11/01/16


နမ့်လန် ဒေသခံလူထုနှင့် JMC-U အဖွဲ့ဝင်များ တွေ့ဆုံ (Joint Ceasefire Monitoring Committee)
နမ့်လန် ဒေသခံလူထုနှင့် JMC-U အဖွဲ့ဝင်များ တွေ့ဆုံ (Joint Ceasefire Monitoring Committee)

တပ်မတော်၊ RCSS နဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေပါဝင်တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး JMC စိစစ်အတည်ပြုရေးအဖွဲ့ဝင်တွေဟာ ရှမ်းပြည်နယ်တွင်း ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပက်သတ်ပြီး ဒေသခံလူထုနဲ့ ဒီကနေ့ တွေ့ဆုံပြီး အခြေအနေတွေကို လေ့လာစုံစမ်းနေပါတယ်။ JMC အဖွဲ့ရဲ့ ခရီးစဉ်နဲ့ ပက်သတ်လို့ ကိုအောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။

တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အကြား ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေနဲ့ ပါတ်သတ်လို့ စုံစမ်းစစ်ဆေး ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC ရဲ့ ခရီးစဉ်တွေ စတင်လိုက်ပြီ။ စိစစ်အတည်ပြုရေးအဖွဲ့ဟာ ဒီကနေ့မှာ ထိတွေ့မှုတွေ ဖြစ်ပွါးခဲ့တဲ့ နမ့်လန်ကို ရောက်ရှိနေတယ်လို့ JMC အလုပ်အဖွဲ့ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ကိုမင်းဇော်ဦးက အခုလိုပြော ပါတယ်။

“အခင်းဖြစ်ပွားခဲ့တဲ့ နေရာမှာရှိတဲ့ ပြည်သူလူထုကို ကျနော်တို့လာတဲ့ Mission ပေါ့နော် လာရင်းကိစ္စကို ရှင်းပြတယ် ပြီးတော့ အဲဒီမှာရှိတဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သိနိုင်တယ်ဆိုတဲ့ ပြည်သူလူထုနဲ့ မေးမြန်းပြီးတော့ ပေါ့နော် တဦးချင်းစီနဲ့ တွေ့ဆုံပြီးတော့ အချက်အလက်တွေ ကောက်ယူတာလုပ်နေပါတယ်။”

အခုလို အောက်ခြေဒေသတွေအထိဆင်းပြီး စုံစမ်းစစ်ဆေးတာတွေ တပတ်ကြာပြုလုပ်မှာဖြစ်ပြီး နောက်တလလောက်မှာတော့ ဒီစုံစမ်းစစ်ဆေးမှု အခြေအနေတွေကို ထုတ်ပြန်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း သူကပြောပါတယ်။ ၂ ဖက်တပ်တွေ လနဲ့ချီကြာ တိုက်ပွဲတွေ ဖြစ်ပွါးနေတာနဲ့ ပါတ်သတ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းလက အခုလိုပြောပါတယ်။

“နယ်မြေအတည်တကျ သတ်မှတ်တာတွေ ပီပီပြင်ပြင် မရှိသေးဘူး နောက်ပြီးတော့ NCAထဲမှာပါတဲ့ အပစ်ရပ်နယ်မြေတို့ နောက်ပြီးတော့ နယ်မြေပိုင်းခြားရေးတို့ ၊ ဒီကိစ္စတွေဟာ ကျနော်တို့ တကယ်လုပ်ငန်းဖော်ဆောင်တဲ့နေရာမှာ အခက်အခဲတွေ အများကြီးရှိပါသေးတယ်။ အဓိပ္ပါယ်ဖော်ဆောင်တဲ့ အပိုင်းမှာရော တကယ့်လက်တွေ့ကျကျလုပ်ဆောင်ရမယ့်နေရာမှာရော ညှိနှိုင်းစ အဆင့်လောက်ပဲ ရှိသေးတယ်။ ဆိုတော့ နယ်မြေ မသတ်မှတ်ရသေးတဲ့ ကာလအတွင်းမှာ နယ်မြေကျွံတာတွေ နောက်ပြီးတော့ လုပ်ငန်းပိုင်းမှာ မရှင်းမလင်းနဲ့ ဒီ အပိုင်းလေးတွေလည်းရှိတော့ ထိတွေ့မူတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။”

မြန်မာနိုင်ငံတ၀ှမ်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့ အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့တချိန်တည်းမှာပဲ အထူးသဖြင့် ကချင်၊ ကရင် နဲ့ ရှမ်းပြည်နယ်တွေမျာ ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေနဲ့ တပ်မတော်အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွါးလာပြီး၊ အချို့နေရာတွေမှာ တပ်မတော်ဘက်က လေကြောင်းကနေပါ အပစ်အခတ် ရပ်ပစ်ဖို့ စစ်ရပ်ဆဲရေး လူထုက ဆန္ဒထုတ်ဖေါ်တောင်းဆိုကြပါတယ်။ တိုက်ပွဲတွေ အခုလို ဖြစ်ပွါးနေတာတွေကို အမြန်ဆုံး ရပ်စဲဖို့ကြိုးစားတဲ့အနေနဲ့ အခုလို အောက်ခြေဒေသအထိဆင်းပြီး လေ့လာစုံးစမ်းနေတာလို့ ကိုမင်းဇော်ဦးကပြောပါတယ်။

“JMC အနေနဲ့ကတော့ NCAလက်မှတ်ထိုးပြီဆိုရင်တော့ ထိုးတဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲမဖြစ်အောင် မထိတွေ့အောင်ဆိုပြီးတော့ ကျနော်တို့ ၀ိုင်းပြီးတော့ ကြိုးစားတယ်။ ဖြစ်ခဲ့ရင်လည်း နောက်တခါ ထပ်မဖြစ်အောင်ဆိုပြီးတော့ ကျနော်တို့က ဒါတွေကို ၀ိုင်းပြီးတော့ စီစစ်တဲ့လုပ်ငန်းတွေကျနော်တို့ လုပ်တာဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ JMC အနေနဲ့ ကြည့်မယ်ဆိုရင် ဒီလက်မှတ်မထိုးတဲ့အချိန်နဲ့ လက်မှတ်ထိုးပြီးသားအချိန်ဆိုရင်တော့ ကျနော်တို့ သိသလောက်ကတော့ အနည်းဆုံး တိုက်ပွဲအရေအတွက် ၁၂ ဆလောက်လျှော့ချနိုင်ခဲ့တယ်လို့ ကျနော်တို့ တွေ့ရပါတယ်။”

တိုက်ပွဲတွေဖြစ်ပွါးတာကြောင့် ဒေသခံ ထောင်နဲ့ချီ အိုးအိမ်စွန့်ခွါနေထိုင်နေရပြီး စားဝတ်နေရေး၊ ကျန်းမာရေးအတွက် အလှူရှင်တွေအပေါ် မှီခိုနေရတယ်လို့ ဗိုလ်မှူးကြီးစိုင်းလကပြောပါတယ်။

“မိုင်းကိုင်မြို့နယ် တုန်လော ၊ နောက်တခါ နမ့်လန်မြို့ မှာဆို၇င် စစ်ဘေးရှောင်တွေ ၂၀၀၀ ကျော်ကျော်လောက်ရှိတယ်လို့ သိရှိရပါတယ်။တချို့ကျတော့ အိမ်မပြန်ရဲသေးပါဘူး တိုက်ပွဲတွေ ထပ်မံဖြစ်ပွားမှာကိုလည်း သူတို့ကအာမခံချက်မရှိသေးလို့ အိမ်မပြန်ရဲသေးပါဘူး။ သူတို့ စားဝတ်နေရေးအတွက်ကလည်း ပြည်တွင်းက CSO တွေ ကြိုးပမ်းမှုနဲ့ တချို့အလှူရှင်တွေနဲ့ ပဲ သူတို့ မှီခိုပြီးနေရပါသေးတယ် လို့ သိရပါတယ်ခင်ဗျ။”

နောင်နှစ် ဖေဖေါ်ဝါရီလမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လာခံကို တကျော့ပြန်ကျင်းပဖို့ မြန်မာအစိုးရတာဝန်ရှိသူတွေက ရည်မှန်းထားပေမယ့်လည်း အခုအချိန်ထိတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စားချုပ် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရော လက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာနိုင်ငံ တပ်မတော်အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွါးနေပါတယ်။
VOA Burmese News


နိရဉ္စရာ ၊ အောက်တိုဘာလ ၃၁

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သက်တော် ၆၈ နှစ် ၀ါတော် ၁၆ ၀ါရှိ ဘုန်းတော်ကြီး တစ်ပါးအား ဓါးဖြင့် ထိုးပြီး ငွေ ၂၈ သိန်း လုယက်သွားသူများထဲမှ သံသယ ရှိသူ တစ်ဦးကို ရဲက ဖမ်းဆီး စစ်ဆေးနေကြောင်း သတင်းရရှိသည်။

" အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပုဒ်မ ၃၉၇ နဲ့အမှုဖွင့်ထားပါတယ်။ အခုချိန်ထိတော့ တရားခံကို မဖော် ထုတ်နိုင်သေးဘူး။ သံသယရှိသူတွေကို ခေါ်ယူစစ်ဆေးနေပါတယ်။ သံသယရှိတဲ့ လူတစ်ဦး ဖမ်းဆီး ချုပ်နှောင်ထားပြီး စစ်ဆေးနေပါတယ်" ဟုအမှတ် ၂ စခန်းမှူး ရဲအုပ် အောင်မြင့်ဦးက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်ရှိ သစ္စာအောင်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးပညာပါလ သက်တော် (၆၈) နှစ် ၀ါတော် (၁၆) ၀ါ အား အောက်တိုဘာ ၂၈ ရက်နေ့ ည ၁၁ နာရီခန့်တွင် လူတစ်စုမှ ဓာထိုးပြီး ငွေ ၂၈ သိန်းအား လုယက်ခံခဲ့သည်။

“ ဖြစ်စဉ်က ဒီလ ၂၈ ရက် ည ၁၁ နာရီခန့်မှာ ဆင်ကူးလမ်းရပ်ကွက်ရှိ သစ္စာအောင် ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးပညာပါလ ကျိန်း (အိပ်) နေပါတယ်။ အမည်မသိ လူ ၄ ဦးက ကျောင်းထဲသို့ဝင်လာပြီး ဆရာတော်ကို ဆွဲထူ၍ မျက်နှာကိုဓာတ်မီးထိုးပြီး ကြိုးဖြင့်တုပ်နှောင်နေစဉ်မှာ ဆရာတော်က အော်ဖို့ကြိုးစားတဲ့ အတွက် ပါးစပ်ကိုပိတ်ပြီး ဓားဖြင့်ထိုးပါတယ်။ ငွေကျပ် ၂၈ သိန်းကို ယူဆောင်သွားပါတယ်” ဟု ရဲအုပ်ကဆိုသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှုကိုဖော်ထုတ်နိုင်ရန် စစ်တွေမြို့ အမှတ်၂ ရဲစခန်းမှ သံသယရှိသူများအား ခေါ်ယူမေးမြန်းစစ်ဆေးနေခြင်း ဖြစ်သည်။

ဓားထိုးခံရမှုကြောင့် ဆရာတော်၏ ကျောရိုးတွင် ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ဘယ်ဖက်နံဘေးတွင် ပြတ်ရှ ရှဒဏ်ရာနှစ်ချက် ရရှိပြီး စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။

ဖြူနှင်းဝေ၊ စစ်တွေ။
Narinjara
https://www.facebook.com/Narinjara


အောက်တိုဘာ ၃၀ ရက်တွင် ဟီလာရီ ကလင်တန်သည် FBI က သူ၏အီးမေးလ်များကို ထပ်မံအာရုံ စိုက်လာခြင်းအား ကာကွယ်နိုင်ရန် ရုန်းကန်နေရပြီး ဒေါ်နယ်ထရန့်က အနောက်နိုင်ငံများအား ပြင်းထန်စွာ ထိုးနှက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

ရွေးကောက်ပွဲ မတိုင်မီ ၉ ရက်အလိုတွင် အသက် ၆၉ နှစ် အရွယ်ရှိ နိုင်ငံခြားရေး ၀န်ကြီးဟောင်းသည် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ဖလော်ရီဒါပြည်နယ်တွင် မဲဆွယ်မှုများကို ပြင်းပြင်းထန်ထန် ပြုလုပ်လျက်ရှိသည်။

ကလင်တန်သည် အိုင်းရစ်စားသောက်ဆိုင်၌ နံနက်စာနှင့် နေ့လယ်စာပေါင်းစားကာ အာဖရိကန်-အမေရိကန် ဘက်ပတစ် ခရစ်ယာန်ကျောင်းတစ်ခု၊ လူမည်းတို့၏ ဘာသာရေး အစားအစာများ ရောင်းချရာဆိုင်၊ ကြိုတင်မဲပေးရာ နေရာတစ်ခုနှင့် မိန်းမလျာများ၏ နိုက်ကလပ်တစ်ခုတွင် ပြုလုပ်သော လူထုစုဝေးပွဲသို့ သွားရောက်ခဲ့သည်။

ကလင်တန်၏ ဖလော်ရီဒါပြည်နယ်သို့ နှစ်ရက်ကြာ ခရီးစဉ်သည် ကြိုတင်မဲပေးမှုများကို အားပေးရန် အဓိကထားခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသား သန်း ၂၀၀ က စံချိန်တင်အဖြစ် မဲပေးရန် မှတ်ပုံတင်ထားပြီး ယင်းတို့ထဲမှ သန်း ၂၀ ခန့်သည် ကြိုတင်မဲများ ပေးခဲ့ကြပြီးဖြစ်သည်ဟု ကလင်တန်က ပြောကြားခဲ့သည်။

သို့သော် အောက်တိုဘာ ၂၈ ရက်တွင် FBI အကြီးအကဲ ဂျိမ်းစ်ကိုမေးက သူ၏အေးဂျင့်များသည် အသစ်တွေ့ရှိရသော အီးမေးလ်များအား ပြန်လည်သုံးသပ်နေပြီး ကလင်တန်အား အရိပ်သဖွယ် လိုက်လံခြိမ်းခြောက်ခဲ့သည့် အကြောင်းအရာ တစ်ရပ်ကို ပြန်လည်ရှင်သန် စေလိမ့်မည်ဟု ကြေညာခဲ့သည်။

ကလင်တန်က ကိုမေး၏ ကြေညာချက်ကို ယင်းသည် လာရောက်မဲပေးကြရန်အတွက် ထောက်ခံသူများကို တွေ့ဆုံစည်းရုံးရန် အကြီးအကျယ် ဒုက္ခရောက်သွားစေသည်ဟု ဝေဖန်ခဲ့ပြီး ယင်းနောက် ထရန့်ဘက်သို့ မြားဦးလှည့်ကာ နိုင်ငံကို ဦးဆောင်ရန် မသင့်တော်သူဟု ဝေဖန်ခဲ့သည်။

"ရှင်တို့ အလဲထိုးခံရရင် အရေးကြီးတာက ပြန်ထနိုင်သလား ဆိုတာပါပဲ" ဟု ကလင်တန်က ဖို့လောင်ဒါဒေးမြို့ အပြင်ဘက် ကပ်လျက်တည်ရှိသော ၀ယ်လ်တန်မန်နာမြို့ရှိ မိန်းမလျာ နိုက်ကလပ်တစ်ခု၌ လူအုပ်ကြီးအား ပြောကြားခဲ့သည်။

"ဒေါ်နယ်နဲ့ ပတ်သက်ရင် ဒေါ်နယ်ထရန့်ဟာ အမြဲတမ်း သူ့ကိုယ်သူပဲ ပထမဆုံးနေရာထားပြီး တခြားလူတိုင်းကို နောက်ဆုံးမှာ ထားတဲ့သူပါ။ သူ အာဏာအလွဲသုံးစားလုပ်မယ်၊ စနစ်ကို ကစားမယ်၊ ဆိုးရွားတဲ့ အနေအထားမှာ ဘယ်သူ့အပေါ် အပြစ်ပုံချရ ပုံချရ ဂရုမစိုက်ဘူး" ဟုလည်း ကလင်တန်က ပြောကြားခဲ့သည်။

ယခင်က သိရှိထားခြင်း မရှိသေးသည့် အသစ်တွေ့ရှိရသော အီးမေးလ်များအား FBI က အသစ်စစ်ဆေးမှု ပြုလုပ်မည့်ကိစ္စအား ကိုမေးက ထုတ်ဖော်ပြောကြား လိုက်သည့်အခါ အောက်တိုဘာ ၂၈ ရက်တွင် ကလင်တန်သည် နိုင်ငံခြားရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း ကိုယ်ပိုင်အီးမေးလ်ဆာဗာကို အသုံးပြုခြင်းဖြင့် အမေရိကန်ကို အန္တရာယ် ဖြစ်စေသည်ဟူသော စွပ်စွဲမှုများ ပြန်လည်ထင်ရှားလာခဲ့သည်။

လိင်ဆိုင်ရာ မဖွယ်မရာမှုများ ပြုလုပ်ခဲ့မှုအတွက် ပြင်းထန်စွာ ဝေဖန်ခံနေရပြီး အမျိုးသမီး ၁၂ ဦးထံမှ စွပ်စွဲချက်များနှင့် ရင် ဆိုင်နေရသော ထရန့်သည် စစ်တမ်းအများစု၌ နောက်ကျန်နေခြင်းကို အဖတ်ဆယ်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ကိုမေး၏ ကြေညာချက်ကို ၀မ်းသာအားရ ဆုပ်ကိုင်ခဲ့သည်။

ထရန့်သည် အောက်တိုဘာ ၃၀ ရက် တွင် မဲဆွယ်မှုများကို ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပြီး လက်စ်ဗေးဂတ်စ်မြို့ရှိ ခရစ်ယာန်ကျောင်းကို တက်ရောက်ခဲ့ပြီးနောက် နီဗားဒါး၊ ကော်လိုရာဒိုနှင့် နယူးမက္ကဆီကိုပြည်နယ်များသို့ သွားရောက်ကာ လူထုစုဝေးပွဲ သုံးခုကို ပြုလုပ်ခဲ့သည်။

Ref : AFP

============
Eleven Media Group


မိုဆူးလ် မြို့ပြင်က နောက်ဆုံးကျေးရွာကို တနင်္လာနေ့ အစောပိုင်းက အီရတ်တပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ကြ။

အီရတ် နိုင်ငံမှာ IS တွေ လက်ထဲက မိုဆူးလ်မြို့ကို ပြန်သိမ်းဖို့ ထိုးစစ်ဆင်နေတဲ့ အီရတ် အထူးတပ်ဖွဲ့တွေဟာ အခုအခါမြို့နဲ့ တစ်မိုင် အကွာလောက်အထိ ရောက်လာခဲ့ပြီး မြို့ထဲဝင်ဖို့ ပြင်ဆင်နေကြပြီလို့ သတင်းတွေက ဆိုပါတယ်။

မိုဆူးလ် မြို့ထဲ မဝင်မီ နောက်ဆုံး ကျေးရွာ ဖြစ်တဲ့ ဘက်ဇ်ဝါယာ ကျေးရွာကို တနင်္လာနေ့ အစောပိုင်းက အီရတ် အကြမ်းဖက် တိုက်ဖျက်ရေး တပ်ဖွဲ့တွေက သိမ်းပိုက် နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေး ယာဉ်တန်းကို ကားဗုံးခွဲ တိုက်ခိုက်တာလိုမျိုး IS တွေဘက်က ခုခံမှု တချို့တလေ ရှိခဲ့တယ်လို့ အဲဒီ တပ်ဖွဲ့တွေနဲ့ အတူ လိုက်ပါနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မိုဆူးလ်မြို့ကို IS လက်ထဲကနေ ပြန်သိမ်းနိုင်ဖို့ စစ်ဆင်ရေးမှာ အီရတ် အထူးတပ်ဖွဲ့တွေ၊ ကာဒစ် တိုက်ခိုက်ရေးသမားတွေ၊ ဆွန်နီ အာရပ် မျိုးနွယ်ဝင်တွေ၊ ရှီးယား ပြည်သူ့စစ်တွေ စုစုပေါင်း အင်အား ငါးသောင်းလောက် ပူးပေါင်း ပါဝင်ပြီး မြို့ရဲ့ အရပ်မျက်နှာ ဘက်ပေါင်းစုံကနေ ချဉ်းကပ်နေကြတာ ဖြစ်ပါတယ်။

မိုဆူးလ်မြို့ဟာ ၂၀၁၄ ဇွန်လမှာ IS တွေ လက်ထဲ ကျရောက်ခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ သူတို့ရဲ့ ခြေကုပ်မြို့ ဖြစ်လာခဲ့တာပါ။

စစ်ဆင်ရေးတွေ မစမီက မြို့ထဲမှာ IS စစ်သွေးကြွ ငါးထောင်လောက်အထိ ရှိနေနိုင်တယ်လို့ ခန့်မှန်းထားခဲ့ပြီး၊ အရပ်သား ကတော့ တစ်သန်းခွဲ လောက်အထိ ရှိမယ်လို့ ယူဆထားကြပါတယ်။

မြို့ကနေ ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ အရပ်သား အရေအတွက်ကတော့ ခုချိန်အထိ တစ်သောင်း ခုနစ်ထောင်ကျော် ရှိသွားပြီး နောက်ထပ် ထွက်ပြေးလာနိုင်တဲ့ အရေအတွက်က ခုနစ်သိန်းလောက်အထိ ရှိနိုင်တယ်လို့ ကုလ သမဂ္ဂက ခန့်မှန်းထားပါတယ်။
BBC Burmese

ဒေါ်အောင်ဆန်းစုကြည် ဂျပန် တိုကျိုခရီးစဉ်။ (ဧပြီ ၁၃၊ ၂၀၁၃)
ဒေါ်အောင်ဆန်းစုကြည် ဂျပန် တိုကျိုခရီးစဉ်။ (ဧပြီ ၁၃၊ ၂၀၁၃)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ ဂျပန်နိုင်ငံခရီးစဉ် အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်သလို၊ ရာနဲ့ချီတဲ့ ဂျပန်ရောက်မြန်မာနိုင်သားတွေနဲ့လည်း သီးသန့်တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အပြီး နောက်ပိုင်းမှာ မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်တွေက ဂျပန်-မြန်မာ စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ သီးသန့်သွားရောက်ကြမှာ ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲ့ရဲ့ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၁ ရက်နေ့ မနက်မှာ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ကို စတင်မှာဖြစ်ပါတယ်။ နိုင်ငံတော် အကြီးအကဲ တယောက်အနေနဲ့ တရားဝင် သွားရောက်မယ့် ဂျပန် ချစ်ကြည်ရေးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေ ဒုဝန်ကြီးတွေနဲ့ အဖွဲ့ဝင် စုစုပေါင်း ၁၉ ဦးလိုက်ပါသွားမှာဖြစ်ပြီး စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းလဲ လိုက်ပါသွားမှာဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံ ဂျပန်ခရီးစဉ်မှာ သူ့ရဲ့ကိုယ်စားလှယ်ပေါ့နော် Delegation မှာ အစိုးရ ၀န်ကြီး တွေ ၊ ဒုဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ အားလုံးပေါင်း ၁၉ ယောက်ပါတယ်။ ပြန်ကြားရေးကော၊ လုံခြုံရေးကော အကုန်လုံးပေါင်း ၁၉ ယောက်ပါပါတယ်။ စီးပွားရေး လုပ်ငန်းနဲ့ Business forum က ၈ ရက်နေ့မှာလုပ်မှာ အဲဒီမှာ နိုင်ငံတော်အတိုင်ပင်ခံ ခရီးစဉ်မှာ ပါဝင်သွားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အဲဒီမှာနေခဲ့မယ်။ နေခဲ့ပြီးတော့ ဂျပန်ဘက်က စီးပွားရေးနဲ့ မြန်မာဘက်က စီးပွားရေး ဆွေးနွေးတာတွေကို ဆက်လုပ်မှာ။ သူတို့က Delegation သတ်သတ်တခုဖြစ်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ရဲ့ ၅ ရက်ကြာ ဂျပန်ခရီးစဉ်အတွင်းဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲ့နဲ့ရော အခြား ဂျပန်အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံဖို့ ရှိသလို၊ နိုဝင်ဘာလ ၂ ရက်နေ့မှာတော့ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ အခြား မြန်မာ နိုင်ငံသားတွေ နဲ့ပါတွေ့ဆုံနိုင်ဖို့ တိုကျိုမြန်မာသံရုံးက စီစဉ်ထားတယ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်း(ဂျပန်)ရဲ့ တာဝန်ခံတဦး ဖြစ်တဲ့ ဦးသန်းဆွေက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံလာမယ်ဆိုတဲ့သတင်းသိရတဲ့ ကျနော်တို့ နိုင်ငံတော်အစိုးရကော ဒေါ်အောင်ဆန်းစုကြည် ကိုရော ကျနော်တို့ စာတစောင်ပေးပို့ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရင်တွေ့ချင်ပါတယ်ပေါ့နော်။ ဒီစာကို သံရုံးကိုလည်း ကျနော်တို့ အကြောင်းကြား စာပေးပို့ခဲ့ပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ကိုလာတဲ့အခါမှာ မြန်မာ community နဲ့တွေ့ဖို့အတွက် သဘောတူလိုက်တယ်လို့ ကျနော်တို့ သတင်းတွေထပ်ကြားရပါတယ်။ အဲဒီအချိန်မှာပဲ သံရုံးကနေပြီးတော့ ကျနော်တို့ဆီကိုဆက်သွယ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အတွက်ကို မြန်မာ communityအသိုင်းအ၀ိုင်းကို တာဝန်ယူပြီးတော့ ဖိတ်ကြားပေးဖို့ဆိုပြီးတော့ ကျနော်တို့ကို လူခွဲတန်းတွေချပေးပါတယ်။

တိုကျိုမြို့ RIHGA ROYAL ဟိုတယ်မှာ မြန်မာနိုင်ငံသား ၇၀၀ ထက်မနည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံကြမှာဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံချိန်မှာ သူတို့ဖက်က တင်ပြမယ့် အကြောင်းအရာနဲ့ ပတ်သက်ပြီးလဲ ဦးသန်းဆွေက ရှင်းပြပါတယ်။

“ဟိုးအရင် စစ်အစိုးရလက်ထက်မှာကတည်းကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲဖို့အတွက်ကို ၀န်းရံခဲ့ကြတဲ့ မြန်မာ community အသိုင်းအ၀ိုင်းက ဂျပန် မှာ တော်တော်လေးကို ကြီးပါတယ်။ ဒီလူတွေက အခုအစိုးရသစ် ဖြစ်လာပြီးတဲ့အချိန်မှာ အခုအချိန်အထိ Passport တွေပြန်ထုတ်တဲ့အချိန်မှာလည်း စစ်အစိုးရလက်ထက်ကနေပြီးတော့ သတ်မှတ်ထားတဲ့ အခွန်ကို မဖြစ်မနေပေးတဲ့အခါမှပဲ Passport စာအုပ်ကို ထုတ်ပေးမယ်ဆိုတဲ့ဟာမျိုးလေးတွေလည်း သူတို့ စည်းကမ်းသတ်မှတ်ထားတာ ဖြစ်တဲ့အခါကျတော့ ဒီမှာကလည်း ကျနော်တို့က ဂျပန်အစိုးရကို အခွန်က ပေးနေရတဲ့အခါမှာ အခွန် ၂ ထပ်ပေးတဲ့ ကိစ္စက အင်မတန်မှ ၀န်ထုတ်ဝန်ပိုးဖြစ်တယ်ပေါ့လေ။ နောက်တခါ ကျနော်တို့ ဒီစစ်အစိုးရကို အခွန်မပေးဆိုတဲ့ စစ်အစိုးရကို အထောက်အပံ့ဖြစ်စေမယ့် လုပ်ငန်းတွေအားလုံးကို ကျနော်တို့က ဆန့်ကျင်ခဲ့ကြတဲ့အခါကျတော့ အများစုက မြန်မာနိုင်ငံကို ပြန်လို့မရဘူးဖြစ်နေတယ်။ အဲဒါကြောင့် ဒါတွေကို ကျနော်တို့အားလုံးတောင်းဆိုမယ်လို့ စိတ်ကူးထားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဂျပန်ဧကရာဇ်နဲ့ တွေ့ဆုံမှာဖြစ်ပြီး ၂ နိုင်ငံကြား ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်သွားဖို့ ဂျပန်အစိုးရတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။

ကိုဉာဏ်ဝင်းအောင်
VOA Burmese News



မြန်မာနိုင်ငံတွင် ကျိကျိတက်ချမ်းသာသောစီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်ရတာ ကံကောင်းလှသည် ။ တရုတ်နိုင်ငံလို အဂတိလိုက်စားမှုတွေ ၊လာဘ်ပေးလာဘ်ယူအရှုပ်တော်ပုံတွေ မှာပါဝင်ပါတ်သက်မှုရှိမရှိစုံစမ်းစစ်ဆေးမှုတွေ ခံစရာမလို ၊ထောင်ကျတန်းကျ ၊ အစစ်ဆေးခံရသည့်အဖြစ်တွေမရှိနိုင် ။ ငါ့လှေငါထိုး ပဲခူးရောက်ရောက် ၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ၊ ကိုယ့်ခွင်ကိုယ်ပျော် နေပြည်တော်ရောက်ရောက် ဆိုသလိုအပူအပင်ကင်းလှချေသည် ။ အမေရိကန်ပြည်ထောင်စုတို့  ဥရောပတို့ မှာလို အခွန်အမှန်အကန်ဆောင်ရဲ့လားစစ်ဆေးမည့်အဖွဲ့မရှိ ။ အခွန်တေိမ်းရှောင်မှုကြောင့် အဖမ်းခံရမှာပူစရာမလို ၊ အခွန်ရှောင်မှုဖြင့် နောက်ကြောင်းပြန်အရေးယူခံရမှာပူစရာမလို ။ ဘယ်ကဘယ်လိုရသည်ဟု မပြနိုင်သော ငွေမည်းများကို ငွေဖြူဖြစ်အောင်လုပ်မှု (ငွေကြေးခ၀ါချမှုဖြင့် ) ဥပဒေအရ အရေးယူခံရမှာ ပူစရာမလို ။ သစ်တောပြုန်းတီးမှု ၊သဘာဝသယံဇာတပျက်စီးစေမှုဖြင့် တရားစွဲ လျှော်ကြေးတောင်းခံရမှာပူးစရာမလို ။ အရာရာသည် အပူအပင်ကင်းကာ နေချင့်စဖွယ်နိုင်ငံကြီးတစ်ခုဖြစ်သည် ။ ဒါကြောင့် မြန်မာနိုင်ငံမှ ဒေါ်လာဘီလျံနှင့်ချီ၍ချမ်းသာကုန်သော ဘီလျံနာသူဌေးကြီးများသည် ကမ္ဘာတစ်ဝှမ်းကြိုက်သည့်နိုင်ငံမှာ အဆင့်မြင့်မြင့်နေနိုင်ပါလျက် ဤဖွတ်ကျောပြာစုနေသည့်နိုင်ငံမှ မခွဲနိုင် မခွာရက်ဖြစ်နေခြင်းဖြစ်သည် ။မြန်မာပြည်ထက်ကောင်းသောနိုင်ငံကားခရိုနီများအတွက်မရှိတော့ပြီ ။

သူတို့ သည် သစ်များကိုအပြောင်ခုတ်ခဲ့ကြ၏ ။ သူတို့ သည် ကျောက်မျက်လုပ်ကွက်များတွင် သဘာဝသယံဇာတများပြုတ်ပြုတ်ပြုန်းအောင်ထုတ်လုပ်ခဲ့ကြ၏ ။ ရွှေထွက်သောနေရာများတွင် မြစ်ချောင်းအင်းအိုင်များအားညစ်ညမ်းစေခဲ့၏ ။ ကြေးနီထွက်သောနေရာများတွင် တောင်သူလယ်သမားတို့ မြေများအားအဆိပ်သင့်စေခဲ့သည် ။ စိုက်ပျိုးရေးစီမံကိန်းများကိုအကြောင်းပြကာတောသူတောင်သားဆင်းရဲသားလယ်သမားတို့ ၏ နေစရာထိုင်စရာ လယ်ယာမြေများကိုသိမ်းပိုက်ခဲ့ကြသည် ။ စက်မှုဇုန်ဟုအမည်တပ်ကာ မြေယာများကို လက်ဦးမှုယူကာ အပိုင်စီးလျက် မြေကွက်ဈေးကိုကစားခဲ့ကြသည် ။ အာဏာပိုင် အဘများနှင့်ပေါင်းကာ မရေတွက်နိုင်သော ကန်ထရိုက်စာချုပ်များကိုရခဲ့ကြသည် ။ခုံးကျော်တံတား များစွာကိုဆောက်လုပ်ခွင့်ရခဲ့သည် ။ ဟိုတယ်များ ၊ရှော့ပင်းစင်တာများ ၊ ကွန်ဒိုများ ၊ လမ်းများ၊တံတားများ ၊ ဆောက်ခွင့်ရခဲ့ကြသည် ။ မတန်တဆမြတ်စွန်းခဲ့ကြသည် ။ကျွန်တော်တို့ နိုင်ငံတွင် ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သည့် ခရိုနီသူဌေးကြီးများ ၊သူကြွယ်ကြီးများမြောက်များစွာရှိပါသည် ။ သို့ သော် သူတို့ သည် ထုတ်ကုန်ပစ္စည်းတစ်ခုကို မယ်မယ်ရရထုတ်လုပ်နိုင်သူများမဟုတ်ကြ ။ မြန်မာနိုင်ငံဖြစ်ကုန်ပစ္စည်းဟု ကမ္ဘာကိုဝင့်ကြွားစွာ ပို့ နိုင်သော တ့ဆိပ်တစ်ခုမှမရှိ ။ ကမ္ဘာကိုအသာထား၍ အိမ်နီးချင်း တရုတ် ၊အိန္ဒိယ ၊ထိုင်း၊ဘင်္ဂလားဒစ်ရှ်နိုင်ငံများသို့ ပင်လောက်လောက်လားလားပို့ နိုင်သော Made in Myanmar ပစ္စည်းဘာမှမရှိ ။ ဘာ Brand တစ်ခုကိုမျှဟုတ်ဟုတ်ငြားငြားမတည်ထောင်နိုင် ။ ဦးနေ၀င်း ပြည်သူပိုင်မသိမ်းမီ လွတ်လပ်ပြီးစမြန်မာနိုင်ငံမှ သူဌေးများကို ယခုခေတ် ခရိုနီများသည်ခြေဖျားမှ မမီချေ ။ ထိုစဉ်က မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများသို့  မြန်မာပြည်မှထုတ်လုပ်သောကုန်စည်များကို Export လုပ်နိုင်ခဲ့သည် ။ ဟံသာအေးနိုင်လွန် ၊ကြက်ဆင်ဖဲထီး ၊ပွင့်ကောင်းငံပြာရည် အပါအ၀င် မြန်မာနိုင်ငံမှထုတ်ကုန်အတော်များများကိုနိုင်ငံခြားသို့တင်ပို့ ရောင်းချနိုင်ခဲ့သည် ။ မြန်မာနိုင်ငံမှထုတ်ကုန်များ ပြည်ပတွင်မျက်နှာပန်းလှခဲ့သည် ။ Made in Burma ဆိုသော ပစ္စည်းတော်တော်များများကိုတိုင်းရင်းသားမြန်မာသူဌေးများပိုင်သော စက်ရုံအတော်များများမှ ပြည်ပသို့ တင်ပို့ေ၇ာင်းချနိုင်ခဲ့သည် ။ထိုစဉ်ကသူဌေးများကိုမည်သူကမျှ ခရိုနီဟုမခေါ်ခဲ့ကြပေ ။ ကမ္ဘာပေါ်တွင်လည်း မိမိကိုယ်ပိုင် အမှတ်တံဆိပ်တစ်ခုကို တကမ္ဘာလုံးသိအောင် ထုတ်လုပ်နိုင်ခဲ့သောသန်းကြွယ်သူဌေး များစွာရှိသည် ။ ဥပမာ မိုက်ခရိုဆော့ကော်ပိုရေးရှင်း၏ဦးဆောင်သူ ဘေလ်ဂိတ် ။ ဘေလ်ဂိတ်ဆိုသည်နှင့် မိုက်ခရိုဆော့ တံဆိပ်ကိုလည်းကောင်း ၊ ကွန်ပျူတာဆော့ဖ်ဝဲဈေးကွက်ကိုလည်းကောင်းပြေးမြင်ကြသည် ။ တိုယိုတာဟူသောသူဌေးကြီးအမည်ကြားသည်နှင့် တိုယိုတာ မော်တော်ကားကုမ္မဏီကို တန်းသိကြသည် ။

ကမ္ဘာပေါ်ရှိ သူဌေးကြီးတော်တော်များများသည် သူတို့ သူဌေးဖြစ်လာစေသော ၀န်ဆောင်မှုလုပ်ငန်း (သို့မဟုတ်) ကုန်ပစ္စည်းထုတ်လုပ်မှုတစ်ခုမယ်မယ်ရရရှိကြသည် ။ သို့ သော် မြန်မာနိုင်ငံတွင်တော့ ၁၉၈၈ နောက်ပိုင်းပေါ်ပေါက်လာသောသူဌေးများမှာထိုသို့ မဟုတ်တော့ ။ Made in Myanmar ဟူသော တံဆိပ် Brand မှာ ဘီယာနှင့်အရက်များသာရှိတော့သည် ။ သူဌေးအတော်များများသည် စစ်အစိုးရ အာဏာပိုင်များနှင့်ပူးပေါင်းမှု၏အကျိုးကျေးဇူးကိုခံစားရကာ အဆမတန်ဝင်ငွေများပွားများလာခဲ့ခြင်းဖြစ်ပြီး ကမ္ဘာကသိသော (သို့ မဟုတ် ) အရှေ့တောင်အာရှကသိသော မည်သည့် စီးပွားရေးထုတ်ကုန်ကိုမှမယ်မယ်ရရမပြနိုင်ကြချေ ။ မြန်မာဘီယာ ၊ ဒဂုံဘီယာ ၊ မန္တလေးဘီယာ ၊ ဇေအရက် ၊ Grand Royal ၀ီစကီ တို့ မှတစ်ပါး မြန်မာပြည်မှာထုတ်လုပ်သော ပစ္စည်းဟု ကမ္ဘာကိုဂုဏ်ယူဝင့်ကြွားပြစရာဘာမှမရှိချေ ။ သူဌေးနှင့်ခရိုနီ၏ခြားနားချက်မှာ သူဌေးသည် လုပ်ငန်းတစ်ခု ၊ စီးပွားရေးတစ်ခုကို အများလက်ခံသေတံဆိပ်တစ်ခုဖြစ်လာအောင်ပြုလုပ်ပြီးချမ်းသာကြွယ်ဝလာကြသူများဖြစ်ပြီး ၊ခရိုနီဆိုသည်မှာ အစိုးရအဆက်ဆက်နှင့် ပလူးပလဲလုပ်ကာ အစိုးရထံမှအထူးအခွင့်အရေးများရလာကာ ချမ်းသာကြွယ်ဝလာကြခြင်းဖြစ်သည် ။ မတရားချမ်းသာကြွယ်ဝလာကြပြီးမှ ဘဏ်များထူထောင်ခြင်း၊ဟိုတယ်များပိုင်ဆိုင်ခြင်း ၊ လေကြောင်းလိုင်းများပြေးဆွဲခြင်း တို့ကိုလုပ်ကြသော်လည်း ထိုလုပ်ငန်းများကြောင့် သူတို့ ချမ်းသာလာကြခြင်းမဟုတ်ပဲ ချမ်းသာလာကာမှ ထိုလုပ်ငန်းများကိုထလုပ်ကြခြင်းဖြစ်သည် ။ ထို့ ကြောင့် နိုင်ငံတကာကလက်ခံသော ကုန်ပစ္စည်း (သို့ မဟုတ်)အမှတ်တံဆိပ်တစ်ခု မယ်မယ်ရရပြစရာမရှိကြခြင်းဖြစ်သည် ။ထို့ ကြောင့်ကျွန်တော်တို့ သည် အပ်လိုလျှင်လည်း တရုတ်မှဝယ်ရသည် ။မီးချောင်းလိုချင်လျှင်လည်း တရုတ်မှသွင်းရသည် ။ ဆိုင်ကယ်စီးချင်လျှင်လည်း တရုတ်နှင့်ထိုင်းကိုအားကိုးရသည် ။ ရုပ်သံစက်များလိုချင်လျှင် ၊ လေအေးပေးစက်လိုချင်လျှင် ၊ စာပုံနှိပ်စက်လိုချင်လျှင် ။အထည်အလိပ်လိုချင်လျှင် ၊ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းလိုချင်လျှင် ။ မီးစက်လိုချင်လျှင် ၊ ဆောင်းစရာထီးလိုချင်လျှင် ၊ ယုတ်စွအဆုံး ဘလိတ်ဓား လိုချင်လျှင်ပင် ပြည်ပမှတင်သွင်းကြရသည် ။

ပြည်သူလူထုအတွက် အကျိုးမရှိသော ကျန်းမာရေးထိခိုက်စေသော အရက် ဘီယာများကတော့ Made in Myanmar စစ်ရနိုင်သည် ။နိုင်ငံခြားဖြစ်အဖိုးတန်အရက်များကို အတုလုပ်သောလုပ်ငန်းမှာလည်း မြန်မာပြည်မှာပင် ရနိုင်သည် ။ဆေးဝါးအတုလုပ်သောလုပ်ငန်းများ မြန်မာပြည်မှာရနိုင်သည် ။ နှစ်လုံး သုံးလုံး ဘောလုံးလောင်းကစား များလည်း မြန်မာနိုင်ငံမှာရနိုင်သည် ။ WY စိတ်ကြွရူးသွပ်ဆေးများမြန်မာနိုင်ငံမှာရနိုင်သည် ။ ဆေးလိပ် နှင့် စီးကရက်များမြန်မာဖြစ်စစ်စစ်ရနိုင်သည် ။KTV မာဆတ် မြန်မာနိုင်ငံမှာရနိုင်သည် ။ အတိုချုပ်ပြောရလျှင် ကိုယ့်နိုင်ငံသားတွေ အကျင့်စာရိတ္တနှင့်ကျန်းမာရေးအတွက် မကောင်းတာမှန်သမျှ မြန်မာနိုင်ငံတွင်ဖောဖောသီသီထုတ်လုပ်နိုင်ပြီး ၊ ကောင်းတာမှန်သမျှ နိုင်ငံခြားမှတင်သွင်းရသည် ။ မြန်မာနိုင်ငံမှ ဂုဏ်ယူဝင့်ကြွားစွာထုတ်လုပ်နိုင်သော ပြည်ပပို့ ကုန် မရှိသလောက်နည်းသည် ။ ဤသည်မှာ ဒိတ်ဒိတ်ကြဲ ခရိုနီကြီးများ၏တာဝန်မဲ့မှုဖြစ်သည် ။ တိုင်းပြည်နှင့် နိုင်ငံသားများရေရှည်တွင်အကျိုးရှိမည့်လုပ်ငန်းများထက် သူတို့ မြန်မြန်ဖြတ်လမ်းကသူဌေးဖြစ်မည့် ငွေရလွယ်သောအချောင်အလုပ်များကိုသာ လုပ်ကိုင်ခဲ့သောရလာဒ်ဖြစ်သည် ။ မြန်မာနိုင်ငံမှ ပြည်ပသို့ ဘာတွေပို့ ပါသနည်း ။ သစ်တွေပို့ သည် ။ သစ်တောတွေ ကုန်သွားကြခြင်းက လက်တွေ့ ဖြစ်သည် ။ သစ်တောတွေကိုခုတ်နေခြင်းက ထပ်ခုတ်စရာမရှိအောင်ဖြစ်သွားနိုင်သည် ။ယခုပင်ဖြစ်နေပေပြီ ။ သဘာဝဓာတ်ငွေ့တွေပို့ သည် ။ကျောက်စိမ်း ။ပတ္တမြား ၊ နီလာ စသည့် ကျောက်မျက်တွေပို့ သည် ။ကြေးနီသတ္တုရိုင်းတွေပို့ သည် ။ဘော်တွေပို့ သည်။သံတွေပို့ သည် ။ သဘာဝသယံဇာတသည် သုံးမကုန်အောင်ရှိနေမည်မဟုတ် ။တချိန်တွင်ကုန်ဆုံးသွားမည်ဖြစ်သည် ။ ကျွန်တော်တို့ နိုင်ငံက ကမ္ဘာကိုပို့ နိုင်သောပစ္စည်းသည် ခြံစည်းရိုးထင်းခွေသလို ကိုယ့်ရှိတာတွေထုတ်ရောင်းနေတာဖြစ်သည် ။ ငါးတွေပို့ သည် ။ငါးရှည့်တွေပို့ သည် ၊ပုဇွန်တွေပို့ သည် ၊ ထိုအရာများသည်တဖြည်းဖြည်းပွားများလာမည့်ထုတ်ကုန်များမဟုတ် ။တဖြည်းဖြည်း ကုန်ခန်းသွားမည့် ပစ္စည်းများသာဖြစ်သည် ။ ထိုပစ္စည်းများကိုရောင်းချေနေရုံဖြင့် တိုင်းပြည်၏ဆင်းရဲမွဲတေမှုသည်မည်သို့ မျှနာလန်ထူလာနိုင်မည်မဟုတ်ချေ ။ ခရိုနီတစ်စု ချမ်းသာပြီးရင်းချမ်းသာစေရုံသာဖြစ်မည် ။

ယခုအခါ ခရိုနီများစိုးရိမ်စရာမလိုကြောင်း ၊သို့ သော် စိတ်ထားပြောင်းပြီး အများအတွက်လုပ်ရမည့်အချိန်ဖြစ်ကြောင်း ၊ အခွန်ဆောင်ကြဖို့ လိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ ဆုံစဉ်ပြောကြားခဲ့သည် ။ဒေါ်အောင်ဆန်းစုကြည်၏ကြိုးစားအားထုတ်မှုကြောင့် မြန်မာပြည်မှထိပ်တန်းခရိုနီနှင့်ဗိုလ်ချုပ်ကြီးတော်တော်များများ အမေရိကန်အစိုးရ၏စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ မှုမှလွတ်ကင်းခဲ့ပြီဖြစ်သည် ။ နိုင်ငံ၏အပြောင်းအလဲ အရွေ့ တစ်ခုတွင် ခရိုနီများစိတ်ထားပြောင်းရတော့မည်ဖြစ်သည် ။ ကိုယ့်မိသားစု ကိုယ့်အသိုင်းအ၀ိုင်းတစ်ခုတည်းကောင်းစားဖို အာဏာပိုင်များနှင့်ပေါင်း၍ မတရားအခွင့်အရေးများရယူခဲ့ကြသော မသမာစီးပွားရေး လုပ်ငန်းမျိုးမှ မြန်မာနိုင်ငံ၏ ပုံရိပ်ကို မြင့်မားလာစေသော ကုန်ထုတ်လုပ်ငန်းများကိုဆောင်ရွက်သင့်ကြပေ၏ ။ Made in Myanmar ဟုဂုဏ်ယူနိုင်မည့် ထုတ်ကုန်များထုတ်လုပ်နိုင်ဖို့  အဆင့်မြင့် စက်ရုံအလုပ်ရုံများထူထောင်ကြဖို့ လိုပြီဖြစ်သည် ။

အရင်စစ်အစိုးရခေတ်ကလို ပဲ အချောင်ရမည့်စီးပွားရေးခွင်များနောက်သို့ သာလိုက်ပါနေမည်ဆိုပါက နိုင်ငံအတွက်ဘာမှအသုံးမ၀င်အကျိုးမရှိသော လူရှင်လျက်နှင့်နာမည်သေနေမည့် ခရိုနီများသာဖြစ်လာပါလိမ့်မည် ။ ကိုယ်တစ်ယောက်တည်းချမ်းသာပြီး ကိုယ့်နိုင်ငံသားအများစုဆင်းရတာလဲ တွေးကြည့်လျှင်ရှက်စရာကောင်းပါသည်။ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံတော်ကအခွင့်အရေးပေးထားပြီးဖြစ်ရာအရှက်တရားကိုရှေးရှု၍အမြန်ဆုံးပြောင်းလဲနိုင်စေသော်ဝ် ။

သရ၀ဏ်(ပြည်)

သူရိယအလင်းဂျာနယ်
၃၁.၁၀.၂၀၁၆

  ချောင်းဆုံမြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အတွင်းရေးမှူး ဒေါက်တာအောင်နိုင်ဦးကို တွေ့ရစဉ် ချောင်းဆုံမြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အတွင်းရေးမှူး ဒေါက်တာအောင်နိုင်ဦးကို တွေ့ရစဉ်

လာမယ့် နိုဝင်ဘာလအတွင်း မွန်တမျိုးသားလုံးကိုယ်စားပြုတဲ့ မွန်ပါတီပေါ်ထွန်းရေး လမ်းစဉ်ကို ရေးဆွဲပေးဖို့နဲ့ အကောင်အထည်မဖော်နိုင်ရင် ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်ကြမှာဖြစ်ကြောင်း မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေ က ပါတီဗဟိုထံ မနေ့က တောင်းဆိုလိုက် ပါတယ်။

အောက်ခြေလူထုတောင်းဆိုချက်အရ မွန်တစ်မျိုးသားလုံးကိုယ်စားပြုတဲ့ ပါတီတစ်ခုပေါ်ပေါက် လာမယ့် လမ်းကြောင်းပေါ်ရောက်စေချင်လို့ တောင်းဆို တာလို့ ချောင်းဆုံမြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အတွင်းရေးမှူး ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။

"တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ ပါတီတစ်ခု ပေါ်ထွန်းလာရေးအတွက်ကိုလည်း လက်တွေကျကျ သွားနိုင်တဲ့လမ်းကြောင်းလည်း ကျနော်တို့ပါတီ အကြီးအကဲတွေက အကောင်ထည်ဖော်နိုင်စွမ်းမရှိဘူး၊ ဒါကြောင့်မို့လို့ ကျနော်တို့က အောက်ခြေကလူထုတွေတောင်းဆိုချက်အရ ဒီလနောက်ဆုံးထားပြီး ဒါကိုအကျေအလည်ဆွေးနွေးနိုင်ဖို့အတွက် ဗဟိုကော်မတီဝင်တွေပါတဲ့ အစည်းအဝေးတစ်ရပ်ကို လုပ်စေချင်တယ်၊ မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ ပါတီတစ်ခုပေါ်ထွန်းလာရေးအတွက်ကို ဘယ်လိုလမ်းကြောင်းမျိုးလုပ်မလည်းဆိုတဲ့ လမ်းကြောင်းကိုပေါ်စေချင်တယ် အဲလိုမျိုးလုပ်ဖို့ ကျနော်တို့ က တောင်းဆိုတာ"

အဲဒီတောင်းဆိုချက်တွေကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်မယ်ဆိုရင် ချောင်းဆုံမြိုနယ်မှာရှိတဲ့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီဝင် ၁၅၀၀ ကျော်နဲ့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေဟာ ပါတီကနေ နှုတ်ထွက်ကြမှာဖြစ် ပါတယ်။ ချောင်းဆုံမြို့နယ်ဟာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီဝင်အင်အား များတဲ့မြို့နယ်တစ်ခုလည်းဖြစ် ပါတယ်။

ပါတီပေါင်းစည်းရေးကို လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကတည်းက မွန်သံဃာတော်တွေနဲ့ မွန်ပညာရှင်တွေက ဦးဆောင် ကြိုးပမ်းခဲ့ပေမယ့် ပူးပေါင်းနိုင်ခြင်းမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာမှာ မွန်ပြည်သစ်ပါတီက ဦးစီးကျင်းပတဲ့ မွန်အမျိုးသားညီလာခံမှာလည်း လာမယ့် ရွေးကောက်ပွဲတွေမှာ မွန်ပါတီတစ်ခုတည်းကိုပဲ ရွေး ချယ်နိုင်ဖို့အတွက် မွန်ပါတီပေါင်းစည်းရေးကို ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပါတယ်။
RFA


ရခိုင်ပြည်နယ် မောင်တောဒေသက မီးလောင် ပျက်ဆီးသွားတဲ့ ကျေးရွာ။ (အောက်တိုဘာ ၂၇၊ ၂၀၁၆)
ရခိုင်ပြည်နယ် မောင်တောဒေသက မီးလောင် ပျက်ဆီးသွားတဲ့ ကျေးရွာ။ (အောက်တိုဘာ ၂၇၊ ၂၀၁၆)

ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး နယ်မြေရှင်းလင်းစဉ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာပဲ ကုလသမဂ္ဂနဲ့ နိုင်ငံတကာသံတမန်တွေ ပဋိပက္ခဖြစ်ပွားရာ ဒေသတွင်းကို ဒီသီတင်းပတ်ထဲ သွားရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မောင်တောဒေသ တိုက်ခိုက်မှုနောက်ပိုင်း စစ်ဆင်ရေးတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတဲ့အကြောင်း ဂြိုဟ်တုဓာတ်ပုံတွေနဲ့တကွ ထပ်မံသတင်းထုတ်ပြန်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှ လုံခြုံရေးတပ်ဖွဲ့တွေကနယ်မြေရှင်းလင်းရာမှာအရပ်သားတွေအပေါ် ဥပဒေမဲ့ သတ်ဖြတ်တာ၊ဖမ်းဆီးတာနဲ့ မူဆလင်အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှုတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပါတ်သက်ပြီး နိုင်ငံတကာက လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ ကို ခွင့်ပြုဖို့အတွက် ကုလသမဂ္ဂတောင်းဆိုခဲ့သလို အမေရိကန်အစိုးရကလည်း ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

ဒီတောင်းဆို တိုက်တွန်းတာနဲ့ပတ်သက်လို့ ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှုး Ms Renata Dessallien ဦးဆောင်ပြီး နိုင်ငံတကာသံတမန်တွေ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ပြင်ဆင်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှုး ဦးသက်ဆွေက ပြောပါတယ်။

“နိုဝင်ဘာ ၂ ရက်နေ့မှာ Renata ပါမယ်။ အဖွဲ့ဝင် စုစုပေါင်း သူတို့ အနောက်ကအဖွဲ့တွေရော သူတို့ စုစုပေါင်း ၁၀ ယောက်ဆိုပြီးတော့ ရာထားပြီးတော့ လုပ်နေတယ် သို့သော်လုပ်တုန်းပဲ။ ရခိုင်ပြည်နယ်မှာရှိတဲ့ စွတ်စွဲချက်တွေပေါ့ ၊ အဲဒီစွတ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့မှ သူတို့ အဲဒီဟာကို ကိုယ်တွေ့မျက်မြင်သိအောင် အဲဒါတွေကို ကွင်းဆင်းသွားစစ်ဆေးမယ် သွားကြည့်မယ့်သဘောပါခင်ဗျ။ ဒီဘက်ကတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ နယ်စပ်ဝန်ကြီးပါသွားမယ် ၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင့်ပါသွားမယ်၊ ဘူးသီးတောင် မောင်တောပါပဲခင်ဗျ။”

အောက်တိုဘာလ ၃၁ရက်နေ့မှာတော့ HRW ခေါ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အောက်တိုဘာလ ၂၂ ရက်နေ့မှာ ရခိုင်နယ်မြောက်ပိုင်းက ကြက်ရိုးပြင်၊ ပြောင်ပစ် (ငါးစားကြူး)၊ ၀ါးပိတ်(ကျီးကန်းပြင်) ရွာသုံးရွာမှာမီးလောင်နေတဲ့ ဂြိုလ်တုဓါတ်ပုံတွေကို ကိုးကားပြီး မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂရဲ့စုံစမ်းစစ်ဆေးတာတွေကို လက်ခံဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။

“ရခိုင်ပြည်နယ် မြောက်ပိုင်းက အနည်းဆုံးရွာ ၃ ရွာမှာ မီးလောင်ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်ဆိုတာကတော့ ရှင်းပါတယ်။ ဒီနေရာတွေဟာ အရပ်သားတွေ တိုက်ခိုက်ခံရပြီး၊ ကျေးရွာတွေမီးရှို့ခံရတယ်လို့ တခြားသူတွေကလည်း ပြောဆိုနေကြတဲ့ ဒေသတွေပါ။ ဒါဟာ ဘက်လိုက်မှုမရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ခွင့်ပြုပြီး ရေဆုံးရေဖျား ဖော်ထုတ်ဖို့ မြန်မာအစိုးရအတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ပြသရာလည်းရောက်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့၊ မြန်မာအစိုးရအနေနဲ့ ဒီလို စုံစမ်းစစ်ဆေးမှုမျိုး လုပ်ဆောင်လိုပုံ မရတဲ့အတွက်လည်း ကျနော်တို့က စိုးရိမ်ပါတယ်။ ဒါကြောင့်လည်း ဒီကျေးရွာတွေမှာ ဘာတွေဖြစ်ခဲ့သလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိသလဲ၊ ဒီရွာတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဘယ်သူတွေ တာဝန်ခံဖို့လိုသလဲ ဆိုတာတွေကို တိတိကျကျ ဖော်ထုတ်နိုင်အောင် မြန်မာအစိုးရ အနေနဲ့ ကုလသမဂ္ဂကို အကူအညီတောင်းဖို့ ကျနော်တို့က တိုက်တွန်းနေရတာပါ။”

ဒါကတော့ HRW အဖွဲ့ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson ပြောဆိုတာဖြစ်ပါတယ်။

မြန်မာအစိုးရတပ်မတော်ဖက်ကတော့ ဒီလိုမီးလောင်တာတွေနဲ့ပတ်သက်ပြီး အကြမ်းဖက် တိုက်ခိုက်သူတွေက ကျေးရွာတွေကို မီးရှို့ခဲ့တာတွေ ရှိကြောင်း ပြောဆိုတာတွေလည်း ရှိပါတယ်။ အထူးသဖြင့် အောက်တိုဘာလ ၁၂ရက်နေ့က ကျီးကန်းပြင်ရွာရှိ နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်ကို တိုက်ခိုက်သူတွေဟာ ကျီးကန်ပြင်ရွာအနီးက ၀ါးပိတ်ကျေးရွာကို မီးရှိုသွားကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီလိုအာဏာပိုင်တွေရဲ့ ပြောဆိုချက်တွေက ခိုင်လုံမှုမရှိတာကြောင့် နိုင်ငံတကာက စုံစမ်းစစ်ဆေးတာတွေကို ခွင့်ပြုသင့်ကြောင်း HRW အဖွဲ့ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson ဆက်ပြောပါတယ်။

“ဒီပြောဆိုချက်တွေဟာ စစ်တွေမြို့မှာ ရိုဟင်ဂျာတွေက သူတို့နေထိုင်ရာအရပ်တခုလုံးကို မီးတင်ရှို့ခဲ့တယ်လို့ ၂၀၁၂ ခုနှစ်မှာတုန်းက အစိုးရတာဝန်ရှိသူတွေ ပြောဖို့ကြိုးပမ်းခဲ့ဖူးတဲ့ အဓိပါယ်မဲ့ ပြောကြားချက်တွေနဲ့ တူနေပါတယ်။ တိတိကျကျ စုံစမ်းစစ်ဆေးမှုတွေ မရှိတဲ့ ဒီလိုပြောဆိုချက်တွေဟာ လက်ခံယုံကြည်နိုင်စရာလည်း မရှိပါဘူး။ မြန်မာအစိုးရတာဝန်ရှိသူတွေ အနေနဲ့ ဒီလိုစုံစမ်းစစ်ဆေးမှုမျိုး လုပ်ဆောင်နေတာ မရှိဘူးဆိုတာလည်း ရှင်းပါတယ်။ ဂြိုဟ်တုဓာတ်ပုံတွေအရ၊ ထိခိုက်ပျက်စီးမှု ပမာဏဟာ လူတွေထင်ထားတာထက် ပိုပြီးကြီးမားနေတာကိုလည်း တွေ့ရပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒီဒေသတွေမှာ ဖြစ်ပျက်နေတာတွေဟာ ဒီဓာတ်ပုံတွေထဲမှာထက်တောင် ပိုနိုင်တယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းကို ၀င်ခွင့်ပြုဖို့ လိုပါတယ်။ မီဒီယာတွေ၊ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အေဂျင်စီတွေ၊ NGOs တွေနဲ့ တခြားအဖွဲ့အစည်းတွေ အနေနဲ့ အစိုးရနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တင်ပြနိုင်အောင် ကိုယ်တိုင်လေ့လာခွင့်၊ စုံစမ်းခွင့်ပေးရမှာ ဖြစ်ပါတယ်။”

HRW ခေါ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကတော့ သူတို့ ရရှိတဲ့ ဂြိုလ်တုဓါတ်ပုံတွေဟာ ဖြစ်ပျက်နေတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေရဲ့ အစွန်းထွက်လောက်သာဖြစ်နိုင်ကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ အောက်တိုဘာ၉ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို တိုက်ခိုက်သူတွေကို ဖော်ထုတ်ဖို့ တာဝန်ရှိသလို လူ့အခွင့်အရေးချိုးဖောက်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း ဖော်ထုတ်ဖို့ တာဝန်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

မြန်မာ့တပ်မတော်ကတော့ အောက်တိုဘာ ၂၇ရက်နေ့ကနတ်မြစ်အတွင်း ဖမ်းဆီးရမိသူ ၅ဦးအနက်က ၃ယောက်နဲ့ အောက်တိုဘာ ၁၄ရက်က ဖမ်းဆီးထားသူ၁ဦးကို အကြမ်းဖက်မှုဖြစ်စဉ်မှာ မပါဝင်တဲ့အတွက် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
VOA Burmese News


ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး ကျင်းပ (MOI)
ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး ကျင်းပ (MOI)

မြန်မာနိုင်ငံရဲ့စီးပွားရေး တိုးတက်မှုနှုန်းဟာ ခန့်မှန်းထားတာထက် လျော့နည်းနိုင်တယ်လို့ နိုင်ငံတော်သမ္မတဦးထင်ကျော်က ဒီကနေ့ သမ္မတအိမ်တော်မှာ ကျင်းပတဲ့ ဘဏ္ဍာရေး ကော်မရှင်မှာ ပြောဆိုလိုက်ပါတယ်။ NLD အစိုးရလက်ထက် စီးပွားရေးတိုးတက်မှုနှုန်း ထင်ထားတာထက် လျော့နည်းနိုင်တာဟာ အရင်အဆက်ဆက်က ချမှတ်ခဲ့တဲ့စီးပွားရေးမူဝါဒ မှားယွင်းမှုတွေရဲ့ အကျိုးဆက်ဖြစ်တယ်လို့ သုံးသပ်မှုတွေရှိပါတယ်။ မဆုမွန် တင်ပြပေးပါမယ်။

ဒီကနေ့ အောက်တိုဘာ ၃၁ရက်နေ့ နိုင်ငံတော်သမ္မတအိမ်တော်မှာ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးကျင်းပတဲ့အခ်ျန် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်တဲ့ နိုင်ငံတော်သမ္မတဦးထင်ကျော်က နိုင်ငံမှာ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတွေနဲ့ အစိုးရရဲ့ ငွေလုံး ငွေရင်း အသုံးစရိတ်များ အပြောင်းအလဲ အပေါ် စောင့်ဆိုင်းသုံး စွဲခဲ့ရတဲ့အတွက် ပြည်တွင်းဈေးကွက်အပေါ် သက်ရောက်မှုတွေ ရှိခဲ့တယ် ဆိုတာ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံ့ဘဏ္ဍာသုံးစွဲမှုတွေမှာ နိုင်ငံကိုအကျိုးပြုနိုင်တဲ့စီမံကိန်းတွေ ဘတ်ဂျက်တွေဖြစ်ဖို့ အစိုးရဌာနဆိုင်ရာတွေဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ တာဝန်သိမှုအပြည့်အဝရှိဖို့ အရေးကြီးတယ်ဆိုတာကိုလည်း သမ္မတကပြောဆိုခဲ့ပါတယ်။

အခုလိုသမ္မတဦးထင်ကျော်ရဲ့ မြန်မာ့စီးပွားရေးနဲ့ပတ်သက်ပြီး ပြောဆိုချက်အပေါ် UMFCCI မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးအေးလွင်ကတော့ ဒါဟာ အရင်ခေတ်အဆက်ဆက်က ချမှတ်ခဲ့တဲ့ စီးပွားရေးမူဝါဒမှားယွင်းမှုတွေရဲ့ အကျိုးဆက်ဖြစ်တယ်လို့ အခုလိုသုံးသပ်ပါတယ်။

“ကျနော်တို့ အဓိကရင်ဆိုင်နေရတဲ့အပိုင်းက အရင့်အရင်တုန်းက ဆောင်ရွက်ခဲ့တဲ့ စီးပွားရေးမူဝါဒတွေမှားယွင်းခဲ့တဲ့အပေါ်မှာ မူတည်သလို ကျနော်တို့ လုပ်ငန်းရှင်တွေဘက်ကလည်း စီးပွားရေးမူဝါဒတွေပေါ်မှာ အခြေခံပြီးလုပ်လို့ရတဲ့ဟာကို လုပ်သော်လည်း ၊ လုပ်လို့ မရတဲ့ဟာကိုဖြစ်သလို ဖြစ်တဲ့နည်းနဲ့ လုပ်ခဲ့လို့ အကျိုးဆက်က ဒီနေ့ ခံစားရတာ။ ပွင့်ပွင့်လင်းလင်းပြောရင်တော့ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစိုးတက်တက်ခြင်း ကျနော်တို့ စီးပွားကူးသန်းဝန်ကြီးက ထုတ်ကုန် ၃ ဆ တိုးမယ်ဆိုတဲ့ ကိန်းဂဏန်းတွေကို ကြေညာပြီးလုပ်သော်လည်း ဒီနေ့အထိ သူတို့ ထုတ်ကုန်တိုးတက်တဲ့ ပမာဏကို ရောက်ရှိအောင်မလုပ်နိုင်တဲ့ အဖြေကတော့ တိုင်းပြည်စီးပွားရေးကို ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းရှင် တော်တော်များများက တရားမ၀င်လုပ်ငန်းတွေမှာ ပျော်မွေ့နေလို့ဖြစ်တယ်။”

နောက် နိုင်ငံတော်ရဲ့ လတ်တလောစီးပွားရေးအခြေအနေအပေါ်မှာလည်း စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု တန်ဖိုး(ဂျီဒီပီ)ဟာ ခန့်မှန်းထားတာထက် လျော့နည်းနိုင်ပြီး စီးပွားရေးတိုးတက်မှုနှုန်းဟာ ခန့်မှန်းထားတာထက် လျော့နည်းနိုင်တာကို တွေ့ရတယ်လို့ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ သမ္မတက ပြောခဲ့ပါတယ်။ ဒီအပေါ် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးကော်မတီ အဖွဲ့ဝင်လည်းဖြစ်တဲ့ဦးအေးလွင်က အစိုးရသစ်အနေနဲ့ စီးပွားရေးမူဝါဒသစ်တွေကို ခိုင်မာစွာချမှတ်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့လိုတယ်လို့ အကြံပြုပါတယ်။

“ကုန်ထုတ်စွမ်းအားလုပ်တဲ့လုပ်ငန်းတွေ၊ ပြည်တွင်းအသေးစားအလတ်စားတွေ၊ နောက် Export -Import တင်သွင်းတာတွေ နယ်စပ်ကုန်သွယ်မူအားလုံးကို ကျနော်တို့ ပွင့်ပွင့်လင်းလင်း စိတ်မဆိုးကြေး၊မကွယ်မ၀ှက် အထုတ်ဖြေတဲ့စနစ်ကို ကျင့်သုံးပါ။ အဲဒီလို အထုတ်ကိုဖြေလိုက်တဲ့အခါမှာ မိမိတို့အမှားတွေ ၊ မိမိတို့ လုပ်ထားတာတွေ မလုပ်ထားတာတွေ၊ လုပ်တာမှန်တယ်ထင်ပြီး မှားနေတာတွေကို ရဲရဲဝံ့ဝံ့ပြုပြင်ပြီးတော့ အသစ်ပြန်လည်လုပ်ပြီးတော့ စည်းနဲ့ဘောင်နဲ့ စနစ်တကျ ဆောင်ရွက်နိုင်တဲ့ စနစ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့လို့သလို၊ ခုနပြောတဲ့ တာဝန်ယူမူ တာဝန်ခံမူက အစိုးရ၀န်ကြီးဌာနတွေတင်မဟုတ်ပါဘူး ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေပါ သူတို့ရဲ့ တာဝန်ယူမူ တာဝန်ခံမူကို ဒီထက်ပိုပြီးတော့ ရဲရဲဝံ့ဝံ့ဆောင်ရွက်ဖို့ အသင်းတွေက ဦးဆောင်ပြီးတော့ လုပ်ပေးဖို့လိုမယ်လို့ကျနော် အကြံပြုတင်ပြချင်ပါတယ်။”

မြန်မာနိုင်ငံတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှုတွေ၊ ဘတ်ဂျက်လိုငွေပြမှု အပါအဝင် ကုန်ထုတ်လုပ်မှု၊ စားသုံးမှု၊ ဝယ်လိုအား၊ ရောင်းလိုအား အခြေအနေများအရ ငွေဖောင်းပွမှုနှုန်း မြင့်မားလာသည်ကို တွေ့ရှိရတဲ့အတွက် နိုင်ငံတော်အနေနဲ့ ငွေရေးကြေးရေး နယ်ပယ်တွင်း ပြုပြင်ပြောင်းလဲမှု၊ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့နိုင်အောင် ဆောင်ရွက်နေတယ်ဆိုတာကိုလည်း သမ္မတကပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေတွေ သုံးစွဲတဲ့အခါ စိစိစစ်စစ်၊ အကျိုးရှိရှိ သုံးစွဲကြဖို့နဲ့ သုံးစွဲနေတာတွေကိုလည်း ပွင့်လင်းမြင်သာစွာချပြပြီး စောင့်ကြည့်မှုတွေ ခံယူကြဖို့ သမ္မတက မှာကြားပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့တွေအနေနဲ့လည်း ပြည်သူ့ ဘဏ္ဍာငွေတွေကို နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိ ထိရောက်အောင် စီမံခန့်ခွဲသုံးစွဲကြဖို့ သမ္မတက မှာကြားပါတယ်။ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးကို ဘဏ္ဍာရေးကော်မရှင်ဒုဥက္ကဋ္ဌနှစ်ဦးဖြစ်တဲ့ ဒုသမ္မတဦးမြင့်ဆွေနဲ့ ဒုသမ္မတဦးဟင်နရီဗန်ထီးယူ၊ ဘဏ္ဍာရေးကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းတို့ ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။
VOA Burmese News


ပုံမှန်မဟုတ်တဲ့ သေးသိမ်တဲ့ ဦးခေါင်းပါတဲ့ ချို့ယွင်းမှုရှိတဲ့ ကလေးငယ်
ပုံမှန်မဟုတ်တဲ့ သေးသိမ်တဲ့ ဦးခေါင်းပါတဲ့ ချို့ယွင်းမှုရှိတဲ့ ကလေးငယ်

ဗီယက်နမ်နိုင်ငံမှာ ဇီကာရောဂါပိုးနဲ့ ဆက်နွယ်မှုရှိတဲ့ Microcephaly လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ သေးသိမ်တဲ့ ဦးခေါင်းပါတဲ့ ချို့ယွင်းမှုရှိတဲ့ ကလေးငယ်တွေ မွေးဖွားတဲ့ ရောဂါသည်ကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ အလားတူ ဇီကာ ရောဂါပိုး ကူးစက်နေသူ နိုင်ငံခြားသူ အမျိုးသမီးတဦးကို တွေ့ရပြီးတဲ့နောက်မှာ ဗီယက်နမ်မှာလည်း အခုလို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး ဇီကာဗိုင်းရပ်စ်ရှိသူ မိခင်လောင်းတဦးကိုတွေ့ရှိပြီးတဲ့နောက် လာမယ့် ၆ လအတွင်း ရန်ကုန်မှာနေထိုင်ကြတဲ့ အမျိုးသမီးတွေကို ကိုယ်ဝန်မဆောင်ခင် ဆေးစစ်ချက်ရယူဖို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက သောကြာနေ့က သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။

ဇီကာရောဂါတွေ့ရတဲ့ အသက် ၃၂ နှစ်အရွယ် နိုင်ငံခြားသူဟာ ရန်ကုန်မှာ နေထိုင်နေတာ ၂ နှစ်ရှိနေပါပြီ။ သူဟာ လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်တုန်းက နိုင်ငံခြားခရီးထွက်စဉ်မှာ ရောဂါကူးစက်ခံခဲ့ရတယ်လို့ ယူဆကြောင်း ဒေါက်တာ စိုးလွင်ငြိမ်းက ဆက်ပြောပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်တွေကို စတင်မှာဖြစ်ကြောင်းနဲ့ လူနာရှိတဲ့မြို့က လူ ၃၀ ကျော်ကိုလည်း ဆေးစစ်ထားပါတယ်။

ဗီယက်နမ်မှာလည်း Microcephaly လို့ခေါ်တဲ့ ပုံမှန်အရွယ်အစားထက် ဦးခေါင်းသေးငယ်တဲ့ကလေးတွေကို မွေးဖွား စေတဲ့ ဇီကာဗိုင်းရပ်စ်ကို ပထမဆုံးတွေ့ရတာ ဖြစ်ဖွယ်ရှိကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန် ကြေညာ ပါတယ်။ လူနာကလေးဟာ လေးလသာရှိသေးပြီး မိခင်က သူ့ကို ကိုယ်ဝန်ဆောင်ထားချိန်မှာ ဇီကာဗိုင်းရပ် ကူးစက်ခံခဲ့ရသူ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံအတွင်းမှာ ဇီကာဗိုင်းရပ်စ်ရရှိကြောင်း သတင်းပေးပို့သူ ၉ ဦး ရှိခဲ့ကြောင်းနဲ့ မကြာခင်ရက်တွေအတွင်း နောက်ထပ် အရေ အတွက် ပိုများလာနိုင်ဖွယ်ရှိကြောင်း ကျန်းမာရေးဌာန အမှုဆောင် ညွှန်ကြားရေးမှူး Tran Dac Phu က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ဒီလအစောပိုင်းမှာပဲ ဗီယက်နမ်အစိုးရက ဇီကာဗိုင်းရပ်စ်ရဲ့ အန္တရာယ် အဆင့်သတ်မှတ်ချက်ကို တိုးမြှင့်သတ်မှတ်ပေးခဲ့ပြီး မိခင်လောင်းတွေကို တိုးပြီး စောင့်ကြည့်ခဲ့တာပါ။
VOA Burmese News



အင်ဒိုနီးရှားနိုင်ငံ၌ အောက်တိုဘာ ၃၁ ရက်က ပျောက်ဆုံးသွားသော ကုန်တင်လေယာဉ်အားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)
   ဂျကာတာ ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံ၌ လေယာဉ်အမှုထမ်း ၄ ဦးလိုက်ပါသွားသော ကုန်တင်လေယာဉ်တစ်စီးသည် နိုင်ငံ အရှေ့ ပိုင်းရှိ Papua ပြည်နယ်အတွင်း မြေပြင်နှင့်အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း နှင့် အဆိုပါ ပျောက်ဆုံး ကုန်တင်လေယာဉ်ကို အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းတွင်  အရေးပေါ်ရှာဖွေလျက်ရှိကြောင်း သိရသည်။

DHC 4 Caribou အမျိုးအစား ကုန်တင်လေယာဉ်သည် အောက်တိုဘာလ ၃ဝ ရက် ညပိုင်းက Timika မြို့ မှ Ilaga ပြည်နယ်သို့ ဦးတည်ပျံသန်းလာစဉ် မြေပြင်နှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးအေ၈ျင်စီအကြီးအကဲ Bambang Soelistyo က ပြောသည်။

အဆိုပါ လေယာဉ်ပေါ်တွင် လေယာဉ်မှူးကြီး အပါအဝင် ပထမလေယာဉ်မှူးတစ်ဦး ၊ အင်ဂျင်နီယာတစ်ဦး နှင့် လေယာဉ်ပျံသန်းရေးအရာရှိ တစ်ဦးတို့ အသီးသီးလိုက်ပါသွားကြောင်း Soelistyo ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းဌာနများက သတင်းဖော်ပြခဲ့သည်။

“ ဖြစ်နိုင်ချေတွေကို စစ်ဆေးဖော်ထုတ်ဖို့ အခင်းဖြစ်နေရာ တစ်ဝိုက်ပေါ်ကနေ လေယာဉ်အစီးပေါင်းများစွာ ဖြတ်သန်းပျံသန်းစေခဲ့ပါတယ်။ ဒါပေမယ့် မြူတွေက သိပ်ထူထပ်နေတော့ ဘာမှ သဲသဲကွဲကွဲမမြင်ရဘူး ” ဟု Papua ပြည်နယ် ပို့ ဆောင်ရေး ရုံးအကြီးအကဲ Johannes Rettob က ဆိုသည်။

Jila ဖြတ်မျဉ်းနေရာသည် လေယာဉ်ပျောက်ဆုံးသွားသည့် နေရာဖြစ်နိုင်ကြောင်း သံသယရှိနေသည်။

Papua ပြည်နယ်၌ တောင်ကုန်းတောင်တန်း နှင့် တောအုပ်ထူထပ်သဖြင့် ပို့ ဆောင်ရေးကဏ္ဍတွင် လေယာဉ်ကို အဓိက အားထားနေရသည်။ သို့ သော် ၄င်းဒေသတွင် ရာသီဥတုသည် အပြောင်းအလဲမြန်သောကြောင့် လေယာဉ်ပို့ ဆောင်ရေးအတွက် မကြာခဏ အန္တရာယ်ဖြင့် ကြုံတွေ ရတက်သည်။

၂ဝ၁၅ ခုနှစ် သြဂုတ်လတွင် ၄င်းဒေသ၌ ခရီးစဉ်အမှတ် ၂၆၇ ကို ပျံသန်းလာသော ATR 42-300 Trigana လေယာဉ် ပျက်ကျခဲ့ရာ အနည်းဆုံးလူပေါင်း ၅၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com



မိုးများရွာသွန်းမှုကြောင့် ချင်းပြည်နယ် တီးတိန်-တွန်းဇံလမ်းမှာ မြေပြိုကျနေသည်ကို တွေ့ရစဉ်။ Photo: CNRWG/ Facebook
ချင်းပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း မိုးများနေတာကြောင့် တီးတိန်-တွန်းဇံလမ်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး မြေပြိုတာတွေဖြစ်နေတဲ့အတွက် ကုန်တင်ယာဉ်တွေအပါအ၀င် ကားအစီးရေ တစ်ရာလောက် ပိတ်မိနေတယ်လို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက ပြောပါတယ်။

အဲ့ဒီလမ်းကို ပြင်ဆင်နေပေမယ့် လတ်တလောမှာ မိုးရွာနေတဲ့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ၀န်ကြီးဦးရွှေထီးအိုးက ပြောပါတယ်။

အဲ့ဒီလမ်းဟာ သိုင်းငင်းနဲ့ဟိုင်ဇိမ်ကျေးရွာအကြားမှာ ပြိုနေတာကြောင့် တချို့ယာဉ်တွေကတော့ ဖလမ်း-ဟားခါးလမ်းကနေ သွားနေကြတယ်လို့ပြောပါတယ်။

ဒါ့အပြင် ဟားခါး-ဂန့်ဂေါ-မန္တလေးလမ်းမှာလည်း မိုးများပြီး လမ်းပြိုတာတွေဖြစ်နိုင်တဲ့အတွက် ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေကို ညဘက်မှာမမောင်းဘဲ နေ့ဘက်မှာသာ ဖြတ်သန်းသွားလာကြဖို့ တိုက်တွန်းထားပါတယ်။

RFA Burmese
http://www.rfa.org/burmese


နိုဝင်ဘာ(၁၅)ရက်မှာ ကျင်းပမယ့်(၄၉)ကြိမ်မြောက် တိုက်ကြီးတန်ဆောင်တိုင် ဆွမ်းကြီးလောင်းပွဲတော်မှာ ဟွန်းအရှည်အသံချဲ့စက်တွေအသုံးမပြုကြဖို့ အောက်တိုဘာ (၂၉)ရက်က တားမြစ်ချက် ထုတ်ပြန်လိုက်ပါတယ်။

 အဲဒီလိုထုတ်ပြန်တာဟာ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်အထောက်အကူအဖွဲ့တွေနဲ့ ဌာနဆိုင်ရာတွေရဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်တာဖြစ်ပါတယ်။

အရင်ကတိုက်ကြီးတန်ဆောင်တိုင် ဆွမ်းကြီးလောင်းပွဲတွေမှာမဏ္ဍပ်တွေဟာတစ်ခုနဲ့တစ်ခုဟွန်းရှည်တွေနဲ့ စောင်းဘောက်တွေတွဲပြီးအပြိုင်အဆိုင်ဖွင့်တာတွေ၊သီဆိုကခုန်တာတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ကျင်းပလေ့ရှိပြီး၊ လှူဖွယ်ပစ္စည်းတွေ ငွေပဒေသာပင်တွေနဲ့မဲပေါက်တဲ့ ဘုန်းတော်ကြီးကျောင်းတွေကို သူ့ထက်ငါ အပြိုင်အဆိုင် စောင်းဘောက်တွေ ဟွန်းရှည်တွေနဲ့ သီဆိုကခုန်ကာ ပို့ဆောင်လေ့ရှိတယ်လို့ အသက်(၅၀)ခန့်ရှိ တိုက်ကြီးမြို့ခံ တစ်ဦးကပြောပါတယ်။

 တိုက်ကြီးမြို့ရဲ့ (၄၉)ကြိမ်မြောက် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲတော်မှာ စောင်းဘောက်တွေနဲ့ ဟွန်းအရှည်တွေတွဲသုံးခွင့်မပြုဘဲ စောင်းဘောက်အနည်းငယ်သာ မြန်မာသံစဉ်အေးအေးတွေဖွင့်ခွင့်ပြုမှာဖြစ်ပြီးပွဲတော်အတွင်းအရက်သေစာ သောက်စားတာတွေနဲ့ခိုက်ရန်မဖြစ်ပွားစေဖို့လုံခြုံရေးတွေတင်းတင်းကျပ်ကျပ်ချထားမှာ ဖြစ်တယ်လို့ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီသတင်းကို တင်ဝင်းနိုင်(တိုက်ကြီး)ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/


ထိုင်းနိုင်ငံ ၊ Bang Saphan ခရိုင်မှာ ကာရာအိုကေဆိုင်ကအမျိုးသမီးတစ်ဦးကို သတ်ဖြတ်မှုနဲ့ မြန်မာအမျိုးသားတစ်ဦးကို စွဲချက်တင်ထားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်ကိုကိုးကားပြီး Bangkok Post သတင်းဌာန က ရေးသားဖော်ပြပါတယ်။

 စွပ်စွဲခံထားရတဲ့ မြန်မာအမျိုးသားဟာ အသက် (၄၀) အရွယ် ဖြစ်ပြီး Bang Saphan ခရိုင်မှာရှိတဲ့ ယာခင်းမှာ အလုပ်လုပ်ကိုင် သူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

 အဲဒီအမျိုးသားကို ကာရာအိုကေဆိုင်အလုပ်သမတစ်ဦး သေဆုံးပြီး နှစ်ရက်အကြာမှာ သူနေထိုင်ရာရပ်ကွက်အတွင်း ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 ကာရာအိုကေဆိုင်မှာအလုပ်လုပ်ကိုင်တဲ့ အသက် (၂၂) နှစ်အရွယ် အမျိုးသမီးရဲ့အလောင်းကိုတော့ အောက်တိုဘာ (၂၇) ရက်က ဟိုတယ်တစ်ခု အတွင်းမှာတွေ့ရှိရတာဖြစ်ပါတယ်။

 ဟိုတယ်ဝန်ထမ်းတစ်ဦးက ဟိုတယ်အခန်း အတွင်း အ၀တ်အစားမပါပဲ လဲနေတဲ့ အမျိုးသမီးကို လည်ပင်းဒဏ်ရာတွေနဲ့ အတူ တွေ့ရှိတာဖြစ်တယ်လို့ သတင်းကဆိုထားပါတယ်။

 စွပ်စွဲခံထားရတဲ့ အမျိုးသားကတော့ သူ့အနေနဲ့ ဗုဒ္ဓဟူးနေ့ညက ကာရာအိုကေဘားမှာ ဘီယာသောက်နေခဲ့တယ်လို့ ထွက်ဆိုခဲ့ပြီး အမျိုးသမီးကို ဟိုတယ်မှာ တစ်ညတာအတူနေဖို့ ဘတ် ၁၈၀၀ နဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ ထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Bangkok Post
5 Plus News
https://www.facebook.com/5plusnews/


မလေးရှားနိုင်ငံမှာပြန်ပေးဆွဲခံရတဲ့မြန်မာနိုင်ငံသားလေးဦးထဲက (၂)ဦးရဲ့အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့က အတည်ပြုလိုက်ပါတယ်။

မလေးရှားနိုင်ငံမြောက်ပိုင်း ဘာချော့ခရိုင်၊ ဘီကီလန်မြို့နယ်အတွင်းလယ်ကွက်တစ်ခုထဲကနေ အောက်တိုဘာ (၃၀)ရက်နေ့ကရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

 တွေ့ရှိတဲ့အချိန်မှာ အလောင်းတွေဟာ ပုတ်ပွနေပြီးခန္ဒာကိုယ်ပေါ်က တက်တူးတွေ အရ ပြန်ပေးဆွဲခံရတဲ့ မြန်မာတွေဖြစ်တယ်ဆိုတာ ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခဲ့တာပါ။

 ဒီပြန်ပေးဆွဲမှုဟာ ပြီးခဲ့တဲ့ကြာသာပတေးနေ့ က ဖြစ်ပွားခဲ့တာဖြစ်ပြီး မျက်နှာဖုံးစွပ်ထားတဲ့လူကိုးဦးက မြန်မာ(၄)ဦး ကို ပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ်။

 အခုတွေ့ရှိတဲ့ သေဆုံးသူမြန်မာနှစ်ဦးဟာ အသက်(၂၀)အရွယ်နဲ့ အသက်(၃၀)အရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - NST
5 Plus News
https://www.facebook.com/5plusnews/


မိုးညှင်း အောက်တိုဘာ ၃ဝ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ညောင် ကိုင်းကျေးရွာ အနီး ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံးများကို သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၃ဝ ရက် ညနေ ၅ နာရီခွဲခန့်က ခရိုင်ရဲတပ်ဖွဲ့ ရဲအုပ် အောင်ကျော်မိုးနှင့် အဖွဲ့သည် သက်သေ များနှင့် အတူ ရွှေဘို-မြစ်ကြီး နား ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာ အုပ်စု ညောင်ကိုင်းကျေးရွာအရှေ့ ကား လမ်းမပေါ်တွင် တရားမဝင်ကျောက်စိမ်း အရိုင်းတုံးများ သယ်ဆောင်လာကြောင်း သတင်း အရ စောင့်ဆိုင်းစဉ် ဖားကန့်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဘိုဘို အေး(၅၁ နှစ်) မိုးညှင်းမြို့နယ်နှင့် ယာဉ်ခေါင်းခန်းတွင် လိုက်ပါသူ ရိန်းအောင်ရွန်း( ၂၂ နှစ်) မိုးညှင်းမြို့နယ် နေသူတို့ စီးနင်းလာသော ယာဉ်အမှတ် 1H/---- SKATယာဉ်အား သက်သေ များနှင့်အတူ စစ်ဆေး ရှာဖွေရာ ကျောက်စိမ်းအရိုင်းတုံး အမျိုးအစား အရွယ်စုံ ၂၄ တုံး အလေးချိန် ၂ဝ၁ ကီလိုဂရမ်ခန့်၊ ကျောက်ဖြတ်စဆိုဒ်စုံ ၅၁ ခြမ်း အလေးချိန် ၅၂၂ ကီလိုဂရမ်ခန့်၊ ကျောက်အပိုင်းအစရောရာ အခြမ်း ၂ဝဝ၊ အလေးချိန် ၉၇ ကီလိုဂရမ်ခန့်၊ ကျောက် အကြေတစ်အိတ် အလေးချိန် ၇ ကီလိုဂရမ်၊ ကျောက်လက်ကောက် ကွင်း အချောကွင်း ၂ဝ၊ အကြမ်းနှစ်ကွင်း စုစုပေါင်း ၂၂ ကွင်း အလေးချိန် တစ်ကီလို ဂရမ်ခန့်၊ သွေးပြီးသား ကျောက် စိမ်း စေ့တစ်စေ့ အလေးချိန် ၂ ဂရမ်ခန့် စုစုပေါင်းအလေးချိန် ၈၂၈ ဒသမ ဝဝ၂ ကီလိုဂရမ်ခန့်အား တွေ့ရှိရသဖြင့် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင် လာသူ ဘိုဘိုအေးနှင့် အောင်ရွန်းတို့အား မိုးညှင်းရဲစခန်းက အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်ရှိကြောင်း သိရ သည်။

နီတိုး
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar



ထောင်ဖောက်မှု ဖြစ်ပွားခဲ့သည့် ဘိုပါး အကျဉ်းထောင်တွင် လုံခြုံရေး အစောင့်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
   နယူးဒေလီ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒရာ ပရာဒတ်ပြည်နယ် မြို့တော် ဘိုပါးရှိ အကျဉ်းထောင် အစောင့်အား အောက်တိုဘာလ ၃၁ ရက်၌ သတ်ကာ တရားမဝင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အစွန်းရောက် အစ္စလာမ်မစ် ကျောင်းသားများ လှုပ်ရှားမှုအဖွဲ့ဝင် (SIMI) အနည်းဆုံး၈ ဦး ထောင်ဖောက်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောသည်။

“ရဲတင်းလွန်းတဲ့ ထောင်ဖောက်မှုဟာ ဘိုပါးမြို့လယ် အကျဉ်းထောင်မှာ ဒေသစံတော်ခ်ျိန် နံနက် ၂း၀၀ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်၊ ထောင်ဖောက်သူ စစ်သွေးကြွတွေဟာ ဓားနဲ့ အစောင့်ကို သတ်သွားပြီး စောင်တွေ အသုံးပြုကာ ထောင်နံရံကို ကျော်ဖြတ်သွားခဲ့တယ်” အမည်မဖော်လိုသူ အဆိုပါ အရာရှိက ပြောသည်။

အဆိုပါ ဖြစ်ရပ်အား စုံစမ်းစစ်ဆေးရန် ပြည်နယ် အစိုးရက ညွှန်ကြားထားကြောင်း၊ တာဝန်လစ်ဟင်းမှု စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး ဘူပန်ဒြာ ဆင်းက မီဒီယာသို့ ပြောသည်။

ယခုလို ထောင်ဖောက်ခြင်းသည် ပထမဆုံး အကြိမ်တော့ မဟုတ်ပေ။ ၂၀၁၃ ခုနှစ်က ဘိုပါးမြို့နှင့် ကီလိုမီတာ ၂၈၀ ကွာဝေးသည့် ခန့်ဝါ အကျဉ်းထောင်၌ အများသုံး သန့်စင်ခန်း နံရံအား ကျော်ဖြတ်ကာ တရားမဝင် အသင်းအဖွဲ့ဝင် စစ်သွေးကြွ ၇ ဦးက ထောင်ဖောက်မှု ဖြစ်ပွားခဲ့သေးသည်။

SIMI အဖွဲ့အား တရားမဝင်အဖွဲ့ဖြစ်ကြောင်း ၂၀၀၁ ခုနှစ်က ကြေညာခဲ့သည်။ ယင်း အဖွဲ့သည် အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့များနှင့် ဆက်နွယ်မှု ရှိကြောင်း အိန္ဒိယက ပြောကြားထားသည်။

၂၀၀၃ ခုနှစ်တွင် လူပေါင်း အနည်းဆုံး ၅၀ ကျော် သေဆုံးခဲ့သည့် မွမ်ဘိုင်း ပေါက်ကွဲမှုကို ထိုအဖွဲ့က ကျူးလွန်ကြောင်း အိန္ဒိယ အစိုးရက စွပ်စွဲခဲ့သော်လည်း SIMI အဖွဲ့က ယင်းအချက်အား ငြင်းပယ်ထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com



သာကေတမြို့နယ်တွင် လိုက်ထရပ်ယာဉ်မောင်းအား ရိုက်နှက်ခဲ့ကြသည့် ခရီးသည်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးရမိ အရေးယူ
ရန်ကုန်၊ အောက်တိုဘာ ၃၀

၂၉.၁၀.၂၀၁၆ ရက်နေ့ ၁၆၄၅ အချိန်ခန့်တွင် သာကေတမြို့နယ်နေ ကိုဇော်ဝင်းနိုင်သည် သာကေတမြိုနယ်၊ စက်မှုလက်မှုရပ်ကွက်ရှိ အထည်ချုပ်စက်ရုံမှ လိုက်ထရတ်ယာဉ်ဖြင့် အလုပ်သမားဝန်ထမ်းများအား တင်ဆောင်၍ သာကေတမြို့နယ်၊ ၆/အနောက်ရပ်ကွက်၊ ၇/ဈေးလမ်း အတိုင်းမောင်းနှင်လာစဉ် အထက(၂)ကျောင်းရှေ့အရောက် နောက်ဘက်မှ အမှတ် ၃၄ ယာဉ်လိုင်း ခရီးသည်တင် 4B ---- ယာဉ်မှကျော်တက်ရန် လမ်းတောင်းရာ ရှေ့ဖက်တွင် ကားရှိနေသဖြင့် လမ်းဖယ်မရ၍ ဆက်လက်မောင်းနှင်လာခဲ့ကြောင်း၊ သစ်ဆိုင်ရှေ့အရောက်တွင် ၎င်းခရီးသည်တင်ယာဉ်မှာ ရှေ့သို့ကျော်တက်ပြီး ပိတ်ရပ်ကာ စပယ်ယာ(၂)ဦးမှ ခဲ၊ တုတ်တို့ ကိုင်ဆောင်လာပြီး ၎င်းအား ဆဲဆိုကာခဲဖြင့်ပစ်၊ တုတ်ဖြင့်ရိုက်ခဲ့ကြောင်း၊ ယာဉ်နောက်ခန်းတွင် စီးနင်းလိုက်ပါလာသူ မိန်းကလေးများမှ တားမြစ်ခဲ့ရာတွင် တွန်းဖယ်ပြီး ကိုဇော်ဝင်းနိုင် အားလက်သီးဖြင့် ထိုးကာ ၎င်းတို့ယာဉ်ပေါ်ပြန်တက်၍ မောင်းနှင်ထွက်ခွာသွားကြကြောင်း၊ ခိုင်ရွှေဝါလမ်းပေါ် အရောက်တွင် ၎င်းခရီးသည်တင်ယာဉ်မှာ ရှေ့မှရပ်နေသဖြင့် ၎င်းလည်းယာဉ်ကိုရပ်တန့်ခဲ့စဉ် စပါယ်ယာနှစ်ဦးမှ တုတ်ကိုင်၍ ထပ်မံလာရောက်ကာယာဉ်၏ ဘက်မှန်နှင့် ရှေ့ရှဲတို့အား ရိုက်နှက်ကန်ကျောက် ခဲ့ကြောင်း၊ ယင်းသို့ကျူးလွန်ကြသဖြင့် ကိုဇော်ဝင်းနိုင်တွင် ဖူးရောင်နာကျင်ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်ပေါ်ပါ အလုပ်သမားအမျိုးသမီး (၃)ဦးတွင်လည်း နာကျင်ဒဏ်ရာများရရှိခဲ့သည့်အပြင် ယာဉ်မှာလည်းတန်ဖိုးငွေကျပ် (၁၅၀၀၀၀)ခန့်ပျက်စီးခဲ့ကြောင်း တိုင်တန်းချက်အရ သာကေတနယ်မြေရဲစခန်း (ပ)၁၁၇၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၅၄/၂၉၄/ ၃၂၃/၄၂၇/ ၁၁၄ ဖြင့် အမှုဖွင့်အရေးယူကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး သာကေတနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ရာ ယင်းနေ့ ၁၈၃၀ အချိန်ခန့်က သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ ရှုခင်းသာအတွင်းပတ်လမ်း၌ ပြစ်မှုကျူးလွန်သူများဖြစ်သည့် အမှတ် ၃၄ ယာဉ်လိုင်းခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းဖြစ်သူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ဇော်မျိုးအောင်(၂၇)နှစ်၊ ယာဉ်နောက်လိုက်များဖြစ်သော သာကေတမြို့နယ်နေ ထွန်းဝေရန် (၂၂)နှစ်နှင့် မင်းမျိုးထက်(၂၂)နှစ်တို့ (၃)ဦးကို ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများသိမ်းဆည်းကာ
အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ယင်းအမှုအပြင် ၎င်းတို့(၃)ဦးသည် အများသူငှာသွားလာနေသောလမ်းပေါ်တွင် ဘေးအန္တရာယ်ဖြစ်စေသော လက်နက်များကိုင်ဆောင်၍ တရားဥပဒေစိုးမိုးရေးအား ထိပါးနှောင့်ယှက်သဖြင့် သာကေတနယ်မြေရဲစခန်း (ပ)၁၁၇၆/၂၀၁၆၊ ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၀(က)ဖြင့်လည်း အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


မိုဆူးလ်၊ အောက်တိုဘာ ၃၁ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ISစစ်သွေးကြွအုပ်စု အခိုင်အမာ ခြေကုပ်ယူထားသည့် မိုဆူးလ်မြို့ ဝန်းကျင်ရှိ ရွာ ၁၁ရွာအား အောက်တိုဘာ ၃၀ရက် IS တို့၏ လက်မှ ပြန်လည်တိုက်ယူနိုင်ခဲ့ပြီး IS အဖွဲ့အား နှိမ်နှင်းရန် မိုဆူးလ်မြို့ အနီးရှိ နယ်မြေများအား ဆက်လက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း လုံခြုံရေး သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။

အီရတ်တပ်ဖွဲ့ဝင်များ၏ စစ်ဦးစီးချုပ်အဖြစ်လည်း တာဝန်ယူထားသည့် အီရတ်ဝန်ကြီးချုပ် Haider al-Abadi က နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မိုဆူးလ်မြို့အား ပြန်လည် သိမ်းပိုက်ရန် တိုက်စစ်ဆင်မှုများ စတင်မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၇ရက်က ကြေညာခဲ့သည်။

ယခုအချိန်အထိ အီရတ်တပ်ဖွဲ့ဝင်များသည် မိုဆူးလ်မြို့ အရှေ့ဘက်အစွန်အဖျားနယ်မြေများသို့ ရောက်ရှိလာခဲ့ကြပြီး မြို့ပတ်ဝန်းကျင်ရှိ အခြားသော လမ်းကြောင်းများတွင်လည်း နေရာယူမှုများ ပြုလုပ်ခဲ့ကြကာ မိုဆူးလ်မြို့သို့ အဓိကတိုက်စစ်ဆင်မှုများ ပြုလုပ်၍ IS စစ်သွေးကြွများအား တိုက်ထုတ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

မိုဆူးလ်မြို့သည် အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒတ်မြို့ မြောက်ဘက် ၄၀၀ကီလိုမီတာ အကွာအဝေးတွင်တည်ရှိပြီး အီရတ်အစိုးရတပ်များ ယင်းမြို့မှ လက်နက်စွန့်ခွာထွက်ပြေးခဲ့ကြသည့် ၂၀၁၄ခုနှစ် ဇွန်လ ကတည်းက IS စစ်သွေးကြွတို့၏ လက်အောက်သို့ကျရောက်ခဲ့ကြောင်း သိရသည်။

China Xinhua News


၃၁-၁၀-၂၀၁၆

ထိုင်းနိုင်ငံ ချွန်ဘူရီ Banglamung မြို့ နယ် အတွင်းက နိုက်ကလပ် (ကျော်ဖီ ဆိုင်)ပိုင်ရှင်"၀ိဒါလာ" (အသက် ၂၂) နှစ်ဟာ အွန်လိုင်း ဖေ့ဘုတ်ကြော်ငြာ ကနေ သိခဲ့တဲ့ မျက်နှာခွဲစိတ်အလှပြင် ဆေးခန်း ကိုဆက်သွယ်ခဲ့ပြီး သူမနှုတ်ခမ်း ခွဲစိတ်ဘို့ ကို ထိုင်း ဘတ်ငွေ (ကျပ်ငွေ ငါးသိန်းကျော်) ၁၅၀၀၀ ပေးပြီး အဆိုပါ( surgery Clinic) ဆေးခန်းက ခွဲစိတ် ဆရာဝန် Dr. Piya Pong.ပီရာဖုန်း က တာဝန်ယူခွဲ စိတ်ပေးခဲ့ပါတယ်။


ခွဲစိတ်အပြီး နှုတ်ခမ်းဟာ အကောင်းအတိုင်း ဖြစ်မလာတော့ဘဲ ပိုးဝင်တာ- သွေးယိုကျတာတွေ ယောင်ရမ်းလာတာကြောင့် (၇)ကြိမ်ထက်မနဲ ပြုပြင် ခဲ့ရပြီး မူလအတိုင်းပြန်မဖြစ်တော့ဘဲ နှုတ်ခမ်းရွဲ့ စောင်းသွားခဲ့လို့  ဆေးခန်းက လက်လျော့ လိုက်ပါတယ်၊

သူမရဲ့  နှုတ်ခမ်း ကို တောင်ကိုရီးယား နိုင်ငံမှာ ထပ်မံပြုပြင်ပေးမယ်၊ ကုန်ကျတဲ့ စရိတ်တွေကို ဆေးခန်းကနေ တာဝန်ယူပေး မယ်လို့  သဘော တူခဲ့ ပါတယ်။

နောက်ပိုင်းမှာ ဆေးခန်းတာဝန်ရှိသူတွေက သူမကို လုံးဝအဆက်အသွယ် မလုပ်တော့တဲ့ ပြင် တောင်ကိုရီးယားမှာ ဆေးကုပေးဘို့ ကိုလည်း ငြင်းဆန်ခဲ့တာကြောင့် ရဲစခန်း မှာ အမှုဖွင့်တိုင်ကြားခဲ့ရတာပါလို့  နှုတ်ခမ်းပျက်ဆီး သွားသူ ၀ိဒါလာ က ပြောပါတယ်။

သတင်း - စီရာချာ
Social Action for Women - SAW



ထိုးကြိတ်ရိုတ်နှုက်ခံခဲ့ရသော ရဲတပ်ကြပ် ကျော်ကျော်လှိုင်အားတွေ့ရပုံ။
ကသာမြို့ ဂေါက်ကွင်းတွင် အောက်တိုဘာလ (၃၀) ရက်နေ့က ဂေါက်ရိုက်ပြိင်ပွဲကျင်းပခဲ့ရာ မြို့မ ရဲစခန်းတွင် ရဲမြို့နယ်မှူးတာဝန် ထမ်းဆောင်နေသည့် အငြိမ်းစား ခံစားခွင့် (၄) လ ယူထားသော ရဲမြို့နယ်မှူးတဦးမှ ရဲတပ်ကြပ်တဦးအား နိုင်ထက်စီးနင်းပြုကျင့် ထိုးကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည် ။

"မနေ့က ဂေါက်ရိုက်ပြိုင်ပွဲမှာ စက်ဆင်ပေးဖို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ခေတ္တခရိုင်ရဲမှူးဆီမှာ အကူအညီ တောင်းတဲ့အတွက် ခရိုင်မှူးရဲ့ ခိုင်းစေချက်အရ ကျွန်တော့်အနေနဲ့ Projector လုပ်ပေးခဲ့ရပါတယ်။ ည (၉း၁၅) လောက်မှာ တပ်ဆင်ထားတဲ့ စက်တွေကိုသိမ်းတဲ့အခါ ရဲမှူးကျော်အောင်မြင့်မှ မင်းက ဘာလို့သိမ်းတာလဲလို့ မေးတဲ့အတွက် အခမ်းအနားပြီဆုံးလို့ သိမ်းခြင်းဖြစ်ကြောင်း ပြောတာမှာ " မင်းက ဘာလဲ၊ မင်းအဆင့်က ဘာလဲ" ဆိုပြီး ပါးကို (၂) ချက် ရိုက်ခံခဲ့ရပါတယ်။ ရဲမှူးအနောက်ကပါလာတဲ့ အရပ်သား (၂) ဦးပါ ဝိုင်းဝန်းထိုးကြိတ်ခဲ့ပါတယ်။ တကယ်ဆို ရဲမှူးအနေနဲ့ အငြိမ်းစားခံစားခွင့် (၄) လ ခွင့်ယူထားပြီးဖြစ်တဲ့အတွက် ဘာတာဝန်မှ မရှိတော့ပါဘူး။ သိမ်းချိန်ရောက်နေပြီဖြစ်လို့သိမ်းတာကို ရန်ရှာပြီး နိုက်ထက်စီးနင်းပြုကျင့် ထိုးကြိတ်ခြင်း ခံခဲ့ရတာပါ "ဟု ရဲတပ်ကြပ် ကျော်ကျော်လှိုင်က ပြောသည် ။

ယင်းဖြစ်စဉ်အား ရဲတပ်ကြပ် ကျော်ကျော်လှိုင် လ- ၂၁၀၁၇၀ မှ (၃၁.၁၀.၂၀၁၆) ရက်နေ့ နံနက် (၁း၃၀) နာရီ အချိန်က အမှုဖွင့် တိုက်တန်းထားကြောင်း ကသာမြို့မရဲစခန်းမှ သိရသည် ။

သီဟဆွေ(ကသာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/


“''ကျွန်မတို့လည်း ပေးတဲ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခဲ့တာပဲ။ အခု ကျွန်မတို့ ကိုယ့်ရွာကို ပြန်ပြောင်းဖို့ ကျတော့ ပညာရေးမှူးရုံးက အခုတမျိုး တော်ကြာတမျိုးလုပ်နေတယ် …”

ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ ၆၂ ဦးကို မြို့နယ်ပညာရေးမှူးရုံးက ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီးမှ အမိန့်ထပ်မံထုတ်ပြန်၍ မူလနေရာတွင်သာ တာဝန်ပြန်လည်ထမ်းဆောင်ရမည်ဟု စေခိုင်းခဲ့သည့်ဖြစ်စဉ်တခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၁ ရက် ရက်စွဲဖြင့် ဆရာ၊ ဆရာမ ၆၈ ဦးကို နေရာ ပြောင်းရွှေ့ခွင့်ပြုခဲ့သော်လည်း ခြောက်ဦး ကိုသာ ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီး ကျန် ၆၂ ဦးကို ပြောင်းရွှေ့မိန့်ကျပြီးမှ ပြောင်းရွှေ့ ခွင့်မပြုခဲ့ဘဲ မူလနေရာတွင်သာ တာဝန်ပြန်လည်ထမ်းဆောင်စေခဲ့ကြောင်း ပြောင်းရွှေ့ခွင့်မရသည့် ဆရာမတဦး၏ ဦးလေး တော်စပ်သူက News Watch သို့ ပြောကြားသည်။

''ဆရာ၊ ဆရာမ ၆၂ ယောက်က အပြောင်းအရွှေ့ကိစ္စကလည်း တရားဝင်စာထွက်ပြီးသား။ သြဂုတ် ၁ ရက်မှာ စာ ထွက်တယ်။ သြဂုတ် ၂၄ ရက်မှာကျတော့ မပြောင်းရတော့ဘူး။ မူလကျောင်းတွေမှာပဲ ဆက်လက်တာဝန်ထမ်းဆောင်ရမယ်။ ၀န်ထမ်းတွေရဲ့ ၀န်ထမ်းစာအုပ်မှာလည်း လက်မှတ်ထိုးပြီးပြီ။ လစာဘေလ်ကိုလည်း ပြောင်းခွင့်ရတဲ့ကျောင်းမှာ ထည့်ဆွဲပြီးမှ အခုမပြောင်းရတော့ဘူးဆိုတော့ တခုခုလွဲ နေသလိုပဲ။ ဆရာကန်တော့ပွဲတွေဘာတွေ လုပ်ပြီး ငိုဟယ် ရယ်ဟယ်ဖြစ်ပြီးတော့မှ မပြောင်းရတော့ဘူး။ ဒီကျောင်းကို ပြန်လာခဲ့ဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ။ အခု ကျွန်တော့် တူမလေးဆို တော်တော် စိတ်ထိခိုက်နေတယ်''ဟု၎င်းက ပြောသည်။

ပြောင်းရွှေ့ခွင့်အမိန့်တွင် ပါသည့် ဆရာ၊ ဆရာမ ၆၈ ဦးတွင် ၆ ဦးသာ ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီး ကျန် ၆၂ ဦးကို ပြောင်းရွှေ့ခွင့်မပြုခြင်းသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးထံ တိုင်ကြားရန် ပြင်ဆင်နေကြောင်း ပြောင်းရွှေ့ခွင့်မရသည့်ဆရာ၊ဆရာမအချို့ထံမှ သိရသည်။

''ကျွန်မတို့လည်း ပေးတဲ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခဲ့တာပဲ။ အခု ကျွန်မတို့ ကိုယ့်ရွာကို ပြန်ပြောင်းဖို့ ကျတော့ ပညာရေးမှူးရုံးက အခုတမျိုး တော်ကြာတမျိုးလုပ်နေတယ်။ လူမှုရေးဝန်ကြီးဆီတိုင်ဖို့စီစဉ်ထားတယ်။ ဘယ်သူ့ကိုမှ ထိခိုက်စေချင်လို့ မဟုတ်ပါဘူး။ ၆ ယောက်ကျတော့ ပြောင်းခွင့်ရပြီး ကျန်တဲ့ ၆၂ ယောက်က ပြောင်းခွင့်မရဘူးဆိုတာကတော့ ပုံမှန်မဟုတ်ဘူးလို့ ထင်တယ်''ဟု အမည်မဖော်လိုသူ ကျောင်းဆရာမတဦးက News Watch သို့ ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပန်းတနော်မြို့နယ် ပညာရေးမှူးဆရာကြီး ဦးငွေထွန်းက ဆရာ၊ ဆရာမ အင်အား နည်းပါးမှုကြောင့် ယခုကဲ့သို့ ပြောင်းရွှေ့ခွင့်ကို ပြင်ဆင်၍ မူလနေရာတွင် တာဝန်ထမ်းဆောင်စေခြင်းဖြစ် ကြောင်းနှင့် ယာယီသဘောသာဖြစ်ပြီး ဆရာ၊ ဆရာမအသစ်များ ၀င်ရောက်လာပါက ပြောင်းရွှေ့ခွင့်ရရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

''ပြောင်းရွှေ့ခွင့်တွေပေးလိုက်ပြီးတဲ့နောက်မှာ တချို့ကျောင်းတွေမှာ ဆရာ၊ ဆရာမ အင်အားလျော့နည်းသွားတာရှိတယ်။ အဲဒီအတွက် တချို့ရွာတွေက တင်ပြတာတွေရှိတဲ့အတွက် ပြောင်းရွှေ့ခွင့် ရတဲ့ ဆရာ၊ ဆရာမတွေကို နဂိုမူလကျောင်းတွေမှာပဲ ဆက်ပြီးနေပေးကြပါဦးလို့ ဒီလ ၂၃ ရက်နေ့မှာ တွေ့ပြီးတော့ မေတ္တာရပ်ခံထားပါတယ်။ ဒီနှစ်ကုန် နောက်ဆုံးထားပြီး ပြောင်းရွှေ့လို့ရအောင် စီစဉ်ဆောင်ရွက်နေပါတယ်။ ပြောင်းရွှေ့ခွင့်ရတဲ့ ဆရာ၊ ဆရာမ ၆ ယောက်ကတော့ သူတို့နေရာကို ၀င်မယ့်သူ အဆင်သင့်ရှိတဲ့အတွက် ပြောင်းခွင့်ပြုရတာ ဖြစ်ပါတယ်''ဟု ၎င်းက အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားသည်။ ပန်းတနော်မြို့နယ်တွင် ထက်၊ လယ်၊ မူ အခြေခံပညာ ကျောင်းပေါင်း ၂၈၅ ကျောင်းရှိပြီး ဆရာ၊ ဆရာမ ၂၀၀၀ ကျော် ပညာသင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရှိရသည်။

(နှင်းမောင်ဦး)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/


(ဇလွန်)အောက်တိုဘာ ၃၀။

ဇလွန်မြို့အနီး ရန်ကုန် - ဇလွန် အမြန်လမ်း မိုင်တိုင် ၃၃/၆ ဖာလုံတွင် အောက်တိုဘာလ ၃၀ ရက် နံနက် ၃ နာရီခန့်က ဧရာသစ္စာ ခရီးသည် တင်ယာဉ် သည်ရန် ခရီးသည် မပါဘဲမောင်းနှင် လာရာစဉ် တိမ်းမှောက်ပြီး ဒရိုင်ဘာဖြစ်သူ သေဆုံး ခဲ့ကြောင်း သတင်းရ ရှိသည်။

`မှောက်တဲ့ အချိန်မှာ ယာဉ်နောက်လိုက်ပါလာတယ်။ ဒါပေမယ့် ကားမှောက်ရင် တကယ်အပြစ်ရှိတာ ဒရိုင်ဘာ ဖြစ်တဲ့အတွက် ယာဉ်နောက်လိုက် ကိုလည်း ဖမ်းဆီးအရေးယူထားခြင်း မရှိပါဘူး´ ဟုဇလွန်မြို့မရဲစခန်းမှုး ဒုရဲမှုးကျော်တင့် ကပြောသည်။

ကနဦးထွက်ဆိုချက်များအရ ဧရာသစ္စာယာဉ်သည် ရန်ကုန်ဘက်မှ ဇလွန်ဘက်သို့ မောင်းနှင်လာစဉ် လမ်းဘေးရှိ မယ်ဇလီပင်အား တိုက်မိပြီးရေမြောင်းထဲ ပြုတ်ကျကာ ဒရိုင်ဘာမှာ ကားထဲမှ ထွက်မရဘဲ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဇလွန်မြို့မ ရဲစခန်းမှသိရသည်။

ဖြစ်စဉ်ကို ဇလွန်မြို့မရဲစခန်းမှ သေမှုသေခင်း ရေးဖွင့်စစ်ဆေး လျှက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ Zaw Min(FB)
Ayeyarwaddy Times
https://www.facebook.com/ayetimes



( တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA မှ တပ်သားအချို့ကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တွေ့ရစဉ် ) Photo: Kan Thar/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ မနေ့ကစပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။

မနေ့ညကစပြီး လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရတာ ဒီနေ့ မနက်ပိုင်းအထိပဲလို့ နမ့်ဆန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးမိုင်းရဲကျော်သူ က ပြောပါတယ်။

'' လက်နက်ကြီးသံတွေ ကြားရတယ်၊ တရစပ်ပဲ အဆက်မပြတ်ပဲကြားရတယ်၊ တိုက်ပွဲတော်တော်ပြင်း ထန်မယ့်သဘောတော့ရှိမယ်ထင်တယ်၊ တစ်ဖက်ကလည်း အဲ့မှာလှုပ်ရားနေတယ်၊ တစ်ဖက်ကလည်း တက်လာတယ်ဆိုတော့ ဒါ အနေအထားက နှစ်ဖက်ထိပ်တိုက်တွေ့မယ့်သဘောရှိတယ်''

နမ့်ဆန်မြို့နယ် မန်မိုင်ကျေးရွာနဲ့ မုန်းကောင်းကျေးရွာဖက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်တယ်လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်ကစပြီး နမ့်ဆန်မြို့နယ်တစ်ဝိုက်မှာ မိုးတွေလည်း အတော်ကြီး နေခဲ့ပါတယ်။

TNLA တပ်မဟာ ၂ နယ်မြေ၊ နမ့်ဆန်မြို့နယ်နဲ့ မိုးမိတ်မြို့နယ် တို့မှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး TNLA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး နမ့်ဆန်မြို့နယ်၊ ဟူးမန်းကျေးရွာအတွင်း တပ်မတော်က ပစ်တဲ့ လက်နက်ကြီး ကျရောက်ခဲ့တဲ့အတွက် ကျေးရွာသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/


ရခိုင်ဂေဇက် ၊ အောက်တိုဘာ ၃၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငခူရ(ဘင်္ဂါလီ)ကျေးရွာ ဈေးဆိုင်ခန်းများ အောက်တိုဘာလ ၃၀ ရက်နေ့ ညဉ့် ၈ နာရီခွဲအချိန်ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွား ခဲ့ခြင်းမှာ နိုင်ငံတကာ အထောက်အပံ့ရလိုမှုနှင့် နိုင်ငံတကာမီဒီ ယာများတွင် သတင်းလွင့် ဖော်ပြစေရန် အတွက် လုပ်ကြံဖန်တီးခြင်းသာဖြစ်ကြောင်း စုံစမ်းစစ်ဆေး ချက်များအရ သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားသည့်နေရာအား နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျော်တေဇနှင့်အဖွဲ့မှ သွားရောက်ခဲ့ရာတွင် ငါးခူရ(ဘင်္ဂါလီ)ကျေးရွာရှိ နူရူဒိန်း၊ အသက် ၄၀ နှစ် (ဘ) ဒီမာမောက်၏ ဈေးဆိုင်ခန်းမီးလောင်ကျွမ်းနေသည်ကိုတွေ့ရှိရကြောင်း၊ ထိုသို့ မီးလောင်နေသည့်ဈေးဆိုင်ခန်းအား ဘင်္ဂါလီကျေးရွာသား တစ်ဦးတစ်ယောက်မျှ မီးငြိမ်းသတ်ခြင်းကိုမတွေ့ရှိရဘဲ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ အနီးရှိ ဟိန္ဒူကျေးရွာ သူ/သားများနှင့် ငါးခူရ(ရခိုင်)ကျေးရွာသားများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ယင်းမီးလောင်မှုတွင် နူရူဒိန်း၏ ဓနိမိုး၊ ဝါးထရံကာ မြေစိုက်ဈေးဆိုင်ခန်း (၃)ခန်းနှင့် ဝိုင်ဒူ၊ အသက် ၄၀ နှစ် (ဘ) အဒူဆလင်၏ ဓနိမိုး၊ ဝါးထရံကာ မြေစိုက်ဈေးဆိုင်ခန်း (၃)ခန်း မီးလောင်ဆုံးရှုံးသွားခဲ့သည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဒုက္ခသည်အမည်ခံကာ နိုင်ငံတကာအဖွဲ့ အစည်းများထံမှ ငွေးကြေးအထောက်အပံ့များရယူလိုခြင်း၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များမှ မီးရှိုးခြင်းဖြစ်ကြောင်း နိုင်ငံတကာသတင်းမီဒီယာများမှ သတင်း ထုတ်လွှင့်ဖော်ပြစေလိုခြင်းနှင့် ယင်းမီးလောင်မှုဖြစ်သည့် ငါးခူရ(ဘင်္ဂါလီ)ကျေးရွာ၏ အနောက်မြောက်ဘက်တွင်ရှိသည့် ငါးခူရ(ဟိန္ဒူ)ကျေးရွာအား မီးကူးစက် လောင်ကျွမ်း စေလိုခြင်း စသည့်ရည်ရွယ်ချက်များဖြင့် နူရူဒိန်းသည် မိမိ၏ဈေးဆိုင်ခန်းများအား မီးရှိုးလျက် အခြားတစ်နေရာသို့ ရှောင်တိမ်းသွားသည်ကို စိစစ်တွေ့ရှိရကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှဆိုသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ နူရူဒိန်း၊ အသက် ၄၀ နှစ်အား နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ငါးခူရနယ်မြေရဲစခန်းတွင် (ပ)၃၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၄၃၆ ဖြင့် အမှုဖွင့်ပြီး ရဲအုပ် အထွန်းမှ တရားခံနူရူဒိန်းအား ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေ လျက်ရှိကြောင်းသိရသည်။

Rakhine Gazette
http://rakhinegazette.com


မော်လမြိုင်၊ အောက်တိုဘာ ၃၁

ဆိုင်ကယ် Show Room အနေဖြင့် မိမိဆိုင်ကယ် လာရောက်ဝယ်ယူကြသော customer များကို အရည်အသွေးပြည့် မှီသည့် ဆိုင်ကယ် ဦးထုပ်များ အခမဲ့ပေးအပ်မှသာဆိုင်ကယ်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ပြည်နယ်ယာဉ် စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီရုံးမှ သတင်းရရှိသည်။

မွန်ပြည်နယ်တွင် ယာဉ်အန္တရာယ်များ လျော့ကျစေရန်နှင့် ပြည်သူလူထု၏ အသက်အန္တရာယ်များကို ကာကွယ်သည့်အနေဖြင့် ယာဉ်နှင့်ပတ်သတ်သည့် စည်းကမ်းချက် ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည့် အပြင် မော်တော်ဆိုင်ကယ်ရောင်းချသည့် ဆိုင်ကယ် Show Room များယင်းသို့လုပ်ဆောင်မှသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ပြည်နယ် ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်ဝင်းမောင်က အောက်တိုဘာလ (၂၉) ရက်နေ့က သံလွင်တိုင်းမ် သို့ ပြောကြားလိုက်သည်။

“ကျွန်တော်တို့ဆီကို စာတွေဝင်ထားပါတယ်။ ကျွန်တော်တို့ဘက်က လည်း နိုဝင်ဘာလက စပြီး ယာဉ်တွေကို ပညာပေးတွေစလုပ်ဖို့ရှိပါတယ်။ ဆိုင်ကယ် ရောင်းချနေတဲ့ ဆိုင်ကယ် Show Room တွေကို လာရောက်ဝယ်တဲ့ Customerတွေကို ဦးထုပ်(၂) လုံး အခမဲ့ပေးရပါမယ်။ ရိုးရိုးဦးထုပ်မရပါဘူး။ ပြည်သူလူထုရဲ့ အသက်ကို ကာကွယ်ပေးနိုင်လောက်တဲ့ အရည်အသွေးပြည့်မှီ မှ ရပါမယ်။ ဒါမှလည်း ဦးခေါင်းကို ကာကွယ်ပေးလို့ရမှာပါ”ဟု ၄င်းကပြောကြားသည်။

ယင်းသို့လုပ်ဆောင်ရမည်ဆိုပါက ဆိုင်ကယ်အရောင်းဆိုင်များအတွက် နစ်နာမှုများရှိနိုင်ပြီး ဆိုင်ကယ်ဈေးနှုန်းများလည်း မြင့်တက်သွားနိုင်ကြောင်း ဆိုင်ကယ် Show Room ပိုင်ရှင် များက ဖွင့်ဟသည်။

“ကျွန်တော်တို့ က မြတ်တာမှ သောင်းဂဏန်းလောက်ပဲရှိတာပါ အရည်အသွေးပြည့်မှီတဲ့ ဦးထုပ်တစ်လုံးက သောင်းကျော်တွေမှ ရမှာပါ အနည်းဆုံး (၂) သောင်း၊ (၃) သောင်း လောက်ဆိုရင် (၂)လုံးဆိုရင်ပဲ (၇)သောင်း (၈)သောင်းလောက်ရှိပြီ အဲ့လိုပေးရမယ်ဆိုရင် ဆိုင်ကယ်ဈေးတွေ တက်လာဖို့ပဲ ရှိတော့တယ်” ဟု Royal Cycle’s Life ဆိုင်ကယ်အရောင်းစင်တာမှ တာဝန်ခံမန်နေဂျာ ဦးဝင်းဟိန်းက ပြောသည်။

လက်ရှိတွင်လည်း Show Room များအနေဖြင့် ဦးထုပ်တစ်လုံးစီ လက်ဆောင်ပေးလျက်ရှိပြီး အဆိုပါ ညွှန်ကြားချက်ကို နိုဝင်ဘာလမှ စတင်ကာ အကောင်ထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ Show Room ကိုတော့ ညွှန်ကြားထားတာမျိုး မရှိသေးပေမယ့် အဲ့လိုလုပ်ခိုင်းမယ်ဆိုရင် ဆိုင်ကယ်တွေကို အရင် ရောင်းနေတဲ့ဈေးထက် ဈေးနှုန်းပိုလာနိုင်တယ်။ လက်ရှိလည်း ကျွန်တော်တို့ ဦးထုပ်တစ်လုံးစီ လက်ဆောင်ပေးပါတယ်” ဟု Win ( Honda) ဆိုင်ကယ် Show Room မှ ကိုပြည့််မြတ်အောင် ကသံလွင်တိုင်းမ်သို့ ပြောကြားသည်။

လက်ရှိတွင် မွန်ပြည်နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ မော်တော်ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များကိုကွင်းဆင်းပြုလုပ်ပေးလျက်ရှိပြီး မွန်ပြည်နယ် ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ပူးပေါင်းကာ ယာဉ်မောင်းလိုင်စင်၊ဆိုင်ကယ်ဦးထုပ်၊ နောက်ကြည့်မှန် ၊ မော်တော်ဆိုင်ကယ်လိုင်စင်နှင့် မီးနီဖြတ်မောင်းသည့် ယာဉ်များကို နိုဝင်ဘာလမှ စတင်ပြီး တည်ဆဲဥပဒေအရ တင်းတင်းကြပ်ကြပ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ရုံးမှ သတင်းရရှိသည်။

သတင်းနှင့် ဓာတ်ပုံ - TU Arkar Min
Than Lwin Times
https://www.facebook.com/thanlwintimes9/



မြန်မာနိုင်ငံတွင်း စပါးစိုက်တောင်သူလယ်သမားများအား တွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)
    ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

    တောင်သူလယ်သမားများ၏ စပါးဈေးနှုန်းများ ကျဆင်းမှုအတွက် အစိုးရအနေဖြင့် ပံ့ပိုးမှုများ ဆောင်ရွက်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

အဆိုပါ တောင်သူလယ်သမားများ စပါးဈေးနှုန်းကျဆင်းမှုအတွက် နိုင်ငံတော်အစိုးရမှ အခြေခံဈေးနှုန်း (Minimum Support Price) ဖြင့် စပါးဝယ်ရေးစီမံချက် ဆောင်ရွက် ပေးရန်စဉ်းစားလျက်ရှိပြီး တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်ရေးနှင့် မြှင့်တင်ရေးဥပဒေအရ ဖွဲ့စည်းထား သော ကော်မတီများမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီးအစိုးရ တို့ပူးပေါင်း၍ စပါးဝယ်ယူပေးရေးစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံ၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အသင်းဝင် ဆန်ကုန်သည်များ။ Exporters နှင့် ဆန်စက်ပိုင်များမှလည်း တောင်သူ များထံမှ စပါးဝယ်ယူပေးခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းကို တိုးမြှင့်ဆောင်ရွက်သွားခြင်းဖြင့် တောင်သူလယ်သမားများ၏ စပါးဈေးကျဆင်းမှုအတွက် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဒေါက်တာစိုးထွန်းက ဆိုသည်။

အဆိုပါ စပါးဈေးကျဆင်းမှုအတွက် ပြည်ပသို့ ဆန်တင်ပို့ရောင်းချနိုင်ရန် G to G လက်မှတ်ရေး ထိုးနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဖွဲ့စည်းတည်ထောင်ထားသည့် MAPCO မှလည်း အခြောက်ခံစက် (Dryer) များတင်သွင်း၍ ဆန်စက်များတွင် စပါးအခြောက်ခံဝန်ဆောင်မှုပေးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်နေသည်။

(Xinhua)
http://www.xinhuamyanmar.com


မီးလောင်မှု ဖြစ်ပွားခဲ့သည့် ငါးခူရကျေးရွာ ဆိုင်ခန်း၃ခန်း။ ဓာတ်ပုံ..ဖိုးသီဟ
အောက်တိုဘာ ၃၀၊မောင်တော

မောင်တောမြိုနယ်တောင်ပိုင်း ငါးခူရကျေးရွာ ဗလီရှေရှိ ဈေးဆိုင်ခန်းများအား ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ည ၉နာရီခန့်က အကြမ်းဖက်သမားများက မီးရှိုးပြီး ဆူပူမှုပြုရန် လုပ်ဆောင်ခဲ့ခြင်းအား သက်ဆိုင်ရာမှ ထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရသည်။
" ဗလီရှေ့က ဆိုင်တွေကို မီးရှိုးပြီး အချိန်ကိုက် အွန်လိုင်းမှာ ဗလီကို မီးရှိုးပါတယ်ဆိုပြီး သတင်းတွေလုပ်ကြံတင်ကြတယ်၊လုံခြုံရေးအဖွဲ့တွေအချိန်မှီ ငြိမ်းသတ်ပီး နောက်ဆက်တွဲ မဖြစ်လာအောင် ထိန်းနိုင်ခဲ့ပါတယ်"ဟု ငါးခူရကျေးရွာမှ လုံခြုံရေး တာဝန်ယူထားသော ရဲအရာရှိတဦးမှပြောသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ငါးခူရကျေးရွာ ဆိုင်ခန်း၃ခန်း။ ဓာတ်ပုံ..ဖိုးသီဟ
ဖြစ်ပွားပုံမှာ အောက်တိုဘာလ ၃၀ ရက်နေ့ ည ၈း၃၅ အချိန်ခန့်တွင် ဗလီရှေ့ရှိ ဈေး ဆိုင်ခန်းများအနက် ဦးနိုရူလာဒိန် (၄၀)နှစ် ဆိုင်ခန်းမှ စတင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကာ အချိန်မှီ ငြိမ်းသတ်နိုင်ခဲ့သည့်အတွက် ည ၉နာရီ ၀၅မိနစ်အချိန်ခန့်တွင် ဆိုင်ခန်း၃ ခန်းသာ မီးလောင်ခဲ့ပြီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်ပွား မစတင်မှီ စက်တင်ဘာလ တွင် RSO အကြမ်းဖက်သမားများနှင့် ဆက်စပ်သူ ၈ ဦးကို ငါးခူရ နယ်မြေ တပ်ရင်းမှုးမှ ဖမ်းဆီးခဲ့မှုအပေါ် မကျေနပ်သဖြင့် ယခုထပ်မံ မီးရှို့ပြီး ဆူပူအကြမ်းဖက်ရန် ကြံစည်ခြင်းဖြစ်နိုင်ကြောင်း ငါးခူရ ရဲကင်းစခန်းမှ တာဝန်ရှိသူတဦးမှ ဆိုသည်။


" အောက်တိုဘာ ၉ ရက် မဖြစ်ခင်ကတည်းက စက်တင်ဘာလ ၁၅ ရက်နေ့လောက်ကတည်းက ငါးခူရ နယ်မြေက တပ်ရင်းမှုးက သတင်းရလို့ RSOနဲ့ ဆက်နွယ်သူ ဘဂ်လီ ၈ ယောက်ကို ဖမ်းတယ် ၊ ရုံးတင်တရားစွဲဖို့လုပ်ခဲ့ပေမဲ့၊နောက်ပိုင်းမှာ ပြန်လွတ်ပေးလိုက်ရတယ်၊ဒါကို အဓိက မကျေနပ်တာ၊၉ ရက်နေ့ကလည်း ငါးခူရစခန်းကို အဓိကလာတိုက်တာ တပ်ရင်းမှုးကိုမကျေနပ်လိုဘဲ၊ကံကောင်းတာက ဖြစ်တဲ့အချိန် တပ်ရင်းမှုးက အပြင်မှာရောက်နေတယ်"ဟု ရဲကင်းစခန်းမှ တာဝန်ရှိသူတဦးမှ ဆိုသည်။

မောင်တောဒေသအတွင်း ငါးခူရ နယ်မြေသည် တဖက်ဘဂ်လားဒေရှ်နိုင်ငံနှင့် အလွယ်တကူ မှောင်ခို သွားလာရ အလွယ်ကူဆုံး နယ်မြေတခုဖြစ်ပြီး အကြမ်းဖက် ဖြစ်စဉ်များအတွင်း ဘဂ်လီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ငါးခူရ နယ်မြေတွင် လုံခြုံရေး နှစ်ဦးသေဆုံးပြီး မိသားစုဝင်တဦး ဒဏ်ရာရရှိခဲ့သည်။....

ဖိုးသီဟ (မြတ်သူထွန်း)

Development Media Group
https://www.facebook.com/DevelopmentNJ/



( NCA မှာ လက်မှတ်ရေးထိုးဖို့ ရှမ်းနဲ့ ကချင်တိုင်းရင်းသားမျိုးနွယ်စုများ မြစ်ကြီးနားမြို့မှာ အောက်တိုဘာ ၃၁ ရက်နေ့က ဆန္ဒပြ တောင်းဆိုကြစဉ် ) Photo: Kyaw Myo Min/ RFA
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးပြီး နိုင်ငံတော်က ဖော်ဆောင် နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ကြဖို့ KIA ကိုကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ ဒေသခံတိုင်းရင်းသား ၈ ထောင်ကျော် ဆန္ဒပြတောင်းဆိုကြပါတယ်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးလိုက်မယ်ဆိုရင် ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးအတွက် အကျိုးရှိစေမှာဖြစ်တယ်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးစိုင်းထွန်းရင် က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ အချိန်မဆွဲဘဲ လက်မှတ် ရေးထိုးကြဖို့ တိုက်တွန်းထားပါတယ်။

ဆန္ဒပြသူတွေဟာ မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာ အားကစားကွင်းကနေ ရပ်ကွက်တချို့ကို ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လှည့်လည်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
အဲဒီဆန္ဒပြပွဲကို ဒေသခံ ရှမ်းနဲ့ လီဆူ၊ လာချိတ် ၊ ရဝမ် စတဲ့ ကချင်တိုင်းရင်းသား မျိုးနွယ်စုတွေ ပါဝင်ခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/