10/23/16


မုန်တိုင်း အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပုံ (MOI)
မုန်တိုင်း အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပုံ (MOI)

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ နောက်(၁၂)နာရီအတွင်း ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်တဲ့အတွက် အနီရောင်အဆင့်သတ်မှတ်လိုက်ပါတယ်။ မုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်း(မြစ်ဝကျွန်းပေါ်ဒေသ)အနီးကို ဦးတည်ရွေ့လျားနေပြီး ပြန်ကွေ့ပြီးတော့ မြောက် - အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမယ်လို့ မြန်မာစံတော်ချိန် ည ၇နာရီမှာ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ဖို့ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးတွေ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက မုန်တိုင်းသတိပေးချက်တွေ လိုက်လံနိုးဆော်နေပြီး မုန်တိုင်းလမ်းကြောင်းဒဏ်ကျရောက်နိုင်ခြေရှိတဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ မုန်တိုင်းကူညီကယ်ဆယ်ရေး ပြင်ဆင်ထားတာတွေနဲ့ပတ်သက်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက ဗွီအိုအေကိုပြောပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပေးပါမယ်။

အနီရောင်အဆင့်သတ်မှတ်လိုက်ပြီဖြစ်တဲ့ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ဖို့ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးတွေ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက လိုက်လံနိုးဆော်နေတဲ့ မုန်တိုင်းသတိပေးချက်တွေ၊ ဘေးကင်းရာကို ပြောင်းရွှေ့ကြဖို့ အမိန့်ပေးချက်တွေကို မပျက်မကွက်လိုက်နာကြဖို့နဲ့ ရေဒီယို၊ ရုပ်မြင်သံကြားစတဲ့ သတင်းဌာနတွေက စဉ်ဆက်မပြတ် ထုတ်ပြန်နေတဲ့ မုန်တိုင်းသတိပေးချက်တွေကို အချိန်နဲ့တပြေးညီ ကြည့်ရှု့နားစွင့်ထားကြဖို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အခုဆိုရင်တော့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ မုန်တိုင်းလမ်းကြောင်းဒဏ်ကျရောက်နိုင်ခြေရှိတဲ့ နေရာဒေသတွေမှာ မုန်တိုင်းသတိပေးချက်တွေကို လိုက်လံနိုးဆော်နေကြပြီဖြစ်ပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွန်ကြား မှုဦးစီးဌာနရဲ့ ည ၇နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းတွင် လတ်တလောဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး နောက် (၁၂) နာရီအတွင်းမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်ပါတယ်။ မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းတွေ ကျရောက်နိုင်ပြီး လှိုင်းကြီးမှာဖြစ်သလို မိုးသက်လေပြင်းကျရောက်တဲ့အချိန် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်တယ်လို့လည်း သတိပေးနိုးဆော်ထားပါတယ်။

မုန်တိုင်းလမ်းကြောင်းအရ မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်း မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ နီးကပ်နေပြီး မုန်တိုင်းကို အနီရောင်အဆင့် သတ်မှတ်ပြီး။ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ပါတယ်။ မုန်တိုင်းဘေးဒဏ်အထိခိုက်နိုင်ဆုံး ပြည်နယ်နဲ့တိုင်းတွေမှာ မုန်တိုင်းသတိပေးနိုးဆော်ချက်တွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားတဲ့အခြေအနေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလိုပြောပြပါတယ်။

“အခုကျနော်တို့ ပြည်နယ်နဲ့ တိုင်းကို အဓိကလုပ်ထားတာကတော့ ဧရာဝတီလုပ်ထားတယ်၊ ရခိုင်လုပ်ထားတယ်။ ဒီ ၂ ခုကိုတော့ ကျနော်တို့ ကျကျနန လုပ်ထားတယ်။ ရန်ကုန်ကိုလည်း ကျနော်တို့ ကျကျနန လုပ်ထားတယ်။ဧရာဝတီ၊ ရန်ကုန်၊ ရခိုင် ဒီမုန်တိုင်းနဲ့ ပတ်သက်ရင်တော့လေ အရေးအကြီးဆုံးသတင်းကတော့ ဒီသတင်းတွေကို မပြတ်မလပ် နားထောင်ဖို့ ၊ ဘယ်နှစ်နာရီမှာ ဘယ်ကိုဝင်မယ်ဆိုတာ ခန့်မှန်းပေးနေတယ်။မြန်မာအသံ ကလည်း အချိန်နှင့်အမျှ တောက်လျှောက် လွှင့်နေတယ်၊ ကျနော်တို့ website ကလည်းလွှင့်တယ်။ ကျနော်တို့အနေနဲ့ ကျနော်တို့ ၀န်ကြီးဌာနကလည်း သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း affective ဖြစ်နိုင်တဲ့ ဒေသတွေကို အထူးဦးစားပေးပြီးတော့ ကျနော်တို့ ဆက်တိုက် ဆောင်ရွက်နေတာတွေရှိတယ်။ အဲဒီသတင်းတွေကို ပြည်သူတွေက မပြတ်မလပ်စောင့်ကျပ်နေဖို့ပဲ လိုတယ်။ မုန်တိုင်းနဲ့ပတ်သက်ရင် safe ဖြစ်တယ် အန္တရာယ်ကင်းတဲ့နေရာတွေကို သတ်မှတ်ပေးပြီးသားဖြစ်ပါတယ်။ အဲဒါတွေကို ဒေသအလိုက် သွားချိန်တန်ရင် အရောက်သွားကြဖို့ ၊ ကိုယ့်နေရာကို တွယ်ဖက်မနေဖို့ ဒါတွေက အရေးကြီးဆုံးအချက်ပါပဲ။

မေး။ ။ ဆရာတို့ ၀န်ကြီးဌာနတွေအနေနဲ့ ပြည်သူတွေအတွက် အဓိက ဘယ်လိုများ ပြင်ဆင်ထားတာတွေ ရှိပါသလဲဆရာ။

ဖြေ။ ။ဒီအမျိုးသား သဘာဝဘေး စီမံခန့်ခွဲရေးကော်မတီကနေပြီးတော့ အဓိက ကြီးကြပ်တာပေါ့နော်တကယ်တမ်း ကျနော်တို့လုပ်ဆောင်နေတာတွေကတော့ ပြည်နယ်နဲ့ တိုင်း ခရိုင် ၊ မြို့နယ်က အဆင့်ဆင့်ဆောင်ရွက်နေတယ်။ အဓိကက လောလောလတ်လတ် မဖြစ်ဘူး၊ ဖြစ်တယ်ဆိုတာကိုမသိနိုင်ဘူး။ ဒါပေမယ့် အခုဝင်လာပြီဆိုရင်တော့ ဖြစ်ဖို့များတယ်။ အဲဒါဆိုရင် ကျနော်တို့အတွက် ရိက္ခာလုံလောက်သလား၊ ကျနော်တို့အတွက် ပစ္စည်းတွေလောက်သလားဆိုတာကို ကျနော်တို့ ဖြည့်ဆည်းပေးထားတယ်။ အတတ်နိုင်ဆုံး ကျနော်တို့ ဖြည့်ဆည်းပေးထားတယ် ပေါ့နော်။ ဒါနံပတ် ၁ ပေါ့၊ နံပတ် ၂ ကတော့ သတင်းကို စဉ်ဆက်မပျက် ပေးပြီး လုံခြုံစိတ်ချရမယ့်နေရာတွေကို သတ်မှတ်ပေးပြီးတော့ အဲဒီနေရာတွေကို ပို့ဖို့အတွက် နည်းလမ်းတွေလည်းလုပ်ထားတယ်။ ဘာလို့လဲဆိုတော့ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေ၊ ကလေးတွေ ၊ ကိုယ်ဝန်တွေအတွက်ကိုလည်း ဘယ်လိုဦးစားပေးပြီးဆောင်ရွက်မလဲ ဆိုတာ လုပ်ထားတာရှိပါတယ်။ အဓိကတော့ သူတို့ သိပြီးတော့ လိုက်နာဖို့လိုတာ ပြည်သူတွေက။

မေး။ ။ဒီမုန်တိုင်းနားမှာ ရှိနေတဲ့ လုပ်သားတွေအတွက်ကရော ဆရာ ဘယ်လိုများ message ပေးချင်တာရှိပါသလဲဆရာ။

ဖြေ။ ။အဲဒီဟာအတွက်ကို ကျနော်တို့ အစောကတည်းက တခြားဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီးတော့ တနေ့ကတည်းကနေ ဆောင်ရွက်ထားပြီခင်ဗျ။ ကမ်းရိုးတန်းမှာ သွားနေတဲ့ လှေတွေ ၊ တချို့ကျတော့ သစ်ဖောင်ချထားတဲ့ လုပ်ငန်းရှင်တွေက ချခိုင်းထားတယ်၊ ဒီအဖွဲ့တွေကို ပြန်ပြီးတော့ ခေါ်ဖို့ နောက်ပြီးတော့၊ ကမ်းနားတလျှောက်မှာရှိတဲ့ လူတွေကို ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ ဘယ်လို အန္တရာယ်ရှိတယ်ဆိုတာတွေကို ဒီလယ်ယာစိုက်ပျိုးရေး ဆည်မြောင်းဝန်ကြီးဌာနကနေပြီးတော့ ပူးပေါင်းဆောင်ရွက်တယ်၊ ပို့ဆောင်ဆက်သွယ်ရေးတွေလည်း ပူးပေါင်းဆောင်ရွက်တယ်။ နောက်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကလည်း ပူးပေါင်းဆောင်ရွက် ညွှန်ကြားချက်တွေထုတ်နေတယ်။”

ဒါကတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးကို ဆက်သွယ်မေးမြန်းခဲ့တာပါ။ ပြည်နယ်နဲ့တိုင်းအသီးသီးမှာတော့ အထူးသဖြင့် မုန်တိုင်းလမ်းကြောင်းမှာရှိနေတဲ့ ဧရာဝတီတိုင်းဒေသကြီးက ပုသိမ်၊ မြန်အောင်၊ လပွတ္တာ၊ မြောင်းမြခရိုင်တွေမှာတော့ သက်ဆိုင်ရာ ဒေသတာဝန်ရှိသူတွေဘက်က မုန်တိုင်းသတိပေးနိုးဆော်ချက်တွေကို လိုက်လံနိုးဆော်နေပါတယ်။ ခရိုင်တချို့က ကျောင်းတွေကို ပိတ်ထားလိုက်တယ်လို့ သိရကြောင်း ဧရာဝတီတိုင်း လေးမျက်နှာမြို့က ဒေသခံတဦးဖြစ်တဲ့ ကိုစိုးခိုင်က အခုလိုပြောပြပါတယ်။

“အဓိက မုန်တိုင်းစက်ကွင်းထဲ ၀င်ရောက်နေတဲ့ ပုသိမ်၊မြောင်းမြ၊ ဖျာပုံတို့ အဲဒီဘက်တွေမှာတော့ ကြိုတင်ပြင်ဆင်မှုတွေ တော်တော်လေးလုပ်နေတယ်။ ကျောင်းတွေမှာလည်း ၂ ရက်ပိတ်ထားတယ်လို့ သတင်းသိရှိပါတယ်။ ကျောင်းတွေ ၂ ရက်ပိတ်ထားတယ် နောက်ပြီးတော့ ကျနော်တို့အထူး မုန်တိုင်းကျရောက်ခဲ့မယ်ဆို၇င် အရေးပေါ်ကယ်ဆယ်ရေးအတွက်ကို အဆင်သင့်လူစုပြီး စီစဉ်ဆောင်ရွက်နေပါတယ်။”

ရခိုင်ပြည်နယ်ဘက်မှာတော့ ကမ်းရိုးတန်းနေ ဒေသခံပြည်သူတွေအတွက် သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေဘက်က မုန်တိုင်း သတိပေးနိုးဆော်ချက်တွေကို ပြည်သူတွေနဲ့အခ်ျိန်နဲ့တပြေးညီသိရှိနိုင်အောင် ပိုပြီး လုပ်ဆောင်ပေးသင့်တယ်လို့လည်း ရခိုင်ပြည်နယ် ကျောက်ဖြူဒေသခံဦးအောင်ကျော်သန်းက ပြောပါတယ်။

“ရခိုင်ပြည်နယ်တောင်ပိုင်းဆိုပြီးလေ ကျောက်ဖြူ၊ သံတွဲဘက်တို့ပေါ့နော်။ အမှန်ဆိုရင် လူထုတွေကို အသိပေးတာကလုပ်ရမယ် ကြိုတင်ပြင်ဆင်ထားဖို့ဟာ လုပ်ရမယ်။ အရေးပေါ်ဖြစ်လာရင် စုရပ်တို့ကအစ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ဟာကအစ အခုအချိန်မှာ တက်တက်ကြွကြွနဲ့ ရပ်ရွာလူထုတွေဆီကို တိုက်ရိုက်ရောက်အောင်လုပ်ပေးနေပြီလို့ထင်တယ်။”

မုန်တိုင်းတိုက်ခတ်လာချိန် ပြည်သူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့နေရာချထားဖို့နဲ့ စားနပ်ရိက္ခာ ကယ်ဆယ်ရေး ဆေးဝါးပစ္စည်းတွေကို စနစ်တကျ ပြင်ဆင်ထားရှိတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးကပြောပါတယ်။ အထူးသဖြင့်ကတော့ မုန်တိုင်းတိုက်ခတ်ချိန် ပင်လယ်ကမ်းရိုးတန်းတလျောက်မှာ ရေကြောင်းသွားလာမှုတွေ မလုပ်ဖို့နဲ့ ရေလုပ်ငန်းတွေမလုပ်ကြဖို့ ငါးဖမ်းမထွက်ကြဖို့၊ ရေလုပ်သားတွေရဲ့ ပိုက်တွေ၊ ငါးဖမ်းလှေတွေကို လုံခြုံတဲ့နေရာမှာ ကပ်ထားဖို့ သတိပေးနိုးဆော်နေပါတယ်။

မဆုမွန်
VOA Burmese News


ယခင် အစိုးရ အဆက်ဆက်မှာ လုပ်ကိုင်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးများ အနေနဲ့ စိတ်ပူပန်မှု မရှိဖို့ ဒေါ်အောင်ဆန်းစုကြည်က အာမခံ ပြောကြားလိုက်ပါတယ်။

Eleven Broadcasting

Photo: Htet Arkar,Thiha Tun/ RFA

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ၀ါရင့်နိုင်ငံရေးသမားကြီး ၀ါးခယ်မ သခင်သိန်းဖေ (အသက် ၁၀၁) နှစ်ကို ရန်ကုန်မြို့ရေဝေးသုဿန် မှာ ဒီနေ့ ပြုလုပ်ခဲ့ပြီး ဂူသွင်း သဂြိုင်္လ်ခဲ့ပါတယ်။

အဲဒီ အသုဘအခမ်းအနားကို နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဖြစ်တဲ့ NLD နာယက သူရဦးတင်ဦး ၊ သခင်ချန်ထွန်း ၊ သခင်ဖေသန့် တို့အပြင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ တက်ရောက် ဂါရ၀ ပြုကြပါတယ်။

သခင်သိန်းဖေဟာ စစ်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ "၀ါရင့်နိုင်ငံရေး သမားကြီးများအဖွဲ့ " မှာ ဦးဆောင်ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ရေး ၊ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး အမျိုးသားရင်ကြားစေ့ရေးကို တည်ဆောက်ဖို့ တောင်းဆိုခဲ့သူဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ပင်လုံညီလာခံလိုပဲ အမျိုးသားရင်ကြားစေ့ရေးအတွက် ဒုတိယပင်လုံညီလာခံကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ဆက်လက် လုပ်ဆောင်ဖို့ သခင်သိန်းဖေက ဦးဆောင် တိုက်တွန်းခဲ့ပါတယ်။

သခင်သိန်းဖေဟာ သူမသေခင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရတာကို မြင်သွားချင်တယ်၊ ဒီမိုကရေစီ ရပြီးမှ သေချင်တယ်လို့ အမြဲနှုတ်ကနေ တဖွဖွ ပြောနေသူဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
RFA


နိရဉ္စရာ၊ အောက်တိုဘာ ၂၃ ရက်

ရခိုင်ပြည်နယ်မောင်တောမြို့ပေါ်ရှိ စာသင်ကျောင်းများ အားလုံးကို မနက်ဖြန် အောက်တိုဘာလ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ မနက် ကျောင်းဖွင့်ရက်မှာ မြို့ပေါ်ရှိ ကျောင်းအားလုံးကျောင်းအားလုံးဖွင့်နိုင်အောင် စီစဉ် ထားပါတယ်။ လုံခြုံရေးအပြည့်အစုံနဲ့ မြို့ပေါ်က သွားလာရ လွယ်ကူတဲ့ နယ်က ကျောင်းအချို့ကိုလည်း ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်” ဟု မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်မှ နိရဉ္စရာသို့ ပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့က ကျီးကန်းပြင် ဌာနချုပ်၊ ငခူရ စခန်းနှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် စခန်းသုံးခုလုံး တိုက်ခိုက်ခံရပြီးနောက်ပိုင်း နယ်မြေတည်ငြိမ်မှုမရှိသောကြောင့် မောင်တောမြို့နယ်ရှိ စာသင်ကျောင်းများကို ယာယီပိတ်ထားခဲ့သည်။

နယ်ရှိ မူလတန်းကျောင်းများကိုမူ လုံခြုံရေး အရ မနက်ဖြန်တွင် ဖွင့်လှစ်မည် မဟုတ်သော်လည်း အထက်တန်းကျောင်းများရှိ ဆယ်တန်းကျောင်းသား ကျောင်းသူများကို ပညာဆက်လက်လက် သင်ကြားနိုင်ရေး စီစဉ်နေကြောင်း သိရသည်။

မောင်တောမြို့နှင့် အလှမ်းဝေးသည့် အထက်တန်းကျောင်းများရှိ ဆယ်တန်း ကျောင်းသား၊ ကျောင်းသူများအား လုံခြုံရေးတင်ကျပ်စွာဖြင့် ပညာသင်ကြားနိုင်အောင် ဆရာ ဆရာမများအနေဖြင့် စီစဉ် ဆောင်ရွက်နေကြောင်း၊ ကျောင်းချိန်အပါအ၀င် အသွားအလာအားလုံး ဆရာ/ဆရာမများအတွက် လုံခြုံရေး တင်းကျပ်ပေးရန်လိုအပ်ပြီး သက်ဆိုင်ရာများနှင့်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း ပညာရေးမှူး ဦးခင်အောင်မှ ဆက်ပြောသည်။

ရွှေရအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara


ပုသိမ် အောက်တိုဘာ ၂၃

ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းတွင် လတ်တလောဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဆိုင်ကလုန်း မုန်တိုင်း အဖြစ် အားကောင်းလာကာ မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီး ဖြတ်သန်းသွား မည်ဖြစ်ကြောင်း၊ မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ်ဒေသများ)နှင့် နီးကပ်နေပါသဖြင့် အနီရောင်အဆင့် သတ်မှတ်ပါသည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ မုန်တိုင်း ငယ်သတိပေးချက် အမှတ်စဉ်(၁၀)တွင် ကြေငြာထားရှိရာ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အတွင်းရှိ အခြေခံပညာသင်ကျောင်းများအား လုံး အောက် တိုဘာ ၂၄ ရက်နေ့ တစ်ရက်ကို ကျောင်း ပိတ်ရန်နှင့် မုန်တိုင်းဖြတ်ကျော်ပြီးသွားပါက အခြေအနေကို စာရင်းပေးပို့ကြရန်၊ မိမိတို့ကျောင်းရှိ အရေးကြီး စာရွက်စာတမ်းများ စနစ်တကျထုပ်ပိုးသိမ်းဆည်းရန် တို့ကို မြို့နယ်ပညာရေးမှူး ရုံးမှညွှန်ကြား ထားကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


ဘရာဇီးလ်ဂန္ထ၀င် ရော်နယ်လ်ဒိုအား Zabivaka အရုပ်နှင့် တွေ့ရစဉ် (Photo: Getty Images)
ရုရှားနိုင်ငံ၌ ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ လာဘ်ကောင်အရုပ်အဖြစ် ၀ံပုလွေရုပ်အား ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဝံပုလွေပုံစံ ဖန်တီးထားသည့် လာဘ်ကောင်ရုပ်၏အမည်မှာ “Zabivaka” ဟု အမည်ရပြီး “ဂိုးတွေသွင်းတဲ့သူ” ဟု အဓိပ္ပာယ်ရကြောင်း သိရသည်။

ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရေးကော်မတီသည် ပြိုင်ပွဲတွင် အသုံပြုရန် လာဘ်ကောင်အရုပ်သုံးခုအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၀က်ဘ်ဆိုက်တွင် အွန်လိုင်းမဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မဲပေးသူ တစ်သန်းကျော်ရှိသည့်အနက် Zabivaka အရုပ်က မဲအရေအတွက် စုစုပေါင်း၏ ၅၃ ရာခိုင်နှုန်းအထိရရှိကာ ကျားရုပ်မှာ ၂၇ ရာခိုင်နှုန်းနှင့် ကြောင်ရုပ်မှာ ရာခိုင်နှုန်း ၂၀ ရရှိခဲ့သည်။ Zabivaka အရုပ်ကို ရုရှား ကျောင်းသားတစ်ဦးက ဒီဇိုင်း ရေးဆွဲ ဖန်တီးထားခြင်းဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့၌ မိတ်ဆက်ပြသခဲ့သည်။

“ Zabivaka က လာမယ့် ၂၀၁၇ ကွန်ဖက်ဒရေးရှင်းဖလားနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်တွေရဲ့အားပေးမှုရရှိမယ်လို့ အတပ်ပြောရဲပါတယ်” ဟု ရုရှား အားကစားဝန်ကြီး ဗစ်တာလီမူကိုက ပြောကြားခဲ့သည်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန် ၁၄ ရက်မှ ဇူလိုင် ၁၅ ရက်အထိ မြို့ပေါင်း ၁၁ မြို့ရှိ အားကစားကွင်း ၁၂ ခု၌ လက်ခံ ကျင်းပမည်ဖြစ်ပြီး ရုရှားအနေဖြင့် ပထမဆုံးအကြိမ် ကျင်းပခွင့် ရရှိခြင်းဖြစ်သည်။

Writer:
Photo: AFP

============

Eleven Media Group


ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းက မုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ်ကို ရောက်ခဲ့ပေမယ့် သိသိသာသာရွေ့လျားခြင်းမရှိဘူးလို့ မိုးဇလက ဆိုပါတယ်။

နောက်ထပ် ၁၂နာရီအတွင်းမှာတော့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိပြီး ဒီကနေ့ညနေပိုင်းမှာတော့ မြစ်ဝကျွန်းပေါ်အနီးကို ဦးတည်ရွေ့မှာဖြစ်ပြီး အဲဒီနောက် အနောက်မြောက်ဘက်ကို ဆက်ပြီးရွေ့မယ်လို့ ခန့်မှန်းထားပါတယ်။ ဟိုင်းကြီးကျွန်းအနီး ဖြတ်သန်းသွားမယ့် မုန်တိုင်းဒဏ်ကို အနီရောင်အဆင့် သတ်မှတ်ထားတာမို့ ပုသိမ်ခရိုင် ကျောင်းကုန်းက အခြေခံပညာကျောင်းတွေအားလုံးကို မနက်ဖြန်တစ်ရက် မိတ်ထားမှာဖြစ်ပြီး မုန်တိုင်းဖြတ်သန်းသွားပြီးပါက အခြေအနေကို စာရင်းပေးပို့ကြဖို့ မြို့နယ်ပညာရေးမှူးရုံးက ညွှန်ကြားထားပါတယ်။

============

Kamayut Media


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကျောက်မော်ရပ်ကွက်ရှိ ကျန်းမာရေးလမ်းနှင့် ဂေါက်ကွင်းလမ်းတို့၌ ညအချိန် ချိန်းတွေ့ စကားပြောနေသော ချစ်သူစုံတွဲများအား ရဲယူနီဖောင်း ၀တ်ဆင်၍ ငွေကြေးနှင့် ဖုန်းများ တောင်းယူခဲ့သူများကို အောက်တိုဘာ ၂၁ ရက် ညက ဖမ်းဆီးရမိခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

ထားဝယ်မြို့ပေါ်ရှိ ချစ်သူစုံတွဲများ ချိန်းတွေ့ရာ နေရာများဖြစ်သော ဂေါက်ကွင်းလမ်းနှင့် ကျန်းမာရေးလမ်းတို့၌ ချိန်းတွေ့ကြသော စုံတွဲများအား ရဲယူနီဖောင်းဝတ်ဖြင့် လူအချို့မှ ခြိမ်းခြောက်ပြီး လက်ကိုင်ဖုန်းနှင့် ငွေများ တောင်းခံခဲ့မှုများမှာ ယခုလပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း၊ အောက်တိုဘာ ၂၁ ရက် ည ၇ နာရီတွင် ထားဝယ်မြို့မ ရဲစခန်းမှ ရဲအုပ်စိုးနိုင် ဦးစီးသည့် အဖွဲ့က သက်သေများနှင့်အတူ သတင်းအရ ကျန်းမာရေးလမ်းနှင့် မီးရထားလမ်းဆုံ၌ ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ည ၇ နာရီခွဲခန့်၌ နက်ပြာရောင် ဘောင်းဘီရှည်နှင့် ပြောက်ကျားလည်တို၊ ဖိနပ်စီးထားသော မင်းဇော် (၃၂ နှစ်) ထိန်ဟောင်းရပ်ကွက် ထားဝယ်မြို့နေသူအား မသင်္ကာ၍ စစ်ဆေးရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ နှာခေါင်းစည်း အမည်းရောင် သုံးခု၊ OPPO အမျိုးအစား (ဆင်းကတ်မပါ) လက်ကိုင်ဖုန်း အဖြူ ရောင် တစ်လုံး၊ ခါးကြားထဲတွင် လက်ထိတ်တစ်ကွင်း ထိုးထားသည်ကို တွေ့ရှိခဲ့သဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး လက်ကိုင်ဖုန်းအား မင်းဇော်က ပိုင်ဆိုင်ကြောင်း အထောက်အထားပြောပြနိုင်ခြင်း မရှိသဖြင့် ပိုင်ရှင်စုံစမ်းနေစဉ်အတွင်း မင်းဇော်အား ဥပဒေအရ အယူပေးရန် ရဲအုပ်စိုးနိုင်က တိုင်တန်းခဲ့သောကြောင့် ထားဝယ်မြို့မ ရဲစခန်းမှ (ပ) ၁၂၈၁/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့်ထားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

ထို့နောက် မင်းဇော်အား စစ်ဆေးချက်အရ အောက်တိုဘာ ၂၂ ရက် နံနက် ၂ နာရီ မိနစ် ၂၀ တွင် ကွင်းဆက် တရားခံများဖြစ်သည့် ထိန်ဟောင်းရပ်ကွက်နေ ကျော်မြတ်သူ (၂၈ နှစ်) နှင့် အိမ်ရှေ့ပြင်ရပ်ကွက်နေသူများဖြစ်သည့် ခင်မောင်ထွေး (ခ) ကန်းကန်း(၃၀ နှစ်)၊ ရဲဝင်း(ခ) နိုင်နိုင်(၃၅ နှစ်) တို့အား စုံစမ်းဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၂၂ ရက် နံနက် ၈ နာရီ ၂၅ မိနစ်တွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် မင်းဇော်၏ ယောက္ခမနှင့် ဇနီးဖြစ်သူ ထိန်ဟောင်းရပ်ကွက်နေ ဒေါ်ကြည်နွယ် (၄၄ နှစ်)နှင့် မသီအေး (၂၈ နှစ်) တို့အား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သူများအား စစ်ဆေးချက်အရ ကျော်မြတ်သူထံမှ နံပါတ်မပါ Wave-100 ဆိုင်ကယ်တစ်စီးနှင့် ဆိုင်ကယ်အံခွက် အတွင်းမှ နက်ပြာရောင် ရဲအင်္ကျီ နှစ်ထည်၊ တောဆောင်းပြောက်ကျား ဦးထုပ်တစ်လုံး၊ ဒေါ်ကြည်နွယ်ထံမှ လက်ကိုင်ဖုန်း သုံးလုံး (နံပါတ်စိစစ်ဆဲ) တို့အား သိမ်းဆည်းရမိခဲ့သည့်အပြင် သက်သေခံပစ္စည်းများနှင့် ပတ်သက်၍ စစ်ဆေးဖော်ထုတ်ချက်အရ တရားခံ မင်းဇော်၊ ကျော်မြတ်သူ၊ ခင်မောင်ထွေးနှင့် ရဲဝင်းတို့ လွန်ခဲ့သည့် တစ်လကျော်ခန့်က ဂေါက်ကွင်းလမ်းနှင့် ကျန်းမာရေးလမ်းတို့တွင် ရဲယူနီဖောင်း လက်ထိတ်တို့ဖြင့် ရဲအသွင် ဟန်ဆောင်၍ ချစ်သူစုံတွဲများအား ဖမ်းဆီးမည် စသဖြင့် အမျိုးမျိုးခြိမ်းခြောက်ကာ လက်ကိုင်ဖုန်းနှင့် ရွှေငွေများကို တောင်းခံခဲ့ကြောင်း၊ တောင်းခံရရှိသည့် လက်စွပ်နှစ်ကွင်းအား ထားဝယ်မြို့ စည်ပင်သာယာဈေးရှိ ရွှေဆိုင်တွင် မင်းဇော်၏ဇနီးနှင့် ယောက္ခမဖြစ်သူတို့က ရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး သက်သေခံပစ္စည်းများနှင့် ပတ်သက်၍ ပိုင်ရှင်များအား စုံစမ်းဖော်ထုတ်ရရှိရေး ဆက်လက်ဆောင်ရွက်နေကြောင်း ထားဝယ်မြို့မ ရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ သိရသည်။

လက်ရှိတွင် တရားခံများကို ထားဝယ်မြို့မ ရဲစခန်း၌ ဖမ်းဆီးစစ်ဆေးနေပြီး ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Writer:
ဖြိုးဇင်

============

Eleven Media Group

http://news-eleven.com/crime/26725



အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter နဲ့ စနေနေ့က တွေ့ဆုံပြီးတဲ့နောက် အီရတ်နိုင်ငံ Mosul မြို့ကို IS အစ္စလာမ်မစ်အဖွဲ့လက်က ပြန်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းမှုမှာပါဝင်ဖို့ တူရကီရဲ့ ကမ်းလှမ်းချက်ကို အီရတ်ဝန်ကြီးချုပ် Haider al-Abadi က တရားဝင် ငြင်းဆိုလိုက်ပါတယ်။

လက်ရှိ တည်ရှိနေတဲ့ မဟာမိတ်တွေအနေနဲ့ လတ်တလော ပြုလုပ်နေတဲ့ တိုက်ပွဲတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ကြောင်း ၀န်ကြီးချုပ် Abadi က စနေနေ့မှာ ပြောပါတယ်။ တကယ်လို့ အကူအညီလိုအပ်မယ်ဆိုရင်လည်း တူရကီတင်မက တခြား ဒေသတွင်း နိုင်ငံတွေထံက အကူအညီ တောင်းခံသွားမှာ ဖြစ်ကြောင်း ၀န်ကြီးချုပ် Abadi က ပြောပါတယ်။

တူရကီက ဆူနီး ဘာသာဝင် မွတ်ဆလင်တွေနဲ့ Abadi ရဲ့ ရှီယား ဘာသာဝင် အစိုးရတို့အကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ လျော့ကျရေး လုပ်ဆောင်ဖို့ အီရတ်နိုင်ငံကို ရောက်နေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter နဲ့ တွေ့ဆုံအပြီးမှာ ၀န်ကြီးချုပ် Abadi က ဘက်ဂဒတ်မြို့မှာ အဲဒီလို ပြောကြားလိုက်တာပါ။

Mosul မြို့တိုက်ပွဲအတွက် တူရကီရဲ့ အခန်းကဏ္ဍဟာ ခက်ခဲတဲ့ အကြောင်းအရာတခုဖြစ်ကြောင်း၊ ၀န်ကြီးချုပ် Abadi အနေနဲ့ ဒီကိစ္စကို တူရကီအစိုးရနဲ့ ပြောဆိုပြီးဖြစ်ကြောင်းနဲ့ နောက်ထပ် ဆွေးနွေး ပြောဆိုမှုတွေ ပြုလုပ်ဖို့လည်း ရှိကြောင်း ၀န်ကြီး ကာတာက ဘက်ဂဒတ်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အီရတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်ခွင့်ဟာ အရေးပါတဲ့ အခြေခံ အကြောင်းရပ်ဖြစ်ကြောင်း၊ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ဒီပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်တာနဲ့ အားလုံးက IS ကို အာရုံစိုက် တိုက်ခိုက်ရေးတို့ဟာ အမေရိကန်ရဲ့ အခန်းကဏ္ဍဖြစ်ကြောင်း ၀န်ကြီး ကာတာက ပြောပါတယ်။
VOA Burmese News


21st century Pinlong conference pre talks with Daw Aung San Suu Kyi and Ethnic Armed groups leaders
21st century Pinlong conference pre talks with Daw Aung San Suu Kyi and Ethnic Armed groups leaders

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရက ကြီးမှူးကျင်းပတဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပပြီးသွားပေ မယ့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေကတော့ ရပ်တန့်မသွားသေးပါဘူး။ အစည်းအဝေးပွဲတွေ ခပ်စိတ်စိတ် ကျင်းပပြီး ရှေ့ဆက်သွားနေဆဲပါ။ ခုဆိုလည်း ရန်ကုန်မှာ “ နိုင်ငံရေး ဆွေးနွေး မှုဆိုင်ရာ မူဘောင် သုံးသပ်ခြင်း” ခေါင်းစဉ်နဲ့ အစည်းအဝေး တစ်ခု ကျင်းပနေ ပါတယ်။ ဒီအစည်းအဝေးမှာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ဘက်က ကိုယ်စား လှယ်တွေ၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ၊ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ်တွေတင်မက အပစ်ရပ်မထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေက ကိုယ်စားလှယ်တွေပါ တက်နေကြတော့ အတော်လေးကို စုံစုံညီညီ တက်နေကြတဲ့ အစည်းအဝေး လို့ ပြောနိုင်ပါတယ်။ ဒီလို ဘက်ပေါင်းစုံက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အစည်း အဝေးပွဲကြီးတွေ ကျင်းပနေပေမယ့် အခြားတစ်ဖက်မှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဖြစ်လိုက်၊ နားလိုက် ရှိနေဆဲပါ။ အခု အစည်းအဝေးပွဲ ပြီးသွားရင်လည်း နောက်ထပ် ခေါင်းစဉ် အမျိုးမျိုး နဲ့ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲတွေ ဆက်ပြီး ကျင်းပကြပါဦးမယ်။ ငြိမ်းချမ်းရေး ခရီး လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလား၊ ငြိမ်းချမ်းရေးရဖို့ မျှော်လင့်နိုင်တဲ့ အခြေအနေ ရှိနေပါပြီလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရဟာ အဆင့် (၇) ဆင့်ပါတဲ့ “အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး မူဝါဒ” တစ်ရပ် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ စကားလုံး အားဖြင့် ကွဲပြားပေမယ့် ဒီ ငြိမ်းချမ်းရေး မူဝါဒဟာ အရင် သမ္မတ ဦးသိန်းစိန် အစိုးရ ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ သိပ်ပြီး ကွဲပြားခြားနားမှု ရှိတာတော့ မဟုတ်ပါဘူး။ မူဝါဒထဲမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ အားလုံးပါ လို့ ရအောင် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ကို ပြန်သုံး သပ်မယ်၊ ပြန်ပြင်ဆင်မယ်၊ အဲဒီ မူဘောင်နဲ့အညီ ၂၁ ရာစု ပင်လုံညီလာခံကို ထပ်ပြီး ကျင်းပမယ်၊ ညီလာခံကနေ ချမှတ်လိုက်တဲ့ သဘောတူညီချက်တွေ ကို ပြည်ထောင်စု သဘောတူ စာချုပ် အဖြစ် ဆွေးနွေးသူတွေက လက်မှတ် ထိုးကြမယ်၊ အဲဒီ သဘောတူ စာချုပ်နဲ့အညီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်ရေးဆွဲ အတည်ပြုရမယ်၊ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အသစ်ကို အခြေခံပြီး ပါတီစုံ အထွေထွေ ရွေးကောက်ပွဲလုပ်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ် ဆိုပြီးဖြစ်ပါတယ်။ ဒါက မူဝါဒပိုင်းပါ။

အခု အဲဒီ မူဝါဒကို အကောင်အထည်ဖော်တဲ့အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ကာလ ဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုရာမှာလည်း တိုင်းနဲ့ ပြည်နယ် အနှံ့မှာ ကျင်းပမယ့် နိုင်ငံရေး ဆွေးနွေးပွဲနဲ့ ပြည်ထောင်စု အဆင့်မှာ လုပ်မယ့် နိုင်ငံရေး ဆွေးနွေးပွဲဆိုပြီး နှစ်ပိုင်း ရှိပြန်ပါတယ်။ ဘယ်လိုပဲရှိရှိ အရေးကြီးတာက နိုင်ငံရေး ဆွေးနွေးပွဲတိုင်းမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်နိုင်ရေးပါ။

လောလောဆယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရက အကောင်အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ သမ္မတ ဦးသိန်းစိန် လက်ထက် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ ပူးပေါင်းရေးဆွဲ၊ သဘောတူခဲ့ကြတဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် NCA အပေါ်မှာ အခြေခံထားတာပါ။ NCA စာချုပ်အရ အပစ်ရပ် လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေသာလျင် နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရကြမှာပါ။ ပြသနာက အဲဒီနေရာမှာ ရှိနေပါတယ်။ လောလောဆယ် တိုင်းရင်းသား လက်နက်ကိုင်တွေထဲမှာ KNU ဦးဆောင်တဲ့ အဖွဲ့ (၈) ဖွဲ့က လက်မှတ်ထိုးထားပြီး KIA ဦးဆောင်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင် စီ အဖွဲ့ဝင်တွေက လက်မှတ် ထိုးမထားကြပါဘူး။ ဒီအတွက် လာမယ့် နိုင် ငံရေးဆွေးနွေးပွဲတွေမှာ လက်နက်ကိုင် အဖွဲ့အားလုံးပါဝင်နိုင်ရေး အ ခက်တွေ့နေကြတာ ဖြစ်ပါတယ်။

အဲဒီအတွက် ပြသနာဟာ အရင်က ကြုံခဲ့ရတဲ့ အခြေအနေဟောင်း ကို ပြန် ဆိုက်ရောက်သွားစေ ပါတယ်။ အဲဒါကတော့ KIA ဦးဆောင်တဲ့ UNFC အဖွဲ့ဝင်တွေ၊ ၀ လို မိုင်းလားလို အဖွဲ့မျိုးတွေ NCA စာချုပ်ထဲ လက်မှတ်ထိုးလာဖို့ ညှိကြ နှိုင်းကြ၊ ကြိုးစားကြတာပါ။ ဒီနေရာမှာလည်း KIA ဦးဆောင်တဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေက NCA စာချုပ်ကို လက်မှတ်ထိုးမယ်ဆိုရင် ကိုးကန့်၊ ပလောင်၊ AA ရခိုင်တပ်ဖွဲ့ အပါအ၀င် အားလုံး ပါဝင်ခွင့်ရမှ လက်မှတ်ထိုးမယ်၊ ဒီလိုမှ မဟုတ်ရင် မထိုးနိုင်ဘူး ဆိုတဲ့ မူ စွဲကိုင်ထားဆဲမို့ အခက်တွေ့နေကြတာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကတော့ ကိုးကန့်၊ ပလောင်၊ AA ရခိုင်တပ်ဖွဲ့တွေကို ဒီအခြေအနေ အတိုင်း NCA စာချုပ်မှာ ပါဝင် လက်မှတ်ထိုးဖို့ ခွင့်မပြုပါဘူး။ အဲဒီ သုံးဖွဲ့အနေနဲ့ လက်နက်ကိုင် လမ်းစဉ်ကို စွန့် လွှတ်ကြောင်း ကြေငြာချက် တစ်ခု ထုတ်ပြန်ပြီးမှ NCA စာချုပ်မှာ လက်မှတ် ထိုးခွင့်ပြုမယ် ဆိုတဲ့မူ ကိုင်စွဲထားလို့ ဖြစ်ပါတယ်။ အဲဒီ ပြသနာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အကြိမ်ပေါင်းများစွာ ကျင်းပပေမယ့် သိသာထင်ရှားတဲ့ တိုးတက်မှု ရလာဒ် မရနိုင် ဖြစ်နေကြတာပါ။ ဒီအတွက် တပ်မတော်နဲ့ KIA သဘောထားချင်း မတိုက်ဆိုင်တဲ့ အဲဒီ အချက်ကို အရင်ဦးဆုံး အဓိကထား ညှိကြရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက် တိုးချင်တယ် ဆိုရင် လုပ်ကိုင်ဆောင်ရွက်လို့ ရမယ့် နည်းလမ်း နှစ်ခုတော့ ရှိပါတယ်။ ပထမ နည်းလမ်းကတော့ KIA နဲ့ UNFC အဖွဲ့ဟာ ကိုးကန့်၊ ပလောင်၊ AA ရခိုင်တပ်ဖွဲ့ သုံးဖွဲ့မပါပဲ NCA စာချုပ်မှာ လက်မှတ်ရေးထိုးလိုက်တာပါ။ ဒီအတွက် အဲဒီ သုံးဖွဲ့နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်ဘက်က ဘယ်လို သဘောထားပါ၊ ဘယ်လို အကောင်အ ထည် ဖော်ပေးပါ ဆိုပြီး ကတိစကား၊ သဘောတူညီချက် တစ်ရပ်ရပ် တောင်းဆို လုပ်ကိုင်ဆောင်ရွက်တာမျိုး ဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်း တစ်ခုကတော့ တပ်မတော်နဲ့ ကိုးကန့်၊ ပလောင်၊ AA ရခိုင်တပ်ဖွဲ့ သုံးဖွဲ့ သဘောတူညီချက် ရသည်အထိ ညှိနှိုင်းကြတာမျိုး ဖြစ်ပါတယ်။ တကယ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က နှစ်ဆင့်လောက် အလျော့ပေးခဲ့ပြီဖြစ်ပါတယ်။ ပထမ အဆင့် တပ်မတော်ဘက်က တောင်းဆိုတာဟာ အဲဒီ သုံးဖွဲ့ လုံးဝ လက်နက်ချရေး ပါ။ နောက်ပိုင်း လက်နက်ကိုင် လမ်းစဉ်စွန့်ကြောင်း ကြေငြာပါ၊ လက်နက်တွေနဲ့ ပတ်သက်ပြီး အခြား လက်နက်ကိုင် တပ်ဖွဲ့တွေက အာမခံချက်ပေးပါ၊ ဒါဆို NCA မှာ လက်မှတ်ထိုးနိုင်မယ် ဆိုပြီး တစ်ဆင့် လျော့ပေးလိုက်ပါတယ်။ အခုနောက်ဆုံး အခြား ဘာမှ မတောင်းဆိုတော့ပဲ လက်နက်ကိုင် လမ်းစဉ် စွန့် လွှတ်ကြောင်း ကြေငြာတယ် ဆိုရင်ပဲ NCA မှာ လက်မှတ်ထိုးခွင့်ပြုမယ် ဆိုပြီး အလျော့ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ သုံးဖွဲ့က လက်မခံတော့ အလုပ်မဖြစ် ပြန်ပါဘူး။ ဒီအချက်ကို အသေအခြာ ညှိနှိုင်းနိုင်ခဲ့ရင် KIA အပါအ၀င်၊ ကိုးကန့်၊ ပလောင်၊ ရခိုင် AA အပါအ၀င် UNFC တစ်ဖွဲ့လုံး NCA လက်မှတ်ရေး ထိုးတာ ဖြစ်လာနိုင်ပါတယ်။ ဒါမှ ငြိမ်းချမ်းရေး လုပ်ငန်းမှာ သိသာထင်ရှားတဲ့ တိုးတက်မှု ဖြစ်ပေါ်လာပြီး ရှေ့ ဆက် အကောင်အ ထည် ဖော်နိုင်မှာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြီးခဲ့တဲ့ NCA လက်မှတ်ရေးထိုးခြင်း တစ်နှစ်မြောက် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ သိပ်မကြာခင်ကာလမှာ ဘယ်သူတွေက ငြိမ်းချမ်းရေးကို လိုလားတယ်၊ ဘယ်သူတွေက ငြိမ်းချမ်းရေးကို မလိုလား ဘူး ပြည်သူတွေ မြင်တွေ့ကြ ရမှာ ဖြစ်တယ် ဆိုတဲ့ စကားပါ။ အဲဒီ စကားအတိုင်း သိပ်မကြာခင်ကာ လ ပြည်သူတွေ တကယ်ပဲ မြင်တွေ့ကြရမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက် ရပါတယ်။

ဦးစည်သူအောင်မြင့်
VOA Burmese News

လပွတ္တာမြို့သို့လာရောက်ခိုလှုံသည့် အနီးအနားရွာများမှသူများကို တာဝန်ရှိသူများကခေါ်ယူနေစဉ် / ဧရာဝတီ
မြန်မာ့ကမ်းရိုးတန်းဒေသများဆီသို့ ဦးတည်ရွှေ့လျားနေသည့် အနီရောင့်အဆင့်မုန်တိုင်းငယ်၏ အန္တရာယ်ကြောင့် လပွတ္တာမြို့အနီးနားရှိ ကျေးရွာများမှ ဒေသခံ ၁၀၀၀ ကျော်မှာ မြို့ပေါ်သို့ ယနေ့ရွှေ့ပြောင်းလာသည်။

“မုန်တိုင်းကိုကြောက်ပြီး လပွတ္တာမြို့ပေါ်ကို ရွာတွေက ပြောင်းလာတာ လူ ၁၀၀၀ ဝန်းကျင်ရှိတယ်။ တက်လာတဲ့ ရွာတွေကတော့ အနည်းဆုံး ၁၅ ရွာလောက်ရှိတယ်။ ကျန်တဲ့နေရာတွေကလည်း တက်လာနေကြတုန်းပဲ။ ရေလမ်းကနေ မော်တော်နဲ့ လာတာရှိသလို တချို့ရွာတွေကလည်း လမ်းလျှောက်ပြီး မြို့ပေါ်ကို တက်လာကြ တယ်ဆိုလို့ မီးသတ်ကားနဲ့ သွားခေါ်ပေးနေတယ်”ဟု လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးကျော်မိုးမြင့်က ဧရာဝတီကို ပြောသည်။

၎င်းတို့ကို ဒေသအုပ်ချုပ်ရေး တာဝန်ရှိ သူများက မြို့ပေါ်ရှိ လေးမျက်နှာကျောင်း၊ ကျိုက်ထီးရိုးကျောင်းနှင့် ကိုးနဝင်းကျောင်းတို့တွင် ယာယီကယ် ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ လက်ခံစောင့်ရှောက်ပေးထားကြောင်း သိရသည်။

“အဓိကကတော့ မုန်တိုင်းဒီရေက ၇ ပေလောက် မြင့်တက်နိုင်တယ်လို့ မိုးလေဝသဌာနက ကြေညာထားတော့ စိုးရိမ်ပြီး မြို့ပေါ်တက်လာကြတာဖြစ်နိုင်ပါတယ်။ ကျနော်တို့ဌာနအနေနဲ့ မုန်တိုင်းက အနီရောင်အဆင့်ဖြစ် သွားတဲ့အကြောင်း၊ နေအိမ်တွေ မခိုင်ခန့်ရင် ကြိုတင်ရွှေ့ပြောင်းထားကြဖို့ နီးစပ်ရာ မုန်တိုင်းဒဏ်ခံ အဆောက် အအုံ(Cyclone Shelter)တွေဆီကို အချိန်မီအရောက်သွားကြဖို့ဆိုတာမျိုးတွေ မြို့နယ်ထဲမှာလိုက်ပြီး ကြေညာထားပါတယ်။ အခု လတ်တလော မြို့ပေါ်တက်လာတဲ့ဒေသခံတွေ နေရေးစားရေး အဆင်ပြေဖို့လည်း တာဝန်ရှိသူတွေ ပူးပေါင်းပြီးလုပ်ဆောင်နေပါတယ်”ဟု လပွတ္တာမြို့ မီးသတ်ဌာနဦးစီးမှူး ဦးကျော်မိုးမြင့် ပြောသည်။

မုန်တိုင်းဗဟိုချက် ရောက်မည်ဟု ခန့်မှန်းထားသည့် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တွင်လည်း ဒေသခံ တချို့မှာ ပုသိမ်မြို့သို့ ခေတ္တပြောင်းရွှေ့နေထိုင်သူများရှိသလို မြို့ပေါ်ရှိ မြေနိမ့်ပိုင်း၊ ကမ်းနားလမ်းဘက်ပိုင်းမှ ဒေသခံများမှာလည်း ကုန်းမြင့်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်မှုများ ရှိနေကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်မှာ အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ မြောက်-အနောက်မြောက်ဘက် ၈၅ မိုင်ခန့်၊ ဟိုင်းကြီး ကျွန်းမြို့၏ အနောက်တောင်ဘက် ၈၅ မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် ၁၂၅ မိုင်ခန့်သို့ ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။

အဆိုပါမုန်တိုင်းငယ်သည် နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး၊ ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံကမ်းရိုးတန်း(မြစ်ဝကျွန်းပေါ်ဒေသ)အနီးသို့ ရောက်ရှိမည်ဖြစ်ရာ၊ ရောက်ရှိစဉ် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တောင်ပိုင်း တို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင်မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။

ထို့ပြင် မုန်တိုင်းအရှိန်ကြောင့် မုန်တိုင်းဒီရေမြင့်တက်နိုင်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင်တို့တွင် ၇ ပေမှ ၁၀ ပေခန့်အထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသဌာနက ဆိုသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့်‌ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင် ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ ပြည်တွင်းရေကြောင်းသွားလာရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန် နေပြည်တော် မိုးဇလဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

လပွတ္တာမြို့နယ်မှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်အချိန်က လူပေါင်းသောင်းနဲ့ချီ သေကြေ ပျောက် ဆုံးခဲ့ပြီး နေအိမ်အဆောက်အဦး၊ စီးပွားရေးလုပ်ငန်းများ ဆိုးဝါးစွာ ပျက်စီးဆုံးရှုံးခဲ့သည့် မြို့နယ် တခုဖြစ်သည်။

http://burma.irrawaddy.com/news/2016/10/23/125278.html


ရန်ကုန်၊ အောက်တိုဘာ ၂၃

၂၂.၁၀.၂၀၁၆ ရက်နေ့ ၁၉၃၀ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊
ရွှေပေါကံ္ကမြို့၊ အလောင်းဘုရားလမ်းရှိ နေအိမ်ခြံစည်းရိုးအား မသင်္ကာဖွယ်
အမျိုးသားတစ်ဦးမှ ကျော်နင်းဝင်ရောက်နေကြောင်း သတင်းအရ
မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါကံ္ကနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက
သက်သေများနှင့်အတူ အဆိုပါနေအိမ်သို့ ၀င်ရောက်စစ်ဆေးရှာဖွေရာ
နေအိမ်အတွင်း အထောက်အထားမဲ့ခိုးဝင်လာသူ ဟာဘီးပါ ၁၇ ဦးတို့အား
စိစစ်တွေ့ရှိခဲ့ရပါသည်။

အဆိုပါ တွေ့ရှိသူများနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးရာ ၎င်းတို့သည်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်နှင့် ကျောက်တော်မြို့နယ်
တို့မှ လာရောက်ခဲ့ကြကြောင်း၊ ပွဲစားများဖြစ်ကြသော ၀င်းကျော်(စုံစမ်းဆဲ)နှင့်
အေးသိန်း(စုံစမ်းဆဲ)တို့အား ပို့ဆောင်ခအဖြစ်တစ်ဦးလျှင်ငွေကျပ် ၁၁သိန်း
ပေးရကြောင်း၊ ၎င်းတို့ ၂ဦးမှ မော်တော်ယာဉ်ဖြင့် ရခိုင်ပြည်နယ်မှ
မကွေးမြို့သို့လည်းကောင်း၊ မောင်ကျော်(စုံစမ်းဆဲ)မှ မကွေးမြို့မှ
ရန်ကုန်မြို့သို့လည်းကောင်း ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ
နေအိမ်သို့ ရောက်ရှိသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး မလေးရှားနိုင်ငံသို့
အောက်လမ်းမှ ဆက်လက်သွားရောက်လိုပါက တစ်ဦးလျှင်ငွေကျပ်
၁၂သိန်းခွဲပေးရမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ မလေးရှားနိုင်ငံတွင် တရားမ၀င်သွားရောက်အလုပ်လုပ်ကိုင်ရန်
အတွက် ရခိုင်ပြည်နယ်မှ မကွေးမြို့သို့လည်းကောင်း၊ မကွေးမြို့မှ
ရန်ကုန်မြို့သို့လည်းကောင်း ပို့ဆောင် ပေးခဲ့သူများဖြစ်သည့် ၀င်းကျော်၊
အေးသိန်း၊ မောင်ကျော်တို့နှင့် အထောက်အထားမဲ့ခိုးဝင်လာသူများ
ဖြစ်ကြသည့် ဟာဘီးပါ ၁၇ ဦးတို့အား ရွှေပေါက္ကံနယ်မြေရဲစခန်း(ပ)
၅၁၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၆၇/၃၇၀နှင့်လည်းကောင်း၊
ဟာဘီးပါ ၁၇ဦးတို့အား ၁၉၄၉ ခုနှစ်၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူများ
မှတ်ပုံတင်ရေးအက်ဥပဒေ ၆(၂)/၆(၃)ဖြင့် အမှုဖွင့်ကာ ၀င်းကျော်၊
အေးသိန်းနှင့် မောင်ကျော်တို့ (၃)ဦးအား ဖမ်းဆီးရမိရေး စုံစမ်း
ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူများအနေဖြင့်လည်း မိမိတို့နေထိုင်ရာ ရပ်ကွက်/ကျေးရွာ၊ မြို့နယ်များ
အတွင်း မသင်္ကာဧည့်စိမ်းများ ရောက်ရှိနေကြောင်း သိရှိပါက
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၌ ဖွင့်လှစ်ထားရှိသော 199 Call Center
ဖုန်းအမှတ် ၁၉၉ နှင့် ဖုန်းအမှတ် ၀၁-၂၃၂၃၁၉၉သို့ ဆက်သွယ်
သတင်းပေးကြပါရန် အသိပေးဖော်ပြအပ်ပါသည်။

Yangon Police


ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းဟာ ပိုမိုအားကောင်းလာပြီး မြန်မာ့ကမ်းရိုးတန်းနဲ့ နီးကပ်လာလို့ အနီရောင်အဆင့် တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ မိုးလေ၀သဌာနက ကြေညာပါတယ်။

မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက နောက် ၁၂ နာရီအတွင်း မုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်းကို ထိပြီးတာနဲ့ နောက်ပြန်လှည့်ပြီး ဘင်္ဂလားပယ်လယ်အော်ထဲ ရောက်ရှိသွားမှာ ဖြစ်တယ်၊ ဒီလိုမျိုး တခါမှ မတွေ့ဖူးဘူးလို့လည်း ပြောပါတယ်။

လေတိုက်နှုန်း မိုင် ၅၀ လောက်ရှိနိုင်တဲ့ မုန်တိုင်းကို အထူးသတိထားရမယ့် ဒေသတွေကတော့ ဧရာဝတိတိုင်းနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေဖြစ်တယ်လို့လည်း ပြောပါတယ်။

“ဧရာဝတိတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့က မုန်တိုင်းလမ်းကြောင်းမှာ ရှိနေတဲ့အတွက် အဓိက သတိထားရမယ်၊ မုန်တိုင်းရဲ့ အ၀န်းအ၀ိုင်းက ပုသိမ်တို့၊ ဟိုင်းကြီးကျွန်းတို့ အဲ့ဒီ အနီးနား ပတ်ဝန်းကျင်ကနေ သွားတာပေါ့။ ပြီးတော့ သူက အပေါ်ထောင်တက်သွားမှာဆိုတော့ ရခိုင်တောင်ပိုင်းဒေသတွေလည်း သတိထားရမယ့်အထဲ ပါတယ်။”

မုန်တိုင်းနီးကပ်လာချိန်ကို အနီရောင်အဆင့် တိုးမြှင့်သတိပေးပြီး မုန်တိုင်း ကမ်းကို ဖြတ်ကျော်ချိန်မှာ ပုံမှန်အားဖြင့် အညိုရောင် သတ်မှတ်တာ ဖြစ်ပါတယ်။

အခု မုန်တိုင်းကတော့ ကမ်း မဖြတ်ဘဲ ပင်လယ်ထဲ နောက်ကြောင်းပြန်သွားမှာမို့ ဘယ်လို သတ်မှတ် ထုတ်ပြန်ရမလဲဆိုတာကို မိုးလေ၀သဌာနကလည်း စဉ်းစားတုန်းလို့ ဆိုပါတယ်။
DVB TV News


ပို့အောပရင့်စ်၊ အောက်တိုဘာ ၂၃ ။ ။ ဟေတီနိုင်ငံ မြောက်ပိုင်းအကျဉ်းထောင်တစ်ခုတွင် အောက်တိုဘာ ၂၂ ရက်က အကျဉ်းသားတစ်ရာကျော်က အစောင့်တစ်ဦးကို သတ်ပြီး လက်နက်များ ခိုးဝှက်ယူဆောင်ကာ ထောင်ဖောက်ထွက်ပြေးကြောင်း အာဏာပိုင်များက ပြောသည်။

လွတ်မြောက်ထွက်ပြေးသွားသူ အကျဉ်းသား ၁၇၄ ဦးရှိပြီး ၎င်းတို့အား လိုက်လံဖမ်းဆီးရေးအတွက် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့၏ အထောက်အပံ့ဖြင့် ဟေတီအာဏာပိုင်များက ဆောင်ရွက်လျက်ရှိသည်။

အကျဉ်းထောင်မှ လာလမ်းအားလုံးတွင် ရဲဌာနက စစ်ဆေးရေးဂိတ်များထားပြီး အမှတ်အသားကတ်ပြားမပါသူ တစ်ချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ အာကာဟိုင်းအကျဉ်းထောင်တွင် ထောင်အဝတ်အစား မဝတ်ဆင်ရသူ အကျဉ်းသား ၂၆၆ ဦးရှိရာ ထောင်ဖောက်ထွက်ပြေးရန် လွယ်ကူပြီး အပြင်တွင် အလွယ်တကူ ရောနှောလိုက်နိုင်သည်။

ထောင်အတွင်း ရေချိုးချိန်၌ ဖြစ်ပွားသည့် ယခုထောင်ဖောက်စဉ်က အကျဉ်းသား ၁၁ ဦးကို ဖမ်းဆီးရမိကြောင်း တာဝန်ရှိသူများက ပြောသည်။ ထောင်သားများက အစောင့်များကို ဓားစာခံထားကာ လွတ်လမ်းရှာ ထွက်ပြေးခြင်းဖြစ်ကြောင်း၊ အခြားလက်နက်များနှင့်အတူ အနည်းဆုံး ရိုင်ဖယ်ငါးလက်ကိုလည်း ရယူသွားကြောင်း သိရသည်။ အစောင့်တစ်ဦးက ပစ်သတ်ခံရကာ သေဆုံးသည်။

ထောင်နံရံအား ကျော်တက်စဉ် ထောင်သားတစ်ဦး ပြုတ်ကျကာ သေဆုံးကြောင်း တရားရေးဝန်ကြီးက ပြောသည်။

“အစောင့်တစ်ဦး ပစ်သတ်ခံရပြီး သေဆုံးပါတယ်။ ထောင်သားသုံးဦး ဒဏ်ရာရတယ်။ တစ်ဦးကတော့ နံရံကျော်တက်ချိန် ပြုတ်ကျပြီး ဒဏ်ရာကြောင့် သေဆုံးတာဖြစ်ပါတယ်။”ဟု တရားရေးဝန်ကြီးက ဆိုသည်။

ထိုသို့ ထောင်ဖောက်မှုဖြစ်စဉ်ကြောင့် ဟေတီရှိ အမေရိကန်သံရုံးက သတိပေးချက်ထုတ်ထားပြီး ၎င်းနိုင်ငံသားများအား ယင်းအရပ်ဒေသသို့ သွားရောက်ခြင်းမပြုရန် ပြောထားသည်။
Mizzima - News in Burmese


အောက်တိုဘာ ၂၃၊ မန်ချက်စတာ။ ။ မန်ယူအသင်းနှင့်အတူ ဆုဖလားတစ်ခုခုရယူနိုင်ခြင်းမရှိပါက မိမိနှင့်ပတ်သက်ပြီး ထွေထွေထူးထူးယူဆခံရလိမ့်မည်မဟုတ်ဟု နည်းပြမော်ရင်ဟိုက ဝန်ခံ ပြောဆိုလိုက်သည်။

ပေါ်တူဂီလူမျိုးနည်းပြသည် ၂၀၀၄ ခုနှစ်တွင် ချယ်လ်ဆီးအသင်းကိုကိုင်တွယ်ရန် ပရီးမီးယားလိဂ်သို့ရောက်လာစဉ် မိမိကိုယ်ကိုယ် စပါယ်ရှယ်ဝမ်း ဟု ကြွေးကြော်ခဲ့သူဖြစ်သည်။

ယင်းနောက်အောင်မြင်မှုများစွာရရှိခဲ့သော်လည်း မော်ရင်ဟိုသည် ဖာဂူဆန်အနားယူသွားပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ်ပြန်လည်ရယူပေးမှာသာလျှင် မန်ယူပရိသတ်များ၏ စပါယ်ရှယ်ဝမ်းအဖြစ် ယူဆခံရဖွယ်ရှိနေသည်။

“ဆုဖလားတွေမရခင်ကတည်းက ဆက်ဆံရေးတွေရှိပါတယ်။ ဒါပေမဲ့ အောင်မြင်မှုတွေကို အတူမျှဝေခံစားကြမှာသာ နည်းပြနဲ့ ပရိသတ်တွေကြားက အဲဒီဆက်ဆံရေးတွေ ပိုပြီးခိုင်မာမှာပါ။

ကျွန်တော် ယူနိုက်တက်နဲ့ သုံးနှစ်စာချုပ်ထားပါတယ်။ ကျွန်တော်ဒီမှာ သုံးနှစ်ရှိနေခဲ့ရင် အသင်းအတွက်ကျွန်တော်အရာတိုင်း ပေးဆပ်ထားတယ်ဆိုတာ လူတွေသိလာမယ်။

ပရော်ဖက်ရှင်နယ်တစ်ယောက်၊ ယူနိုက်တက်အတွက်ဆို တစ်နေ့ ၂၄ နာရီ ပေးဆပ်ထားတဲ့ နည်းပြတစ်ယောက်ဆိုတာကိုပေါ့။

ဒါပေမဲ့ အဲဒီသုံးနှစ်သက်တမ်းကုန်သွားတဲ့အခါ ဆုဖလားတစ်လုံးတောင်ယူမပေးနိုင်ဘူးဆိုရင်တော့ သူတို့က ပြောကြလိမ့်မယ်။ ‘လူတော်တစ်ယောက်၊ နည်းပြကောင်းတစ်ယောက်။ ငါတို့သူ့ကိုသဘောကျပါတယ်။ ဒါပေမဲ့ သူနဲ့ပတ်သက်ပြီး ထူးထူးထွေထွေ တော့ မခံစားရဘူး’ ဆိုပြီး ပြောကြပါလိမ့်မယ်”ဟု မော်ရင်ဟိုက ဆိုသည်။

Ref; goal.com
Mizzima - News in Burmese


နတ်ရွာစံ ထိုင်းဘုရင်ကြီး ဘူမိဘောအတွက် ရည်စူးပြီး ရွှေ့ပြောင်းမြန်မာတချို့ အောက်တိုဘာလ ၂၂ ရက်နေ့က စတင်ပြီး ထိုင်းကြက်ခြေနီအသင်းတွေမှာ သွေးလှူဒါန်းနေကြပါတယ်။

ဘန်ကောက်၊ ချင်းမိုင်၊ ဖူးကတ်၊ ပတရား စတဲ့မြို့တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတချို့က နတ်ရွာစံ ထိုင်းဘုရင်မင်းမြတ်အတွက် ရည်စူးပြီး သွေးလှူဒါန်းနေကြတာ ဖြစ်ပါတယ်။

မနေ့က အယောက် ၄၀ လောက် လှူဒါန်းခဲ့ကြပြီး နောက်ထပ်လည်း လာရောက် လှူဒါန်းချင်သူတွေ ထိုင်းကြက်ခြေနီအသင်းဌာနတွေကို သွားရောက် လှူဒါန်းလို့ရတယ်လို့ ဦးဆောင်သူတဦးက ပြောပါတယ်။

ထိုင်းကြက်ခြေနီအဖွဲ့ဟာ ထိုင်းနိုင်ငံအတွင်းက အခြေခံလူတန်းစား များသောအားဖြင့် ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ အားထား ကုသနေရတဲ့ ထိုင်းဘုရင့်ဆေးရုံတွေကို လိုအပ်တဲ့ သွေးတွေ ကူညီပံ့ပိုးပေးနေတာလည်း ဖြစ်ပါတယ်။

ထိုင်းဘုရင် တည်ဆောက်ပေးထားတဲ့ ဆေးရုံတွေဟာ အလုပ်သမားတွေရဲ့ ကျန်းမာရေးအတွက် မှီခိုအားထားရာနေရာ ဖြစ်နေတဲ့အတွက် ထိုင်းဘုရင် ဘူမိဘောကို ကျေးဇူးအထူးတင်သလို ခုလို နတ်ရွာစံသွားတဲ့အတွက် ထိုင်းနိုင်ငံသားတွေလိုပဲ ထပ်တူဝမ်းနည်းမိတယ်လို့ သွေးလှူဒါန်းရာမှာ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုဂျော်နီက ပြောါပတယ်။

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်း မြန်မာအလုပ်သမား သန်းနဲ့ချီရှိပြီး အရင်ကလည်း ထိုင်းဘုရင်ကြီး မွေးနေ့တွေမှာ ဘောလုံးအားကစားပွဲ ယှဉ်ပြိုင်တာနဲ့ သွေးလှူဒါန်းတာတွေ လုပ်ခဲ့ဖူးပါတယ်။

ထီးနန်းနှစ်သက် ၇၀ ရှိတဲ့ ထိုင်းဘုရင်ကြီး ဘူမိဘော အသက် ၈၈ နှစ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ၇က်နေ့မှာ နတ်ရွာစံခဲ့တာ ဖြစ်ပါတယ်။
DVB TV News


မြန်မာ့ဆက်သွယ်ရေးကွန်ရက် (MTN) အများပိုင်ကုမ္ပဏီသည် စီးပွားရေးကို အဓိကထားသည့် ရုပ်သံလိုင်းထုတ်လွှင့် ရန် စီစဉ်လျက်ရှိကြောင်း (MTN)မှ တာဝန်ရှိသူတဦးက ပြောသည်။

''ကျွန်တော်တို့ ဆက်သွယ်ရေးကုမ္ပဏီက စီးပွားရေးကိုအဓိကထားတဲ့ (Business Channel) ကို ထုတ်လွှင့်ဖို့အတွက် စီစဉ်နေပါတယ်။ အခုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်သံလွှင့်လိုင်း ၅ လိုင်းကို ဆောင်ရွက်ခွင့်ပေးဖို့အတွက် Expression of Interest (EOI) ကိုလည်း တင်သွင်းမှုအောင်မြင်ခဲ့ပါတယ်'' ၎င်းက ပြောသည်။

စီးပွားရေးကို အဓိကထားသည့် ရုပ်သံများထုတ်လွှင့်ရာတွင် ပေါင်းစပ်ထုတ်လွှင့်မည့်အစီအစဉ်များမှာ စီးပွားရေး ကဏ္ဍ ၆၀ ရာခိုင်နှုန်း၊ ပညာရေးကဏ္ဍ ၂၀ ရာခိုင်နှုန်း၊ ဖျော်ဖြေရေး ၁၀ ရာခိုင်နှုန်း၊ သတင်း ကဏ္ဍ ၁၀ ရာခိုင် နှုန်းနှင့် ပြည်တွင်းပြည်ပ Content အချိုးအစားမှာ ပြည်တွင်း ၇၀ ရာခိုင်နှုန်းနှင့် ပြည်ပ ၃၀ ရာခိုင်နှုန်းအထိ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ စီးပွားရေးရုပ်သံလိုင်းကဏ္ဍအတွက် အခုပြည်တွင်း ပြည်ပအတွေ့အကြုံရှိတဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ထားပါတယ်။ ပြည်ပအနေနဲ့ကတော့ စင်ကာပူပုဂ္ဂလိက ရုပ်သံလိုင်းနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ နိုင်ငံပိုင် CAT Telecom နဲ့ TRUE Vision တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်''ဟု ၎င်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးကွန်ရက် အများပိုင်ကုမ္ပဏီသည် ယခင်အစိုးရလက်ထက်ကတည်းက ရေဒီယိုမှာ အသံလွှင့်လုပ်ငန်းကို MRTV နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း၊ ထို့အပြင် ရှေ့လုပ်ငန်း စဉ်များအနေဖြင့် ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်ဆက်သွယ်ရေးလုပ်ငန်း၊ Out side Plant Service (OSP) လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း၊ Teleport အဆောက်အဦဆောက်လုပ်ခြင်းတို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ Teleport နှင့် Data Center ကို လှိုင်သာယာမြို့နယ် မြေ ၂ ဧကတွင် တည်ဆောက် လုပ်လျက်ရှိကြောင်း သိရ သည်။

MTN ကုမ္ပဏီသည် အများပိုင်ကုမ္ပဏီအဖြစ် ရှယ်ယာရင်းနှီးငွေပမာဏ ကျပ် ၁၀၀ ဘီလီယံအထိ ရင်းနှီးငွေဖြင့် မတည်ခြင်း၊ အစုရှယ်ယာတခုလျှင် ကျပ် ၁၀၀၀၀ သတ်မှတ်ထားကြောင်း၊ MTN သည် ဆက်သွယ်ရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်ပြီး စတော့ရှယ်ယာဈေးကွက်တွင် ပါဝင်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း သိရသည်။

လတ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)



စစ်ရေးသည်နိုင်ငံရေး၏အဆက်ဖြစ်သည်ဆိုသော ပြောစကားတစ်ခုရှိ၏ ။နိုင်ငံရေးဆွေးနွေးပွဲစကားဝိုင်းများမအောင်မမြင်ဖြစ်လာသောအခါ စစ်တိုက်ခြင်းဖြင့် ဖြေရှင်းကြသည်ကိုဆိုလိုရင်းဖြစ်ပုံရသည် ။ ရှေးကတော့ မြန်မာ့နိုင်ငံရေးသည် လက်ဆောင်ပဏ္ဍာသနိုင်ငံရေးဖြစ်သည် ။ ဘုရင်များနှင့်လက်အောက်ခံနယ်စားပယ်စား ဘုရင်ငယ်များကြားတွင် နိုင်ငံရေးဆိုသည်မှာအခြားမဟုတ် ။
လက်အောက်ခံမင်းတစ်ပါးက နေပြည်တော်မှမင်းတရားကြီးအား နှစ်စဉ်ပုံမှန် လက်ဆောင်ပဏ္ဍာများဆက်သနေရေးပင်ဖြစ်သည် ။ လက်ဆောင်ပစ္စည်းများပုံမှန်ဆက်သနေခြင်းသည် နိုင်ငံရေးအရ သစ္စာခံခြင်း (၀ါ) လက်အောက်ခံအဖြစ်နေထိုင်ခြင်း သင်္ကေတလည်းဖြစ်သည် ။ ဆက်သမြဲဖြစ်သော အခွန်အတုတ် လက်ဆောင် ပဏ္ဍာများကို ဆက်သမြဲဆက်သနေသရွေ့ နိုင်ငံရေးအရအငြင်းပွားစရာမရှိ ၊ အားးလုံးအဆင်ပြေချောမွေ့နေမည်ဖြစ်သည်။ ပို၍ ဆက်ဆံရေးကောင်းလိုပါလျှင် ဘုရင်ကြီးထံသို့ သမီးတော်ဖြစ်စေ ၊ နှမတော်ဖြစ်စေ ဆက်သလိုက်ရုံပဲဖြစ်သည် ။ ထိုအခါ ဟိုဘက်နှင့်သည်ဘက် ယောက်ဖ ၊ယောက်ခမစသည်ဖြင့် အမျိုးများတော်သွားကြပြီဖြစ်သဖြင့် သစ္စာတော်ခိုင်မြဲကြလေသည် ။ ထို့ ကြောင့်ပဒေသရာဇ်ခေတ်၏ နိုင်ငံရေးဆိုသည်မှာ သမီးပေး နှမယူနိုင်ငံရေး (သို့ မဟုတ် ) လက်ဆောင် ပဏ္ဍာနိုင်ငံရေးပင်ဖြစ်သည် ။

ဆက်သနေကျဖြစ်သောလက်ဆောင်ပဏ္ဍာတော်များရောက်ရှိမလာသည်နှင့် ထိုနယ်စားပယ်စား ဘုရင်ငယ်များသည် နိုင်ငံရေးမှသွေဖီကာ သစ္စာဖောက် ပုန်ကန်ခြားနားသည်ဟုသတ်မှတ်ကြစမြဲဖြစ်သည် ။ ထိုအခါ နိုင်ငံရေးအရညှိ၍မရကြတော့သဖြင့် နိုင်ငံရေး၏အဆက်ဖြစ်သော စစ်ရေး ကဏ္ဍသို့ ကျရောက်လာကြစမြဲဖြစ်သည် ။ ထိုစဉ်က နိုင်ငံတွင် အုပ်ချုပ်ရေး၏အကြီးအကဲမှာ ဘုရင်ဖြစ်ပြီး စစ်တပ်၏အကြီးအကဲ မှာလည်း ဘုရင်ပင်ဖြစ်သည် ။ ဘုရင်ပြီးလျှင် အိမ်ရှေ့မင်းသား ၊ထို့နောက်တွင်မှ စစ်သူကြီးရှိသည် ။ လွှတ်တော်ရှိသော်လည်း ဘုရင်ကစစ်တိုက်ချင်သည်ဆိုလျှင် လွှတ်တော်ကသဘောတူပေးရခြင်းသာရှိသည် ။တားမြစ်နိုင်သောအာဏာမရှိ ။ ဘုရင်သည် နိုင်ငံရေးကိုလည်းဆုံးဖြတ်သည် ။စစ်ရေးကိုလည်းဆုံးဖြတ်သည် ။

၂၀ ရာစု နိုင်ငံရေး ၊ ၂၁ ရာစုနိုင်ငံရေးတွင် သက်ဦးဆံပိုင် ဘုရင်စနစ်ဟူသည်မရှိတော့ ။စည်းမျဉ်းခံဘုရင်စနစ်အောက်တွင် ဘုရင်၏အကြွင်းမဲ့အာဏာသည်လည်း ပြောင်းလဲလာသည် ။ ယခင် အတိတ်ကာလကလို ဘုရင်သည် နိုင်ငံရေးမှာရော ၊စစ်ရေးမှာရော အမြင့်ဆုံးအာဏာပိုင်မဟုတ်တော့ ။ ဘုရင်စနစ်ကျင့်သုံးသောနိုင်ငံများမှာပင် ဘုရင်သည် အဆောင်အယောင်အဖြစ်သာနေရသော ရုပ်ပြနိုင်ငံ့ အကြီးအကဲဖြစ်သည် ။ တကယ့်နိုင်ငံတော်အာဏာသည် လွှတ်တော် နှင့်အစိုးရထံမှာကိန်းအောင်းလာသည် ။ ဘုရင်က အတိတ်ကလို စစ်ကြေငြာတာတွေ ၊စစ်ပြေငြိမ်းတာတေံလုပ်ခွင့်မရှိတော့ ။ ထိုအစား နိုင်ငံတစ်နိုင်ငံတွင် ၀န်ကြီးချုပ် (သို့မဟုတ် )သမ္မတ တို့ လုပ်ပိုင်ခွင့်အာဏာတွင်ကျယ်လာသည် ။ သမ္မတစနစ်ဖြင့်အုပ်ချုပ်သောနိုင်ငံတွင် နိုင်ငံတော်သမ္မတသည် ၊ (ပါလီမန်ဒီမိုကရေစီစန်ဖြင့်အုပ်ချုပ်သောနိုင်ငံတွင်ဝန်ကြီးချုပ် သည်) နိုင်ငံရေးမှာရောစစ်ရေးမှာရော အဓိက ကျသောခေါင်းဆောင်ဖြစ်လာသည် ။ သူသည် လွှတ်တော်၏သဘောတူညီချက်ဖြင့် စစ်တိုက်နိုင်သည် ၊ စစ်ပြေငြိမ်းနိုင်သည် ။ နိုင်ငံရေးဆွေးနွေးနိုင်သည် ။ ငြိမ်းချမ်းရေးရယူနိုင်သည် ။ သူ၏ဆုံးဖြတ်ချက်သည်အတည်ဖြစ်သည်။ သို့ သော်ယခုခေတ်တွင် နိုင်ငံရေးဆိုသည်မှာ ရှေးဘုရင်တွေခေတ်ကနှင့်မတူကွဲပြားလာသည် ။ ယခင်ခေတ်က နိုင်ငံရေးဆိုသည်မှာ လက်ဆောင်ပဏ္ဍာဆက်ရေး ၊သစ္စာတော်ခံရေးဖြစ်သည် ။ ယခုခေတ်နိုင်ငံရေးဆိုသည်ကား ပိုမိုသိမ်မွေ့ ရှုပ်ထွေးသည် ။ သမီးပေး၊ နှမယူရုံနှင့်လည်းမပြီးတော့ ၊ သစ္စာရေသောက်ရုံနှင့်လည်းမရတော့ ။နိုင်ငံရေးဆိုသည်မှာ အနှစ်ချုပ်အားဖြင့် တန်းတူရည်တူရှိရေး ၊ အာဏာခွဲဝေရေး ၊ သယံဇာတခွဲဝေရေး ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးတို့ဖြစ်လာသည် ။ ထိုအရေးမျာကို နိုင်ငံရေးခေါင်းဆောင်အချင်းချင်းဆွေးနွေးကြရသည် ။မအောင်မြင်သောအခါ တပ်မတော်အချင်းချင်းစစ်တိုက်ကြသည် ။

ယခင်ကတော့ စစ်ရေးခေါင်းဆောင်နှင့်နိုင်ငံရေးခေါင်းဆောင်သည် ဘုရင်မင်းမြတ်ဖြစ်သည် ။ယခုအခါတွင် နိုင်ငံရေးခေါင်းဆောင်သည် သမ္မတ ၊၀န်ကြီးချုပ်ဖြစ်သည် ။ စစ်ရေးခေါင်းဆောင်သည်လည်း သမ္မတ ၊၀န်ကြီးချုပ် ၊ ကာကွယ်ရေးဝန်ကြီး ၊ ကာကွယ်ရေးဦးစီးချုပ်တို့ ဖြစ်ကြသည် ။ သမ္မတ (သို့မဟုတ်)၀န်ကြီးချုပ် ညွှန်ကြားချက်အတိုင်း ကာကွယ်ရေးဝန်ကြီးက အမိန့်နာခံကာ စစ်တိုက်ရသည် ။သို့မဟုတ် စစ်ရပ်စဲရသည် ။ ကာကွယ်ရေးဝန်ကြီးအမိန့် အရ ကြည်း၊ရေ၊လေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များက အကောင်အထည်ဖော်ဆောင်ရွက်ကြရသည် ။ နိုင်ငံတစ်နိုင်ငံတွင် စစ်ရေးကအရေးကြီးသော်လည်း ၊စစ်ရေး၏အထက်တွင် နိုင်ငံရေး ကလွမ်မိုးအုပ်ချုပ်သည် ။နိုင်ငံရေးရာထူး တာဝန်ယူထားသူများ၏ခေါင်းဆောင်မှုကို တပ်မတော်ကနာခံကာ စစ်ရေးမူဝါဒများကို အကောင်အထည်ဖော်ပေးရသည် ။ တိုက်ဆိုတိုက် ၊ ရပ်ဆိုရပ်ရသည် ။

ယခုအခါမြန်မာနိုင်ငံတွင် စစ်ရေး ၊နိုင်ငံရေး ရှုပ်ထွေးမှုများဖြစ်နေသည် ။နိုင်ငံရေးတွင် ကချင် ၊ ရခိုင် ၊ တအောင်း စသော တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မပြတ်မသားဖြစ်နေသည် ။ သဘောတူညီချက်မရပဲဖြစ်နေသည် ။ သို့ သော်နိုင်ငံရေးဆွေးနွေးပွဲများလုံးဝ ကျဆုံးသွားခြင်းမဟုတ်သေး ။ ဆွေးနွေးနေဆဲအဆင့်သာဖြစ်သည် ။ ပြည်လုံးကျွတ်အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ( NCA ) ကို လက်မှတ်ထိုး ပြီးမှာ နိုင်ငံရေးဆွေးနွေးခြင်း နှင့် NCA ကိုလက်မှတ်မထိုးသေးပဲ အမျိုးသားအဆင့် ဆွေးနွေးပွဲများကိုသွားနိုင်ရန်ကြိုးစားနေခြင်းဟူသော သဘောထားကွဲလွဲမှု အစိုးရနှင့် KIA အကြား ဖြစ်ပွားနေသည် ။ ထိုသို့ အငြင်းပွားနေခြင်းသည် နိုင်ငံရေးဖြစ်သည် ။နိုင်ငံရေးဖြစ်စဉ် တစ်ခု လုံးဝလမ်းပိတ်သွားမှသာ နိုင်ငံရေး၏နောက်ဆက်တွဲ စစ်ရေး ကလိုက်လာသင့်သည် ။

ယခုအခါ မြန်မာနိုင်ငံသည်ပြောင်းပြန်ဖြစ်နေ၏ ။ နိုင်ငံရေးဆွေးနွေးမှု ( NCA စာချုပ်သဘောတူမှု)ဆီရောက်ဖို့  စစ်ရေဖြင့် တပ်မတော်က ဖိအားပေးတိုက်ခိုက်သကဲ့သို့ ရှိနေခြင်းကို ယနေ့ ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော စစ်ပွဲများကတွေ့ မြင်နိုင်သည် ။ စစ်ပွဲကအရင် နိုင်ငံရေးကနောက် ဆိုသောသဘောသည် ကမ္ဘာကလက်ခံထားသော နိုင်ငံရေးကအရင် ၊စစ်ပွဲကနောက်ဆိုသော မူနှင့်ဆန့်ကျင်နေသည် ။ အခြားတဖက်တွင် နုင်ငံရေးရာထူးရထားသူ သမ္မတ သည် တပ်မတော်ကို ကွပ်ကဲခွင့် အမိန့်ပေးခွင့်ရှိရမည်ဖြစ်သည် ။ သမ္မတကြီးသည် ကာကွယ်ရေးဝန်ကြီးကို စစ်ရပ်စဲရန် ၊တိုက်ခိုက်ရန် စသောအမိန့်များကိုပေးနိုင်ရမည် ။ ကာကွယ်ဝန်ကြီးကမှ ကာကွယ်ရေးဦးစီးချုပ်အား လက်တွေ့ မြေပြင်တွင် စစ်တိုက်ခြင်း ၊ စစ်ရပ်စဲခြင်း တို့ ကို ပြုလုပ်ရန် အမိန့် ပေး ညွှန်ကြားရမည် ။ ဒါသည် ပုံစံအမှန်ဖြစ်သည် ။

မြန်မာနိုင်ငံတွင်ဖြစ်နေသော စစ်ပွဲကအရင် နိုင်ငံရေးကနောက် ဆိုသော ၀ါဒ ။ ကာကွယ်ရေးဝန်ကြီး က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လက်အောက်သို့ ရောက်နေသော ကိစ္စ များသည် ပြောင်းပြန်ကိစ္စများဖြစ်သည် ။ထိုကိစ္စများကြောင့် စစ်ပွဲသည် နိုင်ငံရေးဆွေးနွေးပွဲ၏နောက်ဆက်တွဲ ဖြစ်မလာနိုင်ပဲ နို့င်ငံရေးဆွေးနွေးပွဲသည် စစ်ပွဲ၏နောက်ဆက်တွဲဖြစ်လာနေခြင်းဖြစ်သည် ။ ထိုအခါ နိုင်ငံရေးထက် စစ်ရေးက ပို၍အရေးပါနေသော အဖြစ်များဖြစ်ပေါ်လာကာ စစ်ကိုနိုင်ငံရေးကမရပ်တန့်နိုင်ပဲ နိုင်ငံရေး ကိုစစ်ပွဲတွေကရပ်တန့် ပစ်လိုက်မှာကိုစိုးရိမ်မိပါကြောင်း။

သရ၀ဏ်(ပြည်)

နိုင်ငံရေးဂျာနယ်
၂၁.၁၀.၂၀၁၆

အောက်တိုဘာ ၂၃၊ စပိန် ။ ။ ဘာစီလိုနာအသင်းက ဗလင်စီယာအသင်းကို ၂-၃ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဘာစီလိုနာအသင်းခေါင်းဆောင် အင်နီယေစတာမှာ ဒူးဒဏ်ရာရရှိခဲ့သည့်အတွက် ခြောက်ပတ်မှ ရှစ်ပတ်အထိ အနားယူရတော့မည် ဖြစ်သည်။

အင်နီယေစတာသည် ပွဲချိန် ၁၄ မိနစ်တွင် အန်ဇိုပီရက်ဇ်နှင့်ထိခိုက်မိခဲ့ပြီး ဒူးအရွတ်တွင် ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်။ ယခုဒဏ်ရာကြောင့် အင်နီယေစတာမှာ မန်စီးတီးနှင့်ကစားရမည့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ရန်သေချာသွားပြီ ဖြစ်ပြီး လက်ကျန်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အားလုံးကိုလည်း လွဲချော်မည့်အနေအထားဖြစ်သည်။

ဗလင်စီယာနှင့်ပွဲစဉ်တွင် ဘာစီလိုနာအသင်းမှာ အသည်းအသန်ကစားခဲ့ရပြီး မက်ဆီ၏ နောက်ဆုံးပင်နယ်တီသွင်းဂိုးကြောင့်သာ သုံးဂိုး-နှစ်ဂိုးဖြင့် ကပ်ပြီး အနိုင်ရခဲ့ခြင်းဖြစ်သည်။ မက်ဆီဂိုးသွင်းပြီးချိန်တွင် ဘာစီလိုနာအသင်းသားများအောင်ပွဲခံရာသို့ ဗလင်စလီယာပရိသတ်တစ်ဦးက ရေဗူးဖြင့် ပစ်ပေါက်ခဲ့ရာ နေမာကိုထိမှန်ခဲ့ပြီး ပြဿနာဖြစ်ပွားခဲ့ရသေးသည်။ ပွဲအပြီးတွင်လည်း နှစ်ဘက်အသင်းသားများအကြား အချင်းများမှုတစ်ချို့ ဖြစ်ပွားခဲ့သည်။

လက်ရှိအချိန်တွင် ဘာစီလိုနာအသင်း၌ အဓိကနောက်ခံလူများဖြစ်သော ပီကေးနှင့် ဂျော်ဒီအယ်ဘာတို့ ဒဏ်ရာရနေသည့်အတွက် အသင်းအတွက် အခက်အခဲများ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း
အောင်ငြိမ်းသွေး
Mizzima - News in Burmese


ဘန်ကောက်၊ အောက်တိုဘာ ၂၃ ။ ။ ဆယ်စုနှစ်ခုနစ်နှစ်စာ ထီးနန်းစိုးစံခဲ့ပြီး အောက်တိုဘာ ၁၃ ရက်က ကံတော်ကုန်နတ်ရွာစံခဲ့သော ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအား ဂုဏ်ပြုအမွှမ်းတင်ခြင်းအဖြစ် ထိုင်းနန်းတော်ရှေ့တွင် အောက်တိုဘာ ၂၂ ရက်က များစွာသော လူအုပ်ကြီးက တော်ဝင်သီချင်းအား သံပြိုင်သီဆိုခဲ့ကြသည်။

ပြည်သူတို့၏ ဖခင်သဖွယ်ဖြစ်နေသော သက်တော် ၈၈ နှစ်တွင် ကံတော်ကုန်သည့် ဘုရင်ကြီးအတွက် ဝမ်းနည်းမှုအထိမ်းအမှတ်ကို အစိုးရက တစ်နှစ်ကြေညာထားသည်။ ရှေးရိုးအစဉ်အလာ ဘုရင်တစ်ပါးဖြစ်သော်လည်း နိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများတွင် သြဇာညောင်းမှုရှိသော ဘုရင်တစ်ပါးလည်းဖြစ်သည်။

အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားကြသော ပြည်သူများက ဘတ်စ်ကားများ၊ လှေများနှင့် ခြေလျင်လာရောက်ခြင်းတို့ဖြင့် နန်းတော်အပြင်ဖက် တော်ဝင်များ ဈာပနာပြုရာနေရာတွင် စုရုံးရောက်ရှိကာ တော်ဝင်သီချင်းအား သံပြိုင်သီကျူးခြင်းဖြစ်သည်။

လာရောက်ကြသည့် ပြည်သူအင်အားက တစ်သိန်းခွဲကျော်ထက်မနည်းရှိကြောင်း ရဲများက ပြောသည်။

Sansoen Phra Barami ဆိုသည့် တော်ဝင်သီချင်းအား ထိုင်းနိုင်ငံတွင်းရှိ ရုပ်ရှင်ရုံများတွင် ဇာတ်ကားမပြသမီ ဘုရင်မင်းမြတ်၏ လုပ်ဆောင်လှုပ်ရှားမှုများနောက်ခံဖြင့် ထုတ်လွှင့်ကာ ရုပ်ရှင်ကြည့်သူများက ဘုရင်အား မတ်တပ်ရပ် အရိုအသေပေးခြင်းဖြင့် ဂုဏ်ပြုကြသည်။

ယခု လူအုပ်လိုက် သီဆိုမှုအား မှတ်တမ်းတင်ရိုက်ကူးထားမည်ဖြစ်ကာ ရုပ်ရှင်ရုံများ၌ ဇာတ်ကားမပြမီ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

“ဘုရင်ကြီး ကောင်းရာသုဂတိ လားချိန်ကစပြီး ကျွန်တော်တို့ရဲ့ ချစ်မြတ်နိုးမှုကို ပြသဖို့ ရုပ်ရှင်ရုံတွေမှာ ဇာတ်ကားမပြသမီ တော်ဝင်သီချင် သီဆိုဂုဏ်ပြုကြပါမယ်။”ဟု တော်ဝင်မင်းသားတစ်ပါးဖြစ်သူ က သတင်းထောက်များအား ပြောသည်။
Mizzima - News in Burmese

ထိုင်းနိုင်ငံမှာ ဘုရင်ကြီး ဘူမိဘောအဒူလျာဒက် ကွယ်လွန်အနိစ္စရောက်သွားတော့ ပြည်သူတွေသာမကတကမ္ဘာလုံးကစိတ်မကောင်းဝမ်းနည်းကြတယ် ။ သူ့ တိုင်းသူပြည်သားတွေဆိုတာတော့ပြောမနေနဲ့ ၀မ်းနည်းလွန်းလို့ အနက်ရောင်အင်္ကျီတွေဝတ် ၊ပျော်ပွဲရွှင်ပွဲမှန်သမျှ ခေတ္တရပ်နားထားပြီး ဘုရင်ကြီးကို ဂါရ၀ထားလေးစားကြတယ် ။ အောက်တိုဘာလ ၁၄ ရက်နေ့ကိုဝမ်းနည်းခြင်းအထိမ်းအမတ်အဖြစ် အားလပ်ရက်သတ်မှတ်ပေးခဲ့တယ် ။ တနိုင်ငံလုံး ပူဆွေးဝမ်းနည်းကြတဲ့နေ့ပါပဲ ။ သူများနိုင်ငံက ဘုရင်ကို ပြည်သူလူထုကချစ်ကြခင်ကြ ကြည်ငြိုလေးစားကြတာမြင်မိတော့ ကိုယ့်နိုင်ငံကဘုရင်တွေ ၊ ကိုယ့်နိုင်ငံကခေါင်းဆောင်တွေကို လူတွေက ဘာ့ကြောင့်မကြည်ညိုကြတာပါလိမ့်လို့  လည်းစဉ်းစားမိတယ် ။တကယ်ဆို ကျွန်တော်တို့မှာလည်းဘုရင်တွေရှိခဲ့ဖူးပါတယ် ။ အတိတ်သမိုင်းမှာကောင်းတဲ့ဘုရင်တွေ ရှိသလို ၊ အရည်အချင်းမပြည့်မီတဲ့ ဘုရင်တွေ ။ အာဏာယစ်မူးပြီး တိုင်းပြည်ကိုဂရုမစိုက်ထင်ရာစိုင်းခဲ့တဲ့ ဘုရင်တွေလဲရှိခဲ့ပါတယ် ။ သာလွန်မင်းတရားကြီလို လက်ရုံးရည်နှလုံးရည်နဲ့ ပြည့်စုံတဲ့ဘုရင်ကြီးတွေလက်ထက်မှာ တိုင်းသူပြည်သားတွေဟာ နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြရပြီး စလေငခွေးလို ၊နရသူမင်းလို ၊ တရုတ်ပြေးမင်းလို ၊ ပုဂံမင်းလို မင်းတွေလက်ထက်မှာတော့ တိုင်းသူပြည်သားတွေဟာ စိတ်နှလုံးညှိုးချုန်းခဲ့ရပါတယ် ။ အပျော်အပါးမက်တဲ့ မင်းတွေလက်ထက်မှာ မြို့စာရေးမောင်ပိန်လို ၊ ဘိုင်ဆပ်လိုပုဂ္ဂိုလ်တွေရှေ့တန်းရောက်နေရာရကြပြီး တော်တည့်ဖြောင့်မတ်တဲ့ ပညာရှိအမတ်ကြီးတွေဟာ နောက်တန်းကိုရောက်ခဲ့ကြရပါတယ် ။ မြန်မာရာဇ၀င်မှာ မင်းလိုလိုက်မင်းကြိုက်တင်တတ်တဲ့ တကိုယ်ကောင်းသမားတွေ ဟာ နေရာရတွင်ကျယ်လေ့ရှိပြီး ယောမင်းကြီးဦးဘိုးလှိုင်လို နိုင်ငံအရေးကို ပထမဦစားပေးပြီးစဉ်းစားလျှောက်တင်တတ်တဲ့ အမှန်တရားဘက်တော်သာတွေဟာ ကျဆုံးလေ့ရှိပါတယ် ။

တကယ်တော့မြန်မာနိုင်ငံဟာ စည်းမျဉ်းခံဘုရင်စနစ်ကိုကျင့်သုံးဖို့  မင်းတုန်းမင်းတရားလက်ထက်ကတည်းက ယောမင်းကြီးဦးဘိုးလှိုင်က ရာဇဓမ္မသင်္ဂဟ ကျမ်း လို့အမည်ရတဲ့ Constitutional Monarchy စနစ်ကို ရှင်းပြထားတဲ့ကျမ်းတစ်စောင်ကို မင်းတုန်းဘုရင်မင်းမြတ် နဲ့ မိဖုရားခေါင်ကြီးလက်ထဲကို ဆက်သခဲ့ပါတယ် ။ ဒါပေမယ့် အကြွင်းမဲ့အာဏာရှင်စနစ်ဖြစ်တဲ့ သက်ဦးဆိုင်ပိုင်ပဒေသရာဇ်စနစ်မှာ အသားကျနေပြီဖြစ်တဲ့ မြန်မာဘုရင်နဲ့မိဖုရားဟာ ပြုပြင်ပြောင်းလဲရေးဘက်တော်သား ပညာရှိအမတ်ကြီးကိုအမျက်သိုခဲ့ပါတယ် ။ ဘုရင်ဟာ နိုင်ငံတော်ကချီးမြင့်တဲ့လခစားဖြစ်ရမယ်ဆိုတဲ့အချက်ကို မင်းတုန်းမင်းတရားကြီးနဲ့မိဖုရားကြီးကဆတ်ဆတ်ခါနာကျည်းခဲ့ပါတယ် ။ သူတို့စိတ်ထဲမှာ နိုင်ငံ့ဘဏ္ဍာဟာ မင်းဘဏ္ဍာပဲ စိတ်ရှိသလောက် သုံးစွဲခွင့်ရှိတယ် လို့ အစဉ်အဆက်ခံယူထားတာကြောင့် စည်းနဲ့ကမ်းနဲ့  အကန့်အသတ်နဲ့ အာဏာကို ကျင့်သုံးရတဲ့စဉ်းမျဉ်းခံဘုရင်စနစ်ကို သိလိုက်ရတော့ လက်မခံနိုင်ဖြစ်သွားပြီးခါါးးသီးသီးဆန့်ကျင်ခဲ့တာပါ ။ အဲဒိအကျိုးဆက်ဟာ မြန်မာ့နိုင်ငံရေးမှာ ပြုပြင်ပြောင်းလဲရေးသမားတွေဘက်ကအရေးနိမ့်ပြီး အရေအတွက်အများစုဖြစ်တဲ့အစဉ်အလာသမားတွေ အသာစီးရသွားတာပါပဲ ။အချို့ ကိစ္စတွေမှာ လူအများစုက ယူဆထားတိုင်းလဲအမှန်တရားမဟုတ်ဘူးဆိုတာ ဒီဖြစ်ရပ်ကပြဆိုနိုင်ခဲ့ပါတယ် ။ရလာဒ်ကတော့ မြန်မာနိုင်ငံကို အင်္ဂလိပ်တွေကျွန်ပြုအုပ်ချုပ်တာံရပြီး ဘုရင်စနစ်နိဂုံျးုပ်သွားတာပါပဲ ။အခုအခါမှာ ကမ္ဘာမျှာကန်ရှိနေသေးတဲ့ဘုရင်စနစ်ကိုကျင့်သုံးတဲ့နိုင်ငံအားလုံးနီးပါးဟာ အစိုးရကသပ်သပ် ၊တော်ဝင်မိသားစုကသပ်သပ် စီ အာဏာပိုင်းခြားထားတဲ့ စည်းမျဉ်းခံဘုရင်စနစ်ကိုပဲ ( ယောမင်းကြီးဦးဘိုးလှိုင်တင်ပြခဲ့တဲ့စနစ်အတိုင်း) ကျင့်သုံးနေကြတာဖြစ်ပါတယ် ။ အင်္ဂလန်မှာရော ၊ထိုင်းနိုင်ငံမှာရော အဲဒိနည်းကိုကျင့်သုံးနေကြတာဖြစ်ပါတယ် ။

အင်္ဂလန်မှာရော ၊ထိုင်းမှာရော သူတို့ဘုရင်မကြီးကို ၊ ဘုရင်ကြီးကို ပြည်သူတွေက သည်းသည်းလှုပ်လှုပ်ချစ်ကြပါတယ် ။ဘာကြောင့်လည်းဆိုတော့ သူတို့ပြည်သူတွေကို ဘုရင်ကြီး၊ဘုရင်မကြီးတွေက ဂရုစိုက်လို့ ၊အလေးထားလို့  ၊နိုင်ငံ့ကောင်းကျိုးကိုသယ်ပိုးခဲ့လို့ဖြစ်ပါတယ် ။ ထိုင်းဘုရင်ကြီး ဘူမိဘောအဒူလျာဒက်ဆိုရင် ထိုင်းနိုင်ငံတောပိုင်းမှာရှိတဲ့ ဆင်းရဲသားပြည်သူလူထုကိုအတော်ကြီးအလေးထားစောင့်ရှောက်ကူညီခဲ့ပါတယ် ။ သူ့ ကိုယ်ပိုင်ငွေတွေနဲ့ သမားတော်တွေ ၊ဆရာဝန်တွေကိုခေါ်သွားပြီး ဆင်းရဲသားတွေကိုအခမဲ့ကုသပေးခဲ့ပါတယ် ။ တံတားတွေဆောက်ပေးတယ် ။ မြေယာမူဝါဒတွေချမှတ်ပေးတယ် ။ လူတစ်ယောက်ကိုမြေစတုရန်းမီတာ ရှစ်သောင်းထက်ပိုမပိုင်ရဆိုတဲ့ မြေယာလက်ဝါးကြီးအုပ်မှု ကာကွယ်ရေးဥပဒေကိုပြဌာန်းပေးတယ် ။ပြောရရင် တိုင်းပြည်မှာ ဆင်းရဲတဲ့သူရောချမ်းသာတဲ့သူရောမျှမျှတတတိုးတက်ကြီးပွားမယ့်လမ်းကြောင်းကိုချမှတ်ပေးတယ် ။ ၁၉၇၄ခု ဇူလိုင် ၁၉ ရက်နေ့က Kasetsart တက္ကသိုလ်မှာ ဘုရင်ကြီးမိန့်ကြားခဲ့တဲ့မိန့်ခွန်းတစ်ခုမှာ

“တိုင်းပြည်တစ်ပြည်ရဲ့ဖွံ့ ဖြိုးတိုးတက်မှုဆိုတာ တဆင့်ချင်းဖွံ့ ဖြိုးအောင်လုပ်ယူရမယ် ။အရင်ဆုံးအခြေခံအဆောက်အဦးတွေတည်ဆောက်တာနဲ့စရမယ် ။ ပြည်သူလူထုအတွက် အစားအသောက်နဲ့ အခြေခံလိုအပ်ချက်တွေကို နည်းလမ်းတကျဖြည့်ဆည်းပေးဖို့ မူဝါဒတွေကို ဥပဒေနဲ့အညီချမှတ်ထားရမယ် ။အခြေံအဆောက်အအုံကိုခိုင်မာအောင်တည်ဆောက်နိုင်ပြီဆိုတာနဲ့  ဖွံဖြိုးတိုးတက်မှုဆိုတာကို စဉ်ဆက်မပြတ် စီးပွားရေးအရ ဂရုတစိုက် မြှင့်တင်ပေးလို့ရပြီ ။ဒီနည်းစနစ်က အမှားနည်းတယ် ။ ရည်မှန်းချက်ကိုသေချာပေါက်ရောက်စေတယ် “

လို့ ပြောကြားခဲ့တယ် ။ အားလုံးသိတဲ့အတိုင်း မြန်နိုင်ငံနဲ့ထိုင်းနိုင်ငံဟာအရင်တုန်းကမတိမ်းမယိမ်း၇ှိနေရာကနေ အခုအခါမှာ ထိုင်းဟာစီးပွားရေးနဲ့ ဖွံဖြိုးတိုးတက်မှုမှာ ရှေ့ကိုတော်တော်ရောက်သွားတယ် ။ ဘုရင်ကြီးဘူမိဘော လို ဥာဏ်အမြော်အမြင်ရှိတဲ့သူတွေ ကို နေရာပေး တဲ့အကျိုးကျေးဇူးတွေပါပဲ ။ထိုင်းဘုရင်ကြီးဟာခေတ်ပညာတတ်တစ်ယောက်လဲဖြစ်တယ် ။သူဟာ
သိကြတဲ့အတိုင်း မြန်မာနိုင်ငံမှာတော့ ပညာတတ်ကိုမုန်းတီးတဲ့စိတ်၊ ကိုယ့်ထက်သာမနာလိုတဲ့စိတ်ဟာ မြန်မာ့နိုင်ငံရေးမှာလွှမ်းမိုးခဲ့တယ် ။ ၁၉၆၂ မှာ ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းပြီးတဲ့နောက်မှာ သူ့ထက်တော်တဲ့တတ်တဲ့သူတွေကို အမျိုးမျိုး နှိပ်ကွပ်ခဲ့တယ် ။ သူ့ အာဏာစက်အောက်က လွတ်ကင်းနေတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဦးသန့် လိုပုဂ္ဂိုလ်အပေါ်မှာတောင် မနာလိုမစ္ဆရိယစိတ်တွေများပြီး ကွယ်လွန်ချိန်အထိ အသိအမှတ်ပြုဖို့ ဝန်လေးခဲ့တယ် ။ သူများကိုလည်းမနာလို ကိုယ်ကိုယ်တိုင်ကလည်းတိုင်းပြည်ကို တိုးတက်အောင်လုပ်နိုင်တဲ့အရည်အချင်းနဲ့စေတနာမရှိတဲ့ခေါင်းဆောင်တွေပဲ မြန်မာနိုင်ငံမှာတယောက်ပြီးတယောက်ပေါက်ပေါက်ခဲ့တယ် ။

အဲဒိလိုတိုင်းပြည်မျိုးမွဲတာဘာဆန်းမှာလဲ ။ အဲဒိလိုတိုင်းပြည်မျိုးမှာ လူတွေက ကိုယ့်နိုင်ငံခေါင်းဆောင်တွေကိုမလေးစားတာ ဘာဆန်းမှာလဲ ။မချစ်ကြတာဘာဆန်းမှာလဲ ။ အချစ်ဆိုတာ လုပ်ယူလို့ရတာမဟုတ်ဘူး ။ အဘလို့ ခေါ်တိုင်းကြည်ညိုလေးစားတာမဟုတ်ဘူး ။ တစ်ဦးကစေတနာတစ်ဦးကမေတ္တာ ဆိုသလို အုပ်ချုပ်သူခေါင်းဆောင်တွေဘက်က ကောင်းလွန်းခဲ့တော့လည်း ထိုင်းနိုင်ငံမှာ ပြည်သူတွေက ဘုရင်ကြီးကွယ်လွန်တာကိုပူဆွေးဝမ်းနည်းကြတာပေါ့ ။ တိုနိုင်ငံမှာတော့ ဘုရင်ရူးရူးနေကြတဲ့ သူတွေ လည်းမနည်းပါဘူး ။အဲဒိလူတွေကို မြန်မာပြည်သူလူထုကဘယ်လိုသဘောထားသလဲ ၊ထိုင်းနိုင်ငံလိုပဲ ပြည်သူတွေက တနိုင်ငံလုံးချစ်ကြခင်ကြသလား။သေသွားတဲ့အခါ ပူဆွေးဝမ်းနည်းကြသလားဆိုတာ သိချင်ရင်လွယ်လွယ်လေးပါ ။နတ်ရွာစံ ကံတော်ကုန်တဲ့အခါ အခြေအနေမှန်ကိုသိရပါလိမ့်မယ် ။မိကျောင်းလား ၊ထင်းလားဆိုတာ ရေထဲချကြည့်တဲ့တဲ့အခါ ငြင်းမရအောင်ပေါ်လွင်ထင်ရှားလာပါလိမ့်မယ်ဖြစ်ကြောင်း။

သရ၀ဏ်(ပြည်)

သူရိယနေ၀န်းဂျာနယ်
၂၂.၁၀.၂၀၁၆


(Credit: MOI)
(Credit: MOI)

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အရင် ခရိုနီစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ပါဝင်ခွင့်ပြုမှာဖြစ်ပြီး သူတို့အနေနဲ့ ဖြောင့်မတ်မှန်ကန်စွာ အားသွန်ခွန်စိုက် ပါဝင်လုပ်ဆောင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

NLD အစိုးရလက်ထက် ပြည်သူလူထုအတွက် အခွင့်အလမ်းသစ်တွေ ရဖို့ ဆောင် ရွက်နေချိန်မှာ ခရိုနီ လုပ်ငန်းရှင်တွေဘက်ကလည်း အရင်လိုမဟုတ်ဘဲ စီးပွားရေး နယ်ပယ်မှာ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် လုပ်သွားဖို့ မနေ့ စနေနေ့ က နေပြည်တော်မှာ ကျင်းပတဲ့ စီးပွားရေး လုပ်ငန်းများ၊ ဖွံ့ဖြိုးမှုမိတ်ဘက် များ တွေ့ဆုံပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြထားပါတယ်။

ခရိုနီစီးပွားရေးလုပ်ငန်းရှင်ကြီးတွေလို နာမည်ကြီးနေတဲ့ Max ဦးဇော်ဇော်၊ ဇေကမ္ဘာ ဦးခင်ရွှေ၊ ဦးတေဇကိုယ်စား သူရဲ့သားနှစ်ဦး၊ ဧဒင်ဦးချစ်ခိုင်၊ ပတ္တမြားနဂါး ဦးနေ၀င်းထွန်း၊ Dagon International ဦးဝင်းအောင် တို့အပြင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေရဲ့ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်တို့ လည်း ဒီတွေ့ဆုံပွဲအ ခမ်းအ နားကို တက်ရောက်တာ တွေ့ရပါတယ်။

NLD အစိုးရသစ်လက်ထက်မှာ အရင် ခရိုနီလုပ်ငန်းရှင်ကြီးတွေနဲ့ ပတ်သက်လို့ သဘောထား ဘယ်လိုရှိသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ အခမ်းအနား အဖွင့်မိန့်ခွန်းမှာ အခုလို ပြောသွားပါတယ်။

“အရင်တုန်းက လုပ်နေတဲ့ စီးပွားရေးသမားတွေအတွက် နေရာမှ ရှိပါ့မလားဆိုတဲ့ ပူပင်သောကတွေလည်း ရှိပါတယ်။ ကျမတို့ကတော့ အားလုံးကို ကြိုဆိုပါတယ်။ ကျမတို့ရဲ့ နိုင်ငံသူနိုင်ငံသားများအားလုံးဟာ ကျမတို့ စီးပွားရေးတိုးတက်မှု၊ ဖွံ့ဖြိုးမှုမှာ ပါဝင် ဆောင်ရွက်စေချင်ပါတယ်။ အရင်တုန်းက အတိတ်ကို ပြန်ကြည့်တာ မဟုတ်ဘဲ အနာဂတ်ကို မျှော်တဲ့ မူဝါဒမျိုးနဲ့ ကျမတို့က ဆက်ပြီးတော့ သွားစေချင်တာ ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ကတော့ ကျမတို့ ပြည် သူပြည်သားထဲကနေပြီးတော့ ချမ်းသာကြွယ်ဝတာကို ကျမ သဘောကျပါတယ်။ ဒါပေမဲ့ ချမ်းသာကြွယ်ဝပြီးတော့ မှန်ဖို့တော့ လိုတာပေါ့။ အရင်တုန်းက မှန်တာ မမှန်တာ အတိတ်ကိုတော့ ပြန်ပြင်လို့ မရတော့ဘူး။ အခု ပစ္စုပ္ပန်မှာတော့ မှန်မှန်ကန်ကန် ဆက်ပြီးတော့ လုပ်သွားပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။”

ပြည်သူအများ စိတ်ထဲမှာရှိနေတဲ့ ခရိုနီလုပ်ငန်းရှင် ဆိုတဲ့အပေါ်မှာ နာကြည်းပြီး၊ မယုံကြည်တဲ့ စိတ်တွေ ပယ်ဖျောက်နိုင်ဖို့ အများအကျိုးအတွက် မိမိရဲ့ကြွယ်ဝချမ်းသာမှုတွေကို အသုံးချဖို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းသွားပါတယ်။

“အရင် ဒီအစိုးရမတက်ခင် ကတည်းက အားလုံးသိနေတဲ့ အင်္ဂလိပ်ဘာသာစကားကို မကျွမ်းကျင်ရင်တောင်မှ သိနေတဲ့ အသုံးအနှုန်းတခု ရှိပါတယ်။ Crony ဆိုတဲ့ အသုံးအနှုန်း။ ဒါက ကျမတို့ တနိုင်ငံလုံးမှာ ပြန့်ပွားနေပါတယ်။ ခရိုနီတွေ စီးပွားရေးအောင်မြင်နေတဲ့သူတွေက ခရိုနီတွေ၊ ပြောရမယ်ဆိုရင် အစိုးရနဲ့ အာဏာရှိတဲ့ ပုဂ္ဂိုလ်များနဲ့ ပင်းပြီးတော့ မိမိတို့ရဲ့ အောင်မြင်မှုအတွက် လုပ်တာ။ တရားဥပဒေ ဘောင်အတွင်းက လုပ်တာ မဟုတ်ဘူး၊ ဒါ အများပြည်သူအတွက် လုပ်တာမဟုတ်ဘူးဆိုပြီး ဒီလို ဝေဖန်ချက်တွေ ရှိပါတယ်။ ဒီဝေဖန်ချက်တွေ ကြားရတဲ့အခါ ကျမ စိတ်မကောင်းပါဘူး။ စိတ်မကောင်းဘူးဆိုတာက - ကျမတို့ရဲ့ ပြည်သူပြည်သားတွေ အချင်းချင်း ဘာလို့ ဒီလောက် စိတ်ဝမ်းကွဲနေကြလဲ။ တကယ်ပဲ ဒီလိုပဲ ကိုယ့်အတွက်ပဲ လုပ်နေတဲ့ လုပ်ငန်းရှင်တွေ ကျမတို့နိုင်ငံမှာ များနေလား။ ကိုယ်ကျိုးအတွက်ပဲ ကြည့်နေတဲ့ ပုဂ္ဂိုလ်တွေ ကျမတို့နိုင်ငံမှာ များနေလား။ ဒီလိုဟာမျိုးတွေ ရှိနေတယ်ဆိုရင် နိုင်ငံအတွက် အင်မတန်မှ ၀မ်းနည်းစရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျမ ယုံကြည်ချက်တခုက အတိတ်ဆိုတာ ကိုယ့်ကို ချည်နှောင်ထားဖို့ မဟုတ်ဘူး။ သင်ခန်းစာ ယူပြီးတော့ ရှေ့ကို ကျမတို့ ဆက်သွားနိုင်ရမယ်။ တချိန်တခါတုန်းက ကိုယ့်အတွက်ပဲ လုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာ နောင်တချိန်တခါမှာ အများအတွက် မလုပ်နိုင်ဘူးလား။ အများအတွက် လုပ်နိုင်တဲ့ အရည်အချင်းတွေ သူတို့မှာ မရှိဘူးလား။ ကိုယ့် အစုအဖွဲ့၊ ကိုယ့်ရဲ့လုပ်ငန်း ကိုယ့်ရဲ့ပတ်ဝန်းကျင် ကိုယ့်မိသားစု အတွက်ပဲ စဉ်းစားခဲ့တဲ့ ပုဂ္ဂိုလ်များဟာ အမြင်ကျယ်လာပြီးတော့ တတိုင်းပြည်လုံးအတွက် စဉ်းစားနိုင်တဲ့ အရည်အချင်းမျိုး မမွေးမြူနိုင်ဘူးလားဆိုတာကို ကျမ စဉ်းစားခဲ့ပါတယ်။ ကျမကတော့ ဒါ ဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်။ ဖြစ်နိုင်ဖို့အတွက်လည်း ကျမတို့ ဖြစ်နိုင်တယ်ဆိုတဲ့ အခွင့်အရေးတွေ ပေးပါမယ်။”

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ NLD အစိုးရသစ်လက်ထက်မှာ အခွန်ကို ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ပေးဆောင်ဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့သလို ဒီတွေ့ဆုံပွဲကို ဖိတ်ကြားရာမှာလည်း အကောက်ခွန်အများဆုံးပေးတဲ့ လုပ်ငန်းရှင် ၁၅၈ ဦးကို ရွေးချယ်ဖိတ်ကြားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ NLD စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးမင်းခင်ကတော့ ခရိုနီလုပ်ငန်း ရှင်ကြီးတွေအနေနဲ့ အရင်လိုမဟုတ် ဘဲ ဖြောင့်မတ် မှန်ကန်စွာ လုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် က ရည်ရွယ်ပြီး သတိပေးလိုက် တာ ဖြစ်တယ်လို့ မြင်ကြောင်း သူက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ခရိုနီ ဆိုပါတော့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို သတင်းစကားပေးသွားတာဗျ။ သူပေးသွားတဲ့ သတင်းစကားကို ကျနော် နားလည်လိုက်တာကတော့ စီးပွားရေးစနစ်ပြောင်းပြီး ထူထောင်သွားတာမှာ သူတို့အားလုံး ပါဝင်ခွင့်ရှိတယ်။ ပါဝင်နိုင်တယ်။ သို့သော် ဥပဒေအတိုင်း တရားဥပဒေလမ်းကြောင်းအတိုင်း လုပ်ရမယ်။ နောက် ပြီးတော့ ဆောင် သင့် ဆောင်ထိုက်တဲ့ အခွန်တွေကို အပြည့်အ၀ ဆောင်ရမယ်။ နောက် သူ ပြောသွားတာ ရှင်းပါတယ်။ လမ်းသစ်ကို လျှောက်ကြပါ။ မှန်မှန်ကန်ကန် လုပ်ကြပါ။ အဓိပ္ပါယ်ကတော့ ပြောင်းလဲပါ၊ အရင်လို မလုပ်ပါနဲ့တော့၊ အဂတိကင်းရှင်းပါစေ။ အများအတွက် တိုင်းပြည်အတွက် ကြည့်ဖို့ အချိန်ရောက်ပြီ။ ဒါ သူပေးလိုက်တဲ့ သတင်းစကားပါပဲ။”

ဒါပေမဲ့ အရင် စစ်အစိုးရအဆက်ဆက်နဲ့ ပေါင်းပြီး စီးပွားလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ခဲ့တဲ့ ခရိုနီလုပ်ငန်ရှင်းတွေအနေနဲ့ ဆက်ပြီး အဂတိလိုက်စားတာ၊ အခွန်ရှောင်တာမျိုးတွေ ဆက်ပြီး ရှိနေမယ်ဆိုရင် ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်မှသာ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်တဲ့ နိုင်ငံဖွံ့ဖြိုးရေးမှာ သူတို့ ဘက်က မှန်မှန်ကန်ကန်နဲ့ ပူးပေါင်းပါဝင်မယ့် အခြေအနေမျိုး ရောက် မှာဖြစ်တယ်လို့ ဝေဖန် ထောက်ပြတာတွေ ရှိနေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ အဂတိ လိုက်စားမှုကင်းစင်ရေးကို NLD အစိုးရအနေနဲ့ ဦးစားပေးဆောင် ရွက်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူရဲ့မိန့်ခွန်းမှာ NLD အစိုးရတက်လာပြီး (၆) လအတွင်း စီးပွားရေးတိုးတက်မှု အရှိန်နှေးကွေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ NLD အစိုးရရဲ့ စီးပွားရေးမူဝါဒတွေ ကို ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ အဓိက လူသားအရင်းအမြစ်ကို အားကိုးတဲ့ စီးပွားရေးမူဝါဒကို ချမှတ်ကျင့်သုံးမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
VOA Burmese News



တိုက်ပွဲတွေ ဖြစ်နေတာ တပတ်ကျော် ရှိနေပြီး တိုက်ပွဲတွေ တစ်နေ့ထက် တစ်နေ့ ပြင်းထန် လာနေ
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲ မြို့နယ်ထဲမှာ တအာင်း လက်နက်ကိုင် TNLA နဲ့ အစိုးရနဲ့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့က ကျောက်မဲ မြို့နယ် ထဲက ပါလမ် ကျေးရွာ အနီးမှာ TNLA ဘက်က တပ်ရင်း ၆၆၆ နဲ့ မြန်မာ့ တပ်မတော် ဘက်က ခမရ ၁၁၅ တို့အကြား ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ပါတယ်။

မြန်မာ့ တပ်မတော် ဘက် က တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အသုံးပြုပြီး သူတို့ တပ်တွေကို လိုက်ရှာ ခဲ့ကြတယ်လို့လည်း TNLA ပြောခွင့်ရ ပုဂ္ဂိုလ် မိုင်အိုက်ကျော် က စွပ်စွဲ ပြောကြားပါတယ်။

တအာင်း ပလောင် ဒေသ ထဲမှာ အစိုးရ နဲ့ TNLA တို့ အကြား တိုက်ပွဲတွေ ဆက်တိုက် ဆိုသလို ဖြစ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ ဖြစ်နေတာ တပတ်ကျော် ရှိနေပြီး တိုက်ပွဲတွေ တစ်နေ့ထက် တစ်နေ့ ပြင်းထန် လာနေတယ်လို့ TNLA ဘက် က ဆိုပါတယ်။

TNLA အဖွဲ့ဟာ ရပ်ရွာ ထဲမှာ အတင်း အဓမ္မ လူသစ် စုဆောင်း တာတွေ၊ ငွေကြေး ကောက်ခံ တာတွေ လုပ်နေတယ်လို့ အစိုးရ တပ်မတော်က စွပ်စွဲ ထားပါတယ်။

လောလောဆယ်မှာ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေး နေပေမယ့် လက်တွေ့ မြေပြင် မှာတော့ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲလို့ TNLA ဘက် က ပြောကြားနေပါတယ်။

BBC Burmese
http://www.bbc.com/burmese


 လောလောဆယ်မှာ တူရကီ စစ်တပ်ရဲ့ အကူအညီ မလိုသေးကြောင်း အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီ က ပြော
အီရတ် နိုင်ငံ မိုဆူးလ် မြို့က IS တွေကို တိုက်ခိုက်နေရာမှာ တူရကီ စစ်တပ် အနေနနဲ့ ဒီအတိုင်း ဆက်လက် စောင့်ကြည့်နေဖို့ မဖြစ်နိုင်ဘူးလို့ တူရကီ ဝန်ကြီးချုပ် က ပြောကြား လိုက် ပါတယ်။

IS တွေကို တိုက်ခိုက် နေတဲ့ အဖွဲ့ ထဲမှာ ရှီယာ မွတ်စလင် တွေ နဲ့ ကဒ် လက်နက် ကိုင် အဖွဲ့ တွေ ပါဝင် နေတဲ့ အတွက် အမေရိကန် နဲ့ အီရတ် နိုင်ငံတို့ဟာ တူရကီ နိုင်ငံကို ပေးထားတဲ့ ကတိကဝတ် ကို မစောင့်ထိန်း ဘူးလို့လည်း တူရကီ ဝန်ကြီးချုပ် ဘီနာလီ ယီဒါရင် က စွပ်စွဲ ပြောကြား လိုက်ပါတယ်။

မိုဆူးလ် မြို့က IS တွေကို တိုက်ခိုက် နေရာမှာ တူရကီ အနေနဲ့ လိုအပ်တဲ့ လုပ်ဆောင်မှုတွေကို မဖြစ်မနေ ဆောင်ရွက်ရမယ်လို့လည်း တူရကီ ဝန်ကြီးချုပ်က ဆိုပါတယ်။

တူရကီ နဲ့ အီရတ် ဟာ အိမ်နီးချင်း ကောင်းတွေ ဖြစ်ပေမယ့် လောလောဆယ်မှာ တူရကီ စစ်တပ်ရဲ့ အကူအညီ မလိုသေးကြောင်း အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီ က ပြောပါတယ်။

မိုဆူးလ် မြို့ကို ပြန်လည် သိမ်းပိုက် နိုင်ဖို့ တိုက်ခိုက်မှုတွေ လုပ်နေတာ ၆ ရက်မြောက် နေ့ ကို ရောက်ရှိနေပြီး တိုက်ပွဲတွေလည်း အပြင်းအထန် ဆက်လက် ဖြစ်ပွား နေပါတယ်။

BBC Burmese
http://www.bbc.com/burmese



နေပြည်တော် အောက်တိုဘာ ၂၂
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် အဖွင့်မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

ဒီလို တွေ့ဆုံပွဲအခမ်းအနားလုပ်ရတဲ့ အကြောင်းကတော့ ကျွန်မတို့ အစိုးရသစ် တက်ကတည်းက ဒီလိုအခမ်းအနားမျိုး ကျင်းပမယ်လို့ ကျွန်မတို့ပြောခဲ့ပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ စနစ်တစ်ခုပြောင်းသွားတဲ့ အခါကျရင် စီးပွားရေးစနစ် လည်းပြောင်းရမယ်။ စီးပွားရေးစနစ်ပြောင်းတဲ့ အခါ ကျရင် အရင်တုံးကလုပ်နေတဲ့ စီးပွားရေးသမားတွေအတွက် နေရာရှိပါ့မလား ဆိုတဲ့ ပူပန်သောကတွေလည်းရှိပါတယ်။ ကျွန်မတို့ကတော့ အားလုံးကို ကြိုဆိုပါတယ်။

နိုင်ငံသူနိုင်ငံသား အားလုံးက စီးပွားရေး တိုးတက်မှု ဖွံ့ဖြိုးမှုမှာ ပါဝင်ပြီး ဆောင်ရွက် စေလိုပါတယ်။ အတိတ်ကို ပြန်ပြီး ကြည့်တာမဟုတ်ဘဲနဲ့ အနာဂတ်ကို မျှော်တဲ့ မူဝါဒမျိုးနဲ့ ကျွန်မတို့က ဆက်ပြီးဆောင် ရွက်သွားချင်တာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ ပြည်တွင်းက လုပ်ငန်းရှင်တွေသာမက ပြည်ပမှာရှိတဲ့ ကျွန်မတို့ရဲ့ မိတ်ဆွေများ၊ ကျွန်မတို့ရဲ့ နိုင်ငံမှာ ရင်းနှီုးမြှုပ်နှံဖို့ စိတ်ပါဝင်စားတဲ့ မိတ်ဆွေများ၊ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ကျွန်မတို့က ဖိတ်ခေါ်ချင်ပါတယ်။ ဒီနိုင်ငံ တစ်နိုင်ငံ တိုးတက်ဖို့ဆိုတာဟာ အားလုံးဝိုင်းပြီးရုန်းမှ ဖြစ်ပါလိမ့်မယ်။

ကျွန်မတို့ စီးပွားရေးမူဝါဒနဲ့ ပတ်သက်ရင် အမျိုးမျိုး မေးမြန်းတာတွေ ရှိကြပါတယ်။ မကြာခင်က ကျွန်မပြောခဲ့ပါတယ်။ ဘာတွေကို ကျွန်မတို့ ဦးစားပေးမှာလဲ၊ ဘယ်မူဝါဒ တွေကို ဦးစားပေးမှာလဲ၊ ဘယ်အချက်အလက်တွေကို အရေးကြီးအနေနဲ့ မြင်သလဲ ဆိုပြီး မေးတဲ့အခါမှာ ကျွန်မက ဒီမေးခွန်းတွေကို ဖြေဖို့စဉ်းစားပါတယ်။ စဉ်းစား ပြီးတော့လည်း ဖြေခဲ့ပါတယ်။

ဒါပေမယ့် အမှန်ပြောရရင် ကျွန်မပေးတဲ့ အဖြေတွေကို ကျွန်မမကျေနပ်ဘူး။ သေသေချာချာပြန်ပြီးတော့ စဉ်းစားတယ်။ ကျွန်မတို့ နိုင်ငံအတွက် တကယ့်အရေးကြီး ကိစ္စကဘာလဲ။ ကျွန်မတို့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကထားရမယ့် အချက်တစ်ချက်တည်း ပြောပါဆိုရင် ဘယ်အချက်ကို ပြောမလဲဆိုတာ ကျွန်မသေသေ ချာချာ စဉ်းစားကြည့်တဲ့အခါ ကျွန်မခေါင်းထဲမှာ ပေါ်လာတာက တကယ်ကျွန်မတို့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးအကြီး ဆုံးအချက်က ကျွန်မတို့ ပြည်သူပြည် သားများရဲ့ အရည်အချင်းတန်ဖိုးကို မြှင့်တင်ရေးပဲ။ အဲဒါကို အခြေခံပြီးမှသာ ကျွန်မတို့ဟာ ရေရှည်တည်တံ့ခိုင်မြဲနိုင်မယ့် ဖွံ့ဖြိုးတဲ့ စီးပွားရေးစနစ်တစ်ခုကို ထူထောင်နိုင်မှာပါ။ ပြည်သူပြည်သားတွေရဲ့ အစွမ်းအစအရည်အချင်းကို အဓိက အားကိုးတဲ့ စနစ်မျိုးသာလျှင် ရေရှည် တည်တံ့ခိုင် မြဲနိုင်မယ်လို့ ကျွန်မခေါင်းထဲမှာ ဒီလိုပဲရောက်လာပါတယ်။

အဲဒါကြောင့် နိုင်ငံအတွက် မျှော်မှန်းချက် အိမ်မက်စိတ်ကူး တစ်ချို့ကို ပြောချင်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံဟာ တစ်ချိန်တစ်ခါတုံးက အင်မတန်အလားအလာ ကောင်းတဲ့ နိုင်ငံဆိုပြီး ထင်ရှားခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီဂုဏ်သရေသတင်းဟာလည်း မှေးမှိန်သွားခဲ့ပါတယ်။ ဒါပေမယ့် အချိန်ကာလဆိုတာ အမြဲပဲပြောင်းနေပါတယ်။ ပြောင်းနေတာနဲ့အမျှ ကျွန်မတို့ အခွင့်အရေးသစ်တွေ ဆိုတာလည်း အမြဲပဲ ပေါ်ထွက် နေပါတယ်။ ကျွန်မတို့က ဒီအခွင့်အရေးသစ်တွေကို အသုံးချပြီးတော့ နိုင်ငံ တိုးတက်ရေးအတွက် ၀ိုင်းပြီးတော့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ မျှော်လင့်ရုံနဲ့ မရပါဘူး၊ ကြိုးစားမှ အလုပ်လုပ်မှ၊ ၀ါယမစိုက်ထုတ်မှ ကျွန်မတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မှာ ဖြစ်ပါတယ်။

အစိုးရသစ်ရဲ့ အခြေခံမူဝါဒတွေ ထဲမှာ တရားဥပဒေစိုးမိုးရေးဆိုတာကို ကျွန်မတို့ က ထိပ်တန်းမှာ ထားပါတယ်။ တစ်ချို့က ဒီဟာကို သိပ်ပြီးတော့ နားမလည်ပါ ဘူး။ တရား ဥပဒေ စိုးမိုးရေးဆိုတာ တရားဥပဒေနဲ့ဘောင်ခတ်ထားတယ်လို့ နားလည် ကြပါတယ်။ တကယ်တော့ တရားဥပဒေ စိုးမိုးရေးဆိုတာ ဘောင်ခတ်တာမဟုတ်ပါဘူး။ အထောက် အကူပြုတာပါ။ ကျွန်မတို့ အားလုံးအတွက် လုံလုံခြုံခြုံနဲ့ တိုးတက်နေဖို့ အတွက် အထောက်အကူပြုတဲ့ အရာဖြစ်ပါတယ်။ အဲဒါကို ပြည်သူပြည် သားများအားလုံး နားလည်စေချင်ပါတယ်။ အထူးသဖြင့် အခုဒီအစည်း အဝေးကို တက်ရောက်လာတဲ့ လုပ်ငန်းရှင်ကြီးများ အားလုံးကိုလည်း နားလည်စေချင် ပါတယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာ လုပ်ငန်းရှင်များအတွက်လည်း အထောက်အကူ အများကြီး ဖြစ်နိုင်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ လုံလုံခြုံခြုံ ယုံယုံကြည်ကြည်နဲ့ ကိုယ့်ရဲ့ စီးပွားရေး အောင်မြင်ဖို့အတွက် ကိုယ့်စီးပွားရေးကနေတစ်ဆင့် ကိုယ့်ရဲ့နိုင်ငံ တိုးတက်ဖို့ အတွက် လုပ်ပေးနိုင်တဲ့ အခွင့်အရေးတွေကိုပေးမယ့် မူဘောင်တစ်ခု ချခြင်းဆိုတာဟာ တရား ဥပဒေစိုးမိုးရေးပဲ ဖြစ်ပါတယ်။ တကယ် တရားဥပဒေ စိုးမိုးရေး ရှိတဲ့နိုင်ငံမှာဆိုရင် ရင်းနှီးမြှုပ်နှံမှု တွေဖိတ်ခေါ်ဖို့ဟာ အခက်အခဲရှိမှာ မဟုတ်ပါဘူး။

ကျွန်မတို့ရဲ့ နိုင်ငံဟာ စိန်ခေါ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေကို တစ်ဆင့်ချင်း ကျော်လွှားနိုင်လာပြီလို့ ကျွန်မမြင်ပါတယ်။ ကျွန်မတို့ မျှော်မှန်းသလောက် ပထမ ၆ လဟာ စီးပွားရေးဘက်မှာ မြန်မြန်ဆန်ဆန် တိုးတက်မှု မရှိခဲ့ဘူးဆိုတာ ပွင့်ပွင့်လင်းလင်းပဲ ၀န်ခံချင်ပါတယ်။ ဒီလိုမရှိခဲ့ရတဲ့ အကြောင်းတွေက တော်တော်များများရှိပါတယ်။ ဒါတွေကိုလည်း ကျွန်မတို့ရဲ့ စီမံ၊ ဘဏ္ဍာဝန်ကြီး အနေနဲ့လည်း အတိုင်းအတာတစ်ခုအထိ ရှင်းပြသွားမယ်လို့ ကျွန်မ နားလည်ပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ ကျော်လွှားရမယ့် အခက်အခဲတွေကို အားလုံး ၀ိုင်းပြီးတော့ ကူညီပြီးတော့ ကျော်လွှားပေးစေချင်တဲ့ စိတ်စေတနာ ထားစေချင်ပါတယ်။

ကျွန်မတို့ စီးပွားရေးနဲ့ ပတ်သက်လို့ မူဝါဒ ၁၂ ချက်ချပြီးဖြစ်ပါတယ်။ ဒီ မူဝါဒ တွေကို အများကလည်း သိပြီးဖြစ်ပါတယ်။ ဒါကို ဇူလိုင်လ က ထုတ်ပြန် ခဲ့ရာမှာ တချို့တွေက သိပ်ပြီးတော့ ယေဘုယျ ဆန်လွန်းတယ်၊ ပိုပြီးတော့ တိတိကျကျ ဘယ်လို ဆက်ပြီးတော့ လုပ်နိုင်မလဲ ဆိုတာကို သိချင်ပါတယ် ဆိုတာကြောင့်လည်း ဒီ အစည်းအဝေးကို စီစဉ်ရခြင်းဖြစ်ပါတယ်။

ဒါပေမယ့် ပထမ အကြောင်းအရင်းကတော့ စောစောက ပြောခဲ့တဲ့အတိုင်းပဲ ဒီအစိုးရသစ် တက်လာကတည်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံပါမယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အားလုံးဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုထဲမှာ ပါဝင်ပိုင်ခွင့် အပြည့်အ၀ရပါလိမ့်မယ်။ အဲဒီ ပါဝင်ပိုင်ခွင့်ကို မှန်မှန်ကန်ကန်နဲ့ သုံးပြီးတော့ ပြည်သူပြည်သားတွေရဲ့ တိုးတက်ရေးအတွက် ၀ိုင်းဝန်းပြီးတော့ ကူညီကြပါဆိုတဲ့ ကျွန်မတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြောချင်လို့ စီစဉ် လိုက်ရတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။

အခုကျွန်မတို့ နိုင်ငံမှာဆိုရင် လူများစုဟာ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အားကိုးပြီးတော့ နေကြတယ်ဆိုတာ အများသိပြီးသား ဖြစ်ပါတယ်။ ၇၀ ရာခိုင်နှုန်းလောက် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ စီးပွားရေး မူဝါဒထဲမှာဆိုရင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ခေတ်မီအောင်လုပ်ဖို့ကို ထည့်ထားတာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ခေတ်မီတယ်ဆိုတာ အခုခေတ်မဟုတ်ဘူး။ နောင်ခေတ် အတွက်ပါ စဉ်းစားစေချင်ပါတယ်။ ကမ္ဘာကြီးမှာ အစားအစာ ဖူလုံရေးဟာ အင်မတန်မှ အရေးကြီးတဲ့ ကဏ္ဍ တစ်ခုဖြစ်နေတယ်။ တစ်နှစ်ထက် တစ်နှစ်ပိုပြီးတော့ အရေးကြီး လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံရဲ့ စီးပွားရေး မူဝါဒကို ချမှတ်တဲ့အခါမှာ နောင်နှစ် အတွက် မဟုတ် ဘူး၊ နောက်ငါးနှစ်အတွက် မဟုတ်ဘူး။ နောင်ဆယ်စုနှစ်တွေအတွက် စဉ်းစားပြီး တော့ လုပ်ရမှာဖြစ်ပါတယ်။ အောင်မြင်တဲ့ စီမံကိန်းဆိုတာ တစ်နှစ် အတွက်လည်းမဟုတ်ဘူး ငါးနှစ်အတွက်လည်း မဟုတ်ဘူး။ ဆယ်နှစ်အတွက်လည်း မဟုတ်ဘူး။ ဆယ်စုနှစ်တွေ ဆယ်စုနှစ်တွေအတွက် မျှော်မှန်းပြီးတော့ ချမှတ်မှ အောင်မြင်နိုင် မှာပါ။

အခုအချိန်မှာ ကျွန်မတို့နိုင်ငံက ဘယ်နေရာမှာ သိပ်ပြီးတော့ ကံကောင်းနေလဲ ဆိုတော့ နိုင်ငံကို ကူညီချင်တဲ့ မိတ်ဆွေနိုင်ငံများ၊ အဖွဲ့အစည်းများ၊ အင်မတန်မှ များပြားနေပါတယ်။ ဒီနိုင်ငံတိုးတက်စေချင်တယ်။ ကျွန်မတို့ရဲ့ တိုးတက် မှုဟာ ကမ္ဘာကြီးအတွက် အောင်မြင်မှုဆိုပြီးတော့ မြင်နေတဲ့ အဖွဲ့အစည်းများ၊ နိုင်ငံများ၊ မိတ်ဆွေများ ရှိပါတယ်။ ဒါဟာ ကျွန်မတို့အတွက် အင်မတန်မှ ထူးခြားတဲ့ အခွင့်အရေး ပါ။

ကျွန်မတို့ရဲ့ အောင်မြင်ခြင်းဟာ ကမ္ဘာ့ရဲ့အောင်မြင်ခြင်းပဲ။ ပြည်သူ ပြည်သားတွေရဲ့ အောင်မြင်ခြင်းဟာ ကမ္ဘာ့ ပြည်သူပြည်သားတွေရဲ့ အောင်မြင်ခြင်းပဲ ဆိုပြီးတော့ အဲဒီလို မိတ်ဆွေတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အဖွဲ့အစည်းတွေ ရှိနေလို့ ဒီအခွင့်အရေးကို မိမိရရဆုပ်ကိုင်ပြီးတော့ ဆက်ပြီးတော့ ချီတက် သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် အစောဆုံးလုပ်တဲ့ ကိစ္စတစ်ခုကဘာလဲ ဆိုတာ ကျွန်မတို့ရဲ့ မိတ်ဖက်များ၊ ကျွန်မတို့ကို ကူညီမစချင်တဲ့ အဖွဲ့အစည်းများ၊ အလှူရှင်များ အားလုံး ပူးပေါင်းဆောင်ရွက် နိုင်ဖို့အတွက် အစီအစဉ်တစ်ခု ချပါတယ်။ အဲဒါ ကတော့ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဆွေများ၊ မိတ်ဖက်များ အားလုံးစုပေါင်း ပြီးတော့ ဆွေးနွေးနိုင်တဲ့ အဖွဲ့အစည်းလေးတစ်ခု ဖွဲ့စည်းပြီးဖြစ်ပါတယ်။ ဒီအဖွဲ့ အစည်းလေးကို ဖွဲ့လို့ပြီးပါပြီ။ အသေးစိတ် ဘယ်လို ဆက်ပြီးတော့ လုပ်မလဲ ဆိုတာတော့ ဆက်ပြီးတော့ ပြောပါမယ်။

အဲဒီတော့ ဒီလိုဘာလို့ဖွဲ့စည်းရလဲဆိုတာ စောစောက ပြောခဲ့တဲ့ အတိုင်းပဲ ကျွန်မတို့ကို ကူညီချင်တဲ့အဖွဲ့အစည်းများ၊ နိုင်ငံများ၊ လုပ်ငန်းရှင်များ အများကြီးရှိပါ တယ်။ ဒါပေမယ့်လည်း တစ်ယောက်တစ်ပေါက်လုပ်နေတဲ့ အခါကျတော့ အားလုံး တိုင်တိုင်တိုင်ပင်ပင် ညှိုညှိုနှိုင်းနှိုင်းနဲ့ လုပ်တာလောက်ကို အရာမရောက်ပါဘူး။ ဒါကြောင့်မို့ ဒီလိုအဖွဲ့အစည်းဖွဲ့စည်း ခြင်းဟာ ဘာဖြစ်မလဲဆိုတော့ နိုင်ငံရဲ့ အဓိက လိုအပ်ချက်တွေဟာဘာလဲ၊ ဘယ်နေရာတွေမှာ တိုးတက်ဖို့လိုလဲ၊ ရင်းနှီးမြှုပ်နှံမှု တွေဟာ ဘယ်ဘက်ကို သွားဖို့လိုလဲ၊ အလှူ့ရှင်တွေရဲ့ ပံ့ပိုးမှု တွေဟာ ဘယ်ကဏ္ဍ တွေမှာ သုံးဖို့လိုလဲ ဆိုတာကို အားလုံး မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ရသမျှ အကူအညီများ အထိရောက်ဆုံး ဖြစ်အောင် ဒီလိုအဖွဲ့ အစည်းလေးကို ဖွဲ့လိုက်ခြင်း ဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းကို ကျွန်မအနေနဲ့ ဥက္ကဌအဖြစ်နဲ့ ဦးဆောင်ပြီးတော့ စီမံ၊ ဘဏ္ဍာဝန်ကြီးက ဒု-ဥက္ကဌအဖြစ်နဲ့ တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ အခု ဘယ်ကဏ္ဍတွေမှာ အလိုအပ်ဆုံးလဲ၊ အကူအညီအလိုအပ်ဆုံး လဲဆိုတာ အားလုံးဝိုင်းဝန်းပြီးတော့ ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့ အခါမှာ ပွင့်လင်းမြင်သာ မှုရှိရမယ်။ တာဝန်ယူမှု ရှိရမယ်။ တာဝန်ယူမှုဆိုတာဟာ နိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ ပတ်သက်လို့သာ တာဝန်ယူမှု မဟုတ်ဘဲနဲ့ အလှူ့ရှင်နိုင်ငံများကလည်း မိမိတို့ရဲ့ နိုင်ငံသူ၊နိုင်ငံသားတွေနဲ့ ပတ်သက်လို့ တာဝန်ယူမှုရှိရမယ်ဆိုတာ လက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ ဘဏ္ဍာငွေကြေးဆိုတာ နောက်ဆုံးတော့ ပြည်သူဆီကလာတာပါပဲ။ ပြည်သူဆီကလာတဲ့ ဘဏ္ဍာငွေကြေး ဖြစ်တဲ့အတွက် ဒီဘဏ္ဍာငွေကြေးကို ဘယ်လိုပုံစံနဲ့ သုံးမယ်ဆိုတာ ပြည်သူ ပြည်သားများဟာ သိပိုင်ခွင့်ရှိပါတယ်။ ဆုံးဖြတ်ပိုင်ခွင့်လည်း အတိုင်းအတာတစ်ခုအထိ ရှိပါတယ်။ အတိုင်းအတာ တစ်ခုချင်းကို ပြောချင်တာက ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ကို မှေးမှိန်စေချင်လို့ မဟုတ်ပါဘူး။ ပြည်သူအားလုံးဟာ တစ်သဘောထားတည်း မဟုတ်ဘူး ဆိုတော့ ပြည်သူအားလုံးရဲ့ သဘောထားနဲ့ ကိုက်ညီတဲ့ မူဝါဒတွေ ချဖို့ ဆိုတာကတော့ ခက်ခဲပါတယ်။ ဒါကြောင့်မို့ အုပ်ချုပ်တဲ့ အစိုးရများဟာ ဒီတာဝန်ကို ယူရပါတယ်။ ဒီတာဝန်ကို ယူတဲ့အခါမှာ တာဝန်ယူမှုဆိုတဲ့ အသိစိတ်ဓာတ်နဲ့ အမှားအယွင်းရှိရင်လည်း ခေါင်းခံရမယ်ဆိုတာကို အားလုံး နားလည်ဖို့က အရေးကြီးပါတယ်။ ဒီလို ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သ်ရင် ဘယ်နေရာတွေမှာ ပထမဘယ်လိုပုံစံ နဲ့ ဖွံ့ဖြိုး ဖို့လိုလဲ ဆိုတာဟာ အလှူ့ရှင်တွေရော၊ ဒီနိုင်ငံ မှာရှိတဲ့ နိုင်ငံရဲ့စီးပွားရေးမူဝါဒကို ဆုံးဖြတ်နေတဲ့ အစိုးရပိုင်း ကရော ဒီနိုင်ငံအတွင်းက စီးပွားရေး သမားတွေရဲ့ အမြင်တွေကို လိုချင်ပါတယ်။

နောက်အလှူရှင်များလို့ ဆိုတဲ့အခါမှာ ပြည်တွင်းအလှူ့ရှင်များကိုလည်း ပါဝင်စေချင် ပါတယ်။ ကျွန်မတို့ နိုင်ငံဟာ စီးပွားရေးသမားတွေထဲမှာ ဆိုရင် အင်မတန်မှ အောင်မြင် နေတဲ့ စီးပွားရေးသမားတွေ ရှိပါတယ်။ အခု ဒီအစည်း အဝေးကို ဖိတ်တဲ့ အခါမှာ တက်ချင်တဲ့ပုဂ္ဂိုလ်များလွန်းလို့ ဘယ်လိုပုံစံနဲ့ ဘယ်သူ တွေကို ဖိတ်မလဲဆိုတာ ဆွေးနွေးတဲ့အခါ အခွန်အကောက် အများဆုံး ပေးတဲ့ စီးပွားရေးလုပ်ငန်း ၁၀၀ ကို ဖိတ်မယ်ဆိုပြီးတော့ ပထမဦးဆုံး ဒီလိုပဲ ဆုံးဖြတ်ခဲ့ပါတယ်။ သို့သော်ငြားလည်း တက်ရောက်ချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများက များတဲ့အခါကျတော့ ဒါကို တိုးပြီးတော့ ၁၅၈ ဦး အထိ တိုးလိုက်ရပါတယ်။ ၁၅၈ ဦးသော အကောက်အခွန် အများဆုံးပေးသော လုပ်ငန်းရှင်များကို ဖိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အကောက်အခွန်ပေးခြင်းဆိုတာဟာ ကိုယ့်ရဲ့နိုင်ငံကို ထောက်ပံ့ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့လည်ပတ်မှု၊ နိုင်ငံတစ်နိုင်ငံရဲ့ အောင်အောင်မြင်မြင် လည်ပတ် မှုဆိုတာဟာ နိုင်ငံရဲ့ဘဏ္ဍာတော်ငွေ အခြေအနေအပေါ်မှာ အများကြီး တည်ရှိပါတယ်။ အခွန်အကောက်ပေးခြင်းဆိုတာကို ပြည်သူပြည်သားများအားလုံးက ဂုဏ်ယူရမယ့် ကိစ္စပါ။ ဒါဟာ တာဝန်လည်းဖြစ်တယ်။ ဒါဟာ ကိုယ့်ရဲ့ ဂုဏ်သရေ လည်းဖြစ်ပါတယ်။ တစ်ချို့နိုင်ငံတွေက ပြည်သူပြည်သားတွေ ပြောတဲ့စကားကို ကျွန်မနားထဲမှာ ကြားယောင်နေပါတယ်။ ငါတို့က အကောက်အခွန် မှန်မှန်ပေးနေတဲ့ နိုင်ငံသူနိုင်ငံသား တွေ၊ ပြောချင်တာက ဒါကြောင့်မို့လို့ ငါတို့ဟာ နိုင်ငံသူနိုင်ငံသားများ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအားလုံးကို ရပိုင်ခွင့်ရှိတဲ့ လူတွေဆိုပြီးတော့ ၀ံ့ကြွှားစွာပြောတာကို ကြားဖူးပါတယ်။ ပြည်သူပြည်သားများ၊ စီးပွားရေး လုပ်ငန်းရှင်များကိုလည်း ဒီလိုမာနမျိုး ထားစေချင်ပါတယ်။ ငါတို့ဟာ အပြည့်အ၀ နိုင်ငံတော်ကို ဆောင်ရမယ့် အခွန်တွေကို ဆောင်နေတဲ့ ပြည်သူပြည်သားတွေဖြစ်လို့ ငါတို့ဟာ ပြည်သူပြည်သားတွေ ရသင့် ရထိုက်တဲ့ အခွင့်အရေးအားလုံး ရထိုက် တယ်ဆိုတဲ့ မာန်မာန မျိုးကိုတော့ ထားစေချင် ပါတယ်။

အခွန်အကောက်နဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့အခါမှာ မကြာခဏ ပြောရပါတယ်။ အခွန်အကောက်ပေးခြင်းဆိုတာ ယဉ်ကျေးမှုတစ်ခုပါ။ ဒါဟာ ဥပဒေ နဲ့လုပ်ရုံနဲ့ မပြီးပါ ဘူး။ ဥပဒေလည်းလိုတယ်၊ အခွန်အကောက်ဥပဒေတွေရှိတယ်။ သို့သော်ငြားလည်း အခွန်အကောက်ဘာဖြစ်လို့ ပေးဖို့လိုလဲ ဆိုတာဟာ ပြည်သူ ပြည်သားတွေက နားလည်ပြီးတော့ လျောလျောရှုရှု၊ လိုလိုလားလားနဲ့ ဒီအခွန်တွေ ပေးမှသာလျှင် နိုင်ငံမှာ အခွန်အကောက်ယဉ်ကျေးမှုတစ်ခု တည်တံ့ခိုင်မြဲ သွားပြီလို့ ပြောလို့ရမှာပါ။

အခွန်အကောက်ယဉ်ကျေးမှု ထူထောင်ဖို့ ဆိုတာဟာ ပထမဦးဆုံး အခွန်အကောက် ဥပဒေများဟာ မှန်ကန်ရမယ်၊ ပြည်သူပြည်သားများ နားလည်လွယ် ရမယ်။ နောက်ပြီးတော့ ဘာကြောင့် အခွန်အကောက်တွေ ပေးလဲဆို တာကိုလည်း သဘောပေါက်ရမယ်။ အဲဒီမှာ စီးပွားရေးလုပ်ငန်းရှင်ကြီး တွေက ရှေ့တန်းကနေပြီး တော့ ဦးဆောင်လမ်းပြ ဖြစ်စေချင်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများ အနေနဲ့ နိုင်ငံရဲ့ဘဏ္ဍာကို ပံ့ပိုးပေးရတဲ့ ဂုဏ်သရေကို တန်ဖိုး ထားစေချင်ပါတယ်။

ဘယ်လိုပုံစံနဲ့ ပြည်သူပြည်သားတွေနဲ့နိုင်ငံကို ဘယ်လိုပံ့ပိုး နိုင်မလဲ ဆိုတဲ့ စိတ်ဓာတ်နဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများကို ဆက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ပံ့ပိုးပေးစေချင်ပါတယ်၊ ခေတ်သစ်တစ်ခု ထွန်းကား ပြီဆိုတဲ့ အချိန်မှာ အားလုံးအတွက် လိုအပ်တဲ့ အရာ(၃)မျိုးရှိတယ်လို့ ထင်ပါတယ်။

ပညာ၊ စေတနာ၊ သတ္တိ။ ဘယ်လိုပုံစံပြောင်းလဲမလဲဆိုတဲ့ ပညာဟာ ကျွန်မတို့ အားလုံးမှာ ရှိဖို့အင်မတန်မှ အရေးကြီးပါတယ်၊ မှန်မှန်ကန်ကန် ဘယ်လမ်းကို သွားမယ်ဆိုတာကို ရွေးတတ်မှသာ လမ်းမှန်ပေါ်ရောက်သွားမှာပါ၊ လမ်းမှန်ဟာ ဘယ်လမ်းလဲဆိုတာသိရဲ့သားနဲ့ ဒီလမ်းကို သွားချင်တဲ့ စေတနာလဲရှိဖို့လိုပါတယ်၊ ကိုယ့်အကျိုးအတွက်၊ ကိုယ့်အဖွဲ့အစည်း အကျိုးအတွက်၊ ကိုယ့်စီးပွားရေးလုပ်ငန်း အကျိုးအတွက် မဟုတ်ဘဲနဲ့နိုင်ငံအကျိုး အတွက် လုပ်ပေးချင်တဲ့စေတနာရှိမှပဲ လမ်းမှန် ပေါ်မှာလျှောက်နိုင်မှာပါ။

ပညာအရ ကျွမ်းကျင်တဲ့ပညာရှင်များ၊ နိုင်ငံတကာမှ မိတ်ဖက်များ၊ ဘယ်လို လမ်းကိုလျှောက်သင့်တယ်၊ ဘာလုပ်သင့်တယ်ဆိုတဲ့ မူဝါဒတွေချပေး၊ချပေး ဒီလမ်းကို သွားချင်တဲ့ စေတနာ မရှိရင်တော့ နိုင်ငံအတွက် ပြဿနာတွေ ရှိပါလိမ့်မယ်၊ နိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့အတွက်၊ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် ပညာပြီးရင် စေတနာလိုပါတယ်၊ ဒီစေတနာနဲ့ ဆက်သွားမှသာလျှင် အောင်မြင်နိုင်မှာပါ၊ တတိယအရာကတော့ သတ္တိ လိုပါတယ်။

လမ်းသစ်တစ်ခုကို လျှောက်တယ်ဆိုတာဟာ လမ်းဟောင်းလျှောက်တာထက် အများကြီး သတ္တိလိုပါတယ်။ ကိုယ့်လျှောက်လာတဲ့လမ်းဟောင်းဟာ နှစ်ပေါင်း များစွာ လျှောက်လာတဲ့လမ်းဟောင်းဆိုတာ ကိုယ်ကသိနေပြီဆိုတော့ ပိုပြီးတော့ လွယ်ကူ သလို၊ ပိုပြီးတော့ အဆင်ချောသလိုထင်နိုင်ပါတယ်။ သို့သော် လမ်းသစ်ကို လျှောက်ဖို့ အချိန်ရောက်ပြီဆိုရင် ဒီလမ်းသစ်ကိုလျှောက်နိုင်တဲ့သတ္တိတော့ အားလုံးမှာ လိုအပ်ပါတယ်။ အချို့က အရင်တုန်းကအတိုင်း ဆက်ပြီးသွားတာကို သတ္တိလို့ထင်ကြပါ တယ်။ ငါတို့ကတော့ စိတ်ထားမပြောင်းဘူး၊ အရင်အတိုင်းဆိုတာ ဘာမှ ဂုဏ်ယူစရာ မဟုတ်ပါဘူး၊ ခေတ်သစ်မှာ နိုင်ငံသူ နိုင်ငံသား၊ ပြည်သူ ပြည်သား အားလုံးကို အခွင့်အရေး သစ်တွေကို ပေးနေတာပါ။ ဒီအခွင့်အရေးတွေကို စေတနာရှိရှိ၊ သတ္တိရှိရှိနဲ့ မိမိရရဆုပ်ကိုင်ပြီးတော့ ဆက်ပြီးတော့ နိုင်ငံရဲ့တိုးတက်မှုအတွက်လုပ်ပေး စေချင်ပါ တယ်။

နိုင်ငံရဲ့ တိုးတက်မှုအတွက်ဆိုတာ အားလုံးပါဝင်ဖို့ ဖြစ်ပါတယ်။ အခု ခေတ်မှာ ဆိုရင် အားလုံးပါဝင်ဖို့ကို သိပ်သုံးကြပါတယ်။ ပါဝင်သင့်၊ ပါဝင်ထိုက်သူများ အားလုံး ပါဝင်သင့်တဲ့နေရာကပါဝင်ဖို့ ဆိုရိုးစကားအတိုင်းပြောရမယ်ဆိုရင် လူမှန်၊နေရာ မှန်လုပ်မှ အောင်မြင်နိုင်မှာပါ။ လူမှန်နေရာမှန်ဆိုတာ အဲဒီမှာ စီးပွားရေး လုပ်ငန်းရှင် များအတွက် နေရာမှန်ရှိပါတယ်။ နိုင်ငံတိုးတက်ဖို့အတွက်၊ ဖွံ့ဖြိုးဖို့အတွက် လုပ်ပေး နိုင်တဲ့နေရာမှန်ရှိပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ ဖြောင့်ဖြောင့်မတ်မတ်နဲ့ အားလုံး လုပ်ဖို့လိုပါတယ်။ စီးပွားရေးအောင်မြင်ဖို့ဆိုတာ ယုံကြည်မှုဟာ အဓိကဖြစ်တယ်ဆိုတာ စီးပွားရေးလုပ်ငန်းရှင်ကြီးများသိပြီးသားဖြစ်ပါတယ်။ ယုံကြည်မှုရှိဖို့ဆိုရင် စီးပွားရေး လောကမှာ ဖြောင့်ဖြောင့်မတ်မတ်လုပ်တယ်ဆိုတာကို ကမ္ဘာကသိဖို့လိုပါတယ်။ တိုတို ပြောရမယ်ဆိုရင် အဂတိလိုက်စားမှု ကင်းရှင်းဖို့လိုပါတယ်။ အဂတိလိုက်စားမှု ကင်းရှင်း ဖို့ဆိုတာ ပြည်သူပြည်သားတစ်ယောက်ချင်း၊ တစ်ဦးချင်း၊ လုပ်ငန်းရှင် ကြီးများ တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ အဖွဲ့အစည်းများ တစ်ခုချင်းပေါ်မှာအများကြီး မူတည်ပါတယ်။

ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ ဒီလိုအဂတိလိုက်စားမှုဖြစ်စေခြင်းကို ထိန်းထား နိုင်တာ ပထမဆုံး ပြောသွားတဲ့ တရားဥပဒေစိုးမိုးရေးပါပဲ။ တရားဥပဒေ စိုးမိုးရေးရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုက ဒါပါပဲ။ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ အဂတိလိုက်စားမှု ဖြစ်စေတဲ့ စိတ်ဓာတ်များကို ထိန်းသိမ်းထားနိုင်ဖို့ပါပဲ။ ကိုယ့်ဆန္ဒအရ လုပ်ချင်တိုင်း လုပ်လို့မဖြစ်ဘူး၊ ဥပဒေကနေ ခွင့်ပြုသလောက်ပဲ လုပ်ရမယ်၊ မှန်မှန်ကန်ကန်လုပ်ရ မယ်၊ မျှမျှတတ လုပ်ရမယ်၊ ဒေါသကို အခြေခံပြီးတော့ တခြားသူကို ထိခိုက်စေချင်လို့ လုပ်လို့လဲ မဖြစ်ဘူး၊ မှန်မှန်ကန်ကန်လုပ်ရမယ်၊ နိုင်ငံတစ်နိုင်ငံလုံးအကျိုးအတွက် အောင်မြင်ဖို့အတွက် လုပ်ရပါမယ်။

ဘယာဆိုတဲ့ကြောက်ရွံ့မှု၊ ကျွန်မတို့ဟာ ဒီမိုကရေစီစနစ်ကိုထူထောင်နေတဲ့ အချိန်ကာလဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် အောက်မှာဆိုရင် တရားဥပဒေဘောင် အတွင်းမှာ မှန်မှန်ကန်ကန်လုပ်တဲ့ ပုဂ္ဂိုလ်တွေ ဘယ်သူမှကြောက်ရွံ့စရာမလိုပါဘူး။ အခုဆိုရင် ပထမဦးဆုံး ခြောက်လအတွင်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ နှေးကွေး တယ်ဆိုပြီးတော့ ဝေဖန်တာတွေရှိပါတယ်။ ဝေဖန်ချက်တွေကို နားထောင်ပါတယ်။ လက်ခံပါတယ်။ ပိုပြီးတော့ မြန်မြန်သွက်သွက်လက်လက်နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားပါ တယ်။ အမှန်ဆုံးဖြစ်စေချင်တာ ကျွန်မတို့အစိုးရလောက်မြန်ချင်တာ ဘယ်သူမှ မရှိဘူးလို့ ပြောချင်ပါတယ်၊ စီးပွားရေးတိုးတက်မှုမြန်ဆန်အောင်လုပ်ပေးနိုင်မှသာလျှင် ထူထောင်ချင်တဲ့စနစ်ကို မြန်မြန်ဆန်ဆန် အမြစ်တွယ်အောင်လုပ်နိုင်မှာ ဖြစ်ပါတယ်။

ကြောက်ရွံ့မှုရှိဖို့မလိုဘူး၊ ဘယာကတိရှိဖို့မလိုဘူးလို့ ပြောခြင်းဟာ အခု ဒီမိုကရေစီ စနစ်ကို ထူထောင်လိုက်တဲ့အခါမှာ အဂတိလိုက်စားမှုရှိရင် ပြည်သူ ပြည်သားများဟာ ပွင့်ပွင့်လင်းလင်းသတ္တိရှိရှိနဲ့တိုင်လို့ရပါတယ်။ ဒီကိစ္စကို အစိုးရပိုင်း၊ ဌာနပိုင်းဆိုင်ရာကို အသိပေးလို့ရပါတယ်။ ဒီလိုအသိပေးလို့ ဘာမှကိုယ့်အတွက် အန္တရာယ်မရှိဘူး ဆိုတာကို ကျွန်မအနေနဲ့အာမခံချက်ပေးပါတယ်။ သို့သော်ငြားလည်း ပစ်စာတွေကို အားပေးတာ မဟုတ်ပါဘူး။ တိုင်ရဲရင် တာဝန်ခံရဲရမယ်။ ကျွန်တော် ဘယ်သူပါ၊ ကျွန်မ ဘယ်သူပါ၊ ကျွန်မတို့အမျိုးသားမှတ်ပုံတင်က ဘယ်လောက်ပါ၊ ဘယ်လို အဂတိ လိုက်စားမှုနဲ့ ကြုံတွေ့ ရပါတယ်ဆိုတဲ့ သက်ဆိုင်ရာဌာနများ၊ ကျွန်မတို့ ၀န်ကြီးဌာန ဖြစ်တဲ့ အတိုင်ပင်ခံဝန်ကြီးဌာနရုံးကို ရေးလို့ရပါတယ်။ ဒီလိုရေးလို့ တိုင်လို့ ရအောင်လို့လည်း အားလုံးကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာကို သတင်း ဖြန့်ချိပေး မှာဖြစ်ပါတယ်။ အားလုံးမှာ တာဝန်ရှိပါတယ်။

အောက်ကလူတွေက ကျွန်မကို ပြောကြပါတယ်။ ၀န်ကြီးတွေကတော့ သန့်ရှင်းပါတယ်၊ အောက်ကလူတွေကတော့ အရင်အတိုင်း ပဲတဲ့။ အရင်အတိုင်းပဲဆိုရင် ၀န်ကြီးတွေကို သတိပေးရမယ်။ ၀န်ကြီးတွေက ဖြောင့်မတ် သန့်ရှင်းတယ်လို့ ယုံကြည်ရင် ၀န်ကြီးတွေကို အသိပေးမယ်။ ၀န်ကြီးအောက်ကဖြင့် ဘယ်သူ၊ ဘယ်နေရာမှာဖြင့် ဘယ်လိုလုပ်နေပါ တယ်လို့ သတ္တိရှိရှိနဲ့အသိပေးပါ။ တိုင်တဲ့သူတွေ ရဲ့နာမည်ကို ဖော်ထုတ်ပြမှာ မဟုတ်ပါဘူး။ သို့သော်ငြားလည်း ပစ်စာဆိုတာကို လက်မခံတာ ကြောင့် နာမည်တော့ခံရမယ်။ ကျွန်တော်၊ကျွန်မဟာ ဘယ်သူ၊ ဘယ်ဝါပါ မှတ်ပုံတင် နံပါတ် ဘယ်လောက် ဘယ်လောက်ပါ၊ ဒီလောက်ကတော့ ပြောရမယ်။ မပြောဘဲနဲ့ တိုင်တာဆိုတာ ပစ်စာမြောက်ပါတယ်၊ ပစ်စာကတော့ လက်ခံလို့မဖြစ်ပါ ဘူး။

ပြည်သူ ပြည်သားများဟာ နိုင်ငံအတွင်းမှာ အဂတိလိုက်စားမှု ပျောက်ကင်းသွား ဖို့အတွက် တစ်ဦးချင်းမှာ တာဝန်ရှိတယ်လို့ လက်ခံပြီးတော့ သိသင့်၊ သိထိုက်တဲ့ ကိစ္စများကို အထက်အရာရှိများ၊ ၀န်ကြီးများ သိအောင်လို့ အကြောင်းကြား ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ အားလုံးမှာ တာဝန်ရှိပါတယ်။ နိုင်ငံသူ နိုင်ငံသားများရဲ့ အရည်အချင်း တန်ဖိုးကသာလျှင် နိုင်ငံရဲ့တိုးတက်ဖွံ့ဖြိုးမှုကိုဖြစ်စေမှာပါ။ ဒါဟာ တာဝန်ယူမှုပါပဲ။ မောဟဆိုတာကတော့ နောက်ဆုံးကတော့ မသိတတ်တဲ့ ကိစ္စပေါ့။ "ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ" မသိတတ်ခြင်း ဆိုတာဟာ လောကီအရ ပြောနေတာပါ။ လောကီအရ ပညာအရ မစုံလင်ခြင်း၊ မသိတတ်ခြင်းဆိုတာကတော့ နိုင်ငံမှာ ဒီကိစ္စကို ကိုင်တွယ်ဖို့ အများကြီးတာဝန်ရှိပါတယ်။

ပညာရေးစနစ်ဟာ နှစ်ပေါင်းများစွာ ဆယ်စုနှစ်ပေါင်းများစွာနောက်ကျ ကျန်ခဲ့ပါတယ်။ ပညာရေးစနစ်ကို မြှင့်တင်ဖို့ ပြည်သူ ပြည်သားတွေရဲ့ အရည်အချင်းကို မြှင့်တင်ဖို့ဟာ အစိုးရရဲ့တာဝန်ဖြစ်ပါတယ်။ ဒီလိုမြှင့်တင်တဲ့အခါမှာ အနာဂတ်ကိုကြည့် ပြီးတော့ ဆက်သွား ချင်ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာကို အထူးအလေးထားပြီး၊ တန်ဖိုး ထားပြီး ပိုပြီးတော့ တိုးတက်အောင်လုပ်ဖို့ ဆန္ဒရှိပါတယ်။

ကမ္ဘာ့နိုင်ငံတွေထဲက အတိုးတက်ဆုံး၊ အဖွံ့ဖြိုးဆုံး နိုင်ငံတွေထဲမှာ ဘယ်လိုနိုင်ငံမျိုး ပါလဲဆိုတော့ အသက်မွေးဝမ်းကျောင်းပညာကို တက္ကသိုလ်ပညာနဲ့ တန်းတူ တန်ဖိုးထားပြီး တန်းတူတန်ဖိုးကို ပညာကိုလူထုက လက်ခံအောင်လို့ လုပ်နိုင်တဲ့ နိုင်ငံတွေ ပါပါတယ်။ အသေးဆုံးဆိုပေမယ့် အချမ်းသာဆုံးနိုင်ငံများ၊ အသက်မွေး ၀မ်းကျောင်းပညာကို အားပေးတဲ့နိုင်ငံများ ပါနေပါတယ်။ အခု အရှေ့တိုင်းနိုင်ငံတွေ ကတော့ တက္ကသိုလ်ပညာကို အသက်မွေးဝမ်းကျောင်းပညာထက် အများကြီး အလေး ထားတာ၊ တန်ဖိုးထားတာကို တွေ့ရပါတယ်။ ဒီစိတ်တွေကို ပြောင်းလဲစေချင်ပါတယ်၊ ပညာဆိုတာဘာလဲ၊ အဲဒီအခြေခံကိုပြန်စဉ်းစားပါ။ ပညာဆိုတာဟာ အခြေအနေ တစ်ခုကိုသုံးသပ်ပြီး မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်တဲ့ အရည်အချင်းပဲဖြစ်ပါတယ်။

တက္ကသိုလ်ဘွဲ့တွေ ဘယ်လောက်ပဲ ရထား၊ ရထား။ အခြေအနေတစ်ခုကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်တဲ့အရည်အချင်း မရှိဘူး ဆိုရင် ပညာမရှိဘူးလို့ဘဲ သတ်မှတ်ရမှာပါ။ အသက်မွေးဝမ်းကျောင်းပညာ ကောင်းကောင်းမွန်မွန်တတ်ထားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ သူ့ဘ၀မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို သေသေချာချာသုံးသပ်ပြီး ကျော်လွှားနိုင်တဲ့ အရည်အချင်း ရှိပြီဆိုရင် သူဟာပညာတတ်ပဲ။ တက္ကသိုလ်က ဘွဲ့တွေအများကြီး ရထားပြီးတော့ အိမ်ကနံရံ ပေါ်မှာ၊ ဘွဲ့နှင်းသဘင်တွေမှာ တက်ရောက်ထားတဲ့ ဓာတ်ပုံတွေ အများကြီး ချိတ်ထားပြီးတော့ တကယ့်ပြဿနာရှိတဲ့အခါမှာ မရင်ဆိုင်နိုင်ဘူး၊ တကယ်ကိုယ့် အသက်မွေးဝမ်းကျောင်းအတွက် ထိထိရောက်ရောက် မလုပ်နိုင်ဘူးဆိုရင် ကျွန်မတို့ ပညာတတ်လို့ သတ်မှတ်နိုင်ပါ့မလား။

ဒါကိုစဉ်းစားစေချင်ပါတယ်။ ပညာတတ်လို့ သတ်မှတ်တဲ့အခါမှာ ကိုယ့်အတွက် ပညာတတ်တာနဲ့၊ အများအတွက်ပညာတတ်တာကို နှစ်ခုခွဲပြီးတော့မြင်စေချင်ပါတယ်။ တချို့တွေက ကိုယ့်အတွက်တော့ ပညာအများကြီးတတ်ပါတယ်၊ ပညာတတ်တယ် ဆိုတာထက် ပညာပြတတ်တယ်လို့ ဆိုချင်ပါတယ်။ ကိုယ့်အတွက်ကို ပညာပြတာထက် အများအတွက် ပညာရှိတာဟာ ပိုပြီးတော့ တန်ဖိုးရှိပါတယ်ဆိုတာလည်း ပြည်သူ ပြည်သားများနဲ့ လုပ်ငန်းရှင်ကြီးများကို သတိထားစေချင်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ကြီးများကို အများကြီးအားကိုးပါတယ်။

ဒီအစိုးရမတက်ခင်ကတည်းက အားလုံးသိနေတဲ့၊ အင်္ဂလိပ်ဘာသာစကားကို မကျွမ်းကျင်ဘူး ဆိုပေမယ့် သိနေတဲ့ အသုံးအနှုန်းတစ်ခုရှိပါတယ်။ "ခရိုနီ"ဆိုတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံးမှာ ပြန့်ပွားနေတဲ့ ခရိုနီ၊ စီးပွား ရေး အောင်မြင်ကျော်ကြားနေတဲ့သူတွေက ခရိုနီတွေ၊ ပြောရမယ်ဆိုရင် အစိုးရနဲ့ အာဏာရှိတဲ့ပုဂ္ဂိုလ်များနဲ့ ပင်းပြီးတော့ သူတို့ရဲ့အောင်မြင်မှုအတွက်လုပ်တာ တရားဥပဒေ ဘောင်အတွင်းက လုပ်တာမဟုတ်ဘူး။ အများပြည်သူ အတွက်လုပ်တာ မဟုတ်ဘူး ဆိုပြီး ဝေဖန်ချက်တွေရှိပါတယ်။ ဒီလိုဝေဖန်ချက်တွေ ကြားရတဲ့အခါမှာ ကျွန်မ စိတ်မကောင်းပါဘူး။ စိတ်မကောင်းဘူးဆိုတာ ပြည်သူ ပြည်သားများ အချင်းချင်း ဘာလို့ဒီလောက်စိတ်ဝမ်းကွဲနေကြပါသလဲ။ ကိုယ့်အတွက်ပဲ လုပ်မယ်ဆို တဲ့ လုပ်ငန်းရှင်ကြီးများ နိုင်ငံမှာများနေသလား၊ ကိုယ်ကျိုးအတွက်ပဲကြည့်မယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကျွန်မတို့နိုင်ငံမှာ များနေသလား။ ဒီလိုမျိုးတွေရှိနေတယ် ဆိုရင် နိုင်ငံ့အတွက်အင်မတန်မှဝမ်းနည်းစရာဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်မယုံကြည်ချက်တစ်ခုက အတိတ်ဆိုတာဟာ ကိုယ့်ကိုကိုယ် ချည်နှောင် ထားဖို့ မဟုတ်ဘူး။ သင်ခန်းစာယူပြီးတော့ ရှေ့ကိုဆက်သွားနိုင်ရမယ်၊ တစ်ချိန် တစ်ခါတုန်းက ကိုယ့် အတွက်ပဲလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက နောင်တစ်ချိန်တစ်ခါမှာ အများအတွက်မလုပ်နိုင်ဘူးလား။ အများအတွက်လုပ်နိုင်တဲ့အရည်အချင်းတွေသူတို့မှာ မရှိဘူးလား။ ကိုယ့်အစုအဖွဲ့၊ ကိုယ့်ရဲ့လုပ်ငန်း၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့မိသားစု အတွက်ပဲ စဉ်းစားခဲ့တဲ့ ပုဂ္ဂိုလ်များဟာ အမြင်ကျယ်လာပြီးတော့ တစ်တိုင်းပြည်လုံး အတွက် စဉ်းစားနိုင်တဲ့ အရည်အချင်းတွေ မမွေးမြူနိုင်ဘူးလားဆိုတာကို ကျွန်မစဉ်းစား ခဲ့ပါတယ်။ ကျွန်မ ကတော့ ဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်၊ ဖြစ်နိုင်ဖို့အတွက်ကိုလည်း အခွင့်အရေးတွေပေးပါ့မယ်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာဆိုရင် တချို့တွေ ကြိုက်တာလဲပါမယ်၊ မကြိုက်တာ လဲပါမယ်။ ဘာပဲလုပ်လုပ် ၁၀၀ ရာခိုင်နှုန်း အားလုံးကြိုက်တယ်၊ အားလုံး လက်ခံ တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ တတ်နိုင်သမျှ ကျွန်မတို့နိုင်ငံမှာ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ ပြည်တွင်းကရော ပြည်ပကပါ ၀င်လာအောင်လို့ ဒီဥပဒေကို ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ တချို့က စိတ်ပူတယ်။ ပြည်ပက ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းတွေအတွက် အခွင့်အရေးတွေသိပ်ပေးရင် ပြည်တွင်းက လုပ်ငန်းရှင်များက ပြိုင်နိုင်ပါ့မလား။ ဒီလိုစိတ်ပူပန်မှုတွေမရှိပါနဲ့၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါ။ အခက်အခဲ ရှိရင် အသိပေးပါ၊ နိုင်ငံတစ်နိုင်ငံရဲ့အစိုးရတာဝန်တစ်ခုဟာ ပြည်သူပြည်သားများရဲ့ အခက်အခဲကိုဖြေရှင်းပေးဖို့ပါ။ ပြည်သူ ပြည်သားတွေထဲမှာ စီးပွားရေး လုပ်ငန်းရှင် ကြီးတွေပါပါတယ်။ ပြည်သူ ပြည်သားတွေထဲက ချမ်းသာကြွယ်ဝ လာတာကို သဘော ကျပါတယ်၊ ဒါပေမယ့် ချမ်းသာကြွယ်ဝလာတာ မှန်ဖို့တော့လိုပါတယ်။ အရင် တုန်းက မှန်တာ မမှန်တာ အတိတ်ကိုတော့ ပြန်ပြင်လို့မရတော့ဘူး။ ပစ္စုပ္ပန်မှာတော့ မှန်မှန်ကန် ကန်လုပ်သွားပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

ဒီကနေ့ ပြောမယ့်ပုဂ္ဂိုလ်တွေက တစ်ယောက်ချင်း၊ တစ်ယောက်ချင်း ကိုယ့်ကဏ္ဍ အရ ပြောသွားကြမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်မယ့် အကြောင်း ပိုပြီးတော့ ပြောပြချင်တဲ့ စိတ်ဆန္ဒရှိပေမယ့် အချိန်အကန့် အသတ်ကြောင့် အခုအချိန်မှာတော့ ပြောလို့မရပါဘူး။ မကြာမီကာလအတွင်း ဒီအဖွဲ့က ဘယ်လိုလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်သွားမယ်ဆိုတာကို ရှင်းလင်း ပြမှာ ဖြစ်ပါတယ်။ အဲဒီအခါကျရင် စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံကို တိုးတက် စေချင်တဲ့ အလှူရှင်များ၊ မိတ်ဖက်နိုင်ငံများကလည်း အကြံဥာဏ်တွေပေးပါလို့ ကျွန်မတို့က တောင်းခံပါတယ်။ အကြံဉာဏ်သစ်တွေကို ရင်ဆိုင်ဖို့၊ စဉ်စားဖို့၊ မကြောက် ပါဘူး။ ပြည်သူ ပြည်သားများ လုပ်ငန်းရှင်များဟာလည်း အတွေးအခေါ် အသစ်တွေ၊ အကြံအသစ် တွေနဲ့ ဆက်ပြီးတော့လုပ်ဖို့ မကြောက်ကြပါနဲ့ နိုင်ငံရဲ့ဖွံ့ဖြိုး တိုးတက်ရေး ကိုသာစိတ်ထဲမှာ ထားပြီးတော့ ၀ိုင်းဝန်းပြီးတော့ ကူညီကြပါလို့ မေတ္တာ ရပ်ခံရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။

Myanmar State Counsellor Office


သူပုန်တွေဟာ အရပ်သား တွေကို လူသား ဒိုင်းတွေ အဖြစ် အသုံးချ နေကြောင်း နိုင်ငံပိုင် သတင်းဌာန တွေမှာ ဖော်ပြ နေ
ဆီးရီးယား နိုင်ငံ အလက်ပို မြို့မှာ ရုရှ ဘက်က ၃ရက်ကြာ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲ ခဲ့ပြီးနောက် အောက်တိုဘာလ ၂၂ ရက်နေ့မှာတော့ ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြန်လည် စတင် ခဲ့ပြီး တိုက်ပွဲ တွေလည်း ဖြစ်ပွား နေပါတယ်။

သူပုန်တွေ ထိန်းချုပ်ရာ ဒေသတွေ မှာ လက်နက်ကြီး နဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ပွား နေကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကြီး က ပြောပါတယ်။

ရုရှ ဘက်က ၃ ရက်ကြာ ပစ်ခတ် တိုက်ခိုက်မှု တွေကို ရပ်နား ပေးခဲ့ပေမယ့် လည်း ကယ်ဆယ်ရေး ဝန်ထမ်းတွေရဲ့ လုံခြုံရေး အာမခံမှု မရရှိတဲ့ အတွက် သူပုန် တွေ ထိန်းချုပ်ရာ ဒေသ က အရပ်သား တွေကို ကယ်တင် နိုင်ခဲ့ခြင်း မရှိဘူးလို့ ကုလသမဂ္ဂ အဖွဲ့ကြီးက ပြောပါတယ်။

ဆီးရီးယား နိုင်ငံက လာတဲ့ သတင်းတွေမှာတော့ အတိုက်အခံ သူပုန်တွေဟာ အရပ်သား တွေကို လူသား ဒိုင်းတွေ အဖြစ် အသုံးချ နေကြောင်း နိုင်ငံပိုင် သတင်းဌာန တွေမှာ ဖော်ပြ နေပါတယ်။

BBC Burmese
http://www.bbc.com/burmese



လက်ဝါးကြီး အုပ် စီးပွားရေး မရှိ စေပဲ ၊ လူတိုင်း သာတူ ညီမျှ စီးပွား ရှာခွင့် ရှိရစေမယ် ဆိုပြီး ဝန်ကြီး ဦးကျော်ဝင်း က ပြောကြား
အောက်တိုဘာ ၂၂ ရက် က နေပြည်တော်မှာ လုပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲမှာ အစိုးရ သစ် လက်ထက် ပထမ ခြောက်လတာ ကာလ အတွင်း စီးပွား ဖွံ့ဖြိုး တိုးတက်မှု နှေးကွေး သွားတယ် ဆိုတဲ့ အချက် ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဝန်ခံ ပြောကြား ခဲ့ပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်း ကလည်း နိုငံစီးပွားရေး နှေးသွားရတဲ့ အကြောင်းတွေကို တင်ပြ လာခဲ့သလို၊ အစိုးရရဲ့ ရှေ့ဆက်မယ့် မူဝါဒ ရေးရာ တွေကို လည်း ရှင်းပြ ခဲ့ပါတယ်။

အစိုးရ အပြောင်းအလဲ ဖြစ်ပေါ် ခဲ့ပြီးတဲ့ နောက် စီးပွားရေး အရှိန်အဟုန် နဲ့ တပြေးညီ ဖြစ်အောင် အစိုးရသစ် အနေနဲ့ လိုက်လံ မဆောင်ရွက် နိုင်ခဲ့ဘူးလို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်း က ပြောပါတယ်။

အစိုးရ ဟောင်း သက်တမ်းနဲ့ အတူ ပြီးဆုံး သွားခဲ့တဲ့ လုပ်ငန်း ကော်မတီတွေ ကော်မရှင် တွေ စတဲ့ ယန္တရားတွေကို ပြန်လည် အသက်သွင်း ဖွဲ့စည်း ရတဲ့ အလုပ်တွေ အပါအဝင်၊ ခေတ်နဲ့ လျော်ညီတဲ့ ဥပဒေပိုင်း ဆိုင်ရာ အပြောင်းအလဲ တွေကို အစိုးရ သစ် ဘက်က အချိန်ယူ ပြင်ဆင် ဆောင်ရွက် ခဲ့ရတာ တွေဟာ စီးပွားရေး အရှိန်ကို နှေးသွား စေခဲ့တယ် လို့ လည်း ဝန်ကြီး ဦးကျော်ဝင်းက ရှင်းပြ ပါတယ်။

အစိုးရ အပြောင်း အလဲ ကာလမှာ စီးပွားရေး လုပ်ငန်းရှင်တွေ ဟာ အစိုးရ သစ်က ဘာတွေ လုပ်ဆောင် လာမှာ လည်း ဆိုတာကို စောင့်ကြည့် ပြီး အလုပ်တွေကို မျှောပြီး ထိန်း ထား ခဲ့တာ ကလည်း ၊ စီပွားရေး လေးလံ သွားစေတဲ့ အကြောင်း တစ်ခု အဖြစ် ဦးကျော်ဝင်း က ဆိုပါတယ်။

နေပြည်တော် တွေ့ဆုံပွဲ ကို လာကြတဲ့ စီးပွားရေး လုပ်ငန်း ရှင်တွေကို အစိုးရ နဲ့ အတူ လက်တွဲ လုပ်ဆောင်ဖို့ ဝန်ကြီး က တိုက်တွန်း ခဲ့ပြီး၊ အဲဒီလို ပူးပေါင်း လုပ်ဆောင်မယ် ဆိုရင် လာမယ့် ၆ လ အတွင်း မြန်မာ့ စီးပွား ရေးဟာ အရှိန် နှစ်ဆ သုံးဆ တိုး လာလိမ့်မယ် လို့လည်း ပြောပါတယ်။

အစိုးရ သစ်ရဲ့ စီးပွားရေး ဆိုင်ရာ မူဝါဒ နဲ့ ပတ်သက်ပြီး လက်ဝါးကြီး အုပ် စီးပွားရေး မရှိ စေပဲ ၊ လူတိုင်း သာတူ ညီမျှ စီးပွား ရှာခွင့် ရှိရစေမယ် ဆိုပြီး ဝန်ကြီး ဦးကျော်ဝင်း က ပြောကြား ခဲ့ပါတယ်။

နေပြည်တော်ပွဲကို လာရောက်ခဲ့ ကြသူတွေထဲမှာ အရင် အစိုးရ အဆက်ဆက် အာဏာပိုင်တွေ နဲ့ နီးစပ်ပြီး၊ စီးပွားရေး လုပ်ငန်းတွေ မှာ တွင်ကျယ် ခဲ့သူတွေ၊ အာဏာပိုင်တွေရဲ့ ဆွေမျိုး သားချင်းတွေ ပါဝင် နေပါ တယ်။

NLD အစိုးရ အနေနဲ့ ကတော့ ပြည်တွင်း စီးပွားရေး လောကမှ တွင်ကျယ် လက်စ ရှိသူတွေ ကို ပစ်ပယ်မှာ မဟုတ်ပဲ၊ လက်ရှိ အစိုးရရဲ့ မူဝါဒတွေနဲ့ အညီ အတူ လက်တွဲ လုပ်ဆောင်ဖို့ ဖိတ် ခေါ် နေပါတယ်။

ခရိုနီ စီးပွားရေး သမားတွေ တွေ ပူးပေါင်း ပါဝင်မှု နည်းပါး နေလို့ စီးပွားရေး လေးလံ ထိုင်းမှိုင်း နေတယ်ဆိုတဲ့ ရှု့ထောင့် အမြင်ကိုတော့ နော်တင်ဂမ် တက္ကသိုလ် မလေးရှား ကျောင်းခွဲက ဘောဂဗေဒ ပညာရှင် ဒေါက်တာ မြင့်မိုးချစ် က သဘော မတူပါဘူး။

ကုန်ထုတ် လုပ်ငန်း မရှိသူတွေ ရဲ့ ပါဝင် ပတ်သက်မှု ထက်စာရင်၊ စီးပွားရေးကို လွတ်လွတ်လပ်လပ် ယှဉ်ပြိုင် လုပ်ကိုင် နိုင်ခွင့်ကို အစိုးရဘက်က အာမခံ ပေးဖို့က အရေးကြီး တယ်လို့လည်း ဒေါက်တာ မြင့်မိုးချစ်က ဆိုပါတယ်။

NLD အစိုးရ ကတော့ သူတို့လက်ထက် အသစ် ပြင်ဆင် ပြဌာန်းလိုက်တဲ့ ရင်းနှီး မြှုပ်နှံမှု ဥပဒေ အပေါ် အတော်လေး မျှော်လင့်ချက် ထားနေပြီး၊ ဝန်ကြီး ဦးကျော်ဝင်း ကလည်း အဲဒီ့ ဥပဒေ ပါ အချက်အလက်တွေကို အတော်လေး ကိုးကား ပြီး ပြောခဲ့ပါတယ်။

ဒါပေမယ့် ဝေဖန်သုံးသပ် သူတွေ ကလည်း နိုင်ငံခြားက လုပ်ငန်း ရှင်တွေ ဟာ ဥပမာ- ဗီယက်နမ် ကို မသွားပဲ ၊ မြန်မာ ပြည်ထဲ လာရောက် ရင်းနှီး မြှုပ်နှံမယ် ဆိုပြီး ရွေးချယ် လာဖို့ ဆိုရင်၊ ဥပဒေ သက်သက် ရှိနေရုံနဲ့ မလုံလောက်ပဲ၊ လိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ လူသား အရင်းအမြစ်တွေ၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဘဏ်စနစ် တို့လို အခြေခံ အဆောက်အဉီး တွေလည်း ပံ့ပိုး ဖန်တီး ပေးနိုင်ရမယ်လို့ ထောက်ပြ နေပါတယ်။

BBC Burmese
http://www.bbc.com/burmese