11/08/16


ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန် မဲပေးနေ
ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်ကတော့ ဒီကနေ့ နိုဝင်ဘာလ ၈ ရက်နေ့ အင်္ဂါနေ့မှာ နယူးယောက်မြို့ Chappaqua အရပ်မှာ မဲပေးခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာဖို့ ကြိုးပမ်းနေတဲ့ ဟီလာရီ ကလင်တန်က Chappaqua အရပ်က G. Grafflin မူလတန်းကျောင်းမှာ မဲထည့်ခဲ့တာ ဖြစ်ပါတယ်။ ရီပတ်ပလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကတော့ နယူးယောက်မြို့ မက်ဟန်တန် အရပ်မှာ မဲပေးမယ်လို့ ခန့်မှန်းထားကြပါတယ်။

၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ သမ္မတလောင်း ၄ ဦး ၀င်ရောက်ယှဉ်ပြိုင်နေကြတာ ဖြစ်ပေမယ့် သန်းနဲ့ချီတဲ့ အမေရိကန် ပြည်သူတွေ ကတော့ ဒီမိုကရက် သမ္မတလောင်း ဖြစ်တဲ့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း၊ သမ္မတကတော်ဟောင်း ဟီလာရီ ကလင်တန်နဲ့ ရီပတ်ပလီကန် သမ္မတလောင်း ဖြစ်တဲ့ နယူးယောက် စီးပွားရေး လုပ်ငန်းရှင်ကြီး ဒေါ်နယ်ထရမ့်တို့ကိုဘဲ အဓိက ရွေးချယ် မဲပေးနေကြတာ ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



အမေရိကန်ရွေးကောက်ပွဲ စတင်ကျင်းပနေပါပြီ။ (နိုဝင်ဘာ ၈၊ ၂၀၁၆၊ နယူးယောက်)
အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်သမိုင်းမှာ သဘောထားအကွဲပြားဆုံးနဲ့ တဖက်စွန်းအရောက်ဆုံး ဖြစ်ကောင်းဖြစ်နိုင်တဲ့ ရွေးကောက်ပွဲတရပ်ကို ဒီကနေ့ ကျင်းပ နေပါပြီ။ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း Hillary Clinton နဲ့ Republican သမ္မတလောင်း Donald Trump တို့ဟာ ပြည်နယ်အတော်များများမှာ မနေ့က တနင်္လာနေ့က တက်သုတ်ရိုက် မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။ လူထုထင်မြင်ချက်စစ်တမ်းတွေအရ နိုင်ငံတဝန်းလုံးမှာရော၊ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် အခရာကျတဲ့ ပြည်နယ်အတော်များများမှာပါ Hillary Clinton က ပုံမှန်အနေအထားနဲ့ နည်းနည်းသာနေတာတွေ့ရပါတယ်။

ဒါပေမဲ့ ဒီကနေ့ အင်္ဂါနေ့ မဲပေးပြီး ရလာဒ်ကသာ အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။ သမ္မတလောင်းတွေ နောက်ဆုံးအနေနဲ့ ထောက်ခံမဲတွေရအောင် ဘယ်လို မဲဆွယ်ခဲ့ကြသလဲဆိုတာကို VOA သတင်းထောက် Jim Malone ကသတင်းပေးပို့ထားပါတယ်။ ရှားဖေါင်ကပြောပြပေးမှာပါ။

အမေရိကန်ပြည်ထောင်စုရဲ့ နောက်တက်လာမယ့် သမ္မတ အတွက် အရေးပါတဲ့ ပြည်နယ်တခုဖြစ်တဲ့ Pennsylvania ပြည်နယ်မှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်က သူမရဲ့ နောက်ဆုံး မဲဆွယ်စည်းရုံးရေးပွဲကို လုပ်ဆောင်နေတာပါ။

သဘောထားကွဲလွဲမှုတွေနဲ့အတူ အချိန်ကာလအကြာကြီး လုပ်လာခဲ့ရတဲ့ မဲဆွယ်စည်းရုံးရေးပွဲတွေ ရွေးကောက်ပွဲမတိုင်ခင် တရက်မှာတော့ မစ္စစ်ကလင်တန်က ပိုပြီး တက်တက်ကြွကြွဖြစ်တဲ့တဲ့ စကားတွေ ပြောဆိုနေပါတယ်။

“အမျက်ဒေါသဆိုတာ အစီအစဉ်တခုမဟုတ်ပါဘူး မိတ်ဆွေတို့။ ပြဿနာတွေကို ကြိုးစားပြီး ကျော်လွှားချင်တယ်၊ ကျမတို့ရဲ့ ခွန်အားတွေကို ပိုပြီးကျစ်လစ်အောင်လုပ်ချင်တယ်ဆိုရင်တော့ ကျမတို့တယောက်နဲ့ တယောက် ပြန်ပြီးစကားပြောကြရမယ်၊ ကောင်းမွန်တဲ့ အကြံအဥာဏ်တွေကို ဘယ်ကနေပဲဖြစ်ဖြစ် ကျမတို့ယူရမှာပါပဲ။”

မစ္စစ် ကလင်တန်ဟာ သူမ နိုင်ငံခြားရေးဝန်ကြီးတာဝန်ထမ်းဆောင်စဉ်က ကိုယ်ပိုင်အီးမေးလ် အသုံးပြုခဲ့တာနဲ့ပတ်သက်ပြီး ဒုတိယ အကြိမ်စစ်ဆေးရာမှာ သံသယဖြစ်စရာအထောက်အထားမတွေ့ရကြောင်း ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ပြောကြားအပြီး တနင်္ဂနွေနေ့မှာတော့ ထောက်ခံမှုတွေပြန်ပြီး ရရှိလာခဲ့ပါတယ်။

သမ္မတ ဘာရက် အိုဘားမားအပါအ၀င် နောက်ဆုံးမဲဆွယ်စည်းရုံးပွဲအတွင်းမှာ မစ္စစ်ကလင်တန် အကူအညီတွေ အများကြီးရရှိခဲ့ပါတယ်။ Michigan ပြည်နယ်လူထုစုဝေးပွဲအတွင်း သမ္မတ အိုဘားမားကအခုလိုပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုကို ဘုရားသခင်ကောင်းချီးပေးပါစေ။ မဲသွားပေးကြအောင်။”

ရီပါဗလစ်ကန်ပါတီ သမ္မတလောင်း Donald Trump ကတော့ သူ့ရဲ့မဲဆွယ်စည်းရုံးပွဲကို ဖလော်ရေဒါပြည်နယ်မှာ စတင်ခဲ့ပါတယ်။ FBI နဲ့ မစ္စစ် ကလင်တန်တို့ရဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေကို မစ္စတာ Trump က သူ့ရဲ့ ကိုယ်ကျိုးအတွက် ကြိုးစားအသုံးချခဲ့ပါတယ်။ သူကအခုလိုပြောပါတယ်။

“သမာသမတ်မရှိတဲ့ စနစ်က ဟီလာရီကလင်တန်ကို အကာအကွယ်ပေးနေတယ်။ မနက်ဖြန် မဲပုံးထဲကို အမှန်တရားတွေယူဆောင်ဖို့က အမေရိကန်ပြည်သူတွေအပေါ်မှာ မူတည်ပါတယ်။ ဒါဟာ ဖြစ်လာမယ့်အရာဖြစ် ဖြစ်ပါတယ်။”

မစ္စတာ Trump ဟာ သူရဲ့ သမီး Ivanka ဆီကနေလည်း အကူအညီတွေရခဲ့ပါတယ်။ Pennsylvania ပြည်နယ်မှာ မဲဆွယ်စည်းရုံးခဲ့တဲ့ Ivanka Trump က အခုလိုပြောပါတယ်။

“Trump ဟာ တဲ့တိုးသမားကြီးပါ။ သူ ဘယ်ဘက်မှာ ရပ်တည်တယ်ဆိုတာကို ရှင်တို့သိမှာပါ။”

ရလဒ်တွေကတော့ မဲလာပေးတဲ့သူအပေါ်မှာ မူတည်တယ်လို့ ရေပါဗလစ်ကန် နည်းဗျူးဟာမှူး Matt Gammon က ပြောပါတယ်။

“ခင်ဗျား ရွေးချယ်တာထက်ကို တခြားတယောက်က ဘာကြောင့် ပိုဆိုးတယ်ဆိုတာ လူတွေကိုသတိပေး နေဖို့လိုပါတယ်။ ဒါဟာ စိတ်ထဲမှာ မသတီစရာကောင်းတဲ့အဖြစ်မျိုး ခံစားကြရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့များ ဒီလိုမျိုး မဲဆွယ်စည်းရုံး နေကြတာပါလိမ့်လို့လည်း မတွေးချင်ကြပါဘူး။ ဒါပေမဲ့ ကံမကောင်းအကြောင်းမလှစွာဘဲ ဒီလိုမျိုးအဆုံးသတ်မယ့်ပုံပါဘဲဗျာ။”

ဘယ်သူပဲအနိုင်ရ အနိုင်ရ စည်းလုံးညီညွတ်တဲ့တိုင်းပြည်ဖြစ်အောင် ကြိုးစားလုပ်ဆောင်ရာမှာ နောက်တက်လာမယ့်သမ္မတအဖို့ကတော့ စိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့ အမေရိကန် တက္ကသိုလ် က သမိုင်းပညာရှင် Allan Lichtman ကပြောပါတယ်။

“Donald Trump သာ (သမ္မတ) ဖြစ်တယ်ဆိုပါဆို့ သူ့ရဲ့စကားအပြောအဆို အမူအကျင့်တွေကို ပြင်ဆင်ရမှာဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံရေး ပြိုင်ဘက်တွေကို ထိုးနှက်ပြောဆိုချင်သလို ပြောလို့မရဘူး။”

ဒါပေမယ့် မစ္စစ်ကလင်တန်ရဲ့အောင်မြင်မှုဟာလည်း သူမရဲ့ နိုင်ငံရေးကျွမ်းကျင်မှုအပေါ် စမ်းသပ်မှုတခုဖြစ်စေမယ်လို့ Lichtman ကပြောပါတယ်။

“(ဟီလာရီကလင်တန် ဟာ ) အနည်းဆုံးတော့ သူမရဲ့အတိုက်အခံ ရေပါဗလစ်ကန်တွေကို ဆွဲဆောင်မှုရှိစေမယ့် အစီအစဉ်တွေ၊ မူဝါဒတွေကို ချမှတ်ရမှာဖြစ်ပါတယ်။”

ပြည်နယ်အတော်များများရဲ့ ကြိုတင်မဲပေးမှုတွေမှာ ဒီမိုကရက်တစ်ဘက်က အားကောင်းမှုတွေရှိနေတာကို တွေ့ရတယ်။ ဒါပေမယ့်လည်း ဒီကနေ့ အင်္ဂါနေ့ မဲပေးပွဲမှာ Trump ကိုထောက်ခံသူတွေဘက်က သူတို့ အလုံးအရင်း မဲပေးဖို့ရှိတယ်လို့ ပြောနေပါတယ်။

 ရှားဖောင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


နိုဝင်ဘာလ ၈ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း၊ စောချာလု

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် သဘာဝမဟုတ်သည့် လိင်တံပြုပြင်ခြင်း မှဖြစ်လာသည့် နောက်ဆက်တွဲဆိုးကျိုးများကြောင့် ဆေးခန်းမှခွဲစိတ်ကုသပေးရသည့်လူနာဦးရေမှာ ယခုနှစ်တွင် လူနာဦးရေသိသာစွာ တိုးမြှင့်လာကြောင်း ဆေးခန်းခွဲစိတ်တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၀၂ခုနှစ်မှစတင်ကာ တစ်နှစ်ထက် တစ်နှစ်သိသာစွာ တိုးမြှင့်လာခြင်းဖြစ်ပြီး ယခုနှစ် လက်ရှိ လူနာဦးရေနှုန်းထားမှာ ၂၀၁၅ ခုနှစ်လူနာ ဦးရေထက်ကျော်လွန်သွားပြီဖြစ်ကြောင်း မယ်တော်ဆေး ခန်းခွဲ စိတ်ဋ္ဌာနမှ ဒုတိယ တာဝန်ခံဖြစ်သူ စောတစ်တေက ကေအိုင်စီသို့ နိုဝင်ဘာလ ၈ရက်နေ့(ယနေ့) တွင် ပြောသည်။

“မနှစ်က ၂၀၁၅ ခုနှစ်တစ်နှစ်လုံးမှာ အဲဒီလိုလူနာတွေ ပျမ်းမျှ တစ်လကို ၁၃ယောက်နှုန်းနဲ့ခွဲစိတ်ကုသ ပေးရတယ်။ အခုဒီနှစ် ၂၀၁၆ခုနှစ်မှာကျတော့ ပျမ်းမျှ တစ်လကို ၁၇ ယောက် နှုန်းနဲ့ခွဲစိတ်ကုသပေးရတယ်။ အခုကနှစ်တောင်မကုန်သေးဘူး လူနာဦးရေက ပြီးခဲ့တဲ့နှစ်ထက် စံချိန်ချိုးသွား ပြီးဖြစ်တဲ့ အတွက်ပိုများ လာတယ်လို့ပြောလို့ရတယ်” ဟု သူက ပြောသည်။

ဆေးခန်းမှကောက်ယူထားသည့် စာရင်းများအရ ၂၀၁၅ ခုနှစ်တစ်နှစ်လုံးတွင် လူနာဦးရေ ၁၅၀ ဦးခွဲစိတ် ကုသပေးခဲ့ရပြီး ယခုနှစ် ၂၀၁၆ ဇန်န၀ါရီလမှ အောက်တိုဘာလအထိ (၁၀)အတွင်း လူနာဦးရေ ၁၇၂ ဦး အထိခွဲစိတ်ကုသပေးခဲ့ရသည့်အတွက် လူနာဦးရေတိုးမြှင့်လာခြင်းဖြစ်သည်။
အဆိုပါလူနာများမှာ မြန်မာပြည်တွင်းသာမက ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ စက်ရုံအလုပ်ရုံများ၊ ငါးဖမ်းသင်္ဘောများတွင် အလုပ်လုပ်ကိုင်နေသူများ၊ လူပွဲစားများ၊ တက္ကစီသမားများစသည့် မြန်မာအများ စုဖြစ်ပြီး အသက် ၂၈နှစ်မှ ၄၀နှစ်ကြား အတွင်းရှိသူများ ဖြစ်ကြောင်း ယင်းဆေးခန်းမှခွဲစိတ်ကုသမှုပေးသည့် တာဝန်ရှိသူများက ပြောသည်။

လူနာရှင်တစ်ဦးဖြစ်သူ ကိုမျိုးကြီး(အမည်လွဲ)က “ကိုယ့်ကိုယ်ကို သိပ်အားမရတော့ မူးနေတာနဲ့ သူငယ်ချင်း တွေနဲ့ထိုးကြတာ။ နောက်ပိုင်းကျ အဆင်မပြေတော့ဘူး။ တဖြည်းဖြည်းကိုက်လာတယ်။ ပြီးတော့ အောင့် လာတယ်။ မတည့်တဲ့ အစာစားမိရင် ယောင်ပြီးယားလာတယ်။ ထိုးတဲ့သူတွေလည်း အခု မဖြစ်ပေမယ့် တစ် နေ့နေ့ တစ်ချိန်ချိန်ဖြစ်လာမှာပဲ။ ကျနော်ပြောချင်တာက ပင်ကိုယ်ပဲကောင်းတယ်။ ဘာမှမလုပ်ကြနဲ့။ အဲလို လုပ်တာမကောင်းဘူး။ အဲဒီဟာထိုးပြီးမှ မှားမှန်းသိတယ်” ဟုပြောသည်။

သဘာဝမဟုတ်သည့် လိင်တံပြုပြင်ခြင်းများမှာ လိင်ဆက်ဆံခြင်းနှင့်ပတ်သက်သည့် အယူအဆအမှား များကြောင့်ဖြစ်ပြီး လိင်တံအတွင်း ဆေးထိုးခြင်း (အုန်းဆီနှင့်အခြား ဆေးဝါးများ)၊ အရေပြားဖုထုံး ထုံးခြင်း၊ အရာဝတ္ထုများထည့်သွင်းတပ်ဆင်ခြင်း(ဂေါ်လီ)၊ အခြားအရာဝတ္ထုများ တပ်ဆင်ထားသည့် လိင်တံစွပ်များ ကိုသုံးစွဲခြင်း(မြင်းမြီး၊ သံကွင်း)စသည်တို့ ဖြစ်သည်။

ထိုသို့ပြုလုပ်ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် လိင်တံပျက်စီး သွားခြင်း၊ လိင်မှတစ် ဆင့် ကူစက်တတ်သော ရောဂါများအလွယ်တကူဝင်ရောက်နိုင်ခြင်း၊ လိင်တံကင်ဆာဖြစ်ပေါ်နိုင်ခြင်း၊ ရော ဂါပိုးကြောင့်မြုံသွားခြင်း၊ ဝှေးစေ့ပျက်စီးခြင်းတို့အပြင် အချိန်မီခွဲစိတ်ကုသမှုမခံ ယူပါက အသက်သေ ဆုံးနိုင်သည်အထိ ဆိုးကျိုးများရှိကြောင်း မယ်တော်ဆေးခန်းမှ ဖြန့်ဝေသည့် ပညာပေးလက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

“ပြောချင်တာက သဘာဝအတိုင်းသာ အကောင်းဆုံးပဲဖြစ်ပါတယ်။ ဒီလိုဘေးဖြစ်စေတဲ့အရာတွေကို နားမယောင်မိပါစေနဲ့။ တကယ်လို့ ဖြစ်လာပြီး ဆိုရင်လည်း ကြိတ်ကုတာမျိုးမလုပ်ပါနဲ့။ ဒီလိုအဖြစ်တွေက ဆေးထိုးဆေး သောက်ရုံနဲ့မပျောက်ပါဘူး။ နီးစပ်ရာ ဆေးခန်း မှာသာသွားရောက်ခွဲစိတ်ကုသဖို့ အကြံပေး ချင်ပါတယ်”ဟု မယ်တော်ဆေးခန်း၏ ခွဲစိတ်ဋ္ဌာန ဒုတာဝန်ခံ စောတစ်တေက တိုက်တွန်းပြောကြားသည်။

မယ်တော်ဆေးခန်းမှ သဘာဝမဟုတ်သည့် လိင်တံပြုပြင်ခြင်းမှဖြစ်လာသည့် နောက်ဆက်တွဲဆိုးကျိုးများ နှင့်ပတ်သက်ပြီး ၂၀၀၂ ခုနှစ်မှစတင်ကာ ယနေ့အထိ အဆိုပါ လူနာပေါင်း ၇၀၀ ကျော်ကိုခွဲစိတ်ကုသမှုများပြု လာခဲ့ပြီဖြစ်ကြောင်း ခွဲစိတ်ဋ္ဌာန၏ မှတ်တမ်းအရ သိရသည်။

 စဖန်းရှောင်း၊ စောချာလု
KIC - ကေအိုင်စီ
http://kicnews.org



ရုံးထုတ်လာသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုဦးစီးမှူး (ဓာတ်ပုံ-နိုင်လင်းဦး)
မန္တလေး၊ နိုဝင်ဘာ ၈။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှ အုပ်ချုပ်ရေးမှူးအား အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရသည့် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဒုဦးစီးမှူးတို့အား နိုဝင်ဘာလ ၈ ရက်နေ့က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ပထမဆုံးအကြိမ်ရုံးထုတ် စစ်ဆေးခဲ့သည်။

ယင်းသို့ရုံးထုတ်ရာတွင် တရားစွဲဆိုခံရသူများဘက်မှ ရှေ့နေပါဝါတင်ခဲ့ပြီး နိုဝင်ဘာလ (၁၇) ရက်နေ့တွင် နံနက် (၁၀)နာရီထက် နောက်မကျပဲ တရားစွဲဆိုခံရသူများကို ရုံးထုတ်လာရန် တရားသူကြီးက ရဲတပ်ဖွဲ့ဝင်များအား ပြောကြားခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးအား (ပ)၂၂၀/၂၀၁၆၊ ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆၊ (ပ)၂၁၉/၂၀၁၆၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ ဦးကျော်ကျော်နိုင်အား (ပ)၂၂၂/၂၀၁၆၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့်လည်းကောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မတီ မှ စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့် က တရားစွဲဆိုထားခြင်း ဖြစ်သည်။

"သူတို့ကိုစွဲတဲ့ ပုဒ်မတွေမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ က ထောင်ဒဏ် ၁၀ နှစ်ထက်မပိုသော ပြစ်ဒဏ် နဲ့ ငွေဒဏ် ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇ က ထောင်ဒဏ် ၇ နှစ်ထက် မပိုသော ပြစ်ဒဏ် နဲ့ ငွေဒဏ်ကို ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားတယ်"ဟု မန္တလေးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးမြင့်စိုးက ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်စိုးနိုင်သည် မန်ကျည်းအင်းကျေးရွာသစ် ပြည်ထဲရေးအမည်ပေါက် ရွာမြေတိုးချဲ့သတ်မှတ်ပေးရန် ကိစ္စနှင့်ပက်သက်ပြီး ယင်းကျေးရွာနေ ဒေသခံများထံမှ လက်ဆောင်ယူခြင်း နှင့် ငွေကျပ် ၅ သိန်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၌လည်းကောင်း ပုဆိုး နှင့် အင်္ကျီအပါအဝင် ငွေကျပ် သိန်း ၃၀ ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၌ လည်းကောင်း၊၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း အလီလီလက်ခံရယူခဲ့ကြောင်း သိရသည်။

ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်သည်လည်း ယင်းကျေးရွာကိစ္စနှင့်ပက်သက်၍ ၂၀၁၅ ခုနှစ် မေလအတွင်း က ကမ္ဘာအောင်မြေကုမ္ပဏီပိုင်ရှင်ထံ မှ ငွေကျပ်သိန်း ၅၀ တစ်ကြိမ် ၊ သိန်း ၄၀ တစ်ကြိမ်နှင့် ၃၅ သိန်း တစ်ကြိမ် လက်ခံရယူထားကြောင်း သိရသည်။

ထို့အပြင် အုပ်ချုပ်ရေး ကိစ္စရပ်များ ဆောင်ရွက်သည့်နေရာတွင် လစ်လပ်လျှက်ရှိရာ ယင်းနေရာအတွက် ပြင်ဦးလွင်ခရိုင် အထွေအထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန မှ လက်ထောက် ညွှန်ကြားရေးမှူးအား ယာယီခန့်အပ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ သိရသည်။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar/


ပုဂံ နိုဝင်ဘာ ၈

ပုဂံမြို့ မင်းနန်သူကျေးရွာအနီးရှိ လေးမျက်နှာအုတ်ကျောင်းသည် နိုဝင်ဘာ ၈ ရက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဆိုပါ အုတ်ကျောင်း အရှေ့မြောက်ထောင့်တွင် ပြိုကျပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar


မိုဆူးလ် ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မိုဆူးလ်မြို့ တောင်ပိုင်း၌ အစုလိုက်အပြုံလိုက်မြှုပ်နှံထားသော ခေါင်းဖြတ်သတ်ထားသည့် လူသေရုပ် အလောင်း ၁ဝဝ ကျော်ကို တူးဖော်ရရှိကြောင်း အီရတ်စစ်တပ်၏ နိုဝင်ဘာလ ၇ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုဆူးလ်မြို့ တောင်ပိုင်း ၁၅ ကီလိုမီတာအကွာခန့် ရှိ Hammam al-Alil မြို့ အပြင်ဖက် အရှေ့ အရပ်၌ တည်ရှိသော စိုက်ပျိုးရေးကောလိပ်ဝင်းအတွင်း အဆိုပါ အစုလိုက်အပြုံလိုက်မြှုပ်နှံထားသည့် ရုပ်အလောင်းများကို တူဖော်တွေ့ ရှိခဲ့ရခြင်းဖြစ်ကြောင်း အီရတ်ပူးတွဲစစ်ဆင်ရေးတပ်မ(JOC) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အီရတ်စစ်တပ်သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုပ်အလောင်းများသည် အိုင်အက်စ်အကြမ်းဖက်သမားများ၏ သုတ်သင်သတ်ဖြတ်ခြင်းခံခဲ့ရသူများ၏ ရုပ်အလောင်းများဖြစ်နိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး မှုခင်းကျွမ်းကျင်ဆရာဝန်များက အခင်းဖြစ်နေရာသို့ လာရောက်၍ ရုပ်အလောင်းများကို ခွဲစိတ်စစ်ဆေးရန် ရှိကြောင်း ဆက်လက်ဖော်ပြထားသည်။

China Xinhua News


ထားဝယ် နိုဝင်ဘာ ၈

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် (က)ရပ်ကွက်နေ ဒေါ်-------သည် ယခုလ ၆ ရက် မွန်းလွဲ၁၂ နာရီခွဲတွင် ပန်းတင်းအင်းကျေးရွာ အလှူမှ နေအိမ်သို့ ထားဝယ်- ကျောက်နီမော်သွား ကားလမ်း အတိုင်း ပြန်လာစဉ် ရွာဟောင်း ကျေးရွာ အမကကျောင်းအနီးလမ်း အကွေ့တွင် ဖုန်းလာသဖြင့် ဖုန်း စကားပြောရန် ဆိုင်ကယ်အား လမ်းဘေးတွင်ရပ်နား၍ ဖုန်းပြော နေစဉ် ၄င်း၏ ဝဲဘက်လက်၌ ပိုက်ဆံအိတ်အား ကိုင်ထားရာ ထားဝယ်ဘက်မှ လောင်းလုံးဘက် သို့ လူနှစ်ဦး နံပါတ်မပါWave Alpha (ဖြူ+နက်)ရောင်ဆိုင်ကယ် အား မောင်းနှင်လာပြီး ဒေါ်---ကိုင်ထားသော ပိုက်ဆံအိတ်အား ရုတ်တရက်ဆွဲယူ၍ အရှိန်ပြင်းစွာ မောင်းနှင် ထွက်ပြေးသွားသဖြင့် ပိုက်ဆံအိတ်အတွင်း ဆိုင်ကယ် လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဝန်ထမ်းကတ်နှင့်ငွေကျပ် ၅၅ဝဝဝ ပါသွားကြောင်း သိရသည်။

ထို့နောက် ပိုက်ဆံအိတ်ဆွဲယူ ပြေးသွားသူနှစ်ဦး(လူမြင်မှတ်မိ) အား ဒေါ်--------က တရား လိုပြုလုပ်တိုင်ကြားသဖြင့် လောင်း လုံးမြို့မရဲစခန်းက (ပ)၂၇၁/ ၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၂/ ၁၁၄ ဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်ထားရှိပြီး အမှုစစ်ရဲအုပ်စိုးနိုင် က သက်သေများနှင့်အတူတရားခံ များအား စုံစမ်းဖမ်းဆီးခဲ့ရာ လောင်းလုံးမြို့နယ် အင်းဇောက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီးတွင် ကျော်သူစိုး(ခ)ဖိုးတီး အသက်(၂ဝ) လောင်းလုံးမြို့နှင့် သာယာကုန်း ကျေးရွာသုသာန်အနီးတွင် အောင် သန့်ဇင်ဦး(ခ)ဖိုးတာ(၂၂နှစ်)တို့ကို ဖမ်းဆီးရမိပြီး အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကျော်ကျော်လတ်(ထားဝယ်)
The Union Daily
https://www.facebook.com/uniondaily.net


ဝန်းသို နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၌ နိုဝင်ဘာ ၈ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝန်းသိုမြို့နယ်၊ မန်ကျေးကုန်းကျေးရွာ၊ ဇီးဖြူပင်ကျေးရွာ၊ ဂွေ့ကြီးကျေးရွာ၊ လက်ပံကြီးတောကျေးရွာ၊ အုပ်ဖိုကျေးရွာ၊ သရအိုက်ကျေးရွာ၊ ရှမ်းစုကျေးရွာ၊ စိန်လည်ကျေးရွာ၊ သပြေသာကျေးရွာများတွင် ရေကြီး ရေလျှံမှုများဖြစ်ခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် ခရမ်းချဉ်၊ ငရုပ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီ ပြောင်း စသော ဆောင်းသီးနှံစိုက်ခင်းများရေနှစ်မြုပ် ပျက်စီးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/



( တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် ) Photo: Kan Thar/RFA
ရှမ်းပြည်နယ် မန်တုံမြို့နယ်ထဲက မန်မိုင်ကျေးရွာနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ နိုဝင်ဘာလ ၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မိနစ်နှစ်ဆယ်လောက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်တာတွေတော့ မရှိခဲ့ဘူးလို့ TNLA က ပြန်ကြားရေးတာ ဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။

'' ဟုတ်ကဲ့ မနေ့က ဖြစ်တယ်၊ မနေ့က မိနစ်နှစ်ဆယ်လောက်ဖြစ်တယ်၊ ဒီဖြစ်တဲ့နေရာက မန်တုံမြို့နယ် မန်မိုင် ကျေးရွာနားမှာဖြစ်တယ်၊ ဖြစ်တဲ့အကြောင်းအရင်းကတော့ RCSS က ကျွန်တော်တို့ရှိတဲ့ဘက်ကို တက်လာတယ်၊ တက်လာတဲ့အချိန်မှာ မိနစ်နှစ်ဆယ်လောက် တိုက်ပွဲဖြစ်တယ်၊ ပစ်ခတ်မှု ခဏလေးဖြစ်ပြီးတော့မှ သူတို့လည်း ပြန်ဆုတ်သွားကြတယ်''

RCSS နဲ့ TNLA တို့ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

RCSS ကတော့ အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု သဘောတူညီချက်စာချုပ်မှာ လက်မှတ်ထိုးထားပြီး TNLA ကတော့ လက်မှတ်ထိုးထားခြင်း မရှိသေးပါဘူး။

RFA Burmese
https://www.facebook.com/rfaburmese/


မန္တလေး နိုဝင်ဘာ ၈

မန္တလေးမြို့ကိုအလည်အပတ်ရောက်လာတဲ့ နိုင်ငံခြားသားခရီးသွားတစ်ဦးကို ခြေထောက်မှာဗုဒ္ဓပုံတော် တက်တူးထိုးထားတာတွေ့ရလို့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် ၆ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးပြီး ချက်ချင်းပဲပြည်နှင်ဒဏ်ပေးလိုက်တယ် လို့ သိရပါတယ်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သီရိဟေမာ အရှေ့ရပ်ကွက် ၂၇ လမ်း နဲ့ ၂၈ လမ်းကြား၊ ၈၇ လမ်း နဲ့ ၈၈ လမ်းကြားက ဟိုတယ်တစ်ခုမှာတည်းခိုနေတဲ့ အီတလီနိုင်ငံသား Mr.Mola Giannunzion Michale အသက် (၃၄) နှစ်ဆိုသူဖြစ်ပြီး ၄င်းရဲ့ ဝဲဘက်ခြေသလုံးအပြင်ဘက်မှာ ဗုဒ္ဓပုံတူ တက်တူးထိုးထားတာကို တွေ့ လိုက်ရတယ်လို့ ပြည်သူသတင်းပေးချက်အရ အမှတ်(၆)နယ်မြေရဲစခန်း တာဝန်ရှိသူတွေဟာ နယ်ထိန်း ခေါင်ဆောင် ရဲအုပ် ခင်သန်း၊ မြို့နယ် လ၀ကဒုဦးစီးမှူး ဦးဘုန်းကျော်၊ ကမ္ဘာလှည့်ခရီးသွားလုံခြုံရေးတပ်ဖွဲ့စု (မန္တလေး) ဒုရဲအုပ် အောင်ဇာနည်ကို၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းလင်းတို့ပါဝင်တဲ့အဖွဲ့က ယမန်နေ့နိုဝင်ဘာ ၇ ရက်ညနေပိုင်းက အဆိုပါဟိုတယ်မှခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာတော့ ပြည်နှင်ဒဏ်ပေးလိုက်တာပါ။
“မနေ့ကစစ်ဆေးပြီး ဒီနေ့မနက်ပိုင်းမှာပြည်နှင်ဒဏ်ပေး လိုက်တာပါ၊ ဒီကနေရန်ကုန်ကိုပို့ပြီး အဲဒီကနေမှ သူတစ်ဆင့်လာခဲ့တဲ့နိုင်ငံကိုပြန်ပို့မှာပါ"လို့ မြို့နယ်တာဝန်ရှိသူကပြောပါတယ်။

၎င်းဟာ နိုဝင်ဘာ ၆ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တစ်ဆင့် မြန်မာနိုင်ငံ မန္တလေး အပြည် ပြည်ဆိုင်ရာလေဆိပ်ကိုဝင်ရောက်လာတာဖြစ်ပြီး နိုဝင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ အလည်အပတ်ဗီဇာ ရထားတယ်လို့သိရပါတယ်။

china.com Myanmar
https://www.facebook.com/china.com.mm/


ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာ တပ်မတော်သားတစ်ဦး ကိုယ့်ကိုယ်ကို သေနတ်နဲ့ ပစ်ခတ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါ တယ်။

 နိုဝင်ဘာလ (၇) ရက် ညပိုင်းက လှည်းကူးမြို့နယ် ၊ အင်းတိုင် ဗဟိုကင်းလက်နက်တိုက်မှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်းဖြစ်ပွား ခဲ့တာဖြစ်ပါတယ်။

 သေဆုံးသွားတဲ့ တပ်မတော်သားရဲ့ အမည်ဟာ တပ်ကြပ်ကြီး သန်းညွှန့်ဖြစ်ပြီး အသက် (၅၈)နှစ်အရွယ်ဖြစ်ပါတယ်။

 လက်နက်တိုက်အတွင်း တစ်ဦးတည်းရှိနေစဉ် သေနတ်စင်က ကာဘိုင်သေနတ်နဲ့ ကိုယ့်ကိုယ့်ကို ပစ်ခတ်သေဆုံးတာဖြစ်တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

 အလောင်းကို အမှတ် (၁) တပ်မတော်ဆေးရုံကြီးကို သယ်ဆောင်စစ်ဆေးခဲ့ရာမှာ ဂုတ်ပိုးကြည်ပေါက်ရာတစ်ခုတွေ့ရှိရတယ်လို့ သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews


Trump နှင့် Clinton အပြိုင်အဆိုင် မဲဆွယ်လှုပ်ရှား
ဒီကနေ့ နိုဝင်ဘာလ (၈) ရက်နေ့ဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ ဖြစ်တဲ့အတွက် သိပ်ကို အခြေအတင် ဖြစ်ခဲ့တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ထိုးနှက်ဝေဖန်မှုတွေလည်း အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ဒီမိုကရက်ပါတီက မစ္စက် ဟီလာရီ ကလင်တန် နဲ့ ရီပတ်ဘလီကင်ပါတီက Donald Trump တို့ အနက် ဘယ်သူက နိုင်မယ်ဆိုတာကတော့ အမေရိကန်နိုင်ငံသားတွေသာမက တကမ္ဘာလုံးကပါ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ နောက်ဆုံး တာဝင်ခါနီးဖြစ်တဲ့ တနင်္လာနေ့ညပိုင်းအထိ သမ္မတလောင်း နှစ်ဦးစလုံးတို့က အရေးကြီးတဲ့ပြည်နယ်တွေမှာ အင်တိုက် အားတိုက် မဲဆွယ် လှုပ်ရှားခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မစုမြတ်မွန်က စုစည်းတင်ပြထားပါတယ်။

အလှည့်အပြောင်းတွေများလှတယ်လို့ လေ့လာသူတွေပြောကြတဲ့ ဒီတခေါက် သမ္မတရွေးကောက်ပွဲအတွက် နောက်ဆုံးမဲဆွယ်ရတဲ့ နိုဝင်ဘာလ ၇ ရက် တနင်္လာနေ့က သမ္မတလောင်း ၂ ယောက်လုံး အားကုန်စိုက်ထုတ်ပြီး အရေးကြီးတဲ့ပြည်နယ်တွေဆီ သွားရောက်မဲဆွယ်ခဲ့ကြပါတယ်။ Democratic ပါတီ် သမ္မတလောင်း Hillary Clinton အတွက်သမ္မတ Barack Obama ကိုယ်တိုင်စည်းရုံးမဲဆွယ်မှုတွေ လုပ်ပေးနေတာမှာ တနင်္လာနေ့အစောပိုင်းကတော့ သမ္မတအိုဘားမားဟာ Michigan ပြည်နယ်ကို သွားပြီး ရွေးကောက်ပွဲနေ့ကျရင် အရေးကြီးတဲ့ရွေးချယ်မှုကို အသေအချာလုပ်ကြဖို့တိုက်တွန်းခဲ့ပါတယ်။

“တိုးတက်နေတဲ့လမ်းကို ဆက်ရွေးချယ်မလား။ ဒါမှမဟုတ် ဒီအခြေအနေကို အဆုံးအရှုံးခံလိုက်မလားဆိုတဲ့ ရွေးချယ်မှုကို မနက်ဖြန်ကျရင် လုပ်ကြရပါတော့မယ်။ အပြင်တင်ဝေဖန်မှုတွေ၊ ခွဲခြားမှုတွေ၊ မကျေမချမ်းဖြစ်မှုတွေကို အခြေခံတဲ့နိုင်ငံရေးကို ရွေးချယ်မလား။ စည်းလုံးခြင်းဟာ အင်အားဖြစ်တယ်ဆိုတာ ယုံကြည်တဲ့နိုင်ငံရေးကို ရွေးချယ်မလားဆိုတာကို နက်ဖြန်ကျရင်ရွေးချယ်ကြရမှာဖြစ်ပါတယ်။”

မဲဆွယ်ပွဲနောက်ဆုံး တနင်္လာနေ့ တနေ့လုံးကို Hillary Clinton အတွက် သမ္မတအိုဘားမားက စည်းရုံးမဲဆွယ်မှုတွေလုပ်နေတာမှာ Michigan ပြည်နယ်အပြင် New Hampshire ပြည်နယ်ကိုလည်း သွားရောက်မဲဆွယ်ပါတယ်။ အသံလွှင့်ပြီးချိန် ဒေသစံတော်ချိန် ည ၇ နာရီခွဲကျရင်လည်း Pennsylvania ပြည်နယ် Philadelphia မြို့က မဲဆွယ်ပွဲကို သမ္မတကတော် Michelle Obama နဲ့အတူ သမ္မတအိုဘားမား သွားရောက်မှာဖြစ်ပါတယ်။ Hillary Clinton ရဲ့ နောက်ဆုံး အကြီးအကျယ်မဲဆွယ်ပွဲဖြစ်မယ့် အဲဒီပွဲကို Hillary Clinton ကိုယ်တိုင်အပြင် သူ့ရဲ့ခင်ပွန်း သမ္မတဟောင်း Bill Clinton သမီး Chelsea Clinton တို့လည်း လာရောက် စည်းရုံးကြမှာဖြစ်ပါတယ်။ တနင်္လာနေ့ အစောပိုင်းကတော့ Hillary Clinton ဟာ Pennsylvania ပြည်နယ် Pittsburgh မြို့ကိုသွားပြီး ဘယ်သူ့ကို မဲပေးရမှန်း မရေမရာဖြစ်နေသူတွေကို ရည်ရွယ်ပြီး သူဟာ တည်ငြိမ်တဲ့ ခေါင်းဆောင်မှုကို ပေးနိုင်မယ့်သူဖြစ်တယ်လို့ ပြောကြား စည်းရုံးခဲ့ပါတယ်။

“အစိုးရဝန်ထမ်းသက်တမ်းတလျှောက်လုံး ကလေးငယ်တွေ၊ မိသားစုတွေအတွက် ကျွန်မတိုက်ပွဲဝင်ခဲ့တယ်။ ကျွန်မတို့နိုင်ငံအတွက် ရပ်တည်ခဲ့ပါတယ်။ တကယ်လို့ မနက်ဖြန်မှာ ကျွန်မကို မဲပေးရွေးချယ်ကြမယ်ဆိုရင် ဒီလို ရပ်တည်ဆောင်ရွက်မှုတွေကို သမ္မတတာဝန်ယူထားတဲ့ နေ့တိုင်းမှာ လုပ်သွားမှာဖြစ်ပါတယ်။ အိမ်ဖြူတော်မှာ အိပ်ရာကနေ နိုးလာတာနဲ့ ဒီနေ့အတွက် ဘယ်လိုအတားအဆီးတွေကို ဖယ်ရှားပေးရမလဲ၊ ဘယ်လိုအခွင့်အလမ်းတွေ ဖန်တီးပေးရမလဲဆိုတာကို စဉ်းစားမှာဖြစ်ပါတယ်။ ဒါမှသာ ရှင်တို့ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးရှိလာမှာဖြစ်ပါတယ်။ အမေရိကန်ရဲ့ အကောင်းဆုံးနေ့ရက်တွေက ကျွန်မတို့ရှေ့မှာရှိနေသေးတယ်လို့ ကျွန်မယုံကြည်ပါတယ်။”

Pennsylvania ပြည်နယ်ရဲ့ အကြီးဆုံး Philadelphia မြို့က မဲဆွယ်ပွဲကို ပြန်မလာခင် Hillary Clinton ဟာ မြောက် Carolina ပြည်နယ်ကိုလည်း သွားရောက်မဲဆွယ်ပါတယ်။ သူ့အတွက် နောက်ဆုံးဖြစ်မယ့် Philadelphia မြို့က မဲဆွယ်ပွဲကို နာမည်ကျော်အဆိုတော်တွေဖြစ်ကြတဲ့ John Bon Jovi နဲ့ Bruce Springsteen တို့လည်း လာရောက် ဖျော်ဖြေကြမှာဖြစ်ပါတယ်။ သမ္မတရွေးကောက်ပွဲ အနိုင်အရှုံးအတွက်တင်မက လွှတ်တော်အမတ်နေရာ အများစု ရနိုင်ဖို့အတွက်ပါ အရေးကြီးတဲ့ ခုလိုပြည်နယ်တွေကို Hillary Clinton လိုပဲ Republican သမ္မတလောင်း Donald Trump ကလည်း တနင်္လာနေ့က သွားရောက်မဲဆွယ်ခဲ့တာပါ။ Hillary Clinton ရဲ့ Email ကိစ္စနဲ့ပါတ်သက်လို့ သူ့အပေါ် အရေးယူဖို့မလိုအပ်ဘူးလို့ FBI ညွှန်ကြားရေးမှူးက တနင်္ဂနွေနေ့ကပဲ ထပ်ပြီးပြောကြားခဲ့တာကို မကျေနပ်တဲ့ Donald Trump ကသူ့အဆို အကွက်ဆင်ထားတဲ့ စနစ်ကြီးပပျောက်အောင် သူ့ကို မဲပေးပါလို့ Florida ပြည်နယ်မှာ ခုလို မဲဆွယ်သွားပါတယ်။

“မနက်ဖြန်ကျရင် မဲပေးဖြစ်အောင်ပေးပြီး၊ အကွက်ဆင် အကြံအဖန်လုပ်နေတဲ့သူတွေကို အနိုင်ရအောင် လုပ်လို့ရပါတယ်။ ကျွန်တော်တို့ အနိုင်ရခဲ့မယ်ဆိုရင် ခြစားနေတဲ့ နိုင်ငံရေးသမားတွေနဲ့ သူ့တို့ရဲ့အလှုရှင်တွေရှုံးသွားမှာပါ။ တကယ်လို့သာ သူတို့နိုင်သွားမယ်ဆိုရင်တော့ အမေရိကန်ပြည်သူတွေအတွက် အကြီးအကျယ် ရှုံးနိမ့်တာဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ နောက်တခါအခွင့်အရေး ဘယ်တော့မှ ထပ်ရတော့မှာ မဟုတ်ပါဘူး။ နောက် ၄ နှစ်ကြာလည်း မရတော့ဘူး၊ နောက် ၈ နှစ်ကြာလည်း ရတော့မှာ မဟုတ်ပါဘူး။ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးတွေကိုလည်း ရွေးချယ်ခွင့်ရတော့မှာ မဟုတ်ဘူး၊ ကျွန်တော်တို့နိုင်ငံထဲကို လူတွေလှိမ့်ပြီးဝင်လာကြပါလိမ့်မယ်။ ဒါကြောင့် နက်ဖြန်ခါ မဲပေးဖြစ်အောင် ပေးကြပါ။”

လူထုစစ်တမ်းတွေမှာ Hillary Clinton ထက် ၄ မှတ်လောက် နောက်ကျန်နေတဲ့ Donald Trump ဟာ Florida ပြည်နယ်အပြင် မြောက် Carolina Pennsylvania New Hampshire နဲ့ Michigan ပြည်နယ်တွေကိုလည်း တနင်္လာနေ့ တရက်ထဲမှာ သွားရောက်မဲဆွယ်ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ အင်္ဂါနေ့ကျရင် သမ္မတရွေးကောက်ပွဲအပြင် သက်တမ်းစေ့တဲ့ အောက်နဲ့ အထက်လွှတ်တော်အမတ်တွေ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကိုလည်း ရွေးချယ်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိလွှတ်တော် ၂ ရပ်လုံးမှာ Republican ပါတီဖက်က အမတ်အများစုနေရာရထားတဲ့ အခြေအနေကို ဆက်ပြီး ထိန်းထားမှာလားဆိုတာကို အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။

  စုမြတ်မွန်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com




လူတိုင်းစိတ်ဝင်စားနေတဲ့ ၂၀၁၆ ခုနှစ် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲ ကျင်းပတော့မယ့်အချိန်ဟာ နာရီပိုင်းပဲ လိုပါတော့တယ်။ အဓိက သမ္မတလောင်းနှစ်ဦးဖြစ်တဲ့ ရီပတ်ဘလစ်ကင်ပါတီက Donald Trump နဲ့ ဒီမိုကရက်ပါတီက Hillary Clinton တို့ဟာ နောက်ဆုံးနေ့ မဲဆွယ်စည်းရုံးရေး တွေကို အပြိုင်အဆိုင် လုပ်နေကြသလို ကြိုတင်ခန့်မှန်းတွက်ချက်မှုတွေအရ သူတို့ နှစ်ဦးရဲ့ မဲရလဒ်တွေကလည်း သိပ်ပြီး မကွာခြားလှတာမို့ အကြိတ်အနယ် ဖြစ်နေတာပါ။ ဒီကြားထဲမှာ al-Qaida အကြမ်းဖက်အဖွဲ့ကလည်း ရွေးကောက်ပွဲကာလ လူစည်ကားတဲ့အချိန်မှာ New York အပါဝင် ပြည်နယ်သုံးခုအတွင်း အကြမ်းဖက် တိုက်ခိုက်မှုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေကြောင့် လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။ New York မြို့ရဲ့ အခြေအနေနဲ့ New York မြို့နေ မြန်မာအသိုင်းအ၀ိုင်းရဲ့ ရွေးကောက်ပွဲအပေါ်အမြင်တွေကို ဦးစံမိုးဝေ က တင်ပြပေးပါလိမ့်မယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲနေ့မှာ တိုက်ခိုက်မှုတွေ ပြုလုပ်မယ်လို့ al-Quida အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်ထားယ် ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေကြောင့် New York မြို့က အဓိကကျတဲ့ လူစည်ကားတဲ့နေရာတွေမှာ လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။

New York မြို့ရဲ့ လုံခြုံရေးအခြေအနေ မြင်ကွင်းကို New York မြို့မှာ နေထိုင်သူ ကိုသစ်ထူးလွင်က အခုလို ပြောပြပါတယ်။

“ခါတိုင်းနဲ့မတူတဲ့ လုံခြုံရေးတင်းကြပ်မှုတွေ မြင်ရတာတော့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ Close Gate mall လိုပေါ့နော်- ဒီလို mall ကြီးတွေရဲ့အတွင်းထဲမှာ local police officers တွေပေါ့ဗျာ၊ အရင်တုံးကဆို အဲဒီလို ချထားတာမရှိဘူးပေါ့ဗျာ။ အခုဆို mall ကြီးတွေမှာ ချထားတာ တွေ့ရတယ်။ နေရာစိတ်စိတ်ပေါ့ဗျာ၊ ဆိုင်တွေ၊ လူသွားလူလာ ထူထပ်တဲ့နေရာတွေမှာ ဒီလို ယူနီဖောင်းဝတ် police officers တွေ၊ အရင်တုန်းကတော့ ဒီလို မရှိဘူးပေါ့ဗျာ၊ အခုတော့ ချထားတာတွေ တွေ့ရတယ်။”

ရွေးကောက်ပွဲကျင်းပတဲ့ အင်္ဂါနေ့မှာ သမ္မတလောင်းနှစ်ဦးစလုံးဟာ New York မြို့မှာ ရောက်ရှိနေကြမှာဖြစ်ပြီး ညပိုင်းမှာ သူတို့အပေါ် ထောက်ခံ အားပေးကြတဲ့သူတွေကို စကားပြောဖို့လည်း စီစဉ်ထားပါတယ်။ New York မြို့ရဲ့ Queens အရပ်မှာနေထိုင်သူ မြန်မာတဦးဖြစ်တဲ့ ကိုနေတင်မြင့်ကတော့ လူထုအနေနဲ့ လုံခြုံရေးစီစဉ်ထားမှုတွေကို ယုံကြည်မှုရှိကြသလို အကြမ်းဖက်တိုက်ခိုက်မယ်ဆိုတဲ့အပေါ်မှာ စိုးရိမ်ကြောင့်ကျမှု သိပ်မတွေ့ရဘူးလို့ ဆိုပါတယ်။

“ဘာမှမဖြစ်သလိုပဲ၊ ပုံမှန်ပဲ သွားလာနေကြတာပဲ။ မစိုးရိမ်ကြပါဘူး၊ တော်တော်များများကတော့လေ။ လုံခြုံရေးအနေထားကလည်းကောင်းတယ်လေ။ အကြမ်းဖက်အုပ်စုတွေအနေနဲ့က ဒီလိုပဲ ခြိမ်းခြောက်နေတာ ခဏခနပဲလေ၊ ခြိမ်းခြောက်တိုင်းလည်း ဖြစ်သွားတာတော့ မဟုတ်ဘူးပေါ့နော်။”

အမေရိကန်နိုင်ငံသား မြန်မာလူမျိုးအများစုကတော့ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း Hillary Clinton အပေါ် ပိုမိုပြီး သဘောကျကြတယ်လို့ မြို့ခံနောက်တဦးဖြစ်တဲ့ ကိုမိုးချမ်းက ပြောပါတယ်။ ကြိုတင်မဲပေးတဲ့ အစီအစဉ်တွေလုပ်ဆောင်ထားပေမဲ့ နောက်ဆုံးရွေးကောက်ပွဲ ကျင်းပတဲ့နေ့ကျမှ မဲပေးမယ်လို့ ဆုံးဖြတ်ထားတယ်ဆိုတဲ့ ကိုမိုးချမ်းက အဓိက သမ္မတလောင်းနှစ်ဦးအနက် ရီပတ်ဘလစ်ကင်ပါတီသမ္မတလောင်း Donald Trump ထက် ဒီမိုကရက်တစ်ပါတီသမ္မတလောင်း Hillary Clinton ကို ပိုမိုပြီး သဘောကျတဲ့အကြောင်း သူ့ရဲ့ သဘောထားကို အခုလို ရှင်းပြပါတယ်။

“အထူးသဖြင့် အမေရိကန် နိုင်ငံရေးတည်ငြိမ်ဖို့နဲ့ ကမ္ဘာမှာလည်းတည်ငြိမ်ဖို့က လိုအပ်တယ် ဆိုတော့ဗျာ၊ Hillary Clinton ကို ကျနော် စဉ်းစားပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကားမှာကလည်း အမျိုးသမီးခေါင်းဆောင်ရယ်လို့ လိုအပ်နေတယ်လို့ ကျနော်ထင်တယ်လေ။ အထူးသဖြင့် အာရှနိုင်ငံ .. ကျနော်တို့လို တိုင်းပြည်မျိုးတောင်မှ ဒေါ်အောင်ဆန်းစုကြည်လိုမျိုး အမျိုးသမီးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်နေတော့ဗျာ၊ ကျနော်တို့ နိုင်ငံထက်တောင် နောက်ကျနေသေးတယ်။ Donald Trump ကော Hillary Clinton ကော နှစ်ယောက်စလုံးမှာ အားနည်းချက်တွေ အများကြီးရှိတယ်။ ရှိသော်ငြားလည်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက်ကတော့ ကျနော့်အနေနဲ့ Donald Trump ထက်စာရင် Hillary Clinton က ပိုပြီးတော့ အကျိုး ရှိလိမ့်မယ်လို့ ကျနော် ယူဆတယ်ပေါ့ဗျာ။”

Hillary Clinton ဟာ မြန်မာလူမျိုးတွေနဲ့ ပိုမိုပြီးတော့ နီးစပ်မှုရှိသလို မြန်မာနိုင်ငံအရေးအပေါ်မှာလည်း စိတ်ဝင်တစားရှိကြောင်း၊ ဒါကြောင့် သူ့ကို မြန်မာတွေက ပိုပြီး နှစ်သက်ကြတာဖြစ်တယ်လို့ ပြောသူကတော့ ကိုသစ်ထူးလွင် ဖြစ်ပါတယ်။

“ဒီမြန်မာအသိုင်းအ၀ိုင်းက အားလုံးလိုလိုကတော့ Hillary Clinton မဲပေးဖို့၊ ပေးပြီးသားသူတွေကလည်း Hillary Clinton ပဲ တွေ မဲပေးကြတာရှိတယ်၊ ကျနော်ထင်တာကတော့ မြန်မာတွေအနေနဲ့ အမေရိကန် နိုင်ငံရေးဆိုတာထက် Hillary Clinton တက်မယ်ဆိုရင် သူက မြန်မာနိုင်ငံအရေးနဲ့ ဆက်စပ်နေတဲ့အခါကျတော့ မြန်မာပြည်ရဲ့ အလားအလာအပေါ် အထောက်အကူဖြစ်စေနိုင်မယ် ဆိုပြီးတော့ ယူဆချက်တွေကို ပြောနေဆိုနေတာ ကြားရတယ်လေ။”

ရွေးကောက်ပွဲ ကျင်းပချိန် တဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ ရုပ်သံမီဒီယာတွေ၊ သတင်းဌာနတွေ၊ လူမှုကွန်ယက် မီဒီယာတွေပေါ်မှာလည်း ရွေးကောက်ပွဲ အကြောင်းကိုပဲ ဆက်တိုက် ထုတ်လွှင့်နေကြသလို လူတွေအားလုံးကလည်း နောက်လာမည့် အမေရိကန်သမ္မတ ဘယ်သူဖြစ်လာမလဲ ဆိုတာကို စိတ်ဝင်တစား ဆွေးနွေး ပြောဆိုနေကြပါတယ်။

  ဦးစံမိုးဝေ  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



မနက်ဖန် နိုဝင်ဘာလ ၈ ရက်နေ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲကတော့ လက်ရှိ စစ်တမ်းများအရ ဟီလာရီ က နှာတဖျား ပဲ အသာရနေပါတယ်။

စစ်တမ်းများသည် စိတ်ပိုင်းဖြတ်ထားပြီး သူများ ရဲ့ သဘောထား ဖြစ်ပြီး အစဉ်အလာအရ ပါတီစွဲ ကင်းတဲ့  swing states များ ဖြစ်သော မြောက်ကာရိုလိုင်းနား၊ အိုဟိုင်ယိုး နဲ့ အိုင်အိုဒါ တို့ လို့ ပြည်နယ်တွေ မပါဝင်သေးပါဘူး။

မည်သို့ ပင် ဆိုစေ ထရမ့် လို လူမျိုး ပြိုင်ဘက် နိုင်ငံရေး အစဉ်အလာတွေ ရှိကြတဲ့ ပြည်နယ် အုပ်ချူပ်ရေးမှုး တွေ၊ အထက်လွှတ်တော် အမတ်တွေ ၁၇ ယောက်ကို ကျော်ဖြတ်ပြီး အခု လို အနေအထားထိ ရောက်ခဲ့တာကိုက အမေရိကန် သမိုင်း မှာ အရုပ်ဆိုး အကျည်းတန် ခဲ့ရပြီ ဖြစ်ပါတယ်။

ဒီလို ဖြစ်ခဲ့ရတာကလည်း ပြိုင်ဘက် ဖြစ်တဲ့ ဟီလာရီကို အယုံအကြည်မဲ့မှု ၊သူမကို Wall Street က အရင်းရှင်ကြီးတွေရဲ့ လက်ကိုင်ဒုတ်လို့ လူဖြူ အလုပ်သမား လူတန်းစားများက ခံယူ ထားခဲ့ပါတယ်။

အိမ်ဖြုတော် နဲ့ ကက်ပီတို ဟေးရှိ ကွန်ဂရက် နဲ့ ဆီးနိတ်အကြား လည်း ပါတီစွဲ နဲ့ အငြင်းအခုံ ဖြစ်နေကြပြီး ဘာမှ မယ်မယ်ရရ မလုပ်နိုင်ခဲ့ကြဖူးလို့ ထင်မြင်လာခဲ့ပါတယ်။ အစိုးရ အနေနဲ့ ငွေထပ်ချေး ခွင့် မပြုတော့မယ့် debt ceiling အငြင်းပွားမှုကြောင့် အိုဘားမား လက်ထက်မှာ အစိုးရ ယန္တယား နှစ်ကြိမ် ခန့် ရပ်ဆိုင်း လုမတတ် ဖြစ်ခဲ့ရပါတယ်။

မိမိတို့ ရဲ့ ခ္ဈေးနဲစာ နဲ့ ပေးနေရတဲ့ အခွန်ငွေတွေကို လည်း အလုပ်လက်မဲ့ လူမည်းများ ကို ထောက်ပံ့နေကြရတယ်လို့ တွယ့်ကပ် လာကြပါတယ်။ ဟီလာရီ ရဲ့ အီးမေးလ် ကိစ္စကိုလည်း ယခင် အာဏာရစဉ်က စီးပွားရေး သမားများနဲ့ အပေးအယူကို ဖုန်းကွယ်ရန် ကြိုးပမ်းမှု တရပ် လို့.ရှု့မြင် ခဲ့ကြပါတယ်။

ဒီအတွက် အစဉ်အလာ နိုင်ငံရေး သမား မဟုတ်တဲ့ ဒေါ်နယ်ထရမ့်ကို ဖိုက်တာကြီး လို့ ရှူ့မြင်လာကြပြီး ဘဲဥပုံ ရုံးခန်းမှာ ထိုင်စေခြင်းဖြင့် အကုန်လုံး ဒုက္ခများကုန် အောင် အပြစ်ဒဏ် ခတ်ခြင်တဲ့ စိတ်က များနေကြတာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့် အနေနဲ့ ရှေ့ လျောက် အမေရိကန် က ဦးဆောင်မှု အခန်းကဏ္ဍနေ ပေးရန် ရှိနေတဲ့ ကမ္ဘာရေးရာများကို တလုံးတပါဒ မှ နားမလည်တဲ့အပြင် အကြံပေးတွေရဲ့ စကားကိုလည်း နားထောင်ပုံ မရပါဘူး။ ပူတင်ကို အထင်ကြီးပြီး တရုတ်ပြည်က ဖိနှိပ်ချူ ပ်ချယ် မှုများကို လုပ်သင့်တယ်လို့ ထောက်ခံပြောဆိုခဲ့သူ ဖြစ်ပါတယ်။ မိန်းမကိစ္စ မှာလည်း စွပ်စွဲချက်တွေ တောင်ပုံရာပုံ ရှိနေပြီး ဟီလာရီကို တိုက်ခိုက်ချင်တဲ့ ဇောနဲ့ အမျိုးသမီး ထုကြီးကို အထင်သေး အမြင်သေး စကား ပြောလေ့ရှိပါတယ်။ သူ ကိုယ်တိုင်ကလည်း အမေရိကန် အစိုးရ ကို အခွန်တပြားမှ မပေးဆောင်ပဲ ရှောင်ရှားခဲ့တာ ဆယ်စုနှစ် ချီနေပြီ ဖြစ်ပါတယ်။ ဒါတွေ.အားလုံးကို သိသိကြီးနဲ့ မထင်ရင် မထင်သလို လုပ်တတ်ပြီး ခန့်မှန်းရ ခက်တဲ့ ထရမ့်လို လူမျိုး ရဲ့ လက် ထဲ ကို ခလုပ်တချက် နှိပ်ယုံနဲ့ ညူ ကလီယား လက်နက်တွေ ပြစ်ခတ်နိုင်တဲ့ passcode တွေ ရောက်သွားမယ့် အဖြစ်ကို တကမ္ဘာလုံးက ရင်တထိတ်ထိတ် နဲ့ စောင့်ကြည့်နေကြပါတယ်။

ဒီအတွက် ပညာတတ် ဘွဲ့ရ လူ့ဖြူ များနဲ့ စီးပွားရေး သမားတွေကတော့ ဟီလာရီကို ထောက်ခံကြပြီး ကောလိပ်ကျောင်းသားများက ယခင် ဘာနီ ဆန်ဒါးကို ထောက်ခံနေရာကနေ ဟီလာရီကို ထောက်ခံဖို့ ရှိနေပေမယ့် လူငယ်များပီပီ မဲထည့်ဖို့ သိတ်စိတ်မ၀င်စားတာကြောင့် သိတ်တော့အားကိုးလို့ မရပါဘူး။

သို့သော်လည်း သူနိုင်ဖို့ ဆိုတာ ခုနက ပြောတဲ့ swing states တွေက မဲတွေ အကုန်နီးပါး ရ ရ မယ့်အပြင် ဟီလာရီကို ထောက်ခံတဲ့ လူမည်းတွေ လက်တင် အမေရိက ဘက်ကနေ ရွှေ့ပြောင်းလာတဲ့ မဲဆန္ဒရှင်တွေ မဲ လာမထည့်ပဲ အိမ်မှာ ထိုင်နေကြမှသာ ဖြစ်နိုင်ခြေ ရှိပါတယ်။

မိမိအနေနဲ့ ကတော့ ဟီလာရီ နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ရလာဒ်ကိုတော့ ဗုဒ္ဓဟူးနေ့ အိပ်ယာ နိုးရင် သိလောကက်ပြီ ဖြစ်ပါတယ်။

HSW
BrainWave ဉာဏ်လှိုင်း



နိုဝင်ဘာ ၇ – အမေရိကန်ပြည်နယ်က အခု ၅၀ ရှိပေမယ့် သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်လာတဲ့အခါ အနိုင်ရသူကို သိချင်တဲ့သူဟာ ပြည်နယ် ဆယ်ခုကျော်ကိုသာ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။

ဒီပြည်နယ်တွေကို အချိန်မရွေးဘက်ယိမ်းသွားနိုင်တဲ့ပြည်နယ်အရှင်တွေ (Swing States)၊ ဒါမှမဟုတ် အကြိတ်အနယ် စစ်တလင်းပြည်နယ်တွေ (Battleground States) လို့ ခေါ်ပြီး သူတို့ရဲ့ရလဒ်က မတင်မကျဖြစ်တတ်တာကြောင့် သမ္မတလောင်းတွေက အချိန်နဲ့ငွေ အများကြီးပိုပေးပြီး မဲဆွယ်ရမယ့်နေရာတွေ ဖြစ်ပါတယ်။

သည်အခြေအနေဖြစ်ရတဲ့ အကြောင်းရင်းအနည်းငယ်ရှိပါတယ်။

ပြည်နယ်တစ်ခုချင်း ပြိုင်ပွဲများ

ပထမဆုံးအနေနဲ့ အမေရိကန်ရဲ့ စနစ်ဟာ လူထုကသမ္မတကိုတိုက်ရိုက်ရွေးချယ်မဲပေးတာမဟုတ်ဘဲ သည်အစား ပြည်နယ်တစ်ခုချင်းမှာ ပြိုင်ရတဲ့ပြိုင်ပွဲတွေကို မှီခိုနေပြီး သမ္မတလောင်းတွေက electoral လို့ခေါ်တဲ့ ကိုယ်စားလှယ်မဲ အများစုကိုရရှိဖို့ ကြိုးစားကြပါတယ်။ ပြည်နယ်မှာ နေသူများလေလေ electoral မဲများများကို အနိုင်ရသူ ရရှိလေဖြစ်ပါတယ်။

ဒုတိယအချက်က လူဦးရေအသက်နဲ့ နိုင်ငံရေးတိမ်းညွတ်မှုတို့ဟာလည်း ရွေးကောက်ပွဲတွေမှာ အပြောင်းအလဲ ဖြစ်စေပါ တယ်။ အမေရိကန်မှာ လေးနှစ်တစ်ခါ သမ္မတရွေးကောက်ပွဲလုပ်ပြီး ကြားထဲမှာ ပြည်နယ်တစ်ခုစီအတွက် မဲဆန္ဒရှင်တွေရဲ့ ပါဝင်စွမ်းဆောင်မှုက ပြောင်းလဲလေ့မရှိပါဘူး။ အကြောင်းက မဲပေးဖို့အရွယ်ရောက်လာတဲ့၊ သေသွားတဲ့၊ ပြည်နယ်ထဲက ထွက်သွားတဲ့ လူအရေအတွက်က ကိန်းဂဏန်းအနည်းငယ်လောက်သာ ရှိလို့ ဖြစ်ပါတယ်။
ရလဒ်ကတော့ ဒီမိုကရက် ဟီလာရီကလင်တန်နဲ့ ရီပတ်ဘလစ်ကန် ဒေါ်နယ်ထရမ့်တို့ဟာ နယူးယောက်၊ ဟာဝိုင်ယီ၊ ဝိုင်ယိုမင်းနဲ့ အလာဘားမားတို့လိုနေရာမျိုးမှာ မဲဆွယ်မှုများများစားစား လုပ်စရာမလိုပါဘူး။ ပထမဆုံးပြည်နယ်နှစ်ခုမှာ ရီပတ်ဘလစ်ကန်အနိုင်ရခဲ့တာက ၁၉၈၄ ဖြစ်ပြီး ကျန်တဲ့ပြည်နယ်တွေမှာ ဒီမိုကရက်နိုင်ခဲ့တဲ့ နောက်ဆုံးခုနှစ်က ၁၉၆၄ ခုနှစ် ဖြစ်ပါတယ်။

“ဒီပြည်နယ် ၁၂ ခုကသာ ရွေးကောက်ပွဲတစ်ခုလုံးရဲ့ပစ်မှတ်ဖြစ်လာလိမ့်မယ်” လို့ ဂျော့ရှ်မန်ဆွန်တက္ကသိုလ်မှ ကျွမ်းကျင်သူ ဂျရမီမေယာက ဗီအိုအေကို ပြောပါတယ်။ “ဒီတော့ ပုံမှန်နှစ်တစ်နှစ်မှာ နှစ်ဖက်စလုံးဟာ ဧရာမကွင်းဆင်းမဲဆွယ်မှုတွေ၊ အတောမသတ်နိုင်တဲ့ တီဗီကြော်ငြာတွေနဲ့ မဲဆန္ဒရှင်တွေဆီ ဖုန်းခေါ်တာတွေကို ဒီပြည်နယ် ၁၂ ခုအတွက် လုပ်ဆောင်လိမ့်မယ်” လို့ သုံးသပ်ပါတယ်။

ဒီနှစ်သမ္မတရွေးကောက်ပွဲမှာ အမေရိကန်တစ်နိုင်ငံလုံးက စောင့်ကြည့်ရမယ့် ပြည်နယ်တွေကတော့ –

* ဖလော်ရီဒါ
* အိုဟိုင်းယိုး
* ကော်လိုရာဒို
* ပင်စီဗေးနီးယား
* နီဗားဒါး
* ဗာဂျီးနီးယား
* မီရှီဂန်
* နော့သ် ကယ်ရိုလိုင်းနား
* အိုင်အိုဝါ
* အာရီဇိုးနား
* ၀စ်ကွန်ဆင်
* နယူးဟမ့်ရှိုင်းယား
* ဂျော်ဂျီယာတို့ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်က ရီပတ်ဘလစ်ကန် မစ်ရွန်နီဟာ အာရီဇိုးနား၊ ဂျော်ဂျီယာနဲ့ နော့သ် ကယ်ရိုလိုင်းနားတို့မှာ အနိုင်ရခဲ့ပါတယ်။ ဒီမိုကရက်ဖြစ်တဲ့ သမ္မတ ဘာရက်အိုဘားမားက ကျန်တဲ့ပြည်နယ်တွေမှာ အနိုင်ရခဲ့ပါတယ်။
electoral မဲ အများအပြားရှိတဲ့ ဖလော်ရီဒါနဲ့ အိုဟိုင်းယိုးတို့ဟာ ရွေးကောက်ပွဲတိုင်းမှာ အထင်ကရဖြစ်တဲ့ ပြည်နယ်အရှင် တွေ ဖြစ်ပါတယ်။ ၁၉၇၆ ရွေးကောက်ပွဲအထိ ပြန်တွက်ကြည့်ရင် ရီပတ်ဘလစ်ကန်တစ်ယောက်ဟာဖလော်ရီဒါမှာ ၆ ကြိမ်၊ ဒီမိုကရက်က ၄ ကြိမ် အနိုင်ရခဲ့ဖူးပါတယ်။ အိုဟိုင်းယိုးမှာတော့ ငါးကြိမ်၊ ငါးကြိမ်စီ အနိုင်ရခဲ့ဖူးပါတယ်။
ကော်လိုရာဒိုဟာ အဲဒီကာလအတွင်း ရီပတ်ဘလစ်ကန်ကို ခုနစ်ကြိမ်တိုင်တိုင် အနိုင်ပေးခဲ့ပေမယ့် လူဦးရေအသက် ပြောင်းလဲလာတဲ့လက္ခဏာအဖြစ် အိုဘားမားဟာ အဲဒီပြည်နယ်မှာ ၂၀၀၈ မှာရော၊ ၂၀၁၂ မှာပါအနိုင်ရခဲ့ပါတယ်။

စုပြည့်စုံ
Ref: VOA, Nov 7th
Kumudra

၅ ကြိမ်မြောက် မီဒီယာညီလာခံကို ရန်ကုန်မြို့ ချက်ထရီယန်ဟိုတယ်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့က ကျင်းပနေစဉ်  
၅ ကြိမ်မြောက် မီဒီယာညီလာခံကို ရန်ကုန်မြို့ ချက်ထရီယန်ဟိုတယ်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့က ကျင်းပနေစဉ်
Photo: Kyaw Lwin Oo/ RFA
 မြန်မာနိုင်ငံမီဒီယာဟာ လွန်ခဲ့တဲ့လေးငါးနှစ်နဲ့နှိုင်းယှဉ်ရင် လွတ်လပ်စွာထုတ်ဖော် ရေးသားခွင့်တွေရှိလာပေမယ့် သတင်းရယူခွင့်မှာတော့ လက်ရှိအချိန်အထိ အကန့်အသတ်တွေရှိနေသေးတယ်လို့ ဒီနေ့ကျင်းပတဲ့ ၅ ကြိမ်မြောက် မီဒီယာညီလာခံမှာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ကပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ချက်ထရီယန် ဟိုတယ်မှာကျင်းပပြုလုပ်တဲ့ ၅ ကြိမ်မြောက် မီဒီယာညီလာခံဖွင့်ပွဲမှာ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လက်ရှိသတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အဲဒီလိုပြောတာပါ။

"ကျနော်တို့ မီဒီယာသည် စောစောက လေးငါးနှစ်နဲ့ နှိုင်းယှဉ်စဉ်းစားမယ်ဆိုရင် ကျနော်တို့ မီဒီယာရဲ့အခြေ အနေဟာ တော်တော်တိုးတတ်ခဲ့ပြီလို့ မြင်ပါတယ်၊ မြန်မာမီဒီယာသည် ယနေ့အချိန်ကျမှ လွတ်လပ်သော မီဒီယာတစ်ရပ်အနေနဲ့ ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်နေနိုင်တာလို့ အားလုံးမြင်တယ်လို့ ပြောချင်ပါတယ်၊ လွတ်လပ်တဲ့ အနေထားရှိတယ်ဆိုတဲ့ကြားထဲကပဲ ကျနော်တို့ သတင်းရယူတဲ့နေရာ စသဖြင့် ကဏ္ဍအသီးသီးမှာ အခက်အခဲတွေ အားနည်းချက်တွေ လိုအပ်ချက်တွေ ဒါတွေရှိနေသေးတာကို ငြင်းလိုမရပါဘူး၊ အားလုံး လည်း ပြောဆိုဆွေးနွေးနေတဲ့ကိစ္စဖြစ်ပါတယ်"


သတင်းမီဒီယာသမားတွေအနေနဲ့ မီဒီယာလွတ်လပ်ခွင့်တစ်ခုတည်းပြောဆိုမနေဘဲ လူမျိုးရေး၊ ဘာသာရေးစတဲ့ ထိလွယ်ရှလွယ်ကိစ္စတွေကို ဂရုတစိုက် စိစစ်ရေးသားဖို့၊ သတင်းမီဒီယာကျင့်ဝတ်နဲ့ အညီရေးသားဖို့ကိုလည်း သတိပေးပြောဆိုသွားပါတယ်။

ဒီနေ့ကျင်းပပြုလုပ်တဲ့ မီဒီယာညီလာခံမှာ မီဒီယာဥပဒေတွေကို ပြန်လည် သုံးသပ်ဖို့၊ သတင်းထောက် တွေလုံ ခြုံရေး၊ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာတွေ ရေရှည်တည်တံ့ရေး၊ လူမှု မီဒီယာတွေရဲ့အသံတွေ ခိုင်မာ အားကောင်းရေး စတဲ့ခေါင်းစဉ်တွေနဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီ ၅ ကြိမ်မြောက် မီဒီယာညီလာခံမှာ အခါတိုင်းနှစ်တွေနဲ့မတူဘဲ တပ်မတော်ဘက်က သတင်းထုတ်ပြန်ရေး အဖွဲ့တွေ၊ ပြည်ထောင်စုရှေနေ့ချူပ်ရုံးက တာဝန်ရှိသူတွေပါ တက်ရောက်ခဲ့ကြပါတယ်။
RFA

 ယမ်းတိုက်ပေါက်ကွဲခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) အရှေ့ဘက်မျက်နှာစာကို တွေ့ရစဉ် ယမ်းတိုက်ပေါက်ကွဲခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) အရှေ့ဘက်မျက်နှာစာကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) ဗဟိုကင်းမှာရှိတဲ့ ယမ်းတိုက်တစ်ခု ဒီနေ့ နေ့လည်က မီးလောင်ပေါက်ကွဲခဲ့ပါတယ်။

နေ့လည် ၁၂ နာရီခွဲလောက်ကနေ ၁ နာရီခွဲလောက်အချိန်အထိ ပြင်းထန်တဲ့ပေါက်ကွဲသံတွေ တရစပ်ကြားခဲ့ရပြီး မီးခိုးလုံးကြီးတွေလည်း ထွက်ပေါ်ခဲ့တာကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ မျက်မြင်တွေကပြောပါတယ်။

ဒကစ ဗဟိုကင်းမှာရှိတဲ့ လက်နက်တိုက်ခန်း ၂ ခန်းအနက် ၁ ခန်း မီးလောင်ပေါက်ကွဲခဲ့တာဖြစ်ပြီး မီးလောက်ပေါက် ကွဲရတဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ယမ်းတိုက်မီးလောင်မှုကြောင့် ဒကစ ဗဟိုကင်းမှာရှိတဲ့ တပ်မတော်ရဟတ်ယာဉ်တွေကိုလည်း အရေးပေါ်ရွှေ့ပြောင်း ခဲ့ရပြီး အခြားနေရာတွေကို မီးမကူးစက်ခင် မီးသတ်ကားတွေနဲ့ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့လည်း အခင်းဖြစ်နေရာအနီး မှာရှိနေတဲ့ ဒေသခံတွေကပြောပါတယ်။

ယမ်းတိုက်မီးလောင်ပေါက်ကွဲခဲ့တဲ့ ဒကစ ဗဟိုကင်းဟာ စစ်တွေမြို့အဝင် နာရီကန်နဲ့ ကြက်ကိုင်းတန်ကျေး ရွာကြား စစ်တွေ-ရန်ကုန် ကားလမ်းမပေါ်မှာရှိတာဖြစ်ပြီး ပတ်ဝန်းကျင်က ဒေသခံတွေကိုတော့ ထိခိုက်တာ ရှိပါဘူး။

အခင်းဖြစ်နေရာအနီးကို သတင်းယူဖို့သွားရောက်ခဲ့တဲ့ ဒေသခံသတင်းထောက်တွေကိုတော့ တပ်မတော်တာဝန် ရှိသူတွေက တားမြစ်ခဲ့ပါတယ်။

RFA


ရန်ကုန်မြို့၊ ပုစွန်တောင်ဈေးတွင် မဲဆွယ်စည်းရုံးနေသည့် NLD ပါတီဝင်များအား ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၃၁ရက်က တွေ့ရစဉ်(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၇ရက်၊ ၂၀၁၆ခုနှစ်)။ ။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် အမတ်လောင်းများရွေးချယ်ရာတွင် ပါတီ၏ ယခင်မူဝါဒကို ပြောင်းလဲမည်မဟုတ်သော်လည်း ပညာအရည်အချင်းထက် နိုင်ငံရေးအရ အရည်အချင်းရှိသူကို ဦးစားပေးပြီး ရွေးချယ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။

“ပညာမတတ်ရင် နေပါစေ၊ ဆယ်တန်းမအောင်ရင် နေပါစေ။ ဒါပေမယ့် လူထုနဲ့ပတ်သက်လို့ နိုင်ငံရေးလုပ်မယ်ဆိုရင် နိုင်ငံရေးကို လုပ်တတ်မှ နားလည်တဲ့သူမျိုးမှ ဦးစားပေးပြီး ရွေးရတော့မှာပဲ” ဟု နိုဝင်ဘာ ၇ရက်၊ ညနေပိုင်းတွင် ဦးဝင်းထိန်က မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် အမတ်လောင်းဦးရ တစ်ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ စုစုပေါင်း ၈၈၆ဦး အနိုင်ရရှိခဲ့သည်။

အဆိုပါ ၈၈၆ဦးတွင် ပညာအရည်အချင်းအားဖြင့် ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ ကျာင်းဆရာ၊ ဆရာမ စသဖြင့် အမျိုးမျိုး ပါဝင်ခဲ့ပြီး အချို့မှာ ပညာတတ်သော်လည်း နိုင်ငံရေးအားနည်းသည့်အတွက် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အသေအချာ စိစစ်ရမည်ဟု ဦးဝင်းထိန်က ပြောသည်။

“တချို့ ပညာတတ်သော်လည်းပဲ နိုင်ငံရေးအရ အင်မတန်ကို နုံချာတဲ့သူတွေ ပါတယ်။ အဲ့လိုလူမျိုးတွေမဖြစ်အောင်တော့ သေသေချာချာစိစစ်ရတော့မယ်" ဟု ၎င်းက ဆိုသည်။

သို့သော် ယခင်ချမှတ်ထားသည့် အမျိုးသမီး၊ လူငယ်၊ တိုင်းရင်းသားတို့ကို ဦးစားပေးရွေးချယ်သည့် မူဝါဒကိုမူ ပြောင်းလဲသွားမည်မဟုတ်ဟုလည်း ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ၂၀၁၇ခုနှစ်၊ ဧပြီလ ၁ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး လွှတ်တော်အသီးသီးအတွက် လစ်လပ်မဲဆန္ဒနယ်ပေါင်း ၁၉နေရာတွင် ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာထားသည်။

လက်ရှိတွင်လည်း သက်ဆိုင်ရာ လစ်လပ်မဲဆန္ဒနယ်အသီးသီးတွင် တစ်အိမ်တက်ဆင်းစနစ်ဖြင့် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက မဲစာရင်း ကောက်ယူနေပြီဖြစ်သည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်တွင် ၂၅၅နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၃၅နေရာ၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်များတွင် ၄၇၅နေရာနှင့် တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် ၂၁နေရာအဖြစ် အသီးသီး အနိုင်ရရှိထားသည်။
Mizzima - News in Burmese


Syrian Democratic Forces (SDF) ညွန့်ပေါင်းအဖွဲ့
Syrian Democratic Forces (SDF) ညွန့်ပေါင်းအဖွဲ့
IS စစ်သွေးကြွတွေ ၂၀၁၄ ခုနှစ်ကတည်းက သိမ်းယူထားပြီး သူတို့ရဲ့ ဌာနချုပ်လုပ်ထားတဲ့ ဆီးရီးယား နိုင်ငံမြောက်ပိုင်းက Raqqa မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ အမေရိကန်တွေရဲ့ လေကြောင်းနဲ့ စစ်ရေးအကြံပေးမှုတွေကို ရယူပြီး Kurds တွေ ဦးဆောင်တဲ့ ဆီးရီးယား တပ်တွေက တနင်္ဂနွေနေ့မှာ စတင် ထိုးစစ်ဆင်ခဲ့ပါတယ်။

ထိုးစစ်ဆင်မှုကို တနင်္ဂနွေနေ့မှာ စတင်လိုက်ကြောင်း SDF ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့တွေရဲ့ တပ်မှုးက ကြေညာခဲ့ပါတယ်။

IS စစ်သွေးကြွ ချေမှုန်းရေးဆိုင်ရာ အမေရိကန်အကြီးအကဲ ကလည်း Kurds တွေ ဦးဆောင်တဲ့ SDF အဖွဲ့ဟာ အာရပ်တိုက်ခိုက်ရေး သမားတွေပါဝင်ပြီး အမေရိကန်ရဲ့ လေကြောင်းအကူအညီယူပြီး ထိုးစစ်စတင်လိုက်ကြောင်း အတည်ပြုပါတယ်။

Amman မှာ ရှိတဲ့ အမေရိကန် သံရုံးက Brett McGurk ကလည်း Raqqa ထိုးစစ်ဆင်မှုကို အဆင့်လိုက် လုပ်ဆောင်တာဖြစ်ပြီး အထီးကျန်ဖြစ်အောင် လုပ်မယ့် အဆင့်ကို တနင်္ဂနွေနေ့မှာ စတင်ကြောင်း ပြောပါတယ်။ နောက်အဆင့်တွေဆက်လုပ်ပြီး IS စစ်သွေးကြွတွေ Raqqa မှာ မရှိစေဖို့ လုပ်ဆောင်မယ်လို့လည်း ပြောပါတယ်။

ဒီထိုးစစ်အသစ် စတင်တာနဲ့ ပတ်သက်ပြီး အမေရိကန်ပူးတွဲစစ်ဦးစီးအရာရှိချုပ်များရဲ့ အလှည့်ကျ ဥက္ကဌ ဗိုလ်ချုပ်ကြီး Joseph Dunford ဟာ တနင်္ဂနွေနေ့မှာ တူရကီမြို့တော်ကို သွားရောက်ပြီး တူရကီစစ်ဘက် အကြီးအကဲနဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့လည်း McGurk ကပြောပါတယ်။
VOA Burmese News


ဟီလာရီတက်ရင် မြန်မာအနေနဲ့ အကူအညီတွေ ပိုရမှာတော့ သေချာတယ်။

မနက်ဖြန်မှာ စတင်တော့မယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြည်တွင်း ပြည်ပမှာ ရှိနေတဲ့ မြန်မာအချို့ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အမြင်ကို စုစည်းဖော်ပြလိုက်ရပါတယ်။

*** ဦးမိုးသီးဇွန် ( ABSDF ဥက္ကဋ္ဌဟောင်း၊ အမေရိကန်နိုင်ငံတွင် နေထိုင်သူ )
.
အမေရိကန် နိင်ငံရေး ကြည့်လိုက်တော့လည်း စိတ်ပျက်စရာ၊ ကိုယ်ပြည်တွင်း ကြည့်လိုက်တော့လည်း စိတ်ချမ်းသာစရာ တစ်ကွက်မှမရှိ။ အမေရိကန် ရွေးကောက်ပွဲကိုတော့ ကိုယ်စားလှယ် နစ်ဦးစလုံးကို စိတ်ကုန်မိပါတယ်။ ထရန့်မှာ ဘာတန်ဖိုးမှမရှိသလောက် ဖြစ်နေတယ်။ လူအများက သူ့ပေါ်လစီတွေကို လန့်နေကြတယ်။ ဟီလာရီ ကြည့်ပြန်တော့ လည်း သူတို့ခေတ်မှာ စစ်တွေပိုများလာတာ လက်တွေ့ပါ။ နီရိုကွန်တွေရဲ့ ကိုယ်စားလှယ်လို့ ဖြစ်လာနေတယ်။ ၂၀၀၈ ငွေကြေးပျက်ကပ်မှာ တကယ်အကျိုးရှိနေတာ ကုမ္ပဏီကြီးတွေပဲ ဖြစ်ခဲ့တယ်။ ရုရှားနယ်စစ်မှာ သူတို့ ပေါ်လစီတွေက စစ်ကိုပိုဖြစ်အောင်လှုံ့ ဆော်နေသလို ဖြစ်နေတယ်။

တောင်တရုတ်ပင်လယ်မှာလည်း ပေါ်လစီတွေက တင်းမားမှုတွေပဲ ဖြစ်လာ တာပဲ အဖတ်တင်တယ်။ ရလဒ်ကောင်း မထွက်ဘူး။ ယူဂိုစလပ်မှာ ဗုံးကျဲ ဖျက်ဆီးခဲ့တုန်းကသုံးခဲ့တဲ့ ပိုက်ဆံထက် ပြန်လည်တည်ဆောက်ရေးမှာ သုံးခဲ့တာက အလွန်လွန်နည်းတယ်။ လစ်ဗျားမှာ ပျက်တယ်။ ဟွန်ဒူရပ်မှာ အာဏာသိမ်းမှုမှာ ပတ်သက်တယ်။ အီရတ် ငွေကုန်၊ လူတွေသေ။ ဆီးရီးယားမှာက သူက မပျံသန်းဇုန် ဖြစ်စေချင်တယ်။ ဒါက ပိုပြီး ပြသ၁နာပဲ များတယ်။ ပျက်စီးရာ ပျက်စီးကြောင်းပဲ ဖြစ်လာမယ်။ ဒီမိုကရေစီ မလိုချင်တဲ့ အာဖဂန်မှာ အနာဂတ်က မသေချာမရေရာ။ ဒီမိုကရေစီ လိုချင်တဲ့ မြန်မာတွေမှာ အားနည်းသူတွေဘက်က ခွာနေတယ်။ အားရှိသူတွေဘက်ကို ခြေဦးတည်နေတယ်။ အမေရိကန်သမိုင်းမှာ လူမည်းက သမ္မတ တစ်ယောက် ဖြစ်လာတယ်ဆိုတာလေးနဲ့ လူတွေ ကျေ နပ်လိုက်ရတယ်။ အခုလည်း လူတွေက အမျိုးသမီးတစ်ယောက်တော့ သမ္မတဖြစ်လာပြီ ဆိုတာလေးနဲ့ တိမ်းတင်ရတော့မှာလား။ မေးစရာရှိတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက သူတို့ ပြောခဲ့တဲ့ စကားတွေ ကတိတွေဟာ အမေရိကန် ပြည်သူတွေအတွက် ဘာမှာဖြစ်မလာခဲ့ဘူး။ သမ္မတလောင်း နှစ်ဦးလုံး ပေါ်လစီထဲမှာ အလုပ်သမားတွေအတွက် အလုပ်ချိန် လျှော့ချဖို့ ၊ လုပ်ခတိုးမြှင့်ဖို့၊ တစ်နေ့ အလုပ်ချိန် ၁၂ နာရီစနစ်ရှိနေတာကို ဖျက်သိမ်းဖို့ တစ်ယောက်မှ မဟကြဘူး။ လက်ရှိမှာ အမေရိကန် ပြည်သူတွေဟာ အလုပ်ချိန် သိပ်ကိုများနေတယ်။ အမေရိကန် လူဖြူတွေဟာ အလုပ်လုပ်ချိန် များလွန်းတဲ့အတွက် ယောက်ကျားတွေ စွမ်းအား ကျဆင်းနေတယ်။ ဥရောပက လူတွေထက် အရပ် ၂ လက်မ ပုသွားတယ်။ လင်မယား ကွာရှင်းမှုတွေ များလာနေတယ်။ ဆရာဝန်ခွင့်ပြု မူးယစ်ဆေးတွေကို ပိုသုံးစွဲလာနေကြတယ်။ လူဖြူ ဆင်းရဲသားတွေ များလာနေတယ်။

အထက်တန်းမပြီးတဲ့ ကလေးတွေ များလာနေတယ်။ တစ်လကို ၀င်ငွေဒေါ်လာ လေးထောင်ထက် နည်းတဲ့ အိမ်တွေများလာတယ်။ အစိုးရဆီက ထောက်ပံကြေး Food Stamp and Medicaid ပေါ် မှီခိုသူဦးရေ များလာနေတယ်။ အမေရိကန် လမ်းနဲ့ လေဆိပ်တွေက တတိယကမ္ဘာ နိင်ငံတွေလို ဖြစ်လာနေတယ်။ တရုတ်ကို အထူးအခွင့် ကုန်သွယ်ဖက်နိုင်ငံ အဆင့်သတ်မှတ် ပေးလိုက်တဲ့ အမေရိကန် ရည်ရွယ်ချက်က တတိယ လူတန်းစား များလာဖို့ ဒီမိုကရေစီအပြောင်းလဲတွေ ဖြစ်လာဖို့ ဆိုပေမယ့် လက်တွေမှာ တရုပ်က နိင်ငံပေါင်းစုံက သယံဇတတွေကို ဖျက်ဆီးသူ၊ စစ်သွေး ပိုကြွလာသူပဲ အဖတ်တင်တယ်။ တရုတ်- အမေရိကန် ကုန်သွယ်ရေးမှာ တရုတ်ဘက်က နစ်စဉ်ပိုငွေ (surplus) ပြတယ်။ အမေရိကန်က Deficit ဖြစ်ခဲ့တယ်။ ဒါပေမဲ့ တရုတ်ပြည်သူ့ နေစဉ်သတင်းစာ အာဘော်မှာတော့ အမေရိကန်အရင်းရှင်စနစ်က တရုတ်ကို ဂုတ်သွေးစုတ်နေတုန်းပဲလို့  ရေးတုန်းပဲဖြစ်တယ်။ ဂုတ်သွေးစုတ် အရင်းရှင်ဆီမှာ တရုတ်ခေါင်းဆောင်တွေ အိမ်ခြံမြေ၊ စတော့တွေ ၀ယ်နေကြတယ်။ သူတို့ကလေးတွေကို အမေရိကန်က အကောင်းဆုံးကျောင်းတွေမှာ ထားနေတုန်း ဖြစ်ပါတယ်။

ရုရှားနဲ့ တင်းမာမှုကလည်း တော်တော် ပြင်းထန်လာတဲ့အတွက် စစ်အေးတိုက်ပွဲ ကာလကလို နျူးကလီးယား ပြင်ဆင်မှုအဆင့် ကို ပြန်ရောက်သွားနိုင်တဲ့ အလားအလာ ရှိနေပါတယ်။ ဒီအချက်တွေကို ထရန့်က ဖော်ချ ထောက်ပြ နေတာတွေကလည်း အမေရိကန် အောက်ခြေ လူတန်းစားအတွက် သည်းခြေကြိုက်စရာ ဖြစ်နေပါတယ်။ ဒီလူတန်းစားက ပြောင်းရွှေ့ နေထိုင်လာသူတွေကို မလိုလားသူတွေ ဖြစ်နေ တယ်။ သူတို့က ငါတို့နိုင်ငံမှာ အလကား လာနေသူတွေလို့ မြင်နေကြတယ်။ ငါတို့အလုပ်တွေကို လုယူနေသူတွေလို့ မြင်နေကြပါတယ်။ မြို့ကြီးတွေဖြစ်တဲ့ နယူးယောက်၊ ကာလီဖိုးနီးယားတွေမှာတော့ ဟီလာရီကို လူကြိုက်များတယ်။ ကုန်းတွင်း ပြည်နယ်တွေမှာတော့ ပြောလို့ မရသေးဘူး။

ထရန့်ကို ဘယ်လိုမြင်သလဲလို့  မ ရင်နှစ်ဦးကို မေးကြည့်တော့ သူက ထရန့် တက်လာရင် မာတင်လူသာကင်းလို လူတွေပိုများလာမယ်။ ဒီတခါ မာတင်လူသာကင်းတွေက လူမဲတင် မဟုတ်တော့ဘူးပေါ့၊ သမီးတို့လို အေးရှန်း(အာရှ)တွေပါ ဖြစ်လာမယ်လို့ ကျွန်တော့်ကို ပြောတယ်။ ရင်နှစ်ဦးကတော့ ကျွန်တော့် ရဲဘော်တစ်ဦးဖြစ်တဲ့ ကိုရဲမော်ထူး ( အကသ-၈၈) နဲ့ မသင်းသင်းတို့ရဲ့ တစ်ဦးတည်းသော သမီးလေးပါ။ သူက ဖေါ့ဝန်းမှာနေပြီး တတိယတန်း ကျောင်းသူပါ။ အသက် ၈ နှစ်ပါ။ အမေရိကန် ရွေးကောက်ပွဲ ရလဒ်က ဘယ်လိုဖြစ်မလဲလို့ ကျွန်တော့်ကို မေးလာတဲ့ မိတ်ဆွေတွေရှိတယ်။ ကျွန်တော် ဖြေချင် တာတော့ မြန်မာပြည်နဲ့ အတူတူပါပဲ။ မြန်မာပြည်မှာလည်း တကယ်လက်တွေ့ ရွေးကောက်ပွဲမှာ ဘယ်သူတွေ နိုင်သွားလဲ။ လက်သန်းတွေ မင်ပေ၊ လက်ညှိုးတွေက ဆက်အမိန့်ပေး။ လက်မတွေက ဆက်ထောင်နေသလို ပေါ့လေ။ ခေတ်ကြီးကိုက မကောင်းတော့ တဲ့ ခေတ်ပျက်ကြီးပေတကား။ ဂရိသမိုင်းဆရာကြီး သူစီဒီဘီစ် (Thucydides) ပြောခဲ့တဲ့ “the strong do what they can and the weak suffer what they must” လို ဖြစ်နေဦးမှာပါပဲ။

ဘယ်သူနိုင်နိုင် အမေရိကန် ပြည်သူတွေအတွက် မချောင်လည် နိုင်သေးဘူး။ အတူတူလောက်ပဲ ရှိမှာပါ။ မြန်မာ့အရေးနဲ့ ပတ်သက်လို့တော့ နှစ်ယောက် စလုံးက သိပ်မကွာလှပါဘူး။ သိပ်တော့ မကွာလှပါဘူး။ ထရန့်ရော ဟီလာရီရောပေါ့။ နောက်တစ်ခုက ကွန်ကရက်ရှိနေတော့။ သမ္မတတွေက လုပ်ချင်တိုင်းတော့ လုပ်လို့ မရကြဘူး။
.
*** ဒေါက်တာအောင်ထွန်းသက် (စီးပွားရေးပညာရှင်)
.
တစ်ခုတော့ ရှိတယ်။ သူတို့နှစ်ယောက်ပေါ့နော်။ သူတို့အနေနဲ့ ပြည်တွင်းနဲ့ ပတ်သက်တဲ့ သဘောထားတွေက တစ်မျိုး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ သဘောထားတွေက တစ်မျိုး။ ဒါက ပုံမှန်အားဖြင့် ပါတီကြီးနှစ်ခုပဲရှိတာကို ပါတီကြီးနှစ်ခုက မူအားဖြင့် တစ်ခုနဲ့တစ်ခု မတူကြဘူး။ အဲ့ဒီတော့ သူတို့ အရွေးခံမယ့် လူနှစ်ယောက်ရဲ့ သဘောထားတွေကလည်း အထူးသဖြင့် ဒီမိုကရက်က စဉ်းစားတဲ့ပုံစံနဲ့ ရီပါပလီကန်က စဉ်းစားပုံက ပုံမှန်အားဖြင့် မတူဘူးလေ။ ရီပါပလီကန် စဉ်းစားတာက ပုံမှန်အားဖြင့် ကိုယ့်နိုင်ငံ ပြန်ပြီးကြီးထွားလာအောင် လုပ်မယ်လို့ စဉ်းစားတယ်။ သူတို့အနေနဲ့ စီးပွားရေးအခြေအနေဟာ နိုင်ငံခြား ကုန်သွယ်မှုတွေကြောင့် စီးပွားရေး အခြေအနေ အားနည်းတယ် ထင်တဲ့အတွက် နိုင်ငံခြားကုန်သွယ်မှုကို အားမပေးတဲ့ အနေအထား ရှိတယ်။ ဒီမိုကရက်တစ် ကျတော့ နိုင်ငံခြား ကုန်သွယ်မှု အရေးပါတယ်။ နိုင်ငံခြား ကုန်သွယ်မှုနဲ့ ပတ်သက်လို့ အားပေးရမယ် ဘာညာဆိုတော့ လူပုဂ္ဂိုလ်ထက်ကို ပေါ်လစီကိုရွေးဖို့ ကြည့်ဖို့လိုတယ်လေ။ ပေါ်လစီအပေါ် မူတည်ပြီးတော့ ပုဂ္ဂိုလ်ရေးက ပါတာပေါ့။ ဆရာနားလည်တာ ပြောရရင် အမေရိကန် ရွေးကောက်ပွဲက အရေးကြီးသလို ဆရာတို့ အိမ်နီးနားချင်းကလည်း ရှိနေတာကို။ အားလုံးက Geopolitics တွေ ပဲ ဘောဂဗေဒ၊ စီးပွားရေးပါတယ်၊ နိုင်ငံရေးအရ ပါတယ်။ ပထ၀ီအနေအထား ရပါတယ်ဆိုတော့ ဒါသူတို့ ဒီမိုကရေစီရွေးချယ်မှု စနစ်မှာ ကိုယ့်အနေနဲ့ ဘာမှမှတ်ချက် ပေးစရာ အကြောင်း မရှိပါဘူး။ အရေးကြီးတာက ကိုယ်နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုအတွက်ကို အာရုံစိုက်ရမှာ ဖြစ်တယ်။ မဟုတ်ရင် ဘယ်သူနိုင်မှာ ဘယ်ဝါနိုင်မှာဆိုတာ မှတ်ချက်ပေးတာထက်ကို ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံ အကျိုးရှိအောင် ဆောင်ရွက်ရမှာပဲလေ။ ကိုယ့်နိုင်ငံကတော့ ပကတိ အနေအထားအရ အနောက်နိုင်ငံနဲ့ ဆက်ဆံဖို့ လိုတယ်။ အိမ်နီးနာချင်း နိုင်ငံနဲ့ ဆက်ဆံဖို့လိုတယ်။ ဆရာထင်ပါတယ်၊ လက်ရှိ အစိုးရက ဒါကိုလည်း “စ”နေတာကို ချိန်ထိုးဖို့ လိုတယ်။ ကိုယ့်နိုင်ငံက ကြားနေမူဝါဒ ကျင့်သုံးထားတဲ့နိုင်ငံ၊ ဘက်မလိုက်နိုင်ငံ ဖြစ်တာမို့ ဘယ်သူနိုင်နိုင် ဆရာတို့အနေနဲ့က ဒါက သူတို့ ပြည်တွင်းရေး၊ ပြည် တွင်းရေးဆိုပေမယ့် ကိုယ်နဲ့ပတ်သက်လာရင် ကိုယ့်အတွက် နိုင်ငံခြား ဆက်ဆံရေးကို အချောမွေ့ဆုံးဖြစ်အောင် ကြိုးစားရမှာပဲ။ မဟုတ်ဘဲနဲ့ သူနိုင်ပါ ကိုယ်နိုင်ပါ ပြောဖို့က ကိုယ့်ကိစ္စ မဟုတ်ဘူးလေ။ အရေးကြီးတာက အားလုံးသိနေတာပဲ။ သူတို့သဘောထားတွေ မူဝါဒတွေ ကြေညာထား တာကို ကြေညာထားတဲ့အတွက် ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ့် ရွေးကောက်ပွဲရလဒ် ရပါစေလို့ ဆရာတို့ ဆုတောင်းရမှာပေါ့။
.
*** ဦးထွန်းကြည် (နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့)
.
ကျွန်တော့်အမြင်ကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ တိုင်းပြည် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေအနေ ဖွံဖြိုးတိုးတက်ဖို့ အတွက်ကတော့ ဒီမိုကရက်တစ် သမ္မတလောင်း မစ္စဟီလာရီကလင်တန် နိုင်မယ်ဆိုရင်တော့ အပြောင်းအလဲတွေ ကျွန်တော်တို့ တိုင်းပြည်အတွက် ကြီးကြီးမားမား ဖြစ် လာတယ်။ မစ္စဟီလာရီကလင်တန် ဒီမိုကရက်တစ် နိုင်ခြင်းအားဖြင့် အငြင်းပွားဖွယ်ရာ တစ်ကမ္ဘာလုံးနဲ့ ဆက်နွှယ်နေတဲ့ အငြင်းပွားဖွယ် ရာ ပြသ၁နာတွေလည်း ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်ကတော့ သုံးသပ်မိပါတယ်။ ဒီမိုကရက်တစ်က လူသားဆန်တယ်လို့ ထင်တယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဇောင်းပေးတယ်။ ရှေ့တန်းတင်တယ်။ ဒါပေမယ့် ထရန့်ကျတော့ အငြင်းပွားဖွယ်ရာ ပြသ၁နာတွေကို ဖန်တီးနေ သလို ဖြစ်တယ်။ သူတက်လာခြင်းအားဖြင့် မလိုလားအပ်တဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းအတွက် အနုတ်လက္ခဏာဆောင်တဲ့ အရာတွေ ဖိတ်ခေါ်နေသလို တင်ပို့နေသလို ဖြစ်တဲ့အတွက် ကျွန်တော်တို့ တိုင်းပြည်အတွက် ဒီမိုကရေစီ လူ့အခွင့်အရေးအတွက် အထောက်အကူ မဖြစ်သလို ကမ္ဘာကြီးအတွက်လည်း အနုတ်လက္ခဏာ ဆောင်တဲ့ လားရာကို ဖြစ်ပေါ်စေမယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်မိတယ်။ ထရန့်ရဲ့နိုင်ငံခြားရေး ပေါ်လစီတွေ အစိုးရပေါ်လစီတွေ တီးမိခေါက်မိ သလောက် သူပြောတဲ့ ဒီဘိတ်တွေ ကမ်ပိန်းတွေမှာ ပြောတာ သိပ်ဘ၀င်မကျဘူး။ မစ္စဟီလာရီကလင်တန် နဲ့တော့ ကွာတယ်။ လူကတော့ သူတော်စင် မဟုတ်တဲ့ အခါကျတော့ ဘာပဲပြောပြော အနည်းနဲ့အများ အမှား အတိမ်အနက်တော့ရှိမယ်။ ဒါကိုယ်လည်း မငြင်းပါဘူး။ ဒါပေမယ့် သောတပန်လည်း မဟုတ်ဘူးလေ။ အနာဂမ်လည်း မဟုတ်ဘူးလေ။ အဲ့ဒီအပေါ်မှာ အဓိကကြည့်ရမှာက တိုင်းပြည် နိုင်ငံတော် နဲ့ နိုင်ငံသားတွေ အပေါ်မှာ လည်းကောင်း၊ ဒေသတွင်း နိုင်ငံတွေအပေါ်မှာ အမေရိကန်အစိုးရ ပေါ်လစီနဲ့ မူဝါဒကို ကျွန်တော်အနေနဲ့ သုံးသပ်ပြီး ပြောတာဖြစ်တယ်။
.
*** ကိုဝင်းနိုင် (ဒန်ဗာ) အမေရိကန်နိုင်ငံတွင် နေထိုင်သူ
.
ကျွန်တော် မြင်တွေ့ရသလောက်ကတော့ အခုနောက်ဆုံး အခြေအနေအထိ မဲပြတ်ပြတ်သားသား နိုင်ဖို့ထက် အကြိတ်အနယ် ပြိုင်ရမယ့် သဘော မျိုးတောင် တွေ့နေရတယ်။ အခု အက်ဖ်ဘီအိုင်က ဟီလာရီ ကလင်တန်ရဲ့ မေလ်းကိစ္စနဲ့ ပတ်သက်လို့ ပြောလိုက်တာ ရာဇ၀တ်မှု မဟုတ်ဘူးလို့ ပြောတာက နောက်တောင် ကျနေသေးတယ်လို့ ဆိုရမယ်။ ဒီမိုကရက် တော်တော်များများက သိပ်တောင် မကျေနပ်ဘူး။ ဟီလာရီကလင်တန် မေလ်းကိစ္စ ပေါ်လာတော့ တချို့ ကြိုတင်မဲပေးတဲ့ လူတွေက တုံ့ဆိုင်းကုန်တာမျိုးတွေ တွေ့ရတယ်။ ကြိုတင် သတ်မှတ်မှုတွေ စိတ်ကူးထားမှုတွေက အဲဒီ ကြိုတင်မဲပေးမှုတွေမှာ သူမသာ ကိုယ်မသာဆိုတဲ့ အနေအထားအထိ ပြောင်းလဲသွားတယ်။ အခုကတော့ အက်ဖ်ဘီအိုင် က ပြန်ပြောပေးလိုက်တော့ မနက်ဖြန် ရွေးကောက်ပွဲကိုတော့ မီမှာပေါ့နော်။ ဒါကြောင့် တချို့လူတွေလည်း ဟီလာရီကို ပြန်ပြောင်း မဲထည့်တာတွေ ဖြစ် လာနိုင်တယ်။ အမေရိကန်မှာ နေထိုင်နေတဲ့ မြန်မာအပါအ၀င် အာရှတလွှား နိုင်ငံတွေက လူတွေကတော့ ဟီလာရီကလင်တန်ကို မဲထည့်ကြဖို့ များတယ်။ ဒါကလည်း သဘာဝကျပါတယ်။ ဒီမိုကရက်က အလုပ်သမား သာမန်လူတန်းစား တွေအတွက် လူမှုဖူလုံရေး ကိစ္စတွေ ဆောင်ရွက်ပေးတယ်။ ကျန်းမာရေး အစီအစဉ်တွေ အပါအ၀င်ပေါ့။ ဒေါ်နန်ထရန့်ကတော့ နိုင်ငံတကာထက် ပြည်တွင်းကို အဓိကထားမယ်။ အမေရိကန် မက္ကဆီကို နယ်ခြားတံတိုင်းကာမယ် ဆိုတဲ့ အယူအဆမျိုး အပါအ၀င် ရွှေ့ပြောင်းအချို့ကို ပြန်ပို့မယ်၊ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ်ဆိုတဲ့ ကိစ္စတွေ ရှိတယ်။ ဟီလာရီကလင်တန်ကတော့ အရင် ၈ နှစ်တာ အုပ်ချုပ်သွားတဲ့ အိုဘားမားရဲ့ ပေါ်လစီကို ဆက်လက် ကျင့်သုံးမှာပဲ။ အိုဘားမားကို ကြိုက်နှစ်သက်ရင် သူ့ရဲ့မူနဲ့ တူတဲ့ မစ္စကလင်တန်ကို မဲထည့်ကြမှာပဲ။ ဒေါ်နန်ထရန့် ပုံစံကတော့ အရင်ပုံစံတွေနဲ့ ကွဲတဲ့အပြင် ရီပတ်ပလင်ကန်မှာ အစဉ်အဆက် ကျင့်သုံးမှုတွေနဲ့လည်း ကွဲလွဲတယ်။ အမေရိကန် ပထမ ကမ္ဘာ ဒုတိယ ဆိုတဲ့ မူပဲ။ မြန်မာ့အရေးနဲ့ ပတ်သက်လို့တော့ အမေရိကန် နိုင်ငံခြားရေးပေါ်လစီက ဘယ်သူ သမ္မတဖြစ်ဖြစ် တစ်နှစ်လောက်အတွင်း ရုတ်ချည်းပြောင်းသွားဖို့ မရှိဘူး။ ဒေါ်နန်ထရန့်တက်ရင်လည်း ဒီအတိုင်းဆက်ထားပြီး နောက် ပိုင်းမှ ဖြည်းဖြည်း ပြောင်းလိမ့်မယ်။ ဟီလာရီဆိုရင်တော့ လက်ရှိ မြန်မာအပေါ် ကျင့်သုံးနေတဲ့ မူဝါဒ ပြောင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဟီလာရီတက်ရင် မြန်မာအနေနဲ့ အကူအညီတွေ ပိုရမှာတော့ သေချာတယ်။

စုစည်းတင်ပြသူ - စိုင်းဟန်
The Ladies News


ရွေးကောက်ပွဲနေ့အတွက် နယူးယောက်လုံခြုံရေးတင်းကျပ်နေ
ရွေးကောက်ပွဲနေ့အတွက် နယူးယောက်လုံခြုံရေးတင်းကျပ်နေ

ရွေးကောက်ပွဲကျင်းပတဲ့ အင်္ဂါနေ့ညမှာ သမ္မတလောင်း ၂ ဦးလုံး မိန့်ခွန်းပြောဖို့ လက်ခံစီစဉ်ထားတဲ့ နယူးယောက်မြို့မှာ ရဲလုံခြုံရေးနဲ့ မြို့အုပ်ချုပ်ရေးအာဏာပိုင်တွေဟာ လုံခြုံရေး အစီအမံတွေ တင်းတင်းကျပ်ကျပ်ချမှတ် စီစဉ်နေပါတယ်။ မာရသွန်ပြိုင်ပွဲဝင်သူတွေနဲ့ အားပေးသူတွေ၊ ရွေးကောက်ပွဲ အောင်နိုင်ရေး ကျင်းပမယ့်အဖွဲ့တွေနဲ့ နယူးယောက်မှာ စည်ကားနေတာဖြစ်ပြီး ဒီလိုအခြေအနေမှာ al Qaida အကြမ်းဖက်သမားတွေအနေနဲ့ တိုက်ခိုက်လာနိုင်တာပါ။ VOA သတင်းထောက် Carolyn Presutti ပေးပို့ထားတဲ့ နယူးယောက်မြို့ လက်ရှိအခြေအနေကို ကိုအောင်အောင်က ပြောပြပေးမှာပါ။

ရွေးကောက်ပွဲကျင်းပဖို့ နာရီပိုင်းအလိုမှာပဲ ဒီမိုကရက်သမ္မတလောင်း ဟီလာရီကလင်တန်ကို ထောက်ခံတဲ့ နယူးယောက်ကသူတွေဟာ ရီပတ်ဗလစ်ကန်သမ္မတလောင်း ဒေါ်နယ် ထရန့်နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေရတဲ့ ပြည်နယ်က မဲဆန္ဒရှင်တွေကို ဖုန်းဆက်သွယ်ပြီးတော့ရော ဖုန်းမက်ဆေ့ခ်ျတွေပို့ပြီးတောပါ Mrs. ကလင်တန်ကို ထောက်ခံလာအောင် စည်းရုံးနေပါတယ်။ တချို့ပြည်နယ်တွေမှာတော့ သမ္မတလောင်း ၂ဦးလုံးရဲ့ မဲရလာဒ်ဟာ မတိမ်းမယိမ်း ရှိနေတယ်လို့ ဟီလာရီကလင်တန်ကို ထောက်ခံသူ တဦးဖြစ်တဲ့ Mike Evans က ပြောပါတယ်။

“ကျနောတို့အနေနဲ့ တကယ့်ကို အင်တိုက်အားတိုက် လုပ်နေရပါတယ်။”

ဒီအတောအတွင်းမှာပဲ နယူးယောက်မြို့မှာ မာရသွန်အပြေးပြိုင်ပွဲကျင်းပတာကြောင့် ထောင်နဲ့ချီတဲ့ လုံခြုံရေးရဲဝန်ထမ်းတွေ စောင့်ကြပ်နေပါတယ်။ ဒီလို လူစည်ကားတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ရွေးကောက်ပွဲမတိုင်ခင် ဒါမှမဟုတ် ရွေးကောက်ပွဲကျင်းပချိန်မှာ ဗာဂျီးနီးယား၊ တက္ကဆပ်နဲ့ နယူးယောက်မှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်လာနိုင်ခြေနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးအရာရှိတွေက သတိပေး ပြောဆိုထားတာပါ။ နယူးယောက်က ဒီမိုကရက် အောက်လွှတ်တော်အမတ် Carolyn Maloney က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကမ္ဘာပေါ်က ဘယ်နေရာပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ်။ နယူးယောက်မြို့လောက် ပြင်ဆင်ထား နိုင်စွမ်းမရှိပါဘူး။ 9-11 တခါ နေ့စဉ်နေ့တိုင်းအတွက် ပြင်ဆင်ထားခဲ့တယ်ဆိုတာကို သက်သေပြပြီးဖြစ်သလို၊ ရွေးကောက်ပွဲနေ့အတွက်လည်း အဆင်သင့်ပြင်ထားတယ်ဆိုတာကို သက်သေပြသွားမှာပါ။”

အင်္ဂါနေ့ညမှာ ရွေးကောက်ပွဲ အနိုင်ရတဲ့ အထိမ်းအမှတ်ပွဲတွေကို သမ္မတလောင်း ၂ ဦးလုံးက နယူးယောက်မှာကျင်းပမှာ ဖြစ်တာကြောင့် အကြမ်းဖက်တိုက်ခိုက်မှု အခြေအနေဟာ စိုးရိမ်စရာအနေအထားမှာ ရှိနေတာပါ။ Mrs. Clinton က မှန်နဲ့ပြုလုပ်ထားတဲ့ နံရံတွေ၊ မျက်နှာကျက်တွေ ပါဝင်တဲ့ Convention စင်တာမှာ အထိမ်းအမှတ်ပွဲကို ကျင်းပဖို့စီစဉ်ထားသလို Trump ကတော့ အဲဒီ စင်တာနဲ့ သိတ်မဝေးလှတဲ့နေရာမှာရှိတဲ့ Trump တာဝါမှာ ကျင်းပသွားမှာပါ။ အခုအချိန်မှာတော့ လူတွေမှာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ထရမ့်ကိုထောက်ခံသူ Anand Ahuja ကပြောပါတယ်။

“ကိုယ့်အတွက်သာမဟုတ်ပဲ တချိန်တည်းမှာ သမ္မတလောင်းတွေလုံခြုံရေးအတွက်လည်း အားလုံးက စိုးရိမ်နေပါတယ်။”

ရွေးကောက်ပွဲကျင်းပဖို့ နာရီနဲ့အမျှ နီးကပ်လာချိန်မှာ ဒီမိုကရေစီကို အဟန့်အတားဖြစ်စေတဲ့ အနှောက်အယှက်မှန်သမျှကို နှိမ်နင်းသွားနိုင်လိမ့်မယ်ဆိုပြီးတော့ အာဏာပိုင်တွေအနေနဲ့ သန္ဓိဌာန် ချမှတ်ထားပြီးလည်းဖြစ်ပါတယ်။
VOA Burmese News


ဗြိတိန်နိုင်ငံသားအသတ်ခံရမှု ဖြစ်ခဲ့သည့် နေအိမ် (MOI)
ဗြိတိန်နိုင်ငံသားအသတ်ခံရမှု ဖြစ်ခဲ့သည့် နေအိမ် (MOI)

ရန်ကုန်မြို့လယ်ရှိ နေအိမ်တိုက်ခန်းတခုအတွင်း ဗြိတိန်နိုင်ငံသားတဦး အသတ်ခံရမှုအတွက် သံသယရှိသူဟာ ထိုင်းနိုင်ငံကို ထွက်ခွာသွားပြီး၊ သူ့ကို ဖမ်းမိဖို့ နိုင်ငံတကာရဲတပ်ဖွဲ့ကို အကြောင်းကြားထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။ သံသယနဲ့ အလိုရှိနေသူဟာလည်း ဗြိတိန်နိုင်ငံသားဖြစ်ပြီး၊ သူတို့နှစ်ဦးစလုံးဟာ ရန်ကုန်မြို့ နိုင်ငံတကာကျောင်းတကျောင်းက ကျောင်းဆရာတွေဖြစ်ကြပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ မမေခက သတင်းပေးပို့ထားတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ရန်ကုန်မြို့လယ်က ၃၉ လမ်း အလယ်ဘလောက် ပထမထပ် တိုက် ခန်းတစ်ခန်းမှာ ဗြိတိန် နိုင်ငံသားတစ်ဦးသတ်ခံခဲ့ရပါတယ်။ နိုင်ငံတကာကျောင်းတခုမှာ ဆရာအနေ နဲ့လုပ်ဆောင်နေတဲ့ သေဆုံးသူဟာ သာကေတမြို့နယ်၊ မြခွာညိုအိမ်ရာမှာ နေထိုင်သူတဦးပါ။ သေ ဆုံးခဲ့တဲ့ နေအိမ်ကတော့ သေဆုံးသူသူငယ်ချင်း ဗြိတိန်နိုင်ငံသားတဦး နေထိုင်တာ ဖြစ်ပြီး လက်ရှိ ချိန်မှာတော့ အိမ်ပိုင်ရှင် ဖြစ်တဲ့ သေဆုံးသူရဲ့ သူငယ်ချင်းဟာ ထိုင်းနိုင်ငံကိုထွက်ခွာသွားတာကြောင့် သူ့ကို သံသယ ရှိဆုံးသူအနေနဲ့ ရဲတပ်ဖွဲ့က သတ်မှတ်ထားပါတယ်။

ကျောက်တံတား စခန်းမှုး ဦးတိုးမြို့က လက်ရှိစစ်ဆေးနေမှုကိုပြောပြတာပါ။

“သေဆုံးတဲ့ သူရဲ့အမျိုးသမီးကလည်း အဲဒီလူကို အမှုဖွင့်ထားတယ်။ ဖွင့်ထားတော့ကျနော်တို့က ဆက်ပြီးတော့ စုံစမ်းတာပေါ့။ သူကလည်း အဲဒီနေ့က ၄ ရက်နေ့ညက အတူတူသောက်စားပြီး ၊ ၅ ရက်နေ့မနက်မှာ အိမ်ကိုရောက်တယ် အဲဒီမှာလည်း သောက်စားပြီးတော့ ၅ ရက်နေ့ညနေကပဲ ထွက်သွားတာ။ ကျနော်တို့ ဆီသတင်းပို့တာ ၆ ရက်နေ့မှ သိတာလေ မနေ့က မှသိတာပါ။ သူထွက်သွားတဲ့အကြောင်းကို ကျနော်တို့တောင်မှ ဆင့်ကဲဆင့်ကဲတင်ပြပြီးတော့ သူ့ကို ဖမ်းဖို့ တင်ပြထားရတာပေါ့။ အခုက ဒီနိုင်ငံထဲမှာ မရှိတော့ဘူး မနေ့က ထွက်သွားပြီဆိုတော့ ၅ ရက်နေ့ကတည်းက ထွက်သွားတာလေ။ တခြားသံသယရှိတဲ့လူတွေ တခြားတော့ ပေါ်တာမရှိသေးပါဘူး။ လောလောဆယ် လက်တလောကတော့ သူပဲရှိနေတာ။ တရားလိုကိုယ်တိုင်ကလည်း သူ့ကို direct စွပ်စွဲတာပေါ့ ကျနော်တို့လည်း တင်ပြပြီးတော့ ဆောင်ရွက်စဲပါပဲ။”

သေဆုံးသူနာမည်ကတော့ Mr. Peter Gary Ferguson ဖြစ်ပြီး သံသယရှိသူ နာမည်ကတော့ Mr. Harris John Italo Binotti ဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိမှာ သံသယရှိတဲ့ မစ္စတာ ဟယ်ရီကို ဖမ်းနိုင်ဖို့ ကဒီနိုင်ငံထဲက ထွက်ခွာ သွား တာကြောင့် နိုင်ငံတကာရဲတပ်ဖွဲ့ကို အကြောင်းကြားထားပြီး ဆက်လက်အမှုကို စိစစ်နေဆဲဖြစ်ပါတယ်။

ကျောက်တံတား စခန်းမှုး ဦးတိုးမြို့က ပြောပြချက်အရကတော့ အခင်းဖြစ် တိုက်ခန်းနေ နိုင်ငံခြားသားမှာ သေဆုံးသူ ဗြိတိန်နိုင်ငံသားနဲ့နောက်ဆုံးအတူရှိခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ ရှိ International School တစ်ခုမှာ အတူတကွ ကျောင်းဆရာအဖြစ် အလုပ်လုပ်ကိုင် နေသူဖြစ်တယ်လို့ စစ်ဆေးတွေ့ရ တယ်လို့ပြောပါတယ်။ သေဆုံးသူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ရက်နေ့ညပိုင်းက အခင်းဖြစ် တိုက်ခန်းနေ နိုင်ငံခြားသားနဲ့အတူ အဲဒီအခင်းဖြစ်တိုက်ခန်းမှာ အရက်အတူ သောက်ခဲ့ကြကာ အဲဒီနေရာမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူကို နိုဝင်ဘာ ၆၇က်နေ့မှ အဲဒီတိုက် ခန်းမှာ သေဆုံးနေတာတွေ့ရတာပါ။ သေဆုံးသူရဲ့ အတူနေ နိုင်ငံခြားသားအမျိုးသမီးကတော့ သူမယောက်ကျား သေဆုံးမှု နဲ့ပတ်သတ်ပြီး တိုက်ခန်းနေဗြိတိန်နိုင်ငံခြား သား ကို နိုဝင်ဘာ ၆၇က်နေ့ မှာဘဲ သေဆုံးမှုနဲ့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

သံသယရှိသူမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ ညနေပိုင်းက လေကြောင်းလိုင်း တစ်ခုနဲ့ ထိုင်းနိုင်ငံကို ထွက်ခွာသွား တယ်လို့ စစ်ဆေးတွေ့ရှိထားပါတယ်။
VOA Burmese News



အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် အကြီးအကဲ ဆိုနီယာ ဂန္ဒီက လက်ပြနှုတ်ဆက်နေစဉ် (ဆင်ဟွာ)
   နယူးဒေလီ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ အဓိက အတိုက်အခံ ခေါင်းဆောင် Congress ပါတီ အကြီးအကဲ ဆိုနီယာ ဂန္ဒီသည် ကျန်းမာရေး မကောင်းသည့်အတွက် ပါတီ၏ အမြင့်ဆုံး ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် ဥက္ကဋ္ဌနေရာအား ဆုံးရှုံးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

၎င်း၏ သားနှင့် ပါတီ၏ ဒုတိယမြောက် ခေါင်းဆောင် ဖြစ်သူ နေရူး ဂန္ဒီ၏ မျိုးဆက် ရာဟူးဂန္ဒီ (Rahul Gandhi) သည် နိုဝင်ဘာလ ၁၆ ရက်တွင် ပြုလုပ်မည့် အိန္ဒိယ လွှတ်တော်၏ အစည်းအဝေးတွင် ပါဝင်ခွင့်ရရန် အရေးပါသည့် Congress ပါတီ အလုပ်အဖွဲ့ ကော်မတီ အစည်းအဝေး၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

“ဒီအစည်းအဝေးဟာ ဒီဇင်ဘာလ ၃၁ ရက်မှာ ပြုလုပ်မဲ့ Congress စည်းရုံးရေးဆိုင်ရာ ရွေးကောက်ပွဲများ အဆုံးသတ်ရန် နောက်ဆုံးရက်အား ထပ်တိုးရေးနှင့် မဟာဗျူဟာ အဆုံးသတ်ရေး စသည်တို့အတွက် ဆုံးဖြတ်ပေးမှာ ဖြစ်တယ်” ဟု သတင်းရင်းမြစ်များက ပြောသည်။

အသက် ၆၉ နှစ်အရွယ် ဆိုနီယာ ဂန္ဒီသည် ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေ ဖြစ်သည့် အိန္ဒိယနိုင်ငံ မြောက်ပိုင်း Varanasi မြို့သို့ မဲဆွယ် စည်းရုံးရေးဆင်းခဲ့စဉ်က ပခုံး တစ်ဘက် ဒဏ်ရာရရှိခဲ့သဖြင့် ကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

၂၀၁၁ ခုနှစ်တွင် ဆိုနီယာသည် ဆေးကုသမှု ခံယူရန် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့သော်လည်း ကျန်းမာရေး အခြေအနေအား အသေးစိတ် ပြောကြားထားခြင်း မရှိပေ။ ၂၀၁၄ ခုနှစ်တွင် ဒေလီ ဆေးရုံ၌ တက်ရောက်ကာ ဆေးကုသမှု ခံယူခဲ့သေးကြောင်း၊ ၂၀၁၃ ခုနှစ်တွင်လည်း လွှတ်တော်အတွင်း နေမကောင်း ဖြစ်ခဲ့သဖြင့် နာရီအနည်းငယ်ကြာ ဆေးရုံသို့ တက်ရောက်ခဲ့ရကြောင်း သိရသည်။

ဆိုနီယာသည် ဝန်ကြီးချုပ်ဟောင်း ရာဂျစ် ဂန္ဒီ၏ ဇနီးဖြစ်ပြီး ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် အချိန်များစွာ အုပ်ချုပ်ခဲ့သည့် နေရူး ဂန္ဒီ မျိုးဆက် ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ သို့သော်လည်း ၎င်း၏ ပါတီသည် ၂၀၁၄ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ မိုဒီ၏ Hindu nationalist Bharatiya Janata ပါတီအား ရှုံးနိမ့်ခဲ့သည်။

(Xinuha)
http://www.xinhuamyanmar.com


 မြန်မာနိုင်ငံမှာ မီဒီယာဖွံ့ဖြိုးရေး ပဉ္စမအကြိမ် ညီလာခံ (MOI)
မြန်မာနိုင်ငံမှာ မီဒီယာဖွံ့ဖြိုးရေး ပဉ္စမအကြိမ် ညီလာခံ (MOI)
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ စိုးရိမ်မကင်းတဲ့ သဘောထားတွေ ထွက်ပေါ်နေချိန်မှာပဲ၊ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်တွေ ပိုပေးသွားမှာ ဖြစ်တဲ့အကြောင်း ကတိပြု ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ မီဒီယာဖွံ့ဖြိုးရေး ပဉ္စမအကြိမ် ညီလာခံအဖြစ် ကျင်းပရာမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ပေါ်ထွန်းလာရေး အစိုးရက ဆောင်ရွက်နေတာတွေကို ပြန်ကြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။ ရန်ကုန်မြို့မှာ ဒီကနေ့ စတင်ကျင်းပခဲ့တဲ့ ညီလာခံကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ထက်အောင် က အပြည့်အစုံ ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လုပ်ငန်းတွေ ဖွံဖြိုးတိုးတက်ရေး နည်းလမ်းရှာဖို့ရည်ရွယ်ပြီး ကျင်းပတဲ့ ၂ ရက်ကြာ ညီလာခံမှာတော့ ပြင်ဆင်ဖို့ လိုအပ်နေတဲ့ သတင်းမီဒီယာ ဥပဒေတွေကအစ၊ လွတ်လပ်စွာ သတင်းရယူခွင့်၊ သတင်းသမားတွေ လုံခြုံရေးကအစ၊ တိုင်းရင်းသား မီဒီယာတွေ အားကောင်းလာစေရေးအဆုံး ဆွေးနွေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ညီလာခံပထမနေ့ အဖွင့်မိန့်ခွန်းမှာပဲ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် ကတော့ မီဒီယာ လုပ်ငန်းတွေ ဖွံဖြိုးတိုးတက်အောင် လွတ်လပ်ခွင့်တွေ ပေးသွားမှာ ဖြစ်တဲ့အကြောင်း ကတိပြုခဲ့တာပါ။

“ကျွန်တော်တို့အစိုးရ တာဝန်ယူလာခဲ့တာဟာ (၇)လ ရှိသွားပါပြီ။ ဒီကာလအတွင်းမှာလည်း ကျနော်တို့ စောစောကပြောခဲ့တဲ့လုပ်ငန်းတွေကာလပေါ့နော် ပြီးခဲ့တဲ့ ၄ နှစ်အတွင်း အခု ပဉ္စမမြောက်ဆွေးနွေးပွဲလုပ်တယ်ဆိုတော့ ပြီးခဲ့တဲ့ ၄-၅ နှစ်တာ ကာလတလျှောက်မှာ ဖြစ်ပေါ်တိုးတက်လာခဲ့တဲ့သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ စာနယ်ဇင်း မြန်မာသတင်းမီဒီယာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်တဲ့လုပ်ငန်းတွေကို ကျနော်တို့ ဆက်လက်ဆောင်ရွက်ပြီး ဒီထက်မက ကျနော်တို့ ပိုမိုတိုးတက်အောင်ဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက် လည်းရှိပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ပြဌာန်းပြီးသားဖြစ်တဲ့ ရုပ်မြင်သံကြား နဲ့ အသံထုတ်ထုတ်လွင့်ရေးဆိုင်ရာ ဥပဒေ broadcasting law ဟာ အားနည့်းချက်တွေ ရှိနေသေးတဲ့အတွက် ဆွေးနွေးပွဲတွေ ပြုလုပ်နေပြီး အဓီက ပြင်ဆင်ရမယ့်အချက်တွေကို ပြင်ဆင်ပြိးရင် မကြာမှီမှာ လွတ်တော်ကို တင်သွားဖို့ ရှိတယ်လို့လည်း ပြန်ကြားရေး ၀န်ကြီးက ပြောပါတယ်။ အစိုးရ တာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာ သမားတွေကြား ထိတွေ့ဆက်ဆံပြောဆို မေးမြန်းခွင့်အပိုင်းမှာ အရင်ကထက် စာရင် တိုးတက်လာတဲ့ အခြေအနေမှာ ရှိပေမယ့်လို့ လွတ်လပ်စွာ သတင်းရယူခွင့်အပိုင်းမှာတော့ အကန့်အသတ်တွေ ရှိနေသေးတယ်လို့ သတင်းသမားတွေက ထောက်ပြကြပါတယ်။ အစိုးရသစ်လက်ထက်မှာ သတင်းမီဒိယာသမားတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်တွေကိုတော့ မြန်မာ ဂျာနယ်လစ်ကွန်ရက် အထွေထွေ အတွင်းရေးမှုး ဦးဇေယျာလိုင် က အခုလို ပြောပါတယ်။

“ကျနော်တို့ ကျန်နေသေးတဲ့ ဥပဒေတွေကို ကျနော်တို့ ဆက်လက်ဆောင်ရွက်ပြင်ဆင်ဖို့ ကျန်တာပေါ့နော်။ နောက်တခုက အစိုးရသစ်လို့ဆိုပေမယ့် သူတို့ မောင်းနေရတဲ့ ယန္တရားပေါ့နော် အရင် ဗျူရိုကရေစီ ယန္တရား အဟောင်းပေါ့နော်။ အဲဒီတော့ ကျနော်တို့ အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့တဲ့အခါမှာ သူတို့မှာလည်း concern ပေါ့နော် သူတို့ စိုးရိမ်ပူပန်မှုတွေ ရှိနေသေးတယ်။ ဆိုတော့ ဒါတွေကို ကျနော်တို့ အပြန်အလှန် ညှိနှိုင်းဖြေရှင်းပြီးတော့မှ ဒါတွေက ဖြစ်နိုင်ခြေရှိမယ့် နည်းလမ်းဆိုတာ အဖြေရှာဖို့လိုနေသေးတာ ကျနော်တို့ တွေ့ရပါတယ်။”

မကြာသေးခင်က ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေ လွတ်လွတ်လပ်လပ် သတင်းယူခွင့် မရဘူးဆိုပြီး နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူတွေက ဝေဖန်မှုတွေနဲ့အတူ မြန်မာနိုင်ငံက သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေအနေတွေအပေါ် မေးခွန်းတွေ တကျော့ပြန်ထွက်ပေါ်ခဲ့တာပါ။ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် ကတော့ အစိုးရသစ်အနေနဲ့ သတင်းရယူပိုင်ခွင့် ဥပဒေတရပ် ပြဌာန်းပြီး သတင်းသမားတွေကို လွတ်လပ်ခွင့်တွေပေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

“Right to Information Law ကို ပြည့်ပြည့်၀၀ ကျင့်သုံးနိုင်ရင် နိုင်ငံသားတိုင်းသည် လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့်နီးပါး တမျှ ကျနော်တို့ အာဏာပိုင်အဆင့်ဆင့်တွေကို နိုင်ငံရဲ့ ကိစ္စတွေကိုတာဝန်ယူထားတဲ့ အဆင့်ဆင့်တွေ အာဏာပိုင်မဏ္ဍိုင် တွေအဆင့်ဆင့်တွေနဲ့ အောက်အဆင့်တွေ အုပ်ချုပ်ရေးယန္တရား ကျန်တဲ့ မဏ္ဍိုင် ၃ တိုင် ယန္တရားတွေကို မေးမြန်းခွင့် စစ်ကြောခွင့် ရှိသွားမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။”

ဒါပေမဲ့ တချိန်တည်းမှာပဲ သတင်းသမားတွေအနေနဲ့ လူမျိုးရေး ဘာသာရေး စတဲ့ ထိလွယ်ရှလွယ်တဲ့ ကိစ္စရပ်တွေမှာ တာဝန်ခံမှု ရှိဖို့လည်း ပြန်ကြားရေးဝန်ကြီးက သတိပေးခဲ့တာပါ။ ကုလသမဂ္ဂ ပညာရေး သိပံ္ပနဲ့ ယဉ်ကျေးမှု အဖွဲ့ UNESCO က မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms. Min Jeong Kim ကတော့ သတင်းသမားတွေကို အကာအကွယ်ပေးနိုင်အောင် ကြိုးစားဖို့ အရေးကြီးတဲ့အကြောင်း ညီလာခံမှာ အလေးထား ပြောဆိုသွားပါတယ်။

“UNESCO အနေနဲ့ အထူးသဖြင့်၊ သတင်းသမားတွေ လုံခြုံရေးနဲ့ ဖိနှိပ်မှုတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ ကိစ္စတွေကို ပထမဆုံးအကြိမ် ဒီညီလာခံမှာ ဆွေးနွေးမှာ ဖြစ်တဲ့ အတွက်လည်း မကြာသေးခင်တုန်းက ကျရောက်ခဲ့တဲ့ သတင်းသမားတွေအပေါ် ကျုးလွန်တဲ့ ရာဇ၀တ်မှုတွေ အဆုံးသတ်ရေး နိုင်ငံတကာနေ့မှာလည်း ဒါနဲ့ပတ်သက်လို့ အားရကျေနပ်မိပါတယ်။ UNESCO ရဲ့ သတင်းနဲ့ပညာရေးဌာန လက်ထောက် ညွှန်ကြားရေးမှူးချုပ် Frank La Rue ကမှတ်ချက်ပေး ပြောဆိုခဲ့ဖူးပါတယ်။”

၅ ကြိမ်မြောက် ကျင်းပခဲ့တဲ့ မီဒီယာ ဖွံဖြိုးတိုးတက်ရေး ညီလာခံကို သတင်းမီဒီယာကောင်စီ၊ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းတွေ၊ အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာနတို့က ဦးစီး ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီညီလာခံကို ၂၀၁၂ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ပေမယ့် အစိုးရသစ်လက်ထက်မှာ ဒါဟာ ပထမဆုံး အကြိမ်ဖြစ်သလို၊ မြန်မာ့တပ်မတော် သတင်းမှန် ထုတ်ပြန်ရေး တာဝန်ရှိသူ တချို့လည်း တတ်ရောက်လာတာ တွေ့ရပါတယ်။
VOA Burmese News


ရန်ကုန် နိုဝင်ဘာ ၇

ရခိုင်ပြည်နယ် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးဘေးရှိ တပ်မတော်၏ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်နက်တိုက်အတွင်း ဝါယာကြိုးရှော့ ဖြစ်ရာမှတစ်ဆင့် ယနေ့ နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းအချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေ မရှိခဲ့ဘူးလို့ဆိုပါတယ်။ဒါ့အပြင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် မှာ လုံခြုံရေးတပ်ဖွဲ့တွေကို ယခင်ကထက် ပိုမိုတိုးမြှင့်ချထားပေးခဲ့တယ်လို့ သိရပါတယ်။

“ဖြစ်စဉ်ဖြစ်တယ်လို့တော့ကြားပါတယ်။ကျွန်တော်တို့ စခန်းက တပ်ဖွဲ့ဝင်တွေလည်းသွားနေကြပါတယ်။အသေးစိတ်တော့မသိရသေးပါဘူး။ ကျွန်တော်တို့ မြို့ပေါ်ကနေဆိုရင် ဒကစ စခန်းက ၆ မိုင် ၇ မိုင်လောက်ဝေးပါတယ်။စစ်တွေတပ်နယ်ထဲမှာဖြစ်တာဆိုတော့ ကျွန်တော်တို့လည်း အကြောင်းအရင်းတွေကို စုံစမ်းဆဲဖြစ်ပါတယ်။ယခုဖြစ်စဉ်ကြောင့် လုံခြုံရေးတွေကိုတော့ ပိုချထားပါတယ်။” လို့ စစ်တွေမြို့ အမှတ်-၂ ရဲစခန်းမှ ရဲအုပ်အောင်မြင့်ဦး က ပြောကြားခဲ့ပါတယ်။

အဆိုပါ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်နက်တိုက်အတွင်း ဝါယာကြိုးရှော့ဖြစ်ပေါက်ကွဲမှုကို တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ဒေသအာဏာပိုင်အဖွဲ့ က စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

china.com Myanmar
https://www.facebook.com/china.com.mm/


ကချင်ပြည်နယ် ဖားကန့်ကျောင်စိမ်းတွင်းကို သွားတဲ့ မိုးကောင်း-ဖားကန့် လမ်းကို ၇.၁၁.၂၀၁၆ နေ့ နံက် ၁၁:၃၀ အချိန်က စပြီး လမ်းကို ယာယီ ပိတ်ထားတယ်လို့ သိရပါတယ်။

ဘာကြောင့် ခုလိုလမ်းတွေ ပိတ်လိုက်ရတယ်ဆိုတာကို “ ဖားကန့်မြို့နဲ့ (၁၄) ခန့်ဝေးတဲ့ တံတားညီနောင် ရွာနဲ့ ပျားအုံကြားမှာ ၇.၁၁.၂၀၁၆နေ့ နံက် ၇:၀၀နာရီလောက်က KIA အယောက် (၂၀) လောက်က ဖားကန့် မိုးကောင်း အတက်အဆင်း ကားတွေကို ငွေကောက်နေတယ်လို့သိရတယ်ဗျ ။ဒါကြောင့် နန့်ယား နဲ့ နန့်တိမ်းမှာရှိတဲ့ စကခ ( ၇) ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်တွေက လမ်းကိုယာယီ ပိတ်ထားလိုက်တာပါ ”လို့ ဖားကန့်မြို့ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတဦးက ပြောပြခဲ့ပါတယ်။

ခရီးသည်တင်လိုင်းကားတစ်စီးကို ငါးသောင်းနှုန်း KIA မှ ကောက်ခံနေတာလို့လည်း သိရပါသည်။

“KIA က ပိုက်ဆံကောက်တာက ကျောက်ဖျာနဲ့ ငါမိုင်ကြားမှာ ကောက်တာဗျ။ ခရီးသည်တင်ကားတွေတော့ တစ်စီး ငါးသောင်းနှုန်း ကောက်တာဗျ။ကုန်ကားတွေတော့ တစ်သိန်းကျော်မယ်ထင်တယ်ဗျ အဲဒါတော့အတိအကျမသိဘူး”လို့ အမည်မဖော်လိုတဲ့ မြစ်ကြီးနားမြို့မှ လိုင်းကားမောင်းသူတဦးက ပြောပါတယ်။

ဖားကန့် မိုးကောင်းလမ်းတလျှောက်တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ စစ်ပွဲများ စတင်ဖြစ်ပွားချိန်၂၀၁၂ မှ စတင်ပြီး ဖားကန့် မိုးကောင်း လမ်ကြောပေါ်တွင် ပြေးဆွဲနေသော မော်တော်ယဉ် မျိုးစုံကို KIA မှ ရံဖန်ရံခါ ငွေကြေးကောက်ခံတာမျိုးတွေ ရှိနေခဲ့ပြီး မြန်မာစစ်တပ်မှလည်း လုံခြုံရေးအကြောင်းပြကာ ကာမိုင်း မြို့အဝင် နှင့် နန့်တိမ်း ကျေးရွာတို့ မော်တော်ယဉ်မျိုးစုံအပေါ် နေ့စဉ် ငွေကြေးကောက်ခံတာတွေလည်း ရှိကြောင်း သိရပါတယ်။

ယခုလို မော်တော်ကားလမ်းများ ပိတ်ဆိုတာနဲ့ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူတွေနဲ့ ကွင်းဆင်းတွေ့ဆုံရန် သွားရောက်ရင်း လမ်းကြောတွင် ပိတ်မိနေသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးအား ဆက်သွယ်မေးမြန်းခဲ့ရာ “ဟုတ်တယ် ငါ့ညီရေ။ အကိုက ဂေါ်ရီမှာ လူထုနဲ့တွေ့ဆုံပွဲ လုပ်ပြီးပြန်ခဲ့တာ ခုကာမိုင်းမှာ ပိတ်မိနေပြီ ။ကိုလှဆိုင်း ( ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလှဆိုင်း ) က နန့်ယားမှာ ပိတ်မိနေတယ် "လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ နန့်ယားကျေးရွာတွင် ပိတ်မိနေသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလှဆိုင်းကို လက်ရှိအခြေအနေကို သိရှိနိုင်ဘို့ ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး ။

ဇော်မိုးထက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် နောင်လေကျေးရွာအုပ်စု မဲသောင်းကျေးရွာတွင် အသက် (၆) နှစ် အရွယ် မိန်းကလေးငယ်တစ်ဦးအား မိခင်ဖြစ်သူဈေးဝယ်သွားစဉ် နေအိမ်အနီးနေထိုင်သူက အဓမ္မပြုကျင့်ပြီး ပစ်ထားခဲ့မှု ဖြစ်ပွားကြောင်း မြို့မရဲစခန်းမှ သိရသည်။

“ဒီလိုအရွယ်မရောက်သေးတဲ့ ကလေးတွေအတွက် သေချာစောင့်ရှောက်ဖို့ အရမ်းလိုအပ်ပါတယ်။ အမေတွေက ဈေးတွေသွားချိန်မှာဆိုလည်း တကယ့်စိတ်ချရတဲ့သူရဲ့ လက်ထဲအပ်ခဲ့ပါ။ တစ်ယောက်တည်း ကလေးကို အိမ်မှာ မပစ်ထားပါနဲ့။ ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်”ဟု အမှတ် (၁) တောင်ကြီး မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အောင်ဇော်ထွန်းက Tachileik News Agency သို့ ပြောသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ (၄) ရက်နေ့က သားသမီး သုံးဦးအား နေအိမ်အလုပ်သမားတန်းလျားတွင် ဆော့ကစားခိုင်းပြီး  မိခင်ဖြစ်သူက ဈေးသွားဝယ်စဉ် တဝန်းထဲနေ ကျော်အောင် (၃၄) နှစ်က ဆော့ကစားနေသော ကလေးငယ်များ အနက် အသက် (၆)အရွယ်ကလေးငယ်အား မုန့်ကျွေးမည်ဟု ခေါ်ဆောင်သွားကာ ကျေးရွာအနောက်ဘက် ပဲစိမ်းငုံခင်းအနီး ရေမြောင်းအတွင်းခေါ်၍ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရသည်။

ကလေးငယ်ပျောက်ဆုံး၍ ကျေးရွာမှလိုက်ရှာရာ ရေမြောင်းအတွင်း ကော်ဇောဖျာစုတ်ဖြင့် ပတ်ထားလျှက် မိန်းမကိုယ်အင်္ဂါအတွင်းမှ သွေးထွက်နေပြီး သတိလစ်နေသည့် မိန်းကလေးအားတွေ့ရှိရ၍ တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံမှ ဆေးစစ်ချက်ယူကာ အမျိုးသမီးဆေးရုံနှင့် ကလေးဆေးရုံသို့ ပို့ဆောင် ကုသလျှက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကျော်အောင်အား နယ်မြေရဲစခန်းတွင် (ပ)၅၄၄/၂၀၁၆ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၆၃ /၃၇၆ ဖြင့်  အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

သတင်း - နိုနို
Tachileik News Agency
http://www.tachileik.net



တရုတ်နိုင်ငံ ရွှေလီမြို့က ရွှေလီနယ်စပ်တံတား ၀င်ပေါက်ကို တွေ့ရစဉ်။ Photo: Kan Thar/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံကို တရားဝင်သွားရောက်တဲ့ မြန်မာနိုင်ငံ သားတွေကိုပါ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတာတွေရှိနေတဲ့အတွက် အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေး ဖို့ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှုး ဦးကျော်ကျော်ထွန်းက တရုတ်နိုင်ငံ ရွှေလီမြို့ ပြည်ပရေးရာဌာန ကို နိုဝင်ဘာ ၄ ရက်နေ့က အကြောင်းကြားထားပါတယ်။

တရုတ်နိုင်ငံမှာ ပြစ်မှုကျုးလွန်သူတွေကို ဖမ်းဆီးရင်း အပြစ်မရှိတဲ့သူတွေပါ ရောအဖမ်းခံနေရ တာဖြစ်တယ်လို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

"တချို့ကျတော့လည်း ရက်ကျော်ပြီးနေထိုင်တဲ့ ကိစ္စတွေလည်းရှိတာပေါ့။ သွားလိုက်တဲ့အချိန်၊ ၀င်လိုက်တဲ့ အချိန်မှာ အထောက်အထား စည်းတံဆိပ်တွေ မပြည့်စုံလို့ ဖမ်းတာတွေလည်းရှိတယ်။ တခြားပြစ်မှုကျုးလွန် တဲ့အခါ တင်းတင်းကြပ်ကြပ်ဖမ်းတာတွေလည်း ရှိတာပေါ့။ ဒါ့ပေမယ့် ကိုယ့်နိုင်ငံသားတွေ အဖမ်းခံရပြီ ဆိုတော့သိတာနဲ့ ချက်ချင်းကန့်ကွက်စာနဲ့ ပြန်လွှတ်ဖို့ တောင်းတာပေါ့လေ။ သူတို့ဘက်က ဒုစရိုက်မှုတွေ လည်းရှိတာပေါ့နော်။ အကုန်လုံးသိမ်းကြုံးပြီး လုပ်လိုက်တဲ့အပိုင်းလည်း ပါမှာပေါ့။ ဟိုဘက်မှာ ပြစ်မှုကျုး လွန်တဲ့သူတွေလည်း ရှိတော့ပေါ့နော်။ ရှိတဲ့အခါကျတော့ သံသယရှိတဲ့သူ အကုန်လုံး ရှာတဲ့အခါ ဖြစ်တာ လည်းဖြစ်လိမ့်မယ်"

ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတွေဆီကနေ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေက ယွမ်ငွေ ၈၀၀ ကနေ ၁၀၀၀ အထိ (မြန်မာကျပ်ငွေ ၁ သိန်း ၄ သောင်းကျော်ကနေ ၁ သိန်း ၇ သောင်းကျော်) တောင်းပြီးမှ ပြန်လွှတ်ပေးတယ် လို့လည်း မြန်မာနိုင်ငံဘက်ကနေ ရွှေလီမြို့ ပြည်ပရေးရာဌာနကို ပေးပို့တဲ့ စာထဲမှာ ပါရှိပါတယ်။

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံနယ်စပ်တွေအကြား ခရီးသွားလာမှုတွေဟာ မြန်မာ-တရုတ် နယ်စပ် ဒေသ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုစာချုပ်အရ နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူပြီးခွင့်ပြုထားတာဖြစ်ပါတယ်။

မြန်မာ- တရုတ်နယ်စပ်ကနေ နေ့စဉ်ခရီးသွားလာနေသူ ဦးရေဟာ ၅ထောင်ကနေ ၁ သောင်း လောက် အထိ ရှိနေတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရန်ကုန်၊ နိုဝင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် လှော်ကားနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်း(ပ)၁၆၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ အမှုမှ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်ခဲ့ရာ ခိုး၊ ဆိုး၊ လု၊ နှိုက် ပြစ်ချက်ဟောင်းရှိသူ ကော့မှူးမြို့နယ်နေ ခင်ညွန့်(ခ)မျိုးထက်မှ ကျူးလွန်ခြင်းဖြစ်ကြောင်း မသင်္ကာဖွယ်သိရှိရပြီး ၎င်းအား သာကေတမြို့မရဲစခန်းတွင် စက်ဘီးခိုးမှုဖြင့် ဖမ်းဆီးရမိထားကြောင်းသိရှိရသဖြင့် စစ်ဆေးခဲ့ရာ အဆိုပါ အမှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည့်အပြင် ၎င်းမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း(ပ)၆၂/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-၃၇၆/၃၆၃/၅၁၂ အမှုမှ တရားခံပြေးတစ်ဦးဖြစ်သဖြင့် ယင်းအမှုများဖြင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

၎င်းအား အခြားခိုးမှု၊ လုယက်မှုများ ကျူးလွန်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ ဇန်န၀ါရီလနှင့် မတ်လအတွင်းက မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ပန်းဘဲတန်း၊ ဒဂုံ၊ မရမ်းကုန်း၊ လှိုင်၊ မင်္ဂလာတောင်ညွန့်၊
မြောက်ဥက္ကလာပ၊ ကမာရွတ်နှင့် သင်္ဃန်းကျွန်းမြို့နယ်များ အတွင်းရှိလမ်းများ၊ နေအိမ်များ၊ ဈေးဆိုင်များ၊ အဆောက်အဦလုပ်ငန်းခွင်များအတွင်းနှင့် ရပ်ထားသောမော်တော်ယာဉ်များပေါ်မှ လက်ကိုင်ဖုန်းများ၊ ရွှေထည် ပစ္စည်းများ၊ လက်သမားသုံး လျှပ်စစ်စက်ပစ္စည်းများ၊ လက်ပ်တော့များ၊ LCD monitor ၊ flatTVများနှင့်စက်ဘီးများကို လှည့်လည်သွားလာကာ ခိုးယူခဲ့သည့်အမှု(၁၃)မှုအား ထပ်မံဖော်ထုတ်နိုင်ခဲ့ပါသည်။

ယင်းသို့ပေါ်ပေါက်ချက်များအရ သက်သေခံ ပစ္စည်းသိမ်းဆည်းကာ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် အမှုများထပ်မံဖွင့်လှစ်၍ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/



ပျက်စီးသွားတဲ့လယ်ယာမြေတွေကို ပြန်လည်ပြုပြင်ပေးဖို့ ကျောက်ဖြူမြို့ဒေသခံတွေ နိုဝင်ဘာလ ၆ ရက်နေ့ကဆန္ဒပြတောင်းဆိုနေစဉ်။ Photo: KRDA/ Facebook
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ် ယာမြေတွေကို ပြန်လည်ပြုပြင်ပေးဖို့ တရုတ် ကုမ္ပဏီဖြစ်တဲ့ CNPC ရုံးရှေ့မှာ ဒေသခံ ၁၀၀ ကျော်က မနေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ပျက်စီးသွားတဲ့လယ်ယာမြေတွေကို ပြန်လည်ပြုပြင်ပေးဖို့ နှုတ်ကတိပေးထားတာတွေရှိပေမယ့် လက်တွေ့မှာ ဘာမှလုပ်ဆောင်ပေးတာမရှိတဲ့အတွက် အခုလိုတောင်းဆိုတာလို့ ဆန္ဒပြပွဲဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဒေါ်ကြည် ကြည်နှင်းကပြောပါတယ်။

ဆန္ဒပြသူတွေဟာ ပိုက်လိုင်းမြေယာမြေအရေးဖြေရှင်းပေး၊ CNPC ကုမ္ပဏီထွက်သွား၊ ဒေသခံတွေရဲ့ အခွင့်အရေး ကို လေးစားပါစတဲ့ စာတန်းတွေပါတဲ့ ဗီနိုင်းပိုစတာတွေကိုင်ဆောင်ပြီး CNPC ရုံးရှေ့ကို ချီတက်ဆန္ဒပြခဲ့ကြတာဖြစ် ပါတယ်။

ဆန္ဒပြတောင်သူတွေဟာ ကျောက်ဖြူမြို့နယ် ဂုံးချွိန်၊ အုန်းတော၊ လိပ်ခမော်စတဲ့ကျေးရွာတွေက ဖြစ်ပါတယ်။

မလကျွန်းကနေ မဒေးကျွန်းဘက်ကိုသွယ်တန်းထားတဲ့ ပိုက်လိုင်းကြောင့် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မိုးရာသီလောက် ကစပြီး ပိုက်လိုင်းဝဲယာမှာရှိတဲ့ လယ်ယာမြေတွေကို ရွှံ့နွံတွေဖုံးလွှမ်းပြီး ပျက်စီးခဲ့တာပါ။

CNPC ကုမ္ပဏီက အဲဒီပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် သီးနှံလျော်ကြေးတွေကို ၂၀၁၄ ခုနှစ်ထိပေးခဲ့ပြီး ၂၀၁၅ ခုနှစ်ကနေ သီးနှံလျော်ကြေးငွေပေးတာကို ရပ်ဆိုင်းခဲ့ပါတယ်။

အဲဒီနောက် CNPC ကုမ္ပဏီက လယ်ယာမြေတစ်ဧကကို ကျပ်သုံးသိန်းကျော်နဲ့ ၅ နှစ်စာအတွက် ၁၇ သိန်းကျော် ကို အပြီးသတ်တစ်ခါတည်းပေးပြီး အသင့်ပါလာတဲ့ စာချုပ်ပေါ်မှာ လက်မှတ်ရေးထိုးခိုင်းတာတွေရှိခဲ့ တာကြောင့် တောင်သူ ၂၀ ကျော်က အဲဒီအစီအစဉ်ကို ငြင်းဆန်ပြီး လယ်ယာမြေတွေကိုသာ နဂိုအတိုင်းပြန် လည်ပြုပြင်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားတဲ့လယ်ယာမြေတွေကို ပြန်လည်ပြုပြင်ပေးဖို့အတွက် CNPC ရုံးရှေ့မှာ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ကလည်း ဒေသခံတွေ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အဲဒီတောင်းဆိုချက်တွေနဲ့ပဲ မနေ့က ဒုတိယအကြိမ်မြောက် ထပ်မံဆန္ဒပြတောင်းဆိုကြ တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese



တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲ ကျင်းပမှု တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)
   ရန်ကုန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

    တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို တောင်ကြီးမြို့ အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်း၌ နိုဝင်ဘာ ၆ရက်မှ စတင်၍ ၁၅ ရက် အထိ ၁၀ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ပွဲတော် ကာလတွင် ပြိုင်ပွဲဝင်မီးပုံးပျံ အလုံးရေ ၄၀၃ လုံး လွှတ်တင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ထံမှ သိရသည်။

ရှမ်းပြည်နယ် ၊ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကာလတွင် နေ့ လွှတ် အရုပ်ခြေ ၂ ချောင်း ၁၄၅ လုံး ၊ ခြေ ၄ ချောင်း ၈၇ လုံး ၊ အုပ်စု ၅၅ လုံး ၊ စုစုပေါင်း ၂၈၇ လုံး နှင့် ညမီးကြီး ၈၀ လုံး ၊ စိန်နားပန် ၃၆ လုံး ၊ စုစုပေါင်း ၁၁၆ လုံး ၊ နေ့ လွှတ် ၊ ညမီးကြီး ၊ စိန်နားပန် စုစုပေါင်း ၄၀၃ လုံး လွှတ်တင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ အတူ ပွဲတော် ကာလတွင် ရောင်စုံ ဓာတ်ပုံ ပြိုင်ပွဲများ ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် ဖွင့်ပွဲကို နိုဝင်ဘာ ၆ ရက်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက် တာလင်းထွဋ် နှင့် ရှမ်းပြည်နယ်အ စိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ် ယဉ်ကျေးမှု အဖွဲ့ ၊ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့ တို့ မှ ကိန္နရီ ၊ ကိန္နရာ အက ၊ ဓားသိုင်း အက များဖြင့် ကပြ ဖျော်ဖြေခြင်း ၊ တန်ဆောင်တိုင် သီချင်းဖြင့် ကပြ ဖျော်ဖြေခြင်း များ ပြုလုပ်ခဲ့ကြပြီး မီးပုံးပျံ အလုံးရေ ၁၅၀၀ ကျော် တစ်ပြိုင်နက် လွှတ်တင်ခြင်းများလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com



လက်နက်တိုက်ပေါက်ကွဲခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) အရှေ့ဘက်မျက်နှာစာကို တွေ့ရစဉ်။ Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် စစ်တွေမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) ဗဟိုကင်းမှာရှိတဲ့ လက်နက်တိုက် ငယ်တစ်ခု ဒီနေ့ နေ့လည်က မီးလောင်ပေါက်ကွဲခဲ့ပါတယ်။

နေ့လည် ၁၂ နာရီခွဲလောက်ကနေ ၁ နာရီခွဲလောက်အချိန်အထိ ပြင်းထန်တဲ့ပေါက်ကွဲသံတွေ တရစပ်ကြားခဲ့ရပြီး မီးခိုးလုံးကြီးတွေလည်း ထွက်ပေါ်ခဲ့တာကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ မျက်မြင်တွေကပြောပါတယ်။

ဒကစ ဗဟိုကင်းမှာရှိတဲ့ လက်နက်တိုက်ခန်း ၂ ခန်းအနက် ၁ ခန်း မီးလောင်ပေါက်ကွဲခဲ့တာဖြစ်ပြီး မီးလောက်ပေါက်ကွဲရတဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

လက်နက်တိုက်မီးလောင်မှုကြောင့် ဒကစ ဗဟိုကင်းမှာရှိတဲ့ တပ်မတော်ရဟတ်ယာဉ်တွေကိုလည်း အရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီး အခြားနေရာတွေကို မီးမကူးစက်ခင် မီးသတ်ကားတွေနဲ့ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ လည်း အခင်းဖြစ်နေရာအနီးမှာရှိနေတဲ့ ဒေသခံတွေကပြောပါတယ်။

လက်နက်တိုက်မီးလောင်ပေါက်ကွဲခဲ့တဲ့ ဒကစ ဗဟိုကင်းဟာ စစ်တွေမြို့အဝင် နာရီကန်နဲ့ ကြက်ကိုင်းတန်ကျေး ရွာကြား စစ်တွေ-ရန်ကုန် ကားလမ်းမပေါ်မှာရှိတာဖြစ်ပြီး ပတ်ဝန်းကျင်က ဒေသခံတွေကိုတော့ ထိခိုက်တာ ရှိပါဘူး။

အခင်းဖြစ်နေရာအနီးကို သတင်းယူဖို့သွားရောက်ခဲ့တဲ့ ဒေသခံသတင်းထောက်တွေကိုတော့ တပ်မတော်တာဝန် ရှိသူတွေက တားမြစ်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese



အီရတ်နိုင်ငံ တွင်ဖြစ်ပွားခဲ့သည့် အသေခံ ဗုံးခွဲမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)
    တီဟီရန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

    အီရတ်နိုင်ငံ Samarra မြို့ရှိ ကားပါကင်တစ်ခုတွင် နိုဝင်ဘာ ၆ရက်က အီရန်ဘုရားဖူးများအား အသေခံတိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ရာ အီရတ်နိုင်ငံသား ၁၀ဦးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်းဋ္ဌာန ကဖော်ပြခဲ့သည်။

IRNA ၏ ကနဦးသတင်းဖော်ပြချက်များအရ သေဆုံးသူ အီရန်ဘုရားဖူး ၇ဦး ရှိပြီး အီရန်နိုင်ငံသား ၆၁ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နောက်ထပ်ဆေးကုသမှုရန် လိုအပ်သည့် ဒဏ်ရာရရှိသူ အချို့အား အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်မြို့သို့  ပြောင်းရွှေ့ပေးခဲ့ကြောင်း Samarra မြို့ ဘာသာရေးကျောင်းတော်များ ပြန်လည်ပြုပြင်ရေး အီရန်နိုင်ငံကိုယ်စားလှယ် Mousa Esmaeili က IRNA သို့ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ ရှိ အီရန်သံရုံးမှ သံတမန်အဖွဲ့များသည် ဒဏ်ရာရရှိသူများအား အီရန်နိုင်ငံသို့ ရွှေ့ပြောင်းပေးရန် Samarra မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူ Bahram Qasemi က အီရတ်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၆ရက် အကြမ်းဖက်မှုအား ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး အီရန်နိုင်ငံသည် အီရတ်နိုင်ငံ နှင့် နိုင်ငံသားများ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ၌ ၎င်းတို့နှင့် အတူ ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ Salahudin ပြည်နယ် တွင် နိုဝင်ဘာ ၆ရက်က ဗုံးပေါက်ကွဲမှု နှစ်ခု နှင့် သေနတ်ပစ်ခတ်မှု များကြောင့် အီရန်ဘုရားဖူးများအပြင် လူ ၄၃ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ လုံခြုံရေး သတင်းရင်းမြစ်တစ်ခု က ဆင်ဟွာသို့ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com