်များ၏ ရုပ်အလောင်းများဖြစ်ကြသည်။


ရေယာဉ်တိမ်းမှောက်သည့်နေ့ရက်က ကနီမြို့နယ်၊ ကင်းကျေးရွာနှင့် မိကျောင်းတွင်းကျေူးရွာအကြား ဆယ်ယူနိုင်ခဲ့သည့် ရုပ်အလောင်း(၄)လောင်း၊ ယနေ့မနက်တွင် ကနီမြို့ ဖောင်ဆိပ်ကမ်းအနီးနေရာတွင် ဆယ်ယူထားသည့် ရုပ်အလောင်း(၁၁)လောင်း၊ မုံရွာမြို့နယ်တွင် ဆယ်ယူရရှိသည့် ရုပ်အလောင်း(၅)လောင်း၊ ချောင်းဦးမြို့နယ် အမြင့်ကျေးရွာအနီးတွင် ဆယ်ယူရရှိသည့် ရုပ်အလောင်း(၉)လောင်းနှင့် ပတ်သက်၍ ခရီးသွားသေဆုံးသူများ၏ မိသားစုများမှ အချိန်မီလာရောက်ကြသော်လည်း အချို့သော ရုပ်အလောင်းများမှာ ကိုင်တွယ်ရန်ပင် ခက်ခဲနေတော့သည်။ ထို့ကြောင့် နီးစပ်ရာသုသန်များတွင် အာဂန္တုအသုဘအဖြစ် သဂြိုလ်လိုက်ကြရသည်။

အဆိုပါ ရေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသွားခဲ့ကြသော ခရီးသည်များအနက် အသက်ရှင်လျက် ကယ်ဆယ်နိုင်လိုက်သူများ စာရင်းတွင် ပါဝင်ခြင်းမရှိသော မိသားစုများမှာ ရုပ်အလောင်းများ ပေါ်ရာအရပ်ဒေသများသို့ ကူးလူးခေါက်ပြန်သွားလာနေကြရသည်။ အဆိုပါ ရုပ်အလောင်းများမှာ သီတင်းကျွတ်ရာသီမှာ နေရပ်ပြန်၍ မိဘဆရာများအား ကန်တော့ရန်ရည်ရွယ်လျက် စီးနင်းလိုက်ပါခဲ့ကြသည့် ခရီးသည်များ၏ ရုပ်အလောင်းများဖြစ်ကြသည်။ ထို့ကြောင့် ကျန်ရစ်သူ မိသားစုများသည်
မဆည်နိုင်တော့သည့် မျက်ရည်များမှာ အောက်တိုဘာ ၁၇ ရက်အဖို့ ချင်းတွင်းမြစ်အတွင်းသို့ စီးဆင်းသွားသည်ကို မြင်တွေ့ရတော့သည်။

ထိုသို့သော အသက်ပေါင်းများစွာ သေကြေ၍ ပစ္စည်းဥစ္စာပေါင်းများစွာ ဆုံးရှုံးရခြင်းသည် တာဝန်ရှိသူများ တာဝန်မဲ့မှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များသာလျင်ဖြစ်ကြောင်း တင်ပြလိုက်ရတော့သည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/kotoe.chindween.9



VOA သတင်းဌာနမှ မေးမြန်းမှု
ရခိုင်ပြည်နယ် မောင်တောမြို့မှာ နယ်ခြားစောင့်ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ပြီး နောက်ဆက်တွဲအဖြစ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းတဲ့နေရာမှာ တရားဥပဒေနဲ့အညီဆောင်ရွက်နေတယ်ဆိုပြီးတော့ မကြာသေးခင်ကပဲ ပဋိပက္ခဖြစ်ရာဒေသကို ရောက်သွားခဲ့တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့က ပြောဆိုလိုက်တာဖြစ်ပါတယ်။

“နိုင်ငံတကာနဲ့လည်း ဆက်စပ် ပတ်သက်နေတာ ရှိတဲ့အတွက်ကြောင့် နိုင်ငံတကာထုံးတမ်း အစဉ်အလာများ၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဖြေရှင်းဆောင်ရွက်နိုင်ဖို့လိုအပ်ကြောင်းတင်ပြပြောဆိုပါတယ်။ပြစ်မှု ကျူးလွန်တဲ့သူများကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ် ဆိုတဲ့အကြောင်း ပြောပါတယ်။ သို့သော် ဥပဒေချိုးဖောက်တဲ့သူများကိုသာ ဖော်ထုတ်ပြီးဥပဒေအရ ထိရောက်စွာ ဆောင်ရွက်မှာ ဖြစ်ပြီး ဥပဒေချိုးဖောက်ခြင်း မရှိတဲ့သူများ စိုးရိမ်ရန် မလိုတဲ့အကြောင်းကိုလည်း အလေးအနက် ပြောပါတယ်။ ပြစ်မှုကျူးလွန်တဲ့လူတွေကို အရေးယူဆောင်ရွက်တဲ့နေရာမှာလည်းပဲ ဥပဒေနဲ့အညီ သာ ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကို အလေးအနက်ထားပြီး ပြောဆိုပါတယ်။”

ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာပဲ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားခဲ့တဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကတော့ အင်အားအလွန်အကျွံသုံးဆောင်ရွက်တာမရှိတဲ့အကြောင်းကို ပြောဆိုသွားခဲ့တာပါ။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးမှုတွေအတွင်းမှာလည်း အစိုးရတပ်ဖွဲ့ဝင်တွေရော ၊ တိုက်ခိုက်သူတွေပါ ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို လက်ရဖမ်းဆီးမှုတွေလည်း ရှိပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဖမ်းဆီးပြီး ပြန်ပို့ခဲ့တဲ့ သံသယရှိသူ ၂ ယောက်အပါအ၀င် စုစုပေါင်းဖမ်းဆီးခံရသူ ၂၉ ယောက်ကိုလည်း ဥပဒေအရ စစ်ဆေးနေပါတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲချုပ်ဇော်ဝင်းကပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ ပြည်ပက အကြမ်းဖက်သမားတွေ ဆက်နွယ်ပတ်သက်နေတဲ့အတွက်လည်း သက်ဆိုင်ရာနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် စတဲ့နိုင်ငံတွေနဲ့ ဆက်သွယ်ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့  အတွင်းဝန် ဦးကျော်ဇေယျကပြောပါတယ်။

“ပါကစ္စတန်သံအမတ်ကြီးနဲ့လည်း ကိုယ်တိုင်ပဲ တွေ့ပြီးတော့ ဒီကိစ္စ တွေကို ပေးထားပါတယ်။ ဒီဖြစ်ရပ်ကို ကျူးလွန်တယ်ဆိုတဲ့ ခေါင်းဆောင်တွေ၊ နာမည်တွေ ဒါတွေဟာ ဆိုလို့ရှိရင် တကယ်တမ်းကျတော့ မြန်မာလိုပိုင်းတွေ ပါမယ်။ စာလုံးလေးတွေ ဥပမာ- မိုဟာမက် ဒါတွေက တကယ့်ကို သူတို့ဆီမှာ common name သဘောမျိုး ဖြစ်နေပါတယ်။ အားလုံး ဘုံသုံးတဲ့ လူတွေပေါ့။ အဲတော့ ဒီလိုမျိုး ခိုင်ခိုင်မာမာ အချက်အလက်၊ သတင်းမရှိဘဲနဲ့ သူတို့အနေနဲ့ တိတိကျကျ အရေးယူဖို့ ခက်တယ်။ သို့သော် လည်းပဲ ကျွန်တော်တို့ကနေပြီးတော့ မြန်မာနိုင်ငံအစိုးရက နေပြီးတော့ မှ ပန်ကြားချက်ကို သူတို့အနေနဲ့ ကောင်းကောင်း ဒီသတင်းအချက်အလက်ကို လက်ခံရရှိတယ်။လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုအားလုံးကို သူတို့ စိစစ်ပေးမယ်ဆိုတဲ့ အပိုင်း ။ ဒါက သူတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ်။ အလားတူပဲ ဒီသတင်းထဲမှာ ကျွန်တော်တို့ ထုတ်ပြန်တဲ့ သတင်းထဲမှာ ဆိုရင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် ၊ ဆော်ဒီ ၊ ကျွန်တော်တို့ သံတမန်ရေးရာ နည်းလမ်းသုံးပြီးတော့မှ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှု အားလုံးကို တောင်းဆိုထားပါတယ်။”

မောင်တောမြို့မှာ ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စိုးရိမ်မကင်းသံတွေ ထွက်ပေါ်နေချိန်မှာပဲ အခုလိုအစိုးရတာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲတခု ကျင်းပပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ကိုအောင်လွင်ဦး  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ရခိုင်ဂေဇက်၊ အောက်တိုဘာ ၁၇၊

မောင်တောခရိုင်အတွင်းလုံခြုံရေးအရ စိုးရိမ်မှုကြောင့် စစ်တွေမြို့သို့ပြောင်းရွှေ့လာသည့်ဒုက္ခသည် ၇၅၇ ဦးရှိ ကြောင်း သတင်းရရှိသည်။

မောင်တောခရိုင်တွင်အောက်တိုဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့သော နယ်ခြားစောင့်စခန်းများအား အကြမ်း ဖက်တိုက်ခိုက်မှုများကြောင့် ဒေသတွင်းလုံခြုံမှုမရှိသေးသဖြင့် ဒေသခံအချို့မှာ စစ်တွေမြို့သို့ပြောင်းရွှေ့လာကြပြီး စစ်တွေတွင် စခန်း(၄)ခု၌ ယာယီခိုလှုံနေကြကြောင်း စစ်တွေမြို့ နယ်အုပ်ချုပ်ရေးမှူးဦးထွန်းနိုင်ဝင်းကပြောသည်။

"ဒုက္ခသည်အရေအတွက်ကတော့ ၇၅၇ ဦးရှိပါတယ်၊စခန်းလေးခုပေါ့၊ သူတို့ကိုတစ်နေရာတည်းမှာထားဖို့ အတွက် ဒီမနက်က ဘဲအစိုးရအဖွဲ့ရုံးမှာအစည်းအဝေးလုပ်ပါတယ်၊ သူတို့ကို ဓညဝတီ ဘော်လုံးကွင်းမှာ ထားဖို့ အတွက် အခု ယာယီတဲတွေဆောက်လုပ်ဖို့စီစဉ်နေပါတယ်"ဟု ဦးထွန်းနိုင်ဝင်းကပြောသည်။

စစ်တွေမြို့သို့ပြောင်းရွှေ့လာသည့်ဒုက္ခသည်များမှာ စခန်း၎ခုတွင်ယာယီခုံနေရပြီးး စစ်တွေမြို့ စက်ရုံစုရပ် ကွက်ရှိ ရတနာ့ဗိမာန်ကျောင်းတွင် ၂၇၄ ဦး၊ ပညာလင်္ကာရကျောင်းတွင် ၁၇၃ ဦး၊ ယတြာကျောင်း တွင် ၁၈၂ ဦး ၊ဓမ္မာ ရာမကျောင်းတွင် ၁၂၈ ဦးစုစုပေါင်း ၇၅ဦး ရှိကြောင်းသိရှိရသည်။

ပြောင်းရွှေ့လာသူအများစုမှာ တောင်ပြိုမြို့နယ်နှင့်မောင်တောမြို့နယ်တို့မှဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားသည့်နေရာများနှင့်နီးစပ်သည့်ကျေးရွာများမှဖြစ်ပြီး သက်ကြီးရွယ်အိုများ၊ မိခင်နှင့် ကလေးများပါဝင် ကြသည်။

စစ်တွေမြို့သို့ပြောင်းရွှေ့လာသည့် ဒုက္ခသည်များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် လူမှု အဖွဲ့အစည်းနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒုက္ခ သည်များအား တစ်နေရာတည်းတွင် တစ်စု တစ်ဝေးထားရှိရန်နှင့် ကူညီပံ့ပို့မှုများပြုလုပ်ရန် စီစဉ်ဆောင်ရွက်သွားမည်ဟု ဆွေးနွေးပွဲတွင်ပြောဆိုခဲ့သည်။
အလားတူဘူးသီးတောင်မြို့တွင်လည်း ဒုက္ခသည်များခိုလုံလျှက်ရှိကြသည်။

Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/


ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းက အကြမ်းဖက်မှုတွေကြောင့် လူမှုအသိုင်းအ၀ိုင်း အတွင်း သက်ရောက်မှု ရှိလာမယ့် အပေါ် စိုးရိမ်ချက်နဲ့ အနီးကပ် စောင့်ကြည့်နေသလို ဖမ်းဆီးထိန်းသိမ်းခံရသူတွေနဲ့ တွေ့ဆုံနိုင်ရေး အတွက်လည်း အဆင်သင့် ရှိတယ်လို့ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC က ပြောဆိုလိုက်ပါတယ်။ မောင်တောမြို့နယ် အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ပြီး လူပေါင်း ၃၀ နီးပါးကို မြန်မာ အစိုးရက ဖမ်းဆီး စစ်ဆေးနေတဲ့ အချိန်မှာဘဲ ICRC က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း ပြီးခဲ့တဲ့ သတင်းပတ်က စခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒေသတွင်းက လူမှု အသိုင်းအ၀ိုင်း အားလုံး အတွက် စိုးရိမ်မကင်း ဖြစ်ရတယ်လို့ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC ကပြောဆိုလိုက်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို တွေ့ဆုံနိုင်ဖို့လည်း အဆင်သင့် ရှိနေတဲ့ အကြောင်း ICRC မြန်မာရုံးရဲ့ Communication Coordinator Jean-Yves Clemenzo က ဗွီအိုအေကို ပြောပါတယ်။

“ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေကြောင့် ထိခိုက်လာနိုင်ခြေရှိသူ အားလုံးအတွက် အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံတွင်းက ဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့ ပတ်သက်ပြီး ICRC ဘက်က လုပ်ဆောင်ဖူးတာတွေ ရှိပါတယ်။ ဒါ့အပြင် တခြား ဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့ ထောင်တွင်း အခြေအနေတွေကို စောင့်ကြည့်နိုင်ဖို့ အတွက် မြန်မာနိုင်ငံတွင်းက အကျဉ်းထောင်တွေကို သွားရောက်ဖို့ အတွက် အဆင်သင့် ရှိနေပါတယ်။ ဒါပေမယ့် အစိုးရနဲ့ ညှိနှိုင်းမှုတွေကတော့ ကန့်သတ် အဆင့်မှာ ထားတာကြောင့် ထုတ်ဖော် ပြောဆိုလို့တော့ မရပါဘူး။”

မောင်တောမြို့နယ် အတွင်း သတင်း ၂ ပတ်နီးပါး ရှိလာပြီ ဖြစ်တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပြီး မြန်မာ အစိုးရက လူ ၃၀ နီးပါးကို ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်။ ဖမ်းဆီးထားသူတွေကို နှိပ်စက်ညှဉ်းပန်းမှု မရှိဘဲ တရားဥပဒေနဲ့ အညီ စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြည်ထဲရေး ၀န်ကြီးက ပြောဆိုခဲ့သလို ICRC တို့လို အဖွဲ့အစည်းတွေ အနေနဲ့ ဒီထိန်းသိမ်းခံရသူတွေကို တွေ့ဆုံမယ်ဆိုရင်လည်း ကြိုဆိုတယ်လို့လည်း ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်း လုံခြုံရေး စိုးရိမ်ချက်ကြောင့် နေရပ်ရင်းတွေကနေ စွန့်ခွာ ထွက်ပြေးနေကြရသူတွေ အရေးနဲ့ ပတ်သက်ပြီးလည်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အကြောင်း ICRC မြန်မာရုံးရဲ့ Communication Coordinator Jean-Yves Clemenzo က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ အနေနဲ့တော့ ရခိုင်ပြည်နယ်တွင်းက လူမှု အသိုင်းအ၀ိုင်း အားလုံးအတွက် စိုးရိမ်ပါတယ်။ ဒီအခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်နေပါတယ်။ ဒါ့အပြင် မြန်မာ ကြက်ခြေနီ အသင်းနဲ့လည်း နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ကျနော်တို့ရဲ့ အဓိက မိတ်ဖက် ဖြစ်တဲ့ မြန်မာ့ ကြက်ခြေနီ အသင်းကလည်း အခြေအနေကို စောင့်ကြည့်နေပါတယ်။ သူတို့ အနေနဲ့ ကျနော်တို့ရဲ့ အထောက်အပံ့ကို လိုအပ်ရင် ကျနော်တို့ သွားနိုင်ဖို့ အတွက်လည်း အဆင်သင့် ရှိနေပါတယ်။”

မောင်တောမြို့နယ်တွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေကတော့ သတင်း ၂ ပတ်နီးပါး ကြာမြင့်လာပြီး ဖြစ်ပြီး နယ်မြေတွင်းမှာ စိတ်ချလက်ချ တည်ငြိမ်မှုတော့ မရှိသေးပါဘူး။ မောင်တောမြို့နယ်တွင်းက နယ်ခြားစောင့် ရဲတပ်စခန်း ၃ ခုတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး မောင်တော နယ်ခြားစောင့် တပ်ဖွဲ့ ရဲမှူးချုပ် မောင်မောင်ခင် နေရာမှာ ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်ကို အစားထိုးလိုက်ပါတယ်။ ဒါ့အပြင် နယ်ခြားစောင့် စခန်းသုံးခု တိုက်ခိုက်ခံရမှု အတွင်း အကြမ်းဖက် သမားတွေ ရယူသွားခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ လက်နက်တွေကို ပြန်လည် ရရှိတဲ့ အထိ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းရှာဖွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြည်ထဲရေး ၀န်ကြီးက မောင်တောမြို့မှာ သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

 မသိင်္ဂီထိုက်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



BRICS ထိပ်သီးညီလာခံ တက်ရောက်လာသောနိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို အိန္ဒိယ ၀န်ကြီးချုပ် ကြိုဆို (Ministry of Foreign Affairs Myanmar )
ပုံစံမျိုးစုံရှိနေတဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒ မှန်သမျှ ညီညီညွတ်ညွတ်နဲ့ အတူတကွတိုက်ဖျက်ဖို့ ဒေသတွင်း ခေါင်းဆောင်တွေအပါအ၀င် ရုရှား၊ တရုတ်၊ တောင်အာဖရိကနဲ့ ဘရာဇီးနိုင်ငံ ခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မနေ့ တနင်္ဂနွေနေ့က စတင်ကျင်းပနေတဲ့ ကမ္ဘာ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံအုပ်စုတွေရဲ့ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်နေတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

အိန္ဒိယနိုင်ငံ Goa မြို့မှာ မနေ့က စတင်ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံအုပ်စု တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ နိုင်ငံတကာအတွက် အဓိကပြဿနာဖြစ်နေတဲ့ အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတွေ တိုက်ဖျက်ရေးကိစ္စ အဓိကအချက်တခုအဖြစ် ထည့်သွင်းဆွေးနွေး ခဲ့ပါတယ်။

အကြမ်းဖက်ဝါဒဟာ ပါကစ္စတန်နိုင်ငံက လက်သက်မွေးထားတဲ့အိမ်မွေးခြံပေါက် ဖြစ်လာခဲ့တယ်လို့ အိန္ဒိယ ၀န်ကြီးချုပ် Narendra Modi က အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားသွားပါတယ်။

“နိုင်ငံတနိုင်ငံက လွဲလို့ တောင်အာရှ ဒေသအပါအ၀င် BIMSTEC နဲ့ နိုင်ငံအားလုံးဟာ သူတို့ ပြည်သူတွေအတွက် ငြိမ်းချမ်းရေး၊ ဖွံဖြိုးရေးနဲ့ စီးပွားရေးအရ ချမ်းသာကြွဝရေး လမ်းကြောင်းကို ဦးတည်လုပ်ဆောင်နေကြပါတယ်။ ကံမကောင်းစွာပဲ အကြမ်းဖက်ဝါဒအမှောင်ထုရှိနေတဲ့ အိန္ဒိယနဲ့ အိမ်နီးချင်းဖြစ်နေတဲ့ နိုင်ငံမှာ အကြမ်းဖက်ဝါဒဟာ အဲဒီနိုင်ငံရဲ့ လက်သက်မွေးထားတဲ့ ကလေးငယ်တဦးလို ဖြစ်လာခဲ့ပါတယ်။”

ဒါအပြင် ပါကစ္စတန်နိုင်ငံဟာ အစွန်းရောက် အကြမ်းဖက်တဲ့နိုင်ငံဖြစ်သလို၊ အကြမ်းဖက်သမားတွေကို အားပေးနေတဲ့ နိုင်ငံဖြစ်တယ်လို့ Mr. Modi က အစည်းအဝေးမှာ စွပ်စွဲပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့အတူ အစွန်းရောက်အကြမ်းဖက်မှုကို တိုက်ဖျက်သွားမှာဖြစ်တယ်လို့ အစည်းအဝေးကို တက်ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါအပြင် ပုံစံမျိုးစုံ၊ သရုပ်သကန်မျိုးစုံရှိနေတဲ့ အကြမ်းဖက်တဲ့ အစွန်းရောက်ဝါဒကို ညီညီညွတ်ညွတ် ၀ိုင်းဝန်းတိုက်ဖျက်ဖို့ အစည်းအဝေးတက်ရောက်လာတဲ့ နိုင်ငံတကာ ထိပ်သီးခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည်က အခုလိုတိုက်တွန်းသွားပါတယ်။

“ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေး ဆိုင်ရာ သဘောထားသေးသိမ်မှုတွေနဲ့ ဆက်နွယ်နေတဲ့ ပုံစံမျိုးစုံ၊ သရုပ်သဏ္ဍန်မျိုးစုံးရှိနေတဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒကို ဆန့်ကျင်တိုက်ဖျက်ဖို့ ကျမတို့အားလုံးတညီတညွတ်တည်း ရပ်တည်ကြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ တဆက်တည်းပြောချင်တာက မကြာသေးခင်ကပဲ Uri မြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွက် အိန္ဒိယပြည်သူတွေနဲ့အတူ ထပ်တူထပ်မျှ ကိုယ်ချင်းစာနာမိကြောင်း ကျမ ပြောကြားလိုပါတယ်။”

ဒါဟာ မြန်မာနိုင်ငံမှာ အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့ အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ အရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖေါ်ပြောဆိုလိုက်တာလို့မြင်ကြောင်း အိန္ဒိယ-မြန်မာနှစ်နိုင်ငံဆက်ဆံရေး လေ့လာသုံးသပ်နေသူ ဒေါက်တာတင့်ဆွေကပြောပါတယ်။

“ဒီ အိန္ဒိယ ၀န်ကြီးချုပ် Narendra Modi ကထောက်ပြသလိုပေါ့လေ ဒီဒေသတွင်းအကြမ်းဖျက်မဥဟာ ပါကစ္စတန်နိုင်ငံက အခြေခံတယ်ဆိုတာက သူတို့ သက်သေအထောက်အထားတွေနဲ့လည်းရှိပါတယ်။ အထူးသဖြင့် တာလီဘန်ပေါ့။ ဒီမြန်မာပြည်ကို အခုတိုက်ခိုက်တဲ့လူတွေကလည်း ပါကစ္စတန်ကိုသွားပြီးတော့ အနည်းဆုံး ၆ လ လောက် သင်တန်းတက်တယ်ဆိုတဲ့ သတင်းတွေထုတ်ပြန်ထားတာဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကိစ္စမှာ အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို မြန်မာနိုင်ငံအကျိုးစီးပွားအတွက် ပြောဆိုတာလို့ မြင်ပါတယ်။”

ဒီအစည်းအဝေးမတိုင်ခင် ပြီးခဲ့တဲ့သတင်းပတ်က မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ် နယ်စပ် လုံခြုံရေးစခန်းတချို့ကို Aqa Mul Mujahidin အကြမ်းဖက်အဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် (၉)ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ Aqa Mul Mujahidin အဖွဲ့မှာ အကြမ်းဖက်သမားအင်အား ၄၀၀ ခန့်ရှိပြီး ခေါင်းဆောင် ဟာဗစ်တူဟာရ် ဟာ ပါကစ္စတန်နိုင်ငံ သွားပြီး အကြမ်းဖက်တိုက်ခိုက်ရေး သင်တန်း (၆)လ တက်ခဲ့သူဖြစ်တယ်လို့ မြန်မာအစိုးရဘက်က ပြောဆိုထားပါတယ်။

အခု အိန္ဒိယနိုင်ငံမှာကျင်းပနေတဲ့ အစည်းအဝေးကို စီးပွားရေးအလျှင်အမြန်တိုးတက်နေတဲ့အုပ်စုလို့ အမည်ပေးထားတဲ့ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက စတဲ့ ၅ နိုင်ငံတွေပါဝင်တဲ့ BRICS အဖွဲ့နဲ့ မြန်မာနိုင်ငံပါဝင်တဲ့ BIMSTEC လို့ခေါ်တဲ့ ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံနည်း ပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံတွေ ပထမဆုံးအကြိမ် ပူးတွဲပြု လုပ်တာဖြစ်ပါတယ်။ ဆွေးနွေးမယ့်အကြောင်းအရာတွေထဲမှာ ဒေသတွင်း စီးပွားရေးတိုးတက်ဖွံဖြိုးရေး၊ ကုန်သွယ်ရေး၊ နည်းပညာ စတဲ့ ကိစ္စရပ်တွေအပါအ၀င် နိုင်ငံတကာအကြမ်းဖက်မှု တိုက်ဖျက်ရေးလည်း ပါဝင်ပါတယ်။

ထိပ်သီးအစည်းအဝေးကိုတက်ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ အစည်းအဝေးပြင်ပ နိုင်ငံအလိုက် သီးသန့်တွေ့ဆုံမှုတွေရှိနေပြီး မနေ့က တရုတ်သမ္မတ ရှီကျင့်ပင်၊ သီရိလင်္ကာ သမ္မတ Maithripala Sirisena တို့နဲ့ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အစည်းအဝေးအပြီးမှာတော့ နယူးဒေလီမြို့တော်ကို သွားရောက်ပြီး အိန္ဒိယ ၀န်ကြီးချုပ် Narendra Modi နဲ့ နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်တွေကို သီးခြားတွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယ ခရီးစဉ်ဟာ အောက်တိုဘာလ (၁၆)ရက်နေ့ကနေ (၁၉)ရက်နေ့ထိ လေးရက်ကြာမြင့်မှာဖြစ်ပါတယ်။

  အင်ကြင်းနိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



မယ်လ ဒုက္ခသည် စခန်းမှာ ကရင်တိုင်းရင်းသား ကလေးငယ်များ (ဓာတ်ပုံ- ရိုက်တာ) (Credit: Reuters) 
မြန်မာနိုင်ငံသား ​ဒုက္ခသည် ​အယောက် ​၃၀ ​ကို ​တောင်ကိုရီးယားနိုင်ငံက ​ထပ်မံလက်ခံဖို့ ​ရှိတယ်လို့ ​Korea ​Times ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ ​ဒုက္ခသည်များ ​အစီအစဉ်အရ ​ထိုင်းနိုင်ငံလို ​ဒုတိယ ​နိုင်ငံမှာ ​ခိုလှုံနေရတဲ့ ​ဒုက္ခသည်တွေကို ​တတိယနိုင်ငံမှာ ​အခြေချဖို့ ​ကိစ္စကို ​ကိုရီးယားက ​အရင်နှစ်ကတည်းက ​သဘောတူခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီလို ​ဒုက္ခသည်တွေကို ​အခြေချပေးမယ့် ​ကိစ္စကို ​တောင်ကိုရီးယား၊ ​ဂျပန်၊ ​သြစတြေးလျ၊ ​အမေရိကန် ​စတဲ့ ​နိုင်ငံပေါင်း ​၃၀က ​သဘောတူခဲ့ကြတာ ​ဖြစ်ပါတယ်။

တောင်ကိုရီးယား ​အစိုးရက ​အရင်နှစ်တုန်းက ​မြန်မာနိုင်ငံသား ​၂၂ ​ယောက်ကို ​ခေါ်ယူလက်ခံခဲ့ပြီး ​ဒီနှစ်မှာ ​အယောက် ​၃၀ ​လက်ခံဖို့ ​ရှိနေတာ ​ဖြစ်ပါတယ်။

ဂျပန်နဲ့ ​ကိုရီးယားနိုင်ငံဟာ ​အာရှနိုင်ငံတွေထဲမှာ ​ထိုင်းနိုင်ငံက ​မြန်မာဒုက္ခသည်တွေကို ​ပထမဆုံး ​လက်ခံတဲ့ ​နိုင်ငံတွေ ​ဖြစ်ပါတယ်။

သြစတြေးလျနဲ့ ​အမေရိကန်၊ ​ဖင်လန် ​စတဲ့ ​နိုင်ငံတွေကတော့ ​မလေးရှားနိုင်ငံ၊ ​ထိုင်းနိုင်ငံနဲ့ ​အိန္ဒိယနိုင်ငံက ​မြန်မာဒုက္ခသည် ​ထောင်နဲ့ချီကို ​နှစ်စဉ် ​လက်ခံနေတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


မုံရွာ၊ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကျောက္ကာလမ်းမကြီး၏ လမ်းဘေးဝဲယာရှိ သာသနိက နယ်မြေများပေါ်တွင် ညစဉ် ညတိုင်းလိုလို တက္ကသိုလ်ကျောင်းသား ကျောင်းသူစုံတွဲများမှာ ကျူကျော်ဝင်ရောက်၍ ညအိပ် ညနေ ချစ်တင်းနှောလာသဖြင့် မုံရွာနယ်မြေရဲစခန်း လှည့်ကင်းအဖွဲ့က လိုက်လံရှင်းလင်းနေရကြောင်း ရဲစခန်းမှူး ရဲအုပ် ရဲအောင်က အောက်တိုဘာ ၁၇ ရက် မနက် ၃ နာရီအချိန်က သတင်းထုတ်ပြန်လိုက်သည်။
‘’ အခုတော့ … အသိပညာပေးပြီး ၊ အဆောင်မှူး လက်ဝယ်နဲ့ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးတဲ့ အဆင့်မျိုးဘဲရှိပါတယ် .. နောက်ဆိုရင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅ နဲ့ အရေးယူဆောင်ရွက်သွားမှာပါ .. ” ..ဟု ရဲစခန်းမှူး ရဲအုပ် ရဲအောင်က ပြောသည်။


လွန်ခဲ့သော လအနည်းခန့်က မုံရွာမြို့နယ် ကျောက္ကာကျေးရွာအနီး ယာခင်းတောတစ်ကွက်အတွင်း ချစ်တင်းနှောနေသည့် တက္ကသိုလ်စုံတွဲ တစ်တွဲအား ချောင်းမြှောင်းကြည့်ရှု့သူ အုပ်စုဖွဲ့ လူငယ်တစ်စုက ၎င်းစုံတွဲအား ဓားထောက်ခြိမ်းခြောက်၍ ဆိုင်ကယ်၊ လက်စွပ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်များကို လုယူထွက်ပြေးခဲ့သည့် ဓားပြမှုဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့သည်။


ထို့ကြောင့် တက္ကသိုလ်စုံတွဲများ ညအချိန်မတော် အမှောင်ရိပ်ခို ချိန်းဆိုချစ်တင်းနှောမည်ဆိုပါက အုပ်စုဖွဲ့ လူရမ်းကားများ၏ လက်ချက်ကြောင့် မလိုလားအပ်သော လုယက်မှု၊ လူသတ်မှုများ အပြင် မုဒိန်းမှုများ ဖြစ်ပွားပေါ်ပေါက်လာနိုင်သဖြင့် မုံရွာနယ်မြေရဲစခန်း လှည့်ကင်းအဖွဲ့က ညစဉ်ညတိုင်းလိုလို ညအချိန် အမှောင်ရိပ်ခို၍ ချစ်တင်းနှောနေကြသည့် တက္ကသိုလ်စုံတွဲများအား လိုက်လံရှုင်းလင်းနေရခြင်းဖြစ်ကြောင်း သိရသည်။

သတင်းည + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween



Kelantan ပြည်နယ်က လူငယ်တစ်ဦး အစ္စလာမ်ဘာသာ သင်ကြားမှုအကြောင်း လေ့လာစဉ် (Credit: ABC) 
မလေးရှားနိုင်ငံက ​ပြည်နယ်တစ်ခုရဲ့ ​လွှတ်တော်မှာ ​တင်းကြပ်တဲ့ ​sharia ​ဥပဒေအကြောင်း ​ဆွေးနွေးဖို့ ​ရှိနေပြီး ​အဲဒီဥပဒေအပေါ် ​စိုးရိမ်မကင်းမှုတွေ ​ဖြစ်နေကြပါတယ်။

အဲဒီ ​ဥပဒေကြမ်းကို ​Kelantan ​ပြည်နယ်မှာ ​ဆွေးနွေးဖို့ ​ရှိနေပြီး ​ဝေဖန်သူတွေကတော့ ​hudud ​လို့ခေါ်တဲ့ ​ဥပဒေအရ ​ခိုးမှု ​ကျူးလွန်တဲ့ ​လူတွေကို ​ကြိမ်နဲ့ရိုက်တာတွေအပြင် ​ကိုယ်လက်အင်္ဂါ ​ဖြတ်တောက်လိုက်တဲ့အထိ ​အပြစ်ပေးနိုင်တဲ့အထိ ​ပြင်းထန်တဲ့ ​ဥပဒေ ​ဖြစ်တယ်လို့ ​ဝေဖန်နေကြပါတယ်။

Pan-Malaysian ​Islamic ​Party ​က ​အဲဒီ ​ဥပဒေကို ​အဆိုတင်သွင်းဖို့ ​ကြိုးစားနေတာ ​ဖြစ်ပြီး ​အစိုးရကလည်း ​ထောက်ခံမယ့် ​အရိတ်အရောင် ​ပြသခဲ့တာတွေ ​ရှိပါတယ်။

ဒါပေမဲ့ ​ပါတီငယ်တွေကတော့ ​အဲဒီဥပဒေကြမ်းကို ​ဆန့်ကျင်နေကြပါတယ်။

Kalantan ​ပြည်နယ်မှာ ​အစ္စလာမ်ဘာသာကို ​သက်ဝင်ယုံကြည်သူတွေ ​များပြားပြီး ​တင်းကြပ်တဲ့ ​ဘာသာရေး ​ဥပဒေကို ​ကျင့်သုံးလေ့ရှိတယ်လို့လည်း ​သိရပါတယ်။

ဆိုင်တွေမှာဆိုရင် ​အမျိုးသား၊ ​အမျိုးသမီး ​သီးသန့်စီ ​တန်းစီရသလို ​အမျိုးသမီးတွေအနေနဲ့ ​ကိုယ့်ကိုကိုယ် ​ဖုံးကွယ်ထားသင့်တယ် ​ဆိုတဲ့ ​ဆိုင်းဘုတ်တွေကိုလည်း ​တွေ့ရတဲ့ ​ပြည်နယ် ​ဖြစ်ပါတယ်။

Pan-Malaysian ​Islamic ​party ​ရဲ့ ​ဥပဒေကြမ်းကို ​Sisters ​in ​Islam ​အဖွဲ့က ​ဆန့်ကျင်နေပြီး ​ဒီဥပဒေကြောင့် ​မတရားမှုတွေ ​ပိုဖြစ်စေနိုင်တယ်လို့ ​ဝေဖန်လိုက်ပါတယ်။

အစ္စလာမ်ဘာသာကို ​သက်ဝင်ကိုးကွယ်တဲ့ ​Kalantan ​ပြည်နယ်မှာ ​အဲလို ​တင်းကြပ်တဲ့ ​ဥပဒေကို ​ကျင့်သုံးဖြစ်ရင် ​ကွာလာလမ်ပူလို ​မြို့ကြီးတွေရှိရာ ​ပြည်နယ်တွေအထိ ​ပျံ့နှံ့လာမှာကိုလည်း ​တချို့က ​စိုးရိမ်နေကြပါတယ်။

မလေး ​တရုတ်လူမျိုးအသင်းနဲ့ ​မလေး ​အိန္ဒိယ ​ကွန်ဂရက်တွေကတော့ ​အဲဒီ ​ဥပဒေကို ​အတည်ပြုမယ်ဆိုရင် ​အစိုးရနဲ့ ​ထားရှိတဲ့ ​ညွှန့်ပေါင်းသဘောတူညီချက်ကို ​ဖျက်သိမ်းမယ်လို့ ​ပြောဆိုထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese



အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ ပြိုကျသွားသောကြိုးတံတားအား မပြိုကျခင်မြင်တွေ့ ရစဉ်(ဆင်ဟွာ)
    ဂျကာတာ ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်၌ အောက်တိုဘာလ ၁၆ ရက် ညပိုင်းက တံတားတစ်စင်း ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၉ ဦးသေဆုံးပြီး ၃၄ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်က ဆိုသည်။

အဆိုပါ ကြိုးတံတားပြိုကျမှုသည် ဒေသစံတော်ချိန် ည ၇ နာရီ ၃ဝ မိနစ်ခန့် တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊  Nusa Lembongan နှင့် Nusa Ceningan တို့ အကြား ဆက်သွယ်ထားပေးသည့် ၄င်းကြိုးတံတားသည် လူအများအပြား အုပ်စုလိုက်ဖြတ်သန်းသွားလာခြင်းကြောင့် ပြိုကျသွားခဲ့ရခြင်းဖြစ်ကြောင်း ဘာလီ ကျွန်း၏ ကယ်ဆယ်ရေး နှင့် ရှာဖွေရေးရုံး အကြီးအကဲ Didi Hanzar ကဆိုသည်။

“ ဘာသာရေးပွဲတော်ကာလအတွင်းမှာ တံတားပေါ်ကို လူတွေ ကားတွေ အများကြီး ဖြတ်သန်းသွားလာခဲ့တယ်။ ဒါကြောင့် တံတားကို ဆွဲထားတဲ့ ကြိုးတစ်ချောင်းပျက်ကျသွားခဲ့တယ်” ဟု ကျွန်းတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့ ဝင်များသည် တံတားအနီး တစ်ဝိုက်တွင် သေဆုံးသူများ နှင့် ဒဏ်ရာရသူများကို အရေးပေါ်ရှာဖွေကယ်ဆယ်နေကြောင်း ၊ အခြားသူများမှာ ရေထဲသို့ ပြုတ်ကျသွားဖွယ်ရာရှိကြောင်း Hanzar ကပြောသည်။

“ ညတုန်းကတော့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးကို အခက်အခဲတွေကြောင့် ရပ်ခဲ့ရတယ်။ တနင်္လာနေ့ မနက် ၅ မှ ပြန်စနေပါပြီ” ဟု ၄င်းကပြောသည်။

တံတားပြိုကျစဉ် လူအုပ်ကြီး နှင့် ဆိုင်ကယ်များသည် ရေထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။ ပျောက်ဆုံးနေသူဦးရေ အတိအကျကို ယခုအချိန်ထိ မသိရှိရသေးကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့် ခွဲမှုအေဂျင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် Sutopo Purwo nugroho က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ဒဏ်ရာရသူ အားလုံးကို နီးစပ်ရာဆေးရုံသို့ ပို့ ဆောင်ထားကြောင်း ၄င်းက ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com



အကြမ်းဖက် သမားတွေ အခိုင်အမာ တပ်စွဲထားလို့ လွယ်လွယ်နဲ့ အောင်မြင်မှု မရဘူးလို့ အေဘီစီ သတင်းထောက် ခန့်မှန်း (Credit: ABC licensed) 
အီရတ်နိုင်ငံ ​Mosul ​မြို့ကို ​IS ​အစ္စလာမ်မစ် ​အဖွဲ့ရဲ့ ​လက်ထဲကနေ ​ပြန်လည် ​ရရှိဖို့ ​အီရတ်အစိုးရက ​စတင် ​ထိုးစစ်ဆင် ​တိုက်ခိုက်နေပြီ ​ဖြစ်ပါတယ်။

အီရတ် ​လေတပ်က ​ဝေဟင်ကနေ ​Mosul ​မြို့ကို ​တိုက်ခိုက်တော့မယ့်အကြောင်း ​အဲဒီလို ​အခြေအနေကြောင့် ​IS ​အဖွဲ့ဝင်နား ​မနေကြဖို့၊ ​ပြည်သူတွေ ​မိမိနေအိမ်အတွင်းမှာပဲ ​နေထိုင်ကြဖို့ ​သတိပေးတဲ့ ​စာစောင်တွေကို ​ကျဲချပြီးတဲ့နောက် ​တိုက်ခိုက်မှုတွေ ​စတင်နေတာ ​ဖြစ်ပါတယ်။

Mosul ​မြို့ကို ​IS ​က ​လွန်ခဲ့တဲ့ ​၂ ​နှစ်ကျော် ​ကတည်းက ​သိမ်းပိုက်ထားတာ ​ဖြစ်ပါတယ်။

Mosul ​မြို့ကို ​အီရတ်စစ်သားတွေ ​ပြန်လည် ​သိမ်းပိုက်နိုင်ဖို့အတွက် ​သြစတြေးလျ ​စစ်သားတွေက ​အီရတ်စစ်သားတွေကို ​စစ်သင်တန်းတွေ ​ပေးတဲ့အထဲမှာ ​ပါဝင်တယ်လို့လည်း ​သြစတြေးလျ ​နိုင်ငံက ​စစ်အရာရှိဟောင်း ​တစ်ယောက်က ​ပြောပြပါတယ်။

အရင်တုန်းက ​အီရတ်စစ်သားတွေက ​ရန်သူကို ​မတိုက်ချင်လို့ ​ကျဆုံးမှုတွေ ​ဖြစ်ခဲ့ရပေမယ့် ​ဒီတချီမှာတော့ ​အီရတ်စစ်သားတွေအနေနဲ့ ​လိုအပ်တဲ့ ​စစ်လက်နက်တွေ၊ ​စစ်သင်တန်းတွေ ​ရရှိထားပြီး ​ပြန်လည် ​တိုက်ခိုက်မယ် ​ဆိုတဲ့ ​စိတ်ဓာတ်တွေ ​မွေးမြူလာကြတာကို ​တွေ့နေရတယ်လို့လည်း ​ပြောပြခဲ့ပါတယ်။

Mosul ​မြို့ဟာ ​အီရတ်နိုင်ငံရဲ့ ​ဒုတိယ ​အကြီးမားဆုံးမြို့ ​ဖြစ်တာကြောင့် ​ဒီလို ​ထိုးစစ်ဆင်မှုကနေ ​ဒုက္ခရောက်တဲ့ ​ပြည်သူတွေ ​များပြားမယ်လို့လည်း ​ကြိုတင်ခန့်မှန်းထားကြပါတယ်။

ကုလသမဂ္ဂကတော့ ​လူပေါင်း ​တစ်သန်းလောက် ​အိုးအိမ်မဲ့ ​ဖြစ်နိုင်တယ်လို့ ​ခန့်မှန်းထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese



 ကျောက်မဲ မြို့နယ် နယ်စပ် ကို အစိုးရ တပ်ဖွဲ့တွေ ဝင်ရောက်
ရှမ်းပြည်နယ်ထဲမှာ တအာင်းလက်နက်ကိုင် TNLA နဲ့ အစိုးရ စစ်တပ်ကြား နေ့တိုင်း နီးပါးလောက် တိုက်ပွဲတွေ ဖြစ်နေတာ သီတင်း တစ်ပတ်လောက် ရှိနေပြီလို့ ဒေသခံ လွှတ်တော် အမတ် တစ်ဦးက ပြောပါတယ်။

TNLA ရဲ့ ဌာနချုပ် ရှိနေတယ် လို့ ယူဆ ထားတဲ့ ပလောင် အုပ်ချုပ်ခွင့်ရ ဒေသနဲ့ ကျောက်မဲ မြို့နယ် နယ်စပ် ကို အစိုးရ တပ်ဖွဲ့တွေ ဝင်ရောက် ထိုးစစ် ဆင်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရှမ်းပြည်နယ် အတွင်း လက်နက်ကိုင် တိုက်ပွဲတွေ ရပ်တန့်ဖို့ ပြည်ထောင်စု လွှတ်တော်မှာရော ပြည်နယ် အဆင့် မှာပါ အဆိုတင်တာ ဆုံးဖြတ်တာတွေ ပြုလုပ် ခဲ့ပေမယ့် လက်တွေ့ မြေပြင်မှာ တိုက်ပွဲ တွေ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

အစိုးရ အနေနဲ့လည်း တိုက်ပွဲတွေ ရပ်တန့်အောင် မဆောင်ရွက် နိုင်ဖြစ်နေတယ်လို့ အဲဒီ့ လွှတ်တော် အမတ်က ဆိုပါတယ်။

လက်နက်ကိုင် တိုက်ပွဲတွေ အရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ စစ်တပ်အကြား လမ်းကြောင်း တစ်ခုထဲနဲ့ မချည်းကပ်နိုင် ဖြစ်နေပြီး ဟန်ချက် ပျက် နေတယ်လို့လည်း သူက ဝေဖန် သုံးသပ် ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese



 မောင်တောမှာ လုံခြုံရေး တင်းကြပ် ထားဆဲ ရှိနေ
ရခိုင်ပြည်နယ်ထဲမှာ မြန်မာ အစိုးရရဲ့ နယ်ခြားစောင့် စခန်းတွေကို ချိန်ကိုက် တိုက်ခိုက် ခဲ့တဲ့ အပေါ် ရှုတ်ချ ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဌာနက ထုတ်ပြန် ထားပါတယ်။

ကျူးလွန်ခဲ့သူတွေကို လက်ရ ဖမ်းပြီး ဥပဒေနဲ့ အညီ စီရင် နိုင်ဖို့ လိုအပ်တယ် ဆိုတဲ့ အချက် အပေါ်မှာလည်း အရေးတကြီး သဘော ထားကြောင်းလည်း အဲဒီ့ ထုတ်ပြန်ချက်ထဲ ရေးသား ထားပါတယ်။

တာဝန်သိတဲ့ အိမ်နီးနားချင်း နိုင်ငံတစ်ခု အနေနဲ့ ကျူးလွန်သူတွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး မလာနိုင်အောင် အောက်တိုဘာ ၁ဝရက်နေ့ အစောပိုင်းက စလို့ နယ်စပ်တလျှောက် လုံခြုံအောင် ပိတ်ဆို့ ပေးထားတယ် လို့လည်း ဆိုပါတယ်။

ဒါ့ကြောင့် အဲဒီ့နေ့ နေ့တွင်းချင်းမှာပဲ ရခိုင်ပြည်နယ်ဘက်က ပြေးလာတဲ့ မွတ်ဆလင်မ် နှစ်ဦးကို မြန်မာ အစိုးရ လက်ထဲ ပြန်လည် လွှဲပေး နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြ ထားပါတယ်။

နှစ်နိုင်ငံကြား အာဏာပိုင်တွေ အဆက်အသွယ် အဆက်မပြတ် ရှိနေပြီး မြန်မာ အစိုးရဘက်က တောင်းဆို သမျှ ဖြည့်ဆည်း ပေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ဆိုထားပါတယ်။

မူးယစ် ဆေးဝါးနဲ့ လူကုန်ကူးမှု က အစ ရာဇဝတ်မှုတွေနဲ့ အဓိကရုဏ်း မငြိမ်သက်မှု တွေက အစ သူပုန် ထမှုတွေကို အပြည့်အဝ ဖြေရှင်း နိုင်ဖို့ ဆိုရင် နှစ်နိုင်ငံကြား တိကျတဲ့ ဥပဒေ ဆိုင်ရာ မူဘောင်တွေ ချမှတ်ပြီး အဖွဲ့အစည်း တွေ အလိုက် ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ် နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ဘက်က သတိပေး ပြောကြားနေတာ ၂ နှစ်တာမျှ ရှိနေပြီ လို့လည်း ထုတ်ပြန် ချက်ထဲ ဆိုထား ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်က ပူးပေါင်း ဆောင်ရွက် မှုတွေ လုပ်ဆောင် နေတဲ့ အကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဌာနကလည်း ဘီဘီစီကို အတည်ပြု ပါတယ်။

ရခိုင် နယ်ခြားစောင့် စခန်းတွေ အစီးနင်း ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်က ဘင်္ဂလားဒေ့ရှ် သံအမတ် တင်မက ပါကစ္စတန်နဲ့ ဆော်ဒီ အာရေဗျ သံတမန်တွေကိုလည်း မြန်မာ အစိုးရက ခေါ်ယူ တွေ့ဆုံ ခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ရေးရာ ဆက်ဆံရေး ရုံးတွေ အပြန်အလှန် ထားရှိ ဖို့ အစီအစဉ် အထမြောက် အောင်မြင်ကာနီး နေပြီလို့ နိုင်ငံခြားရေး ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျ က ဘီဘီစီကို ပြောပါတယ်။

မောင်တောမြို့နယ် ထဲမှာတော့ လုံခြုံရေး တင်းကြပ် ထားဆဲ ဖြစ်ပြီး လမ်းသွား လမ်းလာတွေကို တားဆီး စစ်ဆေးတာတွေ ပြုလုပ် နေပါတယ်။

BBC Burmese
http://www.bbc.com/burmese