10/27/16


Republican သမ္မတလောင်း Donald Trump
Republican သမ္မတလောင်း Donald Trump

ဒီမိုကရက်သမ္မတလောင်း ဟီလာရီ ကလင်တန်ရဲ့ ဆီးရီးယားဆိုင်ရာ မူဝါဒတွေဟာ နောက်ထပ် ကမ္ဘာစစ်တခုကို ဦးတည်သွား လိမ့်မယ်လို့ ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump က ပြောပါတယ်။

လုပ်သင့်တာက IS ကို အာရုံစိုက်ဖို့ဖြစ်ပြီး ဆီးရီးယားကို အာရုံမစိုက်သင့်ဘူးလို့ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးတခုမှာ ထရမ့်ပ်ကပြောပါတယ်။ ဟီလာရီ ကလင်တန်ပြောတာကိုသာ လိုက်လုပ်မယ်ဆိုရင်တော့ တတိယကမ္ဘာစစ်နဲ့ ကြုံရလိမ့်မယ်လို့ လည်း ထရမ့်ပ်က ဆိုပါတယ်။

သမ္မတ ဘာရှာ အယ်လ် အာဆဒ်ကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေကနေ ၂၀၁၁ ခုနှစ်မှာ ဆီးရီးယားပဋိပက္ခ စတင်ခဲ့တာ ဖြစ်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ ပါဝင်ပတ်သက်နေတဲ့ ရှု့ပ်ထွေးလှတဲ့ အရေးကိစ္စတခုပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်နှစ်မှာတော့ IS စစ်သွေးကြွတွေကို တိုက်ခိုက်တာလည်း ပါဝင်လာပါတယ်။ ရုရှားနဲ့အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ အာဆဒ် အစိုးရက သူပုန်တွေကို တိုက်နေပြီး အတိုက်အခံ လက်နက်ကိုင်တွေကိုတော့ အမေရိကန်၊ တူရကီနဲ့ ဆော်ဒီ အာရေးဘီးယားလို နိုင်ငံတွေ က အထောက်အပံ့ပေးနေတာပါ။

IS အစွန်းရောက်တွေကို အမေရိကန်က ဆက်နှိမ်နင်းသွားမယ့် နည်းလမ်းအများအပြားကို ကလင်တန်က အဆိုပြုထားပြီး သမ္မတအာဆဒ်ကို ရာထူးက ထွက်သွားစေချင်ပါတယ်။

ထရမ့်ပ်ဟာ သမ္မတအာဆဒ်ကို အာဏာဆက်ရှိနေစေချင်တဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ထောက်ခံနေတယ်ဆိုပြီး ကလင်တန်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ဝေဖန် ပြောဆိုပါတယ်။
VOA Burmese News



ရန်ကုန်မြို့မှာ အောက်တိုဘာ ၂၆ရက် ညပိုင်းက ရုတ်တရက် မိုးသက်လေပြင်းများ ကျရောက်နေပါတယ်။ လေပြင်းများစတင်တိုက်ခတ်စဉ်မှာပဲ မြို့နယ်အတော်များများမှာ လျှပ်စစ်မီးများ ပြတ်တောက်သွားပါတယ်။ လေတိုက်နှုန်းလည်း ပြင်းထန်နေတာမို့ ရန်ကုန်မြို့ခံတချို့က မုန်တိုင်းအဖျားခတ်မှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ လေရောမိုးပါ များတာကြောင့် တာမွေမြို့နယ်ထဲက တိုက်ခေါင်မိုးတချို့ လန်ထွက်ပျက်စီးမှု ရှိတယ်လို့ သိရပါတယ်။
DVB TV News



၂၀၁၇ ခုနှစ် ဧပြီလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရနိုင်ရေး ၀ိုင်းဝန်းကူညီကြဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်များက လွှတ်တော်ကိုယ်စားလှယ်များကို မှာကြားခဲ့ကြောင်း ကျောက်တံတားမဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက မဇ္ဈိမကိုပြောသည်။

အောက်တိုဘာ ၂၆ ရက်နေ့က ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲမှာ မှာကြားခဲ့ခြင်း ဖြစ်သည်။

"ရန်ကုန်မှာကလည်း အရမ်းကြီး အများကြီးတော့လည်း နေရာမရှိပါဘူး။ ရှိတဲ့နေရာကို ၀ိုင်းဝန်းပြီးတော့ ၂၀၁၅ တုန်းကလိုပဲ အပြတ်အသတ်နိုင်ဖို့ရန် အားလုံး ပူးပေါင်းပြီးတော့ ကူညီကြဖို့ပေါ့" ဟု ဒေါ်ကြည်ပြာက ပြောသည်။

ယင်းသို့ တွေ့ဆုံမှုနှင့် ပတ်သက်၍ ပါတီတွင်းတွေ့ဆုံမှုသက်သက်သာဖြစ်ပြီး ဆုံးဖြတ်ချက်တစ်စုံတရာ မရှိကြောင်း ဗဟို အလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံး၌ လစ်လပ် မဲဆ န္ဒနယ် ၁၈ နေရာရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီး ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ မဲဆန္ဒနယ် အ မှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး သေဆုံးထားသည့်အတွက် ၁၉နေရာ ကျင်းပရဖွယ် ရှိနေသည်။

အဆိုပါ မဲဆန္ဒနယ်များတွင် ပြည်သူ့လွှတ်တော်၌ ၉ နေရာ ၊ အမျိုးသားလွှတ်တော်၌ ၃ နေရာ ၊ ပြည်နယ်နှင့် တိုင်းလွှတ်တော်၌ ၆ နေရာ လစ်လပ်နေခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း လစ်လပ် မဲဆန္ဒနယ်များအနေဖြင့် စုစုပေါင်း ၅ နေရာ ရှိပြီး ပြည်သူ့လွှတ်တော်၌ ၄ နေရာ လှိုင်သာယာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ကော့မှူး မဲဆန္ဒနယ် ၊ အမျိုးသားလွှတ်တော်၌ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) နေရာ လစ်လပ်နေကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

============

Mizzima - News in Burmese

http://www.mizzimaburmese.com/article/19555


အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီး တစ်ဦးသည် အောက်တိုဘာ ၂၆ ရက်တွင် IS တို့ ထိန်းချုပ်ထားသော မိုဆူးတောင်ဘက်ရှိ လေတပ်စန်းသို့ သွားရောက်ခဲ့ပြီး သူ၏ ခရီးက မိုဆူးကို ထိုးစစ်ဆင်နေသော အီရတ် တပ်ဖွဲ့ဝင်များအတွက် အလွန်အရေးပါစေမည် ဖြစ်သည်။ အမေရိကန် စစ်တပ်၏ Central Command စစ်တိုင်းကို ဦးဆောင်နေသော အမေရိကန်ဗိုလ်ချုပ်ကြီး ဂျိုးဇက်ဗိုတယ်သည် မိုဆူးမြို့တောင်ဘက် မိုင် ၄၀ အကွာရှိ ကေယာရာလေတပ်စခန်းသို့ ရောက်ရှိခဲ့ပြီး မိုဆူးတိုက်ပွဲနှင့် ပတ်သက်သည့် နောက်ဆုံး အချက်အလက်များကို လက်ခံခဲ့ကြောင်း သိရသည်။

IS တို့သည် ၂၀၁၄ ခုနှစ်က အီရတ် မြောက်ပိုင်းကို ထိန်းချုပ်ခဲ့စဉ်က ယင်းနေရာအား ဖျက်ဆီးခဲ့ကြပြီးနောက် အမေရိကန်လေတပ် အင်ဂျင်နီယာများက လေယာဉ်ကွင်းနေရာ အများစုကို ပြန်လည်ပြင်ဆင်ခဲ့ပြီး အီရတ်လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် အဓိကကျသော စစ်စခန်းတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့သည်။ ယခုအခါ ကေယာရာတွင် အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀ ခန့် တပ်စွဲထားသည်။

ဗိုတယ်သည် စီ ၁၃၀ ကုန်တင်လေယာဉ်နှင့် ကေယာရာသို့ ရောက်ရှိခဲ့ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး စတီဖင်တောင်ဆန်က ဗိုတယ်နှင့်အတူ လိုက်ပါခဲ့သည်။ တောင်ဆန်သည် IS တို့ကို တိုက်ခိုက်နေသော အီရတ်လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ကာ့ဒ်ပြည်သူ့စစ်တို့ကို လေ့ကျင့်ပေးနေသည့် အစီအစဉ်အား ဦးဆောင်နေသူဖြစ်သည်။

IS တို့လက်မှ မိုဆူးမြို့ ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်သည် အရှိန်ဆက်လက် မြင့်တက်နေပြီး မြို့နှင့် နီးကပ်လာသည်နှင့်အမျှ IS တို့၏ ခုခံမှုက ပို၍ ပြင်းထန်လာကြောင်း ဗိုလ်ချုပ်ကြီးများက ပြောကြားခဲ့သည်။

မိုဆူးမြို့ သိမ်းပိုက်ရေး တိုက်ပွဲများသည် အချို့နေရာများတွင် မျှော်လင့်ထားသည်ထက် ပိုမိုလျင်မြန်နေကြောင်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားထားသည်။ အောက်တိုဘာ ၂၅ ရက်တွင် အီရတ်ထိပ်တန်း အကြမ်းဖက်မှု တိုက်ဖျက်ရေး တပ်ဖွဲ့ဝင်များသည် မိုဆူးမြို့နှင့် လေးမိုင်အကွာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

မိုဆူးကို ချဉ်းကပ်လာချိန်တွင် IS တို့က ရေနံတွင်းများကို မီးရှို့နေပြီး မြို့တွင်း၌လည်း တာယာများကို မီးရှို့၍ ရန်သူ၏ လေကြောင်း စစ်ဆင်ရေးကို မီးခိုးမှိုင်းဖြင့် ဟန့်တားရန် ဆောင်ရွက်နေသည်။

IS တို့က ဆာလဖာစက်ရုံကို မီးရှို့ခဲ့ပြီးနောက် ဓာတ်ငွေ့ကာ မျက်နှာဖုံးများကို ၀တ်ဆင်ထားကြရကြောင်း ကေယာရာရှိ စစ်သားများက ပြောကြားခဲ့သည်။ မိုဆူး စစ်ဆင်ရေး ကိုးရက်မြောက်နေ့တွင် အီရတ်အစိုးရထံ အကူအညီေ တာင်းခံခဲ့သူ ၃၃၀၀ ကျော် ရှိခဲ့ကြောင်း ရွှေ့ပြောင်းအခြေချရေးရာဝန်ကြီး ဂျာဆန်မိုဟာမက်အယ်ဂျက်က ပြောကြားခဲ့သည်။ အောက်တိုဘာ ၁၇ ရက်တွင် စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် နေရပ်ပျောက်ဆုံးသူ ၈၉၄၀ ရှိထားကြောင်း ကုလသမဂ္ဂက ဆိုသည်။

Ref: AFP

Eleven Media Group


ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စယန်ဟီးလီ
ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စယန်ဟီးလီ

ရခိုင်ပြည်နယ် မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပေမဲ့ ခိုင်မာတဲ့ သက်သေ အထောက်အထား ရဖို့အတွက် အခက်အခဲတွေ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ မခင်ဖြူထွေးက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ လက်ရှိ ရခိုင်ပြည်နယ်က အခြေအနေနဲ့ပတ်သက်ပြီးတော့ မစ္စ ယန်ဟီးလီ ရဲ့ အဓိက စိုးရိမ်ချက်က ဘာတွေ ရှိနေတာပါလဲ။ အရင်ဆုံး ပြောပြပေးပါရှင့်။

“ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်နေတာဆိုတော့ အခင်းဖြစ်ပွားချိန်စကတည်းက အဲဒီမှာဘာတွေ ဖြစ်ပွားနေသလဲ ဆိုတာကို အပြည့်အဝ မသိရပါဘူး။ ဒါပေမဲ့ ကျမတို့ အခြေအနေကိုသိနိုင်ဖို့အတွက် ပြင်ပနဲ့ ဆက်သွယ်နိုင်တဲ့ ဒီခေတ်နည်းပညာတွေလည်း ရှိပါတယ်။ အစိုးရအနေနဲ့ စစ်ဆင်ရေး ဇုံနယ်မြေအဖြစ် ကြေညာနိုင်ပါတယ်။ ဒေသခံတွေအတွက်တော့ ပိုပြီးကန့်သတ်တာ ရှိနိုင်ပါတယ်။ ကုလဝန်ထမ်းတွေနဲ့ နိုင်ငံတကာအဖွှဲစည်းတွေက အဖွဲ့တွေတောင်မှ အဲဒီမှာ ဘယ်လိုအခြေအနေရှိသလဲ ဆိုတာကို သိနိုင်ဖို့အတွက် သွားလို့မရပါဘူး။”

မေး။ မစ္စယန်ဟီးလီတို့ သိထားတဲ့ အချက်အလက်တွေထဲက အကြောင်းအရာ တချို့ကို ပြောပြပါဦးရှင့်။

“ကျမတို့ကြားသလောက်က လူတွေကို ဖမ်းတာဆီးတာ၊ အိမ်တွေ မီးရှို့ခံရတာရှိတယ်။ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ရှိနေတယ်။ အသတ်ခံရတာတွေ ရှိတယ်။ အကြောင်းပြချက်ပေးပြီး သတ်ပစ်တာတွေ ရှိတယ်။ ဒါတွေက တရားလက်လွတ် သတ်ဖြတ်မှုတွေ ဖမ်းဆီးမှုတွေ ဖြစ်ပါတယ်။ မတရားပြုကျင့်မှုတွေ၊ လူရှေ့သူရှေ့မှာတင် အဓမ္မပြုကျင့်မှုတွေ ရှိတယ်လို့လည်း ကျမတို့ကြားရပါတယ်။ ”

မေး။ ဘာ သက်သေတွေ ရှိပါလဲရှင့်။

“ဒီအချက်အလက်တွေကို မှန်မမှန် သိဖို့က သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေး မှုတွေ လုပ်ဖို့ လိုပါတယ်။ အခုချိန်မှာတော့ ကျမတို့ သွားလာလို့ မရပါဘူး။ မြန်မာနိုင်ငံသားတွေတောင် အဲဒီနေရာတွေကို သွားလာဖို့ကန့်သတ်ခံထားရပါတယ်။”

မေး။ အချက်အလက်တွေကို မစ္စ ယန်ဟီးလီတို့ ဘယ်လို ရရှိပါသလဲ။ မှန်ကန်တဲ့ အချက်အလက်တွေလို့ ဘယ်လို ယူဆနိုင်ပါသလဲ။

“မြန်မာနိုင်ငံထဲမှာ ကျမတို့ရဲ့လူတွေ ရှိပါတယ်။ သူတို့က ဓာတ်ပုံ အထောက်အထားတွေနဲ့ အချက်အလက်တွေ ပို့ပေးပါတယ်။ ကျမတို့အနေနဲ့ အခု ပြောဆိုခဲ့တဲ့အချက်တွေနဲ့ပတ်သက်ပြီး မမှားအောင် အများကြီး ဂရုစိုက်ရပါတယ်။ မှားယွင်းပြီး စွပ်စွဲတာမျိုးလည်း ကျမတို့ မလုပ်ချင်ပါဘူး။ ဒါကြောင့်လည်း အခုကြားသိရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ ကျမတို့ တောင်းဆိုနေတာပါ။ ဒီလိုလုပ်ဖို့ ဘာတွေ ဖြစ်နေတယ်ဆိုတာကို သေသေချာချာ သိရဖို့ လေ့လာစမ်းစစ်မှုတွေ အပြည့်အ၀ လုပ်ဖို့ပါတယ်။ အခြေအနေက ဘယ်လောက် အတိုင်းအတာအထိ ဆိုးရွားနေသလဲ ဆိုတာကို သေချာသိဖို့လိုပါတယ်။”

မေး။ မြန်မာအစိုးရကတော့ မစ္စ ယန်ဟီးလီတို့ ပြောသလို လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေး အခြေအနေအောက်မှာ နေအိမ်တွေမီးရှို့တာ၊ တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်တာတွေ ဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းထားပါတယ်။ အစိုးရအနေနဲ့ တည်ဆဲဥပဒေတွေနဲ့ အညီ အရေးယူဆောင်ရွက်နေတယ်လို့ ပြောပါတယ်ရှင့်။

“ဘယ်လိုဥပဒေမျိုးကို ပြောတာလဲ။ အဲဒါပဲ ကျမ သိချင်တာပါ။ ဘယ်လို ဥပဒေမျိုးကို သူတို့ပြောနေတာပါလဲ။ လူသားချင်းစာနာ ထောက်ထားတဲ့ ဥပဒေလား။ ဘယ်လိုဥပဒေမျိုးလဲ။”

မူစလင်လူဦးရေ အများစုရှိတဲ့ မောင်တောမြို့နယ်တွင်းက စစ်ဆင်ရေးတွေအတွင်းမှာ လက်နက်မဲ့ အရပ်သားတွေအပေါ် မတရားပြုကျင့်တာ၊ ရပ်ရွာတွေကို မီးရှို့တာ ဥပဒေမဲ့ ဖမ်းဆီးမှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ မစ္စ်ယန်ဟီးလီ အပါအ၀င် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွေက မြန်မာအစိုးရကို မနေ့က ကြေညာချက်ထုတ် တောင်းဆိုခဲ့တာပါ။ မောင်တောမှာရှိတဲ့ လုံခြုံရေးတပ်စခန်းတွေကို အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်ခံရပြီးတဲ့နောက်၊ မြန်မာလုံခြုံရေးတပ်တွေက ဒေသတွင်းမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ သူတို့အနေနဲ့ စစ်ဆင်ရေးတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နေတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ခင်ဖြူထွေး
VOA Burmese News


ရခိုင်ပြည်နယ်မောင်တောဒေသတွင် ဖြစ်ပေါ်နေသောအခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျှက်ရှိ

နေပြည်တော်၊ အောက်တိုဘာ (၂၆)

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပေါ်နေသော သတင်းများနှင့် ပတ်သက်၍ စိစစ်ခဲ့ရာ ၁၄-၁၀-၂၀၁၆ ရက်နေ့ မောင်တောမြို့နယ်၊ ရီဒါးကျေးရွာအတွင်း အမှတ် (၃၅၂) ခြေမြန်တပ်ရင်းမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ကျီးကန်းပြင် ဌာနချုပ်၊ လက်နက်တိုက်မှ လက်နက်များ ယူဆောင်သွားမှု ဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့်ထားရှိသူ ပြင်ဖြူနယ်မြေရဲစခန်း (ပ) ၅၁/၂၀၁၆၊ လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေပုဒ်မ ၂ (၁) က အမှုမှ အောက်ပါ မသင်္ကာ တရားခံ ခေါ်ရီမူလာ (၆၀) နှစ်၊ (ဘ) အဘူဟာရှိန်း ပါ (၆) ဦးအား ဖမ်းဆီးခဲ့ပြီး ချုပ်မိန့်ရီမန် ရယူရန် စီစဉ်ဆောင်ရွက်ကာ ကြိမ်ချောင်း နယ်မြေရဲစခန်းတွင် ချုပ်နှောင်ထားရှိခဲ့ ကြောင်း

(က) ခေါ်ရီမူလာ (၆၀) နှစ် (ဘ) အဘူဟာရှိန်း၊ လယ်လုပ် ရီဒါးကျေးရွာ၊မောင်တောမြို့နယ်
(ခ) ရှားရာဖက်ကူ(၅၅) နှစ် (ဘ) အဘူဟာရှိန်း၊ လယ်လုပ်၊ ရီဒါးကျေးရွာ၊ မောင်တောမြို့နယ်
(ဂ) အဘူအာရှိန်း(၂၂) နှစ် (ဘ) ခေါ်ရီမူလာ၊ လယ်လုပ်၊ ရီဒါးကျေးရွာ၊ မောင်တောမြို့နယ်
(ဃ) ကာမာရူးဒါး(၃၂)နှစ် (ဘ) ခေါ်ရီမူလာ၊ လယ်လုပ်၊ ရီဒါးကျေးရွာ၊ မောင်တောမြို့နယ်
(င) နူရူဟူလာ(၂၄) နှစ် (ဘ) ခေါ်ရီမူလာ၊ လယ်လုပ်၊ ရီဒါးကျေးရွာ၊ မောင်တောမြို့နယ်
(စ) အဘူဖို့စ်(၄၀) နှစ် (ဘ) အဘူအာမတ်၊ လယ်လုပ်၊ ရီဒါးကျေးရွာ၊ မောင်တောမြို့နယ်

၁၆-၁၀-၂၀၁၆ ရက်နေ ၂၀၂၅ အချိန်မှ ၁၇-၁၀-၂၀၁၆ ရက်နေ့ ၀၄၂၅ အချိန်ထိ ကြိမ်ချောင်းနယ်မြေ ရဲစခန်းတွင် ချုပ်နှောင်စစ်ဆေးလျက်ရှိသည့် တရားခံ အဘူအာရှိန်း ပါ (၆) ဦး အနက်မှ ခေါ်ရီမူလာ (၆၀) နှစ် (ဘ) အဘူဟာရှိန်း၊ လယ်လုပ်၊ ရီဒါးကျေးရွာ၊ မောင်တောမြို့နယ် နေသူအား အမှတ် (၃၅၂) ခြေမြန်တပ်ရင်းမှ ဗိုလ်စောသိန်းနှင့် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့စု ( ကြိမ်ချောင်းတာဝန်ခံ) တပ်ကြပ်ကြီး အောင်မင်းတို့သည် ရဲစခန်းအချုပ်မှ ထုတ်ယူစစ်ဆေးခဲ့ပြီး ၁၇-၁၀-၂၀၁၆ ရက်နေ့ ၀၄၃၀ အချိန်တွင် ရဲစခန်း အချုပ်အတွင်းသို့ ပြန်လည်ပို့ဆောင်စဉ် အချုပ်ခန်းဗူးဝအနီးအရောက်တွင် တရားခံ ခေါ်ရီမူလာ သည် တပ်ဖွဲ့ဝင်တစ်ဦး ထံမှ သေနတ်လုယူသဖြင့် ဗိုလ်စောသိန်း၊ တပ်ကြပ်ကြီး အောင်မင်းတို့မှ ဝိုင်းဝန်းထိန်းသိမ်း ခဲ့ကြောင်း၊ ခေါ်ရီမူလာမှာ သတိလစ်မေ့မြောသွား ၍ မောင်တော ပြည်သူ့ဆေး ရုံ သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်စဉ် လောင်းဒုံကျေးရွာ အနီးအရောက် ၁၇-၁၀-၂၀၁၆ ရက်နေ့ ၀၅၂၅ အချိန်ခန့် တွင် သေဆုံးသွားခဲ့သဖြင့် အလောင်းအား မောင်တောပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း ၊ ခေါ်ရီမူလာ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ကြိမ်ချောင်း နယ်မြေ ရဲစခန်း၏ သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၆) ဖြင့် ရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ခေါ်ရီမူလာ၏ သား(၃)ဦးနှင့် ညီဖြစ်သူ တို့အား ပြင်ဖြူနယ်မြေရဲစခန်း (ပ) ၅၁/၂၀၁၆ လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေပုဒ်မ ၂(၁)(က) အရ တရားရုံး၏ ချုပ်မိန့်ရီမန် ရယူ၍ စစ်ဆေးဖော်ထုတ်လျှက် ရှိကြောင်း၊ သို့ဖြစ်ပါ၍ ၁၄-၁၀-၂၀၁၆ ရက်နေ့ မောင်တောမြို့နယ်၊ ရီဒါးကျေးရွာတွင် တပ်မတော် စစ်ကြောင်းများမှ နယ်မြေရှင်းလင်းစဉ် ဖမ်းဆီးရမိသော မသင်္ကာတရားခံ ခေါ်ရီမူလာပါ (၆) ဦးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဥပဒေနှင့် အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.