11/13/16

Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင် ကို တာမွေမြို့နယ် တရားရုံးမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ် Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင် ကို တာမွေမြို့နယ် တရားရုံးမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

Eleven Media Group က တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုထားတဲ့ အမှုတွေကို ပြန်လည် ရုတ်သိမ်းဖို့ စီစဉ်နေတယ်လို့ Eleven Media Group ရဲ့ သတင်းထောက်ချုပ် ကိုမာန်သူရှိန် က ပြောပါတယ်။

သက်ဆိုင်ရာရဲစခန်းတွေကို မနေ့က သွားရောက်အကြောင်းကြားထားပြီး ဖြစ်တယ်လို့ သတင်းထောက်ချုပ် ကိုမာန်သူရှိန် က ပြောပါတယ်။

" ပြန်ရုတ်သိမ်းဖို့ စီစဉ်နေပါပြီ၊ ကျနော်တို့ ဒီသက်ဆိုင်ရာရဲစခန်းတွေကိုတော့ လူကိုယ်တိုင်သွားပြီး ပြောပြီး သွားပြီပေါ့နော်၊ ကျွန်တော်တို့ မနေ့ကထဲက သွားပြောထားတယ်၊ ဒီမှာ လိုနေတာလေးက စာရေးပြီးတော့ တစ်မှုချင်းကို ပြန်ပြီးတော့ တစ်ရွက်ချင်း ပြန်တင်ရမှာမို့လို့ အဲဒါလေး ဆောင်ရွက် နေပါတယ်" လို့ ပြောတာဖြစ်ပါတယ်။

Eleven Media Group က မြို့နယ်ရဲစခန်းတွေမှာ တိုင်ကြားထားတဲ့ အမှုတွဲပေါင်း ဘယ်လောက် ရှိတယ်ဆိုတာကို အတိအကျမပြောနိုင်သေးဘူးလို့လည်း ကိုမာန်သူရှိန် က ပြောပါတယ်။

လက်ရှိ Eleven Media Group အမှုဆောင် အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင် နဲ့ Daily Eleven အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ဟာ ပုဒ်မ ၆၆(ဃ) နဲ့ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရပါတယ်။
သူတို့နှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက တရားလိုလုပ်ပြီး စွဲဆိုထားတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က တာမွေမြို့နယ်တရားရုံးမှာ ဖမ်းဆီးခံခဲ့တဲ့ ဒေါက်တာ သန်းထွဋ် အောင် က ပုဒ်မ ၆၆ ဃ မရှိသင့်ကြောင်း ပြောခဲ့ပါတယ်။
RFA



ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် မှာ ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မွေးစားအမေက တုတ်အပါအဝင် ချွန်ထက်တဲ့အရာတွေနဲ့ နှစ်ပေါင်းများစွာ ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိတာကြောင့် ရပ်ရွာလူထုက အမှုဖွင့်တိုင်ကြားထားပါတယ်။

ဒီသတင်းကို သော်ဇင်မျိုးက ပေးပို့ထားတာပါ။
DVB TV -



နိုဝင်ဘာလ ၈ ရက် အင်္ဂါနေ့က ကျင်းပပြီးစီးသွားခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကတော့ အောင်အောင်မြင်မြင်ပဲပြီးဆုံးသွားခဲ့ပါပြီ။ ရီပတ်ဘလစ်ကန်ပါတီရဲ့သမ္မတ လောင်းဖြစ်တဲ့ ဘီလျံနာသူဋ္ဌေးကြီး ဒေါ်နယ်ထရမ့်က ရေပန်းစား လူကြိုက်များခဲ့သလို ရွေးကောက်ပွဲ မကျင်းပ ခင်ကလေးအထိ အသာစီးရထားတဲ့ ဒီမိုကရက်တစ်ပါတီရဲ့သမ္မတလောင်း ဖြစ်တဲ့ သမ္မတ ကတော် ဟောင်းနဲ့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း မစ္စ ဟီလာရီ ကလင်တန်ကို အနိုင်ရအောင်ပွဲခံခဲ့တဲ့ အတွက် အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတ ဖြစ်လာပါတော့မယ်။

ရွေးကောက်ပွဲနေ့မတိုင်ခင်အထိ ဒေါ်နယ်ထရမ့်ထက် ၄ ပွိုင့် အသာစီးရထားခဲ့တဲ့ မစ္စဟီလာရီ ကလင်တန်ဟာ တကယ့်ရွေးကောက်ပွဲနေ့မှာတော့ သမ္မတဖြစ်ဖို့ လိုအပ်တဲ့ ကိုယ်စလှယ်မဲ ၂၇၀ မှာ၂၃၂ မဲပဲရရှိ ခဲ့ပြီး မစ္စတာ ဒေါ်နယ်လ်ထရမ့်ကတော့ ၂၉၀ မဲအထိရရှိပြီး အနိုင်ရှိ သွားတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပုံ စနစ်အရ (Electoral College) လို့ခေါ်တဲ့ကိုယ်စားလှယ် မဲအရ မစ္စတာ ဒေါ်နယ်ထရမ့် က မစ္စဟီလာရီ ကလင်တန်ကို အနိုင်ရ သမ္မတဖြစ်သွားပေမယ့် (Popular Vote)လို့ခေါ်တဲ့ လူထုမဲ အရတော့ မစ္စ ဟီလာရီကလင်တန်က ၆၀၁၃၇၂၀၀ ရရှိခဲ့ပြီး မစ္စတာဒေါ်နယ်ထရမ့်ကတော့ ၅၉၈၂ရ၀၆၀ ရရှိခဲ့တဲ့အတွက် လူထုမဲမှာတော့ မစ္စဟီလာရီကလင်တန်က ပိုပြီးရရှိခဲ့တာတွေ့ရပါတယ်။ လွယ်လွယ်ပြောရရင်တော့ လူထုထောက်ခံမဲ ပိုများခဲ့တယ်လို့ပြောရမှာပါပဲ။

ဒါကလည်း သူတို့ ၂ ယောက်ရဲ့မဲဆွယ်စည်းရုံးရေးကာလအတွင်း ဒေါ်နယ်ထရမ့်ရဲ့မဲဆွယ်စည်းရုံးရေးပွဲ အတော်များများမှာ လူထု ကန့်ကွက်မှုတွေဖြစ်ခဲ့လို့ သူ့ကို ထောက်ခံသူတွေနဲ့ သူ့ကိုကန့်ကွက်သူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ရတာတွေ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာတွေကို ပြန်ကြည့်ရင် မစ္စတာဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးပွဲတွေအတွင်း သူပြောကြားခဲ့တဲ့ အပြောတွေ၊ သူ့ရဲ့ အတွေးအခေါ်တွေကို ပြည်သူလူထုအတော်များများက သဘောမကျ၊ လက်မခံနိုင်ဖြစ်ခဲ့တယ်ဆိုတာကို အထင်အရှားတွေ့ခဲ့ရပါတယ်။ နှိုင်းယှဉ်မှုအရ ပြောရရင်တော့ မစ္စဟီလာရီကလင်တန်ရဲ့ အတွေ့အကြုံ အပြောအဆိုနဲ့ တွေးမြင်ယုံကြည်မှုတွေကို အမေရိကန်ပြည်သူလူထု အတော်များများက ပိုပြီး သဘောကျ လက်ခံတယ်လို့ပြောရင် မမှားဘူးလောက်ဘူးလို့ထင်ပါတယ်။

ဒီလိုပဲ ကမ္ဘာတ၀ှမ်းက နိုင်ငံရေး စိတ်ဝင်စားကြတဲ့ ပြည်သူလူထုတွေကို စစ်တမ်းကောက်ယူမယ်ဆိုရင်လည်း မစ္စဟီလာရီ ကလင်တန်ကို အမေရိကန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ တယောက်ဖြစ်စေချင်၊ သမ္မတအဖြစ် မြင်ချင်ကြတဲ့သူ အရေအတွက်က ပိုပြီးများမယ်လို့ထင်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲစည်းစနစ်အရ လွတ်လွတ်လပ်လပ် တရားမျှမျှတတ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲ ရလဒ် အရတော့ မစ္စတာ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံရဲ့ ၄၅ ယောက် မြောက်သမ္မတဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

မစ္စတာ ထရမ့်က သူ့ရဲ့ အောင်ပွဲရ ပထမဆုံးမိန့်ခွန်းမှာ သူ့ကိုထောက်ခံသူတွေကို ကျေးဇူးတင်စကား ပြောရာမှာ ၀န်ကြီးဟောင်း မစ္စကလင်တန်က သူ့ကို မကြာခင်ကလေးကပဲ ဖုန်းဆက်ပြီးသူ့ရဲ့အောင်ပွဲကို ချီးကျူးဂုဏ်ပြုစကားပြောခဲ့သလို သူကလည်းမစ္စကလင်တန်ရဲ့ မိသားစုရဲ့ခက်ခဲရုန်းကန်ခဲ့ရတဲ့ မဲဆွယ်စည်းရုံးရေးတွေအတွက် ချီးကျူးဂုဏ်ပြုခဲ့တဲ့ အကြောင်းထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ သူ့ရဲ့စကားထဲမှာ “ကျနော် ရိုးရိုးသားသား ပြောတာပါ။ အခုအချိန်ဟာ အမေရိကဟာ ကွဲပြဲနေတဲ့ဒဏ်ရာ တွေကိုပြန်ချုပ်ရမယ့် အချိန်ပါ။ စုစည်းကြရမှာပါ။ တနိုင်ငံလုံးမှာရှိတဲ့ ရီပတ်ဘလစ်ကန်တွေ၊ ဒီမိုကရက်တွေနဲ့ တသီးပုဂ္ဂလတွေ အားလုံးကို ကျနော်ပြောပါရစေ။ ဒီအချိန်ဟာ ကျနော်တို့တွေအတွက် တစုတည်း ညီညွတ်စည်းလုံးတဲ့ ပြည်သူလူထုအဖြစ် ပေါင်းစည်းရမယ့် အချိန်ပါ” “အခု ကျနော်တို့ တိုင်းပြည်အတွက် ကျနော်လုပ်ပေးချင်တာတွေ လုပ်မယ့်အချိန်ပါ။ ကြီးမားတဲ့စွမ်းပကား ကြီးပါ။ ကျနော်တို့တိုင်းပြည်ရဲ့အကြောင်း ကျနော်ကောင်းကောင်းသိလာပါပြီ။ ကြီးမားတဲ့စွမ်းပကားကြီးပါ။ အဲဒါဟာလှပတဲ့ အရာတခုဖြစ်လာတော့မှာပါ။ အမေရိကန်တိုင်းဟာ သူတို့ရဲ့ အပြည့်ဝဆုံး စွမ်းပကားတွေကို သိမြင်နားလည်ဖို့ အခွင့်အရေးရလာပါတော့မယ်။ ကျနော်တို့နိုင်ငံမှာ အမေ့လျော့ခံထားခဲ့ကြရတဲ့ အမျိုးသား၊ အမျိုးသမီးတွေ အားလုံးဟာ ဆက်ပြီးမေ့လျော့ခံကြရတော့မှာ မဟုတ်ပါဘူး” လို့ထည့်သွင်းပြော သွားတာကိုတော့ ထောက်ခံရမယ့် စကားလို့ ပြောရမှာပါပဲ။

အပြောနဲ့လက်တွေ့ညီညွတ်ပါ့မလားဆိုတာကတော့ စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။ ကဲ မစ္စတာထရမ့်နဲ့ သူ့ကိုယ်စားလှယ်တွေ ၂၀၁၆ ခုနှစ်သမ္မတ မဲဆွယ်စည်းရုံးရေးပွဲတွေမှာ၊ မီဒီယာ အင်တာဗျူးတွေမှာနဲ့ မဲဆွယ်စည်းရုံးရေး ၀က်ဘ်ဆိုက်တွေမှာ ဘာတွေ လုပ်ပေးမယ်လို့စည်းရုံး ပြောဆိုကတိပေးသွားခဲ့ ထိပ်တန်းကတိစကား (၁၀) ခုကိုကြည့်ကြရအောင်ပါ။

(၁) “တံတိုင်းတခု တည်ဆောက်ရန်” (မက်ဆီကို အစိုးရ ကုန်ကျစရိတ်နဲ့) အမေရိကန်နိုင်ငံ တောင်ပိုင်းနယ်စပ် အမေရိကန်-မက်ဆီကို နယ်စပ်မှာ မဟာတံတိုင်းကြီးတခုတည် ဆောက်ပြီး မက္ကဆီကိုအစိုးရကို ကုန်ကျစရိတ် ကျခံခိုင်းဖို့။

(၂) မွတ်စလင်တွေကို အမေရိကန် နိုင်ငံတွင်းဝင်ရောက်ခွင့် ယာယီ ပိတ်ပင်ထားဖို့။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ဆန်ဘာနာဒီနို, ကာလစ်ဖ်မှာ အကြမ်းဖက်ပစ်ခတ်မှုအပြီးမှာ ထရမ့်က မွတ်စလင် တွေ အမေရိကန် နိုင်ငံထဲဝင်ရောက်တာကို လုံးဝ အပြီးတိုင်ပိတ်ပင် ပစ်ဖို့ တောင်းဆိုခဲ့ပါတယ်။

(၃) ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို ပြန်လည်တိုးမြှင့်ဖို့။ ထရမ့်က ထပ်ပြန်တလဲ ထုတ်လုပ်မှု အမျိုးမျိုးနဲ့ ကုန်ထုတ်လုပ်ငန်းတွေ ပြန်ပြီးရှင်သန်အောင်လုပ် ပေးမယ်။ ထရန်စ်ပစ္စိဖိတ် ပတ်တနာရှစ်ပ် (TPP)ကနေ ထွက်ပစ်မယ်။ နက်ဖ်တာ(NAFTA) ကစီးပွားဖက်တွေကို သူ့အနေနဲ့ သဘောတူညီ သတ်မှတ်ထားတဲ့ အချက်တွေကို အမြန်ပြန်လည်ညှိနှိုင်းဖို့ ပြောပြီး သူ့နိုင်ငံက အလုပ်သမားတွေအတွက် ပိုပြီးကောင်းမွန်တဲ့ အပေးအယူဖြစ်လာအောင်လုပ်မယ်။ တရားဝင် ရရှိထားတဲ့ သမ္မတအာဏာကို အသုံးပြုပြီးကုန်သွယ်ခွန် ပြဋ္ဌာန်းသတ်မှတ်တာ အပါအ၀င် ကုန်သွယ်ရေး အငြင်းပွားမှုတွေကို ပြေပျောက်အောင်လုပ်ပေးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

(၄) တရုတ် နဲ့ မက္ကဆီကို နိုင်ငံတွေက ကုန်ပစ္စည်းတွေ ပေါ်မှာသွင်းကုန်ခွန်တွေ ချမှတ်မယ်။ သူက အဲဒီ နိုင်ငံတွေက သွင်းကုန်ပစ္စည်းတွေအပေါ် အခွန်ငွေကို ပိုပြီးမြှင့်တင် ကောက်ခံမယ်လို့ပြော ခဲ့တာပါ။အမေရိကန် ကုန်သွယ်ရေး ကိုယ်စလှယ်ဖြစ်ခဲ့တဲ့ ၀ါရင်မာရူရာမ ကတော့ သမ္မတအနေနဲ့ အဲဒီလို သွင်းကုန်ခွန် တိုးကောက်ဖို့ကုန်သွယ်ရေး ဥပဒေတွေ ပြဋ္ဌာန်းနိုင်ခွင့်ရှိပေမယ့် အဲဒီလိုလုပ်လိုက်ရင် ကုန်သွယ်ရေးစစ်ပွဲဖြစ်လာပြီး အလုပ် ထောင်သောင်းချီပြီး ဆုံးရှုံးရနိုင်တယ်လို့ ကောက်ချက်ချခဲ့တာရှိပါတယ်။

(၅) NEFTA နဲ့ TPP တွေကို ပြန်လည် ညှိနှိုင်းဆွေးဆွေးနွေး၊ ဒါမှမဟုတ် နုတ်ထွက်ဖို့။ ဒီကိစ္စမှာလည်း ကျွမ်းကျင်သူတွေက အမေရိကန်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်တွေ ပိုပြီးတိုးများလာနိုင်စရာ မရှိနိုင်လောက်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

(၆) သမ္မတ အိုဘာမားရဲ့ စောင့်ရှောက်မှုတွေကို လုံးဝ ရုတ်သိမ်းပြီး ဈေးကွက်အခြေပြု တခြားရွေး ချယ်စရာ တခုနဲ့အစားထိုးဖို့။

(၇) အီရန်နဲ့ ဆက်ဆံရေးကို ပြန်ပြီးညှိနှိုင်းဆွေးနွေးဖို့။ ဒီကိစ္စကို ထရမ့်က အီရန်ဘက်က ဒီကိစ္စကို ပြန်ပြီးဆွေးနွေးတော့မှာမဟုတ်ဘူးလို့ ပြောဆိုထားခဲ့ပေမယ့် အီရန်နဲ့ ဆက်ဆံရေးကို ပြန်လည်ညှိနှိုင်းဖို့လို့ စမ်းပြောကြည့် လိုက်ရုံပဲ ပြောခဲ့ပါတယ်။ ဒါကလည်းထရမ့်အနေနဲ့ ဒီကိစ္စကို ဘာမှ ထဲထဲဝင်ဝင် နားလည်ထားတာ မရှိခဲ့လို့ဖြစ်မယ်ဆိုတာက သေချာသလောက်ပါပဲ။

(၈) လူမှုလုံခြုံရေးကိစ္စတွေကို ရှိနေတဲ့ အခြေအနေအတိုင်းထားဖို့။ ထရမ့်က သက်ပြည့်ပင်စင်နဲ့ အကျိုးခံစားခွင့်တွေကို ဒီအတိုင်းပဲထားပေးဖို့ ကတိပြုပြောကြားခဲ့ပါတယ်။

(၉) အခွန်ဖြတ်တောက်ဖို့။ ထရမ့်က လူတိုင်းအခွန်ဖြတ်တောက် ခွင့်ရ ရမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့မဲဆွယ်စည်းရုံးရေး ကာလထဲမှာ သူက အခွန်ကိစ္စ အသေးစိတ်ကတော့ အပြောင်းအလဲ အရပဲဖြစ်လိမ့်မယ်။ သူ့အနေနဲ့ မကြာခင် မူဝါဒအသစ်ကို ထုတ်ပြန်ကြေညာပေးမယ်လို့ ပြောသွားခဲ့ပါတယ်။ ဒါကလည်း သူ့အနေနဲ့ အခွန်ကိစ္စမှာ ထဲထဲဝင်ဝင် မသိသေးတဲ့ အတွက် နောက်ပိုင်းမှာမှ မူဝါဒထုတ်ပြန်ပေးမယ်လို့ ပြောလိုက်တာဆိုတာကလည်း နားလည်ပေးလို့ ရပါတယ်။

(၁၀) အိုင်အက်စ်တွေဆီက လောင်စာဆီကို ရအောင်ယူမယ်။ ဒါမှမဟုတ် ဗုံးခွဲ တိုက်ခိုက်ပစ်မယ်။ ထရမ့်က ဆယ်စုနှစ် တခုလောက်ကြာနေပြီဖြစ်တဲ့ စိတ်ကူးတွေးမြင်မှုမှာ ပြန်လည်ပေးချေမှုအဖြစ် အရှေ့အလယ်ပိုင်းက ရေနံတွေကို သိမ်းပိုက်ရယူ လို့ရအောင်လုပ် လိုက် မယ်လို့ စဉ်းစားထားခဲ့တယ် လို့ယူဆရပါတယ်။ ကျွမ်းကျင် ပညာရှင်တွေရဲ့ ဝေဖန်သုံးသပ်ချက်တွေကို ကြည့်ရင် အများစုတွေ့ရတာကတော့ သမ္မတ တယောက်ဖြစ်လာရင် မစ္စတာ ထရမ့်အနေနဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာအရ လုပ်နိုင် မှာဖြစ်ပေမယ့် မဖြစ်နိုင်တာတွေ ပြဿနာ ပေါ်စရာ၊ အကျိုးယုတ်စရာတွေ တွေ့ကြုံလာရ နိုင်ခြေရှိတယ် ဆိုတဲ့ ဝေဖန်သတိပေးချက်တွေကို တွေ့ရပါတယ်။ ကောလင်းစ် အင်္ဂလိပ် အဘိဓာန်က ထရမ့်(trump) ဆိုတာကို သာမန်အရပ်သုံးအရ ကောင်းမွန်စိတ်ချ အားထားရတဲ့ သူလို့ အဓိပ္ပာယ်ဖွင့်ဆိုထားချက် အရ ခု ၄၅ ယောက်မြောက် အမေရိကန်သမ္မတ ဖြစ်လာမယ့် မစ္စတာ ဒေါ်နယ်ထရမ့်ဟာ ထရမ့် တကယ်ရောဖြစ်လာနိုင်ပါ့မလား ဆိုတာကိုတော့ မကြာခင် တွေ့လာရမှာပဲဖြစ်ပါတယ်။ ။

စိုးနေလင်း
DVB TV News


 ဧရာဝတီတိုင်း အိမ်မဲမြို့နယ် လူကောင်းကျွန်းကျေးရွာမှာ ဒဏ်ရာတွေနဲ့ ၁၃ နှစ်အရွယ် မိန်းကလေးငယ်တဦး ခြုံအတွင်းပုံးအောင်းနေတာကို တွေ့ရှိမေးမြန်းရာကနေ မွေးစားအမေက တုတ်၊ ချွန်ထက်တဲ့အရာတွေနဲ့ နှိပ်စက်ခဲ့ကြောင်း သိရလို့ ရပ်ရွာလူထုက မခံမရပ်နိုင်ဖြစ်ပြီး နိုင်ဝင်ဘာ ၁၂ ရက်နေ့က လူကောင်းကျွန်းရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။

လူကောင်းကျွန်းကျေးရွာက ဦးဝင်းထိုက် နဲ့ ဒေါ်စန်းစန်းမော်တို့က အဲဒီမိန်းကလေး ၄ နှစ်အရွယ်မှာ ခေါ်ယူမွေးစားခဲ့တာဖြစ်ပြီး မိဘအရင်းတွေက ကွယ်လွန်သွားပြီလို့ သိရပါတယ်။

မိန်းကလေးငယ်ဟာ ပညာရေးပိုင်းမှာ အဆင့် တစ်နှစ် အမြဲရရှိတဲ့အထိ ထူးချွန်ခဲ့ပေမယ့် ၄ တန်းအထိသာ ကျောင်းနေခွင့်ရခဲ့ပါတယ်။ အရင်ကလည်း ညှဉ်းပန်းနှိပ်စက်တဲ့ အသံတွေကြားတာကြောင့် မွေးစားမိဘတွေကို ခံဝန်ထိုးခိုင်းထားတာလည်းရှိခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေမှူး ဦးပြုံးချိုက ပြောပါတယ်။

“အမြဲလိုလို နှိပ်စက်ခံနေရပြီး ငိုတဲ့အခါမှာ ပိုမိုရိုက်နှက်လေ့ရှိတယ် ကျောင်းတက်ချင်ပေမယ့် မပြောရဲဘူး” လို့ အဲ့ဒီမိန်းကလေးငယ်က ပြောပါတယ်။

မိန်းကလေးငယ်အနေနဲ့ ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့် ၇ ကြိမ်တိုင်ထွက်ပြေးခဲ့ကြောင်း၊ ဒီတခေါက် မိန်းကလေးငယ်ကို စစ်ဆေးကြည့်ရာမှာ လက်နဲ့ နားရွက်တွေမှာ ရေနွေးပူနဲ့လောင်းထားတဲ့ အမာရွတ်တွေ နဖူးကို တုတ်နဲ့ရိုက်ထားတဲ့ဒဏ်ရာတွေ၊ ခေါင်းကို ရိုက်နှက်ထားလို့ ဆံပင်ပြန်မပေါက်တော့တဲ့နေရာတွေနဲ့ တင်ပါးကို အပ်နဲ့ခြစ်ထားတာ၊ ဆီးခုံကို ဓားနဲ့ပေါက်ထားတဲ့ ဒဏ်ရာတွေ တွေ့ရှိခဲ့ရကြောင်း၊ ဒဏ်ရာတွေမှာ လက်သန်းလုံးလောက်အပေါ်ကို သီးထနေတဲ့ အမာရွတ်တွေကို တွေ့ရတယ်လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးစားရေး ဒေါ်အေးငြိမ်းကပြောပါတယ်။

မိန်းကလေးငယ်ကို နေပူလှန်းတာ ရေထဲကန်ချတာ ရိုက်နှက်တာတွေကို မျက်မြင်တွေ့ရှိခဲ့ရတယ်လို့လည်း ဒေါ်စန်းစန်းမော်ရဲ့ အစ်ကိုအရင်းဖြစ်သူကပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ဦးဝင်းထိုက် နဲ့ ဒေါ်စန်းစန်းမော်တို့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ကလေးငယ်ကိုတော့ မြောင်းမြပြည်သူ့ဆေးရုံကို ပို့ဆောင်စစ်ဆေးနေပြီး မွေးစားအမေ ဒေါ်စန်းစန်းမော်ကို လူကောင်ကျွန်းနယ်မြေရဲစခန်းက (ပ)၂၁/၂၀၁၆ ပုဒ်မ ၂၉၄ ၊ ၃၂၅ ၊ ၃၂၆ တို့နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ ယာယီစခန်းမှုး ဒုရဲအုပ်ကံမင်းက ပြောပါတယ်။

သတင်းဓာတ်ပုံ – သော်ဇင်မျိုး
DVB TV News



အမေရိသမ္မတရွေးပွဲကာလအတွင်း ဒေါ်နယ်လ်ထရမ့် အနိုင်ရဖို့ အဆောင်လက်ဖွဲ့ ပေးခဲ့ကြောင်း လက်စတာ ဘုန်းကြီး ဖရာပရွမ်မန်ကလချန်က မိန့်ကြားလိုက်ကြောင်း နိုဝင်ဘာလ ၁၃ ရက်နေ့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဝက်တရိုင်မစ်ဝစ်သာရာရမ် ကျောင်းထိုင်ဘုန်းကြီးရဲ့ လက်ထောက်ဖြစ်သူ ချာအိုခွန်သောင်ချိုင်လို့ လူသိများတဲ့ ဘုန်းကြီးက ဘန်ကောက်မြို့မှာ အမျိုးသမီးအဝတ်အထည်ဆိုင်ဖွင့်ထားတဲ့ သာသနီစီရီယမ်လို့ခေါ်တဲ့ ဒကာမကတစ်ဆင့် မစ္စတာ ထရမ့်ကို အဆောင်လက်ဖွဲ့ ပေးခဲ့တယ်လို့ ဆိုပါတယ်။

မစ္စစ်သာနီဟာ အီကွေဒေါနိုင်ငံမှာ ကျင်းပတဲ့ ၂၀၀၄ ခုနှစ် မယ်စကြာဝဠာပွဲမှာ ထရမ့်နဲ့ တွေ့ဆုံသိရှိခဲ့တာဖြစ်ပြီး ဘုန်းကြီးအနေနဲ့ မစ္စတာထရမ့်ကို ဆုမွန်ကောင်းတောင်းပေးစေချင်ကြောင်း မစ္စစ်သာနီက ပြောခဲ့ပါတယ်။

ဘုန်းကြီးက ဒီအဆောင်လက်ဖွဲ့ ခရမ်းရောင်အဝတ်စပေါ်မှာ အင်္ဂလိပ်စာလုံးနဲ့ “သမ္မတ ယူအက်စ်အေ ထရမ့် ကံကောင်းပါစေ၊ နိုင်ပြီ နိုင်ပြီ နိုင်ပြီ” စတာတွေကို ရေးခဲ့ပြီး သမ္မတရွေးပွဲမတိုင်ခင် သြဂုတ် ၂၉ ရက်နေ့ကတည်းက ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဘုန်းတော်ကြီးက အမေရိကန်နိုင်ငံရဲ့ သမ္မတအသစ်အနေနဲ့ မစ္စတာထရမ့်လို့ပဲ သူခံစားမိကြောင်း၊ ဒါပေမယ့် လူတွေက ကိုယ့်ရဲ့ဘဝကို သတိနဲ့ဖြတ်သန်းရမှာမို့ အယူသည်းမှုတွေကို အလွန်အကျွံ မဖက်တွယ်ဖို့လည်း တိုက်တွန်းထားပါတယ်။

ဘုန်းတော်ကြီး ချာအိုခွန်သောင်ချိုင်က ထိုင်းနိုင်ငံသားပိုင် လက်စတာမြို့ဘောလုံးအသင်းကို ၂၀၁၆ ခုနှစ်မှာ အင်္ဂလိပ်ပရီမီးယာလိဂ်ဖလားကို အနိုင်ရမယ်လို့ ဆုတောင်းဟောကြားခဲ့လို့ လက်စတာ ဘုန်းကြီးလို့ ကမ္ဘာကျော်လူသိများခဲ့တာပါ။

ဘောလုံးပွဲကာလ အစောပိုင်းမှာ ဘုန်းကြီးက လက်စတာဘောလုံးအသင်းသားတွေကို စာရေးသားထားတဲ့ အဆောင်လက်ဖွဲ့တွေပေးပြီး ဆုတောင်းပေးခဲ့တာပါ။

ထိုင်းလူမျိုးအများစုက ဘုန်းကြီးရဲ့ ဆုတောင်းနဲ့ အဆောင်လက်ဖွဲ့တွေကြောင့် လက်စတာဘောလုံးအသင်းက အနိုင်ရခဲ့တာလို့ ယူဆကြပေမယ့် သူရဲ့စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုဟာ အသင်းအနိုင်ရဖို့အတွက် တစ်စိတ်တစ်ပိုင်းသာဖြစ်တယ်၊ အမှန်ကတော့ ကြိုးစားအားထုတ်မှုရဲ့ ရလဒ်တွေကြောင့်သာ အသင်းက အနိုင်ရခဲ့တာလို့ ဘုန်းကြီးက မိန့်ပါတယ်။
DVB TV News


ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျေးရွာ ၃ ရွာမှာ မီးလောင်မှုနဲ့ ဆက်စပ်ပြီး ပျက်စီးသွားတဲ့ အဆောက်အဦး ၄၃၀ လောက်ရှိနေကြောင်းနဲ့ အဲဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂကို ဖိတ်ခေါ်သင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ HRW က ဒီကနေ့ ရက်စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

အဲဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး HRW အဖွဲ့ရဲ့ အာရှတိုက်ဆိုင်ရာ ဒုတိယ ဒါရိုက်တာ Mr. Phil Robertson က အခုလို ပြောပါတယ်။

"မောင်တောမြို့နယ်က ကျေးရွာ ၃ ရွာမှာ အဆောက်အဦး ၄၃၀ ဖျက်ဆီးခံထားရတာ တွေ့ရှိ ထားပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်တပ်တွေ အတိုက်အခိုက်ခံရပြီး နောက်ပိုင်း နယ်မြေရှင်းလင်းရေးအတွင်း ဖြစ်ပျက်ခဲ့တာပါ။ နယ်မြေရှင်းလင်းမှုတွေအတွင်း ညှင်းပန်းနှိပ်စက်မှုတွေ ၊ ဖမ်းဆီးမှုတွေ ၊ အဓမ္မပြုကျင့်မှုတွေရှိတယ်လို့လည်း စွပ်စွဲပြောဆိုမှုတွေ ရှိနေပါတယ်။ ဂြိုလ်တုကရိုက်ကူးတဲ့ မှတ်တမ်းတွေ့ရှိချက်တွေအရဆိုရင် အဲဒီကျေးရွာ ၃ ရွာမှာ ဆိုးဆိုးဝါးဝါး မီးရှို့ဖျက်ဆီးခံထားရတာတွေ ရှိနေပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂက တာဝန်ယူသင့်ပါတယ်" လို့ပြောတာဖြစ်ပါတယ်။

မောင်တောမြို့နယ်က ပြောင်ပိုက် ခေါ် (ငါးစားကြူး)ရွာမှာ အဆောက်အဦး ၈၅လုံး ၊ ကြက်ရိုးပြင် ကျေးရွာမှာ ၂၄၅ လုံးနဲ့ ၀ပိတ်ကျေးရွာမှာ အဆောက်အဦး ၁၀၀ ဟာ မီးလောင်မှုကြောင့် ဆက်နွယ်ပြီး ပျက်စီးသွားတာလို့ HRW က ဂြိုလ်တုကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေနဲ့ ဖေါ်ပြထားတာဖြစ်ပါတယ်။

HRW ရဲ့အစီရင်ခံစာအပေါ် မြေပြင်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က အခုလို ပြောပါတယ်။

မနေ့က နိုဝင်ဘာလ ၁၂ ရက်နေ့က တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ နယ်မြေရှင်း လင်းရာမှာ ပွင့်ဖြူချောင်းကျေးရွာမှာ ရောက်ရှိစဉ် တိုက်ခိုက်ခံရတဲ့အတွက် စစ်ကြောင်းမှူး ၁ ဦးနဲ့ တပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီကျေးရွာမှာ တုတ်၊ ဓါးတွေ ကိုင်ဆောင်ထားတဲ့ ရွာသူ ရွာသား ၅၀၀ လောက် က အယောင်ပြပြီး စစ်ကြောင်းကို ၀ိုင်းခဲ့ကြောင်းနဲ့ အဲဒီအချိန်မှာ အလစ်အငိုက် ပစ်ခတ်ခံရတာ ဖြစ်ကြောင်း၊ မြေပြင်မှာ အကြမ်းဖက်သမားတွေနဲ့ ရွာသားတွေကို ခွဲခြားဖို့ ခက်ခဲကြောင်း ဦးဇော်ဌေး က ပြောပါတယ်။

မနေ့က မောင်တောမြို့နယ် မောင်နှစ်မတောင်ကျေးရွာအ၀င်နားမှာ နယ်ခြားစောင့် ရဲကွပ်ကွဲမှု ဌာနချုပ်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေ စီးနင်းလာတဲ့ ကား ၃ စီးကို လက်လုပ်မိုင်းတစ်လုံးနဲ့ ဖေါက်ခွဲခဲ့ပြီး ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ မြ၀တီက သတင်းထုတ်ပြန်ထားပါတယ်။

Photo: Human Rights Watch

( မီးရှို့ဖျက်ဆီးခံထားရတဲ့ ရွာတွေကို HRW က ဂြိုလ်တုကနေ ရိုက်ကူးထားတာကို တွေ့ရစဉ် )
RFA

ပေါ့တ်လန် နိုဝင်ဘာ ၁၂

အမေရိကန် သမ္မတသစ်အဖြစ် ရွေးကောက် ခံရသည့် ဒေါ်နယ်ထရမ့်ပ်အား ဆန့်ကျင်သည့် ဆန္ဒပြပွဲများ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် ဖြစ်ပွားနေစဉ် တွစ်တာဝက်ဘ်ဆိုက်ပေါ်၌ ၎င်းအားလုပ်ကြံသတ်ဖြတ်ရန် တောင်းဆိုမှု များ မြင့်တက် လာကြောင်း သိရသည်။

အဆိုပါ တောင်းဆိုမှုများသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက နဗားဒါးပြည်နယ် ရီနိုမြို့၌ နောက်ဆုံးမဲဆွယ် စည်းရုံးစဉ် အော်စတင်ကရေ့စ်အမည်ရှိ အမျိုးသားတစ်ဦးက သေနတ်ဟု အော်ဟစ်ခြင်းကြောင့် လုံခြုံရေးများက ထရမ့်ပ်အား စင်မြင့်အထက်မှ ဘေးလွတ်ရာသို့ ခေါ်ဆောင်သွားပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်းဖြစ် သည်။ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ယင်းအမျိုးသားအား ရှာဖွေမှုများ လုပ်ဆောင်သော်လည်း မည်သည့် လက်နက်တစ်စုံတစ်ရာမျှ တွေ့ရှိခဲ့ခြင်း မရှိဟု Washington Post သတင်းစာက ဖော်ပြသည်။

နိုဝင်ဘာ ၈ ရက်တွင်ကျင်းပသည့် သမ္မတရွေးကောက်ပွဲတွင် ထရမ့်ပ်ကပြိုင်ဘက် ဟီလာရီကလင်တန်အား မမျှော်လင့်ဘဲ အနိုင်ရရှိပြီးနောက် ရွေးကောက်ပွဲပြီးဆုံးချိန်မှ စ၍ နိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ထရမ့်ပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားလျက် ရှိသည်။

အလားတူ အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်မြို့၌ နိုဝင်ဘာ ၁ဝ ရက်တွင် ပြည်သူ ၄ဝဝဝ ခန့်က ထရမ့်ပ်ဆန့်ကျင်ရေး ဆန္ဒပြမှုတစ်ရပ် ကျင်းပနေစဉ် အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က ဆန္ဒပြသူ ၂၅ ဦးကို ဖမ်းဆီး ထားကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia/


နေပြည်တော်၊ နိုဝင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် အကြမ်းစီးနင်းတိုက်ခိုက်သူများက ၀င်ရောက်စီးနင်းတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များက အဆိုပါနယ်မြေများအတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ခိုအောင်းနေထိုင်မှုမရှိစေရေးနှင့် နယ်မြေဒေသ လုံခြုံအေးချမ်းရေးအတွက် ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်စဉ် ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်၌ မောင်တောမြို့နယ်၊ မယင်းတောင်ကျေးရွာအနီးသို့အရောက် လက်နက်ငယ်နှင့် ဓားလှံ၊ မှိန်းများ ကိုယ်စီကိုင်ဆောင်ထားသည့် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူစုစုပေါင်း ၆၀ ဦးခန့်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ မိမိစစ်ကြောင်းမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများသည် ကျေးရွာ၏အနောက်တောင်ဘက် ဂွဆုံကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်၌ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများထံမှ အောက်တိုဘာ ၉ ရက် ကျီးကန်းပြင် နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်မှ ယူဆောင်သွားသည့် ဘီအေ ၉၄ သေနတ် ၁ လက်နှင့် ဆက်စပ်ခဲယမ်းပစ္စည်းများနှင့်အတူ အလောင်း ၆ လောင်းရရှိခဲ့ပြီး စစ်သည် ၁ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကာ အရာရှိ၊ စစ်သည်အချို့ဒဏ်ရာရရှိခဲ့သည်။ အဆိုပါစစ်ကြောင်းမှ ဆက်လက်ရှင်းလင်းရာ ယနေ့နံနက် ၁၀ နာရီခွဲချိန်ခန့်တွင် ပွင့်ဖြူချောင်းကျေးရွာသို့အရောက် ကျေးရွာအတွင်းမှ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် တပ်မတော်စစ်ကြောင်းက ပစ်ခတ်ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက ပွင့်ဖြူချောင်းကျေးရွာအား မီးရှို့၍ ဂွဆုံကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့သည်။ ပွင့်ဖြူကျေးရွာအတွင်းမှ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများဟု ယူဆရသော ဘင်္ဂါလီအမျိုးသား ၃၆ ဦးအား ဖမ်းဆီးရရှိခဲ့ပြီး ဥပဒေအရအရေးယူနိုင်ရေး အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်သို့ ပို့ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဂွဆုံကျေးရွာသို့ဆုတ်ခွာသွားသော အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများအား ပိတ်ဆို့ရှင်းလင်းရန် အခြား တပ်မတော် စစ်ကြောင်းတစ်ကြောင်းမှ ချီတက်ရှင်းလင်းရာ ဂွဆုံကျေးရွာအနီးသို့ နေ့လယ် ၂ နာရီ ၁၅ မိနစ်ချိန်ခန့်အရောက် လက်နက်ငယ်နှင့် ဓား၊ လှံ၊ မှိန်းများ ကိုယ်စီကိုင်ဆောင်ထားသည့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ခန့်မှန်း အင်အား ၅၀၀ ဦးခန့်တို့မှ တပ်မတော်စစ်ကြောင်းအား စတင်၍ ၀ိုင်းဝန်းပစ်ခတ်တိုက်ခိုက်ရာ တပ်မတော်စစ်ကြောင်းကလည်း အဖွဲ့ခွဲ၍ ပြန်လည်ပစ်ခတ် တိုက်ခိုက် ခဲ့သော်လည်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်အားများပြားမှုကြောင့် တပ်မတော်(လေ)မှ အမ်အိုင် ၂ ရဟတ်ယာဉ် ၂ စီးဖြင့် ညနေ ၃ နာရီခွဲမှ ၄ နာရီ ၁၅ မိနစ်ခန့်အထိ ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ဂွဆုံကျေးရွာအတွင်းသို့ ဆုတ်ခွာထွက်ပြေးခဲ့ပါသည်။

 ကျေးရွာအတွင်းသို့ ဆုတ်ခွာသွားသော အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများနောက်သို့ တပ်မတော်စစ်ကြောင်းများက ဆက်လက် ၀ိုင်းပတ်ပိတ်ဆို့ ရှင်းလင်းလျက်ရှိကြောင်းနှင့် အဆိုပါဖြစ်စဉ်၌ တပ်မတော်မှ စစ်ကြောင်းမှူး ၁ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/



 ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီအနေနဲ့ လစ်လပ် (၁၉)နေရာစလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီအစည်းအဝေးကို ရန်ကုန်မြို့ရွှေဂုံတိုင်က အဖွဲ့ချုပ် ဗဟိုရုံးမှာ ကျင်းပခဲ့ပြီး ပြည်နယ်နဲ့ တိုင်းအသီးသီးက ဝန်ကြီးချုပ်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီအစည်းအဝေးမှာ ဒေသအလိုက် အစီရင်ခံစာတင်သွင်းတာ၊ အရန် ဗဟိုအလုပ်အမှုဆောင် နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ်တွေ ခန့်အပ် အတည်ပြုတာတွေလည်း လုပ်ခဲ့ပါတယ်။

အစည်းအဝေးအပြီးမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးမန်းဂျော်နီတို့ အပါအဝင် NLDပါတီဝင် တိုင်းနဲ့ ပြည်နယ်က ဝန်ကြီးချုပ်တွေနဲ့ ဒေသတွင်း လွှတ်တော် ဥက္ကဌတွေဟာ NLDပါတီ ဗဟိုကော်မတီဝင်တွေ ဖြစ်လာကြပါတယ်။

ဒီအစည်းအဝေးမှာ ပါတီဝင်၊ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တို့ အကြား ပွတ်တိုက်မှုတွေကို ဖြေလျော့ဖို့ ဆွေးနွေးခဲ့တယ်လို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီအနေနဲ့ လစ်လပ် (၁၉)နေရာစလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေကို ဒီလ ၂၃ရက်နေ့ နောက်ဆုံးထား တင်ပြဖို့ ဒီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

NLDပါတီဝင်တွေကို တိုင်ကြားစာတွေနဲ့ ပတ်သက်ပြီး ဒီအစည်းအဝေးမှာ ဆွေးနွေးမှု မလုပ်ခဲ့ပေမယ့် တိုင်ကြားစာတွေကို ဆက်လက် စီစစ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဒေါက်တာမျိုးညွန့်က ဘီဘီစီကို ပြောပါတယ်။

ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ ပါတီ သုတေသနဌာန ဒုတိယ တာဝန်ခံ ဦးမျိုးရန်နောင်သိန်းရဲ့ အမှုနဲ့ ပတ်သက်ပြီးတော့လည်း ပြန်လွတ်လာဖို့အတွက် ပါတီရဲ့ ဗဟိုဥပဒေအကျိုးဆောင်အဖွဲ့က ဦးကျော်ဟိုးကို တာဝန်ပေးထားတယ်လို့ ဦးမျိုးညွန့်က ပြောပါတယ်။

ဒီအစည်းအဝေးကနေ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေအနေနဲ့ အဂတိအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ဖို့၊ ပြည်နယ်နဲ့ တိုင်းအလိုက် အစိုးရချပေးတဲ့ ဘတ်ဂျက်တွေကို သင့်သလို သုံးစွဲဖို့၊ ငြိမ်းချမ်းရေးကိစ္စကို ဝိုင်းဝန်းဆောင်ရွက်ဖို့ စတဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese



Mosul မြို့မှာ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ပြင်နေတဲ့ သားအဖနှစ်ဦး
အီရတ်နိုင်ငံ Mosul မြို့ အပြင်ဖက်မှာ သေနတ်ပစ်သံတွေ၊ အမြောက်နဲ့ ပစ်တဲ့အသံတွေဟာ နေ့စဉ် မပြတ်တမ်း ကြားနေရသလို မကြာခန လေကြောင်းက တိုက်ခိုက်မှုတွေနဲ့ မော်တော်ကားကို ဒုံးကျည်နဲ့ ထိမှန်တဲ့အသံကိုလည်း လူတွေက အရေးတယူ ထကြည့်တာမျိုး မရှိတော့ပါဘူး။ စစ်ဖြစ်နေတဲ့ ဒေသတွေရဲ့ အပြင်ဘက်မှာ တည်ရှိနေတဲ့ လူတွေ ပြည့်ကျပ်နေတဲ့ ဒုက္ခသည် စခန်းတွေကို ပြောင်းရွေ့လိုစိတ်မရှိတဲ့ အရပ်သား တချို့ကတော့ မြို့ရဲ့ အတွင်းပိုင်းကို မကြာသေးခင် ရက်တွေက ပြောင်းရွေ့ခဲ့ကြပါတယ်။

သူနေတဲ့ နေရာနဲ့ မီတာ ၂၀၀ လောက်သာ ဝေးတဲ့နေရာမှာ အသေခံကားဗုံး တိုက်ခိုက်မှုကို မျက်မြင် ကြုံတွေ့ခဲ့ရတဲ့ Noaaf Zanoon ဟာ စစ်ပွဲတွေကြောင့် တခြားနေရာကို ထွက်ပြေးသွားကြသူတွေရဲ့ အိမ်တအိမ်မှာ သူ့မိသားစုနဲ့ အတူ နေ ထိုင်နေပါတယ်။ မလှမ်းမကမ်းမှာရှိတဲ့ ကွင်းပြင်အတွင်းမှာတော့ IS စစ်သွေးကြွ အလောင်း ၂ ခုဟာ သူတို့ သေဆုံးတဲ့နေရာမှာပဲ ပုတ်သိုးနေ တာကို တွေ့ ရနိုင်ပါတယ်။

Mosul ဒေသတွင်းက ခရိုင် ၃ ခုကို IS တွေ လက်ထဲကနေ ပြန်လည် သိမ်းပိုက် လိုက်နိုင်ပေမယ့်လည်း IS အဖွဲ့ရဲ့ အင်အား အကောင်းဆုံး အကာကွယ်ဟာ လူသားတွေ ဖြစ်နေတဲ့အတွက် တိုက်ပွဲဟာ နှေးကွေးမှု ရှိနိုင်တယ်လို့ တပ်မှူးတွေ က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



နိုဝင်ဘာ ၁၃ ။ ။ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူများအတွက် ပြန်လည်နေရာချထားပေးရေးအစီအစဉ်များနှင့်ပတ်သက်၍ အမေရိကန်နှင့် သြစတြေးလျတို့အကြား သဘောတူညီချက်ရခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Papua New Guinea နှင့် Nauru ကျွန်းတို့ရှိ ထိန်းသိမ်းရေးစင်တာများတွင် ထားရှိသော နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ယခု သဘောတူညီချက်အရ ယင်းနေရာများရှိ ရွှေ့ပြောင်းများကို ပြန်လည်အကဲဖြတ်သွားမည်ဖြစ်ပြီး အကူအညီအလိုအပ်ဆုံးသူများအား အမေရိကန်တွင် ပြန်လည်နေရာချထားပေးမည်ဟု သိရသည်။

ယခုအခါ Papua New Guinea နှင့် Nauru ကျွန်းတို့ရှိ ထိန်းသိမ်းရေး စင်တာများတွင် စုစုပေါင်း ထိန်းသိမ်းထားသူဦးရေ ၁,၂၀၀ ခန့်ရှိနေသည်။

နိုင်ငံဆီသို့ လှေများဖြင့် ရောက်ရှိလာသော ရွှေ့ပြောင်းများကို ကမ်းလွန်စင်တာများသို့ ပို့ဆောင်နေသည့် သြစတြေးလျ၏ မူဝါဒနှင့်ပတ်သက်၍လည်း ယခင်အချိန်ကတည်းက ဝေဖန်မှုများ ရှိထားခဲ့သည်။

“ အခုခါမှာတော့ အမေရိကန်အာဏာပိုင်တွေက သူတို့ဘာသာ လာကြည့်အကဲဖြတ်ပြီးတော့ ဘယ်သူတွေကိုတော့ အမေရိကန်မှာ နေရာချထားပေးမလဲဆိုတာ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ် Malcolm Turnbulll က ပြောသွားသည်။
Mizzima - News in Burmese



ရခိုင်ပြည်နယ် မောင်တောဒေသတွင် နယ်မြေရှင်းလင်းရေး
ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တပ်မတော် (လေ) မှ ရဟတ်ယာဉ် နှစ်စီးအသုံးပြု တိုက်ခိုက်ခဲ့ရကြောင်း နိုဝင်ဘာလ ၁၂ ရက်နေ့က တပ်မတော်ပိုင် မြဝတီ သတင်းတွင် ဖော်ပြထားသည်။

အကြမ်းဖက်တိုက်ခိုက်သူများ ခိုအောင်းနေထိုင်မှုမရှိစေရန် တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များက နယ်မြေ
ရှင်းလင်းရေး ဆောင်ရွက်နေစဉ် မောင်တောမြို့နယ် မယင်းတောင်ကျေးရွာအနီး၌ လက်နက်ငယ်၊ ဓား၊ လှံ၊ မှိန်း စသည့် လက်နက်များ ကိုင်ဆောင်လာသော အကြမ်းဖက်
တိုက်ခိုက်သူ ၆၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွား
ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်အဖွဲ့ဘက်မှ ၆ ဦး
သေဆုံးခဲ့ပြီး တပ်မတော်ဘက်မှာ တဦးကျဆုံးကာ အရာရှိနှင့် စစ်သည် အချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်အဖွဲ့များထံမှ ဘီအေ ၉၄ သေနတ် ၁ လက်
ကိုလည်း ဆက်စပ်ခဲယမ်းများနှင့် အတူ သိမ်းဆည်းနိုင်ခဲ့ပြီး ထိုလက်နက်သည် အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် စခန်းများကို တိုက်ခိုက်ပြီး အကြမ်းဖက်
တိုက်ခိုက်သူများ ယူဆောင်သွားသည့် လက်နက်ဖြစ်သည်ဟုသိရသည်။

အဆိုပါ စစ်ကြောင်းမှ ဆက်လက်၍ နယ်မြေရှင်းလင်းမှု
ပြုလုပ်ရာတွင် ပွင့်ဖြူချောင်းကျေးရွာသို့ အရောက်တွင် ကျေးရွာအတွင်းမှ လက်နက်ငယ်များဖြင့် တပ်မတော်
စစ်ကြောင်းမှ ပြန်လည်ပစ်ခတ် ရှင်းလင်းရာ အကြမ်းဖက်
အဖွဲ့က ထိုရွာကို မီးရှို့ထွက်ပြေး သွားကြောင်း၊ ပွင့်ဖြူ
ကျေးရွာအတွင်းမှ အကြမ်းဖက် တိုက်ခိုက်သူများဟု ယူဆရသူ ၃၆ ဦးကို ဖမ်းဆီးခဲ့ပြီး အရေးယူနိုင်ရေး အတွက် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်
သို့ ပို့ဆောင်ရန်ဆောင်ရွက်လျှက်ရှိသည်ဟုသိရသည်။

အကြမ်းဖက်သမားများ ထွက်ပြေးသွားသည့် ဂွဆုံကျေးရွာဘက်သို့ တပ်မတော်စစ်ကြောင်းက ဆက်လက်ရှင်းလင်းရာတွင် လက်နက်ငယ်နှင့် ဓား၊ လှံ၊ မှိန်းတို့ကို ကိုင်ဆောင်ထားသည့် အကြမ်းဖက်တိုက်ခိုက်သူ ၅၀၀ ခန့်က ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက အဖွဲ့ခွဲ၍ တိုက်ခိုက်ခဲ့ရသလို တပ်မတော် (လေ) မှလည်း MI ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ကူ ပေးခဲ့
ရသည်ဟုဆိုသည်။

အဆိုပါ တိုက်ပွဲတွင် တပ်မတော်မှ စစ်ကြောင်းမှူး တဦးကျဆုံးခဲ့ပြီး အကြမ်းဖက်အဖွဲ့များ ဂွဆုံကျေးရွာ
အတွင်းသို့ ဆုတ်ခွာ သွားကြောင်း၊ တပ်မတော် စစ်ကြောင်းအနေဖြင့် အကြမ်းဖက်တိုက်ခိုက်သူများ
နောက်သို့ ဆက်လက်၍ ပိတ်ဆို့ရှင်းလင်းမှုများ ပြုလုပ်လျှက်ရှိကြောင်းသိရသည်။

ထိုနေ့တရက်တည်းတွင်ပင် မောင်တောမြို့နယ် နယ်ခြားစောင့်ရဲ ကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်း
များအား မော်တော်ယာဉ်သုံးစီးဖြင့် ငါးခူရစခန်းသို့ ပို့ဆောင်စဉ် လမ်းခရီးတွင် အကြမ်းဖက်အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

အကြမ်းဖက်အဖွဲ့က လက်လုပ်မိုင်းတလုံးဖြင့် စတင် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များနှင့်လည်း ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ရာ အကြမ်းဖက်အဖွဲ့ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ ထိုတိုက်ခိုက်မှုတွင် ထိခိုက်ကျဆုံးမှုမရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့များကို လိုက်လံရှင်းလင်းမှုပြုလုပ်
လျှက်ရှိကြောင်း သိရသည်။

သတင်း - ကျော်ခ၊ ဓာတ်ပုံ - မြဝတီ


သေချာစစ်ဆေးမူတွေမလုပ်ဘဲ ၆၆ဃ နဲ့ဖမ်းတာတွေက မျှတမှုမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ဦးနေဘုန်းလတ်က ပြောပါတယ်။
DVB TV


အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်ကို ဒီနေ့ပဲ ပြန်လည်ပေးအပ်လိုက်တဲ့အတွက် မြန်မာနိုင်ငံထုတ် ကုန်ပစ္စည်း အမျိုးအမည် ငါးထောင်နီးပါးလောက် အမေရိကန်ပြည်ထောင်စုကို တင်ပို့ရာမှာ အခွန်ကင်းလွတ်ခွင့်ရရှိပြီ ဖြစ်ပါတယ်။

ရန်ကုန်ရှိ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ သမ္မတက ကွန်ဂရက်သို့ အသိပေးအကြောင်းတဲ့ ကာလ ရက်ပေါင်း ၆၀ ကြာပြီးနောက် သမ္မတအိုဘားမားဟာ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးအထူးခံစားခွင့်ကို ယနေ့ပြန်လည် ပေးအပ်လိုက်ပါတယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်ရဲ့ ကုန်သွယ်ရေးအထူးခံစားခွင့်ရရှိပြီးတဲ့နောက် လုပ်ငန်းရှင်များအနေနဲ့ အဲ့ဒီအမျိုးအမည် ၅၀၀၀ လောက်မှာ ဘယ်လို ထုတ်ကုန်တွေ ပါတယ်ဆိုတာကို လေ့လာပြီး ထုတ်လုပ်တင်ပို့နိုင်ကြဖို့ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

မြန်မာ့အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးကတော့ “ကျနော်တို့ ရေထွက်ကုန် ထုတ်လို့ရမယ်၊ နောက်တခါ သစ်အချောထည် ထုတ်လို့ရမယ်၊ ကျောက်မျက်ရတနာ ရနိုင်တယ်၊ နောက် စားသောက်ကုန်တွေ ရနိုင်တယ်၊ နို့ပေမယ့် အဲ့ဒါတွေက ၅၀၀၀ ထဲ ပါ မပါ သေချာ မသိဘူး။”
လတ်တလော မြန်မာ့ထုတ်ကုန်ဆယ်ဂဏန်းလောက်ပဲ အမေရိကန်ကို တင်ပို့နေတာဖြစ်ပြီး ဒီထဲ အ၀တ်အထည်တင်ပို့တာ အများဆုံးလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံက အမေရိကန်ဈေးကွက်ကို အ၀တ်အထည်နဲ့ ရေထွက်ပစ္စည်းလောက်သာ လက်ရှိ တင်ပို့နိုင်လို့ အခွန်သက်သာခွင့် အကျိုးခံစားရမှု အထိုက်အလျောက်ရှိနေပါတယ်။

၂၀၀၃ ခုနှစ်လောက်စပြီး အမေရိကန်က မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အတိုပင်ခံပုဂ္ဂိုလ်ရဲ့ အမေရိကန်ခရီးစဉ်ကျမှ အခု ကုန်သွယ်ရေး အထူးခံစားခွင့်အပါအ၀င် ပိတ်ဆို့ထားတာတွေကို အမေရိကန်ဘက်က ရုပ်သိမ်းပေးခဲ့တာပါ။

DVB TV News


ရန်ကုန်၊ နိုဝင်ဘာ ၉ – မြန်မာ့ရုပ်ရှင်ဇာတ်လမ်းမှာ ကွန်ပျူတာနဲ့ ဖန်တီးလုပ်ဆောင် ချက်တွေဟာ ပီပီပြင်ပြင်မရှိဘဲ အရည်အသွေးတွေမကောင်းတာကြောင့် ကြည့်ရှုသူ ပရိသတ်တွေ စိတ်ပျက်စရာဖြစ်လာတယ်လို့ သိရပါတယ်။

ကြည့်တဲ့သူက effect တွေ မပီပြင်တော့ တန်းသိတယ်၊ တိုက်ပေါ်က ကျတဲ့အခန်းဆို နိုင်ငံခြားကားထဲက ဇာတ်ဝင်ခန်းတစ်ခုကို ဖြတ်ထည့်လိုက်တာပဲ၊ အရမ်းအပေါစားဆန် တယ်၊ ပရိသတ်ကို မလေးစားဘူးလို့ လူငယ်ပရိသတ်ဖြစ်သူ နည်းပညာ တက္ကသိုလ်ကျောင်းသားကိုရှိုင်းထက်အောင်က ပြောပါတယ်။


ရုပ်ရှင်ဇာတ်ကား ကောင်းတစ်ခုဖြစ်ဖို့ နည်းပညာအသုံးချနိုင်မှုကမရှိမဖြစ် အခန်းကဏ္ဍ မှာပါဝင်ခြင်းမရှိပေမဲ့ အသုံးပြုမယ်ဆိုပါကသေသပ်တဲ့ အထူးပြုလုပ်ချက်တွေကို ဖန်တီး နိုင်ဖို့လိုပါတယ်။ မြန်မာဇာတ်လမ်းအများစုမှာ အသုံးပြုထားတဲ့ကွန်ပျူတာ လုပ်ဆောင် ချက်တွေမှာ ကျွမ်းကျင်မှုနည်းပါးတာကြောင့် မြန်မာရုပ်ရှင်ပရိသတ်တွေကတဖြည်းဖြည်း စွန့်ခွာလာပါပြီ။

Effect တွေက School Project တွေလိုပဲ၊ ဇာတ်ကားထဲမှာပြောတဲ့ စကားတွေကလဲ အပြင်မှာ တော်ရုံမပြောကြတဲ့ talky တွေလို့ ရန်ကုန်မြို့က ကုမ္မဏီဝန်ထမ်းဖြစ်သူ ကိုထက်အောင်က ပြောပါတယ်။

လက်ရှိမြန်မာ့ရုပ်ရှင်လုပ်ငန်းဟာ နိုင်ငံတကာ အဆင့်မီတဲ့ဖန်တီးမှုတွေပြုလုပ်ဖို့ အားနည်း နေတာကြောင့် ပရိသတ်ရဲ့အနုတ်ပြတုံ့ပြန်သံတွေဆက်တိုက်ထွက်ပေါ်လာနေပါတယ်။

မြန်မာဇာတ်ကားတွေကို ပေါကားများဟု သုံးနှုန်းတဲ့အထိဖြစ်လာပြီး လူမှုကွန်ရက်တွေ ပေါ်မှာ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေတာပါ။ ထောက်ပြခြင်း အခံရဆုံးအားနည်းချက်တွေကတော့ နည်းပညာ ဖန်တီးအသုံးချခြင်း အားနည်းမှု၊ နောက်ခံအသံ၊ ဟာသမဟုတ်တဲ့ အပြောင်အပြက်လွန် ဇာတ်ကားတွေဖြစ်ပါတယ်။

ကြည့်ရှုသူပရိသတ်လိုချင်တဲ့ ဖန်တီးမှုတွေအားနည်းလာတာကြောင့် ဝေဖန်မှုတွေ ကြားမှ ရုပ်ရှင်လောကသားတွေနဲ့ ပရိသတ်တွေ(အထူးသဖြင့်မြို့ပြနေပရိသတ်တွေ) ကြားမှာ မကျေလည်မှုတွေလည်း အစပျိုးလာပါတယ်။ အဓိက အကြောင်းတစ်ခုဖြစ်တဲ့ မသေသပ်တဲ့ ကွန်ပျူတာလုပ်ဆောင်ချက်တွေကို ထည့်သွင်းထားတာကလည်း ပရိသတ် တွေအတွက် စိတ်ပျက်စရာတစ်ခုဖြစ်နေတုန်းပါပဲ။

‘နည်းပညာမြှင့်ချင်တယ်ဆိုရင် ကျွန်တော်တို့ production ကို နိုင်ငံခြားမှာသွားလုပ်လိုက် ရင် production ဆိုတာဥပမာအသံနည်းပညာ နိမ့်နေတာလား၊ အဲဒါဆို အသံကို နိုင်ငံခြားမှာသွားလုပ်လိုက် နောက်ပြီးတော့ graphic နိမ့်နေရင် နိုင်ငံခြားမှာသွားလုပ် လိုက်၊ ဘာလို့လဲဆိုတော့ ဒီမှာကျွန်တော်မြင်တာက ကင်မရာအားဖြင့်လဲ ကျွန်တော်တို့ နိုင်ငံတကာ အဆင့်မီကင်မရာတွေရှိတယ်၊ နောက်ပြီးအသံဖမ်းစက်တွေ auditing စက်တွေအနေနဲ့လဲ နိုင်ငံတကာရိုက်နေတဲ့စက်တွေအနေနဲ့ရှိတယ်၊အဲဒီတော့ ကျွန်တော် တို့ကဘာတွေလိုနေတာလဲ ဆိုတော့ ကျွန်တော်ထင်တာကတော့သုံးတဲ့ ဘတ်ဂျက်အနေ နဲ့ ကတော့ နိုင်ငံတကာ အဆင့်ကိုမမီသေးဘူး၊ ဒါပေမဲ့နိုင်ငံတကာ အဆင့်မှာလဲ အဲဒီ လောက်ဘတ်ဂျက်မသုံးဘဲ ကောင်းတဲ့ကားတွေတကယ်ရှိတယ်လို့ electronic pictures တည်ထောင်သူ လူငယ်ဒါရိုက်တာ ကိုမောင်ဆန်းကပြောပါတယ်။

နည်းပညာ

လက်ရှိ  မြန်မာ့ရုပ်ရှင်လုပ်ငန်းတွေတိုးတက်ဖို့အနေနဲ့ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပွဲ အချို့ (technical workshop) တွေပြုလုပ်ပြီး နိုင်ငံတကာနဲ့လည်းချိတ်ဆက်နိုင်အောင် ကြိုးစားနေပြီဖြစ်တယ်။ ပြည်တွင်းမှာရှိတဲ့ ပရိသတ်အများစုက ရုပ်ရှင်ကိုဘဝအမော ပြောစေဖို့အတွက် အလေးထားကြည့်နေကြပြီးရယ်မောစေတဲ့ ဟာသကားတွေကို အများစုက နှစ်သက်တာကြောင့်၊ ဈေးကွက်အရ  စီးပွားရေးသမားတွေကြောင့်လည်း ပါတယ်လို့ သုံးသပ်ကြတာတွေလည်းရှိပါတယ်။ မြန်မာ့ရုပ် ရှင်လောကမှာ အနုပညာ value နဲ့ artist အများအပြားကိုအသုံးပြုလိုတဲ့ ထုတ်လုပ်သူတွေအလွန်နည်းပါး လာတာလည်းဖြစ်ပါတယ်။ စီးပွားရေးအရသာမကဘဲ မြန်မာလူမျိုးအနုပညာသမားတွေ  အနေနဲ့ တီထွင်ဖန်တီးမှုအသစ်တွေပြုလုပ်ဖို့ လိုအပ်နေတာပါ။

နည်းပညာပိုင်းအရ ကျွမ်းကျင်သူတွေရှိပေမဲ့ မြန်မာ့ရုပ်ရှင်အသိုင်းအဝိုင်းနဲ့ ဆက်စပ်မှု မရှိဘဲ ပြတ်တောက်နေတာမျိုးလည်းတွေ့ရပါတယ်။ လူမှုကွန်ရက်တွေမှာ တစ်ခါတစ်ရံ ပျံ့နှံ့လာတဲ့ မြန်မာလူငယ်တွေ ဖန်တီးထားတဲ့ ကွန်ပျူတာ အထူးလုပ်ဆောင်ချက် ဗီဒီယိုဖိုင် အတိုတွေကလက်ရှိ မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေမှာအသုံးပြုနေတဲ့ ဖန်တီးမှု တွေထက်သာလွန်တယ်လို့ ပရိသတ်တွေကပြောဆိုကြပါတယ်။

ဝါရင့်သရုပ်ဆောင်ဖြစ်သူ ဒေါ်ဆွေဇင်ထိုက်က နည်းပညာလုပ်နိုင်တဲ့လူငယ်တွေဆိုတာ Independence Film Maker တွေဖြစ်တာကိုး၊ Mainstream film Maker တွေက Independence Film Maker တွေနဲ့ ပူးပေါင်းပြီးတော့လုပ်ရမယ်လို့ ကျွန်မအမြဲပြော တယ်လေ၊ ဒါပေမဲ့လို့ ပြည်တွင်းမှာရှိနေတဲ့ ပြည်တွင်းဈေးကွက်မှာ ပြည်တွင်းတင် ဆက်မှုနဲ့ survive ဖြစ်နေတဲ့အခါကျတော့ သူတို့အသစ်အဆန်းတွေလုပ်ဖို့အတွက်ကို များသောအားဖြင့်တော့ ငွေကြေးကိုကြည့်ပြီးတော့ မလုပ်ဖြစ်ကြတာပေါ့လို့ ပြောပါတယ်။

မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေမှာ နည်းပညာကို အလေးမထားတာတော့ရှိတယ်လို့ ရုပ်ရှင်ပရိသတ်တစ်ဦးဖြစ်သလိုကိုယ်တိုင်လည်း ဖန်တီးရိုက်ကူးနေတဲ့ ပုသိမ်မြို့က ကိုချစ်ကိုအောင်က ပြောပါတယ်။ ကိုချစ်ကိုအောင်က လူမှုကွန်ရက်မှာ ကွန်ပျူတာ အထူးလုပ်ဆောင်ချက်တွေနဲ့ ဗီဒီယိုဇာတ်ကားအတိုလေးတွေဖန်တီးပြီး လူသိများ သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာ့ဇာတ်လမ်းတွေကို နည်းပညာပိုင်းအရ ဖန်တီးမှုမှာ ကိုယ်တိုင်လေ့ လာပြီးရိုက်ကူးရင်း အဲသည့်ပညာတွေကိုဆက်လက် သင်ကြားဖို့ စိတ်အားထက်သန်နေတာပါ။

ဝေဖန်မှုတွေ

ကိုချစ်ကိုအောင်က ဒါရိုက်တာတော်တော်များများက လေ့လာကြည့်သလောက်ကွန်ပျူတာ သိပ်မတတ်ဘူး၊ ပါးပါးပဲသိတာ၊ ဒါကြောင့် special effect ကို ရှောင်ရိုက်ရင်းကပေါကား တွေပဲများလာတာ၊ မလုပ်တတ်တော့ရှောင်ရိုက် တာပါ၊ လုပ်တတ်တဲ့သူတွေလဲရှိပါတယ်၊ မလုပ်တတ်တော့  ဖန်တီးဖို့စိတ်ကူးတွေလဲပေါ်မလာတော့ဘူးပေါ့၊ ရိုက်ရင်းကသူတို့မလုပ် တတ်တော့တဲ့နေရာဆို ပေါပစ်လိုက်တယ်လေ၊ ဒါကြောင့် ပရိသတ်ကပြောနေတာ၊ သူများနိုင်ငံက ဇာတ်ကားတွေက သရုပ်ပြပြီး သရုပ်ဖော်တယ်၊ မြန်မာကားကတော့  စကားတွေပဲပြောနေပြီး ဟိုနေရာ လူစုလိုက်၊ ဒီနေရာလူစုလိုက်နဲ့ အသံပိတ်ပြီးကြည့်ရင် ဘာ လုပ်နေမှန်းကိုမသိတာ၊ ကိုရီးယားကားကြည့် စကားသိပ်မပြောကြဘူး၊ ကြည့်လို့ ကောင်းတယ်လို့ ပြောပါတယ်။

မြန်မာဇာတ်ကားတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကိုဖြေရှင်းတဲ့အခါ ငွေအရင်းအနှီး မစိုက်ထုတ်နိုင်မှုကြောင့်လို့ ရုပ်ရှင်လောကသားအများစုက ဖြေရှင်းပြောဆိုကြပါတယ်။ နိုင်ငံတကာမှာရော မြန်မာဇာတ်ကားအချို့မှာငွေကြေး အရင်းအနှီးအများကြီးမစိုက် ထုတ်ဘဲ  အနုပညာရသ အပြည့်အဝပေးစွမ်းနိုင်ပြီးအောင်မြင်တဲ့ ဇာတ်ကားတွေ ရှိပါတယ်။  အဲဒါကြောင့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်ဖို့အတွက် ငွေကြေးအ ရင်းအနှီး၊ နည်းပညာအသုံးချနိုင်မှု စတာတွေနဲ့တင် တိုင်းတာလို့တော့မရပါဘူး။

‘ကျွန်တော်တို့ ရုပ်ရှင်ဇာတ်ကားတစ်ကားကို အမှန်တကယ်ကောင်းစေချင်တဲ့စိတ်ပေါ့၊  အဲဒီ တော့ ကျွန်တော်တို့က ရုပ်ရှင်ကားကောင်းတယ်ဆိုတာကို နည်းပညာနဲ့ တိုင်းမှာလား၊ ဒါမှမဟုတ်ရင်ကောင်းအောင် ဘယ်လိုရိုက်သွား သလဲ၊ ဇာတ်လမ်းကို ဘယ်လိုသရုပ်ဖော် သွားသလဲ၊ သရုပ်ဆောင်တွေ ဘယ်လိုကောင်းအောင် သရုပ်ဆောင်သွားသလဲ၊ အဲဒီပေါ်မှာ တိုင်းမလားပေါ့၊ ကျွန်တော့်စိတ်အထင်ကတော့ နည်းပညာဆိုတာက ကျွန်တော်တို့ ပိုက်ဆံ ရှိရင် ကြိုက်တဲ့နည်းပညာနဲ့ ရိုက်လို့ရတယ်၊ ရုပ်ရှင်တကယ် ကောင်းပြီဆိုလို့ရင် သူ့ဟာသူတုန်နေအောင်ပဲ ရိုက်ရိုက်၊  မှုန်နေအောင်ပဲရိုက်ရိုက်၊ ရှေးခေတ်ကကားတွေဆို အဖြူ အမည်း၊ တုန်လဲတုန်တယ်၊ မှုန်လဲမှုန်တယ်၊ အစင်း အကျားတွေလဲရှိတယ်၊ အသံလဲမကောင်းဘူး၊ အဲဒါတွေကိုကျွန်တော်တို့ ဒီခေတ်အထိ စောင့် ကြည့်နေရတယ်၊ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ နည်းပညာဆိုတာကရှိရင် ကောင်းတယ်၊ ဒါပေမဲ့မရှိမဖြစ်တော့ မဟုတ်ဘူးလို့ electronic pictures တည်ထောင် သူလူငယ်ဒါရိုက်တာ ကိုမောင်ဆန်းက ပြောပါတယ်။

Author – သက်ဖြိုး၊ နေရဲရင့်


မဲဆွယ် စည်းရုံးမှုတွေကို ငွေကြေး ထောက်ပံ့ ခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဟီလာရီ ကလင်တန် က တယ်လီဖုန်း ဆက်သွယ် ပြီး ပြောကြား

ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ရှုံးနိမ့် ခဲ့ရတာ ဟာ FBI ဒါရိုက်တာ ဂျိမ်းစ် ကိုမီ ကြောင့် လို့ ဟီလာရီ ကလင်တန် က ပြစ်တင် ပြောကြား လိုက် ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် တပတ် အလိုမှာ နိုင်ငံခြားရေး ဝန်ကြီး ဘဝက ပို့ခဲ့ပြီး FBI က ထပ်မံ ရှာဖွေ တွေ့ရှိခဲ့တဲ့ အီးမေးလ် တွကို ပြန် စစ်ဆေး မယ်ဆိုတဲ့ ထောက်လှမ်းရေး အဖွဲ့ ဒါရိုက်တာ ရဲ့ ထုတ်ပြန်ချက်ကြောင့် ရွေးကောက်ပွဲ မဲဆွယ်မှု ထိခိုက် ခဲ့ရတယ်လို့ ဟီလာရီ ကလင် တန်က ပြောပါတယ်။

သူ့ရဲ့ မဲဆွယ် စည်းရုံးမှုတွေကို ငွေကြေး ထောက်ပံ့ ခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဟီလာရီ ကလင်တန် က တယ်လီဖုန်း ဆက်သွယ် ပြီး ပြောကြား ခဲ့ရာမှာ သူ့ရဲ့ ပြောကြားမှု က သတင်းဌာနတွေ ဆီကို ပေါက်ကြား ခဲ့တာ ဖြစ်ပါတယ်။

FBI ဒါရိုက်တာ က ပြန်စစ်ဆေးမယ် လို့ ပြောပြီး နောက်ထပ် ရက်အနည်းငယ် အကြာမှာပဲ ရာဇဝတ်မှု အရ အရေးယူဖို့ မရှိဘူးလို့ ပြန်လည် ကြေညာချက် ထုတ် ခဲ့ပါတယ်။

FBI ဒါရိုက်တာ ရဲ့ နောက်ဆုံး ထုတ်ပြန် ချက် ဟာ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေ ဟာ အရှိန်လျော့နည်းသွားပြီး ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ် ထရမ့် ကို အနိုင်ယူဖို့ အတွက် မဖြစ်နိုင်တော့တဲ့ အနေအထား အထိ ရောက်သွား ခဲ့တယ်လို့ ဟီလာရီ ကလင်တန် က ပြောကြား ခဲ့ပါတယ်။
BBC Burmese

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတော်သမ္မတရဲ့ တစ်နှစ်စာ လစာငွေ အမေရိကန်ဒေါ်လာ ၄ သိန်းထဲက တစ်ဒေါ်လာတောင်ယူမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
donaldtrump
ဒေါ်နယ်ထရမ့်ဟာ အဲဒီစကားကို စက်တင်ဘာ ၁၇ ရက်နေ့က နယူးဟမ်ရှိုင်းယားပြည်နယ်၊ ရော့ချက်စတာမြို့မှာ အဲဒီလို ပြောကြားခဲ့တာပါ။

“ကျွန်တော်သာ ရွေးကောက်တင်မြှောက်ခံရပြီး သမ္မတဖြစ်လာရင် ကျွန်တော်လုပ်မှာနဲ့ပတ်သက်ပြီး အရင်ဆုံးပြောချင်တာက။ ကျွန်တော် (သမ္မတ)လစာ ယူမှာ မဟုတ်ဘူး။ အိုခေလား။ ကျွန်တော့်အတွက် အဲဒါ ကိစ္စမရှိဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း သူ့ရဲ့ Twitter အကောင့်က အမေးအဖြေကဏ္ဍမှာ လစာယူမှာလားလို့ တစ်ယောက်က မေးတာကို သူက “ကျွန်တော် တစ်ဒေါ်လာတောင် ယူမှာမဟုတ်ဘူ။ ကျွန်တော်သာ သမ္မတဖြစ်လာရင် ကျွန်တော့်လစာ အကုန်စွန့်လွှတ်မှာ”လို့ ပြန်ဖြေခဲ့ပါတယ်။

အမေရိကန်ရဲ့ ၄၅ ယောက်မြောက် သမ္မတဖြစ်လာတော့မယ့် ဒေါ်နယ်ထရမ့်ဟာ သန်းကြွယ်သူဌေးကြီးတစ်ယောက်ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ သူ့ရဲ့ ကြွယ်ဝမှုပမာဏက (ခန့်မှန်းခြေ) အမေရိကန်ဒေါ်လာ ၃.၇ ဘီလျံရှိတယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြထားပါတယ်။

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတော်သမ္မတရဲ့ တစ်နှစ်စာ လစာငွေ အမေရိကန်ဒေါ်လာ ၄ သိန်းထဲက တစ်ဒေါ်လာတောင်ယူမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

MCN TV News

ကွတ်တာ(ပါကစ္စတန်) နိုဝင်ဘာ ၁၃

ပါကစ္စတန်နိုင်ငံ၏ နယ်ဝေးဒေသတွင် ရှိသော ဆူဖီဝတ်ပြုဆုတောင်းရာနတ်ကွန်းတွင် အိုင်အိုက်စ်အဖွဲ့က လုပ်ဆောင်သည်ဟုဆိုသော ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၅၂ ဦးသေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကွတ်တာမြို့တောင်ဘက် ကီလိုမီတာ ၇၅၀ အကွာရှိဆူဖီသူတော်စင် ဆာရာနိုရာနီ နတ်ကွန်းတွင်ပြုလုပ်သော အခမ်းအနားတစ်ခု သို့တက်ရောက်လာသော ဘုရားဖူးများထိခိုက် ခဲ့ရကြောင်း သိရသည်။ ပြည်နယ်ပြည်ထဲရေးဝန်ကြီး ဆာဖရက် ဘူတီက "အနည်းဆုံး လူ ၅၂ ဦးသေဆုံးခဲ့ပြီး လူ ၁၀၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးခဲ့သူများထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်ကြောင်း" ပြောကြားသည်။ ဒေသတွင်းအရာရှိများ၏ အဆိုအရ ၀တ်ပြုဆုတောင်းသူများသည် ဗုံးပေါက်ကွဲမှု မဖြစ်ပွားမီ နေ့စဉ်ကျင်းပသော အကအစီအစဉ်ကျင်းပနေခဲ့သည်ဟု သိရသည်။
Ref:AFP

Democracy today


လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် မီတာမတပ်ဘဲ နည်းအမျိုးမျိုးဖြင့် ခိုးယူသုံးစွဲနေခြင်းများကို သီးသန့်အဖွဲ့များဖြင့် ဖိဖိစီးစီးစစ်ဆေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောကြားသည်။

လျှပ်စစ်ဓာတ်အားကို ခိုးယူသုံးစွဲရာတွင် လျှပ်စစ်ဌာန၀န်ထမ်းများပါ ပူးပေါင်းကြံစည်နေကြသည့်အတွက် အရေး ယူထားခြင်းမျိုးရှိကြောင်း၊ တရားမ၀င်လျှပ်စစ်သုံးစွဲသူများထဲတွင် တိုက်ရိုက်ခိုးယူ သုံးစွဲမှုက အများဆုံးဖြစ်ကြောင်း၊ မီတာခွထောက်၊ ကာဗာဆီးလ်ဖြုတ်၊ ရှန့်လင့်ခွာ၊ ၀န်ပို၊ ဆင့်ပွားစသည်တို့ဖြင့် ခိုးယူသုံးစွဲ ခြင်းများလည်းရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ခိုးယူသုံးစွဲခြင်းနည်းအမျိုးမျိုးကြောင့် ယခုနှစ် ဇူလိုင်လမှ စတင်ကာ သုံးလအတွင်း လျှပ်စစ်ဓာတ်အား ယူနစ်ပေါင်း ၅၄၀၀၀၀ ကျော်ဆုံးရှုံးခဲ့ရကြောင်း၊ ဆုံးရှုံးရသည့် ယူနစ်အတိုင်းအတာအရ ကျပ်ငွေ ၅၁ သန်းကျော် တိုင်းပြည်ဘဏ္ဍာအတွက် နစ်နာဆုံးရှုံးခဲ့ရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေ ညာခဲ့သည်။

လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုများကို ဆန်းစစ်ကြည့်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်) တို့တွင် အများဆုံးဖြစ်ပေါ်ခဲ့ပြီး အမှုပေါင်း ၉၀ ကျော် အရေးယူခဲ့ရကြောင်း ၀န်ကြီးဌာနမှ သိရသည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုပုံစံအရ မူရင်းထုတ်လုပ်စရိတ် တယူနစ်လျှင် ၉၃ ကျပ်ကျော် ကုန်ကျကြောင်း၊ စက်မှု လုပ်ငန်းသုံး၊ စီးပွားရေးလုပ်ငန်းသုံး၊ အများ ပြည်သူသုံးဟူ၍ ခွဲခြားထားကြောင်း၊ တယူ နစ်လျှင် ပျမ်းမျှ ၇၁ ကျပ်နှုန်းဖြင့် ဖြန့်ဖြူးပေးနေကြောင်း၊ အစိုးရမှ တယူနစ်လျှင် ၂၂ ကျပ်ကျော်အရှုံးခံ ဖြန့်ဖြူးပေးနေကြောင်း လျှပ်စစ်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

''မီတာခကို သုံးရင်သုံးသလောက် ကျသင့်ငွေကို ပေးသွင်းချင်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ မီတာခက တလနဲ့ တလမတူဘူး။ များတဲ့လက များသလို နည်းတဲ့လက နည်းနေတယ်။ ဒါပေမဲ့ သုံးစွဲတဲ့ယူနစ်က အတူတူပဲ၊ အဲဒါကိုတော့ နားမလည်နိုင်ပါဘူး'' ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်သည့် ပြည်သူတဦးက ပြောသည်။

အိမ်သုံးမီတာတပ်ဆင်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်များတွင် လျှောက်ထားရယူနိုင်ကြောင်း၊ စာရွက်စာတမ်းအပြည့်အစုံနှင့် လျှောက်ထားမည် ဆိုပါက သတ်မှတ်ရက်အတွင်း မီတာရရှိနိုင်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုများကိုမပြုဘဲ တရားဝင်ဓာတ်အားသုံးစွဲကြရန် ပြောကြားလိုကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးဝေရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတဦးက အကြံပြုပြောကြားသည်။

AT
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ တွေ လုံခြုံရေးကင်းလှည့်လည်နေစဉ်
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ တွေ လုံခြုံရေးကင်းလှည့်လည်နေစဉ်

မနေ့ စနေနေ့က ရခိုင်ပြည်နယ် မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်သမားတွေ တိုက်ပွဲထပ်မံဖြစ်ခဲ့ပြီး တပ်မတော် အရာရှိ (၁)ဦးနဲ့ အကြမ်းဖက်သမား (၆)ဦး သေဆုံးခဲ့ တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ နယ်စပ်လုံခြုံရေးပြဿနာကို စစ်ရေး၊ နိုင်ငံရေး အမြင်နှစ်ခုပေါင်းပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေကြောင်း မြန်မာ့ စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

နိုဝင်ဘာလ (၁၂)ရက်နေ့ နံနက်အစောပိုင်း မောင်တောမြို့နယ် မယင်းတောင်ကျေး ရွာအနီးမှာ လက်နက်ငယ်၊ ဓါး၊ လှံ၊ မှိန်းတွေ ကိုယ်စီကိုင်ထားတဲ့ အကြမ်းဖက်သ မား (၆၀)ဦးခန့်လောက်ဟာ နယ်မြေရှင်းလင်းရေးဆင်းနေတဲ့ လုံခြုံရေးတပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ခဲ့ကြောင်း မြန်မာအစိုးရဘက်က ထုတ်ပြန်တဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

အကြမ်းဖက်သမား (၆)ဦးရဲ့ အလောင်းတွေရရှိခဲ့ပြီး နယ်ခြားစောင့်ရဲ စခန်းတွေကို အကြမ်းဖက်သမားတွေ ၀င်တိုက်ပြီး သိမ်းယူသွားခဲ့တဲ့ လက်နက်တချို့ ကို ပြန် လည်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲမှာ တပ်မတော်ဘက်က ယာယီတပ်ရင်း မှူး တဦးကျဆုံးခဲ့ပါတယ်။ အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာ ၀န် ထမ်းတွေ စီးနင်းလိုက်ပါလာတဲ့ မော်တော်ယာဉ်တွေကို မနက် (၁၀)နာရီ ပတ်ဝန်းကျင်လောက်မှာ အကြမ်းဖက်သမားတွေက လက်လုပ်မိုင်း ၁ လုံး နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက် မှာ ဖေါ်ပြထား ပါတယ်။

ဒါအပြင် လုံခြုံရေးတပ်တွေဘက်က ဖမ်းဆီးမှုတွေကို လုပ်ခဲ့ပြီး အကြမ်းဖက် သမားတွေလို့ ယူဆရတဲ့ ရွာသား (၃၆)ဦးကို ဖမ်းဆီးခဲ့ပြီး သူတို့ကို ဥပဒေနဲ့အညီ အရေး ယူဆောင်ရွက်နေ ကြောင်း အစိုးရရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။

အခုလို လက်လုပ်ဗုံးတွေ၊ တုတ်၊ ဓါး၊ လှံတွေ သုံးပြီး ခြုံခို အကြမ်းဖက် တိုက်ခိုက် မှုတွေကို စစ်အင်အားတောင့် တင်းတဲ့ မြန်မာတပ်မတော်အနေနဲ့ ထိ ထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသေးသလဲဆိုတာ အများ က မေးခွန်းထုတ် နေကြပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာ့စစ်ရေးအကဲခတ်လည်းဖြစ်၊ ၁၉၉၂ခု နှစ် မောင်တော အရေးနှိမ်နင်းမှုမှာ ကိုယ်တိုင်အ တွေ့အကြုံရှိခဲ့သူလည်းဖြစ်တဲ့ စစ်ထောက် လှမ်းရေးအရာရှိဟောင်း ဦးအောင်လင်းထွဋ်က အခုလို သုံးသပ် ပါတယ်။

“ကျနော်တို့နိုင်ငံမှာ နိုင်ငံတော်လုံခြုံရေးအတွက် တပ်မတော်ထောက်လှမ်းရေးရော၊ ကျန်တဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းအသီးသီးကပါ ဘာသတင်းမှ ရယူပြီးတော့ မှ ထောက်လှမ်းရေး နည်းနာတွေကို အသုံးမချနိုင်တဲ့ အတွက် သတင်း လုံခြုံရေး အပိုင်းမှာ ဘာမှမရတဲ့အနေအထားမျိုးရှိပါတယ်။ သတင်းမရတဲ့အတွက် ကြို တင်ပြင်ဆင်မှုမျိုး မလုပ်နိုင်ဘူး။ နံပါတ် (၂) ၀န်ထမ်းတွေအပါအ၀င် ရဲရော ကျန်တဲ့အဖွဲ့အစည်းအားလုံးဟာ နယ်စပ်ဒေသမှာ အင်မတန်မှ ထိန်းသိမ်းရ ခက်ပါတယ်။ အထူးသဖြင့် လာဘ်လာဘ်ယူကိစ္စ အလွန်များပါတယ်။ အဲဒီမှာရှိတဲ့ မူဆလင်အများစုကလည်း ပိုက်ဆံဒေါ်လာပေးပြီး လာဘ်စားအောင် လုပ်တဲ့အနေ အထားမျိုး တွေရှိနေပါတယ်။ နံပါတ် (၃) တာဝန်ရှိတဲ့သူတွေ အပိုင်းတွေအနေ နဲ့လည်း ဘင်္ဂလားဒေရှ်ကတော့ တရုတ်လောက် အရေးမကြီးပါဘူးကွာ၊ ဘာမှ မဖြစ်လောက်ပါဘူးကွာဆိုတဲ့ ပေါ့ပေါ့လျော့လျော့တွေးတာ၊ ခေါ်တာတွေရှိပါတယ်။”

အရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးရလက်ထက်တုန်းက အခုလို အကြမ်း ဖက်တိုက်ခိုက်မှုတွေကို တပ်မတော်ကနေ ရက်ရက်စက်စက်နှိမ်နင်းခဲ့ တဲ့ ဖြစ် ရပ်တွေရှိခဲ့ကြောင်း ဦးအောင်လင်းထွဋ်ကပြောပါတယ်။ ဒါပေမယ့် အခု ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ စစ်ရေး၊ နိုင်ငံရေးအမြင်ပူးပေါင်းပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ သူကဆိုပါတယ်။

“အခုလက်ရှိနိုင်ငံရေးသမားတွေ ဘယ်လိုလုပ်မလဲဆိုတာ ဆုံးဖြတ်သင့်တယ်။ အခုချိန်မှာ လူ့အခွင့်အရေး တခုတည်းလည်း ကြည့်လို့မရဘူး။ စစ်တပ်ဘက်က လည်း ပြင်းပြင်းထန်ထန်လုပ်လို့မရဘူး။ ဒီနှစ်ခုကြားမှာ check and balance လုပ်နိုင်ဖို့အတွက် နိုင်ငံရေးသမားတွေက ပါးပါးနပ်နပ်လုပ်ဖို့ လိုလိမ့်မယ် ထင်တယ်။”

မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအပါအ၀င်၊ မွတ်စလင်နိုင်ငံက အစိုးရတွေနဲ့ အမေရိကန်ပြည်ထောင်စု အစိုးရနဲ့ပါ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တိုက်ရိုက် အပြန်အလှန်ဆက်သွယ်ဆွေးနွေးမှုတွေရှိနေကြောင်း သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက သတင်းထောက်တွေကို ပြောဆိုထားပါတယ်။
VOA Burmese News

 Photo: MOI Webportal Myanmar
 Photo: MOI Webportal Myanmar
မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းနဲ့ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတွေ တိုက်ပွဲဖြစ်ပွားတဲ့ နေရာပြပုံ

နိုဝင်ဘာလ ၁၂ ရက်နေ့ မနေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဂွဆုံကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်း တစ်ခုကို လက်နက်ငယ်နဲ့ ဓားလှံတွေကိုင်ဆောင်ထားတဲ့ အကြမ်းဖက်သမား ၅ဝဝ ခန့်က တိုက်ခိုက်ခဲ့ရာမှာ တပ်မတော်ဖက်က စစ်ကြောင်းမှူးတစ်ဦး ကျဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။

အဲဒီတိုက်ပွဲမှာ အကြမ်းဖက်သမားတွေ အင်အားများပြားတဲ့အတွက် တပ်မတော်လေတပ်က ရဟတ်ယာဉ် ၂ စင်းနဲ့ ကူညီတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီတိုက်ပွဲမတိုင်မှီ မနေ့မနက်စောစောပိုင်းက မောင်တောမြို့နယ် မယင်းတောင်ကျေးရွာအနီးမှာ တပ်မတော် စစ်ကြောင်းကို အကြမ်းဖက်သမား ၆ဝ ကတိုက်ခိုက်ခဲ့ရာမှာ တပ်မတော်သားတစ်ဦးကျဆုံးပြီး သောင်းကျန်းသူ ၆ ဦးရဲ့ အလောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ မယင်းတောင်တိုက်ပွဲအပြီး ပွင့်ဖြူကျောင်း ကျေးရွာမှာ ထပ်မံဖြစ်ပွားတဲ့တိုက်ပွဲမှာတော့ အကြမ်းဖက်သမားလို့ ယူဆရတဲ့ ဘင်္ဂါလီ အမျိုးသား ၃၆ ဦးကို ဖမ်းဆီးမိခဲ့ကြောင်းနဲ့ ပွင့်ဖြူကျောင်းကျေးရွာကို မီးရှို့ပြီး ဂွဆုံကျေးရွာဖက် ထွက်ပြေးတဲ့ အကြမ်းဖက်သမားတွေကို အစိုးရတပ်တွေက လိုက်လံတိုက်ခိုက်ရာမှာ အခုလို စစ်ကြောင်းမှူး ကျဆုံးတာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် မနေ့မနက်က မောင်တောမြို့နယ် ကျီးကန်းပြင် နယ်ခြားစောင့်ရဲဌာနချုပ်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ လိုက်ပါလာတဲ့ ကား ၃ စင်းကို ငါးခူရ စခန်းအသွား မောင်နှမရွာအဝင်မှာ အကြမ်းဖက်သမားတွေက မိုင်းခွဲပြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ကြောင်းနဲ့ သေကြေထိခိုက်ဒဏ်မှုတော့ မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။
RFA


Eleven မီဒီယာ အမှူဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင် (အလယ်)
Eleven မီဒီယာ အမှူဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင် (အလယ်)

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အသေရေဖျက်မှုနဲ့ Eleven Media Group အမှူဆောင် အရာရှိချုပ်နဲ့ အယ်ဒီတာချုပ်ကို ဖမ်းဆီးထားတာဟာ ဒီမိုကရေစီ အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်တဲ့အတွက် သူတို့ကို ချက်ခြင်း ပြန်လွှတ်ပေးသင့်တယ်လို့ တက်ကြွ လှုပ်ရှားသူတွေနဲ့ သတင်း မီဒီယာသမားတွေက တောင်းဆို လိုက်ပါတယ်။ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)လို လွတ်လပ်စွာ ပြောဆိုခွင့်ကို ဥပဒေအရ ဟန့်တား ထားတဲ့ ဥပဒေကိုလည်း ဖျက်သိမ်းသင့်တယ်လို့ ဥပဒေ ပညာရှင်ကထောက်ပြ ပါတယ်။ အသေးစိတ် မဆုမွန် ပြောပြပေးပါမယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်အပေါ် သတင်းမှားဖြန့်ဝေမှု၊ အသေရေဖျက်မှုတွေနဲ့ တရားစွဲ ဆိုပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထားတဲ့ Eleven Media Group အမှူဆောင် အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှုဖွင့် အရေးယူတဲ့ကိစ္စမှာ ကြားဝင်ညှိနှိုင်းပေးဖို့ Eleven Media Group ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး ဒေါက်တာသိန်းမြင့်က မြန်မာနိုင်ငံ သတင်းမီဒီယာကော င်စီကို ဒီကနေ့ နိုဝင်ဘာ ၁၂ရက်နေ့ နေ့စွဲနဲ့ မေတ္တာရပ်ခံစာ ပေးပို့ပါတယ်။

အခုလို ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ Eleven Media Group ကြားဖြစ်နေတဲ့ ပြသနာ ကို မြန်မာစာနယ်ဇင်း ကောင်စီအနေနဲ့ ကြားဝင် ညှိနှိုင်း ပေးနေတာနဲ့ ပတ်သက် ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ပြန်ကြားရေးတာဝန်ခံ ဦးမြင့်ကျော်က အခုလိုပြောပါတယ်။

“ ဒီအမှုကို ပြန်ရုပ်သိမ်းပေးပါလို့ စာပြန်ပို့ထားတယ်ပေါ့။ အတိုချုပ်ပြောရင်တော့ သတင်းမီဒီယာကောင်စီကို တိုင်ကြားသော်လည်း လုံလောက်တဲ့ အချိန်မရှိ ဘူးလို့ ပြောရမှာပဲ၊ ကောင်စီကို တိုင်တဲ့စာမှာ ၈ ရက်နေ့ လက်မှတ်ထိုးထားပေမယ့် မီဒီယာကောင်စီရုံးက တကယ် လက်ခံရရှိတာက ၉ ရက်နေ့နေ့လည်မှ။ အဲဒီ ၉ ရက်နေ့ နေ့လည်မှာ တာမွေရဲစခန်းမှာ အမှုက ဖွင့်ထားပြီးပြီပေါ့။ အမှုဖွင့်ထားတဲ့ ကိစ္စတခုကို ကျနော်တို့ ကြားဝင်ဆောင်ရွက်တာက ဖြစ်စဉ်တခုထဲပဲ ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူး … အဓိပ္ပါယ်မရှိဘူး ဆိုတာထက် အကျိုးရလဒ် မထွက်ဘူး ပြော တာပါ။ အဲလိုဆိုတော့ ကျနော်တို့က ဒီအမှုကို ပြန်ရုပ်သိမ်းပေးပါလို့ စာပြန်ပို့တာပါ”

မဆုမွန်။ ။ အဲဒီတော့ ကိုမြင့်ကျော်အနေနဲ့ပေါ့ ဦးဖြိုးမင်းသိန်းတို့နဲ့ ဒီဒေါက်တာ သန်းထွဋ်အောင်တို့နဲ့ ဖြစ်တဲ့ကိစ္စ၊ နောက် အရပ်သား အစိုးရလက်ထက် မြန်မာ့ မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ရော …။

“ ကျနော့်အမြင်မှာ လိုအပ်တာထက် ပိုပြီးတော့ အင်အားသုံး ကိုင်တွယ် အရေးယူေ ဆာင်ရွက်တာကတော့ အစိုးရအတွက်လည်း ပုံရိပ် မကောင်းနိုင်ဘူး၊ နောက်တခုက မီဒီယာဘက်အတွက်လည်း မကောင်းဘူးပေါ့ ”

အခုလို ကြားဝင်ညှိနှိုင်းပေးဖို့က အမှုရုပ်သိမ်းပေးမှ ဖြစ်နိုင်မှာမို့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ ဒုဥက္ကဋ္ဌ(၁) ဦးအောင်လှထွန်း (အငြင်းပွားမှုနဲ့ တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ)က ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို အမှုရုပ်ပေးပါရန် နိုဝင် ဘာလ ၁၀ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ ခဲ့ပါတယ်။

အများကရွေးချယ်လိုက်တဲ့ ဒီမိုကရေစီ အစိုးရလက်ထက်မှာတော့ သတင်းမီဒီယာ သမားတွေနဲ့ အရပ်သား အစိုးရတို့ကြား တင်းမာမှုတွေ၊ မီဒီယာအပေါ် နှိပ်ကွပ် ဖမ်းဆီးမှုတွေ ထပ်မမြင်ချင်တော့ဘူးလို့ သတင်းဖော်ပြမှုနဲ့ ထောင်ဒဏ် နှစ်ကြီး ကျခံခဲ့ရတဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းကလည်း ဗွီအိုအေကို အခုလိုပြောပါတယ်။

“ ဒီ ကိုဖြိုးမင်းသိန်းက အများကြီး သဘောထားကြီးသင့်တာပေါ့။ ဘာကြောင့်လဲ ဆိုတော့ သူ့ကို ရည်ညွှန်းပြီး ပြောထားတယ်ဆိုတာတောင် သူ့နာမည် ပါတာ မဟုတ်ဘူးလေ။ အဲဒီတော့ ကျနော်တို့ ဒီအရပ်သား အစိုးရမှာ အရင်ဦးသိန်းစိန် အစိုးရလက်ထက် ထက်တောင် ပိုဆိုးနေတဲ့ ဒီ ၆၆(ဃ)ကို အများကြီး ကျင့်သုံး လာတော့ ဒါ မလိုလားအပ်တဲ့ ပြသနာတွေ ရှိပြီးတော့၊ မီဒီယာသမားတွေရော ကျန်တဲ့သူတွေပါ အများကြီး အခက်အခဲ ဒုက္ခတွေဖြစ်နိုင်တယ်လို့ ကျနော်မြင်တယ်။ ဒီမိုကရေစီအစိုးရကို ဖေါ်ဆောင်နေတဲ့ အရပ်သားအစိုးရ အနေနဲ့ ဒီကိစ္စကို ဆက်လက် ကျင့်သုံးနေမယ်ဆိုရင် အရင် ဦးသိန်းစိန်အစိုးရ ထက်တောင် ပုံရိပ်တွေ အများကြီးကျသွားနိုင်တယ် ”

အရင်သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တုန်းက နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်မှုနဲ့ ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်လေးဦးကို တပ်မတော်က တရားစွဲဆိုခဲ့လို့ ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်ခဲ့ရတာဖြစ်ပါတယ်။

အခုလို အရပ်သားအစိုးရလက်ထက် အစိုးရထောက်ခံသူ၊ အစိုးရနဲ့ သဘောထား ကွဲလွဲသူ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ သတင်းမီဒီယာ နဲ့ တပ်မတော်ကြား၊ အစိုးရကြား အပြန်အလှန်ဆိုသလို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆို မှုတွေ လုပ်နေတာဟာ ဒီမိုကရေစီ အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်ပြီး ဒီလို လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ဥပဒေအရ အရေးယူ ကန့်သတ်မှုလုပ်နေတဲ့ ၆၆ (ဃ)ကို ဖျက်သိမ်း သင့်တယ်လို့ မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်က ရှေ့နေကြီး ဦးသိန်းသန်းဦးကလည်း ပြောပါတယ်။

“ ၆၆(ဃ)ဆိုတာ မင်းဆိုးမင်းညစ်က သူ့ကိုဆန့်ကျင်တဲ့ အတိုက်အခံတွေကို ဖိနှိပ်ဖို့ အတွက် ပြဌာန်းထားတဲ့ ဥပဒေဗျ။ ဒီဥပဒေကို လူထုအစိုးရက မကျင့်သုံး သင့်ဘူး။ေ နာက် Freedom of Expression ပေါ့ဗျာ လူတွေ လွတ်လပ်စွာ ထုတ်ဖေါ်ပြောကြား ခွင့်ကို ကန့်သတ်ရာလဲကျတယ်။ ဒီ ၆၆(ဃ)ကို ၂၀၁၃မှာ ပြဌာန်းခဲ့တာဟာ အတိုက် အခံတွေကို ဖိနှိပ်ဖို့ ပြဌာန်းခဲ့တာ ဖြစ်တယ်။ ဒါအပိုပဲဗျ ဒီဥပဒေကြီးက ရှိဖို့လည်း မလိုအပ်ဘူး။ ရှင်းရှင်းပြောရရင် ရှေ့မှာရှိခဲ့တဲ့ အီလက်ထရွန်းနစ် ဆက်သွယ်ရေး ဥပဒေတို့ ၃၃(ဃ)တို့ ၆၆(ဃ)တို့ ဆိုတာ ဟိုအရင်ခေတ်က အတိုက်အခံတွေကို ဖိနှိပ်ချုပ်ချယ်ဖို့ ပြဌာန်းထားတဲ့ အာဏာရှင်ဥပဒေ ဖြစ်တဲ့အတွက် ဆက်မသုံးသင့် ဘူးဗျ ”

အခုလို Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အပတ်စဉ် ထုတ် Weekly Eleven ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုး တို့အား ဖမ်းဆီးတာ၊ တရားစွဲဆို တာတွေအတွက် အထူးစိုးရိမ် မိတယ်လို့ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းေ ထာက်များအသင်း FCCM က သတင်း ထုတ်ပြန်သလို သူတို့နှစ်ဦးလုံးကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ကိုလည်း Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ကြီးကမြန်မာအစိုးရကို တောင်းဆိုထားပါတယ်။ အခုလို သတင်းသမားနှစ်ဦးကို ဖမ်းဆီးတာဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ လက်ထက် လွတ်လပ်စွာ ဖေါ်ထုတ်ခွင့်အပေါ် စိုးရိမ်မှုတွေ မြင့်တက်စေတယ်လို့ AI အဖွဲ့ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ ညွန်ကြားရေးမှူးကပြော ဆိုထားပါတယ်။
VOA Burmese News


ပလက်ဖောင်းများ၊ ရေမြောင်းများနှင့် အများပြည်သူပိုင်နေရာများတွင် နေရာများတွင် နေရာယူဆောက် လုပ်ထားသော ပုဂ္ဂလိကပိုင်မီးစက်များသည် ဖယ်ရှားရန် ခက်ခဲနေသော အနာဆွေးကြီးများ ဖြစ်သည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက နိုဝင်ဘာ ၉ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်၌ ပြောကြားခဲ့ကြောင်း သိရသည်။

လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အ မှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာက ရန်ကုန်မြို့နယ် မြို့တွင်း ခြောက်မြို့နယ်ရှိ ပလက်ဖောင်းများ၊ ရေမြောင်းများနှင့် အများပိုင်နေရာများတွင် နေရာယူဆောက်ထား သော မီးစက်ပေါင်း ၂၆၇ လုံးခန့်ရှိနေကြောင်း၊ ၎င်းမီးစက်များကြောင့် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်နေကြကြောင်း၊ အဆိုပါ မီးစက်များကို ဖယ်ရှား ခြင်း (သို့) ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်ရန် ရှိ/မရှိ မေးမြန်းမှုကို မြို့တော်ဝန်မှ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

''ဒီမီးစက်ကြီးတွေက ဟိုးအရင်ထဲ ကရှိနေတဲ့ အနာဆွေးကြီးတွေလိုပဲ။ ဒီမီးစက်ကြီးတွေ ဘာလို့ ပေါ်လာလဲ လျှပ် စစ်မီးပုံမှန်မရတဲ့အတွက်ကြောင့်ဖြစ်တယ်၊ ဟိုးအရင်ထဲက ရှိလာတာဖြစ်တယ်။ ဒါတွေကို ကျွန်တော်တို့ က အမိန့်နဲ့ ဖယ်ခိုင်းလို့မရဘူး။ ဖယ်လိုက်တာနဲ့ ဘယ်မှာလဲ လျှပ်စစ်မီးဆိုတဲ့ မေးခွန်းထွက်လာမှာ ဖြစ်တယ်။ ဒဏ်ရိုက်တဲ့အခါကျတော့လည်း ဒဏ်ငွေနည်းသွားရင် မီးစက်တွေ ပိုမိုများ လာမှာဖြစ်တယ်၊ နောက်တခုက ဒဏ်ရိုက်တယ်ဆိုတာ အခကြေးငွေယူပြီး တရားဝင် ခွင့်ပြုသလိုဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့ အခုလော လောဆယ် ဘာလုပ်ရမလဲဆိုတော့ သူတို့တွေကို ပုဂ္ဂလိကအကျိုးအတွက် အများပိုင်နေရာတွေကို မသုံးရဘူး ဆိုတာတွေပဲ ပညာပေးစည်းရုံးရေးလုပ်ရပါမယ်။ အခုလည်း လုပ်နေပါတယ်''ဟု မြို့တော်ဝန်က ပြောကြားခဲ့သည်။

ဆက်လက်၍ ယခုလက်ရှိတွင် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုရာတွင် မီးစက်နေရာနှင့် ကားပါကင် ပါရှိမှ သာခွင့်ပြုပေးနေကြောင်း၊ သို့သော် မီးစက်နှင့် ကားပါကင်သည် အကျယ်အ၀န်း စတုရန်းပေ ၂၅၀၀ နှင့်အထက်မှသာ ထည့်သွင်းဆောက်လုပ်ရသော စည်ပင်ဥပဒေရှိနေကြောင်းနှင့် ပေ ၄၀ x ၆၀ အဆောက် အအုံများသည် ၂၅၀၀ စတုရန်း ပေ အကျယ်အ၀န်းဖြစ်သော်လည်း ချတွက်သည့်အခါ ၂၄၀၀ စတုရန်းပေသာ ရှိသောကြောင့် စည်ပင်ဥပဒေကို လက်တလုံးခြားလုပ်ရနေကြောင်း မြို့တော်ဝန်က ဆက်လက်ပြောကြား ခဲ့သည်။

ပလက်ဖောင်းများပေါ်တွင် မီးစက်အများစုသည် လူများလမ်းလျှောက်ရန် နေရာပင်မရှိလောက်အောင် နေရာ ယူထားကြောင်း၊ အဆိုပါ မီးစက်များမှထွက်သော အပူရှိန်နှင့် ဆူညံသံများကြောင့် လမ်းသွားလမ်းလာများ အနှောင့်အယှက် ဖြစ်နေရကြောင်းနှင့် ရေမြောင်းများပေါ်တွင်ခွ၍ ဆောက်လုပ်ထားသော မီးစက်များကြောင့် ရေမြောင်းနံရံကြာရှည်မခံခြင်းနှင့် ရေမြောင်းပိတ်ဆို့ခြင်းများပင်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

လတ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုးရန်ပုံငွေ (3MDG) ရဲ့ အကြီးတန်း ပြည်သူ့ကျန်းမာရေးအရာရှိ ဒေါက်တာအေးယုစိုး ကို နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်
ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုးရန်ပုံငွေ (3MDG) ရဲ့ အကြီးတန်း ပြည်သူ့ကျန်းမာရေးအရာရှိ ဒေါက်တာအေးယုစိုး ကို နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/RFA

တီဘီလူနာနဲ့ ဆေးယဉ်ပါးတီဘီလူနာ အယောက် ၁၀၀ ကနေ ၁၅၀ ထိကို နေ့စဉ်အခမဲ့ အထူးကြပ်မတ်ကု သပေးနိုင်မယ့် တီဘီရောဂါပြင်ပ လူနာဌာန လေးထပ်အဆောက်အအုံသစ်ကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မှာ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုးရန်ပုံငွေ (3MDG) က ဆောက်လုပ်ဖို့အတွက် ဒီနေ့ ပန္နက်တင်အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဒီနေ့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောင်ဆန်းတီဘီတိုက်ဖျက်ရေး တီဘီရောဂါကုဌာနမှာ လေးထပ်အဆောက် အအုံသစ် ပန္နက်တင်အခမ်းအနား ကျင်းပခဲ့တာဖြစ်ပါတယ်။

3MDG က မြန်မာနိုင်ငံမှာ တီဘီရောဂါတိုက်ဖျက်ရေးအတွက် အရေးပါတဲ့ အခြေခံအဆောက်အဦးတွေ တည်ဆောက်ရာမှာ အမေရိကန် ဒေါ်လာ ၃.၁သန်း အသုံးပြုပြီး ဓာတ်ခွဲခန်း၊ တီဘီရောဂါကုသရေးပြင်ပလူနာဌာန တို့ကို ရန်ကုန်နဲ့ မန္တလေးတို့မှာ စုစုပေါင်း အဆောက်အဦး ၄ ခု တည်ဆောက်သွားမှာဖြစ်ပါတယ်။

လက်ရှိ ရန်ကုန်တိုင်းမှာရှိတဲ့ အောင်ဆန်းတီဘီတိုက်ဖျက်ရေး တီဘီရောဂါကုဌာနမှာ တစ်ထပ်ဆောင် သာဖြစ်ပြီး ဆေးကုသတဲ့ လူနာဦးရေများတဲ့အတွက် နေရာအခက်အခဲ ရှိနေတာဖြစ်ပါတယ်။

အသစ်တည်ဆောက်မယ့် တီဘီရောဂါပြင်ပလူနာဌာန လေးထပ်အဆောက်အဦးသစ်ကို လာမယ့် ၂၀၁၈ ခုနှစ်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး တစ်ပတ်မှာ ၅ ရက် ဆေးကုသပေးသွားမှာဖြစ်ပါတယ်။

အဲဒီအဆောက်အဦးသစ်မှာ တီဘီရောဂါဆိုင်ရာ ဓာတ်ခွဲခန်း၊ ဆေးဝါးသိုလှောင်ခန်း၊ ဆေးပေးခန်း၊ ဓာတ်မှန်ခန်း၊ နှစ်သိမ့်ဆွေးနွေးခန်းနဲ့ အရေးပေါ်ခန်းတွေလည်း ပါရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် မသန်စွမ်းသူတွေ ဆေးလာ ကုတဲ့အခါ သွားလာရလွယ်ကူစေဖို့ သန့်စင်ခန်းနဲ့ ၀င်ပေါက်တွေမှာလည်း လျှောက်လမ်းတွေ ထားပေးသွားမယ်လို့ သိရပါတယ်။

တီဘီရောဂါအဖြစ်များဆုံး နိုင်ငံ ၃၀ ထဲမှာ မြန်မာနိုင်ငံ ပါဝင်နေပြီး နှစ်စဉ် တီဘီလူနာပေါင်း တစ်သိန်းခွဲ ခန့် တွေ့ရှိနေရတယ် 3MDG ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

3MDG ဟာ မြန်မာနိုင်ငံမှာ ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှုတွေပေးနေတဲ့ ရန်ပုံငွေအဖွဲ့ဖြစ်ပြီး အဲဒီရန်ပုံငွေကို သြစတေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုတို့က ကူညီပံ့ပိုးပေးတာဖြစ်ပါတယ်။
RFA


အစိုးရတပ်မတော်က ၀ိုင်းမော်မြို့နယ်အတွင်းရှိ ကေအိုင်အို တပ်တွေအခြေစိုက်တဲ့ ဂီဒွန်တောင်က စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ နေ့စဉ်လိုလို ရှိနေဆဲဖြစ်ပြီး အခုတလော ပစ်ခတ်တာတွေက အရင်ကထက် ပြိုပီးများပြားလာတယ်လို့ ကေအိုင်အို အရာရှိတစ်ဦးက ပြောပါတယ်။

၂ လကျော်ကြာနေပြီဖြစ်တဲ့ ကေအိုင်အို နယ်မြေအတွင်းက အင်ခရမ်တောင်တန်းပေါ်ရှိ ဂီဒွန်တောင်ကုန်းကို တပ်မတော်ဖက်က လက်နက်ကြီးပစ်ခတ်တာတွေ အရင်ကထက် များပြားလာတဲ့အကြောင်း ကေအိုင်အို ပြန် ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက အခုလို ပြောပါတယ်။

"ဂီဒွန်ဘက်မှာတော့ တိုက်ပွဲက လက်နက်ကြီးနဲ့ ပစ်တာတော့ရှိပါတယ်။၂ ရက် ၃ ရက်လောက် ဆိုရင်တော့ သူတို့ပစ်တဲ့ပုံစံကတော့ အရင်ပစ်တာနဲ့စာရင်တော့ ထူးဆန်းတယ်လို့ ပြောလို့ရပါတယ်။ ဆက်တိုက်ပစ် တာတွေရှိတယ် ခါတိုင်းကတော့ တစ်နေ့ ၁၀ ကျော်၊ ၂၀ လောက်ပစ်တယ်။ အခု ၃ ရက်လောက်မှာတော့ ၄၀၊ ၅၀ ကြိမ်လောက် ပစ်တာတွေရှိတယ်၊ အဲဒါတော့ နည်းနည်းထူးဆန်းတယ်လို့ ပြောလို့ရပါတယ်"

အခုနောက်ပိုင်းမှာ မြေပြင်တိုက်ပွဲတွေ မရှိတော့ပေမယ့်  ကေအိုင်အို ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်တာတွေရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese



 မောင်တော အခြေအနေ ပြန်လည် လှုပ်ရှား
စနေနေ့ မနက်က မောင်တောမြို့နယ် မြောက်ပိုင်းမှာ တပ်မတော်စစ်ကြောင်းနဲ့ အကြမ်းဖက် အဖွဲ့တဖွဲ့ အကြား တိုက်ပွဲ ဖြစ်ပွားရာမှာ လက်နက်ကြီးတွေ သုံးရတဲ့ထိ ပြင်းထန်ခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားသံတွေ မကြားရတော့တဲ့ အတွက် နယ်မြေ အခြေအနေ တည်ငြိမ်နေပြီလို့ ဒေသ အာဏာပိုင်တွေက ပြောဆိုနေချိန်မှာပဲ မောင်တောမြို့နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

သေနတ်ပစ်ခတ်သံ တွေကို အချိန် ၂ နာရီ ကျော်ထိ ကြားခဲ့ရပြီး လက်နက်ကြီးနဲ့ ပစ်တဲ့ အသံ ၁ဝ ချက်လောက် ကြားရတယ်လို့ အနီးဆုံးရွာတခု ဖြစ်တဲ့ ရွက်ညိုးတောင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပြပါတယ်။

နေရာ သုံးခုမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေပါ သုံးခဲ့ရတဲ့ အတွက် အနီးပတ်ဝန်းကျင် ရွာတွေ အားလုံးက ကြားခဲ့ရတာ ဖြစ်ပါတယ်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ဆက်သွယ် မေးမြန်းတော့ တပ်က နယ်မြေ ရှင်းလင်းရေး လုပ်နေစဉ် တဘက်က စပစ်တာ ဖြစ်ပြီး တပ်ဘက်က တယောက် ဒဏ်ရာရသလို အကြမ်းဖက် ဘက်က ၂ ယောက် သေတယ်လို့ ကြားရကြောင်း နယ်မြေ တာဝန်ရှိသူ တဦးက ပြောပါတယ်။

အခု မောင်တောမြို့နယ် အတွင်းမှာ တပ်မတော်နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့ နယ်မြေ ရှင်းလင်းရေးတွေ လုပ်နေသလို တပ်မတော်ရဲကလည်း နတ်မြစ်အတွင်း ကင်းလှည့်မှုတွေ ပြုလုပ်နေပါတယ်။

သောကြာနေ့ ညနေ ၅ နာရီခန့်ကတော့ ဘကုန်းနား မွတ်ဆလင် ရွာက ညီအစ်ကိုနှစ်ဦးကို မဆွေဇင် ဖေ့စ်ဘုတ်ကို နာမည်ကို သုံးပြီး နိုင်ငံတော်နဲ့ တပ်မတော်ကို အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။

တဘက်နိုင်ငံကို လှေနဲ့ ဖြတ်ကူးတဲ့ တဦး၊ လှဖိုးခေါင် ကျေးရွာသားတဦးနဲ့ ခမောင်းဆိပ် ကျေးရွာက မသင်္ကာဖွယ်ရာ ဒီမိုဟာမတ်၊ မော်လဝီဆော်ဘီအာလောင် ၊ မာမတ်အာလောင် တို့ ၃ ဦးကို ဖမ်းဆီးရမိတယ်လို့ သက်ဆိုင်ရာက သတင်း ထုတ်ပြန်ထားပါတယ် ။

BBC Burmese
http://www.bbc.com/burmese


မော်လမြိုင်၊ နိုဝင်ဘာ ၁၂ ။ ။ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ သမိန်းဗရမ်းလမ်းမပေါ်ရှိ လဝီမွန်ကုမ္ပဏီ အဆောက်အဦးတွင် ယနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲက မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ပြုလုပ်နေစဉ် သေနတ်ပစ်ဖောက်မှု ဖြစ်ပွားခဲ့ကြောင်း မြိုင်သာယာနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းအစည်းအဝေးသို့ မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့မှ ဗဟိုစီးပွားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးအဆင့်ရှိ နိုင်အိုက်ချယ် (ခ) နိုင်ချယ်ရီ ဦးဆောင်သော အဖွဲ့သုံးဦးသည် မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့မှ အစည်းအဝေးပြုလုပ်သည့် နေအိမ်အနီးသို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး ၉ မမ ပစ္စတိုဖြင့် ကောင်းကင်ပေါ်သို့ သေနတ်နှစ်ချက် ပစ်ဖောက်ခဲ့ကာ ထွက်သွားကြောင်း မြိုင်သာယာနယ်မြေ ရဲစခန်းမှတ်တမ်းတွင် ဖော်ပြထားသည်။

သေနတ်ပစ်ဖောက်ခဲ့သူမှာ နိုင်အိုက်ချယ်၏ တပည့်ဖြစ်သူ ပြည်ကျော် (အရပ်သား) ဆိုသူဖြစ်ပြီး သေနတ်ပစ်ဖောက်မှုကြောင့် လူ၊ ပစ္စည်းများ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ သေနတ်ပစ်ဖောက်ခဲ့သည့် နေရာတွင် ၉ မမပစ္စတို၏ ၉ မမ Luger ကျည်ခွံ နှစ်ခုကို တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ရကြောင်း မြိုင်သာယာနယ်မြေ ရဲစခန်းမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်ပစ်ဖောက်သွားသော နိုင်အိုက်ချယ်နှင့် အဖွဲ့ကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း မြိုင်သာယာနယ်မြေရဲစခန်းမှ ရဲအရာရှိက ဆိုသည်။

ခေတ်မင်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/


ရွှေ့ ပြောင်းအလုပ်သမားရဲ့  အခြေခံရပိုင်ခွင့်ကို ကာကွယ်ဖို့အတွက် အရပ်သားအဖွဲ့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း အလုပ်သမားနဲ့ ပြည်သူ့အင်အားဝန်ကြီးက အောက်တိုဘာလ (၂၀) ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ ပြောသွားပါတယ်။ ရွှေ့ ပြောင်းလုပ်သားလို့ပြောရင် နိုင်ငံခြားရောက် မြန်မာအလုပ်သမားကို မြင်ကြတာ များပါတယ်။ ပြည်တွင်းက ရွှေ့ ပြောင်းလုပ်သားအကြောင်းကို လူသိနည်းပါတယ်။ ILO ခေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ဟာ ပြည်တွင်းက ရွှေ့ ပြောင်းလုပ်သား (၇၂၉၅) ဦးကို တွေ့ဆုံမေးမြန်းပြီး Internal Labour Migration in Myanmar ဆိုတဲ့ စာမျက်နှာ တရာကျော် အစီရင်ခံစာကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ မနှစ်က ထုတ်ဝေခဲ့ပါတယ်။

အဓမ္မခိုင်းစေမှုဆိုတာ အစိုးရဝန်ထမ်းက ပြည်သူကို အဓမ္မခိုင်းတာမျိုး ဖြစ်ပေမယ့် အခုတော့ ပုဂ္ဂလိကဏ္ဍမှာလည်း တွေ့နိုင်တယ်လို့ ဆိုပါတယ်။ အဓမ္မခိုင်းစေတယ်လို့ ပြောနိုင်တဲ့ အချက် (၃) ချက်ကို ရှင်းပြထားပါတယ်။ အင်အားသုံးပြီး (သို့မဟုတ်) လိမ်လည်လှည့်ဖြားပြီး ခိုင်းစေမှု၊ အတင်းအကျပ် ခိုင်းစေမှု၊ အလုပ်မထွက်နိုင်အောင် လုပ်ထားမှုစတဲ့ အခြေအနေတခုခုရှိရင် အဓမ္မ ခိုင်းစေမှုလို့ ခေါ်နိုင်တယ်လို့ ဆိုပါတယ်။ ILO အဖွဲ့ဟာ အဓမ္မ ခိုင်းစေမှု ပြဿနာကို စောင့်ကြည့်နေတာ (၁၅) နှစ် ရှိပါပြီ။

နောက်ဆုံးအခြေအနေကို သိနိုင်ဖို့အတွက် ၂၀၁၃ နှစ်ဆန်းနဲ့ ၂၀၁၅ ဧပြီလအကြားမှာ ရွှေ့ ပြောင်းတဲ့ အလုပ်သမားတွေကို ရွေးပြီး မေးမြန်းတယ်လို့ ဆိုပါတယ်။ တိုင်း (သို့မဟုတ်) ပြည်နယ်တခုမှာ မြို့ နယ် (၄) ခုနှုန်းနဲ့ စစ်တမ်းကောက်ယူပါတယ်။ မေးမြန်းသူအားလုံးဟာ အလုပ်အကိုင်မကောင်းလို့ နေရာရွှေ့ ပြောင်းရတာလို့ ဆိုပါတယ်။ ဆွေမျိုးမိတ်သင်္ဂဟ အကူအညီနဲ့ အလုပ်အကိုင် ပြောင်းရွှေ့ သူက အများစု ဖြစ်ပေမယ့် (၁၀) ရာခိုင်နှုန်းဟာ အလုပ်ပွဲစားကို အခကြေးငွေပေးပြီး အလုပ်ရွှေ့ ပြောင်းတယ်လို့ ဆိုပါတယ်။ ရွှေ့ ပြောင်းလုပ်သားတွေဟာ နေရာသစ်မှာ အိမ်ငှားနေနိုင်တဲ့ အခြေအနေ မရှိတဲ့အတွက် အလုပ်အနီးမှာ ဖြစ်သလို တဲဆောက်ပြီး နေထိုင်ကြသလို အလုပ်ရှင်းပေးတဲ့ နေရာမှာလည်း နေထိုင်ကြပါတယ်။ မကျေနပ်တာကို မပြောရဲတဲ့ အလုပ်သမားဘဝ ရောက်သွားတယ်လို့ ဆိုပါတယ်။

အလုပ်သစ်မရမီက ပြောထားတာနဲ့ လက်တွေ့အလုပ် တခြားစီ ဖြစ်နေတာမျိုးရှိတဲ့အတွက် လိမ်လည်လှည့်ဖြားခံရသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ မူလသဘောတူထားတဲ့ အလုပ်ချိန်ထက်ပိုပြီး ခိုင်းမှု၊ နားချိန်မရှိမှု၊ အပြင်လောကနဲ့ ဆက်သွယ်ခွင့် မရမှု စတာတွေကြောင့် အဓမ္မခိုင်းလို့ အလုပ်လုပ်ရသလို ဖြစ်ပါတယ်။ အလုပ်ထဲက မထွက်နိုင်အောင် အလုပ်ရှင်ဘက်က ဖန်တီးထားတာ အဓမ္မခိုင်းစေမှုနဲ့ အတူတူပဲလို့ ဆိုပါတယ်။ မေးမြန်းတဲ့ အလုပ်သမား (၇၂၉၅) ထဲမှာ (၂၆) ရာခိုင်နှုန်း (သို့မဟုတ်) ၁၉၀၈ ဟာ အဓမ္မခိုင်းစေခြင်း ခံရသူတွေဖြစ်ပြီး (၁၄) ရာခိုင်နှုန်း (သို့မဟုတ်) ၁၀၀၇ ဟာ အဓမ္မခိုင်ခံရတဲ့ ဘဝရောက်သွားအောင် လိမ်လည်လှည့်ဖြားခံရသူ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဒီအထဲမှာ (၅၃၈၇) (သို့မဟုတ်) (၇၄) ရာခိုင်နှုန်းဟာ အဓမ္မခိုင်းစေမှုက ကင်းလွတ်တယ်လို့ ဆိုပါတယ်။

လူကုန်ကူးမှုဟာ ပြည်တွင်းမှာလည်း ဖြစ်ပွားပါတယ်။ နိုင်ငံခြားခေါ်သွားမှသာ ဖြစ်ပွားတဲ့အမှု မဟုတ်ပါဘူး။ ဒါကြောင့် ပြည်တွင်းရွှေ့ ပြောင်းလုပ်သားကိစ္စမှာ လူကုန်ကူးမှုနဲ့ အဓမ္မစေခိုင်းမှု ပါဝင်နေပုံကို ILO က ဖော်ပြထားပါတယ်။ စစ်တမ်းကောက်ယူတဲ့လူ (၇၂၉၅) ကျော်ထဲမှာ အသက် (၁၈) နှစ်အောက် ကလေးအရွယ်က (၆) ရာခိုင်နှုန်းပါဝင်ပါတယ်။ ပဲခူးတိုင်းမှာ ရွှေ့ ပြောင်းလုပ်သား အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းက ဒုတိယအများဆုံး ဖြစ်ပါတယ်။ နေရာဟောင်းက မရွှေ့ ပြောင်းမီ နေရာသစ်မှာ အလုပ်လုပ်ဖို့ စီစဉ်နိုင်သူက (၅၄) ရာခိုင်နှုန်းရှိပြီး (၄၆) ရာခိုင်နှုန်းကတော့ ရွှေ့ ပြောင်းပြီးမှာ အလုပ်ရှာကြပါတယ်။ အလုပ်ကန်ထရိုက်ကို စာနဲ့ရေးဖို့ မြန်မာဥပဒေက ပြဌာန်းထားပေမယ့် အများစုဟာ နှုတ်ကတိနဲ့ အလုပ်လုပ်ကြပါတယ်။

အလုပ်စာချုပ်ရှိသူ အနည်းအကျဉ်းရှိပေမယ့် သတ်မှတ်တဲ့အချက်အလက် ပြည့်စုံတာ မဟုတ်တဲ့အတွက် လုပ်ငန်းခွင်မှာ ပြဿနာဖြစ်ရင် အလုပ်ရှင်ကို အရေးယူဖို့ ခက်ခဲပါတယ်။ ရွှေ့ ပြောင်းလုပ်သား (၇၂၉၅) မှာ (၄၀) ရာခိုင်နှုန်းဟာ လုပ်ခများတဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်ကြပါတယ်။ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ သတ္တုတွင်း၊ ငါးလုပ်ငန်း၊ သစ်တောလုပ်ငန်း စတာတွေမှာလည်း လုပ်ကိုင်ကြပါတယ်။ ရွှေ့ ပြောင်းလုပ်သား (၉၀) ရာခိုင်နှုန်းဟာ အလုပ်ကြောင့် ထိခိုက်ဒဏ်ရာရရင် လျှော်ကြေးရဖို့ မမျှော်လင့်ကြပါဘူး။ လူနည်းစုလောက်သာ အလုပ်ရှင်ရဲ့  အကူအညီ ရရှိပါတယ်။

ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ တိုင်းတာတဲ့အခါမှာ ရွှေ့ ပြောင်းလုပ်သားအားလုံးရဲ့  လုပ်ငန်းခွင်နဲ့ နေထိုင်မှုအခြေအနေဟာ အဓမ္မခိုင်းစေမှုနဲ့ ပတ်သက်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ရွှေ့ ပြောင်းလုပ်သားနဲ့ လူကုန်ကူးမှု ဆက်စပ်နေပုံကိုလည်း ဖော်ပြပါတယ်။ နေရာရွှေ့ ပြောင်းလုပ်ကိုင်သူဦးရေ ဆက်လက်တိုးပွားဖို့ များပါတယ်။ ဒါကြောင့် ILO အဖွဲ့က မြန်မာအစိုးရနဲ့ရော အရပ်သားအဖွဲ့အစည်းနဲ့ရော ပူးပေါင်းဆောင်ရွက်ပြီး ရွှေ့ ပြောင်းလုပ်သား စစ်တမ်းကောက်ယူတာ ဖြစ်ပါတယ်။ ဒီစစ်တမ်းကြောင့် ရွှေ့ ပြောင်းလုပ်သားတွေရဲ့  အခြေအနေ တိုးတက်ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

   ဦးအောင်ခင်  /  ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ လုံခြုံရေးကို ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်။ ဓါတ်ပုံ - ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မျောတောင်ကျေးရွာနဲ့ ပွင့်ဖြူချောင်းကျေးရွာကြားမှာ ဒီကနေ့ မနက် ၆ နာရီလောက်က လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်သမားတွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်သား တစ်ယောက် ကျဆုံးသွားတယ်လို့ မောင်တောမဲဆန္ဒနယ် အမှတ် ၂ က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်း က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာကို ကူညီဖို့လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ကားကို အကြမ်းဖက်သမားတွေက မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်က အရာရှိတစ်ယောက် ကျဆုံးသွားတယ်လို့ ဦးမောင်အုန်း က ပြောပါတယ်။

"အဲဒီဘက်မှာ အကြမ်းဖက်သမားတွေက လာတိုက်တော့ ဒီက ပစ်တယ်ပေါ့နော်။ နောက် ဒီက စစ်ကူသွားတော့ စစ်ကူကားကို သူတို့က ဖောက်ခွဲတယ်လို့ ကြားတယ်။ အဲဒီမှာ စစ်ဗိုလ်သေဆုံးတယ်လို့ ကြားတယ်ဗျ"

ဒီနေ့မနက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အပြီးမှာ အကြမ်းဖက်သမားတွေဘက်က သေဆုံးသူ၂ ဦးရဲ့ ရုပ်အလောင်းနဲ့ သေနတ်တစ်လက် ရရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အစိုးရဘက်ကတော့ အတည်မပြုသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းတုန်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျီးကန်းပြင် နယ်ခြားစောင့် ရဲစခန်းဌာနချုပ်နဲ့ ရဲစခန်းတွေကို အကြမ်းဖက်သမားတွေက ၀င်ရောက်တိုက်ခိုက်ပြီး လက်နက်တွေနဲ့ ကျည်ဆံတွေ လုယူသွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့က အဲဒီဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ်ကြေညာပြီး နယ်မြေရှင်းလင်းရေး ပြု လုပ်ရာမှာ အကြမ်းဖက်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese



ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် ကို နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ Photo: Aung Thain Kha/RFA
ဈေးကွက်အတွင်း ရောင်းချနေတဲ့ ငရုတ်သီးမှုန့်နဲ့ အရောင်တင်မှုန့်တွေမှာ အသဲကင်ဆာရောဂါကို ဖြစ်ပွားစေတဲ့ Aflatoxin နဲ့ ဆိုးဆေးတွေ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိထားတဲ့အတွက် ဈေးကွက်ထဲက ကုန်ပစ္စည်းတွေကို တပတ်အတွင်း သိမ်းဆည်းဖို့ နဲ့ ထပ်မံတွေ့ရှိရင် အရေးယူသွားမယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် က ပြောပါတယ်။

ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်တွေ ဖြန့်ဖြူးရောင်းချနေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဒီကနေ့ ရန်ကုန်မြို့ ဒဂုံမြို့နယ်က အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှာ တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် က ပြောတာဖြစ်ပါတယ်။

စက်ရုံမှာရှိတဲ့ ထုတ်လုပ်ပြီး ငရုတ်သီးမှုန့်တွေနဲ့ သိုလှောင်ထားတဲ့ ပစ္စည်းတွေကိုလည်း စစ်ဆေးသွားမယ် လို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က ပြောပါတယ်။

အစည်းအဝေးကို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးက ငရုတ်သီးမှုန့် အရောင်တင်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ တက်ရောက် ခဲ့ကြပြီး ရန်ကုန်မြို့အတွင်းက လုပ်ငန်းရှင် ၉ ဦးသာ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese



ဗုံးပေါက်ကွဲမှုအပြီး လုံခြုံရေး ယူထားတဲ့ အာဖရန် ရဲလုံခြုံရေး
အာဖဂန်နစ္စတန်နိုင်ငံမြို့ တော် ကာဘူးလ်ရဲ့ မြောက်ဘက်မှာရှိတဲ့ အမေရိကန်တို့ရဲ့  အကြီးဆုံး Bagram လေတပ်အခြေစိုက် စခန်းမှာ ဒီကနေ့ အသေခံဗုံးခွဲခဲ့ တာကြောင့် လူ ၄ ယောက်ထက်မနည်း သေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရ သွားပါတယ်။ အခြေစိုက်စခန်းရဲ့ စားသောက်ခန်းမ အပြင်ဘက်မှာ ပေါက်ကွဲမှုဖြစ် ပွားခဲ့တာလို့ အာဖဂန် သတင်းဌာနကပြောပါတယ်။

ဒီအသေခံ ဗုံးခွဲတိုက်ခိုက်မှုကို ရှုံ့ချတဲ့ အကြောင်းနဲ့ သေဆုံး ဒဏ်ရာရ သွားသူတွေရဲ့ မိသားစုဝင်တွေနဲ့ အတူ စည်းလုံးညီညွှတ်စွာ ရပ်တည်နေပါတယ်လို့ အာဖဂန် အစိုးရ အကြီးအကဲ Abdullah Abdullah က သူရဲ့ တရားဝင် တွစ်တာ စာမျက်နှာ မှာရေးပါတယ်။

ညွှန့်ပေါင်းတပ်တွေနဲ့ အာဖဂန်ပြည်သူတွေကို တိုက်ခိုက်တဲ့ လူတွေကို တန်ပြန်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ အာဖဂန်နစ္စတန် နိုင်ငံတခုဖြစ်လာဖို့ သင်တန်းတွေ အကြံဉာဏ်ေ တွနဲ့ ဆက်ပြီး ကူညီပေးသွားမယ်လို့ NATO ဦးဆောင်တဲ့ Resolute Support မစ်ရှင်ရဲ့  ဗိုလ်မှူးကြီး John W.Nicholson ကကြေငြာချက် ထုတ်ပြောဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ တာလီဘန်ပြောခွင့်ရ Zabihullah Mujahid ကပြောပါတယ်။ တိုက်ခိုက်မှု မလုပ်ခင် လပိုင်းအလို ကတည်းက လေ တပ် စခန်းမှာ အလုပ်သမားအဖြစ် ဗုံးခွဲသမားက ၀င်ရောက်လုပ် ကိုင်နေခဲ့တာလို့ သူကပြောပါတယ်။

အာဖဂန် တပ်သားအပါအ၀င် အမေရိကန် တပ်သား ၂၀ ကျော်သေဆုံးပြီး အတော် များများ ဒဏ်ရာရသွားတယ်လို့ တာလီဘန်ပြောခွင့်ရက ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီလို တိုက်ခိုက်မှု မျိုးတွေမှာ သေဆုံးသူ အရေအတွက်ကို တာလီဘန်တို့က ချဲ့ကားပြောဆိုလေ့ ရှိတာပါ။ Mazar-i-Sharif မြို့က ဂျာမန် ကောင်စစ်ဝန်ရုံး ၀င်းထဲကို ကြာသပတေးနေ့က ကားနဲ့ မောင်းဝင် ဗုံးဖောက်ခွဲလို့လူ ၆ ဦးသေဆုံးပြီး ၁၃၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပြီးနောက် ဒီကနေ့ တိုက်ခိုက်မှုဖြစ်ပွါးတာပါ။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပထမအကြိမ် ဗဟိုကော်မတီ (ဆဌမ)မြောက် ပုံမှန်အစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်နေ့က အနောက် ရွှေဂုံတိုင်လမ်း အဖွဲ့ချုပ်ရုံးတွင်ကျင်းပခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် ပထမဦးဆုံးအကြိမ်ကျင်းပသော NLD ဗဟိုကော်မတီအစည်းအဝေးလည်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် “နှစ်ပေါင်း ၂၈ နှစ်ကျော် တော်လှန်ရေးကာလကို ဖြတ်ကျော်ခဲ့နိုင်ပြီး ယခုအခါ ပြည်သူတွေ လိုလားတောင့်တဲ့ စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းအမှန်ပေါ်သို့ ရောက်ရှိနိုင်ပြီးဖြစ်ပါတယ်။ ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကိုလည်း ပါတီဥက္ကကြီးရဲ့ ကိုယ်တိုင်ခေါင်းဆောင်မှုနဲ့အကောင်အထည်ဖော်နေခြင်းမှာ မေတ္တာသစ္စာဖြင့် ခွင့်လွှတ်ခြင်းတို့ရဲ့ ပုံရိပ်များဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ပုံရိပ်ဆိုးများ သံသရာလည်ရာမှ တည်ငြိမ်အေးဆေး ဂုဏ်သိက္ခာရှိစွာ ပေါ်ထွန်းနိုင်ရန် ကြိုးပမ်းဖို့ပဲ ဖြစ်ပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။


ထို့ပြင်“ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဗဟိုအဖွဲ့ဝင်များအနေနဲ့ မိမိတို့အပေါ်မှာ တကယ်သစ္စာထားပြီး ပါတီရဲ့ မူဘောင်အတွင်း ဥက္ကဌကြီးနဲ့အတူ ပါတီခေါင်းဆောင်များရဲ့ လမ်းညွှန်မှုကို လက်ခံမှသာ ပြည်သူလူထုတရပ်လုံးက အဖွဲ့ချုပ်အပေါ်မှာ ယုံကြည်လေးစားမှုရှိပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ လာမဲ့ ရွေးကောက်ပွဲအဆက်ဆက်တွေမှာလည်းပဲ ပြည်သူလူထုထောက်ခံမှုကို ဆက်လက်ရယူနိုင်ရမယ်လို့ အလေးအနက်ပြောကြားလိုပါတယ်”ဟု နာယက ဦးတင်ဦးက ဆက်လက်ထည့်ပြောကြားသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်မြင့်၊ ပါတီဗဟိုကော်မတီအတွင်းအရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်အပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ပါတီဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/


နိရဉ္စရာ၊ နိုဝင်ဘာ ၁၂

မောင်တောမြို့နယ် မြောက်ပိုင်းတွင် ယနေ့ နံနက် ၆ နာရီမှာ ၈ နာရီကျော်ထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု အနီးအနားကျေးရွာများမှ ဒေသခံများက ပြောကြားသည်။

“ စကြားတာက ဒီနေ့နံနက် ၆ နာရီမှ စကြားရတာပါ။ လက်နက်ကြီး ပစ်ခတ်သံတွေလည်း ကြားရပါတယ်။ လက်နက်ငယ်တွေ အတွဲလိုက် ပစ်ခတ်သံတွေလည်း တော်တော်များများ ကြားရပါတယ်။ ၈ နာရီ ကျော်ကျော်လောက်မှာ သေနတ်သံတွေ ရပ်သွားပါတယ်” ဟု တိုက်ပွဲ ဖြစ်ပွားသည့် နေရာနှင့် အနီးဆုံးကျေးရွာ တစ်ရွာဖြစ်သည့် ရွက်ညိုးတောင် ကျေးရွာ အုပ်ချုပ်ရေးမှူးက နိရဉ္စရာသို့ ပြောသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာမှာ မျော့တောင်နှင့် ပွင့်ဖြူချောင်းအကြား မညင်းတောင် ချိုင်ဘက်က ဖြစ်ကြောင်း၊ ၎င်းပတ်ဝန်းကျင်တွင် ဘင်္ဂလီရွာများ တည်ရှိကြောင်း၊ ၎င်းပြင် ရေခပ်ချောင်း ခွဆုံဘက်ကလည်း ကြားရကြောင်း၊ နေရာ သုံးခုက ကြားရကြောင်း သူက ဆက်လက် ပြောကြားသည်။

“ လက်ရှိ တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် နယ်မြေ အခြေအနေက ငြိမ်သက်နေပါတယ်။ ဘာတွေဖြစ်နေတယ်။ ဘယ်လို ဖြစ်နေတယ်ဆိုတာကတော့ ပြောလို့ မရသေးဘူး။ ကုလားအကြမ်းဖက်သမားတွေနဲ့ တပ်မတော်စစ်ကြောင်းနဲ့ ဖြစ်တာပါ။ အဲဒီဖြစ်တဲ့ နေရာသုံးခုက ဘင်္ဂလီရွာတွေနဲ့ နီးပါတယ်” ဟု သူက ဆက်လက် ပြောကြားသည်။

အမည်မဖော်လိုသူ မောင်တောမြို့ပေါ်မှ အရာရှိ တစ်ဦးကလည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း၊ တပ်မတော်မှ ဆက်လက်ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း၊ အသေးစိတ် မသိရသေးကြောင်း ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara


နိုဝင်ဘာ ၁၂/DMG

မောင်တောမြို့နယ်၊မောင်နှမကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား အကြမ်းဖက်သမားများက ချုံခိုတိုက်ခိုက်မှုပြုလုပ်သောကြောင့် ယနေ့(နိုဝင်ဘာလ ၁၂) ညနေ ၅ နာရီခွဲတွင်တပ်မတော် ၃၄၅ ကယာယီတပ်ရင်းမှူးဗိုလ်မှူးကျော်ဇေယျ ကျဆုံးခဲ့ကြောင့်ခဲ့သိရသည်။

ထို့ပြင် ယနေ့(နိုဝင်ဘာလလ ၁၂ ) နေ့နံနက်ပိုင်းက လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား အကြမ်းဖက်သမားများက မျောတောင်ဘင်္ဂလီကျေးရွာအဝင်တွင် တိုက်ခိုက်ခဲ့ရာ ခမရ ၅၅၁က တပ်သားတစ်ဦးကျဆုံးသွားခဲ့ကာ အရာရှိတစ်ဦးနှင့်တပ်သားနှစ်ယောက် ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရသည်။
တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာမှာ အကြမ်းဖက်သမားအလောင်း ၃ လောင်းနှင့် လက်နက်ငယ် ၁ လက်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

“ဒီနေ့မနက်ပိုင်းကနေ ပစ်ခတ်သံတွေတော့ကြားပါတယ်။ဒေသခံတွေကလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ သူတို့တွေက ဘယ်သူတွေကို ဦးတည်ပြီးခုလိုတိုက်နေရတာလည်းဆိုတာကိုလည်း တွေးကြည့်ရင်းစိုးရိမ်ထိလန့်မှုတွေရှိနေပါတယ်။ ”ဟုအောင်မင်္ဂလာကျေးရွာမှဒေသခံ တစ်ဦးကပြောသည်။

လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်အဖွဲ့နှင့်အကြမ်းဖက်သမားများ တိုက်ခိုက်မှုဖြစ်ပွားနေမှုအပေါ် အစိုးရအဖွဲ့မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်မှု မရှိသေးပေ။

အောက်တိုဘာလ ၉ ရက်နေ့ကစတင်ဖြစ်ပွားနေသည့် မောင်တောအကြမ်းဖက်မှုသည် လက်ရှိအချိန်ထိ တည်ငြိမ်မှု မရရှိသေးဘဲ ဒေသခံတိုင်းရင်းသားများလည်း ယခင်ကထက်ပိုမိုစိုးရိမ်မှုများရှိနေကြောင်းသိရသည်။

ဓာတ်ပုံ - ဖိုးသီဟ
Development Media Group
https://www.facebook.com/DevelopmentNJ/


ကချင်ပြည်နယ်မှာရှိတဲ့ ဧရာဝတီ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က တွေ့ရှိချက်တွေကို ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာပဲ သမ္မတထံ ပထမဆုံး အစီရင်ခံစာ တင်သွင်းလိုက်ပါပြီ။ စီမံကိန်းကို ကန့်ကွက်နေကြတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေကတော့ အစီရင်ခံစာကို အများပြည်သူသိနိုင်အောင် ထုတ်ပြန်ဖို့လည်း တိုက်တွန်းနေကြ တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် အရင်အစိုးရလက်ထက်မှာ ကတည်းက ဆိုင်းငံ့ထားတဲ့ ဧရာဝတီ မြစ်ဆုံ စီမံကိန်းကို လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်က ၃ လကြာ လေ့လာမှုတွေအပြီး အခုနောက်ဆုံး တွေ့ရှိချက်တွေကို သမ္မတထံ တင်ပြလိုက်တာ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းတွေ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ကပဲ ဖွဲ့စည်းပေးခဲ့တဲ့ သမ္မတ ဦးထင်ကျော်ထံ သတ်မှတ်ထားတဲ့အတိုင်း အစီရင်ခံစာ တင်သွင်းခဲ့တဲ့အကြောင်း သမ္မတရုံး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

" တင်ပါတယ်။ ကော်မရှင်က သတင်းထုတ်လိမ့်မယ်။ အဲ့တာလေး စောင့်လိုက်ပါ။"

သမ္မတဦးသိန်းစိန်က သူ့အစိုးရသက်တမ်းအတွင်း ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ချက်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ လက်ထက်မှာ ပျက်ပြယ် သွားပြီ ဖြစ်တာကြောင့်၊ စီမံကိန်းနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်ဖို့ ရှိနေချိန်မှာပဲ ဒေသခံတွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းဖို့ တိုက်တွန်းနေကြတာပါ။

စီမံကိန်း စတင်ချိန်မှာ ပွင့်လင်းမြင်သာမှုတွေ မရှိတာကြောင့် မကျေနပ်ချက်တွေ ကြီးထွားခဲ့ရတဲ့အတွက်လည်း အခုအခါ ကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို အစိုးရထံသာမက လူထုကိုပါ ချပြဖို့လည်း ကချင်လူမှုဖွံဖြိုးတိုးတက်ရေး ကွန်ရက်က ကိုဆာဂျီးက ပြောပါတယ်။

" မြစ်ဆုံရေကာတာကို မလုပ်တော့ဘူးဆိုတဲ့ အစီရင်ခံစာဖြစ်ဖို့က အင်မတန်မှ အရေးကြီးတယ်။ လုပ်ငန်းသဘောအရ သူတို့က အခုအချိန်မှာ ဒီအစီရင်ခံစာကို အထက်ကိုတင်ပြခြင်းဖြစ်တယ်ဆိုပြီးတော့မှ တကယ်လို့ မဖော်ပြခဲ့ဘူးဆိုရင် တကယ့်ကို ပြည်သူတွေ တောင်းဆိုတဲ့ အစီရင်ခံစာဖြစ်ဖို့အတွက်က ဒါက ပိုပြီးတော့ အရေးကြီးတာပေါ့နော်။ ဒါပေမဲ့ တခုရှိတာက အခုက ပြည်သူလူထုနဲ့ ပွင့်လင်းမြင်သာစွာ ဆွေးနွေးမယ့်အစိုးရလို့ အားလုံးက ယုံကြည် လက်ခံပြီးမှ ရွေးကောက် တင်မြှောက်ခဲ့တဲ့ အစိုးရ လက်ထက်လည်းဖြစ်တယ်။ ဒါကြောင့်မို့ ပွင့်လင်းမြင်သာဖို့တော့ အင်မတန်မှ အရေးကြီးတာပေါ့ဗျာ။ ပြီးလို့ရှိရင် ရက်သိပ်မကြာတဲ့အချိန်မှာ ဒီလိုတင်ပြတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ဖော်ပြဖို့တော့ အရေးကြီးတာပေါ့ဗျာ။ ချက်ခြင်းမဟုတ်ရင်တောင်မှ။"

မြစ်ဆုံ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပြည်သူ့လွှတ်တာ် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီး ၅ ဦး နဲ့ ကချင်ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် တခြား လွတ်တော်ကိုယ်စားလှယ်တွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေလည်း ပါဝင်ပါတယ်။ ဒီကော်မရှင်ရဲ့အဓီက တာဝန်ကတော့ စီမံကိန်းတွေဟာ နိုင်ငံတကာ ပြဌာန်းချက်တွေနဲ့ ပြည်တွင်း ဥပဒေတွေနဲ့ အညီ ဆောင်ရွ့က်ခြင်း ရှိမရှိ၊ လူမှုဝန်းကျင်၊ ဂေဟစနစ်နဲ့ သဘ၀ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေ၊ ဧရာဝတီမြစ်ရဲ့ ရေသံယံဇာတ ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ ရေရှည်တည်တံ့မှုအပေါ် အကျိုးသက်ရောက်မှု အခြေအနေ စတာတွေကို လေ့လာဆန်းစစ်ရမှာ ဖြစ်ပါတယ်။

ကော်မရှင်က တင်သွင်းမယ့် အစီရင်ခံစာမှာလည်း ဒေသခံ ပြည်သူတွေနဲ့ လူမှု အဖွဲ့အစည်းတို့ရဲ့ သဘောထား အမြင်တွေကို ထည့်သွင်းစဉ်းစားရမယ်လို့ သမ္မတက ညွှန်ကြားထားတာပါ။ ဒါကြောင့်လည်း ကော်မရှင်အနေနဲ့ အစီရင်ခံစာရေးသားဖို့ အတွက် မြစ်ဆုံဒေသကို သွားရောက်ပြီး ဒေသခံတွေ နဲ့ တွေ့ဆုံဆွေးနွေးတာတွေ၊ တင်ပြတောင်းဆိုတာတွေကို လုပ်ခဲ့ပါတယ်။ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သတ်လို့ ကိုဆာဂျီးရဲ့အမြင်က-

" ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အမြင်တွေက ပွင့်လင်းမြင်သာမှု လုံးဝ မရှိဘူး။ ကျနော်တို့က သာဓကအနေနဲ့ပြောမယ်ဆိုရင် မြစ်ဆုံဒေသကို သွားလေ့လာတဲ့ အချိန်မှာ အဲ့ဒီ့ရေကာတာစီမံကိန်းကြောင့် ဆိုးကျိုးဒုက္ခခံစားရမယ့် ဒေသခံ လူထုနဲ့ ဆွေးနွေးခြင်း အပြန်အလှန်ပြောဆိုခြင်း လုံးဝ မလုပ်ပဲနဲ့ စီမံကိန်းကိုသာ ကြည့်ပြီး ပြန်လှည့်ပြန်သွားတဲ့ ဟာကို သိရှိရတယ်။ မြစ်ကြီးနားမှာ လုပ်တဲ့အချိန်မှာလည်း ရှင်းရှင်းလင်းလင်းပြောဆိုတာတွေ မရှိဘူး အဲ့ဒီ့ဟာတွေ ကိုကြည့်ရင် သူတို့ဆီမှာ ပွင့်လင်းမြင်သာမှု မရှိပဲနဲ့ ရှင်းရှင်းလင်းလင်း အဖြေမပေးနိုင်တဲ့ ဟာတော့ ကော်မရှင်အဖွဲ့မှာ ဖြစ်နေတယ်။"

ဒေါ်လာ ၃.၆ ဘီလီယံ အကုန်အကျခံပြီး တရုတ်နိုင်ငံက တည်ဆောက်မယ့် စီမံကိန်းကြောင့် ဒေသခံတွေရဲ့ လူမှုဘ၀တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ်ဆိုပြီး၊ ဒေသခံတွေနဲ့ လှုပ်ရှားသူတွေကတော့ စီမံကိန်းကို လုံးဝရပ်ဆိုင်းပစ်ဖို့ ဆက်လက် တောင်းဆိုနေကြတာပါ။

စီမံကိန်း ရှေ့ဆက်သင့်မသင့် အစိုးရသစ်က ဆုံးဖြတ်ချက်ချရမယ့် အချိန်မှာပဲ တက်ကြွလှုပ်ရှားသူတွေကလည်း အပြီးတိုင် ရပ်ဆိုင်းရေး အင်တာနက် အွန်လိုင်းကနေ သဘောထားစုဆောင်းရာမှာ ပါဝင်သူ သိန်းချီရှိနေပြီလို့လည်း လှုပ်ရှားမှုကို ဦးဆောင်သူ တဦးဖြစ်တဲ့ မိုးလေ၀သပညာရှင် ဦးထွန်းလွင် ပြောပါတယ်။

" နှစ်သိန်းတစ်သောင်းရတယ်။ နိုဝင်ဘာ ၅ရက်နေ့မှာပဲ အဲ့ဒီ့မှာ တချက်ဖြတ်ပြီးတော့ ကျနော်တို့ Myanmar Green Network ရယ် သမ္မတရယ် အတိုင်ပင်ခံရယ် မြစ်ဆုံကော်မရှင်ရယ် တင်တဲ့စာထဲမှာ ကျနော်တို့ အစီရင်ခံလိုက်ပါပြီ။"

သမ္မတထံ အစီရင်ခံစာ တင်သွင်းတာနဲ့ ပတ်သက်လို့ ကော်မရှင် တာဝန်ရှိသူတွေကို ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ မရခဲ့ပါဘူး။ လက်ရှိအချိန်မှာ ဒီအစီရင်ခံစာနဲ့ ပတ်သတ်လို့ အသေးစိတ် ဘာမှ မသိရသေးပေမယ့် ဒေသခံ အပါအ၀င် လူထုအများစုကတော့ မြစ်ဆုံ အနီးတစ်ဝိုက်မှာရှိတဲ့ စီမံကိန်းတွေ ရပ်နားသင့်တယ်ဆိုတဲ့အကြောင်း ဒီအစီရင်ခံစာမှာ ပါဖို့ မျှော်လင့်နေကြပါတယ်။

 ထက်အောင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com