11/20/16
အိန္ဒိယမြောက်ပိုင်း ရထားလမ်းချော်မှု
အိန္ဒိယမြောက်ပိုင်း ရထားလမ်းချော်မှု
အိန္ဒိယ နိုင်ငံ မြောက်ပိုင်းမှာ ရထားတစီး လမ်းချော်တိမ်းမှောက်တာကြောင့် အနည်းဆုံး လူ ၉၆ ဦး သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာ ရပါတယ်။ ဥတာပရာဒက်ရှ် ပြည်နယ် Kanpur အနီးမှာ ဒီကနေ့ တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ရထားလမ်းချော်ခဲ့တာ ဖြစ်ပါတယ်။
ဆိုးဆိုးရွားရွား ပျက်စီးခဲ့တဲ့ ရထားတွဲတွေထဲကနေ အသက်ရှင် ကျန်ရစ်သူတွေ ရှိလို ရှိငြား ကယ်ဆယ်ရေး လုပ်သားတွေနဲ့ အကူအညီပေးသေူတွေ ရှာဖွေနေကြဆဲပါ။ အခင်းဖြစ်တဲ့ နေရာမှာ အရေးပေါ် ကားတွေလည်း ဒါဇင်နဲ့ချီပြီး အဆင်သင့် ရှိနေပါတယ်။
 ရထားတွဲ ၁၄ တွဲ လမ်းချော်ထွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ အသက်ရှင် လွတ်မြောက်လာတဲ့ ကျောင်းသူ တဦးကတော့ သူမနဲ့ အတူ စီးနင်းလိုက်ပါလာရင်း သေဆုံးခဲ့ရတဲ့ ခရီးသည်တွေရဲ့ ပုံရိပ်တွေက သူမစိတ်ထဲမှာ ကာလရှည် စွဲထင်နေမှာ ဖြစ်ပြီး သိပ်ကို ခြောက်ခြားစေတယ်လို့ ပြင်သစ် သတင်းဌာနကို ပြောဆိုပါတယ်။
အိန္ဒိယ နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရထားလမ်း ကွန်ယက်ကို အများဆုံး အသုံးပြုတဲ့ နိုင်ငံ တခု ဖြစ်ပေမယ်လို့ ဘဏ္ဍာရေး ထောက်ပံ့မှုက အားနည်းလှပြီး မကြာခဏဆိုသလို မတော်တဆမှုတွေ ဖြစ်ပွားနေတာပါ။
VOA Burmese News
 တောင်ကိုရီးယား သမ္မတ Park Geun-hye ရာထူးကနေ နုတ်ထွက်ပေးဖို့ ၄ ပတ်မြောက် ဆန္ဒပြတောင်းဆိုနေကြစဉ် Nov. 17, 2016.
တောင်ကိုရီးယား သမ္မတ Park Geun-hye ရာထူးကနေ နုတ်ထွက်ပေးဖို့ ၄ ပတ်မြောက် ဆန္ဒပြတောင်းဆိုနေကြစဉ် Nov. 17, 2016.
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ သမ္မတ Park Geun-hye နှုတ်ထွက်ရေးအတွက် သီတင်းပတ် ၄ ပတ်မြောက်အဖြစ် စနေနေ့က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ဆိုးလ်မြို့မှာ ပြုလုပ်တ့ ဆန္ဒြုပပွဲမှာ ပါဝင်သူ အရေအတွက်ဟာ ၁၇၀,၀၀၀ လောက် ရှိတယ်လို့ ရဲတပ်ဖွဲ့ပြောပေမယ့် ဆန္ဒပြပွဲကို စီစဉ်သူတွေကတော့ ဆန္ဒပြသူ ၆၀၀,၀၀၀ လောက်ရှိတယ်လို့ ပြောပါတယ်။
ဆန္ဒပြပွဲတွေများ အများအားဖြင့် အကြမ်းမှု မရှိဘူးလို့ ဆိုပါတယ်။ ဆန္ဒပြသူတွေ အတွက် ယာယီ တည်ဆောက်ပေးထားတဲ့ စင်မြင့်မှာ မိုက်ကရိုဖုန်းပါ တပ်ပေးထား တဲ့အပြင် ရီစရာ ဟာသပြောတဲ့သူတွေ၊ Rock ဂီတအဖွဲ့တွေပါ လာေ ရာက် ဖျော်ြေ ဖပေးနေတဲ့အတွက် အားလုံးရဲ့ စုဝေး ရာ နေရာဖြစ်လာနေပါတယ်။
ဒါ့အပြင် Pinata လို့ခေါ်တဲ့ သကြားလုံးတွေထဲ့ပြီး ကြိုးတန်းလန်း ဆွဲထားတဲ့ စက္ကူအရုပ်ကို ဒုတ်နဲ့ ရိုက်ခွဲတဲ့ မက္ကဆီကို ကစားနည်းကို ကလေးငယ်တွေ အတွက်ပါစီစဉ်ပေးထားတဲ့အတွက် ဒီ ဆန္ဒပြပွဲဟာ တဖြည်းဖြည်းနဲ့ မိသားစုတွေ ပါဝင်နိုင်တဲ့အခြေနေမျိုးကို ဖြစ်လာနေပါတယ်။ တိုင်းပြည်တ၀ှမ်းမှာ ရှိတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေလည်း ဒီဆန္ဒပြပွဲမှာ လာရောက် ပါဝင်နေကြပါတယ်။
သမ္မတ Park Geun-hye ဟာ ဒေါ်လာ သန်းပေါင်းများစွာ ပါဝင်ပတ်သက်နေတဲ့ ကိစ္စနဲ့စုံစမ်းစစ်ဆေးမှု ခံနေရတာပါ။ သမ္မတဟာ အကျင့်ပျက်ခြစားမှု ရှိအောင် လုပ်လို့မရတဲ့ ခေါင်းဆောင်တယောက် အဖြစ်မြင်အောင် သမ္မတနဲ့ နှစ်ပေါင်းများစွာ ခင်မင်လာတဲ့ မစ္စ Choi Soon-sil က သေသေချာချာ စီစဉ်ပြီး ပုံဖော်ခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရတာဖြစ်ပါတယ်။
VOA Burmese News
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား
 အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက မနေ့ စနေနေ့က လက်တင် အမေရိကနဲ့ ကာရစ်ဘီယံ ဒေသတလွှားက လူငယ် ခေါင်းဆောင် ၁၀၀၀ ကျော်နဲ့ တွေ့ဆုံတာမှာ အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပတ်သက်ပြီး အဆိုးဆုံး အခြေအနေကို ထင်ကြေးနဲ့ မျှော်လင့်မထားကြဖို့ ပြောဆိုခဲ့ပါတယ်။
ပီရူးနိုင်ငံ မြို့တော် Lima မှာ ပြုလုပ်ခဲ့တဲ့ Town-hall ပုံစုံ တွေ့ဆုံပွဲမှာ တက်ရောက်လာတဲ့ လူငယ်တွေက အမေရိကန် သမ္မတ အပြောင်းအလဲ အပေါ် စိုးရိမ်မကင်း မေးမြန်းကြတဲ့ မေးခွန်းတွေကို သမ္မတ အိုဘားမား ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ မျှော်လင့်ချက် မရှိရင် အခြေအနေတွေ ပိုပြီး ကောင်းအောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောဆိုပြီး အကောင်းမြင်ကြဖို့ လူငယ်တွေကို တိုက်တွန်းခဲ့ပါတယ်။
ရွေးကောက်ခံ သမ္မတသစ် အပေါ်မှာ ချက်ချင်း ကောက်ချက်မချဘဲ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းဖို့၊ ဖြေရှင်းရမယ့် အကြောင်းအရာတွေကို သုံးသပ်ဖို့နဲ့ ဘယ်လို မူဝါဒတွေ ချမှတ်ဆောင်ရွက်မလဲဆိုတာကို ဆုံးဖြတ်လုပ်ကိုင်ဖို့ အချိန်ပေးကြဖို့ အရေးကြီးတယ်လို့လည်း သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။
အမေရိကန် သမ္မတနဲ့ တခြား ကမ္ဘာ့ ခေါင်းဆောင်တွေက အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC နှစ်ပတ်လည် ညီလာခံကို တက်ရောက်ဖို့ ပီရူးနိုင်ငံ မြို့တော် လီမားကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ လူငယ်တွေနဲ့ Town Hall ပုံစံ အမေးအဖြေ တွေ့ဆုံမှု အပြီးမှာတော့ အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားက တရုတ် သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ အမေရိကန် သမ္မတ အိုဘားမားက APEC ခေါင်းဆောင်တွေနဲ့ ထပ်ပြီးတွေ့ဆုံမှာ ဖြစ်ပြီး ၀ါရှင်တန်ကို မပြန်ခင်မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့လည်း ရှိနေပါတယ်။ တနလာင်္နေ့မှာတော့ သမ္မတ အိုဘားမား ၀ါရှင်တန်ကို ပြန်လည် ရောက်ရှိမှာ ဖြစ်ပါတယ်။
VOA Burmese News
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နိုဝင်ဘာလ ၂၀ ရက်နေ့က မောင်တောမြို့နယ်က မွတ်ဆလင်ကျေးရွာတွေကို သွားရောက်စဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နိုဝင်ဘာလ ၂၀ ရက်နေ့က မောင်တောမြို့နယ်က မွတ်ဆလင်ကျေးရွာတွေကို သွားရောက်စဉ်
Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးအတွက် မွတ်ဆလင်တွေပါ ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ မောင်တောမြို့နယ်က မွတ်ဆလင်ကျေးရွာတွေကိုသွားရောက်စဉ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောခဲ့တာဖြစ်ပါတယ်။
"သူတို့ ကျနော်တို့နဲ့တွေ့တယ်၊ တွေ့တဲ့အခါကျတော့ ကျနော်တို့ကလည်း ပြောပြတယ်၊ တည်ငြိမ်မှ တိုးတက် မှာဖြစ်တယ်၊ ဒါကြောင့် တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုတယ်လို့ပြောတော့ ကျနော်တို့နဲ့ တွေ့တဲ့လူတိုင်းကတော့ သူတို့ ကြိုးစားဆောက်ရွက်မယ်လို့ ပြောပါတယ်"
မောင်တောဒေသမှာ လုံခြုံရေးကိုတိုးမြှင့်ဆောင်ရွက်ထားပြီးဖြစ်တာကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားတွေ အနေနဲ့ စိုးရိမ်စိတ် မလွန်ကဲဖို့ ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့ပါတယ်။
မောင်တောမြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေအပေါ် အစိုးရက တည်ငြိမ်မှုရအောင် ကြိုးစားနေ ဆဲမှာပဲ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ တပြိုင်တည်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဟာ မနေ့က စစ်တွေမြို့ကိုရောက်ရှိလာ ခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့ စားဝတ်နေရေးအတွက် အကူအညီပေး ဖို့ ငွေကျပ် သိန်း ၇၀၀ ကို ရခိုင်ပြည်နယ်အစိုးရကနေတစ်ဆင့် ပေးအပ်ခဲ့ပါတယ်။
ဒါ့အပြင် ဒီကနေ့မှာ မောင်တောမြို့နယ် ပန်းတောပြင်၊ ဘဂုံးနား၊ ဂေါ်ဒူသာရ၊ ဥဒေါင်း မွတ်ဆလင် ကျေး ရွာတွေနဲ့ အောင်ဇေယျ၊ အောင်သာယာ၊ အောင်မင်္ဂလာ စတဲ့ ရခိုင်တိုင်းရင်းသားကျေးရွာတွေမှာ ဆန်၊ ပဲ၊ ဆား စတာတွေကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
RFA
 မူဆယ်မြို့၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူတွေကို တွေ့ရစဉ် မူဆယ်မြို့၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူတွေကို တွေ့ရစဉ်
Photo: Khin Mg Lwin/ Facebook
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေ ရပ်စွန့်ခွာထွက်ပြေးသူ တစ်ထောင်ကျော် ရှိပြီး သေဆုံးသူ ၈ ဦးနဲ့ ဒဏ်ရာရရှိသူ ၃၀ ကျော် ရှိတယ်လို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း က ပြောပါတယ်။
တပ်မတော်သားတစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၄ ဦး သေဆုံးသွားတယ်လို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း က ပြောပါတယ်။
" သေဆုံးတဲ့သူက ၈ ဦး မှန်ပါတယ်၊တပ်မတော်ကတစ်ဦး ၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ကျန်တာက အရပ်သားတွေ ၊ကျား ၃ ဦး မ ၁ ဦးပေါ့။ အဲဒီမှာ သေဆုံးတဲ့ ၈ ဦးက on the spot ပဲ ၊ဒဏ်ရာရတာက ၂၈ ဦးပါ၊ စိုးရိမ်ရတဲ့ ဒဏ်ရာရသူထဲက ၇ ဦးကိုတော့ ရဟတ်ယာဉ်နဲ့ပို့လိုက်တယ်" လို့ မူဆယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းကပြောပါတယ်။
ဒဏ်ရာရရှိသူတွေထဲက စိုးရိမ်ရတဲ့လူနာ ၇ ဦးကို လားရှိုးပြည်သူ့ဆေးရုံတွေကို လေယာဉ်နဲ့ ပို့ဆောင်ကုသပေးနေ တယ်လို့လည်း ပြောပါတယ်။
မူဆယ်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာသူ တစ်ထောင်ကျော်ကို ကုန်သည်ကြီးများအသင်းနဲ့ ဘုန်း ကြီးကျောင်းတွေမှာ လူမှုရေးအဖွဲ့တွေ က နေရာချပေးထားပါတယ်။
၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ဟာ မူဆယ်မြို့အ၀င်မှာရှိပြီး မူဆယ်မြို့နဲ့ ၇ မိုင်ကျော် ကွာဝေးပါတယ်။
ကုန်သွယ်ရေးဇုန်နဲ့ ဇုန်အနီးတ၀ိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကုန်တင်ယာဉ်တွေကို ဖြတ်သန်းခွင့် မပေးတော့တဲ့အတွက် မန္တလေးက တက်လာတဲ့ ကုန်ကားကြီးတွေဟာ လတ်တလော ကွတ်ခိုင်မှာ ပိတ်မိနေတယ် လို့ သိရပါတယ်။
ကွတ်ခိုင်နဲ့ မူဆယ်ကြား ကားလမ်းမှာ ခရီးသည်တင် ဘတ်စ်ကားတွေနဲ့ ကုန်တင်ကားတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ရပ်ခိုင်းပြီး ကားသော့တွေ ယူသွားတဲ့အတွက် ကားတွေ ထွက်မရဘဲ လမ်းတွေ ပိတ်ကုန်ပါတယ်။
ဒီနေ့ မနက်က မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ကွတ်ခိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)တို့က တပ်မတော် တပ်စခန်းတွေနဲ့ ရဲကင်းတွေကို TNLA, KIA/KIO, MNDAA နဲ့ AA လက်နက်ကိုင်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။
မူဆယ်နဲ့ ကွတ်ခိုင်ကိုဆက်သွယ်ထားတဲ့ နမ့်ပေါ်တံတားနဲ့ လားရှိုးနဲ့ သိန္နီကိုဆက်သွယ်ထားတဲ့ နမ္မတူတံတားကိုလဲ တပ်ပေါင်းစုအဖွဲ့က မိုင်းဖောက်ခွဲခဲ့တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောပါတယ်။
RFA
မူဆယ်မြို့၁၀၅ မိုင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒဏ်ရာရရှိသူ ၁ ဦးကို ကူညီကယ်ဆယ်ပေးနေသည်ကို တွေ့ရစဉ်
မူဆယ်မြို့၁၀၅ မိုင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒဏ်ရာရရှိသူ ၁ ဦးကို ကူညီကယ်ဆယ်ပေးနေသည်ကို တွေ့ရစဉ်
Photo: Khin Mg Lwin/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ဖြစ်ပွားနေတဲ့ တိုက် ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ တစ်ထောင်ကျော် ရှိပြီး သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရရှိသူ ၃၀ ကျော် ရှိတယ်လို့ မူဆယ်မြို့လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။
မူဆယ်မြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေသူတွေနဲ့ ၁၀၅ မိုင်ကနေ မြို့ပေါ် ထွက်ပြေး တိမ်းရှောင်လာသူတွေကို ကူညီပေးနေတဲ့ ကာယကံပရ ဟိတဖောင်ဒေးရှင်းက ကိုမောင်မျိုးက အခုလိုပြောပါတယ်။
" ဆေးရုံတက်တဲ့လူနာက လက်ရှိအခြေအနေထိ ၃၀ နဲ့ ၄၀ ကြားမှာရှိတယ်၊သေဆုံးတာက အမျိုးသမီး ၁ ယောက် အမျိုးသား ၂ ယောက်၊ လူကတော့ သီလရှင်ရော ၊အရပ်သားတွေရော ၁၀၀၀ ကျော်လောက် ရှိမယ်၊ကျွန်တော်တို့ ဘုန်းကြီးကျောင်းတွေမှာရယ် ကုန်သည်ကြီးများအသင်းမှာရယ် မြို့ပေါ်ရှိ တဲ့ကျောင်းတွေမှာခွဲပြီးတော့ လွတ်တဲ့နေရာတွေမှာစီစဉ်ပေးထားပါတယ်"လို့ ကိုမျိုးက ပြောပါတယ်။
ဒဏ်ရာရရှိသူတွေထဲက စိုးရိမ်ရတဲ့လူနာတွေကို ရန်ကုန်နဲ့ မန္တလေးမြို့က ဆေးရုံတွေကို လေယာဉ်နဲ့ ပို့ဆောင်ကုသပေးဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။
၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ဟာ မူဆယ်မြို့အ၀င်မှာရှိပြီး မူဆယ်မြို့နဲ့ ၇မိုင်ကျော် ကွာဝေးပါတယ်။
ကုန်သွယ်ရေးဇုန်နဲ့ ဇုန်အနီးတ၀ိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကုန်တင်ယာဉ်တွေကို ဖြတ်သန်းခွင့် မပေးတော့တဲ့အတွက် မန္တလေးက တက်လာတဲ့ ကုန်ကားကြီးတွေဟာ လတ်တလော ကွတ်ခိုင်မှာ ပိတ်မိနေ တယ်လို့ သိရပါတယ်။
ကွတ်ခိုင်နဲ့ မူဆယ်ကြား ကားလမ်းမှာ ခရီးသည်တင် ဘတ်စ်ကားတွေနဲ့ ကုန်တင်ကားတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ရပ်ခိုင်းပြီး ကားသော့တွေ ယူသွားတဲ့အတွက် ကားတွေ ထွက်မရဘဲ လမ်းတွေ ပိတ်ကုန်ပါတယ်။
ဒီနေ့ မနက်က မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ကွတ်ခိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)တို့က တပ်မတော် တပ်စခန်းတွေနဲ့ ရဲကင်းတွေကို TNLA, KIA/KIO, MNDAA နဲ့ AA လက်နက်ကိုင် တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မူဆယ်နဲ့ ကွတ်ခိုင်ကိုဆက်သွယ်ထားတဲ့ နမ့်ပေါ်တံတားနဲ့ လားရှိုးနဲ့ သိန္နီကိုဆက်သွယ်ထားတဲ့ နမ္မတူတံတားကိုလဲ တပ်ပေါင်းစုအဖွဲ့က မိုင်းဖောက်ခွဲခဲ့တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောပါတယ်။
RFA
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် TNLA (တအာင်းအဖွဲ့)၊ KIA (ကချင်အဖွဲ့) နှင့် MNDAA (ကိုးကန့်အဖွဲ့) တို့ နိုဝင်ဘာ ၂၀ရက် နေ့လယ် ၃နာရီကျော်အထိ တစ်ရက်အတွင်း တိုက်ပွဲ ၁၁ကြိမ်ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာ ၂၀ ရက်၊ နံနက် ၂ နာရီ အချိန်ခန့်မှစ၍ မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။
အတိုင်ပင်ခံရုံးထုတ်ပြန်ချက်တွင် AA (ရခိုင်အဖွဲ့) ကို ထည့်သွင်းဖော်ပြထားခြင်းမရှိသော်လည်းဟု ရခိုင့်တပ်မတော် (AA) ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက KIA ၊ AA၊ MNDAA၊ TNLA တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း မဇ္ဈိမကို
ဖြေကြားထားသည်။
မူဆယ်မြို့မ ရဲစခန်း၏ အရှေ့တောင်ဘက် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းဇုန်အနီးရှိ တပ်စခန်းကုန်းသို့ KIA (ကချင်)အဖွဲ့နှင့် TNLA (တအောင်းပလောင်)အဖွဲ့ ပူးပေါင်း အင်အား ၁၅၀ ခန့်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုန်သွယ်ရေးဇုန်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် လဲချားမြို့နယ်နေ မောင်ဇော်သက် (၂၀)နှစ် သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် ပြည်သူ (၆) ဦး ဒဏ်ရာရရှိခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများအား ဆက်လက် ထုတ်ပြန်သွားမည် ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။
မူဆယ် ကုတင် ၁၀၀ဆန့်ဆေးရုံ လူမှုဆက်ဆံရေးမှူး ဒေါ်မြမြစန်းကမူ နိုဝင်ဘာ ၂၀ရက် နေ့လယ် ၃နာရီအထိ ရဲတပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦးစိုးရိမ်ရသည့် အနေအထားရှိကာ ဒဏ်ရာရသူ စုစုပေါင်း ၂၉ဦး ဆေးရုံရောက်နေကြောင်း မဇ္ဈိမကို ပြောသည်။
လက်နက်ကိုင်အဖွဲ့များက နန့်ပေါ်တံတားအား မိုင်းဖေါက်ခွဲခြင်း၊ တံတားအနီးရှိ ဈေးဆိုင် (၃) ဆိုင်အား မီးရှို့ခြင်း၊ သိန္နီမြို့ နမ္မတူ တံတားအား ပါဂျဲရိုး ယာဉ်ဖြင့် ဗုံးဖေါက်ခွဲခြင်းများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်ဖော်ပြမှု အရသိရသည်။
တိုက်ပွဲများကြောင့် လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားခဲ့ပြီး နိုဝင်ဘာ ၂၀ ရက် နေ့လယ် ၃ နာရီခန့်တွင် ဗုံးခွဲခံရသော သန္နီတံတားအား ၁၂ ဘီးကားအထိသွားလာဖြတ်သန်းပေးထားသော်လည်း
၂၂ ဘီးကုန်တင်ဆောင်လာသောတွဲကားများအား အခြေအနေအရ ဖြတ်သန်းခွင်ယာယီ ပိတ်ထားသည်။
============
Mizzima - News in Burmese
http://www.mizzimaburmese.com/article/20440
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ။ ။ ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီး မိုင်းပေါ်မြို့ပေါ်မှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် လက်ရှိ အချိန်ထိ ၂ ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိထားတယ်လို့ မူဆယ်ခရိုင် ဆေးရုံမှ လူမှုဆက်ဆံရေးမှူး ဒေါ်မြမြစန်းက မဇ္ဈိမကိုပြောပါတယ်။
“သေတာတော့ ၂ဦးရှိပြီ စိုးရိမ်ရတာက ၂ယောက် စုစုပေါင်းတော့ ဆေးရုံမှာ ၂၅ ဦးရောက်လာတယ်" လို့ ဒေါ်မြမြစန်းကဆိုပါတယ်။
တိုက်ပွဲကြောင့် နံနက် ၇ နာရီခွဲအထိ ရဲတပ်ဖွဲ့ဝင် ၁ ဦး အပါအဝင် ၈ ဦးဒဏ်ရာရ ၁ ဦးသေဆုံးတယ်လို့ မူဆယ်မြို့ အုပ်ချုပ်ရေးပိုင်းမှ အကြီးတန်းအရာရှိတစ်ဦးကပြောပါတယ်။ တိုက်ပွဲမှာ မိုင်းပေါ်မြို့တွင် နံနက် ၉နာရီ ၂၀ခန့်တွင် ရပ်နားသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
နိုဝင်ဘာ ၂၀ရက် နံနက် ၃ နာရီလောက်က စတင်ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် မူဆယ်မြို့ခံများ ထွက်ပြေးတိန်းရှောင်နေရပါတယ်။
ဒီနေ့ နံနက် ၃ နာရီ လောက်က တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က မိုင်တိုင်အမှတ် ၂၅၉ မှာရှိတဲ့ ဆော်လွန်တံတား ကို မိုင်းခွဲဖျက်စီးခဲ့ပြီး လက်ရှိအချိန်မှာ သန္နီတံတားလည်းမိုင်ခွဲဖျက်စီးခံလိုက်ရတယ်လို့ သိပေမယ့် အစိုးရဘက်ကတော့ သတင်းမထုတ်ပြန်ပေးသေးပါဘူး။
၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှာ လက်ရှိအချိန်ထိ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ အဲ့ဒီ့ဒေသမှာ KIA၊ TNLA နဲ့ SSPP အဖွဲ့တွေ အခြေစိုက်တာဖြစ်သော်လည်း မည်သည့်အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားသည်ကိုမူ တိတိကျကျ မသိရသေးပေ။
Mizzima - News in Burmese
နေပြည်တော် နိုဝင်ဘာ ၂၀
KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာ ၂၀ ရက် ၊ နံနက် ၂ နာရီ အချိန်ခန့်မှစ၍ မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား အလစ်အငိုက် ရယူပြီး တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာ ၂၀ ရက် ၊ နံနက် ၂ နာရီ အချိန်ခန့်တွင် ရှမ်းပြည်နယ်၊ မူဆယ်မြို့ဝင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးရှိ မြို့လုံခြုံရေးရဲကင်းအား အရှေ့တောင်ဘက် တစ်ဖာလုံခန့် အကွာ ယာခင်းဘက်မှ အဖွဲ့အစည်း ခေါင်းဆောင် အင်အား စိစစ်ဆဲအဖွဲ့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် နယ်မြေခံ ပြည်သူ့စစ်တို့မှ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အဆိုပါ အဖွဲ့သည် အရှေ့တောင်ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ဆက်လက်၍ နံနက် ၂ နာရီခွဲခန့်တွင် မူဆယ်မြို့နယ်၊ မုံးကိုးမြို့ ၊ ရပ်ကွက် (၆)၊ မုံးကိုးနယ်မြေရဲစခန်းအရှေ့ဘက်ရှိ တပ်မတော်တပ်စခန်းကုန်းအား KIA (ကချင်) အဖွဲ့နှင့် MNDAA ပူးပေါင်းအင်အား ၈၀ ခန့်မှ လည်းကောင်း၊ ဖောင်းဆိုင် စခန်းအား အင်အား ၁၀ဝ ဦး ခန့်မှလည်းကောင်း ၊ မန်ကန် စခန်း အား အင်အား ၈၀ ဦးခန့်လည်းကောင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
အလားတူ နံနက် ၆ နာရီခန့်တွင် KIA (ကချင်)အဖွဲ့နှင့် MNDAA ပူးပေါင်း အဖွဲ့ အင်အား ၅၀ ခန့်သည် ပန်ဆိုင်းနယ်မြေရဲစခန်းအား ရပ်ကွက်(၄)၊ အခြေခံ ပညာအထက်တန်း ကျောင်းခွဲနေရာမှလက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး တစ်ချိန်တည်းတွင် ရပ်ကွက်(၁) ရှိ တပ်မတော် တပ်စခန်းကုန်းအား အနောက်ဘက် တောင်ကြောမှနေ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထို့ပြင် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် မူဆယ်မြို့မ ရဲစခန်း၏ တောင်ဘက် ၁၈ မိုင်ခန့်အကွာ ပြည်ထောင်စုလမ်းပေါ်ရှိ နန့်ပေါ်တံတားလုံခြုံရေး ရဲကင်းအား အရှေ့မြောက်ဘက် တစ်ဖာလုံခန့်အကွာရှိ တောင်ကုန်းမှ TNLA (တအောင်းပလောင်) အဖွဲ့ အင်အား ၁၀ဝ ဦးခန့်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီး အဆိုပါစခန်းသို့ တပ်မတော် စစ်ကြောင်းမှ သွားရောက်ပူးပေါင်းစဉ် TNLA (တအောင်းပလောင်)အဖွဲ့ အင်အား ၄၀ ဦး ခန့်ဖြင့် ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့ပြီး အဆိုပါ အဖွဲ့များသည် အရှေ့နှင့်အနောက်သို့ အဖွဲ့နှစ်ဖွဲ့ခွဲ၍ ပြန်လည် ဆုတ်ခွာသွားသည်။
အလားတူ မူဆယ်မြို့မ ရဲစခန်း၏ အရှေ့တောင်ဘက် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းဇုန်အနီးရှိ တပ်စခန်းကုန်းသို့ KIA (ကချင်)အဖွဲ့နှင့် TNLA (တအောင်းပလောင်)အဖွဲ့ ပူးပေါင်း အင်အား ၁၅၀ ခန့်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီး ၆ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ပန်ဆန်းမောင်းတံဂိတ်သို့ TNLA (တအောင်းပလောင်)အဖွဲ့ (၃၀) ဦးခန့်က လာရောက်ပစ်ခတ်ခဲ့သည်။ ထိုသို့ ကုန်သွယ်ရေး ဇုန်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် လဲချားမြို့နယ်နေ မောင်ဇော်သက် (၂၀)နှစ် (ဘ) ဦးမောင်မောင်ထွေး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် အပြစ်မဲ့ ပြည်သူ (၆) ဦး ဒဏ်ရာရရှိခဲ့သည်။
ဆက်လက်၍ နံနက် ၈ နာရီအချိန်ခန့်တွင် မူဆယ်မြို့ အရှေ့မြောက် ၁၂ မိုင် ခန့်အကွာ ကျင်စမ်းကျော့(ဟိုနောင်) ရဲကင်းအား TNLA (တအောင်းပလောင်)အဖွဲ့ အင်အား ၅၀ ဦးခန့်သည် လက်နက်ကြီး လက်နက်ငယ်များ ဖြင့်လာရောက် ပစ်ခတ်ခဲ့သည်။
ထို့ပြင် နံနက် ၃ နာရီခွဲခန့်က နမ့်ဖတ်ကာ ရဲကင်းစခန်း၏ ၁၁ မိုင်ခန့် အကွာ ဆွမ်လုံကျေးရွာအနီး မန္တလေး- မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၉၁/၁ အနီးရှိ ပေ ၂၀ ခန့်ရှည် ဆွမ်လုံတံတားပေါ်တွင် မိုင်းပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး တံတားထိခိုက်ပျက်စီးခဲ့သည်။ အလားတူ လက်နက်ကိုင်အဖွဲ့များက နန့်ပေါ်တံတားအား မိုင်းဖေါက်ခွဲခြင်း၊ တံတားအနီးရှိ ဈေးဆိုင် (၃) ဆိုင်အား မီးရှို့ခြင်း၊ သိန္နီမြို့ နမ္မတူ တံတားအား ပါဂျဲရိုး ယာဉ်ဖြင့် ဗုံးဖေါက်ခွဲခြင်းများလည်း ဆောင်ရွက်ခဲ့သည်။
ရှမ်းပြည်နယ်၊ အရှေ့မြောက်ပိုင်း၊ မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များ အပါအဝင် နယ်မြေအချို့သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် KIA (ကချင်အဖွဲ့)၊ TNLA (တအောင်းပလောင်အဖွဲ့) နှင့် MNDAA ပူးပေါင်းအဖွဲ့များအား တပ်မတော်စစ်ကြောင်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက် လျက်ရှိပြီး အပြစ်မဲ့ပြည်သူများအား အကာအကွယ်ပေးရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်းနှင့် ဖြစ်ပွားလျက်ရှိသော ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများအား ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်သည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
(မူဆယ်၊ နိုဝင်ဘာ ၂၀)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ကုန်သွယ်ရေးဇုန်နှင့် ရွာထဲသို့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကပစ်ခတ်တိုက်ခိုက်သဖြင့် အနည်းဆုံး လူ(၅)ဦးခန့် ထိမှန်ကြောင်း တိုက်ပွဲကိုမျက်မြင်ကြုံတွေ့ရသူတစ်ဦးထံကသတင်းရရှိသည်။
“ဖရဲသီကွင်းနားမှာ အမျိုးသမီးတစ်ယောက်ကတော့ ပွဲချင်းပြီးဘဲ၊၀န်ထမ်းတွေလဲ ပြေးကုန်ကြပြီမရှိကြတော့ဘူး၊ နမ့်ဖတ်ကာနဲ့ကွတ်ခိုင်ကြားလဲ ကားတွေကို လမ်းပေါ်ကန့်လန့်ရပ်ခိုင်းပြီး ဆက်ကြေးကောက် ကားသော့တွေ ယူသွားကြလို့လမ်းပိတ်နေပြီ၊တပ်နဲ့အင်အားခြင်းမမျှတဲ့အခြေအနေဘဲ၊ဂိုဒေါင်တွေလဲမီးတွေလောင်နေပြီ၊ရဲကင်းတွ လဲပစ်ခံရတယ် ၊လူတွေလဲလွတ်ရာကိုပြေးပုန်းနေကြပြီ၊ “ဟု ၁၀၅မိုင်သို့ကုန်တင်ရန်ရောက်ရှိနေသည့် စိုင်းအောင်ဇံ နှင့်လားရှိုးမြို့ခံဦးစိုင်းစံမင်းထံဆက်သွယ်မေးမြန်းချက်အရသိရသည်။
မူဆယ်မြို့မှ မိုင်(၃၀)ခန့်အကွာရှိ မုံးကိုးမြို့ ရှေ့တန်းစစ်ဗျူဟာနှင့်တပ်မတော်ကင်းစခန်းများကို နိုဝင်ဘာ(၂၀)ရက်နေ့ နံက်(၃)နာရီခန့်တွင် ကေအိုင်အေနှင်ပလောင်ပူးပေါင်းအဖွဲ့ဟုယူဆရသည့် လက်နက်ကိုင်အဖွဲ့များမှ ၀င်ရောက်ပစ်ခတ်မှုဖြစ်ပွားလျှက်ရှိပြီး မူဆယ်မြို့အ၀င်နားတွင် ဗုံးတစ်လုံးကျရောက်ပွဲကွဲခဲ့ပြီးနောက် ကြူကုတ်ပန်ဆိုင်းမြို့တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ ယခုအထိဖြစ်ကြောင်း လားရှိုးမြို့ခံများထံကသတင်းရရှိသည်။
“မနေ့ကတဲကမုံးကိုဖက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့သိရတယ်၊ ၁၀၅ ဖက်က လက်နက်ပေါက်ကွဲသံတွေလဲ သဲ့သဲ့ကြားရတယ်၊ မူဆယ်မြို့ထဲမှာတော့ သိပ်အသွားအလာမရှိသလို၊ ကားတွေလဲမသွားကြပါဘူးအားလုံး ကတော့ တိုက်ပွဲပြင်းထန်လာပြီး မြို့ပေါ်ရောက်လာမှာကိုစိုးရိမ်နေကြတယ်၊ လူနာတင်ယာဉ်ရဲ့ဥသြသံတွေ တော့ ကြားရတယ်“ဟုမူဆယ်မြို့နေ ကျားဖြူပါတီ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူး ဦးစိုင်းဘိုးအောင်ကပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် မူဆယ်၁၀၅ မိုင်စီးပွားရေးဇုံမှာ မူဆယ်မြို့မှ (၇) မိုင်၊ ကွန်ခိုင်မှ(၆၂) မိုင်၊ ကွာဝေးပြီး မူဆယ်မြို့နယ်မှ မြို့နယ်ခွဲဖြစ်သည့် မုံးကိုးမြို့မှာမိုင်(၃၀)ခန့်ကွာဝေးကြောင်း ၄င်းထံကသိရသည်။
လက်ရှိအခြေအနေတွင် ဂိုဒေါင်များဖက်၍ မီးလောင်ကျွမ်းမှုများရှိနေပြီး မီးခိုးများမြင်တွေ့နေရကြောင်း၊ ဒေသခံနှင့်၁၀၅မိုင်သို့ကုန်သွယ်ရန်ရောက်ရှိနေသူများမှာ ဘေးလွတ်ရာသို့ပုန်းအောင်းနေကြရကြောင်း တိုက်ပွဲ
များဆက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
စိုင်းသိင်္ခသူ
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai/
(တရုတ် မြန်မာနယ်စပ် ၁၀၅ မိုင် အနီးမှာ နိုဝင်ဘာလ ၂ဝ ရက်နေ့က တိုက်ပွဲဖြစ်ပွားစဉ်) ဓာတ်ပုံ - စိုင်းမင်းသူနိုင် (၁၀၅ မိုင် ကုန်သွယ်ရေးစခန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ တပ်ပေါင်းစုအဖွဲ့တွေက ၀င်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောပါတယ်။
အစိုးရတပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို တောထဲမှာ ထိုးစစ်ဆင်နေတာတွေကို အများမသိတဲ့အတွက် မြို့ပေါ် မူဆယ် ၁၀၅ မိုင်ကို ဦးတည်တိုက်ခိုက်တာဖြစ်တယ်လို့ ပြောပါတယ်။
မူဆယ်နဲ့ ကွတ်ခိုင်ကိုဆက်သွယ်ထားတဲ့ နမ့်ပေါ်တံတားနဲ့ လားရှိုးနဲ့ သိန္နီကိုဆက်သွယ်ထားတဲ့ နမ္မတူတံတားကိုလည်း TNLA နဲ့ တပ်ပေါင်းစုအဖွဲ့က မိုင်းဖောက်ခွဲခဲ့တယ်လို့လည်း ပြောပါတယ်။
နေ့လည်ပိုင်းမှာတော့ ထိုးစစ်ကိုရပ်တန့်ထားပြီး အစိုးရတပ်မတော်ရဲ့ တုံ့ပြန်ချက်အပေါ် မူတည်ပြီး တိုက်ပွဲတွေ ရှိလာနိုင်တယ်လို့လည်း ပြောပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ KIA/KIO, TNLA, AA, MNDAA တို့ ပူးပေါင်းထားတာဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ရန်ကုန်တွင် ကျောင်းတက်ရသည်က အရာအားလုံးနီးပါး အဆင်ပြေ၏။ သို့သော် နေ့စဉ် ဘတ်စ်ကားတိုးစီး ရသည့်ဒုက္ခမှာ အင်မတန်မှ စိတ်ပျက်စရာကောင်းလှသည်။
မနက်ခင်းနှင့် ညနေခင်း အလုပ်သွားချိန်နှင့် ကျောင်းသွားချိန်၊ အလုပ်ဆင်းချိန်နှင့် ကျောင်းဆင်းချိန် ထိုအချိန်များတွင် လမ်းလည်းပိတ်သည်။ ကားလည်းကျပ်သည်။ ကျောင်းကိုလည်း ကားချောင်ချိန်ရွေး၍သွားနိုင်သည် မဟုတ် သူ့သတ်မှတ်ချိန်နှင့်သူဖြစ်၍ ဤကားကျပ်ချိန်၌ သာ နေ့စဉ် ကားတိုးစီးနေရသည်။
ယနေ့လည်း ထုံးစံအတိုင်းပင်။ တချို့ကျောင်းများမှာ ခေတ္တပိတ်ထား၍ အရင်ထက်တော့ ကားချောင်ပေမည်။ သို့သော် ချောင်သည့်ကားစောင့်ရန်လည်း အချိန်မရှိ။
ဟော ၁၂၄ ဘတ်စ်လာပြီ။ ကားကရပ်မည့်ပုံမပေါ်။ လက်တားလိုက်သည်။ ရပ်မပေးသော်ငြား အရှိန်တော့ လျှော့ပေးသည်။ မတွေဝေဘဲ ပြေးတက်လိုက်ရသည်။ အနီးခုံမှအစ်မက လက်ကမ်းပေးသည်။ သူ့လက်ဆွဲပြီး အားပြုတက်ကာ ကားပေါ်ရောက်လာသည်။
ဟူး...နေရာလည်းမလွတ်တော့ပါလား။ လက်ကမ်းပေးသည့်အစ်မဘေးမှာသာ ရပ်နေလိုက်သည်။ သူ က ကျွန်မ၏ များပြားလှသောပစ္စည်းအိတ်များကို လှမ်း ယူသည်။ (ကိုင်ထားပေးမည်ဟူသောသဘောဖြင့်) ကျွန်မလည်း အသာခေါင်းညိတ်ရင်း ပေးလိုက်သည်။ ရင်ထဲမှာတော့ လှိုက်လှဲစွာကျေးဇူးတင်နေမိသည်။ ခဏနေတော့ ထိုအနီးမှ ခုံတစ်ခုံလွတ်သွားသည်။ ကျွန်မအိတ်တွေ ပြန်ယူပြီး ဝင်ထိုင်လိုက်သည်။
ခဏကြာတော့ အဘွားတစ်ယောက် ကားပေါ်တက်လာသည်။ ကျွန်မနေရာဖယ်ပေးသင့်သည်ဟုတွေးကာ ထရပ်လိုက်သည်။ ကျွန်မထအပြီး ကျွန်မကို လက်ကမ်းခဲ့သောအစ်မသည်လည်း ထပြီးနှင့်နေသည်။
အဘွားက ကျွန်မကိုကြည့်သည်။ ထိုအစ်မကိုကြည့်သည်။ အစ်မကတော့ ပြုံးနေသည်။ ကျွန်မလည်း အံ့သြစွာ ပြုံးမိသည်။ အဘွားက ကျွန်မတို့နှစ်ယောက်အားကြည့်ရင်း ''သာဓုကွယ် သာဓု သာဓု''ဟု ရွတ်ဆိုနေသည်။
''ညီမလေး အစ်မက ရှေ့နှစ်မှတ်တိုင်လောက်ဆို ဆင်းတော့မှာ၊ ညီမလေးထိုင်နေရတယ်''။
အဘွားက အစ်မနေရာတွင် ဝင်ထိုင်လိုက်သည်။ ကျွန်မက တစ်လှည့် ထိုအစ်မထမင်းချိုင့်နှင့်အိတ်ကိုကိုင် ထားပေးသည်။ ခဏနေတော့ ထိုအစ်မဆင်းသွားသည်။ သူ့နောက်ကျောကိုကြည့်ရင်း သူ့လိုလူမျိုးရှိနေခြင်းအတွက် ဂုဏ်ယူစွာပြုံးမိသည်။ မနက်ခင်းအစကို မင်္ဂလာရှိစေခဲ့၍လည်း ကျေးဇူးတင်နေမိသည်။
ကျွန်မတွေးမိသည်။ ထိုသို့သောသူများ များစွာရှိနေပါက ကားတိုးစီးရသည်ကိုပင် ဒုက္ခဟု သတ်မှတ်မိမည် မထင်။ ။
ဆူးဧကရီ (ဆေးဘက်)
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ဒုတိယနှစ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
ကိဗ်တောင်း နိုဝင်ဘာ ၁၉
၂ဝ၁၇ခုနှစ် မေလတွင် တောင်အာဖရိကသည် ပထမဆုံးကိုယ်ပိုင်ဂြိုဟ်တုကို အာကာသထဲသို့လွှတ်တင်မည်ဖြစ်ကြောင်း သတင်း များတွင်ဖော်ပြသည်။ ယင်းအစီအစဉ်ကို STEM program မှကျောင်းသူများက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆယ်ကျော်သက်များဖြစ်သော်လည်း အသက် ၁၇ နှစ်အရွယ် ဘရစ်တနီ ဘူးလ်နှင့် အသက် ၁၆ နှစ်အရွယ် ဆီဆမ်မန်ဂွင် ချီဝါတို့တွင် ကြီးမားသောရည်မှန်းချက်များဖြစ်သည့် အာဖရိက၏ ပထမဆုံးကိုယ်ပိုင်ဂြိုဟ်တုကို အာကာသထဲသို့လွှတ်တင်ရန် ရည်ရွယ်ချက်များရှိကြောင်း သိရသည်။
 ထို့အပြင် ယင်းဂြိုဟ်တုသည် အာဖရိကတိုက်၏ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာလုံခြုံရေးနှင့်သက်ဆိုင်သော သတင်းအချက်အလက်များကို ရယူမည်ဖြစ်ကြောင်းသိရသည်။
 ယင်းဂြိုဟ်တုမှ သတင်းအချက်အလက်များကို တစ်နေ့လျှင်နှစ်ကြိမ်ရရှိမည်ဖြစ်ပြီး အာဖရိကတွင် ဖြစ်ပွားနေသော ဘေးဒုက္ခများမှ ကြိုတင်ကာကွယ်နိုင်ရုံသာမက အာဖရိကတွင်ရှိသော စိုက်ပျိုးမြေဧကများကိုရှာဖွေနိုင်မည် ဖြစ်ကာ ပြည်သူများအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
“The Road to Mandalay - မန္တလေးသို့ခရီးစဉ်” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးခဲ့သူ မြန်မာနိုင်ငံဖွား ထိုင်ဝမ်ရုပ်ရှင်ဒါရိုက်တာ မီဒီ ဇီး (Midi Z) ဟာ သောကြာနေ့က ပြင်သစ်နိုင်ငံမှာကျင်းပခဲ့တဲ့ ၃၆ ကြိမ်မြောက် Amiens နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဆု ရရှိခဲ့ပါတယ်။
"The Road to Mandalay" ရုပ်ရှင်ဇာတ်ကားဟာ - မြန်မာနိုင်ငံ ပြည်တွင်းစစ်ကနေ ထွက်ပြေး လာကြပြီး နောက် ထိုင်းနိုင်ငံမှာ ရပ်တည်နိုင်ဖို့ ကြိုးစားရုန်းကန်ကြရတဲ့ တရားမ၀င် ရွှေ့ပြောင်းလာသူ ၂ ဦးရဲ့ ဘ၀ကိုသရုပ်ဖော်ထားတဲ့ အချစ်ဇာတ်လမ်း ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ ဒါရိုက်တာ မီဒီ ဇီး (Midi Z) ရိုက်ကူးတဲ့ လေးကားမြောက် ရုပ်ရှင်ဖြစ်ပြီး၊ ထိုင်ဝမ်၊ တရုတ်၊ မြန်မာ၊ ပြင်သစ်နဲ့ ဂျာမနီ တို့ကနေ ဒီရုပ်ရှင်ကားကို ပူးပေါင်း ထုတ်လုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ စက်တင်ဘာလတုန်းက ၇၃ ကြိမ်မြောက် Venice နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလည်း FEDEORA အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို ရရှိခဲ့ပါတယ်။
သောကြာနေ့က ဆုကို လက်ခံရယူပြီးတဲ့နောက် - ၃၃ နှစ်အရွယ် ဒါရိုက်တာ Midi Z က ထိုင်ဝမ်ပြည်သူတွေ အပါအ၀င် ဒီရုပ်ရှင်ဇာတ်ကြောင်းကို အကြံပေးခဲ့သူ သူ့အမကြီးကို ကျေးဇူးတင်စကား ပြောကြားသွားခဲ့ပါတယ်။
၁၉၈၂ ခုနှစ်က မြန်မာနိုင်ငံမှာ မွေးဖွားခဲ့သူ ဒါရိုက်တာ Midi Z ဟာ ထိုင်ဝမ်မှာ ရုပ်ရှင်ပညာကို လေ့လာသင်ယူ ခဲ့ပြီး၊ ၂၀၀၆ ခုနှစ်မှာ ပထမဆုံး ဇာတ်ကားဖြစ်တဲ့ “Paloma Blanca” နဲ့ ဘွဲ့ရခဲ့တာ ဖြစ်ပါတယ်။ သူရိုက်ကူးတဲ့ “Return to Burma” မြန်မာပြည်သို့အပြန် ဇတ်ကားဟာလည်း တောင်ကိုရီးယား နိုင်ငံက Busan နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရဲ့ New Currents ကဏ္ဍမှာ ရွေးချယ်ခံခဲ့ရဖူးပါတယ်။
 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/
၁၀၅မိုင်တိုက်ပွဲ တပ်မတော်ဘက်အနေအထား ။  ဓါတ်ပုံ - SaiSai KhamKham
November 20, 2016/ KNG
ယနေ့မနက် ၂ နာရီခွဲမှ စပြီး ရှမ်းမြောက် မုံးကိုး နေရာအနှံမှာ အစိုးရတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တို့ကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။
အစိုးရဘက် တပ်မ ၉၉ အဖွဲ့များ ဖြစ်ပါတယ်။ အခုချိန်ထိ သေနတ်သံ မြည်နေဆဲ ဖြစ်တယ်။
တိုက်ပွဲ ကြောင့် ဒေသခံ ပြည်သူတွေ မည်သည့်အခြေအနေ ရှိနေကြောင်းကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။
လွန်ခဲ့တဲ့ အပတ်အတွင်းမှာဘဲ မုံးကိုး ဒေသကို တပ်မတော်က 'ညမထွက်ရ' အမိန့်ထုတ်ပြီး တစ်ပတ်ခန့် အုပ်ချုပ်ခဲ့ပြီး ဖြစ်တယ်။
ဒါ့အပြင် မုံးကိုးနဲ့ နယ်ခြား စည်းသာခြားတဲ့ တရုတ်ပြည် မန်ဟိုင်း က KIO ရုံး ၂ ခုကိုလည်း နိုဝင်ဘာ ၁၇ ရက်နေ့က တရုတ်အစိုးရ ညွန်ကြားချက်နဲ့ ရုပ်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။
Kachin News Group
https://www.facebook.com/theKachinNews
Breaking news 20-11-2016
ရှမ်းပြည်နယ် သိန်းနီ တံတား ယနေ့မနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခံရကြောင်း သိရပါတယ်။ ပေါက်ကဲမှုဟာ ပြင်းထန်ပြီး နေရာ အတော်များများက ကြားခဲ့ရကြောင်း တံတားနေရာမှာ တွင်းပေါက်ကြီးဖြစ်သွားခဲ့ပြီး လက်တန်းဘောင်တွေ ပျက်ဆီးသွားခဲ့ပါတယ်။
ဖြစ်ပွားတဲ့နေရာကို တပ်မတော်နဲ့  ရဲတပ်ဖွဲ့ ဝင်တွေ လာရောက်စစ်ဆေးနေကြ ပါတယ်။ ကားတစ်စီးပေါ်မှာ ဖေါက်ခွဲရေးပစ္စည်းတွေ တင်လာပြီး ပေါက်ခွဲလိုက် တာလို့  ပြောနေကြသလို ၊လမ်းဘေးကနေ ကား
အလာစောင့်ပြီး မိုင်းခွဲတာလို့ လည်း ဒေသခံတွေကပြောဆိုနေရပါတယ်။
သိန်းနီးဘက်အခြမ်းတံတားလက်ရန်းနှင့် ကွန်ကရစ်ကြမ်းခင်း ၆ ပေပတ် လည်ခန့်အပေါက် ဖြစ်သွားပြီး ယာဉ်ငယ်တစ်စီးပျက်စီး တယ် အခင်းဖြစ် တဲ့နေရာ သိန်းနီ တံတားကိုဖြတ်သန်းမယ့် ကားတန်းတွေ ပိတ်ဆို့ ရပ်တန့် နေကြတယ်လို့  အဆိုပါဒေသ ရောက်နေသူတွေ က ပြော ဆိုနေကြပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ယာဉ်ငယ်ကတော့ တစ်စစီလွှင့်ထွက်သွားခဲ့ပြီး ယာဉ်ပေါ်မှာ မည်သူတွေ ပါတယ် ထိခိုက်ဒဏ်ရာ ရတာတွေ အာဏာပိုင်တွေ ဘက်ကထုတ်ပြန်မယ်လို့ သိရပါတယ်။
Photo သိန္နီသူ/သားများ
Social Action for Women - SAW
ပြုံယမ်း နိုဝင်ဘာ ၁၉
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သည် ကာကွယ်ရေးတပ်ဖွဲ့၏ အမျိုးသမီး အမြောက်ပစ်ပြိုင်ပွဲကို ယနေ့စစ်ဆေးကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အမျိုးသမီး အမြောက်ပစ်တပ်ဖွဲ့၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရန် ရည်ရွယ်ပြီး ပြိုင်ပွဲကျင်းပမည့်ရက်ကို ကြိုတင်ပြောဆိုခြင်းမရှိဘဲ ယခုအမြောက်ပစ်ပြိုင်ပွဲကို ခေါင်းဆောင်ကင်ဂျုံအန်က ရုတ်တရက် ကျင်းပရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (ကေစီအင်န်အေ)က ဆိုသည်။
အမျိုးသားညီညွတ်ပေါင်းစည်းခြင်းအတွက် စစ်သမီးများကို စနစ်တကျလေ့ကျင့် ပေးရခြင်း၏ အဓိကရည်ရွယ်ချက်အပါအဝင် အချိန်အခါမရွေးတိုက်ပွဲဝင်နိုင်ရန် အမျိုးသမီး အမြောက်တပ်၏ စွမ်းဆောင်ရည်ကို အရည်အချင်းမြင့်စေရန်အတွက် ပြိုင်ပွဲကျင်းပ ရခြင်းဖြစ်သည်ဟု ခေါင်းဆောင်ကင်ဂျုံအန်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ ပြိုင်ပွဲကျင်းပပြီးနောက် အမြောက်တပ်အားလုံးအနေဖြင့် စစ်မြေပြင်အတွက် အသင့်အနေအထားတွင်ရှိစေရန် လေ့ကျင့်ထားရန်လိုအပ်ကြောင်း ကင်ဂျုံအန် က ပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ။
The Mirror Daily
https://www.facebook.com/TheMirrorDaily/
တွံတေးမြို့နယ်မှာ နေထိုင်တဲ့ ကလေး (၃)ဦး ကို စိတ်လွတ်ပြီး သတ်ဖြတ်ခဲ့မိ ကြောင်း ပယောဂဆရာ က နိုဝင်ဘာလ (၁၈)ရက် သောကြာနေ့ တရားရုံး ကြားနာမှုမှာ ၀န်ခံ ပြောကြားခဲ့ပါတယ်။
အသက် (၃၂)နှစ်အရွယ် ပယောဂဆရာထွန်းနိုင်ကို လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု၊ နာကျင်စေမှု စတဲ့ ပုဒ်မတွေနဲ့ တွံတေးတရားရုံးမှာ ကြားနာစစ်ဆေးနေတာဖြစ်ပါတယ်။
အေပီသတင်းကို အခြေခံပြီး မအင်ကြင်းနိုင်က တင်ဆက်ထားပါတယ်။
VOA Burmese News
https://www.facebook.com/VoA.Burmese.News
ဒေါ်နယ်ထရမ့်ရဲ့ အံ့အားသင့်စရာအောင်မြင်မှုကို ၀ါဒဖြန့်လက်နက်တစ်ခုအဖြစ် အသုံးချသွားဖို့ စီစဉ်နေပါတယ်။
ကဘူး၊ ကိုင်ရို၊ နိုဝင်ဘာ ၁၄ – အာဖဂန် နစ္စတန်ကနေ အယ်ဂျီးရီးယားအထိ နေရာအနှံ့မှာရှိနေတဲ့ ဂျီဟတ်တွေဟာ တိုက်ပွဲဝင်တိုက်ခိုက်ရေးသမားအသစ်တွေကို စုဆောင်းရာမှာ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန် သမ္မတ အဖြစ်ရွေးကောက်ခံရတဲ့ အံ့အားသင့်စရာ အောင်မြင်မှုကို ဝါဒဖြန့်လက်နက်တစ်ခုအဖြစ် အသုံးချသွားဖို့ စီစဉ်နေပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ မွတ်စလင် ဆန့်ကျင်တဲ့လေသံတွေ၊ သာဓကအနေနဲ့ အမေရိကန် နိုင်ငံအတွင်း မွတ်စလင်တွေဝင်ရောက်တာကို လုံးဝ ပိတ်သိမ်းပစ်ဖို့တောင်းဆိုထားတာ တွေဟာ သူတို့ရဲ့လူသစ်စုဆောင်းမှုကြိုးပမ်းချက်တွေ၊ အထူးသဖြင့် အနောက်နိုင်ငံတွေက ဘဝင်မကျဖြစ်နေတဲ့ လူငယ်တွေကို စုဆောင်းရာမှာ ပိုပြီးတော့အဆင်ပြေသွားစေတယ်လို့ တာလီဘန်တပ်မှူးတွေနဲ့ အိုင်အက်စ် ထောက်ခံသူတွေက ပြောပါတယ်။
ဒီလူက တကယ့်ကို အရူးတစ်ယောက်ပဲ၊ သူ့ရဲ့ မွတ်စလင်မုန်းတီး ရေးစကားတွေက ကျွန်တော်တို့အတွက်တော့ လူထောင်ပေါင်းများစွာကို စုဆောင်းနိုင်မှာဖြစ်လို့ အလုပ်ပို လွယ်သွားစေတယ်လို့ အာဖဂန်နစ္စတန်က အိုင်အက်စ်ထိပ်တန်းတပ်မှူးတစ်ဦးဖြစ်တဲ့ အဘူ အိုမာခိုရာစန်နီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ထရမ့်ဟာ သူ့ရဲ့မဲဆွယ်လှုပ်ရှားမှုတွေမှာ စစ်သွေးကြွအဖွဲ့တွေအပေါ်ပြင်းပြင်းထန်ထန် ပြောကြားခဲ့ပြီး စစ်အေးတိုက်ပွဲတုန်းက အောင်နိုင်ခဲ့သလိုမျိုး အိုင်အက်စ်အကြမ်းဖက် သမားတွေကိုလည်း ချေမှုန်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ဒါပေမဲ့ သူဟာနောက်ပိုင်းမှာတော့ မွတ်စလင်တွေအားလုံးဝင်ရောက်ခွင့် လုံးဝပိတ်သိမ်းဖို့ သူ့ရဲ့တောင်းဆိုချက်ကို လျှော့ချလိုက်ပြီး အကြမ်းဖက်သမားတွေ ပို့ဆောင်နေတဲ့ သမိုင်းကြောင်းရှိတဲ့ တိုင်းပြည်တွေက မွတ်စလင်တွေကိုပဲ ပြည်ဝင်ခွင့် ယာယီရပ်ဆိုင်းသွား မယ်ဆိုပြီး ပြောပါတယ်။
ဒါပေမဲ့ အိုင်အက်စ်၊ တာလီဘန်နဲ့ အယ်လ်ကိုင်းဒါးအပါအဝင် ပုန်ကန်ထကြွတဲ့အဖွဲ့ အမျိုးမျိုးအပေါ်ချေမှုန်းမယ့် သူ့ရဲ့အစီအစဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအမြင်အတိမ် အနက်ကိုဖော်ပြမယ့် အသေးစိတ်အချက်အလက်တွေ ကိုတော့ မပြောကြားခဲ့ပါဘူး။
အမေရိကန်ပြည်ထောင်စုဟာ ဇွန်လက အော်လန်ဒို နိုက်ကလပ်တစ်ခုကို အိုင်အက်စ်ကို သစ္စာခံထားတဲ့ သေနတ်သမားရဲ့ တိုက်ခိုက်မှုအပါအဝင် အိုင်အက်စ်စစ် သွေးကြွအဖွဲ့တွေကို အထင်ကြီးအားကျတဲ့ လက်တစ်ဆုပ်စာ မျှရှိတဲ့ တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီးဖြစ်ပါတယ်။
အမေရိကန် အရာရှိတွေကလည်း တကယ်လို့ အိုင်အက်စ်ကိုထောက်ခံသူတွေဟာ အရှေ့အလယ်ပိုင်းမှာ ပူးပေါင်းတိုက်ခိုက်မယ့်အစား ပြည်တွင်းမှာပဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့တိုက်တွန်းခံရမယ်ဆိုရင်အလားတူ တိုက်ခိုက်မှုတွေပိုပြီး မြင့်တက်လာ ဖွယ်ရှိနေတယ်လို့ သတိပေးထားပါတယ်။
ကျွန်တော်တို့ ခေါင်းဆောင်တွေဟာ အမေရိကန်ရွေးကောက်ပွဲနောက်ကို အနီးကပ် စောင့်ကြည့်နေကြပါတယ်၊ ပြီးတော့ အမေရိကန်နိုင်ငံသားတွေဟာ သူတို့သေတွင်း သူတို့တူးမယ်လို့ မမျှော်လင့်မိဘူး၊ အခုတော့ သူတို့က တကယ်ပဲ ကိုယ်သေတွင်း ကိုယ်တူးလိုက်ကြတာပဲလို့ အိုင်အက်စ်ရဲ့ ခိုရာစန်နီက ပြောပါတယ်။ သူကသမ္မတ ဘာရက်အိုဘားမားဟာ အလယ် အလတ်သဘောထားရှိတဲ့ မိစ္ဆာတစ်ဦးဖြစ်ပြီး ထရမ့်ထက်စာရင် ဦးနှောက် နည်းနည်းပိုကောင်းသူ အဖြစ်ရည်ညွှန်းဆိုပါတယ်။
စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအပြီး ၁၅ နှစ်ကြော်ကြာ ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ အယ်လ်ကိုင်း ဒါးကတော့ ထရမ့်ရဲ့ အောင်မြင်မှုနဲ့ပတ်သက်ပြီး မှတ်ချက်ပေးပြောကြားတာမျိုးမရှိသေးပါဘူး။ဆွန်နီဂျီဟတ်တွေရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး အီရတ်အစိုးရအကြံပေး ဟီရှမ်အယ်လ် ဟာရှီးမီကလည်း သည်စစ်သွေးကြွအဖွဲ့ဟာ ထရမ့်ရဲ့ပထမဆုံး သမ္မတမိန့်ခွန်းပြောကြား ပြီးနောက်မှပဲတုံ့ပြန်သွားဖွယ်ရှိပြီး သူ့ရဲ့ပြောကြားချက်တွေအပေါ်အမြတ်ထုတ်အောင်ပွဲခံသွား ဖွယ်ရှိတယ်လို့ ပြောပါတယ်။
ဝါဒဖြန့် ကိရိယာတစ်ခု
သည်စစ်သွေးကြွတွေရဲ့ ကြေညာချက်တွေနဲ့ပတ်သက်ပြီးတော့ မှတ်ချက်စကားပြောဖို့ တောင်းဆိုထားတဲ့ အပေါ်ထရမ့်ရဲ့ရုံးကတော့ အကြောင်းမပြန်သေးပါဘူး။ တကယ်လို့ ထရမ့်ဟာ ဇန်နဝါရီလမှာ သမ္မတအဖြစ် တာဝန် ထမ်းဆောင်ချိန်မှာ သူ့ရဲ့ မွတ်စလင်ဆန့်ကျင်တဲ့ လေသံကို လျှော့ချလိုက်မယ်ဆိုရင်တောင်မှ မဲဆွယ်လှုပ်ရှား မှုအတွင်း သူပြောကြားထားတာတွေကပဲ စစ်သွေးကြွတွေရဲ့ဝါဒဖြန့်လက်နက်တစ်ခု အဖြစ် လုံလောက်နေပြီလို့ လေ့လာဆန်းစစ်သူတွေကပြောပါတယ်။
သူဟာ ရွေးကောက်ပွဲမဲဆွယ်တုန်းက ပြောခဲ့တဲ့အတိုင်းလုပ်ခဲ့မယ်ဆိုရင်တော့ ဒါဟာ ကမ္ဘာအနှံ့မှာရှိတဲ့ မွတ်စလင်အသိုင်းအဝိုင်းကို ဆွပေးလိုက်သလိုဖြစ်သွားနိုင်ပြီး ဂျီဟတ်အဖွဲ့အစည်းတွေကလဲ ဒါကိုအမြတ်ထုတ်သွား လိမ့်မယ်ဆိုတာ ကျွန်တော်သေချာပေါက်ပြောရဲတယ်လို့ အာဖဂန်က အကြီးတန်းတာလီဘန်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
ထရမ့်အောင်ပွဲခံပြီး မကြာမီမှာပဲ ဂျီဟတ်တွေကို အားပေးထောက်ခံတဲ့ လူပေါင်းများစွာဟာ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ဒါဟာ သူတို့အတွက်အခွင့်အရေးတစ်ရပ်ပဲဖြစ်တယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။
Author – ချိုလေးငယ်
[ref: Reuters, Nov 14,2016.]
Kumudra
အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ရာထူး ကို မစ် ရွမ်မ်နီ ကို လျာထား တဲ့ အတွက် အခုလို တွေ့ ဆုံ တာ ဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြ
၂၀၁၂ ခုနှစ် တုန်း က ရီပတ် ဘလီကန် ပါတီ သမ္မတလောင်း အဖြစ် ရွေးကောက်ပွဲ ဝင်ပြိုင် ခဲ့ဖူးတဲ့ မစ် ရွမ်နီ နဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာ အနိုင် ရရှိ ထားတဲ့ ဒေါ်နယ် ထရမ့် တို့ တွေ့ ဆုံ ခဲ့ကြပါတယ်။
ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး စဉ် ကာလတွေ မှာတုန်း က ဒေါ်နယ် ထရမ့် ဟာ လူလိမ် လူညာ တစ်ယောက် လို့ မစ္စတာ ရွမ်မ်နီ က ပြောဆို ခဲ့ဖူး ပါတယ်။
အခုတော့ သူတို့ နှစ်ယောက် တွေ့ဆုံမှု အပြီး မှာတော့ အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ရာထူး ကို မစ် ရွမ်မ်နီ ကို လျာထား တဲ့ အတွက် အခုလို တွေ့ ဆုံ တာ ဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြနေပါတယ်။
သူတို့ နှစ်ဦး တွေ့ဆုံမှု ပြီးလို့ ပြန်ထွက် လာရာမှာ သတင်းထောက် တွေက တစ်ခုခု ကြေညာဖို့ ရှိ မရှိ မေးမြန်း ခဲ့ရာမှာ စောင့်ကြည့် ကြဖို့ ဒေါ်နယ် ထရမ့် က သတင်းထောက် တွေ ကို ပြန်လည် ပြောကြား ခဲ့ပါတယ်။
ဒေါ်နယ် ထရမ့်က သူ့ ရဲ့ အစိုးရ အဖွဲ့ ဝင်တွေကို ရွေးချယ် ရာမှာ သူနဲ့ အရင်တုန်း က ကတောက်ကဆ ဖြစ်ခဲ့ဖူးသူ၊ နောက်ပြီး လူဝင်မှု ကြီးကြပ်ရေး နဲ့ပတ်သက်လို့ တင်းတင်း ကျပ်ကျပ် ကိုင်တွယ် လိုသူ စတဲ့ အငြင်းပွားဖွယ်ရာ လူအချို့ ကို ခန့်ထား ဖို့ ရည်ရွယ်နေတာ ကို တွေ့ရ ပါတယ်။
BBC Burmese
ဒုတိယ သမ္မတ ကို ပရိသတ်တွေက လှောင်ပြောင် အော်ဟစ် ခဲ့
အမေရိကန် ရွေးကောက်ခံ ဒုတိယ သမ္မတ မိုက်ပန့်စ် ဟာ သောကြာ နေ့ က ကပွဲ ရုံ မှာ ပွဲကြည့် ပရိသတ် တွေရဲ့ လှောင်ပြောင်မှု ကို ခံခဲ့ရ ပြီး နောက်၊ ပြဇာတ် သရုပ်ဆောင် တွေ အနေနဲ့ မိုက်ပန့်စ် ကို ပြန်လည် တောင်းပန် ဖို့ ဒေါ်နယ် ထရမ့် က တောင်းဆို လိုက်ပါတယ်။
နယူးယောက် မြို့က ကပွဲရုံမှာ အမေရိကန် နိုင်ငံ ကို တည်ထောင် ခဲ့သူ အလက်ဇန်းဒါး ဟာမီတန် ရဲ့ အကြောင်း ကို ကပြ ဖျော်ဖြေတဲ့ ပြဇာတ်မှာ ပွဲ လာကြည့် တဲ့ ဒုတိယ သမ္မတ ကို ပရိသတ်တွေက လှောင်ပြောင် အော်ဟစ် ခဲ့တာ ဖြစ်ပါတယ်။
ပြဇာတ် ပြီးသွားတဲ့ အခါ သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ ဘရန်ဒန် ဗစ်တာ ဒစ်ဆင် က ကျေးဇူးတင် စကား ပြောကြားရာမှာတော့ အမေရိကန် နိုင်ငံက ကွဲပြားခြားနားတဲ့ လူ့ အသိုင်း အဝိုင်း ကို ဒေါ်နယ် ထရမ့် အစိုးရ က ကာကွယ် ပေး နိုင်မှာ မဟုတ် လို့ စိုးရိမ် သောက ရောက်နေရကြောင်း ဒုတိယ သမ္မတ ဆီကို ရည်ရွယ်ပြီး ရေး ထားတဲ့ စာကို ဖတ်ကြား သွား ခဲ့ပါတယ်။
ပြဇာတ် ရုံ က လုံခြုံ စိတ်ချ ရတဲ့ အနေအထား မျိုးမှာ ရှိ သင့် ကြောင်း ဒေါ်နယ် ထရမ့်က သူ့ရဲ့ twitter မှာ ရေးသား ဖော်ပြ ခဲ့ပါတယ်။ ပြီးတော့ အခု လုပ်ရပ်ဟာ အင်မတန်ရိုင်းတယ်လို့လည်း သူက ရေးသား ခဲ့ပါတယ်။
သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ ဘရန်ဒန် ဗစ်တာ ဒစ်ဆင် ကတော့ သမ္မတ ကို စကားပြောကြားခဲ့တာ သာဖြစ်ပြီး အနှောင့်အယှက် ပေးတာ မဟုတ်ဘူးလို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။
BBC Burmese
လောက၌ လူမိုက်တို့သည် ငါတို့သေကြလိမ့်မည်ဟုမသိကြကုန်၊ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်းနိုင်ကုန်။ ဤလောက၌ ပညာရှိသူတို့သည် ငါတို့သေကြလိမ့်မည်ဟုသိကြကုန်၏၊ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။ (မြတ်ဗုဒ္ဓ)
မိမိတို့နိုင်ငံရဲ့အပြောင်းလဲကြီးတခုဖြစ်တဲ့ အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့တာ အခုဆိုရင် တနှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကြီးမတိုင်ခင်က လက်ရှိအစိုးရနဲ့ အတိုက်အခံပါတီ၊ လက်ရှိအစိုးရကိုထောက်ခံသူ ပြည်သူတွေနဲ့ အတိုက်အခံပါတီကိုထောက်ခံသူ ပြည်သူတွေ၊ လက်ရှိ အစိုးရကိုထောက်ခံသူ ရဟန်းသံဃာတွေနဲ့ အတိုက်အခံပါတီကို ထောက်ခံသူ ရဟန်းသံဃာတွေဆိုပြီး ဆန့်ကျင်ဘက်အကွဲအပြဲတွေ မြောက်မြားစွာဖြစ်ပေါ်ခဲ့ပါတယ်။
ဒီအကွဲအပြဲတွေကိုအကြောင်းပြုပြီး အသက်စတေးခဲ့ရသူတွေ၊ ဘ၀ပျက်သွားခဲ့သူတွေ၊ ထောင်နန်းစံခဲ့ရ သူတွေ၊ တိုင်းပြည်ကနေ ထွက်ပြေးခဲ့ရသူတွေ စသည်ဖြင့် အများကြီးကြုံတွေ့ခဲ့ကြရပါတယ်။ ဒါ့အပြင်အမြင် မတူတာတွေ၊ ရပ်တည်ချက်မတူတာတွေ၊ ခံယူချက်မတူတာတွေကြောင့် တဖက်နှင့်တဖက်ယုတ်မာကြ၊ ကောက်ကျစ်ကြ၊ အနိုင်ရယူလိုမှုကို ရှေ့တန်းတင်ပြီး မတရားမှုတွေပြုမိကြပါတယ်။ အဆိုးဆုံးအရာကတော့ ရတနာသုံးပါးမှာ တပါးအပါအ၀င်ဖြစ်တဲ့ ရဟန်းသံဃာတွေကို ဆဲကြဆိုကြ၊ ဒုက္ခရောက်အောင် ကုန်းချောကြ တဲ့အထိ မောဟတရားတွေဖုံးလွှမ်းပြီး ကျူးလွန်မိခဲ့ကြပါတယ်။ မိမိတို့နိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူတွေ အများစုဖြစ်တာကြောင့် ကံ၊ ကံ ၏အကျိုးကို အပြည့်အ၀ယုံကြည်ကြသူတွေပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် မိမိတို့ရဲ့ အကျိုးရရှိရေးကိုသာ ဦးတည်ပြီး မမှန်ကန်တဲ့နည်းလမ်းတွေ၊ မပြောသင့်၊ မလုပ်သင့်တာတွေကို ပြုလုပ်မိသူတွေဟာ အနာဂတ်ဘ၀အတွက် မလှပနိုင်သလို ပစ္စုပ္ပန်ဘ၀မှာလည်း အမည်း ရောင်ပုံရိပ်တွေသာ လွှမ်းမိုးထားပါလိမ့်မယ်။
ဒီလိုအပြုအမူတွေဟာ ရွေးကောက်ပွဲကာလအတွင်းမှာသာ တဖက်နဲ့တဖက် အာဏာရရှိရေးအတွက် ကြိုးပမ်းရင်း ပြုမူမိခဲ့ကြတာမဟုတ်ပါဘူး။ ရွေးကောက်ပွဲပြီးလို့ တနှစ်မြောက်တဲ့ ယနေ့အချိန်ထိ ဒီလိုအလားတူ လွန်ကျူးမှုတွေဟာ မရပ်မနား တည်တံ့နေပါသေးတယ်။ လောကီ လူ့ဘောင်က လူပုဂ္ဂိုလ်တွေအတွက် ဒီလိုကိစ္စတွေဟာ မထူးဆန်းပေမယ့် ဦးပြည်းကတုံးတုံးထားပြီး လူ့ဘောင်လောကကိုစွန့်ခွာခဲ့သူ ရှင်ရဟန်းတွေ အနေနဲ့ ပါတီစွဲအာဏာစွဲတွေကြောင့် ဂိုဏ်းကွဲကုန်တာတော့စိတ်မကောင်းစရာပါပဲ။ အချို့သောရှင်ရဟန်းတွေဟာ လူ့ဘောင်ကိစ္စတွေကို ၀င်ရောက်စွက်ဖက်ရင်း လူပုဂ္ဂိုလ်တွေနဲ့ မထူးမခြားနားအပြုအမူတွေ အပြောအဆိုတွေကို ပြောင်ပြောင်တင်းတင်းပြုလုပ်လျက်ရှိပါတယ်။ ဒါတွေကြောင့်ပဲ လူပုဂ္ဂိုလ်တို့ရဲ့လေးစားကြည်ညိုမှုကိုခံရခြင်းမှ လျော့ပါးလာခဲ့ကြသလို သီတင်းသုံးဖော် အချင်းချင်းတို့ရဲ့ ကြည်ညိုမှုများကို မရရှိတော့ပါဘူး။
ခေတ်မီနေတဲ့ ယနေ့ခေတ်ကြီးမှာ လူတိုင်း၊ ရှင်ရဟန်းတိုင်း အားလုံးနီးပါးဟာ ကိုယ်စီကိုယ်စီ စမတ်ဖုန်းတလုံးနဲ့ လူမှုရေးကွန်ရက် အကောင့်တခုစီရှိကြပါတယ်။ ဒီလူမှုရေးကွန်ရက်ကိုအခြေပြုပြီး နိုင်ငံရေးတွေ၊ ဘာသာ ရေးတွေ၊ လူမျိုးရေးတွေ ဆူဆူပူပူဖြစ်အောင်ပြုလုပ်သူတွေလည်း ဒုနဲ့ဒေးရှိနေပါတယ်။ သတင်းတခု ပြဿနာတခုကို မူလအရင်းအမြစ်ထိ လိုက်လံစုံစမ်းစစ်ဆေးလေ့လာခြင်းမရှိဘဲ မိမိတို့အမြင် မိမိတို့စိတ်ခံစားမှုပေါ် အခြေပြုပြီး ငြင်းခုံကြရင်းဆူပူအောင် ပြုလုပ်မိသူတွေလည်း အများကြီးပါ။ ဒီလိုလူတွေကြောင့်ပဲ တိုင်းပြည်မှာအကွဲအပြဲတွေနဲ့သာ ပြည့်နှက်နေပြီး စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး အစရှိတာ အရာရာနောက်ကောက်ကျပြီး ရှေ့မတိုးနိုင်ဘဲ ဖြစ်နေရပါတယ်။
ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းထားတာ နုနယ်သေးတဲ့ မိမိတို့နိုင်ငံဟာ အမြန်ဆုံးတည်ငြိမ်အေးချမ်းမှုကို ရရှိဖို့မလွယ်ကူတာမှန်ပေမယ့် နိုင်ငံခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များက စွမ်းနိုင်သမျှ တည်ငြိမ် အေးချမ်းတဲ့နိုင်ငံတခုဖြစ်လာဖို့ စုပေါင်းပြီးနည်းအမျိုးမျိုးနဲ့ကြိုးစားနေကြတာ အားလုံးအသိပဲ ဖြစ်ပါလိမ့်မယ်။ သို့သော် တိုင်းပြည်အတွင်းမှာ ဆူပူမှုတွေက များလွန်းနေသေးတော့ ထင်ထားသလောက် ဖြစ်မလာ သေးဘူးလို့ဆိုနိုင်ပါတယ်။ ဒီလိုသာဆူပူမှုတွေ၊ အကြမ်းဖက်မှုတွေ၊ ဆန္ဒထုတ်ဖော်မှုတွေ၊ ငြင်းခုံမှုတွေနှင့် နေ့တိုင်းလိုလိုဖြေရှင်းပေးနေရမယ်ဆိုရင် အိမ်နီးနားချင်းနိုင်ငံတွေရဲ့ စီးပွားဖွံ့ဖြိုးမှု အနေအထားမျိုးကို အမီလိုက်နိုင်ဖို့ဆိုတာ မလွယ်ကူသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကိုပျက်ပြားစေနိုင်တဲ့ ငြင်းခုံမှု၊ ဆန္ဒထုတ်ဖော်မှုအကွဲအပြဲတွေက နိုင်ငံနှင့်မမျှအောင်များပြားနေတဲ့အတွက် ပြည်ပက စီးပွားရေးရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်တွေဟာ ဒီလိုနိုင်ငံ မျိုးကို ရွေးချယ်လိုစိတ် နည်းပါးသွားမယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါ။
တိုင်းပြည်ရဲ့တည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီးအမြင်မတူတာတွေ ဘေးဖယ်ထားကာ၊ အမြင်တူတာ တွေနှင့်စုပေါင်းပြီး တိုင်းပြည်အတွက် အလုပ်လုပ်ကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မကြာခဏပြောကြား လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီသက်တမ်းနုနယ်လွန်းနေတော့ မိမိတို့ ပြည်သူတွေရဲ့ နှလုံးသားဟာ အမြင် မတူတာတွေကို ဘေးဖယ်ထားပြီး အမြင်တူတာတွေကို စုပေါင်းလုပ်နိုင်တဲ့ခွန်အားတွေ သိပ်မရှိလှသေးပါဘူး။ ဒါကြောင့်လည်း ယနေ့အချိန်ထိ ငြင်းခုံမှုတွေ၊ တိုင်းရင်းသားအချင်းချင်းတိုက်ခိုက်မှုတွေ စွဲစွဲမြဲမြဲပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ အဲဒီအတွက် အခုချိန်မှာ အဖြစ်သင့်ဆုံးက မိမိတို့တိုင်းပြည်ဟာ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေချိန်ဖြစ်လို့ ပြည်သူတွေအနေနဲ့ အရာရာကိုရယူဖို့ထက် ပေးဆပ်ဖို့ကို များများစဉ်းစားပေးရမယ့် အချိန်အခါဖြစ်တယ်လို့ အကြံပြုလိုပါတယ်။
နိုင်ငံရေး၊ ဘာသာရေးလုပ်နေတဲ့ သူတွေထဲမှာကိုယ့်ဆန္ဒ၊ ကိုယ့်အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ပြီး ပြောနေသူ၊ ဆောင်ရွက်နေသူများ ရှိနိုင်သလို ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားများကို ရှေ့တန်းတင်ပြီး တိုင်းပြည်အကျိုး၊ ဘာသာသာသနာအကျိုးကို ဆောင်ရွက်နေသူများလည်း ရှိနိုင်ပါတယ်။ ဘယ်လိုပုဂ္ဂိုလ်မျိုးပဲဖြစ်ဖြစ် မိမိတို့ဟာ ပုထုဇဉ် လူသားတွေပီပီ ကိုယ်ပြောသမျှ၊ လုပ်သမျှကိုသာ မှန်တယ်လို့ယူဆတတ်ကြပါတယ်။ တကယ်တော့ မိမိတို့ယုံကြည်ထားတဲ့ အသိအမြင်တွေဟာ မှန်တာတွေ ရှိနိုင်သလို၊ မှားတာတွေလည်း ရှိနိုင်ပါတယ်။ ကိုယ်သိထားတဲ့အရာတိုင်းကို အမှန်တွေချည်းလို့ယူဆထားပြီး ငါတကောကောနေမယ်ဆိုရင် ဆန့်ကျင်ဘက်သူများနှင့် ဘယ်လိုမှ အဆင်မပြေနိုင်သလို၊ အကွဲ အပြဲရလဒ်တွေ သာ ခံစားကြရမှာ ဖြစ်ပါတယ်။
မိမိတို့ရဲ့ အတ္တကိုယ်စီကိုအခြေခံပြီး ပြောဆို၊ ပြုလုပ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဒီအကွဲအပြဲတွေကို ပြန်လည်စုစည်းဖို့ဆိုရင် တခါတုန်းက ဓမ္မဘေရီဆရာတော်အရှင်ဝီရိယ(တောင်စွန်း) ပြောခဲ့ဖူးသလို သီလဟု ခေါ်တဲ့အကျင့်တွေကို ပြောင်းလဲရပါမယ်။ မြတ်စွာဘုရားက ဓမ္မဘက်တော်သားပီပီသီလ(အကျင့်)တွေကို ပြောင်းရမယ်ဆိုတဲ့ မိန့်ဆိုချက်ကို ပမာပြုပြီး လောကီနယ်ပယ်သား ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည် တိုးတက်ညီညွတ်ပြောင်းလဲရေးကို ရှေးရှုကာ ''ခင်ဗျားတို့ သောက်ကျင့်တွေကို ပြောင်းပစ်ရမယ်''လို့ အားမလို အားမရပြောခဲ့ဖူးပါတယ်။ ဒါကြောင့် မိမိတို့တွေဟာ စာရိတ္တမဏ္ဍိုင်ဖြစ်တဲ့ ကိုယ်ကျင့်သီလကို အတတ်နိုင်ဆုံး ပြုပြင်ကြဖို့လိုအပ်ပါတယ်။ ဒီကိုယ်ကျင့်သီလကောင်းမှသာ တဖက်နဲ့ တဖက် ယုံကြည်လေးစားမှုတွေ ရရှိကြမှာ ဖြစ်ပါတယ်။
ဒုတိယပြောင်းလဲရမယ့်အရာက သမာဓိလို့ခေါ်တဲ့ စိတ်ဓာတ်တွေပဲ ဖြစ်ပါတယ်။ ကိုယ်ကျိုးသက်သက်ကို ကြည့်သောအတ္တဖက်သည့်စိတ် ဓာတ်များနေရာမှာ အများအကျိုး၊ ပြည်သူ့အကျိုးကိုကြည့်သောစိတ်ဓာတ် များနှင့် အစားထိုးပြောင်းလဲရပါမယ်။ စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေးဟာ လောကုတ္တရာရေးမှာသာမက လောကီရေးမှာလည်း အင်မတန် အရေးပါလှပါတယ်။ မိမိတို့ရဲ့စိတ်ဓာတ်တွေဖြူစင်နေမှသာ အရာရာကို သည်းခံတတ်ပြီး ခွင့်လွှတ်ခြင်းဖြင့် ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တတိယ ပြောင်းလဲရမယ့်အရာဟာ ပညာလို့ခေါ်တဲ့ အသိဥာဏ်ဆင်ခြင်တုံတရားပဲ ဖြစ်ပါတယ်။ ဒီအသိဥာဏ်ဆင်ခြင်တုံတရားကို လက်ကိုင်မထားဘူးဆိုရင် မိမိတို့ရဲ့အတွေး၊ အကြံ၊ အယူတွေဟာ မှားယွင်း နေပြီး ပြောသမျှ၊ ပြုသမျှ အကျိုးမဲ့တွေသာ ဖြစ်ကုန်ပါလိမ့်မယ်။
တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ်ရရှိဖို့ ဒီသီလ၊ သမာဓိ၊ ပညာဆိုတဲ့ အခြေခံ အုတ်မြစ်တရားသုံးပါးကို ခိုင်မြဲအောင်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီတရားသုံးပါး မိမိတို့ရဲ့သဏ္ဌာန်မှာ အမြဲမပြတ် ကိန်းအောင်းနေပြီဆိုရင် ယခုလိုအကွဲအပြဲတွေ၊ ငြင်းခုံမှုတွေ၊ ဆန္ဒပြမှုတွေ လျော့ပါးလာလိမ့်ပါမယ်။ ဒီလိုဝိ၀ါဒ ကွဲပြားမှုတွေ လျော့နည်းလာပြီဆိုတာနဲ့တပြိုင်နက် မိမိတို့တိုင်းပြည်ဟာ အများနည်းတူ အရာရာမှာ တိုးတက် ကောင်းမွန်လာမှာ မြေကြီးလက်ခတ် မလွဲပါဘူး။ ယခုလက်ရှိဖြစ်နေတဲ့ လူမျိုးစုပြဿနာများ၊ ဘာသာရေး အသွင်ဆောင်နေတဲ့ လူမှုရေးပြဿနာများ၊ နိုင်ငံရေးပြဿနာများဟာ ပြည်တွင်းမှာရှိနေကြတဲ့ မိမိတို့အချင်းချင်း မညီညွတ်မှုများ၊ သဘောထားကွဲလွဲမှုများကြောင့် ဖြစ်နေရတာပါ။ အချို့ကိစ္စများမှာတော့ ပြည်ပ ပယောဂတွေ၊ ပြည်ပကျောထောက်နောက်ခံရှိတဲ့ အသင်းအဖွဲ့တွေကြောင့်လို့ ကောက်ချက်ချနိုင်ပါတယ်။
အမြင်မတူမှုတွေ၊ အတွေးမတူမှုတွေကြောင့် မိမိတို့ကြားမှာ အချင်းချင်းအပြန်အလှန် ပုတ်ခတ်ပြောဆိုနေကြ ခြင်းဟာ သည်းခံမှု တရား၊ နားလည်မှုတရား၊ ယုံကြည်မှုတရားတွေ အားနည်းချို့တဲ့နေလို့ပဲ ဖြစ်ပါတယ်။ တဦးကိုတဦးအထင်နဲ့ ပြောဆိုခြင်းဆိုတာ တခါတရံမှာ သူတပါးရဲ့ အကျိုးမဲ့တွေ ဖြစ်သွားနိုင်သလို၊ တခါတရံမှာ မိမိကိုယ်ရော သူတပါးကိုပါ ထိခိုက်သွားနိုင်ပါတယ်။ ဥပမာပြရရင် လူမှုရေးကွန်ရက်ပေါ်မှာ စည်းမရှိ၊ ကမ်းမရှိ ရေးချင်ရာရေး၊ ပြောချင်ရာပြောလို့ ဆက်သွယ်ရေးပုဒ်မနှင့်ငြိပြီး ဒုက္ခရောက်သွားသူတွေ အများကြီးရှိပါတယ်။ ဒါဟာ ဘာမဟုတ်တဲ့ ၀ိဝါဒကွဲပြားမှုကိုအခြေခံပြီး အပြောအဆို၊ အပြုအမူတွေ စည်းမစောင့်မိလို့ ရရှိလာတဲ့ မကောင်းတဲ့အကျိုးရလဒ်တွေပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်ပြောရရင် အရာရာတိုင်းမှာအားနည်းချက်၊ အားသာချက်တွေရှိနေလို့ ခြားနားမှုများ၊ ကွဲပြားမှုများ ဆိုတာရှိနေမည်သာ ဖြစ်ပါတယ်။ ဒီကွဲပြား၊ ခြားနားမှုတွေကြောင့်ပဲ လူ့သဘာဝဖြစ်တဲ့အချင်းချင်း ပုတ်ခတ် ပြောဆိုခြင်းတွေ ဖြစ်ပေါ်လာရတာပါ။ ဒါကြောင့် ဒီကွဲပြား၊ ခြားနားမှုတွေဟာ ဆင်းရဲကိုတိုးပွားစေတယ်ဆိုတာ သိထားကြဖို့လိုအပ်ပါတယ်။ သိထားသလိုလည်း ညီညွတ်စွာပူးပေါင်းပြီး လုပ်ကိုင်ပြောဆိုတဲ့ နည်းလမ်းကို လိုက်နာကျင့်သုံးကြဖို့ လိုအပ်ပါသေးတယ်။ ယနေ့ မိမိတို့နိုင်ငံမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကို ပြုပြင်ပြောင်းလဲဖို့လိုလားနေကြပေမယ့်လည်း အချင်းချင်း အတိုင်အဖောက်မညီနိုင်ကြသေးလို့ ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေပါသေးတယ်။ ဒီမှောင်မိုက်နေတဲ့ အခြေအနေတွေကနေ ကျော်လွှားနိုင်ဖို့ မိမိတို့အားလုံး အကွဲအပြဲဇာတ်လမ်းတွေကိုတခန်းရပ်ဖို့ သင့်နေပြီဆိုတာ တိုင်းပြည်အကျိုးရှေးရှုလျက် ရေးသားအပ်ပါတယ်။
ဓမ္မသုတေသီ(မန္တလေး)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ပဋိပက္ခတွေ ဖြစ်ပျက် ခဲ့တဲ့ ရခိုင်ပြည်နယ် က အချို့ ဒေသ တွေကို လူသားချင်း စာနာမှု အကူအညီ ပေးဖို့ အဓိက အကြောင်းရင်း နဲ့ လာရောက်တာ ဖြစ်
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတက်ရေး ဗဟိုကော်မတီထဲမှာရှိတဲ့ ဒေသတွင်းပြန်လည် နေရာချထားရေးနဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ကယ်ဆယ်ရေးနဲ့ နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဟာ နိုင်ဝင်ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် မြို့တော်စစ်တွေကို ရောက်ရှိလာခဲ့ပါတယ်။
ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဟာ စစ်တွေမြို့ကို ရောက်ရှိလာပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ဆွေးနွေး ခဲ့ပါတယ်။
ဆွေးနွေးပွဲမှာတော့ ဒီနေ့ ရခိုင်ပြည်နယ်တွင်း လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ နဲ့ ဒေသ ဖွံ့ဖြိုးရေး နဲ့ဆက်စပ်နေတဲ့ ပညာရေး၊ စီးပွားရေးနဲ့ လမ်းပန်းဆက်သွယ်ရေး စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ပဋိပက္ခတွေ ဖြစ်ပျက် ခဲ့တဲ့ ရခိုင်ပြည်နယ် က အချို့ ဒေသ တွေကို လူသားချင်း စာနာမှု အကူအညီ ပေးဖို့ အဓိက အကြောင်းရင်း နဲ့ လာရောက်တာ ဖြစ်ကြောင်း ကယ်ဆယ်ရေးနဲ့ နေရာ ချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို ပြောပါတယ်။
ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဟာ မောင်တော ဒေသထိ သွားရောက်မယ့် ခရီးစဉ် ရှိတယ်လို့လဲသိရပါတယ်။
မောင်တောမြို့နယ် အတွင်းမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ အကူအညီတွေ ပေးအပ်နေရာမှာ တားမြစ်မှုတွေ ရှိနေတဲ့အတွက် လွတ်လပ်စွာ ရိက္ခာဖြန့်ဖြူးတဲ့ နေရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းအချို့ရဲ့ စွပ်စွဲမှုတွေ ထွက်နေတာ က ပဋိပက္ခ ဖြစ်ပွား ဒေသမှာ လုံခြုံရေး အားနည်း လို့ တားမြစ် ခဲ့ရတာ ဖြစ်ပေမယ့် အခုတော့ အကူအညီ ပေးဖို့ ခွင့်ပြု ထားတယ်လို့ ဝန်ကြီး က တုန့်ပြန် ပြောကြားပါတယ်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဆိုပြီး ဖွဲ့စည်းထားပေမယ့် ဒီကနေ့ထိ ရခိုင်ပြည်နယ် အတွင်းမှာ ပြောင်းလဲ တိုးတက်လာတာ မရှိသလို ပဋိပက္ခတွေသာ ပိုမိုပြင်းထန်လာတာကို တွေ့နေရပါတယ်။
တည်ငြိမ် အေးချမ်းရေး ကို ပျက်ပြား အောင် လုပ်ဆောင် နေတဲ့ ကိစ္စတွေ ရှိပြီး နှစ်ဘက် အသိုင်းအဝိုင်းကလည်း တည်ငြိမ်ရေး ကို ဉီးစားပေး ဆောင်ရွက်ဖို့ လိုတယ်လို့ ပြည်ထောင်စု ဝန်ကြီး က ပြောပါတယ်။
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်မှာတော့ စစ်ဆင်ရေးတွေ ဆက်လုပ်နေပြီး သွားလာရေးတွေ လည်း ပြတ်တောက်နေတဲ့ အတွက် ကျေးလက်တောရွာတွေမှာ နေထိုင်နေကြတဲ့ ပြည်သူအများစုကတော့ ရိက္ခာတွေ ပြတ်လပ်မှုတွေနဲ့ရင်ဆိုင်နေကြရသလို ကျန်းမာရေး စောင့်ရှောက်မှု မရရှိကြဘဲ ဖြစ်နေကြရတယ်လို့လဲ သိရှိရပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဒေါက်တာ ထွန်းဝင်းအား ရန်ကုန်လေဆိပ်မှာ စိုက်ပျိုးရေးဘွဲ.ရများအသင်း(ရန်ကုန်)က ကြိုဆိုနှုတ်ဆက်နေကြစဉ် (နိုဝင်ဘာလ ၁၉ ရက်) ဓါတ်ပုံ- စိုက်ပျိုးရေးဘွဲ.ရများအသင်း(ရန်ကုန်)
ဒေါက်တာ ထွန်းဝင်းအား ရန်ကုန်လေဆိပ်မှာ စိုက်ပျိုးရေးဘွဲ.ရများအသင်း(ရန်ကုန်)က ကြိုဆိုနှုတ်ဆက်နေကြစဉ် (နိုဝင်ဘာလ ၁၉ ရက်) ဓါတ်ပုံ- စိုက်ပျိုးရေးဘွဲ.ရများအသင်း(ရန်ကုန်)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနက ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း ကို တာဝန်မှရပ်စဲလိုက်တာဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်သလို၊တိုင်းပြည်အတွက် နစ်နာတယ်ဆိုပြီး သုံးသပ်သူတွေက ဆိုကြပါတယ်။
နိုဝင်ဘာလ ၁၈ရက်နေ့ ရက်စွဲနဲ့ ဒေါက်တာထွန်းဝင်းကို တာဝန်မှ ရပ်စဲကြောင်း သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်လက်တင်ပြမှာပါ။
ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းက သူ့ကို သက်ဆိုင်ရာက အကြောင်းပြချက်မရှိပဲ တာဝန်ကနေ တဖက်သပ် ရပ်စဲတာဟာ တရားမျှတမှုမရှိ ဘူးလို့ သတင်းမီဒီ ယာတွေကို မနေ့ စနေနေ့က တုန့်ပြန်ပြောဆိုခဲ့တဲ့အတွက် လူအများစိတ်ဝင်တ စားဖြစ်ခဲ့ကြပါတယ်။
လူထုမဲဆန္ဒအပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ အရပ်သား NLD အစိုးရလက်ထက်မှာ ပထမဆုံးအကြိမ် ကျွမ်းကျင်တဲ့ ပညာရှင် ၀န်ကြီးတဦးကို ရာထူးကနေ ထုတ်ပယ်ခဲ့ တာဖြစ်ပါတယ်။ မျိုးစပါးနဲ့ပတ်သက်လို့ တိုင်းပြည်က အားထားရတဲ့ ပညာရှင်တဦး ကို ရာထူးကနေ ရပ်စဲလိုက်တာဟာ တိုင်းပြည်အတွက် နစ်နာတဲ့ လုပ်ရပ်ဖြစ်ေ ကြာင်း လွှတ်တော်ရဲ့ ပြင်ပအကြံပေးပုဂ္ဂိုလ်တဦးဖြစ်ခဲ့ပြီး တိမွေး ကုပညာ ရှင် လည်းဖြစ်တဲ့ ဒေါက်တာဌေးအောင်က အခုလိုပြောပါတယ်။
“ဆရာဦးထွန်းဝင်းကို ဘာပဲပြောပြော ကျနော်တို့က သဘောကျတယ်ဗျ။ သူက စကားပြောတာ ပြတ်သားတယ်။ ပညာတတ်လည်းဖြစ်တယ်။ လုပ်တာ ကိုင်တာက လည်း တိုင်းပြည်အတွက် စေတနာထားလုပ်တာဗျာ။ အဲဒါတွေက ကျနော်တို့ က မြင်နေရတယ်။ မြင်နေရတယ်ဆိုတော့ ကျနော်တို့ကတော့ သဘောကျတယ်။ သူတကယ့်ကျွမ်းကျင်တာက စိုက်ပျိုးရေးပေါ့။ အဓိက လယ်သမားတွေရဲ့ လယ်ယာမြေ ပြန်လည်ရရှိရေး အဓိကဦးစားပေးလုပ်ပေးနေတာဗျ။ အဲဒီလို လုပ်ပေးနေတဲ့ ပညာရှင်တယောက်ကို ထုတ်ပယ်လိုက်တော့ အမှန်တ ကယ်ပြော ရရင် အစိုးရအပေါ် အားမရဘူး။ ဘာကြောင့် အဲဒီလိုဖြစ်ရတာ လဲ။ ဖြစ်တဲ့ အကြောင်းရင်းကိုရှာ၊ ရှာပြီးတော့ ပြေပြေလည်လည်ဖြစ်အောင် ညှိုနှိုင်းပြီးတော့ တိုင်းပြည်တိုးတက်ရေးအတွက် လုပ်ရမယ့်ကိစ္စ၊ အခုလို ထုတ်လိုက်တဲ့အတွက် တိုင်းပြည်အတွက် အမဲစက်ကြီးလို့ယူဆတယ်ခင်ဗျ။ နှမြောစရာကောင်းတာပေါ့ဗျာ။”
မေး။ ။ ဒေါက်တာထွန်းဝင်းအနေနဲ့ စိုက်ပျိုးရေးပညာရှင်တဦးအဖြစ် ထူးထူးခြားခြား ဘာတွေဆောင်ရွက်နိုင်ခဲ့သလဲရှင့်။
ဖြေ။ ။ “သူတကယ်ဆောင်ရွက်နိုင်ခဲ့တဲ့အချက်က ဘာလဲဆိုတော့ မျိုးစပါးနဲ့ပတ် သက်လို့ရှိရင် အရင်အစိုးရလက်ထက်က တိုင်းပြည်အတွက် အလုပ်မဖြစ်တဲ့ တရုတ်ပြည်က မျိုးတွေနဲ့ ရောင်းစားပြီးတော့ ပြည်သူတွေ ဒုက္ခရောက်ခဲ့တာဟာ ပယ်ဖျက်ပေးခဲ့တယ်ဗျာ။ အမှန်တကယ်ရေ၊ မြေနဲ့ ကိုက်ညီတဲ့ မျိုးစပါးတွေ စိုက်ပျိုးဖို့ အတွက် တွန်းအားပေးခဲ့တယ်။ အကြံဥာဏ်ပေးခဲ့တယ်။ သူကိုယ်တိုင်ပင် လျှင် မျိုးစပါး ပညာရှင်ဖြစ်တဲ့အတွက်ကြောင့် ရေ၊ မြေနဲ့ ကိုက်ညီတဲ့ မျိုးစပါးတွေကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ အဲဒါကတော့ ကျနော်တို့ မျက်စိရှေ့မှာတင် မြင်နေရတယ်။ နောက်တခုက သူ့ကို အဲဒီလို တာဝန်က ရပ်စဲတဲ့အတွက် စိုက်ပျိုးရေးပညာရှင်တွေ၊ ဌာနတွင်းမှာရှိတဲ့ ၀န် ထမ်းတွေ တော်တော်များများ ယူကြုံးမရဖြစ်နေတာကို ကြားနေ ရတယ်၊ မြင်နေ ရတယ်။”
ဒေါက်တာထွန်းဝင်းကိစ္စမှာ ဌာနတွင်း အထက်အောက် ဆက်ဆံရေး အားနည်း ချက်ကြောင့် ဖြစ်တယ်လို့ သုံးသပ် မိကြောင်း မြန်မာ့အရေးလေ့လာ သုံးသပ်နေ သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။
“ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက မူနဲ့လာခဲ့ပြီးတော့ တာဝန်ရှိတဲ့နေရာ၊ အစိုးရစသဖြင့် တာဝန်ပေးတဲ့နေရာမှာတော့ လူကိုကြည့်ပြီးရွေးတယ်လို့ ကျနော်ကတော့ ထင် တာပေါ့။ အဲလိုတော့လည်း ထုတ်ပြန်ကြေညာတာမရှိပါဘူး။ အဲတော့ လူကြည့် ပြီးရွေးတဲ့အခါမှာလည်းပဲ အခုလိုမျိုး အဆင်မပြေမှုဖြစ်တတ်ပါတယ်။ အဆင်မပြေမှု ဆိုတာကတော့ တာဝန်ပေးခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အရည်အသွေး၊ အရည်အ ချင်းကြောင့်ဆိုတာ ပါသလို တချို့ဆိုရင် နမူနာပေါ့။ ဒီကိစ္စတော့မဟုတ်ပါဘူး။ အဂတိလိုက်စားမှုတွေ။ အခုသတင်းအရ ဖြစ်နိုင်တာကတော့ ဆက်ဆံရေးပေါ့။ ဌာနတွင်းဆက်ဆံရေး အထက်အောက် လူကြီး ပုဂ္ဂိုလ်တွေ၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ဆက်ဆံရေးမှာ အားနည်းချက်များရှိသလားလို့ ကျနော် အဲဒီလောက် ပဲ မြင်တယ် ခင်ဗျ။”
နိုဝင်ဘာလလ (၁၈)ရက်နေ့က ထုတ်ပြန်တဲ့ သမ္မတရုံးရဲ့ ကြေညာချက်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၃၅)၊ ပုဒ်မခွဲငယ် (၁)နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၉၊ ပုဒ်မခွဲ (က)တို့ အရ ဒေါက်တာထွန်းဝင်းကို တာဝန်မှ ရပ်စဲကြောင်း ဖေါ်ပြထားပါတယ်။ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယ၀န်ကြီး တဦးဦးအား ရာထူးမှ နုတ်ထွက်ရန် ညွန်ကြားနိုင်သည်။ ညွန်ကြားသည့်အတိုင်း လိုက် နာခြင်းမပြုလျှင် တာဝန်မှ ရပ်စဲရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မမှာ ဖေါ်ပြထား ပါတယ်။
VOA Burmese News
တာဝန်က ရပ်စဲခံရတဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်း ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း
တာဝန်က ရပ်စဲခံရတဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်း ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း
စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်း ဒုဝန်ကြီးရာထူးကနေ အကြောင်းပြချက် ရှင်းလင်း ချက် မပေးပဲ သူ့ကို တာဝန်ကရပ်စဲတာဟာ တဖက်သတ် ဆုံးဖြတ်ခြင်းသာ ဖြစ် တယ်လို့ စိုက်မွေး/ဆည် ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းက ပြောပါတယ်။ သူ့ကို တာဝန်မှရပ်စဲကြောင်း နိုဝင်ဘာ ၁၈ ရက် နေ့စွဲနဲ့ နိုင်ငံတော်သမ္မတက ကြေညာ ချက် ထုတ်ပြန်ခဲ့ပြီးနောက် ဒေါက်တာထွန်းဝင်းက အခုလို ပြောဆိုလိုက်တာ လည်း ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြ ပါမယ်။
ဟုတ်ပါတယ် .. စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်း ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းကို ဖွဲ့စည်းပုံဥပဒေပုဒ်မ ၂၃၅- ပုဒ်မခွဲ(ဂ) ပုဒ်မခွဲငယ်(၁)အရ ၄င်း၊ အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၉ ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်တွေအရ၄င်း ရာထူးတာဝန်ကနေ ရပ်စဲလိုက်ကြောင်း သမ္မတဦးထင်ကျော်အမိန့်နဲ့ မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တာပါ။ NLD အစိုးရသစ်လက်ထက် ၈ လတာကာလအတွင်း အစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးကို တာဝန်က အခုလို ရပ်စဲလိုက်တာဟာ ဒါ ပထမဆုံးပဲ ဖြစ်ပါတယ်။
ဒါပေမယ့် သူ့ကို အခုလို တာဝန်က ရပ်စဲလိုက်တဲ့ အကြောင်းရင်းကို ရှင်းပြတာမျိုး မရှိခဲ့ပဲ၊ ဒီလိုရာထူးက ထုတ်ပယ်မှု မတိုင်ခင် NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဒေါက်တာထွန်းဝင်းရဲ့ အလုပ်တာဝန်တွေနဲ့ ပတ်သက်လို့ သတိပေးပြော ဆိုခဲ့တာမျိုး ရှိခဲ့ကြောင်း ဒေါက်တာထွန်းဝင်းက VOA မြန်မာပိုင်း ကို ပြောပါတယ်။
“ အဲဒါကလည်း ကျနော်ကိုယ်တိုင်က အစိုးရကို မေးနေတဲ့ အကြောင်းပါပဲ။ ကျနော့်ကို ထုတ်ပယ်တဲ့ ဦးဝင်းထိန်က စတာပါ၊ လွန်ခဲ့တဲ့ တလကျော်ကတည်းက ထုတ်ပယ်တာ။ အဲဒီအကြောင်းကို မေးတဲ့အခါကျတော့လည်း - ခင်ဗျားမှာ တိုင်စာတွေရှိတယ်၊ တိုင်စာတွေရှိတော့ ခင်ဗျား သမ္မတဆီမှာ နှုတ်ထွက်စာတင်၊ တင်ပြီးတော့ နေပြည်တော်ကောင်စီမှာ သွားပြီး အလုပ်လုပ်ရမယ်။ ကျနော်ကတော့ - နေပြည်တော် ကောင်စီမှာ လုပ်ဖို့လာတာ မဟုတ်ဘူး၊ ကျနော့ရဲ့ နေရာဌာအတွက် လာတာလဲ မဟုတ်ဘူး။ ကျနော့်ကို ကျနော်နဲ့ဆိုင်မယ့် ကျနော့် ပရော်ဖက်ရှင်နယ်ဖြစ်တဲ့ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းလုပ်ဖို့ လာတာဖြစ်တဲ့အတွက် ဆရာတို့ပြောတဲ့ နေပြည်တော် ကောင်စီကိုလည်း ကျနော် မသွားချင်ဘူး၊ ကျနော် နှစ် ၃၀ လုပ်ခဲ့တဲ့ စိုက်ပျိုးရေးအတွေ့အကြုံနဲ့ ပေါင်းစပ် လိုက်ရင် ကျနော်သည် ပေးတဲ့ အလုပ်တွေ ကျနော့်အတွက်က တော်တော်ကို စိတ်သွားပြီးကိုယ်ပါပြီးတော့ ယုံကြည်မှုရှိရှိနဲ့ လုပ်နိုင်တဲ့သဘောတရား ရှိတယ်။ ကျနော်က ဒုတိယ၀န်ကြီး ဖြစ်နေတာကို တခါတလေကျ သတိမေ့ပြီးတော့ တချို့နေရာတွေမှာ ကျနော် ဆန္ဒစောတာတွေရှိတယ် ”
စိုက်ပျိုးမွေးမြူရေး ဆည်မြောင်းကိစ္စတွေမှာ သူ့ရဲ့အထက်ဝန်ကြီးဖြစ်တဲ့ ဒေါက်တာေ အာင်သူနဲ့ လုပ်ငန်းကိစ္စတွေ ဆွေးနွေးရာမှာ အခြေအတင် တင်းမာမှုဖြစ်ပြီး ပြသနာတွေ ရှိခဲ့တယ်လို့ ဒေါက်တာထွန်းဝင်းက ရှင်းပြပါတယ်။
“ ကျနော်ပြောတဲ့စကားကလည်း လူကြီးပေါ်မှာ နည်းနည်းလေး ရင့်သီးသလိုဖြစ် သွားတယ်၊ ဘယ်လိုလဲဆိုတော့ ကျနော်က အားမလို အားမရ ဖြစ်တဲ့အပေါ်မှာ - ၀န်ကြီးသည် ၄ လသာလျှင် ဒီလုပ်ငန်းကို လုပ်ခဲ့တာဖြစ်တယ် ကျနော်သည် လွန်ခဲ့တဲ့နှစ် ၄၀ လောက်ကတည်းက လယ်သမားတွေ ခံစားနေရတဲ့ ဒီပြသနာကို ကျနော်တို့ အစိုးရသစ်လက်ထက်မှာ အများက ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ် နဲ့အညီ အပြောင်းအလဲ တရပ်အနေနဲ့ လုပ်ကိုင်ခွင့်ပေးမယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ အစိုးရပုံရိပ်ကို ပိုပြီးတက်လာစေမယ်။ ဒါ့ကြောင့်မို့ ကျနော့်ကို လုပ်ခွင့်ပေး ပါလို့ ပြောတာ။ ခုနကပြောတဲ့ ၄ လနဲ့ နှစ် ၄၀ မှာ သူက တော်တော်လေး စိတ်ဆိုး သွားပါတယ်။ စိတ်ဆိုးတော့ ခုနက အကုန်စုပြီးတော့ ကျနော့်ကို ကျနော် တို့ကို ပြန်ပြီး ကြိမ်းမောင်းတဲ့ အခါမှာ … အဲဒါကို သူပြန်ပြီးတော့ အထက်ကို တင်ပြတဲ့အခါမှာ ကျနော်က အကုန်စုပြီးတော့ သူ့ကို ခံပြောတယ် ဆိုတဲ့ဟာ မျိုးပေါ့ဗျာ၊ ဒီလိုဟာမျိုး သူမြင်သွားတဲ့အတွက် ဒါသည် ကျနော့်အပေါ် လူကြီးတွေရဲ့ အပေါ်ကများ အမြက်ရှသွားသလားပေါ့ဗျာ၊ ဒါပဲကျနော် စဉ်းစားလို့ရတယ်။ ကျနော်နဲ့ ဖြစ်တဲ့ကိစ္စ ကြီးကြီးမားမားဆိုလို့ ဒါပဲရှိပါတယ် ”
သမ္မတရဲ့ ထုတ်ပြန်ကြေညာချက်
သမ္မတရဲ့ ထုတ်ပြန်ကြေညာချက်
အကြောင်းပြချက်လည်း မပေးပဲ ရှင်းပြခွင့်လည်း မရှိပဲ သူ့ကိုထုတ်ပယ် တာဟာ နိုင်ငံ့ရဲ့ဒီမိုကရေစီလမ်းကြောင်း ပုံရိပ်တွေကို ဒေါက်တာထွန်းဝင်းက မှတ်ချက်ပေးပါတယ်။
“ ကျနော့်အတွက်ကတော့ ကျနော်အမှန်တရားပေါ်မှာ ရပ်လို့ ဒီလိုထွက်ရတဲ့အတွက် ကျနော့အတွက် ဘာမှဝမ်းနည်းမှု မရှိဘူး၊ ကျနော် စိတ်ပျက်အားငယ်မှု မရှိဘူး၊ တဖက်သတ်ဆုံးဖြတ်ပြီး ဒီလိုမျိုး ထွက်ရတဲ့အတွက် ကျနော်ဂုဏ်ယူတယ်လို့ပဲ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်စိတ်ထဲမှာ ကျနော်က အားလုံးအတွက် ကောင်းအောင်လုပ်သော်လည်း ဒီလိုမျိုးဆုံးဖြတ်တာသည် သူတို့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာ ရမှာဖြစ်တဲ့အတွက် ဒါကိုတော့ကျနော် ခံယူရမှာပေါ့။ သို့သော် ဒါသည် ကျနော့်ဖက်ကနေပြီး ပြန်လည်ဖြေရှင်းခွင့် မရှိပဲနဲ့ တဖက်သတ် ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် အဲဒါအတွက်တော့ကျနော် စိတ်ထဲမှာ တော်တော်လေးကို တိုင်းပြည်အတွက် နောင်လာမယ့် ဒီလိုမျိုး အနေအထားတွေမှာ ဒီလိုသာ တဖက်သတ်ပြောတာနဲ့ တဖက်သတ် နားကြားရုံလေးနဲ့ ကာယကံရှင် နှစ်ဦးနှစ်ဖက်ကို ခေါ်ယူဆွေးနွေးခြင်း မရှိပဲနဲ့ တဖတ်သတ် ဆုံးဖြတ်ပြီးတော့ ဒီလိုအမိန့်ချတဲ့ ကိစ္စသည် .. စပြီးတော့ ဒီမိုကရေစီနိုင်ငံသစ် ထူထောင်တဲ့ နိုင်ငံသစ်လေးအတွက် အလွန်ကို စိုးရိမ်ဖွယ်ရာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ လူတွေရဲ့ အကြောက်တရားဟာ ပိုပြီးတော့ ခြောက်ခြား သွားပါတယ်။ အမှန်တရား လုပ်တာတောင်မှ ဒီလိုမျိုး ပြစ်ဒဏ်ပေးနိုင်လေခြင်းဆိုတဲ့ဟာကို ကျနော့်အတွက်လည်း ခံစားရတယ် အများပြည်သူ အတွက်လည်း ခံစားရတယ်။ ဒါသည် အလွန်ကို ဆိုးဝါးတဲ့ တဖက်သတ် ဆုံးဖြတ်ချက်လို့ပဲ ကျနော်မြင်တယ် ”
ဒေါက်တာထွန်းဝင်းကို အခုလို ရာထူးက ထုတ်ပယ်လိုက်တာနဲ့ ပတ်သက်လို့ NLD ပါတီအကြီးအကဲ ဦးဝင်းထိန်ကို VOA ကဆက်သွယ် မေးမြန်းရာမှာ မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။
“ မှတ်ချက်မပေးဘူး ”
မေး - ဒီလို ထုတ်ပယ်ခံရတဲ့ပေါ် ဘယ်လိုနားလည်ပါသလဲ။
ဦးဝင်းထိန် - “ ကျနော် မှတ်ချက် မပေးဘူးလို့ ပြောပြီးပြီပဲ ဒါ စကားအကုန်ပဲ ”
အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦး ဒီလိုမျိုး တာဝန်ရပ်ဆိုင်းခံရတာနဲ့ ပတ်သက်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက ခုလို မြင်ပါတယ်။
“ ၀န်ကြီးသော်လည်းကောင်း ဒုဝန်ကြီးသော်လည်းကောင်း တာဝန်က ရပ်စဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ အစိုးရအဖွဲ့ အနေနဲ့ တရားဝင်အကြောင်းပြချက်ကို ထုတ်ပြန်ဖို့ လိုအပ်တယ်လို့မြင်တယ်။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိပဲနဲ့ တာဝန်ကရပ်စဲတယ် ဆိုလို့ရှိရင် ဒါဟာ ဒီမိုကရေစီစနစ်ကို သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းမှာ ဒါ အဟန့်အတား ဖြစ်စေလိမ့်မယ်လို့ ကျနော် မြင်တယ်။ နောက် တချက်က ပါတီခေါင်းဆောင် တယောက်ပေါ့လေ၊ ရွေးကောက်ခံလဲ မဟုတ်ဘူး အစိုးရမှာလဲ ပါဝင်မှုမရှိတဲ့ ပါတီခေါင်းဆောင် တယောက်က ဒီအစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေမှာ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပြီးသော်လည်းကောင်း ဝင်ရောက် စွက်ဖက်တာဟာ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲအတွက် ဒါ မကောင်းတဲ့ လက္ခဏာပဲလို့ ကျနော်မြင်တယ် ”
ခုလို ထုတ်ပယ်ခံရတဲ့ ဒေါက်တာထွန်းဝင်းဟာ စိုက်ပျိုးရေး ပညာရှင်အဖြစ် အရင်အစိုးရလက်ထက်တွေအောက် နှစ်ပေါင်း ၃၀ လောက် လုပ်ကိုင်ခဲ့သူ ဖြစ်သလို၊ အမေရိကန်သံရုံး USAID မှာ စိုက်ပျိုးရေးအကြံပေးအဖြစ် ၃နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
VOA Burmese News
ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်များ စစ်တွေ ဒေသခံများ နဲ့တွေ့ဆုံ ( 15 Nov 2016 )
ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်များ စစ်တွေ ဒေသခံများ နဲ့တွေ့ဆုံ ( 15 Nov 2016 )
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ လုံခြုံရေးက အခုအချိန်အထိ စိုးရိမ် စရာ အနေအထား ဖြစ်နေလို့ ဒီဒေသကို စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ပြီး လုံခြုံရေးကို အထူးတင်းကျပ်ထား တာသာ ဖြစ်တယ်လို့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ဝင် တဦးက ပြောဆိုလိုက်ပါ တယ်။ သီတင်းခြောက်ပတ်လောက် အဝင်အထွက် ပိတ် ထားတာ လက်ခံနိုင်စရာ မရှိဘူးလို့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ်ယမ်ဟီးလီးက ကြေညာချက်ထုတ်ပြန်ချိန်မှာ အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ စဖြစ်ချိန်က စလို့ အခုအချိန်ထိ တိုက် ခိုက် မှုတွေ ရှိနေသေးတဲ့အတွက် ဒီဒေသမှာ ညမထွက်ရ အမိန့်ကိုလည်း ယခင်သတ်မှတ်ထားတဲ့ အချိန်ထက် အချိန်ပိုတိုး ထုတ်ပြန်ထား တာပါ။ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ပြီး နယ်မြေရှင်းလင်းရာမှာ လူ့အခွင့် အရေး ချိုးဖောက် မှုတွေ ရှိနေတယ်ဆိုပြီးလည်း ဝေဖန်မှုတွေနဲ့ သတင်းတွေ ထွက်ပေါ်နေ တာပါ။ ဒေသရဲ့လုံခြုံရေးကို အထူး စိုးရိမ်ကြတဲ့ ဒေသခံပြည်သူ အများ အပြားလည်း မောင်တောနဲ့ ဘူးသီးတောင်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြ ရပါတယ်။
မောင်တောဒေသ တ၀ိုက်မှာ သီတင်း ၆ ပတ်ကြာ အာဏာပိုင်တွေရဲ့ အ၀င်အထွက် ပိတ်ပင် တားမြစ်မှုကို နိုင်ငံတကာက ဝေဖန်ထားပြီး၊ ဆိုးရွားလာနေတဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို မြန်မာအစိုးရအနေနဲ့ ချက်ခြင်း ကိုင်တွယ်ဖြေရှင်းပါလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်မစ် ယန်ဟီးလီက မနေ့ နိုဝင် ဘာလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ပြီးတော့ သူက ဒီလို သီတင်း ၆ ပတ်လောက် အ၀င်အထွက် လုံးဝ ပိတ်ပင်ထား တာဟာ လက်ခံနိုင်စရာ မရှိဘူးလို့လည်း ပြောထားပါတယ်။
ဒါပေမဲ့လည်း အစိုးရတာဝန်ရှိသူတွေဘက်ကတော့ လုံခြုံရေးအခြေအနေက စိုးရိမ် စရာ အနေအထားဖြစ်နေလို့ စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ပြီး ဒေသတွင်း လုံခြုံရေးကို အထူးတင်းကျပ် ထားတာသာဖြစ် တယ်လို့ ပြောထားတာပါ။ ရခိုင်ပြည် နယ်တွင်း ကော်မရှင်အဖွဲ့ ကွင်းဆင်းချိန်မှာတောင် လုံခြုံရေးဟာ စိုးရိမ်စရာ အနေ အထားမှာ ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ရခိုင်အမျိုးသမီး အဖွဲ့နဲ့ ရခိုင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ဒေါ်စောခင်တင့်က အခုလိုပြောပါတယ်။
“အန်တီတို့အနေနဲ့ကတော့ မောင်တောကို သွားချင်တယ်ဆိုပေမယ့် သွားပြီးတော့ ရိက္ခာ အကူအညီပေးတဲ့ တပ်တွေတောင် ၊ အဖွဲ့တွေတောင်မှ သွားလို့မရအောင် လုံခြုံရေးအပိုင်းမှာ စိတ်မချရဘူးပေါ့နော်။ ဘာဖြစ်လို့ စိတ်မချရဘူးဆိုလို့ရှိရင် အကြမ်းဖက် ဘင်္ဂလီတွေက တပ်မတော်တွေ၊ ရဲတွေကို အချိန်မရွေး ambush လုပ်နေတယ်။ ဒါကြောင့်မို့လို့ သွားပြီးတော့ ရိက္ခာဝေတဲ့ သူတွေတောင်မှ သူတို့မှာ အခက်အခဲရှိတယ်။ အဲဒီလို လုံခြုံရေး အခက်အခဲဖြစ်နေတဲ့ ကြားမှာ ကျမတို့ဟာ သွားဖို့မသင့်ဘူး ဆိုပြီးတော့ မသွားတာပါ။ ဒါဟာ တကယ်ဖြစ်နေတဲ့ အဖြစ်အပျက် ပါ။ အကုန်လုံးကို အခက်အခဲဖြစ်အောင် လုပ်နေတာက တဘက်က အကြမ်းဖက် သမားတွေရဲ့လုပ်ရပ်ကြောင့် ဒီဟာတွေ ဆက်ပြီးတော့ ဖြစ်နေရတာပါ။ အဲဒီတော့ ဒါဟာ လူ့အခွင့်အရေးကို ချိုးဖောက်နေတာ မဟုတ်ပါဘူး၊ ကျမတို့ဟာ၊ ဒေသခံ ရခိုင် တွေဟာ အေးအေးချမ်းချမ်းမနေနိုင်အောင်၊ နိုင်ငံတော် အစိုးရဘက်က လည်း အေးအေးချမ်းချမ်း လုပ်နေတဲ့ကိစ္စကို မလုပ်နိုင်အောင် တဘက်က အကြမ်းဖက် သမားတွေ၊ လူ့အခွင့်အရေးကို ချိုးဖောက်နေတာပဲလို့ ကျမကတော့ ဒီလိုပဲ မြင်ကြည့် ပါတယ်။ အဲဒီလို သွားလာခွင့် မရအောင် အခြေအနေဆိုးနေ တဲ့အတွက်ကြောင့်မို့ အာဏာပိုင်တွေက သွားခွင့်မရတာပါ။”
ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံမေးမြန်းပြီး ဒေသတွင်းဖြစ်စဉ် အခြေအနေတွေ ကို လေ့လာခဲ့ပြီး ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အမြန်ဆုံးပြေ လည်အောင်ဖြေ ရှင်းပေးဖို့ ကော်မရှင်အနေနဲ့ အလေးထား ဆောင်ရွက်နေပါတယ်လို့ အကြံပေးေ က်ာမရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်ကပြောပါတယ်။
“ကျမက ပြောချင်တာက ကျမတို့ကော်မရှင် အပါအဝင် အစိုးရ ကိုယ်တိုင်ရော ဒေသခံ ပြည်သူ လူထုတွေရော တကယ့်ကို တည်ငြိမ်အေးချမ်းအောင် အကုန်လုံးက ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်နေ တဲ့အခါမှာ International Community အနေနဲ့ ဒီနေ့အစိုးရတွေနဲ့ မြေပြင်အခြေအနေကို အမှန်အတိုင်း တင်ပြတာကို အမှန်အတိုင်း ရှုမြင်ပေးပါ၊ ဒီလိုမှ မဟုတ်ရင် ကျမတို့ကို ပိုပြီးတော့ ဆိုးဝါးအောင် လုပ်ချင်နေတာလား၊ ကောင်းအောင် လုပ်ချင်နေတာလား- ဒါလေးကိုတော့ စဉ်းစားဝေဖန် စေချင်ပါတယ်။”
နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ၃ ရက်ကြာ ရခိုင်ခရီးစဉ် အတွင်း ကော်မရှင်အဖွဲ့ တချို့ဖြစ်တဲ့ နယ်သာလန် အမျိုးသမီး သံအမတ်ဟောင်း ဦးဆောင်ပြီး ဒေါ်စောခင်တင့် အပါအဝင်မြန်မာအဖွဲ့ဝင် ၆ ဦးတို့ သွားရောက် ခဲ့တာဖြစ်ပါတယ်။
ဒေသတွင်း လုံခြုံရေးစိုးရိမ်ရလို့ မောင်တောနဲ့ ဘူးသီးတောင်ဘက် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသခံပြည် သူတွေကို စားနပ်ရိက္ခာနဲ့ လိုအပ်တာတွေကို လိုက်ပြီးတော့ အကူအညီပေးနေတဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကလည်း ဒေသတွင်းလုံခြုံရေးဟာ စိုးရိမ်စရာ အနေ အထားမှာ ရှိနေဆဲလို့ပြောပါတယ်။
လုံခြုံရေးတာဝန်ယူထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေတောင် အသက်ဆုံးရှုံးနေ ရတဲ့ အနေအထားကြောင့် နယ်မြေလုံခြုံရေး ပိုပြီးတော့ တင်းကျပ်ထား တာသာ ဖြစ်နိုင်တယ် လို့လည်း သူကပြောပါတယ်။
“အခုအချိန်မှာ အရေးတကြီးပြဿနာဖြစ်နေတဲ့၊ အန္တရာယ်ဖြစ်နေတဲ့အချိန်မှာ သူတို့ပြော လိုက်တဲ့အခါမှာ သူတို့ရဲ့ အသက်အန္တရာယ်ကို မကာကွယ်ပေးဘူးဆိုရင် ကျမတို့ မြန်မာနိုင်ငံ အနေနဲ့ကလည်း တဘက်က ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ပြဿ နာ တစုံတခုဖြစ်ရင် ကမ္ဘာမှာ ဖြေရှင်းလို့မရတဲ့ပြဿ နာတွေ ဖြစ်သွားနိုင်ပါတယ်။”
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို တရားဥပဒေစိုးမိုးရေး အပေါ် အခြေ ခံပြီး ကိုင်တွယ်ဖြေရှင်း သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်က မကြာသေးခင်က ပြောဆိထားပေမဲ့ - လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရအနေနဲ့ ကြိုးပမ်းလုပ်ေ ဆာင်တာ မတွေ့ရ သေးဘူးလို့လည်း မစ် ယန်ဟီးလီ က မနေ့ကြေညာ ချက်မှာ ပြောဆိုထား တာပါ။ ဒီအခြေအနေတွေကို အမြန်ဆုံးဖြေရှင်းဖို့ အရေးပေါ် ကိုင်တွယ် ဆောင်ရွက်ချက်တွေ လိုအပ်တယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးကလည်း မနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ရခိုင် ပြည်နယ် မြောက်ပိုင်းက အရပ်သားတွေကို အကာကွယ်ပေးဖို့ တောင်း ဆိုခဲ့ တဲ့ အကြောင်း - ကုလသမဂ္ဂရုံးက ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် က ပြောဆိုခဲ့ပါတယ်။
VOA Burmese News
ရန်ကုန်မြို့တွင်း ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်များရှိ လမ်းဘေးဈေးသည်များကို အဆိုပါ မြို့နယ်များအတွင်းမှ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ကမ်းနား လမ်း၊ ပန်းဆိုးတန်းလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ဆူးလေဘုရားလမ်း၊ လသာလမ်း၊ လမ်းမတော်လမ်းနှင့် ဘုန်းကြီး လမ်းစသည့် လမ်းမကြီးများပေါ်ရှိ ကားပါကင် လူသွားစကြံ င်္တို့တွင် လုံးဝရောင်းချခွင့်ပြုတော့မည်မဟုတ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
''လမ်းမကြီး ၁၁ ခုမှာ ရောင်းချမှုခွင့်မပြုတော့ဘူး။ ခွင့်မပြုတော့တဲ့အတွက် မည်သည့်ဈေးသည်ကိုမှ ၂၄ နာရီလုံးဈေး ရောင်းချခွင့်မပြုတော့ဘူး။ ရောင်းတယ်ဆိုရင် စည်ပင်ဥပဒေနဲ့ အရေးယူမယ်'' ဟု အထက်ပါ တာဝန်ရှိသူက News Watch သို့ ပြောသည်။
ထို့ပြင် လမ်းဘေးဈေးသည်စည်း ကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီအဖွဲ့ကို နယ်လုံဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး ခရိုင်ရဲမှူး၊ ခရိုင်ထွေအုပ်၊ ခရိုင်စည်ပင်၊ ယာဉ်ထိန်းတပ်ဖွဲ့မှူး၊ မြို့နယ်ထွေအုပ်၊ မြို့နယ် စည်ပင်၊ မြို့နယ်ရဲမှူးတို့ပါဝင်ဖွဲ့စည်းထားကြောင်းနှင့် ယင်းအဖွဲ့မှ စည်းကမ်းထိန်းရေးအတွက် တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
စည်ပင်မှ စက်တင်ဘာလအတွင်း ယင်းမြို့နယ်(၄)ခုရှိ လမ်းဘေးဈေးသည်များ မှတ်ပုံတင်စာရင်းများကို ကောက်ယူရာ ဈေးသည်ပေါင်း ၆၀၄၁ ဦးကို မှတ်ပုံတင်ထားပြီး ဖြစ်သည်။ ယင်းတို့အနက်မှ အစားအသောက် နှင့်သစ်သီးဆိုင်များပါဝင်သည့် ဈေးသည်ပေါင်း ၁၆၀၀ ကို ကမ်းနားလမ်းကားပါကင်သို့ နိုဝင်ဘာ ၂၀ ရက် နောက်ပိုင်းတွင် ရွှေ့ပြောင်းကာ တရားဝင် အသိအမှတ်ပြုကတ်ပြားဖြင့် ရောင်းချခွင့်ပြုမည်ဖြစ်ပြီး ကျန်ရှိသော ဈေးသည် လေးထောင်ကျော်အား နံပါတ်တပ်လမ်းများအတွင်း ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှုပြဿနာအထိုက်အလျောက် ပြေလျော့စေရန်နှင့် လမ်းဘေးဈေးသည်များ စနစ် တကျဖြစ်စေရန်အတွက် စည်ပင်မှ စီစဉ်နေခြင်းဖြစ်ပြီး အဆိုပါ လမ်းမကြီး ၁၁ ခုတို့တွင် ၂၄ နာရီဈေး ရောင်းချခွင့်ပြုတော့မည်မဟုတ်ကြောင်းနှင့် ဈေးသည်များကို ကမ်းနားလမ်းသို့ ပြောင်းရွှေ့ပြီးပါက ကျန်ရှိသည့် ဈေးသည်များအနေနှင့် နံပါတ်တပ်အတွင်းလမ်းများသို့ မိမိအစဉ် အစဉ်ဖြင့် ရွှေ့ပြောင်းရောင်းချကြရမည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၆ ရက်တွင် စည်ပင်မှ လိုက်လံအသိပေးခဲ့သည်။
''ဈေးသည် ၁၆၀၀ ကိုရွှေ့မယ်။ ကျန်တဲ့ဈေးသည်တွေကို အတွင်းလမ်းတွေမှာ ပြောင်းပြီးတော့ရောင်းဖို့ ကြော်ငြာထားတယ်။ အတွင်းလမ်းဆိုတာကလည်း ပြောင်းရွှေ့ရောင်းလို့ရမယ့် သင့်တော်တဲ့ နေရာ၊ ပတ်ဝန်း ကျင်နဲ့လည်း အဆင်ပြေနိုင်မယ့်နေရာကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းရမယ်။ ဈေးသည်တွေ ရွှေ့ပြီးပြီဆိုရင် ကျန်တဲ့ဈေးသည်တွေကို အတွင်းလမ်းကိုဖယ်ဖို့ကို အသိပေးမယ်။ အချိန်လေးတခု ရက်ပိုင်းလေး အချိန်ပေး ပြီးတော့ ရွှေ့ဖို့အတွက်စောင့်မှာပေါ့။ သတ်မှတ်ထားတဲ့ရက်ကျော်ရင်တော့ အရေးယူတော့မှာပါ။ ဒါကို မလိုက် နာဘဲ ရောင်းရင်တော့ ဥပဒေအရ အရေးယူခံရမယ်''ဟု ယင်းတာဝန်ရှိသူက ပြောသည်။
ထို့ပြင် စာရင်းကောက်ယူထားသော ဈေးသည်များအားလုံးကို တရားဝင် စမတ်ကတ်ထုတ်ပေးထားမည်ဖြစ် သည့်အတွက် ကောက်ယူထားသောစာရင်းတွင် မပါရှိသော ဈေးသည်များ၊ ထပ်တိုးဈေးသည်များသည် တရား မ၀င်ကြောင်းနှင့် မှတ်ပုံတင်မရှိသော ဈေးသည်များကို နေရာချထားပေးရန် စဉ်းစားမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။
လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
(မြန်မာနိုင်ငံကူးလက်မှတ်ကို တွေ့ရစဉ်) Photo: RFA
ထိုင်းနိုင်ငံ မြန်မာသံရုံးမှာ သံရုံးဝန်ထမ်းတွေနဲ့ ပွဲစားတွေပူးပေါင်းပြီး နိုင်ငံကူးလက်မှတ်လာရောက် လျှောက်ထားသူတွေဆီကနေ ငွေကြေးပိုမိုကောက်ခံနေတယ်ဆိုတာကို အထောက်အထား အပြည့်အစုံနဲ့ တိုင်ကြားရင် အရေးယူဆောင်ရွက်သွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံမှူးကြီး ဦးဝဏ္ဏဟန်က ပြောပါတယ်။
သံရုံးကို တရားဝင်တိုင်ကြားနိုင်ပြီး သံရုံးအနေနဲ့ အဲလိုအဖြစ်ခံမှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံမှူးကြီး ဦးဝဏ္ဏဟန်က ပြောပါတယ်။
"သံရုံးအနေနဲ့ လုံးဝဘယ်လိုနည်းနဲ့မှ အဲဒီလိုမျိုးအဖြစ်မခံဘူး အဲလိုမျိုးဖြစ်တယ်ဆိုရင်လည်း ကျနော်တို့ကို တရားဝင်တိုင်ကြားလို့ရတယ်၊ ကျနော်တို့ ဖော်ထုတ်အရေးယူပါ့မယ်။ အတိအကျသိရင် တိုင်လို့ရပါတယ်၊ ကျနော်တို့လည်း အတိအကျသိရင် အရေးယူပါမယ်"
ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) က ထိုင်းနိုင်ငံ မြန်မာသံရုံးမှာ သံရုံးနဲ့ ပွဲစားတွေ ပူးပေါင်းပြီး နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူတွေကို သတ်မှတ်ချက်ထက် ပိုပြိးငွေကြေးတောင်းခံ နေတယ်ဆိုပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံရုံးထံ တိုင်ကြားစာပေးပို့လိုက်တာဖြစ်ပါတယ်။
သံရုံးက နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးကောင်တာမှာ တိုက်ရိုက်သွားတင်လို့မရပဲ ပွဲစားကတဆင့် သွားတင်ရတဲ့အတွက် အပိုကြေးအဖြစ် ထိုင်းငွေ ဘတ် ၃၀၀ ကောက်ခံနေတာလို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဌ ဦးစိန်ဌေးက ပြောပါတယ်။
"နိုင်ငံကူးလက်မှတ်ကောင်တာကို တိုက်ရိုက်သွားတင်လို့မရဘူး၊ အဲကောင်တာရှေ့မှာစားပွဲချပြီးတော့ ထိုင်နေတဲ့ ပွဲစားဆီမှာသွားတင်ရတယ်။ အဲဒီလိုတင်ခအတွက် ၃၀၀ အသားလွတ်ကြီးကို ပေးရတယ်။ သံရုံးထဲလာပြီးတော့ စားပွဲခုံချပြီးတော့ ယူနေတယ်ဆိုထဲက သံအမတ်မသိပဲ ဘယ်လိုယူလို့ရမလဲ။ အဲ့ဒါကြောင့် နိုင်ငံတော် အတိုင်ပင်ခံဆီကို စာပို့တာပါ"
၂၀၁၄ ခုနှစ်ကနေ အခုချိန်ထိ နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူ ခန့်မှန်းလူဦးရေ ၂ သိန်းကျော်ရှိတာကြောင့် တစ်ဦးကို ထိုင်းဘတ်ငွေ ၃၀၀ နဲ့ တွက်ချက်ရင် ဘတ် သန်းပေါင်း ၆၀ နီးပါး ရယူထားတယ်လို့ MWRN ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ နေ့စဉ် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူ ၅၀ ကျော်ရှိပြီး လျှောက်ထားခ အားလုံးစုစုပေါင်း ဘတ် နှစ်ထောင်သာ ကုန်ကျမှာဖြစ်ပေမယ့် ပွဲစားတွေနဲ့ လျှောက်ထားနေရတာကြောင့် တစ်ဦးကို ဘတ် ၅ ထောင်ကနေ ဘတ် ၆၀၀၀ အထိ ပေးနေရတယ်လို့ သိရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ရခိုင်ပြည်နယ်အတွင်းမှာ ရဲသင်တန်းပေးနေ
ရခိုင်ပြည်နယ်တွင်းမှာ ဒေသန္တရ ရဲတပ်ဖွဲ့ ဖွဲ့စည်းဖို့ မရှိဘူးလို့ ပြည်ထဲရေး ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးက နိုဝင်ဘာ ၁၈ ရက်က လုပ်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှာ ပြောကြားခဲ့ပါတယ်။
အစောပိုင်းတုန်းကတော့ ပြည်ထဲရေးနဲ့ ရခိုင်အစိုးရဘက်က အရာရှိကြီးတွေက ဒေသန္တရရဲတပ်ဖွဲ့ ဖွဲ့မယ်လို့ ပြောခဲ့တာပါ။
အခုထုတ်ပြန်တဲ့ ဒေသန္တရရဲတပ်ဖွဲ့ ဖွဲ့ဖို့ မရှိဘူးဆိုတာက ပထမအစီအစဉ်ကို ရုပ်သိမ်းလိုက်တာမဟုတ်ပဲ အသုံးအနှုန်းအပေါ် နားလည်မှုလွဲတာသာ ဖြစ်နိုင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်ထုတ်ပြန်ရေးကော်မတီက ရဲမှူးကြီး မျိုးသူစိုးက ပြောပါတယ်။
ရဲအင်အားလိုအပ်ချက်ရှိတဲ့အတွက် ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ် ၇ ခုမှာ ရဲတပ်သားသစ် စုဆောင်းပြီး သင်တန်းပေးတာကို ဒေသန္တရရဲအဖြစ် သင်တန်းပေးတာလို့ နားလည်မှုလွဲခဲ့တာ ဖြစ်နိုင်ကြောင်း သူက ပြောပါတယ်။
ဒါပေမယ့် အသစ်စုဆောင်းထားတဲ့ ရဲအင်အား ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ကိန်းဂဏန်းအတိအကျအနေနဲ့ မပြောနိုင်ကြောင်း ရဲမှူးကြီး မျိုးသူစိုးက ပြောပါတယ်။
အခုအခါ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီး နယ်မြေရှင်းလင်း စစ်ဆင်ရေးတွေကို ဆက်လက် လုပ်ဆောင်နေပြီး ပါသွားတဲ့ လက်နက်တွေ ပြန်ရဖို့လည်း လုပ်နေတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။
ပါသွားတဲ့ လက်နက် ၆၅ လက်မှာ ၂၆ လက်ပဲ ပြန်ရသေးတဲ့အတွက် ၃၉ ကျန်နေသေးတယ်လို့ ပြောပါတယ်။
အခုအချိန်ထိ အသေဖမ်းမိတဲ့ အကြမ်းဖက်တိုက်ခိုက်သူ ၆၉ ဦးရှိပြီး ဖမ်းဆီးထားသူ ၃၀၃ ဦးရှိတယ်လို့ ရဲမှူးကြီး မျိုးသူစိုးက ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese