11/28/16



ဗားကရာကျောင်းတိုက်အားတွေ့ရစဉ် (ဆင်ဟွာ)
   ရန်ကုန်၊နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

    ရှေးဟောင်း ပစ္စည်းများကို နည်းလမ်း အမျိုးမျိုးဖြင့် ပြည်ပသို့ တရားမဝင် ခိုးထုတ် မှုများရှိနေ သဖြင့် ဒီဇင်ဘာလမှစပြီး မန္တလေး မြို့အပါအဝင် ယဉ်ကျေးမှု အမွေအနှစ် များစွာ ရှိသည့် နေရာဒေသများ၌ လုံခြုံရေးများ ပိုမိုတိုးမြှင့်သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန တာဝန် ရှိသူ တစ်ဦးကပြောသည်။

လက်ရှိ မန္တလေး ဗားကရာကျောင်းတိုက်တွင် ထိန်းသိမ်း ပြသထားသည့် ပေစာထုပ် များ ခိုးယူခံရ ပြီးသည့် နောက် ပြည်တွင်းမှာရှိသည့် ရှေးဟောင်း ပစ္စည်း အမွေအနှစ်များအား လုံခြုံရေး ပိုမိုတင်း ကျပ်ရန် လိုအပ်သည့်အတွက် သက်ဆိုင်ရာ ဒေသ အသီးသီးတွင် ရှိသည့် ဌာနများမှ တစ်ဆင့် အကူအညီ တောင်း၍ လုံခြုံရေးများ တိုးမြှင့်ရန်  မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ထံ တင်ပြ ထားကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။

ရှေးဟောင်းပြတိုက်များ၌ လုံခြုံရေး အစောင့်များ တိုးမြှင့်ထားရှိရန် စီစဉ်နေပြီး လက်ရှိတွင် ဝန်ထမ်းအင်အား နည်းပါးနေခြင်းကြောင့် ရဲတပ်ဖွဲ့ လှည့်ကင်းများဖြင့် သာ စောင့်ကြည့်လျက်ရှိ ကာ နောက်ပိုင်းတွင် လုံခြုံရေး ကင်မရာများ တပ်ဆင် သွားမည် ဖြစ်ကြောင်း သိရသည်။

ရှေးဟောင်းပြတိုက်များနှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ကွယ် သွားစေရန် ယခုထက် ပိုပြီး နည်းပညာများ အသုံးပြုကာ ထိန်းသိမ်း စောင့်ရှောက် သွားမည် ဖြစ်ေ ကြာင်း ၎င်းတာဝန်ရှိသူကဆိုသည်။

 (Xinhua)
http://www.xinhuamyanmar.com


အောက်တိုဘာလ ၂၀ ရက်နေ့က အကြမ်းဖက်ဝါဒီအဖြစ် သံသယရှိသူတဦးကို ဖမ်းဆီးစဉ် တွေ့ရသည့် အကြမ်းဖက် ၀ါဒစွဲလုပ်ရပ် တိုက်ဖျက်ရေး အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များ။
အောက်တိုဘာလ ၂၀ ရက်နေ့က အကြမ်းဖက်ဝါဒီအဖြစ် သံသယရှိသူတဦးကို ဖမ်းဆီးစဉ် တွေ့ရသည့် အကြမ်းဖက် ၀ါဒစွဲလုပ်ရပ် တိုက်ဖျက်ရေး အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များ။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်က မြန်မာသံရုံးအပါအ၀င် အထင်ကရ နေရာတွေကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့သူ နှစ်ဦးကို အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။

Bahrain Agam ကိုတော့ အာချေးပြည်နယ်မြောက်ပိုင်းမှာ စနေနေ့ နှောင်းပိုင်းက ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး Saiful Bahri ကိုတော့ Benten ပြည်နယ်မှာ တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးခဲ့တဲ့ ဗုံးပြုလုပ်သူလို့ သံသယရှိထားသူ Rio Priatna Wibawa ကို စစ်ဆေးမေးမြန်းမှုတွေကနေ ဒီလူတွေကို အာဏာပိုင်တို့ ရှာဖွေနိုင်ခဲ့တာဖြစ်တယ်လို့ အမျိုးသား ရဲတပ်ဖွဲ့ ပြောခွင့်ရ Boy Rafli Amar က ပြောပါတယ်။

ဖမ်းဆီးထားသူ သုံးဦးတို့ဟာ အစ္စလာမ္မစ်အစွန်းရောက် IS အဖွဲ့ကို သစ္စာခံသူတွေ ဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။ ဖမ်းဆီးခံရသူတွေက သူတို့ဟာ ရိုဟင်ဂျာ မူဆလင်တွေ တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ မြန်မာကို တိုက်ခိုက်ချင်တာလို့ ပြောဆိုတဲ့ အကြောင်းလည်း ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားလွှတ်တော်၊ ရဲဌာနချုပ်နဲ့ ရုပ်မြင်သံကြားဌာနတွေကို တိုက်ခိုက်ဖို့လည်း စီစဉ်ခဲ့တာဖြစ်တဲ့ အကြောင်း ပြောပါတယ်။
VOA Burmese News



နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် က နည်းပြနေရာ မှာနေမှာလား အသင်းခေါင်းဆောင်နေရာမှာနေမှာလား သူတယောက်ထဲ တကွင်းလုံး ပတ်ကန်မှာလား ဆိုတာ .... ဆုံးဖြတ်စရာတွေရှိလာပါတယ် ဆိုတဲ့ NLD လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်သက်သက်ခိုင် ရဲ့ DVB Debate မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ နဲ့ ပတ်သက်ပြီး ဘောလုံးကစားပွဲတစ်ခုကို ဥပမာပေး ပြောကြားခဲ့တဲ့ စကားတစ်ခွန်းဟာ လူမှုကွန်ယက်ပေါ်မှာ အတော်လေး ဂယက်ရိုက်ခဲ့ပါတယ် ။ တကယ်တော့ လိုသလောက်ဖြတ်တောက်ပြီး လူမှုကွန်ယက်ပေါ်တင်ခဲ့တဲ့ အဲဒီ စကားရပ် ပါဝင်တဲ့ ဗီဒီယို ဖိုင်လေးဟာ NLD နိုင်ငံရေးမှာ အက်ကြောင်းတွေ ဖေါ်ဖို့ရည်ရွယ်ထားတဲ့ ကြိုးပမ်းမှုတရပ်သာဖြစ်ပါတယ် ။

နိုင်ငံရေး အားပြိုင်မှုတွေ ကြားမှာ ရုန်းကန်နေခဲ့ ရတဲ့ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲမှာ ဒီလိုကြိုးပမ်းမှုတွေ အတော်အတန်ကြာ ငြိမ်ဆိတ်သွားခဲ့ ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ် သက်တမ်း ၆ လကျော်ကာလ ကို ရောက်လာတာ နဲ့အမျှ စီးပွားရေး ဘက် အခြမ်း ကနေပြန်လည် လည်ထိုးဖေါက်လာတာပဲဖြစ်ပါတယ် ။ မည်သို့ဖြစ်စေ ဘာကြောင့် ဒီအချက်ဟာ နိုင်ငံရေး ထောက်ကွက်တစ်ကွက် အဖြစ် အသုံးပြုစရာ ဖြစ်လာသလဲ ..ဆိုတာကို သုံးသပ်ကြည့်ချင်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီကနေ့ အစိုးရသစ် ရဲ့ စီမံ အုပ်ချုပ်နေမှုမှာ တစ်ကွင်းလုံး ပတ်ကန်နေသလား ဆိုတဲ့ ဝေဖန်မှုဟာ Centralization ဗဟိုချုပ်ကိုင်မှု ကို အားပြုလုပ်ဆောင်နေသလား လို့ ပြောချင်တာဖြစ်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း အရာရာကို ဆုံးဖြတ်လုပ်ဆောင်တော့မလားလို့ စိုးရိမ်ပူပန်တဲ့ သဘော နဲ့ ပြောကြားနေတာဖြစ်ပါတယ်။ ဒါဟာ အခုလို ဗဟိုဦးစီးချုပ်ကိုင်မှု စနစ် ပြန်လည်အားကောင်းလာပြီလို့ ပြောဆိုနေရာကနေ အရပ်သား အာဏာရှင် စနစ် ကို သွားနေပြီလားဆိုတဲ့ ဝေဖန်မှုတွေ ဆီကို ဦးတည်သွားနေတာပဲဖြစ်ပါတယ်။ တကယ်ပဲ ဒီ ဗဟိုဦးစီး စနစ်ဟာ အစိုးရသစ် မှာ အစပြု အသက်ဝင်နေပြီလား ၊ တကယ်ဖြစ်ပျက်နေတာက ဘာတွေလဲ ဆိုတာ ကို ကြည့်ကြရအောင်ပါ။

အရင်ဆုံး ပြန်ပြီး သတိပြုမိအောင် ထောက်ပြရရင် အခုလို NLD က အစိုးရသစ်ကို ဖွဲ့စည်း နိုင်ခဲ့ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တနိုင်ငံလုံး ပတ်ပြီး တကွင်းလုံး ကစားခဲ့ခြင်းရဲ့ အကျိုးရလဒ်ပဲဖြစ်ပါတယ် ။ တည့်တည့်ပြောရရင် ဒီအောင်မြင်မှု ဟာ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ ဗဟိုချက်ပေါ်မှာ တည်ပြီး ဖြစ်ပေါ်ခဲ့တာပါ။ စတင်ကတည်း အပြောင်းလည်းကို လိုချင်တဲ့ ပြည်သူလူထု နဲ့ နိုင်ငံရေး စံပြ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ပေါင်းဆည်းမိသွားရာက ဒီ ရလဒ်ထွက်လာတာပါ။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားက abstracts ဆန်ပါတယ် ၊ လူထုထဲမှာ ရှိပါတယ် ။ ပါတီမှာ မရှိပါဘူး ။ ဒါကြောင့် အခုလို အစိုးရဖွဲ့နိုင်ပြီ ဆိုတဲ့ ရလဒ်ကို ရရှိတဲ့ အခါ အားမရှိတဲ့ပါတီကနေ အစိုးရဖွဲ့ဖို့ အင်အားထုတ်ယူနိုင်ခြင်း မရှိတာပဲဖြစ်ပါတယ်။ ဟုတ်ပါတယ် ၊ NLD အစိုးရသစ် မှာ ပါဝင်တဲ့ NLD အဖွဲ့ဝင်အများစုဟာ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကလွဲရင် အများစုဟာ ရွေးကောက်ပွဲ နီးခါမှ NLD လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ပါဝင်လာတဲ့သူတွေ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ က လည်း ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင် ကတည်းက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ရာမှာ NLD ပါတီဝင်တွေ အပြင် ပြည်သူလူထုကြားထဲ က ပညာရှင်တွေ ပညာတက်တွေ ကိုပါ ဖိတ်ခေါ်ပြီး NLD ကိုယ်စားလှယ်လောင်း တွေ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်စေ ခဲ့တာဖြစ်ပါတယ်။ လူပုဂ္ဂိုလ်အားဖြင့် မည်သူမည်ဝါ ဖြစ်တယ်ဆိုတာထက် သူမ ကို ယုံကြည်ပြီး မဲပေးရွေးချယ်ဖို့ လူကို မကြည့် နဲ့ ပါတီ ကို ကြည့်ပြီးမဲပေးပါဆိုတဲ့ ဗျူဟာနဲ့ ပြိုင်ဆိုင်ခဲ့တာဖြစ်ပါတယ် ။ ဗဟိုဦးစီးချုပ်ကိုင် စီမံမှု နဲ့ စတင် ခဲ့တယ် ဆိုတာ အထင်အရှားပါပဲ ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အာဏာရယူပြီး နှစ်ဝက်ဆိုတဲ့ လက်ရှိ ကာလ အတွင်းမှာ အဆိုပါ တစ်ဦးတည်း ချုပ်ကိုင်ထားတဲ့ ဗဟို ချုပ်ကိုင် စီမံမှုကို ဖြေလျော့ ခွဲဝေ ပေးဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ် ။

အချို့သော ဝေဖန်မှုများ ပြောသလို ဗဟိုချုပ်ကိုင်မှုဆန်လာတာ မဟုတ်ပါဘူး ၊ နဂိုကတည်းက ဗဟိုချုပ်ကိုင်မှု နဲ့ စတင်ခဲ့ပြီး အခုမှ ဖြေလျှော့ခွဲဝေမှုတွေ လုပ်ဖို့ကြိုးစားနေတာပါ။ ဒီ နေရာမှာ ပြဿနာက ဗဟိုဖြေလျှော့မှုက နေ အာဏာခွဲယူ သုံးစွဲဖို့ ခန့်အပ်ခြင်းခံထားရတဲ့ ပုဂ္ဂိုလ်တွေ ဟာ စွမ်းသလောက်မလုပ်နိုင်တာလား ၊ နဂိုကတည်းကမစွမ်းလို့ လူရွေးမှားသလားဆိုတာ စဉ်းစားစရာရှိနေတာတော့အမှန်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းထားတဲ့ အမျိုးသားရင်ကြားစေ့ရေး အစိုးရဟာ နိုင်ငံရေး အရောင်စုံအောင်ကြိုးစား ပေါင်းစပ် ဖွဲ့စည်းထားပေမယ့် တစ်သင်းလုံး အပေးအယူ အချိတ်ဆက် ရှိရှိ နားလည်မှုရှိရှိ ကစားကွက်ဖေါ် နိုင်တဲ့ အနေအထား မရှိတာကို တွေရပါတယ် ။ စီမံခန်ခွဲမှု အာဏာဟာ ဗဟိုကနေ စီးဆင်းသွားဖို့ဆိုတာ ယန္တာရား အဆင့်ဆင့်မှာ လုပ်ပိုင်ခွင့် အာဏာတွေကို ထိထိရောက်ရောက် ဘေးထွက်ဆိုးကျိုး နည်းနည်း နဲ့ ကိုင်တွယ်သုံးစွဲ နိုင်ဖို့လည်းလိုပါတယ် ။ ဒါမှ အာဏာ ဟာ အဲဒီနေရာတွေ အထိ စီးဆင်းသွားမှာဖြစ်ပြီး လုပ်ပိုင်ခွင့် အာဏာ ကို ကိုင်တွယ်စီမံနိုင်စွမ်းမရှိပဲ ဘေးထွက်ဆိုးကျိုး တွေ များနေမယ် ဆိုရင်တော့ အာဏာဟာ ဗဟိုမှာ အိုင်ထွန်းနေမှာဖြစ်ပါတယ် ။

ပွင့်ပွင့်လင်းလင်းပြော ရရင် လက်ရှိ NLD အစိုးရသစ် မှာ Decentralization ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး လုပ်ပိုင်ခွင်အာဏာ ထိထိ ရောက်ရောက် ခွဲဝေ ပေးရေးကို လုပ်ဆောင်ဖို့ အစိုးရအဖွဲ့ အဆင့်ဆင့်မှာ Capacity အရည်အချင်း နဲ့ စွမ်းဆောင်နိုင်အား မပြည့်ဝသေးဘူးလို့ဆိုရမှာဖြစ်ပါတယ် ။ ဒါဟာ အာဏာ ဗဟို အိုင်ထွန်းမှုကိုဖြစ်စေပါတယ် ။ ဘောလုံးကို လူပေးကစားဖို့ ခက်နေတဲ့ အချိန်မှာ အသင်း ကပ္ပတိန် ရဲ့ ခြေထောက်ထဲမှာ ဘောလုံးဟာ အကြာဆုံးရောက်ရှိနေမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ။ အမြန်ဆုံး ဒီအခြေအနေကို ပြောင်းလဲပြစ်နိုင်မှ တစ်သင်းလုံးကစားအားကိုလည်းမြှင့် ပရိတ်သတ်ရဲ့ အားပေးမှုကိုလည်း မြှင့်တင်နိုင်မှာဖြစ်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အစိုးရသစ် ကို Centralization ကနေ ရွေ့ အောင် မလုပ်နိုင်တဲ့ နောက်ထပ် အကြီးဆုံးတရားခံကတော့ လွှတ်တော်တွေပဲဖြစ်ပါတယ် ။ လွှတ်တော်တွေ ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပါဝင်နေတဲ့ အစိုးရသစ်ကို လူရှိန်နေ တာကြောင့် လိုအပ်တဲ့ သွေးပူလေးကျင့်ခဏ်းတွေ လုပ်ဖြစ်အောင် မောင်း မပေးနိုင်တဲ့ သဘောကိုလည်းတွေ့ရပါတယ် ။ NLD လွှတ်တော်ကိုယ်စားလှယ် အများစုက ကွင်းစိမ်းနေတာကြောင့် ခြေမသွက်သလိုရှိနေတာကလည်း တကြောင်းပဲဖြစ်ပါတယ်။

ဒီနေရာ မှာ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်တယောက် လူကျွံ့ဘော ဖမ်းကစား ခံရတာ ဟာ NLD အဖို့ အထူး သတိချပ်စရာ ပြဿနာဖြစ်လာပါတယ် ။ ဒါဟာ NLD လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ အမျိုးစား မတူညီကွဲပြားမှု ၊ ပါဝင်ဆောင်ရွက်ပုံ ကွဲပြားမှုက အခြေခံဖြစ်ပါတယ်။ ဒီ ပြဿနာဟာလည်း အချိန်အနည်းနဲ့ အများဆိုသလို အခြေအနေ တွေပြောင်းလဲမှုမရှိရင် ပေါက်ကွဲထွက်လာမယ့် အကြောင်းရင်ခံတစ်ခုဖြစ်ပါတယ်။ အားလုံးသိတဲ့ အတိုင်း NLD ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေကို NLD ပြင်ပ ကနေ အများအပြားဖိတ်ခေါ် ပြီး ဝင်ပြိုင်စေခဲ့တာဖြစ်လို့ အခု လက်ရှိလွှတ်တော်ထဲ ရောက်ရှိနေကြတဲ့ NLD အမတ် တွေထဲမှာ NLD အမာခံ မဟုတ်သူတွေ အများအပြားပါဝင်ပါတယ်။ သူတို့ ဟာ မူလ က စီးပွားရေးသမားတွေ အစိုးရဝန်ထမ်းတွေ ပညာရပ်ဆိုင်ရာထူးချွန်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်။ အခုလို လွှတ်တော်ထဲမှာ အများစု အနေနဲ့ ရောက်ရှိနေတဲ့ NLD လွှတ်တော် အမတ် အများစုဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အစိုးရသစ် ရဲ့ လုပ်ဆောင်မှုတွေကို သွက်သွက်လက်လက်လေး စလှမ်းနိုင်အောင် ၊ ဘေးထွက်ဆိုးကျိုးတွေ နည်းနိုင်သမျှ နည်းအောင် လွှတ်တော် အသံ နဲ့ ဘေးတီးမောင်းနှင်ပေးဖို့ လက်ရဲ ဇက်ရဲ မရှိတဲ့ အခြေအနေမျိုးမှာ NLD နဲ့ သံယောဇဉ်အမြစ် မတွယ်သေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မိမိ တက်စွမ်းတဲ့ ပညာ၊ ရရှိထားတဲ့ အမြင်တွေ နဲ့ အလုပ်မယ်ဆိုတဲ့ စိတ်နဲ့ ဝင်လာတဲ့ ကိုယ်စားလှယ်တွေ မှာ အနေရကျပ် သလို ခံစားလာရတဲ့ သဘောရှိပါတယ်။ လုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေ မှာ လုပ်သင့်ကိုင်သင့်သလောက် လုပ်ခွင့် မရခြင်းဟာ သူတို့ စိတ်ကို မွန်းကျပ် စေပါတယ်။ ဒါကြောင့် အခါအခွင့်သင့် တဲ့ အခါ ပြောခွင့်ဆိုခွင့်ရတဲ့ အခါ အခု လို ပြောဖြစ်ဆိုဖြစ်တာတွေရှိလာပါတယ် ။

ဒါကို နဂိုကတည်းက ကြိုမြင်ထားတဲ့ အခြားသော ပြိုင်ဖက် အတိုက်အခံ နိုင်ငံရေး အင်အားစုထဲက အကြံရှိသူအချို့က NLD ရဲ့ နိုင်ငံရေး အက်ကြောင်းအဖြစ် ပေါ်ထွက်လာအောင် ပစ်မှတ်ထား မီးမောင်းထိုးပြ လာတာပဲဖြစ်ပါတယ်။ ဒါကြောင့် NLD လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော် ကစားကွင်းမှာ လွတ်လွတ်လပ်လပ် တက်တက်ကြွကြွ ခြေစွမ်းပြခွင့် ရဖို့ ကစားကွက်တွေ အခွင်းအရေးတွေ ဖန်တီးပေးနိုင်ခြင်း မရှိရင် ဒီလို အလားတူ ပြဿနာတွေ ကို ရေရှည် မှာ NLD အနေနဲ့ မုချ ကြုံတွေ့ရမှာလည်းဖြစ်ပါတယ်။

ဒီပြဿနာတွေ နဲ့ ဒီ ပြဿနာ ပုစ္ဆာတွေရဲ့ အဖြေရှာခြင်း ဆိုင်ရာ အခြေခံသဘောတရား ကတော့ နေရာပေးခြင်း ဆိုတဲ့ နိုင်ငံရေး အနုပညာတရပ် နဲ့ သက်ဆိုင်နေတယ်လို့ ကျွန်တော့ အနေနဲ့ ဆိုချင်ပါတယ်။ ဒီနေရာမှာ နေရာပေးတယ်ဆိုတာ ၂ ပိုင်းရှိပါတယ် ။ တပိုင်းက တိုက်ရိုက် နေရာပေးတာပါ ၊ လုပ်ကွက်ရော လုပ်ပိုင်ခွင့်ရော ကို အတိအကျ အပ်နှင်းတာပါ။ လုပ်ကွက်ပေးပြီး လုပ်ခွင့်မပေးတာမျိုးလည်း မဟုတ်ပါဘူး ။ အခုလို စိတ်ပါဝင်စားပြီး တက်ကျွမ်းနားလည်သူတွေကို ကတိကဝတ်နဲ့ စုရုံးပြီး လွှတ်တော်နိုင်ငံရေး အာဏာနိုင်ငံရေးတွေ မှာ ပါဝင်ဆောင်ရွက်ကြတဲ့ အခါ တာဝန်တွေ လုပ်ပိုင်ခွင့်တွေက ပြဋ္ဌန်း ထားပြီးသားဖြစ်ပါတယ်။

အခု လွှတ်တော်နိုင်ငံရေး အာဏာ နိုင်ငံရေး နယ်ပယ်တွေမှာ နိုးကြားတက်ကြွမှု ထွန်းပေါက်အောင်မြင်မှုတွေ အထင်အရှား ပေါ်ထွက်မလာနိုင်သေးတာဟာ ရှိပြီးသား ၊ ပြဋ္ဌန်းထားပြီးသား တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို အပြည့် အဝ သုံးစွဲ ထမ်းဆောင်နိင်စွမ်း မရှိတဲ့ အနေအထားဖြစ်ပါတယ်။ ဒါဟာ လူမှန်နေရာမှန်ဟုတ်ရဲ့လားဆိုတဲ့ သုံးသပ်ချက်ဖြစ်သလို အားလုံး လွတ်လွတ်လပ်လပ် တက်တက်ကြွကြွ နဲ့ တိုင်းပြည် ပြုပြင်ပြောင်းလဲရေး တခုတည်းကိုပဲ အလေးထားကြည့်မြင်ပြီး လုပ်ဖို့ encouragement လို့ခေါ်တဲ့ ကြောင့်ကျမှု ကင်းစေပြီး စိတ်ခွန်အား နိုးကြားတက်ကြွစေမှု ကို ရရှိဖို့ လိုအပ်နေတာလား ၊ ဒါမှ မဟုတ် Order အမိန့် ညွှန်ကြားချက်ကို လိုအပ်နေတာလား ဆိုတဲ့ ဆန်းစစ်ချက်တွေပဲဖြစ်ပါတယ်။ ဒါကို NLD က အမြန်ဆုံးနည်းလမ်းရှာ တည့်မတ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။

နေရာပေးခြင်း နိုင်ငံရေး အနုပညာ နောက်တပိုင်းကတော့ ပြည်သူ နဲ့ NLD မဟုတ်သော နိုင်ငံရေး အင်အားစု တွေကို အတွက် စဉ်းစားချက်ဖြစ်ပါတယ်။
အချို့ ထင်မြင်ယူဆ နေကြတာက NLD က ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရ ဖွဲ့နိုင်ပြီဖြစ်တဲ့ အတွက် နိုင်ငံ နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ တိုင်းပြည်မှာ ဖြစ်ပွားနေတဲ့ အရေးအခင်းတွေ အားလုံးဟာ NLD အစိုးရမှာပဲတာဝန်ရှိတယ်ဆိုပြီး နားလည်လက်ခံထားပါတယ် ။ ဒါကြောင့် ဒီပြသနာတွေ မပြေလည်တိုင်း အရေးအခင်းတွေ ဖြစ်ပွားတိုင်း NLD ကို ပြဿနာ အဖြစ်ဝေဖန် တိုက်ခိုက်ကြပါတယ် ။ ဒီနေရာ မှာ NLD ကို ကျွန်တော်ထောက်ပြချင်တာက တကယ်တော့ နိုင်ငံ မှာ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ ဒီ နိုင်ငံရေး စီးပွားရေး လူမှုရေး ပြဿနာတွေဟာ ဆယ်စု နှစ်ပေါင်း များစွာကတည်း ပြဿနာ ဖြစ်ဖို့ က အစပြု ခဲ့တာပဲဖြစ်ပါတယ် ။ ဒါကို NLD က အစိုးရ အာဏာပိုင်ဖြစ်လာတဲ့ အချိန်မှာ တာဝန်ယူ ဖြေရှင်းဖို့ ခေါင်းဆောင်မှု တာဝန်ကို ရယူလိုက်တာပဲဖြစ်ပါတယ် ။ ဒါဟာ ပြဿနာတွေ အားလုံး ကို ကန်ထရိုက်ဆွဲ လိုက်တာမဟုတ်ပါဘူး ၊ တကယ်တော့ NLD က ဦးဆောင်ဖြေရှင်းဖို့တာဝန်ယူတာဟာ အတိုက်အခံ နိုင်ငံရေးအင်အားစု အပါအဝင် အခြား နိုင်ငံရေး အင်အားစုတွေ နဲ့ ပြည်သူလူထု က ဒီတာဝန်ကနေ လုံးလုံး လွတ်ကင်းသွားပြီး တာဝန်မဲ့ သွားပြီဆိုတဲ့ သဘောမဟုတ်ပါဘူး။

NLD က အစိုးရအဖြစ် အာဏာရ ပါတီ အဖြစ် ဦးဆောင်နေပေမယ့် ကျန်သူ အားလုံးမှာ သက်ဆိုင်ရာ တာဝန်တွေ ပူးပေါင်းဆောင်ရွက်မှုတွေ ကို ထမ်းဆောင်ဖို့ တာဝန်ရှိနေပါသေးတယ် ။ ဒါကို ကျန်သူအားလုံးသိမြင်နားလည် ပြီး လုပ်နိုင်ကိုင်နိုင်ပါဝင်နိုင်အောင် NLD အနေနဲ့ မီးမောင်းထိုးပြ နိုင်ဖို့လိုပါတယ် ၊ အားပေးတိုက်တွန်းဖို့လိုပါတယ် ၊ ဖိတ်ခေါ်မှုတွေ ပူးပေါင်းဆောင်ရွက်မှု အခန်း ကဏ္ဍ အသစ်တွေ ဖွင့်လစ်ပေးဖို့ လိုပါတယ် ။ ဒါဟာ နေရာပေးခြင်း နိုင်ငံရေး အနုပညာ ဖြစ်ပါတယ် ။ နိုင်ငံရေး အင်အားစုတွေ နဲ့ ပြည်သူတွေကို ဒီလို နေရာ မပေးနိုင်ရင် သူတို့အနေနဲ့ ဘေးကို လွတ်လွတ်ကျွတ်ကျွတ် ထွက်နေပြီး တိုင်းပြည်ပြဿနာတွေဟာ သူတို့ပြဿနာ မဟုတ်ပဲ NLD ရဲ့ ပြဿနာ အဖြစ်သာ တွေးမြင်ပြောဆို ဝေဖန်တိုက်ခိုက်နေမှာပါပဲ ။

ဒါကြောင့် တိုင်းပြည်ရဲ့ အခန်း ကဏ္ဍ အသီးသီးမှာ မိမိရဲ့ လူ နဲ့ မူ နေရာ တကျဖြစ်အောင် လုပ်ဖို့ လိုအပ်သလို တိုင်းပြည် ရဲ့ လူ့စွမ်အား အရင်းအမြစ်တွေ ၊ နယ်ပယ် အသီသီးက မတူညီတဲ့ အင်အားစုတွေ ကို သူ့နေရာ နဲ့သူ လုပ်နိုင် ကိုင်နိုင်ဖို့၊ အာဏာရ ပါတီ NLD နဲ့ အစိုးရသစ်ကိုပဲ ပြဿနာ လုပ်မနေပဲ တကယ့် ပြဿကို ပဲ ပြဿနာလုပ်ပြီး ဖြေရှင်းဆောင်ရွက်တဲ့ နေရာ မှာ ကိုယ်စီ တဒေါင့် တနေရာကနေဖြစ်ဖြစ် ၊ ပူးပေါင်းပါဝင်လို့ဖြစ်ဖြစ် အားလုံးရှင်သန်ရပ်တည်လှုပ်ရှားနိုင်အောင် အခြေအနေတွေ ရာသီဥတုတွေ ဖန်တီးပေးဖို့လိုအပ်ပါတယ်။ အခုအချိန်မှာ ပြည်သူလူထုရော အခြား နိုင်ငံရေး အင်အားစုတွေ ပါ ဘေးထွက် ပြီး ပွဲကြည့် ပရိတ်သတ်လို ရပ်ကြည့်နေတာဟာ အလွန်ကြီးမားတဲ့ ပြဿနာပါ ။ ရေရှည်မှာ နိုင်ငံရေး အရ အန္တရယ်လည်း အလွန်များပါတယ်။

ဒါကြောင့် လက်ရှိ နိုင်ငံရဲ့ ဦးဆောင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တကွင်းလုံးပတ်ကန် နေရတဲ့ အနေအထား ကနေ လူပေးကစား နိုင်ဖို့ ကိုယ့်လူတွေ လူမှန် နေရာမှန် ရှိရဲ့လားဆိုတာ ပြန်သုံးသပ်ဖို့ လိုပါတယ် ။ တကယ် လူမှန်နေရာမှန်ရှိနေတာ သေချာပြီဆိုရင် လူတွေ ကိုယ့်နေရာကနေ ခြေပေါ်အောင်ကစားနိုင်ဖို့ ဘာလိုအပ်နေသလဲဆိုတာ ထပ်ကြည့်ဖို့ လိုပါတယ် ။ ကျွန်တော့ အနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည် ဟာ မဖြစ်မနေ တစ်ကွင်းလုံး ကို တစ်ယောက်တည်း ပတ်ကန်ဖို့ ဆန္ဒရှိတယ်လို့ မယူဆပါဘူး ။ ကိုယ်ကပေးလိုက်တဲ့ ဘောလုံးကို ထိန်းနိုင်ကြပါ့မလားလို့ စိုးရိမ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မည်သို့ပင်ဆိုစေ တစ်ကွင်းလုံး ပတ်ကန်သူ နဲ့တစ်သင်းလုံး ကြားမှာ နားလည်မှုရှိရှိ အပေးအယူ မျှမျှ ၊ မဟာဗျုဟာ နည်းဗျုဟာ စနစ်တကျ နဲ့ ပြန်လည် တိုက်စစ်ဆင်ဖို့ လိုအပ်နေပြီ ဆိုတာတော့ ငြင်းမရနိုင်ကြောင်းပြောပါရစေ ..., ။

သီဟသွေး

The Ladies News

(ယခုဆောင်းပါးကို The Speaker ဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့ပါသည်။)
The Ladies News

 ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံ မျှော်စင်ကျွန်းမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ကျင်းပတဲ့ သက်ငယ်မုဒိန်းမှုနဲ့ ပတ်သက်ပြီး လူထုလှုပ်ရှားမှု အခမ်းအနားမှာ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ကို တွေ့ရစဉ် ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံ မျှော်စင်ကျွန်းမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ကျင်းပတဲ့ သက်ငယ်မုဒိန်းမှုနဲ့ ပတ်သက်ပြီး လူထုလှုပ်ရှားမှု အခမ်းအနားမှာ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်ကာလ ရောက်လာပြီ ဖြစ်တဲ့အတွက် သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို ထိထိမိမိ ဆောင်ရွက်သွားတော့မှာဖြစ်ကြောင်း ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံ မျှော်စင်ကျွန်းမှာ ကျင်းပတဲ့ သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ တောင်းဆိုတဲ့ လူထုလှုပ်ရှားမှု အခမ်းအနားမှာ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောတာဖြစ်ပါတယ်။

"ကျနော့်ရဲ့ မြို့နယ်ရုံးလေးဟာ အခန်းကျဉ်းလေးပါပဲ တောင်ဒဂုံမှာ၊ အခန်းကျဉ်းတယ် ဆိုပေမယ့်လည်း လာရောက်အကူအညီတောင်းတဲ့လူထုကတော့ အပြည့်ပါပဲ၊ အဲအထဲမှာမှ ကျနော့်ဆီကို ဖုန်းဝင်လာတယ်၊ သက်ငယ်မုဒိန်းတစ်ခု အကူအညီတောင်းချင်လို့ပါဆိုပြီးတော့၊ ကျနော်က လာခဲ့ပါပေါ့နော်၊ ဟိုးယခင်တုန်းကလည်း ဒါမျိုးတွေကို ကျနော် ကူညီပေးခဲ့ဖူးတာတွေရှိတယ်၊ ဒါပေမဲ့လည်း ရေများရေနိုင်၊ မီးများမီးနိုင်ဆိုတဲ့ကိစ္စတွေနဲ့ပဲ မထင်မရှားပဲ ပျောက်ကွယ်သွားခဲ့ရတယ်၊ ဒါပေမဲ့ ဒီနေ့ ဒီအချိန်မှာတော့ အမေစု ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်တစ်ရပ်အနေနဲ့တက်လာပြီ၊ ဒါတွေကို ကျနော်တို့ ထိထိမိမိဆောင်ရွက်ဖို့လိုလာပြီ"

အသက်ငယ်ရွယ်တဲ့ မိန်းကလေးတွေအပေါ် အဓမ္မပြုကျင့်မှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားတဲ့အခါ ဌာနဆိုင်ရာတာဝန်ရှိသူတွေက အရေးတယူဆောင်ရွက်ပေးတာ မရှိကြောင်းလည်း ဦးညီညီက ပြောပါတယ်။

ဒါ့အပြင် အဲဒီလိုအမှုမျိုးတွေနဲ့ပတ်သက်ပြီး ဥပဒေတစ်ရပ်ထုတ်ပြန်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော်က ကြိုးစားနေကြောင်းနဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေကလည်း သက်ဆိုင်ရာ မြို့နယ်တွေမှာ ပညာပေးလက်ကမ်းစာစောင်တွေ ဝေပေးနေတယ်လို့ ပြောပါတယ်။

သက်ငယ်မုဒိမ်းမှု လူထုလှုပ်ရှားမှုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေ၊ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ ဥပဒေပညာရှင်တွေနဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
RFA

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.