11/03/16


ရခိုင်ပြည်နယ် ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂရုံး ညှိနှိုင်းရေးမှုးနဲ့ သံတမန်အဖွဲ့ (MOI)
ရခိုင်ပြည်နယ် ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂရုံး ညှိနှိုင်းရေးမှုးနဲ့ သံတမန်အဖွဲ့ (MOI)

ရခိုင်ပြည်နယ် ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂရုံး ညှိနှိုင်းရေးမှုးနဲ့ သံတမန်အဖွဲ့ဟာ ဒီကနေ့ မနက်မှာ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ ဆုံပြီး ရခိုင်ပြည်နယ်အတွင်းလေ့လာတွေရှိချက်တွေ သတင်းထုတ်ပြန်ဖို့နဲ့ ဆက်လက်ဆောင်ရွက်မယ့်အရေးတွေကို ဆွေးနွေးခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က မောင်တောဒေသကိုသွားရောက်လေ့လာချိန်မှာအကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ ၃ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပေမဲ့ သံတမန်အဖွဲ့က ပန့်ကြားခဲ့တာကြောင့် ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

ကုလသမဂ္ဂ(OCHA) ဌာနေညှိနှိုင်းရေးမှူး Renata Dessallien နဲ့ သံတမန်အဖွဲ့ဟာ ဒီလ ၂ရက်နေ့က ရခိုင်ပြည်နယ် ရောက်ရှိခဲ့ပြီး မောင်တောမြို့နယ်မြောက်ပိုင်းက အစ္စလာမ်ဘာသာဝင်တွေနဲ့ တွေ့ဆုံခဲ့တဲ့နောက် ဒီကနေ့ မနက် ၈နာရီလောက်မှာ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ အဓိက ဆွေးနွေးခဲ့တာတွေကို ရခိုင်ပြည်နယ် အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီးဦးမင်းအောင်က အခုလို ပြောပါတယ်။

“ဒီနေ့ ကျနော်တို့အစည်းအဝေးလုပ်ပြီး သူတို့ဒါတွေကို သတင်းဌာနတွေမှာ ပြောပြလို့ရလား၊ ရမလားဆိုပြီး request လုပ်တယ်လေ။ ရပါတယ်လို့ ဒီဟာတွေက သူတို့တွေ့ခဲ့တာတွေ၊ အခြေအနေတွေကို သူတို့ကိုယ်တိုင်ပြောပြမှာပေါ့ဗျ။ နောက်ဆက်တွဲလုပ်ကိုင်ဆောင်ရွက်သွားမယ့် ကိစ္စတွေမှာ အကူအညီပေးမယ့်အနေအထားမျိုးတွေ ဘယ်လိုအကူအညီပေးမလဲဆိုတာတွေ သူတို့ထုတ်ပြန်ဖို့အတွက်ရှိတယ်။”

ဒီအစည်းအဝေးမှာ ကုလသမဂ္ဂ(OCHA) ဌာနေညှိနှိုင်းရေးမှူး၊ အမေရိကန်၊ ဗြိတိန်၊ အီဂျစ်၊ ဥရောပသမဂ္ဂ၊ တူရကီစတဲ့ သံအမတ်ကြီးတွေနဲ့ သံရုံးအကြီးအကဲတွေဟာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦီးကျော်တင် ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၊ပြည်နယ်ဝန်ကြီးတွေနဲ့ စစ်တွေမြို့ အစိုးရဧည့်ဂေဟာမှာ သီးသန့်စည်းဝေးခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က မောင်တောမြို့မြောက်ပိုင်းရှိ ကျီးကန်းပြင်၊ ၀ါးပိတ်၊ ဇင်ညာပိုင်ရွာက အစ္စလာမ်ဘာသာဝင်တွေနဲ့ တွေ့ဆုံချိန်မှာ လူ ၃ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ကြောင်း ဦးမင်းအောင်က ပြောပါတယ်။

“ကျနော်တို့ ဘက်က ၃ ယောက်ဖမ်းလိုက်တယ်လို့ပြောတယ်။ ဒီဖမ်းထားတဲ့လူတွေထဲက ဘယ်သူတွေပါတယ်ဆိုတာမျိုးလေးတွေ သိထားတာရှိတယ်ခင်ဗျ။ ရွာတွေမှာ အဲလိုမျိုးလေးတွေရှိပေမယ့် သူတို့တွေက ဒီလို အလွတ်လူတွေသွားရှာရင်မရှိကြဘူးခင်ဗျ။ အခုသံတမန်တွေလာလို့မှ တရွာလုံးပြုံပြီးထွက်လာကြတယ်။ ဒီမှာ လူအုပ်ထဲမှာတွေ့တော့ စစ်ဖို့ခေါ်တာ ၊ အဲဒီမှာ သံတမန်တွေကပြောသွားတော့ သူတို့အရှေ့မှာ မဖမ်းပါနဲ့ဆိုတဲ့ ပုံစံမျိုးတောင်းပန်တယ်။ မနေ့ကတော့ ပြန်လွှတ်ပေးလိုက်တယ်။”

သံတမန်အဖွဲ့ဟာ အစည်းအဝေးပြီးနောက် မနက်၁၀နာရီလောက်မှာ မောင်တောမြို့တောင်ဖက် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ကိုးတန်ကောက်ကျေးရွာဖက်ကိုသွားရောက်လေ့လာပြီး နေ့ခင်း ၃နာရီ ၀န်းကျင်မှာ စစ်တွေမြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

နိုင်ငံတကာသံတမန်တွေနဲ့အတူ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂရုံး (OCHA) ဌာနေ ညှိနှိုင်းရေးမှူး Renata Dessallien ဟာ မနေ့တုန်းကရော ဒီကနေ့မှာပါ ပဋိပက္ခဖြစ်ရာ ဒေသကို သွားရောက် စစ်ဆေးခဲ့ပေမဲ့ တွေ့ရှိချက် အသေးစိတ်ကိုတော့ လတ်တလော မသိရသေးဘူးလို့လည်း UN-OCHA ရုံး ပြောခွင့်ရသူတဦးဖြစ်တဲ့ Pablo Barrera ကပြောပါတယ်။

“ရခိုင်ပြည်နယ် မြောက်ပိုင်းက ကျေးရွာ ၂ ရွာကို မနေ့တုန်းက သွားရောက်ခဲ့ပြီး၊ မနေ့ညပိုင်းမှာတော့ စစ်တွေကို ပြန်ရောက်လာပါတယ်။ ဒီကနေ့လည်း နောက်တခေါက် ကွင်းဆင်းလေ့လာဖို့ နောက်ထပ် ကျေးရွာတွေဆီ ထပ်သွားပါတယ်။ သူ့အနေနဲ့ ဘယ်သူတွေနဲ့တွေ့ဆုံခဲ့တယ်၊ ဘာတွေတွေ့ရှိခဲ့တယ် ဆိုတာတွေနဲ့ ပတ်သက်လို့တော့ အသေးစိတ်မသိရသေးပါဘူး။”

အောက်တိုလာလ ၉ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသက နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နဲ့ စခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းချိန်မှာ လူ့အခွင့်အရေးချိုးဖောက်တာတွေရှိကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြခဲ့တဲ့နောက်ကုလသမဂ္ဂ(OCHA) ဌာနေညှိနှိုင်းရေးမှူး နဲ့ သံတမန်အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာစုံစမ်းတာဖြစ်ပါတယ်။
VOA Burmese News



(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနဌာန ဒုတိယတာဝန်ခံ ကိုမျိုးရန်နောင်သိမ်းကို တွေ့ရစဉ်) Photo: Myo Yan Naung Thein(facebook)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနဌာန ဒုတိယတာဝန်ခံ ကိုမျိုးရန်နောင်သိမ်းကို ဒီနေ့ နိုဝင်ဘာလ ၃ ရက် နေ့လည်လောက်မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ရန်ကုန်မြို့မှာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

သူ့ကိုဖမ်းထားတာ ဟုတ်မှန်ကြောင်းနဲ့ ဘာကြောင့်ဖမ်းတယ်၊ ဘယ်ဥပဒေပုဒ်မနဲ့ ဖမ်းတယ်ဆိုတာ မသိသေးတဲ့အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို အတည်ပြုပြောဆိုပါတယ်။

"ခေါ်သွားတယ်တော့ သိရတယ်ဗျာ၊ ၆၆ တို့ ဘာအကြောင်းအရာဆိုတာ ကျနော် မသိဘူး၊ သူ့ကိုခေါ်ထားတယ်၊ ဖမ်းထားတယ်ဆိုတာတော့ သိတယ်"

ကိုမျိုးရန်နောင်သိမ်းကို ပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းတာလို့ဆိုပြီး ဖေ့စ်ဘွတ်အင်တာနက်စာမျက်နှာ တွေမှာတော့ သတင်းတွေပြန့်နေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း လိုက်လံစုံစမ်းဆဲလို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/



ဓာတ်ပုံ- Myo Yan Naung Thein Page
ရန်ကုန်၊ နိုဝင်ဘာ ၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ၊ ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှူးဖြစ်သူ ကိုမျိုးရန်နောင်သိန်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း လှိုင်မြို့နယ် ရဲစခန်းထံမှ သိရသည်။

“ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ဖမ်းထားပါတယ်။ အသေးစိတ်မသိဘူး။ တာဝန်မှူးလည်း အပြင်သွားနေတော့”ဟု လှိုင်မြို့နယ်ရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ကိုမျိုးရန်နောင်သိန်းသည် ယနေ့ (နိုဝင်ဘာလ ၃ရက်)တွင် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် ဖမ်းဆီးခံရကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူများထံမှ သတင်းများ ထွက်ပေါ်လာခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး လှိုင်မြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျရဲတပ်ဖွဲ့ဝင်က အထက်ပါအတိုင်း အတည်ပြုဖြေကြားခဲ့ခြင်း ဖြစ်သည်။

သဇင်လှိုင်

SKY Land News & Entertainment Media
https://www.facebook.com/skyland.news


မန္တလေး၊ နိုဝင်ဘာ ၃။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဥယျာဉ်ကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသော (၃)တန်းကျောင်းသူ၊ (၄) တန်းကျောင်းသူ စုစုပေါင်း ကျောင်းသူ ၁၂ဦးကို မတော်မတရားလုပ်သည့် ကျောင်းဆရာအား နိုဝင်ဘာလ (၂) ရက်နေ့က အမှု (၆)မှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည် ။

ဥယျာဉ်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း မှ မူလတန်းပြကျောင်းဆရာ ဦးစိုးမြင့်(ခ)ပေတိုးသည် ကျောင်းသူများအား ပါးနမ်းခြင်း၊ ရင်သားကိုင်ခြင်းနှင့် ယောက်ျားလိင်အင်္ဂါအပေါ်တက်ထိုင်ခိုင်းခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည့်အတွက် အုပ်ထိန်း သူ (၆) ဦးမှ နိုဝင်ဘာလ (၁)ရက်နေ့က တစ်မှု နိုဝင်ဘာ (၂) ရက်နေ့က (၅)မှု ဖွင့်ထားကြောင်း သိရသည် ။

"ကျောင်းဆရာကိုတော့ ဖမ်းထားပါတယ်။ အမှုအခြေအနေကိုတော့ ဘာမှပြောပြလို့မရသေးပါဘူး။ ဒီနေ့လည်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်"ဟု မိတ္ထီလာမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးကျော်မိုးအောင်က ပြောသည် ။

ယင်း မူလတန်းပြကျောင်းဆရာ ဦးစိုးမြင့် (ခ) ပေတိုးအား (ပ)၃၇၆ - ၃၇၈ - ၃၇၉ - ၃၈၀ - ၃၈၁ - ၃၈၂ / ၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁/၃၅၄ တို့ဖြင့် မိတ္တီလာမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar/


နိရဉ္စရာ၊ နိုဝင်ဘာ ၃

မောင်တောမြို့နယ် တောင်ပိုင်း ဘဂုန ရွာတွင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။

တိုက်ပွဲမှာ ၎င်းရွာတွင် တပ်စွဲထားသော စစ်တပ်အား ဘင်္ဂလီ အကြမ်းဖက် သမားများက ၀င်ရောက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်ဟု တိုက်ပွဲ ဖြစ်ရာနှင့် တစ်ဖာလုံ အခန့်အကွာတွင်ရှိသော ကင်းချောင်းရွာသား တစ်ဦးက ပြောသည်။

“ တိုက်ပွဲ ဖြစ်ပွားတာက ညနေ ၆ နာရီ မိနစ် ၂၀ လောက်က စကြားတာပါ။ အတွဲလိုက် ပစ်ခတ်သံတွေကို အခုထိ ကြားနေရပါတယ်။ ရွာသားတွေလည်း စိုးရိမ်ပြီး အိမ်ထဲမှာဘဲ နေကြပါတယ်” ဟု ပြောကြားသည်။

ညနေ ၇ နာရီခွဲထိ သေနတ်သံများကြားနေရဆဲဟု ဒေသခံများကပြောသည်။

Narinjara
https://www.facebook.com/Narinjara



(ပုံစာ- ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူးနှင့် နိုင်ငံတကာသံတမန်အဖွဲ့ဝင်များ ရခိုင်ပြည်နယ်သို့ ယမန်နေ့က လာရောက်စဉ်) ဓာတ်ပုံ-AFP
နိုဝင်ဘာလ(၃)၊ ၂၀၁၆

နိုဝင်ဘာလ ၇ရက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့၌ ဒေသခံများက UN (ကမ္ဘာ့ကုလသမဂ္ဂ)အဖွဲ့ကို ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း အဆိုပါဆန္ဒထုတ်ဖော်ပွဲအား စီစဉ်သည့် ရခိုင်လူမှုကွန်ရက်ထံမှ သိရသည်။

“UN က ထောက်ပံ့ပေးတာတွေက ရခိုင်တိုင်းရင်းသားတွေ မရဘူး။ ဘင်္ဂလီတွေကို ထောက်ပံ့ပေးတာ။ သူတို့ ထောက်ပံ့ပေးတာက ထောက်ပံ့ပေးသလို မဟုတ်ဘူး။ ဘင်္ဂလီတွေကို မြှောက်ပေးသလို ဖြစ်သွားပြီ ။ အဲဒါကြောင့် ကျွန်တော်တို့က ဆန္ဒပြတာ။ နောက် မနေ့က ကုလသမဂ္ဂက သံတမန်တွေ လာတဲ့အခါမှာလည်း တရားမျှတမှု မရှိဘူး။ ဒါတွေကြောင့် ဆန္ဒပြမှာ။”ဟု ရခိုင်လူမှုကွန်ရက်မှ ဦးစိန်လှဖြုက ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာလ(၇)ရက်တွင် မောင်တောမြို့ပေါ်၌ ကျင်းပပြုလုပ်ရန်အတွက် လူဦးရေ(၃၀၀)ဖြင့် မောင်တောမြို့နယ် ရဲတပ်ဖွဲ့ထံ ခွင့်ပြုမိန့်တင်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ အဲဒီနေ့မှာ ၁၂နာရီလောက်မှာ စပြီး မောင်တောမြို့ကို တစ်ပတ် ပတ်မယ်။ ပြီးရင် မောင်တောမြို့မှာရှိတဲ့ UN ရုံးရှေ့မှာ ဆန္ဒပြကန့်ကွက်သွားမှာပါ။”ဟု ဦးစိန်လှဖြူက ပြောသည်။

ထိုသို့ဆန္ဒထုတ်ဖော်ရာတွင် ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှု အက်ဥပဒေဖြင့် နိုင်ငံသားစိစစ်မှုကို အမြန်ဆုံး ပြုလုပ်ပေးရန်၊ ပြည်တွင်းကိစ္စသည် ပြည်တွင်းရေးသာ ဖြစ်သည်၊ အကြမ်းဖက်မှုကို အားပေးသည့် UN၊ INGO အဖွဲ့များ အလိုမရှိ၊ မြန်မာနိုင်ငံ ဥပဒေကို လိုက်နာပါ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖူးပွင့်သူ

SKY Land News & Entertainment Media
https://www.facebook.com/skyland.news



(ဓာတ်ပုံ- ရခိုင်ဂေဇက်)
နိရဉ္စရာ၊ နိုဝင်ဘာ ၃

နိုဝင်ဘာ ၂ ရက် နေ့က သံတမန်များအား တွေ့ဆုံသည့် ဘင်္ဂလီကျေးရွာသားများအထဲတွင် အကြမ်းဖက်သမား ၃ ဦးပါဝင်သဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သော်လည်း သံတမန်များရှေ့တွင်ပင် ဖမ်းဆီးပြီးမှ ချက်ချင်း ပြန်လွတ်ပေးခဲ့ရသည်ဟု သိရသည်။

ယနေ့ထုတ် Daily Eleven သတင်းစာတွင်လည်း သံတမန်များအား လာရောက်တွေ့ဆုံသည့် ဘင်္ဂလီလူအုပ်ထဲတွင် အကြမ်းဖက် သမား သုံးဦးပါဝင်သဖြင့် ဖမ်းဆီးခဲ့သော်လည်း ယင်းသံတမန် များရှေ့မှာပင် ပြန်လွတ်ပေးခဲ့ကြောင်း “ သံတမန် ၁၀ ဦး မောင်တောသို့ ကွင်းဆင်းလေ့လာ သတင်း” တွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ယင်းနေရာတွင် သတင်းရယူရန် ရောက်ရှိနေခဲ့သူ သတင်းထောက် တစ်ဦးကို နိရဉ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ ၎င်းသတင်းမှာ ဟုတ်မှန်ကြောင်းနှင့် ယင်းသို့ ဖမ်းဆီးစဉ် သံတမန်များ မျက်နာပျက်နေကြောင်း၊ မြန်မာအစိုးရ တာဝန်ရှိသူများနှင့် သံတမန်အချို့ စကားတီးတိုး ပြောဆိုခဲ့ကြပြီး နောက်ပိုင်းတွင် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က ပြန်လွတ်ရန် အမိန့် ပေးလိုက်ကြောင်းဖြင့် ပြောကြားသည်။

“ ကျီးကန်းပြင် (မြောက်) ရွာ မှာ ဖြစ်တာပါ။ သူတို့က သံတမန်တွေနဲ့ တွေ့မယ့် ဘင်္ဂလီ လူအုပ်နဲ့ ရောပြီးပါလာတယ်။ ဒါကို နယ်ခြားစောင့်က ဖမ်းတယ်။ သံတမန်တွေက မျက်နာ ပျက်နေတယ်။ သိပ်လိုလားဟန် မရှိဘူး။ နောက်တော့ သူတို့စကားတီးတိုး ပြောဆိုကြတာကို တွေ့ရတယ်။ နောက်ပိုင်းတော့ ပြည်ထောင်စု ၀န်ကြီးက ပြန်လွတ်ပေးဖို့ ခိုင်းလိုက်တယ်” ဟု သူက ပြောကြားသည်။

ယခုကဲ့သို့ မောင်တောမြို့ နယ်ခြားစောင့်တပ်ဖွဲ့ ဌာနချုပ်အား စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်သူ အကြမ်းဖက်သမားများကို ဖမ်းဆီးမိသော်လည်း ပြန်လွတ်ပေးလိုက်ရခြင်း အပေါ် နယ်ခြားစောင့် တပ် တာဝန်ရှိသူများကို မေးမြန်း၍ မရသဖြင့် အသေးစိတ် မသိရှိရသေးသော်လည်း ၎င်းသတင်းထောက်ကမူ နိုင်ငံခြား သံတမန်များက လိုလားဟန် မရှိသည့် အပြင် မြန်မာ တာဝန်ရှိသူများကို တစ်စုံတစ်ရာ ပြောဆိုဖိအားပေးခဲ့ပုံရှိခဲ့ကြောင်း သုံးသပ်ပြောဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေး အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံ ဥပဒေအထက်တွက် မည်သူမျှ မရှိရဟု ဆိုသော်လည်း ယခုလုပ်ရပ်က မြန်မာနိုင်ငံ၏ ဥပဒေအထက်တွင် နိုင်ငံခြားတိုင်းပြည်များ ရှိနေသည်ကို ပြသနေခြင်းပင် ဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသားများအနေဖြင့် ယခု ဖြစ်ရပ်အပေါ် လွန်စွာ စိတ်ပျက်မိကြောင်း သူက ဝေဖန် ပြောကြားသည်။

နိုင်ငံခြား သံတမန်များ ရောက်ရှိလာသည့် နိုဝင်ဘာလ ၂ ရက်နေ့က မောင်တောမြို့တွင် အကြမ်းဖက်အားပေး ယူအင်၊ အိုင်အန်ဂျီအို အဖွဲ့အလိုမရှိ ထွက်သွား၊ Terrorist Help Group UN, INGO, Get Out ဟု ရေးသားထားသော စာရွက်များကို ကပ်ပြီး လူပ်ရှားမူတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းကမ်ပိန်း လူပ်ရှားမှုကို လူမှုကွန်ရက် (မောင်တော)မှ ဦးဆောင်ပြုလုပ်ခဲ့သည်။

Narinjara
https://www.facebook.com/Narinjara



(ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦး ကို တွေ့ရစဉ်) Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင် ရပ်ကွက်အနီးက ရတနာရောင်ခြည်ကျောက်မျက် တူးဖော်ရေးကုမ္ပဏီ ရုံးချုပ်ကို မနေ့ညက မိုင်းထောင်ဖျက်ဆီး ခံရတဲ့အတွက် အမေရိကန်ဒေါ်လာ ၅ သန်းကျော် တန်ဖိုးရှိတဲ့ စက်ယန္တရားတွေနဲ့ ဆက်စပ်ပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

KIA တပ်ဖွဲ့ဝင်တွေလို့ ယူဆရသူတွေက မီးရှို့ဖျက်ဆီးခဲ့တာလို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ပြောပါတယ်။

မိုင်းထောင်ဖျက်ဆီးသူတွေဟာ ဘယ်အဖွဲ့အစည်းက ဆိုတာကိုတော့ အစိုးရ ဌာနဆိုင်ရာတွေမှသာ သိနိုင်မယ်လို့ ရတနာရောင်ခြည်ကုမ္ပဏီ တာဝန်ခံ ဦးကျော်အေးက ပြောပါတယ်။ ဖားကန့်ဒေသမှာ လှုပ်ရှားနေတဲ့ KIA တပ်ရင်း ၆ ရဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တန့်ဆန်ကတော့ မနေ့ညက မိုင်းခွဲတိုက်ခိုက်မှုမှာ KIA တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှု မရှိဘူးလို့ RFA ကို ပြောပါတယ်။

ရတနာရောင်ခြည် ကုမ္ပဏီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက အလေးချိန် တန် ၂ ရာကျော်ရှိတဲ့ ကျောက်စိမ်းတုံးကြီး တူးဖော်ရရှိထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ မနေ့ညက မီးလောင်ပျက်စီးခဲ့တဲ့ နေရာကို တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းဆောင်ရွက်ချိန်မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတွေ တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အစိုးရနဲ့ KIA အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတဲ့ ၂ဝ၁၂ ခုနှစ်ကစပြီး ကျောက်မျက်ကုမ္ပဏီတွေ၊ အစိုးရအဆောက်အဦးတွေ အပါအဝင် လမ်းတံတားတွေ မိုင်းထောင်ဖျက်ဆီးခံရမှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


နိရဉ္စရာ၊ နိုဝင်ဘာ ၃

ကုလ သမဂ္ဂ တာဝန်ရှိသူများနှင့် နိုင်ငံတကာ သံတမန်များသည် ယနေ့ နိုဝင်ဘာ ၃ ရက်နေ့တွင် စစ်ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ မောင်တောမြို့နယ် တောင်ပိုင်းသို့ နေ့ချင်းပြန် သွားရောက် ခဲ့ကြသည်ဟု သတင်းရရှိသည်။

ယနေ့ မောင်တောသို့ သွားရောက်ခဲ့သူများ အထဲတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms. Renata ၊ အမေရိကန် ၊ ဗြိတိန်၊ အီးယူ၊ အိန္ဒိယ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ တရုတ်၊ တူရကီ စသည့်နိုင်ငံ ၈ နိုင်ငံမှ သံအမတ်ကြီးများအတူ နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပု၊ ၀န်ကြီး ဦးအောင်ကျော်ဇံတစ်ချို့လည်း အတူ လိုက်ပါသွားခဲ့သည်ဟု သိရသည်။

သွားရောက်ခဲ့သော နေရာများမှာ မောရ၀တီ၊ အလယ်သံကျော်နှင့် ယခင်ကျေးရွာအနီးရှိ ဘင်္ဂလီကျေးရွာနှစ်ခုသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

“ မောရ၀တီကို စစ်ရဟတ်ယာဉ်နဲ့ ပထမလာပါတယ်။ အဲဒီနောက် ကားတန်းနဲ့ အလယ်သံကျော်နဲ့ အဲဒီရွာအနီးက ဘင်္ဂလီကျေးရွာ နှစ်ရွာကို သွားရောက်ခဲ့ပါတယ်” ဟု မျက်မြင် ဒေသခံ တစ်ဦးက ပြောကြားသည်။

ယခုအခါ ၎င်းသံတမန်အဖွဲ့မှာ စစ်တွေသို့ ပြန်သွားကြသည်ဟု သိရသည်။

(ဓာတ်ပုံ- ဖိုးထူး)
Narinjara
https://www.facebook.com/Narinjara


တာချီလိတ် နိုဝင်ဘာ ၃

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက် အားခေရွာရှိ အိမ်တစ်အိမ်တွင် အနံ့အသက်ဆိုးများ ထွက်နေကြောင်း သတင်းပေး တိုင်ကြားချက်အရ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ တရုတ်နိုင်ငံသားနှစ်ဦး မွေးမြူထား သည့် လိပ်ကြက်တူရွေး(၈၅၃)ကောင်အား ဖမ်းဆီးရမိကြောင်း သိရသည်။


သတင်းအရ အားခေးရွာမှနေအိမ်သို့ နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်အချိန် က တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူဝင် မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်အဖွဲ့တို့မှ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့ဖြင့် ဝင်ရောက်စစ်ဆေးရာ FRC No.1 –YGN-41660 ကိုင်ဆောင်သူ Mr.D Guoqiang ( Passport No. E -42523300)(၂၆ /၂၀၁၆) နှင့်FRCNo.1-YGN-41660 ကိုင်ဆောင်သူMrs.Lipeixin (PassportNo.E 72273391)တို့ နှစ်ဦးအား တရားမဝင် မွေးမြူထားသည့် လိပ်ကြက်တူရွေးများအား ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။


ယင်းဖမ်းဆီးရမိသော လိပ်ကြက်တူရွေးများအား တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနရုံးတွင်ထိန်းသိမ်း စောင့်ရှောက်ထားပြီး ဘေးမြဲ့ပန်လည်လွှတ်ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။


အဆိုပါ တောရိုင်းတိရစ္ဆာန်များအား တရားမဝင် မွေးမြူထားသည့် တရုတ်နိုင်ငံသားနှစ်ဦးအား တောရိုင်း တိရစ္ဆာန်နှင့် သဘာဝပင်များ ကာကွယ်ရေး၊ သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က)ဖြင့် အမှုဖွင့်အရေးယူနိုင်ရန် တာချီလိတ်မြို့မရဲစခန်းက ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar



ကိုယ်ဝန်ဆောင် အမျိုးသမီးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
   ဖနွမ်းပင်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

    ကမ္ဘောဒီးယားနိုင်ငံတွင် အငှားကိုယ်ဝန်ဆောင်ခြင်း လုပ်ငန်းများ အလျင်အမြန် ကျယ်ပြန့်လာသောကြောင့် တရားမဝင်အဖြစ် တားမြစ်လိုက်ကြောင်း Cambodia Daily က နိုဝင်ဘာလ ၃ ရက်က သတင်းတင်ပြထားသည်။

တရားရေး ဝန်ကြီး Ang Vong Vathana က အငှား ကိုယ်ဝန်ဆောင်ခြင်းသည် လူကုန်ကူးမှု ပုံစံ တစ်ခု ဖြစ်ကြောင်း ဖော်ပြကာ တရားမဝင်ကြောင်း ပြောကြားခဲ့ပြီးနောက် ယခုလို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျန်းမာရေး ဝန်ကြီးဋ္ဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခု၌ ကမ္ဘောဒီးယား ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အငှားကိုယ်ဝန်ဆောင်ခြင်းအား တားမြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး Mam Bunheng က ကြေညာခဲ့သည်။

ယခုလို ကြေညာချက်အသစ်သည် အကြမ်းဖျဉ်း သတ်မှတ်ချက်အနေဖြင့် သွေး၊ မသန္ဓေမျိုးစေ့၊ ရိုးတွင်းခြင်ဆီ နှင့် လူသား ဆဲလ်များအားလုံးအပေါ် တားမြစ်လိုက်ခြင်း ဖြစ်သည်။

ထို့ပြင် အမျိုးသား သုတ်ရည် စီးပွားဖြစ် လှူဒါန်းခြင်းနှင့် ကုသပေးမည့် ဆေးခန်းများ၊ ကျွမ်းကျင်ဆရာဝန်များ အနေဖြင့် ဖန်ပြွန်သန္ဓေနည်းဖြင့် ကလေးယူခြင်း (IVF) ဝန်ဆောင်မှုများအတွက် ဝန်ကြီးဋ္ဌာနမှ ခွင့်ပြုချက် ရယူရမည် ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် အငှားကိုယ်ဝန်ဆောင်ခြင်းအား လုပ်ကိုင်ပေးသူနှင့် ပွဲစားများ အနည်းဆုံး ၅၀ နှင့် အထက်ရှိပြီး အများစုမှာ အိန္ဒိယ၊ နီပေါနှင့် ထိုင်းနိုင်ငံများမှ လုပ်ငန်း ရွှေ့ပြောင်းလာခြင်း ဖြစ်ကြောင်း သတင်းစာက ဖော်ပြခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com


(၃-၁၁-၂၀၁၆ ရက်နေ့၊ ကျိုတိုမြို့)

ဂျပန်နိုင်ငံတွင် ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ကျိုတိုတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်းပွဲ အခမ်းအနားကို ဒေသစံတော်ချိန် ၁၄း၁၀ နာရီတွင် ကျိုတိုတက္ကသိုလ် Yamauchi Hall တွင် ကျင်းပခဲ့ကြောင်းသိရှိရပါသည်။


ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်းပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ယင်းတက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားနေ သည့် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာမှ ကျောင်းသူ/ကျောင်းသား (၈) ဦးနှင့် ဒီမိုကရေစီ ၊ လွတ်လပ်ခွင့် နှင့်လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေးမေးမြန်းမှုအခမ်းအနားအား ဆက်လက်ပြု လုပ်ခဲ့ကြောင်း၊ ကျောင်းသား/ ကျောင်းသူ ၆၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ ထို့နောက် ကျိုတိုတက္ကသိုလ်အပါအ၀င် ကျိုတိုမြို့ရှိ အခြားတက္ကသိုလ်များတွင် ပညာသင်ကြား လျက်ရှိသည့် မြန်မာနိုင်ငံမှ ပညာတော်သင် ၀န်ထမ်းများနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်းလည်းသိရှိရပါသည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၁၆း၃၀ နာရီတွင် ကျိုတို နိုင်ငံတော်ဧည့်ဂေဟာသို့ ရောက်ရှိရာ အသင့်စောင့်ကြိုလျက်ရှိသည့် Rryogoku တက္ကသိုလ်မှ Emeritus Professor Mr. Otsu နှင့် ကျောင်းသူ ကျာင်းသားများအား နှုတ်ဆက်စကားပြောကြားကာ သိရှိလိုသည့် မေးမြန်းမှုများအားဖြေကြားပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုကျိုမြိုမှ ကျိုတိုမြို့သို့ ဒေသစံတော်ချိန် ၁၃း၁၇ နာရီတွင် Shinkansen ရထားဖြင့်ရောက်ရှိခဲ့ကြောင်းနှင့် ကျိုတိုမြို့တွင် ရောက်ရှိနေစဉ်အတွင်း ကျိုတိုမြို့တော် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ တည်ခင်းသည့် ဂုဏ်ပြုညစာစားပွဲသို့တက်ရောက် မည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။

သတင်းဓာတ်ပုံ- မြန်မာကိုယ်စားလှယ်အဖွဲ့
- ပြန်/ဆက်ဌာန
Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar/


ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှာ ဖွင့်လှစ်ထားတဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International – AI) ရဲ့ ရုံးခွဲ ချိပ်ပိတ်ခံရတယ်လို့ ရုံးဝန်ထမ်းတွေက ပြောပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့ မနက် ၀န်ထမ်းတွေ ရုံးလာတက်ချိန်မှာ မြို့အာဏာပိုင်တွေက ရုံးတံခါးကို သော့အသစ်နဲ့ခတ်သွားပြီး လျှပ်စစ်မီးတွေလည်း ဖြတ်ထားတယ်လို့ မော်စကိုရုံးခွဲ ညွှန်ကြားရေးမှူးက ပြောပါတယ်။

ဒီ AI အဖွဲ့ကြီးဟာ ရုရှားနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကြိမ်ကြိမ် အပြင်းအထန် ပြစ်တင်ဝေဖန်နေတဲ့ နိုင်ငံတကာအဖွဲ့ကြီး ဖြစ်ပါတယ်။

မော်စကိုမြို့တော် အာဏာပိုင်တွေကတော့ ရုံးကို ငှားထားတာ သက်တမ်းကုန်ဆုံးပြီလို့ ပြောပါတယ်။

အရင်ကလည်း AI အဖွဲ့ရဲ့ ရုံးလုပ်ငန်းတွေကို မြို့တော်အာဏာပိုင်တွေက နှောင့်ယှက်တာတွေနဲ့ ပတ်သက်ပြီးတော့လည်း AI အဖွဲ့က တိုင်တန်းခဲ့ဖူးပါတယ်။

မြို့အာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ရုံးပြန်ဖွင့်လှစ်ရဖို့ မျှော်လင့်တယ်လို့လည်း AI အဖွဲ့က ပြောဆိုပါတယ်။

ဒီရုံးခွဲကို အနှစ် ၂၀ မြေဂရံပေါ်မှာ ငှားရမ်းထားတာဖြစ်ပြီး ရုံးခန်းငှားရမ်းခကိုလည်း လစဉ်ပုံမှန်ပေးနေတာဖြစ်တယ်လို့ ရုံးဝန်ထမ်းတွေက ပြောဆိုပါတယ်။

DVB TV News


နိရဉ္စရာ၊ နိုဝင်ဘာ ၃

ဆွစ်ဇာလန်ရဲတပ်ဖွဲ့သည် နိုင်ငံ မြောက်ပိုင်းမြို့တစ်ခုရှိ ဗလီတစ်လုံးကို ဗုဒ္ဓဟူးနေ့က ၀င်ရောက်စီးနှင်းပြီး အီမန် (Imam) ဟုခေါ်ဆိုသော အီသီယိုပီးယား ဘာသာရေး ခေါင်းဆောင် တရားဟော ဆရာ အပါအ၀င် လူ ၈ ဦးကို ဖမ်းဆီးလိုက်သည်။

၎င်းအီမန်သည် ဘုရားဝတ်ပြုရန် ငြင်းဆိုသည့် မွတ်လင်များကို သတ်ဖြတ်ရန် တောင်းဆိုသဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဆွစ်အစိုးရ ရှေ့နေက ပြောသည်။

ဆွစ်ရဲတပ်ဖွဲ့ နိုင်ငံ မြောက်ပိုင်း Winterthur မြို့ရှိ An Nur ဗလီကို နံနက်ပိုင်း ၀င်ရောက်စီးနှင်းပြီး ရှာဖွေ ဖမ်းဆီးစဉ် အီမန် တရားဟောဆရာနှင့် ရဲက အလိုရှိနေသူ သုံးဦး၊ တစ်ခြား အထောက်အထားမဲ့ အသက် ၂၃ နှစ်မှ ၃၅ နှစ်ကြားရှိ အယ်လ်ဂျီးယားနှင့် တူနီးရှား နိုင်ငံသား လေးဦးကိုလည်း ဗလီထဲမှ ဖမ်းမိသည်ဟု သတင်းတွင် ဖော်ပြသည်။

အီသီယိုပီးယား တရားဟောဆရာသည် အောက်တိုဘာလ ၂၁ ရက်နေ့က ပြုလုပ်သော တရားပွဲ တစ်ခုတွင် ပုံမှန် ဗလီတက် ၀တ်ပြုရန် ငြင်းဆိုသူ အစ္စလာမ်ဘာသာဝင်များကို သတ်ဖြတ်ရန် ဆော်သြခဲ့သည်ဟု ဆိုသည်။

ဆွစ်ဇာလန် ထောက်လှမ်းရေး အဖွဲ့၏ ထုတ်ဖော်ပြောကြားချက်အရ ၂၀၀၁ ခုနှစ်မှ စပြီး ဆွစ်ဇာလန်ကို စွန့်ခွာပြီး ဂျီဟတ်စစ်ပွဲဆင်နွဲရန် ဆီးရီးယား၊ အီရန် စသော နိုင်ငံများသို့ ထွက်ခွာသွားသူ ၇၇ ဦး ရှိခဲ့ကြောင်း၊ ထိုအထဲမှ ၂၁ ဦးမှာ သေဆုံးပုံရခဲ့ပြီး ကျန်လူများမှာ တိုက်ပွဲဇုန်များတွင် (သို့မဟုတ်) ဆွစ်ဇာလန်နိုင်သို့ ပြန်လာကြပုံရသည်ဟု သိရသည်။

ဆွစ်ဇာလန်နိုင်ငံသည် များမကြာမီနှစ်များအတွင်းက ဥရောပတွင် အစွန်းရောက်အဖွဲ့များ၏ တိုက်ခိုက်ခံရပြီးနောက် သတိရှိလာခဲ့ပြီး ထိန်းချုပ်မှုကို မြင့်တင်လိုက်ကာ အကြမ်းဖက်မှုများကို ဖန်တီးမည့် ဘာသာရေး အစွန်းရောက်များကိုလည်း ပိုစောင့်ကြည့်လာသည်ဟု သိရသည်။

Source : AP (Swiss police raid mosque, detain imam and several others)
Narinjara
https://www.facebook.com/Narinjara



ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးနဲ့ မနေ့ ညနေက တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၇ဝဝ နဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ဘီလီယံ ၈ဝဝ ထောက်ပံ့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်နိုင်ငံရဲ့ အခုလို ပံ့ပိုးမှုဟာ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးအတွက် အထောက်အကူဖြစ်ပါလိမ့်မယ်လို့ ပြန်လည်ပြောဆိုပါတယ်။ အဲဒီထောက်ပံ့ငွေကို ဂျပန်အစိုးရက ၅ နှစ်အတွင်းပေးအပ်မှာဖြစ်ပါတယ်။ ကူညီငွေထဲက ယန်းငွေ ဘီလီယံ ၄ဝ ကို တိုင်းရင်းသားလူနည်းစုတွေအတွက် သုံးစွဲရမှာဖြစ်ပြီး ကျန်ငွေတွေကတော့ လျှပ်စစ်စွမ်းအင်ရရှိရေး၊ လေဆိပ်ဆောက်လုပ်ရေးစတဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးရေးအတွက် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်္ဘာလ ၂ ရက်နေ့ မနေ့မနက်ပိုင်းကတော့ မြန်မာနိုင်ငံသား တထောင်ခန့်နဲ့ တိုကျိုမြို့က ဟိုတယ်တခုမှာ တွေ့ဆုံ့ခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ရောက်မြန်မာတွေအနေနဲ့ မြန်မာပြည်တိုးတက်ရေးအတွက် တတ်နိုင်သမျှပါဝင်ကူညီကြစေလိုကြောင်း၊ အဲဒီလိုတိုင်းပြည်အတွက် လုပ်ဆောင်ရာမှာ ရာထူးရမှလုပ်ကိုင်လိုတဲ့ စိတ်ဓါတ်ကို ပြင်ကြဖို့လိုကြောင်း၊ ဒီနေ့မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိလာတာဟာ အခွင့်အရေးတွေ ရာထူးတွေ မက်မောခြင်းမရှိတဲ့ ပြည်သူတွေရဲ့ ကြိုးစားဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်း ပြောကြားရင်း စီးပွားရေးအောင်မြင်ပြီး ချမ်းသာနေတဲ့ မြန်မာတွေအနေနဲ့လည်း မိမိတယောက်တည်းချမ်းသာနေတာကို ကြေနပ်မနေပဲ ကျန်တဲ့ ပြည်သူပြည်သားတွေနဲ့ မျှဝေခံစားစေလိုကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်ရောက်မြန်မာတွေအနက် အခွန်ဆောင်သူတွေ ရှိသလို အခွန်မဆောင်ဘဲနေသူတွေလည်းရှိကြောင်းနဲ့ အခွန်ငွေဆောင်တာကို ယဉ်ကျေးမှုတရပ်အဖြစ် သဘောပေါက်ကြစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။

“အခွန်ဆောင်တဲ့သူတွေကို အခွန်မဆောင်ခဲ့သူတွေနဲ့ အခုနေမှာ တန်းတူအခွင့်အရေးပေးမယ်ဆိုရင်လည်း အခွန်ဆောင်ခဲ့သူတွေအနေနဲ့ မတရားဘူးလို့ မြင်ပါလိမ့်မယ်။(လက်ခုပ်သံများ) နိုင်ငံရေးလုပ်တဲ့နေရာမှာ၊ နိုင်ငံတနိုင်ငံကို စံနစ်တခုကနေ နောက်တခုကိုပြောင်းဖို့ လုပ်တဲ့အချိန်မှာ အဲဒီလို အခက်အခဲတွေ အများကြီးတွေ့ရပါတယ်။ အရင်တုန်းက ဘယ်လိုအကြောင်းကြောင့်မို့လို့ ဘယ်သူတွေက ဘာလုပ်ခဲ့သလဲ။ ဘာကြောင့်အခုကျတော့ ဒီလိုဖြစ်ရသလဲဆိုတာ သုံးသပ်ရတဲ့အခါမှာ ကျမတို့ တဦးချင်းတဦးချင်း အတတ်နိုင်ဆုံးပေါ့နော်။ case by case တမှုချင်းတမှုချင်းကို စဉ်းစားချင်ပေမယ့် တခုချင်းလိုက်နေမယ်ဆိုရင် အချိန်ကာလ အတော်ကြာပါလိမ့်မယ်။ အဲဒီတော့ ကျမတို့က အများအတွက် တရားမျတမယ့် မူတခုချပြီးလုပ်ရမှာပါ။ စောစောက ကျမပြောသွားတယ်လေ၊ အခွန်ဆောင်ခြင်းဟာလည်း ယဉ်ကျေးမှုတရပ်ပဲလို့။ (လက်ခုပ်သံများ)”

ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအခြေအနေမှာ မိမိတို့အစိုးရအနေနဲ့ မြန်မာပြည်ဖွံဖြိုးရေးအတွက် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲကြိုးစားနေရကြောင်း အိမ်အဟောင်းတခုကို ပြုပြင်တည်ဆောက်နေရတာနဲ့ တူကြောင်းလည်း ဥပမာပြ ပြောသွားတယ်လို့ တိုကျိုမြို့ရောက် မြန်မာ ဒီမိုကရေစီရေးလှုပ်ရှားသူ ဦးထွန်းဝေ ကပြောပါတယ်။

“ကျမတို့က တိုက်အဟောင်းကြီးကို ပြန်ပြင်နေရသလိုပဲ။ တိုက်အသစ်ဆောက်တာထက် အများကြီးပိုကြာပါတယ်တဲ့။ အရင်တုန်းက အဆောက်အအုံကလည်း ကျန်ခဲ့တာကိုး။ အင်မတန်ပိုပြီး ပင်ပန်းပါတယ်တဲ့။ အဲဒါပြောတော့ လူတွေက တဝါးဝါးနဲ့။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မိမိတို့အနေနဲ့ အမြန်အဆန်လုပ်ဆောင်ရင် ထိခိုက်မှုများပြီး ဒဏ်ရာတွေကျန်ရစ်တတ်တဲ့အတွက် အချိန်ယူညှိနိုင်းတဲ့နည်းနဲ့ ဆောင်ရွက်မှာဖြစ်ကြောင်းပြောပါတယ်။

“အမြန်ပေါ့၊ လိုချင်တာရပြီးရော၊ ဘယ်လိုရရ ဆိုတဲ့ အဲဒီစိတ်ဓါတ်တွေဟာ တကယ်တော့ ကိုယ့်နိုင်ငံရဲ့ အနာဂတ်အတွက် ထည့်ပြီးမစဉ်းစားတဲ့ စိတ်ဓါတ်တွေပဲလို့ ကျမယုံကြည်ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံဟာ တကယ့်ကို ၁ဝဝ% ဒီမိုကရေစီစံနှုံးစံထားတွေနဲ့ ကိုက်ညီတဲ့စံနစ်တခုဖက်ကို ရောက်သွားအောင်လို့ တဆင့်ခြင်းတဆင့် ညှိနိုင်းဆွေးနွေးပြီးတော့ ဖြစ်အောင်လုပ်သွားမယ်လို့ သံဓိဌာန်ချခဲ့တာဖြစ်ပါတယ်။”

တဆက်တည်းမှာပဲ ပြည်တွင်းစစ်ရပ်စဲရေးကြန့်ကြာနေရတဲ့ အချက်တခုကတော့ သက်ဆိုင်သူတချို့က အပစ်အခတ်ရပ်စဲရေးကို မလိုလားကြတဲ့အတွက်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ပြည်တွင်းစစ်ရပ်စဲဖို့က အဓိကအခက်အခဲက ဘာလဲဆိုတော့ မရပ်စဲချင်တဲ့ စိတ်ဓါတ်ပဲ (လက်ခုပ်သံများ)။ ရပ်စေချင်ရင် ရပ်စဲလို့ရတာပဲ။ ဒါပေမယ့်လည်း မရပ်စဲချင်တဲ့ အကြောင်းရင်းကို ကျမတို့ရှာရမယ်။ ဘာဖြစ်လို့ မရပ်စဲချင်တာလဲ။ ဒီစစ်ကိုရပ်စဲခြင်းအားဖြင့် ဘယ်လိုအကျိုးယုတ်မယ်ထင်လို့ မရပ်စဲချင်တာလည်း ဆိုတာ ကျမတို့မေးရမယ်။”

ပြည်တွင်းစစ်ရပ်စဲရင် အားလုံးအတွက် အကျိုးရှိမယ်ဆိုတာကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်ကြသေးတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။ အဲဒီတွေ့ဆုံပွဲကို မြန်မာတချို့တက်ခွင့်မရပေမယ့် အများစုတက်ခွင့်ရတယ်လို့လည်း ဦးထွန်းဝေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်အစိုးရအသိုင်းအဝန်းကသာမက ဂျပန်နိုင်ငံသားတွေကလည်း အင်မတန်ချစ်ကြည်တာကို တွေ့ရကြောင်း နဲ့ တခြားနိုင်ငံခေါင်းဆောင်တွေ ဂျပန်ကိုလာရောက်တဲ့ခရီးစဉ်တွေနဲ့ နိုင်းစာရင် ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ကို မီဒီယာတွေကလည်း ပိုမိုအသားပေး ဖေါ်ပြနေကြကြောင်း ဦးထွန်းဝေ ကပြောပါတယ်။

“တခြားတိုင်းပြည်တွေက နိုင်ငံ့ခေါင်းဆောင်တွေလာလို့ရှိရင် ရုပ်မြင်သံကြားတွေမှာ ဖေါ်ပြတာတွေက မိနစ်ပိုင်းပဲရှိတယ်။ အခုဟာက ဂျပန်မှာလွှင့်တဲ့ ဖူဂျီတို့ NHK တို့ နံမည်ကြီး TV ဌာနတွေက တချိန်လုံး တောက်လျှောက်ဖေါ်ပြနေတာ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒီတယောက်ပဲရှိတာ။ သူအခု ခေါင်းဆောင်ဖြစ်သွားပြီဆိုပြီး သူတို့က ဂုဏ်ယူဝမ်းသာစွာကြည့်နေကြတာ၊ စားသောက်ဆိုင်တွေကြည့်မလား၊ ကာရာအိုကေဆိုင်တွေ၊ ဟိုတယ်တွေကြည့်မလား၊ လမ်းသွားလမ်းလာတွေ TV အကြီးကြီးတွေနဲ့ တကူးတကဖေါ်ပြနေကြတာကြောင့် တခြားနိုင်ငံခေါင်းဆောင်တွေလာတာထက် သာတယ်လို့ ပြောလို့ရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိတဲ့ နိုဝင်္ဘာလ ၁ ရက်နေ့မှာ ဂျပန် NHK ရုပ်မြင်သံကြားကပြသတဲ့ ကာတွန်းတခုကိုလည်း လူတွေက အတော်နှစ်သက်ကြပါတယ်။ အဲဒီကာတွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်အလံ တံဆိပ်ကပ်ထားတဲ့ ပြိုင်ကားတစင်းပေါ်က ကားမောင်းသူနေရာမှာ ထိုင်နေပြီး ညာဖက်လက်မကို ထောင်ပြကာ သူမောင်းနှင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အချက်ပြနေပါတယ်။ ကားဘေးမှာရှိတဲ့ ဂျပန်တွေက အဲဒီပြိုင်ကားကို အင်ဂျင်ကအစ ကားဘီးတွေအဆုံး အသစ်လဲပြီး ဓါတ်ဆီပါထည့်ပေးဖို့ လုပ်ဆောင်နေကြပါတယ်။ ထူးခြားတာကတော့ ဒေါ်အောင်ဆန်းစုကြည်မောင်းမဲ့ အဲဒီမြန်မာနိုင်ငံဆိုတဲ့ ပြိုင်ကားက တခြားပြိုင်ကားတွေလို တစင်းတည်းမဟုတ်ပဲ နောက်တွဲတခုပါနေခြင်းပါပဲ။ ပြိုင်ကားနဲ့ချိတ်ထားတဲ့ နောက်တွဲမှာထိုင်နေတာကတော့ အမျိုးသားတဦးပါ။ အဲဒီ ပုဂ္ဂိုလ်က အရပ်သား ဝတ်စုံဝတ်ထားပေမယ့် သူ့နောက်ကခုံပေါ်မှာတော့ ခေါင်းကချွတ်ထားတဲ့ စစ်ဦးထုပ်တလုံးကို မြင်ရပါတယ်။ မြန်မာပြည်ရဲ့အခြေအနေကို ဂျပန်တွေက ဘယ်လိုမြင်ကြသလဲ ဆိုတာ အဲဒီကာတွန်းမှာ ထင်ဟပ်နေတယ်လို့ ယူဆရကြောင်းပါခင်ဗျာ။

Photo: Myanmar State Counsellor Office
RFA

 မြန်မာကို မိတ်ဆွေကောင်းနိုင်ငံအဖြစ် ဂျပန်က သဘောထား

 မြန်မာကို မိတ်ဆွေကောင်းနိုင်ငံအဖြစ် ဂျပန်က သဘောထား
ဂျပန်နိုင်ငံကို ၅ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့တုန်းကတော့ ဂျပန်ဝန်ကြီးချုပ် ရှင်ဆို အာဘေးနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စရပ်တွေနဲ့ ဂျပန်ဘက်က အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေး သဘောတူခဲ့ကြပါတယ်။

ဘယ်လို သဘောတူညီမှုတွေ ပါဝင်လဲဆိုတာကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ယာဆူဟီဆာ ကာဝါမူရာ Yasuhisa Kawamura ကို ကိုမိုးမြင့်က မေးကြည့်ထားပါတယ်။

ပထမဆုံး ခေါင်းဆောင် ၂ ဦးအနေနဲ့ အဓိက ဘာတွေ သဘာတူခဲ့ပါသလဲလို့ မေးကြည့်တော့

၁။

ခေါင်းဆောင်တွေ သဘောတူညီတာကတော့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ရှေ့ဆက်ပြီး ပိုမိုလုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။ စက်တင်ဘာလတုန်းက ခေါင်းဆောင် ၂ ဦး လာအိုမှာ တွေ့တုန်းကလည်း ဂျပန်ဘက်က အကူအညီပေးဖို့ ကတိပေးခဲ့ပါတယ်။ အခုသဘောတူတာက အဲဒီတုန်းက အကူအညီအပါအဝင် ဆက်လက် ကူညီမယ့်ကိစ္စကို ဆွေးနွေးတာပါ။

နှစ်ဘက်ခေါင်းဆောင်တွေ တွေ့တဲ့အခါ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို ငွေကြေးအကူအညီပေးဖို့ သဘောတူတယ်လို့ သိရပါတယ်။ဘယ်လို ကူညီမှာပါလဲ။

၂။

ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တခု ပြောချင်တာက အခုပေးမယ့် ငွေကြေးက အစိုးရခေါင်းဆောင်သစ် အောက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းတွေအတွက် ခြုံငုံပြီးပေးတဲ့ အကူအညီမျိုး ဖြစ်ပါတယ်။ နိုင်ငံတည်ဆောက်ရေး ဆိုရာမှာ ဝန်ကြီးချုပ် အာဘေးက အချက် ၄ ချက်ထုတ်ပြောပါတယ်။ နံပါတ်တစ်က အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ နံပါတ် ၂ က စီးပွားရေးဖွံ့ဖြိုးရေး၊ နံပါတ် ၃ က ပုဂ္ဂလိကကဏ္ဍမှာ တိုက်ရိုက်နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ တိုးလာရေး နဲ့ နံပါတ် ၄ က နှစ်နိုင်ငံ နိုင်ငံသား အချင်းချင်းကြား ဆက်သွယ် ဆောင်ရွက်ရေးတွေ ဖြစ်ပါတယ်။ ဒီနေရာတွေမှာ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။

အခု ပေးမယ့် ငွေကြေးပမာဏက ဘယ်လောက်ပါလဲ။ ဘယ်အပိုင်းတွေမှာ ဘယ်လောက်ကူညီဖို့ ရှိပါလဲ။

၃။

အခုလာမယ့် ၅ နှစ်အတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၈ ထောင်လောက် ပေးမှာ ဖြစ်ပါတယ်။ ယန်းနဲ့ဆိုရင် ဘီလျံ ၈၀၀ ဖြစ်ပါတယ်။ အဲဒီထဲမှာ ဂျပန်အစိုးရပိုင်း အကူအညီတစ်ခုတည်းက မဟုတ်ဘဲ ပုဂ္ဂလိကပိုင်း ကပါ ပါဝင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းတွေအနေနဲ့ဆို စိုက်ပျိုးရေး၊ လျှပ်စစ်ထုတ်လုပ်ရေး၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ လူနည်းစု တိုင်းရင်းသားတွေ အတွက် အကူအညီပေးရေးတွေ ပါပါတယ်။ အထူးစီးပွားရေးဇုန် ကိစ္စ လည်း ပါပါတယ်။ ဘယ်အပိုင်းတွေမှာ ငွေကြေးပမာဏ ဘယ်လောက်ရှိတယ် ဆိုတာ အတိအကျ တွက်ဖို့ လိုပါသေးတယ်။ ဒါပေမယ့် အမျိုးသား ရင်ကြားစေ့ရေး အတွက် နောက် ၅ နှစ်အတွင်း ယန်း ဘီလျံ ၄၀ ကူညီဖို့ ရှိပါတယ်။ နောက်ပြီး အခုပြောတဲ့ ယန်း ဘီလျံ ၈၀၀ ထဲမှာ ချေးငွေတွေလည်း ပါမှာ ဖြစ်သလို ပုဂ္ဂလိကပိုင်းက စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေလည်း ပါမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ အများကြီးလာဖို့ မျှော်လင့်တဲ့အကြောင်း ပြောထားပါတယ်။ ဂျပန်အနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်လောက် ရင်းနှီးမြှုပ်နှံဖို့ အဆင်သင့်ဖြစ်နေပါပြီလဲ။

၎။

ပုဂ္ဂလိကပိုင်းက ဘယ်လောက်ရင်းနှီးမြှပ်နှံမယ်ဆိုတာက ပုဂ္ဂလိကပိုင်းရဲ့ အခြေအနေတွေအပေါ် မူတည်ပါတယ်။ ကိန်းဂဏန်းတချို့ပြောရရင်တော့ ဂျပန်ရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာဆိုရင် ၂၀၁၃ တုန်းက ဒေါ်လာ ၅၆ သန်း၊ ၂၀၁၄ မှာ သန်း ၂၀၀ကျော် နဲ့ ၂၀၁၅ မှာ ၅၂၈ သန်းရှိပါတယ်။ ဒါကိုကြည့်ရင် ဂျပန်ရင်းနှီးမြှုပ်နှံမှု ဘယ်လောက် တိုးလာနေသလဲဆိုတာ သိနိုင်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့စဉ်အတွင်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေက မြန်မာရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးကြောင်း ပြောခဲ့ပါတယ်။ မြန်မာအစိုးရဘက်က ရင်းနှီးမြှုပ်နှံမှုဥပဒေပြင်ဆင်ပြီး ချဉ်းကပ်မှုပုံစံအသစ်နဲ့ သွားမှာကိုလည်း မစ္စတာ အာဘေးက ကြိုဆိုခဲ့ပါတယ်။ မြန်မာဘက်ကလည်း ရင်းနှီးမြှုပ်နှံမှုကို အားပေးစေမယ့် ဥပဒေစည်းမျဉ်းတွေ၊ စနစ်တွေ ပိုမို အကောင်အထည်ဖော်လာမယ်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်။

မြန်မာအပေါ် ၊ နောက်ပြီး ဒေသတွင်းအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမှုကို တန်ပြန်ဖို့ ဂျပန်က ကြိုးစားနေတယ်ဆိုပြီး ပြောကြတာလည်း ရှိပါတယ်။ အခုလက်ရှိ မြန်မာအပေါ်ထားတဲ့ ဂျပန်ရဲ့ မူဝါဒက ဘာပါလဲ။

၅။

မြန်မာကိစ္စပြောရရင် ၂ ချက် ရှိပါတယ်။ ပထမတချက်က မဟာဗျူဟာကျတဲ့အချက်ပါ။ ဝန်ကြီးချုပ် အာဘေးကလည်း ပြောပါတယ်။ မြန်မာဟာ ပထဝီနိုင်ငံရေးအရ အရှေ့တောင်အာရှအတွင်းမှာရော၊ အိန္ဒိယနဲ့ဆက်စပ်တဲ့ မဲခေါင်ဒေသမှာပါ အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ ဂျပန်အနေနဲ့ ဒေသတွင်း အရေးအားလုံးကို ထည့်သွင်းစဉ်းစားပါတယ်။ ဒုတိယတစ်ချက်ကတော့ ဂျပန်နဲ့ မြန်မာကြား ဘုံသဘောထားအားဖြင့် လက်ခံထားတဲ့ လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ဥပဒေစိုးမိုးမှု စတဲ့ တန်ဖိုးတွေ ရှိနေပါတယ်။ ဒါကြောင့် မြန်မာကို မိတ်ဆွေကောင်းနိုင်ငံအဖြစ် ဂျပန်က သဘောထားသလို အခု အစိုးရသစ်လက်ထက်မှာလည်း ဒီမိုကရေစီရေးက အားစရာ အနေအထား တွေ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese



 AIB သတင်းဆု ရွေးကောက်ပွဲတင်ဆက်မှုနဲ့ ဘီဘီစီမြန်မာပိုင်းရရှိ
ဒီနှစ်အတွက် AIB အပြည်ပြည်ဆိုင်ရာ ရုပ်သံလွှင့် အသင်းကြီး က ပေးတဲ့ ရေဒီယို သတင်းဆုမှာ ဘီဘီစီမြန်မာပိုင်း ဌာနက အကောင်းဆုံးဆု ရရှိခဲ့ပါတယ်။

၂ဝ၁၅ မြန်မာ ရွေးကောက်ပွဲ အထူး စီစဉ် တင်ဆက်မှုတွေနဲ့ ရရှိခဲ့တာပါ။

လန်ဒန်မြို့မှာ ကျင်းပတဲ့ ဒီအခမ်းအနားမှာ ရုပ်သံ သတင်းပညာ၊ ပြည်တွင်းနဲ့ ပြည်ပ ရေးရာ၊ သတင်းဖော်ထုတ်တင်ပြမှု၊ သိပ္ပံ ၊ ကလေး၊ အားကစား စတဲ့ တခြား သတင်းပညာဆုတွေလည်း ချီးမြှင့်ခဲ့ ပါတယ်။

ရေဒီယို သတင်းဆု အမျိုးအစားမှာ ဘီဘီစီမြန်မာပိုင်းရဲ့ ရွေးကောက်ပွဲ တင်ဆက်မှုက SBS သတင်းဌာနရဲ့ ဆီးရီးယားက ကာ့ဒ် လူမျိုး ဒုက္ခသည် တယောက်ရဲ့ ဂျာမနီ ခရီး၊ Radio Sawa ရဲ့ The Landmine Man၊ Radio Television Hong Kong ရဲ့ ဟောင်ကောင် ထီး လှုပ်ရှားမှု အကြောင်း Last Summer in the Sea of Umbrellas -When the Tear Gas Rains အစီအစဉ်တွေနဲ့အတူ ဆန်ကာတင် စာရင်းမှာ ယှဉ်ပြိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။

အရင်ကလည်း ဘီဘီစီမြန်မာပိုင်း ဌာနက AIB အထူးဆု ၂ ကြိမ် ရရှိခဲ့ဖူးပါတယ်။

BBC Burmese
http://www.bbc.com/burmese


နိုဝင်ဘာ ၂

ဖားကန့်မြို့ ယူမာကုန်းအရပ်ရှိ ရတနာရောင်ခြည် ကုမ္ပဏီဝင်းအား ယနေ့ညနေ ခြောက်နာရီ ငါးဆယ် မိနစ် အချိန်တွင် KIA ယူနီဖောင်းဝတ် အဖွဲ့က လာရောက် ဗုံးခွဲပြီး မီးရို့သွားခဲ့ကြောင်း ဖားကန့်မြို့ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ သုံးယောက်လာတာ။ ကောင်မလေးတစ်ယောက်ပါတယ်လို့ပြောတယ် ။ သူတို့က၀င်လာပြီး အကုန်လုံးကို မှောက်ခိုင်းတယ် ။ သေနတ်တွေပါတယ်။ ငှက်ပျောဖူး သေနတ်လည်းပါတယ်။ KIA ယူနီဖောင်းတွေနဲ့လို့ပြောတယ်။ ပြီးတော့ ဗုံးခွဲပြီး မီးရို့သွားတာ။ အခုတော့ သူတို့မရှိတော့ဘူး။ ထွက်ပြေးသွားကြပြီ ။ စစ်တပ်တွေလည်း ရောက်နေတယ်။ တပ်မမူးကိုယ်တိုင်ရောက်နေတယ်။” ဟု အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသော အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးကယနေ့ ည ရှစ်နာရီအချိန်ခန့်ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။

မိုင်းဖြင့် ဖောက်ခွဲကာ မီးရို့သွားခြင်းဖြစ်ပြီး လက်တလောတွင် ကုမ္ပဏီကားနှစ်စီး နှင့် စက်ပစ္စည်းများမီးလောင်ကာ တာယာဂိုဒေါင်မှာလည်း မီးလောင်လျှက်ရှိပြီး ဘက်ဟိုးများ မီးသတ်ကားများဖြင့် ဆက်လက် ငြိမ်းသတ်လျှက်ရှိကြောင်း ၉ နာရီ ၄၅ မိနစ်အချိန် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

“ အုန်း အုန်းနဲ့ တစ်မြို့လုံးဆူညံ့သွားတာ ။ မြို့ထဲကနေလည်း မြင်နေရတယ်။” ဟု ဖားကန့်မြို့ မြို့မ ရပ်ကွက်မှ ပြည်သူတစ်ဦးကပြောကြားသည်။

ဖားကန့်မြို့မ ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ မီးလောင်မူဖြစ်စဉ်မှန်ကန်သော်လည်း ဖြစ်စဉ် အသေးစိပ်ကို သတင်းတပ်ဖွဲ့များ ရောက်ရှိမလာသေးသဖြင့် ပြောကြား၍ မရကြောင်းနှင့် မည်သည့်အဖွဲ့အစည်းမှ ယခုကဲ့သို့ ဆောင်ရွက်သည်ဆိုသည်မှာလည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ပြန်လည်ပြောကြားသည်။

ယခုဖြစ်စဉ်ကြောင့် အသက်အန္တရာယ် ကြုံတွေ့ခြင်းမရှိခဲ့သော်လည်း ကုမ္ပဏီဝန်ထမ်းအချို့ ရိုက်နှက်ခံခဲ့ရကြောင်းလည်းသိရသည်။

ဓါတ်ပုံ - ဖားကန့်မြို့နယ် ရတနာရောင်ခြည် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီမီးရို့ခံရမူအား ငြိမ်းသတ်နေမူ မြင်ကွင်းများ

The Voice of Shan-Ni


တူရကီသမ္မတ Erdogan ၊ ဆော်ဒီအာရေးဗီးယားဘုရင် Salman ၊ IS အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့တို့ဟာ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ် ချုပ်ခြယ်သူတွေဖြစ်ကြောင်း သတင်းထောက်တွေအပေါ် ရာဇ၀တ်မှု ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူခြင်းမရှိတဲ့ လုပ်ရပ် အဆုံးသတ်ရေးအတွက် ရည်ရွယ်ပြီး Reporter Without Border - နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တဲ့ နှစ်စဉ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံပေါင်း ၁၈၀ က သတင်းလွတ်လပ်ခွင့် အခြေပြစာရင်းကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်လိုက်တာမှာ မြန်မာနိုင်ငံဟာ မကြာသေးခင် ကာလတွေအထိ ဆင်ဆာဖြတ်တောက်မှုတွေ အကြီးအကျယ် လုပ်ဆောင်ခဲ့ရာက အခုနှစ်မှာတော့ သတင်းလွတ်လပ်ခွင့်အတွက် အနီးကပ် စောင့်ကြည့်ရမယ့် နိုင်ငံစာရင်း ပြောင်းရွှေ့ သတ်မှတ်လိုက်ကြောင်း RSF နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးကိစ္စတွေကို ရေးသားကြတဲ့ မြန်မာသတင်းမီဒီယာတွေအနေနဲ့ အတန်အသင့် လွတ်လပ်ခွင့် ရှိကြကြောင်း၊ ဒါပေမယ့် အစိုးရနဲ့ တပ်မတော်တို့ရဲ့ ဝေဖန် ပြောဆိုခြင်း မခံရအောင် မြန်မာ သတင်းမီဒီယာတွေဟာ ကိုယ့်သဘောနဲ့ကိုယ် ဆင်ဆာဖြတ်တောက်ခြင်းတွေ လုပ်ဆောင်နေကြကြောင်း၊ ဗုဒ္ဓဘာသာတွေနဲ့ မွတ်ဆလင်တွေအကြားက တင်းမာမှုတွေဟာလည်း သတင်းမီဒီယာတွေအတွက် ရေးသားဖို့ ခက်ခဲတဲ့ အကြောင်းအရာတခုအဖြစ် တည်ရှိနေကြောင်း RSF အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက အဆင့် ၁၄၄ မှာ ရှိခဲ့ရာက အခုနှစ် ၂၀၁၆ ခုနှစ်မှာတော့ ၁၄၃ ကို ပြောင်းလဲပြီး တဆင့် တက်လာတာ ဖြစ်ပါတယ်။

ကမ္ဘာတလွားက နိုင်ငံရေး၊ ဘာသာရေးနဲ့ စစ်သွေးကြွ ခေါင်းဆောင်တွေနဲ့ ရာဇ၀တ်မှုအဖွဲ့အစည်းပေါင်း ၃၅ ခုတို့က အမဲလိုက်ခွင့်ရထားတဲ့ သားသတ်ကောင်တွေအလား သတင်းသမားတွေကို လိုက်လံ ဖမ်းဆီး နှိပ်ကွက်နေတာတွေကို RSF အဖွဲ့က အွန်လိုင်းပေါ်မှာ တမူထူးခြားစွာ ပြခန်းသဖွယ် စီစဉ် ပြသထားပါတယ်။

ဗင်နီဇွဲလားသမ္မတ Nicolas Maduro လို ခေါင်းဆောင်မျိုးဟာ စံနစ်တကျ ဆင်ဆာ ဖြတ်တောက်မှုတွေ လုပ်ဆောင်နေတဲ့ တချိန်ထဲမှာပဲ သတင်းစာတိုက်တွေ စီးပွားရေးအရ ရပ်တည်လို့မရနိုင်အောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲ ခံနေရကြောင်း၊ IS အကြမ်းဖက် အဖွဲ့နဲ့ တခြား အာဖရိကတိုက်အတွင်းက အာဏာရှင်တွေဟာလည်း သတင်းထောက်တွေကို သတ်ဖြတ်တယ်လို့ စွပ်စွဲခံနေရကြောင်း RSF ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အလောင်းပြိုင် လူသတ်မှုဖြစ်စဉ်များအနက် မုံရွာနှစ်လောင်းပြိုင် လူသတ်မှုအား ခုနှစ်ရက်အတွင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်

မုံရွာ၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာဦးရပ်ကွက်၊ သမာဓိလမ်း၊ အိမ်အမှတ် ၂/ ၉၉ တွင် အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့သော နှစ်လောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို အရေးယူဆောင်ရွက်ပေးရန် တရားလိုပြုလုပ်တိုင်တန်ခဲ့သူ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့က ပြစ်မှုဖြစ်ပွားသည့်နေ့ ရက်မှစတင်ကာ ၎င်းအမှုအား ခုနှစ်ရက်အတွင်း ဖော်ထုတ်အရေးယူလိုက်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မုံရွာနှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားရသည့် ပြစ်မှုအရင်းအမြစ်မှာ မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်စပ်နေသည်ဟု ထင်မြင်သုံးသပ်၍ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့သည် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာ အောက်တိုဘာ ၂၇ ရက်ည ၇ နာရီခွဲအချိန်က နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားရာ ကန်သာဦးရပ်ကွက်၊ ရတနာလမ်းနေ ကိုဇော်မျိုးဦး(ခ) ကိုဇော်ဦး ဆိုသူထံမှ ဘိန်းဖြူမှုန့် အလေးချိန်( ၀ ဒသမ ၁)ဂရမ် ပါဝင်သော ပနယ်စလင်ပုလင်း(၁)ပုလင်းနှင့် မူးယစ်ဆေးဝါးရောင်းရငွေ လေးသောင်းကျပ်အား ဖမ်းဆီးရရှိခဲ့သည်။


ယင်းအမှုအား မုံရွာနယ်မြေရဲစခန်း မူးယစ်(ပ) ၁၆/ ၂၀၁၆ မူးယစ် ဥပဒေ ပုဒ်မ ၁၅(က)/၁၆(က)/၂၀ အရ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သည်။ ထို့နောက် မုံရွာနယ်မြေရဲစခန်း ပြစ်မှုကြီးဖြစ်စဉ်အမှတ် ၈/၂၀၁၆ ပထမသတင်းပေးတိုင်တန်းချက်အမှတ်(ပ) ၇၅၃ / ၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နှစ်လောင်းပြိုင် လူသတ်မှု၏ တရားလိုဖြစ်သူ ရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့သည် အဆိုပါ အမှုနှင့်ပတ်သက်၍ မသင်္ကာဖွယ်ရာ သတင်းရရှိထားသူ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာနေ ကိုအောင်နိုင်မင်း(ခ) ဘိုဆူးခတ် ဆိုသူမှာ မုံရွာမြို့ ရုံးကြီးရပ်ကွက်၊ ခါးပန်းနီကျောင်းတိုက်တွင် ရောက်ရှိနေကြောင်း သတင်းရရှိခဲ့သည်။

ထို့ကြောင့် မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ကျော် ဦးစီး၍ အဆိုပါ ဘုန်းကြီးကျောင်းအတွင်းရောက်ရှိနေသူအား အောက်တိုဘာ ၂၉ ရက် မနက် ၃ နာရီအချိန်က ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ သတင်းရရှိထားသူ ကိုအောင်မင်းနိုင်း(ခ) ဘိုဆူးခက် ဆိုသူအား ၄၆ယ/ ၂၇၅၄၀ တရုတ်ကလစ်ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိခဲ့ရသဖြင့် ရဲတပ်ဖွဲ့က အဆိုပါ ဆိုင်ကယ်အား ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ သက်သေများ၏ ရှေ့မှောက်တွင် ဆိုင်ကယ်အား ရှာဖွေစစ်ဆေးခဲ့ရာ ဆိုင်ကယ်ဖင်ထိုင်ခုံအောက်ရှိ တူးဘောက်အတွင်းမှ ပန်းရောင်ရူးသွပ်စိတ်ကြွဆေးပြာ(၂၀၀)ပြား၊ အဖြူဝါရောင်အမှုန့်များကပ်လျက်ရှိသော ပုနယ်စလင်ပုလင်းတစ်လုံး၊ ငွေစက္ကူရောရာ ငွေကျပ်(၁၁)သိန်းတို့အား တွေရှိခဲ့ရသည်။

ထို့ကြောင့် ရဲစခန်းမှူး ရဲအုပ် ရဲအောင်က ကိုယ်တိုင် အမှုတိုင်တန်းချက်ရေးဖွင့်ခဲ့ရာ မုံရွာနယ်မြေရဲစခန်း မူးယစ်(ပ) / ၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပုဒ်မ ၁၅/၁၉(က)/ ၂၀(က) အရ ဒုရဲအုပ် ကိုကိုအောင်မှ ၎င်းအမှုအား စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် အောက်တိုဘာ ၂၉ ရက်မနက် ၁၀ နာရီခွဲအချိန်ခန့်က နှစ်လောင်းပြိုင် လူသတ်မှုမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သူ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့သည် နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားရာ နေအိမ်အတွင်းရှိ ပစ္စည်းများအား စစ်ကိုင်းတိုင်းဒေသကြီး မှုခင်းရဲတပ်ဖွဲ့ခွဲရုံးရှိ ရဲအရာရှိများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်အတူ ၀င်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ လူသတ်မှုဖြစ်ပွားခဲ့ရာ နေအိမ်အတွင်း၊ အိပ်ခန်းကုတင်ခြေရင်ဘက်အောက်နေရာ၊ သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းတွေ့ရှိခဲ့သည့်နေရာ ကုတင်အောက်တွင် သွေးများစွန်းထင်ပေကျံလျက်ရှိသော 555 အမှတ်တံဆိပ်ပါ ပလပ်စတစ်အဖြူရောင် ဗူးအတွင်းမှ ပန်းနုရောင် ဆပ်ပြာခွက်အတွင်း ပလပ်စတစ်ဖြင့်ထုတ်ထားသော ဘိန်းဖြူမှုန့်ဟုယူဆရသော အမှုန့်တစ်ထုပ်၊ ကမ္ဘာလုံးအမှတ်တံဆိပ်ပါ အပြာရောင် ပလပ်စတစ်အိတ်ဖြင့်ထည့်ထားသော ရူးသွပ်စိတ်ကြွဆေးပြာ(၁၈၄)ပြား၊နှင့် နေအိမ်အတွင်း မီးဖိုချောင်သုံး ကြောင်အိမ်အောက်ထပ်အခန်းမှ တွေ့ရှိရသော အမျိုါ်သမီးအတွင်းခံ အ၀တ်အထည်များကြားမှ ငွေစက္ကူရောရာ တစ်သိန်း၊လေးသောင်း၊ ငါးထောင်ကျပ် တို့အား ထပ်မံရှာဖွေ သိမ်းဆီးရရှိခဲ့သည်။


ထို့ကြောင့် အဆိုပါ ရှာဖွေတွေ့ရှိခဲ့ရသော မူးယစ်ဆေးဝါးများနှင့် ငွေကြေးများအား မုံရွာနယ်မြေရဲစခန်းက မူးယစ်(ပ) ၁၈/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေ ပုဒ်မ ၁၅/၁၉(က)/ ၂၀(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မူးယစ်ဆေးဝါးဆိုင်ရာ အမှုကိစ္စများအား နှစ်လောင်းပြိုင် လူသတ်မှု တရားလို အမှုစစ် ရဲအရာရှိမှ စနစ်တကျစစ်ဆေးဆောင်ရွက်ရာတွင် နှစ်လောင်းပြိုင် လုပ်ကြံသတ်ဖြတ်ခြင်းခံရသော နေအိမ်မှ သေဆုံးသူ လင်မယားထံမှ မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်နေ ကောင်းကောင်း(ခ) မောင်ကောင်းခန့်သော် ဆိုသူက မူးယစ်ဆေးဝါးများ တဆင့်ဝယ်ယူ၍ မုံရွာမြို့တွင်း ပြန်လည်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း အမှုစစ်ရဲ အရာရှိမှ သိရှိခဲ့ရသည်။ ထို့ကြောင့် မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့သည် အောက်တိုဘာ ၃၀ ရက်နေ့ မနက်မှ စတင်၍ နှစ်လောင်းပြိုင် လူသတ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု မသင်္ကာသူ ကောင်းကောင်း(ခ) ကောင်းခန့်သော်၏ နေထိုင်ရပ်တည်မှုအား လိုက်လံစုံစမ်းခဲ့ရာ ကောင်းကောင်း(ခ) ကောင်းခန့်သော်သည် သီးတင်းကျွတ် လပြည့် အဘိတ်နေ့ရက်တွင် ဇနီးဖြစ်သူနှင့်အတူ မုံရွာနေအိမ်မှ မန္တလေးမြို့ရှိ သူ၏ ယောက္ခမ မိသားစုရှိရာသို့ သွားရောက်ခဲ့ကြောင်း သိရသ့ည်။ ၎င်း မသင်္ကာသူမှာ အောက်တိုဘာ ၂၆ ရက်တွင် မန္တလေးမှ မုံရွာသို့ အတိတ်တစိတ်ပြန်ရောက်လာပြီး အောက်တိုဘာ ၂၇ ရက် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားသည့်နေ့ရက် မနက်တွင် လွန်ခဲ့သော တစ်လခွဲခန့်က မီးဖွားစရိတ်မရှိသဖြင့် ၎င်းမှ ငွေကျပ် သုံးသိန်းဖြင့် ပေါင်နှံထားသည့် ထရစ်ကာ ဆိုင်ကယ်အား ပြန်လည်ရွေးယူခြင်း၊ မုံရွာမြို့ ထန်းတောရပ်ကွက်နေ အမျိုးသမီးတစ်ဦးထံ စုကြေးငွေ ခြောက်သောင်းကျပ်အား ပေးသွင်းခြင်း၊ ကွေ့ကြီးရပ်ကွက်နေ အမျိုးသမီးတစ်ဦးထံမှ ချေးငှားရယူထားသည့် ငွေကြေးများ ပြန်လည်ဆပ်ပေးခြင်း၊ ၎င်း၏ သူငယ်ချင်းနှစ်ဦး အပါအ၀င် အောက်တိုဘာ ၂၇ ရက်ညနေပိုင်းမှစတင်၍ မုံရွာမြို့ မြို့သစ်ရပ်ကွက်အတွင်းရှိ KTV ဆိုင်တစ်ဆိုင်သို့သွားရောက်၍ သီချင်းဆိုစားသောက်ခဲ့ရာ ကုန်ကျစရိတ် ငွေကျပ် လေးသိန်းနီးပါးရှိခဲ့ခြင်း၊ သူ၏ဖနီးဖြစ်သူထံ အသေးသုံးငွေအဖြစ် ငွေကျပ်လေးသိန်းအား ပေးအပ်ခဲ့ခြင်း၊ ဖနီးသည်မှ မီးဖွားစရိတ်အဖြစ် ပေါင်းနှံထားသည့် ရွှေထည်ပစ္စည်းအချို့အား ပြန်လည်ရွေးယူပေးခြင်း စသည့် သတင်းအချက်အလက်များအား ရဲအုပ် ရဲအောင်နှင့်အဖွဲ့က စုံးစမ်းသိရှိခဲ့ရသည်။ ထို့ကြောင့် အောက်တိုဘာ ၃၁ ရက်နေ့တွင် စစ်ကိုင်းတိုင်ူဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၏ အနီးကပ် ကြီးကြပ်ကွက်ကဲမှုများကို ရယူ၍ အမှုစစ်ရဲအရာရှိ ရဲအုပ် ရဲအောင်နှင့်အဖွဲ့သည် တိုင်းမှုကူဌာနစု ဌာနစုမှူး ဒုရဲမှူး မိုးသူ ၊ မုံရွာခရိုင် မှုခင်းနှိမ်နင်းရေးဌာနစု ဌာနစု အဖွဲ့ခေါင်းဆောင် ရဲအုပ် လင်းထက်နိုင်၊ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး မှုခင်းတပ်ဖွဲ့ခွဲရုံး( မုံရွာ)အဖွဲ့နှင့် ပူးပေါင်း၍ ကောင်းကောင်း(ခ) ကောင်းခန့်သော်အား ဖမ်းဆီးနိုင်ရန်အတွက် လိုက်လံရှာဖွေခဲ့ကြသည်။
အဆိုပါ ပူးပေါင်းအဖွဲ့မှ လိုက်လံရှာဖွေလျက်ရှိသှော ကောင်းကောင်း(ခ) ကောင်းခန့်သော် ဆိုသူမှာ သူ၏ ဇနီးသည်နေထိုင်ရာ မန္တလေးမြို့မှ တဆင့် ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း စုံးစမ်းသိရှိရသဖြင့် ကောင်းကောင်း(ခ) ကောင်းခန့်သော် အသုံးပြုလျက်ရှိသော အင်တာနက်စာမျက်နှာမှတဆင့် စကားပြောဆိုမှု စည်းရုံးခြင်းများ ပြုလုပ်ခဲ့သည်။


မုံရွာနှစ်လောင်းပြိုင် လူသတ်မှုတွင် ပါဝင်ပတ်သက်သူဟု ရဲတပ်ဖွဲ့မှ သံသယရှိသူ ကောင်းကောင်း(ခ) ကောင်းခန့်သော်မှာ နိဝင်ဘာ ၂ ရက်မနက် ၈ နာရီခွဲအခချိန်ခန့်တွင် တိုင်းမှုကူဌာနစိပ်အဖွဲ့မှ သတင်းအရ စစ်ကိုင်းမြို့ ကားဂိတ်မှ စောင့်ဆိုင်နေစဉ် ဖမ်းဆီးရရှိခဲ့သည်။ ထို့နောက် ရဲဌာန၏ လုပ်ငန်းစဉ်များအရ ထိုသူအား မုံရွဲာပည်သူ့ဆေးရုံကြီး မှုခင်း ဥပဒေရေးရာ ဆရာဝန်ကြီးထံသွားရောက်၍ ဆေးစစ်ချက်များ တောင်းခံရယူခြင်း၊ မုံရွာမြို့နယ် တရားရုံးတွင် အမှုစစ်ဆေးစဉ် ချုပ်နှောင်ခွင့်များတောင်းခံရယူခြင်းများ ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၂ ရက်ည အချိန်တွင် နှစ်လောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ ထိုသူက အဆိုပါ လူသတ်မှုတွင် ကိုယ်တိုင်ကျူးလွန်ခဲ့ကြောင်း စစ်ဆေးရေးအဖွဲ့ထံ ၀န်ခံထွက်ဆိုခဲ့ပြီးနောက် နိဝင်ဘာ ၂ ရက် ည ၁၁ နာရီအချိန်ခန့်တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားရာ နေအိမ်သို့သွားရောက်၍ ပြစ်မှုကျူးလွန်စဉ်က တွေကြုံရသော အခြေအနေ အရပ်ရပ်များကို ထိုသူကိုယ်တိုင် ပြန်လည်သရုပ်ပြကာ အမူအရာများဖြင့် ၀န်ခံထွက်ဆိုချက်များပေးခဲ့သည်။


ထို့နောက် ကောင်းကောင်း(ခ) ကောင်းခန့်သော်သည် နှစ်လောင်းပြိုင် လူသတ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သော ဓားတစ်ချောင်းအား ၎င်း၏ နေအိမ် မိလ္လာကျင်းအတွင်းစွန့်ပစ်ခဲ့ကြောင်း ပြောသဖြင့် အမှုစစ်ရဲအရာရှိနှင့် ပူးဒပေါင်းအဖွဲ့က အဆိုပါ မိလ္လာကျင်းထဲမှ အညစ်အကြေးများအား စက်ယန္တရားများဖြင့် ညတွင်းချင်းစုပ်ယူထုတ်ကာ မိလ္လာကျင်းအတွင်း ရှာဖွေစစ်ဆေးကြည့်ရာ ဓားအိမ်ပါ ဓားတစ်ချောင်းအားတွေ့ရှိခဲ့ရသည်။ ထို့အပြင် လူသတ်မှုကျူးလွန်စဉ်က ထိုသူဝတ်ဆင်ခဲ့သော အ၀တ်အထည်များအား မုံရွာ - မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၆၇/၅ နှင့် ၆၇/၆ အကြား လမ်းဘေးတစ်နေရာ ရေကျော်အနီးစွန့်ပစ်ခဲ့ကြောင်း ထပ်မံပြောပြသဖြင့် ပူးပေါင်းရဲအဖွဲ့မှ နိုဝင်ဘာ ၃ ရက် မနက် ၁ နာရီအချိန်က သွားရောက်ရှာဖွေခဲ့ရာ နှစ်လောင်းပြိုင် လူသတ်မှုကျူးလွန်စဉ်က ကျူးလွန်သူ ၀တ်ဆင်ခဲ့သည်ဟု ထင်မြင်ယူဆရသည့် အ၀တ်ထုပ် တစ်ထုပ်အား ကောင်းကောင်း(ခ) ကောင်းခန့်သော်၏ ညွှန်ပြမှုအရ ပူးပေါင်းရဲအဖွဲ့မှ သိမ်းဆီးခဲ့ကြောင်း သိရသည်။


၂၀၁၆ ခုနှစ်အတွင်း နိုင်ငံ့အ၀ှမ်းဖြစ်ပွားခဲ့သော လေးလောင်းပြိုင်၊ သုံးလောင်းပြိုင်၊ နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်စဉ်များအနက် မုံရွာနှစ်လောင်းပြိုင် လူသတ်မှုသည် မှုခင်းဖြစ်ပွားသည့်နေ့ရက်မှ ခုနှစ်ရက်တာ ကာလအတွင်း သက်သေခံပစ္စည်းများနှင့်အတူ ပြစ်ကျူးလွန်သူဟု ၀န်ခံသူကိုပါ ရဲတပ်ဖွဲ့မှ လက်ရဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/monywa.maung

အီရတ် သံချပ်ကာယာဉ်တွေ မြို့တွင်း ဝင်ရောက်စဉ်။ အီရတ် နိုင်ငံမှာ မိုဆူးလ်မြို့ထဲကို ဝင်ရောက်လာနိုင်တဲ့ အီရတ် တပ်ဖွဲ့တွေဟာ မြို့အရှေ့ပိုင်းမှာ လုံလုံခြုံခြုံ ခြေကုပ်ယူနိုင်ဖို့အတွက် IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေကို တစ်အိမ်တက်ဆင်း လိုက်လံ ရှင်းလင်းနေတယ်လို့ သိရပါတယ်။

အီရတ် တပ်ဖွဲ့တွေဟာ အင်္ဂါနေ့က မိုဆူးမြို့ အရှေ့ပိုင်း ဆင်ခြေဖုံးကို ဝင်ရောက် လာနိုင်ခဲ့ပြီးနောက် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ရှေ့တိုး စစ်ဆင်မှုကို ရပ်နား ထားလိုက်ပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်နေကြတာပါ။

IS တွေရဲ့ ထောင်ချောက်တွေ၊ လျှို့ဝှက် ဥမင်တွေကနေ ခြုံခို တိုက်ခိုက်ခံရမယ့် အန္တရာယ်တွေကို စိုးရိမ်ရတဲ့အတွက် အီရတ် တပ်ဖွဲ့တွေ သတိနဲ့ လှုပ်ရှားနေရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ မိုဆူးလ်မြို့ထဲက ၁.၂ သန်း ရှိတဲ့ အရပ်သားတွေ အတွက်လည်း အလွန် ကြီးမားတဲ့ အန္တရာယ် ရှိနေတယ်လို့ အကူအညီပေးရေး အဖွဲ့အစည်း တစ်ခုက ပြောပါတယ်။

မိုဆူးလ်မြို့ကို ၂၀၁၄ ခုနှစ်က IS တွေ သိမ်းခဲ့ပြီး နောက်ပိုင်း ပထမဆုံး အဖြစ် အီရတ် အထူးတပ်တွေက မြို့အရှေ့ပိုင်း ဆင်ခြေဖုံး ဒေသကို အင်္ဂါနေ့က ဝင်ရောက် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ရာသီဥတု အခြေအနေကြောင့် မြင်ကွင်း မရှင်းတဲ့အတွက် မြို့ထဲ ဆက်တိုးမယ့် ထိုးစစ်ကို ရပ်ဆိုင်းထား လိုက်တယ်လို့ အီရတ် ဗိုလ်ချုပ် တစ်ယောက်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

ကိုယ့်နိုင်ငံက ဆင်းရဲနေတဲ့အချိန်မှာ ကိုယ်တစ်ယောက်တည်းချမ်းသာတာဟာ ဂုဏ်ယူစရာမဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။
dassk
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နိုဝင်ဘာ ၁ ရက်နေ့က ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတာဖြစ်ပြီး ဒုတိယနေ့မှာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့တာပါ။
ချမ်းသာကြွယ်ဝသူတွေအနေနဲ့ ကိုယ့်ရဲ့ချမ်းသာမှုကို ကိုယ့်အတွက် ကိုယ်သုံးပိုင်ခွင့်ရှိသလို အများအတွက်လည်း လုပ်ဆောင်ရမယ့် တာဝန်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့စီးပွားရေးနှေးကွေးနေချိန်မှာ မြန်မာနိုင်ငံအနေနဲ့ နှစ်ဆ သုံးဆ ပိုအလုပ်လုပ်ဖို့လိုတယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ ဂျပန်နိုင်ငံမှာ နေမှာဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံဖို့ပြီး ဂျပန်နိုင်ငံကနေ စီးပွားရေးနဲ့လူသားချင်းစာနာထောက်ထားမှု အကူအညီ ရယူမယ့် သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။
http://www.mcntv.biz/news/local-news/21039/


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ရောက်မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲ(2.11.2016)

Video...Thant Myo Htway

၂၀၁၇ ဧပြီလမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းကို ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မှာ နိုဝင်ဘာလ ၂ ရက်နေ့က စတင်ကောက်ယူစဉ်
၂၀၁၇ ဧပြီလမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းကို ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မှာ နိုဝင်ဘာလ ၂ ရက်နေ့က စတင်ကောက်ယူစဉ်
Photo: Aung Thain Kha/ RFA
ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ်တွေထဲက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေ မနေ့ကစပြီး တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူနေရာ မဲပေးခွင့်ရှိသူ တစ်သိန်းနီးပါးရှိကြောင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီနေ့ ကော့မှူးမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာတွေမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့တွေ နဲ့ ကော့မှူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ ပူးပေါင်းပြီး တစ်အိမ်တက် တစ်အိမ်ဆင်း မဲပေးခွင့်ရှိသူ စာရင်းတွေ ကောက်ယူခဲ့တာဖြစ်ပါတယ်။

ကော့မှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးအောင်မြတ်က မဲပေးပိုင်ခွင့်ရှိတဲ့ လူဦးရေတိုးလာတဲ့အကြောင်း အခုလိုပြောပါတယ်။

"အခုကျတော့ နည်းနည်းပိုတက်မယ်၊ တစ်သိန်းသုံးသောင်းလောက် ခန့်မှန်းတယ်၊ ဒါစာရင်းကောက်ပြီးမှ သိမှာပေါ့"

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်အတွင်း မဲရုံ ၁၁၅ ရုံ ထားရှိမှာ ဖြစ်ပါတယ်။

၂၀၁၇ ဧပြီလ ၁ ရက်နေ့မှာ လစ်လပ်နေရာ ၁၉ နေရာအတွက် ကြားဖြတ်ရွေးကောက်တွေ ကျင်းပဖို့ရှိနေတာဖြစ် ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အခုချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်နဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတာကြောင့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်နေရာဟာ လစ်လပ်နေတာဖြစ်ပါတယ်။
RFA

Mosul တိုက်ပွဲအခြေအနေ
Mosul တိုက်ပွဲအခြေအနေ

 အီရတ်နိုင်ငံ မိုဆူးလ်မြို့ကို IS စစ်သွေးကြွတွေ လက်ထဲကနေ ပြန်လည် သိမ်းယူဖို့ ကြိုးစားနေတဲ့ အီရတ်တပ်ဖွဲ့တွေဟာ ဒီကနေ့ ရာသီဥတု ဆိုးနေတာကြောင့် ရှေ့ဆက်ဖို့ အခက်အခဲ ရှိနေသလို၊ မြို့သိမ်းတိုက်ပွဲ ပိုမို ပြင်းထန်လာနေတာနဲ့အမျှ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေး အကြီးအကျယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အကူအညီပေးရေးအဖွဲ့တခုက သတိပေးလိုက်ပါတယ်။

အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ဖို့ ကြိုးစားနေရတဲ့အကြောင်းနဲ့ အရပ်သားပြည်သူ တစ်သန်း နှစ်သိန်းရဲ့ ဘ၀တွေ ထိခိုက်နိုင်တဲ့အန္တရာယ် ကြုံနေရပြီး အီရတ်နိုင်ငံ တခုလုံးရဲ့ အနာဂတ်ဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဒုက္ခသည်ဆိုင်ရာ နော်ဝေကောင်စီ က Wolfgang Gressmann က ပြောပါတယ်။

မြို့တွင်းကနေ အရပ်သားထောင်ပေါင်းများစွာ ထွက်ပြေးနေကြသလို၊ ချောင်းမြောင်းပစ်ခတ်တာတွေနဲ့ ဖောက်ခွဲတိုက်ခိုက် တာတွေကြောင့် သေဆုံးသူ အများအပြား ရှိခဲ့ပြီးဖြစ်တယ်လို့လည်း ဒီအဖွဲ့က ပြောပါတယ်။ မြို့တွင်းမှာရှိသူတွေ အတွက် အစားအစာ၊ ရေ နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေဆဲပါ။ ဒါပေမဲ့ လက်ရှိ တိုက်ပွဲတွေကြောင့် လိုအပ်နေတဲ့ အကူအညီတွေနဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ဖြန့်ဝေပေးရာမှာ အခက်အခဲတွေ ရှိလာတာကြောင့် အခြေအနေက ပိုပြီး ဆိုးလာမှာပါ။

အီရတ်နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ မိုဆူးလ်ကို IS စစ်သွေးကြွတွေက ၂ နှစ်ကျော်ကြာ သိမ်းပိုက်ထားခဲ့ပြီးတဲ့နောက် အခု ဒီမြို့ကို ပြန်လည် သိမ်းယူဖို့ အီရတ်တပ်ဖွဲ့တွေက ထိုးစစ်ဆင်နေတာမှာ သီတင်း နှစ်ပတ်ကျော်ကြာလာခဲ့ပြီးတဲ့နောက် မနေ့က အင်္ဂါနေ့မှာတော့ အီရတ်အထူးတပ်ဖွဲ့တွေ မြို့တွင်းကို စတင်ချဉ်းကပ်လာနိုင်တာ ဖြစ်ပါတယ်။
VOA Burmese News








နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့ နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ခြင်း
(၂-၁၁-၂၀၁၆ ရက်နေ့၊ တိုကျိုမြို့)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဒေသစံတော်ချိန် ၁၇း၄၅ နာရီတွင် နိုင်ငံတော်ဧည့်ဂေဟာ (Akasaka State Guest House) ၌ ဂျပန်နိုင်ငံ၊ ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးမှ အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။

ယင်းနောက် ဒေသစံတော်ချိန် ၁၇း၅၅ နာရီတွင် နိုင်ငံတော်ဧည့်ဂေဟာရှိ Asahi ခန်းမတွင် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြားစီးပွားရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအထူးသဖြင့် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဂျပန်နိုင်ငံမှ ပုဂ္ဂလိကလုပ်ငန်းများ ရင်းနှီးမြုပ်နှံမှုပိုမိုလာရောက်ရေး၊ ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံအမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးလုပ်ငန်း စဉ်များအပေါ် ဂျပန်နိုင်ငံမှ ပံ့ပိုးဆောင်ရွက်သွားရေးကိစ္စရပ်များအပါအ၀င် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသဆိုင် ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုအပြီးတွင် “မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအစိုးရတို့အကြား ဂျပန်ပြည်ပ ပူးပေါင်း ဆောင်ရွက်မှု လုပ်အားပေးများ စေလွှတ်ရေးအစီအစဉ်အရ မြန်မာနိုင်ငံသို့ လုပ်အားပေးများစေလွှတ်ရေး ဆိုင်ရာစာချွန်လွှာ” (Exchange of Notes for the dispatch of volunteers to the Republic of the Union of Myanmar under the Japan Overseas Volunteers Program between the Government of the Republic of the Union of Myanmar and the Government of Japan) အား နှစ်နိုင်ငံအစိုးရကိုယ်စားလှယ်များမှ လက်မှတ်ရေးထိုးကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်တို့ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲအပြီး ဒေသစံတော်ချိန် ၁၈း၅၀ နာရီအချိန်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့မှ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပါသည်။

အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်မှ ပြောကြားချက်များတွင် ၃ နှစ်တာကာလပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား မြန်မာနိုင်ငံ၏ နိုင်ငံတော်အကြီးအကဲ တစ်ဦးအနေဖြင့် ကြိုဆိုခွင့် ရရှိသည့်အတွက် ၀မ်းမြောက်မိကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီစံနစ်၊ အခြေခံလူ့အခွင့်အရေး နှင့် တရားမျှတမှုစိုးမိုးရေး ဆိုသည့် အခြေခံတန်ဖိုးများကို မျှဝေခံစားနေသည့် မိတ်ဖက်နိုင်ငံများဖြစ်သည့်အတွက် မြန်မာနိုင်ငံ အစိုးရသစ်၏ လုပ်ဆောင်မှုများအား အဘက်ဘက်မှ ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း၊ ဂျပန်-မြန်မာ သမိုင်းဝင်ချစ်ကြည်ရင်းနှီးမှု ပိုမိုအဓွန့် ရှည်စေရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆက်လက်အနီးကပ် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖြင့်ထည့်သွင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ဂျပန်ဝန်ကြီးချုပ်မှ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လမ်းစဉ်၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး၊ ဂျပန်နိုင်ငံမှ ပုဂ္ဂလိက ကဏ္ဍရင်းနှီးမြှုပ်နှံမှု ပိုမိုလာရောက်ရေး၊ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရေးနှင့် အပြန်အလှန် ဖလှယ်မှုများမှတစ်ဆင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်အဖြစ်တည်ဆောက်ရေး အစရှိသည့်ကဏ္ဍများတွင် ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အစိုးရ၏ ဦးစားပေးလုပ်ငန်းစဉ်ဖြစ်သည့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုလမ်းစဉ်ကို အထောက်အကူပြုရန်၊ တိုင်းရင်းသားလူမျိုးများ နေထိုင်သည့်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးနှစ်အတွင်း ဂျပန်ယန်းငွေ ၄၀ ဘီလီယံကို အကူအညီပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့ပြနှင့် ကျေးလက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်မှုအတွက် “ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း” ကိုမူတည်ပြီး အစိုးရအထောက်အပံ့များဖြင့် ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုများ အားလုံးပေါင်း၍ ငါးနှစ်အတွင်း ဂျပန်ယန်းငွေ ၈၀၀ ဘီလီယံ ပမာဏဖြင့် အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများကို အထောက်အကူ ပြုစေမည့် စီမံချက်အမျိုးမျိုးကို အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ကိုလည်း ကြေညာခဲ့ပါသည်။

သတင်းဓာတ်ပုံ- မြန်မာကိုယ်စားလှယ်အဖွဲ့
- ပြန်/ဆက်ဌာန
- မြန်မာသံရုံး၊ တိုကျိုမြို့
Ministry of Foreign Affairs Myanmar