“ဝါရှင်တန်ကို အမျိုးသမီးတွေ လွှမ်းမိုးသိမ်းပိုက်တဲ့ပွဲ”

အမျိုးသမီးအခွင့်အရေး တောင်းဆိုဆန္ဒပြပွဲတစ်ခုကို ဝါရှင်တန်ဒီစီမြို့တော်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
...................................................................................................

သမ္မတသစ် ဒေါ်နယ်လ် ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး နောက်တစ်ရက်မှာ ကျင်းပတဲ့
ဝါရှင်တန်က ဆန္ဒပြပွဲကို “Women’s March အမျိုးသမီးထု ချီတက်ပွဲ” လို့ အမည်ပေးထားပြီး အမျိုးသမီး ၅ သိန်းခန့် တက်ရောက်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။ ဒါဟာ သမ္မတကို ဆန့်ကျင်တဲ့ပွဲလို့လည်း ဆိုကြပါတယ်။

ဝါရှင်တန်မြို့ပတ်ရထား ပို့ဆောင်ရေးဌာနက ရထားစီးခရီးသည်ဦးရေဟာ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကျင်းပတဲ့ မနေ့မနက်ပိုင်းက ၂ သိန်းပဲရှိပြီး ဒီကနေ့ မနက်မှာ ၃ သိန်းနီးပါးရှိတယ်လို့ ပြောပါတယ်။ ဝါရှင်တန် ဒီစီကို အနယ်အနယ် အရပ်ရပ်ကလာတဲ့ ဘတ်စ်ကားတွေ၊ လေယာဉ်ပျံ ခရီးစဉ်တွေမှာလည်း အမျိုးသမီးတွေနဲ့ ထူးထူးခြားခြား ပြည့်နေလို့ သတင်းဌာနတွေက လေယာဉ်ပျံတွေပေါ်မှာပါလိုက်ပြီး ထုတ်လွှင့်ပြသကြပါတယ်။

မြို့လယ်ခေါင်က လွတ်တော်ရှေ့ကွင်းပြင်မှာ ချမ်းအေးလှတဲ့ ဝါရှင်တန်ဆောင်းတွင်းကို အံတုရင်ဆိုင်ဖို့အတွက် Pussyhats လို့ခေါ်တဲ့ ပန်းနုရောင်ခေါင်းစွပ်တွေဆောင်းပြီး ဒီကနေ့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို ကြည့်လိုက်မယ်ဆိုရင် အသက် ၁ဝနှစ် ၁၅ နှစ်အရွယ် မိန်းကလေးတွေကနေ ၂ဝ-၃ဝ-၄ဝ အရွယ်တွေအလယ်၊ ၆ဝ-၇ဝ လူကြီးတွေအဆုံးပါပဲ။

အလားတူ အင်အားပြပွဲတွေကို ဝါရှင်တန်မှာသာမက နယူးယောက်၊ ဘော်စတွန်၊ ချီကာဂို၊
လော့စ် အန်ဂျယ်လစ်စတဲ့ အမေရိကန်နိုင်ငံ အနှံ့အပြားကမြို့တွေအပြင် ဂျာမဏီ၊
ဗြိတိန်၊ ပြင်သစ်၊ ဂျပန်၊ သြစတြေးလျား စတဲ့ ကမ္ဘာတခွင်က မြို့ကြီးတွေမှာပါ တစ်ရက်တည်း ကျင်းပခဲ့ကြတာဖြစ်ပြီး စုစုပေါင်း အမျိုးသမီး ၃ သန်း ပါဝင်အင်အားပြခဲ့တယ်လို့ ဆိုပါတယ်။

ဝါရှင်တန်ကပွဲကို တက်ရောက်ဟောပြောသူတစ်ဦးဖြစ်တဲ့ ရုပ်ရှင်မင်းသမီး Scarlett Johnsson စကားလက် ဂျွန်ဆင်က အမျိုးသမီးတွေအတွက် ကျန်းမာရေးခံယူမှု စိတ်ချလက်ချ ရရှိဖို့လိုအပ်ကြောင်း သူမရဲ့ကိုယ်တွေ့အဖြစ် Planned Parenthood ဆိုတဲ့ ကျန်းမာရေးအဖွဲ့ထံက ရရှိခဲ့တဲ့စောင့်ရှောက်မှုတွေကို ဂုဏ်ပြုပြောကြားပါတယ်။

“ကျမရဲ့ ကိုယ်ရေးကိုယ်တာတွေ ဘာမှ မမေးပါဘူး။ ဘာမှလည်း ဝေဖန်ပြောဆိုတာ မလုပ်ပါဘူး။ အဲဒီအဖွဲ့ထံက လုံခြုံစိတ်ချစွာ ကုသပြုစုမှုရရှိခဲ့ပါတယ်”

စာရေးဆရာမ တစ်ဦးဖြစ်တဲ့ Gloria Steinem ဂလော်ရီးယား စတိုင်းနင်မ်က အမျိုးသမီးတွေအနေနဲ့ မိမိတို့အင်အားကို စုစည်းဖေါ်ထုတ်နိုင်ရင် အောင်မြင်မှုရမှာပဲလို့ ပိုလန်နိုင်ငံက အဖြစ်အပျက်တစ်ခုကို ဥပမာပေးကာ

“ပိုလန်အစိုးရက ကိုယ်ဝန်ဖျက်ချမှုပိတ်ပင်တဲ့ ဥပဒေကို ပြီးခဲ့တဲ့လအတွင်းက ပြဌာန်းခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသမီးဦးရေ ၆ သန်း လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့တဲ့အတွက် အဲဒီဥပဒေကို ပြင်ဆင်ပေးခဲ့ရပါတယ်” လို့ပြောပါတယ်။

တဆက်တည်းမှာပဲ သမ္မတ ထရမ့်ကို လူမျိုးရေး ဘာသာရေးခွဲခြားမှုတွေ မလုပ်ဖို့ သတိပေးခဲ့ပါတယ်။

“ကျမတို့ကို ခွဲခြားဆက်ဆံဖို့ မကြိုးစားပါနဲ့။ မွတ်စလင်တွေကို ရှင်က အဓမ္မမှတ်ပုံတင်ခိုင်းမယ်ဆိုရင် ကျမတို့အမျိုးသမီးအားလုံး မွတ်စလင်တွေအဖြစ်သွားပြီး မှတ်ပုံတင်ကြမယ်” လို့ သူကပြောတဲ့အခါ ထောက်ခံသံတွေ ညံနေခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်ရဲ့ နာမည်ကျော်စကားဖြစ်တဲ့ “လူအခွင့်အရေးဆိုတာ အမျိုးသမီးတွေရဲ့အခွင့်အရေးဖြစ်သလို အမျိုးသမီးအခွင့်အရေးဆိုတာလည်း လူ့အခွင့်အရေးပဲ “Human rights are women's rights, and women's rights are human rights” ဆိုတဲ့စကားကို ကိုးကားပြောဆိုတာလည်း ကြားရပါတယ်။

လာရောက်သူများလွန်းတဲ့အတွက် ချီတက်လမ်းလျှောက်စရာနေရာတောင် မရှိတော့ပဲ ချီတက်ပွဲကနေ လူထုစုဝေးပွဲ အသွင်ပြောင်းသွားခဲ့တဲ့ ဒီကနေ့ အခမ်းအနားတက်ရောက်သူတွေထဲမှာ မြန်မာအမျိုးသမီးတချို့လည်း ပါဝင်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်က လာရောက်တဲ့ Berkeley ဘာကလေ တက္ကသိုလ်ကျောင်းသူ
မသိမ်းနုသိမ်းက “စိတ်ထားတူတဲ့ တခြားအမေရိကန်တွေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အတူတူရပ်တည်မယ်” လို့ပြောပါတယ်။

စုဝေးပွဲလာရောက်တဲ့ အမျိုးသမီးတွေက ယေင်္ကျား၊ မိန်းမ၊ လူမျိုး၊ ဘာသာ၊ တရားမဝင်လာရောက်သူ၊ အမေရိကန်နိုင်ငံသား စသဖြင့် ခွဲခြားဆက်ဆံမှုတွေကို ဆန့်ကျင်ကြောင်း ကျယ်ကျယ်လောင်လောင် ပြောကြားခဲ့ကြပါတယ်။

ဒီကနေ့ဟာ ဝါရှင်တန်ဒီစီမြို့တော်ကို အမျိုးသမီးတွေ သိမ်းပိုက်လိုက်တဲ့နေ့လို့တောင် တင်စားပြောဆိုနိုင်တဲ့နေ့ ဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.