12/07/16

မလေးရှားနိုင်ငံသို့ လုပ်သားများ စေလွှတ်ခွင့်ကို ၆ . ၁၂ . ၂၀၁၆ ရက်နေ့ ယနေ့မှစပြီး မြန်မာနိုင်ငံသားများရဲ့ လုံခြုံရေး အခြေအနေအရ ခေတ္တ ယာယီ ရပ်ဆိုင်း သွားမယ်လို့ သိရပါတယ်။

ဒါကြောင့် အလုပ်ခေါ်စာ အသစ်တွေကို ခွင့်ပြုချက်မပေးပဲ
ယာယီ ရပ်ဆိုင်းသွားမယ်လို့ သိရပါတယ် ၊၊

Cabinet ခွင့်ပြုချက် ကျပြီးသား အလုပ်ခေါ်စာတွေ ကိုတော့ အေဂျင်စီရဲ့ ကတိ ခံဝန်ချက် လက်မှတ် ရေးထိုးစေပြီး စေလွှတ် ခွင့်ပြုသွားမယ်လို့ အလုပ်သမား ဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ထားပါတယ် ၊

author မေသော်တာမောင်
Kumudra



တောင်ကိုးရီးယားသမ္မတ
အဂတိလိုက်စားမှုအရှုပ်တော်ပုံနဲ့ ရင်ဆိုင်နေရတဲ့ တောင်ကိုရီးယားသမ္မတ ပက်ဂွန်ဟေးက - ဒီသီတင်းပတ်ထဲ လွှတ်တော်မှာ သူ့အပေါ် အယူအကြည်မရှိ အဆိုတင်သွင်းမှု ကနေ ထွက်ပေါ်လာမယ့် ရလဒ်ကို လက်ခံမယ့်အကြောင်း ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

သမ္မအပေါ် အယုံအကြည်မရှိ အဆိုနဲ့ပတ်သက်လို့ သောကြာနေ့ လွှတ်တော်မှာ မဲပေးနိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ အတိုက်အခံတွေဘက်က သုံးပုံနှစ်ပုံ မဲအများစုနဲ့ အယုံအကြည်မရှိအဆိုကို အနိုင်တင်သွင်းနိုင်ရင်တောင်မှ ဒီရလဒ်ကို တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံတရားရုံးမှာ အဆုံးအဖြတ် ပြန်ယူရမှာဖြစ်လို့ လတွေနဲ့ချီ ကြာမြင့်မယ့်ကိစ္စပါ။ သူမရဲ့ Saenuri ပါတီခေါင်းဆောင်တွေနဲ့လည်း မစ် ပက် တွေ့ဆုံခဲ့သလို၊

အဲဒီ တွေ့ဆုံပွဲ အပြီးမှာတော့ ပါတီ ထိပ်တန်းအရာရှိတဦးဖြစ်တဲ့ Chung Jin-suk က - ဧပြီလထဲမှာ ရာထူးကနေ နုတ်ထွက်ဖို့ ပါတီရဲ့ အဆိုပြုချက်ကို မစ် ပက်က လက်ခံဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောပါတယ်။ ဒါပေမဲ့ သမ္မတပက် အနေနဲ့ ရာထူးကနေ ချက်ချင်း နုတ်ထွက်ပေးမယ့်ပုံမျိုးတော့ မတွေ့ရပါဘူး။

တကယ်လို့ အယုံအကြည်မရှိ အဆို အတည်ဖြစ်သွားရင်တော့ -၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကျမှ သမ္မတသက်တမ်း တရားဝင် ကုန်ဆုံးမှာဖြစ်တဲ့ မစ် ပက် အနေနဲ့ အချိန်မတန်ခင် ရာထူးတာဝန်ကနေ နုတ်ထွက်ရတဲ့ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံ တောင်ကိုရီးယား သမ္မတ ဖြစ်ပါလိမ့်မယ်။

သမ္မတ ပက်ဟာ သူ့ရဲ့မိတ်ဆွေ Choi Soon-sil က စီစဉ်လုပ်ဆောင်ခဲ့တာလို့ စွပ်စွဲခံရတဲ့ ဒေါ်လာ သန်းပေါင်းများစွာကို မတော်သြဇာသုံး ရယူခဲ့မှု အရှုပ်တော်ပုံနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဘန်ကောက်၊ ဒီဇင်ဘာ ၆ ။ ။ ထရမ့်တာဝါတွင် ကက်ဘိနက်အဖွဲ့ကို ဖွဲ့စည်းလျက်ရှိခြင်းကြောင့် ဒေါ်နယ်ထရမ့်အား အကာအကွယ်ပေးရေးအတွက် အမေရိကန်အစိုးရထံမှ အမေရိကန်ဒေါ်လာ ၃၅ သန်းအား နယူးယောက်မြို့က တောင်းခံထားသည်။

အံ့အားသင့်ဖွယ် ဒေါ်နယ်ထရမ့် အနိုင်ရခဲ့သည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှစကာ ဝါရှင်တန်တွင် ဇန်နဝါရီ ၂၀ ၌ ကျမ်းသစ္စာဆိုမည့် အချိန်အထိ ကာလပိုင်းအတွင်း ထရမ့်တာဝါအား အကာအကွယ်ပေးရေး ကုန်ကျစရိတ်အဖြစ် မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုက သမ္မတ အိုဘားမားထံသို့ တောင်းခံထားခြင်းဖြစ်သည်။

၅၇ လမ်းနှင့် အမှတ်ငါး ရိပ်သာလမ်းတွင် ရှိသော ထရမ့်တာဝါ အပြင်ဖက်တွင် နယူးယောက်ရဲတပ်ဖွဲ့ကို အချိန်ပြည့် ချထားရသည်။

၅၈ ထပ်ရှိ မိုးပျံအဆောက်အအုံဖြစ်သော ထရမ့်တာဝါတွင် ရွေးကောက်ခံသမ္မတဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဒေါ်နယ်ထရမ့်က ရုံးထိုင်လျက်ရှိခြင်းဖြစ်သည်။

၎င်း၏ လက်ထောက်များစွာ၊ အထူးပုဂ္ဂိုလ်များနှင့် ကက်ဘိနက်အဖွဲ့ဝင် ဖြစ်လာနိုင်သူများ ထရမ့်တာဝါသို့ လာရောက်ကြကာ ရွေးကောက်ခံသမ္မတသစ်နှင့် တွေ့ဆုံမှုများ ပြုလုပ်လျက်ရှိခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများလည်းရှိနေကာ လုံခြုံရေးအတွက်လည်း ရဲတပ်ဖွဲ့ ဖြန့်ကြက်ချထားရခြင်းဖြစ်သည်။
Mizzima - News in Burmese


မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲရေးတွင် အဓိကပံပိုးခဲ့သည့် အမေရိကန်အစိုးရက ရခိုင်ဒေသအတွင်း လုံခြုံရေးအရ အင်အားသုံး နှိမ်နှင်းခြင်းသည် လူမျိုးရေး လှုံ့ဆော်မှု ပြသာနာများ ဖြစ်လာရန် အန္တရာယ်ရှိပြီး ဒေသတွင်း ဘာသာရေး တင်းမာမှုများ ဖြစ်ပေါ်လာစေရန် တွန်းအားပေးနိုင်သည်ဟု သတိပေး ပြောဆိုလိုက်ကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။

အောက်တိုဘာလဆန်းတွင် ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျောက်ရှိ မြန်မာရဲကင်းများကို အမည်မသိ တိုက်ခိုက်သူများက တိုက်ခိုက်ပြီးသည့်နောက် မြန်မာစစ်တပ်က ပြန်လည်ချေမှုန်းလျက်ရှိသည်။ ထိုကဲ့သို့ တိုက်ခိုက်ခံရခြင်းက ဘင်္ဂါလီအချို့မှာ ပြင်ပအကူအညီများ ရယူပြီး အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်လာကြသည့် လက္ခဏာဖြစ်သည်ဟု အရှေ့ အာရှဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြာရေးဝန်ကြီး ဒင်နီယာက်ရက်ဆဲလ်က AP သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

၎င်းက မြန်မာစစ်တပ်မှ အင်အား သုံးပြီး ဖြေရှင်းခြင်းမှာ မြန်မာအနေဖြင့် ဂျီဟက်ဒ် အစွန်းရောက် အကြမ်းဖက်မှုများ ဖြစ်လာစေရန် အရှိန်မြင့်လာစေသည်ဟု ဆိုသည်။ ဒင်နီယယ်ရက်ဆယ်လ်က အေပီသတင်းဌာနကို ပြောကြားရာတွင် "ကိုင်တွယ်မှု မတတ်ခဲ့ရင် ရခိုင်ပြည်နယ်က အိမ်နီးနားချင်း ဘင်္ဂလာဒေ့ရှ်နဲ့ ပါကစ္စတန် နိုင်ငံတွေမှာ ဖြစ်နေသည့် ဂျီဟက်ဒ် အစွန်းရောက်များရဲ့ ထိုးဖောက်ဝင်ရောက်ရန်ကြိုးပမ်းမှုများနှင့် ကြုံတွေ့ရနိုင်တယ်" ဟု ပြောကြားခဲ့သည်။

ထို့ ပြင် မြန်မာ၏ အိမ်နီးနားချင်း မွတ်ဆလင်နိုင်ငံများ ဖြစ်သော မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများကိုလည်း နောက်ထပ် ဘာသာရေး အစွန်းရောက် စိတ်များ ဖြစ်လာမည့် လူထုအသုံးချ ဆန္ဒပြမှုများကို ရပ်တန့်ရန် အမေရိကန် လက်ထောက်နိုင်ငံခြာရေးဝန်ကြီး ဒင်နီယာက်ရက်ဆဲလ် တောင်းဆိုလိုက်သည်။

ရခိုင်ဒေသက တိုက်ခိုက်မှုသည် ဒေါ်အောင်ဆန်းစုကြည်၏ အာဏာကန့်သတ်မှု ရှိနေသည်ကို ဖော်ပြသကဲ့သို့ ဖြစ်စေသည်။ ပြည်ပ လူ့ အခွင့်အရေး အဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်ကို မွတ်ဆလင်များအား မကာကွယ်သည့်အတွက် အပြစ်တင်ခံနေ၇သော်လည်း ရက်ဆယ်လ် အနေဖြင့်တော့ ကာကွယ်ပြောကြားခဲ့သည်။

"သူမ၏ စီရင်ဆုံးဖြတ်မှုကို ကျွန်တော်တို့ ယုံကြည်မှု ရှိရမယ်။ သူမက ဒီအရာတွေကို ဂရုမစိုက်ပါဘူးဆိုတဲ့ အယူအဆနောက်ကို ပါမသွားသင့်ဘူး။ သူမ ဒါတွေကို သိတယ်။ ဒါတွေကို အရေးထား ဂရုစိုက်ပါတယ်” ဟု ရက်ဆယ်လ်က ဆိုသည်။

လင်းလင်း

Ref - AP
The Ladies News

 ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လားရှိုးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူက ဒီနေ့ ရှမ်းပြည်နယ်လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းလိုက်ပါတယ်။

အဲဒီအဆိုကို ကန့်ကွက်သူတွေ ရှိပေမယ့် ထောက်ခံသူများတာကြောင့် မနက်ဖြန်ကျင်းပမယ့် ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးမှာ ဆွေးနွေးကြမှာဖြစ်တယ်လို့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဥာဏ် က ပြောပါတယ်။

"ဒီကိစ္စကို ဆွေးနွေးမယ့်သူအမည်စာရင်း ပေးနိုင်ပါတယ်ဆိုပြီးတော့ သူတို့ဖိတ်ခေါ်တယ်။ ဆွေးနွေး မယ့်သူတွေကတော့ သွားပြီးစာရင်းပေးကြတာပေါ့။ ဒီနေ့ဆိုရင် ကျနော်တို့ အန်အယ်လ်ဒီနဲ့အတူ ကန့်ကွက်တယ်။ မဲမနိုင်ဘူး။ ဆိုလိုရင်းကတော့ မနက်ဖြန်လည်းသွားပြီး ကန့်ကွက်ဆွေးနွေးပေမယ့် လည်း ဘယ်လိုမှအသာစီးမရနိုင်ဘူး။ ဒီကိစ္စကိုတော့ ရာခိုင်နှုန်း ခပ်များများကတော့ ကြံ့ခိုင်ရေးနဲ့ တပ်မတော်သား ဖြစ်ချင်တဲ့အနေအထားလေး ဖြစ်သွားနိုင်ဖို့ တော်တော်လေးသေချာနေတဲ့ အနေအထားပေါ့လေ"

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ KIA တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်က တင်သွင်းတဲ့ အရေးကြီးအဆိုကို NLD ပါတီက ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်ခဲ့တာကြောင့် အဆိုကို ဆက်လက်ဆွေးနွေးဖို့ သင့်၊ မသင့် မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် ရှမ်းပြည်နယ် လွှတ်တော်မှာ ကိုယ်စားလှယ်အများစုရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံတာကြောင့် ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၃ဝ ကျော်ရှိပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၃၅ ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ၃၂ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၂၄ ဦး ရှိတာ ဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံမယ်ဆိုရင် အဲဒီအဆိုဟာ မနက်ဖြန်မှာ အတည်ဖြစ်မှာ ဖြစ်ပါတယ်။
RFA

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံကြစဉ်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံကြစဉ်
Photo: Myanmar State Counsellor Office
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနေရတဲ့အပေါ် နိုင်ငံတကာအနေနဲ့ အချိန်ယူဆောင်ရွက်ခွင့်ပေးဖို့နဲ့ နားလည်မှုရှိဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။

နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နဲ့ တွေ့ဆုံရာမှာ ပြောလိုက်တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ လုပ်ငန်းတွေ ဆောင်ရွက်နေမှု၊ NV ကဒ် စိစစ်ထုတ်ပေးမှု၊ ဒေသအတွင်း တစ်နေရာကနေ တစ်နေရာကို လွတ်လပ် စွာ ကူးသန်းသွားလာမှုဆိုင်ရာ ကိစ္စရပ်တွေအပါအ၀င် တခြားသောကိစ္စရပ်တွေမှာ လက်ရှိ ကြုံတွေ့နေရတဲ့ အခက် အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကော်မရှင်အဖွဲ့ ကို ပြောကြားခဲ့တယ်လို့ ပါရှိပါတယ်။

တွေ့ဆုံပွဲမှာ ကော်မရှင်အဖွဲ့က မြန်မာနိုင်ငံခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ တင်ပြခဲ့တယ်လို့လည်း ပါရှိပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ လုပ်ငန်းကော်မတီတွေရဲ့ ဥက္ကဌတွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တက်ရောက်ခဲ့ပါတယ်။
RFA


ရှမ်းဒုက္ခသည်များကို တွေ့ရစဉ်
ရှမ်းဒုက္ခသည်များကို တွေ့ရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တပ်ဖွဲ့တို့အကြား ဒေသအနှံ့မှာဖြစ်ပွါးခဲ့တဲ့တိုက်ပွဲတွေကြောင့် ဖေါင်းဆိုင် မုံးကိုး၊ ဟေမိုးလုံ နမ္မတူအစရှိတဲ့ သောင်းနဲ့ချီတဲ့ဒေသခံ ကျေး ရွာသားတွေ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ တပ်မတော်ကနေ မုံးကိုးဒေသကိုထိမ်းချုပ်နိုင်ပြီးဆိုပေမဲ့ ဒေသခံ တွေနေရပ်ရင်းကိုပြန်ဖို့အခက်တွေ့နေတယ်လို့လဲဆိုပါတယ်။ ဗွီအိုအေ သတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ် မေးမြန်းသတင်းပေးပို့ထားပါတယ်။

စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသအတွင်း မြန်မာ့တပ်မတော်ကနေ ဒေသကို ပြန်လည်ထိမ်းချုပ်နိုင်ပြီးဆိုပေမဲ့ တရုတ်နိုင်ငံတွင်းကိုတိမ်းရှောင်နေတဲ့ ဒေသခံရွာသားတွေ နေရပ်ရင်းကို မပြန်နိုင် သေးဘူးလို့ မုံးကိုးဒေသခံ ဦးတီတီ နောင်လတ်ကပြောပါတယ်။

“အခုမြို့အတွင်းမှာ ငြိမ်တယ်လို့ပြောရမလား တချို့ပြည်သူတွေက ဘယ်သူမှ မပြန်သေးဘူး။ အခြေအနေမကောင်းသေးလို့။ ကျနော်တို့လို မုံးကိုး၊ ဖေါင်းဆိုင် က လူတွေပေါ့. ၂ သောင်းကျော်လောက်ရှိမယ်လို့ သိရတယ်။ တပ်ကလည်း လောလောဆယ်မ၀င်ကြနဲ့ပြောတယ်လို့ သိရတယ်။ အိမ်ကလည်းအကုန်ပျက်စီးကုန်ပြီ၊ ဘယ်သူ့အိမ်တွေပျက်စီးသွားတယ်၊ ရှိလားမရှိတော့ဘူးလားဆိုတာ မသိဘူး တဘက်ကမ်းမှာရောက်နေလို့။ မျှော်လင့်တာကတော့ တပ်မတော်ကရောက်လာရင် ကောင်းမယ်လို့ယူဆတာ အခုက တပ်မတော်ကရောက်လာတာနဲ့ အကုန်မီးရို့ ၊ စပါးပုံတွေ မီးရို့တယ်လို့ ။ မီးခိုးထွက်တာက မြင်တာ ဒါပေမယ့် ဘယ်အိမ်တွေက ဘယ်လိုဖြစ်တယ်ဆိုတာလည်း ကောင်းကောင်းမသိရဘူး။”

ပြီးခဲ့တဲ့နိုဝင်ဘာလ(၂၀)ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ဖေါင်းဆိုင်၊ မုံးကိုး ဟေမိုးလုံအစရှိတဲ့ဒေသတွေမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တပ်ဖွဲ့တို့အကြားဖြစ်ပွါးခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံ နှစ်သောင်းနီးပါးဟာ စစ်ဘေးလွတ်ရာ တရုတ်နိုင်ငံထဲကိုထွက်ပြေးတိမ်းရှောင်နေရတာပါ။

နှစ်ပတ်အကြာ တိုက်ပွဲပြင်းထန်နေတဲ့ မုံးကိုးမြို့အတွင်းမှာတော့ ယမနေ့ညနေပိုင်းလောက်မှာ မြန်မာ့တပ်မတော် ကနေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ဒီဖြစ်ပွါးတဲ့တိုက်ပွဲတွေမှာ ဒေသခံတွေထိခိုက်မှုရှိခဲ့တယ်လို့ ဦးတီတီနောင်လတ် ကဆက်ပြောပါတယ်။

“စဖြစ်တဲ့နေ့မှာဆိုရင်တော့ ဖာကန်ကျောင်း ကျောင်းစောင့်ပေါ့ ယောက်ျား ၁ ယောက်၊ မိန်းမ ၁ ယောက် လင်မယား ၂ ယောက် သေဆုံးသွားတယ်။ ကျနော်တို့ ကျူကုတ် ပန်ဆိုင်းမှာလည်း ၄ ယောက်ကျဆုံးတယ် သင်းထောက်ဆရာ ၁ ယောက်ပါတယ် နမ့်တောင်းက ။ မုံးကိုးက အရပ်သား ကချင်ကောင်လေး၁ယောက်လည်း ကျဆုံးတယ်။ တနင်္ဂနွေနေ့မှာ ကောင်းလုံ ကျေးရွာက ပလောင်လူမျိုးပေါ့ ၃ ယောက်ဆုံးတယ် ၆ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကို ကျနော်တို့ ဆေးရုံဘက်ကို ပို့ထားပါတယ်။”

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေအနေနဲ့တော့ ကန့်သတ်စစ်ပွဲကိုသာဆင်နွှဲနေတာဖြစ်ပြီး မုံးကိုးမြို့ကိုရေရှည် ထိန်း ချုပ်ဖို့ရည်ရွယ်ချက်မရှိသလို ဒေသခံတွေထိခိုက်မှုကိုရှောင်ရှားဖို့ မုံးကိုးမြို့ကနေဆုတ်ခွါခဲ့တယ်လို့ တာဝန်ရှိ သူတွေ ကပြောပါတယ်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် နဲ့နမ္မတူမြို့နယ်တွေမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ် ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွါးနေတာကြောင့် နမ္မတူမြို့အတွင်းရွာသား(၁၂၀၀)ခန့် စစ်ဘေးတိမ်းရှောင်ရောက်ရှိ နေ တယ်လို့ နမ္မတူမြို့ဒုက္ခသည်အကူညီပေးရေးကော်မီတီ ဒုဥက္ကဌဦးစိုင်းဘဥာဏ်ကပြောပါတယ်။

“ကျနော်တို့ အခုလောလောဆယ် လူဦးရေက စခန်း(၅)ခုမှာ ၁၂၉၆ ခုလောက်ရှိတယ် သူတို့က တိုက်ပွဲတွေဖြစ်လို့ ရှောင်လာကြတယ် စစ်ရှောင်တွေပေါ့ ။ ကျနော်တို့ဒီ မန်တုံမြို့နယ် မိုင်းမော်ဒေသတွေမှာပေါ့ မိုင်းမော်ဒေသဆိုရင် ရွာတွေကတော့ နမ့်ဟိုင်း၊ နားလွင်တို့ ရွာတွေက အများကြီးခင်ဗျ။ တိုက်ပွဲက ကျနော်တို့တပ်မတော်နဲ့ တပ်ပေါင်းစု နဲ့ပေါ့။

ဒီစစ်ပြေးဒုက္ခသည်တွေကို နမ္မတူမြို့ ဒုက္ခသည် စခန်း(၅)ခုမှာ နေရာချထားပေးတယ် လို့သူကဆိုပါတယ်။

လက်ရှိ မန်တုံမြို့နယ် နဲ့နမ္မတူမြို့နယ်တွေမှာ တပ်မတော်နဲ့TNLA တအာင်းပလောင် တပ်ဖွဲ့တွေအကြား ရက်ဆက်ဆို သလို တိုက်ပွဲတွေဖြစ်ပွါးနေတဲ့အခြေအနေကြောင့် နေရပ်ရင်းကိုပြန်ဖို့အခက်တွေ့နေဆဲလို့ ဦးစိုင်းဘဥာဏ်က ပြော ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ကချင်၊ တအာင်း၊ ရခိုင်နဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တွေကြား နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

မြန်မာ့တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားနေတဲ့ KIA၊ TNLA၊ MNDAA နှင့် AA လက်နက်ကိုင် လေးဖွဲ့အနေနဲ့ စစ်မှန်ပြီး မျှတတဲ့ နိုင်ငံရေးဆွေးနွေးမှုအတွက် စစ်ရပ်စဲရန်အဆင်သင့်ဖြစ်ကြောင်း ဒီဇင်ဘာ ၄ရက်က ပူးပေါင်း ထုတ်ပြန် ကြေ ညာခဲ့ပါတယ်။

လက်ရှိအနေအထားအရ မြန်မာ့တပ်မတော်အနေနဲ့ TNLA၊ MNDAA နှင့် AAစတဲ့လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ကို NCA အပစ်ရပ်လက်မှတ်ရေးထိုးရေးမှာကန့်သတ်ထားတာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးဖေါ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဟန့်အတားတခုလိုဖြစ်နေတယ်လို့ ရှမ်ပြည်အရေး လေ့လာသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးရဲထွန်းကဆိုပါတယ်။

“မူလကတည်းကလည်း ဒီ ၃ ဖွဲ့ကို သူတို့ ချန်ထားခဲ့ချင်တာ ချန်ထားခဲ့ပြီးတော့ KIA ကသာ လက်မှတ်ထိုးမယ်ဆိုရင် NCA လက်မှတ်ထိုးမယ့်အဖွဲ့တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေသွားမယ်။ ဒီ ၃ ဖွဲ့ကိုတော့ လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ပါတယ် ဆိုတာမကြေညာရင် NCA လက်မှတ်ထိုးခွင့်မပြုဘူး အပြုတ်တိုက်ချင်တဲ့ ရည်ရွယ်ချက် တပ်မတော်မှာရှိတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပါဝင်စေချင်တဲ့ ဆန္ဒရှိပေမယ့်လည်း တပ်မတော်ကို နိုင်အောင်ပေါ့နော် လက်ခံလာအောင် မစည်းရုံးနိုင်ခဲ့ဘူး။

၂ပတ်အကြာစစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသအတွင်းမှာ ဒီရက်ပိုင်းအတွင်းမြန်မာ့တပ်မတော်ကနေမုံးကိုးဒေသကိုထိမ်းချုပ်ထားနိုင်တာကြောင့် တိုက်ပွဲရပ်တန့်နေတယ်ဆိုပေမဲ့ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ နေရပ်မပြန်နိုင်သေးသလို နယ်မြေအေးချမ်းမှုမရှိသေးလို့ လုံခြုံရေးအတွက်အာမခံချက်မရှိသေးတဲ့ အနေအထားမှာ ရှိနေပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်တွေအင်အားအသာစီးနဲ့ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ မုံးကိုးတပ်စခန်းကို မြန်မာ့တပ်မတော် စစ်ကူစစ်ကြောင်းတွေကနေ ထိုးဖေါက်ကျော်လွှားပြီး ဒီဇင်ဘာ(၄)ရက်ညနေပိုင်းမှာ မုံးကိုးတပ်စခမ်း နဲ့ပူးပေါင်းနိုင် သလို မုံးကိုးမြို့ကိုလည်း ထိန်းချုပ်နိုင်ပြီးလို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ မနေ့ကသတင်း ထုတ်ပြန် ထားပါတယ်။

နိုင်ကွန်းအိန်
VOA Burmese News



( ဓါတ်ပုံ - ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ကို ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ် )
မဲဆန္ဒနယ်မြေအသီးသီးမှာ ဥပဒေမဲ့လုပ်ရပ်တွေနဲ့ မသမာမှုတွေ တွေ့ရှိရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ လွှတ်တော်ဥက္ကဌတွေထံ တိတိကျကျ တိုင်ကြားဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာမှာ ကျေးရွာဘဏ်ကော်မတီတွေကို စနစ်တကျဖွဲ့စည်းပြီး ကျေးရွာတွေအရောက် ချေးငွေထုတ်ပေးတဲ့ပုံစံ ပြောင်းလဲပေးဖို့အဆိုကို လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးပြီးနောက် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

အဲဒီအဆိုကို ဝင်ရောက်ဆွေးနွေးခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့် က စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးရာမှာ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ ရှိမှထုတ်ချေးပေးတာကြောင့် ပုံစံ ၇ တွေဟာ အမှန်တကယ် လယ်လုပ်တဲ့သူတွေထံ မရောက်ရှိဘဲ အောက်ခြေမှာ မသမာမှုတွေ ပြုလုပ်ပြီး စိုက်ပျိုးစရိတ်ချေးငွေတွေကို ထုတ်ယူနေကြောင်း အမှန်တကယ် တောင်ယာလုပ်ကိုင်သူတွေ ချေးငွေရရှိဖို့ အခက်အခဲဖြစ်နေရကြောင်း ဆွေးနွေးခဲ့ပါတယ်။

အဲဒီဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အောက်ခြေမှာ မမှန်မကန်ဆောင်ရွက်နေတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တိတိကျကျလေ့လာပြီး အထောက်အထားခိုင်ခိုင်လုံလုံနဲ့ တင်ပြဖို့ ဦးဝင်းမြင့် က ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောဆိုထားပေမယ့် မဲဆန္ဒနယ်တွေကို ဆင်းတဲ့အခါမှာ အောက်ခြေမှာ ဝန်ထမ်းတွေက ဝန်ကြီးဌာနရဲ့ ညွန်ကြားချက် မရရှိသေးကြောင်း ပြောဆိုတာကြောင့် ကိုယ်စားလှယ်တွေအနေနဲ့ အခက်အခဲဖြစ်ရကြောင်းလည်း ဦးအောင်မြင့် က တင်ပြခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


လူမျိုးတုံသတ်ဖြတ်မှု (Genocide) ဟူသော စကားလုံးသည် ကြီးလေးသော စကားရပ်ဖြစ်သောကြောင့် လက်လွတ်စပယ် မသုံနူန်းသင့်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဌ ကိုဖီအားနန်က ဒီဇင်ဘာ ၆ ရက်နေ့က ရန်ကုန် ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတိပေး ပြောကြားလိုက်သည်။

“လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ ဒီဝေါဟာရကတော့ ပြင်းထန်တဲ့စကားလုံးဖြစ်ပါတယ်။ ဒီလို ဝေါဟာရတွေသည် ဥပဒေအရ ပြန်လည်သုံးသပ်ပြီးတော့ တရားစီရင်ရေးပိုင်းက သုံးသပ်ပြီးတော့မှ သုံးသင့်တဲ့ ဝေါဟာရဖြစ်ပါတယ်။ လက်လွတ်စပယ် အလွတ်သဘော လျှောက်ပြောသင့်တဲ့စကားလုံး မဟုတ်ဘူးလို့ ပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် ကိုဖီအာနန်က ရခိုပြည်နယ်နှင့်ပတ်သက်၍ ဆက်လက်ပြောကြားရာတွင်
“ရခိုင်ဒေသက အသိုက်အ၀န်အသီးသီးကြား ပြန်လည်သင့်မြတ်ရေး၊ လွတ်လပ်စွာ သွားလာခွင့်၊ နိုင်ငံသာစိစစ်ရေးလုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးမှုတွေကို အဓိကဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ပြည်နယ်ရဲ့ ယဉ်ကျေးမှု၊ ကြွယ်ဝလှတဲ့ ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်ဖို့နဲ့ စောင့်ရှောက်ဖို့ကိုလည်း ဆွေးနွေးဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

News Watch
https://www.facebook.com/NewsWatchJournal


နိရဉ္စရာ၊ ဒီဇင်ဘာ ၅

ဘင်္ဂလာဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာက မြန်မာနိုင်ငံမှ အကြမ်းဖက်သမားများကို သူမ၏ နိုင်ငံတွင် ခိုလှုံခွင့်ပေးမည်မဟုတ်ကြောင်း Cox’s Bangla တွင် သတင်းခေါင်းစဉ် মিয়ানমারের সন্ত্রাসীদের আশ্রয় দেব না : প্রধানমন্ত্রী သတင်းဖော်ပြသည်။

ဒီဇင်ဘာ ၃ ရက်နေ့က ဟန်ဂေရီ နိုင်ငံမှ ပြန်လာပြီးနောက် ဒက္ကားမြို့ဝန်ကြီးချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

ဘင်္ဂလာဒေ့ရှ် ၀န်ကြီးချုပ်က မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ ၉ ဦးကို အကြမ်းဖက်သမားများမှ သတ်ဖြတ်သဖြင့် ယခု ပြဿနာ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများကို ဖမ်းဆီးပြီး သက်ဆိုင်ရာကို အပ်နှံပါက ယခု ပြသနာပေါ်ပေါက်လာမည် မဟုတ်ကြောင်း၊ ယခုအခါ အပြစ်မဲ့သူများ ကြားထဲတွင် ဒုက္ခရောက်ရကြောင်း၊ သူမအနေဖြင့် ထိုသူများ အပေါ်တွင် ကိုယ်ချင်းစာ သနားဂရုဏာ ဖြစ်မိကြောင်း ပြောကြားသည်ဟုဆိုသည်။

မြန်မာနိုင်ငံ အနောက်ဘက်နယ် စပ်တွင် လက်ရှိ ဖြစ်ပေါ်နေသော ပြဿနာကို နှစ်နိုင်ငံ နိုင်ငံခြား ၀န်ကြီးဌာန အကြားတွင် ဆက်သွယ်ဆောင်ရွက်နေကြောင်း၊ မည်ကဲ့သို့ ဆုံးဖြတ်ချက်များ ထွက်ပေါ်လာမည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း သူမက ပြောကြားသည်။

၎င်းပြင်သူမက ကုလသမဂ္ဂအနေဖြင့် ယခု ပြဿနာကို ဖြေရှင်းပေးရန် တာဝန်ရှိကြောင်းဖြင့်လည်း သူမက ပြောဆိုသည်။

Narinjara
https://www.facebook.com/Narinjara


မြန်မာနိုင်ငံရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ဆန္ဒပြခဲ့တဲ့ပေါ်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကို ခေါ်ယူပြီး အချက် ၄ချက်ပါတဲ့ သတိထောက်လွှာပေးအပ်ခဲ့ပါတယ်။ ဒီသတိထောက်လွှာမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ အခြေအမြစ်မခိုင်မာတဲ့ သတင်းတွေကို ကိုးကားထားကြောင်းနဲ့ သုံးစွဲတဲ့ ဝေါဟာရတွေဟာ လက်ခံနိုင်ဖွယ်မရှိကြောင်း ပါဝင်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောအရေးကိစ္စနဲ့ပတ်သက်ပြီး ဒီလ ၄ရက်နေ့က ကွာလာလမ်ပူမြို့မှာ မလေးရှားနိုင်ငံဝန်ကြီးချုပ်ဦးဆောင်ပြီး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲမှာ မောင်တောဒေသက အစ္စလာမ်ဘာသာဝင်တွေကို လူမျိုးတုံးသတ်ဖြတ်နေတာကို ကန့်ကွက်ကြောင်းနဲ့ အာဆီယံအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ကုလသမဂ္ဂ၊ နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာခုံရုံးနဲ့ အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ OIC အနေနဲ့ ကြားဝင်ဖြေရှင်းဖို့ကို တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနက ဆန္ဒပြမှုအခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ် ပြီးတဲ့နောက် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက မလေးရှားသံအမတ်ကို ခေါ်ယူခဲ့ပါတယ်။

ဒီကနေ့မှာတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက မလေးရှားသံအမတ်ကို သတိထောက်လွှာပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက အခုလို ပြောပါတယ်။

“မလေးရှားသံအမတ်ကြီးကို ကျနော်တို့ ဒုဝန်ကြီးက ဒီကနေ့ နေ့လည် ၂ နာရီမှာ ခေါ်တွေ့လိုက်ပါတယ်။ တွေ့ပြီးတဲ့အခါကျတော့ အချက် ၄ ချက် ပေါ့လေ။ ပေးတာကတော့ ကျနော်တို့ သတိထောက်လွှာအဖြစ်ပေးလိုက်ပါတယ်။”

ဒီကနေ့ ပေးအပ်လိုက်တဲ့ သံတမန်ရေးဆိုင်ရာ သတိထောက်လွှာမှာ ပါဝင်တဲ့ အချက်တွေကို ဦးကျော်ဇေယျက အခုလို ဆက်ပြောပါတယ်။

“အဓိက အချက် ၄ ချက်ကတော့ ၁ အချက် ပြောကြားချက်တွေဟာ အခြေအမြစ် ခိုင်ခိုင်မာမာ မရှိတဲ့ သတင်းအချက်အလက်တွေကို ကိုးကားတဲ့အနေအထားကို တွေ့ရတဲ့ဟာကို ကျနော်တို့ ထောက်ပြပါတယ်။ နောက်သူတို့ သုံးတဲ့ Terms တွေပေါ့နော် ဝေါဟာရပေါ့နော်။ အဲဒီ ဝေါဟာရ အပေါ်မှာ ကျနော်တို့ လက်မခံနိုင်တဲ့ ဝေါဟာရတွေကို ကျနော်တို့ ငြင်းပယ်တယ်ဆိုတဲ့ အကြောင်း ကျနော်တို့ ပြောပါတယ်။ နောက်တခါကျတော့ ကျနော်တို့တွေက မနှစ်က ၂၀၁၅ နှစ်ကုန်ပိုင်းမှာ အာဆီယံ အသိုင်းအ၀ိုင်းတခုအနေနဲ့ ပေါ်ထွက်လာတယ်။ အဲဒီတော့ အာဆီယံ အသိုင်းအ၀ိုင်းတရပ်အနေနဲ့ မိသားစုဝင်အချင်းချင်းမှာတော့ အပြုသဘောဆောာင်တဲ့ ထောက်ပြမှု၊ ပြောဆိုမှု၊ ချဉ်းကပ်မှုတွေ လုပ်သင့်တဲ့အကြောင်း ကျနော်တို့က ဘာပဲပြောပြော အာဆီယံ အသိုင်းအ၀ိုင်းဖြစ်နေတဲ့အတွက်ကြောင့် အာဆီယံ စုစည်းညီညွှတ်မှုကို အထိကထားပြီးတော့ ပြောဆိုခဲ့ပါတယ်။”

ဒီကနေ့ မနက် ၁၁နာရီခွဲလောက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ အကြံပေးကော်မရှင်အဖွဲ့က ရခိုင်ပြည်နယ်မှာ နိုဝင်ဘာလ ၂၉ရက်ကနေ ဒီဇင်ဘာလ ၅ရက်နေ့အထိ လေ့လာတွေ့ရှိချက်တွေကို အကြံပြု ပြောကြားခဲ့တယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

“အဓိကတော့ သူတို့သွားတဲ့ မြေပြင်မှာတွေ့မြင်ခဲ့တာနဲ့ ပတ်သက်ပြီး အကြံပြုတဲ့သဘောပါ။ ၂ ဘက်အသိုင်းအ၀ိုင်းနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုး လူမှုရေးအခြေအနေတွေ ၊ လှုပ်ရှားသွားလာမှုတွေ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုတိုးတက်ကောင်းမွန်အောင်လုပ်မလဲဆိုတာ အကြံပြုတဲ့ သဘောပါပဲခင်ဗျ။”

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတကာအနေဖြင့် ဆယ်စုနှစ်များစွာကြာမြင့်နေပြီဖြစ်တဲ့ ပြဿနာတွေကိုဖြေရှင်းဆောင်ရွက်နေရတဲ့ မြန်မာနိုင်ငံအပေါ် အချိန်ယူဆောင်ရွက်ခွင့်ပေးဖို့နဲ့ နားလည်မှုဖို့ လိုအပ်ကြောင်း ပြန်လည် ရှင်းလင်းပြောကြားခဲ့တယ်လို ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပါတယ်။ ဒီလို တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်အရေးကို မြန်မာနိုင်ငံတည်ဆဲဥပဒေတွေနဲ့ အညီဖြစ်အောင် ကြိုးပမ်းနေကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တွေအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများမရှိကြောင်း။ ဥပဒေချိုးဖောက်မှုရှိပါက အရေးယူသွားမှာဖြစ်ကြောင်း နဲ့ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ပူးပေါင်းလုပ်ဆောင်နေကြောင်း ပြောကြားခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

 ကိုမိုးဇော်   / ဗွီအိုအေ (မြန်မာပိုင်း)
 http://burmese.voanews.com


၆-၁၂-၂၀၁၆

ထိုင်းနိုင်ငံ ချွန်ဘူရီ ဘန့် လမုံ မြို့ နယ် အတွင်းမှာ Big Bikeဆိုင်ကယ်ကြီး စီးသူနဲ့  သူငယ်ချင်းဖြစ်နေတဲ့ အသက် (၁၄) နှစ်နဲ့  (၁၇)နှစ်အရွယ် မိန်း ခလေးနှစ်ဦးကို အချိုရည်ထဲမှာ ဆေးခတ်ပြီး အုပ်စုလိုက်ဝိုင်းမုဒိန်းကျင့်ခံရကြောင်း သိရပါတယ်။

မိန်းခလေးနှစ်ဦးနဲ့  စတင်သိကျွမ်းခဲ့သူက စားသောက်ဆိုင် ခေါ် သွားခဲ့ပြီး ကျန်တဲ့ဆိုင်ကယ်စီးအုပ်စုဝင်တွေက ဘန်ကလိုတစ်လုံး ကနေ စောင့်နေ ခဲ့ကြပါတယ်။


မိန်ခလေးငယ်နှစ်ဦး ဆေးမူးနေချိန်မှာ ဘန်ကလိုဆီကို ခေါ်သွားပြီးဝိုင်းမုဒိန်း ကျင့်ခဲ့ကြတာပါ၊ သတိ မေ့မျောနေတဲ့ မိန်းခလေးနှစ်ဦးကို ပတ္တားရား မြို့ နယ် ဆူကိုဗစ် လမ်းမဘေးမှာ ပစ်ထားခဲ့တာကို တာဝန်သိပြည်သူတစ်ဦး က တွေ့ ခဲ့ပြီး ရဲစခန်းကိုဖုန်းဆက် တိုင်ကြားပေးခဲ့တာပါ။


မိန်းခလေးငယ်နှစ်ဦးကို ဘန့်လမုန် ဆေးရုံမှာ အရေးပေါ်ဆေးကုသပေးနေပြီး Big Bike ဆိုင်ကယ်စီး တရားခံ တွေကို ရဲတပ်ဖွဲ့ ဝင်တွေက အပူ တပြင်း ရှာဖွေနေကြောင်းသိရတယ်။

SAW
Daily news
Social Action for Women - SAW


( ၆-၁၂-၂၀၁၆ ရက်နေ့၊ နေပြည်တော် )

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မစ္စတာကိုဖီအာနန် ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့အား ဒီဇင်ဘာလ (၆)ရက်နေ့ ယနေ့ နံနက် ၁၁း၃၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမတွင် တွေ့ဆုံခဲ့ပါသည်။


ယင်းသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့အနေဖြင့် ၂၉-၁၁-၂၀၁၆ ရက်နေ့မှ ၅-၁၂-၂၀၁၆ရက်နေ့ အထိ ခရီးစဉ်များအတွင်း လေ့လာတွေ့ရှိချက်များအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အားရှင်းလင်းတင်ပြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှလည်း အကြံပေးကော်မရှင်အနေဖြင့် လေ့လာ တွေ့ရှိမှုများ အပေါ်မူတည်ပြီး ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှု ၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အထောက်အပံ့လုပ်ငန်းများ ဆောင်ရွက်နေမှု၊ NV ကဒ် စိစစ်ထုတ် ပေးမှုလုပ်ငန်းစဉ်၊ ဒေသအတွင်း တစ်နေရာမှတစ်နေရာသို့ လွတ်လပ်စွာ ကူးသန်းသွားလာမှုဆိုင်ရာကိစ္စရပ်များအပါအ၀င် အခြားသောကိစ္စရပ် များတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ နှင့် ပတ်သက်သည့် စိန်ခေါ်မှုများ နှင့် ပတ်သက်သည့် အကြံပြုချက်များအား ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး၊ နိုင်ငံတကာအနေဖြင့် ဆယ်စုနှစ်များစွာကြာမြင့်နေပြီဖြစ်သည့် ပြဿနာ များကိုဖြေရှင်းဆောင်ရွက်နေရသည့် မြန်မာနိုင်ငံအပေါ် အချိန်ယူဆောင်ရွက်ခွင့်ပေးရန် နှင့် နားလည်မှုရှိရန် လိုအပ်ကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

တွေ့ဆုံမှုတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုး တက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီများ၏ ဥက္ကဌများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar/


ဒီဇင်ဘာလ ၆ ရက် ၂၀၁၆

ဝ တပ်ဖွဲ့ဝင်ရောက် သိမ်းပိုက်ထားသည့် မိုင်းလားတပ်ဖွဲ့၏တပ်စခန်းကြီးများ မှ ပြန်လည်တပ်ရုပ်ပေးလိုက်သည်ဟု ဆိုသော်လည်း စစ်ရေး မဟာ ဗျူဟာ ကျ သည့် တပ်စခန်းကြီးနှစ်ခုကိုမူ တပ်ရုပ်ဖို့ ညွှန်ကြား ချက်မရေ သးဟု ရှေ့ တန်းရောက် ဝ အရာရှိ တဦးကပြောသည်။

“ ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက စစ်သည်ရာဂဏန်းထွက်ခွါသွားပြီ။ လွယ်ကျူဆိုင်း နဲ့ ဝမ့်နောင်ဟုတ် တပ်စခန်းတော့ ဆုတ်လို့မရသေးဘူး။ ညွှန်ကြားချက်မရသေးဘူးလေ”- ဟု ဝ အရာရှိ ဆိုင်းနပ် ကပြောသည်။

UWSA ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် တပ်မဟာ ၄၆၈ ဌာချုပ် ထိန်းချုပ် နယ်မြေမှ ၁၀ မိုင်ခန့်အကွာ ဝမ့်နောင်ဟုတ်တွင် ဝ တပ်ဖွဲ့ ၁၀၀ ခန့် ၊ လွယ်ကျူဆိုင်း တပ်စခန်းတွင် ၁၀၀ ကျော် ဝ တပ်ဖွဲ့ အခြေချ နေထိုင်လျက် ရှိသေးကြောင်း ကြားသိရသည်။

“နိုဝင်ဘာ အကုန် ဒီဇင်ဘာ အကူး မှာ ဝ တပ်ဖွဲ့ ဒုတိယ ခေါင်းဆောင် ဦးရှောက်မင်လျံ ဦးဆောင်တဲ့ ဝ ကိုယ်စားလှယ်အဖွဲ့က မိုင်းလား ကိုလာပြီး မိုင်းလားခေါင်းဆောင်တွေနဲ့ တွေ့တယ်။ မိုင်းလားတပ်ဖွဲ့က နေ ဖမ်းထားတဲ့ ဝ လူတွေ၊ ဝ တပ်ဖွဲ့ပိုင် ကုန်ပစ္စည်းတွေ ပြန်ပေးဖို့ တောင်းတယ်။ လူတွေ အား လုံး ပြန်ပေးဖို့ မိုင်းလားသဘောတူတယ်။ ဒါ့ကြောင့်သူတို့က တပ်ဆုတ်ေ ပးလိုက်တယ်။ အားလုံးတော့ မဆုတ်သေးဘူး။ အခုက ကောင်း တဲ့အလား အလာပါ။ ဆက်ညှိနှိုင်းရင် အဆင်ပြေသွားမှာပါ” - ဟု ခိုင်လုံသည့် သတင်းက ပြောသည်။

၂၀၀၉ ခုနှစ်ကတည်း မိုင်းလားတပ်ဖွဲ့ နှင့် ဝ တပ်ဖွဲ့ကြား သဘောတူညီ ချက်ဖြင့်ရောက်ရှိ လာသည့် ဝ တပ်ဖွဲ့များကိုမူ နဂိုသဘောတူညီချက်အတိုင်း မိုင်းလားနယ်မြေ အတွင်း ဆက်ရှိမည်ဖြစ်ကြောင်း၊ သို့သော် ၂၀၁၆ စက်တင် ဘာ ၂၈ ရက်နေ့က ရောက်ရှိလာသည့် ဝ တပ် အသစ်များ အားလုံး တပ်ပြန် ဆုတ်ပေးရန် မိုင်းလားဘက်က တောင်းဆိုထားကြောင်း၊ ဝ ဘက်ကလည်း မိုင်းလားတပ်ဖွဲ့မှ ထိန်းသိမ်းထားသည့် ဝ ကူးသန်းရောင်းဝယ်ရေး သမားများ၊ ၎င်းတို့ ကုန်ပစ္စည်းများအားလုံး ဝ တပ်ဖွဲ့မှ ပြန်အပ်ပေးရန် ဦးရှောက်မင်လျှံ ၏ မိုင်းလား ခရီးစဉ်တွင် ညှိနှိုင်းကြခြင်းဖြစ်ကြောင်း ကြားသိရသည်။

စက်တင်ဘာ ၂၈ ရက် ၂၀၁၆ က မိုင်းလား တပ်ဖွဲ့၏ ခိုဆုန်ဂိတ်စခန်း၊ လွယ်ကျူဆိုင်း၊ လွယ်ဆမ်ဆုန်၊ ကျူမတ်ဖိုင်းဂိတ်စခန်း တို့အား ဝ တပ်ဖွဲ့ အင်အား ၁၀၀၀ ခန့်က ဝင်ရောက် သိမ်းပိုက်သည်။

ထို့အပြင် ဆီလူး - မိုင်းပေါက် လမ်းမ ပေါ် ရှိ မိုင်းလားတပ်ဖွဲ့၏ ခံတပ်စခန်းနှင့် အပြိင် ဝမ့်ဟုတ်ရွာအတွင်း တွင်လည်း ဝ တပ်ဖွဲ့မှ ဂိတ်စခန်းသစ် တိုးချဲ့ ချထားခဲ့သည်။ နိုဝင်ဘာ ၈ ရက်နေ့က တပ်အင်အား ၃၀၀ ကျော် နှင့် သံချပ်ကာကားများ ပထမ အကြိမ်တပ်ဆုတ်ရာ ယခု ဒီဇင်ဘာ ၁ ရက်နေ့က ဒုတိယ အကြိမ် ဝ တပ်များ မိုင်းလားနယ်မြေမှ ထပ်မံ ဆုတ်သော်လည်း လွယ်ကျူဆိုင်းနှင့် ဝမ့်နောင်ဟုတ်ဂိတ်စခန်း မှာ မူ တပ်ရုပ်ပေးခြင်းမရှိသေးပေ။

သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/


အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖိတ်ကြားမှုအရ ဒီဇင်ဘာလ (၆) ရက် ဒီကနေ့ နေပြည်တော် ကိုလာရောက်မယ်လို့ ဂျကာတာပို့စ်သတင်းဌာန က ဖော်ပြထားပါတယ်။

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အင်ဒိုနီးရှားနိုင်ငံ ကို သွားရောက်ဖို့စီစဉ်ခဲ့ပေမယ့်မသွားဖြစ်ခဲ့တာကြောင့်အခုလိုဖိတ်ကြားခဲ့ တာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။

 အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံပြီး ရခိုင်ဒေသက အကြောင်းအရာတွေ နဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားမှာဖြစ်တယ်လို့ ဂျကာတာပို့စ် မှာဖော်ပြထားခဲ့ပါတယ်။

 အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒ်ါအောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတဲ့နောက်လာမယ့် စနေနေ့မှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်နဲ့လည်း တွေ့ဆုံသွားဖို့ရှိကြောင်း ဂျကာတာပို့စ်သတင်းဌာန က ဖော်ပြထားပါတယ်။

ဓာတ်ပုံ - @Wilson Center
5 Plus News
https://www.facebook.com/5plusnews/


၆-၁၂-၂၀၁၆

ထိုင်းနိုင်ငံKhonKaenကိုကင် ပြည်နယ်က WatSiSawang စီစ၀မ် ကျောင်းထိုင်ဆရာတော် စုန်ဝမ် ဓမော အသက်(၅၄)နှစ် နဲ့ အတူ တွဲရိုက် ထားတဲ့ ပုံတွေကို အမျိုးသမီးတစ်ဦး ရဲ့  ဖေ့ဘုတ်မှာ တင်ထားတာကိုတွေ့ ခဲ့လို့  စာချ ဆရာတော် ကို ကိုးကွယ်နေကြတဲ့ ဒကာဒကာမ တွေဟာ စိတ်ဆိုးဒေါသထွက်ပြီး ထောင်နဲ့ ချီ ဘုန်းကြီး ကျောင်းဝင်းအတွင်း စုဝေးခဲ့ကြပါတယ်။

ဓါတ်ပုံကို ဖြတ်ညှပ်ကပ် ပိုတိုလျော့ လုပ်ပြီး ဆရာတော်ကို တမင်သက်သက် နံမည်ဖျက်တာဖြစ်လို့ တရားခံကိုဖေါ်ထုတ်ပေးဘို့ လူအုပ်ကြီးက တောင်းဆိုခဲ့ကြပါတယ်။


မြို့ နယ်သံဃာ့နာရက ဆရာတော်တွေနဲ့ တာဝန်ရှိလူကြီးတွေက ပူးပေါင်းဖြေရှင်းခဲ့ကြတဲ့ အခါမှာတော့ အွန်လိုင်းမှာ ဆရာတော်နဲ့ အတူ စုံတွဲပုံ တင်ခဲ့ အမျိုးသမီး ကို စစ်ဆေးရင်းနဲ့  ဆရာတော် ဟာ အဆိုပါအမျိုးသမီးကို ငွေထောက်ပံ့ပြီး ဆံပင် ညှပ်ဆိုင်ထောင်ပေးထား တဲ့ ဇတ်လမ်းပါပေါ်သွားခဲ့ပါတယ်။

အဆိုပါ အမျိုးသမီးနဲ့  ချစ်ကြိုက်နေရာကနေ နယ်ဘက်ကို အတူလည်ပါတ် ရင်း အမှတ်တယရိုက်ခဲ့တာဖြစ်ကြောင်း ဆရာတော်က၀န်ခံ ခဲ့ကြောင်း သိရ ပါ တယ်။

နောက်ပိုင်းမှာ သတင်းထောက်တွေ ကျောင်းဝင်းအတွင်း လာရောက်သတင်းယူကြတဲ့အခါ မှာတော့ အဆိုပါ ဆရာတော် တိမ်းရှောင်သွားခဲ့ပါတယ်။

Social Action for Women - SAW



ကချင်ပြည်နယ်အတွင်းရှိတပ်မတော်စစ်ကြောင်းများအား KIA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်
နေပြည်တော်၊ ဒီဇင်ဘာ - ၆

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်အတွင်းရှိ မိမိတပ်မတော်စစ်ကြောင်း အခြေပြုနေရာများသို့ ဒီဇင်ဘာ ၅ ရက် နံနက် ၈ နာရီနှင့် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် KIA အကြမ်းဖက် သောင်းကျန်းသူများ ခြေကုတ်ယူထားသည့် ပွိုင့် ၁၁၀၃ စခန်းကုန်းမှနေ၍ လက်နက်ကြီးများဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


အဆိုပါဗုံးသီးများအနက် ပေါက်ကွဲမှုမရှိသည့် ဗုံးသီးများအား တပ်မတော် စစ်ကြောင်းမှ ကျွမ်းကျင်သူများက စစ်ဆေးရာ တစ်ဖက်နိုင်ငံထုတ် ရှော့တိုက်ပစ်ခတ် ရသည့် ၁၀၇ မမဒုံးသီးများဖြစ်နိုင်ကြောင်းသတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/


မနီလာ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက ၄င်း၏အစိုးရအဖွဲ့ ဝင်အဖြစ်မှ ဒုတိယသမ္မတ Leni Robredo က နှုတ်ထွက်စာတင်ခြင်းကို ဒီဇင်ဘာလ ၅ ရက်က လက်ခံလိုက်ကြောင်းသိရသည်။
Leni သည် ရှေ့ လာမည့် ဖိလစ်ပိုင်နိုင်ငံအစိုးရအဖွဲ့ ဝန်ကြီးအစည်းအဝေးများကို တက်ရောက်တော့မည်မဟုတ်ကြောင်း ပြောကြားချက်ကို ဒူတာတေးက လက်ခံပေးခဲ့ခြင်းဖြစ်သည်။

“ ဒုတိယသမ္မတ Leni Robredo ရဲ့ နှုတ်ထွက်စာတင်တဲ့ကိစ္စကို အင်မတန်ကြေကွဲဝမ်းနည်းစွာနဲ့ ပဲ ကျွန်တော်လက်ခံလိုက်ပါတယ်” ဟု သမ္မတဒူတာတေး၏ ပြောကြားချက်ကို ကိုးကား၍ အစိုးရအဖွဲ့  ကူးလူးဆက်ဆံရေးအတွင်းရေးမှူး Martin Andanar က ဆိုသည်။


Robredo ၏ နှုတ်ထွက်စာတွင် အိုးအိမ် နှင့် မြို့ ပြဖွံ့ ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကောင်စီ(HUDCC) အဖွဲ့ အမျိုးသမီးဥက္ကဋ္ဌရာထူးမှလည်း နှုတ်ထွက်မည့်အကြောင်း ထည့်သွင်းဖော်ပြထားသည်။ အဆိုပါ နှုတ်ထွက်စာကို သမ္မတထံလိပ်မူပြီး ဒီဇင်ဘာလ ၅ ရက်က ပေးပို့ ခဲ့ခြင်းဖြစ်ကြောင်း နှင့် အစိုးရအမှုဆောင်အတွင်းရေးမှူးရုံးက ၄င်းနှုတ်ထွက်စာကို နံနက် ၉ နာရီ ၇ မိနစ်တွင် တရားဝင်လက်ခံရရှိခဲ့ကြောင်း သိရသည်။

 (Xinhua)
China Xinhua News