12/26/16


ရှမ်းပြည်နယ်၊ နမ္မတူ ဒေသထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်း တွေ အထိ၊ ရှမ်းပြည် တောင်ပိုင်း တပ်မတော် RCSS နဲ့ တအာင်း လွတ်မြောက်ရေးတပ် TNLA တို့ အကြား ထိတွေ့ ပစ်ခတ် မှုတွေ ရှိ ခဲ့ပါတယ်။

အဲဒီ နှစ်ဖွဲ့ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေ တွေ့ဆုံဖို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ကြားဝင် ညှိနှိုင်း ပေးနေပေမယ့်လည်း မအောင်မြင် နိုင်ဖြစ် နေပါတယ်။

နယ်မြေလု တဲ့ တိုက်ပွဲတွေ ဖြစ်ပြီး RCSS ဘက်က တပ်တွေ နဲ့ TNLA တပ်တွေ အကြား ထိပ်တိုက်ရင်ဆိုင် ခဲ့ကြတာ လို့ RCSS က ပြောခွင့် ရသူ ဗိုလ်မှူးကြီး စိုင်းလက ဘီဘီစီကိုပြောပါတယ်။

နှစ်ဘက် ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် နမ္မတူ မြို့နယ်မှာ ရှိတဲ့ ပန်လုံ ရွာက အမျိုးသမီး တစ်ဦးလည်း သေဆုံး ခဲ့ပြီး နောက် ထပ် ရွာသား အချို့လည်း ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

RCSS က အစိုးရ နဲ့ NCA လက်မှတ်ရေးထိုး ထားပေမယ့် TNLA ကတော့ ငြိမ်းချမ်းရေးမှာ လက်မှတ်ရေးထိုး ထားခြင်း မရှိပါဘူး။

NCA ထိုး ထားပေမယ့်လည်း နယ်မြေ သတ်မှတ်မှု မရှိတဲ့ အတွက်ကြောင့် TNLA နဲ့ရော အစိုးရ တပ်နဲ့ပါ တိုက်ပွဲ တွေ ဖြစ်ပွားနေရပါတယ်။

RCSS နဲ့ TNLA တို့ တိုက်ပွဲတွေ ဖြစ်ပွား နေတဲ့ အပေါ်မှာ ငြိမ်းချမ်းရေး အတွက် ဆွေးနွေး ခဲ့ကြပေမယ့် အခုချိန်ထိ ပြေလည်မှု မရ သေးဘူးလို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese


မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ လူဦးရေ အဆမတန်များနေပြီး နိုင်ငံရေး အကျဉ်းသားလို့ ဆိုရမယ့် လူ၂၀၀ နီးပါးရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေး အဖွဲ့ AAPP က ထုတ်ပြန်ပါတယ်။

ပြစ်ဒဏ်ကျခံရဖို့ အမိန့်ချခံထားရပြီးသား ၈၇ ယောက်ရှိပြီး အမှုရင်ဆိုင် နေရဆဲ နိုင်ငံရေး အကျဉ်းသား ဦးရေ ၁၁၀ လောက် ရှိတယ်လို့ AAPP အတွင်းရေးမှူး ကိုဘိုကြည် က ပြောပါတယ်။

အရင် အစိုးရ လက်ထက်မှာ ကျန်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ် ရမယ့် ဦးရေ က အနည်းငယ်သာ ရှိပြီး အတော်များများ ကတော့ အစိုးရသစ် လက်ထက်မှာ ဖမ်းဆီး ခံထားရသူတွေ ဖြစ်တယ်လို့ AAPP ကပြောပါတယ်။

အဖမ်းခံထားရသူတွေ ထဲမှာ မတရားအသင်း နဲ့ ဆက်သွယ်လို့ ဆိုကာ ဖမ်းဆီး ထားသူတွေ၊ လယ်ယာမြေနဲ့ ပတ်သက်လို့ အမှုရင်ဆိုင်နေရသူတွေနဲ့ ၆၆(ဃ) နဲ့ ဆက်စပ်ပြီး ဖမ်းဆီး ခံထားရသူတွေ ပါဝင်နေတယ်လို့လည်း AAPP ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။

အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ အဓိပ္ပါယ် ကို သေချာ ဖွင့်ဆို ထားတာ မရှိတာကိုလည်း တွေ့ရတယ်လို့ AAPP အတွင်းရေးမှူး က ဘီဘီစီကို ပြောပါတယ်။

မန္တလေး မြို့မှာ KIA နဲ့ ဆက်သွယ်လို့ ဆိုကာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ် ခံရသူတွေ အနေနဲ့ နိုင်ငံရေး အကျဉ်းသား အဖြစ် သတ်မှတ်ဖို့ရာမှာ မသေချာဘူးလို့လည်း သူက ပြောပါတယ်။

ဒီမိုကရေစီ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိသင့်ဘူးလို့ ဆိုပေမယ့် အစိုးရ ကိုယ်တိုင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် ဒီကိစ္စ ကို ပီပီပြင်ပြင် ကိုင်တွယ် နိုင်တဲ့ အနေအထား မှာ မရှိဘူးလို့ AAPP အတွင်းရေးမှူး က ပြောပါတယ်။

အကျဉ်းထောင်တွေမှာ လူဦးရေ အဆမတန် များပြား နေပြီး ကျန်းမာရေး စောင့်ရှောက် မှုတွေလည်း အပြည့်အဝ မရတဲ့ အပေါ်မှာ အစိုးရ အနေနဲ့ လက်တလော ကိုင်တွယ် ဖြေရှင်း ရမယ့် ပြဿနာ ဖြစ်တယ်လို့ AAPP ဘက် က ထောက်ပြ ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေရဲ့ ခြိမ်းခြောက်မှုတွေကနေ ကမ္ဘာကြီး ငြိမ်းချမ်းပါစေကြောင်း ပုပ်ရဟန်းမင်းကြီး Francis က ဒီကနေ့ တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ ခရစ္စမတ်နေ့ ဆုတောင်း အဖြစ် မိန့်ကြားပါတယ်။ စိန့်ပီတာ ရင်ပြင်မှာ လသာဆောင်ကနေ ပုပ်ရဟန်းမင်းကြီး မိန့်ခွန်းပြောကြားမှုအထဲ မြန်မာ့ ငြိမ်းချမ်းရေး အောင်မြင်ပါစေကြောင်းကိုလည်း ထည့်သွင်း ဆုမွန်ကောင်း တောင်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အောင်မြင်ပါစေကြောင်း၊ နောက် နိုင်ငံတွင်းက ကာကွယ်ပေးဖို့ လိုအပ်နေသူတွေ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အကူတွေ မဖြစ်မနေ လိုအပ်နေသူတွေကိုလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ကူညီမှုနဲ့ ထောက်ပံ့ ဆောင်ရွက်နိုင်ပါစေကြောင်း ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာတလွှား ကြုံတွေ့နေရတဲ့ စစ်ပွဲတွေ အကြမ်းဖက်မှုတွေနဲ့ အတူ ဆီးရီးယား နိုင်ငံတွင်းက စစ်ပွဲတွေ အရေးနဲ့ ပတ်သက်ပြီးလည်း ဒီအချိန်ဟာ လက်နက်တွေနဲ့ တိုက်ခိုက်နေတာတွေကို အဆုံးသတ်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ စေ့စပ်ညှိနှိုင်းပြီး အဖြေ တခု ထွက်လာအောင် ထဲထဲဝင်ဝင် ဆောင်ရွက်ကြဖို့ အချိန်တန်ပြီလို့ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။

ကမ္ဘာတလွှားက မြို့တွေ နိုင်ငံတွေမှာ အကြမ်းဖက်မှုတွေက ကြောက်ရွံ့မှုနဲ့ သေဆုံးခြင်းကို မျိုးစေ့ကြဲချနေတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ဟောကြားခဲ့ပါတယ်။ မြို့တော်နဲ့ ကမ္ဘာကြီးကို ပြောကြားတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ နှစ်ပတ်လည် မိန့်ခွန်းကို နာကြားဖို့ စိန့်ပီတာ ရင်ပြင်မှာ ၀တ်ပြုသူ ထောင်သောင်းချီပြီး စုစည်းခဲ့ကြပါတယ်။ ကမ္ဘာတလွှားက ၈၅ သန်းသော Anglican ခရစ်ယာန် အသင်းတော်ဝင်တွေနဲ့ အင်္ဂလန် ၀တ်ကျောင်းတော်ရဲ့ အကြီးအကဲ ဘာသာရေး ဂိုဏ်းချုပ် Justin Welby ကလည်း ကမ္ဘာတလွှား ခံစားနေရတဲ့ စိုးရိမ်ပူပန်မှုတွေကို မိန့်ကြားခဲ့ပါတယ်။

ဥရောပ တလွှားက ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေ အနီးမှာတော့ လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားပြီး ခရစ်ယာန်တွေရဲ့ ဘာသာရေး အထွဋ်အမြတ် ဖြစ်တဲ့ ခရစ္စမတ်နေ့မှာ အစ္စလာမစ် အကြမ်းဖက်သမားတွေ တိုက်ခိုက်လာနိုင်ခြေနဲ့ ပတ်သက်ပြီး လုံခြုံရေး တပ်လှန့်ထားပါတယ်။

VOA Burmese News

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.