ရဲတပ်ဖွဲ့ကို ပြန်ပေးပါ


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခင်ဗျား။

 မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ပြည်သူလူထုသို့ ပြန်လည်ပေးအပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ထိုသို့ဆိုသဖြင့် ရဲတပ်ဖွဲ့အား ဗိုလ်ချုပ်မှူးကြီးမှ သိမ်းပိုက်ထားသည်ဟု မဆိုလိုပါ။ သို့သော် မြန်မာနိုင်ငံ၏ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်မတော်၏ ထိန်းချုပ်မှုအောက်သို့ ရောက်နေပါသည်။ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)တို့သည် ပြည်ထဲရေးဝန်ကြီး၏ လက်အောက်ခံ ဖြစ်ပါသည်။ ပြည်ထဲရေးဝန်ကြီးကို ရွေးကောက်ခံ အစိုးရမှ ခန့်ထားခွင့် ရှိသည်မဟုတ်ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တိုက်ရိုက်ခန့်ထားသည့် တပ်မတော်အရာရှိပဲ ၀န်ကြီးဖြစ်ပါသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ စသုံးလုံး၊ အထွေထွေအုပ်ချုပ်ရေး စသော ဌာနများသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သော အစိုးရ၏ ထိန်းချုပ်မှုမှ သီးခြားကင်းလွတ်သလို ဖြစ်နေပါသည်။ မြန်မာနိုင်ငံ၏ အရေးပါအရာရောက်သော ဌာနများမှာ ပြည်ထဲရေးဝန်ကြီး၏ ထိန်းချုပ်မှုအောက်တွင် ရှိပါသည်။ တိုင်းပြည်ကို တကယ်အုပ်ချုပ်နေသည်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပါသည်။ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် တိုင်းပြည်ကို အခြေခံအဆင့်တွင် တကယ်တမ်းအုပ်ချုပ်နေသူများ ဖြစ်ပါသည်။ ၎င်းတို့အထက်ကမှ မြို့နယ်နှင့် ခရိုင် အုပ်ချုပ်ရေးမှူးများ ရှိပါသည်။ ထိုအုပ်ချုပ်ရေးမှူးများအားလုံးကို ပြည်ထဲရေးဝန်ကြီးက အုပ်ချုပ်ပါသည်။ ထို့ကြောင့် တိုင်းပြည်ကို တကယ်အုပ်ချုပ်သူမှာ ပြည်ထဲရေးဝန်ကြီးဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးကို အလုပ်ခန့်သူမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါသည်။ သမ္မတသည် ပြည်ထဲရေးဝန်ကြီးကို တာဝန်များ၊ အမိန့်များ၊ ညွှန်ကြားချက်များ ပေးနိုင်သော်လည်း တကယ်တမ်းမှာ ပြည်ထဲရေးဝန်ကြီးသည် တပ်ချုပ်က ခန့်ထားသောလူ ဖြစ်ပါသည်။ သမ္မတက စိတ်ကြိုက်ခန့်ထားသော လူယုံတော် မဟုတ်ပါ။ ထိုအချက်သည် အုပ်ချုပ်ရေးတွင် အနည်းငယ် ကသိကအောက်နိုင်ရုံသာမက ကမောက်ကမပင် နိုင်လှပါသည်။

နိုင်ငံတိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်နှင့် ပြည်တွင်းတရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့တို့ ရှိကြပါသည်။ အလွယ်ပြောရလျှင် နိုင်ငံတိုင်းတွင် စစ်တပ်နှင့် ရဲတို့ ရှိကြပါသည်။ ထိုအဖွဲ့နှစ်ဖွဲ့သည် လက်နက်ကိုင်အဖွဲ့များဖြစ်၍ တူညီသယောင် ရှိသော်လည်း လုပ်ငန်းသဘာဝနှင့် အနှစ်သာရမှာ မတူညီဘဲ ကွဲပြားပါသည်။ တပ်မတော်၏ သဘောသဘာဝမှာ ရန်သူကို အမြစ်ပြတ် ချေမှုန်းတိုက်ခိုက်ရန် ဖြစ်ပြီး ရဲတပ်ဖွဲ့၏ သဘောသဘာဝမှာ တိုင်းသူပြည်သားများကို ကူညီရန် ဖြစ်သည်။ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ ထို့ကြောင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ ရည်မှန်းချက်မှာ အတော်ကို ကွဲပြားခြားနားပါသည်။ နိုင်ငံတကာတွင်တော့ ထိုမတူညီသော လုပ်ငန်းသဘာဝနှစ်ခုကို ကွဲကွဲပြားပြားဖြစ်အောင် ခွဲခြားထားကြပါသည်။ တပ်မတော်ကို ကာကွယ်ရေးဝန်ကြီး လက်အောက်တွင် ထားပြီး ရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးလက်အောက်တွင် ထားပါသည်။ ကာကွယ်ရေးဝန်ကြီးရော၊ ပြည်ထဲရေးဝန်ကြီးရော အများအားဖြင့် အရပ်သားဝန်ကြီးများ ဖြစ်ပါသည်။ ရဲတပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးလက်အောက်တွင် ရှိသော်လည်း တကယ်တမ်းတွင် ကိုယ့်မြို့မှ ရဲတပ်ဖွဲ့ကို မြို့တော်ဝန်က အုပ်ချုပ်ပါသည်။ ဆိုလိုသည်မှာ မြို့တမြို့၌ ရဲတပ်ဖွဲ့၏ အကြီးအကဲသည် ရွေးကောက်ပွဲဖြင့် တက်လာသော မြို့တော်ဝန် ဖြစ်ပြီး ထိုမြို့တော်ဝန်၏ အကြီးအကဲသည် ပြည်နယ်အုပ်ချုပ်ရေးမှူး (မြန်မာနိုင်ငံတွင် တိုင်းနှင့် ပြည်နယ် ၀န်ကြီးချုပ်များ) ဖြစ်ပါသည်။ မြို့တော်ဝန်များသည် ရဲတပ်ဖွဲ့ကို အမိန့်ပေးအုပ်ချုပ်နိုင်သော ပါဝါ ရှိပါသည်။ တနိုင်ငံလုံးနှင့်ဆိုင်သော ရဲလုပ်ငန်းများကိုတော့ FBI ခေါ် ပြည်ထောင်စုရဲတပ်ဖွဲ့က ကိုင်တွယ်ပါသည်။ မြန်မာနိုင်ငံမှာတော့ မြို့တော်ဝန်များမှာ စည်ပင်သာယာ အမှိုက်ကျုံးသော အလုပ်လောက်သာ တာဝန်ရှိသလို ဖြစ်နေပါသည်။ မြန်မာနိုင်ငံတွင်တော့ ရဲတပ်ဖွဲ့သည် တပ်မတော်လက်အောက်သို့ ရောက်နေသဖြင့် ရဲလုပ်ငန်းများအားလုံးသည် ရဲအချင်းချင်းသာ အထက်မှ အောက်သို့ အမိန့်ပေး ခိုင်းစေကြပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပြည်ထဲရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးမှ ရဲချုပ်၊ ရဲချုပ်မှ တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိ တိုင်းရဲမှူးကြီးများ၊ ပြည်နယ်ရဲမှူးကြီးများ၊ ထိုမှတဖန် ခရိုင်ရဲမှူးများ၊ မြို့နယ်ရဲမှူးများ၊ ထိုမှစခန်းမှူး၊ နယ်ထိန်း စသည်ဖြင့် အဆင့်ဆင့် အမိန့်ပေးတာကိုပဲ နာခံလုပ်ကိုင်ကြပါသည်။ အရပ်သား၏ ထိန်းချုပ်မှု အင်မတန်နည်းပါသည်။ သမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး စသူတို့သည် ရဲတပ်ဖွဲ့ကို တိုက်ရိုက်အမိန့်ပေး ထိန်းချုပ်ရသည်ထက် ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးမှတဆင့်သာ ရဲတပ်ဖွဲ့ကို ဆက်သွယ်ရသည် ဖြစ်သည်။ ပြောရလျှင် ရွေးကောက်ခံ အရပ်သားအစိုးရသည် တပ်မတော်အပေါ် သြဇာမရှိသလို၊ ရဲတပ်ဖွဲ့အပေါ်၌ပင် အာဏာအပြည့်မရှိပါ။

မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို ပြောကြစတမ်းဆိုလျှင် အဖွဲ့လေးဖွဲ့ကို အဓိကထားပြောရမည် ဖြစ်သည်။ ထိုအဖွဲ့များမှာ -

(၁) အထွေထွေအုပ်ချုပ်ရေး၊
(၂) ရဲတပ်ဖွဲ့၊
(၃) တရားစီရင်ရေးအဖွဲ့၊
(၄) အကျဉ်းထောင်စနစ် ဟူ၍ ဖြစ်သည်။

ဤလေးဖွဲ့တွင် ၁၊ ၂၊ ၄ ဟူသော အဖွဲ့ သုံးဖွဲ့မှာ တပ်မတော်မှ ခန့်ထားသော ပြည်ထဲရေး ၀န်ကြီးလက်အောက်ခံအဖွဲ့များ ဖြစ်သည်။ နံပါတ်(၃) တရားစီရင်ရေးတွင် တရားသူကြီးချုပ် လက်အောက်ခံ ဖြစ်သည်။ တရားသူကြီးချုပ်မှာလည်း ယခင်အစိုးရ သမ္မတဦးသိန်းစိန် လက်ထက်က ခန့်ထားခဲ့သော တရားသူကြီးချုပ်သာ အခြေခံဥပဒေအရ ဆက်လက်အာဏာ ရှိနေပါသည်။ ထိုအခါ သေသေချာချာကြည့်လျှင် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ ရွေးကောက်ခံ အစိုးရလက်အောက်တွင် တိုက်ရိုက်အာဏာအပြည့်ရှိသော အဖွဲ့အစည်း လုံးဝမရှိကြောင်း သိလာရပေလိမ့်မည်။ ဟိုတလောက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် အမျိုးသားရေးဝါဒီ ဆိုသူများမှ ဆန္ဒပြကြရာ သူတို့ဆန္ဒပြရသော အကြောင်းများထဲတွင် ဥပဒေစိုးမိုးမှု မရှိသော ပြဿနာများကို ဆန္ဒပြကြခြင်းလည်း ပါဝင်သည်ဟု သိရပါသည်။ ဥပဒေစိုးမိုးမှုမရှိခြင်း၊ ရာဇ၀တ်မှုများ ထူပြောလာခြင်းအတွက် ဆန္ဒပြတာ ကောင်းပါသည်။ ထောက်ခံပါသည်။ သို့သော် ထိုကိစ္စများကို ဘယ်သူက တာဝန်ယူကိုင်တွယ်ထားသည် ဆိုခြင်းကိုတော့ ဆန္ဒပြသူတို့ သိသင့်ပေသည်။ အစိုးရသစ်လက်ထက်တွင် ရာဇ၀တ်မှုများ ဖြစ်ပေါ်လာသည်ဟု ဗလုံးဗထွေးနှင့် ၀ါးချ၍တော့ မရပေ။ ဥပဒေစိုးမိုးရေးသည် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရားသူကြီးချုပ်က တာဝန်ယူထားသော ကိစ္စဖြစ်ရာ ထိုဌာနများကို တာဝန်ယူကိုင်တွယ်ရသူများမှာသာ တိုက်ရိုက် တာဝန်ရှိပေသည်။ ဆန္ဒပြလိုလျှင် ထိုသူများကိုသာ တိုက်ရိုက်ဆန္ဒပြရမည် ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်ကို အမျိုးသားရေးအဖွဲ့ဆိုသူများ ဆန္ဒပြရဲပါက ချီးမွမ်းဖွယ် ဖြစ်ပေလိမ့်မည်။ အရပ်သားသမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အရပ်သားဝန်ကြီးများ၊ ရွေးကောက်ခံ လွှတ်တော်အမတ်များသည် တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို တိုက်ရိုက်အမိန့်ပေး ထိန်းချုပ်နိုင်သူများမဟုတ်ကြောင်း သိစေအပ်ပါသည်။

မြန်မာ့တပ်မတော်သည် နိုင်ငံ၏လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သော တပ်မတော်ဟု ပြောလေ့ရှိပါသည်။ ဒါဆိုလျှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မည်သို့ ပေါ်ပေါက်လာသနည်း။ ကိုလိုနီစနစ်နှင့်အတူ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုသော် ရနိုင်ပါ၏။ မြန်မာဘုရင်များလက်ထက်က ရဲတပ်ဖွဲ့ဟူ၍ သီးသန့် မရှိပေ။ ဘုရင့်ရဲမက်များဟူ၍သာ ရှိ၏။ ကိုလိုနီခေတ်ကျမှသာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဗြိတိသျှတို့ မြန်မာနိုင်ငံကို စတင်အုပ်ချုပ်စဉ် အိန္ဒိယနိုင်ငံမှ ပုလိပ်အဖွဲ့ (India Imperial Police) ကို ခေါ်ယူအသုံးပြုခဲ့သည်မှာ အိန္ဒိယနှင့် မြန်မာနိုင်ငံကို သီးခြားစီခွဲရေး ဖြစ်သွားသော ၁၉၃၇ ခုနှစ်အထိ ဖြစ်သည်။ နောက်တော့ မြန်မာနိုင်ငံတွင် သီးခြားရဲအဖွဲ့ ဖြစ်ပေါ်လာသည်။ စတင်ပေါ်ပေါက်လာရာတွင် ပုလိပ်အဖွဲ့ဆိုသော အမည်ဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အင်္ဂလိပ်ဘာသာ POLICE ကို ပုလိပ်ဟု တိုက်ရိုက်အသံဖလှယ်လိုက်ခြင်းဖြစ်ရာ ပုလိပ်ရောဂါ PLAGUE ဟူသောစကားနှင့် အသံထွက် တူနေသဖြင့် မကောင်းသောအနက်အဓိပ္ပာယ်ကိုလည်း ဆောင်နေပါသည်။ ထိုခေတ်က ပုလိပ်အဖွဲ့မှာလည်း ပြည်သူလူထုကို ကူညီစောင့်ရှောက်ဖို့ထက် နယ်ချဲ့အင်္ဂလိပ်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သော အလုပ်များနှင့် တိုင်းရင်းသားတော်လှန်ရေးသမားများကို ရက်စက်စွာ ဖမ်းဆီးနှိမ်နင်းသော အလုပ်ကို အဓိကထား လုပ်ဆောင်ခဲ့ပေသည်။ ထို့ကြောင့် ပြည်သူမေတ္တာရှိသောအဖွဲ့ ဖြစ်မလာဘဲ အိမ်ကြက်ချင်း အိုးမည်းသုတ် ခွပ်ခိုင်းသော ပြည်သူ့ချဉ်ဖတ်အဖွဲ့ကြီး ဖြစ်ခဲ့ရလေသည်။ နောက်မှသာ လွတ်လပ်ရေးရပြီးသောအခါ ပုလိပ်ဆိုသောအမည်မှာ ဆိုးရွားသဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ဟု အမည်ပြောင်းခဲ့လေသည်။ ယခင် ကိုလိုနီခေတ်က ပုလိပ်ယူနီဖောင်းကိုလည်း ယခုခေတ် ရဲယူနီဖောင်းဖြင့် အစားထိုးခဲ့သည်။ ယခင် ပုလိပ်ယူနီဖောင်းမှာ မြန်မာမကျ အင်္ဂလိပ်မကျဖြင့် အကြည့်ရ ဆိုးလှသည်။ ဖော့ဦးထုပ်ဆောင်းကာ ကာကီရောင်ဘောင်းဘီတိုနှင့် နံပါတ်တုတ်ကိုင်ထားသောလူကို မြင်သည်နှင့် လူဆိုးများဟု ပြောမပြလည်း လူတွေက သဘောပေါက်ကြသည်။ မြန်မာပြည်အနှံ့မှ ဘုရားများတွင် ကောသလအိပ်မက် ၁၆ ချက်ကို ပန်းချီသရုပ်ဖော်ပုံများဖြင့် ရေးဆွဲထားခြင်းအား ကျွန်တော်ကြည့်ဖူးရာ လူဆိုးနေရာတွင် သရုပ်ဖော်ရမည့် လူတော်တော်များများကို ပန်းချီဆရာက ကိုလိုနီခေတ် ပုလိပ်ယူနီဖောင်းပုံဖြင့် ရေးဆွဲထားတာ သတိပြုမိလေသည်။ ၁၉၆၄ တွင် ပြည်သူ့ရဲတပ်ဖွဲ့အမည်ဖြင့် သီးသန့်ဌာနတခု ပြည်ထဲရေးဌာနလက်အောက်တွင် ထားရှိခဲ့သည်။ ၁၉၉၅ အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တပ်မတော်လက်အောက်ခံ အဖွဲ့အစည်းအဖြစ် သွတ်သွင်းလိုက်သည်။

ယခုအခါ မြန်မာနိုင်ငံတွင် ရာဇ၀တ်မှုများ မကြုံစဖူးအောင် ကြောက်ခမန်းလိလိ တိုးပွားလာနေပါသည်။ တရားဥပဒေအပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုလည်း ကျဆင်းနေပါသည်။ အထူးသဖြင့် ရဲတပ်ဖွဲ့နှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရေး ကြီးမားစွာ လုပ်ဆောင်စေလိုပါသည်။ နံပါတ်တစ် အနေနှင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ ရောနှောနေခြင်းကို သီးခြားစီ ခွဲထုတ်သင့်ပါသည်။ တပ်မတော်၏ လုပ်ငန်းသဘာဝနှင့် ရဲတပ်ဖွဲ့၏ လုပ်ငန်းသဘာဝ မတူညီသဖြင့် ရဲတပ်ဖွဲ့က တပ်မတော်၏ လက်အောက်ခံလိုလို ဖြစ်နေခြင်းမှ သီးသန့်စီ ဖြစ်စေလိုပါသည်။ တပ်မတော်အရာရှိများကို ရာထူးတဆင့်မြှင့်ပြီး ရဲတပ်ဖွဲ့သို့ ပို့ဆောင်ခြင်းကိုလည်း ရပ်တန့်စေလိုပါသည်။ မြန်မာနိုင်ငံ၌ တပ်မတော်သားများသည် ရဲတပ်ဖွဲ့ဝင်များထက် အရာရာတွင် သာလွန်သည်ဟူသော သဘောကို တရားဝင် ဖွင့်မပြောသော်လည်း ထိုသဘောမျိုး၊ ခံယူချက်မျိုးကသာ လွှမ်းမိုးနေရာ ထိုအယူအဆကို ပြောင်းလဲစေလိုပါသည်။ တပ်မတော်သည်လည်းကောင်း၊ ရဲတပ်ဖွဲ့သည်လည်းကောင်း နိုင်ငံအတွက် အလုပ်လုပ်နေသော ပြည်သူ့ဝန်ထမ်းများသာ ဖြစ်ပါသည်။ မည်သည့်အဖွဲ့က မည်သည့်အဖွဲ့ထက် သာလွန်သည်၊ မြင့်မြတ်သည်ဟူ၍ မရှိစေချင်ပါ။ ရဲကို တပ်မတော်က အုပ်ချုပ်ခြင်းမှာလည်း မမှန်ကန်နိုင်ပါ။ ထိုသို့လုပ်ခြင်းဖြင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု မရနိုင်သလို ရဲတပ်ဖွဲ့ဝင်များ၏ လွတ်လပ်စွာ တာဝန်ထမ်းဆောင်လိုစိတ်ကိုလည်း လျော့ပါးစေပါသည်။ မိမိအထက်တွင် တပ်မတော်ရှိနေသည် ဟူသော အယူအဆကြောင့် ရဲတပ်ဖွဲ့ဝင်များသည် မိမိကိုယ်ကိုယ်ယုံကြည်မှုကို ပျောက်ဆုံးစေပါသည်။ ထိုအခါ အလွယ်တကူ လက်လှမ်းမီနိုင်သော အခွင့်အရေးရှာမှု၊ လာဘ်ငွေလက်ခံမှုစသော ကိုယ်ကျိုးရှာသည့် အလုပ်များကိုသာ အာရုံစိုက်လာပါတော့မည်။ ပင်စင်မယူခင် ရသမျှယူ၊ စုနိုင်သမျှစုဟူသော သဘောကိုသာ ခံယူချက်အဖြစ် လုပ်ဆောင်ကြတော့မည် ဖြစ်သည်။ ယခုအခါ ရဲတပ်ဖွဲ့၏ လာဘ်စားမှုများမှာ ထူးဆန်းသည်ဟုပင် လူတွေက မထင်ကြတော့သည်အထိ လုပ်ရိုးလုပ်စဉ်သဘောပင်ဖြစ် လာနေပေပြီ။ ဥပဒေစိုးမိုးရေးတွင် တာဝန်ရှိသူတို့က ဥပဒေကိုချိုးဖောက်မှုများ တွေ့မြင်နေရပါသည်။

အလွန်ဆုံးပြောရလျှင် ရန်ကုန်မြို့တွင် ဆိုင်ကယ်မစီးရဟု သတ်မှတ်ထားသော်လည်း ရဲများမှာ ဆိုင်ကယ်စီးနေတာ နေရာအနှံ့ ဖြစ်ပါသည်။ ရဲက နှစ်လုံးထီ ထိုးသည်၊ ရဲမိန်းမက နှစ်လုံးထီ ရောင်းသော အဖြစ်များမှာလည်း မထူးဆန်းတော့ပါ။ ကျွန်တော့် သူငယ်ချင်းတယောက်ကို မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးရာတွင် လက်ထဲမှ ငွေ ၃ သိန်းကျပ် သိမ်းဆည်းရမိခဲ့သော်လည်း ရှာဖွေပုံစံတွင် ထိုငွေ ၃ သိန်းအကြောင်း တစွန်းတစမှ မပါလာတော့ပါ။ အာမခံပေးရာတွင်လည်းကောင်း၊ မူးယစ်ဆေးဝါးမှုများတွင် မူးယစ်ဆေးသုံးထား၊ မထား ဆီးစစ်ရာတွင် လည်းကောင်း ဥပဒေဘက်တော်သားများ နက်ရှိုင်းစွာပါဝင်၍ လာဘ်ငွေယူပြီး မမှန်မကန်လုပ်နေမှုများ ရှိပါသည်။ ထိုအဖြစ်ကြောင့် မူးယစ်ဆေးဝါး သုံးစွဲသော်လည်း ဆီးအဖြေအောင်၍ ထောင်မှလွတ်ခြင်း၊ မူးယစ်ဆေး မသုံးသော်လည်း ဆီးအဖြေကျရှုံး၍ ထောင်ကျရခြင်းများ ရှိနေပါသည်။ ဟိုတလောက ပြည်သူ့ရဲတပ်ဖွဲ့ဝင် တယောက်က ဖွင့်ချသောကြောင့် ဖားကန့်ဒေသတွင် ပြည်သူ့ရဲများ မည်သို့လာဘ်စားကာ ယန္တရားကြီးတခုလုံး ခြစားနေသည်ဆိုတာ ပေါ်ပေါက်လာသည် (စောင့်ကြည့်ဂျာနယ် FB စာမျက်နှာ၊ ကိုကိုနိုင်(ပဲခူး)ရေးသားသော ဖားကန့်စခန်းမှာ တာဝန်ကျလျှင် အချိန်တိုအတွင်း သိန်းသောင်းချီ ချမ်းသာမည်…သို့သော်)။ ထိုအချက်များမှာ အံ့သြတုန်လှုပ်စရာ ဖြစ်သည်။

အခြားတဖက်တွင်မူ မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်များမှာ မနိုင်ဝန်ကို ထမ်းနေရပါသည်။ လူဆိုးသွားဖမ်းသော ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့် ပြန်လည်တိုက်ခိုက်ခြင်း၊ အသက်သေသည်အထိ ပြန်လည်ခုခံခြင်းများ ဖြစ်ပွားခြင်းမှာ ဤအချက်များကြောင့် ဖြစ်သည်။ ကာကွယ်ရေးအတွက် ဘတ်ဂျက်ကောင်းကောင်း ပေးသလို ရဲတပ်ဖွဲ့အတွက်လည်း လုံလောက်သောဘတ်ဂျက်များ ချထားပေးသင့်သည်။ နည်းပါးသောလူအင်အားဖြင့် နာရီပေါင်းများစွာ တာဝန်ထမ်းဆောင်နေရပါသည်။ ခေတ်မီ ကင်းလှည့်ယာဉ်များလည်း မရှိပါ။ လက်ထိပ်၊ ခေတ်မီသေနတ်၊ ဝေါ်ကီတော်ကီ စသည့် ခေတ်မီကိရိယာများလည်း ဘာမှမရှိပါ။ အများအားဖြင့် ကိုယ့်စရိတ် ကိုယ်စိုက်၍ သုံးနေရသည်ဟု သိရပါသည်။ နေထိုင်ရသော လိုင်းခန်းများမှာလည်း အချို့နေအိမ်များမှာ ကျူးကျော်တဲအိမ်လေးများသဖွယ် အလွန်စိတ်ဓာတ်ကျဆင်းဖွယ် လူနေမှုဘ၀များဖြစ်ပါသည်။ ထိုအခြေအနေ ကြောင့် စီးပွားရေးသမားများအောက်တွင် ဒူးထောက်သွားရသော ရဲတပ်ဖွဲ့ဝင်များရှိလာခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ပြည်မြို့ရှိ မြို့မဂါတ်ခေါ် အမှတ်(၁)ရဲစခန်းတွင် လိုင်းခန်းများမှာ အင်္ဂလိပ်ခေတ်ကတည်းက ဆောက်ထားခဲ့သော အဆောက်အအုံအဟောင်းများဖြစ်ပြီး ရေပတ်လည်ဝိုင်းရံနေပါသည်။ မိုးရွာလျှင် ရေနစ်မြုပ်နေပါသည်။ အမိုးအုတ်ကြွပ်များမှာ နှစ်ပရိစ္ဆေဒကြာညောင်းမှုကြောင့် ပေါက်ပြဲကာ ပလတ်စတစ်စများနှင့် ကာထားရပါသည်။ မည်သို့မျှ ကြည့်၍မတင့်တယ်သော အခြေအနေတွင် ရဲတပ်ဖွဲ့ဝင်များ နေထိုင်နေရပါသည်။ နိုင်ငံခြားမှ ရဲစခန်းများတွင် စခန်းတွင် ရေချိုးချင်က ချိုးနိုင်ရန် ရေပန်းနှင့် ရေချိုးခန်း၊ အဆာပြေသောက်ရန် ကော်ဖီအိုးကြီး၊ စားပွဲတိုင်းပေါ်တွင် ကွန်ပျူတာ ကိုယ်စီ၊ စမတ်ကျသော ယူနီဖောင်း၊ ခေတ်မီလက်နက် စသည်ဖြင့် အဆင့်မြင့်စွာ ထားပေးကြပါသည်။ မြန်မာနိုင်ငံတွင် ထိုသို့ထောက်ပံ့မှုမရှိသဖြင့် ရဲများမှာ ကြည့်လိုက်လျှင် လူရောစိတ်ရော ကိုယ်စိတ်နှစ်ပါး ချုန်းချုန်းကျ နေကြပါသည်။ အားကိုးချင်စရာ မရှိပါ။

ထိုအခါ စွမ်းဆောင်ရည် ကျလာပါသည်။ နာမည်ကြီး အင်းဝအပ်ချုပ်ဆိုင်အမှုနှင့် အခြားအမှု တော်တော်များများတွင် ရဲစခန်းသို့ အားကိုးတကြီး သွားရောက်တိုင်ကြားသော်လည်း ချက်ချင်းလက်ငင်း အရေးယူဆောင်ရွက်မှုမရှိဘဲ စိတ်မပါသလိုလို၊ အရေးမကြီးသလိုလို၊ ၀တ်ကျေဝတ်ကုန်လိုလို စိတ်ဓာတ်များဖြင့် ဆောင်ရွက်နေတာ တွေ့ရပါလိမ့်မည်။ ဖေ့စ်ဘွတ်တွင် သတင်းများ ပွလာ၍ နေပြည်တော်မှ အရေးယူရန် အချက်ပြလိုက်ကာမှ ဗြုန်းခနဲ အိပ်ရာမှ မျက်နှာကို ရေခဲရေဖြင့်ပက်ခံရ၍ လန့်နိုးသလိုဖြစ်ကာ ပျာပျာသလဲ ဆောင်ရွက်ကြပါလိမ့်မည်။ အထက်မှ မခိုင်းလျှင် မလုပ်တတ်တော့ပါ။ မိမိကိုယ်ကို ယုံကြည်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ပျောက်ဆုံးနေကြပါပြီ။ ထိုသို့ဖြစ်ရခြင်းမှာ ကျွန်တော့်အမြင်အရ ပြောရလျှင် ရဲတပ်ဖွဲ့ကို တပ်မတော်လက်အောက်ခံအဖြစ် ထားလိုက်သောကြောင့် ရဲများသည် ကိုယ့်သဘောနှင့်ကိုယ် ဘာမှမလုပ်တတ်တော့ဘဲ အညွန့်တုံးသွားခြင်း ဖြစ်ဟန်တူပါသည်။ အရာရာကို အထက်မှ နှုတ်မိန့်များဖြင့် တောက်လျှောက် တသက်လုံးညွှန်ကြားခံနေရရာ ဖမ်းဆိုလျှင် ဖမ်း၊ လွှတ်ဆိုလျှင် လွှတ်၊ သွားဆိုလျှင် သွား၊ နေဆိုလျှင် နေ စနစ်ဖြင့်သာ အသားကျနေကြပြီး ကိုယ်ပိုင်ဉာဏ်ဖြင့် ရဲဝတ္တရား ဆောင်ရွက်မှုတို့၊ တီထွင်ကြံဆမှုတို့၊ ဥပဒေကိုကာကွယ်ဖို့တို့ ဆိုသည်မှာ ရဲသင်တန်းဆင်းကတည်းက ပျောက်ဆုံးသွားကြဟန် ရှိသည်။ ဥပမာအားဖြင့် မိမိအထက်တွင် ကြောက်ရ ရွံ့ရမည့်လူ တယောက် ပါနေသောအခါ အသင်းသားများသည် ရဲရဲဝံ့ဝံ့ မကစားရဲသဖြင့် ရှုံးပွဲဆက်နေသော မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းနှင့် တူပေသည်။ အသင်းခေါင်းဆောင် ၀ိန်းရူနီကို ပွဲထွက်လူစာရင်းမှ ချန်လှပ်ထားလိုက်သောအခါ အသင်းသားများ အားတက်ကာ လက်စတာစီးတီးအသင်းအား ၄ ဂိုးပြတ်ဖြင့် အနိုင်ယူပြလိုက်ပေ၏။

ယခုအခါ ၅ လောင်းပြိုင် လူသတ်မှုလည်း မပေါ်သေး၊ ၄ လောင်းပြိုင် လူသတ်မှုလည်း မပေါ်သေး၊ ကချင်ပြည်နယ်မှ ဆရာမလေး ၂ ယောက် အသတ်ခံရသော ၂ လောင်းပြိုင် လူသတ်မှုလည်း မပေါ်သေး၊ ပြည်မြို့ န၀ဒေးတံတားအောက်မှ ကောင်လေးတယောက် အသတ်ခံရသော အမှုလည်း မပေါ်သေး၊ အခြားသော မှုခင်းများစွာလည်း မဖော်နိုင်သော အမှုများ များနေကြပါသည်။ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးသည် မေးခွန်းထုတ်စရာ ဖြစ်လာပါ၏။ တပ်မတော်လက်အောက်တွင် ရောက်နေသောကြောင့် ရဲတပ်ဖွဲ့၏ အရည်အချင်းအမှန်မှာလည်း ငုပ်သလို ဖြစ်နေပါ၏။ အရည်အချင်းမှန်ကို မသိရ။ ထိုအခါ ရာဇ၀တ်မှုများအတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တပ်မတော်ပင် နာမည်ပျက်မည် ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများတွင် ကာကွယ်ရေးဝန်ကြီးသည် အရပ်သားဖြစ်ပြီး တပ်မတော်သည် အရပ်သားအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိကြစမြဲသာ ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း တနေ့တွင် ထိုစနစ်အတိုင်း ဖြစ်လာမည်ဟု မျှော်လင့်ရပေသည်။ ထိုသို့ ဖြစ်မလာသေးဘူးထား၊ တပ်မတော်ကို အရပ်သားအစိုးရထိန်းချုပ်မှုအောက်သို့ မပို့နိုင်သေးသည့်တိုင် ရဲတပ်ဖွဲ့ကိုတော့ အရပ်သားအစိုးရ၏ ထိန်းချုပ်မှုအောက်သို့ ပြန်ပို့ဖို့ အလေးအနက် တောင်းဆိုလိုပါ၏။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အရပ်သားအစိုးရ အုပ်ချုပ်မှုလက်အောက်သို့ ပို့ဆောင်စေလိုပါ၏။ ပြည်ထဲရေးဝန်ကြီးဌာနကို ရွေးကောက်ခံ အရပ်သားအစိုးရလက်အောက်သို့ ပြန်ပို့စေလိုပါ၏။ ထိုအခါ ရာဇ၀တ်မှုများ၊ မှုခင်းများ၊ ဥပဒေစိုးမိုးမှုများအတွက် တပ်မတော်တွင်လည်း တာဝန်ကင်းသွားမည်ဖြစ်သလို အရပ်သားအစိုးရ၏ တာဝန်ယူ ကိုင်တွယ်မှုမှာလည်း ပို၍ ဒီမိုကရေစီဆန်လာမည်။ ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်လည်း ပိုမိုမြင့်မားလာပေမည်။ တပ်မတော်အနေနှင့်လည်း မူလတာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေးကို ပိုမိုဦးစားပေး လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ သို့သော် ရဲတပ်ဖွဲ့ကို အရပ်သားအစိုးရထိန်းချုပ်မှု အောက်သို့ ပြန်လည်ပို့ဆောင်မည်ဆိုလျှင် ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂(ခ) အပိုဒ်ခွဲ (၂)ပါ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည် ဆိုသည့် ပြဋ္ဌာန်းချက်ကိုတော့ ပြင်ဆင်ရပေလိမ့်မည်။ ထိုသို့ ပြင်ဆင်နိုင်ရန် ရွေးကောက်ခံလွှတ်တော်အမတ်များချည်း ဆောင်ရွက်၍ မရချေ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အခေါင်အချုပ်ဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပူးပေါင်းဆောင်ရွက်မှုရှိမှ ဖြစ်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီရှင်သန်စေရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခင်ဗျား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ပြည်သူလူထုသို့ ပြန်လည်ပေးအပ်ပါရန် လေးစားစွာမေတ္တာ ရပ်ခံအပ်ပါသည် ခင်ဗျား။

သရ၀ဏ်(ပြည်)
News Watch
https://www.facebook.com/NewsWatchJournal/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.