10/30/16


အီတလီအလယ်ပိုင်း အင်အားပြင်းငလျှင်လှုပ်ခတ်
အီတလီအလယ်ပိုင်း အင်အားပြင်းငလျှင်လှုပ်ခတ်
အီတလီနိုင်ငံမှာ ဒီကနေ့မနက်ပိုင်းက အားပြင်းတဲ့ ငလျင်တခု ထပ်လှုပ်ပါတယ်။ ဒါဟာဖြင့် လူအသေအပျောက်များတဲ့ ငလျင်တခု ပြီးခဲ့တဲ့သြဂုတ်လမှာ လှုပ်ပြီးကတည်းကဆိုရင် နောက်ထပ်လှုပ်တဲ့ငလျင်တွေထဲက တခုပါ။

ပြင်းအား ၆.၆ ရှိတဲ့ ငလျင်ကြောင့် အီတလီနိုင်ငံ အလယ်ပိုင်းက နေရာအများအပြားမှာ အဆောက်အဦးတွေ ပြိုကျကုန်တယ်လို့ အရပ်ဘက် ကာကွယ်ရေးဌာနက ပြောပါတယ်။ အနည်းအကျဉ်း ဒဏ်ရာရကြတာတွေရှိတယ်ဆိုတဲ့ သတင်းတွေတော့ ထွက်ထား ပါတယ်။ Norcia မြို့နဲ့ ခြောက်ကီလိုမီတာအကွာ မြေတိမ်ပိုင်းမှာ ဗဟိုပြုပြီးလှုပ်သွားတဲ့ ငလျင်ကို ၁၁၇ ကီလိုမီတာအဝေးမှာရှိတဲ့ ရောမမြို့မှာလည်း သိလိုက်ကြပါတယ်။ Norica မြို့နဲ့ တောင်ခြားနေတဲ့ Umbrian အရပ်က ၁၄ ရာစုနှစ်ဘုရားကျောင်း St. Benedict ဟာ ငလျင်ဒဏ်ကြောင့် ပြိုကျသွားပြီး ကျောင်းရဲ့မျက်နှာစာပဲ ကျန်ပါတော့တယ်။ အပျက်အစီးပုံတွေရှေ့မှာပဲ ဘုရား ကျောင်းက ဘုန်းတော်ကြီးတွေ ၀တ်ပြု ဆုတောင်းကြပါတယ်။

ဒီမနက်လှုပ်တဲ့ငလျင်ကြောင့် အရင်က မပြိုဘဲကျန်နေသေးတဲ့ အဆောက်အဦးတချို့ပါ ပြိုကျသွးတာကြောင့် ဘာမှမရှိတဲ့အဆင့် ကနေ ပြန်တည်ဆောက်ရပါတော့မယ်လို့ Arquata del Tronto မြို့ရဲ့ ဒုတိယမြို့တော်ဝန် Michele Franchi က Rai ရုပ်သံ သတင်းဌာနကို ပြောပါတယ်။
VOA Burmese News


 တောင်ကိုရီးယားသမ္မတ Park Geun-hye က သူ့အစိုးရအဖွဲ့ရဲ့ ထိပ်တန်းတာဝန်ရှိ သူအများအပြား နှုတ်ထွက်စာတင်ထားတာကို ဒီကနေ့ လက်ခံ
တောင်ကိုရီးယားသမ္မတ Park Geun-hye က သူ့အစိုးရအဖွဲ့ရဲ့ ထိပ်တန်းတာဝန်ရှိ သူအများအပြား နှုတ်ထွက်စာတင်ထားတာကို ဒီကနေ့ လက်ခံ

နိုင်ငံရေးအရှုပ်တော်ပုံတခုနဲ့ ရင်ဆိုင်နေရတဲ့ တောင်ကိုရီးယားသမ္မတ Park Geun-hye က သူ့အစိုးရအဖွဲ့ရဲ့ ထိပ်တန်းတာဝန်ရှိ သူအများအပြား နှုတ်ထွက်စာတင်ထားတာကို ဒီကနေ့ လက်ခံလိုက်ပါတယ်။

သမ္မတရဲ့ အမှုဆောင် အရာရှိချုပ်၊ မူဝါဒ ညှိနှိုင်းဆောင်ရွက်ရေး၊ နိုင်ငံရေးဆိုင်ရာဌာန၊ အရပ်ဘက်ရေးရာဌာနနဲ့ လူထုဆက်ဆံ ရေးဌာနတွေက အကြီးတန်း အတွင်းဝန်တွေရဲ့ နှုတ်ထွက်လွှာတွေကို သမ္မတ Park Geun-hye က လက်ခံလိုက်ပြီလို့ သမ္မတရုံး ပြောခွင့်ရတဦးက ပြောပါတယ်။

သမ္မတ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအရှုပ်တော်ပုံမှာ အဓိကပတ်သက်နေတဲ့ အမျိုးသမီးဟာလည်း ဒီကနေ့မှာပဲ ဂျာမနီကနေ တောင်ကိုရီးယားကို ပြန်သွားပါပြီ။

Choi Soon-sil ဟာ ဒီကနေ့မနက်အစောပိုင်းက ဆိုးလ်မြို့တော်ကို ပြန်ရောက်လာပြီး စုံစမ်းစစ်ဆေးမှုမှာ စိတ်လိုလက်ရ ပါဝင်မှာ ဖြစ်ပြီးတော့ အချက်အလက်တွေနဲ့အညီ ထွက်ဆိုမှာဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေကပြောပါတယ်။

အရေးကြီးတဲ့ နိုင်ငံ့ရေးရာကိစ္စတွေမှာ သမ္မတ Park Geun-hye က Choi ကို ၀င်စွက်ဖက်ခွင့်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာပါ။
VOA Burmese News



ပြင်ဦးလွင် - မန္တလေးလမ်းသစ်စီမံကိန်းကို တွေ့ရစဉ်။ Photo: Hset Paing Toe/ RFA
ပြီးခဲ့တဲ့ အစိုးရလက်ထက်က လုပ်ပိုင်ခွင့်ပြုပေးခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက စီမံကိန်း ၃ ခု ဟာ ပြန်လည်စိစစ်ဖို့ လိုအပ်တာကြောင့် ယာယီဆိုင်းငံ့ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားလိုက်ပါတယ်။

ပြင်ဦးလွင်-မန္တလေးလမ်းသစ် စီမံကိန်း၊ ဧရာဝတီမြစ်နဲ့ ဒုဌာဝတီမြစ်ဆုံရာမှာ တည်ဆောက်မယ့် စက်သုံးဆီ သိုလှောင်ရုံ စီမံကိန်း နဲ့ တောင်သမန်သစ္စာစီမံကိန်းတွေကို ဆိုင်းငံ့ခိုင်းထားတာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် က ပြောပါတယ်။

"နံပါတ် ၁ စီမံကိန်းကတော့ ပြင်ဦးလွင် - မန္တလေး ဖြတ်လမ်းဆိုပြီးတော့ ပုသိမ်ကြီးဘက်ကနေ ဖြတ်ပြီး ဆောက် နေတာ ရှိပါတယ်၊ နောက်တစ်ခု ကတော့ ဧရာဝတီနဲ့ ဒုဌာဝတီမြစ်ဆုံတဲ့နေရာမှာ ဆီသိုလှောင် ကန်တွေရယ်၊ ဆိပ်ကမ်းရယ် တည်ဆောက်မယ့် လုပ်ငန်းပါ၊ နောက်တစ်ခု ဆိုင်းငံ့တာကတော့ တောင်သမန်သစ္စာပါ၊ ဒီတောင်သမန်အင်းထဲမှာ ဧက ၁၀၀ နီးပါးထဲမှာ သူက Mini City လိုမျိုးလောက် အိမ်ရာပေါ့။ " လို့ ပြောတာဖြစ်ပါတယ်။

ပြင်ဦးလွင်-မန္တလေးလမ်းသစ်စီမံကိန်းဟာ သစ်တောကြိုးဝိုင်း ၂ ခုကို ဖြတ်ပြီး တည်ဆောက်ရမှာ ဖြစ်တာ ကြောင့် သစ်ပင်ပေါင်း ၇ သောင်းကျော်ကို ခုတ်လှဲပစ်ရမှာ ဖြစ်တဲ့အတွက် သစ်တော ၀န်ကြီးဌာနက ဆိုင်းငံ့ခိုင်းထားသလို ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီးကလည်း အဲဒီလမ်းဟာ ၀န်ကြီး ဌာနက အသိအမှတ်မပြုတဲ့လမ်းဖြစ်တယ်လို့ ပြောထားကြောင်းလည်း ဦးဇာနည်အောင် က ပြောပါတယ်။

ဧရာဝတီမြစ်နဲ့ ဒုဌာဝတီမြစ်ဆုံရာမှာ တည်ဆောက်မယ့် စက်သုံးဆီသိုလှောင်ရုံ စီမံကိန်းကိုလည်း အင်ဂျင်နီယာ ပိုင်းဆိုင်ရာအရ လုံခြုံမှုရှိ/မရှိ နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ထားတာ ရှိ/မရှိ တွေကို စိစစ်နေတာကြောင့် ဆိုင်းငံ့ခိုင်းထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် တောင်သမန်ကျေးရွာအနီးမှာ တည်ဆောက်မယ့် တောင်သမန်သစ္စာ စီမံကိန်းဟာ တည်ဆောက်မယ့် ပုံစံတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု စနစ်တွေ စနစ်တကျ ရှိမနေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ပြင်ဦးလွင်-မန္တလေးလမ်းသစ်စီမံကိန်းကို Axion ကုမ္ပဏီ၊ စက်သုံးဆီသိုလှောင်ရုံ စီမံကိန်းကို အများပိုင် စက်သုံးဆီဖွံ့ဖြိုးရေး ကုမ္ပဏီနဲ့ တောင်သမန်သစ္စာ စီမံကိန်းကို တောင်သမန်သစ္စာ ကုမ္ပဏီတို့က လုပ်ပိုင်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။

အစိုးရအကူးအပြောင်းကာလဖြစ်တဲ့ ပြီးခဲ့တဲ့ မတ်လမှာ အရင်အစိုးရက လုပ်ပိုင်ခွင့်ချပေးလိုက်တဲ့ စီမံကိန်း လုပ်ငန်းတွေကို မန္တလေးတိုင်းအစိုးရအဖွဲ့ က ပြန်လည်စိစစ်နေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


ဒီနေ့ တနင်္ဂနွေနေ့မှာ လှုပ်ခတ်တဲ့ ငလျင်ဟာ ပြင်းအား ၆.၆ ရှိပြီး ငလျင်ကြောင့် အဆောက်အအုံတွေ အများအပြား ပြိုကျပျက်စီးခဲ့တယ်လို့ အီတလီ အရေးပေါ်ကယ်ဆယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။

ငလျင်ဟာ ဒေသစံတော်ချိန် မနက် ၇:၄၀ မှာ နော်ချာမြို့အနီး လှုပ်ခတ်ခဲ့တာဖြစ်ပြီး လူတွေ ထိခိုက်သေကြေမှု ရှိမရှိ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အခု လှုပ်တဲ့ ငလျင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လက လှုပ်ခဲ့တဲ့တဲ့ ငလျင်ထက် ကြီးပြီး သြဂုတ်လမှာတုန်းကတော့ လူ ၃၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

ငလျင်ရဲ့ အရှိန်ကို ရောမ မြို့တော်ကနေပါ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

bbc


အောက်တိုဘာလ ၃၁ ရက်နေ့ဟာ ဟောလိုဝင်းနေ့ ဖြစ်ပါတယ်။ ဟောလိုးဝင်းနေ့နဲ့ ပတ်သတ်ပြီး အနောက်နိုင်ငံတွေမှာ ထိတ်လန့်စရာ ဇာတ်လမ်းပုံပြင်တွေ များစွာ ရှိပြီးသားပါ။

ဒါပေမယ့် ဟောလိုဝင်းနေ့ ပွဲတော်အကြောင်း လူသိနည်းတဲ့ အချက် (၅) ချက် ရှိနေပါတယ်။

၁။ အိုင်ယာလန်က စတင်

ရှေးဟောင်းဆဲလ်တစ် လူမျိုးတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်ကစပြီး ဒီလိုနေ့မှာ ဒီလိုပွဲတော်မျိုး စတင်ခဲ့တာပါ။ အဲဒီတုန်းကတော့ Samhain လို့ အမည်ပေးခဲ့ပါတယ်။ အမေရိကကို ရောက်လာတဲ့ အိုင်ယာလန် လူမျိုးတွေက ဒီပွဲတော်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ရာကတဆင့် ပိုပြီး လူသိလာခဲ့တာ ဖြစ်ပါတယ်။

၂။ မက္ကဆီကို ရိုးရာပွဲတော်

မက္ကဆီကိုမှာတော့ ဒီကာလကို ဟောလိုဝင်း ပွဲတော်နေ့လို့ မသတ်မှတ်ကြပါဘူး။ ဒါပေမယ့် အောက်တိုဘာ ၃၁ ရက်နေ့ကနေ နိုဝင်ဘာ ၂ ရက်လောက်အထိ ဒီလိုသရဲပွဲတော်ကို မက္ကဆီကိုမှာ ကျင်းပကြပါတယ်။ သေမင်းရဲ့နေ့ (Day of The Death ) လို့ ခေါ်ပါတယ်။ မက္ကဆီကိုမှာတော့ နိုဝင်ဘာ ၂ ရက်နေ့မှာ သေဆုံးသွားတဲ့ လူတွေကို အောက်မေ့သတိရကြပါတယ်။

၃။ အချိန်အပိုင်းအခြား

ဟောလိုဝင်းကာလကို အကြမ်းဖျဉ်း သုံးရက် ပိုင်းခြားထားပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့ကနေ နိုဝင်ဘာ ၂ ရက်နေ့အထိ ဖြစ်ပါတယ်။ ဟောလိုဝင်း အကြိုကာလ၊ ဝိညာဉ်ပွဲတော်နေ့နဲ့ သူတော်စင်နေ့ ဆိုပြီး ပိုင်းခြားထားပါတယ်။ ဒီလိုနေ့မှာ နိုင်ငံ့သူရဲကောင်းတွေ၊ ချစ်ရတဲ့သူတွေ သူတော်စင်တွေ သေဆုံးတာကို အမှတ်ရကြရပါတယ်။

၎။ မျက်နှာဖုံး ဝတ်ရခြင်း အကြောင်းရင်း

ဒီနေ့ခေတ်မှာ ဟောလိုဝင်း ပါတီပွဲတွေကို လူငယ်တွေက မျက်နှာဖုံးတွေတပ်၊ မျက်နှာဆေးခြယ်ပြီး တက်ရောက်ကြရပါတယ်။ ဒီလိုနေ့မျိုးမှာ မျက်နှာဖုံးတွေ တပ်ထားခြင်းအားဖြင့် သရဲတွေ၊ ဝိညာဉ်တွေကို မမှတ်မိအောင် ပြုလုပ်ထားတာလို့ အယူရှိပါတယ်။ ဒီလိုနေ့မျိုးမှာ ဟောလိုဝင်း ဝတ်စုံတွေအတွက် အမေရိက တစ်နိုင်ငံတည်း သုံးစွဲမှုဟာ လူကြီးတွေအတွက် ကန်ဒေါ်လာ ၂.၆ ဘီလျံရှိပြီး ကလေးတွေအတွက် ၁ ဘီလျံလောက် ရှိပါတယ်။

၅။ ပျော်စရာသက်သက် မဟုတ်

သေဆုံးပြီးသား လူတွေရဲ့ ဝိညာဉ် နောက်တစ်နေရာကို ကူးပြောင်းသွားတဲ့ အချိန်ဟာ ဒီအချိန်ဖြစ်တယ်လို့ ရှေးဟောင်း အိုင်ယာလန်လူမျိုးတွေ မှတ်ယူခဲ့ကြတာပါ။ ဒီပွဲတော်ဟာ ပျော်စရာသက်သက် လုပ်ထားတဲ့ ပွဲတော်မဟုတ်ပါဘူး။ ကွယ်လွန်သူတွေရဲ့ ဝိညာဉ်တွေအတွက် စိုးရိမ်ပူပန်ပေးတဲ့ ပွဲတော်ဖြစ်ပါတယ်။

Ref : coca-cola.uk

============

The Voice

http://thevoicemyanmar.com/relax/3159-hlw



အစ္စတန်ဘူလ်မြို့ ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
  ဝါရှင်တန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

    တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံး မှ ဝန်ထမ်းများ၏ မိသားစုဝင်များအား လုံခြုံရေးအရ အစ္စတန်ဘူလ်မြို့မှ ထွက်ခွာရန် အမေရိကန်နိုင်ငံက အောက်တိုဘာ ၂၉ ရက်တွင် ညွှန်ကြားခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ အစ္စတန်ဘူလ်မြို့ နှင့် အနီးတစ်ဝိုက်ဒေသရှိ အမေရိကန်နိုင်ငံသားများ အပေါ် အကြမ်းဖက်အုပ်စုများ၏ ခြိမ်းခြောက်မှုများ များပြားလာသည်ကို အခြေခံ၍ ယခုလို ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးအား ဝန်ထမ်းအင်အား အပြည့်ဖြင့် ဆက်လက်ဖွင့်လှစ်ထားကြောင်း သိရသည်။

အစ္စတန်ဘူလ်မြို့မှ ထွက်ခွာမိန့်သည် ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများအတွက်သာဖြစ်ပြီး တူရကီနိုင်ငံရှိ အခြားသော အမေရိကန်သံတမန်အဖွဲ့အစည်းများ အတွက် အကျုံးမဝင်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


ကျောင်းကုန်း၊ အောက်တိုဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မိုးမခ ကျေးရွာ အုပ်စု၊ ကန်ဒေါင့် အခြေခံပညာ မူလတန်း လွန်ကျောင်း နောက်ဘက် ရိုးချောင်းအနီး စပါးအုံး မြွေကြီး တစ်ကောင်ကို အောက်တိုဘာ ၃၀ ရက်နေ့ နံနက် ၁၀း၃၀ နာရီအချိန်ခန့် ဖမ်းဆီးရမိခဲ့သည်။

ယနေ့ တနင်္ဂနွေနေ့တွင် ဓမ္မစကူးလ်သင်တန်း ဖွင့်လှစ်သင်ကြားနေသော ကန်ဒေါင့် အ.မ.က မူလွန်ကျောင်းမှ အထွေထွေ လုပ်သားဦးဝင်းရွှေ သည် ရိုးချောင်းမှ လယ်ကွင်း ဘက်သို့တက်လာသော စပါးအုံးမြွေကြီး ကိုမြင်တွေ့ ခဲ့ပြီး ရွာသားများနှင့်ဝိုင်းဝန်း ရိုက် သဖြင့် သစ်ပင်ပေါ်တက်ပြေးရာ သစ်ကိုင်း အား ဓားဖြင့်ခုတ်ပြီး ဝိုင်းဝန်း ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

မူလွန်ကျောင်းအုပ် ဆရာကြီး ဦးလှထွန်းမှ ကျောင်းကုန်းမြို့ အမှတ် ၁ ရပ်ကွက်နေ ဦးဝင်းထိုက်အား ဆက်သွယ် အကြောင်းကြားသဖြင့် ဦးဝင်းထိုက် မှ ကျောင်းကုန်းမြို့ နယ် ပြန်/ဆက်ဦးစီးဌာနမှ ဓာတ်ပုံ ကျွမ်းကျင်(၂) ဦးဝင်းကြိုင် အား ဖုန်းဖြင့် ဆက်သွယ် လာ သဖြင့် သစ်တောဦိးစီး ဌာန တော အုပ် ဦးကျော်ကျော်ဝင်း ထံဆက်သွယ်၍ အပ်နှံ လိုက် ကြောင်းနှင့် ရေကြည်မြို့ နယ်ရှိ ဦးစီးအရာရှိထံ ဆက်သွယ်၍ အနောက်ရိုးမ တောထဲသို့ ပို့ဆောင်ပေး မည်ဟု ဦးကျော်ကျော်ဝင်း က ပြောသည်။ အဆိုပါ စပါးအုံး မြွေကြီးသည် အရှည် ၇ တောင့်ထွာ၊ လုံးပတ် ၁၃ လက်မခွဲ နှင့် အလေးချိန် ၁၂ ပိဿာ ၅၀ သားရှိကြောင်း ဒေသခံ တစ်ဦးကပြောသည်။

ကျောင်းကုန်း (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/


ဓါတ်ပုံ - ငွေကျပ်သိန်း ၇ သောင်းနီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်တွင် အောက်တိုဘာလ ၂၉ ရက်နေ့က ဖမ်းဆီးရမိစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်မှာ ငွေကျပ်သိန်း ၇ သောင်းနီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ကွမ်းလုံကြိုးတံတားအနီးမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ သယ်ဆောင်လာသူ အမျိုးသား ၂ ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ကွမ်းလုံမြို့မ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း ဒုတိယ ရဲမှူးကြီး ဦးအောင်မြတ်မိုး က အတည်ပြု ပြောပါတယ်။

ဘိန်းဖြူမှုန့် ၂၉၈.၈ ကီလိုနဲ့ ဘိန်းညိုမှုန့် ၂၀၀ ကီလို ကို ပီနံအိတ် ၃၃ အိတ်နဲ့ ထုတ်ပိုးပြီး သယ်ယူလာတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကွမ်းလုံမြို့နယ် နားသီးကျေးရွာကနေ လောက်ကိုင်ဘက်ကို သယ်ယူဖို့ဖြစ်တယ်လို့ စစ်ဆေးချက် တွေအရ သိထားရပြီး လက်ရှိမှာတော့ သယ်ဆောင်လာသူတွေကို မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုတွေနဲ့ အမှုဖွင့်ထားပါတယ်။

RFA


ယခင်ခေတ်ကဘောလုံးပွဲများနှင့် ယခုခေတ်ဘောလုံးပွဲများကိုနှိုင်းယှဉ်ကြည့်သောအခါ အဓိက ကွာခြားချက်မှာ ဘောလုံးသမားများ၏ရွေ့ လျှားပုံအမြန်နှုန်း ( Speed ) ကွာခြားတာကိုသတိထားမိလေသည် ။ ယခင်ကခပ်ဖြည်းဖြည်းကစားကြသော်လည်း ယခုခေတ် ပရီးမီးယားလိဂ် ၊ စီးရီးအေ ၊ လာလီဂါ ၊ဘွန်ဒက်စ်လီဂါ ၊ချန်ပီယံလိဂ် ဘောလုံးပွဲများတွင် သိသာနိုင်သည် ။ယခင်ခေတ်က ဘောလုံးကစားဟန်နှင့်ယခုခေတ်ဘောလုံးကစားဟန်မတူတော့ ။ လျှင်မြန်မှုကိုအဓိကထားပြီးမြန်နှုန်းမြှင့်ကစားကွက်များဖြင့် လှုပ်ရှားလာကြသည် ။ ထိုအခါ အမောခံနိုင်ဖို့ လိုသည် ။သက်လုံကောင်းဖို့ လိုသည် ။ ကျွမ်းကျင်မှုလိုလာသည် ။ တွန်းတွန်းတိုက်တိုက်ကစားနိုင်ဖို့လိုလာသည် ။ အားကစားတွင်သာမက အခြားနယ်ပါယ်များမှာလည်း လျှင်မြန်သွက်လက်မှုကိုဦးစားပေးလာကြသည် ။လှေခေတ် ၊လှည်းခေတ် ၊ မြင်းခေတ် ၊နွားခေတ်မှ လပေါ်ကိုလူရောက်သည့်ခေတ် ၊ အင်္ဂါဂြိုဟ်ပေါ်အာကာသယာဉ်တွေ လွှတ်သည့်ခေတ် ၊ ကမ္ဘာတစ်ခြမ်းက အားကစားပွဲတစ်ခုကို အခြားကမ္ဘာတစ်ခြမ်းမှထိုင်ရာမထိ တိုက်ရိုက်ကြည့်နိုင်သည့် ခေတ် ၊အင်တာနက်ခေတ် ၊ ဖေ.စ်ဘွတ်ခေတ် ၊ အိုင်တီခေတ်သို့ ရောက်လာသည် ။ ခေတ်ကအမြန်နှုန်းဖြင့်ရွေ့ လျားနေသည်ဖြစ်ရာ ကိုယ်က လှည်းခေတ်လှေခေတ်လိုဇိမ်ဆွဲလုပ်နေ၍မရတော့ ။ ခေတ်နောက်ကို မီအောင်လိုက်နိုင်သူများသာအသက်ရှင်ကျန်ရစ်နိုင်မည့်ခေတ်သို့ ရောက်နေပြီဖြစ်သည် ။ ဆက်သွယ်ရေးစနစ်များကြောင့်အရာရာသည် အလွယ်တကူသိနိုင်မြင်နိုင်သည့်ခေတ်သို့ ရောက်နေပြီဖြစ်သည် ။ ညောင်ဦးကမ်းပါးပြိုတာကို စမ္ဖာနဂိုက နွားကျောင်းနေသူက ချက်ခြင်းသိနိုင်သောခေတ်ဖြစ်နေပေပြီ ။ စမ္ဖာနဂိုကနွားမပေါင်ကျိုးတာကိုလည်း ညောင်ဦး မှလူကချက်ချင်းသိနိုင်လေပြီ ။ဘယ်အရာမှ လျှို့ ဝှက်၍မရတော့ ၊ ဘယ်အရာမှနှောင့်နှေးကြန့်ကြာ၍မရတော့ ။

ထိုသို့သော ခေတ်ကြီးထဲတွင် အစိုးရတက်လုပ်ရသည်မှာလွယ်တော့မလွယ် ။အရာရာကမြန်ဆန်နေသဖြင့် အစိုးရဘက်က တုန့် နှေးနေလျှင် တိုင်းသူပြည်သားတွေကချက်ခြင်းသိသည် ။ ကျွန်တော်တို့ လူငယ်ဘ၀ (မဆလ ခေတ်က ) ဂျိန်းစ်ဘွန်းရုပ်ရှင်ကားတစ်ကား ရုံတင်ချိန်သည် မူရင်းဇာတ်ကား အမေရိကတွင်ပြသပြီး တစ်နှစ်ကျော်နှစ်နှစ်ခန့်ကြာမှကြည့်ရသည် ။ဒါကိုအဟုတ်ကြီးမှတ်ကြရသည် ။ ယခုခေတ်တွင် အမေရိက တွင် ၊ စင်္ကာပူတွင် ယနေ့ပြသောဇာတ်ကား မနက်ဖြန်တွင်ရန်ကုန် ရုပ်ရှင်ရုံတွေ၌ ကြည့်နိုင်ပေပြီ ။ သာမန် 2D ရုပ်ရှင်သာမက 3D ရုပ်ရှင်များပါအချိန်နှင့်တပြေးညီ ရောက်လာပေပြီ ။ ဆိုလိုသည်က အိုင်တီခေတ်တွင် နည်းပညာကြောင့် အကွာအဝေးတွေ နည်းနိုင်သမျှနည်းသွားခဲ့ပြီဖြစ်သည်။အချိန်တွေကိုချုံ့ နိုင်သလောက်ချုံ့ နိုင်ခဲ့ပြီဖြစ်သည် ။ကမ္ဘာပါတ်လည်ရက်ရှစ်ဆယ်ဆိုတာ သည် ဒဏ္ဍာရီပုံပြင်ထဲမှာကျန်ခဲ့ပြီ ကမ္ဘာကိုလေယာဉ်ဖြင့်ပါတ်လျှင် ၃၆ နာရီ အတွင်းတစ်ပါတ်ပါတ်နိုင်လေပြီ ။ အရာရာသည် မြန်နှုန်းမြင့်ရွေ့ လျှားနေနိုင်ပြီဖြစ်သည် ။ ကမ္ဘာပေါ်ရှိအစိုးရများသည် ထိုမြန်နှုန်းအတိုင်း အုပ်ချုပ်ရေးယန္တယားကိုလိုက်ပါ ရွေ့ လျေားစေပြီဖြစ်သည် ။ မိမိတိုင်းပြည်တွင်ဖြစ်ပျက်သမျှကိုအချိန်နှင့် အမျှချက်ခြင်းအရေးယူတုန့် ပြန်ကြသည် ။ သတင်းထုတ်ပြန်ချက်တွေချက်ခြင်းလုပ်သည် ။သတင်းစာရှင်းလင်းပွဲတွေ ချက်ခြင်းလုပ်သည် ။ ပုံမှန်သတင်းစာရှင်းလင်းပွဲအပြင် အရေးပေါ်သတင်းစာရှင်းလင်းပွဲတွေလုပ်သည် ။ ပြည်သူတွေ၏အသံကိုနားထောင်သည် ။ချက်ချင်းတုန့် ပြန်ဆောင်ရွက်သည် ။ ပြည်သူ့အသံကိုအလေးထားသည် ။ မီဒီယာ၏တန်ဖိုးကိုသိသည် ။မြန်မာနိုင်ငံမှာတော့ထိုသို့ မဟုတ် ။ အစိုးရရောအတိုက်အခံရော မီဒီယာကိုရန်သူလိုမြင်သည် ။မလေးမစားဆက်ဆံသည် ။မီဒီယာ၏တန်ဖိုးကိုနားမလည် ။ သတင်းထုတ်ပြန်မှုကိုအလေးအနက်မထားကြပေ။

NLD အစိုးရတက်လာသောအခါ ယခင်လူဟောင်းများထက်ပိုမိုမြင့်မားသော စွမ်းဆောင်ရည်ကိုလူထုကမျှော်လင့်ကြသည် ။သမ္မတကြီး ၊ ပြည်ထောင်စုဝန်ကြီးများ ၊ ပြည်နယ်အစိုးရ တိုင်းဒေသကြီးအစိုးရ၀န်ကြီးများ ၊ ၀န်ကြီးချုပ်များ၏ စွမ်းဆောင်ရည်ကို “ပြောင်းလဲချိန်တန်ပြီ “ ဆိုသောဆောင်ပုဒ်နှင့်အညီ အရင်လူဟောင်းများထက်ပိုမိုမြင့်မားသော ရွေ့ လျှားနှုန်းဖြင့် ရွေ့ လျှားနိုင်လိမ့်မည်ဟု ယူဆခဲ့ကြသည် ။သို့ သော်လက်တွေ့ တွင်အားမရစရာများကိုတွေ့ ရသည် ။
အဓိကအချက်မှာ အစိုးရအသစ်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ်မီခိုမှု လိုအပ်တာထက်များနေခြင်းဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်၏ညွှန်ကြားချက်ကိုစောင့်၍အလုပ်လုပ်နေကြပြီး ၀န်ကြီးများနှင့်ဝန်ကြီးချုပ်များသည် မိမိသဘောနှင့်မိမိရဲရဲဝံ့ဝံ့လုပ်ကိုင်ဆောင်ရွက်ကြခြင်းမရှိတာကို ကိစ္စအတော်များများတွင်တွေ့ ရသည် ။ ဆိုလိုရင်းမှာ ၀န်ကြီးအတော်များများသည် မှားမှာကြောက်နေသကဲ့သို့ ရှိကာ ကြီးမားသောပြုပြင်ပြောင်းလဲရေးတွင်ဘာမှအရှိန်အဟုန်မြှင့် မဆောင်ရွက်ကြပဲ ယခင်အစိုးရ ၊ယခင်ဝန်ကြီးများသွားသောလမ်းကြောင်းကိုသာမှိန်းလိုက်နေကြပေသည် ။ ၀န်ကြီးချုပ်များသည် ကိစ္စတစ်ခုကိုရဲရဲဝံ့ဝံ့မဆောင်ရွက်ကြပဲ တစ်ခုပြောလိုက် ၊နောက်တစ်ခါပြန်ဖျက်လိုက်နှင့်လုံးခြာလည်နေကြသည် ။ ဥပမာ ရန်ကုန်တိုင်းဒေသကြီးတွင် KTV များ စာသောက်ဆိုင်များ၊အရက်ဆိုင်များ ည ၁၁ နာ၇ီနောက်ဆုံးထား၍ပိတ်ရမည်ဟူသောအမိန့် ထွက်လာ၏ ။နောက်တော့မဟုတ်တော့ဘူးဖြစ်သွားသည် ။ ရန်ကုန်မြို့တွင် ကွမ်းမစားရ ၊ကွမ်းမရောင်းရဟူသော တားမြစ်ချက်ကောလဟများထွက်လာသည် ။နောက်တော့မဟုတ်တော့ဘူးဖြစ်သွားသည် ။ ရန်ကုန်မြို့တွင်အထပ်မြင့်တိုက်များဆောက်လုပ်ခွင့်ကို တားမြစ်သည့်အမိန့် ထွက်လာသည် ။ အချို့ အဆောက်အအုံများ ဆောက်လက်စ ရပ်တန့် ထားစေသည် ။နောက်တော့မဟုတ်တော့ဘူးဖြစ်သွားသည် ။ မော်တောယာဉ်တင်သွင်းသည့်မူဝါဒများလည်း အမျိုးမျိုးပြောင်းနေသည် ။အခုဟုတ်သည်ပြောသောကိစ္စသည် နောက်နေ့ တွင် ဟုတ်ချင်မှဟုတ်တော့သည် ။ မန္တလေးတွင်လုပ်စရာကိစ္စများစွာ၊ဖြေရှင်းစရာပြသနာပေါင်းသောင်းခြောက်ထောင်ရှိသည့်ကြားမှ လှေသဘင်ပွဲတော်ကို ကျုံးရေပြင်ဝယ်ကျင်းပသဖြင့် မချင့်မရဲဖြစ်ကြရသည် ။ ၀န်ကြီးချုပ်သည် ယခင် စစ်အစိုးရလူကြီးများခင်းခဲ့သောလမ်းအတိုင်းဘာကြောင့်လုပ်နေသနည်း ။ ထိုလှေသဘင်ပွဲအတွက်ကုန်ကျမည့်ငွေများကိုအခြားကိစ္စများတွင် အသုံးပြု၍မရသလော စသည်ဖြင့်မေးခွန်းထုတ်ကြသည် ။

မကြာမီရက်ပိုင်းကမောင်တောခရိုင်တွင် ဘင်္ဂလီအကြမ်းဖက်မှုကိစ္စ ၊ချင်းတွင်းမြစ်ထဲတွင် မော်တော်မြုပ်သည့်ကိစ္စများ တပြိုင်နက်လိုလိုဖြစ်ပွားခဲ့သည် ။ ဘင်္ဂလီကိစ္စသည် အထိအခိုက်မခံနိုင်သောကိစ္စ ၊ NLDလက်အောက်တွင်ရှိမနေသော ကာကွယ်ရေး၊ပြည်ထဲရေး။နယ်စပ်ရေးရာဝန်ကြီးဌာနများပါဝင်နေသဖြင့် ကိုင်တွယ်ပုံကို ပြည်သူတွေကမဝေဖန်လို ။ သို့ သော် ချင်းတွင်းမြစ်ထဲတွင်မော်တော်မှောက်၍ လူတွေသေကြကြေကြသော ကိစ္စကိုတော့ NLD အစိုးရ၏လုပ်ပိုင်ခွင့်ထဲတွင်ရှိသည် ။ နံပါတ် (၁) အနေဖြင့်သတင်းထုတ်ပြန်မှုအပိုင်း ၊ နံပါတ်(၂) အနေဖြင့် ၀မ်းနည်းကြောင်းကြေငြာသည့်အပိုင်း ၊ နံပါတ်သုံးအနေဖြင့် ကုညီကယ်ဆယ်ရေးအပိုင်းများတွင် အစိုးရသစ်ကို စာမေးပွဲစစ်မည်ဖြစ်သည် ။ သတင်းထုတ်ပြန်မှုအပိုင်းကား အားရစရာလုံးဝမရှိ ။ အောင်စိုးမိုးကျော် အမြန်ရေယာဉ်တိမ်းမှောက်မှုကြောင့် လူမှုကွန်ယက် ဖေ.ဘွတ်စာမျက်နှာများတွင်သတင်းများပလူပျံအောင်တက်လာသော်လည်း နိုင်ငံပိုင်သတင်းဌာနများတွင်ထိုသတင်းကို အရေးတယူထုတ်ပြန်မှုနှေးကွေးလှသည် ။ ပို၍ဆိုးသည်ကား ထိုဖြစ်ရပ်ကို ကြေးမုံသတင်းစာက သတင်းထုတ်ပြန်ရာတွင် အောင်စိုးမိုးကျော်ရေယာဉ်နစ်မြုပ်မှုသတင်း၌ မေလ ၂၆ ရက်နေ့ကနစ်မြုပ်ခဲ့သော ကုန်တင်မော်တော်ပုံအားလွဲမှားဖော်ပြခဲ့ခြင်းဖြစ်သည် ။ ထိုလုပ်ရပ်သည် မော်တော်မှောက်၍သေသွားသူများကိုရော ၊ ကျန်ရစ်သူ မိသားစုကိုရော ၊ ကူညီကယ်ဆယ်ပေးနေသည့် ပြည်သူလူထုကိုရော စော်ကားလိုက်သောလုပ်ရပ်ဖြစ်သည် ။ အလုပ်ကိုအလုပ်နှင့်တူအောင်မလုပ်ပဲပေါ့ပေါ့ဆဆ ဖြစ်ကတတ်ဆန်းလုပ်တတ်သောအလေ့အထများကို ဆက်လက်စွဲကိုင်ကျင့်သုံးနေခြင်း၏ ပြယုတ်လည်းဖြစ်ပါပေသည် ။ နောက်တစ်ခုမှာ ၀မ်းနည်းကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုမှု နှောင့်နှေးခြင်းဖြစ်သည် ။ အောင်စိုးမိုးကျော်ရေယာဉ် ချင်းတွင်းမြစ်အတွင်းနစ်မြုပ်သည်မှာ ၂၀၁၆ အောက်တိုဘာ ၁၄ ရက် ည ဆယ်နာရီဖြစ်သည် ။ အခင်းဖြစ်ပြီးနောက်တစ်နေ့တွင် ဖြစ်စဉ်မှာ မြန်မာတပြည်လုံးဟိုးဟိုးကျော်နေပါပြီ ။ထိုအချိန်အထိ ပို့ ဆောင်ရေးဝန်ကြီးကသော်လည်းကောင်း ၊ ကျောင်းဆရာ ဆရာမများ အများစု ရေနစ်သေဆုံးခဲ့သဖြင့် ပညာရေးဌာန ၀န်ကြီးကသော်လည်းကောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးကလည်းကောင်း တရားဝင်ဝမ်းနည်းကြောင်းတစ်စုံတစ်ရာထုတ်ပြန်ကြေငြာခြင်းမရှိခဲ့ပါ ။ ၁၅ ရက်နေ့ တွင်မကြေငြာသဖြင့် အလောင်းဓာတ်ပုံများပလူပျံနေသော ၁၆ ရက်နေ့ တွင်လည်း မည်သည့်ထုတ်ပြန်ချက်မှမရှိခဲ့ပါ ။ NLD ပါတီအနေနှင့်လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းကြေငြာချက်ထုတ်၍သော်လည်းကောင်း ၀မ်းနည်းကြောင်းကြေငြာချက်မရှိခဲ့ပါ ။ ၁၄ ရက်နေ့က နစ်မြုပ်ခဲ့သော ဖြစ်ရပ်ဆိုးကြီးအတွက် ၂၀ ရက်နေ့တွင်မှ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ၀မ်းနည်းကြောင်း ထုတ်ပြန်ချက်ထွက်ပေါ်လာပါသည် ။ မတော်တဆဖြစ်ရပ်ဖြစ်ပွားခဲ့သော ၁၄ ရက်နေ့မှစတင်ရေတွက်လျှင် ၆ ရက်ကြာမှ ၀မ်းနည်းကြောင်းကြေငြာခြင်းဖြစ်သည် ။ ယခင်စစ်အစိုးရစံချိန်စံညွှန်းများနှင့်တွက်ကြည့်လျှင် မဆိုးဟု ယူဆရမည်ဖြစ်သော်လည်း ပြည်သူလူထုက အလွန်အားထားယုံကြည်ကြသော ရွေးကောက်ခံအစိုးရအပေါ်ထားရှိသောမျှော်လင့်ချက်နှင့်တွက်ကြည့်လျှင် အလွန်နှေးကွေးလေးလံလှသော ကစားကွက်ဟုပြောသော်ရနိုင်ပါ၏ ။

အင်တာနက်ခေတ်ကြီးတွင် ၆ ရက်ဆိုသော အချိန် နာရီပေါင်း ( ၁၄၄) နာရီ ဆိုသောအချိန်မှာ အလွန်ကြာညောင်းလှပါသည် ။ ၀မ်းနည်းကြောင်းဆိုသည်မှာ သမ္မတက အမိန့်ပေးလျှင်စာကြမ်းရေးသူက ငါးမိနစ်အတွင်းရေး ။ဖတ်ကြည့်ပြီးသမ္မတကလက်မှတ်ထိုး ၊ မြန်မာ့အသံမှ ထုတ်လွှင့်ကြေငြာ လွန်ရောကျွံရော သုံးနာရီအတွင်းဆောင်ရွက်၍ရသောကိစ္စဖြစ်သည် ။ သမ္မတက၀မ်းမနည်းခင် ၀န်ကြီးများ ၊၀န်ကြီးချုပ်များက၀မ်းမနည်းရဟူသော ဥပဒေလဲမရှိသဖြင့် အခြေအနေကိုသိသိချင်း တာဝန်ယူမှု ကိုယ်ချင်းစာမှုအပြည့်ဖြင့် ၀န်ကြီးချုပ်များ၊၀န်ကြီးများကလည်း တစ်ဦးချင်း ကြေငြာချက်ထုတ်ပြန်သင့်ပါ၏ ။ယခုသော် ထိုအချိန်က မြန်မာနိုင်ငံတွင်ဒေါ်အောင်ဆန်းစုကြည်မရှိပါ ။အိန္ဒိယနိုင်ငံသို့  ချစ်ကြည်ရေး ခရီးရောက်၇ှိနေပါသည် ။ ဒေါ်အောင်ဆန်းစုကြည်ထံမှညွှန်ကြားချက်မရသဖြင့် ၀မ်းနည်းကြောင်းကြေငြာဖို့ ထိုမျှနှောင့်နှေးနောက်ကျနေသလားဟုပင်ထင်ယောင်မှားမိပါသည် ။ မှတ်မှတ်ရရ မကြာသေးခင်က ဖားကန့်တွင် ရေမဆေးကျောက်ရှာသူများသေဆုံးစဉ်ကလည်းနိုင်ငံရေးလောကမှမည်သူမျှဝမ်းနည်းကြောင်းမပြောခဲ့ကြပါ ။

ကျွန်တော်တော်သည် NLD ကိုထောကခံမဲပေးခဲ့သူဖြစ်ပါသည် ။ လာမည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ၊ ၂၀၂၀ ရွေးကောက်ပွဲများတွင်လည်း NLD ကိုပဲမဲပေးဦးမည်ဖြစ်ပါသည် ။ အဘယ့်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်ကိုယုံသဖြင့် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရပေါ်ထွန်းစေလို၍ဖြစ်ပါသည် ။ သို့ သော် ဒေါ်အောင်ဆန်းစုကြည်၏ပါတီဝင် အစိုးရလူကြီးမင်းများကိုလည်းတစ်ခုပန်ကြားလိုပါသည် ။ လူတိုင်းတိုင်းသည်ကိုယ့်အတိုင်းအတာနှင့်ကိုယ်အရည်အချင်းရှိသူများဖြစ်ပါသည် ။ ခေတ်နှင့်လျှော်ညီသောကစားကွက်များကို မြန်မြန်ဆန်ဆန်ကစားရာတွင် အထက်အမိန့်ကိုစောင့်မနေကြပါနှင့်တော့ ။ ဒေါ်အောင်ဆန်းစုကြည်မညွှန်ကြားသေးသဖြင့် မလှုပ်သော ရုပ်သေးရုပ်များကဲ့သို့ ကျင့်ကြံမနေပါနှင့်တော့ ။ကျောင်းထိုင်ဆရာတော်ကြီးမသိပဲဘာမှမလုပ်ရဲမကိုင်ရဲသော ကိုရင်လေးများသဖွယ်ပြုမူမနေပါနှင့်တော့။ ခေတ်ကြီးကအမြန်ရွေ့ လျားနေသောအင်တာနက်ခေတ်ဖြစ်ရာဒေါ်အောင်ဆန်းစုကြည်သည်နေရာတကာလိုက်ပြောနေနိုင်မည်မဟုတ်ပါ ။ တိုင်းပြည်အတွက်ကောင်းမည့်ကိစ္စမှန်သမျှကိုမိမိအသိ မိမိကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကိုအသုံးချ၍ ကိုယ့်ဘာသာဆုံးဖြတ်ချက်ချကာ ရဲရဲဝံ့ဝံ့ဆောင်ရွက်ကြစေလိုပါသည် သံပါတ်ပေးမှထလာသောစက်ရုပ်များကိုကျွန်ုပ်တို့ မဲပေးခဲ့ကြသည်မဟုတ်ပါကြောင်း ။

သရ၀ဏ်(ပြည်)

သူရိယနေ၀န်းဂျာနယ်
၂၉.၁၀.၂၀၁၆


မိုင်းလားအထူးဒေသ ၄ ဧရိယာမှာ အစိုးရတပ်မတော်နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ကြား စစ်ရေးတင်းမာနေတာကြောင့် မိုင်းလားမြို့အတွင်း လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားတွေ မရှိသလောက် နည်းပါးသွားတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တွေက ပြောပါတယ်။

အရင်က မိုင်းလားမြို့ပေါ်ကို နေ့စဉ် နိုင်ငံခြားဧည့်အဝင်အထွက် ရာနဲ့ချီရှိပေမယ့် ဒီရက်ပိုင်းအတွင်း ဧည့်သည်မရှိသလောက်ဖြစ်သွားတယ်လို့ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်အသင်း ရွှေတြိဂံ ဇုန်ဥက္ကဌ ဦးစိုးရွှေက ပြောပါတယ်။

" ကျနော်တို့ ရာဂဏန်းတွေ ရှိပါတယ်။ ရာဂဏန်းတွေ ရှိတယ်ဆိုတာက လာတဲ့သူက လာတယ်။ သွားတဲ့သူက သွားတယ်။ ဒါတွေကတော့ ။ အခု သိသလောက်တော့ မြို့ထဲမှာတော့ နည်းနည်း လူရှဲသွားတာပေါ့။ မိုင်းလားကတော့ ရှဲသွားတာပေါ့။ ဒီလိုကြားတယ်ဆိုတော့ ဘယ်ဝင်တော့မလဲ။ တရုတ်ဘက်ကလည်း ဘယ်အဝင်ခံတော့မလဲ။ မြို့ထဲမှာတော့ ခြောက်ကပ်သွားတယ်။" လို့ ပြောပါတယ်။

မိုင်းလားအထူးဒေသ(၄) ဧရိယာဖြစ်တဲ့ မိုင်းလားနဲ့မိုင်းမမြို့တွေကို ထိုင်း၊ တရုတ်နဲ့ ထိုင်ဝမ်နိုင်ငံသား တွေ လာရောက်လည်ပတ်တာများပြီး ဒေသတွင်း တရုတ်အစားအစာ၊ လူသုံးကုန်ပစ္စည်းတွေ ရောင်းဝယ်တာတွေရှိသလို ကာစီနို လောင်းကစားဝိုင်းတွေကို လာရောက်ကြသူတွေ များတယ်လို့ ပြောပါတယ်။

မိုင်းလားဒေသကို EP လို့ခေါ်တဲ့ ၁၃ ညအိပ် ၁၄ ရက် နေထိုင်ခွင့် ပါမစ်နဲ့ လာရောက်လည်ပတ်ကြ သူတွေရှိသလို ဗီဇာနဲ့ လာရောက်လည်ပတ်တဲ့ ဥရောပဧည့်သည်တွေလည်း ရှိတယ်လို့ သိရပါတယ်။

အစိုးရတပ်မတော်က မိုင်းလားအထူးဒေသ(၄) မှာ တပ်စွဲထားတဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ် မတော် UWSA တပ်တွေကို ထွက်ခွာပေးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ညွန်ကြားထားပြီး စစ်ရေးတင်းမာတဲ့ အခြေ အနေတွေအရ ကျိုင်းတုံ-မိုင်းလား လမ်းကိုလည်း အခုလ ၂၃ ရက်နေ့က စတင်ပြီး ဖြတ်သန်း သွားလာ ခွင့်ပိတ်ထားပါတယ်။

စစ်ရေးတင်းမာမှုတွေကြောင့် လက်ရှိ မိုင်းလားဒေသကို ရောက်ရှိနေတဲ့ နိုင်ငံခြားဧည့်သည်တွေ ပြန်လည်ထွက်ခွာရာမှာ အစိုးရဘက်က စစ်ဆေးမှုတွေရှိနေပါတယ်။

Photo: Kan Thar/ RFA

( တရုတ်-မြန်မာနယ်စပ်မှ တရုတ်ပြည်ဂိတ်ဝင်ဝကို တွေ့ရစဉ် )
RFA



ထိုင်းနိုင်ငံ ပရာကျွတ်ကရီခန်းပြည်နယ် ဘန့်စဖန်ခရိုင်တွင် မြန်မာနိုင်ငံသားတဦးကို ကာရာအိုကေဆိုင် မှ အမျိုးသမီးတဦးအား မတရားပြုကျင့်ကာ သတ်ဖြတ်မှုဖြင့် သံသယရှိတဲ့ အတွက် မနေ့က ဖမ်းဆီး လိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောဆိုချက်ကို ကိုး ကား၍ Bangkok Post သတင်းက ဆိုပါတယ်။

စွပ်စွဲခံရသူ မြန်မာနိုင်ငံသားမှာ အသက် ၄၀ အရွယ်ရှိ Wae Khuewae အမည်ရှိသူဖြစ်ပြီး၊ ရာဘာခြံ တွင် အလုပ်လုပ်ကိုင်သူဖြစ်ပြီး၊ သေဆုံးသူ အမျိုးသမီးမှာ ၂၂နှစ်အရွယ်ရှိပြီး Tawan Daeng ကာရာအိုကေဆိုင်တွင် အလုပ်လုပ်နေ သူဖြစ်ကြောင်း၊ သူမ၏ အလောင်းကို အောက်တိုဘာ ၂၇က် နေ့ မှာ ဟိုတယ်တလုံး အခန်း၌ရှာဖွေ တွေ့ ရှိခဲ့ခြင်းဖြစ်ပြီး၊ အသတ်ခံရသူ အမျိုးသမီးမှာ ၎င်းနှင့်ညလုံး ပေါက် ပျော်ပါးရန် ငြင်းဆန်သည့်အတွက် သတ်ဖြတ်ခြင်းဖြစ်ကြောင်း အဆိုပါ မြန်မာနိုင်ငံသားက ထိုင်းရဲတပ်ဖွဲ့ထံ ဝန်ခံတယ်လို့ ရေးသားထားပါတယ်။

အဆိုပါ မြန်မာနိုင်ငံသား၏ ပြောဆိုချက်အရ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညက အကာရာအိုကေဘားမှာ ဘီယာသောက်ပြီးနောက် ယင်းအမျိုးသမီးကို ပျော်ပါးရန်အတွက် ပြောဆိုခဲ့ရာ တညလုံး ဘတ် ၁၈၀၀ဖြင့် သဘောတူခဲ့ကြောင်း၊ ထိုနောက် သူ့ထံမှ စိတ်ကြွဆေး ဝယ်ယူရန် ဘတ် ၅၀၀ ထပ်မံ တောင်း ခံခဲ့ပြီးနောက် ဆေးပြား ၃လုံးပေးကြောင်း၊ သူ့ကိုလည်း တလုံးပေးကြောင်း သို့သော်လည်း နောက်ပိုင်းမှာ သူမ၏ ရည်းစားထံမှ ဖုန်းလာသည်ဟု ဆိုကာ ညလုံးပေါက်မနေနိုင်တော့ကြောင်း ပြောသည့်အတွက် စကားများ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မုဒိန်းကျင့်ကာ လည်ပင်းညစ်သတ် လိုက်ကြောင်း ထိုင်းရဲကဆိုပါတယ်။

သတ်ဖြတ်ပြီးနောက် သူတုန်လှုပ်သွားကာ သူနေထိုင်ရာဆီသို့ ပြန်ပြေးခဲ့ကြောင်း၊ သူဟာ မြန်မာစစ်တပ်မှ စစ်သားဟောင်းတဦးဖြစ်ပြီး လူများစွာ သတ်ခဲ့ဖူးသော်လည်း အမျိုးသမီးတဦးကို ယခုကဲ့သို့ မသတ်ဖြတ်ခဲ့ဖူးကြောင်း၊ ထို့အတွက်သူ၏ လုပ်ရပ်ကို မှားယွင်းသည်ဟု သိသည့်အတွက် ထွက်မပြေးခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

Irrawaddy
http://burma.irrawaddy.com/news/short-news/2016/10/30/125603.html


ဓာတ်ခွဲခန်းတွင် ကြွက်များဖြင့် စမ်းသပ်မှု ရလဒ်အရ ကင်ဆာရောဂါအား ဓာတ်ကင်ကုသရာတွင် ဗီတာမင်စီ ပမာဏ အများအပြားကို ထိုးဆေးအဖြစ်ပေးခြင်းက ထိရောက်မှု ပိုမိုရှိစေသည်ဟု Science Transtational Medicine ဆေးပညာဂျာနယ်တွင် ဖော်ပြသည်။ ဗီတာမင်စီ အားတိုးဆေးအဖြစ် အသုံးပြုခြင်းက သားအိမ်နှင့် အခြားကင်ဆာ ဝေဒနာရှင်များအတွက် အန္တရာယ်ကင်း၊ ထိရောက်ပြီး ကုန်ကျစရိတ် သက်သာသည့် ကုထုံးတစ်ခုဖြစ်လာနိုင်သည်ဟု သုတေသန ပြုလုပ်ခဲ့သူ အမေရိကန်ပညာရှင်များက ဆိုသည်။ သို့သော် ဗီတာမင်ကဲ့သို့ သဘာဝထုတ်ကုန်ဆေးဝါးများကို ဥပဒေအရ မူပိုင်ခွင့်ပြုလုပ်ရယူနိုင်ခြင်း မရှိသဖြင့် ဆေးကုမ္ပဏီကြီးများက စမ်းသပ်ထုတ်လုပ်ရန် စိတ်ဝင်စားမှု နည်းပါးလျက်ရှိသည်။

ကင်ဆာဝေဒနာရှင်များအား သောက်ဆေးအဖြစ်ပေး၍ လက်တွေ့စမ်းသပ်ရာတွင် အလားတူရလဒ်မျိုး မတွေ့ရသဖြင့် စမ်းသပ်မှုကို ရပ်ဆိုင်းခဲ့သည်။ ထိုသို့ ရလဒ်မကောင်းရခြင်းမှာ ဗီတာမင်စီအား ပါးစပ်မှ သောက်သုံးပါက ခန္ဓာကိုယ်က အချိန်တိုအတွင်း ပြန်လည် စွန့်ထုတ်ခြင်းကြောင့် ဖြစ်ကြောင်း နောက်ပိုင်းတွင် တွေ့ရှိခဲ့သည်။ သို့သော် ဗီတာမင်စီအား ထိုးဆေးအဖြစ် အသုံးပြုပါက ခန္ဓာကိုယ်က စုပ်ယူထားကာ ပုံမှန်ဆဲလ်များကို မထိခိုက်စေဘဲ ကင်ဆာဆဲလ်များကို သေဆုံးစေကြောင်း တွေ့ရသည်ဟု ကန်းဆက်တက္ကသိုလ်မှ ပညာရှင်များက ဆိုသည်။

ဗီတာမင်စီအား ဓာတ်ခွဲခန်းတွင် သားအိမ်ကင်ဆာဆဲလ်အတွင်း ထိုးသွင်းခြင်း၊ သားအိမ်ကင်ဆာ ဝေဒနာရှင်များအား စမ်းသပ်ကုသခြင်းတို့ ပြုလုပ်ခဲ့ရာ ကင်ဆာဆဲလ်များအပေါ် ဗီတာမင်က သက်ရောက်မှုရှိသော်လည်း ပုံမှန်ကျန်းမာသည့် ဆဲလ်များကို ထိခိုက်စေခြင်းမရှိသည်ကို တွေ့ရသည်။ ကြွက်များဖြင့် စမ်းသပ်ရာတွင် ဗီတာမင်စီကုထုံးသည် ဓာတ်ကင်ခြင်းနှင့် တွဲဖက်အသုံးပြုနိုင်ပြီး ကင်ဆာဆဲလ်များ ပွားများခြင်းကို လျော့ကျစေသည်ဟု ဆိုသည်။ ထို့အပြင် ဗီတာမင်စီကုထုံးဖြင့် တွဲဖက်အသုံးပြုသည့်အခါ ဓာတ်ကင်ခြင်းကြောင့် ဖြစ်ပေါ်သည့် ဘေးထွက်ဆိုးကျိုးများ လျော့နည်းသည်ဟု ဆိုသည်။

ကင်ဆာကုသသူ ဆေးပညာရှင်များက ဗီတာမင်စီကုထုံးကို အသုံးပြုရန် စိတ်ဝင်စားမှု မြင့်တက်လာလျက်ရှိသည်ဟု သုတေသနပညာရှင် ဒေါက်တာဂျင်းနီဒရစ္စကိုက ဆိုသည်။ ယင်းက “လူနာတွေက ကင်ဆာကုသရာမှာ ဘေးအန္တရာယ်ကင်းပြီး ကုန်ကျစရိတ်သက်သာတဲ့ နည်းလမ်းကို ရှာဖွေနေကြပါတယ်။ ကျွန်မတို့ရဲ့ အခြေခံ ဓာတ်ခွဲစမ်းသပ်မှုတွေနဲ့ ကနဦး လက်တွေ့စမ်းသပ်မှုတွေအရ ဗီတာမင်စီကို အကြောဆေးအဖြစ် အသုံးပြုခြင်းဟာ အလားအလာရှိတဲ့ ကုထုံးဖြစ်ပါတယ်” ဟု ဘီဘီစီ သတင်းဌာနသို့ ပြောကြားသည်။

ဗီတာမင်စီ ကုထုံး လက်တွေ့အသုံးပြုနိုင်ရန် အဓိက အတားအဆီးမှာ ဆေးကုမ္ပဏီကြီးများက သုတေသနပြုလုပ်ရန် စိတ်ဝင်စားမှု နည်းပါးခြင်း ဖြစ်သည်။ ဗီတာမင်စီ ကုထုံး သုတေသနအဖွဲ့ ခေါင်းဆောင် ကျီချန်က “ဗီတာမင်စီကို မူပိုင်ခွင့် ယူလို့မရတဲ့အတွက် ဆေးကုမ္ပဏီတွေက စိတ်မ၀င်စားပါဘူး။ ဗီတာမင်စီ အကြောဆေးကို လက်တွေ့စမ်းသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ရမယ့်အချိန် ကျလာပြီလို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။

KHTUn
The Ladies News



FBI ရဲ့ ထုတ်ပြန် ချက်က ထူးခြားပြီး အံ့အား သင့်ဖို့ ကောင်းတယ်လို့လည်း ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး ပွဲ တစ်ခု မှာ ဟီလာရီ ကလင်တန် က ပြော
အမေရိကန် ထောက်လှမ်းရေး ဗျူရို FBI က သူ့ရဲ့ ကိုယ်ပိုင် ဆာဗာ နဲ့ အီးမေးလ် အသုံးပြု ခဲ့မှု ကို ပြန်လည် စစ်ဆေး မယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် အခက်အခဲ တွေ ကို တွေ့ကြုံ နေရတယ်လို့ ဟီလာရီ ကလင်တန် က ထုတ်ဖော် ပြောကြား ပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ၁၀ ရက်လောက်ပဲ ကျန်တော့တဲ့ ကာလမှ FBI ရဲ့ ထုတ်ပြန် ချက်က ထူးခြားပြီး အံ့အား သင့်ဖို့ ကောင်းတယ်လို့လည်း ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး ပွဲ တစ်ခု မှာ ဟီလာရီ ကလင်တန် က ပြောပါတယ်။

FBI ညွှန်ကြားရေးမှူး ဂျိမ်းစ် ကိုမီ ကတော့ သူ့ အနေနဲ့ အသစ် ထပ်မံ တွေ့ ရှိမှုတွေ ကြောင့် ထုတ်ဖော် ပြောကြားဖို့ တာဝန် ရှိပြီး အမေရိကန် ပြည်သူတွေကို အထင် အမြင် မှားအောင် လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ပြောပါတယ်။

ဟီလာရီ ကလင်တန် ဟာ ဥပဒေ ကို ချိုးဖောက် ခဲ့တာ ဖြစ်ပြီး အရေးယူ ပေးဖို့ ရီပတ်ဘလီကန် ပါတီ သမ္မတလောင်း ဒေါ်နယ် ထရမ့် က ပြင်းပြင်းထန်ထန် တောင်း ဆို နေပါတယ်။

BBC Burmese
http://www.bbc.com/burmese



Image copyright NLD Maubin ။ တရားဥပဒေ အတိုင်းသာ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာန တာဝန်ခံ ဒေါက်တာ မျိုးညွန့်က ပြော
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှာ တိုင်းလွှတ်တော်ကိုယ်စားလှယ် (၂)ဦး နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး တချို့အပါအဝင် လူ (၁၆)ဦးကို ရဲစခန်းမှာ ပုဒ်မ (၄)ခုနဲ့ အမှုဖွင့်တိုင်ကြားထားပါတယ်။

မအူပင်မြို့နယ်နဲ့ ကျေးရွာအုပ်စုတွေမှာ ပြည်ထောင်စုအဆင့် လွှတ်တော်က ချပေးထားတဲ့ ဒေသဖွံဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း တစ်ထောင် ခွဲဝေသုံးစွဲတာနဲ့ ပတ်သက်လို့ ကညင်ဝ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မျိုးက မြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတာ ဖြစ်ပါတယ်။

NLD မြို့နယ် ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂)ဦး ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး(၂)ဦး နဲ့ ရွာသား (၁၀) ဦး စုစုပေါင်း (၁၆)ဦးကို လိမ်လည်မှု၊ ခြိမ်းခြောက်မှု၊ အသရေဖျက်မှု၊ အားပေးကူညီမှု စတဲ့ ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၂၀၊ ၅၀၆၊ ၅၀၀၊ ၁၁၄ ပုဒ်မ (၄)ခုနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မအူပင်မြို့နယ် ရဲစခန်းမှူး ဒုရဲမှူး ဦးသိန်းနိုင်အေးက ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ အမှုဖွင့် တိုင်ကြား ခံထားရတဲ့ အမှုနဲ့ ပတ်သက်ပြီး ရန်ပုံငွေ တွေကို လူအများ ရှေ့မှာ ပွင့်လင်းမြင်သာ စွာ နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ကိုလေးက တုန့်ပြန်ပါတယ်။

မအူပင် မြို့နယ် ဒေသဖွံဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း တစ်ထောင် ကို စက်တင်ဘာလတလကုန်ပိုင်းလောက်က လွှတ်တော်က ချထားပေးခဲ့ပြီး ဖြစ်ပါတယ်။

မြို့နယ်ကော်မတီရဲ့ အတည်ပြုချက်နဲ့ ချပေးခဲ့တဲ့ ဒီငွေပမာဏနဲ့ ပတ်သက်ပြီး နောက်တိုး အဖွဲ့တွေ မပါဝင် လို့ အခုလို အမှုဖွင့်ခံရတာ လို့ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း က ပြောပါတယ်။

တိုင်ကြားခံရမှုမှာ ပါတီ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝင် အချို့ ပါဝင် နေတဲ့ အတွက် တရားဥပဒေ အတိုင်းသာ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာန တာဝန်ခံ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

မအူပင် မြို့နယ် ဒေသဖွံဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း တစ်ထောင်နဲ့ ပတ်သက်တဲ့ တိုင်ကြားမှုကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး ကိုင်တွယ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း လို့ မြို့နယ် စခန်းမှူးက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဒဂုံမြောက်မြို့နယ်တွင် သူနာပြုဆရာမတစ်ဦးအား လည်ပင်းညှစ်ပြီး ရွှေဆွဲကြိုးလုယူခဲ့တဲ့ဖြစ်စဉ်မှာ ကျူးလွန်သူ အငှားယာဉ်မောင်းကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့က အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့က စုံစမ်းသိရှိရသည်။
http://elevenbroadcasting.com/archives/5298



ဗိုလ်ကြီးဟောင်း နေမျိုးဇင် (ပြည်သူ့ဘက်တော်သား) နှင့် စာရေးဆရာ ထင်လင်းဦးတို့ အောင်ဆန်းစုကြည်ပန်းခြံသို့ လာရောက်လည်ပတ်မည်။

မြန်မာ့လူမှုဘဝတိုးတက်မြင့်မားရေးအသင်း၏ အတွင်းရေးမှူး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင် (ပြည်သူ့ဘက်တော်သား) နှင့် စာရေးဆရာ ထင်လင်းဦး တို့ရဲ့ ဥရောပလေ့လာရေးခရီး စဉ်အတွင်း နော်ဝေနိုင်ငံကိုလည်းလာရောက်လည်ပတ်ကြမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂွိုလ် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဇွန်လ၊ ၁၉ရက်၊ ၂၀၁၆ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ဖွင့်လှစ်လိုက်တဲ့ Froland (ဖရိုလန်းမြို့)၊ အောင်ဆန်းစုကြည် ပန်းခြံကိုလည်းလာရောက်လည်ပတ်ကြမှာဖြစ်ကြောင်းသိရပါတယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင် (ပြည်သူ့ဘက်တော်သား) နှင့် စာရေးဆရာ ထင်လင်းဦး တို့အား ကြိုဆိုမိတ်ဆက်ခြင်းအစီအစဉ်ကို နိုဝင်ဘာလ၊ ၂ ရက်နေ့၊ ညနေ ၇း၀၀ နာရီမှာ Froland (ဖရိုလန်းမြို့)၊ Menighetssenter ခန်းမမှာ ပြုလုပ်မှာဖြစ်ပြီး အဲဒီမြို့မှာနေထိုင်ကြတဲ့ မြန်မာပြည်သားများ၊ ဒေသခံများ၊ သတင်းမီဒီယာများ၊ လူမှုအဖွဲ့ အစည်းများတက်ရောက်ကြမှာဖြစ်ပါတယ်။

(ဓာတ်ပုံ- အောင်ဆန်းစုကြည်ပန်းခြံ ကော်မတီ)

Ko Nyo

ဓါတ်ပုံ- တရုတ်ပြည်သို့ စစ်ဘေးတိမ်းရှောင်နေသည့်ရွာသားများ
သျှမ်းသံတော်ဆင့်
အောက်တိုဘာ ၃၀ ရက် ၂၀၁၆

သျှမ်းပြည်အရှေ့တောင်ပိုင်း ပေါင်းကူးတံတားဖြစ်သည့် တာ့ဆန်းသံလွင်မြစ် ကူး တံတားဘက် ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA တပ်များအင်အားဖြည့်လာနေသည့် သတင်းကြောင့် တပ်မတော်စစ်ကြောင်း များလည်း အဆိုပါဒေသ ဘက် အင်အားတိုးဖြည့်လာနေသည် ဟု ဒေသတွင်း သတင်းရပ်ကွက်ကပြောသည်။

“အင်အား ၇၀ လောက် ရှိတဲ့ တောပုန်း ဝ စစ်ကြောင်း တခုက တောေ တာင်တွေ ဖြတ်ပြီး တာ့ဆန်း ဘက် ရောက်နေတယ်ဆိုတဲ့ သတင်းကြောင့် အခု တာ့ဆန်း တံတားမှာ ဟိုဘက်ကမ်းကော ဒီဘက်ကမ်း ကော တပ်မတော် စစ်ကြောင်း က စောင့်စစ်နေတယ်၊ ကွေ့တိုင်းမှာ စစ်သားတွေ့တယ်” - ဟု တောင်ကြီးမှ ပြန်လာသည့် မိုင်းတုံသား တဦးကပြောသည်။

အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင် တောင်ကြီးအခြေစိုက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် ရပခ၊ ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရလခ၊ ကလောအခြေစိုက် တပ်မ ၅၅၊ မိုင်းပန် မြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ ၁၇ လက်အောက် ခံတပ်မတော်က သျှမ်းပြည် တောင် ပိုင်း လင်းခေး ခရိုင်ဘက်မှ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့ နယ်ဘက် သို့ စစ်ယာဉ်တန်းများ ဆက်တိုက်ပို့ဆောင်ရောက်ရှိလာေ နကြောင်း ဒေသ အတွင်း သတင်းရပ်ကွက် က ပြောသည်။

“ အံ့ဩတာက မိုင်းတုံနဲ့ ပုံပါကျင်ကြားမှာ ၀ တွေကော ဗမာစစ်သားေ တွကော တွေ့တယ်။ စစ်ရေးတင်းမာနေတာ ပြောတယ်။ ဝ တပ်သွားနေတယ်။ ဗမာတပ်က ဒီတိုင်းကြည့်နေတယ်။ ထို့အတူဘဲ ဗမာတပ်သွားနေတာကိုလဲ ဝ တပ်က ဒီတိုင်းဘဲ ကြည့်နေတယ်။ တွေ့နေတာဘဲ။ ဝ ကလည်း မိုင်းဆတ် ဘက်၊ မိုင်းကျွတ်ဘက်၊ ဟွေ့အော့ ဘက် ၁၀ ဘီးကားတွေ ၁၂ ဘီးကားတွေ တစီး တစီး အင်အား ၄၀ - ၅၀ လောက်ရှိနေတယ်။ သွား နေ တာဘဲ။ လူထုတော့ သိပ်မတွေ့ရဘူး” - ဟု မိုင်းတုံမြို့ ပြည်ခိုင်ဖြိုးပါတီ ဝင် ဦးဂျဝေး ကပြောသည်။

သီးခြားအတည်ပြုချက် မရသေးသည့်သတင်းအရ တပ်မ ၃၃ နှင့် ၉၉ လည်းေ ရာက်ရှိနေသည်ဟု ဆိုသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ လွယ်ဆမ် ဆုံ တောင်ကြောရှိ ဝ တပ်များအား ၂၄ ရက် မွန်းတည့်ချိန်မကျော်ဘဲ ဖယ်ရှား ရန်၊ ထို့အတူ အဆိုပါနေ့ရက်ပင် နောက်ဆုံးထားပြီး မိုင်းလားနယ်မြေ အတွင်းေ ရာက်ရှိစခန်းချနေသောဝတပ်ဖွဲ့အားလည်း ဖယ်ရှား ရန် တပ်မတော်က ညွှန်ကြားထားသော်လည်း ဝ တပ်ဘက်က တပ်ဆုတ်ခြင်းမရှိပေ။

စစ်ရေးတင်းမာမှုအပေါ် တရုတ်အစိုးရက ကြားဝင်ညှိနှိုင်းပေးနေသော်လည်း စစ်ရေးပြိုင်ဆိုင် ပြင်ဆင်မှုများ ဆက်ရှိနေ သည့်အတွက် တိုက်ပွဲဖြစ်ပွား လာမည်ကို စိုးရိမ်သည့် ဒေသခံများက တရုတ်နယ်စပ်ဘက် အပြင် ကျိုင်းတုံ၊ တာချီလိတ် ဘက်သို့ တိမ်းရှောင်မှုများရှိနေသည်။

https://www.facebook.com/Panglong.burmese/

ကျိုက်ဝိုင်းရှိလူကယ်ပြန်ရုံးတွင် ယာယီနေထိုင်သော ဒုက္ခသည်များ (ဓာတ်ပုံ − ငြိမ်းငြိမ်းပြည့်)

ထိုင်းဒုက္ခသည်စခန်းမှ ပထမဆုံးအသုတ် ပြည်တော်ပြန် လာသူများအနက် ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် ဒုက္ခသည် ၁၇ဦးသည် ကျိုက်ဝိုင်းရှိ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ရုံးဝင်းအတွင်း ဂိုဒေါင်၌ ယာယီ နေထိုင်နေပြီး ၎င်းတို့ကို နေရာ ချထားမည့်အစီအစဉ် မရေရာ သေးကြောင်းသတင်းရရှိသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံအစိုး ရအစီအစဉ်၊ ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ထောက်ပံ့ကူညီမှုတို့ ဖြင့် နယ်စပ်ရှိ ဒုက္ခသည်စခန်းမှ ပထမဆုံးအသုတ်အဖြစ် ဒုက္ခ သည် ၆၅ ဦးကို အောက်တိုဘာ ၂၆ ရက်က နှစ်နိုင်ငံနယ်စပ်၌ တ ရားဝင်အခမ်းအနားဖြင့် မြန်မာ နိုင်ငံသို့ လွှဲပြောင်း ပို့ဆောင်ခဲ့ သည်။

ယင်းအနက် ၁၇ ဦးကို အောက်တိုဘာ ၂၈ ရက် နံနက် ၅ နာရီခန့်က ရန်ကုန်မြို့ရှိကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ရုံးဝင်းအတွင်း ပို့ဆောင်ခဲ့ပြီး နောက် ယခုအချိန်အထိ နေထိုင် ရေး၊ အလုပ်အကိုင်၊ ပညာရေး၊ စားသောက်ရေး စသည်တို့နှင့် ပတ်သက်၍ ရေရာသောအစီအ စဉ်များ မရှိသေးဟုဆိုသည်။

‘‘ထွက်လာခါနီးရော၊ လာ နေတုန်းရော ဒီမှာနေစရာအဆင် သင့်ဖြစ်ပြီလို့ ယုံကြည်နေခဲ့တာ။ ပြန်ချင်တဲ့သူတွေ လျှောက်လွှာ တင်ရမယ်။ လုပ်ပေးမယ်လို့ လာ ပြောတုန်းက ကိုယ့်အမိမြေပြန်ရ မယ်ဆိုတော့ ပျော်တာပေါ့။ ပြန် ရင် နေစရာမရှိဘူးဆိုတာ ကျွန် တော်တို့ ပြောပြထားပြီးသား။ နေ စရာအတွက် မပူပါနဲ့လို့ သူတို့က ပြောတယ်။ အခု ဒီမှာကျတော့ ရေတောင် သောက်စရာမရှိဘူး။ နေရဖို့ မသေချာသေးဘူး’’ဟု နို့ဖိုး ဒုက္ခသည်စခန်းတွင် ရှစ်နှစ်ခန့်ခို လှုံခဲ့ပြီး ပြန်လာသော အသက် (၄၇)နှစ်အရွယ် ဦးအေးလွင်က ပြောသည်။

ဆက်လက်၍ ၎င်းက ‘‘ဒီ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးက လူကြီးက နေ့ လယ်တုန်းက ပြောတယ်။ လှိုင် သာယာ ရွှေလင်ဗန်းမှာ တန်ဖိုး နည်းအိမ်ရာ တိုက်ခန်း သုံးလွှာမှာ တစ်ခန်းကို ၉၈ သိန်းနဲ့ရမယ်။ လောလောဆယ် သိန်း ၃၀ အရင်ချေရင် ကျန်ငွေကို ရှစ်နှစ်အတွင်း အရစ်ကျချေလို့ရမယ်တဲ့။ အခု မပေးနိုင်ရင် လေးနှစ်နဲ့ အပြီးဆပ် ရမယ်တဲ့။ ယူနိုင်၊ မယူနိုင် (ဒုက္ခ သည်) အချင်းချင်း ညှိကြတဲ့။ မနက်ဖြန် (အောက်တိုဘာ ၃၀)ကျရင် ပြောတဲ့။ သူတို့မို့လို့ ဒီလို ပြောထွက်တယ်ဗျာ။ ကျွန်တော် တို့က ဒုက္ခသည်ဘဝနဲ့ သွားနေခဲ့ ရတာ။ ဒီလောက်ငွေ ၉၈ သိန်းကို ကျွန်တော့်တစ်သက်လုံး တစ်ခါမှ တောင် မကိုင်ဖူးဘူး’’ဟု ပြောပြ သည်။

သားသမီးခြောက်ဦးအပါအ ဝင် မိသားစုရှစ်ဦးရှိသော ဦးအေး လွင်မိသားစုနှင့်အတူ အခြားမိ သားစုသုံးစုတို့ အတူပြန်လာကြ ခြင်းဖြစ်သည်။ ၎င်းတို့သည် ထိုင်းဒုက္ခသည်စခန်းသို့ နိုင်ငံရေး အပါအဝင် အကြောင်းအမျိုးမျိုး ကြောင့် မရောက်သွားခင်က အင်း စိန်၊ ပဲခူး၊ ပုသိမ်၊ တောင်ငူတို့တွင် နေထိုင်ခဲ့ကြသူများ ဖြစ်ကြောင်း သိရသည်။ ရန်ကုန်အနီး ဒေသများတွင် နေခဲ့ဖူးပြီး အိုးအိမ်မရှိတော့သူများအနေဖြင့် မိမိနေလိုသောအရပ်တွင် နေထိုင်ခွင့်ရမည်ဆိုသဖြင့် ရန်ကုန်တွင်နေထိုင်လိုကြောင်း လျှောက်လွှာဖြည့်သွင်းခဲ့ကြသည်ဟုဆိုသည်။

‘‘ကျွန်မတို့ကို ထိုင်းအစိုးရက ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်ပို့ပေးပြီး တရားဝင်လွှဲပြောင်းပေးခဲ့တယ်။ ကျွန်မတို့ ရန်ကုန်အစိုးရကျတော့ ဘာမှ လာမလုပ်ပေးဘူး။ အိမ်ဝယ်ရမယ်လို့ပဲ ပြောတယ်။ ဝယ်မယ် ဆိုရင် အိုးအိမ်ဌာနကို အကြောင်း ကြားပါတဲ့။ ကျွန်မတို့မှာ အခုမှ ကိုယ့်နိုင်ငံကိုယ် ပြန်အခြေချရ မှာ။ ဘာမှမရှိဘူး။ အခု ထမင်းကိုလည်း ဖာလေးတွေ (ဖော့ဘူး)နဲ့ မနက်တစ်ခါ ညတစ်ခါ လာကျွေးတယ်။ လောက်တာလည်းရှိတယ်။ မလောက်တာလည်း ရှိတယ်။ ဟို မှာ ဆယ်နှစ်နေတုန်းက တအား ကိုခံစားခဲ့ရတာပါ။ အခု ဒီဘက် မှာကျတော့လည်း ဒီလိုဖြစ်ပြန် တယ်။ သူတို့ လာခေါ်တုန်းက ဂုဏ်သိက္ခာရှိရှိ လက်ခံပါ့မယ်။ အဆင်ပြေပြေ ဂုဏ်သိက္ခာရှိရှိ လူ တွေနဲ့နေရအောင် လုပ်ပေးပါ့မယ်ဆိုပြီးတော့ အခုကျတော့ ကျွန်မတို့ တော်တော်ခံစားရတယ်။ ရှေ့ဆက် ဘာဖြစ်မယ်မှန်းမသိလို့ မျှော်နေရတုန်း’’ဟု ကလေးတစ်ဦး၏မိခင် အသက် (၄၃)နှစ်အရွယ် ဒေါ်အေးအေးစန်းက ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးစီးမှူး ဦးကျော်သူထိုက်က ‘‘လက်ရှိက သူတို့ကို ကြိုပြောထားတာက လှိုင်သာယာမှာ နေရာပေးမယ်။ ဒါပေမဲ့ အရစ်ကျ ပြန်ပေးရမယ်။ နေရာကို အိုးအိမ် က ပေးမယ်လို့ ပြောတယ်။ ပုံစံ (၃)ခု သူတို့ကိုချပြထားတယ်’’ ဟု ဖုန်းမှတစ်ဆင့် ဖြေကြားသည်။

အစိုးရအဖွဲ့မှ တာဝန်ရှိသူ အချို့ အောက်တိုဘာ ၂၈ ရက် တွင် လာရောက်ကြည့်ရှုခဲ့ပြီး အား ပေးစကား ပြောကြားခဲ့ကြောင်း မိသားစုတစ်စုစီအတွက် အလှူ ငွေ ကျပ် နှစ်သိန်းစီပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက မိသားစုတစ်စုလျှင် ကျပ်တစ်သိန်းစီ ပေးခဲ့ကြောင်း ယာယီကယ်ဆယ်ရေးဂိုဒေါင်တွင် နေထိုင်နေကြရသူများက ပြောသည်။ အစိုးရအဖွဲ့အနေဖြင့် ဒုက္ခသည် များကို ပြန်လည်နေရာချထားရေး အတွက် အစည်းအဝေးခေါ်ယူ တိုင်ပင်လျက်ရှိသည်ဟု သတင်း ရရှိသော်လည်း ရလဒ်ကို ထုတ် ပြန်မှုမရှိသေးပေ။

လတ်တလောပြန်လာကြသူ များကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က သုံးလစာ စားနပ်ရိက္ခာအတွက် ကုန်ကျစရိတ်ငွေသားကို ထောက်ပံ့ပေးလိုက် သည်။ ရှေ့ဆက် လိုအပ်သည့် အထောက်အပံ့များကို မြန်မာ အစိုးရ၊ UNHCR နှင့် အခြားအေ ဂျင်စီများက ထောက်ပံ့မည်ဟု ဆိုထားသည်။

မြန်မာ-ထိုင်းနယ်စပ်တစ် လျှောက် ဒုက္ခသည်စခန်း ကိုးခု တွင် မြန်မာဒုက္ခသည်ပေါင်း၁၀၃,၃၀၀ ခန့် လက်ရှိခိုလှုံလျက်ရှိပြီး အများစုမှာ ကရင်၊ ကရင်နီ(ကယား)၊ ဗမာနှင့် မွန်တိုင်းရင်းသားများဖြစ်ကြသည်။ ၎င်းတို့ကို ပြည်တော်ပြန်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရသဘောတူညီမှုပြုလုပ်ခဲ့ကြသည်။ ဒုက္ခသည်များအနေဖြင့် ဌာနေရင်းသို့ မိမိ ဆန္ဒအလျောက် ပြန်နိုင်ရန် UNHCR အနေဖြင့် ဒုက္ခသည်စခန်းတိုင်းတွင် ဌာနေပြန်သွားနိုင်ရေး အကျိုးဆောင်ဌာနများ ဖွင့်လှစ်ထားမည်ဖြစ်၍ ပြန်လိုသူများ စာရင်းပေးသွင်းနိုင်သည်ဟု ကြေညာထားသည်။

‘‘စခန်းမှာ ကျန်ခဲ့တဲ့လူတွေ က ကျွန်မတို့ အခြေအနေကို စောင့်ကြည့်နေကြတာ။ အားလုံး က အဆင်ပြေမယ်ဆိုပြန်လာချင် ကြတယ်။ ကျွန်မတို့ အခြေအနေ ကို ဖုန်းကရော၊ ဖေ့စ်ဘွတ်ခ်ကနေ ရော မေးနေကြတယ်’’ဟု နို့ဖိုး ဒုက္ခသည်စခန်းတွင် ဆယ်နှစ် ကြာနေထိုင်ခဲ့ပြီး ပြန်လာသူ ဒေါ် အေးအေးစန်းက ဆိုသည်။

ငြိမ်းငြိမ်းပြည့်
http://www.7daydaily.com/story/79485


ဖားကန့်ဒေသတွင် ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် ညအချိန် လုယက်တိုက်ခိုက်မှုများအား ကျောင်းသားများ ပါဝင်နေသည့် လူငယ်အဖွဲ့များက အဓိက လုပ်ဆောင်နေကြောင်း ဖားကန့်မြို့ခံများ၊ ကျေးရွာ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများက ပြောကြားသည်။

ဖားကန့်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ သွားရာလမ်းများတွင် အမည်မသိ လူတစ်စုမှ ညအချိန် လုယက်တိုက်ခိုက်မှုများ အပြင် လူသတ်မှုများပါ ကျူးလွန်မှုရှိနေသည့်အတွက် သွားရေးလာရေး အခက်အခဲ ဖြစ်နေသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ ယခုကဲ့သို့ အုပ်စုဖွဲ့ လုယက်တိုက်ခိုက်နေသူများမှာ လူငယ်အများစုဖြစ်ကြပြီး ထိုအထဲတွင် ကျောင်းသားလူငယ်အများအပြား ပါဝင်နေကြောင်း သိရသည်။

“ပထမတစ်ခေါက်က ဆယ့်ခုနစ်ယောက် မိတယ်။ အားလုံးက ဘော်ဒါဆောင်က ကျောင်းသားတွေချည်းပဲ။ ဒါကို အရေးယူတာ မရှိပါဘူး။ ကျောင်းတက်နေတဲ့ အချိန်ဆိုတော့ စခန်းမှာ ခံဝန်ကတိနဲ့ပဲ ပြန်လွတ်လာတာ။ ဒီလို လူငယ်တွေဟာ အုပ်စုဆန်ဆန်ဖုန်းလုတယ်။ ပိုက်ဆံလုတယ်။ လူတွေကိုလည်း ရိုက်နှက်တာတွေ လုပ်တယ်။ ဥပဒေအရ အရေးမယူဘူး ဆိုရင်လည်း ပိုပိုပြီး ဆိုးလာလိမ့်မယ်။ လူငယ်အဖွဲ့ နှစ်ဖွဲ့ ရှိတယ်ဆိုပြီးလည်း သိရပါတယ်” ဟု ဖားကန့်မြို့ခံ ဦးမျိုးဝင်းက ပြောကြားခဲ့သည်။

“လမ်းကြောမှာတွေဖြစ်တဲ့ ရိုက်တယ်၊ နှက်တယ်၊ သတ်တယ်၊ ဒီအဖွဲ့ပဲ။ အခု မကြာခဏ ဖြစ်နေတဲ့ မမုံ၊ ဖားပြင်၊ ကျောက်သွေးတောင် စက်လှေဆိပ်တို့၊ ညောင်ပင်ကုန်း၊ ရှရော်ခတို့မှာ သူတို့ပဲ။ ဓားတွေနဲ့ ခုတ်တယ်။ သူတို့က လေးငါးယောက်တည်း မဟုတ်ဘူး။ များတယ်” ဟု ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက ပြောကြားသည်။

အောက်တိုဘာ ၂၁ ရက်က မှော်တောင်းကျေးရွာ သွားလမ်းတွင် ရှစ်တန်းကျောင်းသား အပါအ၀င် အဖွဲ့ဝင် ၁၄ ယောက်ပါသည့် လူငယ်အဖွဲ့ တစ်ခုအား ရွာသားများက ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ကြောင်း၊ ထို့နောက်တွင် ကျေးရွာအား အဆိုပါအဖွဲ့မှ အန္တရာယ်ပေးလာနိုင်သည့်အတွက် ရွာသားများမှ ညစဉ်လုံခြုံရေး ယူနေရကြောင်း သိရသည်။

“အခုက တစ်ပတ်လောက်ရှိပြီ လုံခြုံရေး ထားနေရတာ။ ဘာလို့လဲဆိုတော့ သူတို့က အဖွဲ့အစည်းနဲ့လေ။ ရန်ရှာနိုင်တယ်။ အေးမြသာယာနဲ့ မှော်တောင်းကြားမှာ သူတို့ လူကို ဖမ်းတဲ့အတွက် ဖြတ်သွားနေတဲ့ ကျွန်တော်တို့ ရွာသားမှ မဟုတ်ဘူး ပြည်သူလူထုကို အန္တရာယ်ပေးမှာ စိုးရတယ်။ အဲဒီလိုဆိုရင် လက်လွန်မှာ။ ကျွန်တော်တို့ရွာကိုလည်း မီးတွေဘာတွေနဲ့ လုပ်သွားနိုင်တယ်။ နေ့တိုင်းလိုလို လုံခြုံရေးက ထားနေရတယ်။ ရဲတပ်ဖွဲ့ကလည်း နှစ်ရက်ဆက်တိုက် လာပြီးတော့ လှည့်ပါတယ်။ စစ်တပ်ကလည်း လှည့်ပါတယ်။ ကိုယ့်ရွာနဲ့ ကိုယ့်လုံခြုံရေး ယူနေရတာပေါ့” ဟု မှော်တောင်းကျေးရွာ ရာအိမ်မှူး ဦးထွန်းထွန်းက ပြောကြားသည်။
အဆိုပါ လူငယ်အဖွဲ့များနှင့် ပတ်သက်၍ ဖားကန့်မြို့မ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ရဲအုပ်ဦးထွန်းအောင်က “အခုကတော့ ဖမ်းမိထားတဲ့ လူငယ် ၁၄ ယောက်ကို စစ်ဆေးနေတုန်းပါပဲ။ သူတို့ကို ပုဒ်မ ၃၈၂/၁၁၄ နဲ့ အမှုဖွင့်ထားပါတယ်။ အဲဒီထဲမှာ ကျောင်းသားနှစ်ယောက်ပဲ ပါပါတယ်။ အားလုံးကတော့ အသက်နှစ်ဆယ်အောက်တွေပဲ။ အဖွဲ့တွေနဲ့ ဆက်စပ်မှု ရှိမရှိတော့ စစ်ဆေးနေတာ မပေါ်သေးဘူး” ဟု ပြောကြားသည်။

Writer:
အောင်ဟိန်းမင်း (ဖားကန့်)
Eleven Media Group


စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိစဉ်
စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ကူးသန်း ရောင်းဝယ် မှုတွေရဲ့ ဒဏ်ကို ခံနေရတဲ့အတွက် မြန်မာနိုင်ငံ အတွင်းမှာ ရှိနေတဲ့ ယာဘမူး ယစ်ဆေးဝါး ထုတ်လုပ်တဲ့ နေရာတွေကို ဖျက်ဆီးပေးဖို့ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က အောက်တိုဘာလ ၂၉ ရက်နေ့မှာ မြန်မာအစိုး ရကို တောင်းဆိုလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်က သတင်းမီဒီယာ တွေ မှာ ရေးသား ဖော်ပြကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ မူးယစ်ဆေးဝါးတွေကို ထုတ်လုပ်ခြင်း မရှိပေမယ့် လည်း သူ့နိုင်ငံအတွင်းက ပြည်သူ ပြည်သားတွေအနေနဲ့ အိမ်နီး ချင်း နိုင်ငံဘက် ကနေ နယ်စပ်ဖြတ်ကျော် မူးယစ် မောင်ခိုမှုတွေရဲ့ဒဏ်ကို ခံနေကြရတယ်လို့ သီရိလင်္ကာနိုင်ငံမှာ ကျင်းပနေတဲ့ အိန္ဒိယသမုဒ္ဒယာ ၀န်းကျင် နိုင်ငံတွေ က ပြည် ထဲရေးဝန်ကြီးတွေရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ညီလာခံမှာ ဘင်္ဂလားဒေ့ရှ် ပြည် ထဲရေးဝန်ကြီးက အဲဒီလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

မူးယစ် မှောင်ခိုတွေဟာ ယာဘ မူးယစ်ဆေးဝါးတွေကို မြန်မာနယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း စစ်တကောင်းဒေသကို ဖြတ်ကျော် သယ်ဆောင်လာ ကြတယ်လို့ ၀န်ကြီးက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ သုံးစွဲမှုတွေနဲ့ပတ်သက်လို့ လုံးဝ လက်မခံ တဲ့ ပေါ်လစီကို ချမှတ်ကျင့်သုံးနေကြောင်းလည်း ၀န်ကြီးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အရှေ့တောင်ပိုင်း မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ Taknaf ဒေသကနေ မူးယစ်ဆေးဝါးတွေကို အဓိက တင်သွင်းခြင်းဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့က ပြောပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုနှိမ်နင်းရေးအဖွဲ့ရဲ့ အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်၊ Comoros ၊ အိန္ဒိယ ၊ အီရန်၊ Madagascar ၊ မိုဇမ်ဘစ်၊ Seashells နဲ့ တန်ဇန်းနီးယားနိုင်ငံတို့ဟာ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာ ဒီ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ညီလာခံကို ကျင်းပနေတာ ဖြစ်ပါတယ်။

VOA Burmese News


ဇီကာပိုးဖြစ်စေတဲ့ ခြင်
ဇီကာပိုးဖြစ်စေတဲ့ ခြင်

ဇီကာ ကူးစက်ရောဂါ မြန်မာနိုင်ငံမှာ စတင်တွေ့ရှိနေပြီဆိုပေမယ့် လူသေဆုံးတဲ့ အထိ စိုးရိမ်ရတဲ့ အခြေအနေမဟုတ်သလို၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အထိန့် တလန့် ကြောက်ရွံ့နေစရာမလိုဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်ေ နတဲ့ နိုင်ငံခြားသူ အမျိုးသမီးတဦး ဇီကာရောဂါ ကူးစက်ခံရကြောင်း ကျန်းမာရေး ဌာနက အတည်ပြုခဲ့ပြီးနောက် ကိုယ်ဝန်ဆောင်မိခင်တွေကြား စိုးရိမ်မှုကြီး ထွားနေ ချိန်မှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ ဇီကာကူးစက်ရောဂါအန္တရာယ် စိုးရိမ်နေကြတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ ခြင်ကိုက်မခံရအောင် ဂရုစိုက်ကြဖို့ ကျန်းမာရေး အာဏာပိုင်တွေက သတိပေးနှိုးဆော်ထားသလို၊ ဒီ ဇီကာပိုးဟာ လူသေဆုံးတဲ့အထိ စိုးရိမ်ရတာမျိုး မဟုတ်တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အထိန့်တလန့် ကြောက်ရွံ့နေ စရာမလိုဘူးလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာေ အာင်သူက ပြောပါတယ်။

“ ဇီကာရောဂါသည် အခြား မားစ်ရောဂါတို့လို ဆားစ် ရောဂါတို့လိုမျိုး သေဆုံးမှုနှုန်း က Nearly Zero ပါခင်ဗျ။ ကျန်တဲ့ဟာတွေလိုမျိုး မများ ပါဘူးခင်ဗျ။ ဆားစ် ဆိုလို့ရှင် ၁၀% ရှိမယ်ပေါ့နော်၊ နောက် အီဘိုလာဆိုလို့ရှိရင် ၇၀ ကနေ ၈၀% လောက် ရှိ တာပေါ့။ ခု ဇီကာရောဂါကတော့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မရှိပါဘူး။ တကယ်စိုးရိမ်စရာ ရှိတယ်ဆိုတာကလဲ ဒီကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ခဲ့မယ်ဆိုရင် ဦးနှောက် သေးတဲ့ ကလေးလေးတွေ၊ ဦးခေါင်းသေး ကလေးလေးတွေ မွေးဖွားနိုင် တယ်ပေါ့။ အဲဒါကလဲ ဇီကာဗိုင်းရပ်စ်ပိုးရှိတဲ့ ကိုယ်ဝန်ဆောင် တိုင်းမှာ မွေးဖွားတာ မဟုတ်ပါဘူး။ အဲဒီအတွက်ကြောင့် အရမ်းကြီး စိတ်ပူစရာ မလိုပါဘူး၊ အဓိကတော့ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ခြင်ကိုက် မခံရအောင် နေရင် ဒါအကောင်းဆုံးပါပဲ ”

ဒီလိုသတိပေးပြောကြားတာရှိပေးမယ့် စိုးရိမ်စိတ်တွေကတော့ ရှိနေတယ်လို့ ကိုယ်ဝန်ဆောင်မိခင်တဦးဖြစ်တဲ့ ရန်ကုန်မြို့က မဖြိုးဖြိုးအောင်က ပြောပါတယ်။

“ အခုချိန်မှာ ကိုယ်ဝန်ကလဲ ၅ လဆိုတော့ တော်တော်ရင့်နေပြီ ဆိုတဲ့အချိန်ပေါ့နော်။ အဲဒီလို အချိန်မျိုးမှာ ဇီကာဗိုင်းရပ်စ် အကြောင်းကို ကြားရတဲ့ အခါကျတော့ .. ဒါက ကလေးရဲ့ ဘ၀တလျှောက်လုံးနဲ့လည်း တိုက်ရိုက် သက်ဆိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွ က်ကြောင့်၊ ပြီးတော့ ဒါ ကိုယ်ဝန်ဆောင်မိခင်တိုင်း ကလေးတိုင်းမှာ ထိခိုက်နိုင်တဲ့ အနေအထား ရှိတယ်ဆိုတော့ ရေရှည်ဆိုးကျိုး ဖြစ်သွားနိုင်တဲ့ ရောဂါပိုးဆိုတာ သိရ တဲ့အခါကျတော့ ကျမတော်တော်လဲ စိုးရိမ်ပါတယ်။ တော်တော်လဲ ကြောက်ရွံ့ ပါတယ် ”

ကိုယ်ဝန်ဆောင်မိခင်တွေ ခြင်ကိုက်မခံရအောင် ဂရုစိုက်ဖို့ သတိပေးထားပေမယ့် အကယ်၍ ခြင်အကိုက်ခံရရင် ဘယ်လို အကာအကွယ်ပေး မှာလဲဆိုတဲ့ စိုးရိမ်မှုတွေ ကလည်း ရှိနေတာပါ။ ကျန်းမာရေးဌာနက လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီးေ ဒါက်တာအောင်သူက ခုလိုပြော ပါတယ်။

“ အခုလက်ရှိကတော့ ကိုယ်ဝန်ဆောင် မိန်းမတွေ ခြင်ကိုက်မခံရဖို့ရယ် ဒီဇီကာရော ဂါ လက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း၊ အနီစက်ထွက်ခြင်း နောက် မျက်စိနာခြင်း၊ နောက် အာသရိုက်တစ် အရိုးအဆစ် ကိုက်ခဲခြင်းပေါ့ .. အဲလိုမျိုးတွေ ဖြစ်လာမယ်ဆိုရင် လာရောက် သတင်းပေးပို့ ဖို့ပေါ့။ သူတို့ကိုတော့ မီဒီယာကနေတဆင့်တော့ မနေ့ က ပြောကြားလိုက်ပါတယ်။ အဓိက ခြင်နှိမ်နင်းရေး လုပ်ငန်းတွေပေါ့၊ ကိုယ်ဝန်ဆောင် ကတော့ အဓိက ခြင်ကိုက်မခံရဖို့ … ကျနော်တို့ ခြင်နှိမ်နင်းရေး လုပ်ငန်းတွေကို အခုဆောင်ရွက်နေရာ ကနေပြီးတော့ အားဖြည့်ပြီးဆောင် ရွက်နေ ပါတယ် ခင်ဗျ”

အရင်အစိုးရလက်ထက်တွေက ခြင်နှိမ်နင်းရေးတွေ လုပ်ခဲ့တာရှိပေမယ့် ထိရောက်မှု မရှိဘူးလို့ မဖြိုးဖြိုးအောင်က ပြောပါတယ်။

“ အရင်တုန်းကလဲ ခြင်နှိမ်နင်းရေး လုပ်တာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ အစိုးရအဆက်ဆက်ပေါ့ အလုပ်တခု လုပ်တဲ့အခါမှာ အဖြစ်ပဲ.. အလုပ်ဖြစ်ပြီးရော ဆိုတဲ့အခါကျတော့ အဲဒီခြင်နှိမ်နင်းရေး စက်ထဲမှာ ဆေးက အပြည့်အဝ မပါဘူးတို့၊ ခြင်တော့ နှိမ်နင်းတယ် ဒါပေမယ့် ခြင်ပေါက်ဖွားမှုနှုန်း က လျော့မသွားဘူး၊ ခြင်တွေကလဲ လျော့မသွားဘူး။ အဲလိုဖြစ်တာ အရင်တုန်းက ကြုံဖူးတာ ရှိတယ်။ အခုက အသိပညာပေးမှု အပိုင်းမှာလဲ အားနည်းခဲ့တယ်လို့ ကျမမြင်ပါတယ် ”

မြန်မာနိုင်ငံမှာ ခြင်ကြောင့် သွေးလွန်တုတ်ကွေးဖြစ်တာတွေ ခုထိရှိနေတာကြောင့် တိုင်းနဲ့ပြည်နယ်တွေမှာ ခြင်နှိမ်နင်းရေးကို ကျန်းမာရေးဌာနက လုပ်ဆောင်နေေ ကြာင်း ဒေါက်တာအောင်သူကပြောပါတယ်။

ဇီကာဗိုင်းရပ်စ်ပိုး ဖြစ်စေတဲ့ အေးဒီးဇ်ခြင်ကျား အကိုက်ခံရမှာကို အထူးသတိ ထားဖို့ သတိပေးထားပြီး မိမိပတ်ဝန်းကျင်ကရေကြွင်းရေကျန်မှာ ခြင်ကျားတွေ မပေါက်ဖွား ရအောင် “ဖုန်း၊ သွန်၊ လဲ၊ စစ်” ဆိုတဲ့နည်းနဲ့ သန့်ရှင်းရေးလုပ်ဆောင်ကြဖို့ တိုက် တွန်း ထားပါတယ်။ ဒါပေမယ့် ကိုယ်ဆောင်ဆောင် မိခင်တွေရဲ့ စိုးရိမ်မှုကို လျှော့ ချနိုင်ဖို့ ကျန်းမာရေး အသိ ပညာပေးချက်တွေ အခုထက်ပိုလုပ်ပေးသင့်တယ်လို့ ကိုယ်ဝန်ဆောင်မိခင် မဖြိုးဖြိုးအောင်က ထောက်ပြပါတယ်။

“ ခြင်ကိုက် မခံရရုံတင် မဟုတ်ဘူး၊ ကိုယ်ဝန်လအလိုက်ပေါ့ ဘယ်လိုအနေအထား မျိုး ဆိုရင်တော့ ဘယ်လောက်ထိ အန္တရယ်က ပိုကြီးတယ် စသဖြင့် တိတိကျကျ ကျန်းမာရေး ၀န်ကြီးဌာနဖက်က ထုတ်ပြန်ပေးနိုင်လို့ ရှိရင်တော့ မိခင်လောင်းတွေ စိုးရိမ်မှုက အတိုင်းတာ တခုထိ လျှော့ချနိုင် လိမ့်မယ်လို့ မြင်တယ် ”

ဦးနှောက်နဲ့ ဦးခေါင်းသေး ကလေးတွေ မွေးဖွားနိုင်တာကြောင့် ဇီကာပိုးအန္တရာယ် နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၂၈ ရက် နေပြည်တော်မှာ ကျင်းပခဲ့သလို၊ မြန်မာနိုင်ငံ အ၀င်အထွက် ဂိတ်တွေမှာ ဇီကာနဲ့ပတ်သက်ပြီး စောင့် ကြည့်စစ်ဆေးမှုတွေ လုပ်နေပါတယ်။
VOA Burmese News




ပြည်တွင်းစစ်ရပ်စဲရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုနှင့် ငြိမ်းချမ်းရေးတေးဂီတဖျော်ဖြေပွဲကို အောက်တိုဘာ ၂၉ မွန်းလွဲပိုင်းမှစတင်ကာ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးလိုလားသူအများစုက ဆန္ဒပြု လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါပွဲကို လက်ရှိဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်ရေးအတွက် အနုပညာရှင်များနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပန်းခြံတွင်း လာရောက်အပန်းဖြေသူများနှင့် လမ်းသွားလမ်း လာများက ပူးပေါင်းပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။

“တဖက်မှာ ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲတွေ၊ ဆွေးနွေးပွဲတွေ လုပ်နေပေမယ့် တဖက်ကလည်း စစ်ပွဲတွေ ဖြစ်နေတယ်။ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့တဲ့ ဒီစစ်ပွဲကြီးရပ်တန့်ဖို့ အခုလို လှုပ်ရှားမှုကိုလုပ်ရခြင်းဖြစ်တယ်” ဟု ကိုမိုဃ်းသွေး(GW)က ပြောသည်။

အဆိုပါလှုပ်ရှားမှု၏ အဓိကရည်ရွယ်ချက် သုံးခုမှာ ပြည်တွင်းစစ်ပွဲရပ်တန့်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေး၊ စစ်ဘေးဒဏ်သင့်ပြည်သူများအား အစိုးရက ထိရောက်စွာ ကူညီထောက်ပံ့ရေးတို့ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲတွင် စာရေးဆရာ၊ ကဗျာဆရာ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အဆိုတော်များ ပူးပေါင်းပါဝင်ခဲ့ကြပြီး တေးသီချင်းများ သီဆိုခြင်း၊ ကဗျာရွတ်ဖတ်ခြင်းများပြုလုပ်ခဲ့သည်။
နောင်နောင်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ရခိုင်ပြည်နယ် မောင်တောဒေသက မီးလောင် ပျက်ဆီးသွားတဲ့ ကျေးရွာ။ (အောက်တိုဘာ ၂၇၊ ၂၀၁၆)
ရခိုင်ပြည်နယ် မောင်တောဒေသက မီးလောင် ပျက်ဆီးသွားတဲ့ ကျေးရွာ။ (အောက်တိုဘာ ၂၇၊ ၂၀၁၆)

ရခိုင်ပြည်နယ် မောင်တောဒေသတွင်း လုံခြုံရေးတပ်ဖွဲ့တွေ ဆောင်ရွက်နေတဲ့ နယ်မြေရှင်းလင်းမှုတွေမှာ မူဆလင်အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှုတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပါတ်သက်ပြီး အမေရိကန် အစိုးရက စိုးရိမ်စိတ်ပူကြောင်း မြန်မာအစိုးရ ဝန်ကြီးတွေကို တိုက်ရိုက်ပြောဆိုနေ သလို ပွင့်ပွင့်လင်းလင်းနဲ့ တရားဥပဒေနဲ့ အညီဆောင်ရွက်ဖို့နဲ့ သေသေချာချာ စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဌာနက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က လူ့အခွင့်ရေးချိုးဖေါက်မှုတွေ လုပ်နေတာအတွက် ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့ အရေးယူဒဏ်ခတ်မှု အခြေနေနဲ့ ပါတ်သက်ပြီး မေးမြန်းချက်ကိုတော့ အရေးယူဒဏ်ခတ်မှုတွေ လျှော့ချပယ်ဖျက်တာနဲ့ ပါတ်သက်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ရေးတွေ တကယ်လုပ်မလုပ် ဆက်လက် စောင့်ကြည့်နေတာ ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကတော့ ရခိုင်ပြည်နယ်က အခြေနေမှန်ကို သိရဖို့ နိုင်ငံတကာအဖွဲ့တွေ ဝင်ရောက်ခွင့်ပြုဖို့နဲ့ သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောင်းဆိုထားတဲ့ အတိုင်းမြန်မာ အစိုးရက ဆောင်ရွက်နေ ကြောင်း VOA ကို ပြောကြားခဲ့ပါတယ်။

ဒီကိစ္စကို နိုင်ငံခြားရေးဌာနက ကိုင်တွယ်နေကြောင်းနဲ့ လူ့အခွင့်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပါတ်သက်ပြီး ဖိအားပေးမှုတွေ စွပ်စွဲဝေဖန်မှုတွေ လုပ်လာနိုင်တာမို့ ဥပဒေနဲ့ အညီ သတိကြီးကြီးထားပြီး ဆောင်ရွက်နေကြောင်း လည်း ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကလည်း အခုချိန်အထိ မူစလင်ကျေးရွာတွေ ဆီက လူ့အခွင့်ရေး ချိုးဖေါက်မှုနဲ့ ပါတ်သက်ပြီး တိုင်ကြားလာတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပါတ်သက်ပြီး သေသေချာချာ စုံစမ်းစစ်ဆေးဖို့ Amnesty International လူ့အခွင့်ရေးအဖွဲ့ကြီးကသာမက Human Rights Watch အဖွဲ့ကြီးကလည်း ဒီလိုစုံစမ်းစစ်ဆေးရာမှာ ကုလသမဂ္ဂကို ဖိတ်ခေါ်ဖို့ ကြေညာချက်တွေ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
VOA Burmese News


ချီကာဂိုပြည်နယ် O'Hare(အိုဟဲယား)လေဆိပ်ရဲ့ပြေးလမ်းမှာ အမေရိကန် လေကြောင်းလိုင်း တစ်ခုကလေယာဉ်တစ်စီးပျံတက်ချိန် အောက်တိုဘာလ (၂၈)ရက်နေ့က မီးလောင်မှုဖြစ်ပွါး ခဲ့တယ်လို့သိရပါတယ်။

မိုင်ယာမီကိုသွားရောက်မယ့် ဘိုးအင်း 767 လေယာဉ်ဟာ တိုင်ယာလွင့်ထွက်သွားခဲ့ပြီး အင်ဂျင်ထိခိုက် ပျက်စီးခဲ့တာလို့ ဗဟိုမြို့ပြလေကြောင်း အုပ်ချုပ်ရေးဌာန(FAA)က ဆိုပါတယ်။ လေယာဉ်ရဲ့အောက်ပိုင်းကနေမီးခိုးတွေထွက်ပေါ်လာတာကြောင့် လေယာဉ်မှူးဟာ လေယာဉ်ပျံတက်ဖို့ လုပ်ဆောင်နေမှုကို ဖျက်သိမ်းခဲ့ပြီးအရေးပေါ်လျှောပေါက်ကတစ်ဆင့် ခရီးသည်တွေကို ဘေးကင်းရာရွှေ့ပြောင်းပေးခဲ့တာဖြစ်ပါတယ်။

ဒီမတော်တဆမှုကြောင့် လူအယောက်(၂၀)ခန့်ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွါးချိန်လေယာဉ်ပေါ်မှာအမှုထမ်း(၉)ဦးနဲ့ ခရီးသည်(၁၆၁)ဦးတို့ရှိနေခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb


FBI အဖွဲ့ရဲ့ ထုတ်ပြန် ကြေငြာ ချက် နဲ့ ပတ်သက်ပြီး မိမိ ကိုယ်ကိုကိုယ် ယုံကြည်မှု အပြည့် ရှိကြောင်း ဟီလာရီ ကလင်တန်က ပြော
အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပ ဖို့ ၁၁ ရက်ပဲ ကျန်တော့တဲ့ အချိန်မှာ ဟီလာရီ ကလင်တန် ရဲ့ ကိုယ်ပိုင် ဆာဗာ နဲ့ အီးမေးလ် အသုံးပြုခဲ့မှု ကို ပြန်လည် စစ်ဆေး မယ်လို့ ထောက်လှမ်းရေး ဗျူရို FBI အဖွဲ့ကြီး က ကြေညာလိုက်ပါတယ်။

အရင်တုန်းက အမှုစစ်ဆေးစဉ်မှာ မတွေ့ခဲ့ရတဲ့ အီးမေးလ် အသစ် တွေကို ရှာဖွေ တွေ့ ရှိခဲ့ပြီး အဲဒီ အထဲမှာ အရေးကြီး သတင်း အချက်အလက် တွေ ပါ မပါ ဆိုတာ ကို စစ်ဆေးမှာ ဖြစ်ကြောင်း FBI ဒါရိုက်တာ ဂျိမ်းစ် ကိုမီ က ပြောပါတယ်။

FBI အဖွဲ့ရဲ့ ထုတ်ပြန် ကြေငြာ ချက် နဲ့ ပတ်သက်ပြီး မိမိ ကိုယ်ကိုကိုယ် ယုံကြည်မှု အပြည့် ရှိကြောင်း ဟီလာရီ ကလင်တန်က ပြောပါတယ်။

အမေရိကန် ပြည်သူတွေ ဟာ အသေးစိတ် အချက်အလက်တွေကို သိနိုင်ဖို့ အခွင့်အရေး ရှိတာကြောင့် အချက် အလက်တွေကို အမြန်ဆုံး ထုတ်ပြန်ပေး ဖို့ ဒီမိုကရက် ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်က တောင်းဆို ခဲ့ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ဌာနဘက်ကလည်း ဟီလာရီ ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် စဉ်မှာ အသုံးပြုခဲ့တဲ့ အီးမေးလ် တွေ ဟုတ် မဟုတ် ဆိုတာ စစ်ဆေး နိုင်ဖို့ FBI နဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက် သွားမယ် လို့ ဆိုပါတယ်။

ဟီလာရီ ကလင်တန် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့စဉ် က ကိုယ်ပိုင် အီးမေးလ် ဆာဗာ အသုံးပြုခဲ့မှု နဲ့ ပတ်သက်ပြီး အမှားအယွင်း တစ်စုံ တစ်ရာ မရှိကြောင်း FBI ဟာ အရင်က ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

ကလင်တန်ရဲ့ ပြိုင်ဘက် ဒေါ်နယ် ထရမ့် ကတော့ FBI ရဲ့ အမှုကို ပြန်လည် စစ်ဆေး မယ် ဆိုတဲ့ ကြေညာချက်ကို ထောက်ခံ ခဲ့ပြီး ကလင်တန် ရဲ့ ဥပဒေ ဖောက်ဖျက်မှု တွေ အိမ်ဖြူတော် မရောက်စေရေး အတွက် သူ့ကိုယ်သာ မဲပေး ကြဖို့ ထောက်ခံ သူ တွေကို ပြောကြား ခဲ့ပါတယ်။

မစ္စ ကလင်တန် ကို ထောက်ခံ ကြသူတွေ ဘက်ကတော့ ဒီအရေး ကို ဘယ်လို တုန့်ပြန်မလဲ ဆိုတာ အသည်းအသန် စဉ်းစားကြရတော့မှာပါ။

လောလောဆယ် ရွေးကောက်ပွဲ အကြိုစစ်တမ်း တွေမှာ ပြိုင်ဘက် ဒေါ်နယ် ထရမ့် ထက် မဲ အသာ ရနေသလို ရှိပေမယ့်လည်း အခု ကိစ္စကြောင့် တခြား သမ္မတလောင်းတွေဆီကို မဲတွေ ပြန့်သွားရင် အကြိတ် အနယ် ရှိလာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်နေပါတယ်။

BBC Burmese
http://www.bbc.com/burmese



UWSA မှ ကိုယ်စားလှယ် ဦးပေါက်ယိုလျှံ
အောက်တိုဘာ ၂၈ ရက် ၂၀၁၆

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားနယ်မြေအတွင်း ဝ တပ်ဖွဲ့များ ကျူးကျော်တပ် စခန်း ချ သည့်နောက် ပြဿနာ တနေ့တခြားကြီးထွားလာမှုအား ဖြေရှင်းနိုင်ရန် တရုတ်အစိုးရ ကိုယ်စားလှယ် ကြားဝင် ဆွေးနွေး ပေးနေသည်ဟု သိရသည်။

တရုတ်အရာ ရှိအဖွဲ့တို့မှ ခေါ်ယူမှုကြောင့် အောက်တိုဘာ ၂၈ ရက် နံနက် ပိုင်းက ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်တော် UWSA မှ ကိုယ်စားလှယ် ဦးပေါက်ယိုလျှံ နှင့် အမျိုး သားဒီမိုကရက်တစ်တပ်မတော် NDAA (မိုင်းလား)မှ ဦးခမ်းမောင် တို့အားကိုယ်စားလှယ်အဖြစ်စေလွှတ်ကာ ယူနန်ပြည်နယ် လန်ချန်း ခရိုင် စီးမောဝ့်မြို့တွင် တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

“ ကျနော်တို့ ဝ ကတော့ ပန်ဆန်းကနေ သွားရင်လဲ ခဏလေးရယ်၊ မိုင်းလားတော့ နည်းနည်း ဝေးတယ်။ အဓိက မိုင်းလား နယ်မြေဘက်မှာ အစိုးရတပ်မတော် ကြားဝင်စွက်ဖက်လာမှု ကြောင့် ပြဿနာပိုကြီးလာနေတယ်။ ဒါကို တရုတ်က စိုးရိမ်လို့ လို့ဘဲထင်တယ်။ လောလောဆယ်တော့” ဟု မိုင်းလားဒေသရောက် ၀ အရာရှိတဦးက ပြောသည်။


ထို့အတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး ဖှန် ဖဲန်ဟွေး ၏ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံသို့ရောက်ရှိနေချိန် ဖြစ်သည်။

“အောက်တို ၂၅-၂၆ တုန်းက ၀ ခေါင်းဆောင်တွေကို မိုင်းလားတပ်မှူးတွေက သွားတွေ့တယ်။ ဝ ဘက် က ပြောလာတာက အခု မိုင်းလားနယ်မြေကို လုယူနေတာမဟုတ်ဘူး။ စိတ်ချ၊ ခင်ဗျားတို့ နယ်မြေ မယူ ဘူး။ လိုအပ်လို့ တပ်ယာယီသွားချထားတာဘဲဖြစ်တယ်။ ဒါကျနော်တို့အတွက်ထက် ခင်ဗျား တို့ အတွက် လဲ လုပ်ပေးနေတာ - လို့ဘဲပြောလာတယ်။ တွေ့ဆုံမှုက မအောင်လို့ အခု တရုတ်က ကြား ဝင်ဖြန်ဖြေပေးတဲ့ ပုံစံ ရောက်လာတာ” - ဟု မိုင်းလားခေါင်းဆောင် နှင့် ၀ ခေါင်းဆောင်များ အား ရင်းနီးဝင်ဆန့်သူ သျှမ်းတော်လှန်ရေး သမားဟောင်း တဦး ပြောသည်။

၂၀၁၆ စက်တင်ဘာ ၂၈ ရက်နေ့က အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့နယ်မြေ အတွင်း အထူးဒေသ နှင့် ၀ တပ်ဖွဲ့မှ လူသူလက်နက်အင်အား ၁၀၀၀ ခန့် အင်အားဖြည့်ကာ ၎င်းတို့၏ မဟာမိတ်ဖြစ်သည့် မိုင်းလား တပ်ဖွဲ့၏ တပ်စခန်း ဂိတ်စခန်း စုစုပေါင်း ၅ ခု ထက်မနည်းသိမ်းယူလိုက်သည်။ ထိုအခြေအနေကို အစိုးရတပ်မတော်က ၀တပ်ဖွဲ့များအား မိုင်းလားနယ်မြေမှ အောက်တိုဘာ ၂၄ ရက်နောက်ဆုံးထားပြီး တပ်ဆုတ်ပြန်ရန် ညွှန်ကြားလိုက်သည့်အပေါ် ၀ တပ်ဖွဲ့ဘက်က ယနေ့ တိုင် လက်မခံခဲ့ပေ။ ဒီ့အတွက် နှစ်ဘက် စစ်ရေးအပြိုင်အဆိုင် ပြင်ဆင်မှုများဖြစ်ပွားလာသည့်အတွက် မိုင်းယန်း၊ မိုင်းခတ်၊ ကျိုင်းတုံ၊ မိုင်းယန်းဒေသခံများက စစ်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။ ဒေသခံအချို့က နေရပ်မှ စွန့်ခွါမှုများလည်းရှိသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/


နိရဉ္စရာ၊ အောက်တိုဘာ ၂၉

ဘင်္ဂလာဒေ့ရှ် ရဲတပ်ဖွဲ့မှ တရားမ၀င် အကြမ်းဖက်အဖွဲ့ - ဟာကတူရ် ဂျီဟဒ် အယ်လ် အစ္စလာမ်မီ ဘင်္ဂလာဒေ့ရှ် (ဟူဂျီ-ဘီ) - Harkatul Jihad al Islami, Bangladesh (Huji-B) အဖွဲ့ဝင်ဟု သံသယရှိသူ ၄ ဦးကို ဓါတ်ဆီဗုံး ၁၄ လုံး၊ အကြမ်းပြုလုပ်ထား ဗုံးလေးလုံးတို့နှင့် အတူ လွန်ခဲ့သော ကြာသပတေးနေ့က ဖမ်းဆီးမိသည်ဟု သိရသည်။

ဖမ်းဆီးခံရသူများမှာ ရှာဟိန်းဒူလာ (Shahidullah) (၄၃) နှစ်၊ အာမီနှုရ်ဟုတ် (Aminul Haq) (၄၉) နှစ်၊ ကိုင်ရုလ်အစ္စလာမ် (Khairul Islam) (၂၆)နှစ်နှင့် ဂိုလန် ကီဘာရီယာ ခန် (Golam Kibria Khan) (၂၅) နှစ်တို့ ဖြစ်ကြပြီး သူတို့အား ဂါဇီပူရ် မြို့နယ် Joydevpur တောထဲရှိ လူသူမရှိသော တဲအိမ်တစ်ခုကို ရဲတပ်ဖွဲ့မှ ၀င်ရောက်စီးနင်းစဉ် ဖမ်းဆီးမိကြောင်း ဂါဇီပူရ် ရဲဌာနမှ ရဲမှူး Harun-or-Rashid ပြောကြားသည်။

ဂါဇီပူရ် ရဲတပ်ဖွဲ့မှ သတင်းစာရှင်းလင်းပွဲတစ်ခုအား ၎င်းတို့ရုံးခန်းတွင် ပြုလုပ်ရာ ဖမ်းမိသောလေးဦး အထဲမှ ရှာဟိန်းဒူလာဆိုသူသည် ရခိုင်ပြည်နယ်သို့ အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရန် သွားရောက်ခဲ့သူ ဖြစ်ကြောင်း ကနဦး စစ်ဆေးမေးမြန်းစဉ် ၀န်ခံပြောကြားသည်ဟု ဆိုသည်။

သတင်းထောက်များက ရခိုင်ပြည်နယ်တွင် ရက်ပေါင်းမည်မျှ နေထိုင်ခဲ့ပါသလဲဟု ရဲမှူး Harun-or-Rashid မေးမြန်းရာ ဖမ်းဆီးခံထားရသူ ရှာဟိန်းဒူလာက တစ်ခါ မေးမြန်းစဉ် သုံးလဟုလည်း ပြောကြောင်း၊ နောက်တစ်ခါ ခြောက်လဟုလည်း ပြောကြောင်း၊ ဖြေကြားမှုမှာ ကွဲပြားမှုများရှိနေကြောင်း၊ အသေအချာ စစ်ဆေးမေးမြန်းပြီမှ သိရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဖမ်းဆီးခံရသူ လေးဦးသည် ဘင်္ဂလာဒေ့ရှ် လက်ရှိ အစိုးရအား အကြည်အညိုပျက်စေသည့် လုပ်ရပ်များကို ဆောင်ရွက်ရန် စီစဉ်နေသူများ ဖြစ်ပြီး လေးဦးထဲမှ ကိုင်ရုလ်အစ္စလာမ် (၂၆)နှစ်နှင့် ဂိုလန် ကီဘာရီယာ ခန် (၂၅) နှစ်တို့မှာ ဂါဇီပူရ်ရှိ အစ္စလာမ်မစ် နည်းပညာ တက္ကသိုလ်မှ ကျောင်းသားများ ဖြစ်ကြသည်ဟု ဆိုသည်။

သူတို့နှစ်ဦးသည် ပေါက်ကွဲစေတတ်သော ဗုံးများကို ပြုလုပ်လေ့ရှိသည်ဟု ဘင်္ဂလာရဲက ပြောသည်။

(Source: The Daily Star)
Narinjara
https://www.facebook.com/Narinjara



(ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် ကို တွေ့ရစဉ်) Photo: RFA
ဗိုလ်ချုပ်ဟောင်း ဦးနေဝင်းရဲ့ မြေးနှစ်ဦးဖြစ်တဲ့ ဦးဇွဲနေဝင်းနဲ့ ဦးကျော်နေဝင်းတို့ဟာ ရှမ်းပြည်နယ် မူဆယ်မြို့မှာ လေယာဉ်ကွင်းတည်ဆောက်လိုကြောင်းနဲ့ ဆိုလာစနစ်နဲ့ လျှပ်စစ်ဖြန့်ဝေရေး လုပ်ငန်းတွေ ဆောင်ရွက်လိုကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က တောင်ကြီးမြို့မှာရှိတဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးကို လာပြီး တင်ပြခဲ့တာဖြစ်တယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။

"လေယာဉ်ကွင်း မူဆယ်မှာတည်ဆောက်ဖို့ကိစ္စကို လာရောက်တင်ပြတာပေါ့နော်၊ နောက်သူတို့ လက်ရှိ ဘာလုပ်ငန်းတွေ လုပ်ကိုင်နေတယ်ဆိုတာကိုလည်း ရှင်းလင်းတင်ပြတယ်၊ သူတို့ကတော့ လုပ်ချင်တယ်ပဲ ပြောမှာပေါ့၊ ဒီဘက်က သုံးသပ်ပေးရမှာက စီမံကိန်းတစ်ခုရဲ့ ရည်ရွယ်ချက်ရှိရမယ်၊ အကျိုးအမြတ်တွေရှိရမယ်၊ နောက်ပြီးတော့ impact area တွေ ဘယ်လောက်သွားမလဲ အဲဒါတွေ အကုန်လုံးတွက်ချက်ရမယ်၊ နောက် investor တွေက ဘယ်သူတွေလဲ၊ နောက်ပြီးတော့ ငွေရေး ကြေးရေးက ဘယ်ကလာလဲ၊ အဲဒါတွေကို သေချာတွက်ချက်ပြီးတော့မှ လုပ်ရတာလေ၊ အလုပ်တစ်ခုက အင်းအင်း အင်းအင်း ဆိုပြီးတော့ ဇွတ်လက်မှတ်ထိုးလို့မရဘူးလေ"

ရှမ်းပြည်နယ် မူဆယ်မြို့မှာ လေယာဉ်ကွင်းတည်ဆောက်ဖို့အတွက် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဦးစိုင်းအိုက်ပေါင်းရဲ့ ရွှေရှမ်းပြည်ကုမ္ပဏီ တို့ကလည်း တင်ပြထားတယ်လို့ ပြောပါတယ်။

လတ်တလောမှာ မူဆယ်မြို့နယ်အတွင်း လေယာဉ်ကွင်း တည်ဆောက်ဖို့ လေကြောင်းဦးစီးဌာနမှာ အစီအစဉ်မရှိသေးကြောင်း၊ စီမံကိန်းအကြီးစားတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့သာ ခွင့်ပြုရတာဖြစ်ကြောင်း၊ လုပ်ငန်းဖြစ်နိုင်ခြေနဲ့ ဒေသခံတွေရဲ့ အမြင်သဘောထားကိုသာ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရထံ တင်ပြရတာဖြစ်ကြောင်း ပြန်လည်ရှင်းပြ ခဲ့တယ်လို့လည်း ပြောပါတယ်။

မူဆယ်မြို့ဟာ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တာကြောင့် လေယာဉ်ကွင်းတည်ဆောက်မယ်ဆိုရင် စစ်ရေးနဲ့ ကာကွယ်ရေး သဘောထားအမြင်တွေ လိုအပ်တာကြောင့် တပ်မတော်တာဝန်ရှိသူတွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


ပြီးခဲ့တဲ့နှစ်လအတွင်း တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးကတဆင့် တရုတ်နိုင်ငံဘက် တရားမဝင်သယ်ယူမယ့် ကျောက်စိမ်း အရိုင်းတုံးတန်ချိန် ၅ဝ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သယ်ယူမှုမှာ ပါဝင်ပတ်သက်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို အရေးယူဖို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က စိစစ်နေပါတယ်။

တရားမဝင်ကျောက်စိမ်းသယ်ယူမှုမှာ ပါဝင်ပတ်သက်တဲ့ ဌာနဆိုင်ရာဝန်ထမ်းအားလုံးကို ဥပဒေအတိုင်း အရေးယူသွားမှာဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝေလင်း က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်လအတွင်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကနေတဆင့် ကျောက်စိမ်းအရိုင်းတုံးတွေကို တရုတ်ပြည်ဘက် သယ်ယူဖို့ကြိုးစားချိန်မှာ လေးကြိမ်ဖမ်းဆီးရမိခဲ့တဲ့ တန်ချိန် စုစုပေါင်း ၅ဝကျော် ရှိတာဖြစ် ပါတယ်။ လတ်တလောမှာ ယာဉ်မောင်းသမားတွေကို ဖမ်းဆီးထားပြီး ပိုင်ရှင်တွေက လွတ်မြောက်နေ ဆဲဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့က တရုတ်နိုင်ငံဘက်တရားမဝင် တင်ပို့မယ့် ကျောက်စိမ်း တန်ချိန်လေးဆယ်ကျော်ကို ဖမ်းဆီးရမိမှုဟာ အများဆုံးဖြစ်ပါတယ်။

အဲဒီလို ဖမ်းမိနိုင်ဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ်ရဲ့ လုံခြုံရေးခေါင်းဆောင် ရဲအုပ်နဲ့အဖွဲ့ဟာ လျှို့ဝှက်သတင်းရယူပြီး ဝိုင်းမော်မြို့နယ်နဲ့ ပြည်နယ်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးက ဖားကန့် ကနေ မြစ်ကြီးနားဘက် ကျောက်စိမ်းအရိုင်းတုံးသယ်ယူဖို့ ကုမ္ပဏီတချို့ကို ဝန်ကြီးချုပ် ကိုယ်စားလက်မှတ်ရေး ထိုးပြီး ခွင့်ပြုပေးခဲ့တယ်လို့ အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ ယာဉ်စက်ယန္တရားတွေ တရားမဝင်သယ်ယူရာမှာ ပါဝင်ပတ်သက်လို့ဆိုပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိတစ်ဦးကို ရာထူးကနေ ဖယ်ရှားခဲ့ဖူးပါတယ်။

RFA Burmese
http://www.rfa.org/burmese


မောင်တော ၊ အောက်တိုဘာ ၂၉

အကြမ်းဖက်မှုဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မိမိဒေသကို ကာကွယ်လိုသော တိုင်းရင်းသား လူငယ်များကို ဒေသန္တရရဲတပ်ဖွဲ့ဝင်များ အဖြစ် ဖွဲ့စည်းတာဝန်ပေးသွားမည် ဖြစ်ကြောင်း အမှတ်( ၁ )နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောသည်။

အောက်တိုဘာလ ၂၇ ၊ ၂၈ ၊ ၂၉ ရက်နေ့ ၀န်ကြီးချုပ်ဦးညီပု ဦးဆောင်သော အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့်နယ်ခြားစောင့်ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်တို့ သည် မောင်တောမြို့နယ်အတွင်း ကျီးကန်ပြင်ဌာနချုပ် ၊ ငခူရ ၊တောင်ပြိုလက်ဝဲ ၊ ကြိမ်ချောင်း ၊ ဖားဝပ်ချောင်း ၊ မောရ၀တီ စသည့် ဒေသများသို့သွားရောက်ပြီး ဒေသခံများနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/


မြန်မာ့ကျောက်စိမ်းဈေးကွက်ကျဆင်းမှုကြောင့် ကျောက်မျက်ဌာနအကြီးအကဲဝန်ထမ်းများပြောင်းလဲပေးရန်နင့်အကန့်အသတ်မရှိကျာက်စိမ်းတူးဖေါ်မှုများဖြေရှင်းပေးရန် မန္တလေးကျောက်သမားများက အောက်တိုဘာ ၂၉ ရက်နေ့နံနက် ၉ နာရီကဆန္ဒထုတ်ဖေါ်ကြသည်။

"ကျောက်မျက်အတွင်းဝန် ညွှန်မှူး တွေကို ပြောင်းပေးဖို့ တောင်းဆိုတယ်။ဈေးကွက်ပျက်တော့ ကျောက်နဲ့အသက်မွေးသူတွေ ဒုက္ခရောက်တာ ၃နစ်လောက်ရှိပြီ။"ဟု ဦးဆောင်သူဦးသန်းဝင်းကပြော သည်။

တူးဖေါ်ရေးယာယီရပ်ဆိုင်းရန် ဒုတိယအကြိမ်ပြင်ဆင်သည့် ကျောက်မျက်ဥပဒေဖျက် သိမ်းပေးရန် တရားမဝင်ပြည်ပတင်ပို့မှုပိတ်ပေးရန် ကျောက်မျက်အတွင်းဝန်နင့်ညွှန်မှူး ညွှန်ချုပ်ပြောင်းပေးရန် အစိုးရနှင့်ပြည်သူသွေး ခွဲသူတို့ရန်သတို့ဖြင့်ကြွေးကြော်ကာ လမ်း လျှောက်ဆန္ဒထုတ်ဖေါ်ကြသည်။

ဖားကန့် ခန္တီးစသည့် ကျောက်စိမ်းထွက်ရာဒေသ များတွင် စက်ယန္တရားကြီးများဖြင့်အကန့်အသတ်မရှိတူးဖေါ်ကာ နယ်စပ်လမ်းကြောင်းမှတဆင့် ပြည်ပသို့ တရားမဝင်တင်ပို့မှုများက ကျောက်စိမ်းဈေးကွက်ထိခိုက်သည့်အပြင် နိုင်ငံတော်အခွန်ငွေဆုံးရှုံးသည်ဟုဆိုသည်။

ခိုင်ဆက်ဝေ/စိုင်းထူးခန့်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/


တိုက်ကြီးမြို့နယ် တိုးဂိတ်အဝင်မှာ အောက်တိုဘာ(၂၈)ရက်က တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး၊တိုက်ကြီးမြို့မရဲစခန်းမှူးနဲ့တပ်ဖွဲ့ဝင်တွေ၊မူးယစ်တပ်ဖွဲ့စု(၄၀)မှတပ်ဖွဲ့ဝင် တွေ၊ရပ်ကွက်အုပ်ချူပ်ရေးမှူးနဲ့အဖွဲဝင်တွေကယာဉ်ပိတ်ဆို့စစ်ဆေးမှုပြုလုပ်စဉ်ည(၁၁)နာရီ(၁၀)မိနစ်ခန့်က ရန်ကုန်-ပြည်ကားလမ်းအတိုင်း ပြည်မြို့ကနေ ရန်ကုန်မြို့ကို မောင်းနှင် လာတဲ့LAND CRUISERအဖြူရောင် ယာဉ်ပေါ်မှ ကျည်အပြည့်ဖြည့်ထားတဲ့ ပစ္စတိုသေနတ် တစ်လက်နဲ့အတူလူတစ်ဦးကိုရှာဖွေဖမ်းဆီးရမိတယ်လို့တိုက်ကြီးမြို့မရဲစခန်းကနေသိရပါ တယ်။

အဲဒီယာဉ်ကိုယာဉ်မောင်း နေအောင်(ခ)ဖိုးသားကြီး မောင်းနှင်လာတာဖြစ်ပြီး ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းရဲ့ဝဲဘက် ရှေ့ထိုင်ခုံ(၂)ခုကြားရှိ တူးဘောက်အတွင်းမှ U.S.ARMY ထုတ် စတီးနဲ့ပြုလုပ်ထားတဲ့ လေပစ္စတိုသေနတ်(၁)လက်၊ အနက်ရောင်ကျည်အိမ်(၁)ခု၊ ကျည်အိမ်အတွင်းထည့်သွင်းထားရှိတဲ့စတီးဘောစိ(၂၁)လုံးတို့ကိုရှာဖွေစစ်ဆေးတွေ့ရှိတာဖြစ်ကြောင်းသိရပါတယ်။

အဲဒီသေနတ်ကိုသယ်ဆောင်လာသူ ပြည်မြို့ ဆံတော်ရှင်ရပ်ကွက်နေ နေအောင်(ခ)ဖိုးသားကြီး (ဘ)ဦးလှမိုးအသက်(၃၅-နှစ်)ကို တိုက်ကြီးမြို့မရဲစခန်းက (ပ)၃၉၁/၁၆၊ လက်နက်ဥပဒေ ပုဒ်မ.၁၉(စ)နဲ့ အရေးယူဆောင်ရွက် ထားကြောင်းသိရပါတယ်။ ဒီသတင်းကို တင်ဝင်းနိုင် (တိုက်ကြီး) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb



သမ္မတလောင်း ဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်
ဒေါ်နယ်ထရမ့်ဟာ သမ္မတလောင်း အဖြစ် မရောက်ခင် ကတည်းက အမေရိကန်ရဲ့ စိတ်ဝင်စား စရာ အကြောင်းတွေနဲ့ ပြည့်လျှံနေတဲ့ အကျော်ကြားဆုံး ကုဋေကြွယ် သူဌေး တစ်ယောက်ပါ။

သမ္မတ အနေနဲ့ ဝင် အရွေးခံမယ် ဆိုပြီး နိုင်ငံရေးထဲ ဝင်လာတော့ အောင်မြင်မှာ မဟုတ်ပါဘူး ဆိုပြီး ယူဆ ခံခဲ့ရတဲ့ ထရမ့်ဟာ အခုတော့ ရီပတ်ပလစ်ကင် ပါတီကို ကိုယ်စားပြုတဲ့ သမ္မတလောင်း အဖြစ် အိမ်ဖြူတော်နဲ့ လက်တကမ်း အလိုထိ ရောက်လာ ခဲ့ပါပြီ။

သူ့ရဲ့ အငြင်းပွားဖွယ် လူဝင်မှု ဆိုင်ရာ မူဝါဒ သဘောထား တွေနဲ့ အပြောအဆို ရဲတင်း ကြမ်းတမ်းတဲ့ မဲဆွယ် စကားတွေကြောင့် သာ မကပဲ နာမည်ကြီး သူဌေးဘဝ နောက်ကြောင်းတုန်းက အကြောင်းအရာ တွေကြောင့်လည်း ထရမ့်အပေါ် သမ္မတလောင်း တစ်ယောက် အဖြစ် ကိုးစားဖို့ မယုံမရဲ ဖြစ်နေကြပါတယ်။

လက်ရှိ သမ္မတ အိုဘားမား အပေါ် အမေရိကန် မဟုတ်ပဲ သမ္မတ ဖြစ်လာသူ ဆိုပြီး အမြဲ စွပ်စွဲ လေ့ ရှိခဲ့တဲ့ ထရမ့်ဟာ အဆုံးမှာတော့ အိုဘာမားဟာ အမေရိကန် ဖွားတစ်ယောက် ဖြစ်တယ် ဆိုတဲ့ အချက်အပေါ် ဝန်ခံ ခဲ့ပေမယ့်လည်း သူ ပြောဆို ခဲ့တာတွေ အတွက်တော့ တောင်းပန် စကား ပြောသူ မဟုတ်ပါဘူး။
ပင်ဆယ်ဗေးနီးယား တက္ကသိုလ် အောက်က ဝါတန်ကျောင်း မှာ တက်ခဲ့ ငယ်ဘဝ
မစ္စတာ ထရမ့်ဟာ နယူးယောက်မြို့ အိမ်ခြံမြေ သူဌေး ဖရက်ဒ် ထရမ့် ရဲ့ လေးယောက်မြောက် သားပါ။ သူဌေးသားပေမယ့် အဖေ့ ကုမ္ပဏီမှာ အောက်ခြေကစ အလုပ် လုပ်ခဲ့ရသလို၊ ၁၃ နှစ်သား မှာတော့ အရပ်ဘက် စာသင်ကျောင်းမှာ စည်းကမ်းပျက်လာတဲ့ ထရမ့်ဟာ နယူးယောက် စစ် အကယ်ဒမီကျောင်းကို အပို့ ခံရပါတယ်။

တက္ကသိုလ် အနေနဲ့ကတော့ ပင်ဆယ်ဗေးနီးယား တက္ကသိုလ် အောက်က ဝါတန်ကျောင်း မှာ တက်ခဲ့ပါတယ်။ အစ်ကို ဖြစ်သူက လေယာဉ်မှုး လုပ်မယ် ဆိုပြီး ဘဝလမ်းကို ရွေးချယ် သွားတော့ ထရမ့်ပဲ ဖခင်ရဲ့ ကုမ္ပဏီကို ဆက်ခံရမယ့်သူ ဖြစ်လာပါတယ်။

ထရမ့်ဟာ ဖခင် ဖြစ်သူရဲ့ ကုမ္ပဏီ လုပ်ငန်းတွေကို တိုးချဲ့ပြီး နယူးယောက် မြို့တော် တခွင် အိမ်ရာ စီမံကိန်း တွေ လုပ်ကိုင်ရင်း ကုမ္ပဏီ တစ်ခုလုံးကို ထိန်းချုပ် နိုင်ခဲ့တဲ့နောက် ၁၉၇၁ မှာတော့ ကုမ္ပဏီကို ထရမ့် လုပ်ငန်း အဖွဲ့ Trump Organization ရယ်လို့ နာမည် ပြောင်းလိုက် ပါတော့တယ်။

ဖခင် ဖြစ်သူ ၁၉၉၉ မှာ ကွယ်လွန်တော့ ထရမ့်က "အဖေဟာ ကျွန်တော် အတုယူ အားကျရသူပဲ" လို့ ဆိုပါတယ်။
 ပြိုင်ပွဲတွေကို ထရမ့်က ထုတ်လုပ် ခဲ့ ဩဇာကြီး သူဌေးဘဝ တက်လှမ်းပြီ
နယူးယောက်ရဲ့ ဘရွတ်ကလင်နဲ့ ကွင်းစ် အရပ်တွေမှာ အခြေချ လုပ်ကိုင်နေတဲ့ ဖခင် ဖြစ်သူရဲ့ အိမ်ခြံမြေ စီးပွားရေးကို အကောင်းဆုံး ရပ်ကွက်ဖြစ်တဲ့ မက်ဟန်တန် အထိ ထရမ့်က တိုးချဲ့ ပါတယ်။ ပျက်စီး ယိုယွင်းနေတဲ့ ကွန်မွန်ဒေါ ဟိုတယ်ကို ဖြိုချပြီး ဂရင်း ဟိုက်ရတ် ခေတ်မီ ဟိုတယ်ကြီး အဖြစ် ပြောင်းခဲ့တာ ထရမ့်ရဲ့ အောင်မြင်တဲ့ မက်ဟန်တန် စီမံကိန်း တစ်ခုပါပဲ။

နယူးယောက်ရဲ့ နာမည်ကျော် ပဉ္စမမြောက် လမ်း Fifth Avenue မှာ ရှိတဲ့ ၆၈ ထပ်မြင့်တဲ့ ထရမ့်တာဝါ ကြီးကတော့ ထရမ့်ပိုင် အဆောက်အဦထဲ အကျော်ကြားဆုံး ဖြစ်ပါတယ်။ ထရမ့်တာဝါ အဆောက်အဦကြီးလိုပဲ ထရမ့်ဟာ သူ့နာမည် အတိုင်း လိုက်လံမှည့်ခေါ်တဲ့ တခြား နာမည်ကျော် အဆောက်အဦတွေ အများအပြားလည်း (ဥပမာ- ထရမ့်ပဲလေ့စ်၊ ထရမ့် ဝါးလ်ဒ်တာဝါ၊ ထရမ့် အင်တာနေရှင်နယ် ဟိုတယ် အစရှိသဖြင့်) ဆောက်လုပ် ပိုင်ဆိုင် ပါတယ်။

ထရမ့်တာဝါ တွေဟာ နယူးယောက် မှာတင် မက၊ မွန်လိုင်း၊ အစ္စတန်ဘူလ် နဲ့ မနီလာတို့လို ကမ္ဘာအနှံ့ မြို့ကြီးတွေမှာ ရှိပါတယ်။

ဟိုတယ်တွေ၊ ကာစီနို လောင်းကစားရုံတွေ တည်ဆောက် တိုးချဲ့ရင်း စီးပွားရေး လက်တံရှည် လာခဲ့တဲ့ ထရမ့်ဟာ သူ့ စီးပွားရေး သက်တမ်း တလျှောက် ဒေဝါလီ ခံတယ်လို့ ခေါ်တဲ့ စီးပွားပျက် စာရင်း ၄ ကြိမ် တင်သွင်း ခဲ့ရပါတယ်။ စီးပွားရေး လုပ်ငန်းတွေ အတွက် သက်သက်ပဲ ဒေဝါလီ ခံတာ ဖြစ်ပြီး သူ့ ပုဂ္ဂလိက လူမွဲစာရင်း ကြေညာတာတော့ မဟုတ် ပါဘူး။

အိမ်ခြံမြေ စီးပွားရေး ကနေ ဖျော်ဖြေရေး လုပ်ငန်းတွေဘက်လည်း ထရမ့်တစ်ယောက် ခြေလှမ်း လာခဲ့ပါတယ်။ ၁၉၉၆ ကနေ ၂၀၁၅ အထိ မယ်စကြဝဠာ၊ မစ္စ ယူအက်စ်အေနဲ့ ဆယ်ကျော်သက် အမေရိကန်မယ် ပြိုင်ပွဲတွေဟာ ထရမ့် ပိုင်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေ ဖြစ်ပါတယ်။

အမေရိကန် ရုပ်သံလိုင်း NBC က ထုတ်လွှင့်တဲ့ စီးပွားရေး ဆိုင်ရာ ကျွမ်းကျင်မှုတွေ ယှဉ်ပြိုင်ရတဲ့ ရီရယ်လတီ ရှိုး တစ်ခု ဖြစ်တဲ့ The Apprentice ပြိုင်ပွဲတွေကို ထရမ့်က ထုတ်လုပ် ခဲ့တာ ဖြစ်ပြီး၊ သူကိုယ်တိုင် အဲဒီ့ ရုပ်သံကဏ္ဍထဲမှာ ၁၄ နှစ်တိုင်တိုင် ပါဝင် တင်ဆက် ခဲ့ပါတယ်။ The Apprentice ရှိုးတွေ အတွက် NBC ဆီကနေ ထရမ့်ဟာ စုစုပေါင်း ဒေါ်လာ ၂၁၃ သန်းရခဲ့တယ် ဆိုတဲ့ အချက်ကို နောက်ပိုင်း ထရမ့်ရဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဖွင့်ဟ ကြေညာချက်ထဲ တွေ့ရပါတယ်။

ဖို့ဘ်စ် မဂ္ဂဇင်းရဲ့ အဆိုအရ ထရမ့်ရဲ့အသားတင် ကြွယ်ဝမှုဟာ ဒေါ်လာ ၃.၇ ဘီလီယံလောက် ရှိမယ်လို့ တွက်ဆ ထားပေမယ့် ထရမ့်ကတော့ သူဟာ ဒေါ်လာ ၁ဝ ဘီလီယံ အထိ ချမ်းသာသူ ဖြစ်တယ်လို့ ပြောပါတယ်။
ထရမ့် ပထမဆုံး လက်ထပ်ခဲ့တဲ့ အီဗားနား ဇဲလ်နစ်ချကိုဗာ ခင်ပွန်းသည် ထရမ့်၊ ဖခင် ထရမ့်
ထရမ့်ဟာ အိမ်ထောင် ၃ ကြိမ် ပြုခဲ့ပါတယ်။ အိမ်ထောင် ဘက်တွေထဲ လူတွေအကြား အသိများ အထင်ရှားဆုံး ကတော့ ထရမ့် ပထမဆုံး လက်ထပ်ခဲ့တဲ့ အီဗားနား ဇဲလ်နစ်ချကိုဗာ ဖြစ်ပါတယ်။ အီဗားနားဟာ ချက် နိုင်ငံဖွား နှင်းလျှောစီး အားကစားမယ် ဖြစ်ပြီး နောက်ပိုင်း ကိုယ်ဟန် အလှပြ မော်ဒယ် တစ်ဦး ဖြစ်လာသူပါ။ ဒေါ်နယ် ဂျူနီယာ၊ ပီဗန်ကာ နဲ့ အဲရစ် ဆိုတဲ့ သားသမီး ၃ ယောက် ပွားစီးပြီးမှ ဒေါ်နယ်နဲ့ အီဗားနားတို့ ၁၉၈ဝ မှာ ရုံးတော်ထံ ကွာရှင်းခွင့် လျှောက်ထား ခဲ့ကြပါတယ်။

၁၉၉၃ မှာတော့ ထရမ့်ဟာ ဒုတိယ အိမ်ထောင်ထူ ပါတယ်။ အမေရိကန် ရုပ်ရှင် မင်းသမီး မာလာ မေပယ်လ်စ်နဲ့ပါ။ တစ်ဖ်နီ ဆိုတဲ့ သမီးတစ်ယောက် ရခဲ့ပြီး ၁၉၉၉ မှာ သူတို့ နှစ်ယောက် ပြတ်စဲ ခဲ့ပါတယ်။

လက်ရှိ ဇနီးသည် မော်ဒယ် အလှမယ် မလားနီးယား နဲ့ ၂ဝဝ၅ ခုနှစ်မှာ ထရမ့် လက်ထပ် ပါတယ်။ သူတို့မှာ ဘာရွန် ဝီလျမ် ထရမ့် ဆိုတဲ့ သားတစ်ဦး ထွန်းကားပါတယ်။

ထရမ့် အော်ဂနိုက်ဇေးရှင်း ကုမ္ပဏီကြီးမှာ ထရမ့်က အမှုဆောင် အရာရှိချုပ် CEO အဖြစ် တာဝန် ယူထားဆဲ ဖြစ်ပေမယ့် ကုမ္ပဏီရဲ့ နေ့စဉ် တာဝန်တွေကိုတော့ သူ့ရဲ့ ပထမအိမ်ထောင်က ရတဲ့ သားသမီးတွေက တာဝန်ယူ ထားပါတယ်။
၂ဝ၁၅ ဇွန်လမှာတော့ မစ္စတာ ထရမ့်ဟာ ရီပတ်ဘလစ်ကင် သမ္မတ အဖြစ် ဝင် အရွေးခံမယ်လို့ တရားဝင် ကြေညာ
သမ္မတလောင်း ထရမ့်

သမ္မတ ရွေးကောက်ပွဲ ဝင်ဖို့ စိတ်ဝင်တစား ရှိကြောင်း မစ္စတာ ထရမ့် စတင် ပြသခဲ့တာ ၁၉၈၇ ခုနှစ် ကတည်းကပါ။ သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်မှာတော့ ရီဖောင်း ပြင်ဆင်ရေး ပါတီ ကိုယ်စားလှယ် အနေနဲ့ ရွေးကောက်ပွဲ ဝင်ပါတယ်။

၂ဝဝ၈ နောက်ပိုင်း သမ္မတ အိုဘားမား လက်ထက်မှာတော့ အိုဘားမား ဟာ အမေရိကန် မဟုတ်ဘူး၊ ဒါ့ကြောင့် သမ္မတ ဖြစ်နေတာ တရား မဝင်ဘူး ဆိုပြီး စွပ်စွဲတဲ့ "birther" လှုပ်ရှားမှုထဲ အတက်ကြွဆုံး အသံအကျယ်လောင်ဆုံး လှုပ်ရှား တက်ကြွသူ တစ်ယောက် ထရမ့် ဖြစ်လာပါတယ်။

၂ဝ၁၅ ဇွန်လမှာတော့ မစ္စတာ ထရမ့်ဟာ ရီပတ်ဘလစ်ကင် သမ္မတ အဖြစ် ဝင် အရွေးခံမယ်လို့ တရားဝင် ကြေညာပါတယ်။ဒီလို ကြေညာပွဲ သူပြောတဲ့ မိန့်ခွန်းထဲ သူဟာ ရွေးကောက်ပွဲ စရိတ် ရံပုံငွေ ရှာဖို့ လိုသူ မဟုတ်လို့ ၊ ဘယ်သူ့ မျက်နှာကိုမှ ကြည့်စရာ မလိုသူ ဖြစ်တယ်လို့ ကြွေးကြော်ပါတယ်။ အဲဒီနောက် မှာတော့ "အမေရိကန်ပြည်ကြီး တကျော့ပြန် ကြီးကျယ် ခမ်းနားကြဖို့ လုပ်ဆောင်ကြစို့" ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင် ထားပြီး ထရမ့် တစ်ယောက် မဲဆွယ် လာပါတော့တယ်။

မဲဆွယ်ပွဲ ကာလတွေ အတွင်း ထရမ့် ရဲ့ အငြင်းပွားဖွယ်ရာ အဖြစ်ဆုံး ပြောစကားတွေထဲ မက္ကဆီကို နဲ့ နယ်စပ်မှာ တံတိုင်းခတ်မယ်၊ မွတ်ဆလင်မ်တွေကို အမေရိကန်ထဲ ပြည်ဝင်ခွင့် ယာယီ ဆိုင်းငံ့မယ် စတာတွေ ပါဝင်ပြီး အမေရိကန် စီးပွားရေး ပြန်လည် ခိုင်မာ တောင့်တင်းအောင် ပြုလုပ်မယ် ဆိုတဲ့ ကတိစကားကတော့ လူတွေကို အဆွဲဆောင် နိုင်ဆုံး ဖြစ်ခဲ့ပါတယ်။

ရီပတ်ဘလစ်ကင် သမ္မတလောင်း နေရာ အတွက် ပြိုင်ဘက်တွေ ဖြစ်တဲ့ တက်ဒ်ခရုဇ်တဲ့ မာကို ရူဘီယို တို့လည်း မဲဆွယ်တာတွေ အသည်းအသန် ပြုလုပ်ခဲ့ကြပြီး၊ ထရမ့်ရဲ့ ပြောစကားတွေကို မနှစ်သက်သူတွေရဲ့ ထရမ့်အပေါ် အကြီးအကျယ် ဆန္ဒပြ ကန့်ကွက်မှုတွေ ကြားထဲကပဲ အင်ဒီယားနား ပြည်နယ် ပရိုင်မာရီ အပြီးမှာတော့ ထရမ့်ဟာ ရီပတ်ဘလစ်ကင် ပါတီကို ကိုယ်စားပြုတဲ့ သမ္မတလောင်း အဖြစ် သေချာသလောက် ရှိလာခဲ့ပါတယ်။

By Jessica Lussenhop BBC News Magazine
BBC Burmese
http://www.bbc.com/burmese