12/01/16

မြန်မာနိုင်ငံသားတွေ ဗီဇာကင်းလွတ်ခွင့် လည်း ဒီဇင်ဘာ ၁ ၇က်နေ့မှာ စတင် သက်ဝင်

စင်္ကာပူ နိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် အဖြစ်ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့မှာ စင်္ကာပူက မြန်မာ အသိုင်းအဝိုင်း နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဂျူယောင်း အရပ်က Big Box ကုန်တိုက် အဆောက်အဦး သုံးထပ်က လူခြောက်ထောင် ကျော်ဆန့်တဲ့ Megabox Convention Centre မှာ ည ၈ နာရီ ကနေ ၉ နာရီ အထိ တွေ့ဖို့ စီစဉ် ထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ပွဲအတွက် လက်မှတ်တွေကို အင်တာနက် က တဆင့် ရောင်းချခဲ့ပြီး အခုချိန်မှာ လက်မှတ်တွေ ဝယ်လို့ မရတော့ဘူးလို့ သိရပါတယ်။

ပွဲကို တက်ရောက် လာသူတွေ အနေနဲ့ အင်တာနက် ကတဆင့် ကြိုတင် မေးမြန်း ထားကြတဲ့ မေးခွန်း တွေ နဲ့ ပွဲအတွင်းမှာ စာရေး မေးမြန်းခွင့် တွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

မြန်မာ အလုပ်သမားတွေ ရဲ့ ပတ်စ်ပို့ ပြောင်းလဲ မယ့် ကိစ္စတွေကို အဓိက ထား မေးမြန်း ထားကြတယ်လို့လည်း သိရပါတယ်။

မြန်မာပြည် မြောက်ပိုင်း မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ၂၁ ရာစု ပင်လုံ ညီလာခံ ကို ထိခိုက်မှု ရှိနိုင်သလား ဆိုတဲ့ မေးခွန်း မျိုးတွေလည်း လူတွေက မေးမြန်း ဖို့ ပြင်ဆင် နေကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ က နိုင်ငံရပ်ခြား မှာ ရှိနေတဲ့ မြန်မာတွေကို ပြန်လာဖို့ ဖိတ်ခေါ် တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီးတော့ လည်း စင်္ကာပူက မြန်မာ တွေနဲ့ ဆွေးနွေး ကြဖို့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ စင်္ကာပူ နိုင်ငံရောက် တိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့ဆုံ ဖို့ အတွက် တိုင်းရင်းသား အဖွဲ့က ကိုယ်စားလှယ် တွေကိုလည်း ဖိတ်ထားတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တော အရေး နဲ့ ပတ်သက်ပြီး စင်္ကာပူ နဲ့ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ မလေးရှား နဲ့ အင်ဒိုနီးရှားမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ် နေပေမယ့် စင်္ကာပူ ခရီးစဉ်မှာတော့ ဆန္ဒပြမှုတွေ မရှိပါဘူး။

BBC Burmese


အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဟာ ရှောင်လွှဲလို့မရနိုင်တဲ့ အရေးကြီးကိစ္စရပ်ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ငြိမ်းချမ်းရေးနဲ့ အမျိုးသားသင့်မြတ်ရေးဖေါ်ဆောင်နိုင် မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာဖြစ်တယ်လို့ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဆွေးနွေးပွဲအတွင်း ပြောဆိုခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးတွေလည်း လိုက်ပါသွားတဲ့ ၃ ရက်ကြာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူနိုင်ငံ ခေါင်းဆောင်တွေ၊ စီးပွါးရေးလုပ်ငန်းရှင်တွေအပြင် မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ အကြောင်းစုံကို ကိုအောင်အောင်က တင်ပြပေးမှာပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူနိုင်ငံကို ရောက်ရှိပြီး မကြာခင်မှာပဲ စင်္ကာပူ ခေါင်းဆောင်တွေ စီးပွါးရေးလုပ်ငန်းရှင်တွေပါဝင်တဲ့ Global Conversations ဖိုရမ် ဆွေးနွေးပွဲအတွင်း နိုင်ငံတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးနဲ့ သင့်မြတ်မှုဟာ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

“အမျိုးသားသင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဟာ ရှောင်လွှဲလို့မရနိုင်တဲ့ အရေးကြီးကိစ္စရပ်ဖြစ်သလို ဒါဟာ ရွေးချယ်ရမယ့်ဟာမဟုတ်ဘဲ ရှောင်လွှဲလို့မရတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ အမျိုးသားသင့်မြတ်ရေးရရှိအောင် ဆောင်ရွက်မှသာ နိုင်ငံတိုးတက်မှာဖြစ်ပြီး ကျမတို့နိုင်ငံအတွင်း ရင်းနှီးမြှပ်နှံလိုသူတွေအတွက်လည်း ၂ နိုင်ငံ အတွက် အကျိုးရှိစေမယ့် ကူးသန်းရောင်းဝယ်ရေးလုပ်ဆောင်ဖို့ လုံလောက်တဲ့ ယုံကြည်မှု ရှိလာစေမှာဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုဥပဒေသစ် ပြဌာန်းခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ပြောဆိုခဲ့ပါတယ်။ လာရောက်ရင်းနှီးမြှပ်နှံသူတွေရဲ့ အကျိုးစီးပွါး ထိခိုက်မှုမရှိအောင် အခုရင်းနှီးမြှပ်နှံမှုဥပဒေသစ်က အကာကွယ်ပေးထားကြောင်းလည်း ဖိုရမ်ဆွေးနွေးပွဲအတွင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒေသတွင်း နိုင်ငံတစ်နိုင်ငံရဲ့ အောင်မြင်မှုဟာ ဒေသရဲ့ အောင်မြင်မှု ဖြစ်တာကြောင့် စင်္ကာပူအနေနဲ့ အကူအညီပေးဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒီကနေ့ညဘက်မှာတော့ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ညစာစားပွဲနဲ့တည့်ခင်းဧည့်ခံပြီးမြန်မာ စင်္ကာပူ ဆက်ဆံရေးနဲ့ ပါတ်သတ်လို့ အခုလို ပြောကြားသွားပါတယ်။

“စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ကာလကြာရှည် မပြောင်းမလဲပဲ အတူရပ်တည်ခဲ့တဲ့ မိတ်ဆွေနိုင်ငံပါ။ ဒီနှစ် ဆိုရင် ၂ နိုင်ငံဆက်ဆံရေး နှစ် ၅၀ ပြည့်သွားပြီး နောက်ထပ်လည်း အတူလက်တွဲလုပ်ဆောင်သွားဖို့ ဆန္ဒရှိပါတယ်။ စီးပွါးရေးအတူပူးပေါင်းဆောင်ရွက်မှုတွေဟာ ခိုင်မာ ပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုအပိုင်းမှာလည်း တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ကြွယ်ဝချမ်းသာလာရေးနဲ့ ပတ်သကပြီးတော့လည်း ယုံကြည်မှုရှိကြောင်း ပြသတာပါ။ ဒါ့အပြင် ၂ နိုင်ငံပြည်သူတွေရဲ့ ဆက်ဆံေ၇းဟာ ခိုင်မာပြီး အပြန်အလှန်သွားရောက် လည်ပတ်ဖို့အတွက် ဗီဇာကင်းလွတ်ခွင့်လည်းပေးထားပါတယ်။ ဒေါ်စုအနေနဲ့ လွန်ခဲ့တဲ့ ၆ လက ပြောဆိုထားတဲ့အတိုင်းပါပဲ။ မနက်ဖန်မှာဆိုရင် မြန်မာနိုင်ငံက လာရောက်လည်ပတ်မဲ့သူတွေကို စင်္ကာပူက ကြိုဆိုသွားမှာပါ။”

လွန်ခဲ့တဲ့ ဇွန်လအတွင်း စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ မြန်မာနိုင်ငံကို လာရောက်လည်ပါတ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံသားတွေ ဗီဇာလျှောက်စရာမလိုပဲ စင်္ကာပူမှာ ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရမယ့် အစီအစဉ်နဲ့ ပါတ်သတ်ပြီး သဘောတူညီမှုရခဲ့ပါတယ်။စင်္ကာပူမှာ မြန်မာနိုင်ငံသား သိန်းနဲ့ချီနေထိုင် အလုပ်လုပ်ကိုင်နေကြတာပါ။ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု ခရီးစဉ်အတွင်း စင်္ကာပူရောက် မြန်မာတွေနဲ့ မနက်ဖန် ဒီဇင်္ဘာလ ၁ ရက်နေ့ ညဘက်မှာ တွေ့ဆုံဖို့ရှိတယ်လို့ Myanmar Club ဥက္ကဌ ဒေါက်တာ မြတ်မော်ထွန်းက အခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ ၈ နာရီပြင်ထားပါ တယ် ။ ဒေါ်အောင်ဆန်းစုကြည် ရောက်လာ ပြီးရင် စင်္ကာပူရောက်မြန်မာတွေကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်မှာကြားမယ့် သြ၀ါဒကို ကြားဖို့အတွက် စောင့်နေကြမှာပါ။ တကယ်လို့များ အခြေအနေပေးလာမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို မေးချင်တဲ့ မေးခွန်းတွေရှိပါတယ်။ ကျနော်တို့ Online ကနေပြီးတော့ ကြိုပြီးကောက်ခံ ထားတဲ့ မေးခွန်းတွေ ရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမိသားစုတွေ တွေ့ဆုံဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံသားတွေရင်ဆိုင်နေရတဲ့ အခက်အခဲတချို့ကို အချိန်ရလျင် တင်ပြသွားမယ်လို့ ဒေါက်တာမြတ်မော်ထွန်းကပြောပါတယ်။မြန်မာနိုင်ငံကူးလက်မှတ် အမျိုးကွဲတွေ အများအပြားရှိနေတာနဲ့ ပတ်သတ်လို့ စင်္ကာပူရောက် မြန်မာတွေကြား အခက်အခဲတချို့ရင်ဆိုင်နေရတာပါ။

“Passport မှာက PV တို့ PJ တို့ပေါ့နော် ၊ visit pass တို့ ကျနော်တို့ Job pass တို့ပေါ့နော် အဲဒီလို အကွဲအပြားတွေကို ဒီမှာရောက်နေတဲ့ အလုပ်သမားတော်တော်များများက မသိကြဘူး၊ တော်တော်လေး အခက်အခဲဖြစ်ကြပါတယ်။ ဆိုတော့ အဲဒီအခက်အခဲတွေကို မေးမယ့်မေးခွန်းက စင်္ကာပူရောက် မြန်မာတွေ အားလုံးနဲ့သက်ဆိုင်တဲ့မေးခွန်းတခုအဖြစ်နဲ့ ပါပါတယ်ခင်ဗျ။”

ဒီကနေ့ မနက်ပိုင်းက ရန်ကုန်လေဆိပ်ကနေ ထွက်ခွါသွားတဲ့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဒေါက်တာသန်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ၀န်ကြီးဌာနတွေက တာဝန်ရှိသူတွေ လိုက်ပါသွားပါတယ်။
VOA Burmese News



စစ်ရှောင်ဒုက္ခသည်များ (ဖေဖ၀ါရီလ ၂၀၁၅)
ရှမ်းပြည်နယ်မြောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေ စတင်ချိန်မှာ မုန်းကိုးအနီးရွာတရွာက အရပ်သား ၅၀ လောက်ကို အစိုးရတပ်မတော်က ဖမ်းဆီးမှုတွေရှိခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက် က သတင်းထုတ်ပြန်လိုက်ပါတယ်။ တဆက်တည်းမှာပဲ ဖမ်းဆီးထား သူတွေ ပြန်လွှတ်ပေး ဖို့ကို လည်း တောင်းဆို ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့တွေကိ မေးမြန်းရာမှာ ဖမ်းဆီးတာ မရှိဘူးဆိုတဲ့ပြန်ကြားချက်ရရှိထားကြောင်းနဲ့ အခြေအနေအသေးစိတ်ကို ထပ်မံစစ်ဆေးနေကြောင်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

အရပ်သား ၅၀လောက်ကို ဖမ်းဆီးတာဟာ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲစဉ်တွေစတင်ဖြစ်ပွားခဲ့တဲ့ ဒီလ ၂၀ရက်နေ့က ဖြစ်ပျက်ခဲ့တာလို့ ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့က သတင်းထုတ်ပြန်ထားတာပါ။

ဒီလို ဖမ်းဆီးထားတဲ့အခြေအနေကို ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့က ပြောခွင့်ရသူ ဦးဂွမ်ရှာအောင်က အခုလို ပြောပါတယ်။

“ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပဋိပက္ခတွေစဖြစ်တော့ မုန်းကိုး ဒေသမှာ ဖောင်ဂျွန်ပါရွာလို့ခေါ်တဲ့ ရွာမှာ မင်္ဂလာဆောင်ဖို့ အခမ်းအနားပြင်ဆင်နေတဲ့အချိန်မှာ ပဋိပက္ခဖြစ်တော့ အဲဒီမနက်မှာ လူ ၇၀ ယောက်လောက်ကို ဖမ်းထားတာဖြစ်ပါတယ်။ တချို့ကျတော့ တရုတ်နိုင်ငံသား ကချင်လူမျိုးတွေပါတယ်။ သူတို့ကိုကျတော့ နောက်တနေ့မှာ တရုတ်ပြည်ဘက်က ကိုယ်စားလှယ်တွေလာပြီးတော့ လာပြီးညှိနှိုင်းပြီးမှ ပြန်လွှတ်သွားတယ်။ အဲဒီနောက်မှာတော့ ၂၅ ရက်နေ့မှာတော့ ကျနော်တို့ နိုင်ငံသား ၂ ယောက်ကို ထပ်လွှတ်ပေးတယ်။ ကျန်တဲ့လူတွေတော့ အခုအထိ လွှတ်ပေးတာ မရှိသေးပါဘူး။”

နိုဝင်ဘာလ ၂၁ ရက်နေ့မှာ တရုတ်နိုင်ငံသား ကချင်လူမျိုး ၁၂ ယောက်ကို လွှတ်ပေးခဲ့ပြီး၊ လောလောဆည်မှာတော့ ကျန်ရှိသူတွေကို မုန်းကို တပ်စခန်းအတွင်းမှာ ထိန်းသိမ်းထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီအတွက်လည်း

ဖမ်းဆီးထိန်းသိမ်းထားသူတွေအမြန်ဆုံးလွှတ်ပေးဖို့နဲ့ စစ်ပွဲတွေ ရပ်ဆိုင်းဖို့ကိုလည်း ကချင်ငြိမ်းချမ်းရေးကွန်ယက်က တောင်းဆိုထားပါတယ်။

“ဒီဖမ်းထားတဲ့အရပ်သားတွေကို ပြန်ပြီးတော့မှ အမြန်ချက်ချင်းလုပ်ပေးဖို့ ကိစ္စ တောင်းဆိုတာဖြစ်ပါတယ်။ ပြီးတော့ ကျနော့်အနေနဲ့ တောင်းဆိုတဲ့နေရာမှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခ ပစ်ခတ်တိုက်ခိုက်မှုကိစ္စတွေကို ချက်ချင်းရပ်ဖို့လည်းတောင်းထားတာရှိပါတယ်။ ဒီ ပဋိပက္ခဖြစ်နေတဲ့အဖွဲ့ကို ကျနော်တို့ရည်ညွှန်းပြီး တောင်းဆိုတာဖြစ်ပါတယ်။ ပဋိပက္ခဖြစ်တဲ့အခါမှာလည်း ဒီလက်နက်ကိုင်နဲ့ အရပ်သားတွေကြားမှာ ခွဲခြားတဲ့ Geneva convention ပေါ့နော် လေးစားလိုက်နာဖို့ ကျနော်တို့ တောင်းဆိုတာဖြစ်ပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှုး ဦးဇော်ဌေးကတော့ ဒီလို အရပ်သားတွေ ဖမ်းဆီးတယ်ဆိုတာနဲ့ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။

“၂၀ ရက်နေ့ မင်္ဂလာဆောင်လုပ်တဲ့လူတွေ ၇၀ ဖမ်းတယ်ဆိုတဲ့ ဖြစ်စဉ်ပေါ့နော်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မေးကြည့်တယ်။ မေးကြည့်တော့ တပ်မတော်ပိုင်းမှာလည်း အဲဒီဖြစ်စဉ် တက်တာမရှိဘူးပေါ့နော်။ နောက်ပြီးမြေပြင် ရဲလုံခြုံရေးတပ်ဖွဲ့တွေကိုလည်း မေးတယ်၊ မေးတော့ အဲဒီဖြစ်စဉ် မင်္ဂလာဆောင်မှာ ၇၀ ဖမ်းတယ်ဆိုတဲ့ ဖြစ်စဉ်မရှိဘူး။ ၂၀ ရက်နေ့ စပစ်တဲ့အချိန်မှာ KIA အထူးသဖြင့်ပေါ့နော် ၊ အဲဒီလက်နက်ကိုင်အဖွဲ့တွေက အရပ်သားတွေကြားထဲမှာ ၀င်နေတယ်၊ အရပ်သားတွေနဲ့ ခွဲရသေးပါတယ်။ အဲလိုမျိုးဖြစ်စဉ်ဖြစ်တယ်။ အဲဒီမုန်းကိုးဖြစ်စဉ်က အဲဒီ ၂၀-၂၁ အဲဒီကာလတွေပေါ့နော် အဲဒီလိုပဲသိရတယ်။”

တပ်မတော်နဲ့ ရဲတပ်ဖွဲ့ရဲ့ပြန်ကြားချက်အရ အရပ်သားတွေ ဖမ်းဆီးတာမရှိကြောင်း သိရပေမဲ့ နောက်ဆုံးအခြေအနေကို သိရဖို့ စုံစမ်းမှုတွေလုပ်ဆောင်သွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“ကျနော်တို့ ဖမ်းထားတဲ့ လူတွေလည်း တပ်မတော်က သတင်းထုတ်ပြန်ထားတာတွေရှိတယ်။ အရှင်ဖမ်းမိတို့ပေါ့နော်၊ အဲဒါလည်း ကျနော်တို့ ရေတွက်လို့ရတယ်။ ဒါကလည်း အရပ်သား လုံးဝမပါဘူး။ ခုနပြောတဲ့ ဗုံးခွဲတာတို့၊ တိုက်ပွဲမှာ ထိတွေ့မှုဖြစ်ပြီးတော့ ဒဏ်ရာနဲ့ မိတာတို့ ဒါမျိုးပဲရှိတယ်။ ဒါပေမယ့် မြေပြင်မှာ ကျနော်တို့ ထပ်ပြီးတော့ စစ်ဆေးမူလုပ်မယ်ပေါ့နော် ၊ လက်တလောကတော့ မရှိဘူးလို့ သိရတယ်။”

လက်ရှိဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲဖြစ်စဉ်မှာ မုန်းကိုးဒေသဟာ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသလည်းဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် မုန်းကိုးဒေသက ပြည်သူ ၁၀၀၀ကျော်လောက်ဟာ တရုတ်နိုင်ငံ မန်စီမြို့နယ်အတွင်းမှာ ခိုလှုံနေရကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ ကတော့ တရုတ်နိုင်ငံနဲ့ နယ်စပ်အနီး လက်နက်ကိုင်ပဋိပက္ခတွေ ကြီးထွားလာနေတဲ့အပေါ် စိုးရိမ်ကြောင်း တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ကို ပြောဆိုခဲ့ကြောင်းနဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ၂ နိုင်ငံကြား အဆင့်မြင့် သံတမန်ရေး၊ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေကို စနစ်တကျ လုပ်ဆောင်သင့်ကြောင်း ပြောဆိုခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

 ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


နိုဝင်ဘာလ ၃၀ ရက် ၂၀၁၆

ကချင်ပြည်နယ်နှင့် သျှမ်းပြည်နယ် နယ်စပ်ရှိ မန့်ဝိန်းကြီးဒေသ တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံအများအပြားမှာ ပိတ်မိနေပြီး ကူးသန်းသွားလာရေး လမ်းကြောင်း ပြတ်တောက်နေ သည်ဟု ကျားခေါင်းပါတီ တာဝန်ရှိသူက ဆိုသည်။

နမ့်ခမ်းမြို့နယ် ကချင် ၊ သျှမ်း နယ်စပ်အနီးရှိ ရွှေလီတံတား နမ့်ခမ်း-မန့်ဝိန်းကြီး နယ်စပ်တွင် မြောက်ပိုင်း တိုင်းရင်းသား မဟာမိတ်အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာလ ၂၀ ရက်နေ့ကတည်းက ပိတ်ထားခဲ့ပြီး လက်ရှိအချိန်တွင်လည်း တိုက်ပွဲများ ဖြစ်နေသေးသည့်အတွက် တံတားမှာပိတ်ထားရ ဆဲဖြစ်ကြောင်း ကျားခေါင်းပါတီမှ စိုင်းဇင်မင်းအေးက ပြောသည်။
" မန်စီ၊ မန့်ဝိန်းလမ်းက အရင်ကတည်းက ပိတ်ထားတာ အခုက မန်ဝိန်းကြီး နမ့်ခမ်းလမ်းကိုပါ ပိတ်လိုက်တော့ အတော်ကို ဒုက္ခရောက်တယ်။ သေနတ်သံတွေလည်း နေ့တိုင်းကြားရတယ်။ တရုတ်ကလည်း နယ်စပ်နားအထိ တပ်တွေချထားတော့ နယ်စပ်ကို ကျော်ပြီးသွားဖို့ကလည်း မ၀ံမရဲဖြစ်နေကြတယ်။ လမ်းတွေ ပြန်ဖွင့်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်က ပြည်နယ် အစိုးရကို တင်ပြထားတယ်။" ဟု စိုင်းဇင်မင်းအေးက ပြောသည်။

တိုက်ပွဲများကြောင့် နမ့်ခမ်းမြို့နယ် နယ်နိမိတ်အတွင်းရှိ ကျေးရွာ ၆ ရွာနှင့် မန့်ဝိန်းတွင် ၁၈ ရွာ ရှိ ရွာသားများ ပိတ်မိနေပြီး အများစုမှာ သျှမ်းရွာများဖြစ်သည်ဟုလည်း သိရသည်။

မန့်ဝိန်းကြီးဒေသအနီး ကျေးရွာများနှင့် တောင်တန်းများပေါ်ရှိ ကေအိုင်အေ စခန်းများတွင် တိုက်ပွဲဖြစ်သည့်အတွက် ပစ်ခတ်သံများ ၊ လေယာဉ်ဗုံးကြဲသံများမှာ နမ့်ခမ်းမြို့မှပင် ကြားနေရသည်ဟု နမ့်ခမ်းဒေသခံအချို့ကလည်း ပြောသည်။

တိုက်ပွဲများမှာ မန့်ဝိန်းကြီးအနောက်ဘက် နမ့်ဝမ်းပူရ် ဒေသတွင် ဖြစ်ေ နခြင်းဖြစ်ပြီး တပ်မတော်မှလည်း လမ်းပိတ်ထားသည့်အတွက် တပ်မတော်အတွက် ရိက္ခာများကို ရဟတ်ယာဉ်များဖြင့် သယ်ယူပေးေ နသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းအေးမင်းက ပြောဆိုကြောင်း မီဒီယာ အချို့တွင် ဖော်ပြထားသည်။

Panglong(Burmese)
https://www.facebook.com/Panglong.burmese/



နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ စင်္ကာပူ ၀န်ကြီးချုပ် လီရှင်လွန်း ဂုဏ်ပြုခံ တပ်ဖွဲ့ကို စစ်ဆေးစဉ်
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သုံးရက်တာ စင်္ကာပူ ချစ်ကြည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ သဘောတူ စာချုပ်တွေ ချုပ်နဲ့ အခွန်နှစ်ထပ် ပေးဆောင်နေရမှု ရှောင်ရှားရေး အပါအ၀င် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးသွားဖို့ ရှိပါတယ် ။

ဒါ့အပြင် စင်ကာပူ-မြန်မာ အသက်မွေး ပညာသင်ကျောင်း ဆိုင်ရာ နားလည်မှု စာချွန်လွှာကို သုံးနှစ် သက်တမ်း တိုးမြှင့်သွားရေးကိစ္စ နဲ့ ရန်ကုန် အပြင် မြန်မာပြည်တွင်းက တခြား မြို့တွေ့ဆီ စင်ကာပူ လေကြောင်းလိုင်း စမ်းသပ်ပြေးဆွဲရေး ကိစ္စတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ ဒေါ်အေးအေးစိုးက ပြောပါတယ်။

စင်္ကာပူ နိုင်ငံဟာ တရုတ် ပြီးရင် မြန်မာနိုင်ငံမှာ ဒုတိယအများဆုံး ရင်းနှီးမြုပ်နှံထားတဲ့ နိုင်ငံ ဖြစ်ပြီး ၂၀၁၆ စက်တင်ဘာလ အထိ အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံ မြုပ်နှံထားတာ ဖြစ်ပါတယ်။

စင်္ကာပူဟာ မြန်မာ နိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံပြီး ကုန်ထုတ်လုပ်ငန်းတွေမှာ ဈေးသက်သာတဲ့ လုပ်အားတွေကို အသုံးချလိုတဲ့ ဆန္ဒရှိသလို မြန်မာ ဈေးကွက်ကိုလည်း ရယူချင်တယ်လို့ စီးပွားရေး ပညာရှင် ဒေါက်တာ စိန်မင်းက ပြောပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ စင်္ကာပူက ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ ဘယ်လို ဆွဲဆောင်သလဲ ဆိုတာကို လေ့လာ အသုံးချသင့်သလို လက်ရှိ မြန်မာ့ ရင်းနှီးမြုပ်နှံမှု ဥပဒေတွေက လာရောက် ရင်းနှီးသူတွေ အတွက် လွယ်ကူ အဆင်ပြေစေဖို့လည်း လိုအပ်တယ်လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူ လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံခဲ့သလို ၀န်ကြီးချုပ် လီရှန်လွန်း ရဲ့ ဂုဏ်ပြု ညစာ စားပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။

အခု ခရီးစဉ်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြတယ်။

BBC Burmese
http://www.bbc.com/burmese



 အမှုတည်ဆောက်တာ ကြာမြင့်မှုနဲ့ အမှုမှာ ပါဝင်သူတွေ မအားလပ်တဲ့အတွက် ဖမ်းဖို့ ကြန့်ကြာနေရတာ ဖြစ်တယ်လို့ ပျဉ်းမနားမြို့ ရဲတပ်ဖွဲ့ ရဲမှူး ဦးတင်မိုးဦးက ပြော
နေပြည်တော်အခြေစိုက် News Watch ဂျာနယ်သတင်းထောက် ဦးမောင်မောင်ထွန်းကို ရဲတပ်ဖွဲ့ က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ နိုဝင်ဘာလ ၂၉ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

သတင်းထောက် ဦးမောင်မောင်ထွန်းကို တိုင်ကြားခဲ့တဲ့သူကတော့ အစိုးရပိုင် ကြေးမုံ သတင်းစာရဲ့ အလွတ်တန်းသတင်းထောက် ဦးဇော်မင်းအောင် ဖြစ်ပါတယ်။

ကြေးမုံသတင်းစာမှာ နေပြည်တော်မြို့ မဈေးကြီး ရက် ၁၀ဝ စီမံချက်အတွင်း စည်းကမ်းတကျ ဆောင်ရွက်ထားမှုအား တစေ့တစောင်း လေ့လာခြင်း ခေါင်းစဉ်နဲ့ ဖော်ပြခဲ့တဲ့ ဦးဇော်မင်းအောင်ရဲ့သတင်းဆောင်းပါးမှာပါတဲ့ အချက်တွေရဲ့ ချွတ်ချော်အားနည်းမှုတွေကို ဦးမောင်မောင်ထွန်းက Tomorrow ဂျာနယ်မှာ မြို့ မထွန်းနာမည်နဲ့ ဆောင်းပါး ရေးသားခဲ့ပြီး သခင်ညိုမှိုင်းနာမည်နဲ့ သူရဲ့ဖေစ်ဘွတ်စာမျက်နှာမှာလည်း ဒါကို ဖော်ပြခဲ့တဲ့အတွက် ဦးဇော်မင်းအောင်က ပျဉ်းမနားရဲစခန်းကို ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)နဲ့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဦးဇော်မင်းအောင်ဟာ ဂုဏ်သိက္ခာထိပါးခံရတဲ့အတွက် လွန်ခဲ့တဲ့ လေးလကတည်းက တိုင်ကြားခဲ့တာ ဖြစ်ပေမယ့် အခုမှ ဖမ်းဆီးရတာဟာ အမှုတည်ဆောက်တဲ့ ကာလကြာမြင့်မှုနဲ့ အမှုမှာ ပါဝင်သူတွေ မအားလပ်တဲ့အတွက် ကြန့်ကြာနေရတာ ဖြစ်တယ်လို့ ပျဉ်းမနားမြို့ ရဲတပ်ဖွဲ့ ရဲမှူး ဦးတင်မိုးဦးက ဘီဘီစီကို ပြောပါတယ်။

အခုလို ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး အမှုလက်ခံသူတွေ ဘက်က စီစစ်ပြီးမှ လက်ခံသင့်ကြောင်းနဲ့ မှန်တဲ့အချက်အလက်တွေနဲ့ သူ့ဆောင်းပါးမှာ ထောက်ပြခဲ့တာသာ ဖြစ်ကြောင်း ဦးမောင်မောင်ထွန်းက ပြောပါတယ်။

ဖေစ်ဘွတ်ပေါ်မှာ ရေးသားတာတွေနဲ့ ပတ်သက်လို့ Eleven Media အမှုဆောင်အရာရှိချုပ်နဲ့ အယ်ဒီတာချုပ်တို့ကိုလဲ မကြာသေးခင်က ရန်ကုန်တိုင်းအစိုးရက အမှုဖွင့် တိုင်ကြားမှု ရှိခဲ့ပါတယ်။

NLD ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ၆၆ (ဃ)နဲ့ အမှုဖွင့်တိုင်ကြားမှု ၂၀ လောက်အထိ ရှိလာပြီ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


မြန်မာနိုင်ငံအနေဖြင့် နှစ်၂၀ အတွင်း စင်ကာပူနိုင်ငံ၏ စီးပွားရေးကို ကျော် တက်နိုင်ရန် မျှော်လင့်ထားပြီး စင်ကာပူနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို လက်ကမ်းကူညီပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာ ၃၀ ရက်က စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်း ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သုံးရက်တာ စင်ကာပူနိုင်ငံ ခရီးစဉ် အတွင်း ယနေ့တွင် ပြုလုပ်သည့် စင်ကာပူနိုင်ငံ၏ IE singapore ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စကားဝိုင်းတွင် မစ္စတာ လီကွမ်ယု မြန်မာနိုင်ငံ လာရောက်စဉ်က ပြောခဲ့သည့် စကားကို ပြန်လည် ကိုးကားကြောင်း ပြောဆိုခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “စင်ကာပူနိုင်ငံ လွတ်လပ်ရေးရပြီးနောက် စင်ကာပူဝန်ကြီးချုပ် မစ္စတာ လီကွမ်ယူက နောက်နှစ် ၂၀ ကြာမှာ စင်ကာပူအနေနဲ့ မြန်မာနိုင်ငံကို အမီလိုက်နိုင်ပါလိမ့်မယ်။ အခုတော့ သူပြောခဲ့တာကို ကျွန်မတို့ ပြောင်းပြောရတော့မယ် ထင်တယ်။ မြန်မာနိုင်ငံ အနေနဲ့ နောက်နှစ် ၂၀ မှာ စင်ကာပူကို ကျော်တက်နိုင်ဖို့ အတွက် ကျွန်မတို့ကို အကူအညီပေးဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ဒေသတွင်း ထဲက အပိုင်းတစ်ခု အောင်မြင်တာဟာ ဒေသတစ်ခုလုံး အောင်မြင်တာနဲ့ အတူတူပါပဲ”ဟု ပြောသည်။

“စီးပွားရေးဆိုင်ရာ ခေါင်းဆောင်များ ဆွေးနွေးပွဲမစတင်ခင်မှာ မြန်မာ လူသားအရင်းမြစ်၊ မြန်မာနိုင်ငံ သဘာဝအရင်းမြစ်တွေ ဟာ စင်ကာပူနိုင်ငံက ကုမ္ပဏီတွေကို ဆွဲဆောင်နိုင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြု ပြောကြားသည်။

မြန်မာနိုင်ငံမှာ သက်မွေးဝမ်းကျောင်းနှင့် ဆိုင်သည့် သင်ကြားပေးမှုတွေရှိတဲ့ ပညာရေးစနစ် တစ်ခုဖြစ်ဖို့ ဦးတည်နေပြီး စင်ကာပူနိုင်ငံအနေဖြင့် အကယ်ဒမစ် ပညာသင်ဆု အစီအစဉ်တွေ လိုအပ်ကြောင်း သူမက ပြော သည်။ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်နှင့် ပတ်သက်ပြီး သူမက ဥပမာပေး ပြောခဲ့ခြင်းများရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ ဥပဒေသစ်က စီးပွားရေးလုပ်ငန်းတွေ သင့်လျော်မှုရှိပါတယ်။ ဒီဥပဒေက သင်တို့လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံ၏ စီးပွားရေးလုပ်ငန်းတွေ က မြန်မာ နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မည်ကို မျှော်လင့်ကြောင်း ဆိုသည်။

“အလုပ်မရှိဘူးဆိုရင် ကျွန်မတို့ရဲ့ လူငယ်တွေဘ၀ဟာ တောက်ပနိုင်မှာ မဟုတ်ဘူး။ အလုပ်လက်မဲ့ လူငယ်တွေ များလာခြင်းဟာ ကျွန်မတို့ အသိုင်းအ၀ိုင်းရဲ့ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်မှုကို တိုးမြင့်စေပါတယ်။ ဒါကြောင့် စင်ကာပူအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့ သူတို့တွေ့ရဲ့ အရည်အသွေးတွေ မြှင့်တင်နိုင်ဖို့အတွက် ရင်းနှီးမြုပ် နှံမှုတွေ လုပ်ဖို့ မျှော်လင်ပါတယ်” ဟု ပြောသည်။

“စင်ကာပူနိုင်ငံဟာ စီးပွားရေးမိတ်ဖက် နိုင်ငံဖြစ်ပါတယ်။ ကျွန်မတို့ သင်ယူချင်ပါတယ်။ ကျွန်မတို့ ပြည်သူတွေ ဖန်တီးနိုင်ဖို့ ကောင်းမွန် စွာ နေနိုင်ဖို့အတွက် ကျွန်မတို့ လိုလားပါတယ်” ဟု ထပ်လောင်းပြောသည်။

စိုင်းဟန်
The Ladies News

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် နမ္မတူမြို့ပေါ်ကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ် ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် နမ္မတူမြို့ပေါ်ကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Myanmar Myanmar

 ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် နမ့်ဟိုင်းကျေးရွာတ၀ိုက်မှာ တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် နမ္မတူမြို့ကို ဒီကနေ့ ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ၅၀၀ ၀န်းကျင်ရှိတယ်လို့ နမ္မတူမြို့နယ် တအာင်းပလောင် အမျိုးသားပါတီဥက္ကဌ ဦးအောင်မြင့်က ပြောပါတယ်။

တိမ်းရှောင်လာသူ အများစုဟာ ရှမ်းလူမျိုးတွေ ဖြစ်တဲ့အတွက် နမ္မတူမြို့ပေါ်က ရှမ်းဘုန်းတော်ကြီး ကျောင်းတွေ မှာ နေရာချပေးထားပြီး စားဝတ်နေရေးကိုလည်း ဘုန်းကြီးကျောင်းတွေက လတ်တလော တာဝန်ယူထားတယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

"အများအားဖြင့် ရှမ်းတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ကို ရှမ်းဘုန်းတော်ကြီးကျောင်းတွေမှာပဲ ယာယီနေရာ ချခိုင်းထားတယ်။ ရှမ်းအသိုင်းအ၀ိုင်းတွေ လာကြည့်ကြတယ်။ လာထောက်ပံ့ကြတယ်။ လောလောဆယ်တော့ ဘုန်းကြီးကျောင်းမှာရှိတဲ့ ဂေါပက အစီအစဉ်နဲ့ပဲ သွားရမှာပေါ့။"

ထွက်ပြေးတိမ်းရှောင်လာသူတွေဟာ နမ္မတူ- မန်တုံ လမ်းကြောတလျှောက်မှာနေတဲ့ ဒေသခံတွေဖြစ်ပြီး တပ်မတော်ဘက်က တိမ်းရှောင်ခိုင်းတဲ့အတွက် အခုလို တိမ်းရှောင်လာတာဖြစ်တယ်လို့ သိရပါတယ်။
နမ္မတူမြို့မှာ အရင်ကတည်းက စစ်ဘေးဒုက္ခသည် ၂၀၀ ကျော်ရှိနေပြီး အဲဒီထဲမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက မန်တုံမြို့နယ်မှာ တပ်မတော်နဲ့ တအာင်း ပလောင်လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးခိုလှုံနေကြရသူ အများစု ပါဝင်ပါတယ်။

တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ကချင်၊ တအာင်း၊ ရခိုင်နဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တွေ ကြား နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
ဒီကနေ့ မန်တုံမြို့နယ် နမ့်ဟိုင်းကျေးရွာဝန်းကျင်မှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ အဲဒီဒေသကနေ နမ္မတူမြို့နယ်ကို တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ က ပြောပါတယ်။
RFA


ကိုဖီအာနန် စက်တင်ဘာ ၂၀၁၆ တုန်းက သတင်းစာရှင်းလင်းပွဲလုပ်စဉ်
ကိုဖီအာနန် စက်တင်ဘာ ၂၀၁၆ တုန်းက သတင်းစာရှင်းလင်းပွဲလုပ်စဉ်

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရခိုင်အကြံပေး ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန် ဟာ လာမယ့် သောကြာနေ့မှာ ကော်မရှင် အဖွဲ့ဝင်တွေနဲ့အတူ ရခိုင် ပြည်နယ်ကို သွားရောက်ဖို့ ရှိပါတယ်။ လတ်တလော ရန်ကုန်မှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ အာနန် ဟာ ဒီကနေ့မှာတော့ ရန်ကုန်မြို့မှာ ကော်မရှင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ခရီးစဉ်အကြောင်း ဆွေးနွေးခဲ့တာရှိသလို ကုလသမဂ္ဂအဖွဲ့ဝင် တစ်ချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ပဋိပက္ခဖြစ်ပွားရာ ရခိုင်ဒေသကို သွားရောက်လေ့လာမယ့် ရခိုင်အကြံပေး ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ ကော်မရှင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ပြီးခဲ့တဲ့ တစ်ခေါက် ကော်မရှင်အဖွဲ့ဝင်တွေ သွားရောက်လေ့လာခဲ့တဲ့ ရခိုင်ပြည် ခရီးစဉ်အတွင်း တွေ့ရှိချက်တွေနဲ့ ပဋိပက္ခဖြစ်ပွားရာ မောင်တောဒေသက အခြေအနေတွေကို ကိုယ်တိုင် ကိုယ်ကျ သွားရောက်လေ့လာဖို့အတွက် ဆွေးနွေးခဲ့တယ်လို့ ကော်မရှင် အဖွဲ့ဝင် ဒေါ်စောခင်တင့်က ပြောပါတယ်။

“ကိုဖီအာနန်မပါပဲနဲ့ပေါ့နော်အန်တီတို့ ရခိုင်ပြည်နယ်သွားတဲ့အခါမှာ တွေ့ခဲ့ရတဲ့ ကြားခဲ့ရတဲ့ စကားသံတွေကို ဒါတွေအကုန်လုံးကို အန်တီတို့ဆွေးနွေးကြတာပါ။ အခုတခေါက်မှာလည်း ဒီတခေါက်သွားမယ့်ဟာမှာ အရင်ကဟာတွေအပေါ်မှာ Base လုပ်ပြီးတော့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ပြဿနာတွေကို ပိုပြီးတော့ ရှင်းရှင်းလင်းလင်းသိအောင်ပေါ့ ကိုယ်တိုင်သွား ကြည့်ကြမယ်ပေါ့ ဒါမျိုးတော့ အန်တီတို့ဆွေးနွေးပါတယ်။ ပြီးတော့ ကောင်းတဲ့အကြံ ဉာဏ်တွေများရနိုင်မလဲပေါ့နော် ၊ ပြီးတော့ ပြည်သူလူထုတွေမှာ ဒီထက်ကောင်းတဲ့ အကြံ ဉာဏ်တွေများရနိုင်မလဲပေါ့နော် ဒါတွေအပေါ်မှာ အများကြီးဆွေးနွေးကြပါတယ်။”

မစ္စတာ အာနန်နဲ့ အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ် ခရီးမစခင်မှာ ကုလသမဂ္ဂ တာဝန်ရှိသူ တစ်ချို့နဲ့လည်း ဒီကနေ့မှာ တွေ့ဆုံခဲ့ပါသေးတယ်။ ဒါ့အပြင် ပဋိပက္ခဖြစ်ပွားရာ ဘူးသီးတောင် မောင်တော ဒေသအပါအ၀င် တခြား မြို့တွေကို သွားရောက်လေ့လာဖို့ရှိသလို အစိုးရ တာဝန်ရှိသူတွေနဲ့ကော အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံဖို့ ရှိတယ်လို့ ဒေါ်စောခင်တင့်က ပြောပါတယ်။

“ဟုတ်အန်တီတို့ကတော့ ၂ ၇က်နေ့ ရောက်၊ ၂ ရက်နေပြီးတော့ ၄ ရက်နေ့တော့ နေပြည်တော်ပြန်မှာပါ။ ရခိုင် ၂ ရက် နေပြည်တော် ၂ ရက်ပေါ့နော်။

မေး။ ။ ဟုတ်ကဲ့အန်တီ အဲဒီ ရခိုင်ပြည်ခရီးစဉ်မှာကော ဘယ်သူတွေနဲ့ တွေ့ဆုံဖို့ ရှိပါသလဲ။

ဖြေ။ ။ အန်တီတို့ကတော့ ရခိုင်အစိုးရ နဲ့လည်းတွေ့ဆုံဖို့ရှိပါတယ်။ မြို့မိမြို့ဖနဲ့လည်းတွေ့ဆံလို့ရအောင်၊ နောက် ရခိုင်အမျိုးသမီး၊ လူငယ်အဖွဲ့တွေနဲ့လည်း တွေ့မယ်ဆိုပြီးတော့ အစီအစဉ်လုပ်ထားပါတယ်ရှင့်။”

ပြီးခဲ့တဲ့ လအစောပိုင်းက နယ်ခြားစောင့်တပ်တွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့ရာကနေ အစပြုခဲ့တဲ့ မောင်တောနဲ့ ဘူးသီတောင် ဒေသက ပဋိပက္ခတွေမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်မကင်းကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်နေချိန်မှာပဲ ရခိုင်ကော်မရှင်ဥက္ကဋ္ဌ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာပါ။ အင်္ဂါနေ့မှာတုန်းကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နဲ့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ်တို့က ရခိုင်ပြည်နယ်က အခြေအနေတွေကို အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ အာနန် ဦးဆောင်တဲ့ ကော်မရှင် အဖွဲ့ဝင်တွေကတော့ ပဋိပက္ခဖြစ်ရာဒေသတွေကို သွားရောက်မှာ ဖြစ်ပြီး အဲဒီ့ဒေသတွင်းက နှစ်ဘက် အသိုင်းအ၀ိုင်း ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာဖို့ စီစဉ်ထားတယ်လို့လည်း ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်က ဆိုပါတယ်။

“စစ်တွေမှာတော့ Camp တွေကိုမသွားတော့ဘူး ကျမတို့ မောင်တောမှာတော့ သွားဖို့ အစီအစဉ်ရှိတယ်။ မောင်တောခရီးစဉ်မှာတော့ ရခိုင် IDP တွေရော ၊ ဒီမူဆလင် camp တွေရောသွားမှာပါ။ မောင်တောမှာ သွားသင့်သွားထိုက်တဲ့နေရာတွေပဲသွားမှာပါ။ မောင်တောပြီးတော့ ဘူးသီးတောင်လည်း ရောက်မှာပါ၊ ရပ်မိရပ်ဖနဲ့တွေ့ဆုံပြီးတော့ အန်တီတို့ပြောမှာပါ။ ဒီကအဆင်ပြေတယ်ဆိုရင် မြေပုံလည်းဝင်မှာပါ။”

ရခိုင် အကြံပေး ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်အနေနဲ့ ပြီးခဲ့တဲ့ တစ်ခေါက် ရခိုင် ဒေသကို သွားရောက်လေ့လာခဲ့စဉ်မှာတော့ နှစ်ဖက် အသိုင်းအ၀ိုင်းကြား ဖိနှိပ်ချုပ်ခြယ်မှုတွေ မတွေ့ခဲ့ရဘူးလို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့ အောက်တိုဘာလ အစောပိုင်းက ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်ကိုတော့ ကော်မရှင် အနေနဲ့ ပြင်းပြင်းထန် ထန် ကန့်ကွက်သလို ကော်မရှင် ဥက္ကဌတစ်ယောက်အနေနဲ့လည်း ဒီ့အပေါ်မှာ အလွန်အမင်း စိုးရိမ် မကင်း ဖြစ်ရကြောင်း ပြောဆိုပါတယ်။ ရခိုင်အကြံပေး ကော်မရှင်အနေနဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေတွေအပါအ၀င် သူတို့ လေ့လာထားတဲ့ အချက်အလက်တွေကို နောက်နှစ် အစောပိုင်းမှာ ကြားဖြတ်အစီရင်ခံစာ တစ်ရပ် တင်သွင်းသွားဖို့ ရှိပါတယ်။
VOA Burmese News

မူဆယ်မြို့ စစ်ရှောင်ဒေသခံများ (MOI- ၂၁ နိုဝင်ဘာ ၂၀၁၆)
မူဆယ်မြို့ စစ်ရှောင်ဒေသခံများ (MOI- ၂၁ နိုဝင်ဘာ ၂၀၁၆)

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေခဲ့တာ(၁၀)ရက်မြောက်ရှိနေပြီးဖြစ်သလို ဒေသအနှံ့မှာတိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပါတယ်။ ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့်ဒေသခံတွေ စိုးရိမ်ကြောက်လန့်မှုနဲ့အတူ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် နေရပါတယ်။ ဗွီအိုအေ သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုဆက်သွယ်မေးမြန်းသတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဘက်မှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

ဒီကနေ့ဖြစ်ပွါးနေတဲ့ တိုက်ပွဲအခြေအနေ နဲ့ပက်သက်လို့ မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင် တအာင်းပလောင် TNLA အဖွဲ့ရဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ တာပန်းလှကအခုလိုပြောပါတယ်။

“အစိုးရတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေ ဒီမနက် မူဆယ်ရဲ့ နမ့်တောင်း နဲ့ ပန်ဆိုင်းဘက်မှာ လည်းဖြစ်တယ်။ နောက် မုန်းကိုးဘက်မှာလည်း ပစ်တယ်။ လက်နက်ကြီးတွေနဲ့ လှမ်းပြီးပစ်တာမျိုးတွေရှိတယ်။ ညနေ ၈ နာရီမှာလည်း နမ့်တောင်းလမ်းမကြီးဘက်မှာလည်း ပစ်နေတာရှိတယ်။ အခုမနက်ပိုင်းမှာလည်း တင့်ကားတွေရော၊ စစ်ကားတွေရော ၁၀၅ မိုင်ဘက်က တက်လာတယ်။”

ဒီမနက်ဖက်မှာ မူဆယ်မြို့နယ် နမ့်တောင်း"နှင့် "ပန်ဆိုင်း"ဆွန်လုံဒေသဘက်မှာ တိုက်ပွဲဖြစ်ပွါးနေသလို မုန်းကိုးဒေသ ဘက်မှာလဲ တိုက်ပွဲအပြင်းထန်ဖြစ်ပွါးနေဆဲလို့ တာပန်းလှကပြောပါတယ်။

မုန်းကိုးဒေသဘက်မှာတော့ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန် စွာ ဖြစ်ပွါးနေဆဲလို့ မုန်းကိုးဒေသခံ တဦးကအခုလိုပြောပါတယ်။

“ဒီနေ့လည်း လေယာဉ်ပျံနဲ့ လာတိုက်တယ် ။ လေယာဉ်ပျံ ၂ စီး အကြီးအကျယ်လာပစ်တယ်။ ပြင်းထန်တယ် အခုက ပြည်သူလူထုလည်း ဒုက္ခရောက်နေတယ်။ တပ်အချင်းချင်းကတော့ တိုက်နေခိုက်နေကြတော့ အခုဒုက္ခရောက်တာ ကတော့ ကျနော်တို့ ပြည်သူတွေပါ။”

မုန်းကိုးဒေသခံအများစုကတရုတ်နယ်စပ်ကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လဲသူကဆိုပါတယ်။

မနေ့ကလဲ ကွတ်ခိုင်မြို့နယ် "မန်နောင်" နှင့်"နမ့်ပါချီး"ရွာအကြားနဲ့နမ့်အွန် နှင့် နမ့်ပေါ်ချောင်းတံတားအကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မနေ့ကနဲ့ဒီကနေ့အထိတော့မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအကြား တိုက်ပွဲအကြိမ်(၁၀)ကြိမ်ထက်မနဲဖြစ်ပွါးခဲ့တယ်လို့ တာပန်းလှကပြောပါတယ်။

ဖေါင်းဆိုင်ဒေသဘက်မှာတော့ ဒီကနေ့မှာ လက်နက်ကြီးတွေနဲ့ အစ်ခတ်မှုအနဲငယ်ရှိတာကလွှဲလို့ တိုက်ပွဲငြိမ်သက် နေတယ်လို့ ဖေါင်ဆိုင်သိက္ခာတော်ရဆရာတော် ဦးဇင်ဟန်လကပြောပါတယ်။

“တပ်မတော်က ပစ်လိုက်တဲ့အမြောက် ၃ - ၄ လုံးလာကျတာကလွဲလို့ အကုန်လုံးက ငြိမ်နေတယ်။ ကျနော်တို့ ဒီ မိုင်းယာ၊ နောင်ချိုင်း အဲဒီရွာတွေမှာ ကျတယ်ခင်ဗျ ။ ထိတာကတော့ ကျနော်တို့ ရွာနားမှာထိတာကလွဲလို့ ကျနော်တို့ ဘာမှ မကြားရဘူး။”

ဒီကနေ့မနက်မှာ မူဆယ်နဲ့နမ့်ဖတ်ကာကြားမှာရှိနေတဲ့ဆွန်လုံတံတားကို တပ်ပေါင်းစုအဖွဲ့ကနေ မိုင်းခွဲခဲ့တာကြောင့် ဆက်သွယ်ရေးလမ်းကြောင်းထိခိုက်သွားတယ်လို့မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းကပြောပါတယ်။

“တံတားမိုင်းခွဲတာကြောင့် တံတား လေးပေကျော် ပျက်စီးသွားတယ်ပေါ့နော် ကွန်ကရစ် တံတားကြမ်းခင်း။ KIA/TNLA ပူးပေါင်းအဖွဲ့ပါပဲ ဆက်သွယ်ရေးလိုင်းက ပျက်သွားတာပေါ့နော် ၊ အဲဒါကြောင့်မို့လို့ ကုန်းဆက်သွယ်ခေါ်ယူရေး၊ email တို့ဘာတို့ သုံးလို့မရတော့ဘူးပေါ့နော်။ ကားကတော့ ၁၀ နာရီခွဲလောက်မှာ ပြန်သွားလို့ရအောင်သူတို့လည်း ပြင်နေပါတယ်။”

ဒီဖြစ်စဉ်နဲ့ပက်သက်ပြီးတပ်မတော်ပိုင် မြ၀တီသတင်းမှာတော့ နယ်မြေလုံခြုံရေးယူနေတဲ့ တပ်မတော်ရိက္ခာယာဉ်တန်း ကို KIA/TNLAပူးပေါင်းအဖွဲ့အင်အား ၃၀ ဦးခန့်တို့က ဆွန်လုံတံတားကို မိုင်းခွဲ ဖောက်ခွဲဖျက်ဆီးပြီး တပ်မတော် ယာဉ် တန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြန်လည်တိုက်ခိုက်ခဲ့ရာမှာ တပ်မတော် ဘက်ကRPG သေနတ် ၁ လက်၊ ၎င်းဗုံးသီး ၁ လုံး၊ အမ် ၂၂ ကျည်အိမ် ၁ ခုနှင့် အမ် ၂၂ ကျည် ၃၀ တောင့် သိမ်းဆည်းရမိ ခဲ့သလို တပ်မတော်စစ်ကြောင်းမှ စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီကနေ့မှာ ဖေါ်ပြထားပါတယ်။

မနေ့ညကလဲ မူဆယ်မြို့အတွင်းမှာ (၃)နေရာထက်မနဲ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွါးခဲ့သလို နိုဝင်ဘာ ၂၇ ရက် ညနေ ပိုင်းမှာ မူဆယ်မြို့ မန့်ဝိန်းရပ်ကွက် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးခန်းကို ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပြီး အတန် ငယ်ပျက်စီးမှုဖြစ်ခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု အနေနဲ့ အခုလိုတိုက်ပွဲကာလအတွင်း ရဲစခန်း၊ စစ်တပ်စခန်းအနီး ပတ်ဝန်းကျင် တွေမှာ ညအချိန်မတော်သွားလာခြင်းကိုရှောင်ရှားကြဖို့ သတိပေးနှိုးဆော်ထားပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ(၂၀)ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ အနီး ပတ်ဝန်းကျင်ဒေသတွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ စခန်းတွေအပြင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

ဒီအစ်ခတ်မှုကနေအစပြုပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ အတွင်း မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ် ပေါင်းစုအကြား ၁၀၇က်ခန့်တိုက်ပွဲအဆက်မပြတ်ဖြစ်ပွါးနေခဲ့သလို မုန်းကိုး ဆိုင်းဖေါင် ဝန်တိန်အပါအဝင် တရုတ် နယ်စပ်တလျောက်ရှိ ရွာပေါင်း သုံးဆယ်နီးပါးက ရွာသား(၅၀၀၀)နီးပါးဟာ စစ်ပြေးဒုက္ခသည် အဖြစ်နဲ့ တရုတ်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုနဲ့ပက်သက်လို့ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်သလို နိုင်ငံအချုပ်အခြာအာဏာ၊ တည်ငြိမ်အေးချမ်းမှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်စေတာကြောင့်မနေ့ ကပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုတရပ်တင်သွင်းခဲ့ရာမှာ ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ပါတယ်။

တိုင်းရင်းသားမဟာမိတ်တွေအနေနဲ့ကတော့ မြန်မာတပ်မတော်ကနေ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေကို အဆက်မပြတ်ပြုလုပ် နေတဲ့ အတွက်တန်ပြန်တိုက်ခိုက်ရတာဖြစ်ကြောင်းနဲ့ အစိုးရအနေနဲ့ ထိုးစစ်တွေရပ်တန့်ဖို့ ကိုလဲတောင်းဆိုထားပါတယ်။

နိုင်ကွန်းအိန်
VOA Burmese News

Photo - ရခိုင်လူငယ်အဖွဲ့
( တွေ့ဆုံပွဲတစ်ခုတွင် ဒေါက်တာအေးမောင်အား တွေ့ရစဉ် )


ကြားဖြတ် ရွေးကောက်ပွဲတွင် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအား ၀င်ရောက် ယှဉ်ပြိုင်မည့် ဒေါက်တာအေးမောင်ကို အမ်းဒေသခံများက ကန့်ကွက်ကြောင်း လက်မှတ်များ ကောက်ယူ သွားမည်ဖြစ်ပြီး ဆန္ဒထုတ်ဖော်မှုကို ဒုတိယ အစီအစဉ်အနေဖြင့် ပြုလုပ် သွားမည်ဖြစ်ကြောင်း အမ်းမြို့ ဒေသခံများထံမှ သိရသည်။

“လက်မှတ်တွေတော့ ဒီဇင်ဘာ ပထမပတ်အတွင်းမှာ ကောက်သွားမယ်။ ကန့်ကွက်သွားမယ်။ ဒီအပေါ်မှာလည်း ဒေါက်တာအေးမောင် က ပြည်သူတွေအနေနဲ့ လွတ်လပ်စွာ သဘော ဆန္ဒထုတ်ပိုင်ခွင့် ရှိပါတယ်တဲ့ သူ့အနေနဲ့ ရှေ့ဆက်ပြီး လုပ်သွားမယ်ပေါ့။ ဆန္ဒထုတ်ဖော်တာတော့ ဒုတိယအစီအစဉ် အနေနဲ့ လုပ်ထားပါတယ်” ဟု အမည်မဖော်လိုသူ အမ်းဒေသခံ အမျိုးသား တစ်ဦးက The Ladies သို့ပြောသည်။

ဒေါက်တာအေးမောင်နှင့် ပတ်သက်၍ အမ်းမြို့ဒေသခံများ၏ ဆန္ဒသဘောထား လက်မှတ်များကို ကောက်ယူ၍ လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ကို ကန့်ကွက်ကြောင်း ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်သို့ ပေးပို့သွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြော သည်။

“ANP ပါတီကို မထောက်ခံဘူး။ ကန့်ကွက်တယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး။ ကျွန်တော်တို့က ANP ပဲဖြစ်ဖြစ် USDP ပဲဖြစ်ဖြစ် NLD ပဲဖြစ်ဖြစ် အမှန်တကယ် ဒေသအတွက် အလုပ်လုပ်ပေးနိုင်မယ့် ဒေသခံ တစ်ဦးတစ်ယောက်က လာပြီးတော့ ၀င်ရောက် ယှဉ်ပြိုင်တာတော့ လက်ခံပါတယ်”ဟုလည်း အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးကပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲများအတွင်း ဒေသခံပြည်သူများက ရွေးချယ်ပေးလိုက်သည့် ကိုယ်စားလှယ်များ သည် လွှတ်တော် ကိုယ်စားလှယ် များ ဖြစ်သွားပြီးသည့်နောက် ဒေသခံပြည်သူများနှင့် အလှမ်းကွာဝေး ခဲ့သည်။ ဒေသခံ ပြည်သူများနှင့် ထိတွေ့မှု အားနည်းခဲ့ပြီး လွှတ်တော် အတွေ့အကြုံများ ရှင်းလင်းရာတွင်လည်း ဒေသခံ မဟုတ်ခြင်းကြောင့် အဆင်မပြေမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

ဒေါက်တာအေးမောင်ကို ကန့်ကွက်ရခြင်းသည်လည်း ၎င်းသည် ဒေသခံ မဟုတ်ခြင်းကြောင့် ဒေသ၏ ရေမြေ အနေအထားကို သိနိုင်မည် မဟုတ် ဘဲ ဒေသအတွင်းရှိ ပြည်သူများအတွက် မည်သည့်အရာများ လုပ်ဆောင်ပေး ပါက ပိုမိုကောင်းမွန်မည် ကိုလည်း သိနိုင်မည်ကြောင်း၊ ဒေသနှင့် ထိတွေ့ရန်လည်း အလှမ်းကွာဝေးသည့် အနေအထားတွင် ရှိနေခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်သည်ဟု အမ်းမြို့ဒေသခံ အချို့က ပြောဆိုသည်။

ရခိုင်အခြေစိုက် သတင်းဌာနဖြစ်သည့် နေရိဉ္ဇရာ သတင်းဌာနကလည်း အမ်းဒေသခံများ ဒေါက်တာအေးမောင်ကို ကန့်ကွက်မည့် သတင်း ကို ဖော်ပြထားသည်ကို နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရသည်။

ဇော်မင်းထွန်း
The Ladies News


တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုပေါင်းထား သည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့တို့အကြား အပြင်းအထန် တိုက်ခိုက်နေကြ သည့် မုံးကိုးမြို့ကလေး၏ သမိုင်းမှာလည်း စိတ်ဝင်စားစရာပင်။ နှစ် ၆၀ ကျော် ပြည်တွင်းစစ် သမိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းပေါင်းစုံ ပေါ်ထွက်ခဲ့သည့် နည်းတူ မုံးကိုးမှာလည်း အဖွဲ့အစည်း ပေါင်း စုံ ခြေချခဲ့ဖူးသည့် နေရာ ဖြစ်နေခြင်းပင်။ ပြည်တွင်း စစ်သမိုင်းကို တစ်မူ ထူးခြားစေသည့် လှုပ်ရှားမှုများမှာလည်း အဆိုပါ မုံးကိုး ၊ မုံးပေါ် အစရှိ သည့် ဒေသများမှ ပေါ်ထွက်ခဲ့သည်သာ။ တရုတ်မြန်မာ နယ်စပ်မျဉ်းတွင် တည်ရှိပြီး မြို့တောင်ဘက်တွင် တောင်တန်းများ ကာရံထားသည့် မုံးကိုးမှာ ခေတ်အဆက်ဆက် လက်နက်ကိုင် အဖွဲ့များအတွက်လည်း သဘာဝက ပေးထားသည့် အကာအရံကို အသုံးချရန် အကောင်း ဆုံး နေရာ ပင်။ မြေပြန့်တွင် ရှိနေသည့် မုံးကိုးမှာ ၄င်းကို ကာရံထား သည့် တောင်တန်း များအပေါ် လက်နက်ကြီးဖြင့် ကျော်ပစ်ပါက တစ်ဖက်နိုင်ငံ အတွင်း ကျရောက် ရန် ရာနှုန်းများသည့် ဒေသလည်း ဖြစ်သည်။

**** ၁ ) ကိုလိုနီခေတ် မြောက်သိန္နီနယ်ထဲက မုံးကိုး

ကိုလိုနီခေတ် အစောပိုင်းက တရုတ်မြန်မာ နယ်စပ်ရှိ မူဆယ် ၊ နမ့်ခမ်းကဲ့သို့ ဒေသများ ၊ နမ္မတူ တစ်ခြမ်း ၊ ကွတ်ခိုင် ၊ လားရှိုး ၊ ကိုးကန့် နယ်တို့မှာ မြောက်သိန္နီစော်ဘွား ခွန်ဆန်တွန်ဟုန်း၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည်။ မိုင်းလင်းနယ်ရှိ တွန်ဟုန်းဆိုသည့် ဇာတိရွာအမည်ကို ခံယူ၍ နာမည် ခွန်ဆန်တွန်ဟုန်း ဖြစ်လာခြင်း ဖြစ်သည်ဟု လည်း ဆိုကြသည်။ အမှန်စင်စစ် ခွန်ဆန်တွန်ဟုန်းမှာ စော်ဘွားမျိုးရိုး အစဉ်အဆက်တော့ မဟုတ်ပေ။ သိန္နီနယ်မှာ ၁၆၀၀ ပြည့်နှစ်ကျော် ကာလက မောဝ်ရှမ်း နိုင် ငံတော် ပျက်သုဉ်းပြီးနောက် မျက်မှောက်ခေတ် ရှမ်းပြည်နယ်နိမိတ်နှင့် တွက်ပါက အကျယ်ပြန့်ဆုံး စော်ဘွားနယ်လည်း ဖြစ်သည်။ ၁၈၄၆ ခုနစ်တွင် နောက်ဆုံး ဆက်ခံခဲ့သည့် ဆိုင်နော်ဖမှာ သိန္နီနယ်၏ မျိုးရိုးစဉ်ဆက်အလိုက် စော်ဘွားရာထူး ဆက်ခံခဲ့သူအဖြစ် မှတ်တမ်း တင်နိုင်သည်ဟု ဆိုနိုင်ပေသည်။ အုပ်ချုပ်သည့် နယ်မြေကို နိုင်နင်းစွာ မအုပ်ချုပ်နိုင်သည့်အတွက် ယိုးဒယားနှင့် မြန်မာတို့ ကျိုင်းတုံတွင် ဖြစ်သည့် စစ်ပွဲတွင် မြန်မာဘက်မှ ရှမ်းတပ်များ ကိုယ်စား သွားရောက် တိုက်ခိုက်ပေး ခဲ့သူ တပ်မှူးဆန်ဟိုင်းဆိုသူမှာ သိန္နီစော်ဘွားကို ပုန်ကန်ခဲ့သူ ဖြစ်သည်။

ဆန်ဟိုင်း၏ သူပုန်အဖွဲ့မှာ အားကောင်းသည့်အတွက် မြန်မာဘုရင်ဘက် မှ နောက်ထပ် စော်ဘွားများ ခန့်အပ်ခဲ့သော်လည်း ထွက်ပြေးကြရသည်သာ။ သို့နှင့် ရတနာပုံ နေပြည်တော်ကို အင်္ဂလိပ် သိမ်းပိုက်ပြီးသည့် အချိန်တွင် ဆန်ဟိုင်း၏ သားတပည့်ဖြစ်သူ ခွန်ဆန်တွန်ဟုန်း ဆိုသူက နယ်ကို ချုပ်ကိုင် ထားခဲ့သည်။ ခွန်ဆန်တွန်ဟုန်း၏ သူပုန်တပ်တွင် သိန္နီမြောက်ပိုင်းမှ ကချင်တိုက်နယ် ၅၆ နယ်မှ ကချင်များလည်း ပါဝင်သည်။ အင်္ဂလိပ်များ ရှမ်းပြည် ရောက်မလာမီ မြန်မာဘုရင်ခန့် စော်ဘွားအချို့နှင့် မြင်စိုင်း မင်းသားတို့ ပူးပေါင်းသည့် တပ်နှင့် ခွန်ဆန်တွန်ဟုန်း ၊ သီပေါစော်ဘွားတို့ ပူးပေါင်းထားသည့် တပ်များအကြား တိုက်ပွဲများ ဖြစ်သော်လည်း ခွန်ဆန်တွန်ဟုန်းတို့ ဘက်ကသာ အသာရခဲ့လေသည်။ ၁၈၈၈ ခုနစ် တွင် သိန္နီနယ်ကို နှစ်ပိုင်း ခွဲလိုက်ကြောင်း ကြေညာလိုက်ပြီး ခွန်ဆန်တွန်ဟုန်း မှာ မြောက်သိန္နီနယ် ( ယခု သိန္နီမြို့၏ မြောက်ဘက်ခြမ်း တရုတ်နယ်စပ် အထိ ) မြို့အား အပိုင်စား ရယူခွင့်ရှိသည့် စော်ဘွားဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သံလွင် အရှေ့ဘက်ခြမ်းရှိ ကိုးကန့်နယ်မှာ ကိုးကန့်နှင့် တရုတ်လူမျိုးများ နေထိုင် ရာ ဒေသဖြစ်ခဲ့ပြီး သံလွင် အနောက်ဘက် ကမ်းတွင်လည်း ကျေးရွာအချို့တော့ ရှိခဲ့သည်သာ။ ယင်းကိုးကန့်နယ်ကို ဟိန်ခေါ် သူကြီးများက အဆက်ဆက် အုပ်ချုပ်ခဲ့ရာ နယ်ကလေး ၊ မြို့စားစသည့် အဆင့်ဆင့် ပြောင်းလဲပြီးနောက် လွတ်လပ်ရေးခေတ်သို့ ရောက်သည့်အခါ ကိုးကန့်ဒေသမှာ စော်ဘွား အုပ်ချုပ်သည့် ဒေသ ဖြစ်လာခဲ့သည်။

မြောက်သိန္နီစော်ဘွား အဖြစ် ရယူခဲ့သူ ခွန်ဆန်သည် ကချင်များကို စုစည်း ၍ တော်လှန်ပုန်ကန်ကာ စော်ဘွားရာထူး ရယူနိုင်ခဲ့ခြင်း ဖြစ်သော် လည်း စော်ဘွားဖြစ်ပြီးနောက် ကချင်အရေးကို မေ့လျော့နေခဲ့သည်။ မြောက် သိန္နီနယ် တစ်ခုလုံးကို ကြည့်ပါက အဆိုပါ ခေတ်အခါက ကချင်တိုက်နယ် ၅၆ နယ် ၊ ရှမ်းတိုက်နယ် ၄၅ နယ်သာဖြစ်ရာ ကချင်အရေးကို စော်ဘွား က မေ့လျော့နေသည့် အတွက် ၁၈၉၁ ခုနစ်တွင် သိန္နီမြိုကို ကချင်များ ၀ိုင်းထားမှုနှင့် ကြုံခဲ့ရသည်။ ကချင်အမျိုးသားများ၏ မကျေနပ်မှုကို မည်သူမျှ မနှစ်သိမ့်နိုင်သဖြင့် ၁၈၉၃ ခုနစ်တွင် ကချင်တောင်တန်းများကို အုပ်ချုပ်ရန် အင်္ဂလိပ်တစ်ဦးကို ခန့်ထားလိုက်ပြီး ကချင်တောင်တန်း စည်းမျဉ်းအရ ဒူဝါများကို အုပ်ချုပ်စေခဲ့သည်။ ကချင် Sub state ဟု ဆိုသော်လည်း နယ်အလိုက် ဒူဝါများက စော်ဘွားအောက်မှ အုပ်ချုပ်သည့် စနစ်သာဖြစ်ပြီး Federate Shan State ( ရှမ်းပြည် ) အတွင်းမှ ပြည်နယ်ခွဲအဆင့် အထိတော့ မဟုတ်ပါချေ။ သို့အတွက်ပင် ရှမ်းမြောက်မှ ကချင်ဒူဝါများအနက်မှ ကိုယ်စားလှယ် တစ်ဦးသာ ရှမ်းမြောက် ကချင်နယ်မြေ လူထု ကိုယ်စားလှယ်အဖြစ် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုး ခဲ့ရဟန်ရှိပါသည်။

ပဒေသရာဇ်ရှမ်းပြည် အုပ်ချုပ်ရေးမှာ စော်ဘွားများ အဓိကကျသော်လည်း သက်ဆိုင်ရာ ကျေးရွာအလိုက် အုပ်ချုပ်ရေးမှာ သက်ဆိုင်ရာ ကျေးရွာအလိုက် ရှမ်းရွာဆိုလျှင် ၊ ရှမ်းသူကြီး ကချင်ရွာဆိုလျှင် ကချင် ဒူဝါ ၊ ကိုးကန့်ရွာတွင် ဟိန် စသဖြင့် မျိုးနွယ်စုအလိုက် အကြီးအကဲ အုပ်ချုပ်မှုဖြင့်သာ အဓိက အုပ်ချုပ်ခဲ့သည်။

တရုတ်မြန်မာ နယ်စပ်ရှိ မုံးကိုးမှာလည်း မြေပြန့်တွင် ရှမ်းတောင်ပေါ်တွင် တခြားလူမျိုး ရှိသည့် ရှမ်းပြည်၏ သဘာဝ နည်းတူ လူမျိုးစုံရှိသော်လည်း ကိုလိုနီခေတ်တွင်တော့ သိန္နီစော်ဘွား လက်အောက်မှ မုံးကိုးမှာ ကိုလိုနီခေတ် တစ်လျှောက်တွင်တော့ ရှမ်းသူကြီး အုပ်ချုပ်သည့် နယ်မြေသာ ဖြစ်ခဲ့ပါသည်။ မုံးကိုးအရှေ့ဘက်ရှိ ဖောင်းဆိုင်မှာ ကချင်ဒူဝါ အုပ်ချုပ်သည့် နယ်မြေဖြစ်သည်။ တာမိုးညဲ ၊ မုန်းယားခွင်တွင် ကိုးကန့် ရွာအချို့နှင့် တရုတ်ရွာ အချို့မှာ မှာ ကိုလိုနီခေတ် ကတည်းက ရှိနေခဲ့ပြီးဖြစ်သည်။

**** ၂) လွတ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ်ကာလက မုံးကိုး

မုံးကိုးတွင် စစ်ဖြစ်သည်မှာ ယခုမှ မဟုတ်ဆိုသည်မှာလည်း အမှန်ပင်။ ဒုတိယကမ္ဘာစစ် ကာလအတွင်း မဟာမိတ် တပ်များနှင့် ချိတ်ဆက်သည့် ချန်ကေရှိတ် တပ်များ ၀င်ရောက်ခဲ့မှု ၊ မဟာမိတ် တပ်များမှာလည်း ရှမ်းပြည်နယ်တွင် တိုက်ခိုက်ခဲ့မှုများ ပေါ်ပေါက်ခဲ့သည့် အလျောက် နယ်စပ်ရှိ မုံးကိုးမှာလည်း အငြိမ်တော့ နေရခဲ့ဟန် မတူပေ။ ပြည်တွင်းစစ် ခေတ်ဦး ကာလတွင်တော့ မုံးကိုးကို အခြေပြုပြီး တရုတ်နယ်ထဲ ၀င်သွားခဲ့သည့် နာမည်ကျော် ကချင်တပ်မှူး တစ်ဦးရှိခဲ့သည်။ တရုတ်မြန်မာ နယ်စပ်ရှိ မုံးကိုးမှာ ကွတ်ခိုင် အရှေ့ဘက်ခြမ်းမှာ တက်လာပါက မုန်းစီး ဖောင်းဆိုင်တို့မှ တစ်ဆင့်သာ ရောက်နိုင်သလို တရုတ်မြန်မာ နယ်စပ်အတိုင်း မူဆယ်မှ လာပါက ပန်ဆိုင်း မုံးပေါ်တို့ကို ဖြတ်မှသာ တရုတ်မြန်မာ နယ်စပ် မုံးကိုးသို့ ရောက်နိုင်ပေသည်။

သို့အတွက် ၁၉၄၉ ၊ ၅၀ ၀န်းကျင်က တောခိုလာကြသည့် ဗိုလ်နော်ဆိုင်း အပါအ၀င် ကချင်ရဲဘော်များမှာ မုံးကိုးရွာမှ တစ်ဆင့် တရုတ်ပြည် အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ဒုတိယကမ္ဘာစစ် အတွင်းက နာမည်ကျော် စစ်သည်တစ်ဦး ဖြစ်ခဲ့သည့် ဗိုလ်နော်ဆိုင်းမှာ ကချင်အများစု၏ မူလ အိပ်မက်ဖြစ်ခဲ့သည့် ၀မ်ပေါင်နိုင်ငံ ထူထောင်ရေးအတွက် အိပ်မက်ခဲ့သလိုပင် ဟိမ၀န္တာမှ နီပေါကဲ့သို့ ကုန်းတွင်းပိတ် တောင်ပေါ် နိုင်ငံထူထောင်ရန် ဗိုလ်နော်ဆိုင်း စိတ်ကူး ယဉ်ခဲ့ပါသည်။ ထို့ကြောင့်ပင် ကချင်တပ် သားများနှင့် ပြင်ဦးလွင်ကို တိုက်ခိုက်ကာ နမ့်ခမ်းကိုလည်း တိုက်ခိုက်ခဲ့ပြီး ရှမ်းမြောက်ရှိ ကချင်ကျေးရွာများမှ တစ်ဆင့် မုံးကိုး ၊ ထိုမှ တစ်ဆင့် တရုတ်ပြည်ထဲသို့ ၀င်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဗိုလ်နော်ဆိုင်း၏ ကချင် နိုင်ငံတော် အိပ်မက်မှာ လက်တွေ့ဖြစ် မလာဘဲ တရုတ်ပြည်တွင် ကာလအတန်ကြာ အချိန်ဖြုန်း နေပြီးမှ သာ ပြန်ဝင်လာနိုင်ခဲ့သည်သာ။ သည်တစ်ကြိမ်တွင်တော့ သူ့ချည်းသီးသန့် မဟုတ်ဘဲ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် အတူတူ တံဇဉ်အလံလွှင့်၍ပင်။ ဗြိတိသျှ Levis တပ်ဖွဲ့ဝင်ဟောင်း ဖြစ်ခဲ့ပြီး တိုက်ရည်ခိုက်ရည် ထက်မြက်သူ ဗိုလ်နော်ဆိုင်းမှာ ဂျပန်နှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွင်း စွမ်းဆောင်ရည်များကြောင့် ဗြိတိသျှ အာဏာပိုင်များ၏ သူရဲကောင်းဆုတံဆိပ် ချီးမြှင့်ခံခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ်အပြီး ကန္ဒီစာချုပ်အရ ပြန်လည် ဖွဲ့စည်းသော မြန်မာ့တပ်မတော် တွင်လည်း တပ်ရင်းမှူးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဗိုလ်နော်ဆိုင်းမှာ တရုတ်ပြည်တွင်း ခိုလှုံသွားကတည်းက မုံးကိုး နယ်ခြားရွာမှတစ်ဆင့် ရောက်ရှိသွားခဲ့ခြင်း ဖြစ် ပြီး ဗကပ နှင့်အတူ ပြန်ဝင်လာတော့လည်း မုံးကိုးမှ တစ်ဆင့် ၀င်လာခဲ့ရ သည်။

သူတို့ ပြန်ဝင်လာသည့် နေ့သည် မြန်မာပြည်တွင်း စစ်လမ်းကြောင်းနှင့် မုံးကိုးကျေးရွာ သမိုင်းကို အကြီးအကျယ် ပြောင်းလဲပေးလိုက်သည့် နေ့ လည်း ဖြစ်သည်။ တရုတ်မြန်မာ အရေးအခင်း ပြီးသည့်နောက် ပေကျင်း အစိုးရက ဗကပ ကို ပေါ်ပေါ်ထင်ထင် ထောက်ပံ့ရန် ဆုံးဖြတ်လိုက်သည်။ ၁၉၆၈ ခုနစ် နှစ်သစ်ကူး မနက် ဝေလီဝေလင်းအချိန်တွင် တရုတ်ဘက်မှ မန်ဟိုင်းနှင့် မြန်မာဘက်မှ မုံးကိုး အကြားချောင်းကို ဖြတ်၍ မုံးကိုးကို ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

တစ်နာရီမပြည့်မီမှာပင် အစိုးရတပ်စခန်း ချေမှုန်းခံလိုက်ရပြီး တပ်မှူးကျသွား ခဲ့သည်။ ရက်ပိုင်းအတွင်းမှာပင် မုံးကိုးမှ တစ်ဆင့် အရှေ့ဘက် သံလွင်မြစ်နှင့် မုံးကိုးအရှေ့ဘက် ကိုးကန့်ဒေသသို့ ကွန်မြူနစ်တပ်များ ထိုးဖောက်လာခဲ့ရာ ၁၉၆၈ ခုနစ် မကုန်ခင်မှာပင် ဒေသတွင်း နယ်မြေ အမြောက်အမြားမှာ ဗကပ လက်တွင်းသို့ ကျသွားခဲ့သည်။ ရွှေလီမြစ် ၊ မြောက်ဘက် နမ့်ခမ်းနှင့် မူဆယ် တစ်ဖက်တွင် ရှိနေသော် မြန်မာပိုင် ခွန်ဟိုင်းနှင့် မန်းဟိုနယ်မှာလည်း တစ်ချိန်တည်းတွင် သိမ်းပိုက်ခံခဲ့ရသည်။ မုံးပေါ်ကိုမူ ၁၉၇၀ ခုနစ် မတ်လ ၂၁ ရက်နေ့က သိမ်းပိုက်ခဲ့သည်။ ဗကပများ သိမ်းပြီးနောက် မုံးကိုးမှာ ဗကပ၏ ဒေသအလိုက် ဌာနချုပ်များအနက် နေရာတစ်ခု ဖြစ်ခဲ့သည်။

မုံးကိုး နှင့် ဆက်စပ်ဒေသများ ဖြစ်သည့် ကွတ်ခိုင် အရှေ့ဘက်ရှိ သံလွင်မြစ် ၀ှမ်းနှင့် တရုတ်မြန်မာ နယ်စပ်အကြားရှိ ဒေသများအကြောင်း ပြောမည်ဆို လျှင် ကေအိုင်အေ အကြောင်းလည်း ပြောမှရမည်ထင်သည်။ မျက်မှောက်ခေတ် ကာလ ကေအိုင်အေ ဌာနချုပ်မှာ ကချင်ပြည်နယ် အတွင်း တွင် ဖြစ်သော်လည်း ကေအိုင်အေ စတင်ဖွဲ့စည်းခဲ့သည်မှာ ကချင်ပြည်နယ် တွင် မဟုတ်ပေ။ ရှမ်းမြောက် ဒေသတွင်သာ ဖြစ်သည်။ နော်ဆိုင်းနှင့် အဖွဲ့ တရုတ်ပြည်တွင် အားယူနေစဉ် နိုင်ငံတော် ဘာသာကို ဗုဒ္ဓဘာသာ အဖြစ် ကြေညာမှုမှ အစပြု၍ တရုတ်မြန်မာ နယ်ခြား ပြသ၁နာ ဖြေရှင်းမှုတွင် ကချင်ကျေးရွာအချို့ တရုတ်နယ်ထဲ ရောက်သွားခဲ့မှုမှ တစ်ဆင့် ကချင်လူငယ် ရာပေါင်းများစွာ သေနတ်ကိုင် တိုက်ခိုက်တော်လှန်ရန် ဖြစ်လာခဲ့သည်။ ကေ အိုင်အေ စတင်ဖွဲ့စည်းစတွင် လူအယောက် သုံးဆယ်သာ ပါဝင်ပြီး ဇော်ဆိုင်း ၊ ဇော်တူးနှင့် ဇော်ဒန် ညီအစ်ကို သုံးဦးက ဦးဆောင်ခဲ့ကာ ယခု ရှမ်းမြောက်ရှိ ကချင်လူမျိုးများ နေထိုင်ရာ ဒေသတွင် တော်လှန်ရေးစခဲ့ခြင်း ဖြစ်သည်။ ကေအိုင်အေမှာ ဗကပ အရှေ့မြောက် မရောက်ခင်ကပင် အဆိုပါဒေသတွင် စတင်နေပြီဖြစ်ရာ ဗကပ ၀င်လာတော့ နယ်လု၍ တိုက်ပွဲများ ဖြစ်ခဲ့ကြသေး သည်။ ဗိုလ်နော်ဆိုင်းမှာ “၀” တောင်တန်းတွင် အမဲလိုက်နေစဉ် သေ ဆုံးခဲ့သည်ဟု ဗကပ က ထုတ်ပြန်ခဲ့သော်လည်း ကချင်အများစုက မူ ကေအိုင်အေ နှင့် တိုက်ရန်အမိန့်ပေးပြီး မတိုက်သည့် အတွက် ဗကပ က ရှင်းပစ်လိုက်သည်ဟု ယုံကြည်ခဲ့ဟန် တူသည်။ တိုက်ပွဲများမှာ ၁၉၇၆ ခုနစ်လောက်အထိ ဖြစ်ခဲ့ပြီး ယင်းနောက်ပိုင်းတွင်မှ ဗကပ နှင့် အပစ်ရပ် စာချုပ် ချုပ်ဆိုမှုနှင့်အတူ နှစ်ဖက်တိုက်ပွဲများ ချုပ်ငြိမ်းခဲ့သည်။ ဗကပ မပြိုကွဲခင်အထိ ကေအိုင်အေ တပ်မဟာ ၄ ဌာနချုပ်မှာ မန်းပိန်း ဒေသတွင် ရှိနေခဲ့သည်။ မုံးကိုး မှ အရှေ့ဘက်ဖောင်းဆိုင်မှ တစ်ဆင့် ကိုးကန့်နယ်သို့ တရုတ်မြန်မာ နယ်စပ်အတိုင်း ၀င်သည့် လမ်းကြောင်းမှာ မြန်မာပြည် အရှေ့မြောက်ဒေသတွင် လှုပ်ရှားသည့် လက်နက်ကိုင်များ အတွက် အဓိကလမ်းကြောင်း ဖြစ်ခဲ့ပေသည်။

ရှမ်းလက်နက်ကိုင် တော်လှန်ရေးမှာ ၁၉၅၈ တွင် စတင်ခဲ့သော်လည်း ရှမ်းလက်နက်ကိုင် အများစုမှာ ရံဖန် ရံခါမှသာ အဆိုပါ ခွင်အတွင်း သို့ ရောက်ခဲ့သလို အရေအတွက် များများစားစားလည်း မရှိခဲ့ဘဲ နမ့်ခမ်း ၊ သီပေါ ၊ သိန္နီ ၊ မိုင်းရယ်၊ ကျေးသီး ၊ ကျောက်မဲ ၊ မိုးမိတ် ၊ နောင်ချို စသည့် ဒေသများတွင်သာ လှုပ်ရှားမှု များခဲ့ပါသည်။

**** ၃) န၀တ ၊ နအဖခေတ် မုံးကိုး

ဗကပ ပြိုကွဲပြီးနောက် ကိုးကန့် တပ်မှ ဖြစ်သည့် လီနင်မင်နှင့် မုန်ဆာလတို့၏ မုံးကိုး ကာကွယ်ရေး တပ် MDA မှာ မုံးကိုး ၊ ဖောင်းဆိုင်နှင့် မုန်းယား မုန်းဟောင်တို့တွင် အခြေချခဲ့သည်။ ၄င်းတို့မှာ MNDAA ဖုန်ကြားရှင်နှင့် မပြေလည်သူများ ဖြစ်သည့်အလျောက် န၀တ ခေတ်တွင် ကိုးကန့် MNDAA ၏ သြဇာမှာ ကိုးကန့်တောင်တန်း တွင်သာ တည်တော့ပြီး ကိုးကန့် နှင့် တရုတ်ရွာ အချို့ရှိသည့် သိန္နီမြောက်ဘက်ကွင်း ( တရုတ်မြန်မာ နယ်စပ် သံလွင်မြစ် အနောက်ဘက် တစ်လျှောက် ) တွင် MNDAA သြဇာ သိပ် မရှိတော့။ မုံးကိုးမှာ မြို့နယ်ခွဲ အဖြစ် သတ်မှတ် ခံလာခဲ့ရသည်။ ဗကပ ပြိုကွဲပြီးနောက် ဆယ်နှစ်လောက် အထိ မုံးကိုးသို့ တပ်မတော်မှ အခြေချနိုင် ခဲ့ခြင်း မရှိပေ။သို့သော် ကချင်လူမျိုးဖြစ်သည့် မုန်ဆာလနှင့် လီနင်မင်တို့၏ တပ်ဖွဲ့အကြား ဖြစ်ခဲ့သည့် ပဋိပက္ခကို အကြောင်းပြုပြီး မုံးကိုးနယ် အတွင်းသို့ တပ်မတော်က ၀င်ရောက် နေရာယူခဲ့သည်မှာ ယနေ့ခေတ်အထိပင်။ သို့သော် တပ်မတော်၏ နယ်မြေစိုးမိုးမှုမှာ အကန့်အသတ်ဖြင့်သာ။

**** ၄) မုံးကိုး ဒေသ အေးချမ်းရင် ၊ မြန်မာပြည် ငြိမ်းချမ်းသွားမလား

၂၀၁၁ ခုနစ် နောက်ပိုင်းတွင် အဆိုပါ ဒေသများတွင် ကိုးကန့် ၊ ကေအိုင်အေ စသည့်အဖွဲ့များ ပြန်လည် အားကောင်းလာခဲ့သည်။ ဗကပ ပြိုကွဲပြီးနောက် လက်နက်ကိုင် ပဋိပက္ခပြသ၁နာ လျော့နည်းသွားမည်ဟု စစ်အစိုးရ၏ တွက်ချက်မှု မှာလည်း လက်ရှိ အနေထားအရ ဆိုလျှင် မှန်ကန်ခဲ့သည်ဟု မဆိုနိုင်ပါ။ ဗကပ ပြိုကွဲပြီးနောက် ရှမ်းမြောက် မူဆယ်လမ်းမှ တစ်ဆင့် ကူးသန်း သွားလာမှုများ များပြားလာသော်လည်း ဖွံ့ဖြိုးမှု နိမ့်ကျသည့် ဧရိယာမှာ အမြောက်အမြား ရှိနေပြီး ဒေသတွင်း နေထိုင်သည့် မျိုးနွယ်စုများဘ၀မှာ ထူးခြားမှု သိပ်မရှိခဲ့သလို ၊ မူဆယ်လမ်းမ တစ်လျှောက် အခွန်အခနှင့် လမ်းကြေး တံတားကြေးများမှာလည်း ဗဟိုအစိုးရနှင့် အေး ရှားဝေါလ် ကုမ္ပဏီတို့ အတွက်သာ အဓိကလိုလို ဖြစ်နေသည်။ ချုပ်ကြည့် လျှင် ပြည်တွင်းစစ် ခေတ်ဦးပိုင်း ကတည်းက လက်နက်ကိုင် လှုပ်ရှားမှုများ အခြေပြုခဲ့ရာ မုံးကိုးမှာ ယခုအထိ မတည်ငြိမ်သလို လတ်တလော မြို့တွင်း တိုက်ပွဲများဖြင့် ဒေသခံ ထောင်ပေါင်းများစွာမှာ တရုတ်ပြည်အတွင်း နေရပ် စွန့်ခွာ ထွက်ပြေးနေရသည်။ ယုတ်စွအဆုံး န၀တ ၊ နအဖ လက်ထက် ယာယီ အပစ်ရပ်စဲရေး ကာလတွင်ပင် မုံးကိုး ဒေသမှာ မူးယစ်ပြသ၁နာ ၊ တိုက်ပွဲ ပြသ၁နာများနှင့် လုံးပန်းနေခဲ့သည်သာ။ ဒေသတွင်း ပြည်သူ့စစ် အဖွဲ့များ ရှိနေသော်လည်း အဆိုပါ ဒေသတွင် အခြေလာစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ အားကောင်းမြဲ အားကောင်းဆဲပင်။ ယင်းအချက်က အဆိုပါ ပြည်သူ့စစ်များ ရှိနေလျက်နှင့် မည်သည့် အတွက်ကြောင့် အစိုးရအား တော်လှန် ပုန်ကန်သည့် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များ ပြန်လည် အားကောင်းလာရသည် ဆိုသည်မှာ အထူး အထွေပင် ရှင်းပြရန် လိုအပ်မည် မထင်။ ဒေသခံ မထောက်ဘဲနှင့်လည်း အင်အားကောင်းရန် မလွယ်လှချေ။ ယခု လတ်တလော မြောက်ပိုင်း မဟာမိတ် အဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲများတွင်လည်း မုံးကိုးဒေသမှာ အခရာ ဖြစ်နေသည်။

မည်သို့ပင်ဆိုစေ နှစ် ၅၀ နီးပါး မတည်မငြိမ် ဖြစ်ခဲ့သည့် မုံးကိုးဒေသ ကို အေးချမ်းစေချင် လှပါသည်။ တစ်ဆက် တည်းမှာပင် ခေတ်အဆက်ဆက် လက်နက်ကိုင် အဖွဲ့များ အခြေချခဲ့သည့် မုံးကိုးဒေသ အေးချမ်းပါက မြန် မာပြည် ငြိမ်းချမ်းရေး ရသွားမလား ဆိုသည်ကိုလည်း တွေးဆနေမိသည်။

Ref; Land of Jade / ဦးအုန်းဖေ ( ပင်လုံစစ်တမ်း )
စိုင်းထွန်းအောင်လွင်
The Ladies News


မြန်မာနိုင်ငံအနေနဲ့ လာမယ့်နှစ် (၂၀) အတွင်း စင်ကာပူနိုင်ငံလို စီးပွားရေးအောင်မြင်မှုတွေ ရရှိလာဖို့ မျှော်လင့်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

 နိုဝင်ဘာလ (၃၀) ရက် ဒီကနေ့ စင်ကာပူမြို့မှာပြုလုပ်တဲ့ IE Singapore’s Global Conversations အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ် အခုလို ထည့်သွင်းပြောကြားလိုက်တာဖြစ်တယ်လို့ Channel News Asia သတင်းဌာန က ရေးသားထားပါတယ်။

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စင်ကာပူနိုင်ငံခေါင်းဆောင်ကြီး လီကွန်ယုရဲ့ ပြောကြားချက်ကို ကိုးကားပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။


 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံစတင်လွတ်လပ်ရေးရချိန်မှာ ၀န်ကြီးချုပ် လီကွမ်ယုက စင်ကာပူအနေနဲ့ နှစ် (၂၀)အတွင်း မြန်မာနိုင်ငံကို အမှီလိုက်မယ်လို့ ကြွေးကြော်ခဲ့သလို လက်ရှိမှာလည်း အဲဒီစကားကို သူ့အနေနဲ့ ပြန်ပြောင်းပြောဆိုမယ်လို့ ပြောကြားခဲ့ပါတယ်။

 လာမယ့် နှစ် (၂၀)အတွင်း မြန်မာနိုင်ငံအနေနဲ့ စင်ကာပူရဲ့ အခြေအနေမျိုးဖြစ်လာအောင် လုပ်ဆောင်မှာဖြစ်သလို မြန်မာနိုင်ငံကို ကူညီကြဖို့ ဒေါ်အောင်ဆန်း စုကြည်ကပြောကြားခဲ့ပါတယ်။


 ဒါ့အပြင် လက်ရှိနိုင်ငံအတွင်းမှာ အသက်မွေးမှုဆိုင်ရာ သင်တန်းတွေကို လုပ်ဆောင်ထားပြီး ဒါဟာ တခြားပညာရေးအစီအစဉ်တွေလိုမျိုး အရေးကြီးတဲ့ အကြောင်းအရာ တစ်ခုဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နိုဝင်ဘာလ (၃၀) ရက် ဒီကနေ့ကနေ ဒီဇင်ဘာလ (၂) ရက်နေ့အထိ စင်ကာပူနိုင်ငံကို ၃ ရက်ကြာသွားရောက်တာဖြစ်ပြီး မနက်ဖြန်မှာ စင်ကာပူရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံမှာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ - MOFA
5 Plus News
https://www.facebook.com/5plusnews/



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စင်ကာပူဝန်ကြီးချုပ်တို့ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးစဉ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား စင်ကာပူနိုင်ငံ Istana သမ္မတအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့မှ အလေးပြုမှုခံယူစဉ်
(၃၀-၁၁-၂၀၁၆ ရက်နေ့၊ စင်ကာပူမြို့)

စင်ကာပူနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ယနေ့ ဒေသစံတော်ချိန် ၁၇း၃၀ နာရီတွင် Istana သမ္မတအိမ်တော်၌ စင်ကာပူနိုင်ငံ ၀န်ကြီးချုပ် မစ္စတာလီရှန်လွန်းမှ အခမ်းအနားနှင့် ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စင်ကာပူနိုင်ငံ ၀န်ကြီးချုပ်တို့သည် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မြှင့်တင်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စင်ကာပူဝန်ကြီးချုပ်တို့ အား နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် တွေ့ရစဉ်
ထိုသို့တွေ့ဆုံရာတွင် စင်ကာပူနှင့် မြန်မာနှစ်နိုင်ငံ အကြားစင်ကာပူ-မြန်မာအသက်မွေးပညာသင်ကျောင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာအား သုံးနှစ်သက်တမ်းတိုးမြှင့်သွားရေးကိစ္စ၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်းမှုများ စတင်ဆောင်ရွက်သွားရေးကိစ္စ၊ နှစ်နိုင်ငံအကြား ၁၉၉၉ ခုနှစ်က လက်မှတ်ထိုးခဲ့သည့် အခွန်နှစ်ထပ်ပေးဆောင်မှုရှောင်ရှားရေးသဘောတူစာချုပ်အား ပြင်ဆင်ရေး ဆွဲနိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်းမှုများ စတင်ဆောင်ရွက်ရေးကိစ္စ နှင့် စင်ကာပူလေကြောင်းလိုင်းအား ပျံသန်းမှုရာသီတစ်ခုအတွက် (၆)လခန့် စမ်းသပ်ပြေးဆွဲရေးကိစ္စတို့အပေါ်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ စင်ကာပူနိုင်ငံအစိုးရအဖွဲ့ဝင်များမှ နှုတ်ခွန်းဆက်ကြိုဆို
Istana သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံစဉ်
ထို့နောက် ဒေသစံတော်ချိန် ၁၈း၃၀ နာရီအချိန်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား စင်ကာပူ ၀န်ကြီးချုပ်က Istana သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

သတင်းဓာတ်ပုံ- မြန်မာသံရုံး၊ စင်ကာပူမြို့
- ပြန်/ဆက် ဌာန
https://www.facebook.com/mofamyanmar/