12/02/16


ဒေါ်အောင်ဆန်းစုကြည်က စကာင်္ပူရောက် မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံ (MOFA)
ဒေါ်အောင်ဆန်းစုကြည်က စကာင်္ပူရောက် မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံ (MOFA)

ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေပေါ်မှာ အတိုင်းအတာ တခုအထိ အားရ ကျေနပ်မှု ရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ တိုက်ပွဲတွေပေါ်ပေါက်လာတဲ့ အပေါ်မှာ စိုးရိမ်ကြောက်ရွံ့နေမှာ မဟုတ်ဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေ့တိုး လုပ်ဆောင်သွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က စကာင်္ပူရောက် မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံတာမှာ အခိုင်အမာ ပြောဆိုသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကာင်္ပူနိုင်ငံ ဒုတိယနေ့ ခရီးစဉ်ဆိုင်ရာ သတင်းဆောင်းပါးကိုတော့ မသိင်္ဂီထိုက်က ပြောပြပေးမှာပါ။
မြန်မာ အစိုးရ သက်တမ်း ၉ လအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ဦးစားပေး လုပ်နေပြီး အားရကျေနပ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စကာင်္ပူက မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။

“တခုကတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ နောက်တခုကတော့ ကျမတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပါပဲ။ ဒီ ၂ ခုက ဘယ်လိုမှ ခွဲခြားလို့မရပါဘူး။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ကျမတို့ ဖွံ့ဖြိုးရေးဆိုတာလည်း ရေရှည်ထိန်းထားလို့မရဘူး။ တိုးတက်မှုမရှိပဲနဲ့ ငြိမ်းချမ်းရေးဆိုတာ အမြဲခိုင်မာမယ်လို့ အာမခံလို့မရဘူး။ ဒါကြောင့် ဒီ၂ ခုကို အလေးထားပြီးတော့ တပြိုင်နက်ထဲ လုပ်နေတာဖြစ်ပါတယ်။ အတိုင်းအတာတခု ထိတော့ ကျေနပ်တယ်။ ဒါပေမယ့် ဘယ်တော့မှ အပြည့်အ၀ ကျေနပ်မှာ မဟုတ်ပါဘူး။”

နိုင်ငံ အရှေ့မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အချိန်မှာဘဲ ငြိမ်းချမ်းရေး အတွက် ရှေ့တိုးလုပ်ဆောင်သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။

“ ဒီတိုက်ပွဲတွေဟာ ကျမတို့ နိုင်ငံမှာဖြစ်နေတာ ကြာလှပါပြီ။ အဲဒီတိုက်ပွဲတွေဖြစ်တိုင်းကြောက်နေရင် ကျမတို့ အစကတည်းကနေစပြီးတော့ ၂၁ ပင်လုံကို လုပ်မှာမဟုတ်ပါဘူး။ ကျမတို့အနေနဲ့ ဒီလိုတိုက်ပွဲတွေဖြစ်လို့ကို ၂၁ ပင်လုံညီလာခံကြီး ဘယ်လောက် လိုအပ်သလဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ ထပ်ပြီးတော့ ကြိုးစားမယ်၊ ပိုပြီးတော့ ကြိုးစားမယ်။ ကျမတို့ အခြေခံအားဖြင့်တော့ ဒီလိုအချင်းချင်းကြားမှာ တိုက်ပွဲတွေ မကြေနပ်မှုတွေ ၊ မယုံကြည်မှုတွေ ဖြစ်ပွားနေတာဟာ ကျမတို့ သမိုင်းမှာ အချင်းချင်းကြားမှာ နားလည်မှုမယူနိုင်လို့ ပါပဲ။ နားလည်မှုမရှိပဲနဲ့ ဘယ်လိုမှ ငြိမ်းချမ်းရေးရနိုင်မှာ မဟုတ်ပါဘူး။ ဒီဟာအတွက် ကျမတို့ ကြိုးစားရမှာဖြစ်ပါတယ်။”

စကာင်္ပူရောက် မြန်မာ ၇ ထောင်လောက် တက်ရောက်ခဲ့ကြတဲ့ တွေ့ဆုံပွဲမှာတော့ တက်ရောက်လာသူတွေရဲ့ မေးခွန်းတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း လတ်တလော လူထုကြား စိုးရိမ်နေကြတဲ့ သက်ငယ် မုဒိမ်းမှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ အတွက် တရားဥပဒေကြောင်း အရတင် မဟုတ်ဘဲ လူမှုရေး ရှုထောင့်ကပါ အဖြေရှာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောဆိုပါတယ်။ နောက် ကလေးငယ်တွေကို မိဘတွေ အပြင် ရပ်ရွာ အသိုင်းအ၀ိုင်းကပါ ၀ိုင်းဝန်း စောင့်ရှောက်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ အစိုးရသစ်ကို အနှောင့်အယှက် အဟန့်အတားတွေ ရှိနေပြီး ဒါတွေကို အစိုးရသစ်က ဘယ်လို ကိုင်တွယ်မလဲ ပြည်သူတွေက ဘာတွေ ပါဝင်ရမလဲဆိုတဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားသွားပါတယ်။

“ပမထဦးဆုံးအနေနဲ့ ဘေးဆိုင်းတွေတီးတယ်ဆိုတာ သိတာကိုက အကူအညီတခုပဲ။ နောက်ပြီးတော့ ဘေးဆိုင်းတွေတီးပြီးရင် ကိုယ့်ဆိုင်းလေးလည်း ပြန်တီးလိုက်ပေါ့။ နောက်ဆုံးကျတော့ နားမယောင်ဖို့ပါပဲ။ ဘယ်သူက ဘာဆိုင်းပဲတီးတီး ကျမတို့ ပြည်သူပြည်သားတွေက နားမယောင်ဘူးဆိုရင် ကျမတို့ နားငြီးတာပဲရှိမယ် ၊ ဘာမှ ပြဿနာတွေတော့မရှိပါဘူးလို့ ပြောပါရစေ။”

စကာင်္ပူနိုင်ငံ ခရီစဉ် ပထမရက်မှာဘဲ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက နှစ် ၂၀ အတွင်း စကာင်္ပူကို ကျော်တက်မယ်လို့ ပြောဆိုခဲ့တဲ့ အပေါ် ဒေသတွင်းမှာ သတင်းကြီး ဖြစ်ခဲ့သလို မြန်မာနိုင်ငံတွင်းမှာလည်း လူပြော သူပြောများခဲ့တာပါ။ စကာင်္ပူနိုင်ငံကို မီအောင် ဘယ်လို လုပ်မလဲဆိုတဲ့ တက်ရောက်လာသူ တဦးရဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားသွားပါတယ်။

“အန်တီ စု အနေဖြင့်မြန်မာသည် နောင် နှစ် ၂၀ တွင် စကာင်္ပူကို မီ ရမယ်ဟုပြောကြားသည် ကို များစွာအားရမိပါသည်တဲ့။ ကျနော်တို့ ပြည်သူပြည်သားများအနေဖြင့် မည်သည့် အခန်းကဏ္ဍမှာ ပါဝင်နိုင်သည်ကို သိခွင့်ရချင်ပါသည်ခင်ဗျား တဲ့။ ကျမပြောတာက နှစ် ၂၀ အတွင်း စကာင်္ပူကို မီရမည်လို့ ပြောတာမဟုတ်ပါဘူး စကာင်္ပူကို ကျော်ရမည်လို့ ပြောတာပါ။”

မြန်မာနဲ့ စကာင်္ပူကြား သာမန် နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူတွေ အတွက် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်ကလည်း ဒီကနေ့မှာ စတင် သက်ရောက်ပါတယ်။ စကာင်္ပူ ဗီဇာ ကင်းလွတ်ခွင့်ကတော့ ထူးခြားတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်လို့ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“အလည်အပတ်တင်မကပါဘူး ၊ စီးပွားရေးလုပ်တဲ့လူတွေအများစု က ကျနော်တို့ မြန်မာနိုင်ငံဆိုရင် စကာင်္ပူကို မှီခိုပြီးလုပ်ကိုင်နေရတာပေါ့နော် ။ အထူးသဖြင့် ဘဏ်နဲ့ ပတ်သက်ရင် Banking နဲ့ ပတ်သက်ရင်။ အဲဒီတော့ ကျနော်တို့က အခုလို Visa မလိုတဲ့ အတွက်ကြောင့်မို့လို့ သွားရလာရ ၊ လုပ်ကိုင်ရတဲ့သူတွေအတွက်ကလည်း ပိုပြီးတော့ အဆင်ပြေတယ်။ အလည်အပတ်နဲ့ ဆေးကုတဲ့ လူတွေအတွက်ကလည်း အဆင်ပြေတဲ့အတွက်ကြောင့် ဒါကလည်း ထူးထူးခြားခြားပြောလို့ရတဲ့အချက် ၁ ချက်ဖြစ်ပါတယ်။”

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို အဓိက ဖိတ်ခေါ်ခဲ့တဲ့ စကာင်္ပူနိုင်ငံ ခရီးစဉ် ဒုတိယနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်က စကာင်္ပူ ခေတ္တ သမ္မတ Joseph Yuvaraj Pillay နဲ့ တွေ့ဆုံခဲ့သလို စကာင်္ပူ ၀ါရင့် ၀န်ကြီး Goh Chok Tong နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာမှာ အဂတိ လိုက်စားမှု အနည်းဆုံး နိုင်ငံ တခု ဖြစ်တဲ့ စကာင်္ပူနိုင်ငံရဲ့ အကျင့်ပျက် အဂတိ လိုက်စားမှု စုံစမ်းစစ်ဆေးရေး ဌာနကိုလည်းသွားရောက် လေ့လာခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ သစ်ခွပန်း အမည်ပေးပွဲကိုလည်း တက်ရောက်ပါတယ်။ Singapore Botanic Garden က National Orchid Garden မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဂုဏ်ပြုအထိမ်းအမှတ် အဖြစ်နဲ့ စိုက်ပျိုးထားတဲ့ သစ်ခွပန်းကိုတော့ Papilionanda Aung San Suu Kyi လို့ အမည်ပေးထားပါတယ်။

မသိင်္ဂီထိုက်
VOA Burmese News


စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ
တနေ့ကို လက်ဖက်ရည် တခွက် လျှော့သောက်ပြီး ခြိုးခြံ ချွေတာဖို့ စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက ပြောပါတယ်။

အဲဒီလို ခြိုးခြံလို့ ရလာတဲ့ ဘဏ္ဍာတွေကို ဘတ်ဂျက် လိုနေတဲ့ နေရာတွေမှာ သုံးစွဲသွားမှာ ဖြစ်ပြီး ဒီမျှဝေခြင်း အစီအစဉ်ကို သူ့ရဲ့ ၀န်ကြီးဌာနက စလုပ်သွားမှာ ဖြစ်တယ်လို့ လွှတ်တော်မှာ ပြောသွားခဲ့ပါတယ်။

မိမိလျှော့သောက်တဲ့ လက်ဖက်ရည် တခွက်ဖိုးကို ထည့်ဝင် ခြင်းအားဖြင့် မျှဝေ ပေးမယ် ၊ ပိုက်ဆံ ရှိသူတွေက အဲဒီလို လုပ်ပေးမယ် ဆိုရင် ဘတ်ဂျက် လိုနေတဲ့ နေရာတွေမှာ ဖြည့်စွမ်း နိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာ အောင်သူက ဆိုပါတယ်။

ဒီလို အစီအစဉ်မျိုး တောင်ငူ တက္ကသိုလ်မှာ လုပ်ခဲ့ဖူးပြီး ရေအခက်အခဲ ရှိနေချိန်မှာ ၀န်ထမ်းတွေက တက်နိုင်သမျှ ထည့်ဝင်တဲ့ ငွေတွေ ပေါင်းလိုက်တဲ့ အခါ ၁၅သိန်း ရတာကြောင့် အဲဒီတုန်းက ရေသန့်စက် ၀ယ်နိုင်ခဲ့တယ်လို့ လယ်ဆည် ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ တင်ထွဋ်က ရှင်းပြပါတယ်။

အခုလိုမျှဝေခြင်းအစီအစဉ်ကို One More ဆိုတဲ့အရပ်ဖက်အဖွဲ့အစည်းက မြန်မာနိုင်ငံမှာ စတင်ဆောင် ရွက်ခဲ့တာ ဖြစ်ပေမယ့် အခု ဝန်ကြီးလုပ်မဲ့ မျှဝေခြင်းအစီအစဉ်ဟာ လက်တွေမကျဘူးလို One More အဖွဲ့ ကို တည်ထောင်ခဲ့သူ ဆရာ မောင်သာချို က ပြောပါတယ်။

သူတို့ လုပ်တုန်းက တယောက် တလ တထောင်ကျပ်စီ ထည့်ဝင်ကာ သုံးလေးနေရာလောက် စုလိုက်တော့ သိန်း တရာ့ငါးဆယ် နီးပါး ရခဲ့ပြီး အဲဒီ လှူဒါန်းငွေနဲ့ လည်ပတ်သွားနိုင်ခဲ့ပေမယ့် လမ်းတွေဖောက် တံတားတွေ ဆောက်ဖို့ လောက်အထိတော့ ဖြစ်နိုင်မယ် မထင်ဘူးလို့ သူက ဆိုပါတယ်။

ဆရာမောင်သာချိုလို ပဲ နိုင်ငံတော်က တာဝန်ယူဆောင်ရွက်ရမဲ့ စီမံကိန်းတွေကို လက်ဖက်ရည်တစ်ခွက် လျော့သောက်ပြီး မျှဝေမဲ့ အစီအစဉ်နဲ့ ဆောင်ရွက်တာဟာ လက်တွေ့ မကျဘူးလို့ လွှတ်တော် ကိုယ်စားလှယ် အများစုက သုံးသပ် ပြောဆိုနေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese


လာမည့်နှစ် ဇန်န၀ါရီလ ၂၀ရက်နေ့တွင် သမ္မရာထူးအပ်နှင်းခံရမည် ဖြစ်သောကြောင့် ကမ္ဘာနှင့်တစ်ဝန်း စီးပွားရေးအင်ပါယာကြီးကို စီမံခန့်ခွဲနေခြင်းမှ ယာယီ အနားယူမည်ဖြစ်ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ရွေးချယ်ခံသမ္မတသစ် ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။

ဟိုတယ်များနှင့် အပန်းဖြေဂေါက်ကွင်းများကို ပနားမားနိုင်ငံမှ စကော့တလန်နိုင်ငံလောက်ထိ ပိုင်ဆိုင်သော အောင်မြင်သည့် အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီး ဒေါ်နယ်ထရမ့်က ၀ိုင်လုပ်ငန်းများ၊ မော်ဒယ်အေဂျင်စီလုပ်ငန်း များနှင့် သူပိုင်ဆိုင်သော ကမ္ဘာတစ်ဝန်းစီးပွားရေးလုပ်ငန်းများမှ အလုံးစုံသီးခြားနေထိုင်သွားမည့်အစီအစဉ်အား လာမည့် ဒီဇင်ဘာလ၁၅ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ၌ ဖော်ပြသွားမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ။်

ဒေါ်နယ်ထရမ့်ဂျူနီယာ၊ အိုင်ဗန်ကာထရမ့်၊ နဲ့ အဲရစ်ထရမ့် စသည့် အရွယ်ရောက်ပြီဖြစ်သော ဒေါ်နယ်ထရမ့်ရဲ့ သားသမီးများဟာ ထရမ့်ရဲ့စီးပွားရေးလုပ်ငန်းများကို လွှဲပြောင်းကြီးကြပ်သွားမည်ဖြစ်ပြီး ပုံစံအသစ်ဖြင့်ဖွဲ့စည်း တည်ဆောက်သွားများဖြစ်ကြောင်းကိုလည်း ထရမ့်ကုမ္ပဏီမှ ကြေညာခဲ့ပါတယ်။
Mizzima - News in Burmese

စင်ကာပူ၊ ဒီဇင်ဘာ ၁ ။ ။ မြန်မာနိုင်ငံ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂုဏ်ပြုသည့်အနေဖြင့် စင်ကာပူနိုင်ငံက Botanic Gardens ဥယျာဉ်ရှိ သစ်ခွမျိုးစိတ်တစ်မျိုးကို ဒေါ်အောင်ဆန်းစုကြည် နာမည်မှည့်ခေါ်ကာ ဒီဇင်ဘာ ၁ ရက်၌ ဂုဏ်ပြုသည်။

ထိုဥယျာဉ်အတွင်းက ခရမ်းရောင်အဆင်းနှင့် သစ်ခွမျိုးစိတ်တစ်မျိုးကို ဒေါ်အောင်ဆန်းစုကြည် နာမည်ပေးခြင်းဖြစ်ကာ အခြားသော ခေါင်းဆောင်များ၊ ဂုဏ်သရေရှိလူကြီးများ၏ နာမည်မှည့်ခေါ်ပေးထားသော သစ်ခွမျိုးစိတ် ၂၀၀ ကျော်ထက်မနည်းတွင် ပါဝင်ထည့်သွင်းသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ ဖိတ်ကြားချက်ဖြင့် သုံးရက်တာ ခရီးစဉ်အဖြစ် စင်ကာပူသို့ ရောက်ရှိနေခြင်းဖြစ်သည်။ NLD ဥက္ကဌအဖြစ် ရှိစဉ် ၂၀၁၃ စက်တင်ဘာလအတွင်းက စင်ကာပူသို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးရောက်ရှိထားသည်။

စင်ကာပူနိုင်ငံသည် အလည်အပတ်လာရောက်သည့် နိုင်ငံခေါင်းဆောင်များအား ၁၉၅၆ ခုနှစ်မှစတင်ကာ ဂုဏ်ပြုသည့် အနေဖြင့် သစ်ခွမျိုးစိတ်များတွင် ၎င်းတို့၏ နာမည်များ မှည့်ခေါ်လာခြင်းဖြစ်သည်။ သစ်ခွသံတမန်ရေးရာအဖြစ် ယင်းသို့ လုပ်ဆောင်ခြင်းဖြစ်ကာ စင်ကာပူနှင့် အခြားသောနိုင်ငံများ၏ ဆက်ဆံရေးနှင့် မိတ်ဖက်ရင်းနှီးမှု မြင့်မားရေးအတွက်ဖြစ်သည်။

အခြားသောခေါင်းဆောင်များအနေဖြင့် ဗြိတိန် မင်းသား ဝီလျံဇနီးမောင်နှံ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် တောင်အာဖရိကသမ္မတဟောင်း နယ်ဆင်မင်ဒဲလားတို့၏ နာမည်များအပါအဝင် သစ်ခွမျိုးစိတ်များတွင် အထင်ကရပုဂ္ဂိုလ်များ၏ အမည်များကို မှည့်ခေါ်ပေးထားသည်။
Mizzima - News in Burmese




-စေတနာ၊ ပညာ၊ သတ္တိ နည်းနေလို့ ငြိမ်းချမ်းရေးကို မယူချင်ဘူးဖြစ်နေတာလားဟု မေးလိုသည်။
-ပတ်စပို့များအားလုံး သက်တမ်းကုန်တဲ့အထိ အမျိုးအစားခွဲခြားခြင်းကိစ္စတွင် အကျုံးမ၀င်။
-လာဘ်စားတာတိုင်ဖို့ မိမိရုံး ဖုန်းနံပတ်တွေပေးထားတာတွေရှိ၊ အီးမေးလ်ရှိ၊ တိုင်စာပို့စရာနေရာတွေရှိ။ တိုင်စေချင်သည်။ မတတ်သာလို့ ပေးလိုက်ရသည်ဆိုသော်လည်း ပေးရသည့်ငွေ၊ လူ၊ အတိအကျတိုင်ပါကလည်း အရေးယူပေးပါမည်။
-အထက်ကို တင်ပြထားပါသည်ဆိုသည့်စကားအတွက် one stop shop များ ဆောင်ရွက်နေသလို၊ ဗဟိုစနစ်ဖြေလျော့နေ။
- နှစ် ၂၀အတွင်း စင်္ကာပူကိုမီရမည်ဟုပြောခဲ့ခြင်းမဟုတ်။ ကျော်ရမည်ဟု ပြောခြင်းဖြစ်သည်။
- ရဲတပ်ဖွဲ့ကို အဆင့်မီအောင် လုပ်နေသည်။
- ဘယ်သူတွေ လာရင်းနှီးမြုပ်နှံတာထက် အဲ့ဒီရင်းနှီးမြုပ်နှံမှုတွေက ကိုယ့်နိုင်ငံအတွက် ဘယ်လောက်အကျိုးရှိမလဲကို ကြည့်တယ်။
- ဘေးဆိုင်းတွေတီးနေတာသိနေရင် ကိုယ့်ဆိုင်းကိုပြန်တီးပါ။ နားမယောင်ပါနဲ့။ ဘယ်အစိုးရမှ အမှားမရှိဘူးဆိုတာမရှိပါ။ အမေတို့ ပြုပြင်စရာရှိတာကို ရဲရဲဝင့်ဝင့်အကြံပြုပါ။
- မြန်မာတွေကို မြန်မာလိုပဲ ရေးစေချင်တယ်။ မြန်မာလိုပြောရမှအားရတယ်။
-စည်းကမ်းရှိရှိနဲ့ စနစ်ကျမှအောင်မြင်တယ်လို့ပြောခဲ့တာမှာ ကိုယ့်ကိုယ်ကို အလိုမလိုက်တာ။ အလုပ်လုပ်တိုင်း ကြိုးစားရမယ်။ ကိုယ့်ကိုကိုယ်စည်းကမ်းရှိအောင်လုပ်ရမယ်။ ယုံကြည်မှုရှိရမယ်။ လောကမှာ ဘယ်ဟာမှ လွယ်လွယ်နဲ့မရ။ ၀ိရိယ လေးဆင့်၊ ဆုံးဖြတ်၊ ဆုံးဖြတ်တဲ့အတိုင်းစ၊ ခက်ခဲလည်း ဆက်လုပ်၊ ရှုံးနိမ့်လည်း လက်မမြောက်ပဲ ဆက်လုပ်တာ။
-အမှိုက်ပြစ်တာ ကြိမ်ဒဏ်ပေးချင်တာကို သဘောမတူပါ။ ဒဏ်ငွေရိုက်တာထက် ကလေးဘ၀ကတည်းက လေ့ကျင့်ပေးရမှာ။ မိဘတွေကိုယ်တိုင်က အမှိုက်ခြင်းထဲ အမှိုက်ပစ်တဲ့အလေ့အကျင့်မရှိရင် ဘယ်လိုလုပ်မလဲ။ ကျောင်းတွေက သင်ပေးနိုင်။ ကလေးတွေက အိမ်မှာပြန်သင်နိုင်။ ဒဏ်ငွေက ကလေးတွေအဆင့်မှာ လုပ်သင့်လုပ်ထိုက်ပါတယ်။ ကြိမ်လုံးတော့မလုပ်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။
-skill labour တက်လာအောင်၊ ကျောင်းပြင်ပပညာရေး အတွက် နည်းလမ်းတွေရှာနေ။
-နယ်စပ်နဲ့ ထိတွေ့တဲ့ နိုင်ငံတွေကများ၊ ရုပ်ပိုင်းဆိုင်ရာ ခြံစည်းရိုးခတ်တာတွေရှိပေမယ့် ငွေကြေးလိုအပ်။ နိုင်ငံတည်ငြိမ်မှုနဲ့ စီးပွားရေးအတွက် ဆိုင်တဲ့ကိစ္စမို့ တရားမ၀င်ကုန်သွယ်မှုတွေ၊ တရားမ၀င်ဖြတ်ကျော်မှုတွေကို မလုပ်ကြရင် နယ်စပ်မလုံခြုံမှုကို ၅၀% လျော့ချနိုင်မယ်လို့ မြင်ပါတယ်။
-ဖြုတ်ထုတ်သတ်ကို ကျွန်မ ၀ါသနာမပါပါ။ နှစ်ရှည်ကြာရှိနေတဲ့ အကျင့်တွေကို မဖျောက်နိုင်လို့ အပြစ်ပေးတာထက် ပြုပြင်ဖို့ အခွင့်ပေးရမယ်။ ဥပဒေအရ အရေးယူတာ အမျိုးသားရင်ကြားစေ့ရေးကိုပဲ လုပ်မယ်လို့ ပြောခဲ့တယ်။ လက်နက်ကိုင်တွေနဲ့တင်သာမက ပြည်သူတွေထဲလည်း လုပ်ပါမယ်။ စည်းဘောင်ကျော်သွား၇င်တော့ အရေးယူပါ့မယ်။
-တက္ကသိုလ်တွေကို လုပ်ပိုင်ခွင့်ပေးမှာဖြစ်တဲ့အတွက် ပြင်ပမှာ ပညာသင်ယူခဲ့သူများ အခွင့်အလမ်းရှိလာနိုင်။
- ပြန်ကြားရေးဌာနမှာ အားနည်းချက်ရှိ၊ အင်္ဂလိပ်ဘာသာ အားနည်းသူတွေရှိနေ။
- ရွေးတဲ့သူတွေက မျှော်လင့်တာထက် တော်သလို၊ မျှော်လင့်သလို မဟုတ်တာလည်း တွေ့ရ။ လူမှန်၊ နေရာမှန်ရဖို့ အဂတိတရားမလိုက်စားဖို့လို။ ကျွန်မတို့အစိုးရခေတ်မှာ ကြောက်နေရင်တော့ ကြောက်တဲ့သူ တုံးတာပဲ။
- နေရာမရခင်က ကောင်းမိကောင်းရဲ့။ နေရာလည်းရရော ဇာတိပြတော့တာပဲ။

(ဒေါ်အောင်ဆန်းစုကြည်- နိုင်ငံ တော် အတိုင်ပင်ခံ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူနိုင်ငံ မြန်မာအသိုင်းအဝိုင်းနှင့် တွေ့ဆုံခြင်း အခမ်းအနား၊ မှ တင်ပြချက်သာဖြစ်ပါတယ်
.
Credit : U Tun Wai


နယ်ခြားစောင့်တပ်များ
နယ်ခြားစောင့်တပ်များ

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ကို ဒီကနေ့ ရက်စွဲ နဲ့ သမ္မတဦးထင်ကျော်က ဖွဲ့စည်းလိုက်ပါတယ်။

ကော်မရှင်ကို ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၂ ဦး ပါဝင်ပါတယ်။ မောင်တောဒေသမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်ပြီး ဖြစ်ပွားရတဲ့ နောက်ခံအခြေအနေတွေနဲ့ အဖြစ်မှန်ပေါ်ပေါက်စေဖို့ စုံစမ်း စစ်ဆေးပြီး နောင်မှာ ဒီလိုမျိုး ထပ်မဖြစ်စေဖို့၊ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဆောင်ရွက်တာမှာ နိုင်ငံရဲ့ တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ် နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာ ဟုတ်-မဟုတ် ဆိုတာတွေကို စစ်ဆေးသုံးသပ်ပြီး အကြံပြုတင်ပြနိုင်ဖို့အတွက် ဒီကော်မရှင်ကို ဖွဲ့လိုက်တယ်လို့ သမ္မတရဲ့ အမိန့်ကြော်ငြာစာထဲမှာ ဖော်ပြထားပါတယ်။

မောင်တောဒေသ အခြေအနေနဲ့ပတ်သက်ပြီး ပြည်တွင်းကရော၊ ပြည်ပကပါ ဝေဖန်တာနဲ့ ဖိအားပေး ပြောဆိုတာတွေ ရှိနေချိန်မှာ ပဲ ဒီကော်မရှင်ကို ဖွဲ့စည်းလိုက်တာပါ။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး သီးခြားလွတ်လပ် တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တခု ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးဖို့ တိုက်တွန်းထားတာပါ။ အခုလို ဒုတိယသမ္မတ ဦးမြင့်ဆွေကို ဥက္ကဌထားပြီး ဖွဲ့လိုက်တဲ့ကော်မရှင်အပေါ် ပြည်တွင်း ပြည်ပက တုန့်ပြန်ချက်တွေတော့ ချက်ခြင်း ထွက်မလာသေးပါဘူး။

ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နောက် နှစ်လအကြာ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့အရောက် သမ္မတ ကို တိုက်ရိုက် အစီရင်ခံတင်ပြရမယ်လို့ သမ္မတရဲ့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။
VOA Burmese News


စင်ကာပူ ဒီဇင်ဘာ ၁

စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော်ချိန် ယနေ့နံနက် ၈ နာရီတွင် ခေတ္တတည်း ခိုရာ ရှန်ဂရီလာဟိုတယ်၌ စင်ကာပူနိုင်ငံ ၀ါရင့်ဝန်ကြီး မစ္စတာဂိုချောက်ထောင်နှင့် အလုပ်သဘောနံနက်စာစားပွဲတွင် လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်တို့ တက်ရောက်ကြပြီး ဧည့်သည် တော်နှင့်အတူ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗီဗီယန် ဘာလာ ကရစ်ရှ်နန်နှင့် မြန်မာနိုင်ငံဆိုင်ရာစင်ကာပူသံအမတ်ကြီး မစ္စတာ ရောဘတ်ချွာတို့လည်း တက်ရောက် ကြသည်။

ယင်းသို့ တွေ့ဆုံစဉ် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ရင်းနှီးစွာဆွေးနွေးကြသည်။


ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် စင်ကာပူ အမျိုးသားသစ်ခွဥယျာဉ်သို့ ရောက်ရှိကြပြီး သစ်ခွအမည်ပေးအခမ်းအနားသို့ တက် ရောက်ရာ အမျိုးသားသစ်ခွဥယျာဉ် အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူများက သစ်ခွဥယျာဉ်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး အမျိုးသား သစ်ခွဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှု လေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။

အဆိုပါ သစ်ခွမျိုးစိတ်သစ်၏ ဂုဏ်ပြုအမည်မှာ Papilionanda Aung San Suu Kyi ဖြစ်ပြီး စင်ကာပူနိုင်ငံသို့ အလည်အပတ်လာရောက်ကြသည့် နိုင်ငံခေါင်းဆောင် များအား ဂုဏ်ပြုသောအားဖြင့် သစ်ခွပန်းများအား အမှတ်တရ အမည်ပေး စိုက်ပျိုးထိန်းသိမ်းမှုကို ၁၉၅၆ ခုနှစ်မှစတင်ပြီး National Orchid Garden တွင် အစဉ်အလာတစ်ရပ်အဖြစ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။


ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် သမ္မတ အိမ်တော်သို့ ရောက်ရှိကြပြီး စင်ကာပူနိုင်ငံ ခေတ္တသမ္မတ မစ္စတာ ဂျိုးဆက်ပ် ယူဗာရတ်ဂ်ျ ပီးလေးနှင့် တွေ့ဆုံသည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပညာရေး ၊ ကျန်းမာရေး၊ လူဦးရေနှင့် စီးပွားရေး အခြေအနေနှင့် ဘက်စုံကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက်လာစေရေး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ ဒေသဆိုင်ရာအဖွဲ့ အစည်းများတွင် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် စင်ကာပူနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး မစ္စတာ တိုချီဟင်းန် က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့ တက်ရောက်သည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် စင်ကာပူ နိုင်ငံ အကျင့်ပျက်လာဘ်စားမှု စုံစမ်းစစ်ဆေးရေးဌာနသို့ ရောက်ရှိကြရာ ညွှန်ကြား ရေးမှူး မစ္စတာ ၀ုန်ဟုန်ကွမ်နှင့် တာဝန်ရှိသူများက အဆိုပါဌာန၏ ဖွဲ့စည်းပုံနှင့် နောက်ခံသမိုင်းကြောင်း ၊ လုပ်ငန်းဆောင်ရွက်ချက် ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သိရှိလိုသည် များကို မေးမြန်းသည်။

စင်ကာပူနိုင်ငံ အစိုးရအဖွဲ့နှင့် အစိုးရရုံးများသည် ပွင့်လင်းမြင်သာမှုရှိပြီး အဂတိ လိုက်စားမှုတွင် အနိမ့်ဆုံးဖြစ်ကြောင်း၊ Transparency International ၏ ၂၀၁၅ ခုနှစ် စစ်တမ်းအရ နိုင်ငံပေါင်း ၁၈၆ နိုင်ငံတွင် စင်ကာပူနိုင်ငံမှ အဆင့် (၈) နေရာတွင် ရှိသည့်အတွက် အဂတိလိုက်စားမှု အနည်းဆုံး နိုင်ငံဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံတွင် အဂတိလိုက်စားမှုများမှာ အဖွဲ့အစည်းပုံစံမဟုတ်ဘဲ သီးခြား အဖြစ်အပျက်များ အနေဖြင့်သာတွေ့ရကြောင်း၊ တိုင်ကြားမှုများ၏ ၇၅%မှာ တစ်သီး ပုဂ္ဂလတိုင်ကြား မှုများဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း တိုင်ကြားမှု(၁၁)မှုသာ ရှိကြောင်း၊ စင်ကာပူ နိုင်ငံတွင် အဂတိလိုက်စားမှုအား တိုက်ဖျက်ရာတွင် ထိရောက် အောင်မြင်မှုမှာ အစိုးရ ၏ ထိရောက်စွာအရေးယူ ကိုင်တွယ်ခြင်း၊ ထိရောက်သည့် ဥပဒေရှိပြီး ဥပဒေအား တိကျစွာလိုက်နာကျင့်သုံးမှုရှိခြင်း၊ လွတ်လပ်သော တရားစီရင်မှုရှိခြင်းနှင့် ပြည်သူ များမှ ပူးပေါင်းပါဝင်မှုရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် Singapore's Asian Civilization Museum သို့ ရောက်ရှိကြပြီး မြို့တော်များနှင့် ဘုရင်များ " မြန်မာနိုင်ငံမှ ရှေးဟောင်းရတနာများ" ပြခန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ စင်ကာပူနိုင်ငံဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး Singapore's Asian Civilization Museum မှ ဒါရိုက်တာဖြစ်သူ မစ္စတာ ကင်န်နီ တင်၊ စင်ကာပူနိုင်ငံ လူမှုအသိုက်အ၀န်း၊ ယဉ်ကျေးမှုနှင့် လူငယ်ရေးရာဝန်ကြီး မစ္စစ် ဂရေ့စ်ဖူနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်တို့က အဖွင့် အမှာစကားများ ပြောကြားကြသည်။


ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူ နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးတို့သည် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဗီနိုင်းပေါ်တွင် လက်မှတ်ရေးထိုးပေးကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စင်ကာပူနိုင်ငံရှိ မြန်မာ သံရုံးသို့ ရောက်ရှိပြီး မြန်မာသံရုံ ၊ စစ်သံရုံး ၀န်ထမ်းမိသားစုများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီး ဦးဌေးအောင်က စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး၏ သမိုင်းကြောင်းနှင့် လက်ရှိအချိန်အထိ ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု အခြေအနေများ စင်ကာပူရောက် မြန်မာနိုင်ငံသား အလုပ်သမားများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး မှာကြား သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် စင်ကာပူနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဌေးအောင် တည်ခင်းသည့် ညစာစားပွဲသို့ တက်ရောက် သည်။

ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Jurong East သို့ ရောက်ရှိကြ ပြီး စင်ကာပူနိုင်ငံရောက် မြန်မာအသိုက်အ၀န်းနှင့် တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြီးခဲ့သည့် ရွေးကောက်ပွဲကာလ၌ စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံသားများ၏ တာဝန်ကျေပွန်မှု၊ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများအပေါ် ကျေးဇူး တင်ရှိပါကြောင်း၊ လက်ရှိအစိုးရ၏ မူဝါဒနှင့် လုပ်ငန်းရည်ရွယ်ချက်များတွင် အဓိက ကျသည့် အချက်ကြီးနှစ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ။

ပြည်သူပြည်သားများ တစ်ယောက်ချင်းစီ၏ အင်အားများသည် မိမိနိုင်ငံ၏ စွမ်းအားဖြစ်သည့်အတွက် မိမိကိုယ်ကို အင်အားရှိအောင် ကြိုးပမ်းစေလိုကြောင်း ၊ ကိုယ့်ကိုယ်ကိုယ် မှန်ကန်သည့် အရည်အချင်းဖြင့် တိုးတက်အောင် ကြိုးပမ်းကြရန် တိုက်တွန်းလိုပါကြောင်း ၊ မိမိရောက်ရှိနေသည့် နိုင်ငံပေါ် မူတည်၍ အကောင်းဆုံးသော အခြေအနေကောင်းများရယူပြီး မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်စေ လိုပါကြောင်း၊ မိမိတို့မွေးမြူထားသည့် သားသမီးများကို မိမိနိုင်ငံအပေါ် မေ့လျော့ မသွားစေရန်၊ နိုင်ငံချစ်စိတ်ဖြင့် ပြုစုပျိုးထောင်ကြရန်လည်း တိုက်တွန်းလိုပါကြောင်း။

သမိုင်းတစ်လျှောက်လုံးတွင် ညီညီညွတ်ညွတ်ဆောင်ရွက်ခဲ့သည့်ကိစ္စတိုင်း၌ အောင်မြင်မှုရရှိခဲ့သည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း ၊ ထို့ကြောင့် မိမိတို့နိုင်ငံသူ နိုင်ငံသားအားလုံးတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၀ိုင်းဝန်းပူးပေါင်းကာ တက်ညီ လက်ညီ ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများ ကိုယ်စား မြန်မာကလပ် (စင်ကာပူ) ဥက္ကဋ္ဌ ဒေါက်တာမြတ်မော်ထွန်းက မေးခွန်းများကိုမေးမြန်းရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor/

တစ်ဘက်နိုင်ငံသို့ တရားမဝင် ခိုးထွက်သူ ၅၆ ဦးနှင့်အတူ ဒဗလျူဝိုင် စာတန်းပါဆေးပြား တစ်သောင်းခန့် ဖမ်းဆီးရမိ
ဒီဇင်ဘာ ၁ ၊ ၂၀၁၂

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နတ်မြစ်တစ်လျှောက် ကင်းလှည့်တာဝန်ထမ်းဆောင်စဉ် နိုဝင်ဘာ ၃၀ ရက် ည ၈ နာရီခွဲတွင် မသင်္ကာဖွယ်လှေ နှစ် စီးအား တွေ့ရှိသဖြင့် မီးအချက်ပြ၍ ခေါ်ရာ လာရောက်ခြင်းမရှိသဖြင့် လက်နက်ငယ်ဖြင့် ၁၀ ချက် ခန့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့သည်။

အဆိုပါ လောင်းလှေများပေါ်မှ တစ်ဘက်နိုင်ငံသို့ တရားမဝင် ခိုးထွက်သူ ၅၆ ဦးနှင့်အတူ ဒဗလျူဝိုင် စာတန်းပါ ဆေးပြား ၁၀၀၀၀ ပြား ခန့်တို့အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား ခေတ္တထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းလျက်ရှိကြောင်းသိရသည်။

ရသေ့တောင်နှင့် မောင်တောမြို့နယ်တို့၌ မသင်္ကာသူ ၅ ဦး ဖမ်းဆီးရမိ

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်အတွင်း နိုဝင်ဘာ ၃၀ ရက်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ မသင်္ကာသူ ၅ ဦး ဖမ်းဆီးရမိခဲ့သည်။

နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ရသေ့တောင်မြို့နယ် ကံဆိပ်ကျေးရွာနေ အဒူလာအား နံနက် ၅ နာရီခွဲတွင်လည်းကောင်း၊ မောင်တောမြို့နယ် မောင်နှမ (တောင်) ကျေးရွာနေ ဇာဖော်ရာမောက် အပါအဝင် ၃ ဦးအား မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင်လည်းကောင်း၊ ဖားဝပ်ချောင်းကျေးရွာနေ ကာမာ အား ညနေ ၅ နာရီတွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/SCOInfoC/



( ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတစ်ခုမှာ ရိုဟင်ဂျာဒုက္ခသည်တချို့ကို တွေ့ရစဉ် ) Photo: United Nations Refugee Agency - Cox's Bazar, Bangladesh facebook
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအဖွဲ့ ပြောခွင့်ရသူ Vivian Tan ဗီဗီယန်တန်းက မိမိတို့ရရှိထားတဲ့စာရင်းတွေအရ လတ်တလောကာလအတွင်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိခဲ့တဲ့ ရိုဟင်ဂျာဦးရေဟာ အနည်းဆုံးတသောင်းရှိကြောင်း၊ အမှန်ပကတိဦးရေဟာ ဒီထက်များနိုင်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ်ရောက် ဘင်ဂါလီ ခေါင်းဆောင်တချို့က မောင်တောဒေသကထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်ခြားရှိ နတ်မြစ်အတွင်းက ကျွန်းတခုပေါ်မှာ သောင်တင်နေတဲ့ ဒုက္ခသည် သုံးထောင်ကျော်ရှိပြီး အဲဒီလူတွေ အခုအစာရေစာပြတ်နေကြပြီလို့ ပြောပါတယ်။

လတ်တလောကာလတွေအတွင်း ရောက်ရှိလာတဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အစားအစာ၊ ဆေးဝါးနဲ့ နေထိုင်စရာတွေ ထောက်ပံ့ခြင်းမရှိကြောင်း၊ အဲဒီလိုကူညီရင် နောက်ထပ်အမြောက်အများ ထပ်မံထွက်ပြေးလာကြမှာကို စိုးရိမ်လို့ဖြစ်ကြောင်း စသဖြင့် AFP သတင်းမှာ ဖေါ်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/


တွံတေးမြို့နယ်၌ တရားမ၀င် လေပစ္စတိုသေနတ်ကိုင်ဆောင်သူများကို ဖမ်းဆီးရမိအရေးယူ
ရန်ကုန်၊ ဒီဇင်ဘာ ၁

၁.၁၂.၂၀၁၆ ရက်နေ့ ၀၃၄၅ အချိန်တွင် တွံတေးမြို့နယ်၊ အိုးဘိုအရှေ့ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့သို့ 5L---- ISUZU D Max အမျိုးအစား ခဲရောင်ယာဉ်တစ်စီးရပ်တန့်လာပြီး ယာဉ်မောင်းမှအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား လက်ယပ်ခေါ်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်မျိုးအောင်နှင့် ရာအိမ်မှူးအဖွဲ့တို့မှ သွားရောက်ခဲ့ရာ ပစ္စတိုသေနတ်ဟု ထင်ရသော လက်နက်အားထုတ်ပြပြီးမောင်းနှင်သွားကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ တွံတေးမြို့မရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ၎င်းယာဉ်နောက်သို့လိုက်လံရှာဖွေခဲ့ရာ ၀၄၀၀ အချိန်တွင် တွံတေးမြို့နယ်၊ ကွမ်းခြံကုန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဦးကြီးစိန်ကွေ့အနီးတွင်တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါယာဉ်အား စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်မောင်းဖြစ်သူ ကရင်ပြည်နယ်၊မြ၀တီမြို့၊ KNU/KNLA တပ်မဟာ(၇)မှ အရာခံဗိုလ်အဆင့်ရှိသူ ကျော်မင်းထွန်း၊ (၃၇)နှစ်၊ တွံတေးမြို့နယ်နေသူများဖြစ်သည့် ကြည်သိန်း၊  (၄၂)နှစ်နှင့် ဂျာကြီး(ခ)စောကစ်ဆင်ဂျာ၊ (၃၈)နှစ်တို့(၃)ဦးအားတွေ့ရှိရပြီး ယာဉ်းမောင်း ကျော်မင်းထွန်း၏ခါးတွင် ထိုးထားသော PIETRO BERETTA GARDONEV.T, Made in ITALY စာတမ်းပါ အနက်ရောင် လေပစ္စတိုသေနတ် ၁ လက်၊ အနက်ရောင်ကျည်အိမ် ၁ ခု၊ ယာဉ်နောက်ခန်းအတွင်းမှ အရိုး ၅ လက်မ၊ အသွား ၁၀ လက်မခန့်ရှိ သစ်သားလက်ကိုင်ရိုးတပ် တစ်ဖက်သွား ဓားဦးချွန်ဓားကောက် ၁ ချောင်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်မင်းထွန်းပါ(၃)ဦးအား တွံတေးမြို့မရဲစခန်း(ပ)၇၃၉/၂၀၁၆၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)/၁၉(စ) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice



ရန်ကုန်မြို့ UMFCCI ကုန်သည်များနဲ့ စက်မူလုပ်ငန်းရှင်များ အသင်းချုပ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့က ပြုလုပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲမှာ နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်စဉ်။ Photo: Thiha Tun/RFA
ပြည်တွင်း ပြည်ပစီးပွားရေး လုပ်ငန်းတွေကို ဖိတ်ခေါ်နိုင်ဖို့အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကို လာမယ့် ၂ဝ၁၇  ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ထုတ်ပြန်သွားမှာဖြစ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

ရန်ကုန်မြို့ UMFCCI ကုန်သည်များနဲ့ စက်မူလုပ်ငန်းရှင်များ အသင်းချုပ်မှာ ဒီနေ့ ပြုလုပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲမှာ နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောခဲ့တာဖြစ်ပါတယ်။

"စီးပွားရေးမူဝါဒရဲ့ အဓိကကျတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမူကဏ္ဍမှာ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမူတွေဖိတ်ခေါ်ပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ဖို့ ရင်းနှီးမြှုပ်နှံမူ မူဝါဒတွေကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်၊ မကြာခင်မှာလည်း နည်းဥပဒေတွေ အမိန့်ကြေငြာစာတွေ ထုတ်ပြန်သွားမှာဖြစ်ပါတယ်၊ ဒါကတော့ ဇန်န၀ါရီလ နောက်ဆုံးပတ်လောက်မှာ ဆက်လက်ပြီးထုတ်ပြန် ရမယ့်ဟာတွေ ပြီးစီးသွားမယ်လို့ သိရှိရပါတယ်"

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းတွေကို ဆွေးနွေးဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒုသမ္မတ ခေါင်းဆောင်တဲ့အဖွဲ့တို့ လစဉ်တွေ့ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ တရားမ၀င် ကုန်သွယ်မူကဏ္ဍ၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းကိစ္စ၊ ပို့ကုန်မြှင့် တင်ရေး၊ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးနဲ့ ရန်ကုန်မြို့သစ်စီမံကိန်း အခြေအနေတွေကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေး ၀န်ကြီး ဦးကျော်ဝင်းက တရားမ၀င် နယ်စပ်ကုန်သွယ်ရေးတွေကို ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်သလို အဂတိလိုက်စားမူပပျောက်ရေး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံရဲ့ ရေခံမြေခံ အနေအထားကို အကျွမ်းမ၀င် တာကြောင့် စီးပွားရေးလုပ်ဖို့ မ၀ံ့မရဲတဲ့ အခြေအနေတွေရှိနေကြောင်း ဒါကြောင့် ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ နိုင်ငံတကာက စီးပွားရေးသမားတွေ ပူးပေါင်းလုပ်ကိုင်တဲ့ Joint Venture လုပ်ငန်းတွေ အများအပြားလုပ်စေလိုတယ်လို့ ၀န်ကြီး ဦးကျော်ဝင်းက တိုက်တွန်းခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့မှာရှိတဲ့ တံတားကြီး ကိုးစင်းမှာ ဖြတ်သန်းသွား လာတဲ့ယာဉ်တွေကို လာမယ့် ၂၀၁၇ ဧပြီလကစပြီး တံတားကြေးကောက်ယူမှာ မဟုတ်တော့ကြောင်း ဒါပေမဲ့ ဖြတ်သန်းသွားလာတဲ ကားတွေဟာ သတ်မှတ်ထားတဲ့ တန်ပိုထက် ကုန်ပစ္စည်းတင်ရင် ကြီးလေးတဲ့ ဒဏ်ငွေရိုက်မှာဖြစ်တယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese


ရန်​ကုန်​မြို့ သစ်​စီမံကိန်း​မြေကိုနိုင်​ငံ​တော်​ကတာဝန်​ယူမည်​ဖြစ်​ပြီး Master Plan ကို ဒီဇင်​ဘာလအကုန်​တွင်​ဆောင်​ရွက်​​ပေးမည်​ဖြစ်​ကာ ​ရေနက်​ဆိပ်​ကမ်းတစ်​ခုလည်း ပါဝင်​မည်​ဖြစ်​​ကြောင်း ယ​နေ့ ကုန်​သည်​များနှင့်​ စက်​မှုလက်​မှုလုပ်​ငန်းရှင်​များအသင်းချုပ်​တွင်​ ပြုလုပ်​သည့် အစည်းအ​ဝေး၌ ရန်​ကုန်​တိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်းက လုပ်​ငန်းရှင်​များအား​ပြောကြားခဲ့သည်​။
``Special Economic ဇုန်​တစ်​ခု​ပေါ်​ပေါက်​ဖို့ရှိပါတယ်​ ကြည့်​မြင်​တိုင်​ တစ်​ဖက်​ကမ်းမှာ မြို့ သစ်​စီမံကိန်း ​ပေါ်​ပေါက်​ဖို့ရှိပါတယ်​ ရန်​ကုန်​မြို့  အ​ရှေ့အ​နောက်​​တောင်​​မြောက်​ အားလုံးမှာ တန်​ဖိုးနည်း တန်​ဖိုးသင့်​ တန်​ဖိုးမြင့်​ အိမ်​ယာ​တွေတည်​​ဆောက်​သွားဖို့ရှိပါတယ်​ ဒါ​ပေမဲ့ ​သေ​သေချာချာ ကျ​နော်​တို့​လေ့လာစမ်းစစ်​မှုလုပ်​​နေပါတယ်​ ဘာ​ကြောင့်​​လေ့လာစမ်းစစ်​မှုလုပ်​​နေလဲဆို​တော့ တန်​ဖိုးနည်း အိမ်​ယာဆိုတာအရည်​အ​သွေးမပြည့်​မီတဲ့ အိမ်​ဖြစ်​မှာစိုးရိမ်​ပါတယ်​ တန်​ဖိုးသင့်​ ကအရည်​​သွေးသင့်​တင့်​တဲ့ အိမ်​ဖြစ်​ပြီး တန်​ဖိုးမြင့်​ သာလျင်​အရည်​​သွေးမြင့်​​နေတဲ့ အိမ်​ပုံစံမျိုးမဟုတ်​ပဲ နဲ့ ​ရော​နှော တည်​​ဆောက်​တဲ့ပုံစံတစ်​ခုကို ​လေ့လာစမ်းစစ်​ဖို့ လုပ်​​နေပါတယ်​ ဒီ​လေ့လာစမ်းစစ်​မှုပြီးရင်​ လုပ်​ငန်းရှင်​​တွေကို ​ခေါ်မှာပါ ဒီစီမံကိန်း​တွေကိုလည်း ရှင်းလင်းမှာပါ´´ဟု ​ပြောကြားခဲ့သည်​။


ထို့အပြင် ရန်​ကုန်​တွင်​ အိမ်​ခြံ​မြေ​ဈေးကွက်​သည်​ ​မြေတန်​ဖိုးကြီးမြင့်​​နေသည့်​အတွက်​ အခက်​ခဲကြုံ​တွေ့​နေရခြင်း​ကြောင့်​ ​မြေကိုယူပြီး အခန်းတည်​​ဆောက်​မှုလုပ်​ငန်းများနှင့်​ပတ်​သက်​၍ Risk လုပ်​မှု​တွေကို အတတ်​နိုင်​ဆုံး ​ရှောင်​ရှားကြရန်​ လုပ်​ငန်းရှင်​များအား တိုက်​တွန်း​ကြောင်း ​ပြောကြားခဲ့သည်​။

အဆိုပါအစည်းအ​ဝေးတွင်​ မြန်​မာနိုင်​ငံ​ဆောက်​လုပ်​​ရေးလုပ်​ငန်းရှင်​များအသင်းမှ အစိုးရ၏ မြို့သစ်​စီမံကိန်းကို သိရှိလိုပြီး မိမိတို့အသင်းအား တာဝန်​​ပေးအပ်​ကာ ပူး​ပေါင်း​ဆောင်​ရွက်လို​ကြောင်း တင်​ပြခြင်းအ​ပေါ် ပြန်​လည်​ရှင်းလင်းခဲ့သည်​။

ငြိမ်းချမ်း​အောင်​(Social Watch)
Central News Myanmar
https://www.facebook.com/CNMyanmar/


ကမ္ဘာတ၀ှမ်းလုံးမှာ ဒီဇင်ဘာလ ၁ရက်နေ့ကို ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အဖြစ်ကျင်းပနေကြပြီး ထိုင်းမြန်မာနယ်စပ်က မယ်တော်ဆေးခန်းမှာ လည်း ကမ္ဘာအေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်ပွဲတွေကို ကျင်းပခဲ့ပါ။ထိုင်း-မြန်မာနယ်စပ်မှာတော့ HIV လူနာတွေအတွက် ဆေးဝယ်ယူဖို့ အခက်အခဲတွေ အလှူရှင်တွေလျော့နည်းလာတာကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ အတွက်အခက်အခဲတွေကြုံနေရပါတယ်။ မအေးအေးမာသတင်းပေးပို့ထားပါတယ် ။

ထိုင်း-မြန်မာနယ်စပ်မှာတော့ ကမ္ဘာအေအိုင်ဒီအက်စ်နေ့ကို HIV ဝေဒနာရှင်တွေနဲ့ အတူ အစိုးမဟုတ်တဲ့အဖွဲအစည်းတွေ လူထုအခြေပြုအဖွဲ့အစည်းတွေ စုပေါင်းပြီး ပညာပေးအခမ်းအနားတခုကို မယ်တော်ဆေးခန်းမှာကျင်းပခဲ့ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေ အတွက်ဆေးဝယ်ယူနိုင်ဖို့နဲ့ ရေရှည်ဘားဂျက်အခက်အခဲတွေကို ကြုံနေရပေမယ့် ရောဂါဖြစ်တဲ့လူနာအရေအတွက်ကတော့တနှစ်ထက်တနှစ်ပို့ပြီးများလာတယ်လို့ မယ်တော်ဆေးခန်း HIV Program တာဝန်ခံဖြစ်တဲ့ ကိုလှိုင်မြင့်ထွန်းကပြောပါတယ်။

“ဒီဆေးတွေက အပြင်မှာ ၀ယ်ချင်တိုင်း ၀ယ်လို့ရတဲ့ဆေးတွေမဟုတ်ဘူး။ အစိုးရက ထိန်းချုပ်ထားတဲ့ဆေးတွေဖြစ်တယ်လေ ဒါကြောင့်မို့လို့ ၀ယ်ရပြုရတဲ့နေရာမှာ ကျနော်တို့ ဘက်ခြမ်းအနေနဲ့ အခက်အခဲတွေရှိတယ်။ ပြီးလို့ရှိရင် အလှူရှင်တွေ ဘားဂျတ်တွေလည်းသွားနေရတာတွေဆိုတော့ ချင့်ချိန်ရပါတယ်။ ဟိုဘက်ကမ်းမှာ လက်လှမ်းမမှီတဲ့လူနာတွေကိုလည်း ကျနော်တို့ ဟိုဘက်ကမ်းမှာပဲ ဝေပါတယ်။ အကြမ်းအားဖြင့်တော့ များလာတယ်လို့ ယူဆတာပေါ့နော်။”

တနှစ် တနှစ်မှာမယ်တော်ဆေးခန်းကိုယ်ဝန်အပ်သူပေါင်း ၄ထောင်ကျော် တဲ့အထဲမှာ ၃၀၀၀လောက်က မယ်တော်ဆေးခန်းမှာလာရောက်မွေးဖွားကြတာပါ ။ ဒီထဲမှာ ကိုယ်ဝန်ဆောင်ဦးရေအနည်းဆုံး ၅၀ခန့်ဟာ HIV ပိုးကူးစက်ခံနေရတယ်လို့ မယ်တော်ဆေးခန်းရဲ့ ကျန်းမာရေးဆိုင်ရာ ဒုတိယဒါရိုက်တာ မဆိုဖိယာက ဆိုပါတယ်။

“မိခင်နဲ့ကလေးဆိုရင် ကျမတို့မှာ ပျမ်းမျှ အယောက် ၅၀ လောက်ရှိပါတယ်။ ကျမတို့ ဆေးပေးပြီးဆိုရင် သူက ရေရှည်အနေနဲ့ကျမတို့ပေးရတာကို ပေးရတော့ ဗိုက်ကလည်းတဖက်ဆိုတော့ ကျမတို့မှာပေးရတာ ရေရှည်အနေနဲ့ ရနိုင်ဖို့ရှိမရှိဆိုတာလည်း ကျမတို့လည်းပြောလို့မရဘူးလေ။ အထူးသဖြင့်ဒီ မြ၀တီက IOM တို့က အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတော့ေ၇ရှည်အနေနဲ့ သူတို့အတွက်ကဆေးရဖို့ အခွင့်အလမ်းတော့ ပိုရှိတာပေါ့နော်။”

ထိုင်းမြန်မာနယ်စပ်မှာ HIV / AIDS ဝေဒနာရှင်တွေကိုကူညီစောင့်ရှောက်ပေးနေတဲ့ အမျိုးသမီးများအတွက် လူမူစောင့်ရှောက်ရေးအဖွဲ့ ရဲ့ ကျန်းမာရေးတာဝန်ခံ မရီရီဝင်းကတော့ ရွေပြောင်းအလုပ်သမားတွေကြား အိတ်အိုင်ဗွီဝေဒနာရှင်လူနာတွေက ပိုပြီးတိုးလာနေပေမယ့် ဆေးရ၇ှိဖို့အခက်အခဲတွေကြောင့် ထိုင်းဆေးရုံတွေကနေ မြန်မာပြည်ဆေးရုံဘက်ကိုပြန်ပြီး လွဲပြောင်းပေးနေရတယ်လို့လည်းဆိုပါတယ်။

“အခုလောလောဆယ်ပေါ့နော် ဒီဘက်မှာဆိုရင် HIV နဲ့ပတ်သက်တဲ့ဟာတွေကတော့ပေါ့နော် များလာတာရှိတယ်ပေါ့နော်။ ဥပမာ- မယ်တော်ဆေးခန်းမှာ ကိုယ်ဝန်အပ်တာတို့ ၊ မယ်ဆောက်ဆေးရုံကြီးမှာ ကိုယ်ဝန်အပ်တဲ့အခါကျရင် အမျိုးသမီးတွေက များသောအားဖြင့် အဲဒါမျိုးတွေပေါ့နော် HIV နဲ့ ပတ်သက်ပြီးတော့ ပေါ်လာတာတွေရှိတယ်။ ဒါပေမယ့် ပညာပေးမှုတွေကပေါ့နော် ဆက်လုပ်ဖို့တော့လိုတယ်။ အခုလက်ရှိမှာဆိုရင် ပညာပေးမှုတွေက ဒီဘက်မှာဆိုရင် အဲဒါမျိုးတွေနဲ့ ပညာပေးမူအပိုင်းကတော့ နည်းလာတာပေါ့နော်။ အဓိကတော့ မြန်မာပြည်မှာဆိုရင်တော့ HIV နဲ့ပတ်သက်တဲ့အပိုင်းတွေက များသောအားဖြင့် ထောက်ပံ့ကြေးတွေက ပြည်တွင်းမှာရောက်သွားတဲ့အခါကျတော့ ဒီဘက်မှာ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ပညာပေးမှုတွေနည်းလာတယ်။ ဒီဘက်မှာကတော့ အနည်းပိုင်းကတော့ ကူးစက်ရောဂါဆိုတော့ မျက်စိနဲ့ မမြင်နိုင်ဘူး။ လူတွေတော်တော်များများကတော့ သွေးစစ်မှသိရတယ်ပေါ့နော် ။ သွေးစစ်မှ သိရတယ်ဆိုတော့ ဘယ်သူ့မှာရှိတယ်မရှိဘူးဆိုတာတော့ မသိနိုင်ဘူး။ အဓိကကတော့ ဒါလျှော့နည်းဖို့ဆိုတာက ပညာပေးမူလည်းလိုတယ်၊ သွေးတွေလည်း စစ်ဆေးကြည့်ဖို့လိုတယ်ပေါ့နော်။ ဒါပေမယ့် ဒီဘက် အခုလက်ရှိမှာတော့ နည်းကုန်ပြီပေါ့နော်။ သွေးတွေဘာတွေစစ်တဲ့အခါကျတော့ ဆေးတွေဘာတွေကတော့ တချို့ဆိုစောင့်ရမှာတွေရှိတယ်။ တချို့ဆို မသောက်ရသေးဘူးပေါ့ ။ ဟိုအရင်ကဆိုရင် ဒီဘက်အခြမ်းမှာက ဆေးက မဲဆောက်ဆေးရုံကြီးတွေ ၊ မယ်တော်ဆေးခန်းတို့လိုမျိုးက ဆေးပေးတာတွေရှိတယ်ပေါ့နော်။ ဒီ ၁ နှစ် ၂ နှစ် မှာက မဲဆောက်ဆေးရုံကြီးဘက်က Migrant တွေနဲ့ ပတ်သက်ပြီးတော့ ဆေးပေးတာတွေက လျှော့ချလာတယ်ပေါနော်။”

မြန်မာပြည်အစိုးရအပြောင်းအလဲတွေဖြစ်တာကြောင့် အစိုးရမဟုတ်တဲ့အဖွဲအစည်းအတော်များများက မြန်မာပြည်ဘက်ကိုရွေပြောင်းကုန်ကြပါတယ်။ ဒီအတွက် ဝေဒနာရှင်တွေအနေနဲ့ ထိုင်းဘက်ခြမ်းကနေဆေးဝါးရရှိဖို့ အတွက်အခက်အခဲတွေကြုံလာပါတယ်။ မြန်မာပြည်ဘက်ကနေ ဆေးဝါးထုတ်ယူမှသာ ရေရှည်အတွက် ဖြစ်နိုင်တာမို့ မြန်မာပြည်ဘက်ကို ထိုင်းဘက်မှာ ကုသနေတဲ့ လူနာတွေ လွဲပြောင်းပေးတာတွေကို လုပ်ဆောင်နေကြရတာဖြစ်ပါတယ်။

 မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


(၁-၁၂-၂၀၁၆ရက်နေ့ ၊ စင်ကာပူမြို့)

စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၁၃း၁၅ နာရီ အချိန်တွင် ကိုယ်စားလှယ်အဖွဲ့ဝင်များ လိုက်ပါလျက် စင်ကာပူနိုင်ငံ၏ အကျင့်ပျက်အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာန( Corrupt Practices Investigation Bureau-CPIB) သို့ သွားရောက်လေ့လာခဲ့ပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်အဖွဲ့အား CPIB ၏ ညွှန်ကြားရေးမှူး Mr. Wong Hong Kuan မှ CPIB နှင့်ပတ်သက်သည့် အကြောင်းအရာများအားရှင်းလင်းတင်ပြပါသည်။


ရှင်းလင်းပြောကြားမှုများအရ စင်ကာပူနိုင်ငံ၏ အစိုးရအဖွဲ့နှင့် အစိုးရရုံးများမှာ ပွင့်လင်းမြင်သာမှုရှိပြီး အဂတိ လိုက်စားမှုတွင် အနိမ့်ဆုံးဖြစ်ကြောင်း၊ Transparency International ၏ ၂၀၁၅ ခုနှစ် စစ်တမ်းအရ နိုင်ငံပေါင်း ၁၈၆ နိုင်ငံတွင် စင်ကာပူနိုင်ငံမှ အဆင့် (၈) နေရာတွင်ရှိသည့်အတွက် အဂတိလိုက်စားမှု အနည်းဆုံး နိုင်ငံဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံတွင် အဂတိလိုက်စားမှုများမှာ အဖွဲ့အစည်းပုံစံမဟုတ်ဘဲ သီးခြား အဖြစ်အပျက်များ အနေဖြင့်သာတွေ့ရကြောင်း၊ တိုင်ကြားမှုများ၏ ၇၅%မှာ တစ်သီးပုဂ္ဂလတိုင်ကြား မှုများဖြစ် ကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း တိုင်ကြားမှု (၁၁) မှုသာရှိကြောင်း၊ စင်ကာပူနိုင်ငံတွင် အဂတိလိုက်စားမှုအား တိုက်ဖျက်ရာတွင် ထိရောက်အောင်မြင်မှုမှာ အစိုးရ၏ ထိရောက်စွာအရေးယူ ကိုင်တွယ်ခြင်း၊ ထိရောက်သည့် ဥပဒေရှိပြီး ဥပဒေအား တိကျစွာ လိုက်နာကျင့်သုံးမှုရှိခြင်း၊ လွတ်လပ်သော တရားစီရင်မှုရှိခြင်းနှင့် ပြည်သူများမှ ပူးပေါင်းပါဝင်မှုရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းဓာတ်ပုံ- မြန်မာသံရုံး၊ စင်ကာပူမြို့ နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့
-ပြန်/ဆက်ဌာန
Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar/


( ၁-၁၂-၂၀၁၆ ရက်နေ့၊ စင်ကာပူမြို့)

ယနေ့ ဒေသစံတော်ချိန် ၁၁း၀၀ နာရီတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် စင်ကာပူနိုင်ငံ ခေတ္တသမ္မတ H.E. Joseph Yuvaraj Pillay (Chairman of Council of Presidential Advisers) နှင့်တွေ့ဆုံခဲ့ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ရင်းနှီးစွာဆွေးနွေးခဲ့ကြောင်းသိရှိရပါ သည်။

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် စင်ကာပူနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် အမျိုးသားလုံခြုံရေးဆိုင် ရာညှိနှိုင်းရေးဝန်ကြီး H.E. Mr. Teo Che Hean မှတည်ခင်းသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့တက်ရောက်ခဲ့ ပါသည်။

သတင်းဓာတ်ပုံ- မြန်မာသံရုံး၊ စင်ကာပူမြို့
- ပြန်/ဆက်ဌာန
Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar/



သြစတြီးယား နိုင်ငံ Braunau မြို့ရှိ ဟစ်တလာ မွေးဖွားခဲ့သည့် နေအိမ်အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
    ဗီယင်နာ ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

    သြစတြီးယား ပြည်သူ့လွှတ်တော် ပြည်ထဲရေး ကော်မတီ က နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပြည်ထဲရေး ဝန်ကြီး Sobotka မှ အဆိုပြုတင်သွင်းသည့် နာဇီ ဂျာမဏီ နိုင်ငံ ၏ ခေါင်းဆောင် ဟစ်တလာ ၏ မွေးဖွားရာ နေအိမ်ကို နိုင်ငံ ပိုင်အဖြစ် သိမ်းဆည်းမည့် အဆိုကို အတည်ပြု ခဲ့သည်။

ဟစ်တလာ သည် ၁၈၈၉ ခုနှစ်တွင် ဂျာမနီ နိုင်ငံ ၏ အိမ်နီးချင်း နိုင်ငံ ဖြစ်သည့် သြစတြီးယား နိုင်ငံ ၏ Braunau မြို့ရှိ သုံးထပ် အိမ်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ဟစ်တလာ ၃ နှစ်အရွယ်တွင် တစ်မိသားစု လုံးသည် ထိုမြို့ငယ်လေး မှ ပြောင်းရွေ့ ခဲ့ကြပြီး ထိုအဆောက်အဦ ၏ ပိုင်ရှင်မှာ ဂျာမနီ နိုင်ငံ Bavaria တွင် နေထိုင်သည့် အဖွားအို တစ်ဦးဖြစ်သည်။ယင်း အဆောက်အဦသည် နှစ်လရှည်ကြာစွာ လူနေထိုင်ခြင်းမရှိသော အဆောက်အဦတစ်ခု ဖြစ်ခဲ့သည်။ သြစတြီးယား အစိုးရ မှ ထိုအဆောက်အဦး ကို ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း အဖွားအိုမှ ရောင်းချရန် ငြင်းဆန်ခဲ့သည်။ထိုအဆောက်အဦကို နိုင်ငံ ပိုင်အဖြစ်သိမ်းဆည်းရခြင်း၏ ရည်ရွယ်ချက်မှာ ဤထူးခြားသည့် အဆောက်အဦးအား ပြုပြင်မွမ်းမံရန်ရည်ရွယ်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

သြစတြီးယား သတင်းဌာန ၏ ဖော်ပြချက်အရ နိုင်ငံပိုင်အဖြစ်သိမ်းဆည်း ပြီးလျှင် Sobotka က ယင်းအဆောက်အဦ အသုံးချမှု အပေါ်ညှိနှိုင်းဆွေးနွေးမှု များကို ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆောက်အဦ မျက်နှာစာ ပြုပြင်မွန်းမံရန် အတွက်လည်း တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း ၊ ယခုကဲ့သို့ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ ခေတ်သစ်နာဇီဝါဒ နှင့် အစွန်းရောက် လက်ယာသမားများ၏ အထွဋ်အမြတ်နေရာ တစ်ခုမဖြစ်စေရန်ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။

Sobotka သည် အောက်တိုဘာ ၁၇ ရက်နေ့တွင် ပညာရှင်ကော်မတီ တစ်ခု၏ အကြံပေးချက်အရ အစိုးရမှ ဟစ်တလာ ၏ မွေးဖွာရာ နေအိမ်ကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး  အလုံးစုံ ပြုပြင်မွမ်းမံမှုများပြုလုပ်မည်ဖြစ်ကာ နာဇီ ဝါဒကို ကိုယ်စားပြုသည့် သင်္ကေတ အကြွင်းအကျန်များကို ဖျက်စီးမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။သို့သော် ဟစ်တလာ ၏ မွေးဖွားရာနေအိမ် ကို မည်သို့ဆောင်ရွက်မည်ကို သဘောထား အမြင်အမျိုးမျိုးရှိခဲ့ကြသည်။အချို့မှာ ထိုအဆောက်အဦအား နာဇီ များ၏ အပြစ်များကို ပြန်လည် သုံးသပ်ရန် အထိမ်းအမှတ်နေရာ အဖြစ်ထားရှိလိုကြသောလည်း ဆန့်ကျင်သူများက ယင်းထူးခြားသည့် အဆောက်အဦးသည် ခေတ်သစ်နာဇီဝါဒ အတွက် အထွဋ်အမြတ်နေရာ ဖြစ်တည်သွား  မည်ကို စိုးရိမ်ကြသည်။ အချို့သူများက အပြီးပိုင်ဖျက်ဆီး ရန်လိုလားကြသော်လည်း ဆန့်ကျင်သူများက နာဇီ များ၏ အပြစ်များကို ပြန်လည် သုံးသပ်ရန် သင်္ကေတ တစ်ခု မရှိတော့မည် ကို စိုးရိမ်ကြသည်။

(Xinhua)
http://xinhuamyanmar.com



ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံ မျှော်စင်ကျွန်းမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ကျင်းပတဲ့ သက်ငယ်မုဒိန်းမှုနဲ့ ပတ်သက်ပြီး လူထုလှုပ်ရှားမှု အခမ်းအနားမှာ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ကို တွေ့ရစဉ်။ Photo: Aung Thain Kha/RFA
ဂျပန်နိပွန်ဖောင်ဒေးရှင်းကနေ မြန်မာအစိုးရကိုလှူဒါန်းထားတဲ့ ကားအစီးရေ ၁၀၁ စီးမှာ ၆၁ စီးဟာ မသုံးဘဲ ပစ်ထားတဲ့အတွက် ပျက်စီးယိုယွင်းနေတယ်လို့ သွားရောက်ကြည့်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။

မနေ့က ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့ တာမွေမြို့နယ်မှာ ရှိတဲ့ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံဝင်းထဲမှာ အသုံးမပြုဘဲထားရှိတဲ့ကားတွေ သွားရောက်ကြည့်ရှုခဲ့ ပြီး မြင်တွေ့ခဲ့ရတာကို လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက အခုလို ပြောပါတယ်။

"အဲဒီမှာ မီးခွက်မရှိတာတို့၊ ဖြစ်တာတို့ လိုအပ်ချက်တွေကတော့ အများကြီးရှိတယ်၊ အဲလောက်ထိ ဒီမှာ အရမ်းအကြာကြီးဖြစ်သွားတယ်ဆိုတော့ တကယ်တော့ ရောက်ရောက်ပြီးချင်း အသုံးတည့်မယ့်နေရာတွေ မှာ သုံးလိုက်နိုင်မယ်ဆိုရင်တော့ လူထုအတွက် အများကြီး အကျိုးရှိသွားမှာပေါ့"

အရင်အစိုးရလက်ထက်က ဂျပန်နီပွန်ဖောင်ဒေးရှင်းကနေ အဲဒီကားတွေကို လှူဒါန်းထားတာဖြစ်ပြီး မြန်မာနိုင်ငံကို ဒီနှစ်ဧပြီလ ၈ ရက်နေ့က ရောက်ရှိခဲ့တာဖြစ်ပါတယ်။  နား၊နှာခေါင်း၊ လည်ချောင်းဆေးရုံကို ကားတွေရောက် ရှိပြီးချိန်ကနေစပြီး ကျန်းမာရေးဝန်ကြီးဌာနက ကျန်တဲ့ကားတွေကို အသုံးပြုနေတာဖြစ်ပါတယ်။

ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာ အဲဒီကားတွေနဲ့ပတ်သက်ပြီး ပြောနေကြတဲ့အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့က သွားရောက်ကြည့်ရှုတာလို့သိရပြီး အဲဒီကားတွေဟာ ပြည်ထောင်စုအစိုးရကသာ စီမံခန့်ခွဲပိုင်ခွင့်ရှိတာလို့ ဆိုပါတယ်။ ဆေးရုံဝင်းထဲမှာ တွေ့ရတဲ့ကားတွေကို ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေအရ မီးလုံးတွေ အတွင်းပိုင်းတွေ ပျက်စီးနေတဲ့ကားတွေကိုလည်း တွေ့ရပါတယ်။

RFA Burmese
http://www.rfa.org/burmese



ဆော်ဒီအာရေဗျနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
  ရီယာ့ဒ်၊ ဒီဇင်ဘာ ၁ရက် (ဆင်ဟွာ)

    ဆော်ဒီအာရေဗျနိုင်ငံ တရားရုံးတစ်ခုက  ဆော်ဒီနိုင်ငံ အရှေ့ဘက် တည်ငြိမ်မှုမရှိသေးသည့် Qatif ဒေသ မှ ဆော်ဒီနိုင်ငံသား သုံးဦးအား အကြမ်းဖက်မှု စွဲချက်များဖြင့် နိုဝင်ဘာ ၃၀ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း Al Arabiya သတင်းဋ္ဌာန က ဖော်ပြခဲ့သည်။

လေးဦးမြောက် တရားခံအား ထောင်ဒဏ် ၁၂နှစ် ချမှတ်ခဲ့ပြီး တရားခံ လေးဦးသည် Qatif ဒေသ မှ အစွန်းရောက်အဖွဲ့များနှင့် ပူးပေါင်းကာ ရဲတပ်ဖွဲ့ နှင့် အကျဉ်းထောင်ရုံးချုပ် တစ်ခုအား လက်နက်ကိုင်တိုက်ခိုက်ခဲ့မှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရကြောင်း သိရသည်။

Qatif ဒေသ သည် ဆော်ဒီအာရေဗျနိုင်ငံရှိ လူနည်းစု ရှီယိုက်မူဆလင်တို့ ထူထပ်စွာနေထိုင်သည့် မြို့အနည်းငယ်များအနက်မှ တစ်မြို့ဖြစ်သည်။

ရှီယိုက် လူငယ်အုပ်စုများသည် ရှေးရိုးစွဲ ဆွန်နီများရှိသည့်ဆော်ဒီနိုင်ငံတွင် အခွင့်အရေးပိုမိုရရှိရန် အတွက် ပုန်ကန်မှုများ၊ နိုင်ငံပိုင်ပစ္စည်းများ ဖျက်ဆီးခြင်း နှင့် ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် အောက်တိုဘာ လတွင်လည်း Qatif ဒေသတွင် လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့အား အပြင်းအထန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်သုံးဦး လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
ရှီယိုက်လူမျိုးများအပြင် ဆော်ဒီနိုင်ငံ ဒေသအများအပြားရှိ IS စစ်သွေးကြွအုပ်စု အား ထောက်ပံ့သူများက ရဲတပ်ဖွဲ့ဝင်များအား အလားတူ တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com


ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

မြန်မာ-စင်ကာပူ နှစ်နိုင်ငံ အကြား သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများ ယနေ့ ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ ပြည်ဝင်ခွင့် ရယူရန် မလိုတော့ဘဲ ဗီဇာ ကင်းလွတ်ခွင့်ဖြင့် သွားရောက်နိုင်ပြီ ဖြစ်ကြောင်း နှစ်နိုင်ငံ သဘောတူညီချက်များ အရ သိရသည်။

“ဗီဇာ ကင်းလွတ်သွားပြီ ဖြစ်တဲ့ အတွက် ခရီးသွား ကဏ္ဍကို ပိုပြီး ဖွံ့ ဖြိုး တိုးတက်ဖို့ အလားအလာ ကောင်းတာပေါ့။ အဲလို သွားတဲ့ နေရာမှာ ဗီဇာ မပါဘဲ သွားတာ ဖြစ်တဲ့ အတွက် လွယ်ကူ ချောမွေ့ စွာနဲ့ လည်ပတ်နိုင်တာပေါ့။ဟိုဘက် နိုင်ငံကနေ ကျွန်တော်တို့ နိုင်ငံကို လာရောက် လည်ပတ်မယ် ဆိုရင်လည်း သူတို့ သုံးစွဲတဲ့ ငွေကြေးတွေ အပေါ် မူတည်ပြီး ခရီးသွား လုပ်ငန်း ကဏ္ဍကို အထောက်အကူ ပြုတာပေါ့။နောက်တစ်ခုက သာယာ လှပတဲ့ မြန်မာနိုင်ငံရဲ့ အကြောင်းတွေကို မျက်မြင်ကိုယ်တွေ့ ခံစား ထိတွေ့ ရတာပေါ့။ဒါ ကျွန်တော်တို့ နိုင်ငံ အနေနဲ့ အကျိုး ခံစားရတာပေါ့။”ဟု ဟိုတယ်နှင့် ခရီးသွား ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ဆင်ဟွာသို့ ပြောသည်။

ထို့ အတူ မြန်မာနိုင်ငံမှ စင်ကာပူ နိုင်ငံသို့ အလည်အပတ် သွားရောက်မည့် ခရီးသွား ဧည့်သည်များ ရှိသကဲ့သို့ အလုပ်အကိုင် ရှာဖွေရေး နှင့် ပတ်သက်ပြီး သွားနိုင်သည့် အတွက် ယင်းတို့ ကို သက်ဆိုင်ရာ ဌာန အသီးသီးမှ သေချာစွာ ထိန်းသိမ်း စိစစ်ရမည် ဖြစ်ကြောင်း ၄င်းက ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာ-စင်ကာပူ နှစ်နိုင်ငံအကြား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ဗီဇာကင်းလွတ် ရက်ပေါင်း ၃၀ နေထိုင်ခွင့် အပြန်အလှန် သဘောတူညီချက်များအား စင်ကာပူ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး၏ မြန်မာနိုင်ငံ သို့ ယခုနှစ် ဇွန်လ အတွင်း လာရောက်ခဲ့သည့် ခရီးစဉ် အတွင်း သဘောတူညီခဲ့ကြသည်။
မြန်မာ-စင်ကာပူ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးသည် ၁၉၆၆ ခုနှစ်မှ စတင်ခဲ့ပြီး ယခုနှစ်သည် နှစ် ၅၀ ပြည့်မြောက်သည့် နှစ်လည်း ဖြစ်သည်။

ယခု အခါတွင် မြန်မာနိုင်ငံသား ၂ သိန်းကျော်သည် စင်ကာပူနိုင်ငံ၌ နေထိုင် အလုပ် လုပ်ကိုင်လျက် ရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင် သတင်းထုတ်ပြန်ချက် အရ သိရသည်။

(Xinhua)
China Xinhua News



အမြန်ဆုံး ဆင်းသက်ခွင့် ပေးဖို့ မြေပြင်စခန်း ကို တောင်းဆို
ဘရာဇီး ဘောလုံး ကလပ် ချာပီကိုအင်စီ အသင်းက ဘောလုံးသမားတွေ စီးနင်း လိုက်ပါ သွားတဲ့ လေယာဉ် ဟာ လျှပ်စစ်ပိုင်း ဆိုင်ရာ ချို့ယွင်း အားနည်းမှု ပြီးတော့၊ လောင်စာဆီ လျော့နည်းခဲ့မှုတွေကြောင့် ပျက်ကျခဲ့ရတာ ဖြစ်တယ် လို့ သိရပါတယ်။

လေယာဉ်မှူး က လျှပ်စစ်ပိုင်း ဆိုင်ရာ ချို့ယွင်းမှု ရှိနေကြောင်း သတင်း ပေး ပို့ခဲ့ပြီး နောက် မှာ မြေပြင် စခန်း နဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက် သွားကြောင်း ကိုလံဘီယာ လေကြောင်း ထိန်းသိမ်းရေး ဌာန တာဝန် ရှိသူက ပြောပါတယ်။

သတင်းဌာန တွေမှာတော့ လေယာဉ်မှူး က ဆီလျော့နည်း နေတဲ့ အတွက် အမြန်ဆုံး ဆင်းသက်ခွင့် ပေးဖို့ မြေပြင်စခန်း ကို တောင်းဆို တဲ့ အသံတွေကို ဖော်ပြ နေပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့က ဖြစ်ပွား ခဲ့တဲ့ လေယာဉ် ပျက်ကျမှု အတွင်းမှာ လေယာဉ် ပေါ်မှာ လိုက်ပါ လာတဲ့ ခရီးသည် ၇၇ ယောက်ထဲမှာ ၆ ယောက်ပဲ အသက်ရှင် ကျန်ရစ် တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese



လူသာချင်း စာနာ ထောက်ထားမှု နဲ့ အမြန်ဆုံး ကယ်တင် ဖို့ ပန်ကြား
ဆီးရီးယား နိုင်ငံ အလက်ပို မြို့က ပိတ်မိနေတဲ့ အရပ်သား တွေ အတွက် အကြီးမားဆုံး သင်္ချိုင်း သုဿန် ကြီး ဖြစ်တော့ မယ်လို့ ဆီးရီးယား နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူး သံ အရာ ရှိ က ပြောကြား လိုက် ပါတယ်။

အလက်ပို မြို့က အရပ်သား တွေ အတွက် အကြီးမားဆုံး သင်္ချိုင်းကြီး မဖြစ်ခင်မှာ လူသာချင်း စာနာ ထောက်ထားမှု နဲ့ အမြန်ဆုံး ကယ်တင် ဖို့ ပန်ကြား လိုပါတယ်လို့ ကုလသမဂ္ဂ အထူးသံအရာရှိ စတီဖင် အို ဘရိုင်ယန် က ကုလသမဂ္ဂ လုံခြုံရေးေ ကာင်စီ မှာ ပြောကြား ခဲ့ပါတယ်။

ဆီးရီးယား အစိုးရ တပ်တွေက သူပုန်တွေ ထိန်းချုပ်ရာ ဒေသ ကို အပြင်းအထန် ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပြီး အရပ်သားတွေ အများအပြားဟာ တိုက်ပွဲတွေ ကြားမှာ ပိတ်မိနေပါတယ်။

အဲဒီဒေသ က အရပ်သား တွေဟာ အစားအစာ ပြတ်လပ်မှုတွေ ကြုံတွေ့ နေရပြီး နောက်ထပ် ရက် အနည်းငယ် အတွင်းမှာ မကယ် တယ် နိုင်ရင် လူသေဆုံးမှု အများအပြား ဖြစ်ပေါ် လာနိုင်ကြောင်း ကုလသမဂ္ဂ အထူး သံအရာရှိက လုံခြံရေး ကောင်စီမှာ ပြောကြား သွားခဲ့ ပါတယ်။

BBC Burmese
http://www.bbc.com/burmese