11/15/16


အစိုးရနဲ့ စစ်တပ်အကြီးအကဲတွေကို ထိခိုက်ပြောဆိုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူဖို့ ကြိုးပမ်းရာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို အမြန်ဆုံး ပြန်လည်ပြင်ဆင်ဖို့၊ ဒါမှမဟုတ် ဖျက်သိမ်းပစ်ဖို့ တိုက်တွန်းမှုတွေ သတင်းမီဒီယာ လောကသားတွေကြားမှာ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေပါတယ်။ သတင်းသမားတွေ၊ အင်တာနက်လူမှုကွန်ရက် သုံးစွဲသူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ခြိမ်းခြောက်နေတဲ့ ဥပဒေအသွင် ဆောင်လာနေတာကြောင့် လွှတ်တော်က အမြန်ဆုံး သုံးသပ်သင့်တယ်လို့ တိုက်တွန်းနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ထက်အောင်ခန့် က သတင်းပေးပို့ ထားပါတယ်။

မရေရာတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ပါဝင်နေတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို အာဏာပိုင် အဖွဲ့အစည်းတွေ အပါအ၀င်၊ လိုရာဆွဲ အသုံးချနေကြတဲ့အတွက် နစ်နာမှုတွေ ရှိနေတာကြောင့် အမြန်ဆုံး ပြန်လည်သုံးသပ်ဖို့ Pen Myanmar အဖွဲ့က ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ ဥပဒေစတင်ပြဌာန်းခဲ့တဲ့ ၂၀၁၃ ခုနှစ်ကစလို့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ဒီဥပဒေနဲ့ တရားစွဲဆိုခံရသူ ၇ ဦးရှိခဲ့ပြီး၊ အပြစ်ပေးခံရသူ ၅ ဦး ရှိခဲ့ကာ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ တရားစွဲဆိုတဲ့အမှုပေါင်း ၂၉ မှုထက်မနည်း ရှိနေပြီလို့လည်း ပြောပါတယ်။ ဒီအမှုတွေမှာတော့ ကာယကံရှင်ကိုယ်တိုင် မဟုတ်တဲ့သူတွေရဲ့ တရားစွဲဆိုမှုတွေ ပါဝင်နေသလို၊ စွပ်စွဲခံရသူဟာ ချက်ခြင်းဖမ်းဆီးထိန်းသိမ်းခံရတာကြောင့် နစ်နာမှုတွေ ရှိနေတယ်လို့လည်း ထောက်ပြထားတာပါ။ ဒါကြောင့်လည်း ဒီဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ အမြန်ဆုံး ဆွေးနွေးဖို့ လိုနေပြီလို့ Pen Myanmar အဖွဲ့ က ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် ဦးမျိုးမြင့်ညိမ်း ကပြောပါတယ်။

“အဓိက ဒီမှာ အားနည်းချက်က ဘာလဲဆိုရင် သူက ရဲအရေးပိုင်အမှုဖြစ်နေတယ်လေ။ ဒီအမှုက ရဲအရေးပိုင်တဲ့အမှုဖြစ်တဲ့အတွက် ဘယ်သူမဆို ဒီကိစ္စကို ရဲစခန်းမှာသွားတိုင်ပြီးတော့ အမှုဖွင့်လိုက်တယ်ဆိုရင် အရေးယူလို့ရတာဖြစ်နေတယ်။ အဲဒီအတွက်လည်း ကျနော်တို့ ကိစ္စတော်တော်များများပေါ့နော် ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ အများကြီးပေါ်လာတဲ့အခါမှာ တရားစွဲ ဆိုမှုတွေဖြစ်လာတယ်။ ဘယ်သူမဆိုပေါ့နော် တယောက်နဲ့တယောက် မကျေနပ်တာနဲ့ ထတိုင်လိုက်တာနဲ့ သွားပြီး ဆွဲဖမ်းတော့တာပဲ။ တကယ်တမ်း ဒီဟာတွေက အဓိကတော့ Facebook ပေါ်သွားတင်တာတွေပေါ့။ Facebook အပေါ်မှာ လုပ်လိုက်တဲ့ကိစ္စက တကယ် ကာယံကံရှင်က ကာယံကံမြောက် ကျူးလွန်လား မကျူးလွန်ဘူးလားဆိုတာကို စုံစမ်းစစ်ဆေးခြင်းမရှိပဲနဲ့ ပြောဆိုတာတွေ ကျနော်တို့ တွေ့နေရတယ်လေနော်။ အဲဒီဟာတွေအရဆိုရင် ပုဒ်မ ၆၆ (ဃ) မှာ အားနည်းချက်တွေရှိတယ်။ အဲဒီအတွက် ဒီဟာကို ပြန်စီစစ်ဖို့ပေါ့နော် ပြည်ထောင်စုလွှတ်တော်မှာ ပြန်ပြီးသုံးသပ်ဖို့အတွက် တိုက်တွန်းထားတာပါ။”

မြန်မာအစိုးရ ၀န်ကြီးတဦးဟာ လုပ်ငန်းရှင်တယောက်ထံက ဒေါ်လာသိန်းချီတန်တဲ့ နာရီတလုံး လက်ခံရယူခဲ့တယ်လို့ Daily Eleven သတင်းစာက စွပ်စွဲရေးသားခဲ့တဲ့အပေါ် ရန်ကုန်တိုင်း အစိုးရက တရားစွဲဆိုခဲ့ရာက Eleven Media Group အမှုဆောင် အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်၊ အယ်ဒီတာချုပ် ဦးဝေဖြိုး တို့ကို ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီးခံခဲ့ရပြီး နောက်မှာပဲ ဒီဥပဒေအပေါ် ဝေဖန်သံတွေ ပိုမိုကျယ်လောင်လာခဲ့တာပါ။ ဒီမတိုင်ခင်မှာတုန်းကလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပေါ် ပုတ်ခတ်ရေးသားမှု စွပ်စွဲချက်နဲ့ NLD ပါတီ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်း ဟာ အလားတူ ပုဒ်မနဲ့ပဲ တရားစွဲဆို ဖမ်းဆီးခံထားရပါတယ်။ ဒီအတွက်လည်း မူလရည်ရွယ်ချက်တွေနဲ့ ကွဲလွဲလာနေတဲ့ ဥပဒေကို ဖျက်သိမ်းဖို့၊ ဒါမှမဟုတ် ပြင်ဆင်ဖို့ တောင်းဆိုမှုတွေ ကြီးထွားလာခဲ့တာပါ။ NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း ကတော့ ဥပဒေကို ပြန်လည် သုံးသပ်သင့်တယ်လို့ ဆိုပါတယ်။

“ပြင်သင့်တယ်ဆိုရင်လည်း ဒီလို Facebook တွေကနေပြီးတော့ ရေးလာတဲ့အကြောင်းအရာတွေပေါ့ဗျာ၊ အဲဒီဟာရဲ့ ပြဿနာ ပေါ်တာကို။ ကျနော်တို့က ဘာလဲဆိုရင် လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာရေးသားပိုင်ခွင့်ရှိတယ်ဆိုပြီးတော့ ပေးထားတဲ့ ဖွဲ့စည်းပုံရဲ့ အခွင့်အရေးပေါ်မှာကတော့ လွတ်လပ်စွာ ဆဲဆိုပိုင်ခွင့်ပါ ပေးရတဲ့သဘောဖြစ်နေရင်တော့ မကောင်းဘူးပေါ့နော်။ အဲဒါကတော့ လွတ်လပ်မှုကိုရောပြီးအသုံးချကြတဲ့ လူတွေပေါ့နော်။ ဒီဥပဒေတခုလုံးမရှိဘူးဆိုရင် လူပုဂ္ဂိုလ်တဦးနဲ့တဦးစော်ကားမှုတွေဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲဆိုတာလည်း ကျနော်တို့ဘက်က စဉ်းစားဖို့လိုမှာပေါ့နော်။ အဲဒီလို မဟုတ်ပဲနဲ့ ဒါကြီးတခုလုံး ပယ်ဖျက်လိုက်မယ်ဆိုရင် တခြားဥပဒေတွေနဲ့ အရေးယူတဲ့အခါမှာ ဒီရဲ့နည်းပညာကို သေချာ update ဖြစ်အောင်လုပ်ပြီးတော့ အရေးယူဆောင်ရွက်ဖို့လည်း လိုမယ်လို့ထင်တယ်။ ဒါပေမယ့် ပြစ်ဒဏ်အတိုင်းအတာအနေအထားအရကတော့ ကျနော်တို့ အတိုးအလျှော့လုပ်ဖို့ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ လုံးဝပယ်ဖျက်ဖို့ဆိုတော့လည်း တမျိုးစဉ်းစားရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက လွှတ်တော်တရပ်က အတည်ပြုထားတာလေနော်။”

နိုင်ငံတကာ သတင်းမီဒီယာအခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကတော့ ရန်ကုန်တိုင်း အစိုးရရဲ့ တရားစွဲဆိုမှုကြောင့် ဖမ်းဆီးခံထားရတဲ့ Eleven Media Group တာဝန်ရှိသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေကို မနေ့တုန်းကပဲ ကြေညာချက်တစောင် ထုတ်ပြန်တောင်းဆိုခဲ့တာပါ။ အမေရိကန်အခြေစိုက် CPJ အဖွဲ့ဟာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်တဲ့ ဥပဒေတွေ ပြင်ဆင်ဖို့ တိုက်တွန်းတဲ့ အိတ်ဖွင့်ပေးစာ တစောင်ကိုလည်း ဒီနှစ်ဆန်းပိုင်းမှာပဲ သမ္မတ ဦးထင်ကျော်ထံ ပေးပို့ခဲ့ဖူးပါတယ်။
VOA Burmese News



ထိုင်းဧရာဝဏ်နတ်ကွန်း ဗုံးခွဲတိုက်ခိုက်မှုနဲ့ စွပ်စွဲခံထားရတဲ့ အမျိုးသားနှစ်ဦးကို စတင်စစ်ဆေး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နာမည်ကြီး နတ်ကွန်းတခုမှာ ၂၀၁၅ ခုနှစ် သြဂုတ်လကဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုနဲ့ စွပ်စွဲခံထားရတဲ့ အမျိုးသားနှစ်ဦးရဲ့ အမှုကို ဒီကနေ့ စတင်စစ်ဆေးပါတယ်။

စွပ်စွဲခံထားရသူတွေဘက်ကနေ ဘာသာပြန်ပေးမယ့်သူတွေနဲ့ပတ်သက်လို့ အငြင်းပွားတာတွေ ရှိခဲ့တာကြောင့် အမှုစစ်ဆေးမှုတွေ နှောင့်နှေးခဲ့ရပြီးတဲ့နောက် အခုမှ စစ်ဆေးမှုတွေ စတင်တာပါ။ Bilal Mohammed နဲ့ Mieraili Yusufu တို့ဟာ လူသတ်မှု၊ တရားမ၀င် ဖောက်ခွဲရေးလက်နက်ပစ္စည်းတွေ လက်ဝယ်ပိုင်ဆိုင်မှု အပါအ၀င် လူပေါင်း ၂၀ သေဆုံးခဲ့ရတဲ့ ဘန်ကောက် ဧရာဝဏ် နတ်ကွန်းမှာ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး စွဲချက်ပေါင်း ၁၀ ခုကျော်နဲ့ ရင်ဆိုင်နေရတာပါ။ သူတို့နှစ်ဦးကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။

တရုတ် ၀ှီကာလူမျိုးတွေ ဖြစ်တဲ့ သူတို့နှစ်ဦးက တရုတ်သံရုံးက စေလွှတ်ပေးတဲ့ ဘာသာပြန်နှစ်ဦးကို လက်မခံခဲ့ပါဘူး။ တရုတ်နိုင်ငံဟာ ၀ှီကာလူမျိုးတွေကို အလေးထားသူတွေ မဟုတ်တာကြောင့် သံရုံးကစကားပြန်တွေကို လက်မံနိုင်ဘူးလို့ဆိုပြီး ငြင်းခဲ့ကြတာပါ။ ဒါပေမဲ့ တရားရုံးက နောက်ဆုံးမှာ သူတို့ဘက်က စိုးရိမ်ချက်တွေကို ပယ်ချခဲ့ပါတယ်။

တရုတ်နိုင်ငံ Xinjiang ပြည်နယ်ဟာဝှီကာ လူနည်းစုတွေ အများစုနေထိုင်တဲ့ ပြည်နယ်ဖြစ်ပြီး တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ ဒေသခံအများအပြားက မကျေမနပ် ဖြစ်နေကြတာပါ။ ဒီဒေသဟာ တရုတ်အစိုးရရဲ့ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး အကြီးအကျယ် နှိမ်နင်းမှုတွေ ရှိနေတဲ့နေရာလည်း ဖြစ်ပါတယ်။ ဘန်ကောက်မြို့ ဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့တော့ လူမှောင်ခိုကူးမှု ကွန်ရက်တွေကို ထိုင်းအစိုးရ နှိမ်နင်းခဲ့တဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ထိုင်းအစိုးရ အရာရှိတွေက ပြောပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ စတိုးဆိုင်မှ ငွေနှင့်ပစ္စည်းများကို ခြိမ်းခြောက် လုယက်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၇)ရပ်ကွက်ရှိ g&g (၂၄)နာရီစတိုးဆိုင်တွင် ခြိမ်းခြောက်လုယက်သူများအား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၁ နာရီခန့်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၇)ရပ်ကွက်ရှိ g&g (၂၄)နာရီစတိုးဆိုင်တွင် အရောင်းဝန်ထမ်း အမျိုးသားတစ်ဦးတည်း ဈေးရောင်းနေစဉ် အမည်မသိ
အမျိုးသား ၃ ဦးရောက်ရှိလာပြီး ဓားဖြင့် ခြိမ်းခြောက်ကာ ဆိုင်ရှိ ရောင်းရငွေများ၊ ဖုန်းငွေဖြည့်ကတ်မျိုးစုံ၊ စီးကရက်နှင့် အချိုရည်မျိုးစုံ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၃၆၇၇၀၀)အား ယူဆောင်သွားခဲ့သဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်း(ပ)၁၉၂၃/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-၃၈၆ ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင်
ပါဝင်သူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ အငယ်ကောင်(ခ)ဟိန်းထက်(ခ)ဟိန်းထက်စိုး၊ ညီညီ(ခ)ညီညီမင်း၊ ခန့်စည်သူ(ခ)ခန့်စည်သူအောင်နှင့် ဇောင်းလေး(ခ)သန်းယုမောင်တို့မှ ကျူးလွန်ခဲ့ကြောင်း သိရပြီး နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၅)ရပ်ကွက်၊ ပုဂံလမ်းတွင် ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့၏ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် သားကြီး(ခ)လွင်မိုးနှင့်အတူ ဆိုင်အတွင်းသို့ဝင်ရောက်ခဲ့ပြီး ဈေးဝယ်ဟန်ဆောင်ကာ အရောင်းဝန်ထမ်းအား ဓားဖြင့်ထောက်၍ ပစ္စည်းများ ယူဆောင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး သားကြီး(ခ)လွင်မိုးမှာ ထွက်ပြေး တိမ်းရှောင်နေသဖြင့် အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါသည်။

အမှုနှင့်ပတ်သက်၍ သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရမိရေး ဆောင်ရွက်လျက်ရှိပြီး အခြားလုယက်မှုများ ကျူးလွန်ထားခြင်းရှိ/မရှိ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice



ထိုင်း-မြန်မာနယ်စပ် ဂိတ်တခု
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မဲသဝေါနေရာကနေ ဘုရားသုံးဆူထိရှိနေတဲ့ နယ်ခြားစောင့်ဂိတ်အားလုံး ကို လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့ကစတင်ပြီး ပိတ်ပစ်တော့မှာ ဖြစ်တယ်လို့ ကရင်ပြည်နယ်က နယ်ခြားစောင့်က ပြောဆိုလိုက်ပါတယ် ။ ထိုင်းနိုင်ငံဘက် စွမ်းအင်ဝန်ကြီးဌာနရဲအမိန့်နဲ့ နယ်စပ်တရားမ၀င်ဂိတ်တွေကနေလောင်စာဆီ တင်သွင်းနေမူတွေကို ရပ်လိုက်ပြီး နောက်ပို်င်းမှာအခုလိုမျိုး နယ်ခြားစောင့်တပ်ဘက်ကလည်း ပြောဆိုလာတာပါ။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင်၊ မဲဆောက်မြို့နဲ့ မြ၀တီမြို့ကို ဆက်သွယ်သွားလာနေတဲ့ နယ်ခြားက တရားမ၀င်ဂိတ်တွေကို မြန်မာနယ်ခြားစောင့်တပ်ဘက်ကနေ လာမယ့် ၂၆ ရက်နေ့လောက်မှာ စတင်ပိတ်မယ်လို့ နယ်ခြာစောင့်ဗိုလ်မှူး သိန်းဇော်မင်း ကပြောဆိုလိုက်ပါတယ်။

“အဲဒါ ၂၆ ရက်နေ့မှ ဖြစ်မယ်။ ကျနော်တို့ မဲသဝေါကနေ ဘုရားသုံးဆူအထိပေါ့။ ကျနော်တို့ နယ်ခြားစောင့်တပ်အနေနဲ့ တပ်တွေ ဂိတ်ရှိတဲ့နေရာပေါ့။ အဲဒါတွေပိတ်မှာ တံတားပေါ်တခုပဲ လွတ်မယ်။”

ထိုင်း-မြန်မာနယ်စပ်မှာ တရားမ၀င်ဂိတ်တွေအများအပြား၇ှိပြီး အထူးသဖြင့် နယ်ခြားစောင့်ဂိတ်တွေ ကနေ နှစ်နိုင်ငံကုန်သွယ်စီးဆင်းမူတွေ လုပ်ဆောင်နေတာပါ။ အခုအခါမှာတော့ နှစ်နိုင်ငံကုန်သွယ် စီးဆင်းမူတွေကို တရားဝင် နယ်စပ်တံတားပေါ်ကနေပဲ သွာရတော့မှာဖြစ်တဲ့အကြောင်း နဲ့ နယ်ခြားစောင့်တပ်ရဲ့ ဂိတ်တွေကနေ လောင်စာဆီတင်သွင်းမူတွေ ကို ထိုင်းဘက်က ပိတ်ပင်မူတွေရှိတာကြောင့် အခုလို မျိုးနယ်ခြားစောင့်တပ်ဘက်က လည်း နယ်စပ်ဂိတ်တွေ ပြန်ပိတ်ဖို့လုပ်တာဖြစ်တဲ့အကြောင်း ကိုဗိုလ်မှူးသိန်းဇော်မင်းက ပြောသွားပါတယ်။

“ကျနော်တို့တွေက ဂိတ်တွေကတော့ ကျနော်တို့ ဆီကတော့ အတွင်းရေးမှူးပေါ့ ဗိုလ်မှူးစောချစ်သူ က သူက အတွင်းရေးမှူးလေ၊ သူက နယ်ခြားစောင့်တပ်ဂိတ်တွေ သူက ပိတ်တာ နောက်ပြီး ကျနော်တို့ကို ဆီတွေဘာတွေလည်း ပေးမသွင်းတော့ဘူးလေ။ သူတို့တွေက ယိုးဒယား ဘက်အခြမ်းကနေပြီးတော့မှ ၊ ဆီလည်းပေးမသွင်းဘူး ဂိတ်တွေလည်းသွားလာခွင့်မပေးဘူးဆိုတော့ ဒီဘက်စစ်တပ်တွေက ပတ်တာကို ၊ ပိတ်တဲ့အခါကျတော့ မထူးဘူး ငါတို့လည်း ဒီဘက်က ပိတ်မယ်ဆိုတဲ့ အနေအထားမျိုးဖြစ်လာတာပေါ့နော် ။ အခုအခြေအနေက နည်းနည်းတင်းမာနေတယ်။ လွန်ခဲ့တဲ့ ၂၈ ရက်နေ့တုန်းက Helicopter ဖြတ်တယ်လေ နယ်စပ်ကို ကျော်ပြီးတော့ ဖြတ်လာတယ်။ ဖြတ်လာတဲ့အခါကျတော့ ကျနော်တို့ ခရိုင်မှူးကနေပြီးတော့မှ စာထုတ်တယ်၊ အဲဒါကို အကြောင်းမပြန်သေးဘူး။”

ပြီးခဲ့တဲ့ အပတ်တုန်းကလည်း မြ၀တီမြို့မှာ နယ်ခြားစောင့်တပ်ရဲ့ အကြီးအကဲဖြစ်တဲ့ ဗိုလ်မှူးစောချစ်သူက သတင်းစာ၇ှင်းလင်းပွဲလုပ်ခဲ့ပြီးအဲဒီသတင်းစာရှင်းလင်းပွဲမှာလည်း ထိုင်းဘက်က စွမ်းအင်ဝန်ကြီးဌာနညွန်ကြားချက်နဲ့ နယ်စပ်ဂိတ်တွေကနေ လောင်စာဆီ တင်သွင်းတာတွေ မလုပ်ဖို့ ညွန်ကြားထားကြောင်း ထိုင်းစစ်ဘက်က တာဝန်၇ှိသူတွေက ပြောဆိုခဲ့တယ်ဆိုပြိး အခုလိုပြောသွားပါတယ်။

“နောက်ဆုံးကျနော်တို့ အဲဒီဗျူဟာမှူးကို ကျနော်မေးလိုက်တဲ့အခါကျတော့ ကျနော့်ကို သူဘာပြန်ပြောလဲဆိုတော့ စွမ်းအင်ဝန်ကြီးဌာနကနေ ညွှန်ကြားလို့ပါတဲ့။”

နယ်ခြားစောင့်တပ်ဘက်ကတော့ တံတားပေါ်ကနေ ဆီ အသွားအလာမရှိတာလွဲရင် အောက်လမ်းတွေကနေလည်း စီးပွားရေးဇုံမှာအခွန်ဆောင်ပြီး သွားနေတာဖြစ်တယ်လို့ လည်းဆိုပါတယ်။

လက်ရှိမှာတော့ နယ်စပ်တရားမ၀င်ဂိတ်တွေကနေ လူအသွားအလာများ ရှိနေဆဲဖြစ်ပြီး ထိုင်းမြန်မာကုန်စည် စီးဆင်းမူတွေကတော့ သိပ်မရှိတော့ပါဘူး။ အဓိက ကတော့ ထိုင်းဘက်ကနေ တင်သွင်းနေတဲ့ လောင်စာဆီတင်သွင်းမူအားလုံးကိုအောက်တိုဘာ လကုန်ကတည်းက ရပ်နားထားပါတယ်။

 မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


November 15, 2016

ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ်မြို့ တစ်ခုဖြစ်သော မုံးကို မြို့ကို နိုဝင်ဘာ ၈ ရက်နေ့က စပြီး တပ်မတော်က ‘ည မထွက်ရ’ အမိန့်ထုတ်ပြန် အုပ်ချုပ်နေသောကြောင့် အဓိက ဒေသခံများ အလုပ်အကိုင် ကြပ်တည်းမှု ဖြစ်နေပါသည်။

ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ ‘အပြင်မထွက်ရ’ သတ်မှတ်ထားပြီး အမိန့်မလိုက်နာသူများကိုလည်း ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။

ယခုလို ဖြစ်လာရခြင်းမှာ နိုဝင်ဘာ ၆ ရက်နေ့ည ၈ နာရီက မုန်းကို စစ်ဗျူဟာ စခန်းအနီးမှာ ဗုံး တစ်လုံးပေါက်ကွဲခဲ့သောကြောင့် ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောပါသည်။ ယင်းကြောင့် တပ်မတော်က လုံခြုံရေးတိုးမြှင့်ကာ မူဆယ်-မုံးကို-ဖောင်းဆိုင် ကားလမ်းမ ကြီးကိုလည်း မုံးကိုမှာ ဖြတ်တောက် တားဆီးခဲ့သည်။

‘ညမထွက်ရ’ အမိန့်ကြောင့်လည်း ညပိုင်းအထိ အလုပ်လုပ်ပြီး စီးပွားရှာနေသော ဒေသခံများကို အခက်အခဲ များစွာ ဖြစ်ပေါ်စေပါသည်။

နိုဝင်ဘာ ၁၂ စနေနေ့ည ၇ နာရီခန့် ဘုရားကျောင်းမှ သီးချင်းလေ့ကျင့်ပြီး ပြန်လာသော ခရစ်ယာန်ဓမ္မဆရာ တစ်ဦး ကိုလည်း အဲဒီ အမိန့်ကြောင့် တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ သို့သော်လည်း ဒေသခံ လူကြီးများ၏ ပြောဆိုမှုကြောင့် ပြန်လွတ်လာကြောင်း သိရသည်။

တစ်ဆက်တည်း မုံးကို ဗျူဟာမှာ ကားလမ်း ပတ်ဆို့ထားသည့်အတွက် ဖြတ်သွားဖြတ်လာ ခရီးသွား ပြည်သူများမှာ ရွာတွင်း လမ်းသွယ်လေးများမှ ကွေ့ကောက် ဖြတ်သွားနေရကြောင်း သိရသည်။

မုံးကို မြို့သည် ကချင်လွတ်လပ်ရေးအဖွဲ့ KIA တပ်မဟာ ၆ တပ်ရင်း ၃၈ တည်နေရာ ဖြစ်သလို အစိုးရ တပ်မတော် တပ်မ ၉၉ အဖွဲ့များ အင်အား ဖြည့်တင်းထားသော နေရာလည်း ဖြစ်ပါသည်။

Kachin News Group
https://www.facebook.com/theKachinNews/



(ဓာတ်ပုံ- နိရဉ္စရာ/ ဖိုးထူး)
နိရဉ္စရာ၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ် အနောက်အစွန်ဆုံး မောင်တောမြို့နယ်တွင် အောက်တိုဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များ ကျဆုံးမှု စာရင်းနှင့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ဘင်္ဂလီများဘက်မှ သေဆုံးမှုစာရင်းကို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲမှ သတင်းထုတ်ပြန်သည်။

ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း မြန်မာ့ တပ်မတော်မှ စစ်ကြောင်းမှူး အပါအ၀င် အရာရှိ/စစ်သည် ၇ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး အရာရှိ/စစ်သည် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး တိုင်းပြည် အတွက် အသက်ပေးလှူခဲ့ရပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

စုစုပေါင်း သေဆုံးသူ ဘင်္ဂါလီ ၆၉ ဦးနှင့် ဖမ်းဆီးရမိ ၂၃၄ ဦး ရှိခဲ့ကြောင်း၊ ထိုအထဲမှ ၂၉ ဦးကို တရားဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး သက်ဆိုင်ခြင်းမရှိသူ ၂၃ ဦးကို ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

၎င်းအပြင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ တိုက်ပွဲဖြစ်စဉ် ၉ ကြိမ်၊ ဘင်္ဂါလီဖမ်းဆီးရရှိမှု ၆၁ ကြိမ်၊ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိမှု ၁၀ ကြိမ်၊ ပစ်ခတ်ဖမ်းဆီးမှု ၉ ကြိမ်၊ နှောက်ယှက်ပစ်ခတ်ခံရမှု ၃ ကြိမ်၊ ကားမိုင်းဖောက်ခွဲခံရမှု ၃ ကြိမ် ရှိခဲ့သည်ဟု ဆိုသည်။

ဘင်္ဂါလီအကြမ်းဖက်သူများ၏ မီးရှို့ဖျက်ဆီးထွက်ပြေးမှုကြောင့် ၀ါးပိတ်ကျေးရွာတွင် အိမ်ခြေ ၁၀၅ လုံး၊ ကြက်ရိုးပြင်ရွာတွင် အိမ်ခြေ ၅ လုံး၊ ငါးခူရ (ဘင်္ဂါလီ)ကျေးရွာတွင် ဆိုင်ခန်း ၃ ခန်း၊ မြင်းလွတ်ရွာသစ်ရှိ လူနေထိုင်ခြင်းမရှိသော ရဲကင်းအဆောက်အဦ ၃ လုံး၊ မြင်းလွတ်(အနောက်)ရွာမ အလယ်တန်းကျောင်းရှိ ဆရာမ အိပ်ဆောင် ၁ ဆောင်၊ ဒါးကြီးစား(တောင်)ရွာတွင် နေအိမ် ၆၀ လုံး၊ ဂွဆုံကျေးရွာတွင် နေအိမ် ၅၀ လုံး၊ ပွင့်ဖြူချောင်းရွာတွင် နေအိမ် ၅၀ လုံး စုစုပေါင်း အဆောက်အဦ ၂၇၇ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းတွင် ဆက်လက် ဖော်ပြသည်။

ဘင်္ဂါလီအကြမ်းဖက်သမားများမှ နေအိမ်များကို မီးရှို့ထွက်ပြေးကြ၍ မီးလောင်မှု ဖြစ်ပွားခဲ့သည့် ကျေးရွာ ၆ ရွာရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းများနှင့် လုံခြုံရေး တပ်ဖွဲ့များက မီးရှို့ဖျက်ဆီးသည့် ပုံစံမျိုးဖြစ်စေရန် ဖန်တီး လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း သိရှိရဟု သတင်းတွင် ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် မောင်တောဒေသတွင် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဥပေဒေနှင့်အညီ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုများကို ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။

Narinjara
http://www.narinjara.com/burmese



 လေကြောင်း တိုက်ခိုက်မှု ရပ်နားထားစဉ် အတွင်း မြို့ထဲက အရပ်သား အနည်းငယ်သာ ထွက်ခွာခဲ့။
ဆီးရီးယားနိုင်ငံမှာ အလက်ပိုမြို့ အရှေ့ပိုင်းက သူပုန်နယ်မြေတွေကို ဆီးရီးယား တိုက်လေယာဉ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လုပ်ခဲ့ပါတယ်။

အောက်တိုဘာ လလယ်ပိုင်းက စပြီး မြို့ထဲက အရပ်သားတွေနဲ့ သူပုန်တွေ ထွက်ခွာနိုင်အောင် လေကြောင်း တိုက်ခိုက်တာတွေကို သီတင်းသုံးပတ်လောက် ရပ်နားထားရာကနေ အခု ပြန်လည် စတင် ပြုလုပ်လာတာ ဖြစ်ပါတယ်။

လေကြောင်း တိုက်ခိုက်တာတွေ ပြန်မစခင် မြို့ထဲမှာ ရှိနေဆဲ ဖြစ်တဲ့ သူပုန်တွေကို မြို့ကနေ ထွက်ခွာကြဖို့ မက်ဆေ့ခ်ျတွေ ပေးပို့ ခဲ့တယ်လို့ ဆိုပါတယ်။

အစောပိုင်းကတော့ အလက်ပို အနောက်ပိုင်းက ဆေးရုံတစ်ရုံ ထပ်မံ ဗုံးကြဲခံရတယ်လို့ သတင်းတွေက ဆိုပါတယ်။

တချိန်တည်းမှာ ရုရှားကလည်း သူ့ရဲ့ လေယာဉ်တင် သင်္ဘော Admiral Kuznetsov ပေါ်ကနေ ပထမဆုံးအကြိမ် တိုက်လေယာဉ်တွေ စေလွှတ်ပြီး ဆီးရီးယားထဲက ဂျီဟတ် အုပ်စုတွေကို တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီ လေယာဉ်တင် သင်္ဘောကနေ ခရုဇ် ဒုံးကျည်တွေလည်း ပစ်လွှတ်ခဲ့ပါတယ်။

သီးခြား ဖြစ်ရပ် အနေနဲ့ ဆီးရီးယား နိုင်ငံရဲ့ စားသောက်ကုန် ထုတ်လုပ်မှု စံချိန်တင် ကျဆင်းသွားခဲ့တယ်လို့ ကုလ သမဂ္ဂက ပြောလိုက်ပါတယ်။

BBC Burmese
http://www.bbc.com/burmese



Russia သမ္မတ Vladimir Putin
အမေရိကန်နဲ့ မဟာမိတ်ဆက်ဆံရေးအတွက် ဆွေးနွေးဖို့ ရုရှားဖက်က အဆင် သင့်ပဲလို့ ရုရှားသမ္မတ Vladimir Putin က အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump ကို တနင်္လာနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ် ဂုဏ်ပြုစကားပြော စဉ်မှာ ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံ၊ ရုရှား ပြည်သူတွေနဲ့ ခိုင်မာ တည်တံ့တဲ့ ဆက်ဆံရေးရရှိဖို့ စိတ်အားထက် သန်နေကြောင်း Donald Trump ကပြောခဲ့ကြောင်း Trump ရုံးခန်းက ပြောပါတယ်။ ခြိမ်းခြောက်မှုတွေ စိန်ခေါ်မှုတွေနဲ့ မဟာဗျူ ဟာမြောက် စီးပွားရေးဆိုင်ရာ ကိစ္စတွေ အပါအဝင် ကိစ္စရပ်တော်တော် များများကို ၂ ဘက်ကြား ဆွေးနွေးခဲ့ကြတယ် လို့လည်း ပြောပါတယ်။

လက်ရှိအမေရိကန်နဲ့ ရုရှား ဆက်ဆံရေးဟာ အတော်လေး ဘဝင်မကျစရာ ဖြစ်နေပြီး သူတို့ကြား ဆွေးနွေးမှုတွေဟာ တန်းတူ ညီမျှမှု၊ အပြန်အလှန်လေးစားမှုနဲ့ တဦးပြည်တွင်းရေးကို တဦးက ဝင်မစွက်ရေးဆိုတဲ့ အချက်တွေအပေါ်မှာ အခြေခံ သင့်တယ်ဆိုတာကို သမ္မတပူတင်နဲ့ ရွေးကောက်ခံသမ္မတ Trump တို့သဘော တူခဲ့ကြကြောင်း ရုရှား အစိုးရဖက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

ယူကရိန်းနိုင်ငံကိစ္စ ဆီးရီးယားစစ်ပွဲ ကိစ္စတွေကြောင့် လက်ရှိ အိုဘားမားအစိုးရနဲ့ ရုရှား အစိုးရကြား ဆက်ဆံရေး အေးစက်နေခဲ့တာ နှစ်တော်တော်ကြာ ပါပြီ။ ရှေ့ လာမယ့်နှစ်ဟာ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုကြား သံတမန် ဆက်ဆံရေး စတင်ခဲ့တာ နှစ်ပေါင်း ၂၁၀ ပြည့်မှာဖြစ်ပြီး အပြန်အလှန် အကျိုးရှိတဲ့ ပူးပေါင်းဆောင် ရွက် မှုဟာ ၂ နိုင်ငံအတွက် အကျိုးရှိပြီး ကမ္ဘာကြီး အတွက်လည်း တည်ငြိမ် လုံခြုံစေ မှာဖြစ်တယ်လို့ ရုရှား အစိုးရရဲ့ Website ပေါ်မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ထရမ့်နဲ့ ပူတင်တို့ ပြောဆိုကြတဲ့ အထဲ ဆီးရီးယား အရေးလည်း ပါဝင်
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ နိုင်ထားတဲ့ ဒေါ်နယ်ထရမ့်နဲ့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်တို့ တယ်လီဖုန်း ကနေ တဆင့် ဆက်သွယ် စကား ပြောဆို ခဲ့ကြတယ်လို့ ရုရှား အစိုးရက ထုတ်ပြန် ပါတယ်။

မစ္စတာ ထရမ့် အနေနဲ့ ရွေးကောက်ပွဲ ကာလက ထုတ်ပြန်ထားတဲ့ သဘောထားတွေ အတိုင်း လက်တွေ့ ဖော်ဆောင် နိုင်ပါစေ ဆိုပြီး သမ္မတ ပူတင်က ပြောခဲ့သလို၊ ထရမ့် ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ အမေရိကန်-ရုရှား နှစ်နိုင်ငံကြား တန်းတူ ညီမျှ သဘောထားတဲ့ အခြေခံမူနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားဖို့ ရုရှားဘက်က အဆင်သင့် ရှိနေတယ် လို့လည်း သမ္မတ ပူတင်က ပြောခဲ့ပါတယ်။

သမ္မတ ပူတင့် အပေါ် လေးစား အတူယူကြောင်း မစ္စတာ ထရမ့်က ပြောခဲ့ပြီး သမ္မတ ပူတင်ဟာ လက်ရှိ အမေရိကန် သမ္မတ ထက် အများကြီး ပိုပြီး ခေါင်းဆောင် ပီသတယ်လို့ ချီးကျုး ပြောဆို ခဲ့ပါတယ်။

ထရမ့်နဲ့ ပူတင်တို့ ပြောဆိုကြတဲ့ အထဲ ဆီးရီးယား အရေးလည်း ပါဝင် ခဲ့ပြီး နှစ်ယောက်သား ဖုန်းနဲ့ အဆက်အသွယ် မပြတ် ထားရှိဖို့ သဘောတူ ခဲ့သလို မကြာခင် လူချင်း တွေ့ဆုံ ကြဖို့လည်း စီစဉ် ခဲ့ကြတယ်လို့ ရုရှား အစိုးရက ထုတ်ပြန်ပါတယ်။

တခါ၊ ဒေါ်နယ်ထရမ့် သမ္မတ နေရာကို လက်ခံ ရယူတဲ့အခါ အိမ်ဖြူတော် ရဲ့ အကြီးတန်း ရာထူး တစ်ခု ဖြစ်တဲ့ ဗဟာဗျူဟာ ရေးရာ ဌာနမှုး နေရာကို စီတီဖင် ဘဲန်နန် ဆိုသူကို ပေးမယ် ဆိုတဲ့ အငြင်းပွား ဖွယ်ရာ ဆုံးဖြတ်ချက် အပေါ် မစ္စတာထရမ့် ရဲ့ သမ္မတ ရုံး အဖွဲ့မှုး အသစ်စက်စက် ရိုင့်စ် ပရီးဘတ်စ်က ခုခံ ကာကွယ် ပါတယ်။

ဘရိုက်ထ်ဘတ် သတင်းဌာနရဲ့ အမှုဆောင် ဥက္ကဌ လက်ျာ နိုင်ငံရေး အယူဆ ရှိတဲ့ မစ္စတာ ဘဲန်နန် ဟာ လူဖြူ ကြီးစိုးရေး ဝါဒီတွေကို ထောက်ခံသူ တစ်ဦး ဖြစ်တယ် လို့ အတိုက်ခံတွေက ဝေဖန် ရှုတ်ချ နေကြပါတယ်။

ထရမ့်ရဲ့ သမ္မတ ရုံး အဖွဲ့မှုး မစ္စတာ ပရီးဘတ်စ်ကတော့ စီတီဖင် ဘဲန်နန် ဟာ အင်မတန်မှ ထူးချွန် ထက်မြက်သူ ဖြစ်တယ်လို့ ပြောပြီး လူတစ်ယောက် အပေါ် အဆုံးအဖြတ် မစောကြဖို့ တိုက်တွန်း နေပါတယ်။

ဒါပေမယ့် ဒီမိုကရက် ပါတီဝင် ကွန်ဂရက်စ် လွှတ်တော် အမတ် တချို့နဲ့ လူမျိုးရေး ခွဲခြားမှု ဆန့်ကျင့်တဲ့ အဖွဲ့တွေကတော့ အစွန်းရောက် အမြင်တွေ အပေါ် ထောက်ခံ အားပေးတဲ့ မစ္စတာ ဘဲန်နန်လို လူစားဟာ အိမ်ဖြူတော်နဲ့ မထိုက်တန်ဘူး ဆိုပြီး ခါးခါးသည်းသည်း ဝေဖန် နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese



တရုတ်နိုင်ငံ Beijing တွင် supermoon ကို နိုဝင်ဘာလ ၁၄ ရက်ည တွေ့ရစဉ်
နှစ်ပေါင်း ၆၉ နှစ်အတွင်း အရွယ်အစားအကြီးဆုံးနဲ့ အလင်းထိန် ဖြစ်တဲ့ လကြီးကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနေရာစုံက ကောင်းကင်ယံမှာ ဒေသစံတော်ချိန်ကွဲပြားတဲ့အလိုက် နိုဝင်ဘာ ၁၃ နဲ့ ၁၄ ရက် ညတို့မှာ မြင်တွေ့ခဲ့ကြရပါတယ်။

Australia၊ အာရှ၊ ဥရောပ၊ အာဖရိကစတဲ့တိုက်ကြီးတွေအပြင် အခုဆိုရင် အမေရိကတိုက်မှာ စတွေ့ရပြီဖြစ်တဲ့ ထိန်ထိန်လင်းနေတဲ့ Supermoon လကြီးကို တချို့မြို့တွေမှာ လူတွေ စုဝေးပြီး စောင့်ကြည့်ကြပါတယ်။

ကမ္ဘာကိုပတ်နေတဲ့လက ကမ္ဘာနဲ့အနီးဆုံးနေရာကို ရောက်နေချိန်မှာ ခုလို ကြီးမား တောက်ပနေတဲ့ လကြီးကို အနီးကပ်မြင်တွေ့ရတာဖြစ်ပါတယ်။ လမင်းကြီးအနေနဲ့ သာမန်မြင်နေကြတဲ့ အရွယ်အစားထက် ၇ ရာခိုင်နှုန်း ပိုကြီးပြီး ၁၅ ရာခိုင်နှုန်း ပိုတောက်ပနေတာဖြစ်ပါတယ်။

ဒီလိုမြင်တွေ့ရတာဟာ ၁၉၄၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ခုလို Super Moon ကိုနောက်ထပ်တွေ့နိုင်ဖို့က ၁၈ နှစ် အကြာဖြစ်တဲ့ ၂၀၃၄ ခုနှစ်မှာဖြစ်တော့မယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



( ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ BRT ယာဉ်တစ်စီးကို တွေ့ရစဉ် ) Photo: BRT LITE Facebook
အများပြည်သူ ရုံးပိတ်ရက်တွေအတွက် လုပ်အားခနှစ်ဆရရှိရေးနဲ့ အလုပ်ချိန် ၈နာရီထက်ကျော်ရင် အချိန်ပိုကြေးပေးဖို့ စတဲ့ အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့အတွက် BRT ယာဉ်လိုင်းက ယာဉ်မောင်းတွေဟာ BRT Lite ယာဉ်လိုင်း ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီ YBPC ထံ တင်ပြတောင်းဆိုထားပါတယ်။

အများပြည်သူရုံးပိတ်ရက်မှာ လုပ်ခနှစ်ဆပေးဖို့နဲ့ အခြားတောင်းဆိုချက် ၅ ချက်ကို တောင်းဆိုထားတယ်လို့ BRT Lite ယာဉ်မောင်း ကိုကျော်ဇင်ရွှေ က ပြောပါတယ်။

မနေ့က တန်ဆောင်မုန်းလပြည့်နေ့ အများပြည်သူရုံးပိတ်ရက်မှာတော့ ယာဉ်အားလုံးပြေးဆွဲမှုကို ရပ်နားပြီး တောင်းဆိုခဲ့ကြပါတယ်။ လာမယ့် နိုဝင်ဘာလ ၁၈ရက်နေ့ နောက်ဆုံးထားပြီး တောင်းဆိုမှုတွေကို ညှိနှိုင်းပေးဖို့နဲ့ ပျက်ကွက်မယ်ဆိုရင် ယာဉ်ပြေးဆွဲမှုတွေ ရပ်နားပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မယ်လို့လည်း ယာဉ်မောင်း ကိုကျော်ဇင်ရွှေ က ပြောပါတယ်။

"နားရင်သူက နှစ်ဆဖြတ်တယ်၊ နေမကောင်းဖြစ်လို့နားရင် နှစ်ဆဖြတ်တယ်၊ ကျတော်တို့က Holiday ကျရင် မောင်းပေးရမှာလေ ပြီးတော့ ကျတော်တို့က ဘယ်နှစ်ဆရမှာလည်း ကျတော်တို့က ကုမ္ပဏီဝန်ထမ်းဖြစ်တဲ့အတွက် သူက အချိန် ၈ နာရီသတ်မှတ်ထားတယ်၊ ၈ နာရီကျော်သွားရင် ကျတော်တို့က OD ဆိုတာဖြစ်သွားပြီလေ OD ကြေးဆိုရင် တစ်နာရီကိုဘယ်လောက် အဲဒါတွေအတွက် မပေးနိုင်ဘူး၊ နောက်ပြီး ကျတော်တို့ ကားမတော်တဆတိုက်လိုက်ရင် ကျတော်တို့က ဖြစ်သွားရင် ကိုယ့်ဟာကိုလျော်၊ ကျတော်တို့က အာမခံနဲ့ မဆိုင်ဘူးလို့ သူကပြောထားတယ်၊ ကျတော်တို့က မရှိလို့လာမောင်းသူတွေက မလျော်နိုင်ဘူးပေါ့၊ မလျော်နိုင်ရင် သူတို့က လစာထဲကဖြတ် ဘာဖြတ်ညာဖြတ်ဆို ဖြတ်တာပေါ့"

ယာဉ်လုပ်သားတွေရဲ့ ခံစားခွင့်နဲ့ပတ်သက်ပြီး စာချုပ်ပါအချက်တွေအတိုင်း ပေးထားတာ ဖြစ်တယ်လို့ BRT Lite ယာဉ်လိုင်း ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီ YBPC ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်အောင် က ပြောပါတယ်။

"ကျတော်တို့ စာချုပ်ထဲမှာကတော့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ လုပ်သလိုပဲလေ တစ်ပတ်ကိုတစ်ရက် ပေးထားတယ်၊ ကျန်တဲ့ဟာကတော့ တစ်နေ့ ၈ နာရီမောင်းပြီးလို့ ၈ နာရီထက်ပိုရင် သူ့ကို ကျတော်တို့က အချိန်ပို လုပ်ခပေးတယ်တာမျိုးကို သူတို့ကို စာချုပ်ချုပ်ထားပြီးသား၊ အခုအခါကျမှ ရက်ကြီးအခါကြီးမှာ လုပ်တယ်ဆိုပြီးတော့ နှစ်ဆပေးဖို့အတွက်ကတော့ မဖြစ်နိုင်ဘူးထင်တယ်၊ ဒါမျိုးပြန်ညှိပေးမယ်လေ၊ သူတို့လည်း ကျေနပ်အောင်ပေါ့နော်၊ ကျတော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းကတော့ သင်္ကြန်ကိုတော့ ကျတော်တို့ ပေးနားပါတယ်၊ ကျန်တဲ့ရက်ကတော့ ကျတော်တို့ရဲ့ အများပြည်သူသွားလာရေးဖြစ်တဲ့အတွက် နားလို့မှမရတာ"

ယာဉ်လုပ်သားတွေဘက်က စာချုပ်မှာ လက်မှတ်မထိုးပေးရင် လစာမရမှာစိုးတဲ့အတွက် လက်မှတ်ထိုးပေးလိုက်ရတယ်လို့ လုပ်သားတွေက ပြောပါတယ်။

ယာဉ်လုပ်သားတွေကို ပြေးဆွဲတဲ့ ယာဉ်အကြိမ်အရေအတွက်နဲ့ လုပ်အားခ ရှင်းတာမဟုတ်ဘဲ တစ်လကို လစာအဖြစ် လုပ်သားတစ်ဦးကို ကျပ် ၄ သိန်းခွဲဝန်းကျင် ပေးတာဖြစ်ပါတယ်။ တခြားခံစားခွင့်တွေအနေနဲ့ တစ်ပတ်မှာ အလုပ်နားရက် တစ်ရက်ရရှိပြီး နေ့စဉ် နေ့လည်စာ ကျွေးတယ်လို့ သိရပါတယ်။

BRT ယာဉ်လိုင်းတွေကို နေ့စဉ် ယာဉ်အစီးရေ ၆၅ စီးနဲ့ အမှတ် ၁၊ ၂၊ ၃ ဆိုပြီး လိုင်းခွဲ ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။ BRT ယာဉ်လိုင်းမှာ ယာဉ်အကူမပါရှိဘဲ ယာဉ်မောင်းတစ်ဦးတည်းသာပါဝင်ပြီး ငွေပေးကဒ်စနစ်နဲ့ ဖြစ်ပါတယ်။ BRT Lite ယာဉ်လိုင်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့က စတင်ပြီး ရန်ကုန်မြို့မှာ ပြေးဆွဲပေးနေတာဖြစ်ပြီး ယာဉ်စီးခ တစ်ဦးကို ကျပ် ၃၀၀ ပေးရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


နိုဝင်ဘာလ(၁၅)၊ ၂၁၀၆

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း ယနေ့(နိုဝင်ဘာလ၁၅ရက်) နံနက်ပိုင်းတွင် ယောက်ျားစိတ်ပေါက်နေသူက ရည်းစားဖြစ်သူကို ဓားဖြင့်ထိုးသတ်ကာ မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း လှိုင်သာယာ မြို့မရဲစခန်းထံမှ သိရသည်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ဦးတင်ရွှေလမ်း တန်ဒါ(၂)အထည်ချုပ်စက်ရုံရှေ့တွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယောက်ျားစိတ်ပေါက်နေသူမှာ မဇင်မာဝင်းဖြစ်ပြီး ၄င်း၏ ရည်းစားဖြစ်သူမှာ မသီတာမွန်ဖြစ်ကြောင်း၊ မသီတာမွန်သည် ရွှေလင်ပန်းစက်မှုဇုန်ရှိ ဂျင်းဘရားသား အထည်ချုပ်စက်ရုံသို့ အလုပ်ဆင်းရန် သွားရောက်စဉ် ရည်းစားသူဖြစ်သူ မဇင်မာဝင်းနှင့် စကားများခဲ့ကြောင်း သိရသည်။

“နှစ်ယောက်သား စကားများပြီး ယောက်ျားစိတ်ပေါက်နေတဲ့ ဇင်မာဝင်းက အနောက်ကနေ သီတာမွန်ကို ဓားနဲ့ လိုက်ထိုးသတ်တာ။ ပြီးတော့ သူ့ကိုယ်သူလည်း ပြန်ထိုးပြီး အဆုံးစီရင်သွားတာ။”ဟု လှိုင်သာယာမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

မဇင်မာဝင်းက ဓားဖြင့်ထိုးသတ်ခြင်းကြောင့် မသီတာမွန်တွင် ရင်ညွန့်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ကျောကုန်းထိုးသွင်းဒဏ်ရာ (၃)ချက် ရရှိခဲ့ပြီး ဆေးရုံ၌ သေဆုံးခဲ့ကြောင်း၊ မဇင်မာဝင်းမှာ ၄င်း၏ ၀ဲဘက်ရင်အုံသို့ ဓားဖြင့်ထိုးကာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်းတွင် (ပ)၂၄၅၅/၂၀၁၆၊ ပြစ်မှုပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖူးပွင့်သူ
SKY Land News & Entertainment Media
https://www.facebook.com/skyland.news



( ဒေါ်အောင်ဆန်းစုကြည် ရေးဆွဲထားတဲ့ ပန်းချီကားပုံပါတဲ့ တီရှပ်ပေါ်မှာ လက်မှတ်ရေးထိုးနေစဉ် ) Photo: Daw Khin Kyi Foundation
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားကို လေလံတင် ရောင်းချမယ့်အစီအစဉ်ကို ဖျက်သိမ်းပြီး အဲဒီပန်းချီကားပုံ ရိုက်နှိပ်ထားတဲ့ တီရှပ်အင်္ကျီတစ်ထည်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်ရေးထိုးထားတဲ့အင်္ကျီကို ကြမ်းခင်းဈေး ငွေကျပ် ၁၀ သိန်းနဲ့ လေလံတင်ရောင်းချသွားမယ်လို့ ပန်းချီကားလေလံပွဲကို ဦးဆောင်စီစဉ်တဲ့ Dream Boat Entertainment က ကိုမောင်မောင်အေး က ပြောပါတယ်။

သမိုင်းဝင်ပန်းချီကားကို တစ်ဦးတစ်ယောက်တည်း အပိုင်ရရှိထားမှာကို ပြည်သူတွေအနေနဲ့ မလိုလားတာကြောင့် နောင်လာနောင်သားတွေ ကြည့်ရှုလို့ရအောင် အခုလို စီစဉ်လိုက်တာဖြစ်တယ်လို့ ပန်းချီကား လေလံပွဲကို ဦးဆောင်စီစဉ်တဲ့ Dream Boat Entertainment က ကိုမောင်မောင်အေးက ပြောပါတယ်။

"ကွန်မန့်တွေမှာကတော့ ဒီပန်းချီကားကို တစ်ဦးတစ်ယောက်တည်းကို မပိုင်စေချင်ဘူးပေါ့နော်၊ ပြန်မရနိုင်တော့တဲ့ ပန်းချီကား တစ်ချပ်တည်းသော ပန်းချီကားဘယ်လိုမှလည်း ဒါကိုထပ်ပြီးတော့ ဆင့်ပွားဆွဲဖို့လည်း မဖြစ်နိုင်ဘူး၊ အဲဒီအချိန်ကာလက အဲဒီခံစားချက်နဲ့ ဆွဲခဲ့တဲ့ ပန်းချီကားဖြစ်တဲ့အတွက် အဲဒါကို ပြည်သူတွေအားလုံးက တစ်ဦးတစ်ယောက်တည်းလက်ထဲကို ထည့်ဖို့ကို ဆန္ဒမရှိကြဘူးဆိုတာကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လူကြီးတွေကလည်း သိသွားတယ်၊ သူတို့ကိုယ်တိုင်ကလည်း ဒီပန်းချီကားကို အဲလိုမျိုးပေးလိုက်တာထက်စာရင် ဒီပန်းချီကားနဲ့ ပတ်သက်တဲ့ ဆင့်ပွားပစ္စည်းတွေပဲ ရောင်းချပြီး ရန်ပုံငွေရှာတော့မယ်၊ အော်ရယ်ဂျင်နယ်ကိုတော့ နောင်လာနောင်သားတွေလည်း အမြဲတမ်းဒီကားကို လူတိုင်းပိုင်တယ်ဆိုတဲ့ သဘောမျိုးပေါ့နော်၊ ကျတော်တို့ အဲဒါကိုပုံစံပြောင်းလိုက်တာပါ"

အဲဒီပန်းချီကားဟာ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေချိန်မှာ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလ ၂၅ရက်နေ့မှာ ဆီဒိုးနားဟိုတယ်မှာ ကျင်းပမယ့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေ ရှာဖွေရေးနဲ့ လေလံတင်ပွဲ လက်မှတ်တစ်စောင်ကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားပြီး အင်္ကျီလေလံတင်ရောင်းချပြီး ရရှိလာတဲ့ငွေကြေးနဲ့ လက်မှတ်ရောင်းရငွေအားလုံးကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

လေလံပွဲလာရောက်သူတွေကိုလည်း ပန်းချီကားပုံပါတဲ့ တီရှပ်အင်္ကျီတွေ လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရေးဆွဲထားတဲ့ ပန်းချီကားကိုတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကပဲ ဆက်လက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


 
ကချင်ပြည်နယ်မှာရော ၊ ရှမ်းပြည်နယ်အချို့ဒေသတွေမှာရော တိုက်ပွဲတွေဖြစ်နေပါတယ် ။ မြွေပူရာကင်းမှောင့်ဆိုသလို အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် မောင်တော နယ်စပ်က ရဲဌာနချုပ်ကို ဘင်္ဂလီတွေ ညအချိန်မှာဝင်တိုက်တာခံရလို့  ရဲတပ်ဖွဲ့ ဝင်တွေကျဆုံးတဲ့သတင်းတွေနဲ့ တပ်မတော်ကလိုက်လံရှင်းလင်းတဲ့သတင်းတွေ ပလူပျံအောင်တက်လာနေပါတယ် ။ ထုံးစံအတိုင်း မြေပြင်ပေါ်ကစစ်ပွဲတွေနဲ့အတူ ဖေ.စ်ဘွတ်ပေါ်ကပါးစပ်စစ်ပွဲတွေ ၊ သူ့ဘက်ကိုယ့်ဘက်ကလိကြရိကျ ကလော်ကြ ဆော်ကြတာတွေလည်းပွက်လောညံနေပါတယ် ။အထူးသဖြင့် ဘင်္ဂလီ အကြမ်းဖက်တိုက်ခိုက်မှုကိစ္စနဲ့ပါတ်သက်လို့  အမျိုးသားရေးဝါဒီတွေ ၊ ရခိုင်တိုင်းရင်းသားအချို့ နဲ့ ကြံ့ခိုင်ရေးဘက်တော်သား အချို့ က ဒီပြသနာမှာ NLD အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းပေါ်အပြစ်ပုံချကြပါတယ် ။ နိုင်ငံခြားသားတွေပါတဲ့ ကိုဖီအာနန် ကော်မရှင်ဖွဲ့ လိုက်လို့ ဖြစ်ရသလိုလို ၊ NLD ကကုလားအားပေးလုပ်ခဲ့လို့ပြသနာပေါ်သလိုလို ပြောကြရေးကြပါတယ် ။ အချို့ အမျိုးသားရေး ပုဂ္ဂိုလ်များကလည်း သူတို့အမျိုးသားရေးဆောင်ရွက်ခဲ့တုန်းက အစွန်းရောက်တယ်လို့ ပြောခဲ့သူတွေ ၊လူ့အခွင့်အရေးသမားတွေ  အခုတော့အသံတိတ်နေကြပြီလား ၊ ဘာလားနဲ့ ကြုံးဝါးကြပါတယ် ။ ဒီမိုကရေစီဘက်တော်သားတွေကလည်း မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံခါးလုံခြုံရေးနဲ့ အမျိုးဘာသာသာသနာအတွက် ငါတို့ အရိုးနဲ့စည်းရိုးထိုးမယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေအခုဘယ်ကိုပျောက်နေသလဲ ၊ မောင်တောဒေသကတိုက်ပွဲတွေက သင်တို့ကို အလိုရှိနေတယ် လို့ ပြန်ပြီး ဝေဖန်ကြပါတယ် ။ မောင်တောဒေသကရဲကင်းစခန်းတွေအတိုက်ခံရတဲ့ကိစ္စဟာ အဓိကအားဖြင့် လက်နက်အင်အား ၊လူအင်အား ပြည့်ပြည့်စုံစုံကျကျနန မတောင်ရွက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ ရဲ့အကြီးအကဲဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးမှာ ပဲတာဝန်ရှိတဲ့အကြောင်း၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရပြည်ထဲရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဌာနတွေကိုတပ်မတော်ကပဲ တာဝန်ယူကိုင်တွယ်တာဖြစ်တဲ့အတွက် အုံခုလိုစစ်ရေးတိုက်ခိုက်ခံရတာ ၊လုံခြုံရေးကျိုးပေါက်တာဟာ တပ်မတော်မှာပဲတာဝန်ရှိကြောင်း သုံးသပ်ကြပါတယ် ။ 
      နိုင်ငံရေးဝေဖန်ရေးဆောင်းပါးရေးတဲ့စာရေးဆရာတော်တော်များများကလည်း ဒီအဖြစ်အပျက်မတိုင်မီ ကချင်ပြည်နယ်စစ်ပွဲတွေပြင်းထန်နေတဲ့အချိန်ကတည်းက မြန်မာနိုင်ငံမှာ အစိုးရနဲ့တပ်မတော်ရယ်လို့ အာဏာပိုင်အဖွဲ့ နှစ်ဖွဲ့ သီးခြားစီလိုရှိနေကြတဲ့အကြောင်း အကြိမ်ကြိမ်ထောက်ပြခဲ့ပြီးဖြစ်ပါတယ် ။ သူများနိုင်ငံတွေမှာတော့ အစိုးရကသပ်သပ် ၊တပ်မတော်ကသပ်သပ် အဲဒိလိုရပ်တည်လေ့မရှိပါဘူး ။ အစိုးရလက်အောက်မှာပဲတပ်မတော်ကရှိတာပါ ။ အမေရိကန်နိုင်ငံမှာဆိုရင် သမ္မတဟာ စစ်တပ်ရဲ့ စစစ်သေနာပတိ ဖြစ်ပါတယ် ။ နိုင်ငံတော်တော်များများမှာ သမ္မတစိတ်ကြိုက်ခန့်ထားတဲ့ ကာကွယ်ရေးဝန်ကြီးဟာ စစ်တပ်ရဲ့အကြီးအကဲဖြစ်ပါတယ် ။ တောင်ကိုရီးယားမှာဆိုရင် ကာကွယ်ရေးဝန်ကြီးကအမျိုးသမီးပါ ။ကာကွယ်ရေးဝန်ကြီးရဲ့လက်အောက်မှာမှ ကြည်း၊ရေ ၊လေ ကာကွယ်ရေးဦးစီးချုပ်တွေရှိပါတယ် ။ ဆိုလိုတာကတော့ အရပ်သားရွေးကောက်ခံ အစိုးရလက်အောက်မှာ တည်မတော်ကနိုင်ငံ့ဝန်ထမ်းအဖြစ်အမှုထမ်းကြတာဖြစ်ပါတယ် ။ အရပ်သားကာကွယ်ရေးဝန်ကြီးရဲ့လက်အောက်မှာ တပ်မတော် ကာချုပ်တွေရှိတာပါ ။ ဒီတော့ စစ်တိုက်ခြင်း ၊ စစ်ရပ်စဲခြင်း ၊ စစ်တပ်ပြန်လည်ဆုတ်ခွာရုပ်သိမ်းခြင်းတို့ဟာ ပေါ်လစီအားဖြင့် စစ်တပ်ကဆုံးဖြတ်တာမဟုတ်ပဲ အစိုးရရဲ့ဆုံးဖြတ်မှုကိုတပ်ကနာခံကြတာဖြစ်ပါတယ် ။ဒါဟာ ဒီမိုကရေစီရဲ့ ကောင်းမွန်တဲ့ကျင့်စဉ်ဖြစ်ပါတယ် ။ဒီကျင့်စဉ်ဟာ မြန်မာနိုင်ငံမှာ မရှိသေးပါဘူး ။ ရှိတော့ရှိခဲ့ဖူးပါတယ် ။ ၁၉၄၈ ကနေ ၁၉၅၈ ခုနှစ်အထိ ဆယ်နှစ်တာတစ်ကြိမ် ၊ ၁၉၆၀ ကနေ ၁၉၆၂ အထိ ၂ နှစ်တာတစ်ကြိမ် ။ စုစုပေါင်း ၁၂ နှစ်တာကာလ မြန်မာနိုင်ငံ ဒီမိုကရေစီအရပ်သားအစိုးရလက်အောက်မှာကျင့်သုံးခဲ့ဖူးပါတယ် ။ ဒီတုန်းက အရပ်သားအစိုးရရဲ့လက်အောက်မှာ ကာကွယ်ရေးဦးစီးချုပ်အဖြစ်တာဝန်ောကကြေအမှုထမ်းခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ နောင်အခါမှာတော့ အာဏာခေတ္တရယူရာက အာဏာအရသာသိသွားပြီး တပ်မတော်ကိုနိုင်ငံရေးနဲ့ ရောထွေးပစ်လိုက်တာ အခုလက်ရှိ ခေတ်အထိပါပဲ ။ 

ဒါ့ကြောင့် မြန်မာနိုင်ငံဟာဒီမိုကရေစီခေတ် ၊ NLD အစိုးရလက်ထက်ခေတ်ဆိုသော်လည်း ကာကွယ်ရေး ၊ပြည်ထဲရေး စတဲ့ တပ်မတော် ၊ ရဲတပ်ဖွဲ့  စတဲ့ လက်နက်ကိုင်အဖွဲ့ တွေဟာ အရပ်သားအစိုးရလက်အောက်မှာမရှိပဲ တဗိုလ်တမင်းဖြစ်နေကြတာတော့အမှန်ပါပဲ ။ အဲဒါကြောင့်အရပ်သားသမ္မတကြီးရဲ့အာဏာစက်ဟာ တပ်မတော်အပေါ်မှာ သက်ရောက်မှုရှိမရှိ တွေးစရာရှိပါတယ် ။သမ္မတကြီးဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးလိုချင်တယ် ။ ၂၁ ရာစုပင်လုံညီလာခံလုပ်တယ် ။ငြိမ်းချမ်းရေးတွေဆွေးနွေးကြတယ် ။ဒါပေမယ့် ညီလာခံပြီးလို့ လပိုင်းပဲရှိသေးတယ် ။ကြီးမားတဲ့စစ်အင်အားနဲ့ တိုက်ပွဲကြီးတွေ ကချင်ဒေသမှာပေါ်ပေါက်လာတယ် ။ သွေးရင်းသားရင်းညီနောက်ရင်းဆိုတဲ့ ပြည်တွင်းစစ်ပွဲမှာတောင် လေယာဉ်ပျံတွေ သုံးပြီးမီးကုန်ယမ်းကုန်တိုက်ခိုက်ကြတယ် ။ နှစ်ဦးနှစ်ဘက်သေကြေကြတယ် ။ ဘယ်ဘက်ကသေသေ ကိုယ့်မြန်မာနိုင်ငံသားတွေသေတာမို့ ဘယ်ဘက်ကိုမှမထောက်ခံနိုင်ပါဘူး ။ 
          တိုင်းသူပြည်သားတွေကတော့ ဘင်္ဂလီပဲဖြစ်ဖြစ် ၊ တရုတ်ပဲဖြစ်ဖြစ် ၊ကုလားပဲဖြစ်ဖြစ် ၊ အင်္ဂလိပ်ပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံပထိဝီနယ်နိမိတ်ထဲမှာ ကိုယ့် အချုပ်အခြာအာဏာကို စော်ကားပြီး အခုလိုလက်နက်ကိုင်တိုက်ခိုက်လာတာကိုတော့ မခံချင်ကြပါဘူး ။ ထိထိရောက်ရောက်တုန့်ပြန်စေချင်တယ် ။တုန့်ပြန်တဲ့နေရာမှာ ပြသနာမဖြစ်ခင်တုန့်ပြန်မှု ၊ ပြသနာဖြစ်နေစဉ် သံတမန်ရေး ၊ သတင်းပြန်ကြားရေး တုံ့ ပြန်မှု ၊ စစ်ရေးတုန့် ပြန်မှုဆိုပြီးအပိုင်းသုံးပိုင်းခွဲပြောနိုင်ပါတယ် ။ ပြသနာမဖြစ်ခင် ( ရဲကင်းဌာနချုပ်ကို တိုက်ခိုက်မခံရမီ ) ကတည်းကဒေသခံတွေ ၊ ရခိုင်အရေးကျွမ်းကျင်သူတွေ ၊ စာရေးဆရာတွေက ရခိုင်ဒေသ (အထူးသဖြင့် ဘင်္ဂလားဒစ်နယ်စပ်နဲ့နီးကပ်နေတဲ့ ဒေသတွေမှာ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေ အမြဲတမ်း စစ်အင်အားအသာစီးချထားပြီး အမြဲတမ်းတပ်တွေနဲ့ ဒေသစိုးမိုးရေး လုံခြုံရေးရယူဖို့ တောင်းဆိုခဲ့ကြပါတယ် ။ အခုဖြစ်သွားတဲ့ကိစ္စမှာ ရဲတပ်ဖွဲ့ဌာနချုပ်စခန်းလို့သာပြောရတယ် လူအင်အား ခေတ်မီလက်နက်အင်အား မဖြစ်စလောက်ပဲ ရှိနေခဲ့တာအံ့သြစရာတွေ့ရပါတယ် ။ ငြိမ်းချမ်းနေတဲ့ ပြည်မြို့ လို ။အင်းမမြို့လိုနေရာတွေမှာတောင် တပ်မ (၆၆)လို ခလရ ၇၅ လို တပ်မတွေ ၊တပ်ရင်းတွေတပ်စွဲနေနိုင်ရင် ဒီလိုစစ်ရေးအရ အမြဲခြိမ်းခြောက်ခံနေရတဲ့နေရာတွေမှာအမြဲတပ် တပ်မတွေ၊တပ်ရင်းတွေ ရှိနေသင့်ပါတယ် ။ ကိစ္စဖြစ်မှရောက်လာပြီး လိုက်လံရှင်းလင်းတာထက် ဘင်္ဂလားဒစ်နယ်စပ်မှာ နဂိုထဲကစစ်အင်အားအလုံးအရင်းနဲ့ရှိနေသင့်ပါတယ် ။အခုညဘက်ကြီးဝင်တိုက်တဲ့အဖွဲ့ မှာ ခေတ်မီလက်နက်တွေမရှိပဲ သေနတ် အနည်းငယ် ၊ကျန်တာတွေက တုတ်တွေ ဓားတွေကိုင်ပြီးလူ ၃၀၀ လောက်နဲ့ လာတိုက်တယ်လို့သိရပါတယ် ။ဒီ လူ၃၀၀ ရာလောက်နဲ့တိုက်ခံရတာတောင် စခန်းတွေကျပြီး ရဲအရာရှိအပါအ၀င်ရဲတပ်ဖွဲ့အင်အား ကိုးယောက်ယောက်ကျဆုံးပြီးနယ်မြေရှင်းလင်းရင်းတပ်မတော်သား ငါးဦးထပ်မံကျဆုံးရတယ်ဆိုရင် IS အဖွဲ့ လို ၊ဒါမှမဟုတ် ဘင်္ဂလားဒစ်ဘက်က တပ်ဖွဲ့ ဝင်တွေသာအလုံးအရင်းနဲ့ ပါလာလို့ကတော့ ရခိုင်ပြည်နယ်ဟာ အချိန်တိုအတွင်းမှာကျသွားနိုင်ပါတယ် ။   ဒါကတော့ ပြသနာမဖြစ်ခင်ကလုပ်သင့်တဲ့ကိစ္စတွေပါ ။

 မောင်တောတိုက်ခံမှစတင်ဖြစ်ပွားပြီဆိုတဲ့အချိန်ကစပြီး သတင်းတွေဟာအင်တာနက်မှာတောက်လျှောက်တက်လာပါတယ် ။ ဖေ.စ်ဘွတ်မှာတစ်ဦးချင်းစိတ်ခံစားမှုတွေအရင်းတည်တဲ့ ပို့ စ်တွေတက်လာတာမို့    အမှန်အမှားခွဲရခက်ပါတယ် ။ အဲဒိအချိန်မှာ အစိုးရနဲ့တပ်မတော်ဘက်က တရားဝင်သတင်းထုတ်ပြန်ချက်တွေကိုပဲမျှော်လင့်မိတာပါ ။အထူးသဖြင့် ကိုယ့်ဘက်က လူ ၉ ယောက်ကျဆုံးပြီးအကြမ်းဖက်တိုက်ခိုက်ခံရ ၊ သူတို့ဘက်က လူတစ်ယောက်ကို အရှင်လတ်လတ်လက်ရဖမ်းမိထားတဲ့အချိန်မှာ နိုင်ငံတကာသံအမတ်တွေ ၊ နိုင်ငံခြားသတင်းထောက်တွေ ကိုဖိတ်ခေါ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ရင်ကိုယ့်ဘက်က သံတမန်ရေး အသာစီးရနိုင်တယ်မို့ လား ။ နောင်တစ်ချိန် အကြမ်းဖက်သမားဘင်္ဂလီတွေကို နှိမ်နှင်းပြီဆိုရင်လဲ နိုင်ငံတကာကဘာမှဝေဖန်လို့မရတော့အောင်ကြိုပါးစပ်ပိတ်ထားနိုင်လို့ပါပဲ ။ ဒါဟာ မြန်မာဘက်ကရထားတဲ့နိုင်ကွက်တစ်ခုပါ ။ အဲဒိအချိန်မှာ ဘင်္ဂလီကုလားတွေရဲ့လော်ဘီတွေကတော့ မြန်မာဘက်ကအကြမ်းဖက်နှိမ်နှင်းခဲ့လို့ အပြစ်မဲ့ မွတ်ဆလင်တွေသေကြေကြသယောင် ကမ္ဘာကိုလိမ်ညာ သတင်းလွှင့်နေခဲ့တာအတော်ကို ပေါက်ရောက်နေခဲ့ပါပြီ ။

     နည်းနည်ေးနာက်ကျလို့အားမရပေမယ့်မျှော်နေတုန်းမှာပဲ  ၁၄.၁၀.၂၀၁၆ နေ့ မှာ နိုင်ငံတော်သမ္မတရုံးကကြေငြာချက်တစ်ရပ်ထုတ်ပြန်ပါတယ် ။ အဲဒိကြေငြာချက်ဟာ အင်္ဂလိပ် ၊မြန်မာနှစ်ဘာသာနဲ့ထုတ်ပြန်တာဖြစ်ပြီး တော်တော်လေးပြည့်စုံကာ အသေးစိတ် အချက်အလက်များပါဝင်ပါတယ် ။ အထူးသဖြင့် အကြမ်းဖက်တိုက်ခိုက်မှုဟာ RSO အဖွဲ့ ရဲ့လက်အောက်ခံ အကာလ်မူလ် မူဂျာဟစ်ဒင် ( Aqa Mul Mujahidim )  အဖွဲ့ ရဲ့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ် ။ မောင်တောဒေတ၀ိုက်မှာရှိတဲ့ဒေသခံရခိုင်တွေဟာနေအိမ်တွေကိုစွန့်ပြီး မြို့ပေါ်ကိုပြေးရှောင်လာကြရပါတယ် ။ သူတို့ အပြောအရ သူတို့ ရွာတွေမှာလိုအပ်နေတာ လုံခြုံရေးလို့ ပြောပါတယ် ။ လုံခြုံရေးမှာတောင် ရဲလုံခြုံရေးနဲ့မလုံလောက်ပဲ ၊ တပ်မတော်လုံခြုံရေးစခန်းကိုရွာတိုင်းမှာ၇ှိစေချင်ပါတယ် ။လက်နက်ကိုင်ဘင်္ဂလီတွေရဲ့ခြိမ်းချောက်မှုကိုအနီးကပ်ကြုံတွေ့ နေရတဲ့သူတွေကိုမကြောက်ပါနဲ့ဆိုတဲ့စကားတစ်ခွန်းနဲ့တင်မလုံလောက်ပဲ ထိရောက်တဲ့ လုံခြုံရေးပေးဖို့လိုအပ်တဲ့အကြောင်း ကို ဒေသခံတွေကမီးမောင်းထိုးပြနေပါတယ် ။ ဒီဒေသရဲ့လုံခြုံရေးဟာ ကောက်ရိုးမီးမဖြစ်သင့်ပဲ ရေရှည်အစီအမံတွေချသင့်ပါတယ် ။ မငြိမ်းချမ်းရခြင်းရဲ့အဓိကအကြောင်းထဲမှာ ဆင်းရဲမွဲတေမှုဟာလဲအဓိကအကြောင်းတစ်ခုအဖြစ်ပါဝင်ပါတယ် ။

ရခိုင်ဒေသ(အထူးသဖြင့်နယ်စပ်ဒေသများကပြည်သူလူထု) ဟာဆင်းရဲလွန်းတယ် ။ လူဦးရေလဲအရမ်းများတယ် ။ လူဦးရေနဲ့မျှတတဲ့ အလုပ်အကိုင်အခွင့်အရေးမရှိဘူး ။ လူတွေဟာဆင်းရဲတော့ပညာမတတ်ဘူး ။ အလုပ်လက်မဲ့တွေပေါလွန်းတော့ ထစ်ကနဲရှိ လူအုပ်နဲ့ပြသနာကိုရှင်းချင်ကြတယ် ။ တကယ်လို့သာ အဲဒိဒေသက ဘင်္ဂလီတွေရော ၊ ဒေသခံတွေမှာပါ တစ်လ ဒေါ်လာ ၃၀၀ လောက်ရမယ့် ပုံမှန်အလုပ်တွေရှိနေကြရင် တော်ရုံတန်ရုံလူစုလူဝေး ပြသနာထဲမှာ ဘယ်သူမှပါမှာမဟုတ်တော့ဘူး ။ အလုပ်မရှိကြတာလည်း အဲဒိဒေသမငြိမ်းချမ်းရခြင်းရဲ့အကြောင်းပါပဲ ။ လူတွေကအလုပ်မရှိ ။ သက်ဆိုင်ရာက လုံခြုံရေးလျော့ရဲ လေတော့ ထစ်ကနဲရှိ အကြမ်းဖက်မှုတွေထဲလူတွေကပါပါသွားကြတာပါပဲ ။ မောင်တောအကြမ်းဖက်အဖွဲ့ ထဲကို ရန်ကုန် တာမွေ၊ ကျောက်မြောင်းကမူဆလင်တွေ မပါဘူး ၊ရွှေဘုံသာလမ်းက မူဆလင်တွေသွားခေါ်လဲတယောက်မှလိုက်မှာမဟုတ်ဘူး ။ ဘာကြောင့်လဲဆိုတော့ အလုပ်ကိုယ်စီရှိနေလို့  ။စီးပွားရေးအဆင်ပြေနေလို့ဖြစ်ပါတယ် ။ ဆင်းရဲမွဲတေခြင်းနဲ့ ပညာမတတ်ခြင်းဟာ အလုပ်လက်မဲ့တိုးပွားစေပြီး စစ်ပွဲတွေကိုဖြစ်ပွားစေပါတယ် ။ ဒေသဖွံဖြိုးရေးဟာ စစ်ပွဲတွေကိုလျှော့ချနိုင်ပါတယ်။   
     အစိုးရဘက်ကလဲ ပြည်ပရန်လိုဖြစ်နေတဲ့ မောင်တောအကြမ်းဖက်မှုကိုဖိဖိစီးစီးကိုင်တွယ်သင့်ပါတယ် ။ ကချင် KIA ကိုတိုက်တုန်းက လေကြောင်းပစ်ကုတွေဘာတွေနဲ့အားပါးတရတိုက်သလို ၊ဘင်္ဂလီကျူးကျော်သူတွေကိုလည်း ကြီးမားတဲ့စစ်ဆင်ရေးတွေနဲ့တိုက်ခိုက်စေချင်ပါတယ် ။ အခုပ်အခြာအာဏာကျူးကျော်မှုကို ဘာအတွက်နဲ့မှအလျှော့ပေးစရာမရှိပါဘူး ။ ပြည်ထဲရေးနဲ့ ကာကွယ်ရေး၊နယ်စပ်ဒေသရေးရာဝန်ကြီးဌာနတွေကိုတပ်မတော်ကတာဝန်ယူထားတာမို့ နိုင်ငံကာကွယ်ရေး၊နယ်စပ်ဒေသလုံခြုံရေးဟာ တပ်မတော်အပေါ်မှာအဓိကတာဝန်ရှိပါတယ် ။နယ်စပ်ဒေသမှာ တာဝန်ကျတဲ့ ရဲတပ်ဖွဲ့ ဝင်တွေရဲ့ လက်နက်၊ဆက်သွယ်ရေးစက် ကအစ လူအင်အားအထိ စွမ်းရည်တွေမြှင့်တင်သင့်ပါပြီ ။ ရဟတ်ယာဉ်တွေကို ရခိုင်နဲ့ ဘင်္ဂလားဒစ်ရှ်နယ်စပ်မှာ ဖောဖောသီသီသုံးသင့်ပါပြီ ။ ကိုယ့်တိုင်းရင်းသားအချင်းချင်းတိုက်ခိုက်နေတဲ့စစ်ပွဲတွေကိုလျှော့ချပြီး  ပြည်ပကိုခြေကုပ်ယူပြီးသောင်းကျန်းနေတဲ့ဘင်္ဂလီများကိုရေရှည်စီမံချက်နဲ့ ကိုင်တွယ်ဖို့ လိုနေပါပြီ ။မြန်မာနိုင်ငံမှာ တပ်မတော်ကသပ်သပ် ၊ အစိုးရကသပ်သပ် ဖြစ်နေတာကိုလည်း ပြုပြင်ဖို့လိုပြီဖြစ်ကြောင်းပါ။ 
 
သရ၀ဏ်(ပြည်) 

Eternal Light မဂ္ဂဇင်း 
၂၀၁၆ နိုဝင်ဘာ

 
အီရန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မက်ရှ်ဟက်ဒ်မှာ အသက် ၂၈ နှစ်အရွယ် အီရန်အမျိုးသမီးတစ်ဦးဟာ ပါတီကို တက်ရောက်ခဲ့တဲ့အတွက် တရားရုံးက ကြိမ်ဒဏ်အချက် ၈၀ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ဂျာနယ်လစ်ဟောင်းတစ်ဦးဖြစ်ပြီး My Stealthy Freedom ဆိုတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ဖွင့်ထားတဲ့ မက်ရှီအလင်ဂျက်က ထိပ်လန့်ဖွယ် ဒဏ်ရာတွေ ရရှိခဲ့တဲ့ ယင်းအမျိုးသမီးကို အင်တာဗျူးခဲ့တာ ဖြစ်ပါတယ်။

အမည်မဖော်ပြလိုတဲ့ ယင်းအမျိုးသမီးမှာ အမျိုးသားရဲတွေ ဖမ်းဆီးခံရချိန်မှာ အတော်လေးဆိုးရွားခဲ့ပြီးတဲ့နောက် အဲဒီထက်ဆိုးရွားတဲ့ ပြစ်ဒဏ်ကို ထပ်မံခံစားရပါတယ်။
သူမ အရက်သောက်ထားခြင်း ရှိမရှိကို စစ်ဆေးဖို့အတွက် ဆေးခန်းက ဝန်ထမ်းအမျိုးသမီးကို ရဲတွေရှေ့မှာ အဝတ်အစားချွတ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ နောက်နှစ်နှစ်အကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် ဒီထက်ဆိုးရွားတဲ့ ပြစ်ဒဏ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

"ကြိမ်ဒဏ်ခံဖို့အတွက် ထောင်ကိုသွားခဲ့ရတဲ့နေ့က ကျွန်ဘဝမှာ အဆိုးရွားဆုံးနေ့ပါပဲ။ ထောင်ရောက်တော့ သူတို့က ကျွန်မခြေထောက်တွေကို သံခြေကျင်းခတ်ထားပြီး လက်တွေကိုလည်း လက်ထိပ်ခတ်ထားတယ်" လို့ သူမက ဆိုပါတယ်။

အီရန်မှာ အမျိုးသမီးတွေဟာ ကခုန်ခွင့်နဲ့ အရက်သောက်ခွင့်မရှိပါဘူး။
တေရန်မြို့ရဲ့ ညဘက်တွေမှာ ပါတီတွေ တိတ်တဆိတ်ကျင့်ပလျက်ရှိပြီး ဖမ်းမိရင်တော့ အမျိုးသားရော အမျိုးသမီးပါ ပြင်းထန်စွာ အပြစ်ပေးခံရပါတယ်။

Source & Photos : the Sun

============

Duwun


ဒေါက်တာအံ့ထွန်းမောင် အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရစဉ် ဇနီးဖြစ်သူနဲ့ မိတ်ဆွေများက ၎င်းဟာ အပြစ်ကင်းကြောင်းနဲ့ အမှုကိုပြန်လည်စစ်ဆေးရန် အရေးဆိုမှု အောင်မြင်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံမှာ ဆေးကုသစဉ်အတွင်း အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးရဲ့ ရင်သားကို ကိုင်တွယ်မှုဖြင့် ထောင်ဒဏ် ၁၈ လ ချမှတ်ခံခဲ့ရတဲ့ မြန်မာလူမျိုးဆရာဝန် ဒေါက်တာအံ့ထွန်းမောင်ဟာ ယခုအခါ ပြစ်မှုကင်းရှင်းပြီး ထောင်မှလွတ်မြောက်ခဲ့ပြီလို့ သိရပါတယ်။

အသက် ၄၅ နှစ်အရွယ် ဒေါက်တာအံ့ထွန်းမောင်ဟာ အကျဉ်းထောင်မှာ ခြောက်လကြာ နေခဲ့ရပြီးနောက် ၎င်းရဲ့အမှုကို ပြန်လည်စစ်ဆေးခဲ့ပြီး အလွန်အမင်း နားလည်မှု လွဲမှားခဲ့မှုအဖြစ် တရားသူကြီးများက ဆုံးဖြတ်ခဲ့ပါတယ်။

ကလေးတစ်ဦး ဖခင်ဖြစ်သူ ဒေါက်တာအံ့ထွန်းမောင် အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရစဉ် ဇနီးဖြစ်သူနဲ့ မိတ်ဆွေများက ၎င်းဟာ အပြစ်ကင်းကြောင်းနဲ့ အမှုကိုပြန်လည်စစ်ဆေးရန် အရေးဆိုမှု အောင်မြင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင်လက တုပ်ကွေးလက္ခဏာဖြင့် လာရောက်ပြသတဲ့ အမျိုးသမီးငယ်က ဒေါက်တာအံ့ထွန်းမောင်ဟာ သူမရဲ့ရင်သားကို ကိုင်တွယ်ခဲ့ကြောင်း စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာကို ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ ဆေးကုသခွင့် ဆိုင်းငံ့ထားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဧပြီလမှာတော့ ဒေါက်တာအံ့ထွန်းမောင်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့ကြောင်း သိရပါတယ်။

ယခုအခါ တရားရုံးက အဆိုပါအမှုကို ပြန်လည်စစ်ဆေးပြီး ပြစ်မှုကင်းရှင်းကြောင်း ဆုံးဖြတ်ခဲ့ကာ ဒေါက်တာအံ့ထွန်းမောင်ကို ပြစ်ဒဏ်မှ လွတ်မြောက်ခွင့်ပြုခဲ့ပါတယ်။ ဒေါက်တာအံ့ထွန်းမောင် ပြစ်မှုကင်းရှင်းပြီး ပြစ်ဒဏ်မှလွတ်မြောက်ခဲ့မှုအပေါ် ဇနီးဖြစ်သူ စာရေးဆရာမ လွန်းထားထားက သူမရဲ့ ဖေ့စ်ဘွတ်မှာ အမှတ်တရ ကျေးဇူးစကားကို နိုဝင်ဘာ ၁၂ ရက် ရေးသားထားတာလည်း တွေ့ရပါတယ်။

Source & Photo: Daily Mail, Duwun

ဆရာမလွန်းထားထား ဖေ့စ်ဘွတ်

==================

တိုင်းဧရာ

 မြောက်ကိုရီးယားစစ်သားများ စစ်ရေးပြနေစဉ် (ဇူလိုင် ၂၇ ရက်၊ ၂၀၁၃)
မြောက်ကိုရီးယားစစ်သားများ စစ်ရေးပြနေစဉ် (ဇူလိုင် ၂၇ ရက်၊ ၂၀၁၃)
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယားဒုံးကျည်ထိပ်ဖူးတပ် တာဝေးပစ်ပဲ့ထိန်းတပ်ဒုံးကျည်တွေကို ဖျက်ဆီးဖို့ ရွေးကောက်ခံသမ္မတ Donald Trump အနေနဲ့ တဦးတည်း လျင်လျင်မြန်မြန်ဆုံးဖြတ်ပြီး ကြိုတင်လက်ဦးမှုရယူ တိုက်ခိုက်သွားနိုင်ကြောင်း သမ္မတ George W. Bush လက်ထက်က ထိပ်တန်း အဆင့်မြင့် သံတမန်ဟောင်းတဦးဖြစ်သူတဦးက ပြောလိုက်ပါတယ်။

မြောက်ကိုရီးယား နျူးကလီးယားအရေးနဲ့ ပတ်သက်ပြီး ၂၀၀၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ ၆ နိုင်ငံကိုယ်စားပြု အဖွဲ့မှာ အမေရိကန်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် တာဝန်ယူခဲ့တဲ့ သံအမတ် Christopher Hill က ၀ါရှင်တန်မှာ အစိုးရအပြောင်းအလဲ ဖြစ်နေတယ်ဆိုတာကို မြောက်ကိုရီးယားအနေနဲ့ နားလည်သဘောပေါက်ထားဖို့ လိုကြောင်း ပြောပါတယ်။

လာမယ့် တနင်္လာနေ့မှာ ကျင်းပမယ့် တောင်ကိုရီးယားအစိုးရရဲ့ ကိုးရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ သဘောထားအမြင်အကြောင်း ဆွေးနွေးမယ့် ညီလာခံမှာ Mr Hill တက်ရောက် စကား ပြောဖို့ရှိပါတယ်။ မြောက်ကိုရီးယားရဲ့ ရန်စကျူးကျော်မှုတွေနဲ့ ပတ်သက်လို့ လက်တုံ့ပြန်သွားဖို့ ရွေးကောက်ခံသမ္မတရဲ့ သဘောထားနဲ့ ပတ်သက်လို့ အလေးပေးပြောကြားသလို Trump လက်ထက်မှာလည်း အမေရိကန်တွေရဲ့ အရှေ့အာရှက မဟာမိတ်နိုင်ငံတွေအပေါ်သဘောထား မပြောင်းလဲဘူးဆိုတာကိုလည်း ပြောကြားခဲ့ပါတယ်။

VOA Burmese News


အိန္ဒိယ နိုင်ငံမှာ ရူပီး ငါးရာတန်နဲ့ တစ်ထောင်တန်တွေ ရုပ်သိမ်းလိုက်တဲ့ ဆောင်ရွက်ချက်ဟာ စီးပွားရေးအတွက် အကျိုးရှိနိုင်မယ့် ဆောင်ရွက်ချက် မဟုတ်ဘူးလို့ ထိပ်တန်း ဘောဂဗေဒ ပညာရှင် တစ်ယောက်က ပြောပါတယ်။

ဒီဆောင်ရွက်ချက်ဟာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး ပါရဂူဟောင်း Kaushik Basu က ပြောတာပါ။

အကျင့်ပျက်မှုတွေနဲ့ ငွေမည်း စုဆောင်းမှုတွေကို ပစ်မှတ်ထားပြီး အစိုးရက အဲဒီ ငွေစက္ကူတွေကို ပြီးခဲ့တဲ့ သီတင်းပတ်က တရားမဝင်ကြောင်း ကြေညာခဲ့တာပါ။

ဒါပေမယ့် ငွေစက္ကူ ပြန်လဲမယ့်လူတွေ ဘဏ်တွေရှေ့မှာ တန်းစီ စောင့်ဆိုင်းပြီး ရုတ်ရုတ်သဲသဲတွေ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ငွေသား လက်ဝယ်ပိုင်ဆိုင်မှုအပေါ် အားပြုနေရတဲ့ ဝင်ငွေနည်းတဲ့ မိသားစုတွေ၊ လက်လုပ်လက်စားတွေနဲ့ သာမန် ငွေစုဆောင်းသူတွေ အတွက် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရပါတယ်။

တနင်္ဂနွေနေ့ကတော့ အစိုးရက ငွေလဲလှယ် ထုတ်ယူနိုင်တဲ့ ပမာဏကို တိုးမြှင့် ပေးခဲ့ပါတယ်။

လူတွေ ငွေစက္ကူ စုဆောင်းတာတွေကို သိပ်မကြာခင်မှာလည်း ထပ်လုပ်လာဦးမှာ ဖြစ်လို့ အခု အစိုးရရဲ့ ဆောင်ရွက်ချက်က သိပ်ထိရောက်မှာ မဟုတ်ဘူးလို့ တချို့ စီးပွားရေး ပညာရှင်တွေက ပြောကြပါတယ်။

BBC Burmese
http://www.bbc.com/burmese


မြန်မာနိုင်ငံအနေနဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ပြန်ရလာပြီဖြစ်ပေမယ့်၊ ဒီအခွင့်အရေးကို အပြည့်အ၀ခံစားဖို့ မြန်မာနိုင်ငံအနေနဲ့ အသင့်မဖြစ်သေးဘူးလို့ UMFCCI တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအခွင့်အရေးကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာဖို့ မျှော်လင့်ပေမယ့်၊ အလုပ်သမားတွေရဲ့အရည်အချင်း နဲ့ ကုန်ပစ္စည်အရည်အသွေးတွေ ပိုကောင်းလာအောင် လုပ်ဖို့လည်းလိုတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

အမေရိကန် နဲ့ မြန်မာ ၂ နိုင်ငံ ကုန်သွယ်ရေးဆက်ဆံမှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံဟာ အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးကင်းလွတ်ခွင့် (GSP) ပြန်လည်ရရှိသွားပြီဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့ စက်တင်ဘာလက အမေရိကန်သမ္မတအိုဘားမား နဲ့ တွေ့ဆုံပြီးတဲ့နောက် - အမေရိကန်ဘက်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်ရုတ်သိမ်းပေးခဲ့သလို၊ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးဆိုင်ရာ အထူးကင်းလွတ်ခွင့်တွေပေးဖို့ သဘောတူလက်မှတ်ထိုးပြီးတဲ့နောက် ရက်ပေါင်း ၆၀ အကြာမှာ အခုလို ကုန်သွယ်ရေးဆိုင်ရာ အထူးကင်းလွတ်ခွင့်ကို ပြန်ရရှိလိုက်တာပါ။

အခုလို GSP ပြန်ရလိုက်တဲ့အတွက် မြန်မာနိုင်ငံဘက်က ကုန်ပစ္စည်းအမျိုး ၅ ထောင်လောက် အမေရိကန်ပြည်ထောင်စုကို တင်ပို့တဲ့အခါမှာ အခွန်ကင်းလွတ်ခွင့်တွေရရှိမှာဖြစ်ပါတယ်။ GSP ပြန်ပေးလိုက်တဲ့အပေါ်မှာ ၀မ်းမြောက်ကြိုဆိုပေမယ့်၊ ဒီအခွင့်အရေးကို အပြည့်အ၀ ခံစားနိုင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ အဆင်သင့်အနေအထားမှာ မရှိသေးဘူးလို့ မြန်မာနိုင်ငံ ကုန်သည်/စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးအေးလွင်က ပြောပါတယ်။

“GSP ပေးလည်း ကျနော်တို့ ခံစားခွင့်ရှိဖို့ ကျနော်တို့ အဆင်သင့်မဖြစ်သေးဘူး။ ကြိုးစားရဦးမယ် ကျနော်တို့။ ဒါပေမယ့် ဒါ ကြန့်ကြာ မှာတော့မဟုတ်ဘူး အစိုးရကော၊ လုပ်ငန်းရှင်ကော ပွင့်ပွင့်လင်းလင်း အကုန်လုံး တပြိုင်နက် ဘာလုပ်မယ်ဆိုတဲ့ strategy step by၊ step 1 step 2 step 3 ဘာလုပ်မယ်ဆိုတာတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ လိုသေးတယ်။”

GSP အထူးကင်းလွတ်ခွင့် ပေးလိုက်တာကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးလာမယ်လို့ မျှော်လင့်တယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံအနေနဲ့ အလုပ်သမားတွေရဲ့ စွမ်းရည်ကိုမြှင့်တင်ပြီး ၊ ကုန်ပစ္စည်းတွေရဲ့ အရည်အသွေး နဲ့ ထုတ်လုပ်မှုမြှင့်တင်နိုင်မှ သာ GSP အခွင့်အရေးကို အပြည့်အ၀အသုံးချနိုင်မှာဖြစ်တယ်လို့ ဦးအေးလွင်က ပြောပါတယ်။

“ထုတ်ကုန်တွေအားလုံးက နိုင်ငံတကာ standard မီအောင် လို့ အရည်အသွေးကော၊ အရေအတွက်ကော၊ ကျနော်တို့ ဈေးနှုန်းကော၊ ဒါတွေအားလုံးလက်ခံနိုင်အောင်လို့ ကျနော်တို့ ကြိုးစားရပါလိမ့်မယ်။ အလုပ်သမားများရဲ့ Productivity ကို ကျနော်တို့ မြှင့်တင်ရပါလိမ့်မယ်၊ အဲဒါမှ နိုင်ငံတကာကလည်း ကျနော်တို့ အလုပ်သမားများရဲ့ Productivity ကိုလက်ခံနိုင်ပြီး Quality ကိုလည်း လက်ခံနိုင်တဲ့အခါ Investor တွေလာဖို့ ပိုပြီးအခွင့်အရေးရပါလိမ့်မယ်။ ဒါမှမဟုတ်ဘူးဆိုရင် ၁၀၀ % နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလူတွေအနေနဲ့တော့ ခံစားသွားရမှာပါ။ ကျနော်တို့ကတော့ Labor အဖြစ် အလုပ်သမားရရှိရုံသက်သက်ထက် ပိုပြီးတော့အကျိုးအမြတ်ရှိမယ့် Investor role ကိုရောက်အောင် ကျနော်တို့ အများကြီးအချိန်ယူရပါလိမ့်မယ်။”

မြန်မာအစိုးရသစ်လက်ထက် ပထမ ၆ လအတွင်းမှာ နိုင်ငံရဲ့ စီးပွားရေးဟာ ထင်ထားသလောက် တိုးတက်မှုမရှိခဲ့ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ပြောကြားခဲ့ပါတယ်။ ပြည်ပကို ကုန်ပစ္စည်းတွေ တင်ပို့နိုင်ဖို နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းမှာ စီးပွားရေးအခြေခံအဆောက်အအုံ ကောင်းတွေလိုအပ်တယ်လို့ ဦးအေးလွင်က ပြောပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ အသေးစား နဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အတားအဆီးတွေ အများအပြားရှိနေတုန်းပဲလို ဦးအေးလွင်က ပြောပါတယ်။

“ဒီအသေးစား၊ အလတ်စားတွေခေါ်တဲ့ လုပ်ငန်းတွေ တိုးတက်လာဖို့ကတော့ barrier တွေအများကြီးရှိနေတုန်းပါပဲ။ နံပတ် ၁ ကဘာလဲဆိုတော့ မြေဈေးတွေ ဈေးကြီးနေတယ်၊ နံပတ် ၂ က အလွယ်တကူ ချေးငွေတွေမရဘူး၊ နံပတ် ၃ က နည်းပညာ transfer ခက်ခဲနေသေးတယ်၊ နံပတ် ၄ က ကျနော်တို့ ကုန်ကျစရိတ်တွေ Logistic တွေ သယ်ယူပို့ဆောင်ရေးစာရိတ်နဲ့ Initial investment cost တွေက နိုင်ငံတကာနဲ့ယှဉ်ရင် ကျနော်တို့ များနေပါသေးတယ်။ နောက်ဆုံးတချက်အနေနဲ့ ကတော့ ကျနော်တို့မှာ ကျွမ်းကျင်တဲ့ Skill labor တွေ ပြန်ရဖို့ လိုပါတယ်။ Skill labor တွေကိုလည်း Training ပေးနိုင်အောင်လို့ ပြန်လုပ်ရပါလိမ့်မယ်။ ဆိုလိုချင်တာက Investor initial cost တွေ Reasonable cost ဖြစ်ဖို့ လိုသလို ၊ ကျနော်တို့Skill labor တွေလည်း ကျွမ်းကျွမ်းကျင်ကျင်ရှိတဲ့ Labor တွေကို အများကြီးမွေးထုတ်ဖို့ လိုသလို၊ ကုန်ပစ္စည်းတွေ ရဲ့ သယ်ယူပို့ဆောင်ရေးဆိုတဲ့ ဒီ infrastructure စာရိတ်တွေကိုလည်း ကျပေးနိုင်အောင် လုပ်ဖို့ လိုပါမယ်။ အဲဒါမှ ကျနော်တို့ စက်မှုလက်မှုလုပ်ငန်းက တိုးတက်ဖို့အခြေအနေကောင်းမှာပါ။”

အမေရိကန်ကနေ မြန်မာနိုင်ငံကို ကုန်သွယ်ရေးဆိုင်ရာအထူးအခွင့်အရေးပေးဖို့အတွက် ပြီးခဲ့တဲ့ ဦးသိန်းစိန်ဦးဆောင်တဲ့ မြန်မာအစိုးရလက်ထက်အတွင်းမှာ စတင်တောင်းဆိုခဲ့တာဖြစ်ပြီး၊ အခု NLD အစိုးရလက်ထက်မှာ အမေရိကန်က ပြန်ပေးခဲ့တာဖြစ်ပါတယ်။ အမေရိကန်က မြန်မာနိုင်ငံကို GSP အခွင့်အရေးကို ၁၉၇၆ ခုနှစ်မှာ စတင်ပေးခဲ့တာဖြစ်ပြီး၊ ၁၉၈၈ ခုနှစ်မှာ မြန်မာစစ်အစိုးရက ဒီမိုကရေစီရေးလှုပ်ရှားမှုကို အကြမ်းဖက်နှိမ်နှင်းခဲ့ပြီးတဲ့နောက် ၁၉၈၉ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံအပေါ် GSP အခွင့်အရေးကို ပြန်ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်တာတွေ ပြန်ရုတ်သိမ်းပြီး အခုလို GSP အခွင့်အရေးတွေ ပြန်ပေးလိုက်တဲ့တချိန်တည်းမှာပဲ၊ မြန်မာအစိုးရအကြီးတန်းတာဝန်ရှိသူတွေ နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Scott Marciel အပါအ၀င် ၀ါရှင်တန်ကနေ လာရောက်မယ် အေဂျင်စီပေါင်းစုံက ကိုယ်စားလှယ်တွေဟာ နေပြည်တော်မှာ မနက်ဖြန်တွေ့ဆုံကြမှာဖြစ်ပါတယ်။

 ကိုရန်နိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


Eleven Media Group အမှုဆောင်အရာရှိ ချုပ် ဒေါက်တာ သန်း ထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို တာမွေ ရဲစခန်းမှာ ဆက် သွယ်ရေး ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ခံရစဉ်
Eleven Media Group အမှုဆောင်အရာရှိ ချုပ် ဒေါက်တာ သန်း ထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို တာမွေ ရဲစခန်းမှာ ဆက် သွယ်ရေး ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ခံရစဉ်

အခုရက်ပိုင်းအတွင်း ပြည်သူတွေ စိတ်အ၀င်စားဆုံး သတင်းကတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကနေ Eleven Media Group အမှုဆောင်အရာရှိ ချုပ် ဒေါက်တာ သန်း ထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ နှစ်ယောက်ကို တာမွေ ရဲစခန်းမှာ ဆက် သွယ်ရေး ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်လိုက်တဲ့ သတင်းပါ။ အခုလို ဥပဒေကြောင်း အရ ဆောင်ရွက်ရတာဟာ ဒေါက်တာသန်းထွဋ်အောင် ရေးသားပြီး အလဲဗင်းနေ့စဉ် သတင်းစာ၊ အလဲဗင်း အပတ်စဉ်ထုတ် ဂျာနယ်၊ ဒေါက်တာသန်းထွဋ်အောင်ရဲ့ facebook လူမှုကွန်ယက် စာမျက်နှာ၊ အလဲဗင်း မီဒီယာရဲ့ ၀က်ဘ်ဆိုက်နဲ့ facebook စာမျက်နှာတွေတင်မက စင်ကာပူ The Straits Times နဲ့ ANN အာရှသ တင်းကွန်ယက် ၂၁ နိုင်ငံက သတင်းစာ ၂၂စောင်နဲ့ ၀က်ဘ်ဆိုက်တွေ မှာ ဖော်ပြခဲ့တဲ့ “ ရွေးကောက်ပွဲ တနှစ်ကြာသော်” ဆိုတဲ့ အယ်ဒီတာ့ အာဘော် ဆောင်းပါးကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရတာဝန်ယူပြီး ၇ လ ကျော်အကြာမှာ ခုလို သတင်းမီဒီယာတစ်ခုကို အရေးယူရတဲ့ ဖြစ်စဉ် ဘယ်လို ပေါ်ပေါက်လာသလဲ၊ အင်န်အယ်လ်ဒီ အစိုးရဟာ သတင်းမီဒီယာ အပေါ် သည်းခံမှုနည်းနေသလား၊ ဒီအရေးယူမှု ဘယ်လို အဓိပ္ပါယ် ဆောင်သလဲ ဆိုတာ လေ့လာဆွေးနွေး တင်ပြသွားပါ့မယ်။

အင်္ဂလိပ်ဘာသာနဲ့ နိုင်ငံပေါင်းများစွာမှာ ပုံနှိပ်ထုတ်ေ ၀ ဖော်ပြခြဲ့ ပီး မြန်မာဘာ သာနဲ့ ပြည်တွင်းမှာ ထုတ်ဝေခဲ့တဲ့ အဲဒီ အယ်ဒီတာ့ အာဘော် မှာ ဒေါက်တာ သန်းထွဋ်အောင်က အင်န်အယ်လ်ဒီ အစိုးရ အနိုင်ရတဲ့ ရွေးကောက်ပွဲ အပြီး တ နှစ်ကျော်အကြာ ကာလ တိုင်းပြည်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာ၊ ရခိုင်ပြည် နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်လာတာ၊ ကုန်ဈေးနှုန်းတွေ မြင့်တက် လာ တာ၊ ငွေကြေးဖေါင်းပွမှု မြင့်တက်လာတာ၊ ဆန္ဒပြပွဲတွေ နေရာ အနှံ့ ဖြစ်လာ တာ စတဲ့ အခြေအနေတွေ ဖြစ်ပေါ်စေပြီး ပြည် သူလူထုအတွက် စိတ်ပျက်ဖွယ် အခြေအနေ ဖြစ်ပေါ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်း အစိုးရက တရားစွဲဖို့အထိ ဖြစ်လာစေတဲ့ စာပုဒ်မှာတော့ ခုလို ဖော်ပြထား ပါတယ်။ “ ယခင်အစိုးရလက်ထက်က အရှိန်ရနေသော Corruption and Cronyism က ပိုပြီး အရှိန်ရလာသည်။ တိုင်းပြည်၏ ကြွယ်ဝ ချမ်းသာမှု အများစုကို ထိန်းချုပ်ထားသော ခရိုနီလူတန်းစားနှင့် မနေ့တစ်နေ့က အာဏာရလာသော NLD အစိုးရသစ်တို့အကြား ဆက်နွှယ်မှုက လူတွေကို စိတ် ပျက်စေသည်။ ယခင်ခြစားပြီးသော ဗျူရိုကရေစီ ယန္တယားနှင့် လက်ရှိ သက်တမ်း ခုနှစ်လသား အစိုးရ ထိပ်ပိုင်းတို့ ဆက်နွှယ်မှုကလည်း လူတွေအဖို့ စိတ်ပျက်စရာ၊။ လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သော သက်တမ်း ခုနှစ်လသာ ရှိသေးပြီး လစာ ဒေါ်လာ ၂၅၀၀ခန့်သာရှိသည့် ၀န်ကြီးချုပ်တစ်ဦး ဒေါ်လာ တစ်သိန်းခန့် တန် သည့် Patek Phillipe နာရီ ၀တ်ဆင်သည်ဆိုသော သတင်းက တစ်နေ့ အနည်းဆုံး လုပ်ခ နှစ်ဒေါ်လာခွဲသာရသည့် နိုင်ငံသား အတော်များများကို မကျေမနပ် ဖြစ်စေ ခဲ့သည်။ ယင်းလက်ဆောင်ကို ပေးသူမှာ မကြာသေးမီက မူးယစ်ဆေးဝါး အမှုဖြင့် ထောင်က လွတ်လာခဲ့သော သူဌေးကြီးတစ်ဦးဖြစ်ပြီး အစိုးရ အကူး အပြောင်းမှာ မြို့သစ် စီမံကိန်းကို တင်ဒါအောင်မြင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရ သည်။ မိမိနှင့် ခင်မင်သည့် Patek Phillipe နာရီကို စွဲစွဲမြဲမြဲ ၀တ်ဆင်သည့် စီး ပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးကမူ ယင်းနာရီကို မည်သူက ပေးသည် အတည်ပြုလို့ မရသော်လည်း သူနှင့် ၀န်ကြီးချုပ်တို့ တွေ့ချိန် နှစ်ကြိမ်စလုံး ယင်းနာရီကို ၀န်ကြီးချုပ် ၀တ်ဆင်ထားသည်ဟု ဆိုသည် ” ဆိုပြီး ဖော်ပြထားပါတယ်။

အယ်ဒီတာ့အာဘော်မှာ ၀န်ကြီးချုပ် တစ်ယောက်လို့ပဲ ဖော်ပြထားပေမယ့် ကျန်တဲ့ အချက်အလက်တွေနဲ့ ဆက်စပ်ကြည့်ရင် ဒီ ဖော်ပြချက်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ရည်ညွှန်းတယ်ဆိုတာ လွယ်လွယ်ကူကူ သိနိုင်ပါတယ်။ ဒါ့အပြင် နာရီလက်ဆောင်ပေးသူဟာ မူးယစ်ဆေးဝါးအမှုနဲ့ မကြာမီက ထောင်က လွတ်လာ တဲ့ သူဌေးတစ်ဦး၊ မြို့သစ် စီမံကိန်း တင်ဒါအောင်မြင်သူ စသဖြင့် ရေးသား ထားတော့ ဒီအချက်အလက်တွေနဲ့ ပြည့်စုံသူကလည်း ဦးမောင်ဝိတ် တစ်ယောက်ပဲ ရှိနေပြန်ပါတယ်။ အာဘော်ကို ခြုံငုံသုံးသပ်လိုက်ရင် အင်န်အယ်လ်ဒီ အစိုးရ အဖွဲ့အတွင်း ခရိုနီတွေနဲ့ ပေါင်းပြီး အကျင့်ပျက် လာဘ်စားမှုတွေ ရှိနေတယ်၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ရဲ့ ဒေါ်လာတစ်သိန်းတန် နာရီ လက်ဆောင် လက်ခံရယူမှု က နမူနာပဲ၊ ဒါကြောင့် အင်န်အယ်လ်ဒီ အစိုးရကို ပြည်သူတွေ စိတ်ပျက်လက် ပျက် ဖြစ်စေတယ်လို့ အဓိပ္ပါယ် ထွက်စေပါတယ်။

ဒီလို ကြီးမားတဲ့ စွပ်စွဲမှုတွေ ဖြစ်နေတာ၊ ဒီရေးသားချက်ကိုလည်း နိုင်ငံတကာ မီဒီယာတွေ၊ ၀က်ဘ်ဆိုက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့တာကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ မလွဲမရှောင်သာပဲ သတင်းစာရှင်းလင်းပွဲ လုပ်၊ ရှင်းပြရတဲ့ကိန်း ဆိုက်သွားပါတော့တယ်။ အဲဒီလို မရှင်းပြခဲ့ရင် သူဟာ ကြီးမားတဲ့ အဂတိလိုက်စားသူ အဖြစ် ထင်မြင်တာ ခံရနိုင်သလို၊ အစိုးရအဖွဲ့ရဲ့ အရေးယူစစ်ဆေးခြင်း၊ ဥပဒေကြောင်းအရ အရေးယူခြင်းတောင် ခံရနိုင်လို့ပါပဲ။

တကယ်တော့ ဒေါက်တာသန်းထွဋ်အောင်ကနေ အင်န်အယ်လ်ဒီ လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ရေးသားတာ အခုတစ်ခေါက်မှ မဟုတ်ပါဘူး။ အခုနှစ်ဆန်း လွှတ်တော်သစ်တွေ စပြီး ဖွဲ့စည်းချိန် အင်န်အယ်လ်ဒီက ပြည်သူ့လွှတ်တော် ဒုဥက္ကဌ အဖြစ် ဦးတီခွန်မြတ်ကို တင်မြှောက်လိုက်တဲ့အခါ အလဲဗင်းမီဒီယာကနေ ဦးတီခွန်မြတ်ဟာ မူးယစ်ဆေး လုပ်ငန်းတွေနဲ့ ဆက်စပ်နေသလား ဆိုပြီး အကျယ်တ၀င့် ဖော်ပြခဲ့သလို၊ ဒေါက်တာဖေမြင့်ကို ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်မယ်လို့ သတင်းထွက်ပေါ်ခဲ့တော့လည်း ဒေါက်တာဖေမြင့်ဟာ အရင် သမ္မတ ဦးသိန်းစိန် လက်ထက် စာနယ်ဇင်း ကောင်စီမှာ လုပ်ခဲ့ဖူးသူဖြစ်တယ်၊ အခွန်ရော ဆောင်ထားသလား စသဖြင့် ဖော်ပြခဲ့ဖူးပါတယ်။ အလဲဗင်းမီဒီယာဟာ အလားတူ ရေးသားချက်မျိုး အများအပြား ဖော်ပြခဲ့ပြီး အခုနောက် ဆုံး ပြသနာ မှာလည်း အယ်ဒီတာချုပ် ဦးဝေဖြိုးက သူတို့ဖော်ပြချက်မှန်တယ်၊ ဒီကိစ္စ အကြောင်းပြောတဲ့ ဦးဝင်းထိန်ကိုလည်း တရားဥပဒေအရ ဆောင်ရွက်သွားမယ် ဆိုပြီးတောင် တုန့်ပြန်ခဲ့ကြပါသေးတယ်။

ဒါ့အပြင် ဒေါက်တာသန်းထွဋ်အောင်ရဲ့ အလဲဗင်းမီဒီယာဟာ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တုန်းကလည်း “နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံး သူများ ၏ နိုင်ငံခြား ဘဏ်စာရင်းများလော၊ ဒေါ်လာ ၁၁ ဘီလျံ အထိ ရှိသော မြန်မာ အကောင့်န် ၅ ခုကို အစိုးရအနေဖြင့် ဖော်ထုတ်ရှင်းလင်းရန် လိုလာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးပြီး အဲဒီအချိန်က သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းကို ခင်ဗျားမှာ နိုင်ငံခြားဘဏ် အကောင့်န်စာရင်းရှိသလား စသဖြင့် မေးမြန်းရေး သားတာမျိုး လုပ်ခဲ့ဖူးပါတယ်။ လွှတ်တော်တွင်း ဗဟိုဘဏ်တာဝန်ရှိသူရဲ့ ရှင်းလင်း ချက်အရ အကောင့်န် ၅ ခုဆိုတာ မမှန်သလို ဒေါ်လာ ၁၁ ဘီလျံလည်း တကယ် မရှိပါဘူး။ အလားတူ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်ကိုလည်း ကားပါမစ် ပြသနာသာသာ ဖော်ပြခံခဲ့ရပါသေးတယ်။ အဲဒီအချိန်က အလဲဗင်း နဲ့ ပြည်တွင်းမီဒီယာ တစ်ချို့ရဲ့ ဖော်ပြချက်တွေကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့ လုပ်ရပ်တွေဟာ ပြည်သူတွင်းမှာ ပိုဆိုးတဲ့ အဆိုးမြင် ဖြစ်ပေါ်စေပြီး အခြား အကြောင်းအရာတွေနဲ့ ပေါင်းစပ်ကာ ရွေးကောက်ပွဲတောင် အရှုံးကြီးရှုံးခဲ့ရပါတယ်။

အခု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အင်န်အယ်လ်ဒီ အစိုးရ အဖွဲ့ ဟာ ရှေ့က သမ္မတ ဦးသိန်းစိန် အစိုးရ ကြုံခဲ့ရတာတွေ၊ အစိုးရသက် တမ်း ကာလ တလျောက် အလဲဗင်းက သူတို့အပေါ် ရေးသားဖော်ပြခဲ့တာတွေအားလုံးကို သင်ခန်းစာယူပြီး ဒေါက်တာသန်းထွဋ်အောင်နဲ့ အလဲဗင်း မီဒီယာကို ဥပဒေကြောင်း အရ အရေးယူတာ ဖြစ်နိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့်
VOA Burmese News



ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ဇူလိုင်လ ၂ ရက်နေ့က ကျင်းပတဲ့ "မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိက မူဝါဒဆွေးနွေးပွဲ" မှာ ကရင်အမျိုးသား အစည်းအရုံး ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန် ကို တွေ့ရစဉ် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ဇူလိုင်လ ၂ ရက်နေ့က ကျင်းပတဲ့ "မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိက မူဝါဒဆွေးနွေးပွဲ" မှာ ကရင်အမျိုးသား အစည်းအရုံး ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန် ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA
၎ နှစ် တစ်ကြိမ်ကျင်းပရတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ညီလာခံကို လာမယ့် ၂၀၁၇ ခုနှစ် မတ်လ မှာ ပြောင်းလဲကျင်းပဖို့ KNU ဗဟိုအမြဲတမ်းကော်မတီက ဆုံးဖြတ်လိုက်တယ်လို့ KNU ဒုတိယ ဥက္ကဌ ပဒိုနော်စီ ဖိုးရာစိန်ကပြောပါတယ်။

၁၆ ကြိမ်မြောက် KNU ညီလာခံကို ဒီနှစ် နိုဝင်ဘာလမှာ ကျင်းပရမှာဖြစ်ပေမယ့် အမျိုးသားအဆင့်နိုင် ငံရေးဆွေးနွေးပွဲတွေအတွက် ကြိုတင်ပြင်ဆင်ချိန် ရဖို့ ရွှေ့ဆိုင်းလိုက်တာလို့ KNU ကရင်အမျိုးသားအစည်းအရုံး ဒုတိယ ဥက္ကဌ ပဒိုနော်စီဖိုးရာစိန် ကပြောပါတယ်။

"တကယ်တမ်းတော့ ကျမတို့ ၄ နှစ်တကြိမ် ကျင်းပရမှာဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရေး အခြေအနေ၊ အရေးကြီးတဲ့ နိုင်ငံရေး လုပ်ရမယ့် အချက် အလက်တွေရှိတဲ့ အပေါ်မှာ မူတည်ပြီးတော့ ကွန်ဂရက်က မတ်လအထိ ရွှေ့ဆိုင်းသွားတာဖြစ်တယ် ။ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ စပြီး လုပ်ဖို့ အတွက်ကလည်း လုပ်ရမယ့် အချက်အလက်တွေရှိတယ်။ ဒါကိုလည်း အဆင့်အဆင့်နဲ့ လုပ်ရတဲ့ အတွက်ကြောင့် အချိန်ကလဲ ကပ်နေတဲ့အတွက်ပေါ့လေ၊ မတ်လအထိ ရွှေ့ဆိုင်းလိုက်ရတာဖြစ် တယ်။" လို့ ပြောပါတယ်။

KNU ညီလာခံမှာ ပြည်တွင်း ပြည်ပက ကရင်လူမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် တက်ရောက် နိုင်ဖို့ဖိတ်ကြား သွားမှာဖြစ်ပြီး သူတို့ရဲ့သဘောထားတွေကို နားထောင် သွားမယ်လို့လည်း ပဒိုနော်စီဖိုးရာစိန် ကပြောပါတယ်။

ဒါ့အပြင် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို လာမယ့် ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပမှာဖြစ် တာကြောင့် အဲဒီအတွက် ပြင်ဆင်ဖို့ အချိန်လိုအပ် တယ်လို့ ပြောပါတယ်။

ကရင် အမျိုးသား အစည်းအရုံး KNU ရဲ့ အခြေခံဥပဒေအရ အရေးကြီးတဲ့ ကိစ္စရှိရင် ညီလာခံကို ၂ နှစ်အထိ အချိန် ရွှေ့ပြောင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

၎ နှစ်တကြိမ်ကျင်းပမြဲဖြစ်တဲ့ ညီလာခံကနေ KNU ခေါင်းဆောင်ပိုင်းကို မဲပေးရွေးချယ်မူတွေ ပြုလုပ်မှာဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းနဲ့သာ ဖြေရှင်းရမယ်ဆိုတဲ့ မူဝါဒကို ချမှတ်ထား တာကြောင့် ခေါင်းဆောင်ပိုင်းပြောင်းလဲ သွားမယ်ဆိုရင်လည်း အစိုးရနဲ့ ဆက်ဆံတဲ့ မူဝါဒကတော့ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ပဒိုနော်စီဖိုးရာစိန်က ပြောပါတယ်။

ဒါ့အပြင် ပဒိုနော်စီဖိုးရာစိန်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ဖို့အရေးကြီးကြောင်းနဲ့ ဒီလိုပါဝင်နိုင်မှ အရေးကြီးတဲ့ နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းကို တက်လှမ်းနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
RFA


Eleven မီဒီယာ အမှူဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင် (အလယ်)
Eleven မီဒီယာ အမှူဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင် (အလယ်)

ရန်ကုန်တိုင်းအစိုးရက တရားစွဲတာခံနေရတဲ့ Eleven Media Group ဟာ အခုအခါ သူ့ဘက်က စွဲဆိုထားတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲထားတဲ့ အမှုတွေကို ပြန်လည်ရုပ်သိမ်းဖို့ ပြင်ဆင်နေပါတယ်။ ရန်ကုန်တိုင်း အစိုးရနဲ့ အခြေအတင်ဖြစ်နေတဲ့ အမှုအတွက် ပြေလည်အောင် ညှိနှိုင်းဖြေရှင်းဖို့ သတင်းမီဒီယာ အဖွဲ့အစည်းတွေက တိုက်တွန်းနေချိန်မှာပဲ အခုလို ရုပ်သိမ်းဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့် က သတင်းပေးပို့ ထားပါတယ်။

အစိုးရတာဝန်ရှိသူတဦးက လုပ်ငန်းရှင်တဦးထံကနေ ဒေါ်လာသိန်းချီ တန်ဖိုးရှိတဲ့ နာရီတလုံး လက်ဆောင် ရယူခဲ့တယ်ဆိုတဲ့ Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်မှာ ရေးသားဖော်ပြချက်ကြောင့် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တရားစွဲဆိုထားချိန်မှာပဲ Eleven Media Group က ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားတာတွေကို ပြန်လည် ရုပ်သိမ်းနေတာ ဖြစ်ပါတယ်။ လတ်တလောမှာ အမှုပေါင်း ၅ ခုထက် မနည်းကို ပြန်လည်ရုပ်သိမ်းဖို့ စီစဉ်နေတယ်လို့လည်း Eleven Media Group ရဲ့ သတင်းထောက်ချုပ် မန်သူရှိန် က ပြောပါတယ်။

“အခုရုပ်သိမ်းဖို့ စီစဉ်တယ်။ အခုရုပ်သိမ်းနေပြီခင်ဗျ။ အခုပြန်ပြီးတော့ အခုက ကျနော်တို့ ဖွင့်ထားတဲ့အမှု ကျနော်တို့ ပြန်ပိတ်တာမဟုတ်ဘူး။ အခုကတော့ ၄ မှု၊ ၅ မှုလောက်တော့ ပိတ်နေပြီ။ ကျနော်တို့ဘက်ကတော့ စပိတ်နေပါပြီ။”

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ဖိနှိပ်ရာရောက်တယ်ဆိုပြီး ကန့်ကွက်ဝေဖန်မှုတွေ ခံနေရတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်ဖို့၊ ဒါမှမဟုတ် ဖျက်သိမ်းဖို့ တောင်းဆိုမှုတွေ ရှိနေချိန်မှာပဲ၊ ဒီပုဒ်မနဲ့ အရေးယူခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ Eleven Media Group က သူ့ဘက်က စွဲဆိုထားတဲ့ အမှုတွေကို ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။ Eleven Media Group ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်၊ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အာဏာပိုင်တွေက ဖမ်းဆီးခံခဲ့ကြရတာပါ။

အခုလို ၆၆ (ဃ) နဲ့ အာဏာပိုင်တွေဘက်က အရေးယူဖို့ ပြင်ဆင်လာတဲ့အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးမှာစိုးရိမ်မှုတွေလည်း ပေါ်ပေါက်နေပါတယ်။ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်နဲ့ မြန်မာစာနယ်ဇင်း သမဂ္ဂတို့ အပါအ၀င် သတင်းမီဒီယာလွတ်လပ်ခွင့် လှုပ်ရှားနေတဲ့ အဖွဲ့တွေကတော့ ရန်ကုန်တိုင်းအစိုးရနဲ့ Eleven Media Group တို့ကြား ပြဿနာကို ညှိနှိုင်းဖြေရှင်းကြဖို့လည်း ကြေညာချက်တစောင် ထုတ်ပြန် တိုက်တွန်းထားတာပါ။

မြန်မာဂျာနယ်လစ်ကွန်ရက် အလုပ်အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးမြင့်ကျော် ကတော့ သတင်းမီဒီယာနဲ့ အစိုးရအဖွဲ့ကြား ဆွေးနွေးဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ရှိတယ်လို့ ပြောပါတယ်။

“အဲဒီဟာက အဖြစ်သင့်ဆုံးလမ်းကြောင်းပါ။ အဖြစ်သင့်ဆုံးလို့ထင်ပါတယ်။ တဘက်ကလည်း တရားစွဲတယ်ဆိုတဲ့ဟာထက်ကို သူတို့ရဲ့ ဂုဏ်သိက္ခာ ထိခိုက်တယ်ဆိုတာကို ဒီဘက်က ဘယ်လိုမျိုးလုပ်ပေးနိုင်သလဲ အဲဒါမျိုးကို သူတို့ တောင်းဆိုသင့်တယ်။ ဒီလိုတရားစွဲတာ မဟုတ်ဘဲနဲ့ အဲလိုမျိုးမှပဲ တဘက်ကလည်း လုပ်ပေးနိုင်မယ့် အဲလိုသဘောမျိုးနဲ့ ညှိနှိုင်းပြီးတော့ လုပ်ဆောင်မယ်ထင်တယ်။ ဒါအဖြစ်သင့်ဆုံးနည်းလမ်းလို့ ယူဆတယ် ကျနော်လည်း။ အဲဒါကတော့ ဆိုလိုချင်တာကတော့ Eleven ဘက်ကလည်း ဒါနဲ့ပတ်သက်တဲ့ ခိုင်လုံတဲ့ အထောက်အထားတို့ဘာတို့ မရှိဘူးဆိုရင်တော့ ဒီဘက်ကလည်း ဒီဟာနဲ့ ပတ်သက်ပြီး တောင်းပန်တာတို့ အဲလိုမျိုးဆောင်ရွက်ဖို့ သူတို့ဘက်ကလည်း ဖြစ်သင့်တဲ့လမ်းကြောင်းလို့ထင်တယ်။ တဘက်မှာလည်း တရားဆွဲထားတဲ့ ကိစ္စတွေကို ပြန်ရုပ်သိမ်းပေးသင့်တာပေါ့။”

အရင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှာ စတင်ကျင့်သုံးခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကိုတော့၊ ဆက်သွယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ရည်ရွယ်ပြဌာန်းထားတာ ဖြစ်ပေမဲ့၊ နောက်ပိုင်းမှာတော့ အစိုးရတာဝန်ရှိသူတွေနဲ့ စစ်တပ်အကြီးအကဲတွေကို ဝေဖန်သူတွေကို ပစ်မှတ်ထား အရေးယူတဲ့ ဥပဒေတခု ဖြစ်လာခဲ့တာပါ။ ဥပဒေအရ အပြစ်ရှိကြောင်း ဆုံးဖြတ်ရင်လည်း အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်၊ ဒါမှမဟုတ် ငွေဒဏ်၊ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ခုစလုံး ကျခံဖို့လည်း ပြဌာန်းထားတာ ဖြစ်ပါတယ်။
VOA Burmese News


သမ္မတသက်တမ်း တာဝန်မကုန်ဆုံးမီ နောက်ဆုံး နိုင်ငံခြားခရီးစဉ်ကို သမ္မတ ဘရာ့ခ်အိုဘားမား ဒီကနေ့ စတင်လိုက်ပါတယ်။ ဒီခရီးစဉ်အတွင်း ရွေးကောက်ခံသမ္မတ Donald Trump နဲ့ပတ်သက်တဲ့ ကိစ္စတွေကို နိုင်ငံတကာခေါင်းဆောင်တွေနဲ့ အဓိကထား ဆွေးနွေးသွားမှာဖြစ်တယ်လို့ သမ္မတ အကြံပေးတွေက ပြောပါတယ်။

ဂရိ၊ ဂျာမနီ နဲ့ ပီရူး နိုင်ငံတွေကို သွားရောက်မှာဖြစ်ပြီး ရင်းနှီးတဲ့ မဟာမိတ်တွေနဲ့ အတူတကွရပ်တည်မှုကို ပြသတဲ့အနေနဲ့ရော၊ အင်အားကောင်း စည်းလုံးပြီး ညီညွတ်တဲ့ ဥရောပအဖြစ် ထောက်ခံ အားပေးသွားမှာကို ပြသတဲ့ဖို့အတွက် ရည်ရွယ်တာဖြစ်ကြောင်း လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေး Ben Rhodes က ပြောပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် ဂရိနိုင်ငံမှာ အဓိကထားပြောကြားမယ့် မိန့်ခွန်းထဲမှာ ဂရိနိုင်ငံအပြင် ကမ္ဘာကြီးဘယ်နေရာမှာပဲဖြစ်ဖြစ် အတူတကွ ကြွယ်ဝချမ်းသာရေးနဲ့ မညီမမျှဖြစ်မှုတွေကို ပြင်ဆင်နေတဲ့ တချိန်တည်းမှာ စီးပွားရေးအရ စိန်ခေါ်မှုတွေကို ဆက်လက် ကိုင်တွယ် ဆောင်ရွက်မယ့်အကြောင်း ကိစ္စရပ်တွေ ပါဝင်ပါတယ်။ ဂရိနိုင်ငံအပေါ် နိုင်ငံကကာက ဘဏ္ဍာရေး အထောက်အကူ ပေးအပ်ထားတာနဲ့ပတ်သက်လို့ ထောက်ခံကြောင်း ၀န်ကြီးချုပ် Alexis Tsipras နဲ့ ဆွေးနွေးသွားမှာဖြစ်သလို၊ ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့လည်း သမ္မတ အိုဘားမား ကြာသပတေးနေ့မှာ တွေ့ဆုံမှာဖြစ်တယ်လို့ Rhodes ကပြောပါတယ်။

သမ္မတသက်တမ်းတလျှောက် ၀န်ကြီးချုပ် Angela Merkel ဟာ သမ္မတ အိုဘားမားရဲ့ အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက်ဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ဗြိတိန်၊ ပြင်သစ်၊ အီတလီနဲ့ စပိန်နိုင်ငံ ခေါင်းဆောင်တွေနဲ့လည်း သမ္မတအိုဘားမားဟာ သောကြာနေ့ကျရင် ဘာလင်မှာ တွေ့ဆုံပြီး IS အစွန်းရောက်တွေကို နှိမ်နင်းရေး၊ ရွှေ့ပြောင်းအခြေချသူတွေအရေးနဲ့ ယူကရိန်းအပါအ၀င် အမေရိကန်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)



တရုတ်ရိုးရာဝတ်စုံဖြင့် အော်စကာဆုပေးပွဲတက်ရောက်လာသော မင်းသားဂျက်ကီချန်းအားတွေ့ ရစဉ်(ဆင်ဟွာ)
    လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)

    တရုတ်နိုင်ငံ၏ နာမည်ကျော်ရုပ်ရှင်မင်းသား ဂျက်ကီချန်းသည် ဗြိတိသျှရုပ်ရှင်တည်းဖြတ်သူ Anne V.Coates ၊ အမေရိကန် ဒါရိုက်တာ Lynn Stalmaster နှင့် အမေရိကန်မှတ်တမ်းရုပ်ရှင်ထုတ်လုပ်သူ Frederick Wiseman တို့ နှင့်အတူ ၄င်းတို့ ၏ ဘဝတစ်သက်တာ ရုပ်ရှင်ရိုက်ကူးမှုတွင်ပါဝင်ခဲ့သည်ကို ဂုဏ်ပြုသောအားဖြင့် အော်စကာရုပ်ရှင်အကယ်ဒမီဂုဏ်ပြုဆုကို နိုဝင်ဘာလ ၁၂ ရက်ည က ဆုချီးမြှင့်ခြင်းခံရကြောင်း သိရသည်။

 “ ဒီဆုဟာ ဂျက်ကီချန်း ၊ Anne Coates ၊ Lynn Stalmaster နဲ့ Frederick Wiseman တို့ ရဲ့ ရုပ်ရှင်ဖန်တီးမှု နဲ့ ဂန္တဝင်မြောက် အားထုတ်မှုတွေအတွက် ရည်ရွယ်ပြီး ပေးအပ်တဲ့ ဆုပါ” ဟု Academy of Motion Picture Arts and Sciences ဥက္ကဋ္ဌ Cheryl Boone Isaacs က ချီးကျူးစကား ဆိုခဲ့သည်။ “ သူတို့ ရဲ့ အောင်မြင်မှုအတွက် အော်စကာဆုရွေးချယ်ရေး ဘုတ်အဖွဲ့ က ချီးကျူးဂုဏ်ပြုပါတယ်” ဟု ၄င်းကဆက်ပြောသည်။

ဂျက်ကီချန်းသည် နိုင်ငံတကာရုပ်ရှင်ကြယ်ပွင့်တစ်ဦးဖြစ်မလာမီ ဟောင်ကောင်တွင် ကိုယ်ခံပညာကို အခြေခံသော ရုပ်ရှင်ဇာတ်ကားပေါင်း ဒါဇင်ပေါင်းများစွာတွင် သရုပ်ဆောင် ၊ စာရေးဆရာ၊ ဒါရိုက်တာနှင့် ထုတ်လုပ်သူ တစ်ဦးဖြစ်သည့် အသက် ၈ နှစ်အရွယ်ကတည်းက ပါဝင် သရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

မင်းသား ဂျက်ကီချန်းသည် ၁၉၉၆ ခုနှစ်ကတည်းက “ Rumble in the Bronx ” ရုပ်ရှင်ဖြင့် ကမ္ဘာတစ်လွှားတွင် အောင်မြင်မှုရရှိခဲ့ပြီး နောက်ပိုင်းတွင် “ Rush Hour ” ၊ “ Shanghai Noon” ၊ “Shanghai Knights”၊ "Around the World in 80 Days"၊ "The Karate Kid" နှင့် "Kung Fu Panda" စသည့်ရုပ်ရှင်ဇာတ်ကားများဖြင့် ဆက်တိုက် အောင်မြင်မှုများရရှိခဲ့သည်။

တရုတ်ရိုးရာဝတ်စုံကိုဆင်မြန်းပြီး အော်စကာဆုပေးပွဲကို တက်ရောက်လာသော မင်းသားဂျက်ကီချန်းက “ အိပ်မက်တစ်ခုလိုပါပဲ။ အခုချိန်ထိ မယုံနိုင်အောင်ဖြစ်နေဆဲပါပဲ” ဟုပြောကြားခဲ့သည်။

“ လွန်ခဲ့သော ၂၃ နှစ်က အော်စကာဆု ရုပ်တုကို ကျွန်တော်သူငယ်ချင်းအိမ်မှာ မြင်ခဲ့ဖူးပါတယ်။ အဲဒီရုပ်တုကို ကျွန်တော်ကိုင်ကြည့်တယ်။ နမ်းကြည့်တယ်။ မွှေးကြည့်တယ်။ အဲဒီရုပ်တုပေါ်မှာ ကျွန်တော့်လက်ဗွေရာတွေ အခုချိန်ထိ ထင်ကျန်နေအုံးမယ်ဆိုတာ ယုံကြည်ပါတယ်” ဟု အော်စကာဆုနဲ့ ပတ်သက်၍ ဂျက်ကီချန်းက အရွှန်းဖောက်ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com


နယ်မြို့များတွင် လတ်တလော အခြေအနေ၌ ဆိတ်တကောင်၏ ရောင်းဈေးကျပ်နှစ်သောင်းပင် မပြည့်တော့သည့် အခြေအနေသို့ရောက်ရှိနေပြီး ယင်းဈေးနှုန်းသည် ရန်ကုန်မြို့တွင်း ဆိတ်သားတပိဿာ၏ ဈေးနှုန်းနှင့် သိသိသာသာ ခြားနားမှုမရှိတော့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ဆိတ်တကောင်၏ဈေးနှုန်းနှင့် ပတ်သက်၍ ကျောက်ပန်းတောင်းမြို့နယ်တွင် နေထိုင်သည့် ဆိတ်မွေးမြူရေးပြုလုပ်သူတဦးက ''အရင်က ဆိတ်တကောင် ငါးသောင်း အေးအေးဆေးဆေးရောင်းလို့ ရတယ်။ အခု ဆိတ်တကောင် နှစ်သောင်းဆိုရင်တောင် ၀ယ်လက်သိပ်မရှိဘူးဖြစ်နေတယ်။ အရင်အပတ်လောက်အထိ ဆိတ်တကောင် နှစ်သောင်းလောက်ဈေးရှိသေးတယ်။ အခု နှစ်သောင်းကို မပြည့်တော့'' ဟု ပြောသည်။

ယင်းကဲ့သို့ ဆိတ်အကောင်လိုက် အရောင်းအ၀ယ်ဈေးကွက်တွင် ဈေးနှုန်းများ ကျဆင်းနေသော်လည်း ရန်ကုန်မြို့၏ ဈေးကြီးများတွင် ဆိတ်သားအသား တပိဿာကျပ် ၁၆,၀၀၀ ခန့်ဖြင့် သိသာစွာ ဈေးနှုန်းကျဆင်းခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ တတိယအပတ်ခန့်တွင် ဆိတ်အကောင်အကြီး ၁ကောင် ၏ ဈေးနှုန်းမှာ ကျပ် ၂ သောင်းခန့်အထိ ကျဆင်းနေပြီး အောက်တိုဘာ စတုတ္ထအပတ်တွင် ဆိတ်အကြီး ၁ ကောင်တွင် ကျပ် ၁ သောင်းခွဲခန့်သာ ရှိတော့သည်ဟု သိရသည်။ လတ်တလော ဆိတ်အလယ်အလတ် ၁ ကောင်လျှင် ကျပ် ၉၀၀၀ မှ ဆိတ်အကြီး ၁ သောင်းခွဲခန့်သာရှိသည်ဟု သိရသည်။

ယင်းကဲ့သို ဆိတ်အကောင်ဈေးနှုန်းကျဆင်းခြင်းနှင့်ပတ်သက်၍ ကျွဲ၊ နွား၊ သိုး၊ ဆိတ်မွေးမြူသူများအသင်းမှ တာဝန်ရှိသူ ဦးမင်းစိုးက ''တရုတ်က နယ်စပ်တွေကို ပိတ်လိုက်တာ။ ဒီဘက်က တရုတ်ဈေးကွက်ကို တင်ထားတာတွေရှိတယ်။ တင်ထားတဲ့ပစ္စည်းတွေက များနေတော့ ၀ယ်လိုအားက နည်းနေတယ်။ ပြည်တွင်းဈေး ကွက်က အဲဒီလောက်မဖြုန်းနိုင်ဘူး။ ၀ယ်သူမရှိတော့ ရောင်းသူက မခံနိုင်ဘူး။ ဒီတော့ ရရာဈေးနဲ့ရောင်းရင်းက ဈေးတွေက တအားကျကုန်တာ''ဟု ပြောသည်။ တရုတ်ပြည်မှ နယ်စပ်ဂိတ်များတွင် လုံခြုံရေးတင်းကျပ်ထားပြီး ဖမ်းဆီးရေးအဖွဲ့များနှင့် စိစစ်နေသည်မှာ ရက် ၂၀ ကျော်ခန့်ရှိပြီး ယင်းအချိန်အတွင်း၌ပင် ဆိတ် အကောင်ဈေးနှုန်း ထက်ဝက်ကျော်ကျဆင်းသွားခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းကဲ့သို့ ဆိတ်အကောင်ဈေးနှုန်းကျဆင်းနေသော်လည်း ရန်ကုန်မြို့ရှိ ဈေးကြီးများတွင် ဆိတ်အသားဈေးနှုန်းမကျ ဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ လေလံဈေးကြီးမြင့်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

''ရန်ကုန်မှာ လက်လီဈေးကွက်မှာ ဈေးနှုန်းမကျတာက လိုင်စင်(င)ကြောင့် လိုင်စင်ဖိုးတွေ၊ အခွန်အခတွေရှိတာကိုး။ အဲဒါတွေမရှိရင် ဆိတ်ကို ဒီအတိုင်းပေါ် ရောင်း အချိုးအစားတွက်ရောင်းလို့ရတယ်။ အခုဟာက လေလံဆွဲထားတာတွေ အခွန်အခတွေ သယ်ယူစရိတ်တွေ ဘာညာဆိုတော့ မလိုအပ်ဘဲ ဈေးကမြင့်တက်နေတာပေါ့''ဟု ဆိုသည်။

ရန်ကုန်ကဲ့သို့သောနေရာတွင် ဆိတ်သား တပိဿာကျပ် ၁၆,၀၀၀ ဈေးပေါက်နေပြီး မိတ္ထီလာတွင် ဆိတ်သားတပိဿာ ကျပ်လေးထောင်ကျော်ဝန်းကျင်သာရှိသည်ဟု ဆိုသည်။ ယင်းကဲ့သို့ ဆိတ် အကောင်လိုက် ဈေးနှုန်းများ စံချိန်တင်ကျဆင်းနေ၍ ဆိတ်၊ သိုး မွေးမြူရေး ပြုလုပ်နေသည့် ကျေးလက်ဒေသအခြေခံလူတန်းစားများ အဆင်မပြေမှုများ မြင့်တက်နေပြီး လက်လီစားသုံးသူဈေးကွက် တွင်လည်း သိသိသာသာဈေးနှုန်းကျဆင်း ခြင်းမရှိဘဲ မတန်တဆဈေးကြီးမြင့်စွာ ၀ယ်ယူစားသုံးနေရသည်ဟု စုံစမ်းသိရသည်။

ယခင်က ဆိတ်မွေးမြူရေးပြုလုပ်သူများ ဆိတ်အုပ် ၁ အုပ်လုံး ခြံပြတ် ရောင်းလျှင် ကျပ်သိန်း ၂၀ ခန့်ရရှိသော် လည်း ယခုအခါ ခြံပြတ်ရောင်းလျှင် ၃၊၄ သိန်းခန့်သာ ပေါက်ဈေးရှိတော့ပြီး ၀ယ်လက်ပင်မရှိအောင် ဖြစ်နေသည်ဟု သိရသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/



၂၀၁၆ မှာ အပူချိန် မြင့်မားမှုကြောင့် မိုးခေါင် ရေရှားမှုတွေ ဖြစ်ပေါ်ခဲ့။
၂၀၁၆ ခုနှစ်ဟာ အပူနွေးဆုံးနှစ် ဖြစ်ဖို့ သေချာသလောက် ရှိတယ်လို့ ကမ္ဘာ့ မိုးလေဝသနဲ့ ဇလ ဗေဒ အဖွဲ့အစည်း WMO က ပြောပါတယ်။

အခုချိန်အထိ ရထားတဲ့ ပထမ ၉ လအတွက် အချက်အလက်တွေ အရ ၂၀၁၅ တုန်းက တင်ထားတဲ့ အပူဆုံး စံချိန်ကို အခု ၂၀၁၆ ခုနှစ်မှာ ကျော်ဖြတ်ဖို့ ၉၀ ရာခိုင်နှုန်း သေချာတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ဒေါ်နယ်ထရမ့် အမေရိကန် သမ္မတအဖြစ် အရွေးခံရတဲ့ အချက်က ကမ္ဘာကြီး ပူနွေးလာမှုကို ဖြေရှင်းဖို့အရေးမှာ ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲ ဆိုတာကို အကဲဖြတ်ဖို့ အတွက် နိုင်ငံတကာ ရာသီဥတု ဆွေးနွေးပွဲကို မော်ရိုကို နိုင်ငံမှာ ပြုလုပ်နေရာမှာ ပညာရှင်တွေက အခုလို ကြေညာလိုက်တာပါ။

မစ္စတာ ထရမ့်က ကမ္ဘာကြီး ပူနွေးလာမှုကို အစစ်အမှန် မဟုတ်တဲ့ ထွင်လုံး ဖြစ်တယ်လို့ ရွေးကောက်ပွဲ မယ်ဆွယ် ကာလမှာ ပြောခဲ့တာပါ။

လက်ရှိ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကတော့ အမေရိကန်အနေနဲ့ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပြင်သစ် သဘောတူညီချက်ကို ဆက်လက် လိုက်နာမယ်လို့ မျှော်လင့်ကြောင်း တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

အခုလို အပူချိန် မြင့်ရတဲ့ အကြောင်းတွေအနက် အယ်လ်နီးညို ဖြစ်စဉ်က အကြောင်းတစ်ခု ဖြစ်ပေမယ့် ကာဗွန် ဓာတ်ငွေ့ ထောက်လွှတ်မှုတွေကတော့ တကယ် အခရာကျတဲ့ အကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese


ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)

မြန်မာ(၁၂)လရာသီတွင် တန်ဆောင်မုန်းလ သည် ၈ လ မြောက်(အဋ္ဌမမြောက် လ)ဖြစ်ပြီး ထင်ရှားသော ပွဲတော်တစ်ခုမှာ ကထိန်ပွဲခင်းခြင်း(၀ါ) ကထိန် သင်္ကန်း ကပ်လှုသည့် ကထိန်ပွဲများအား ကျင်းပ ဆင်နွဲကြသည်။

ကထိန်ရာသီ

တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ ခဝဲပန်း ဖြစ်ပြီး ထင်ရှားသော ပွဲတော် တစ်ခု ဖြစ်သည့် ကထိန်ပွဲ ပြုလုပ်ခြင်းကို ကထိန်ခင်းသည် ဟုဆိုကြပြီး သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်နေ့ အထိ သတ်မှတ်သော ကာလဒါန ဖြစ်ပြီး ကထိန်သင်္ကန်း အလှုဒါနများ ပြုလုပ်ကြသည်။

မြန်မာဗုဒ္ဓဘာသာဝင်တို့ သည် “ဘုရားမှာ စိန် ၊ ကျောင်းမှာ သိမ် ၊ သင်္ကန်းမှာ ကထိန်”ဟူ၍ ဆိုရိုးပြုကာ ၊ “ ကထိန်သင်္ကန်း ကပ်လှူခြင်း”ကို အထွဋ်အမြတ် ထားလေ့ ရှိကြပြီး “ကထိန်” ဟူသော ဝေါဟာရသည် ပါဠိဘာသာ စကား“ကထိန” မှ ဆင်းသက်လာပြီး “မြဲမြံခိုင်ခန့် ခြင်း” ဟူသော အနက်ရှိသည်။


မသိုးသင်္ကန်း

ကထိန်ခင်းခြင်းနှင့် အတူ မသိုးသင်္ကန်း ရက်လုပ်၍ လှူသော အလှူပွဲကို တန်ဆောင်မုန်း လတွင် ပြုလုပ်ကြပြီး အထင်ကရ စေတီတော်ကြီးများတွင် မသိုးသင်္ကန်းယက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ကာ ၊ ရရှိလာသော သင်္ကန်းတော်ဖြင့် စေတီတော်မှရုပ်ပွားတော်မြတ် ဗုဒ္ဓဘုရားရှင်အား နေ့ မကူးမီ ပူဇေါ်လှူဒါန်းလေ့ရှိကြသည်။

တန်ဆောင်မုန်းလပြည့်နေ့  မှ နောက်တစ်ရက်မကူးမီအချိန်ထိ ယက်လုပ်ချုပ်ငင်ရသော သင်္ကန်းကို “မသိုးသင်္ကန်း” -ဟုခေါ်ဆိုခြင်း ဖြစ်သည်။

တန်ဆောင်မုန်း-တန်ဆောင်တိုင်

တန်ဆောင်မုန်းလ၏ အဓိပ္ပါယ်မှာ“မီးရှူး၊ မီးတိုင် ၊ဆီမီးများထွန်းလင်းစေသောလ (၀ါ) အမိုက်အမှောင်ကို မီးအလင်းရောင်ဖြင့် ပျောက်လွင့်စေသောလ” -ဟု ၊ဆိုကြပြီး “တန်ဆောင်တိုင်”-ဟူသည် “အလင်းရောင်ကို ဆောင်ယူသောတိုင်(၀ါ) မီးရှူးတိုင် ၊ အလင်းတိုင်” ကို ခေါ်ဆိုခြင်းဖြစ်ပြီး တန်ဆောင်တိုင် မီးထွန်း ပွဲတော်များ ကျင်းပ ဆင်နွဲကြသည်။

သာမည ဖလအခါတော်နေ့ 

ဘုရားရှင် လက်ထက်တော်အခါက ၊ တန်ဆောင်မုန်းလပြည့်နေ့ ညတွင် ၊ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်း ၏ လျှောက်ထားချက်အရ ၊“သာမညဖလသုတ်တော်”ဟူသော “ရဟန်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး”ကို ထုတ်ဖေါ် ဟောကြားတော်မှုသဖြင့် “သံဃာတော်များနေ့ ” ဟူ၍လည်းကောင်း ၊ “သာမည ဖလအခါတော်နေ့ ” ဟူ၍လည်းကောင်း ၊ ယခုအခါတွင် တန်ဆောင်မုန်းလပြည့်နေ့ ကို သတ်မှတ်ကျင်းပကြပါသည်။

ဆေးပေါင်းခသည့် ည

မြန်မာ့ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့် အခါသမယ တွင် မယ်ဇလီဖူး ကိုအဆာ စုံစွာသုပ်၍ မိသားစုဝင်များအားလုံးစားသုံးကြခြင်း ၊ ပတ်ဝန်းကျင် အိမ်နီးချင်းများအား မယ်ဇလီဖူးသုပ် အထုပ်ငယ် များကို ဆေးဝါး အဖြစ်ပေးဝေလျက် ဒါနပြုလေ့ရှိကြပြီး နက္ခတ်၊ ကြယ်တာရာ စုံညီစွာ ပေါ်ထွန်းသောကြောင့် ၊ ဆေးအာနိသင်များ နိုးကြွ ထက်မြက်စေ၍ “ဆေးပေါင်းခသည့်ည”ဟုလည်း ယုံကြည်ကြသည်။

ကျီးမနိုးပွဲ

တန်ဆောင်မုန်းလတွင် ထွက်ပေါ်သော“ကြတ္တိကာနက္ခတ်”ကို နက္ခတ်ပညာရှင်တို့ က၊ “စောရနက္ခတ်(ခေါ်) သူခိုး နက္ခတ်” ဟု ၊ဆိုလေ့ရှိကြသည်။ထို့ ကြောင့် လပြည့်နေ့ ညအခါတွင် “ကျီးမနိုးပွဲ” ဟူသော တစ်ညလုံး နံနက် ကျီးမနိုးမီတိုင်အောင်၊ အိမ်ရှင်မသိစေပဲ အလွယ်တစ်ကူ တွေ့ ရှိချီမနိုင်သောပစ္စည်းများကိုယူ၍ လမ်းမတွင် စုပုံထားခြင်း ၊ပုဆိုး ထမီ ရရာတို့ ကို အလံထူ၍ထားခြင်း စသည်တို့ ဖြင့် ၊နံနက်အခါ၌ လူရယ်ဖွယ် ဖြစ်အောင် ဖန်တီးထားတတ်ကြသည့်ပွဲကို ကလေး ၊ လူငယ်များ ပျော်ရွှင်စွာ ဆော့မြူးလေ့ရှိကြသည်။

စကားပုံ

ရိုးရာ ၁၂ လ ရာသီတွင် တန်ဆောင်မုန်းလသည် မိုးတွင်းကာလ ကုန်ဆုံးသည့်အချိန် ဖြစ်၍ “မိုးလအဆုံး-တန်ဆောင်မုန်း”ဟူ၍ ဆိုလေ့ ရှိကြသကဲ့သို့  လယ်ယာစိုက်ခင်းကွင်းပြင်တွင် စပါးကောက်နှံများ ရှင်သန် ပြည့်ဖြိုးမှုများအား မြင်တွေ့ ရသဖြင့် တောင်သူ လယ်သမားများ ရွှင်မြူးပြုံးပျော်ကြသည့် အတွက် “တောင်သူ ရွှင်ပြုံး-တန်ဆောင်မုန်း”ဟု ဆိုကြပြီး စပါးနှံတို့ ၏ သဘာဝကို အမှီပြုလျက် “ ဖုံးတုံးလုံးတုံး-တန်ဆောင်မုန်း”ဟုလည်း ဆိုကြသည်။

(Xinhua)
China Xinhua News



မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ တွေ လုံခြုံရေးကင်းလှည့်လည်နေစဉ်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ အကြမ်းဖက် တိုက်ခိုက်တာတွေ ပြန်လည်မြင့်တက်လာတာကြောင့် ဒေသခံ တိုင်းရင်းသားတွေဟာ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြပြီး မောင်တောမြို့ကို ထပ်မံတိမ်းရှောင်လာမယ့် အလားအလာတွေ ရှိနေပါတယ်။ ရခိုင်ပြည်နယ် ကော်မရှင် သွားရောက်စုံစမ်းဖို့ စီစဉ်နေချိန်မှာပဲ တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေတွေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်တာတွေဟာ တလကျော်ကြာမြင့်လာတဲ့နောက်မှာ တိုက်ခိုက်တာတွေ ပိုမိုတိုးမြင့်လာနေသလို အစိုးရတပ်ဖွဲ့တွေဘက်က လေကြောင်းကပါ ပါဝင်တိုက်ခိုက်ရတဲ့အထိ ဖြစ်ပွားလာနေပါတယ်။

ဒီလို တိုက်ခိုက်တာတွေ ပြင်းထန်လာတာကြောင့် ပဋိပက္ခဖြစ်ပွားရာဒေသက ဒေသခံတွေဟာ မောင်တောမြို့ကို ထပ်မံရှောင်တိမ်း လာမယ့် အခြေအနေရှိနေတယ်လို့ မောင်တောဒေသက အရေးပေါ် ကူညီထောက်ပံ့ရေးကော်မတီဥက္ကဌ ဦးခင်မောင်သန်းက ပြောပါတယ်။

“လူတွေက စိုးရိမ်ထိတ်လန့်ပြီး ပြန်ပြီး မောင်တောမြို့ပေါ်ကိုလာပြီးခိုလုံချင်ကြတဲ့ သဘောတွေရှိနေပါတယ်။ ရောက်တော့မရောက်လာကြသေးဘူး ဘာဖြစ်လို့လဲဆိုတော့ ကားနဲ့က လောလောဆယ်သွားလို့မရဘူး၊ ရေကြောင်းလည်း အဲလိုပဲ။ အဲဒါကြောင့် လူတွေက မရောက်လာသေးတာပါ။ တကယ်တော့ ကားနဲ့ ဘာနဲ့က လမ်းတွေအဆင်ပြေမယ်ဆိုရင်တော့ အများကြီး လာမယ့်သဘောတွေ တွေ့နေရတယ်။ အခုနယ်တွေက ဖုန်းတွေဘာတွေ ဆက်တယ်လေ”

ဒီကနေ့မှာတော့ ဒေသတွင်းမှာ တိုက်ခိုက်မှုဖြစ်ပွားတယ်ဆိုတာ မကြားသိရသေးကြောင်း နဲ့ အဓိက မောင်တောကို လာရောက်ဖို့ ဆက်သွယ်လာသူတွေဟာ မောင်တောမြို့နယ် မြောက်ပိုင်းဒေသဘက်က ဖြစ်တယ်လို့ ပြောပါတယ်။

မောတောမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန် ကလည်း ဒေသခံတိုင်းရင်းသားတွေရဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“စိုးရိမ်တာကတော့ စိုးရိမ်တာအမှန်ပဲ။ ညဘက်ဆိုရင် ရခိုင်ရွာတွေဆိုရင် မအိပ်ကြဘူးခင်ဗျ။ တပ်မတော် ကိုယ်တိုင်လုပ်တယ်ဆိုတော့ ကျနော်တို့ အရပ်သားတွေက တော်တော်စိုးရိမ်ရတာပေါ့နော်။ လက်တလော ကားနဲ့သွားရင်လည်း မိုင်းထောင်တယ်ဆိုတော့ နည်းနည်းစိုးရိမ်ရတာပေါ့နော် အဲလိုအခက်အခဲတော့ ရှိတယ်။ နယ်မြေဒေသ အခြေအနေနဲ့ကတော့ ရေလမ်းနဲ့ သိပ်မသွားတော့ဘူးခင်ဗျ။ တဘက်နိုင်ငံနဲ့ ပတ်သက်တာကို အဓိကတော့ တဘက်နိုင်ငံကလည်း သောင်းကျန်းသူတွေ ၀င်လာဖို့ရှိတယ်ဆိုတော့ စိုးရိမ်ကြတယ်ခင်ဗျ။ ကုန်းလမ်းဆိုရင်တော့ ရှောင်ထွက်လို့ရတယ်။ ရေလမ်းနဲ့ကသွားဖို့ဆိုတာ ကတော့ အခက်အခဲရှိတယ်။”

ဒီလ ၁၂ ရက်နေ့ မနက်အစောပိုင်းက မောင်တောမြို့နယ် မယင်းတောင်ရွာအနီးမှာ အစိုးရလုံခြုံရေးစစ်ကြောင်းကို အကြမ်းဖက်သူ ၆၀ လောက်က စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်အဖွဲ့က ၆ ယောက် သေဆုံးပြီး အစိုးရတပ်မတော်ဘက်က စစ်သည်တဦးကျဆုံးခဲ့သလို အရာရှိ စစ်သည်အချို့ ဒဏ်ရာရခဲ့ကြောင်း၊ ဆက်လက်ရှင်းလင်းရာမှာ လူအင်အား ၆၀၀ လောက်က တပ်မတော်စစ်ကြောင်းကို တိုက်ခိုက်တာကြောင့် တပ်မတော်(လေ)က ရဟတ်ယာဉ် ၂ စင်းနဲ့ ပစ်ကူပေးတိုက်ခိုက်ခဲ့ရကြောင်း၊ ဒီဖြစ်စဉ်မှာ တပ်မတော် စစ်ကြောင်းမှူး ကျဆုံးခဲ့သလို သံသယရှိသူ ၃၆ ယောက်ကိုလည်း ဖမ်းဆီးခဲ့ကြောင်း ၊ တပ်မတော်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်တာရှိကြောင်း မြ၀တီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီလ ၁၃ ရက်နေ့မှာတော့ ဂွဆုံကျေးရွာ၊ ဒါးကြီးဇားတောင်ကျေးရွာ တွေကို ဆက်လက်ရှင်းလင်းရာမှာ အကြမ်းဖက်သူ ၂၈ ဦးကို အသေဖမ်းဆီးခဲ့သလို ဂွဆုံကျေးရွာမှာ မီးလောင်ထားတဲ့ အိမ် ၅၀ ကျော်နဲ့ ၀ါးပိတ်မှာ ၈၀ ကျော် တွေ့ရှိရကြောင်း တပ်မတော်ရဲ့ မြ၀တီသတင်းဌာနက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်တဲ့ HRW ကတော့ ဂြိုလ်တုဓါတ်ပုံသတင်းကို ကိုးကားပြီး ဒီရက်ပိုင်းအတွင်းမှာ မောင်တောမြို့ မြောက်ဘက်က ရွာ ၃ ရွာမှာ လူနေအိမ်ပေါင်း ၄၃၀ မီးလောင်ပျက်ဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားသလို ကုလသမဂ္ဂအကူအညီနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

 ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ပုသိမ် အောက်တိုဘာ ၁၃။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်း ဧ။် ကြီးကြပ်မှုဖြင့် ဒုတိယ (၆) လ မှုခင်းလျော့နည်းကျဆင်းရေး ခိုးဆိုးနှိုက်များ ပပျောက်စေရေး စီမံချက်အရ ညဥ့်နက်လှည့် ကင်းများ တိုးမြှင့်ဆောင်ရွက်နေခဲ့ရာ ပုသိမ်မြို့မရဲစခန်းလှည့် ကင်းအဖွဲ့နှင့် ပုသိမ်နယ်မြေရဲစခန်း လှည့်ကင်းအဖွဲ့တို့ ပူးပေါင်းလျက် လှည့်ကင်းဆောင်ရွက်ခဲ့ရာ (၁၃.၁၁.၂၀၁၆) ရက်နေ့ ည (၀၂ ၀၀ ) အချိန် အထက(၂) ဘေးလမ်းတွင်မသင်္ကာ
ဖွယ် လူငယ်(၂) ဦးဖြစ်သော ညီညီထွန်း ၁၅ နှစ် နှင့် ပြည့်ကိုကို ၁၅ နှစ် တို့အား ကြွတ်ကြွတ်အိတ်အတွင်း ငွေစက္ကူ အကြွေ အတန်မျိုးစုံဖြင့် စုစုပေါင်း ၈၇၄၀၀ ကျပ်အား တွေ့ရှိသိမ်း ဆည်းပြီး အမှုဖွင့်အရေးယူစစ်ဆေးခဲ့ပါသည်။


စစ်ဆေးဖော်ထုတ်ချက်အရ တရားခံနှစ်ဦးသည့် ယင်းနေ့ည (၁၁၃၀) အချိန်ခန့်က နှစ်ယောက်အတူ ပုသိမ်မြို့ တာဝတီသာ ဘုရားဝန်းအတွင်းရှိ သော့ခတ်ထားသည့် သံပန်းတံခါး အား ဟ လျှက် အတွင်းရှိ အလှူခံဗုံး (၃) ဗုံးမှ မှန်များအား ရိုက်ခွဲ လျက် အတွင်းမှ အလှူငွေများ ခိုးယူထွက်ပြေးလာစဉ် လှည်ကင်းရဲတပ်ဖွဲ့နှင့် တွေဆုံဖမ်းဆီး ခံရခြင်း ဖြစ်ပါသည်။


တရားခံများအား ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည် ဖြစ်ပါကြောင်း ပုသိမ်သူ/သားများအား သိစေအပ်ပါသည်။

The Ayeyarwaddy Times
https://www.facebook.com/ayetimes/



၂၀၁၅ ခုနှစ် အတွင်း ဖြစ်ပေါ်ခဲ့သည့် စူပါမွန်း ဖြစ်စဉ် တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)
    ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)

    လမျက်နှာပြင်အား ကမ္ဘာမှ အနီးဆုံး မြင်တွေ့ ရမည့် စူပါမွန်း(Supermoon) ဖြစ်စဉ်ကြောင့် ၃ ရက်အတွင်း သဘာဝဘေး များအား သတိပြုရန် လိုအပ်ကြောင်း နက္ခတ် သိပ္ပံ ပညာရှင် ဦးဇေယျာကိုက ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၁၄ ရက်(တန်ဆောင်မုန်း လပြည့်နေ့ )တွင် ပြောကြားခဲ့သည်။

“လ ရဲ့ ဆွဲအားက နှစ်ပေါင်း ၆၉ နှစ်အတွင်းမှာ အနီးဆုံး နေရာကို ရောက်တယ်။လရဲ့ ဆွဲငင်အားကြောင့်ပဲ ငလျင်တို့ ၊ ရေကြီးရေလျှံတို့ ၊ ထူးကဲ ဒီရေ တက်တာတွေ ဖြစ်နိုင်တယ် ဆိုတော့ ဒါတွေကိုတော့ ဂရုစိုက် ရမှာပေါ့။စူပါမွန်း ဖြစ်ပြီး ၃ ရက်အတွင်းတော့ အကျိုး သက်ရောက်မှု ရှိမယ်။”ဟု နက္ခတ် သိပ္ပံ ပညာရှင် ဦးဇေယျာကိုက ပြောသည်။

လသည် ကမ္ဘာနှင့် အနီးအဝေး ၊ အကွာအဝေးများကြောင့် လ၏ ဆွဲအားသည် ကမ္ဘာပေါ်တွင် များစွာ လွှမ်းမိုးမှု ရှိကြောင်း ၊ လသည် ကမ္ဘာနှင့် နီးကပ်လာချိန်တွင် သဘာဝဘေး ဖြစ်ရန် ရာခိုင်နှုန်းမှာ ၇၀ ရာခိုင်နှုန်း အထက်တွင် ရှိကြောင်း ၊ စူပါမွန်း ဖြစ်စဉ်ကြောင့် ၃ ရက်အတွင်း အရှေ့ တောင်အာရှ နှင့် အာရှတို့ တွင် အင်အားပြင်း ငလျင်လှုပ်ခတ်နိုင်ခြေ ရှိသော်လည်း ရာခိုင်နှုန်းပြည့် ပြော၍ မရနိုင်ကြောင်း ၄င်းက သုံးသပ် ပြောကြားခဲ့သည်။

ယခုနှစ်တွင် ဖြစ်ပေါ်သည့် စူပါမွန်း ဖြစ်စဉ်သည် နှစ်စဉ် ဖြစ်ပေါ်နေသည့် စူပါမွန်း ဖြစ်စဉ်များထက် ပို၍ အရွယ်အစား ကြီးမားစွာ မြင်တွေ့ ခွင့် ရှိမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၀ ခုနှစ် စူပါမွန်း ဖြစ်စဉ် ဖြစ်ပြီးနောက် လူအသေအပျောက်များသည့် အင်အားပြင်း ငလျင် လှုပ်ခတ် ခဲ့ခြင်းများ ရှိကြောင်း ၊ စူပါမွန်း ဖြစ်စဉ်ကြောင့် အင်အားပြင်း ငလျင်များ လှုပ်ခတ်နိုင်ခြေ ရှိကြောင်း နက္ခတ်ပညာရှင် အချို့ မှ သုံးသပ် ခန့် မှန်းခြင်းများ ရှိသော်လည်း စူပါမွန်း ဖြစ်စဉ်သည် တစ်နှစ်လျှင် တစ်ကြိမ် ဖြစ်ပေါ်သည့် အတွက် စူပါမွန်း ဖြစ်တိုင်း အင်အားပြင်း ငလျင် လှုပ်ခတ်ခြင်း မရှိသည်တို့ ကို ကြုံခဲ့ရခြင်းများ ရှိကြောင်း ၄င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ အတူ တန်ဆောင်မုန်းလပြည့်ရက်သည် မြန်မာတို့၏ ဆေးပေါင်းခသောညအဖြစ် သတ်မှတ်ကြသော်လည်း ယခု၂၀၁၆ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ည နက္ခတ်လပြည့်ချိန်သည် သတ်မှတ်ရာသီခွင်များ မကိုက်ညီမှု ကြောင့် ဆေးပေါင်း မခဘဲ လာမည့် နတ်တော်လဆန်း ၁၃ ရက် ၊ (ဒီဇင်ဘာလ ၁၂ ရက်) ည ၁၀ နာရီ ၄၅ မိနစ်တွင် ဆေးပေါင်းခ လိမ့်မည် ဖြစ်ကြောင်း နက္ခတ် သိပ္ပံ ပညာရှင် ဦးဇေယျာကိုက ပြောကြားခဲ့သည်။

ယခုနှစ်တွင် ဖြစ်ပေါ်သည့် စူပါမွန်း ဖြစ်စဉ်သည် နှစ်ပေါင်း ၆၉ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာမှ အနီးကပ်ဆုံး လမျက်နှာပြင်ကို မြင်တွေ့ရမည် ဖြစ်ပြီး ယခုကဲ့သို့ စူပါမွန်း ဖြစ်စဉ်အား ၂၀၃၄ခုနှစ် မတိုင်ခင်အထိ ထပ်မံမြင်တွေ့ရတော့မည် မဟုတ်ကြောင်း နာဆာ (NASA) ၏ပြောကြားချက်အရ သိရသည်။

စူပါမွန်းဖြစ်ပေါ်လာပါက ပုံမှန် လပြည့်နေ့ထက် ၁၄ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းထိ ပိုမို တောက်ပလာကြောင်း သိရသည်။

လသည် ကမ္ဘာနှင့် အနီးဆုံးအကွာအဝေးသို့ရောက်ရှိလာသည့်အခါ ၎င်းအား ယခင်ထက် ပိုမို ကြီးမားစွာ နှင့် တောက်ပစွာ မြင်တွေ့ရကြောင်း နှင့် ယင်း ဖြစ်စဉ်အား စူပါမွန်း ဟုခေါ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com