12/06/16



ရခိုင်အကြံပေး ကော်မရှင် အဖွဲ့ သမ္မတနဲ့ တွေ့ဆုံစဉ်
မြန်မာ နိုင်ငံမှာ ရောက်နေတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်နဲ့ အဖွဲ့ဝင်တွေက ဒီကနေ့ သမ္မတ ဦးထင်ကျော်ကို သွားရောက် တွေ့ဆုံခဲ့ ပါတယ်။

ရခိုင်ပြည်နယ် အတွင်းက အသိုင်းအဝိုင်း နှစ်ဘက်လုံး အတွက် လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ကိစ္စ၊ အပြန်အလှန် ထိတွေ့ ဆက်ဆံပြီး ပူးပေါင်း ဆောင်ရွက်ရေး၊ ကောလာဟလ သတင်းတွေကို မှန်မှန်ကန်ကန် တုံ့ပြန်ပြီး ပွင့်ပွင့် လင်းလင်း သတင်းထုတ်ပြန်ရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရ အခွင့် အရေးရဖို့နဲ့ တခြား အရေးကြီး ကိစ္စရပ်တွေကို အပြန်အလှန် ဆွေးနွေး ခဲ့ကြတယ်လို့ နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ထား ပါတယ်။

တွေ့ဆုံရာမှာ ပါဝင်တဲ့ အကြံပေးကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်ကတော့ သမ္မတ အနေနဲ့ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို ကြိုဆိုကြောင်း ပြောတယ်လို့ ဆိုပါတယ်။

ရခိုင်ကော်မရှင် အနေနဲ့ ကြားဖြတ်အစီရင်ခံစာ တစ်စောင်လည်း ထုတ်ပြန်ဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

မစ္စတာ အာနန်နဲ့ အဖွဲ့က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် အမတ်တွေနဲ့လည်း တွေ့ဆုံခဲ့ ပါတယ်။

ရခိုင် အမျိုးသား ပါတီ ANP က အမတ် အများစု ကတော့ မစ္စတာ အာနန် ဦးဆောင်တဲ့ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ရခိုင်ပြည်နယ် လွှတ်တော်က အသိအမှတ်မပြုဖို့ ဆုံးဖြတ်ထားတဲ့ အတိုင်း လိုက်နာပြီး တွေ့ဆုံဖို့ ငြင်းဆန်ခဲ့ ပါတယ်။

ANP ပါတီက တစ်ဦးတည်းသွားရောက် တွေ့ဆုံခဲ့သူ အမ်းနဲ့ ရမ်းဗြဲမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ရခိုင်အရေးကိစ္စကို ကိုင်တွယ်ဆောင်ရွက်မယ့် ကော်မရှင် အနေနဲ့ ရခိုင်သမိုင်းကို သိဖို့ လိုအပ်ကြောင်း၊ လက်ရှိ ဖြစ်ရပ် တစ်ခုတည်းကို ကြည့်ပြီး ချဉ်းကပ် ဆောင်ရွက်လို့ မရကြောင်း တင်ပြ ဆွေးနွေးခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ လက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ အကြမ်းဖက်မှု အသွင်ဆောင်လာတဲ့ အတွက် ကော်မရှင် အနေနဲ့ ဒီကိစ္စကို သီးခြား အစီရင်ခံစာ တင်သင့်တယ်လို့လည်း သူက အကြံပြု ခဲ့တယ်လို့ ဒေါ်ထုမေက ပြောပါတယ်။

အကြံပေးကော်မရှင် ဥက္ကဋ္ဌ မစ္စတာ အာနန် ဘက်ကတော့ ရခိုင်ပြည်နယ်မှာ မွတ်ဆလင် အသိုင်း အဝိုင်းက သူတို့နဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ပေမဲ့ ရခိုင်ဖက်ကတော့ ပူးပေါင်းမှု အားနည်းတယ်လို့ ပြောကြောင်း ဒေါ်ထုမေက ပြန်ပြောပါတယ်။

ဘာကြောင့် ဒီလို ပူးပေါင်းမှု အားနည်းတယ် ဆိုတာ ကော်မရှင် အနေနဲ့ လေ့လာဖို့ လို့ သူက တုံ့ပြန် ခဲ့ကြောင်း ဒေါ်ထုမေက ဘီဘီစီကို ပြောပါတယ်။

ကိုဖီအာနန်နဲ့ ကော်မရှင် အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မောင်တော အပါအဝင် ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ကြောက်စရာ ရွှေ့ကွက်များ
-------------------------------
ဆော်ဒီ၏ အထောက်အပံ့ ဒေါ်လာ သန်းရာချီ ရခဲ့သည်ဟု စွပ်စွဲ ခံရသော မလေး ၀န်ကြီးချုပ်၏ ယခုလုပ်ရပ် နောက်ကွယ်တွင် မည်သူတို့ပါ ပါဝင်ပတ်သက် နေသည်ဆိုခြင်း မှာ မသိနိုင်ပေ။ ရွေးကောက်ပွဲ အောင်နိုင် ရေး တစ်ခုတည်း အတွက် ဘာသာရေးကို အသုံးချခြင်း ဆိုသည် ထက်ပင် ပိုလွန်နိုင် သည်။

အဖက် မလုပ်ဘဲ ထားရုံ၊ ပြောခွင့်ရ ပုဂ္ဂိုလ်က ဖေ့စ်ဘွတ်ခ်က ရှင်းလင်းနေရုံ ဖြင့် လုံလောက်သည့် ကိစ္စမဟုတ်တော့။ သို့သော်လည်း နိုင်ငံတော်၏ အခြေအနေ အရပ်ရပ် ယိုယွင်းနေလို့ စစ်တပ်က အာဏာ ပြန်သိမ်းဖို့ လမ်းကြောင်းစကား ပြောနေကြ သည့် ခွက်ပျောက် သူများ၏ တောင်းဆိုချက် အတိုင်း လုပ်ပေးစရာ လိုသည့် ကိစ္စလည်း မဟုတ်။ အနောက် မီဒီယာများနှင့် မွတ်စလင် နိုင်ငံတစ်ချို့က စွပ်စွဲ ပုံသွင်းသမျှ ငုံ့ခံရမည့် အချိန် မဟုတ်သလို နှစ်ပေါင်းများစွာ တောင့် တ ခဲ့ရသည့် ဒီမိုကရေစီကို လက်လွှတ်ပြီး တပ်မတော် ကို ပြန်အပ်ရမည့် အချိန်လည်း မဟုတ်ပါ။

ဘယ်လိုတုံ့ပြန်ကြမလဲ
-------------------------
ပထမဆုံး လိုအပ်သည်က အစိုးရနှင့် တပ်မတော်တို့ ညီညီညွတ်ညွတ် တုံ့ပြန်ရေး ဖြစ်သည်။ ထို့သို့ ညီညီညွတ်ညွတ် တုံ့ပြန် နိုင်ရေး အတွက် တပ်မတော် ဘက်ကလည်း ယခု အခြေအနေသည် ပြည်တွင်း အာဏာ အားပြိုင်မှုထက် ပိုသော တိုင်းပြည်၏ နိုင်ငံ တကာ ပုံရိပ်နှင့် ပါ သက်ဆိုင် နေသည့် ကိစ္စဆို သည်ကို နားလည်ပေးရန် လိုအပ်ပါသည်။ အင်န်အယ်လ်ဒီ အစိုးရဘက် ကလည်း ယုံ ကြည်မှု တည်ဆောက်ရေး အတွက် ယခုထက် ပိုပြီး စိတ်အား ထက်သန်စွာ ဆောင်ရွက်ရန် လိုအပ်ပါသည်။ နှစ်ဘက် နေသာသလို နေကြ ရင်း ကိုယ့်မြင်းကိုယ် စိုင်းကြလျှင်ဖြင့် တိုင်း ပြည် အတွက် မကောင်းနိုင်ပါ။

ဒုတိယ အချက်မှာ အပြိုင် ထောက်ခံ မှု ရှာဖွေရေး ဖြစ်သည်။ မလေးရှား အစိုးရ၏ အာဆီယံ မူဝါဒနှင့် မညီညွတ်သော ပြည်တွင်း ရေးဝင်စွက်သည့် လုပ်ရပ် အတွက် အာဆီယံ အဖွဲ့ကြီးထံ တရားဝင် ကန့်ကွက်ရန် လိုအပ် ပါသည်။ ဘင်္ဂါလီအရေး ကိုင်တွယ် ဖြေရှင်း မှုကို နိုင်ငံတကာက လက်ခံ လာစေရန် ယခု ထက်ပိုပြီး အားထုတ်ရန် လိုအပ်ပါသည်။

အရှေ့အာရှ ရေးရာ အမေရိကန် လက် ထောက် နိုင်ငံခြားရေး ၀န်ကြီး ဒန်နီယယ် ရပ်ဆဲလ်က မြန်မာ့ တပ်မတော်၏ ပြင်းထန် စွာ ကိုင်တွယ်မှု အပေါ် ဝေဖန်သည် ဆိုသော် လည်း မလေးရှားနှင့် အင်ဒိုနီးရှား ကဲ့သို့ သော အိမ်နီးချင်း မွတ်စလင် လူများစု နိုင်ငံ များက ဆန္ဒပြပွဲများ ဆင်နွှဲခြင်းဖြင့် ဘာသာ ရေး တင်းမာမှု ပိုဆိုးအောင် မလုပ်ကြရန် လည်း တောင်းဆို ထားပါသည်။

“ကိုင်တွယ်မှု လွဲရင် ရခိုင်ပြည်နယ် မှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ တစ်ခြားနိုင်ငံ တွေလိုပဲ ဂျီဟတ်ဝါဒ ကူးစက် ခံရနိုင်တယ်” ဟု ရပ်ဆဲလ်က မှတ်ချက် ပေးထားပါသည်။ သို့ဖြစ်ရာ အမေရိကန်၏ လက်ရှိ သဘော ထားသည် မလေး အစိုးရ၏ လုပ်ရပ်ကို လက်မခံသည့် သဘောဟု ကောက်ယူနိုင် စရာ ရှိနေပါသည်။ အမေရိကန်နှင့် ဥရောပ သမဂ္ဂ ကဲ့သို့သော နိုင်ငံတကာ အင်အား ကြီး များမှသည် မြန်မာနိုင်ငံ၏ အစဉ်အလာ မဟာမိတ် တရုတ်၊ အစ္စရေး ကဲ့သို့သော နိုင်ငံ များအထိ ရနိုင်သမျှ ထောက်ခံမှု၊ ရပ်တည် ပေးမှုကို ရအောင် ယူဖို့ လိုပါသည်။

ထိုသို့ ကိုယ့်ဘက်တွင် အင်အား ရှိစေရန်မှာမူ တတိယ အချက်ဖြစ်သည့် အခြေ အနေများကို ယခုထက် ပိုမို ပွင့်လင်း မြင်သာ စွာ ချပြမှုမျိုး ရှိရန် လိုအပ်ပါသည်။ လူမျိုး သုဉ်း သတ်ဖြတ်မှု မဟုတ်ကြောင်း၊ အကြမ်း ဖက် သမားများကို နှိမ်နင်းမှုသာ ဖြစ်ကြောင်း နိုင်ငံတကာကို ပြသဖို့ လိုပါသည်။ လက်ခံ သည်၊ လက်မခံသည်၊ တစ်ဖက်ပိတ်ပြီး ဇွတ် မှိတ်ငြင်းသည် ဆိုခြင်းက တစ်ခြားသူများ ၏ ကိစ္စသာ ဖြစ်ပါသည်။ ထိုသို့ ပွင့်လင်း မြင် သာမှု ရှိစေရန် အတွက် နိုင်ငံပိုင် မီဒီယာများ မှ ဖမ်းမိသည့် အကြမ်းဖက် သမားများ၊ ဒေ သခံများ၏ ပြောကြားချက်များ ထည့်ရုံမျှ ဖြင့် မလုံလောက်ပါ။

ပြည်တွင်း၊ ပြည်ပ မီဒီ ယာများကို သတင်း ရယူခွင့် အကန့်အသတ် ဖြင့် ဖြစ်စေ ပေးအပ် သင့်ပါသည်။ မမြင်ရ၊ မတွေ့ရသည့် ကိစ္စတစ်ခုကို သက်သေမရှိ ဘဲ ထင်ရာမြင်ရာ စွပ်စွဲ၍ ရသွားနိုင် ပါ သည်။ မြင်ရသည့် ကိစ္စတစ်ခုကို ချဲ့ကားရေး ပါ ကလည်း သတင်း တစ်ပုဒ်ချင်း ရှင်းသင့်က ရှင်းရပါမည်။ ဦးဇော်ဌေး လောက်ဖြင့် တော့ မရပါ။ လိုအပ်ပါ က အစ္စရေး ကဲ့သို့သော နိုင်ငံမျိုးမှ အကူညီ တောင်းသင့် ပါသည်။ ပါလက်စတိုင်း အရေး တွင် မီဒီယာတို့က ဖော်ပြသည့် သတင်းများ ကို အစ္စရေးဘက်မှ ဓာတ်ပုံတစ်ပုံက အစ အမှားမခံဘဲ ရှင်းလေ့ ရှိပါသည်။ ရှင်းလည်း ရှင်းတတ် ပါသည်။

နိုင်ငံတကာ မီဒီယာများတွင် ပုံရိပ်ဆိုး ဖော်ပြမှုကို ချေဖျက်ရန် လိုအပ်ပါက Lobbylist များ ငှားသင့်ပါသည်။ ဦးသိန်းစိန် အစိုးရ လက်ထက်က ငှားခဲ့သော အဖွဲ့လောက်နှင့် မရနိုင်ပါ။ အမှန်ကို အမှန်အတိုင်း ၀ါဒဖြန့် ပေး နိုင်သော အင်အားစုများကို အကူအညီ တောင်းရန် လိုအပ်ပါသည်။

ယခုကဲ့သို့ အကွက်ချ ပုံသွင်း ခံရနေမှု ကို တုံ့ပြန်ရန် အတွက် အရေးကြီးဆုံး အချက် မှာ လူထု၏ တစ်သားတည်း တုံ့ပြန်မှု ဖြစ် သည်။ အစိုးရ ၏ မူဝါဒ အလွဲများ၊ ကုန်ဈေး နှုန်း မထိန်းချုပ်နိုင်မှု များကို ဝေဖန် နိုင်ပါ သည်။ သို့သော်လည်း ယခု အရေးတွင် တော့ သူ့ဘက်၊ ကိုယ့်ဘက် ခွဲခြားမနေဘဲ ညီညီ ညွတ်ညွတ်တုံ့ပြန်ရန် လိုအပ်ပါသည်။

မြန်မာ့ပုံရိပ်ကို ထိန်းသိမ်းရန် လူမှု ကွန်ရက် များတွင် ရိုင်းစိုင်းစွာ ဆဲဆိုမှုများ၊ လူမျိုးရေး ခွဲခြားမှုများ ရေးသား ပြောဆိုမှု မပြုကြရေး အတွက်ပါ လူငယ်များက လှုံ့ ဆော် လှုပ်ရှားမှုများ ပြုသင့်ပါသည်။ ပြစ်မှု နှင့် ပြစ်ဒဏ် မမျှသော ပုဒ်မ ၆၆ (ဃ) ဖြင့် အပြန်အလှန် အချုပ်ထဲ ထည့်နေသည့် နည်း က အကျိုး မရှိပါ။ ယခု ကိစ္စသည် ဘာမတွေ၊ ဘာသတွေဟု တစ်ဘက်နှင့် တစ်ဘက်ပုတ် ခတ်နေလျှင် ပိုဆိုး လာနိုင်ပါသည်။

လိုအပ်ပါက လူထု ချီတက်ပွဲများဖြင့် မလေး အစိုးရ၏ လုပ်ရပ်ကို တုံ့ပြန်သည် အထိ ရှေ့ဆက်ကောင်း ဆက်ရမည် ဖြစ် သော်လည်း သိန်းနှင့် ချီသော မလေးရောက် မြန်မာ နိုင်ငံသားများ၏ လုံခြုံရေးကို ထည့် တွက်ရန် လိုပါသည်။ အကုန် ပြန်ခေါ်ပစ် မည်ဆိုသော လူပြိန်း စကားမျိုး အလွယ် ပြောရုံနှင့် မရနိုင်ပါ။ အဘက်ဘက်ကို ချင့် ချိန်ပြီး လုပ်မှ တော်ကာ ကျပါမည်။

ဒီမိုး၊ ဒီရေ၊ ဒီလူတွေနှင့် မလွယ်မှန်း တော့ သိပါသည်။ သို့သော်လည်း စွမ်းနိုင် သူတို့က အကောင်းဆုံး အားထုတ်ပြီး လူထု က တတ်စွမ်းသမျှ ဥာဏ်ရှေ့ထား တုံ့ပြန်ကြ လျှင် ဒီတောင် လောက်တော့ ကျွန်တော်တို့ ကျော်နိုင် ပါလိမ့်မည်။

ငြိမ်းချမ်းသော ဗုဒ္ဓဘာသာနှင့် တရားမျှတ လွတ်လပ်သော ပြည်ထောင် စု သမ္မတ မြန်မာ နိုင်ငံတော် ၏ ဂုဏ်သ တင်း ကို ရည်ရွယ်ချက် ရှိရှိ အကွက်ချ တိုက်ခိုက် မှုများ ရန်မှ ကာကွယ်ရန် လိုအပ်နေပြီ ဖြစ် ပါသည်။


ဘဲအုပ်က တစ်ရာနှစ်ရာ
--------------------------
ကျွန်တော်တို့ ဆီမှာလည်း ခက်တော့ ခက်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ခေါင်းဆောင်မှုအပေါ် ယုံကြည်မှု ရှိသော်လည်း တစ်ခါတစ်ရံတော့ ဒီမိုး၊ ဒီရေ၊ ဒီလူ တွေနှင့် တော်တော် စိတ်ပျက်မိ ပါသည်။ “ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါ ကတစ်ပင် တည်း” အခြေအနေ မျိုးနှင့် ရေရှည်တွင် “ပန်းပန်လျက်ပါ” ဇာတ်လမ်းကို ဆက်ကနိုင် ရေးမှာ အချိန်ကြာလာ သည်နှင့် အမျှ ခက်ခဲ လာ နိုင်ပါသည်။

အင်န်အယ်လ်ဒီ အစိုးရ၏ စီးပွားရေး ကိုင်တွယ်မှုကို အားမရ သော်လည်း နိုင်ငံရေး အရ ဆောင်ရွက်ချက် များမှာမူ မြင်သာသော အပြောင်းအလဲ မရှိသေးသော် လည်း အကန့်အသတ်များ ကြား မှ စွမ်း နိုင်သလောက် လုပ်ခဲ့သည်ဟု မြင်ပါသည်။ သို့သော်လည်း တာဝန်ခွဲဝေမှု၊ အရည်ချင်း ရှိသူများကို ရွေး ထုတ် သုံးစွဲနိုင်မှုတွင် အားနည်းချက်များ စွာ ရှိနေခြင်းမှာ အသွင် ကူးပြောင်းရေး အား နည်း ရခြင်း၏ အဓိက အကြောင်းတစ်ချက် ဖြစ်နေပါသည်။

ဒီကြားထဲမှာ ပွဲလန့်တုန်း ဖျာခင်းဖို့ လုပ် ကြသည်။ ကျွန်တော့် သူငယ်ချင်း ဇင်သော်နိုင် ကတော့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ “ခွေး ၁၃ ကောင် ဟောင်နေတာလောက် ကို ခင်ဗျားတို့ပဲ ထထကြည့်တော့ အိပ်ရေး ပျက်တာပေါ့ဗျာ” ဟု ရေးပါသည်။ အတိုက် အခံကောင်း အဖြစ် စနစ်တကျ ထောက်ပြ ဝေဖန်မှု မပြုဘဲ နိုင်ငံရေး အမြတ်ထုတ်ဖို့ သာ ခေါင်းထဲ ရှိနေကြသူများကို စိတ်ပျက်မိတာ တော့ အမှန်ပင် ဖြစ်သည်။ အစိုးရ၏ ညံ့ဖျင်း သော၊ နှေးကွေးသော၊ ငဲ့ညှာလွန်းသော လုပ်ရပ်များကို ဝေဖန်သင့် သည်မှာ အမှန် ပင် ဖြစ်သော်လည်း “သခွပ်ပင်က မီးတကျီကျီ” လုပ်ပြီး နာမည်ကောင်း ၀င်ယူဖို့ လုပ် ခြင်းမှာမူ အောက်တန်း ကျသော နိုင်ငံရေး သာ ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် မြောက်ပိုင်း မဟာမိတ် တိုင်း ရင်းသား လက်နက်ကိုင် တို့ကလည်း ၁၀၅ မိုင်ကို ၀င်တိုက်ပြ ပြန်သည်။ တပ်မတော်၏ ထိုးစစ်များကိုချည်း ငုံ့ခံနေရ ခြင်း ကြောင့် တန်ပြန် ထိုးစစ်ဆင်ခြင်း ဆိုသည်ကို လက် ခံနိုင် သော်လည်း အရပ်သား များကို ပစ်မှတ် ထားခြင်းမှာမူ ဝေဖန် စရာ ကိစ္စဖြစ် ပါသည်။ ခက်တော့လည်း ခက်ပါသည်။ အစွယ်ရှိသော သူသည် အစွယ်ကို အား ကိုး ပါသည်။ မည်သည့် လက်နက်ကိုင် အဖွဲ့ အစည်း ကိုမျှ ထိန်းချုပ်ထား နိုင်ခြင်းမရှိ သော အရပ်သား အစိုးရအတွက်က ခေါင်း ခဲစရာ ကိစ္စကြီး ဖြစ်နေပါသည်။ တပ်မတော် ဘက်မှ ရပ်တည်ပြန် လျှင်လည်း မြန်မာလူမျိုး ကြီးဝါဒ ကျင့်သုံးသည် ဖြစ်မည်။ လက်နက် ကိုင် တပ်ဖွဲ့များ၏ အကြီးအကဲများကို အကြမ်း ဖက်သမား အဖြစ် သတ်မှတ်ရေး လွှတ်တော် က လက်မခံ တော့လည်း အသက်စွန့်ပြီး တိုက်ခံရတဲ့ တပ်မတော်သားတွေ ဘက်က မရပ်တည်ဘဲ သူပုန်အားပေး ဖြစ်ရပြန် သည်။

နိုင်ငံရေး အကွက်ရွှေ့တဲ့ မလေးဝန်ကြီး ချုပ်
----------------------------------------------
နောက်ဆုံးမှ ရောက်လာ သော်လည်း ဖျာအကြီးကြီး ၀င်ခင်းလိုက်သူက တော့ မလေး ၀န်ကြီးချုပ် နာဂျစ် ရာဇတ် ဖြစ်သည်။ မလေးရှား နိုင်ငံသည် မွတ်စလင် လူများစု နိုင်ငံ ဖြစ်သော်လည်း အစဉ်အလာ အားဖြင့် သဘောထား ပျော့ပြောင်းသော ဘာသာရေး နှင့် နိုင်ငံရေးကို မရောယှက်သော တိုးတက် သည့် နိုင်ငံ တစ်ခုသာ ဖြစ်သည်။ သို့သော် လည်း အခြေအနေ တွေက ပြောင်းလဲလာ သည်။

မလေးရင်း ဂစ် ၂ ဒသမ ၆၇ ဘီလျံ (အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော်) မလေး ၀န်ကြီးချုပ်၏ ဘဏ်စာရင်း များထဲ ရောက်နေသည့် ကိစ္စ ပေါ်ပေါက်ခဲ့ခြင်းက စသည့် ဇာတ်လမ်း ဖြစ်သည်။ အစိုးရက စီစဉ် သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီး 1MDB ပိုက်ဆံတွေကို အလွဲသုံးတာဟု အစော ပိုင်းမှာ စွပ်စွဲ ခံရသည်။ နာဂျစ်က အစော ပိုင်းတွင် ငြင်းသော်လည်း နောက်ပိုင်းတွင် ဆော်ဒီမှ အလှူရှင် တစ်ဦးက လှူတာဟု ပြင်ပြော လာသည်။ ဆော်ဒီ အစိုးရ ကတော့ သူတို့ ထောက်ပံ့တာ မဟုတ်ဟု ဆိုသည်။ မည်သို့ပင် ဆိုစေ နာဂျစ်၏ ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ဆော်ဒီဘက်မှ တစ်စုံတစ်ဦးက ထောက်ပံ့ခြင်း ဆိုသည်က တော့ ငြင်းမရ။

စစ်ဆေးသည့် ရှေ့နေချုပ်ကို ၀န်ကြီး ချုပ်က ဖြုတ်ပစ်သည်။ ကန့်ကွက်သည့် ဒုဝန် ကြီးချုပ် ရာထူးမှ ပြုတ်သွားသည်။ ဒီအချိန်မှာ မလေးရှား၏ သြဇာ ကြီးမားသော ၀န်ကြီး ချုပ်ဟောင်း မဟာသီယာ မိုဟာမက် ကိုယ် တိုင် နာဂျစ် ဆန့်ကျင်ရေးကို ဦးဆောင် လာခဲ့ သည်။ အတိုက်အခံ ခေါင်းဆောင် ဒုဝန်ကြီး ချုပ်ဟောင်း အန်ဝါ အီဘရာဟင်ကို ထောင် ထဲ ထပ်ထည့် လိုက်သော်လည်း သူ့ဇနီးသည် ဦးဆောင်သည့် အတိုက်အခံ အင်အားစုက အားကောင်း လာသည်။ ဒီအတိုင်း သွားလျှင် ဖြင့် နာဂျစ် ရွေးကောက်ပွဲ ရှုံးဖို့ များနေသည်။

ဒီအချိန်မှာ မြန်မာ-မလေးရှား ဘော လုံးပွဲ မတိုင်မီ မလေး အားကစားနှင့် လူ ငယ် ရေးရာ ၀န်ကြီးက သပိတ်မှောက်ဖို့ တောင်း ဆိုတာ ကနေ ဇာတ်လမ်း စလာသည်။ ယခုတော့ သူတို့ အသုံးအနှုန်း အရ ရိုဟင်ဂျာ များကို လူမျိုးသုဉ်း သတ်ဖြတ်မှု ဆန့်ကျင်ရေး ဆို သော ဆန္ဒပြပွဲကို နာဂျစ် ကိုယ်တိုင် ဦးဆောင် လာခဲ့သည်။

“တစ်ခုခု လုပ်ကြပါ။ ကုလသမဂ္ဂ တစ်ခု ခုလုပ်ပါ။ လူမျိုးသုဉ်း သတ်ဖြတ်မှုကြီး ဖြစ် နေတာကို ကမ္ဘာကြီးက ဒီအတိုင်း ထိုင်မကြည့် နေကြပါနဲ့” ဟု နာဂျစ်က ဒီဇင်ဘာလ ၄ ရက်နေ့ မြို့တော် ကွာလာလမ်ပူတွင် ပြုလုပ်သော ချီတက်ပွဲတွင် ပြောကြားခဲ့ သည်။

“အောင်ဆန်းစုကြည် နိုဗယ်ဆုရတာ ဘာအသုံးတည့်လဲ။ အောင်ဆန်းစုကြည် ကို ကျုပ်တို့ ပြောချင်တာက ဆက် သည်းညည်း မခံနိုင် တော့ဘူး ဆိုတာပဲ။ ...ကျုပ်တို့ ဟာ မွတ်စလင်နဲ့ အစ္စလာမ်ကို ကာကွယ်ရမယ်” ဟု ပင် ကြွေးကြော် ခဲ့သည်။

အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက် ရေးအဖွဲ့ (အိုအိုင်စီ)နှင့် အာဆီယံကပါ အရေးယူ ဆောင်ရွက်ရန် တောင်းဆိုခဲ့ ပြီး အာဆီယံ နိုင်ငံများ၏ ပြည်တွင်းရေး ကိုဝင် မစွက်ရေး မူဝါဒကို ချိုးဖောက်ခဲ့သည်။ ထို့ ထက် ပိုဆိုးသည်က ကမ္ဘာတွင် မွတ်စလင် လူဦးရေ အများဆုံး အင်ဒိုနီးရှား ကပါ ဆန္ဒ ပြ ကန့်ကွက်မှုတွင် ပူးပေါင်း ပါဝင်ရန် တောင်း ဆိုခဲ့ခြင်း ဖြစ်သည်။ လက်တလော အင်ဒိုနီး ရှားတွင် ခရစ်ယာန် ဘာသာဝင် ဂျကာတာ အုပ်ချုပ်ရေး မှူးအား ကုအာန်ကျမ်းကို စော် ကားသည့် စကား ပြောသည်ဟု ဆိုပြီး ဆန္ဒ ပြပွဲကြီးများ ဖြစ်ပွားနေသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံကို ဆန့်ကျင်ရေးပါ ကျွဲကူးရေပါ ဖြစ်ပေါ်လာရန် လှုံ့ဆော်မှု ဖြစ်သည်။


အပိုင်း(၁)

“မကျေနပ်မှု မီးတောက်တွေ ပိုကြီး လာအောင် အမြဲတမ်း အားပေး အားမြှောက် လုပ်နေမယ့် အစား ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ကို ထိန်း သိမ်းပေးဖို့၊ အသိုင်းအ၀ိုင်း နှစ်ခု ကြားမှာ ပိုကောင်းတဲ့ ဆက်ဆံရေး တည်ဆောက်ရာမှာ တိုးတက်စေဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်း က ကူညီပေးမယ် ဆိုရင် ကျွန်မ ကျေးဇူးတင် မိမှာပါ”
“ရဲတပ်ရင်းတွေ တိုက်ခိုက် ခံရတယ်ဆိုတဲ့ အချက်အလက်ကို မျက်ကွယ်ပြုပြီး အခြေအနေ တစ်ရပ်ရဲ့ အဆိုးဘက် ခြမ်းကိုပဲ လူတိုင်းက အာရုံစိုက်နေမယ်ဆိုရင် အလုပ်ဖြစ်မှာမ ဟုတ်ဘူး”
ဒေါ်အောင်ဆန်းစုကြည်
(စင်ကာပူသို့ ရောက်ရှိစဉ် CNA သတင်းဌာနနှင့် အင်တာဗျူး တွင် ဘင်္ဂါလီ အရေးနှင့် ပတ်သက်ပြီး ဖြေ ကြားချက်)

တစ်ကယ်တမ်းတွင် ရခိုင်ပြည်နယ်မှ မွတ်စလင် အသိုင်းအ၀ိုင်း ကိစ္စကလည်း အချိန် ကြာ သည့်တိုင် အဆင်ပြေပြေနှင့် ဖြေရှင်း နိုင်မည့် လမ်းကြောင်းပေါ်တွင် ရှိနေခဲ့ ပါ သည်။ ဥပဒေနှင့် အညီ စစ်ဆေးမည်၊ နိုင်ငံ သား ဖြစ်သင့်သူကို ဖြစ်ခွင့်ပေးမည်၊ မဖြစ် သင့်သူကို တရားမ၀င် ၀င်ရောက်လာသူ အဖြစ် သတ်မှတ်မည်၊ ကုလသမဂ္ဂ အတွင်း ရေးမှူး ချုပ်ဟောင်း ကိုဖီအာနန် ကဲ့သို့သော နိုင်ငံတကာမှ လေးစား ခံရသူက ဦးဆောင် သည့် အကြံပေး ကော်မရှင်၏ အကြံပြုချက် များကို အခြေခံပြီး သင့်လျော်သလို အကောင် အထည် ဖော်ပေးမည်။ အားလုံး ငြိမ်းငြိမ်းချမ်း ချမ်း ရှိနေကြသည်။ အာဏာရှင် ဦးနေ၀င်း လက်ထက်တွင် ပြဋ္ဌာန်း ခဲ့သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေနှင့် အညီ စစ်ဆေးမှုကို မကျေနပ် လျှင်တော့ ထိုကိစ္စကို ညှိနှိုင်း တိုင် ပင်ကြဖို့ သာရှိသည်။

ဒီအချိန်မှာ ကျီးကန်းပြင် ဌာနချုပ်၊ ငါးခူ ရ နယ်မြေ စခန်းနှင့် ကိုးတန်ကောက် ရဲကင်း စခန်းတို့ တစ်ပြိုင်နက် တိုက်ခိုက် ခံရခြင်း ဖြစ်သည်။ RSO အကြမ်းဖက် အဖွဲ့ အစည်းနှင့် ဆက်နွှယ်နေသော အကာလ် မူဂျာဟီဒင် အဖွဲ့၏ လက်ချက်ဟု သမ္မတရုံးက သတင်း ထုတ်ပြန် ခဲ့သည်။ မည်သူ မည်ဝါဟု အမည် တပ်မှု ခိုင်မာခြင်း၊ မခိုင်ခြင်း အပေါ် အငြင်း ပွား လိုလျှင်ပင် ရခိုင်ပြည်နယ်ရှိ မွတ်စလင် အသိုက်အ၀န်း အတွင်းမှ အစွန်းရောက်သူ တစ်စု၏ လက်ချက် ဆိုခြင်းကိုတော့ မငြင်း နိုင်တာ သေချာ ပါသည်။

သို့သော်လည်း နိုင်ငံတကာ မီဒီယာ တို့က အမည်မသိ စစ်သွေးကြွတို့၏ တိုက် ခိုက်မှုကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးမှုကို အကြောင်းပြုပြီး ရိုဟင် ဂျာမွတ်စလင်( ၎င်းတို့ အသုံးအနှုန်း) အပေါ် ရက်ရက်စက်စက် နှိမ်နင်းသည်ဟု သာ ဖော် ပြကြသည်။ သတင်းဌာန တစ်ခုပြီး တစ်ခု ပြောင်းဖတ် ကြည့်သော်လည်း အများစုလို လိုမှာ ဒီသဘောသာ ရေးကြသည်ကို တွေ့ရ သည်။ မြန်မာတို့သည် အရိုင်းအစိုင်းများ၊ ဗုဒ္ဓဘာသာဝင်တို့ သည် အစွန်းရောက်များ ဆိုသော အမြင်ကို နိုင်ငံတကာ မီဒီယာတို့ ပုံဖော်နေ ခဲ့ကြသည်မှာ ယခုမှ မဟုတ်ပါ။

ကမ္ဘာမှာ ဘာတွေဖြစ်နေသလဲ
----------------------------------
ချမ်းသာသော အနောက် နိုင်ငံကြီးများ တွင်ပင် မွတ်စလင် နိုင်ငံများမှ ဒုက္ခသည် များကို လက်မခံ ချင် ကြတော့ချိန်တွင်၊ အစွန်းရောက် အကြမ်း ဖက်မှု ဒဏ်ကို မခံစားနိုင် ကြတော့ချိန်တွင် အာရုံပြောင်းရန်၊ အာရုံလွှဲရန် အစ္စလာမ် ဘာသာနှင့် ဗုဒ္ဓဘာသာကို ရန် တိုက်ပေးဖို့ ရည်ရွက်ချက်ရှိရှိ လုပ်ဆောင် နေကြသည်ဟုပင် စွပ်စွဲဖွယ်ရှိပါသည်။

လူ့အခွင့်အရေး ချန်ပီယံကြီး အမေရိ ကန်က မွတ်စလင်တွေကို ပြည်ဝင်ခွင့်ပိတ် မည်ဆိုခဲ့သော၊ မိန်းမတွေကို မတော်ရာ အုပ်ကိုင် လိုက်ရင် ရပြီဟု ဆိုသော၊ တရား မ၀င် ၀င် ရောက်လာသူ သန်းနှင့်ချီပြီး နှင် ထုတ်မည် ဆိုသော၊ ခိုးဝင် မလာနိုင်စေရန် တံတိုင်း ကာမည်ဆိုသော ဒေါ်နယ်ထရမ့်ကို သမ္မတ တင်လိုက်သည်။ ရွှေ့ပြောင်း အခြေချ မှုများကို ခွင့်ပြု ပေးရန် မလိုလား တော့သော ဗြိတိန်နိုင်ငံက ဥရောပ သမဂ္ဂမှ ခွဲထွက် သွားသည်။

ဥရောပ တစ်လွှားမှာ အစ္စလာမ် ဘာသာဝင် တို့အပေါ် မလိုလားမှု မြင့်တက် လာပြီး ရွှေ့ပြောင်း အခြေချမှု ဆန့်ကျင် သည့် နိုင်ငံရေး ပါတီတွေ အားကောင်း လာကြ သည်။ ဒုက္ခသည် အမြောက်အများ လက်ခံ ပေး ခဲ့ သော ဂျာမနီ ၀န်ကြီးချုပ် အင်ဂျာလာ မာ ကယ်လ်၏ ပါတီမှာ ပြည်နယ် ရွေးကောက်ပွဲ များတွင် မရှုမလှ အရေးနိမ့် ခဲ့သည်။ အနောက် ကမ္ဘာအပေါ် အစ္စလာမ် ၀ါဒ လွှမ်းမိုးမှု ဆန့် ကျင့်သော မျိုးချစ် ဥရောပ သားများ (ပီဂီဒါ) ဆိုသော အဖွဲ့ ဥရောပ တစ်လွှားမှာ အား ကောင်း လာသည်။ ရွှေ့ပြောင်း အခြေချမှု ဆန့်ကျင်သည့် အစ္စလာမ် ဘာသာဝင်တို့ အပေါ် သံသယ စကား ပွင့်ပွင့်လင်းလင်း ပြောသည့် ပါတီများ အရှေ့ ဥရောပ နိုင်ငံ တွေမှာ အာဏာပင် ရနေကြသည်။ မကြာ မီ ကျင်းပမည့် ပြင်သစ် သမ္မတ ရွေးကောက်ပွဲ၊ ဂျာမနီ အထွေထွေ ရွေးကောက်ပွဲများမှာ လည်း အစ္စလာမ်မစ် ဆန့်ကျင်ရေး အုပ်စုတွေ အနိုင်ရဖို့ ရေပန်းစား နေသည်။ အဆိုပါ လူပြိန်းကြိုက် ၀ါဒီ များသည် နိုင်ငံကြီးများ တွင် အာဏာမရ သေးသည့်တိုင် ထောက်ခံ မှု ကြီးကြီးမားမား ရနေကြသည်။

၂၀၁၁ ခုနှစ် တုန်းက အင်မတန် ငြိမ်း ချမ်းသည် ဆိုသော၊ လူ့အခွင့်အရေး အပြည့် ၀ဆုံး၊ နေချင်စရာ အကောင်းဆုံး ဆိုသည့် နော်ဝေမှာ အစ္စလာမ်မစ် ဆန့်ကျင်သော အစွန်းရောက် တစ်ဦးက အူတိုရာ ကျွန်းငယ် လေးမှာ စခန်းသွင်း ထားသော ရွှေ့ပြောင်း အခြေချသူ မွတ်စလင် လူငယ်လေး တွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့သည်။ ထိုစဉ် က အနောက် မီဒီယာတွေက လက်ယာ အစွန်းရောက်ဟု သာ သုံးနှုန်းကြသည်။ မွတ်စလင်တို့ အပေါ် အမုန်းပွားသည့် ကြေ ညာချက်များ အင်တာနက် ပေါ်တွင် ဖြန့် ဝေခဲ့သည့် ခရစ်ယာန် ဘာသာဝင် တစ်ဦးကို ခရစ်ယာန် အစွန်းရောက်ဟု မည်သူမျှ မသုံး နှုန်းခဲ့ကြပါ။

မြန်မာပြည်ကို ပစ်မှတ်ထားနေသလား
------------------------------------------
သို့သော်လည်း မွတ်စလင်တို့ အပေါ် မလိုလားသည့် စကားများ ပြောသူ ဆရာ တော် ဦးဝီရသူကို ကျတော့ အကြမ်းဖက်မှု၏ မျက်နှာစာဟု ရဲရဲဝံ့ဝံ့ သုံးနှုန်း ဖော်ပြခဲ့ကြ သည်။ ပီဂီဒါ ကို ပြင်းပြင်းထန်ထန် မဝေဖန် သော်လည်း မဘသကို အကြမ်းဖက် အဖွဲ့ အစည်း သဖွယ် ထိုးနှက် ဝေဖန်ခဲ့ကြသည်။ (ဤနေရာတွင် မိမိသည် မဘသ နှင့် ဦးဝီရသူကို ထောက်ခံသူ မဟုတ်ကြောင်း၊ အမုန်းမီးပွား စေသည့် လှုံ့ဆော်မှု များကို လက်မခံကြောင်း၊ ဘာသာ လူမျိုးကွဲပြားမှု အပေါ် အခြေခံသည့် အမုန်းပွားမှုကို မလို လားကြောင်း လည်း ရှင်းလင်း အပ်ပါသည်။)

ခရစ်ယာန် ဘာသာဝင် အများစု နေထိုင် ရာ အနောက်ကမ္ဘာသည် အစ္စလာမ်မစ် အစွန်းရောက် ၀ါဒ၏ ထိုးနှက်မှု ဒဏ်ကို နှစ် ရှည်လများ ခံစားနေခဲ့ရ ချိန်တွင် ဗုဒ္ဓဘာသာ လူများစု နိုင်ငံများတွင် ခရစ်ယာန်များ၊ မွတ် စလင်များ၊ ဗုဒ္ဓဘာသာဝင် များမှာ ငြိမ်းချမ်း စွာ အတူယှဉ်တွဲ နေထိုင်ခဲ့ ကြပါသည်။ စစ် တိုက်ပြီး ဖြေရှင်း၍ မရနိုင်သော ပြဿနာ မျိုး အတွက် နိုင်ငံရေး ပရိယာယ်ဖြင့် အာရုံ ပြောင်း၊ အာရုံလွှဲခြင်းက အဆင်ပြေ နိုင်မည် ဖြစ်ရာ ဗုဒ္ဓဘာသာ နိုင်ငံများ အနက်မှ အသွင် ကူးပြောင်းစ ဖြစ်သော စစ်တပ်နှင့် အရပ် သားအစိုးရ အချိုးမညီစွာ ကို့ယိုးကားယား အာဏာခွဲ ထားရသည့် တရားဥပဒေ စိုးမိုးရန် ခက်ခဲနေသော မြန်မာနိုင်ငံမှာ ပစ်မှတ် အဖြစ် ရွေးချယ် ခံရခြင်းဟုပင် သံသယရှိ ပါသည်။

ကျီးကန်းပြင် ဇာတ်လမ်းကို ပြန် ကောက် ပါမည်။ တရားဥပဒေ စိုးမိုးမှု မရှိသော ဘင်္ဂါလီ ကျေးရွာ များတွင် ၀င်ရောက် စစ်ဆေးရမှုမှာ ခက်ခဲနိုင်ပါသည်။ ဘယ်သူက အစွန်းရောက် လဲ၊ ဘယ်သူတွေက ကြံရာပါ တွေလဲ ဆို သည်ကို ဖော်ထုတ်ရန်မှာ ခက်ခဲနိုင်ပါသည်။ စစ်ဆေးမှုကို အသာတကြည် မခံယူဘဲ ပြန် လှန် တိုက်ခိုက်လာလျှင် ပစ်ခတ်နှိမ်နင်းမှု လည်း ဖြစ်နိုင်ပါသည်။ စစ်ဆေးမှု အားလုံး လည်း လူ့အခွင့်အရေး စံနှုန်းများနှင့် ညီချင် မှ ညီနိုင် ပါလိ့မ်မည်။

သို့သော်လည်း အမေ ရိကန်ကဲ့သို့ အီရတ်နှင့် အာဖဂန် တစ်နိုင်ငံ လုံးကို ၀င်သိမ်း ခြင်း မဟုတ်ပါ။ တစ်ကမ္ဘာ လုံးတွင်အကြမ်း ဖက် တိုက်ခိုက်မှုကို နှိမ်နင်း ရင်း လူ့အခွင့်အရေး မချိုးဖောက် မိသော နိုင်ငံ ဟူ၍လည်း မရှိနိုင်ပါ။ ကျွန်တော်တို့ ထံတွင် လူမဆန်စွာ ညှင်းပန်း နှိပ်စက်သည့် ဂွမ်တာနာမို အကျဉ်းစခန်းကဲ့သို့သော အစွန်း ရောက် အကြမ်းဖက် သမားဟု ယူဆသူများကို ဖမ်းဆီး နှိပ်စက်သည့် စခန်းမျိုးလည်း မရှိပါ။ ကိုယ့် တိုင်းပြည် အတွင်းမှ အကြမ်းဖက်မှုကို နှိမ် နင်းနေခြင်း သာဖြစ်ပါသည်။ အမေရိကန် လေတပ်ကဲ့ သို့ ဆေးရုံကို ဗုံးကြဲမိခြင်းလည်း မဟုတ်ပါ။ ရုရှားကဲ့ သို့ ဆီးရီးယား အစိုးရဘက်မှ နေပြီး အရပ်သား ရော သူပုန်ပါ ဗုံးကြဲ တိုက်ခိုက်ခြင်း လည်း မဟုတ်ပါ။

အချိန်ယူရ နိုင်သော်လည်း အဆင်ပြေ ပြေနှင့် ပြေလည်သွားမည့် ကိစ္စတစ်ခုကို လက်မခံ နိုင်သူတို့ကသာ မြှောက်ပင့်ပေး၊ ထောက်ပံ့ပေးပြီး ရဲစခန်းများကို ၀င်တိုက် ခိုင်းခြင်း ဖြစ်နိုင်သည်ဟု ယူဆပါသည်။ သို့ မှသာ တပ်မတော်က အကြမ်းဖက်သမား များကို နှိမ်နင်းမည်။ ရန်သူ မိတ်ဆွေ ခွဲခြား ရန် ခက်ခဲသောကြောင့် အခြေအနေတွေ ရှုပ် ထွေးနေမည်။ သို့မှသာ လူမျိုးသုဉ်း သတ် ကုန်ကြပြီဟု စွပ်စွဲနိုင်မည် မဟုတ်ပါလား။


မလေးရှား ၀န်ကြီးချုပ်က ရခိုင်ပြည်နယ်က မူဆလင်တွေ အရေးနဲ့ ပတ်သက်ပြီး လူထုစည်းဝေးပွဲလုပ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ အပေါ် မြန်မာ မူစလင် လူငယ် အသိုင်းအ၀ိုင်းက ကန့်ကွက်ပါတယ်။ မလေးရှား ၀န်ကြီးချုပ်ဟာ မြန်မာ့ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်ပြီး မလေးရှား အာဏာရပါတီ နိုင်ငံရေး အကျိုးစီးပွား အတွက် ရည်ရွယ်လုပ်ဆောင်တယ်လို့လည်း မြန်မာ မူစလင် လူငယ်တို့က ပြောဆိုလိုက်ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။

ရခိုင်ပြည်နယ် မောင်တော မြို့နယ်တွင်း မြန်မာ အာဏာပိုင်တွေက လုံခြုံရေး ဆောင်ရွက်ချက်တွေအပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ၊ စိုးရိမ်မှုတွေကြား မနေ့ တနင်္ဂနွေနေ့မှာတော့ မလေးရှား ၀န်ကြီးချုပ်က မြို့တော် ကွာလာလမ်ပူမှာ လူထု စုဝေးပွဲ တခုလုပ်ပြီး ဒီအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။ မလေးရှား ၀န်ကြီးချုပ်ရဲ့ ဆောင်ရွက်ချက်က မြန်မာ့ အရေးထက် သူ့ရဲ့ အာဏာရပါတီရဲ့ နိုင်ငံရေး အကျိုးစီးပွား အတွက် ရည်ရွယ်တယ်လို့ မြန်မာ မူစလင် လူငယ်တွေက သဘောထား ထုတ်ပြန်လိုက်တာပါ။ မြန်မာ မွတ်စလင် မဟာမိတ် အရပ်ဖက် အဖွဲ့အစည်းရဲ့ ပြောခွင့်ရ မမြတ်နိုးဦးက အခုလို ပြောပါတယ်။

“အဓိကကတော့ ကျမတို့ မွတ်စလင်ပတ်ဝန်းကျင်ရဲ့အမြင်ပေါ့ ။ ဒါဘာသာရေးဆိုပေမယ့် သူ့တို့ နိုင်ငံရေးအတွက် အမြတ်ထုတ် တယ်လို့ ကျမတို့ အဲဒီလိုမှတ်ယူတယ်။ အဲဒီအတွက် ဘာသာရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လာပြီးတော့ အဲဒီလိုမျိုး စွက်ဖက်တာ မကြိုက်ဘူး။ ဘာသာရေး ဆိုတဲ့ခေါင်းစဉ်ပေါ့့နော် ကျမတို့ မွတ်စလင်ဖြစ်တယ် ဒါပေမယ့် ကျမသည် မြန်မာနိုင်ငံသူဖြစ်တယ်။ကျမသည် မြန်မာယဉ်ကျေးမူနဲ့ ကြီးပြင်းလာတယ် အဲဒီအတွက် ဒီလိုမျိုး ခြုံငုံပြီးတော့ လာတာကို ကျမက လက်မခံတာပါရှင့်။”

ရခိုင်ဒေသတွင်း အခြေအနေတွေဟာ အငြင်းပွားဖွယ် လူမျိုးရေး ပြသနာလို့ သဘောထားတဲ့ အကြောင်းလည်း မြန်မာ မွတ်စလင် မဟာမိတ် အရပ်ဖက် အဖွဲ့အစည်းရဲ့ ပြောခွင့်ရ မမြတ်နိုးဦးက ပြောပါတယ်။

“ကျမတို့ ထုတ်ပြန်တာက ကျမတို့ မြန်မာ မွတ်စလင်တွေရဲ့ ရပ်တည်ချက်ကို ထုတ်ပြန်တာ ပေါ့နော် အဓိကတော့ ဒီပြည်တွင်းကိစ္စ နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ စံချိန်နဲ့အညီ ၊ စံချိန်စံညွှန်းနဲ့အညီ ပြည်တွင်းကဆောင်ရွက်တာက ပိုပြီးထိရောက်မယ်။ ပြီးတော့ တခြား တနိုင်ငံကနေပြီးတော့ ၀င်ရောက်စွက်ဖက် တာကို ကျမတို့ လက်မခံနိုင်ပါဘူး။ အဲဒီအတွက် ကျမတို့ ဒီ Statement ကို ထုတ်ပြန်တာပါရှင့် ။ အဓိကကတော့ ကျမတို့ ဒီစာကိုထုတ်ပြန်တဲ့ အဓိက ရည်ရွက်ချက်ကတော့ ကိုယ့်ပြည်တွင်းရေးကို ကိုယ့်ဟာကို ဆုံးဖြတ်ရမယ့်ကိစ္မမှာ တခြား တနိုင်ငံကနေ ပြည်တွင်းရေး အချုပ်အခြာအာဏာကို လာထိခိုက်ပြီးတော့ ဘာသာရေးဆိုတဲ့ ခေါင်းစဉ် အောက်မှာ လာတဲ့ဟာကို လက်မခံနိုင်တဲ့အတွက် ကျမတို့ ဒီဟာကိုထုတ်ပြန်တာပါ။”

ရခိုင်ပြည်နယ် အရေးကိစ္စဟာ အလွန်အကဲဆတ်ပြီး သတိထား ကိုင်တွယ်နေရတဲ့ အချိန်မှာ မလေးရှား ၀န်ကြီးချုပ် အနေနဲ့ အကြောင်းပြချက် လုံလုံလောက်လောက် မရှိဘဲ လူထု စည်းဝေးပွဲ ခေါ်ယူတာဟာဆိုရင် အခြေအနေတွေ ပိုပြီး ဆိုးရွားသွားစေနိုင်တယ်လို့လည်း မူစလင် အရပ်ဘက် အဖွဲ့အစည်းတွေက ရှုမြင်တဲ့ အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီးလည်း ပြောခွင့်ရ မမြတ်နိုးဦးက အခုလို ပြောပါတယ်။

“ဒါကျမတို့က အခုလက်ရှိဒီ မြန်မာနိုင်ငံမှာရှိနေတဲ့ မွတ်ဆလင်လူငယ်တွေပေါ့နော်။ Civil society တွေထဲမှာ ၀င်ပြီးတော့ လုပ်နေတဲ့ အဖွဲ့အစည်းတွေအကုန်လုံးက အဖွဲ့အကုန်လုံးရဲ့ သဘောတူညီချက်ကို ထုတ်ပြန်တာပါရှင့်။ တခြားဟိုလို အစ္စလာမ်အဖွဲ့အစည်းတို့ တခြားအစိုးရတွေနဲ့ မဆိုင်ပါဘူးရှင့်။ အဓိကတော့ မွတ်ဆလင် လူငယ်အများစုပါတယ် ၊ ဒီအဖွဲ့အစည်း ၁၀ ခု ၀န်းကျင် ၇ှိတယ်ပေါ့နော် အခုညီမတို့ Statement ထုတ်ပြန်တာကတော့။ အခုညီမတို့ အခုလက်ရှိမှာပေါ့နော် ၁၀ ခု ၀န်းကျင်ရှိတယ် ကျမတို့က အားလုံး သဘောတူညီတဲ့ အချက်တွေကိုပဲ ဒီ Statement ထုတ်ပြန်တာပါ။ အားလုံးကလည်း ဒီအချက်တွေကို သဘောတူညီတယ်၊ အားလုံးက လက်ခံ တဲ့အတွက် ဒီဟာကို ထုတ်ပြန်လိုက်တာပါရှင့်။”

မလေးရှား ၀န်ကြီးချုပ် ဦးဆောင်တဲ့ ရခိုင်အရေး ဆန့်ကျင် ကန့်ကွက်တဲ့ လူထု စည်းဝေးပွဲကြီးနောက်ပိုင်း မြန်မာပြည်တွင်းက မူစလင် အဖွဲ့အစည်းတွေရဲ့ တုံ့ပြန်ချက် အဖြစ် အခု အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ထုတ်ပြန်ချက် ပထမဆုံး အကြိမ် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ မလေးရှား ၀န်ကြီးချုပ် ဦးဆောင်ခဲ့တဲ့ လူထု စည်းဝေးပွဲဟာဆိုရင် ဒေသတွင်း အစွန်းရောက် အကြမ်းဖက်မှုကို အားပေး လှုံ့ဆော်သလို ဖြစ်စေတယ်လို့လည်း မြန်မာ သမ္မတရုံး ၀န်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ချက်ချင်း တုံ့ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက ရခိုင်ပြည်နယ် မောင်တော ဒေသတွင်းက အစိုးရ နယ်ခြားစောင့် တပ်စခန်း ၃ ခု အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဆုံးရှုံးသွားတဲ့ လက်နက်တွေနဲ့ အကြမ်းဖက် သမားတွေကို မြန်မာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ရှာဖွေ ရှင်းလင်းနေဆဲလည်း ဖြစ်ပါတယ်။
VOA Burmese News

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဌ ကိုဖီအာနန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ် ၅ ဦး ဒီဇင်ဘာလ ၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဌ ကိုဖီအာနန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ် ၅ ဦး ဒီဇင်ဘာလ ၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်
Photo: Win Ko Ko Latt/ RFA
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်နဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်က ပြည်ထောင်စု အဆင့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ဖိတ်ကြားထားပေမယ့် ကိုယ်စားလှယ် ငါးဦးနဲ့သာ တွေ့ဆုံပွဲကို တက်ရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံး အနိုင်ရရှိထားတဲ့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ် တစ်ယောက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၄ ဦးသာ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီကော်မရှင်ကို အသိအမှတ်မပြုကြောင်း ရခိုင်ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ထားတဲ့အတွက် မတွေ့နိုင်ကြောင်း အကြောင်းပြန်လိုက်တာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။

"အန်တီတို့ရဲ့ ပါတီမူဝါဒအောက်မှာပဲ အန်တီတို့ ရပ်တည်နေကြတယ်ပေါ့နော်၊ အန်တီတို့ ရခိုင်ပြည်နယ်မှာလည်း အသိအမှတ်မပြုကြောင်း လွှတ်တော်မှာလည်းအောင်သေးတယ်၊ အဲ့လောက်လုပ်ထားပြီးမှ အန်တီတို့အနေနဲ့ လည်း သွားမတွေ့သင့်ဘူးလို့ သုံးသပ်တယ်ပေါ့နော်၊ ကိုဖီအာနန် မြန်မာနိုင်ငံ ရောက်လာကတည်းကပေါ့နော်၊ ပုဂ္ဂိုလ်တစ်ဦးက ဆရာဦးလှစော ကို ပြောတယ်ပေါ့နော်၊ ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်အားလုံးနဲ့ ကိုဖီအာနန်နဲ့တွေ့ဖို့ တစ်ရက်အချိန်ပေးနိုင်မလားမေးပါတယ်၊ အန်တီတို့ဘက်ကလည်း ဒီလိုအကြောင်းတွေကြောင့် မတွေ့နိုင်ဘူးလို့ အကြောင်းကြားလိုက်တာပါ"

ဒီကနေ့ တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ် အရေးနဲ့ ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ဆောင်ရွက်ချက်တွေကို ရှင်းပြခဲ့တယ် လို့ တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေ က ပြောပါတယ်။

မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ မြောက် ဦးနဲ့ မြေပုံမြို့နယ်တွေကို သွားရောက်လေ့လာ ခဲ့ပြီး ဒီနေ့ နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ မတွေ့ဆုံခင် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
RFA

ကချင်ပြည်နယ်အစိုးရရဲ့ စက်မှုဇုန်ဧရိယာထဲပါဝင်တယ်လို့ တောင်သူတွေယူဆထားတဲ့ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ မှန်ပြတောင်ခြေက လယ်မြေတချို့ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့ကတွေ့ရစဉ် ကချင်ပြည်နယ်အစိုးရရဲ့ စက်မှုဇုန်ဧရိယာထဲပါဝင်တယ်လို့ တောင်သူတွေယူဆထားတဲ့ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ မှန်ပြတောင်ခြေက လယ်မြေတချို့ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့ကတွေ့ရစဉ်
Photo: Kyaw Myo Min/RFA


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က တောင်သူတွေလုပ်ကိုင်နေကြတဲ့ လယ်ယာ၊ ဥယျာဉ်ခြံမြေ ဧက ငါးထောင်လောက်မှာ အစိုးရရဲ့ စက်မှုဇုန် စီမံကိန်းကို အကောင်အထည် မဖော်ဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ဒေသခံတောင်သူ တစ်ထောင်ကျော်စုပေါင်းပြီး ဒီကနေ့ စာရေးသားပေး ဖို့ တောင်းဆိုလိုက်ပါတယ်။

တောင်သူတွေလုပ်ကိုင်နေတဲ့မြေတွေ နဲ့ လူနေအိမ်ခြေတွေအနီးမှာ အကောင်အထည်မဖော်ဖို့ တောင်းဆိုတာဖြစ် တယ်လို့ မိုင်းနားကျေးရွာက တောင်သူ ဦးအောင်ချစ် က ပြောပါတယ်။

"ကျနော်တို့ လယ်ယာတွေအပေါ်မှာ လာလုပ်မယ်ဆိုရင် ကျနော်တို့ အလုပ်လက်မဲ့ဖြစ်ရတော့မယ်၊ လူနေအိမ်ခြေတွေနဲ့လည်းနီးတယ် ဧရာဝတီမြစ်နဲ့လည်းနီးတဲ့နေရာမှာ စက်မှုဇုန်တို့ ကုန်သွယ်မှုဇုန်တို့ လာလုပ်မယ်ဆိုတော့ ကျနော်တို့ ကန့်ကွက်ကြပါတယ်၊ ကျနော်တို့ မျှော်လင့်ချက်ကြီးစွာနဲ့ တခြားနေရာ ကို ပြောင်းရွှေ့ပေးပါလို့ တောင်းဆိုရင်း နိဂုံးချုပ်ပါတယ်"

ဒေသခံတောင်သူတွေဟာ အစိုးရ စီမံကိန်းကို ကန့်ကွက်တာမဟုတ်ကြောင်းနဲ့ မိမိတို့ စိုက်ပျိုးမြေတွေ နဲ့ ကင်းလွတ်ပြီး လူနေအိမ်ခြေတွေနဲ့ ဝေးတဲ့နေရာ ကို ရွှေ့ပြောင်းဖို့တောင်းဆိုတာဖြစ်တယ် လို့ပြောပါတယ်။

စီမံကိန်းအကောင်အထည်ဖော်မယ်ဆိုပြီး သတင်းထွက်နေတဲ့ နေရာဟာ အရင်အစိုးရ လက်ထက်ကလည်း အလားတူစီမံကိန်းဆောင်ရွက်ဖို့ ကြိုးစားခဲ့ ရာမှာ တောင်သူတွေကန့်ကွက်လို့ ရပ်ဆိုင်းခဲ့တဲ့နေရာလို့ ယူဆနေကြတာဖြစ်ပါတယ်။

အဲ့ဒီနေရာဟာ မိုင်းနား၊ နောင်တာလော၊ ဟိုးလော်၊ လဝမ်ကထောင်၊ မဒိန် စတဲ့ ဝိုင်းမော်မြို့နယ် အတွင်း ရွာပေါင်း နှစ်ဆယ်နီးပါးက ရှမ်း၊ ကချင် ၊ ဗမာ စတဲ့ ဒေသခံတောင်တောင်သူတွေရဲ့ လယ်ယာနဲ့ ဥယျာဉ်ခြံမြေ ဧကငါးထောင်လောက်ပါဝင်နေတယ်လို့ဆိုပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် ဥပဒေချုပ် ဦးဒီဆင်ရမ် ကတော့ လောလောဆယ် မှာ မြေနေရာရွေးချယ်နေတုန်းဖြစ်ကြောင်းနဲ့ အရင်အစိုးရက အကောင်အထည် ဖော်ဖို့ ကြိုးစားခဲ့တဲ့ နေရာ မဟုတ်ကြောင်း RFA ကို ပြောထားပါတယ်။

တောင်သူတွေရဲ့ စိုက်ပျိုးမြေတွေအပေါ်မှာ စီမံကိန်းအကောင်အထည်မဖော်ဖို့ တောင်းဆိုထားတဲ့ စာကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စု နဲ့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတွေ၊ ပြည်နယ်အစိုးရအဖွဲ့နဲ့ ဝိုင်းမော်မြို့နယ်လွှတ်တော် ကိုယ်စားလှယ်တို့ကို ဒီကနေ့ပေးပို့ လိုက်တာဖြစ်ပါတယ်။
RFA


TNLA ရှေ့တန်းတပ်များ(TNLA News & Information Department)
TNLA ရှေ့တန်းတပ်များ(TNLA News & Information Department)

ကချင်၊ ကိုးကန့်၊ တအာင်း၊ ရခိုင် စတဲ့ တိုင်းရင်းသားဒေသအသီးသီးမှာ မြန်မာ့တပ်မတော်က ထိုးစစ်များ ပိုမိုပြင်းထန်စွာပြုလုပ်လာသည့် အတွက် တနိုင်ငံလုံးအပစ်အခပ်ရပ်စဲရေး ကြေညာဖို့အတွက် မြန်မာအစိုးရကို မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကတောင်းဆိုလိုက်ပါတယ်။ မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မြန်မာပြည်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ မြန်မာတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်၎ဖွဲတို့ ရဲ့ စစ်ရေးအခြေအနေက လေယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်မူတွေနဲ့ အတူနှစ်ဖက်ပိုပြီး တင်းမာမူတွေရှိလာတဲ့အတွက် ဒီအတိုင်းစစ်ရေးနည်းနဲ့ ဖြေရှင်းနေပါက ပြဿနာပြီးဆုံးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီအတွက်တနိုင်ငံလုံး အပစ်အခပ်ရပ်စဲရေးကြေညာဖို့ အတွက်တောင်းဆိုခဲ့တာဖြစ်တယ်လို့မြောက်ပိုင်းမဟာမိတ်တပ်ဖွဲထဲမှာပါတဲ့ တအောင်းပလောင်တပ်ဖွဲက ဗိုလ်မှူး တာအိုက်ကျော်ကဆိုပါတယ်။

“မြန်မာ့တပ်မတော်ကလည်း တောက်လျှောက် ထိုးစစ် တက်လာတယ်။ ဒီ့အတွက် စစ်ရေးနည်းနဲ့ပဲဖြေရှင်းမယ်ဆိုရင် ဒီကိစ္စကတော့ ဘယ်လိုမှ ပြီးနိုင်တဲ့ကိစ္စမဟုတ်ဘူး အဲဒါကြောင့်ကျနော်တို့ ဒီကြေညာချက်ကို ထုတ်ပြန်တာဖြစ်တယ်။”

မြန်မာအစိုးရအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာပေးဖို့  မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်များ ရပ်တန့်ပြီး တိုင်းရင်းသားနယ်မြေဒေသများမှ ဆုတ်ခွာပေးဖို့လက်နက်ကိုင်ပဋိပက္ခများကို ချုပ်ငြိမ်းစေရန်အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေး အဖြေရှာသည့် နည်းလမ်း အမြန်စတင်ဖို့  လက်ရှိ တိုက်ပွဲဖြစ်ပွားရာနေရာများတွေဟာ တရုတ်-မြန်မာနယ်စပ် ဒေသမှာ အများဆုံးဖြစ်ပွားနေတာကြောင့် တိုက်ပွဲများချုပ်ငြိမ်းရေးနဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် အမြန်ဆုံးကြားဝင်စေ့စပ် ညှိနှိုင်း ဆောင်ရွက်ပေးဖို့တွေ အပါအ၀င် စစ်မှန်ပြီး မျှတတဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု အတွက်မြန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့အနေနဲ့ စစ်ရပ်စဲရန် အဆင်သင့်ဖြစ်ကြောင်း ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ မုံးကိုးအခြေစိုက် တပ်မတော်ရဲ့ ဗျုဟာကုန်းကို မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေက ၀င်ရောက်သိမ်းယူခဲ့ပြီး တပ်မတော်က ဖမ်းဆီးထားတဲ့ ဓါးစာခံ ၈၀ကျော် ပြန်လည်လွတ်မြောက်ရေးကိုလုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဒီရက်ပိုင်းအတွင်း မှာပဲ လေယာဉ်တွေနဲ့ဗုံးကြဲတိုက်ခိုက်မူတွေကြောင့်ဒေသခံတွေ ဒဏ်ရာရသေဆုံးမူတွေရှိခဲ့တယ်လို့လည်းဆိုပါတယ်။

“အဲဒီမှာ လေယာဉ်ဗုံးတည့်တည့်မှန်ပြီး မိသားစု အကုန်လုံး ဒဏ်ရာရတယ်။ ၃ ဦးသေဆုံးတယ်လို့ သိရတယ်။”

တပ်မတော်ဘက်ကတော့ သတင်းထုတ်ပြန်ရာမှာ တိုက်ပွဲနယ်မြေထဲကို သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေနဲ့ စစ်ကူ တပ်မတော်စစ်ကြောင်းတွေကို ပို့ဆောင်ခဲ့ရကြောင်း၊ စစ်ကူတပ်မတော်စစ်ကြောင်းတွေ အနေနဲ့ ဒီဇင်ဘာ ၄ ရက် နေ့မှာ မုံးကိုးမြို့ထဲသို့ ရောက်ရှိ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်နေတဲ့ တပ်မတော်နဲ့ တိုင်းရင်းသားတပ်ဖွဲ့ တွေကြားတိုက်ပွဲတွေကြောင့် အမျိုသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ အစိုးရ ကိုယ်စား လှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့ တွေ ဟာပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေဆုံဖို့စီစဉ်ထားပေမယ့် တဖွဲချင်းပဲ တွေ့မယ် ဆိုတဲ့ အခြေအနေတွေကြောင့် ဆွေးနွေပွဲပျက်ခဲ့ရတယ်လို့ဆိုပါတယ်။

“ ဒီတိုက်ပွဲက ကျနော်တို့ဖြစ်နေတာ ၄ ဖွဲ့ ။ အစ က သူတို့ ၁ ဖွဲ့ချင်းတွေ့မယ်လို့ပြောတယ် အဲဒါ ကျနော်တို့ မဖြစ်နိုင်ဘူးလို့ပြောတော့ သုံးဖွဲ့ AA၊ MNDAA၊ TNLA ၃ ဖွဲ့တွေ့မယ်လို့ပြောတယ် KIA ကိုတော့ သူတို့ မပါဘူးလို့ပြောတယ်။ ကျနော်တို့ကတော့ ဒီ ၃ ဖွဲ့နဲ့တော့ မပြီးဘူး၊ ကျနော်တို့ တိုက်ပွဲက ၄ ဖွဲ့ပူးပေါင်းပါဝင်တဲ့ တိုက်ပွဲဖြစ်တယ်။ ၄ ဖွဲ့ ပါမှ ဒီကိစ္စက ပြီးနိုင်တဲ့ ကိစ္စဖြစ်တော့ ၄ ဖွဲ့စလုံးပါမှ တွေ့နိုင်မယ်လို့ပြောတော့ သူတို့ဘက်ကလက်မခံဘူး ။ လက်မခံတော့ ဆွေးနွေးပွဲက ပျက်သွားတယ်ပေါ့ ။ တဖွဲ့ချင်း တဖွဲ့ တွေ့လို့ရှိရင် သူတို့က သွေးခွဲချင်တဲ့ ဆန္ဒရှိလို့ လုပ်တယ်လို့ ယူဆလို့ ရတာပေါ့”

ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်တဲ့တိုက်ပွဲတွေရပ်တန့်နိုင်ဖို့အလားအလာနဲပတ်သက်လို့ မြန်မာ့တပ်မတော်နဲ့ အစိုးရဘက်ကပြောရေးဆိုခွင့်ရှိသူတွေကိုတော့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

မြန်မာပြည်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဟာ သူတို့တိုင်းရင်းသားနယ်မြေတွေမှာမြန်မာ့တပ်မတော်က ထိုးစစ်ဆင်တာတွေလုပ်ခဲ့တာကြောင့်ဆိုကာနိုဝင်ဘာလ ၂၀ရက်နေ့ကစပြီး မူဆယ် (၁၀၅) မိုင်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်-ပန်ဆိုင်း၊ နမ့်ခမ်း နဲ့ ကွတ်ခိုင်ဒေသအပါအဝင်အခြားသောနေရာတွေမှာ မြန်မာတပ်မတော်နဲ့ပြင်းထန်စွာတိုက်ပွဲတွေဖြစ်နေခဲ့ပါတယ် တိုက်ပွဲတွေအတွင်း အရပ်သားတွေလည်းထိခိုက်ဒဏ်ရာများရခဲ့ကြသလို ဒေသခံတွေဟာ တရုပ်ပြည်ဘက်ကိုလည်းဒုက္ခသည်တွေအဖြစ်တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။
VOA Burmese News


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် Mr. Kofi Annan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့်တွေ့ဆုံ (Myanmar President Office)
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် Mr. Kofi Annan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့်တွေ့ဆုံ (Myanmar President Office)
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဟာ ဒီကနေ့ နေပြည်တော်မှာ သမ္မတ ဦးထင်ကျော်အပါအ၀င် ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အကြံပေး ကော်မရှင်အဖွဲ့အနေနဲ့ ၃ ရက်တာ သွားရောက်လေ့လာခဲ့တဲ့ ရခိုင်ပြည် ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို အကြံပြုဆွေးနွေးခဲ့သလို မနက်ဖြန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ကော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ပါ တွေ့ဆုံဖို့ရှိပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ပဋိပက္ခဖြစ်ပွားရာ ဘူးသီးတောင်နဲ့ မောင်တောမြို့တို့အပါအ၀င် ရခိုင်ပြည်နယ်တွင်း ၃ ရက်တာ လေ့လာပြီးတဲ့နောက် ရခိုင်အကြံပေး ကော်မရှင်အဖွဲ့ဟာ ဒီကနေ့ တနင်္လာနေ့မှာ အစိုးရ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော် အပါအ၀င် ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေး ဗဟိုကော်မတီနဲ့ရော လွတ်တော်အမတ် တစ်ချို့နဲ့ပါ တွေ့ဆုံခဲ့တာပါ။ ဒီကနေ့ ကော်မရှင်အဖွဲ့ရဲ့ ခရီးစဉ်နဲ့ ပတ်သတ်လို့ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးအေးလွင်က အခုလို ပြောပါတယ်။
“မနက်က ကျနော်တို့ ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ပါတယ်။ တွေ့ပြီတော့ ၁ နာရီခွဲကျတော့ သမ္မတကြီးနဲ့ တွေ့ပါတယ်။ သမ္မတကြီးနဲ့ကတော့ သံတမန်ဆောင် ဧည့်ခန်းမ မှာတွေ့ပါတယ်။ ကျနော်တို့ ယေဘုယျ ကိစ္စလေးတွေပြောတယ်။ သူ့ဘက်က အားပေးစကားပြောတယ်၊ ကျေးဇူးတင်တယ် ဆိုတာတွေပြောပါတယ်။ သမ္မတကြီးနဲ့ တွေ့ပြီးတော့ ကျနော်တို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှာ ဆပ်ကော်မတီမှာပါတဲ့ ပြည်ထောင်စုဝန်ကြီးအချို့နဲ့ တွေ့တာပေါ့နော်။”

မနက်ဖြန် အင်္ဂါနေ့မှာတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ကော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ပါ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာတော့ သူတို့သွားရောက်ခဲ့တဲ့ ရခိုင်ပြည် ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို အကြံပြု တင်ပြသွားဖို့ ရှိတယ်လို့ ဦးအေးလွင်က ပြောပါတယ်။

“ကျနော်တို့ကတော့ ကျနော်တို့လုပ်နေတဲ့ ကိစ္စရပ်ကလေးတွေ ဘယ်လောက်အထိ အရေးရောက်ပြီဆိုတာတွေပေါ့။ ကျနော်တို့ လုပ်တဲ့အလုပ်ဆိုတော့ အကြံပေးဖို့ အချက်အလက် စုဆောင်းရေး ကိစ္စတွေပြောမှာပေါ့။ နောက် အဓိကကတော့ ကျနော်တို့ လူ့အခွင့်အရေး အစီရင်ခံစာလည်းတင်မှာလည်းမဟုတ်ပါဘူး၊ စုံစမ်းစစ်ဆေးရေးလည်းတင်မှာမဟုတ်ပါဘူး။ ဖြစ်ပျက်နေတဲ့ အခြေအနေအပါအ၀င် ကျနော်တို့ ရခိုင်ပြည်နယ်ရေးဖွံ့ဖြိုးတိုးတက်ရေး ၊ ၂ ဖက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းသာယာစွာ အရင်တုန်းကလို ငြိမ်းချမ်းစွာယှဉ်တွဲပြီး နေထိုင်ရေး အဲဒီကိစ္စတွေအတွက်ကို ကျနော်တို့က အကြံပေးဖို့အတွက် ဘာတွေ အကြံပေးရမလဲဆိုတဲ့ အချက်အလက်တွေကို ကျနော်တို့ စုဆောင်းတာဖြစ်ပါတယ်ခင်ဗျ။”


ဒါ့အပြင် အကြံပေး ကော်မရှင်အနေနဲ့ ရခိုင်ပြည်တွင်း ကိစ္စရပ်တွေကို ပိုမို သိရှိစေဖို့အတွက် အမျိုးသားလွတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့က ရခိုင် လွှတ်တော်ကိုယ်စားလှယ်တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ကိုဖီအာနန်နဲ့ တွေ့ဆုံခဲ့တဲ့ အမျိုးသားလွှတ်တော်အမတ် မထုမေကတော့ အခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အခြေအနေတွေနဲ့ ပတ်သတ်လို့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ပြောပါတယ်.။

“အဓိက Main ထားပြီးတော့ ဆွေးနွေးခဲ့တာ နောက်ဆုံးဖြစ်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သီးသန့်ထုတ်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စသည် သူတို့လုပ်နေတဲ့ကိစ္စရဲ့ Beyond မှာရှိနေတယ်။ နိုင်ငံတကာ အကြမ်းဖက်တွေနဲ့လည်း ဆက်စပ်နိုင်တယ်လို့ ကျမတို့ယူဆတယ်၊ ပြည်သူကလည်း ဒီအတိုင်းယုံကြည်တယ်။ ဘာကြောင့်ဒီကိစ္စတွေဖြစ်တယ်၊ အဲဒီအခြေခံအကြောင်းအရင်းကို သိဖို့လိုအပ်တယ်။ သိပြီးတော့မှ လုပ်ဆောင်ပါ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မူဆလင်တွေရော ရခိုင်အသံတွေကို နားထောင်ရပါမယ်ပေါ့။”

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း မစ္စတာ အာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်အဖွဲ့ဟာ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် အပါအ၀င် မြောက်ဦးနဲ့ မြေပုံမြို့တို့ကို သွားရောက်ခဲ့ပြီး ပြည်နယ် အစိုးရနဲ့ကော နှစ်ဖက် အသိုင်းအ၀ိုင်းကြား လူမှု အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံခဲ့တာပါ။ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်လည်း ဖြစ်တဲ့ မစ္စတာ အာနန်ဟာ အကြံပေး ကော်မရှင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ပြီး ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့တာ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပြီး ရှေ့နှစ်ဆန်းပိုင်းမှာ ရခိုင်ပြည်အရေးနဲ့ ပတ်သတ်လို့ ကြားဖြတ်အစီရင်ခံစာ တစ်ရပ် တင်သွင်းသွားဖို့ ရှိပါတယ်။ ရခိုင်အကြံပေးကော်မရှင်အနေနဲ့ ဒီတစ်ခေါက် သူတို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သတ်လို့ မနက်ဖြန် အင်္ဂါနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ မှာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်သွားဖို့ ရှိပါတယ်။
VOA Burmese News



မုံကိုးမြို့ တိုက်ပွဲ (Northern Alliance - Burma)
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ (၂)ပတ် အကြာဖြစ်ပွါးနေတဲ့ မုံကိုးမြို့က တပ်စခမ်းတွေကို မြန်မာ့တပ်မတော်ကနေ မနေ့ညနေပိုင်းမှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ မနေ့က မုံကိုးမြို့နယ် အတွင်းပစ်ခတ်တိုက်ခိုက်မှုမှာ အရပ်သားတော်တော်များများ ထိခိုက်မှုတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ် မေးမြန်းပြီး အခုလိုသတင်းပေးပို့ထားပါတယ်။

တိုက်ပွဲတွေရက်သတ္တနှစ်ပတ်ဖြစ်ပွါးနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမုံကိုးဒေသအတွင်း မြောက်ပိုင်းမဟာမိတ် တပ်တွေအနေနဲ့ မုံးကိုးတပ်စခမ်းကနေဆုတ်ခွါခဲ့ရတဲ့အခြေအနေနဲ့ပက်သက်လို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာ့အိုက်ကျော်ကအခုလိုပြောပါတယ်။

“အခု ထိခိုက်မိတဲ့ လူတွေအကုန်လုံးကိုလည်း ကယ်နိုင်ပြီ။ ဆက်ပြီးနေရင်တော့ မြန်မာ့တပ်မတော်က ပစ်မှတ်ထားပြီးတော့ ဒီအတိုင်းလူတွေကို ဗုံးကြဲတိုက်ခိုက်မယ်။ အရပ်သားတွေထိခိုက်မယ် အဆောက်အဦးတွေ ထိခိုက်မယ် အဲဒါကြောင့် ကျနော်တို့ မနေ့က နေရာယူထားတဲ့ မုံးကိုးကနေ အပြင်ဘက်ရွေ့လိုက်တယ်။ မြန်မာ့တပ်မတော်ကတော့ ကြေညာတာကတော့ သူတို့ အကုန်လုံးထိန်းချုပ်နိုင်ပြီလို့ပြောတယ်။"

မြောက်ပိုင်းမဟာမိတ်တပ်တွေဖြစ်တဲ့ KIA၊ TNLA၊ MNDAA၊ AAအဖွဲ့တွေကနေ မုံးကိုးတပ်စခန်းကို နိုဝင်ဘာ ၂၀ ရက်မှစပြီး ဒီဇင်ဘာ(၄)ရက်နေ့အထိ ၁၄ ရက်အကြာ အင်းအားသုံး ၀ိုင်းပတ်တိုက်ခိုက်ရာကနေ အဆိုပါ တပ်စခန်းကို စစ်ကူပေးဖို့သွားရောက်တဲ့တပ်မတော်စစ်ကြောင်းတွေက ထိုးဖေါက်ကျော်လွှားပြီး မနေညနေပိုင်းမှာ မုန်းကိုးတပ် စန်း နဲ့ပူးပေါင်းနိုင်သလို မုံးကိုးမြို့ကိုလည်း ထိန်းချုပ်နိုင်ပြီးလို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်း ထုတ်ပြန်ထားပါတယ်။

မနေ့က မုံးကိုးမြို့အတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့သလို ဒေသခံတွေလဲ ထိခိုက်သေဆုံးမှုတွေများပြားခဲ့တယ်လို့ မုန်းကိုးဒေသခံ ဦးတီတီနောင်လတ်ကပြောပါတယ်။

“ရပ်ကွက် ၅ ရယ် ရပ်ကွက် ၆ ရယ်ထိတာ၊အခုထိ မီးခိုးတွေဘာတွေနဲ့ ဖြစ်နေတယ်။ မနက်ကတပ်မတော်အုပ်စုပေါ့ ကောင်းလုံရွာဘေးက ပလောင်ရွာမှာ ဗုံး ၂ ခါ လာကြဲတယ်၊ အိမ် ၅ အိမ် ၆ အိမ်လောက်ထိတယ် ၁ ယောက်သေဆုံးတယ်။ ၆ ယောက် ဒဏ်ရာရတယ်။ အဲဒီ ဒဏ်ရာရတဲ့ အမျိုးသမီးတွေကို နှစ်ချင်းခရစ်ယာန်အဖွဲကနေ ကြိုးစားပြီးမှ သွားကယ်ပါတယ်။ ကယ်ပြီးတော့ တဖက်နိုင်ငံကို ပို့လိုက်ပါတယ်။”

ဒါ့အပြင်မုံးကိုးမြို့အတွင်းနဲ့အနီးဝန်းကျင်ရွာတွေမှာလဲ နေအိမ်တွေပျက်စီးမှုတွေရှိနေတယ်လို့လဲ ဦးတီတီနောင်လတ် က ပြောပါတယ်။လက်ရှိမုံးကိုးမြှိုအတွင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေတပ်ဆုတ်ခွာခဲ့လို့ ပစ်ခတ်တိုက်ခိုက်မှုငြိမ်သက်နေတယ် လို့ ဦးတီတီနောင်လတ်ကဆိုပါတယ်။

ပြီးခဲ့တဲံနိုဝင်ဘာ(၂၀)ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ကချင်လွတ် လပ်ရေး တပ်မတော် (KIA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မ တော် (AA)၊ မြန်မာအမျိုး သားများ ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ကိုးကန့်အဖွဲ့စတဲ့ မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုအဖွဲ့နဲ့ မြန်မာ့တပ် မတော်တို့အကြား တရုတ် – မြန်မာနယ်စပ်မူစယ် ကြူကုတ်-ပန်ဆိုင်း မုံးကိုး ဒေသအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးလာခဲ့တာပါ။

မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုအဖွဲ့တွေအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲပုံဖေါ်နေမှုနဲ့ ပက်သက်လို့ ရှမ်းပြည်နယ်အရေးအကဲခတ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးရဲထွန်းက အခုလို သုံးသပ် ထားပါတယ်။

“ယာယီအားဖြင့်တော့ တပ်မတော်က အသာစီးရသွားတယ်လို့ပြောနိုင်တာပေါ့ မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားတွေအနေနဲ့ကျတော့ အဲဒီဒေသက သူတို့အခြေခံဒေသမဟုတ်ဘူး ပြောက်ကျားဒေသပဲ၊ ပြောက်ကျားဒေသ ဖြစ်တဲ့အခါကျတော့ သူတို့ စုပြီးတော့ တိုက်ပွဲလုပ်လိုက်တာက တပွဲတိုး တခုအနေနဲ့ သူတို့ စွမ်းဆောင်ရည်ရှိတယ်၊ သတိပြုလောက်တဲ့ ဂရုစိုက်လောက်တဲ့အင်အားရှိတယ် ဆိုတာကို ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖော်တာပေါ့။ အဓိကအားဖြင့်တော့ သူတို့ကို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်ခွင့်ရဖို့အတွက်လေးလေးစားစား တန်းတူရည်တူသဘောထားဖို့အတွက် ဖိတ်ကြားခံချင်လို့ လုပ်တာပါပဲ။”

ဒီလိုတိုက်ပွဲဖြစ်ပွါးနေမှုနဲ့ပက်သက်လို့ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းကော်မရှင်အဖွဲ့တွေ နဲ့ တွေ့ဆုံဖို့အတွက် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေဖြစ်တဲ့ KIA၊ MNDAA ၊ TNLA ၊AA အဖွဲ့တွေကို တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက ကူမင်းမြို့ကိုဖိတ်ခေါ်ခဲ့ပေမယ့် ကော်မရှင်ဖက်က တစ်ဖွဲ့ချင်းစီနဲ့သာသီးခြားတွေ့ဆုံလိုပြီး အစုအဖွဲ့ လိုက်တွေ့ဆုံဖို့ဆိုရင် MNDAA, AA , TNLA တပ်ဖွဲ့ ၃ ဖွဲ့နဲ့သာ တွေ့ဆုံမှာဖြစ်တဲ့အတွက်ညှိနှိုင်းမှုအဆင်မပြေခဲ့ပါဘူး။

လက်ရှိမှာ NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့အစိုးရတက်လာပြီးနောက်ပိုင်း ၂၁ ရာစုပင်လုံညီလာခံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလုပ်ဆောင်နေတယ်ဆိုပေမဲ့ NCAအပစ်ရပ်စာချုပ်လက်မှတ်ထိုးရေးမှာ MNDAA ၊ TNLA ၊AA စတဲ့လက်နက်ကိုင်အဖွဲ့တွေပါဝင်ဖို့ ကန့်သတ်ထား တာကြောင့် ငြိမ်းချမ်းရေးအတွက် အခက်ခဲရှိနေဦးမယ်လို့ ရှမ်းပြည်နယ်အရေးအကဲခတ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းဦးရဲထွန်းကသုံးသပ်ပြောဆိုခဲ့ပါတယ်။

 နိုင်ကွန်းအိန်   / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အများပြည်သူပိုင် တံတားအနီး၌ အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၆လုံးတွေ့ ရှိ ၊ တပ်မတော်သားများက ရှင်းလင်း
နေပြည်တော်၊ ဒီဇင်ဘာ - ၅

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ သိန်းနီ-ကွတ်ခိုင်အကြား တပ်မတော်စစ်ကြောင်းက နယ်မြေ ရှင်းလင်းရေးဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၃ နာရီခန့်တွင် လားရှိုး-မူဆယ်ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ၂၁၄ အနီး တံတားအောက် ရေပြွန်အတွင်း၌ အကြမ်းဖက်သောင်ကျန်းသူများ ထောင်ထားသော ဒေသန္တရ လက်လုပ်မိုင်း ၆လုံးအားတွေ့ရှိခဲ့သဖြင့် အများပြည်သူ ထိခိုက်ဒဏ်ရာရှိမှုမရှိစေရေး တပ်မတော် စစ်ကြောင်းမှ အထူးမိုင်းရှင်းလင်းရေးအဖွဲ့ များဖြင့် ရှင်းလင်းပြီးဖြစ်ကြောင်းသိရှိရသည်။


အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက လုံခြုံရေးနှင့်တည်ငြိမ် အေးချမ်းမူရှိစေရန် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မုံးကိုးမြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်၊ လက်နက်များနှင့် ခဲယမ်းများ သိမ်းဆည်းရမိ
နေပြည်တော်၊ ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့သို့ ဒီဇင်ဘာ ၄ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကူ ရောက်ရှိခဲ့သည့် တပ်မတော် စစ်ကြောင်း များသည် မုံးကိုးမြို့လုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုရှိစေရန်၊ အများ ပြည်သူ များ အေးချမ်းတည်ငြိမ်စွာ ပြန်လည်နေထိုင်နိုင်စေရန်အတွက် နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မုံးကိုးမြို့ အမှတ်(၂)ရပ်ကွက်ရှိ နေအိမ် တစ်လုံးအား ၀င်ရောက်ရှင်း လင်းစဉ် နေအိမ်အတွင်းမှ အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာ ထွက် ပြေးရာမှ ကျန်ရစ်ခဲ့သည့် RPG ၁ လက်၊ အမ် ၂၂ သေနတ် ၃ လက်၊ ကျည်အိမ်မျိုးစုံ ၁၄ ခု၊ လက်ပစ်ဗုံး ၆ လုံးနှင့် မိုင်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

တပ်မတော်စစ်ကြောင်းများ မုံးကိုးမြို့သို့ စစ်ကူရောက်ရှိခဲ့ပြီးနောက် မြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်အား နယ်မြေရှင်းလင်းရေး လုပ်ငန်း များ ဆောင်ရွက်ခဲ့ရာတွင် ဒီဇင်ဘာ ၄ ရက်မှ ယနေ့အထိ လက်နက်မျိုးစုံ ၂၂ လက်၊ ကျည်မျိုးစုံ ၃၀၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၄ ခု၊ လက်ပစ်ဗုံး ၆ လုံး၊ မိုင်း ၁ လုံးနှင့် အလောင်းတချို့ တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

Ref; တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး



ထိုင်းနိုင်ငံတောင်ပိုင်း၌ ရေကြီးမှုကို ကောင်းကင်ပေါ်မှရိုက်ကူးထားသည့် ဓာတ်ပုံအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    ဘန်ကောက် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

    ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေကြီးရေလျှံမှုဆိုးရွားစွာ ဖြစ်ပေါ်လျက်ရှိနေပြီး အနည်းဆုံးလူပေါင်း ၁၁ ဦးသေဆုံးကာ ၂ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဒေသတွင်းသတင်းမီဒီယာများက ဒီဇင်ဘာလ ၅ ရက်တွင် ရေးသားဖော်ပြခဲ့ကြသည်။

အဆိုပါ ရေကြီးမှုသည် ထိုင်းနိုင်ငံတောင်ပိုင်း၌ ဒီဇင်ဘာလ ၂ ရက်မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ရေကြီးရေလျှံမှုကြောင့် ခရိုင်ပေါင်း ၆၈ ခုမှ မိသားစုဝင်ပေါင်း ၁၅၇,၅၈ဝ ဦးသည် ရေဘေးသင့်လျက်ရှိကြောင်း ထိုင်းနိုင်ငံသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး နှင့် လျှော့ချရေးဌာန က ပြောကြားခဲ့သည်။

မုတ်သုန်လေသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဒေသများကို ပြင်းထန်စွာ တိုက်ခတ်လျက်ရှိနေပြီး ယင်းဒေသများတွင် လေးရက်ကြာ မိုးအဆက်မပြတ်ရွာသွန်းမှု ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသတွင်းမီဒီယာများက ဆိုသည်။ ထိုသို့ လေးရက်ကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ပျိုးမြေ ဟက်တာပေါင်း ၂၄ဝဝ ကျော်ပျက်စီးခဲ့ရကြောင်း နှင့် ၄င်းပြည်နယ်များတွင် ရွှံ့ မြေများဖုံးလွှမ်းသွားကြောင်း သိရသည်။

ထိုင်းနိုင်ငံအစိုးရက ပြည်သူ့ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစင်တာ အားလုံးအနေဖြင့် မြေပြိုမှုကို သတိပြုစောင့်ကြည့်ရန် ၊ ကယ်ဆယ်ရေးအစီအစဉ်များကို ချက်ခြင်းဆောင်ရွက်ပေးရန် နှင့် လိုအပ်သော နေရာများကို အကူအညီပေးနိုင်ရန်အတွက် ကယ်ဆယ်ရေးသမားများကို အသင့်ရှိနေကြရန် လမ်းညွှန်ထားကြောင်း သိရသည်။ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ရေဘေးသင့်ပြည်သူများကို အကူအညီပေးရေး ဝိုင်းဝန်း ပူးပေါင်းကြိုးပမ်းအားထုတ်သွားကြရန် ဒေသတွင်း အာဏာပိုင်အဖွဲ့ အစည်းများကို အမိန့် ပေးထားကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com



ဒီဇင်ဘာလ ၅ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရာထူးမှ နုတ်ထွက်မည် ဖြစ်ကြောင်း ကြေညာလိုက်သော အီတလီနိုင်ငံ ဝန်ကြီးချုပ် Matteo Renzi အား တွေ့ရစဉ် (ဆင်ဟွာ)
    ရောမ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

    အီတလီနိုင်ငံတွင် ဒီဇင်ဘာလ ၄ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ ကျောထောက်နောက်ခံပြုထားသော အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေး ဆန္ဒခံယူပွဲ၌ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်မည် ဖြစ်ကြောင်း အီတလီနိုင်ငံ ဝန်ကြီးချုပ် Matteo Renzi က ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်က ကြေညာလိုက်သည်။

“ကျွန်တော်တို့ရဲ့ အစိုးရအဖွဲ့ အတွေ့အကြုံတွေကတော့ ပြီးဆုံးသွားခဲ့ပါပြီ၊ မနက်ဖြန် နေ့လည်ပိုင်းမှာ ကျွန်တော့် အစိုးရအဖွဲ့နဲ့ တွေ့ဆုံဖို့ရှိပြီး ဝန်ကြီးတွေကို ကျေးဇူးတင်ကြောင်း ပြောကြားမှာ ဖြစ်တယ်၊ ပြီးရင် သမ္မတ နန်းတော် Quirinale ကိုသွားပြီး နုတ်ထွက်စာတင်ပါမယ်” ဟု Renzi က ဒီဇင်ဘာလ ၅ ရက် အစောပိုင်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

 ဒေသခံ မီဒီယာများ ဖော်ပြချက်အရ ယင်း ဆန္ဒခံယူပွဲ၌ ကန့်ကွက်သူများမှ ၄၁ ရာခိုင်နှုန်းရရှိခဲ့ပြီး ကန့်ကွက်သူ ၅၉ ရာခိုင်နှုန်း ရရှိခဲ့သဖြင့် ကန့်ကွက်သူများဘက်က အနိုင်ရရှိသွားခဲ့ကြောင်း သိရသည်။မဲရုံများအား ဒေသစံတော်ချိန် ည ၁၁း၀၀ နာရီအချိန်၌ ပိတ်သိမ်းခဲ့ကာ ရလဒ် အတိအကျကို ဒီဇင်ဘာလ ၅ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်သွားမည် ဖြစ်သည်။

 ပြန်ကြားရေး ဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်သည့် ယာယီ အချက်အလက်များအရ မဲပေးသူ ၆၅ ရာခိုင်နှုန်းရှိခဲ့ကာ အီတလီနိုင်ငံ စံနှုန်းအရ ထင်ရှားသည့် ဆန္ဒခံယူပွဲ ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့တွေ့ဆုံစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
    ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

    ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များ၌ နိုင်ငံ၏ လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် ဥပဒေမဲ့လူသတ်၊ မုဒိမ်းကျင့်၊ မီးရှို့မှုစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato' Sri (Dr.) Haji Zulkifeli Bin Mohd Zainနှင့် ယနေ့တွေ့ဆုံစဉ်ပြောကြားလိုက်သည်။

ယင်း ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီအရေးကိစ္စများသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီဖြစ်စေရန် ကြိုးပမ်းလုပ်ဆောင်ရာတွင် ယင်းဒေသရှိ ဘင်္ဂါလီများအနေဖြင့် ဥပဒေနှင့်အညီ လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်သည့်အတွက် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ပူးပေါင်းလုပ်ဆောင်နေပြီး ဥပဒေချိုးဖောက်မှုရှိပါကလည်း အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ နှုတ်ဆက်ချစ်ကြည်ရေးခရီး လာရောက်သည့် မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato' Sri (Dr.) Haji Zulkifeli Bin Mohd Zain တို့သည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။

အဆိုပါ မြန်မာ-မလေးရှား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ ဦးဆောင်မှုဖြင့် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့သည့် အခြေအနေများ၊ ဆက်လက်ပြီး တပ်မတော်နှစ်ရပ် ဆက်ဆံရေးတည်တံ့ခိုင်မြဲရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် အဆင့်အလိုက် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ စေလွှတ်တွေ့ဆုံဆွေးနွေးရေး၊ တပ်မတော်(ကြည်း၊ရေ၊လေ) ကာကွယ်ရေးဆိုင်ရာပြပွဲများသို့ အပြန်အလှန်တက်ရောက်ရေး၊ လေ့ကျင့်ရေးဆိုင်ရာသင်တန်းများ တိုးမြှင့်စေလွှတ်ရေး၊ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် တပ်မတော်နှစ်ရပ်အကြား သတင်းဖလှယ်မှုကိစ္စရပ်များ ဆက်လက်လုပ်ဆောင်ရေး၊ အခြားသော တတိယနိုင်ငံများအပါအ၀င်ဖြင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေး၊ တပ်မတော်အားကစားအဖွဲ့၊ ဆေးဝါးကုသရေးအဖွဲ့များ ချစ်ကြည်ရေးနှင့် အတွေ့အကြုံဖလှယ်ရေးအတွက် အပြန်အလှန်စေလွှတ်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ဘင်္ဂါလီအရေးကိစ္စများနှင့်ပတ်သက်၍ မိမိလုံခြုံရေး အဖွဲ့အစည်းများအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အင်အားသုံး ဖိအားပေးတိုက်ခိုက်မှုမရှိသည့် အခြေအနေမှန်များ၊ ယင်းဒေသတွင် ပြည်တွင်း၊ ပြည်ပ မီဒီယာများ လည်းရှိနေခြင်းကြောင့် မဟုတ်မမှန် ပြောဆို၍ မရနိုင်ကြောင်းတို့အား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

(Xinhua)
http://www.xinhuamyanmar.com


မုံရွာ၊ဒီဇင်​ဘာ၅။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊လောင်းမင်းရွာ မူလတန်းကျောင်းတွင် ဒီဇင်​ဘာ ၃ ရက်နေ့က ကျောင်းဆရာတစ်ဦးမှ ဆယ်နှစ်အရွယ် သုံးတန်းကျောင်းသူတစ်ဦးကို အခန်းအတွင်းခေါ်၍ မုဒိန်းကျင့်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ဟုမ္မလင်းမြို့မရဲစခန်းမှ သတင်းရရှိသည်။

ယခုနှစ်တွင် အခြေခံပညာအဆင့် ၌ စာမလိုက် နိုင်သော ကျောင်းသားကျောင်းသူများကို ကျောင်းပိတ်ရက်များတွင် အချိန်​ပို ခေါ်သင်ကြားစေခဲ့ရာ ၄င်းနေ့ကလည်း လောင်းမင်းရွာတွင် စနေနေ့ကျောင်းပိတ်ရက် နံနက် ၉ နာရီတွင် အချိန်ပိုခေါ်သင်​ခဲ့ခြင်း ဖြစ်သည်။

မုဒိန်းကျင့်ခံရသော ကျောင်းသူမှာ နံနက်၁၁ နာရီတွင် အိမ်ပြန်လာရာ မိန်းမကိုယ်တွင် သွေးများထွက်ကျနေ၍ အဒေါ်ဖြစ်သူကမေးမြန်းရာ မြန်မာစာပြ ဆရာတင်မင်းနိုင် (၂၆)နှစ်မှ ကျောင်းသား/ကျောင်းသူများ ပြန်သွားချိန်တွင် ၄င်း၏ အိပ်ခန်းအတွင်းခေါ်ယူကာ သားမယားအဖြစ် တစ်ကြိမ်​ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့ကြောင့် အဒေါ်ဖြစ်သူမှ ဟုမ္မလင်းမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။

ဟုမ္မလင်းမြို့မရဲစခန်းမှ ရဲတပ်​သားတစ်​ဦးက "ကလေးမရဲ့မိဘတွေက ခန္တီးဘက်မှာအလုပ်သွားလုပ်လို့ အဒေါ်နဲ့ အပ်ထားခဲ့တာ။ ကျောင်းထဲမှာ အခြားကျောင်းဆရာ/ဆရာမတွေလည်း အဲဒီနေ့က သူတို့အခန်းမှာ မရှိကြတုန်း ခေါ်ယူပြီး ပြုကျင့်တာလို့ သိရပါတယ်။ ကျောင်းဆရာကို ဖမ်းထားပြီးပါပြီ" ဟု ပြောသည်။

ပြုကျင့်ခံရသူ ကျောင်းသူသည် ဟုမ္မလင်းဆေးရုံသို့ တင်ပို့​ဆေးကုသခံနေရပြီး ပြုကျင့်စဉ်က အ၀တ်အစားများကို ဓာတုဗေဒရုံးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

၎င်းအမှုကို ဟုမ္မလင်းမြို့မရဲစခန်းတွင် အမှုကြီးအမှတ် ၆/၂၀၁၆ ပုဒ်မ ၃၇၆ ဖြင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar



နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဥက္ကဌ ကိုဖီအာနန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဒီဇင်ဘာလ ၅ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံနေစဉ်။ Photo: Win Naung Toe/ RFA
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဟာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒီနေ့ နေပြည်တော်က သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ရခိုင်ပြည်နယ်က နှစ်ဘက်လူ့အသိုင်းအ၀န်းအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ အရေးပါမှု၊ ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး မမှန်ကန်တဲ့ ကောလဟာလ သတင်းတွေကို ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ဖို့၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ အညီ အခွင့်အရေးတွေ ရရှိဖို့၊ ရခိုင်ပြည်နယ်အတွင်း စီးပွားရေးအလားအလာတွေ ကောင်းမွန်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် နှစ်ဘက် အသိုင်းအဝန်းအကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှုတွေကတဆင့် နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့၊ ပြည်သူတွေရဲ့ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်ဆိုင်ရာသင်တန်းတွေ တိုးမြှင့်ဖွင့်လှစ်သွားနိုင်မယ့် အလား အလာတွေ ဖော်ထုတ်ဖို့ စတဲ့ ကိစ္စရပ်တွေအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်းလည်း ပါရှိပါတယ်။

မစ္စတာ ကိုဖီအာနန်နဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ပထမအကြိမ် ခရီးစဉ်အဖြစ် ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းက သွားရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ ကနေ ၄ ရက်နေ့အထိ ဒုတိယအကြိမ် သွားရောက်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese



SUZUKI CUP 2016 ဆီမီးဖိုင်နယ်ဘောလုံးပွဲစဉ်တွင် ဆူပူရမ်းကားသူများအား သတိပေးဆုံးမပြီး လက်မှတ်များကို အမြတ်တင်၍ မှောင်ခိုရာင်းချသူများနှင့် ဓားလက်နက်များ သယ်ဆောင်သူများကို အမှုဖွင့်အရေးယူ
ရန်ကုန်၊ ဒီဇင်ဘာ ၅

၎.၁၂.၂၀၁၆ ရက်နေ့ ၁၈၀၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏလူငယ် အားကစားလေ့ကျင့်ရေး စခန်းဘောလုံးကွင်း၌ SUZUKI CUP 2016 ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာနိုင်ငံလက်ရွေးစင် ဘောလုံးအသင်းနှင့် ထိုင်းနိုင်ငံ လက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲ၌ သင်္ဃန်းကျွန်းမြို့နယ်နေ ဇော်လတ်ပါ ကျား(၅)ဦး၊ မ(၃)ဦးတို့မှ ဘောလုံးပွဲ လက်မှတ်များကို အမြတ်တင်၍ မှောင်ခိုရောင်းချခဲ့ကြသဖြင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ရန်ကုန်ရဲအက်ဥပဒေပုဒ်မ-၄၁(၁၄)/ ၄၁(၁၆) ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ရာ ၅.၁၂.၂၀၁၆ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ ထောင်ဒဏ်(၇)ရက်စီ အသီးသီးပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။

ဘောလုံးပွဲကစားစဉ်အချိန်၌လည်း ဆူပူရမ်းကားမှုများပြုလုပ်ခဲ့သည့် ကြည့်မြင်တိုင်မြို့နယ်နေ ရာဇာပါ(၂၄)ဦးတို့အား ၂၁၀၀ အချိန်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးမှ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းတွင် တွေ့ဆုံ၍ ဆုံးမစကားပြောကြားခဲ့ပြီး ၎င်းတို့အား မိဘအုပ်ထိန်းသူ
၂ ဦးစီဖြင့် ခံဝန်ပြုလုပ်၍ အုပ်ထိန်းသူများထံ စနစ်တကျပြန်လည်လွှဲပြောင်း အပ်နှံပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါဘောလုံးပြိုင်ပွဲပြီးဆုံးသည့် ၁၉၅၀ အချိန်တွင် ဘောလုံးကွင်းလုံခြုံရေး တာဝန်ကျတပ်ဖွဲ့ဝင်များမှ ဘောလုံးကွင်း Main Gate အ၀င်ပေါက်တွင် ကိုယ်ပိုင်ယာဉ်ဖြင့် တုတ်၊ ဓားလက်နက်များ သယ် ဆောင်လာကြောင်း သတင်းအရ ၎င်းဂိတ်အနီးတွေ့ရှိသော 9C---- Crown ကိုယ်ပိုင်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် စမ်းချောင်းမြို့နယ်နေသူများဖြစ်သည့် ယာဉ်မောင်း ဦးဝင်းနိုင်၊ (၅၅)နှစ်၊ ဝေဖြိုးဦး၊ (၂၁)နှစ်၊ ထက်အောင်လှိုင်၊ (၂၁)နှစ်၊ လှမင်းထွန်း၊ (၂၀)နှစ်၊ ရန်နောင်ထွန်း၊ (၁၉)နှစ်နှင့် စည်သူ(ခ) စည်သူအောင်၊ (၂၆)နှစ်တို့အားတွေ့ရှိရပြီး ယာဉ်အတွင်းမှ အရိုးအသွား (၁၂)လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်းနှင့် ဓားအိမ် ၁ခု၊ အရိုးအသွား(၈)လက်မ ခန့်ရှိဓားဦးချွန် ၁ ချောင်း၊ လေးခွ ၁ လက်၊ လောက်စာလုံး(၂၉)လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ၎င်းတို့အား သင်္ဃန်းကျွန်းမြို့မရဲစခန်း (ပ)၁၂၆၂/၂၀၁၆၊ လက်နက်အက်ဥပဒေပုဒ်မ-၁၉(င)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/


နယူးဒေလီ

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီသို့ ယခုနှစ်အစောပိုင်းတွင် သွားရောက်လည်ပတ်စဉ် ဟိုတယ်တစ်ခု၌ အုပ်စုဖွဲ့လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရကြောင်း အမေရိကန်နိုင်ငံသား အမျိုးသမီးတစ်ဦးက ရဲတပ်ဖွဲ့ထံတွင် အမှုဖွင့်တိုင်ကြားခဲ့သည်ဟု သိရသည်။

အမျိုးသမီးသည် အမေရိကန်အခြေစိုက် အင်န်ဂျီအိုတစ်ခုမှတစ်ဆင့် အိန္ဒိယရဲတပ်ဖွဲ့ထံသို့ အီးမေးလ်ဖြင့် ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးက တိုင်ကြားခဲ့ပြီးနောက် ဒေလီရဲတပ်ဖွဲ့သည် ယင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့သည်။

ရဲတပ်ဖွဲ့သည် အမေရိကန်အမျိုးသမီး၏တိုင်ကြားမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ရဲမှူး မူကက်ရှ် မီနာက အေအက်ဖ်ပီသတင်းဌာနသို့ ပြောဆိုခဲ့သည်။

အပြစ်သူကို အပြစ်ပေးနိုင်ရေး ကြိုးပမ်းပေးရန် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူရှ်မာ ဆွာရာဂ်ျက ပြောဆိုခဲ့သည်။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရသည့် အမျိုးသမီးကို ဆက်သွယ်ရန် အမေရိကန်ပြည်ထောင်စုဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကို ညွှန်ကြားထားကြောင်း ၄င်းက စနေနေ့တွင် တွစ်တာ၌ ရေးသားခဲ့သည်။

ယင်းအမျိုးသမီးသည် ဧပြီတွင် အိန္ဒိယသို့ လာရောက်ခဲ့သော်လည်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရပြီးနောက် ခရီးစဉ်ကို အကျဉ်းရုံးကာ အမေရိကန်သို့ပြန်သွားခဲ့ကြောင်း ဒေသခံမီဒီယာများက ရဲတပ်ဖွဲ့၏ ပြောဆိုမှုကို ကိုးကားပြီး ဖော်ပြခဲ့သည်။

ဟိုတယ်အခန်းကို ဝင်ရောက်ခွင့်ရထားသည့် ဧည့်လမ်းညွှန်သည် ၄င်းအား ဆေးခပ်ထားသော ရေကို သောက်စေပြီး ၄င်းသတိလက်လွတ်ဖြစ်နေချိန်တွင် အခြားအသိအကျွမ်းလေးဦးနှင့်အတူ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့ကြောင်း အမျိုးသမီးက ပြောဆိုခဲ့သည် ဟု မီဒီယာများက ဖော်ပြခဲ့သည်။

အမျိုးသမီး အိန္ဒိယသို့လာရောက်သည့် အချိန်၊ ဟိုတယ်ရှိ လုံခြုံရေးကင်မရာမှတ်တမ်းများကို ရဲတပ်ဖွဲ့က စစ်ဆေးနေပြီဖြစ်သည်။

Source:AFP
ရိုးမြေ
SKY Land News & Entertainment Media
https://www.facebook.com/skyland.news



မီးလောင်ကျွမ်းခဲ့သည့် ကုန်လှောင်ရုံ၌ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် (ဆင်ဟွာ)
  ဆန်ဖရန်စစ္စကို၊ ဒီဇင်ဘာ ၅ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အို့ခ်လန်မြို့ ရှိ တာဝန်ရှိသူများက ဒီဇင်ဘာ ၂ရက်နေ့ညက ဖြစ်ပွားခဲ့သည့် ကုန်လှောင်ရုံမီးလောင်မှု ကြောင့် သေဆုံးသွားသူ ၃၃ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာ ၄ရက်ကပြောကြားခဲ့သည်။

အာဏာပိုင်များက အဆိုပါ ကုန်လှောင်ရုံအား အသုံးပြုရန် ခွင့်ပြုချက်မရှိကြောင်း နှင့် စစ်ဆေးရေးမှူးများအနေဖြင့် မီးလောင်ရခြင်းအကြောင်းရင်းကို မတွေ့ရှိသေးကြောင်း ပြောကြားခဲ့သည်။Alameda စီရင်စု ရဲအရာရှိရုံး တပ်ကြပ်ကြီး Ray Kelly က ကုန်လှောင်ရုံ၏ ၂၀ရာခိုင်နှုန်းလောက် မီးလောင်ကျွမ်းခဲ့သည်ကို တွေ့ရှိရကြောင်း နှင့် မီးလောင်မှုသည် ဒီဇင်ဘာ ၂ရက်နေ့ ည ၁၁း၃၀နာရီတွင် စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါအဆောက်အဦအား ကုန်လှောင်ရုံအဖြစ် သတ်မှတ်ထားသော်လည်း နောက်ပိုင်းတွင် ပါတီပွဲကျင်းပရာ နေရာတစ်ခု နှင့် လူနေထိုင်ရာ အဆောက်အဦတစ်ခုအဖြစ် ပြောင်းလဲလာခဲ့ကြောင်းသိရသည်။ဒီဇင်ဘာ ၄ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ Kelly က အဆောက်အဦအတွင်း လူအရေအတွက်မည်မျှ ရှိနေကြောင်း၊ မည်မျှပျောက်ဆုံးနေကြောင်းကို အတိအကျမသိရှိသေးကြောင်း နှင့်  သေဆုံးသူ နှင့် ဒဏ်ရာရရှိသူဦးရေမြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ယခုအခါ ယင်းအဆောက်အအုံအား ရာဇဝတ်မှု ဖြစ်ပွားရာနေရာအဖြစ် ဒေသတွင်းနှင့် ဖယ်ဒရယ် ထောက်လှမ်းရေး အေဂျင်စီများ က စုံစမ်းစစ်ဆေးနေပြီး အို့ခ်လန်မြို့တော်ဝန် Libby Schaaf ကလည်း မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို အပြည့်အဝ စုံစမ်းစစ်ဆေးရန် တိုက်တွန်းထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


ရန်ကုန်မြို့ပေါ်တွင် ပြေးဆွဲနေသည့် SRT – (1) ယာဉ်လိုင်းသည် အရှုံးပေါ်နေသည့်အတွက် ဒီဇင်ဘာ ၇ ရက်နေ့တွင် အပြီးတိုင် ရပ်နားတော့မည်ဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်းမှ ပို့ဆောင်ရေး မန်နေဂျာ ဦးမြင့်ဝေက News Watch သို့ ပြောသည်။

“ပြေးဆွဲခဲ့တဲ့ကာလ ၁၈ လပေါ့။ အဲဒီအထိ သယ်ယူပို့ဆောင်ရေးကနေပြီး (ကျပ်) ၆၉၄ သန်းပေါ့။ ဒီလပါ အပါအ၀င်ဆို ၇၀၀ လောက်ဖြစ်မှာပေါ့။ (ကျပ်) သိန်း ၆၀၀၀ ကျော် ၇၀၀၀ တဲ့ နီးပါးရှုံးတယ်” ဟု ၄င်းက ပြောသည်။

အဆိုပါ ယာဉ်လိုင်းအတွက် အစိုးရဘက်မှ ကူညီပံ့ပိုးရန် နှုတ်ဖြင့် ပြောဆိုထားခဲ့မှုများရှိသော်လည်း မည်သည့်ကူညီပံ့ပိုးမှုမှ မရှိခဲ့ကြောင်း၊ ၀င်ငွေနှင့် ထွက်ငွေကွာဟမှု ကြီးမားကြောင်းနှင့် ဆက်လက်အရှုံးမခံနိုင်တော့၍ ရပ်နားရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

SRT-1 ယာဉ်လိုင်းက ၂၀၁၅ ခုနှစ် မေလ ၃ ရက်နေ့မှ စတင်ကာ ဗိုလ်တထောင် ကပရ-၈ ၀င်း/ လမ်းနီးလေး၊ မ/ဥက္ကလာအ၀ိုင်းနှင့် အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၆ ဒီဇင်ဘာ ၇ ရက်နေ့ ၁၈ လအကြာတွင် ရပ်နားရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ SRT-1 ယာဉ်စီးရေး စုစုပေါင်း ၂၅ စီးရှိကြောင်း သိရသည်။

လင်းလင်းအောင်
News Watch
https://www.facebook.com/NewsWatchJournal/