12/30/16
IS စစ်သွေးကြွတွေရဲ့ မြို့တော်အဖြစ် သတ်မှတ်ထားတဲ့ ဆီးရီးယား နိုင်ငံ Raqqa မှာ ဒီသီတင်းပါတ်ထဲ မဟာမိတ်တပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတခု ကနေ အိုင်အက်စ်အဖွဲ့ အဓိက ခေါင်းဆောင် Abu Jandal al-Kuwaiti သေဆုံးသွားပြီဆိုတဲ့ သတင်းကို အမေရိကန်အရာရှိ တွေက မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။
အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ရဲ့ ကြာသပတေးနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဒီခေါင်းဆောင်ဟာ တနင်္လာနေ့က Tabqa ရေကာတာအနီး လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့တယ်လို့ ဖေါ်ပြထားပြီး သူဟာ အိုင်အက်စ် အဖွဲ့ရဲ့ စစ်ကော်မတီဝင်ဟောင်း တဦး ဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ SDF ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ကို အသေခံ ကားဗုံးခွဲတာတွေ၊ IED လက်လုပ်ဗုံးတွေ၊ ဓါတုလက်နက်တွေနဲ့ တိုက်ခိုက်ရာမှာ ပါဝင်ခဲ့သူတဦး ဖြစ်ကြောင်းနဲ့ သူဟာ အိုင်အက်စ်အဖွဲ့ အကြမ်းဖက် တိုက်ခိုက်မှုလုပ်ဖို့ စီစဉ်သူ တဦးလည်း ဖြစ်တာမို့ အခုလို သူရဲ့ သေဆုံးမှုကနေ အိုင်အက်စ်တွေ Raqqa မြို့ကို ထိမ်းချုပ်ကာကွယ်နိုင်စွမ်း လျော့သွားမှာ ဖြစ်သလို အနောက်နိုင်ငံတွေကို တိုက်ခိုက်ဖို့ လုပ်ဆောင်မှုတွေလည်း လျော့ပါးသွားမှာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ သူ့ကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး သူသေဆုံးကြောင်း အိုင်အက်စ်အဖွဲ့ကို ထောက်ခံသူတွေရဲ့ လူမှုမီဒီယာကွန်ယက်တွေမှာ တွေ့ရကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်ရေး စောင့်ကြည့် အဖွဲ့ကြီးက အင်္ဂါနေ့က ပြောကြားခဲ့တာပါ။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
တိုးပွားလာမည့် လူဦးရေနှင့် ယာဉ်ကြောကျပ်တည်းမှု ပြဿနာများ ဖြေရှင်းနိုင်ရန်အတွက် ရန်ကုန်မြို့၌ မြေအောက်ရထားလမ်း၊ ကားလမ်းများ ဖောက်လုပ်ရန် Master Plan ရေးဆွဲထားပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
ယင်းသို့ ဖောက်လုပ်ရာတွင် ရထားလမ်းပိုင်းများကို မြေအောက်ရထားလမ်း (Subway) များဖောက်လုပ်မည်ဖြစ်ပြီး ကားလမ်းပိုင်းများအတွက်မြေအောက် ဥမင်လိုဏ်ခေါင်း (Long Tunnel) ဖောက်လုပ်ဆက်သွယ်သွားမည်ဖြစ်ကြောင်း ၀န်ကြီးဦးဝင်းခိုင်က ပြောသည်။
''ရန်ကုန်မြို့ကြီးမှာ လူဦးရေ ၁၀ သန်းလောက်ဖြစ်လာမယ်ဆိုရင် လက်ရှိ အပေါ်က လမ်းတွေနဲ့ မလုံလောက်ဘူး။ မိုးပျံလမ်းဆောက်လို့ရတဲ့ လမ်းတွေရှိတယ်။ တချို့နေရာတွေက မိုးပျံဆောက်လို့ မရဘူး။ တချို့နေရာတွေက မြေအောက်ရထားလမ်းတွေနဲ့ သွားရမှာတွေ ရှိတယ်။ နောက်ပိုင်း ရန်ကုန်မြို့အောက်မှာ မြေအောက်ရထားလမ်းတွေသွားဖို့ဆိုတဲ့ အစီအစဉ်တွေက ပါပြီးသား။ နောက်ပြီးတော့ ကားလမ်း တွေအနေနဲ့ကတော့ ဥမင်လိုဏ်ခေါင်းအရှည်ကြီးတွေကို ပြောတာ။ တချို့နေရာတွေကအပေါ်ကနေ ဖြတ်လို့ ဘယ်လိုမှ အဆင်မပြေတဲ့နေရာတွေ ရှိတယ်။ ရန်ကုန်မြို့ကလည်း မြင်တဲ့အတိုင်းပဲ မြစ်တွေဝိုင်းနေတာဆိုတော့ နေရာတိုင်းမှာ တံတားတွေလုပ်ဖို့ မဖြစ်ဘူး။ တချို့နေရာတွေမှာ မြစ်အောက်ကနေပြီးတော့ ဥမင်လိုဏ် ခေါင်းကားလမ်းတွေ ဖောက်ပြီးကူးသွားရတာ။ နေရာတိုင်းလမ်းကြီးတွေလုပ်မှာမဟုတ်ဘူး''ဟု ၀န်ကြီးဦးဝင်းခိုင်က ဒီဇင်ဘာ ၂၄ ရက်တွင် News Watch သို့ ပြောသည်။
ထိုသို့ ဖောက်လုပ်ရာတွင် စင်ကာပူနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မလေးရှား၊ ဂျပန်နိုင်ငံစသည့် နိုင်ငံတကာမြို့ကြီးများတွင် ဖောက်လုပ်ထားသော မြေအောက်လမ်းများနည်းတူ ဖောက်လုပ်ရန် စီစဉ်ထား ကြောင်းလည်း ၎င်းကပြောသည်။
''ကွာလာလမ်ပူဆိုရင် Smart Tunnel လို့ ခေါ်တယ်။ ကားတွေက မြေအောက်ကနေ မြို့ထဲကိုသွားလို့ရတယ်။ တိုကျိုတို့၊ ဆိုးလ်တို့၊ စင်ကာပူမှာတောင် မြေအောက်လမ်းတွေရှိတယ်။ တချို့နေရာတွေမှာလိုဏ်ခေါင်း ဖောက်လုပ်ပြီးသွားရတဲ့နေရာတွေရှိတယ်။ နေရာတိုင်းအပေါ်က သွားလို့မရဘူး။ မြေအောက်လိုဏ်ခေါင်းတွေနဲ့ သွားရတဲ့လမ်းအမျိုးအစား၊ တိုတာလည်း ရှိတယ်။ ရှည်တာလည်းရှိတယ်။ ဒီသဘောပါ''ဟု ၎င်းကပြောသည်။
အစိုးရအသစ်အနေဖြင့် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်စေရန် အနှစ် ၂၀၊ ၂၅ ရေရှည်စီမံကိန်းများရေးဆွဲထား သကဲ့သို့ မြေအောက်လမ်းများဖောက်လုပ်ရာတွင် မြစ်ဖြတ်ကားလမ်းဖောက်လုပ်မည့်နေရာ၊ မြေအောက် ရထားလမ်းဖောက်လုပ်မည့် နေရာ၊ မြေပေါ်မီးရထာားလမ်းနှင့် မြေအောက်ကွန်ရက်များ ချိတ်ဆက်မည့် နေရာများ တည်ဆောက်ရာတွင် ဘူမိအင်ဂျင်နီယာနည်းပညာကို အသုံးပြု၍ ရန်ကုန်မြို့၏ လက်ရှိ အခြေအနေကို ပကတိအရှိအတိုင်း ကွန်ပျူတာဖြင့် ရေးဆွဲ၍ ပုံစံငယ်ထုတ်ယူထားပြီးဖြစ်ကြောင်း ၀န်ကြီးဦးဝင်း ခိုင်က ဆက်လက်ပြောကြားသည်။
''ဒါတွေကတော့ စီမံကိန်းတွေပေါ့။ စီမံကိန်းမရှိလို့ မရဘူး။ စီမံကိန်းရှိမှ ဒီနေရာတွေမှာ ဒီလိုမြေအောက်လမ်း တွေသွားမယ်ဆိုရင် အခုကတည်းက စီမံကိန်းလုပ်ရတယ်။ ဖောက်တယ်ဆိုမှ သွားပြီးတူးလို့မရဘူး။ အပေါ်မှာ ဘာအဆောက်အဦရှိတယ်။ အဲဒီနေရာမှာ အောက်ကဖောက်လို့ဖြစ်မလား၊ မဖြစ်ဘူးလား။ ဒါတွေက Master Plan မရှိဘဲနဲ့ ဘယ်လိုမှ လျှောက်လှမ်းလို့မရဘူး။ ဒါကြောင့်မို့လို့ တာဝန်ရှိတဲ့အစိုးရဆိုတာ တတ်နိုင် သလောက် စဉ်းစားထားရတယ်။ ကပ်ပြီးမှ ဟိုဟာလုပ်မယ်။ ဒီဟာလုပ်မယ်ဆိုတာမျိုးလုပ်လို့မရဘူး''ဟု ဦးဝင်းခိုင်က ပြောသည်။
လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
သခင်နုသည် မန္တလေးထောင်တွင်အကျဉ်းစံနေ့ ရက်များကိုဖြတ်သန်းနေစဉ်ကဖြစ်သည် ။ ထိုသို့အကျဉ်းကျခြင်းမှာလည်း အခြားရာဇ၀တ်မှုများကြောင့်မဟုတ် ။ နေမ၀င်အင်ပါရာဟူ၍ကြွေးကြော်ထားသည့် ဗြိတိတိသျှတို့ ၏ အုပ်စိုးမှုအောက်မှ မြန်မာနိုင်ငံကို လွတ်မြောက်ရေးတိုက်ပွဲဝင်လိုသည့်အတွက် တို့ ဗမာအသင်းကြီးတွင်ပါဝင်၍တက်ကြွစွာ ခေါင်းဆောင်မှုအခန်းကဏ္ဍမှပါဝင်ခဲ့သောကြောင့် ဖြစ်သည် ။ရှင်းအောင်ပြောရလျှင်ကိုယ့်မြေကိုယ့်ရေ ကိုယ့်နိုင်ငံမှာပင်နယ်ချဲ့အင်္ဂလိပ်တို့ ၏ဖမ်းဆီးချုပ်နှောင်ခြင်းကိုအခြား သခင်လူငယ်များ နှင့်အတူ အကျဉ်းကျခံနေရခြင်းဖြစ်သည် ။မန္တလေးထောင်ထဲတွင်အကျဉ်းကျခံနေရရင်း အခြားအလုပ်မယ်မယ်၇ရမရှိသဖြင့် တနေ့ တနေ့  အကျဉ်းထောင်အုတ်ရိုးကြီးကိုပဲသခင်နုငေးကြည့်နေမိသည် ။ ထိုအကျဉ်းထောင်အုတ်ရိုးကြီးသည် အခြားနေရာများတွင်အတော်အတန် မြင့်မားသော်လည်း သခင်နုကိုချုပ်နှောင်ထားရာ အခန်းမှလှမ်းမြင်ရသောနေရာတွင် အုတ်တံတိုင်းမှာ အခြားနေရာများထက်သိသာစွာနိမ့် နေလေသည် ။ သခင်နုသည် နေ့စဉ်လိုပင် ထိုအုတ်တံတိုင်းကိုကြည့်ကာ စိတ်ဖြင့် ကျော်ထွက်လွတ်မြောက်ပြေးနေမိသည် ။ အုတ်တံတိုင်းကသိပ်မမြင့်ဘူး ။ငါကျော်တက်ပြီးထွက်ပြေးရင်ရလောက်တယ် ဟူသော မိုက်ရူးရဲစိတ်ကူးသည် သခင်နု၏စိတ်ထဲသို့မကြာခန၀င်လာခဲ့သည်ဆို၏ ။လက်တွေ့ တွင်တော့ သခင်နုသည် ထိုမန္တလေးအကျဉ်းထောင်တံတိုင်းကိုကျော်တက်၍ထွက်မပြေးခဲ့ရပါ ။ဂျပန်အ၀င်အင်္ဂလိပ်အပြေးတွင် အင်္ဂလိပ်များမန္တလေးမှဆုတ်ခွာသွားကြသောအခါ ထောင်မှူးကြီးနှင့်ညှိနှိုင်းကာထောင်ဖွင့်ပေးသောကြောင့် သခင်နုနှင့်နိုင်ငံရေးသမားများပြန်လည်လွတ်မြောက်လာခဲ့ပါသည် ။ ကံကြမ္မာ၏အလှည့်အပြောင်းအရ ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရသောအခါ သခင်နုသည် မြန်မာနိုင်ငံ၏ ၀န်ကြီးချုပ်ဖြစ်လာခဲ့ပါသည် ။ တနေ့ တွင် ယခင်ကအကျဉ်းခံခဲ့ရာ မန္တလေးအကျဉ်းထောင်သို့ သခင်နုသည် အာဏာလက်ရှိ နိုင်ငံတော်အကြီးအကဲအဖြစ်လာရောက်လည်ပတ်ပါသည် ။ ထိုအချိန်တွင် နိုင်ငံရေးမှုဖြင့်ဖမ်းဆီးခံနေရသော အတိုက်အခံနိုင်ငံရေးသမားများသည် သခင်နုရောက်လာသည်ကြား၍ ရဲဘော်ရဲဘက်စိတ်ဓာတ်ဖြင့် သူတို့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးတော့မှာပဲဟု တဖက်သတ်ထင်မြင်ယူဆနေကြပါသည် ။ သို့ သော် ၀န်ကြီးချုပ်သခင်နုစဉ်းစားနေသည်မှာအခြားကိစ္စဖြစ်ပါသည် ။သခင်နုသည် သူအကျဉ်းသားဘ၀က နေ့စဉ်ကြည့်ရှုပြီးစိတ်ကူးဖြင့်လွတ်မြောက်ထွက်ပြေးခဲ့သည့် အုတ်တံတိုင်းကြီးကိုအသေအခြာကြည့်ရှုကာ ထိုထောင်အုတ်ရိုးအား ယခုလက်ရှိအနေအထားထက် ပိုမိုမြှင့်ပြီး ဖြည့်စွက်တည်ဆောက်ရန် ထောင်အာဏာပိုင်များအား လမ်းညွှန်ကာ ပြန်လည်ထွက်ခွာသွားပါတော့သည် ။ အာဏာသည်လူတယောက်ကိုပြောင်းလဲစေနိုင်ပါသလားဆိုတာ စတင်တွေးမိခဲ့သောကိစ္စဖြစ်သည် ။အကျဉ်းသားတယောက်၏အတွေးနှင့် အာဏာပိုင်တယောက်၏အတွေးတို့ မတူကွဲပြားသွားပုံကိုသိသာစေသော သာဓကဖြစ်သည် ။
၁၉၅၈ တွင် ဦးနုနိုင်ငံရေးအခြေအနေမကောင်းတော့ပါ ။ တပြည်လုံးတွင်ရောင်စုံသူပုန်များထကြွသောင်းကျန်းနေသည်ကိုနှိမ်နှင်းရသည်ကတဖက် ၊ ဖ.ဆ.ပ.လ အဖွဲ့ကြီးနှစ်ခြမ်းကွဲသွားပြီး အတိုက်အခံ တည်မြဲဖဆပလ အဖွဲ့ ခေါင်းဆောင်များနှင့်နိုင်ငံရေးစီးချင်းထိုးနေရသည်ကတဖက် ၊ တည်မြဲဖက်ကိုယိမ်းယိုင်နေချင်သောတပ်မတော်ခေါင်းဆောင်များ၏ မသိမသာဆန့် ကျင်မှုကိုရင်ဆိုင်နေရသည်ကတဖက်ဖြစ်သည် ။ အထူးသဖြင့် လွှတ်တော်ဖျက်သိမ်း၍ရွေးကောက်ပွဲအသစ်ပြုလုပ်မည့်အကြံကို ဆန့်ကျင်သူများနေသည့်အချိန်ဖြစ်သည် ။ ထိုအချိန်တွင် မြန်မာ့တပ်မတော်၏ခေါင်းဆောင်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းဖြစ်သည် ။ ဗိုလ်ချုပ်နေ၀င်းကိုဦးနုယုံသည် ။ ဗိုလ်နေ၀င်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူတပ်မတော်ထူထောင်ရာတွင်ပါဝင်ခဲ့သော ရဲဘော်သုံးကျိပ်ဝင်ဖြစ်သည် ။ ဦးကျော်ငြိမ်းတို့  ၊ဦးဘဆွေ တို့ သတင်းများကို ဦးနုအား အမြဲလာရောက်သတင်းပို့ ခဲ့သောစစ်သားကောင်းကြီးဖြစ်သည် ။ ထို့ ကြောင့် တပ်မတော်ကနိုင်ငံတော်အာဏာသိမ်းမလိုလိုသတင်းတွေထွက်လာသောနေ့ တနေ့ တွင် ဦးနုသည် ဦးနေ၀င်း၏တပည့်နှစ်ယောက်ဖြစ်သော ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ဗိုလ်မှူးချုပ်မောင်မောင်တို့ ကိုခေါ်ကာ “ အာဏာမသိမ်းကြနဲ့ အာဏာသိမ်းတာဟာစစ်တပ်လည်းနာမည်ပျက်မယ် ။ တိုင်းပြည်လည်းနာမည်ပျက်တယ်။ အဲဒိတော့နောက် (၆)လကြာရင်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပေးပါ့မယ်လို့ စစ်တပ်ကကတိပြုရင်စစ်တပ်ကို ဦးနုကအာဏာလွှဲမယ် ၊ဒီလိုအာဏာလွှဲဖို့ လွတ်တော်ကိုခေါ်မယ် ။ လွှတ်တော်ကျင်းပတဲ့နေ့မှာဦးနုဝန်ကြီးချုပ်ရာထူးကထွက်ပြီး လွှတ်တော်က ဗိုလ်ချုပ်ကြီးနေ၀င်းကိုဝန်ကြီးချုပ်အဖြစ်ရွေးကောက်တင်မြှောက်အောင် အဆိုတင်သွင်းမယ် “ ကမ်းလှမ်းလိုက်သည် ။ ဦးနုသည် ဦးနေ၀င်းကို သဘောဖြူအူစင်း ပြည်ချစ်စစ်သားကောင်းကြီးဟုထင်မှတ်ရှာသည် ။ ဦးနေ၀င်းကလည်းထိုစဉ်ကတကယ့်ကိုမခုတ်တတ်သည့်ကြောင်ဟုထင်ရသည် ။ အာဏာအရသာကိုစတင်သိလာသော ဗိုလ်ချုပ်နေ၀င်းသည် (၆)လာအကြာတွင်ကတိအတိုင်းရွေးကောက်ပွဲကျင်းပမပေးချေ။ထို့အပြင် စစ်ဗိုလ်အချို့ ၊အုပ်ချုပ်ရေးအရာရှိအချို့ ၊ ရဲအရာရှိအချို့သည် ဦးနု၏သန့် ရှင်း ဖဆပလအဖွဲ့ဝင်များအားမတရားချုပ်နှောင်ခြင်း၊အမျိုးမျိုးနှိပ်စက်ခြင်း၊ ရွေးကောက်ပွဲအတွက်မစည်းရုံးနိုင်အောင်နှောက်ယှက်ခြင်းပြုကြသည် ။ သို့ သော် ချက်ခြင်း အာဏာသိမ်းဖို့ အကြောင်းပြချက်မခိုင်လုံသဖြင့် ဗိုလ်ချုပ်နေ၀င်းသည် အာဏာရပြီး (၂)နှစ်အကြာ၁၉၆၀ ဖေဖော်ဝါရီ (၆) ရက်နေ့တွင် ရွေးကောက်ပွဲများကျင်းပပေးပြန်၏ ။ ထိုရွေးကောက်ပွဲတွင် လည်းဦးန၏သန့်ရှင်းဖဆပလအဖွဲ့ က အမတ်နေရာ ၁၅၉ ယောက် ။ ဗိုလ်ချုပ်နေ၀င်းတို့လိုလားသော တည်မြဲ အဖွဲ့ က ၄၁ ယောက်သာအနိုင်ရကာ ဦးနုအစိုးရ ပြန်လည်အာဏာရလာပြန်သည် ။ ထုံးစံအတိုင်းတပ်မတော်ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်ကြီးနေ၀င်းနှင့်အဖွဲ့ ကစစ်တပ်လျားသို့ ပြန်သည် ။ သို့ သော် အားလုံးသိသည့်အတိုင်း အာဏာ၏အရသာကို (၂)နှစ်ခန့် မြည်းစမ်းဖူးသွားပြီဖြစ်သော ဗိုလ်ချုပ်နေ၀င်းသည် အရပ်သားဝန်ကြီးချုပ်တယောက်၏လက်အောက်တွင်နေကာစစ်ဗိုလ်ချုပ်လုပ်နေရသည်ထက် မိမိကိုယ်တိုင် နိုင်ငံတော်အကြီးအကဲတက်လုပ်ရခြင်းကိုပိုမိုသဘောတွေ့ သွားပြီဖြစ်ရကား ၁၉၆၂ မတ်လ(၂) ရက်နေ့ တွင် ဦးနုနှင့်တကွရွေးကောက်ခံအရပ်သားအစိုးရကို အာဏာသိမ်းဖြုတ်ချလိုက်ခြင်းဖြင့် စစ်အာဏာရှင်ဝါဒကို မြန်မားသမိုင်း၌စတင်အသက်သွင်းလိုက်လေသည် ။အာဏာသည် စစ်သားတယောက်အား အာဏာရှင်တယောက်ဖြစ်အောင်အသွင်ပြောင်းလိုက်လေပြီ ။ထိုအာဏာရှင်ကား မြန်မာနိုင်ငံကို ၂၆ နှစ်တိတိအုပ်ချုပ်ခဲ့ပြီး LDC ဘွဲ့ ထူးကို မြန်မာအားပိုင်ပိုင်နိုင်နိုင်ဆွတ်ခူးပေးခဲ့လေသည် ။
၁၉၈၈ စက်တင်ဘာ ၁၈ တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုဖြစ်သည် ။ အာဏာသိမ်းကာစက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးဟူသောစစ်ကောင်စီအစိုးရသည် မကြာမီတိုင်းပြည်အေးချမ်းတည်ငြိမ်လာသောအခါ ရွေးကောက်ပွဲများကျင်းပပြီး အနိုင်ရပါတီလက်ထဲသို့အာဏာပြန်လွှဲပေးပါမည်ဟုကြေငြာခဲ့သည်။ ၀န်ကြီးရာထူးများကို တပ်မတော်ခေါင်းဆောင်များကတယောက်လျှင်ရာထူး နှစ်ခုသုံးခု မနိုင်မနင်းယူထားရသည်ကိုကြည့်ခြင်းဖြင့် အာဏာကိုကြာရှည်ကိုင်ထားမည်မဟုတ်ကြောင်းသိသာပါသည် ဟု ပြောဆိုခဲ့သည် ။ ၁၉၉၀ ရွေးကောက်ပွဲပြီးသောအခါ အနိုင်ရပါတီကို ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲခိုင်းပြီးတပ်မတော်ကစစ်တန်းလျားသို့ပြန်မည်ဟု ဗိုလ်ချုပ်မှူးကြီးစောမောင်ကကြေငြာခဲ့သည် ။ သို့ သော် ထိုစဉ်ကဒုတိယဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၊ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့် တို့ က ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုရာထူးမှဖြုတ်ချကာ စစ်အာဏာရှင်မျိုးဆက်ကိုဆက်လက်ထူထောင်ခဲ့သည် ။ခနသာအုပ်ချုပ်ပါမည်ဟူသောအာဏာသိမ်းအစိုးရသည် အာဏာအရသာကိုသိသွားရာ ၁၉၈၈ မှ ၂၀၁၀ အထိ (၂၂)နှစ်အာဏာရယူသွားသည် ။ စစ်အာဏာသိမ်းကာစ ၁၉၈၈ ခုနှစ်လောက်ကစကားများကိုလည်းနောက်ပိုင်းမတည်နိုင်တော့ပေ ။ အာဏာသည် လူတယောက် လူတဖွဲ့ကိုပြောင်းလဲသွားစေမှုဖြစ်သည် ။
ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးကိုယုံကြည်လှပါသည် ၊ စစ်အာဏာရှင်စနစ်ကိုရွံရှာစက်ဆုတ်လှပါသည်ဆိုသော မြန်မာကျောင်းသားလူငယ်တစုတောခိုကာ လက်လက်ကိုင်တပ်ဖွဲ့တဖွဲ့ ဖွဲ့စည်းထူထောင်ကြသည် ။ ထိုအဖွဲ့ ကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ( ABSDF) ဟုအမည်ပေးလိုက်သည် ။ အားကိုးတကြီးဖြင့် မြန်မာပြည်အရပ်ရပ်မှကျောင်းသားကျောင်းသူများသည် စစ်အစိုးရကိုဆန့်ကျင်တောခိုကာ ထိုကျောင်းသားတပ်မတော်နှင့် ဆက်သွယ်ကြသည် ။ ဒေါက်တာနိုင်အောင် ၊မိုးသီးဇွန်တို့ မှာ ထိုအချိန်က ထိုကျောင်းသားတပ်၏ခေါင်းဆောင်များဖြစ်သည် ။ ကျောင်းသားများကို လက်နက်ကိုင်တိုင်းရင်းသားများကလည်း ပံ့ပိုးကူညီသည် ။နိုင်ငံတကာအကူအညီ လက်နက်အကူအညီတွေလည်းရလာသည် ။ ယခင်ကဘောပင်နှင့်စာအုပ်များကိုကိုင်ခဲ့ရသော ကျောင်းသားများ (အထူးသဖြင့်ကျောင်းသားခေါင်းဆောင်များ) သည် ပစ္စတိုများ၊ရိုင်ဖယ်များ မောင်းပြန်သေနတ်များကိုကိုင်ဆောင်လာနိုင်သည် ။တောထဲတွင်ကိုယ်လုပ်ချင်တာလုပ်နိုင်သော အာဏာလက်ထဲရောက်လာသည် ။ အာဏာသည်ကျောင်းသားခေါင်းဆောင်အချို့ကိုပြောင်းလဲစေခဲ့သည် ။ ဒုက္ခခံ၍တော်လှန်ရေးလုပ်ရန် မိမိတို့နှင့်တော်ထဲတွင်လာရောက်ပူးပေါင်းသော ကျောင်းသားကျောင်းသူများကို ထောက်လှမ်းရေးဟုယိုးစွပ်ပြီး လူမဆန်စွာညှဉ်းပန်းနှိပ်စက်သည် ။ အတင်းအဓမ္မ၀န်ခံခိုင်းသည် ။ ရက်ရက်စက်စက်သတ်ဖြတ်သည် ။ မြန်မာပြည်မြောက်ပိုင်းးပါဂျောင်စခန်းတွင် ထိုလူသတ်ပွဲကြီးကိုကျင်းပခဲ့ရာမှ ဟင်္သာကိုးသောင်းပျက်ရသောပုံပြင်လို အချင်းချင်းသတ်ဖြတ်ကာ နိုင်ငံရေးတွင် မည်သူမှဆေးဖော်ကြောဖက်မလုပ်လိုသောဘ၀သို့ ရောက်သည် ။ သူတို့မုန်းလှပါသည်ဆိုသော စစ်အစိုးရ ၊စစ်ထောက်လှမ်းရေးတို့ထက်ဆိုးသော တောတွင်းအာဏာရူး ဟစ်စတီးရီးယားဖြစ်နေသည့်ဘ၀ကို သခင်သန်းထွန်းတို့ ဖြုတ်ထုတ်သတ်ကဲ့ သို့  အရိုင်းအစိုင်း ညီလူးသဘက်တွေလိုဖြစ်ကုန်ကြခြင်းဖြစ်သည် ။ တနည်းဆိုရလျှင် အာဏာမဖြစ်စလောက်ရလာခြင်းက လူကိုယစ်မူးစေတတ်သလိုဖြစ်ခဲ့ခြင်းပင်ဖြစ်သည် ။မိုးသီးဇွန် ၊ဒေါက်တာနိုင်အောင်အပါအ၀င် ပါဂျောင်ကိစ္စတွင် တိုက်ရိုက်တာဝန်ရှိသူ ၊သွယ်ဝိုက်တာဝန်ရှိသူတို့ သည် အာဏာကြောင့်စိတ်ပြောင်းသွားကြတာဖြစ်လေသည် ။
သမ္မတဦးသိန်းစိန်လက်ထက်တွင် ဆက်သွယ်ရေးဥပဒေတခုကိုပြဌာန်းခဲ့သည် ။ နာမည်ကျော် ဥပဒေပုဒ်မ ၆၆(ဃ)ဖြစ်သည် ။ထိုဥပဒေပြဌာန်းစဉ်ဖြစ်ပျက်နေသောအခြေအနေမှာ လူတို့ သည် ဖေ.ဘွတ်ပေါ်တွင် စစ်အာဏာရှင်စနစ်ကိုလှောင်ကြသည်ပြောင်ကြသည် ။ စစ်အာဏာရှင် ဗိုလ်ချုပ်ဟောင်းများ ၊ ဗိုလ်ချုပ်အသစ်များကိုပြောင်လှောင်သရော်သော စာများရုပ်ပုံများကို ဖေ.ဘွတ်ပေါ်တွင်ရေးကြသားကြသည် ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှအရေးပါသောခေါင်းဆောင်များ၊ ၀န်ကြီးများကိုလည်း အားနည်းချက်များကိုဖော်ထုတ်ကာ ပြောကြဆိုကြရေးကြသားကြသည် ။ ထိုသူများကိုအရေးယူပေးနိုင်ရန် ဥပဒေတခုကို ထိုစဉ်က လွှတ်တော်တွင် ဖုတ်ပူမီးတိုက် ပြဌာန်းအတည်ပြုကြသည် ။ မည်သူမဆို ထိုဆက်သွယ်ရေးဥပဒေ ၆၆ (ဃ)အရအရေးယူခံရလျှင်ထောင်ဒဏ် သုံးနှစ်အထိကျခံရမည် ။ရဲအရေးပိုင်သောအမှုဖြစ်သည် ။သက်ကြီးရွယ်အိုများမကျန်းမာသူများမှလွဲ၍အာမခံပေးပိုင်ခွင့်မရှိချေ ။မကျန်းမာလျှင်သော်မှတရားသူကြီးကအာမခံပေးချင်မှလည်းပေးမည် ။ အာမခံပေးပိုင်ခွင့်မရှိသောအမှုဖြစ်သည်။ ထိုဥပဒေဖြင့် NLD ပါတီဝင်များ NLD ကိုအားပေးဝန်းရံထောက်ခံကြသူများ ၊ ဒီမိုကရေစီဘက်တော်သားများစသည့်အမှန်တရားဘက်မှတိုက်ပွဲဝင်ခဲ့သူတော်တော်များများကိုစစ်အစိုးရက ထိုဥပဒေပုဒ်မများဖြင့် အရေးယူဖမ်းဆီး နှိပ်ကွပ်ခဲ့လေသည် ။
ထို့ ကြောင့် NLD အမတ်များဦးစီးသော လွတ်တော်ကြီးတက်လာလျှင် ထိုမတရားသော ဥပဒေပုဒ်မကြီးကိုဖျက်သိမ်းခြင်း၊အနိမ့် ဆုံးအားဖြင့် ပြင်ဆင်ခြင်းတို့ပြုလုပ်မှာအမှန်ပဲဟု ပြည်သူတွေကမျှော်လင့်ခဲ့ကြသည် ။ ထိုဥပဒေဖြင့်ပင် NLD ဗဟိုသုတေသနဌာနမှ ဒေါက်တာမျိုးရန်နောင်သိမ်းကို မကြာသေးမီကပင် ရန်ကန်မြို့၌ လာရောက်ဖမ်းဆီးအရေးယူခံခဲ့ရသည် ။ မောင်တောအကြမ်းဖက်ဖြစ်စဉ်တွင် အဓိကတာဝန်ရှိသူအကြောင်းကို ဖေ.စ်ဘွတ်တွင်ဝေဖန်ရေးသားမှုဖြင့် တပ်မတော်အရာရှိတစ်ဦးကတရားလိုပြုတိုင်တန်းကာ ရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့ခြင်းဖြစ်သည် ။ထို့ကြောင့်ကျွန်တော်တို့သည် NLD ဦးဆောင်သော လွှတ်တော်ကြီးသည် ထိုတဖက်သတ်ဖြစ်နေသော ဆက်သွယ်ရေးဥပဒေကြီးကို လွှတ်တော်တွင်အရေးတကြီးဆွေးနွေးတိုင်ပင် ပယ်ဖျက်တော့မှာပဲဟုမျှော်လင့်ခဲ့ပါသည် ။သို့ သော် ကိုယ့်မျက်လုံးကိုကိုယ်ပင်မယုံချင်ပါ ။ ပြည်သူ့ လွှတ်တော်ဥက္ကဌ NLD အမတ်မင်းကြီး ဦးဝင်းမြင့်က “ ၆၆(ဃ) ကဲ့ သို့ ဥပဒေမျိုး နိုင်ငံတိုင်းတွင်ရှိကြောင်း ပြောကြား”ဆိုသည့်သတင်းကိုဖတ်လိုက်ရသောအခါဖြစ်သည် ။ ၆၆ (ဃ)လို နိုင်ငံရေးထောင်ချောက်သဖွယ်အသုံးပြုလာနိုင်သောဥပဒေကိုဦးဝင်းမြင့် ကထောက်ခံခဲ့ပေသည် ။ ၂၀၁၆ ဒီဇင်ဘာ၂၁ ရက်ကပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တဦး၏အမေးကိုဖြေကြားရာ၌
“၆၆ (ဃ)သည်ကျွန်တော်တို့ ဒုတိယအကြိမ်ပြည်သူ့ လွှတ်တော်သက်တမ်းမှာ ပြဌာန်းခဲ့တဲ့ဥပဒေမဟုတ်ဘူး ၊သိကြမယ်ထင်ပါတယ်။ပထမအကြိမ်သက်တမ်းကတည်းက လိုအပ်လို့ပြဌာန်းခဲ့တာပါ။ ဘာကြောင့်လိုအပ်သလဲ ။ ဒီလိုဥပဒေမျိုးကနိုင်ငံတိုင်းမှာ ရှိပါတယ် ။ မရှိတဲ့နိုင်ငံ မရှိပါဘူး ။လေ့လာကြည့်လိုက်ပါ ။အခုဒီမိုကရေစီဘိုးအေကြီး လို့ ပြောနေတဲ့ အမေရိကန်တို့  အိန္ဒိယမှာတို့ မှာလည်ရှိပါတယ် “
ဟုပြောခဲ့လေသည် ။ သူတို့ လွှတ်တော်ကပြဌာန်းခဲ့တာမဟုတ်ဘူးဆိုကာ ကိုယ်နှင့်မဆိုင်သလိုလုပ်၏ ။ အရင်လွှတ်တော်ကပြဌာန်းခဲ့လည်း ယခုပြည်သူလူထုကအမတ်များကိုမဲပေးရွေးချယ်ခဲ့သည်မှာ မကောင်းသောဥပဒေများကိုပြင်ဆင်ဖျက်သိမ်းဖို့မဟုတ်ဘူးလား ။ယခင်လွှတ်တော်ကပြဌာန်းခဲ့တိုင်း ဘာမှမလုပ်ပဲသည်အတိုင်းဆက်ထားကြရမှာလား ဆိုတာကမေးစရာဖြစ်လာသည် ။ နောက်တချက်ပြင်းပြင်းထန်ထန် ကန့်ကွက်လိုသည်က အမေရိကန် အိန္ဒိယစသည့်နိုင်ငံများနှင့်ကိုင်ပေါက်မှုဖြစ်သည် ။ အမေရိကန်ပြည်ထောင်စုတွင် သူ့ နိုင်ငံသားတွေ၏ လူ့ အခွင့်အရေးနှင့် လွတ်လပ်စွာပြောဆိုခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရပင် အပြည့်အ၀ကာကွယ်ပေးထားပြီးဖြစ်သည် ။ ဆိုက်ဘာဥပဒေ၊ အသရေဖျက်မှု ကာကွယ်ရေးဥပဒေ တွေရှိသော်လည်း လူတစ်ယောက်ဖေ.စ်ဘွတ်မှာ မိမိထင်မြင်ယူဆချက်ကိုရေးရုံမျှနှင့် အာမခံမပေးပဲ ရဲကလာဖမ်းပြီးထောင်ထဲထည့်ထားနိုင်သောဥပဒေပြဌာန်းချက်မျိုး အမေရိကတွင် မရှိပါ ။အမေ၇ိကန်ရွေးချယ်ခံသမ္မတဖြစ်သော ဒေါ်နယ်ထရန့် ကိုမှိုချိုးမျှစ်ချိုးဝေဖန်ရှုတ်ချကန့် ကွက်သောစာများ ဖေ.စ်ဘွန် Twitter တို့တွင်ပလူပျံအောင် အမေရိကန်တနိုင်ငံလုံးရေးခဲ့ပြောခဲ့ကြပြီးဖြစ်သည် ။ သို့ သော် မည်သူ့ ကိုမျှ မြန်မာပြည်က ၆၆(ဃ) လို တရားလက်လွတ်ဥပဒေမျိုးဖြင့် အရေးယူခဲ့ခြင်းမရှိပါ ။ အိန္ဒယမာလည်းထို့ အတူပင်ဖြစ်သည် ။ အမေရိကန်ပြည်ထောင်စုဟောလိဝုဒ်မှာဆိုလျှင် ဖေ.စ်ဘွတ်တို့  ၊ တွစ်တာတို့ ထက်များစွာကျယ်ပြန့် သော ရုပ်ရှင်ဇာတ်ကားများရိုက်ကူးပြီးကမ္ဘာကိုဖြန့် ချိနေရာ ရဲမကောင်းကြောင်း ၊ပြည်ထဲရေးဝန်ကြီးလာဘ်စားကြောင်း ၊စီအိုင်အေထောက်လှမ်းရေးအကြီးအကဲ အကျင့်ပျက်ခြစားနေကြောင်း ၊ ဒုတိယသမ္မတ နိုင်ငံတော်ကိုသစ္စာဖောက်ကြောင်း (ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ ဖျော်ဖြေရေးသဘောတရားအရ ) ရိုက်ကူးထုတ်လုပ်ဖြန့် ချိနေတာပဲမဟုတ်လား ။ မည်သည့်အမေရိကန်အရာရှိကမှ ထိုရုပ်ရှင်ဇာတ်လမ်းများရေးသားမှု ၊ဖြန့် ချိမှု ၊ပါဝင်သရုပ်ဆောင်မှုဆို့ဖြင့်ဖမ်းဆီးခြင်း မရှိခဲ့ပါ ။ထို့ ကြောင့် မြန်မာနိုင်ငံမှ ပုဒ်မ ၆၆(ဃ)ကို မဆီမဆိုင် တကမ္ဘာလုံးမှာရှိနေသယောင်ယောင်ရောမချသင့်ပါ ။ အထူးသဖြင့် အာဏာလက်ရှိနေသော ဥပဒေပြုရေးမဏ္ဍိုင်အကြီးအကဲအနေဖြင့်ပို၍မပြောသင့်ပါ။
လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ပင် လွှတ်တော်ဥက္ကဌမဖြစ်ခင် အတိုက်အခံNLD လွှတ်တော်အမတ်အဖြစ်ရှိနေသာ ပထမအကြိမ်ပြည်သူ့ လွှတ်တော်သက်တမ်းကာလတွင် အဆိုတခုတင်ပြခဲ့ဖူးပါသည် ။လွှတ်တော်တွင်တရားဝင် တင်ပြခဲ့ခြင်းဖြစ်ပါသည် ။ သူတင်ပြခဲ့သည်မှာ လွှတ်တော်အမတ်များအပါအ၀င်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၏ ပိုင်ဆိုင်မှု ကို ပြည်သူလူထုသိအောင်ပွင့်လင်းစွာ ထုတ်ပြန်ကြေငြာဖို့အဆိုဖြစ်သည် ။ ထိုအဆိုကို ဒီမိုကရေစီဘက်သားများကလက်ခုပ်ဆီးခဲ့ကြသည် ။ထောက်ခံခဲ့ကြသည် ။ ထိုအဆိုအတိုင်းမလုပ်နိုင်သေးကြောင်း ကြံ့ခိုင်ရေးအမတ်အများစုပါဝင်သော လွှတ်တော်ကြီးကပါယ်ချလိုက်သောအခါ လူတွေကမကြေမနပ်ဝေဖန်ကြသည် ။ဆဲဆိုကြသည် ။ ကန့် ကွက်ကြသည် ။ဒေါသတွေထွက်ကြသည် ။ နေနှင့်ဦးပေါ့ကွာ ။ပြည်သူတွေတင်မြှောက်တဲ့ အမတ်တွေခေတ်ကြရင်သိမယ် ။ ထိုခေတ်သည် ၂၀၁၆ တွင်ရောက်လာ၏ ။ အဆိုရှင် ဦးဝင်းမြင့်သည်လည်း ပြည်သူ့ လွှတ်တော်ဥက္ကဌဖြစ်လာ၏ ။ လွှတ်တော်အမတ်များ၏ ပိုင်ဆိုင်မှုကြေငြာနိုင်မလားဟူသော မေးခွန်းပင် ထပ်ကာ မေးခံရပြန်သည် ။ ဤအခါတွင်လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကပြောသည်မှာ အမတ်တွေ၏ ပိုင်ဆိုင်မှု အ၀၀ကိုတရားဝင်အများပြည်သူသိအောင် ချပြထုတ်ပြန်ပေးမည်ဆိုလျှင် သူခိုးဓားပြများကို ဖိတ်ခေါ်နေသလိုရှိမည်ဖြစ်သည့်အတွက် ပိုင်ဆိုင်မှုထုတ်ပြန်သွားရန်မရှိကြောင်း ၊ ဖြေကြားခဲ့ပါသည် ။ မေးခွန်းကအတူတူပင်ဖြစ်သော်လည်း မေးခွန်းရှင်က ဖြေရသည့်အလှည့်တွင် အဖြေမှာတမျိုးဖြစ်သွားပါသည် ။
ရှေးကတင်ပြခဲ့သော ဦးနု ၊ဦးနေ၀င်း ၊ဦးစောမောင်၊ ဦးသန်းရွေ ၊ ဦးခင်ညွန့်  ၊မိုးသီးဇွန် ၊ဒေါက်တာနိုင်အောင် တို့သည် အခြေအနေတခုအောက်တွင် ပြောင်းလဲခဲ့ပါသည် ။ အာဏာမရမီနှင့်အာဏာလက်ထဲရောက်လာအပြီးတွင် လူတို့ ၏စကားများ ၊ခံယူချက်များ ၊ရပ်တည်ချက်များသည်ပြောင်းလဲတတ်ပါသည် ။ ထိုသို့ ပြောင်းလဲခြင်းမှာ ယစ်မူးစေတတ်သော အစွမ်းသတ္တိရှိသည့်အာဏာကြောင့်လား ၊ အခြားအကြောင်းတခုကြောင့်လားဟုသာ စဉ်းစားနေမိပါတော့သည် ။ စာဖတ်သူရောမည်သို့ ယူဆပါသလဲ ။အာဏာသည်ယစ်မူးစေတတ်ပါသလား ။
သရ၀ဏ်(ပြည်)
စောင့်ကြည့်ဂျာနယ်
၃၀.၁၂.၂၀၁၆
အမေရိကန်နဲ့ရုရှကြား ဆိုင်ဘာအရေး သဘောထား တင်းမာနေ
ရုရှ သံတမန် ၃၅ ယောက် ကို ၇၂ နာရီအတွင်း နိုင်ငံ ကနေ ထွက်ခွာ ဖို့ သမ္မတ အိုဘားမား က ညွှန်ကြားချက် ထုတ်ပြန် လိုက်ပါတယ်။
နယူးယောက် နဲ့ မေရီလန်း က ရုရှ ထောက်လှမ်းရေး ဌာနဝင်းတွေ လည်း ပိတ်ရတော့မှာပါ။
ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ရုရှ ဘက်က ဆိုက်ဘာ အင်တာနက်ကနေ သတင်းအချက်အလက်တွေ ဖောက်ထွင်းခိုးယူတာတွေ ရှိခဲ့တယ် ဆိုတဲ့စွပ်စွဲချက်တွေ အပြင် ရုရှရဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေ ကို အရေးယူ တဲ့ အနေနဲ့ အခုလို သမ္မတအိုဘားမားက ညွှန်ကြားလိုက်တာပါ။
သမ္မတ အိုဘားမား က အမေရိကန် ရဲ့ အကျိုးစီးပွားကို ထိခိုက်လာမယ့် အားထုတ်မှုအတွက် လိုအပ်ပြီး သင့်တော်တဲ့လုပ်ရပ်ကို လုပ်လိုက်တာပဲလို့ သူ့ရဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
နောက်ပြီးအမေရိကန် နိုင်ငံသားတွေ အနေနဲ့ ရုရှ တို့ရဲ့ လုပ်ရပ်တွေ ကို သတိထားဖို့လိုပြီလို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။
သမ္မတအိုဘားမား က ရုရှ က ဆိုင်ဘာ တိုက်ခိုက်မှုတွေနဲ့ပတ်သက်တဲ့ နည်းပညာဆိုင်ရာ သတင်းအချက်အလက် တွေကိုလည်း ပြည်သူအများသိအောင် ဖွင့်ချ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
ဒီအပြောအဆိုတွေ ဟာ နိုင်ငံခေါင်းဆောင် တွေ အကြား ဖြစ်နေတဲ့ စကားစစ်ပွဲ ပဲလား၊ တကယ့်ကို ပြင်းပြင်းထန်ထန် သဘောထားတွေ ကို ထင်ဟတ်တာ လား ဆိုတဲ့ သုံးသပ် ကြည့်ကြရမှာတော့မြောက်အမေရိကဆိုင်ရာ ဘီဘီစီ အယ်ဒီတာ ဂျွန်ဆိုပယ်လ် ကသူ့အနေနဲ့တော့ အိုဘားမား အစိုးရ က ရုရှအပေါ် သဘောထားပြင်းပြင်းထန်ထန် ပြလိုက်တာလို့မြင်တယ်လို့ ပြောပါတယ်။
ဒီမိုကရက်တစ် ပါတီ ရဲ့ သတင်းအချက်အလက် တွေ ကို ခိုးဖောက်ယူတဲ့အပေါ်မှာ အခုအစိုးရ ရဲ့ ထွက်ရတဲ့ အမျက်တွေ ကိုလည်း ဖော်ပြလိုက်သလို ၊ အမေရိကန်ထောက်လှမ်းရေးဌာနတွေ က တင်ပြနေတဲ့ ဒီ ဆိုက်ဘာ ဖောက်ထွင်းမှုတွေ ဟာ သမ္မတ ပူတင်ဦးဆောင်နေတဲ့ ရုရှအစိုးရ က လုပ်နေတာ ဆိုတဲ့အချက်ကိုလည်း သမ္မတအိုဘားမား က လက်ခံ အတည်ပြုလိုက်တဲ့သဘောဖြစ်ကြောင်း ပြောပါတယ်။
ဒီအရေးနဲ့ပတ်သက်ပြီး ရုရှအစိုးရဘက် ကတော့ ဘာမှ အခြေအမြစ်မရှိပဲ စွပ်စွဲနေတာ သာဖြစ်ကြောင်းပြောဆိုနေသလို ယူကေနိုင်ငံ က ရုရှ သံရုံးက သမ္မတ အိုဘားမား ဟာ Lame Duck ဘာမှ အောင်မြင်အောင် မလုပ်နိုင်တဲ့သူ လို့ သရော်နေပါတယ်။
အခု အမေရိကန်က စွပ်စွဲမှုတွေ အရ ရုရှတို့ရဲ့ ဆိုင်ဘာ တိုက်ခိုက်မှုဟာ ဒီမိုကရက်တစ်ပါတီ အပြင်၊ အစိုးရဌာနတွေ၊ ကော်ပိုရေးရှင်းတွေ၊ Think Tank လို့ခေါ်တဲ့ တတ်သိပညာရှင်အဖွဲ့တွေ ၊ တက္ကသိုလ်တွေ က အချက်အလက်တွေ ကို လည်း ထွင်းဖောက်ခိုးယူနေတာ ဖြစ်ပြီး ဒီလိုလုပ်ဆောင်မှုတွေ ဟာ ၁၀ စုနှစ်နဲ့ချီ နေပြီလို့လည်း သိရပါတယ်။
BBC Burmese
http://www.bbc.com/burmese
ပြီးခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲကို ရုရှားက အင်တာနက်ကနေ အချက်အလက်တွေ ခိုးယူတိုက်ခိုက်တာ၊ အနှောက်အယှက် ပေးခဲ့တာတွေကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ သမ္မတအိုဘားမား အစိုးရက ပြင်နေပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲ သမ္မတအိုဘားမား လက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ သမ္မတ လုပ်ပိုင်ခွင့်အမိန့်ကို သုံးပြီး ရုရှားကို ဘယ်လို အမြန်ဆုံး အရေးယူမလဲ ဆိုတာနဲ့ပတ်သက်လို့ အိမ်ဖြူတော်မှာ အခြေအတင် ဆွေးနွေးနေတဲ့အကြောင်း ၀ါရှင်တန်ပို့စ်သတင်းစာမှာ ဖော်ပြထားတာပါ။ ဒီသမ္မတ အမိန့်အရ - ပြည်ပမှာအခြေစိုက်ပြီး အမေရိကန်ကို အင်တာနက်ကနေ ထိုးဖောက်တိုက်ခိုက် သူတွေအပေါ် စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို သမ္မတတဦးတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ချမှတ်နိုင်ပါတယ်။ အထူးသဖြင့် တိုင်းပြည်ရဲ့ အမျိုးသားလုံခြုံရေး၊ အခြေခံ အဆောက်အအုံနဲ့ စီးပွားရေးကို ခြိမ်းခြိမ်သူတွေအပေါ် သမ္မတက ဒဏ်ခတ်အရေးယူခွင့် ရှိပါတယ်။
ဒီဥပဒေအရ အမေရိကန်ဘဏ်တွေ ဒါမှမဟုတ် တခြားဘဏ္ဍာရေး အဖွဲ့အစည်းတွေမှာရှိနေတဲ့ အင်တာနက် တိုက်ခိုက်သူတွေရဲ့ ငွေကြေးတွေကို အစိုးရက ထိန်းချုပ်ခွင့် ရှိသလို၊ အမေရိကန်နိုင်ငံသားတွေကိုလည်း အဲဒီလိုလူတွေနဲ့ စီးပွားလုပ်ကိုင်ခွင့် တားမြစ်ထားပါတယ်။ ဒါ့အပြင် ဒီလူတွေရဲ့ ခရီးသွားလာခွင့်တွေကို လည်း ပိတ်ပင်နိုင်ပါတယ်။ ခုလို ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ်အရေးမှုတွေ ချမှတ်လာနိုင်တဲ့အပေါ် ရုရှားနိုင်ငံခြားရေးဌာနကတော့ ပြစ်တင် ရှုတ်ချထားပါတယ်။
 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
နှစ်သစ်ကူးကာလ နယူးယောက်လုံခြုံရေး
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က နာမည်ကျော် နှစ်သစ်ကူးကြိုဆိုပွဲကျင်းပရာ နေရာတ၀ိုက်မှာ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေမှာလို ထရပ်ကားတွေနဲ့ တိုက်ခိုက်သူတွေရဲ့ အန္တရာယ်ကို တားဆီးဖို့အတွက် သန့်ရှင်းရေးကားတွေနဲ့ ပတ်ပတ်လည်မှာ ကာရံထားမှာ ဖြစ်ပါတယ်။
နှစ်သစ်ကူးပွဲတော်ကျင်းပနေကြ Time Square မှာ ၁ သန်းလောက်ရှိတဲ့ လူအုပ်ထဲကို ထရပ်ကားနဲ့ ၀င်တိုက်မယ့် အကြမ်းဖက်သမားတွေ အန္တရာယ်ကို တားဆီးဖို့ ရည်ရွယ်ပြီး၊ အမှိုက်သိမ်းကားတွေနဲ့ သဲတင်တဲ့ထရပ်ကား စုစုပေါင်း ၆၅ စင်းနဲ့ ကာရံထားမှာဖြစ်ပါတယ်။
ဒါ့အပြင် လမ်းတွေကို ပိတ်ဆို့ထားဖို့အတွက် ရဲကားအစင်း ၁၀၀ ကိုလည်း အသုံးပြုသွားမှာဖြစ်တယ်လို့ နယူးယောက်ရဲဌာနက ရဲချုပ် Carlos Gomez က ကြာသပတေးနေ့မှာ ပြောဆိုခဲ့တာပါ။
ကမ္ဘာတ၀ှမ်းက အခြေအနေအပေါ်မူတည်ပြီး - လုံခြုံရေးအစီအမံတွေကို ချမှတ်ဆောင်ရွက်ရလေ့ ရှိ တယ်လို့လည်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ လတ်တလော သိရသလောက် နှစ်သစ်ကူးပွဲအပေါ် ခိုင်လုံတဲ့ ခြိမ်းခြောက်မှုမျိုးတော့ မရှိသေးဘူးလို့လည်း ဆိုပါတယ်။
ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့က ထရပ်ကားနဲ့ တိုက်ခိုက်မှုမှာတော့ လူ ၁၂ ယောက် သေဆုံးခဲ့ရသလို၊ ပြင်သစ်နိုင်ငံ နိစ်မြို့မှာလည်း ဇူလိုင်လ ၁၄ ရက်နေ့က ထရပ်ကားနဲ့ တိုက်ခိုက်မှုအတွင်း လူ ၈၆ ယောက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ ဗုံးရှာတဲ့ အနံ့ခံခွေးတွေနဲ့ လက်နက်အပြည့်တပ်ဆင်ထားတဲ့ အကြမ်းဖက်တန်ပြန်နှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေ စုစုပေါင်း အင်အား ၇၀၀၀ လောက်ကိုလည်း ဖြန့်ချထားမှာဖြစ်တယ်လို့ နယူးယောက်ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အဓိက သူပုန်အဖွဲ့တွေ အပစ်ရပ်ဖို့ သဘောတူတဲ့ အထဲပါလာ။
ဆီးရီးယား အစိုးရနဲ့ သူပုန်အဖွဲ့တို့ အပစ်ရပ် သဘောတူညီချက် ရခဲ့ကြပြီလို့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ထုတ်ဖော်ကြေညာလိုက်ပါတယ်။
အပစ်ရပ်ရေးဟာ ဒီဇင်ဘာလ ၂၉ ရက် ကြာသပတေးည ၁၀ ဒေသအချိန် သန်းခေါင်ယံကနေ စတင် အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။
တူရကီ နိုင်ငံခြားရေးဝန်ကြီး မက်ဗလွတ် ချာဗူရှော်လူကတော့ အပစ်အခတ် ရပ်စဲရေးကို ဆီးရီးယား အစိုးရနဲ့ သူပုန်အဖွဲ့တွေ သဘောတူခဲ့ကြတာသာဖြစ်ပြီး အပစ်ရပ်ရေး တည်မြဲဖို့အတွက် တူရကီနဲ့ ရုရှား အစိုးရတို့က အာမခံချက် ပေးမယ်လို့ စောစောပိုင်းတုန်းက ပြောခဲ့ပါတယ်။
အခုအပစ်ရပ်ရေးဟာ သူတို့ နှစ်နိုင်ငံက ဦးဆောင်ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ရုရှားနဲ့ တူရကီနှစ်နိုင်ငံဟာ အခုဆွေးနွေးကြတဲ့ ဘက်နှစ်ဘက်မှာ တဖက်စီကနေ ရပ်တည် ထောက်ခံနေကြသူတွေ ဖြစ်ကြပါတယ်။
ရုရှားက ဆီးရီးယား အစိုးရကို ထောက်ခံနေပြီး တူရကီက ဆီးရီးယား သူပုန်တွေကို ထောက်ခံနေသူ ဖြစ်ပါတယ်။
ဆီးရီးယား အစိုးရနဲ့ ဆီးရီးယား သူပုန်တွေရဲ့ လက်နက်ကိုင် စစ်ပွဲဟာ ၅ နှစ် ကျော်ကြာမြင့်ခဲ့ပြီလည်း ဖြစ်ပါတယ်။
သဘောတူလက်မှတ်ထိုးရာမှာ စာချုပ် ၃ ခုကို လက်မှတ်ထိုးခဲ့တယ်လို့ မစ္စတာ ပူတင်က ပြောပါတယ်။ အဲဒီစာချုပ် သုံးခုကတော့ အပစ်ရပ်စာချုပ်ရယ်၊ အပစ်ရပ်ရေးကို စောင့်ကြည့်ရေး စာချုပ်ရယ်၊ ငြိမ်းချမ်းရေးစကားဝိုင်း စတင်ရေး သဘောတူစာချုပ်ရယ် ဖြစ်ကြပါတယ်။
အခုအပစ်အခတ်ရပ်စဲရေးဟာ ထိလွယ်ရှလွယ် သဘောရှိနေသေးပေမယ့် အခုလို ရလဒ်မျိုး ထွက်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့တာကို ဘာပဲဖြစ်ဖြစ်ချီးကျူးပါတယ်လို့ သမ္မတ ပူတင်က ပြောပါတယ်။
ဆီးရီးယားမှာရှိတဲ့ ရုရှားတပ်ဖွဲ့တွေကို လျှော့ချသွားမယ်လို့ သူက ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီးရဲ့ အဆိုပြုချက်ဖြစ်တဲ့ ဆီးရီးယားက တပ်ဖွဲ့တွေ လျှော့ချ သွားရေးကို သဘောတူပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အကြမ်းဖက် သမားတွေကို ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်ပြီး ဆီးရီးယား အစိုးရရဲ့ တရားဝင်မှု ကိုလည်း ဆက်လက် ထောက်ခံသွားမှာ ဖြစ်တယ်လို့ သမ္မတ ပူတင်က ပြောပါတယ်။
ဒါပေမယ့် ရုရှားတပ်အရေ အတွက် ဘယ်လောက်၊ လက်နက်အင်အားဘယ်လောက် လျှော့ချသွားမယ် ဆိုတာကိုတော့ ပြောမသွားပါဘူး။
အခု အပစ်အခတ် ရပ်စဲရေးဟာ ဆီးရီးယား သူပုန်အင်အား ခြောက်သောင်း နှစ်ထောင် အားလုံး အကြုံးဝင်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အိုင်အက်စ် အစ္စလာမ် နိုင်ငံအဖွဲ့နဲ့ နူဇရာတပ်ဦးလို့ ခေါ်တဲ့ အယ်လ်ခိုင်းယီးဒါးနဲ့ အဆက်အသွယ် ရှိတဲ့ အဖွဲ့တို့တော့ မပါဝင်ပါဘူး။
နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးပွဲကိုတော့ ကာဇက်စတန်နိုင်ငံမြို့တော် အတ်စ်တာနာ မှာ ပြုလုပ်မှာ ဖြစ်ပြီး ဆီးရီးယား အစိုးရ ၊ ဆီးရီးယား သူပုန်၊ ရုရှား၊ တူရကီ၊ အီရန် တို့ အပြင်မှာ အီဂျစ်လည်း ပါကောင်းပါမယ်လို့ ဆိုပါတယ်။
နောက်တဆင့်မှာတော့ ဆော်ဒီအာရေးဗျ၊ အီရတ်၊ ဂျော်ဒန်တို့ကိုလည်း ဖိတ်ခေါ်မှာ ဖြစ်ပြီး အမေရိကန်ကိုတော့ ဒေါ်နယ် ထရမ့် သမ္မတ ဖြစ်ပြီးမှ ဖိတ်ခေါ်မယ်လို့ ဆိုပါတယ်။
ဒီလစောစောပိုင်းတုန်းကလည်း အလက်ပိုမြို့မှာ ယာယီအပစ်ရပ်စဲရေး လုပ်ခဲ့ပြီး အစိုးရစစ်တပ် ဝိုင်းထားတဲ့ နယ်မြေထဲက အရပ်သားတွေကို ကယ်ထုတ်နိုင်ခဲ့ ပါတယ်။
ဒီ့အရင် ကုလသမဂ္ဂ၊ အမေရိကန်တို့ နဲ့ ရုရှားတို့ ဦးဆောင်ပြုလုပ်ခဲ့ကြတဲ့ အပစ်ရပ်ရေးဟာတော့ သက်တမ်းမရှည်ပဲ ပျက်စီးခဲ့ပါတယ်။
ဆီးရီးယားမှာ ၅ နှစ်ကြာဖြစ်ပွားခဲ့တဲ့ စစ်ပွဲ အတွင်း လူပေါင်း ၁၁ သန်း အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီအရေအတွက်ဟာ စစ်မဖြစ်ခင်က ရှိတဲ့ ဆီးရီးယားရဲ့ စုစုပေါင်း လူဦးရေရဲ့ တဝက်လည်း ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဆီးရီးယားတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အစိုးရတပ်ဖွဲ့တွေ သောကြာနေ့မှာ စတင်လိုက်နာမယ်လို့ ဆီးရီးယားက ကြေညာ ပါတယ်။ အရင်ကရဖူးတဲ့ အပစ်ရပ်သဘောတူညီချက်တွေလိုပဲ အခုသဘောတူညီချက်မှာလည်း ဆီးရီးယားစစ်တပ်နဲ့ သူပုန်အုပ်စု တွေပဲ အကျူံးဝင်ပြီး IS အစွန်းရောက်လို စစ်သွေးကြွအုပ်စုတွေ မပါပါဘူး။
ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်-အာဆဒ်ကိုထောက်ခံတဲ့ ရုရှားနဲ့ သူပုန်အုပ်စုတွေကို ထောက်ခံတဲ့ တူရကီနိုင်ငံတို့ကလည်း ဒီ အပစ်အခတ်ရပ်စဲရေးကို သူတို့လိုက်နာမယ်လို့ ကတိပြုကြပါတယ်။
ဒီကိစ္စအတွက် ရုရှားနဲ့ တူရကီနိုင်ငံတို့ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အပြင်းအထန် စေ့စပ်ညှိနှိုင်းခဲ့ကြတာပါ။ ဒီလအစောပိုင်း တုန်းကလည်း အပစ်အခတ်ရပ်စဲရေးနဲ့ အာလက်ပိုမြို့က ဒုက္ခသည်တွေနဲ့ သူပုန်တွေကို ရွှေ့ပြောင်းကယ်ထုတ်ရေးအတွက် သဘောတူညီချက်တရပ်ကို ရုရှားနဲ့တူရကီက ကြားဝင်စေ့စပ်ပေးခဲ့ပါသေးတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu ဟာလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ ဒီသီတင်းပတ်အတွင်း နှစ်ကြိမ် ဖုန်းဆက်စကားပြောခဲ့တယ်လို့ တူရကီနိုင်ငံခြားရေးဌာနက ပြောပါတယ်။
ဆီးရီးယားပြည်တွင်းစစ်မှာ ရုရှားနဲ့တူရကီတို့က တဘက်စီကို ထောက်ခံနေကြပေမယ့်လည်း ပဋိပက္ခကိုဖြေရှင်းရေးမှာ တနိုင်ငံစီ ရဲ့အရေးပါမှုကို နှစ်ဘက်စလုံးက အသိအမှတ်ပြုလာကြပြီလို့ လေ့လာသူတွေက ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဆီးရီးယား အပစ်ရပ်ရေး စတင်အသက်ဝင်ပြီ
ဆီးရီးယားမှာ ဒေသစံတော်ချိန် ညသန်းကောင်ယံကစပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင် အသက်ဝင်ပြီဖြစ်ကြောင်း ကြာသပတေးနေ့မှာ ဆီးရီးယား အစိုးရကကြေညာလိုက်ပါတယ်။
ဆီးရီးယား အပစ်ရပ်ရေး စာချုပ်
ဒီအပစ်အခတ်ရပ်စဲရေး အတွက် ဆီးရီးယားအစိုးရနဲ့ သူပုန်အဖွဲ့အများအပြား ကြားအကျုံးဝင်ပေမယ့် ဒီအထဲမှာ အစ္စလန်လက်နက်ကိုင် အဖွဲ့တွေ ပါမပါ မသေချာသေးပါဘူး။ ဒီသဘောတူညီချက်ဟာ အရင်တုန်းက အပစ်ရပ်ရေးပုံစံအတိုင်း ရေးဆွဲထားတာ ဖြစ်ပါတယ်။
ဆီးရီးယား သမ္မတ Bashar al-Assad ကို ထောက်ခံပံ့ပိုးပေးနေတဲ့ ရုရှားနဲ့ သူပုန်အဖွဲ့တွေကို ပံ့ပိုးပေးနေတဲ့ တူရကီတို့ကတော့ အပစ်ရပ် သဘောတူညီချက် အတိုင်း လိုက်နာမယ်လို့ ပြောပါတယ်။
၆ နှစ်ကြာ ဖြစ်ပွါးနေတဲ့ စစ်ပွဲအတွက် ငြိမ်ချမ်းရေးသဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေး ကြားဝင်ဆောင်ရွက်ဖို့ အသင့်ဖြစ်နေပြီလို့ ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာ တူရကီ၊ ဆီးရီးယားနဲ့ ရုရှားတို့ ပြောကြားခဲ့အပြီး အခုလို အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အခုအပစ်အခတ်ရပ်စဲရေးသာ တည်မြဲနေမယ် ဆိုရင်တော့ ရှေ့လထဲ Kazakhstan နိုင်ငံမြို့တော် Astana မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်တော့မှာလည်း ဖြစ်ပါတယ်။
ဒီအပစ်ခတ်ရပ်စဲရေးဟာ ကျိုးပျက်လွယ်တဲ့ သဘောတူညီချက်တခုလို့ ရုရှားသမ္မတ Vladimir Putin က ခေါ်ဆိုလိုက်ပေမယ့် ဒါကို ဆီးရီးယား အစိုးရကရော အတိုက်အခံလက်နက်ကိုင် တပ်ဖွဲ့တွေကပါ ထောက်ခံကြတယ်လို့ ပြောပါတယ်။
အခုရခဲ့တဲ့ သဘောတူညီချက်ဟာ ကျိုးပျက်ဖို့ လွယ်တာမို့ အထူးဂရုစိုက်ဖို့ လိုသလို တည်တံ့တိုးတက်လာဖို့ ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ကြောင်းနဲ့ ဘာပဲဖြစ်ဖြစ် ဒါဟာ ပူးတွဲ လုပ်ဆောင်မှုရဲ့ ထင်ရှားတဲ့ ရလဒ်တခုဖြစ်ကြောင်း ကြာသပတေးနေ့ အစိုးရ ဝန်ကြီးများအဖွဲ့ အစည်းအဝေးမှာ သမ္မတ Putin က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
၂၀၁၆ ခုနှစ်။ ဒီဇင်ဘာလ ၂၉ ရက်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြန်မာပြည် မြောက်ပိုင်း) မှ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ရဲဘော်မင်းဌေးသည် ကချင်ပြည်နယ်၊ ဗန်းမော်-လွယ်ဂျယ် လမ်းမပေါ်ရှိ စိန်လုံစစ်ဆေးရေးဂိတ် တွင် မြန်မာအစိုးရစစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် ဗန်းမော်-လွယ်ဂျယ် လမ်း မှ ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ပြန် လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူ ABSDF(မြောက်ပိုင်း) အဖွဲ့ ကော်မတီ၏ အတွင်းရေးမှူး ဒေါ်နန်းယဉ်က ယခုလိုပြောသည်။
“မနေ့ကပေါ့နော် သူ ဗန်းမော်ကနေ လွယ်ဂျယ်ကို သွားတဲ့လမ်းမှာပေါ့ သူက စိန်လုံစခန်းမှာ ဆွဲချခံထားရတယ် ပေါ့နော်။ သူ့ကိုပေးမသွားဘူးပေါ့ အဲ့လိုကျမတို့ကြားတယ်။ အခုဒီဖက်မှာတော့ ဒီတခေါက်သွားတဲ့အချိန်မှာ ဖြစ်သွားနိုင်တာက သူ့မှာ ခရီးသွားထောက်ခံစာတော့ ကျမ သေချာတော့ မသိဘူးပေါ့၊ ဒီတခေါက်ပါသွားလား မပါ သွားလားဆိုတာ သေချာမသိဘူး။ ခါတိုင်းလည်း သွားလာနေတယ်၊ မြို့ထဲမှာ။ အခုဆိုရင် ဒီနောက်ပိုင်း ၂၁ ပင်လုံ အကြိုပေါ့နော် ဆွေးနွေးပွဲတွေလည်း လုပ်ကြ တော့မယ်ဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းမှာကလည်း သွားလိုက်လာလိုက် ရှိနေတဲ့အပေါ်မှာ သွား လာနေရင်းနဲ့ပဲ လိုင်ဇာကို တချက်ပြန်မယ်ဆိုတဲ့ အပေါ်မှာ ဖြစ်တာပါ၊ အဲ့လိုအနေအထားမျိုး ကျမတို့ သိရပါ တယ်။” ဟု ဒေါ်နန်းယဉ် က ပြောသည်။
စိန်လုံစစ်ဆေးဂိတ်မှ ဗန်းမော်မြို့ရှိ စရဖ (ခေါ်) စစ်ဘက်ရေးရာ လုံးခြုံရေးတပ်ဖွဲ့ ရုံးမှ စစ်ဆေးမေးမြန်းစရာများ ရှိနေသည့် အတွက် ဗန်းမော်မြို့တွင် ယနေ့အချိန်ထိ ဆက်လက် ဖမ်းဆီးထားရခြင်းဖြစ်ကြောင်း အသိမိတ်ဆွေ များထံမှ တဆင့် သိရသည် ဟု ဒေါ်နန်းရင် က ပြောသည်။
ရဲဘော်မင်းဌေးသည် ABSDF(မြောက်ပိုင်း) အဖွဲ့၏ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သလို လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တလျှောက် ဆွေးနွေးပွဲများတွင်လည်း ပါဝင်တက်ရောက်ခဲ့သူ တစ်ဦးဖြစ်သည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆောင်ရွက်နိုင်ရေး ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် အစည်း အဝေး တစ်ရပ်သွားတက်ရောက်ခဲ့ပြီး ကချင်ပြည်နယ် လိုင်ဇာမြို့သို့ အပြန်လမ်းတွင် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်။
ရဲဘော်မင်းဌေးကို အစိုးရတပ်မတော်မှ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့အချိန်ထိ တိုက်ရိုက်ဆက်သွယ်လို့ မရ သေးကြောင်း ဇနီးသည် ဒေါ်နန်းယဉ်က “ဖမ်းတာကတော့ စစ်တပ်ကပဲ ဖမ်းတာရှင့်။ တပ်မတော်ဖက်က ဖမ်း တယ်လို့ ကျမ တို့ သိရတယ်။ အခုတော့ ကျမ တို့ သတင်းပြန်ကြားရတာက ဗန်းမော် စရဖရုံးမှာ ရောက်နေပြီလို့ တော့ ကျမတို့ ကြားရပါတယ်။ သူနဲ့တော့ တိုက်ရိုက်မတွေ့ဘူး။ ဒါပေမယ့် ကျမတို့ဘက်က တာဝန်ရှိတဲ့လူတွေ ဆက် သွယ်ပြီး ဆောင်ရွက်နေတာကတော့ ဒီ စရဖ ဘက်ကလည်း တချို့ မေးစရာလေးတွေ ရှိတယ်၊ အဖွဲ့ အစည်းနဲ့ ပတ်သက်တဲ့ ပစ္စည်းလေးတွေ ပါသွားတဲ့အပေါ်မှာ သူတို့အနေနဲ့ မေးစရာရှိလို့ပါဆိုတာမျိုးတော့ စိတ် မပူနဲ့ ဆို တာမျိုးတွေ ကျမတို့ကို အသိတွေက တဆင့် ပြန်ကြားရတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် သူနဲ့တော့ တိုက်ရိုက် ဖုန်းမရ သေးဘူးရှင့်။” ဟု ပြောသည်။
ABSDF အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းတခုဖြစ်ပြီး ရဲဘော်မင်းဌေးအား အစိုးရတပ်မတော်မှ ယခုကဲ့သို့ ဖမ်းဆီးခြင်းသည် မဖြစ်သင့် ကြောင်း မြောက်ပိုင်းကျောင်းသားတပ်မတော်၏ ဥက္ကဌ ရဲဘော်လဆိုင်းက ယခုလို ပြောသည်။
“အမှန်ဆိုလို့ရှိရင်တော့ မဖြစ်သင့်ဘူးပေါ့လေနော။ မဖြစ်သင့်ဘူး ဒါပေမဲ့ ဖြစ်သွားပြီ ဖြစ်သွားတယ်ဆိုတဲ့ အနေ အထားနဲ့ နောက်တစ်ချက်က ကိုယ့်ဖက်က ဘာလိုအပ်ချက် ရှိသလဲပေါ့နော ကိုယ့်ရဲ့ ဒီ လက်ရှိအနေအထား အရ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပေမဲ့ ကျနော်တို့ရဲ့ သွားလာရေး ကိစ္စအ၀၀က တော့ အဲဒါ သူတို့အနေနဲ့ ဘယ်လိုများ ခွင့်မပြုနိုင်တဲ့ အနေအထားများရှိသလဲပေါ့။ ဒါ ကျနော်တို့ စဉ်းစားရတဲ့ အချက်တစ်ခု နောက်တစ်ခုကတော့ ကျနော်တို့ စဉ်းစားတာက အခုကျနော်တို့ ကျောင်းသား တပ်မတော် မြောက် ပိုင်းပေါ့နော ABSDF ဒီ မြောက်ပိုင်းဒေသမှာကျတော့ ဒီကနေ့ ထိုးစစ်ခံနေရတဲ့ မဟာမိတ် KIO/KIA နယ်မြေထဲ မှာ နေတဲ့အခါကျတော့ အခြေအနေပေါ်မှာ မူတည်ပြီးမှ ကျနော်တို့အပေါ်များ အဲသလိုလုပ်သလား ဆိုတဲ့ မေးခွန်း တွေတော့ ကျနော်တို့ ပေါ်လာတယ်ပေါ့နော။ ကျနော်တို့လည်း အတိအကျတော့ အခုထက်ထိ ဘာမှမသိရသေး ဘူး။” ဟု ရဲဘော်လဆိုင်း က ပြောသည်။
ရဲဘော်မင်းဌေး လွတ်မြောက်ရေးအတွက် ABSDF (ဗဟို) မှ တပ်မတော်မှ တာဝန်ရှိသူများ ဆက်သွယ် ညှိနှိုင်း ဆောင်ရွက်နေသည့်အပြင် အစိုးရတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ငြိမ်းချမ်းရေး ကော်မတီများဖြစ်သည့် NRPC ၊ UPDJC တို့ကိုလည်း ဆက်သွယ်ထားကြောင်း သိရသည်။
ရဲဘော်မင်းဌေးသည် Hollywood ရုပ်ရှင်မင်းသား Sylvester Stallone နှင့်အတူ မြန်မာနိုင်ငံအကြောင်း ရိုက် ကူးထားသည့် Rambo 4 ရုပ်ရှင်ဇာတ်ကားတွင် အဓိက ဇာတ်ကောင်တစ်ဦးအနေဖြင့် တပ်မတော် စစ်ဗိုလ် တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။
သတင်းနှင့်မီဒီယာ ကွန်ရက်။
http://www.nmg-news.com
ဖားကန့်မြို့နယ်ရှိ မြေဇာပုံ ပြိုကျသည့် နေရာအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)
   ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)
    ဖားကန့် မြို့နယ်၌ စုပေါင်း မြေစာပုံ ပြိုကျမှု ဖြစ်ပွားခဲ့ရာတွင် ရေမဆေးကျောက် ရှာဖွေသူ ခန့်မှန်း ၂၀ ဦးခန့် ပါဝင်သွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြေစာပြိုကျချိန်သည် ဒီဇင်ဘာလ ၂၈ ရက် ညနေပိုင်း အချိန် ဖြစ်သည့် အတွက် အခင်းဖြစ်နေရာတွင် ထပ်မံ၍ မြေစာလျောကျနိုင်ခြေရှိခြင်း၊ ညအချိန်တွင်  မြင်ကွင်းကန့် သတ်ချက်ရှိခြင်းကြောင့် ယနေ့  ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၇ နာရီတွင် စတင်ရှာဖွေရန်  စီမံဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူ ၂  ဦး အား ဖားကန့်ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။
ထိုဖြစ်ရပ်၌ဖားကန့် မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နှင့် လုံးခင်းကျေးရွာအုပ်စု နယ်နိမိတ် အစပ်ရှိ ကမ်ခမ် စုပေါင်း မြေစာပုံတွင် အမြင့်ပေ ၄၀၀ ခန့်မှ မြေစာလျောကျမှု ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ရေမဆေး ကျောက် ရှာဖွေသူခန့်မှန်း ၂၀  ဦးခန့်နှင့် ကျောက်စိမ်း နန်းတော် ကုမ္ပဏီမှ မြေစာစွန့်ပစ်နေသော မြေသယ်ယာဉ် ၁  စီး မြေစာလျောကျမှုတွင်ပါသွားကြောင်းသိရသည်။
(Xinhua)
http://www.xinhuamyanmar.com
သာစည် ဒီဇင်ဘာ ၂၉
သာစည်မြို့နယ်အတွင်း ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာ ရေးအတွက် သာစည်မြို့နယ် ရဲတပ်ဖွဲ့က မြို့နယ်အတွင်းရှိ အခြေခံပညာ အလယ် တန်း၊ အထက်တန်း ကျောင်းများနှင့် ရပ်ကွက် ကျေးရွာများအထိ ကွင်းဆင်း သွားရောက်၍ အသိ ပညာပေး ဟော ပြောဆွေးနွေးမှုများ ပြုလုပ်ပေးခဲ့သည့် အပြင် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း လိုက်နာရေး စည်းကမ်းချက်များ ပါဝင် သော စာစောင်များကို ပြည်သူတို့လက်ဝယ် အရောက် ဖြန့်ဝေပေး ထားသော်လည်း ဒေသခံ ယာဉ်မောင်းသူ အများစုအနေဖြင့် စည်းကမ်းလိုက်နာမှု အားနည်းနေသေး ကြောင်း မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။
''ကျွန်တော်တို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တွေက ပြည်သူတွေကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေလိုက်နာဖို့ အသိပေး သော်လည်း ယာဉ်မောင်းသူအချို့က စည်းကမ်းလိုက်နာမှု မရှိကြသေးပါဘူး။ အထူးသဖြင့် ဆိုင်ကယ်မောင်းနှင်သူတွေ က အဆိုးဆုံးပါ။ ဆိုင်ကယ်စီးဦးထုပ် မဆောင်းဘူး။ နှစ်ဦးထက်ပိုတင်ပြီးတော့ မောင်းနှင်ကြတယ်။ မီးပွိုင့်ကိုလည်း ဂရု မစိုက်ဘူး။ မောင်းချင်သလို မောင်းနှင် နေကြတယ်။ ဒါကြောင့် လမ်းဆုံမီးပွိုင့်က နေပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာတဲ့ ယာဉ်မောင်းတွေကို စစ်ဆေး အရေးယူနေကြရပါတယ်။ တစ်နေ့တစ်နေ့ ဆိုရင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းတဲ့ ဆိုင်ကယ်ယာဉ်မောင်းတွေကို အရေးယူ ရတာ ၁ဝ ဦးထက် မနည်းပါဘူး'' ဟု မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး ကျော်ဗိုလ်ဗိုလ်ဟိန်းက ပြောသည်။
သာစည်မြို့နယ် ယာဉ်စည်းကမ်းထိန်း သိမ်းရေးကော်မတီအနေဖြင့် သာစည်မြို့ လမ်းဆုံမီးပွိုင့်တွင် စုရပ်ပြု၍ အဆိုပါ မီးပွိုင့်မှ ဖြတ် သန်းမောင်းနှင်နေကြသည့် ယာဉ်ကြီးယာဉ်ငယ်များ၊ ဆိုင်ကယ်များ ကို ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း စစ်ဆေး အရေးယူမှုများ ဆောင်ရွက် လျက်ရှိရာ ယာဉ်မောင်းလိုင်စင် မပါရှိဘဲ မောင်းနှင်သူများ၊ ဆိုင်ကယ်စီး ဦးထုပ် မဆောင်းသူများ၊ ဆိုင်ကယ်ကို နှစ်ဦး ထက်ပို၍ တင်ဆောင်မောင်းနှင်ကြ သူများ နှင့် အချက်ပြမီးပွိုင့်ကို မလိုက်နာသူများ အား အများဆုံး အရေးယူရကြောင်း သိရသည်။
မောင်ကို(သာစည်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မနီလာ၊ ဒီဇင်ဘာ ၂၉ ။ ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အဂတိလိုက်စားသောအရာရှိများကို ကောင်းကင်အလယ် ရဟတ်ယာဉ်ပေါ်ကနေ ပစ်ချပစ်မည်ဟု ခြိမ်းခြောက်ကာ ယခင်ကလည်း ယင်းသို့လုပ်ဆောင်ခဲ့ဖူးပြီးဖြစ်ကြောင်း ပြောသည်။
"ခင်ဗျားက လာဘ်စားအကျင့်ပျက်ပြီလား။ ဒါဆို ရယာဉ်နဲ့ ခင်ဗျားကို မနီလာခေါ်သွားမယ်။ ပြီတော့ ရယာဉ်ယာဉ်ပေါ်ကနေ ပစ်ချခဲ့မယ်။"ဟု အကျင့်ပျက်ခြစားမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တိုက်ပွဲဆင်လျက်ရှိသူ ဒူတာတေးက ဆိုသည်။
ယခုပြောဆိုချက်ဖြင့် ဒူတာတေးက တရားဥပဒေကို ကျော်လွန်သည့် သတ်ဖြတ်ခြင်းများအား လုပ်ဆောင်နေကြောင်းကို ကိုယ်တိုင်ကိုယ်ကျ အတည်ပြုလိုက်ခြင်းလည်းဖြစ်နေသည်။
၎င်း၏ ပြောရေးဆိုခွင့်ရှိသူကမူ ဒူတာတေး၏ ယခုပြောဆိုချက်နှင့် ပတ်သက်ပြီး ယုံတမ်းစကားအနေနဲ့ ပြောခြင်းပါဟု ဖော့ပြောသည်။
ဒါဗာအိုမြို့တော်ဝန်ဘဝတွင် လူသုံးဦးအား ပစ်သတ်ဖူးကြောင်း ဒူတာတေးက ယခင်ပြောကြားခဲ့ဖူးသည်ကိုလည်း အခြားသော ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကိုယ်တိုင်ပစ်သတ်ခဲ့ခြင်းမဟုတ်ကြောင်းကို ယခုလအစောပိုင်းက ဝင်ရောက်ဖာထေးခဲ့ရသည်။
ယခုပြောကြားချက်မှာ အလယ်ပိုင်းဒေသရှိ တိုင်ဖုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများအား ဒီဇင်ဘာ ၂၇ ရက်က မိန့်ခွန်းပြောရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မိန့်ခွန်း ဗီဒီယိုဖိုင်အား သမ္မတရုံးက အွန်လိုင်းတင်ထားခြင်းလည်းဖြစ်သည်။
သမ္မတဒူတာတေးက ၎င်းကတိပေးထားသော မုန်တိုင်းဒဏ်သင့်ဒုက္ခသည်များအတွက် ဘဏ္ဍာရေးအကူအညီအထောက်အပံ့များကို မသမာခိုးယူသူမည်သူမဆို ရဟတ်ယာဉ်ပေါ်က ပစ်ချမည်ဟု ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။
"အရင်လည်း လုပ်ခဲ့ဖူးပြီးသားပဲ။ နောက်တစ်ကြိမ် ဘာလို့မလုပ်နိုင်ရမှာလဲ။"ဟု လက်ခုပ်သံများကြား ဒူတာတေးက ပြောလိုက်သည်။
Mizzima - News in Burmese
နိုင်ငံကျော် စာရေးဆရာ ကဗျာဆရာမကြီး ကြည်အေးဟာ အသက် (၈၇) နှစ်ပြည့်ပြီး ရက်ပိုင်းမှာပဲ ဒီဇင်ဘာလ ၂၈ ရက်နေ့ ဗုဒ္ဓဟူးနေ့မနက် ၆ နာရီ ၄၉ မိနစ်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ဈာပနအခမ်းအနားကို ဆရာမကြီးကြည်အေးရဲ့ ဆန္ဒအတိုင်း မိသားစုက စီစဉ်မှာ ဖြစ်ပါတယ်လို့ သိရပါတယ်။
ဆရာမကြီးကြည်အေး ကွယ်လွန်သွားပြီလို့ သိလိုက်ချိန်မှာ မြန်မာနိုင်ငံတဝှမ်းက စာပေအနုပညာသမားတွေ၊ ကဗျာဆရာတွေနဲ့ စာဖတ်ပရိတ်သတ်တွေက မြန်မာ့ စာပေအနုပညာလောကအတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးတခုအဖြစ် ဝမ်းနည်းကြေကွဲခံစားကြကြောင်း ရေးသားဖော်ပြကြပါတယ်။ ကွယ်လွန်သူ ဆရာမကြီး ကြည်အေးရဲ့ စာပေကဗျာ ခံစားချက်စာစုတွေအပေါ် ကဗျာဆရာအချို့နဲ့ စာရေးဆရာအချို့ရဲ့ အမြင်တွေကို ဦးကျော်ဇံသာက စုစည်းတင်ပြပေးထားပါတယ်။
ဆရာမောင်အောင်မွန်ဟာ ကြည်အေးထက်နောက်ကျပြီး စာပေလောကထဲကို ၀င်ရောက်လာပေမဲ့ အထူးသဖြင့် ရှုမ၀မဂ္ဂဇင်းမှာ ကြည်အေးနဲ့အတူ ရေးသားလာတဲ့ ရေးဖော်ရေးဘက်တဦးဖြစ်ခဲ့ပါတယ်။
“ကြည်အေးက စာဖတ်အားကောင်းတယ်။ အလွန်အမင်းကို ကောင်းတယ်။ သူ စာရေးတဲ့အချိန်မှာ ဂန္ဓ၀င်စာအုပ်တွေကို အများကြီး ဖတ်ထားပြီးသား ဖြစ်တဲ့အတွက်ကြောင့်မို့ ဇာတ်ကောင်တို့ ဇာတ်အိမ်တို့ ဖွဲ့တဲ့အခါမှာ အံ့သြစရာကောင်းလောက်အောင် ထူးချွန်အောင်မြင်တာကို သတိထားမိပါတယ်။ နောက်တခုကတော့ ကြည်အေးက စ ဟေ့ ဆိုကတည်းကိုက ရဲရဲတွေး၊ ရဲရဲရေး ဆိုသလိုပဲ သမရိုးကျစာပေတွေနဲ့ မတူတဲ့အတွက်ကြောင့်မို့လည်း သူ့ရဲ့အောင်မြင်မှုကို မကြိုက်ကြတဲ့လူတွေက အဲဒီတုန်းကတည်းကိုက စပြီး ရှိလာပါတယ်။ သူ့ရဲ့ ထူးခြားမှုတခုက ဘာလဲဆိုရင် ဗမာစာပေလောကမှာ ရှိခဲတဲ့ မိခင်ရဲ့အားနည်းချက်များကိုပေါ့လေ ရဲရဲတင်းတင်းရေးတာမျိုး ဥပမာ - နွမ်းလျအိမ်ပြန် မှာ တွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်က လွန်ခဲ့တဲ့ ၃ လလောက်တုန်းက တယ်လီဖုန်းနဲ့ ပြောတဲ့အခါမှာ သူ့ကို စာပေ ဒီအဆင့်ကိုရောက်အောင် တင်ပေးတဲ့ အိန္ဒိယဆရာကြီး Mitra ကို ကုလားကြီးကို အရောမ၀င်လို့ပြောတော့ သူ့အမေကို တော်တော် စိတ်ဆိုးတယ်တဲ့။ နောက်တချက်ကတော့ ဆေးကျောင်းမှာ သူ အဲ့ဒီလိုတက်နေတာ စာမေးပွဲမကျဘဲနဲ့ မိန်းကလေးက ဒီလောက်ဆိုရင် တော်လောက်ပြီဆိုပြီးတော့ ကျောင်းထွက်လိုက်ရတဲ့အတွက် မကျေနပ်တာဆိုပြီး အဲ့ဒီလို ပြောပြဖူးပါတယ်။”
ကဗျာဆရာ အောင်ဝေး ကတော့ သူတို့နဲ့ခေတ်ပြိုင် ကဗျာဆရာတွေအပေါ်မှာ ဆရာမကြီးကြည်အေး သြဇာ ဘယ်လိုသက်ရောက်ခဲ့တယ်ဆိုတာကို အခုလို ရှင်းပြပါတယ်။
“နိုင်ငံခြားထွက်သွားပေမဲ့လည်း ဒေါ်ကြည်အေးရဲ့စာတွေက ပြည်တွင်းက စာပေလောကမှာရော၊ စာဖတ်ပရိသတ် အ၀န်းဝိုင်းမှာပါ သံမှိုကျန်တုန်းပဲ။ အထူးသဖြင့်ပေါ့ ကြည်အေးကဗျာတွေက စူးရှတယ်။ အတွေးအမြင်တွေက တခြားကဗျာဆရာတွေနဲ့ မတူဘူး။ အရေးအဖွဲ့ကလည်း ဆန်းသစ်တယ်။ ကျနော်တို့ ထူးထူးခြားခြား ကြည်အေးကို ဘာကြောင့် စွဲမက်သလဲဆိုတော့ ကြည်အေးရဲ့အမြင်မှာ ဥပမာပေါ့ဆရာရယ် သစ္စာသစ်ကဗျာထဲမှာ
“ကျမချစ်မြဲ….. .သံသာဝဲမှ…..ခွဲထွက်ချင်ဘူး…..တက်မက်ဦးမည်။”
နောက် “မွေ့လျော်ငြိတွယ်…..သေမျိုးနွယ်လဲ…..ရယ်ရွှင်ဝံ့စား….. ငါလူသားဟု…..တရားထွန်းသစ်….. သတ္တိဖြစ်၏။”
ဒါ Philosophy အနုစားတခုပါပဲ။ ဒေါ်ကြည်အေးကဗျာတွေဟာ philosophy romantic ဖြစ်တယ်။ နောက် ဒေါ်ကြည်အေးက အမေရိကားကို ဖွဲ့တဲ့ကဗျာတပုဒ်ရှိတယ်ဆရာရေ့။ ပထမအမြင်တဲ့ ၁၉၇၂ မှာပဲရေးတာ။ အဲဒီအချိန် အဲဒီကာလတုန်းက အမေရိကားရဲ့ အသားအရောင်ခွဲခြားမှုတွေ၊ မူးယစ်ဆေးဝါးတွေ၊ သေနတ်တွေ၊ အဲဒါတွေကို သူ ရေးတာ။ အဲဒီထဲမှာလည်း
“နှင်းခင်းဖုံးကွယ်…..နိုင်ငံကျယ်စွ…..ကြွယ်ဟန်ဆောင်သည်…..နှင်းမှောင်ကန္တာရတံခါးတဲ့”
အမေရိကားရဲ့ အနိဌာရုံတွေကို သူမြင်တာတွေ သူ ဖွဲ့ခဲ့တယ်။ ဒါတွေက realism တွေပါပဲ။”
မြန်မာစာကထိကဟောင်း စာရေးဆရာမ မေငြိမ်းကတော့ ဆရာမကြီးကြည်အေးရဲ့ စာပေတွေဟာ အခုခေတ်စာပေလောကမှာ ပိုလို့တောင်မှ ထင်ရှားတောက်ပြောင်လာတယ်လို့ သုံးသပ်ပါတယ်။
“ကျမက အဖေ့စာအုပ်စင်ကစပြီးတော့ ကြည်အေးကို သိတာ။ ကျောင်းစာနဲ့ ဆက်စပ်ပြီးတော့ ကြည်အေးကို သိခွင့်မရခဲ့ပါဘူး။ ကျမဘာသာ ရှာဖွေဖတ်ရင်းနဲ့ ကြိုက်လို့မို့လို့ ကြည်အေးရဲ့ ၀တ္ထုတိုတွေ၊ ကဗျာတွေပေါ့နော် ဖတ်တယ်။ နောက် အဲဒီအချိန်မှာ ကျမကိုယ်တိုင်က စာ စရေးတဲ့အချိန်ဆိုတော့ ဒီစာရေးဆရာပေါက်စတွေရဲ့ ထုံးစံအတိုင်းပေါ့လေ တချို့က ကြည်အေးကို မော်ဒန်စာရေးဆရာမလို့ ပြောတယ်။ နောက်တခါ existentialist လို့ပြောတယ်။ ဆိုတဲ့အခါမှာ ကျမက သူ့စာတွေ လိုက်ဖတ်ရင်းနဲ့ ကြည်အေးဟာ တချို့ဝေဖန်ရေးဆရာတွေ ပုံသွင်းသလိုမျိုး အတ္တဘ၀အမှန်ဝါဒီ ဆိုတဲ့ existentialist ဆိုတာထက် တကယ့်လူ့ဘ၀ထဲကို သေသေချာချာသိတဲ့ စာရေးဆရာမအနေနဲ့ ကျမ သူ့ကို မြင်ခဲ့ပါတယ်။ ဒါကြောင့် ကြည်အေးဟာ ကျမဘ၀ တလျှောက်လုံးမှာ တော်တော်ကို လွှမ်းမိုးပြီးတော့ အခုအချိန်ထိ အစွဲလန်းဆုံး စာရေးဆရာဖြစ်ပါတယ်။ ပြီးတော့ ကျမ မဟာဝိဇ္ဇာတန်းတက်တော့ ရသစာပေ သင်တဲ့အခါမှာ ဆရာက ဇော်ဇော်အောင်ပါ။ စာရေးဆရာဇော်ဇော်အောင်၊ အဲဒီသီအိုရီတွေကို သင်ရင်းနဲ့မှ ကြည်အေးရဲ့ စာပေဆိုတာကို ဆရာဇော်ဇော်အောင်နဲ့ သင်ကြားမှုနဲ့ အတူတူ ကျမ လေ့လာခွင့်ရခဲ့တယ်။ အခုနောက်ပိုင်းမှာ ကြည်အေးရဲ့အခန်းကဏ္ဍက ပိုပြီး တောက်ပလာတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု မြန်မာပြည်မှာရှိနေတဲ့ စာပေ၀ါဿနာရှင်တွေရော၊ စာရေးဆရာတွေ ကိုယ်တိုင်ကရော ကြည်အေးကို သိပ်ကို ညွှန်းလာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်ခေတ်ကတော့ သိပ်လည်း မပွင့်လင်းခဲ့တာတွေလည်း ပါတာပေါ့နော်။ အခုကတော့ ပိုပြီးတော့ ပွင့်လင်းပြီး ပို စာဖတ်လာတဲ့လူတွေက ကြည်အေးကို ပို တွေ့လာကြတယ်။ အဲဒီအခါမှာ ကြည်အေးက ပိုပြီးတော့ တောက်ပြောင်လာတယ်။”
VOA Burmese News
နိုင်ငံကျော် စာရေးဆရာမကြီး ကြည်အေးဟာ အသက် ၈၇နှစ်အရွယ်မှာ အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် Mount Sinai ဆေးရုံမှာ နှလုံးရောဂါနဲ့ ဒီဇင်ဘာ ၂၈ရက်နေ့က ကွယ်လွန်သွားပါတယ်။ ဆရာမကြီးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ရက်နေ့မှာ အသက် ၈၇နှစ်ပြည့်ခဲ့တာဖြစ်ပြီး အမည်ရင်းက မကြည်ကြည်တင်မြင့်ဖြစ်ပါတယ်။
ဆရာမကြီး ကြည်အေးဟာ ၁၉၅၃မှာ အိမ်ထောင်ပြုခဲ့ပြီး ၁၉၆၂-၆၃မှာ တက္ကသိုလ်မှာ အင်္ဂလိပ်စာနည်းပြအဖြစ်တာဝန်ယူခဲ့ပါတယ်။
အဲဒီနောက် ဆေးကျောင်းပြန်တက်ပြီး ၁၉၇ဝမှာ ဆေးကျောင်းပြီးခဲ့ပြီး ဆရာဝန်အဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။
၁၉၇၁-၇၂မှာ အမေရိကန်ပြည်ထောင်စု ချီကာဂိုမှာ အလုပ်သင်ဆရာဝန်၊ နယူးယောက်မြို့မှာ စိတ်ပညာ Residency စတဲ့တာဝန်တွေယူခဲ့ပြီး ၁၉၈၈ကနေ ၂ဝဝ၁အထိ အစိုးရဆေးရုံနဲ့ သီးသန့်ဆေးရုံတွေမှာ အထူးကုအကြံပေးအဖြစ် တာဝန်ယူခဲ့ပါတယ်။
"အချည်းနှီး မီးအိမ်"
ညဥ့်မှောင်ကြီးမှာ
မီးပုံးအပြာ ၊ ရှာယူလာပြီး
လသာဆောင်စွန်း ၊ တိုင်ထိပ်တန်းမှာ
ကြေးနန်းနှင့်တဲ ၊ တွဲလိတွဲလောင်း
ချိတ်ဆွဲလိုက်ပြီး ၊ အချည်းနှီးပင်
ထီးတည်းထိုင်ကာ နေမိ၏။
အဘယ်သူလျှင်
အမူညံ့သက် ၊ ပြုံးနှုတ်ဆက်နှင့်
ဝင်းပြက်မီးခိုင် ၊ ဖယောင်းတိုင်ကို
ကိုင်ဆောင်လာပြီး ၊ ရိုလေရီးခို
ဖော့စီးညင်သာ ၊ မီးပုံးပြာမှာ
စိုက်လာထွန်းညှိပါမည်နည်း။
တွတ်တွတ်ညည်း၍
ညဥ့်လည်းအေးအေး ၊ ငါ့လည်းငေးမိ
ပြေးလွှားမြူးခုန် ၊ အစုန်အဆန်
လေပြန်ဝှေ့နောက် ၊ လေရူးပေါက်မှာ
ဂနာမငြိမ် ၊ ငါ့မီးအိမ်သည်
တွန့်လိမ်လူးလွန့် နေသည်တကား။
ကြည်အေး
( ရှုမဝမဂ္ဂဇင်း ၊ ၁၉၄၉ ၊ ဇူလိုင် )
Kamayut Media
နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာကျင်းပတဲ့ ကရင်အမျိုးသားနှစ်ကူးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကို ဒီဇင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ Photo : Win Naung Toe/RFA
ကရင်အမျိုးသားနှစ်ကူးကနေပေးတဲ့ သင်ခန်းစာတွေကိုနှလုံးသွင်းပြီး ပြည်ထောင်စုကြီး ခိုင်မာသာယာအောင် လုပ်ဆောင်ကြဖို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။
နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ပထမဆုံးနိုင်ငံတော်အဆင့် ကျင်းပတဲ့ ကရင်အမျိုးသားနှစ်ကူးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောတာဖြစ်ပါတယ်။
"နောက်လာနောင်သားတွေဟာလည်း ကျမတို့ပျိုးခဲ့တဲ့ အခုဒီအချိန်အခါမှာပျိုးခဲ့တဲ့ ငြိမ်းချမ်းရေး မျိုးစေ့လေးတွေရဲ့ အသီးအပွင့်တွေကို ခေတ်အဆက်ဆက် ခံစား၊ စံစားရမှာပါဖြစ်ပါတယ်၊ ဒါကြောင့် ဘာပဲလုပ်လုပ် ကျမတို့ဟာ ရှေ့အနာဂတ်ကို ကြည့်ရပါတယ်၊ အနာဂတ်ဆိုတာ နောက် ၁ နှစ်လည်း မဟုတ်ဘူး၊ နောက် ၂ နှစ်လည်း မဟုတ်ဘူး၊ နောက် လေးငါးနှစ်လည်း မဟုတ်ပါဘူး၊  နိုင်ငံ့အတွက်လုပ်တဲ့ သူတွေက နောင်မျိုးဆက်တွေအတွက်ပဲ စဉ်းစားတယ်၊ အဲဒီတော့ ကျမတို့အားလုံးဟာ နောင်မျိုးဆက်တွေ အတွက် စဉ်းစားပြီးတော့ ကရင်အမျိုးသားများရဲ့ အင်မတန်မှ ချစ်ဖွယ်ကောင်းတဲ့ နှစ်သစ်ကူးကပေးတဲ့ သင်ခန်းစာတွေကို နှလုံးသွင်းပြီးတော့ အားလုံးအတူလက်တွဲပြီးတော့ ပြည်ထောင်စုကြီး ခိုင်မာသာယာ ဝပြောအောင် လုပ်နိုင်ကြပါစေလို့ ကျမဆုတောင်းမေတ္တာပို့ရင်း နိဂုံးချုပ်ပါတယ်"
ကရင်နှစ်သစ်ကူးမှာ မျှော်လင့်ချက်တွေပြန်ပြီးဆန်းသစ်လာကြသလို တိုင်းရင်းသားတွေရဲ့ နှစ်ကူးမှာ အားလုံးဝိုင်းဝန်ပြီးလုပ်ဆောင်တာဟာ ကောင်းတဲ့ နိမိတ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိမိတ်ကိုပဲ အားမကိုးပဲ ကိုယ်တိုင်ကြိုးစားကြရမယ်လို့လည်း ပြောပါတယ်။
ဒီကနေ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ရှမ်းတိုင်းရင်းသားဖြစ်တဲ့ ဦးအောင်ကိုဝင်း ပိုင်ဆိုင်တဲ့ ကမ္ဘောဇဘဏ်က ကူညီပံ့ပိုးတယ်လို့လည်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ပြောပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ၂၇၅၆ ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားကို နေပြည်တော်၊ ရန်ကုန်၊ လွိုင်ကော်နဲ့ ဘားအံ စတဲ့မြို့တွေမှာ ကျင်းပကြပါတယ်။
RFA Burmese
http://www.rfa.org/burmese
ပျက်ကျသွားသည့် ရုရှားလေယာဉ်အား ရှာဖွေနေသည့် ကယ်ဆယ်ရေး အဖွဲ့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    မော်စကို၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
    ပင်လယ်နက်အတွင်းသို့ ပျက်ကျသွားခဲ့သည့် ရုရှားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဋ္ဌာနပိုင် Tu-154 ခရီးသည်တင် လေယာဉ်၏ အဓိက အစိတ်အပိုင်းများအား ပင်လယ်ထဲမှ ဆယ်ယူနိုင်ခဲ့ကြောင်း ဒီဇင်ဘာလ ၂၉ ရက်က ဖော်ပြထားသည့် ရုရှား သတင်း အေဂျင်စီ RIA Novosti အရ သိရသည်။
လေယာဉ် ပျက်ခဲ့သည့် နေရာတွင် ရှာဖွေရေး လုပ်ငန်းများအား ရုရှား ကယ်ဆယ်ရေးသမားများက အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း ရုရှားနိုင်ငံ တရားဥပဒေ စိုးမိုးရေး အေဂျင်စီ ကိုယ်စား ပြောကြားချက်အား ကိုးကား၍ RIA Novosti က ဖော်ပြထားသည်။
အဆိုပါ လေယာဉ် ပျက်ကျသည့် နေရာ၌ သေဆုံးသူ ၁၉ ဦး၏ ရုပ်အလောင်းများအား ဆယ်ယူနိုင်ခဲ့ကာ မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိနိုင်ရန် မော်စကိုမြို့သို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဋ္ဌာနပိုင် Tu-154 ခရီးသည်တင် လေယာဉ်သည် ဒီဇင်ဘာလ ၂၅ ရက် အစောပိုင်းက ဝန်ထမ်း ၈ ဦး အပါအဝင် ခရီးသည် ၉၂ ဦးအား တင်ဆောင်ကာ မော်စကိုမှ ဆီးရီးယားသို့ ထွက်ခွာလာစဉ် ပင်လယ်ထဲသို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်။
(Xinhua)
http://www.xinhuamyanmar.com
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အထက်မက်လင်ချောင်မှော်ရွာအနီးက ကျောက်စိမ်းနန်းတော် ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ ပြိုကျနေတာကို ဒီဇင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ Photo : Tin Hlaing
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အထက်မက်လင်ချောင်မှော်ရွာအနီးက ကျောက်စိမ်းနန်းတော် ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံမှာ မနေ့ ညနေပိုင်းက မြေစာပုံပြိုကျလို့ တနိုင်တပိုင်ကျောက်စိမ်း တူးဖော်နေသူ ၃၀ ကျော်လောက် ရှိတယ်လို့ ဒေသခံတွေကပြောကြပေမယ့် အုပ်ချုပ်ရေးမှူးက ၂ ဦး ပျောက်ဆုံးနေကြောင်း ပြောပါတယ်။
ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က  အရေအတွက်အတိအကျကို အတည်မပြုနိုင်သေးကြောင်းနဲ့ သူတို့ ရရှိထားတဲ့စာရင်းအရတော့ ပျောက်ဆုံးနေသူ ၂ ယောက် ရှိကြောင်းပြောပါတယ်။
"ပျောက်ဆုံးတဲ့ စာရင်းရတာတော့ ၂ ယောက်ပဲ ရှိတယ်။ မြေစာပုံနားမှာ ဈေးရောင်းနေတဲ့ ဈေးတန်းက တစ်ယောက်ရယ်၊ နောက် အဲဒီ မြေစာပုံနဲ့ အနီးဆုံးရှိတဲ့ ရွာက ရေမဆေးရှာတဲ့ ရေမဆေး တစ်ယောက်ရယ် ။ ဒဏ်ရာက ရတဲ့သူကတော့ ၃ ယောက်ရှိတယ်။ သူတို့ကတော့ သာမာန် ဒဏ်ရာ မစိုးရိမ်ရနဲ့ ဆေးရုံမှာ ၃ ယောက်ရှိတယ်။ ကျန်တဲ့သူတွေကတော့ ဆေးရုံကို သွားစရာမလိုပဲနဲ့ ကျောက်ခဲစင်တာ၊ မှန်တာ၊ ပြေး ရင်းလွှားရင်းနဲ့ ပွန်းတာပဲ့တာလောက်နဲ့ကတော့ အဲဒါ ၇ ယောက် ၈ ယောက်လောက်တော့ ကျနော်တို့ သတင်းရထားတယ်"
ပြိုကျတဲ့ မြေစာပုံနေရာကို ဒီကနေ့မနက်ပိုင်းက ယာဉ်ယန္တရားတွေနဲ့ အသုံးပြုပြီး ရှာဖွေနေရာမှာ တစ်ယောက်ကိုမှ ရှာမတွေ့သေးကြောင်းနဲ့ လောလောဆယ်မှာ ရှာဖွေမှုကို ခေတ္တရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။
အဲဒီ မြေစာပုံပြိုကျတာဟာ ဒီဇင်ဘာ ၂၇ ရက်နေ့က မိုးရွာထားတဲ့အတွက် ပြိုကျတာလို့ခန့်မှန်းထားပြီး ထိခိုက် ဒဏ်ရာ ရသူတွေနဲ့ ပျောက်ဆုံးနေသူတွေဟာ အထက်မက်လင်ချောင်ရွာကနေ ရေမဆေးကျောက်လာရှာ သူတွေဖြစ်ပါတယ်။
အခုမြေစာပုံပြိုကျတဲ့ နေရဟာဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က မြေစာပုံပြိုကျလို့ လူတစ်ရာကျော် သေဆုံးခဲ့တဲ့ ကန်ခမ်စုပေါင်းစွန့်ပစ်မြေစာပုံ အနီးမှာဖြစ်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ နိုင်ငံအနှံ့က လာရောက်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ် သားတွေ နှစ်သိန်းလောက်ရှိပြီး မြေစာပုံနဲ့ ကျောက်တောင်ကမ်းပါးတွေမကြာခဏ ပြိုကျလို့ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရွှေမိ ပလစ်စတစ်စက်ရုံ အလုပ်သမားတွေ ဓါတုဗေဒပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုရတယ်ဆိုပြီး တောင်းဆိုဆန္ဒပြနေ ကြတာကို အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ ဓါတ်ပုံ - ကိုမျိုးဇော်
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ၁ က ရွှေမိပလပ်စတစ်စက်ရုံကို သဘာဝပတ်ဝန်းကျင် သက်ရောက် မှု လေ့လာစမ်းစစ်ချက် (EIA/SIA ) စစ်ဆေးရန်အတွက် ယာယီပိတ်သိမ်းထားဖို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ က ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က စာထုတ်ပြန်လိုက်တာဖြစ်ပြီး ပိတ်သိမ်းဖို့ အချိန်အတိအကျ မပါရှိဘူးလို့ ရွှေမိ ပလစ်စတစ်စက်ရုံ အထွေထွေမန်နေဂျာ ဦးထွန်းအောင်က ပြောပါတယ်။
"ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားတာပါ၊ EIA နဲ့ SIA စစ်ဖို့လို့ပြောပါတယ် အချိန်ကာလ သတ်မှတ်ချက် မပါရှိပါဘူး၊ EIA နဲ့ SIA စစ်ဆေးဖို့အတွက် စက်ရုံပိတ်သိမ်း ဆောင်ရွက်ပါလို့ ညွှန်ကြား ပါတယ်"
ရွှေမိ ပလစ်စတစ်စက်ရုံမှာ အလုပ်သမား ၃၀၀ နီးပါးရှိပြီး အလုပ်သမား ၁၅၀ ကျော်က ဓါတုပစ္စည်းတွေ အသုံးပြုပြီး အလုပ်လုပ်ကိုင်ရတဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် အလုပ်ထွက်သွားသူတွေကို လုပ်သက် တစ်နှစ်ရှိရင် အခြေခံလစာတစ်လစာ ကျမ်းမာရေးစရိတ်ပေးဖို့နဲ့ လုပ်သက်အလိုက် လစာတွေသက်မှတ်ပေးဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့ကစတင်ပြီး တောင်းဆိုဆန္ဒပြနေကြတာဖြစ်ပါတယ်။
ဆန္ဒပြအလုပ်သမားတွေက ဓါတုဗေဒပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုရတယ်ဆိုပြီး ကျမ်းမာရေးစရိတ် တောင်းခံ တဲ့ တိုင်ကြားချက်အပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စက်ရုံပိတ်သိမ်းပြီး စစ်ဆေးဖို့ ညွှန်ကြားချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
လက်ရှိမှာစက်ရုံနဲ့ ဆန္ဒပြအလုပ်သမားတွေ ညှိနှိုင်းပြေလည်မှုမရရှိသေးပဲ စက်ရုံပိတ်သိမ်းထားရတဲ့ ကာလအတွင်း အလုပ်သမားတွေ နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ အထွေထွေမန်နေဂျာ ဦးထွန်းအောင်က ပြော ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရခိုင်ပြည်နယ် ရှေးဟောင်းအမွေအနှစ်များတည်ရှိရာမြောက်ဦးမြို့ရှိ စေတီပုထိုးများ အနီးတွင် သောက်စားမူးယစ်ပြီး ဆောင်းဘောက်တီးကခုန်ခြင်းများကို မပြုလုပ်ရန် တားမြစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သျှစ်သောင်းဂေါပကအပါအဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရှေး/သု ဌာန၊ ရပ်မိ၊ရပ်ဖ၊ လူငယ်အသင်းအဖွဲ့များစုပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့က သျှစ်သောင်းသိမ်တော်တွင် အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ မြောက်ဦးမြို့နယ် ယဉ်ကျေးမှုဆိုင်ရာ စည်းကမ်း ထိန်းသိမ်းမှုဖြစ်မြောက်ရေးကော်မတီ(ယာယီ)အဖွဲ့အား ဖွဲ့စည်းထားခဲ့ကြောင်း သိရသည်။
ယင်းသို့တားမြစ်ခြင်းအား ဂေါပကအဖွဲ့အပါအဝင် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ယာယီကော်မတီတို့မှပူးပေါင်းပြီး ဘုရားပုထိုးအနီးတွင် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မြောက်ဦးမြို့နယ် အမျိုးသားတက်ကြွလှုပ်ရှားသူ ဦးထွန်းနိုင်ဝင်းကဆိုသည်။
ယင်းမြောက်ဦးမြို့ရှိ သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ် ပတ်ဝန်းကျင်နှင့် မာန်(၅)ပါးစေတီပုထိုးများအနီးတွင် အရက်မူးပြီး ဆောင်းဘောက်များနှင့် ကခုန် သွားလာနေကြသည်မှာ အလွန်သရုပ်ပျက်သည်အတွက် ထိုကဲ့သို့ တားမြစ်ရခြင်း ဖြစ်ကြောင်းသိရသည်။
"လာတဲ့ကားတွေကို ဟန့်တားမယ်။ ဗီနိုင်း ဒါမှမဟုတ်စာရွက်တွေနဲ့ ဘုရားပုထိုး ပတ်ဝန်းကျင်အနီးမှာ သောက်စားမူးယစ်ခြင်း၊ ဆောက်ဘောက်တီးပြီး ကခုန်ခြင်း မပြုရ ဆိုပြီးတော့ စာတွေကိုလည်းကပ်သွားမယ်" ဟု ဦးထွန်းနိုင်ဝင်းကပြောသည်။
ယင်းမြောက်ဦးမြို့သို့ တစ်ခြားမြို့နယ်များမှနေ လာရောက်ကြသည့် အထူးသဖြင့် ကျောင်းသားဘော်ဒါဆောင်များမှလူငယ်များမှာ ကားတွင်--- ဘော်ဒါဆောင် လေ့လာရေးခရီးစဉ်၊ ----- ဘော်ဒါဆောင် ဘုရားဖူးခရီးစဉ်ဆိုသည့် ဗီနိုင်းများကပ်ကာ လာကြကြောင်း၊ သို့သော် အမှန်တကယ်မှာ ဘုရားဖူးခရီးစဉ်၊ လေ့လာရေး ခရီးစဉ် များနှင့်မတူကြောင်း ၎င်းကဆိုသည်။
"ကျောင်းသားတွေက ဒုတ်တွေကိုင်၊ အရက်ပုလင်းတွေကိုင်၊ ဘီယာဗူးတွေ ကိုင်ပြီးတော့ ကားပေါ်မှာလည်း ဆောင်းဘောက်တွေတင်ပြီးတော့ ပတိရူပမကျတဲ့ နိုင်ငံခြားသီချင်းတွေကိုဖွင့်ပြီး ကခုန်တာတွေ၊ သောက်စားတာတွေ မြင်တွေ့ရတယ်" ဟု ဦးထွန်းနိုင်ဝင်းကပြောသည်။
လာမည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် တစ်မြို့နယ်လုံးကိုယ်စားပြုသည့် မြို့နယ် လုံးကျွတ် အစည်အဝေးတစ်ရပ်အားကျင်းပကာ ကော်မတီတစ်ရပ်အားဖွဲ့စည်းသွားမည် ဖြစ်ကြောင်းသိရသည်။
BY နေ၀င်းစံ
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
(ဒဏ်ရာ ရရှိခဲ့သော ဘင်္ဂလာဒေ့ရှ် ငါးဖမ်းသမားများ)
နိရဉ္စရာ၊ ဒီဇင်ဘာ ၂၉
ဘင်္ဂလာဒေ့ရှ် ရေပြင်ပိုင်နက်သို့ မြန်မာဘက်မှ ၀င်ရောက်ပြီး ဘင်္ဂလာဒေ့ရှ် နိုင်ငံသားများအား ပစ်ခတ်မှု အပေါ် ဘင်္ဂလာဒေ့ရှ် အစိုးရမှ ပြင်းထန်သော စကားလုံးများ သုံးပြီး မြန်မာအစိုးရသို့ ကန့်ကွက်လွှာပေးပို့လိုက်သည်ဟု သိရသည်။
ယနေ့ ဒီဇင်ဘာ ၂၉ ရက် နေ့လယ် ၁ နာရီ အချိန်တွင် ဘင်္ဂလာဒေ့ရှ်ဆိုင်ရာ မြန်မာ အသံအမတ်ကြီး ဦးမျိုးမြင့်သန်းအား နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ဆင့်ခေါ်ပြီး ၎င်းကန့်ကွက်လွှာအား ဘင်္ဂလာ နိုင်ငံခြားရေး အတွင်းဝန် Kamrul Ahsan ပေးအပ်ခဲ့သည်ဟု ဘင်္ဂလာဒေ့ရှ် သတင်းစာ The Daily Star တွင် သတင်းဖော်ပြသည်။
ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက်က စိန်မာတင်ကျွန်း (ရခိုင် အခေါ် အုန်းကျွန်းအနီး)တွင် မြန်မာရေတပ်မှ ပစ်ခတ်သဖြင့် ဘင်္ဂလာဒေ့ရှ် ငါးဖမ်းသမား ၆ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက မြန်မာရေတပ်သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ရေပိုင်နက်သို့ ကျူးကျော် ၀င်ရောက်ပြီး မကြုံစဖူး ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
အလားတူ ရခိုင်ပြည်နယ်မှ ဘင်္ဂလီလူမျိုးများသည် မောင်တော နယ်ခြားစောင့် စခန်းများ တိုက်ခိုက်ခံရပြီးနောက် ပြုလုပ်ခဲ့သော စစ်ရေးများအတွင်း ဘင်္ဂလာဒေ့ရှ်ဘက်သို့ ထွက်ပြေးစဉ်ကလည်း မြန်မာ သံအမတ်ကြီးအား ခေါ်ယူပြီး စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
မြန်မာအစိုးရဘက်မှ ယခု ကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ တုန့်ပြန်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။
Narinjara
https://www.facebook.com/Narinjara
ဇိုင်းအောင်စခန်းကနေထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည်တွေ ဝိုင်းမော်မြို့သွားတဲ့ကားလမ်းမပေါ်မှာ စုဝေးနေကြစဉ်။ Photo: Joint Strategy Team - JST
အစိုးရနဲ့ ကေအိုင်အေတိုက်ပွဲတွေကြောင့် ဇိုင်းအောင်ဒုက္ခသည်စခန်းကနေ ဝိုင်းမော်ကားလမ်းမမှာ ၂ ရက်ကြာ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည် ၂၀၀၀ ကျော်ထဲက တဝက်လောက်ဟာ ဒီကနေ့ ဒုက္ခသည်စခန်းကို ပြန်သွားကြပါတယ်။
လက်နက်ကြီး ပစ်ခတ်သံတွေ မကြားရတော့တာကြောင့် ပြန်သွားကြတာဖြစ်တယ်လို့ ဇိုင်းအောင်ဒုက္ခသည် စခန်းမှာ နေထိုင်တဲ့ ဦးလေဒ့်အောင်က ပြောပါတယ်။
"မနေ့ကတော့ ဗုံးသံတွေ၊ အမြှောက်ဗုံးသံတွေကြားရတယ်။ ကျည်သံပေါ့နော်။ ဒီနေ့တော့ မကြားမိဘူး။ တချို့က အခြေအနေမဆိုးတော့ဘူးပေါ့။ အိမ်မှာပဲပြန်အိပ်နေတယ်။ Camp အုပ်ချုပ်ရေးမှူးတွေကတော့ အိမ်ပြန်အိပ်ကြလို့ ပြောတယ်။ အခြေအနေက ဘာမှမဖြစ်တော့ဘူး အိမ်ပြန်အိပ်ကြလို့တော့ ပြောတယ်။"
အခုလ ၂၇ ရက်နေ့ညက ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းက ဇိုင်းအောင်ဒုက္ခသည်စခန်းကို လက်နက်ကြီး ကျရောက်တာကြောင့် စခန်းအတွင်းနေထိုင်သူတွေက စခန်းနဲ့ ၂ မိုင်ခန့် အကွာအဝေးက ဝိုင်းမော်ကားလမ်းဘေး မှာ နေထိုင်နေခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနေ့မနက်ကစတင်ပြီး လက်နက်ကြီး ပစ်သံတွေမကြားရတာကြောင့် အခြေအနေအေးဆေးသွားပြီးလို့ ယူဆပြီး ပြန်ကြသူတွေရှိလာတာ ဖြစ်တယ်လို့ပြောပါတယ်။ တချို့ကတော့ မနက်ဖြန်အထိ အခြေအနေစောင့် ကြည့်ပြီးမှ ဇိုင်းအောင်ဒုက္ခသည်စခန်းကို ပြန်ဖို့နဲ့ ရှေ့ဆက်သွားဖို့ကို စဉ်းစားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
နေပြည်တော် ဒီဇင်ဘာ ၂၉
လုံခြုံရေးတပ်ဖွဲ့များသည် မောင်တောမြို့နယ် ဦးရှည်ကျကျေးရွာတွင် ဒီဇင်ဘာ ၂၈ ရက်က နယ်မြေရှင်းလင်းစဉ် မသင်္ကာ သူ ၃ ဦးအား လက်ကိုင် ဖုန်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ် ဦးရှည်ကျကျေးရွာအုပ်စု အလယ်ရွာအနီးရှိ တောင်ကြား အတွင်း၌ အနက်ရောင်ဝတ်စုံများ ၀တ်ဆင် ထားပြီး လက်နက်ကိုင်ဆောင် ထားသူ ၁၁ ဦးခန့်သည် ဒီဇင်ဘာ ၁၅ ရက်မှစ၍ ညအချိန်တွင် ကျေးရွာ သားများအား စစ်သင်တန်း ပို့ချနေကြောင်းသတင်းအရ တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၀င်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်နယ်မြေရှင်းလင်းရာ ဒီဇင်ဘာ ၂၈ ရက် ည ၁၂ နာရီခွဲခန့်တွင် ဦးရှည်ကျ ကျေးရွာတွင် အာမိရ်ဟူဆောင်၊ ဟာဆူမျာနှင့် နူဇော်ရိန် တို့ကို ရွာအတွင်းရှိလူသွားလမ်း၌ ဖုန်း ၃ လုံး၊ ဆင်းကဒ် ၄ ခုတို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရန်ကုန် ဒီဇင်ဘာ ၂၉
ကမာရွတ်မြို့နယ် (၆)ရပ်ကွက် ဟံသာဝတီဘူတာနှင့် လှည်းတန်း ဘူတာကြားရထားသံလမ်းပေါ်တွင် ၁ဝ နှစ်အရွယ်မိန်းကလေးတစ်ဦး ကို သတ်ဖြတ်စွန့်ပစ်ခဲ့သည်ဆိုသူ အား လူသတ်မှု၊ မုဒိမ်းမှုတို့ဖြင့် တရားစွဲဆိုလိုက်သည်။
ပြစ်မှုကျူးလွန်သူဟု ယူဆရ သည့် ကျော်အောင်(ခ)ကျော်ကြီး (ခ)ပြာဂလောင်အား ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂၊ မုဒိမ်းမှုပုဒ်မ ၃၇၆တို့ ဖြင့် တရားစွဲဆိုအရေးယူထား ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
''ဆေးစစ်ချက်အရ မုဒိမ်းမှု ကျူးလွန်ထားတာတွေ့ရတယ်။ အဲ့ဒါ ကြောင့် ပုဒ်မနှစ်ခုနဲ့တရားစွဲဆိုတာ ပါ''ဟု၎င်းရဲအရာရှိကပြောသည်။
အဆိုပါပြစ်မှုကျူးလွန်သူဟု ယူဆရသူ အောင်ကျော်(ခ)ပြာ ဂလောင်အား ၂ဝ၁၇ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ စတင်စစ်ဆေးမည်ဖြစ် ကြောင်း သိရသည်။
နိုဝင်ဘာ ၂၄ရက်က သေဆုံး သူ မ----သည် ၄င်း၏မိခင်ဖြစ် သူနှင့်အတူပန်းရောင်းနေစဉ် မိခင် ၏ ညီမဖြစ်သူ၏ခင်ပွန်းဟောင်း ပြာဂလောင်(ခ)ကျော်ကြီးဆိုသူက လာရောက်ခေါ်ဆောင်ပြီးနောက် ည ၇နာရီကျော်တွင် မ----သည် လည်ပင်း ပြတ်ရှဒဏ်ရာများ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
ထက်မြက်အောင်
The Union Daily
https://www.facebook.com/uniondaily.net/
မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေ့ဆုံပွဲကိုကနောင်ခန်းမဆောင်တွင် ဒီဇင်ဘာလ ၂၈ နေ့ မွန်းလွဲ ၁-နာရီခွဲက ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က စက်မှုဇုန်နှင့်ပတ်သက်၍ မြေဈေးတန်ဖိုးကြီးမားသည်ကိုသာ သိရှိကြောင်း ပြောကြားသည်။
အစိုးရသစ်တက်လာသည်မှာ ၉ လပြည့်ပြီဖြစ်သော်လည်း ၄င်းအနေဖြင့် စက်မှုဇုန် ဘယ်နှခုနှင့် စက်မှုလုပ်ငန်းမည်မျှရှိသည် ဆိုသောအချက်အလက်များကို မသိသေးဟု ဆိုသည်။
“ရိုးရိုးသားသားဝန်ခံရင် မန္တလေးစက်မှုဇုန်နဲ့ပတ်သက်လို့ ဘာတခုမှမသိဘူး။ စက်မှုဇုန်လုပ်ငန်းတွေ ဘယ်နှခုဆိုတာလဲ မသိသေးဘဲ စက်မှုဇုန်မှာ မြေဈေးတွေတန်တယ်ဆိုတာတော့ကြားတယ်။ တိုင်းအစိုးရအနေနဲ့  အားလုံးကို တိုးတက်စေလိုတယ်။ ကျွန်တော်တို့ (အစိုးရသက်တမ်း) ၉ လမှာ စက်မှုဇုန် စက်ရုံတွေနဲ့ပတ်သက်တာ တခုမှတင်ပြထားတာလည်းမရှိသလို ကျွန်တော် သိတာလည်း မရှိသေးဘူး”ဟု ၀န်ကြီးချုပ်က ပြောသည်။
အစိုးရသစ်အနေဖြင့် ဥပဒေဘောင်ထဲမှ ဆောင်ရွက်နေခြင်းဖြစ်သကဲ့သို့ ဥပဒေများရေးဆွဲပြီးဖြစ်သော်လည်း ငွေကြေးအရင်းအနှီး မရှိသည့်အတွက် တိုးတက်မှုအားနည်းခြင်းနှင့် တီထွင်ဖန်တီးမှု မရှိဘဲ မိရိုးဖလာအတိုင်း ထုတ်လုပ်နေခြင်းတို့အပြင် နောက်ပိုင်းမှ ပံ့ပိုးမှုအားနည်းနေခြင်းတို့ရှိနေကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့က မျှော်လင့်ချက်ကြီးမားစွာစောင့်မျှော်နေရပြီး ခေတ်နဲ့အညီ ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ SME လုပ်ငန်း အများဆုံးရှိတဲ့ စက်မှုဇုန်ဖြစ်ပေမယ့် လတ်တလောအခြအနေမှာ ပြည်ပချိတ်ဆက်မှု၊ လေ့လာနိုင်မှု လိုနေပါတယ်။ နည်းပညာရရှိရေးနဲ့ စက်မှုဇုန်နဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့လိုတယ်”ဟု စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌဦးခင်မောင်လှက ပြောသည်။
မန္တလေးစက်မှုဇုန်ဧရိယာတွင် အပိုင်းသုံးပိုင်းခွဲခြားထားပြီး အကျယ်အ၀န်း ၁၈၂၀ ဧကရှိ၍ ဇုန်(၁)တွင် ၈၆၁-ဧက။ ဇုန်(၂) ၁၄၅ ဧက။ ဇုန်(၃)၌ ၃၁၀-ဧက၊ စုစုပေါင်း ၁၃၀၆-ဧကတွင် လုပ်ငန်းလည်ပတ်နေကြောင်း၊ စက်မှုကြီးကြပ်ရေးတွင် မှတ်ပုံတင်ထား သည့် အကြီးစားလုပ်ငန်း ၃၈၅-ခု။ အလတ်စား ၃၂၁-ခု။ အသေးစား ၅၆၁ ခု၊ စုစုပေါင်း ၁၂၅၇ -ခုဖြစ်ပြီး လုပ်ငန်းအမျိုးအစား ၁၃-မျိုးရှိကြောင်း သိရသည်။
ခိုင်ဆက်ဝေ/စိုင်းထူးခန့်
News Watch
https://www.facebook.com/NewsWatchJournal/
အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ကဘူးလ်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
    အာဖဂန် ကျေးလက်ဒေသအတွင်း ဒီဇင်ဘာလ ၂၈ ရက် အစောပိုင်းက တာလီဘန် စစ်သွေးကြွများဟု သံသယရှိသူ ၄၂ ဦးအား အာဖဂန် လုံခြုံရေး တပ်ဖွဲ့က သတ်ပစ်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက ဒီဇင်ဘာလ ၂၉ ရက်က ပြောကြားလိုက်သည်။
အာဖဂန် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး တပ်ဖွဲများသည် နိုင်ငံအတွင်းက မတူညီတဲ့ ဒေသတွေမှာ ပူးတွဲစစ်ဆင်ရေး တစ်ရပ်ပြုလုပ်ခဲ့ရာ လက်နက်ကိုင် စစ်သွေးကြွ ၄၂ ဦးအား သုတ်သင်ခဲ့ပြီး ၃၆ ဦး ဒဏ်ရာရရှိစေခဲ့သလို ၉ ဦး ဖမ်းဆီးမိခဲ့ကြောင်း ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
ပူးတွဲ စစ်ဆင်ရေးအတွင်း ခဲယမ်းမီးကျောက်များနှင့် စနက်တံ ဖြုတ်ထားသော မြေမြှုပ်မိုင်း ၂၅ ခုအား သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သို့သော်လည်း လုံခြုံရေးတပ်များ၏ ဆုံးရှုံးမှုများအား ဖော်ပြထားခြင်း မရှိပေ။
စစ်သွေးကြွများသည် နယ်မြေများ သိမ်းပိုက်ရန် ကြိုးပမ်းလာမှုနှင့် ၎င်းတို့၏ အနေအထား ခိုင်မာလာစေရန် လုပ်ဆောင်လာမှုများကြောင်း အာဖဂန် လုံခြုံရေး တပ်အနေဖြင့် စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
တာလီဘန်များဘက်ကလည်း ဗုံးထောင်ခြင်းနှင့် လက်နက်ကိုင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
ကွန်ဒုစ်မြို့တွင် ဒီဇင်ဘာလ ၂၉ ရက် နံနက်က အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် အာဖဂန်နစ္စတန်နိုင်ငံ၏ ဟိန္ဒူ အသိုက်အဝန်းက နယ်ခံ ခေါင်းဆောင် Narand Singh သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mafuzullah Akbari က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
အစိုးရတပ်မတော်နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်တာကြောင့် တိမ်းရှောင်လာသူတွေကို ကျောက်မဲမြို့ နမ့်စီးလင်းကျောင်းမှာ နေရာချ ထားပေးတာကို ဒီဇင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။Photo: Kan Thar/RFA
ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာနားမှာ အစိုးရတပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တပ်တွေ ဒီကနေ့အထိ တိုက်ပွဲဖြစ်တာကြောင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ ဦးက ဒေသခံတွေကို ခေါ်ယူပြီး ကျောက်မဲမှာ နေရာချထားပေးနေပါတယ်။
လက်ရှိအချိန်မှာ ညောင်မောင်းကျေးရွာကနေ ကျောက်မဲမြို့ပေါ်ကို တိမ်းရှောင်လာသူ ၂၀၀ နီးပါးရှိနေတယ် လို့ ကျောက်မဲမြို့မှာရှိနေတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဥာဏ်က ပြောပါတယ်။
ညောင်မောင်းကျေးရွာဟာ ကျောက်မဲမြို့နဲ့ မိုင်ငါးဆယ်ဝန်းကျင် လောက်ကွာဝေးတာဖြစ်ပြီး လမ်းပန်းဆက် သွယ်ရေး ခက်ခဲတဲ့ကျေးရွာဖြစ်ပါတယ်။
လက်ရှိမှာ ကျောက်မဲမြို့ နမ့်စီးလင်းကျောင်းမှာ နေရာချထားပေးထားပြီး ရွာမှာကျန်ခဲ့သူတွေကိုလည်း သွားရောက်ခေါ်နေပါတယ်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ကစပြီး အဲဒီကျေးရွာနားမှာ တပ်မတော်နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး အဲဒီနေ့က ညောင်မောင်းကျေးရွာက အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး သံဃာ၃ ပါးနဲ့ ကျေးရွာသား စုစုပေါင်း ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
တိုကျို၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံရှိ အကြီးဆုံး ကြော်ငြာ ကုမ္ပဏီ Dentsu Inc., ၏ အမှုဆောင် အရာရှိချုပ် တာဒါရှိ အိရှီအိ (Tadashi Ishii) က လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က အလုပ်ဝန်ပိနေသော ဝန်ထမ်းတစ်ဦး မိမိကိုယ်ကို သတ်သေခဲ့မှုတွင် ၎င်းအနေနှင့် တာဝန်ရှိသဖြင့် ရာထူးမှ နုတ်ထွက်မည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၉ ရက်က ကြေညာခဲ့သည်။
၎င်းသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က အသက် ၂၄ နှစ်အရွယ် Matsuri Takahashi အမည်ရှိ အမျိုးသမီး ဝန်ထမ်းသည် အဆောက်အဦပေါ်မှ ခုန်ချကာ မိမိကိုယ်ကို သတ်သေခဲ့မှုတွင် တိုက်ရိုက် တာဝန်ရှိသူအဖြစ် သတ်မှတ်ခြင်းခံရသည်။
Matsuri Takahashi သေဆုံးမှုအား စုံစမ်းခဲ့ရာ အဆိုပါ သေဆုံးမှုသည် ပြဋ္ဌါန်းထားသည့် အလုပ်သမား ဥပဒေအရ တစ်နေ့ အလုပ်ချိန် ၈ နာရီနှင့် တစ်ပတ်လျှင် နာရီ ၄၀ သတ်မှတ်ထားသော်လည်း ၎င်းမှာ တရားမဝင် အလုပ်ချိန်များ များပြားစွာ အတင်းအကျပ် ခိုင်းစေမှုကြောင့် ယခုလို သေဆုံးခဲ့ခြင်း ဖြစ်သည်ကို ဂျပန်နိုင်ငံ အလုပ်သမား တာဝန်ရှိသူများက စုံစမ်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
China Xinhua News
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နတ်ထိပ်ကျေးရွာအုပ်စု၊ နောင်တုတ်ကျေးရွာ ရာဘာခြံ တွင် မိခင်နှင့် အလုပ်လုပ်ကိုင်နေသည့် မ…........ သည် ပထွေးဖြစ်သူမှ အနိုင်အထက်ပြုကျင့်ပြီး ကာမသွေးဆောင် ဖျက်ဆီးခဲ့မှုအား အရေးယူပေးရန် ဒီဇင်ဘာလ(၂၅)ရက်နေ့က အိန္ဒုနယ်မြေ ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မ-------- (၂၁)နှစ်၊ (ဘ)ဦးကျော်လွင်၏ တိုင်တန်းစာအရ မ------- မှာ ၄င်းနေထိုင်ရာ ဇာတိဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဘွက်ကုန်းကျေးရွာအုပ်စု၊ စာဖြူကျေးရွာမှ ၂၀၁၃ခုနှစ်ခန့်က ထွက်လာခဲ့ပြီး မိခင်နှင့်အတူ လာရောက် နေထိုင်ကာ အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ မိခင်ထံသို့ ရောက်ရှိပြီး (၁၅)ရက်ခန့်အကြာတွင် မိခင်ဖြစ်သူ ဒေါ်သင်းသင်းနွယ် မရှိခိုက် ပထွေးဖြစ်သူ ကျော်လေး၊ ၃၈နှစ်မှ နေအိမ်ပေါ်သို့ အတင်းဆွဲခေါ်ကာ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး ဘယ်သူ့မှ မပြောရန် နှင့်ပြောပါက သတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊
 ယခုအခါ ပထွေးဖြစ်သူမှ မ--------- အား အကြိမ်ကြိမ် ညှင်းပန်းနှိပ်စက်သည့်အပြင် မိခင်ဖြစ်သူနှင့် မအိပ်တော့ဘဲ ၄င်းနှင့်သာ အတူတူလာအိပ်ကာ သားမယားအဖြစ် နေထိုင်လျှက်ရှိပြီး မ------------ အနေဖြင့် ပထွေးဖြစ်သူ၏ နှိက်စက်မှုအား မခံနိုင်တော့သဖြင့် ဥပဒေအရ အရေးယူပေးရန် လာရောက် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အိန္ဒုနယ်မြေရဲစခန်း၏ ပထမ သတင်းပေးတိုင်ချက်အရ သိရှိရသည်။
ထို့နောက် စခန်းမှူး ရဲအုပ် ဇော်နိုင်အောင်မှ မ---------၏ တိုင်တန်းချက်အား ဒီဇင်ဘာလ(၂၅)ရက်နေ့ မွန်းလွဲ(၂)နာရီ၊ မိနစ်(၄၀)အချိန်တွင် အိန္ဒုနယ်မြေရဲစခန်း၏ (ပ)၁၁၅/၂၀၁၆၊ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၆၆ ဖြင့် သတင်းချက်လက်ခံရေးဖွင့်ခဲ့ပြီး အမှုအား ဒုရဲအုပ် စိုင်းဝင်းမျိုးအား စစ်ဆေးရန် တာဝန်ပေးခဲ့ပြီး အမှုစစ်မှ နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့်အတူ အစွပ်စွဲခံရသူ ကျော်လေး၊ ၃၈နှစ်၊(ဘ)ဦးဖိုးလှော်၊ နောင်တုတ်ကျေးရွာ၊ နတ်ထိပ်ကျေးရွာအုပ်စု၊ ဘားအံမြို့နယ်နေသူအား အမှုဖြင့်သွားရောက် ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ ဆက်လက် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin/
အန်းနစ် အမ်မရီ က ရဲတပ်ဖွဲ့ ရဲ့ စစ်ဆေးမှုကို ငြင်းဆန် တဲ့ အတွက် အသေပစ်ခတ် ဖမ်းဆီး
ဂျာမနီ နိုင်ငံက ခရစ္စမတ် ဈေးတန်း ကို ကုန်တင်ကား နဲ့ ဝင် တိုက် ခဲ့သူ နဲ့ ဆက်နွယ် မှု တွေ ရှိနေတဲ့ အသက် လေးဆယ်အရွယ် တူနီးရှား လူမျိုး တစ်ယောက် ကို အာဏာပိုင်တွေက ဖမ်းဆီး လိုက်ပါတယ်။
ကုန်တင်ကား ကို ခိုးယူပြီး ဈေးတန်း ကို ဝင်တိုက် ခဲ့တဲ့ အန်းနစ် အမ်မရီ ရဲ့ မိုဘိုင်း ဖုန်း ထဲမှာ အခု ဖမ်းဆီး ရမိခဲ့သူရဲ့ ဖုန်းနံပါတ် ကို ရှာဖွေ တွေ့ရှိ ခဲ့တယ်လို့ ဂျာမနီ ရဲ အရာရှိ တစ်ယောက် က ပြောပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှု ကို ကျူးလွန် ခဲ့တဲ့ အန်းနစ် အမ်မရီဟာ နယ်သာလန် နိုင်ငံ ကို ရောက်ရှိ ခဲ့ပြီး အဲဒီ ကမှ တဆင့် အီတလီ နိုင်ငံ ကို သွားရောက် ခဲ့တာ ဖြစ်ကြောင်း ဂျာမနီ တာဝန် ရှိသူ တွေက ပြောပါတယ်။
အီတလီ နိုင်ငံ ကို ရောက်တဲ့ အချိန်မှာတော့ အန်းနစ် အမ်မရီ က ရဲတပ်ဖွဲ့ ရဲ့ စစ်ဆေးမှုကို ငြင်းဆန် တဲ့ အတွက် အသေပစ်ခတ် ဖမ်းဆီး ခြင်း ကို ခံခဲ့ ရတာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese