ခေတ်အဆက်ဆက် ဘတ်စ်ကားပို့ဆောင်ရေးနှင့် စနစ်ဟောင်းတော်လှန်ရေး


ရန်ကုန် ဇန်နဝါရီ ၁၇

ရန်ကုန်မြို့တွင် ဇန်နဝါရီ ၁၆ ရက်မှစတင်ကာ ပြောင်းလဲပြေးဆွဲလိုက်သည့် ဘတ်စ်ကားစနစ်သစ်ကြောင့် အဆင်ပြေမှုများရှိသလို အဆင်မပြေအခက်ကြုံရသည့် ခရီးသွားပြည်သူများစွာတို့ ရှိခဲ့သည် ။ ပထမဦးဆုံးနေ့ စတင်အပြောင်းအလဲတွင် ရန်ကုန်မြို့၌ စာရင်းရှိ ဘတ်စ်ကားစီးရေထက် အတော်လျော့နည်းကာ ပြေးဆွဲခဲ့ သည့်အတွက်ကြောင့်လည်း ခရီးသည်နှင့်ယာဉ်အစီးရေ မမျှမတဖြစ်ကာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ တစ်ဦးတစ်ယောက်ချင်းပိုင် မော်တော်ယာဉ်များ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းပိုင်ယာဉ်များက အခမဲ့လိုက်လံ ပို့ဆောင်မှုများရှိခဲ့သော်လည်း ညပိုင်းအချိန်အထိ အိမ်ပြန် ချိန်များစွာ ခက်ခဲခဲ့သည်ကို သိရှိရသည်။
ဘတ်စ်ကားစနစ် မပြောင်းလဲမီကပင် မြို့နေလူထု၏ အဓိကအခက်အခဲမှာ နေ့စဉ်ဘတ်စ်ကားစီးရသည့် ဒုက္ခများဖြစ်သည့်အပြင် နံနက်ရုံးတက်ချိန်နှင့် ညနေရုံးဆင်းချိန်များသည် မှတ်တိုင်များ၌ ခရီးသည်များစုပြုံနေတတ်လေ့ရှိပြီး ယာဉ်အစီးရေနှင့်ခရီးသည် မလုံလောက်မှုမှာ ယခင် ကတည်းကပင် ဖြစ်သည်ဟု သိရသည်။ အလားတူ ယာဉ် လုပ်သားများ၏ ပြစ်တင်ဝေဖန်မှု၊ ဆဲဆိုကြိမ်းမောင်းမှု များကြားတွင် လိုရာခရီးကိုရောက်ရှိဖို့ရာ စိတ်ရှည်သည်းခံကာ စီးနင်းလာခဲ့ကြသည်မှာလည်း ကြာပြီပင်ဖြစ်သောကြောင့် ဘတ်စ်ကားစနစ်သစ် အပြောင်းအလဲတွင် ဝေဖန်မှုများရှိသော်လည်း နေ့စဉ်ဘတ်စ်ကားစီးခရီးသည်များကမူ အဆင်မပြေမှုများကို နားလည်မှုပေးကာ ပူးပေါင်းဆောင်ရွက်ပေးကြသည်ဟု သိရသည်။

ဘတ်စ်ကားစနစ်သစ်စတင်မှု၏ ဒုတိယနေ့တွင်မူ ပထမနေ့လောက် အခက်အခဲမကြုံတွေ့ရသော်လည်း လိုအပ်ချက်များက ရှိနေဆဲဖြစ်သည်ဟု သိရသည်။ ဒုတိယ နေ့တွင် ကားအရေအတွက် တိုးမြှင့်ပြေးဆွဲလာမှုကြောင့် ယခင်နေ့ကထက် ပိုမိုအဆင်ပြေလာသည်ဟု ခရီးသွားများ၏ ပြောကြားချက်အရ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူများကလည်း စနစ်သစ်ပြောင်းလဲမှုတွင် အချိန် အနည်းငယ်ယူရမည်ဖြစ်ပြီး ယင်းမှာ ရေရှည်ကောင်းမွန်သော ဘတ်စ်ကားစနစ်အတွက် ခြေလှမ်းအစပင်ဖြစ်သည်ဟု အသိပေးပြောကြားထားသည်။


''ဘတ်စ်ကားစနစ် အပြောင်းအလဲက လိုင်းအသစ်၊ လမ်းကြောင်းအသစ်၊ စီမံအုပ်ချုပ်မှုပုံစံအသစ်ကို ဆောင်ရွက်တာပါ။ ကားဟောင်းတွေ အားလုံးရပ်ပြီး ကားသစ်တွေနဲ့ အစားထိုးပြေးဆွဲတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကားအသစ် တွေနဲ့ နောက်ပိုင်းမှာလည်း ကတ်စနစ်နဲ့ ငွေပေးတဲ့စနစ်ကို အဆင့်ဆင့်ပြောင်းလဲသွားမှာပါ။ လက်ရှိမှာ ကားဟောင်း ပိုင်ရှင်တွေလည်း မနစ်နာရအောင်၊ ကြံ့ခိုင်မှုလည်း ကောင်းသေးတဲ့ ကားတွေကို ဆက်လက်ပြေးဆွဲခွင့်ပြုတာဖြစ်ပါတယ်။ လိုင်းတွေ ထပ်နေတာ၊ တူနေတာတွေကို စနစ်တကျနဲ့ လမ်းကြောင်းသတ်မှတ်ပြီး ပြေးဆွဲစေတာပါ။ စနစ် တစ်ခုအပြောင်းအလဲမှာ အခက်အခဲတွေ အများကြီးကြုံရ မှာဖြစ်တဲ့အတွက် ဒါတွေကို အများပြည်သူနဲ့ပူးပေါင်းပြီး ဆောင်ရွက်သွားရမှာပါ။ သယ်ယူပို့ဆောင်ရေးအာဏာ ပိုင်အဖွဲ့ စတင်ဖွဲ့စည်းကတည်းက အဓိကထားလုပ်ဆောင်မှာက ဘတ်စ်ကားစနစ်ပြုပြင်ပြောင်းလဲရေးပါ''ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေသော ဘတ်စ်ကားအရေ အတွက်သည် စာရင်းရှိ ၆ဝဝဝ ကျော်ခန့်ဖြစ်သော်လည်း နေ့စဉ် ပုံမှန်ပြေးဆွဲနေသည့် ယာဉ်အစီးရေသည် ပျမ်းမျှ အားဖြင့် ၄ဝဝဝ ကျော်ခန့်သာရှိသည်ဟု သိရသည်။ နေ့စဉ် နှင့်အမျှ မြို့ပြတွင် လှုပ်ရှားသွားလာနေသည့် လူဦးရေမှာ မြို့နေလူဦးရေ၏ထက်ဝက်ခန့် ၂ ဒသမ ၅ သန်းကျော် ခန့်ဖြစ်ပြီး စာရင်းရှိ ဘတ်စ်ကားစီးရေနှင့်လုံလောက်မျှတစွာ သယ်ယူပို့ဆောင်ပေးနိုင်ခြင်းမှာ ယခင်ကတည်းက မရှိခဲ့ကြောင်း သိရသည်။ မြို့နေလူဦးရေ၏ ၈၅ ရာခိုင်နှုန်း ကျော်မှာ ဘတ်စ်ကားများကိုသာ အားထားစီးနင်းနေရပြီး အခြားသော ပို့ဆောင်ရေးများကို စီးနင်းနေသူများ ရာခိုင်နှုန်းအားဖြင့် အင်မတန်နည်းပါးလျက်ရှိသည်။ ယင်းကြောင့် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် ရွှေ့ပြောင်း အခြေချနေထိုင်သူများ၊ ထပ်မံတိုးပွားလာမည့် လူဦးရေ နှင့်အညီ လုံလောက်မျှတသော သယ်ယူပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်ရန် မဖြစ်မနေ လုပ်ဆောင်ရတော့မည်ဖြစ်ပြီး မြို့ပတ်ရထားကဲ့သို့သော အခြားသယ်ယူပို့ဆောင်ရေး စနစ်များကိုလည်း အဆင့်မြှင့်တင်ရန် မဖြစ်မနေ လိုအပ်လာပြီဟု ပညာရှင်များက ဝေဖန်အကြံပြုထားကြသည်။ ယခင်က အဆင်ပြေသလို ဖြေရှင်းကာ ပြေးဆွဲခဲ့သည့် ယာဉ်လမ်းကြောင်းများ၊ တစ်ဦးတစ်ယောက်ချင်းပိုင် ယာဉ်များကို စုစည်းကွပ်ကဲအုပ်ချုပ်နေသည့် စီမံမှုပုံစံများ၊ လမ်းကြောင်းတူ လမ်းကြောင်းထပ်နေသည့် ယာဉ်လိုင်းများ၊ ပြိုင်မောင်းလုမောင်း၊ ဝင်ငွေအပြိုင်အဆိုင် ရှာဖွေနေသော ပုံစံမှ စနစ်တကျ လမ်းကြောင်းများသတ်မှတ်ကာ ပြည်သူကို ဝန်ဆောင်မှုပေးနိုင်မည့် ဘတ်စ်ကားစနစ်သစ် ကို ပြောင်းလဲနိုင်ရန် စတင်ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်ဟု သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ထံမှ သိရသည်။


ယင်းသို့ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော ဘတ်စ်ကားစနစ်ဟောင်း တော်လှန်ရေး၊ စနစ်သစ် စတင်နိုင်ရေးတွင် အများပြည်သူ၏ ပူးပေါင်းပါဝင်မှုသည် အဓိကကျပြီး ယာဉ်ပိုင်ရှင်များ၊ ယာဉ်လုပ်သားများ၏ ပါဝင်မှုသည်လည်း အရေးကြီးကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

'' စနစ်အဟောင်းကနေ စနစ်သစ်ပြောင်းတော့ အခက်အခဲတွေက အများကြီးပါပဲ။ အရင်ကလည်း ဒီလိုပဲ စနစ်တစ်ခုပြောင်းတိုင်း အခက်အခဲတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ရေရှည်ကောင်းအောင် မလုပ်နိုင်ဘဲ အဖျားရှူး သွားပြီး ဒုံရင်းဒုံရင်း ပြန်ဖြစ်သွားတယ်။ ဒီတစ်ကြိမ်ကတော့ ပြည်သူ့ဆန္ဒနဲ့ရွေးထားတဲ့ အစိုးရလည်းဖြစ်တယ်။ အပြောင်းအလဲကိုပြည်သူကလည်း ကြိုဆိုတယ်။ အရင် ဘတ်စ်ကားစနစ်ကို ပြည်သူက လုံးဝကို မလိုချင်တော့ဘူး။ မလိုလားတော့ဘူး။ ဒါကြောင့် မဖြစ်မနေ ပြောင်းကို ပြောင်းရ တော့မယ်။ ရေရှည်ကောင်းတဲ့စနစ် ဖြစ်/မဖြစ်ကိုတော့ စောင့်ကြည့်ရမယ်။ အဓိကက ပြည်သူတွေရဲ့ ပါဝင်မှုပဲ။ တကယ် ဘတ်စ်ကားကို စီးနေသူတွေက အဆင်မပြေ တာတွေကို ညည်းတွားကြပေမယ့် ဒီအပြောင်းအလဲကို လက်ခံတာ တွေ့ရတယ်။ ဒါအောင်မြင်နိုင်ပါတယ်။ ဘတ်စ်ကားပိုင်ရှင်တွေအနေနဲ့ကလည်း အရင်က ကားကို ဒီအတိုင်း ယာဉ်မောင်း၊ စပယ်ယာကို ပေးထားရတာ။ တစ်နေ့ ဘယ်လောက်နှုန်းအပ်ဆိုပြီး ပေးထားရပေမယ့် ယာဉ်မောင်း၊ စပယ်ယာကလည်း အုံနာကြေးကိုက်အောင်၊ နေ့တွက်ကိုက်အောင် ကားကိုခိုင်းမှာပဲ။ အပြိုင် လုမောင်း၊ ခရီးသည် လုရှာရမှာပဲ။ အခု စနစ်အပြောင်းအလဲမှာ စိတ်အေးချမ်းသာစွာနဲ့ မောင်းရပြီးတော့ ပုံမှန်ဝင်ငွေတစ်ခု ရနိုင်တယ်။ မရှုံးဘူးဆိုရင် ကုသိုလ်လည်းရ ဝမ်းလည်းဝနိုင် တဲ့အလုပ်တစ်ခုပါ''ဟု ရန်ကုန်မြို့ခံ ဦးစိန်လှိုင်က ပြောသည်။


ရန်ကုန်မြို့၏ မြို့ပြသယ်ယူပို့ဆောင်ရေးတွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် ဘတ်စ်ကားကို အားထားခဲ့ကြပြီး ခေတ်အဆက်ဆက် ကောင်းမွန်သော သယ်ယူပို့ဆောင် ရေးစနစ်ကို အဆင့်မြှင့်တင် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ဟု သိရသည်။ ဗန်ကောက်၊ စင်ကာပူ စသော မြို့ကြီးများတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များကို ခေတ်နှင့် အညီ ပြုပြင်ပြောင်းလဲသွားခဲ့သော်လည်း ရန်ကုန်မြို့တွင်မူ ယနေ့ထက်တိုင် ပြောင်းလဲနိုင်ခြင်းမရှိသေးဘဲ ဘတ်စ်ကား များကိုသာ အားထားစီးနင်းနေရဆဲပင်ဖြစ်သည်။

''အဘတို့ ငယ်ငယ်တုန်းက ရန်ကုန်မှာ လိုင်းကားတွေက တံဆိပ်တွေနဲ့ပြေးဆွဲကြတာ။ ဥပမာ ရွက်လှေ တံဆိပ်နဲ့ ဘတ်စ်ကားဆိုရင် ရန်ကုန်ဆိပ်ကမ်းကို ရောက်တယ်။ လေယာဉ်ပျံတံဆိပ်ဆိုရင် လေယာဉ်ကွင်း ပေါ့။ မေးနေစရာမလိုဘူး။ တက်စီးသွားရုံပဲ။ နောက်တော့ နံပါတ်တွေနဲ့ဖြစ်သွားတယ်။ နံပါတ်တွေတိုးလာတာရှိသလို တချို့ပျောက်တဲ့နံပါတ်တွေ ပျောက်သွားတယ်။ နောက် တစ်ခါ ယောက်ျားသက်သက်၊ မိန်းမသက်သက် စီးရတဲ့ ကားတွေ၊ နှစ်စီးတွဲ ယာဉ်တွေဆိုတာ ဖြစ်လာပြန်ရော၊ အဲဒါ ဆိုရှယ်လစ်ခေတ်ပေါ့။ နောက်တော့ အဲဒါတွေပျောက်သွားပြီး နဝတခေတ်ဦး ၁၉၉ဝ ဝန်းကျင်မှာ ကိုရီးယားက ကားကြီးတွေ ရောက်လာပြီး မြို့ပတ်ယာဉ်ဆိုတာ ပေါ်လာတယ်။ အဲဒါလည်း ပျောက်သွားပြန်ပြီ။ ဒီဘက်ခေတ်ကလေးတွေ တော်တော်များများ မီကြမယ်ထင်တယ်။ အဲကွန်းဘတ်စ် ဆိုတာတွေ၊ အဲဒါလည်း ပိုက်ဆံတောင်းကောင်းအောင် လုပ်တာပဲထင်တယ်။ မအောင်မြင်ပြန်ဘူး။ နောက်တော့ အထူးကားတဲ့။ ဒါလည်း ထူးမခြားနားဘဲဖြစ်သွားတယ်။ ဆိုလိုချင်တာကတော့ လုပ်တော့လုပ်နေတာပဲ။ အနှောင်း မသေချာတော့ ဒုံရင်းက ဒုံရင်းပဲ ဖြစ်ခဲ့တာ''ဟု တရား လွှတ်တော် ရှေ့နေကြီး ဦးအေးချိုက ခေတ်အဆက်ဆက် ရန်ကုန်မြို့ပြ ဘတ်စ်ကား သယ်ယူပို့ဆောင်ရေးစနစ်၏အဆင့်ဆင့် အပြောင်းအလဲများကို ပြောသည်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစကာလတွင် ရန်ကုန်မြို့နေ လူဦးရေသည် ခြောက်သိန်းခန့် ရှိလာသည်ဟု သိရပြီး နေ့စဉ်နှင့်အမျှ သွားလာမှုများအတွက် စစ်ကျန် ဘတ်စ်ကားများဖြင့် သယ်ယူပို့ဆောင်ပေးခဲ့သည် ဟု သိရသည်။ ၁၉၅၈ ခုနှစ်တွင် ရန်ကုန်မြို့ပြလူဦးရေမှာ ၁ ဒသမ ၅ သန်းသို့ ရောက်ရှိလာပြီဟု သိရပြီး သာကေတ၊ သုဝဏ္ဏ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ စသည့် မြို့သစ်များ တိုးချဲ့ခဲ့ခြင်းနှင့်အတူ မြို့ပြသယ်ယူပို့ဆောင်ရေးနှင့် သွားလာရေးတို့တွင် လိုအပ်ချက်များ၊ အခက် အခဲများ ရှိလာခဲ့သည်ဟု သိရသည်။ ထိုကာလများတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ပုဂ္ဂလိက ယာဉ်ပိုင်ရှင် တွေကသာ ဦးစီးလုပ်ကိုင်ခဲ့ကြပြီး ယုန်၊ ကြံ့၊ ပုစွန်၊ ရွက်လှေ၊ လေယာဉ်ပျံ စသည့် အရုပ်တံဆိပ်များဖြင့် ခွဲခြား သတ်မှတ်ပြေးဆွဲခဲ့ရာမှတစ်ဆင့် နံပါတ်များကို ပြောင်းလဲ သတ်မှတ်ခဲ့ကြပြန်ရာ ၁၉၆၂ ခုနှစ်တွင် ခရီးသည် သယ်ယူ ပို့ဆောင်ရေးအတွက် ယာဉ်လိုင်းအမှတ် ၁ မှ ၁၆ အထိ၊ ယာဉ်အစီးရေ ၁၅ဝဝ ခန့်ဖြင့် မြို့ပြသယ်ယူပို့ဆောင်ရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသည်။ ထိုကာလ သယ်ယူ ပို့ဆောင်ရေးယာဉ်များမှာ စစ်ကျန် ဘတ်စ်ကားများဖြစ်သည့် ချက်ပလက်၊ ဖို့ဒ်၊ ဂျီအမ်စီ၊ ဒေါ့ဂ်ျ ယာဉ်များဖြစ်သည် ဟု သိရသည်။

ယင်းသို့ဖြင့် ၁၉၇၄ ခုနှစ်တွင် ကုန်းလမ်းပို့ဆောင် ရေးအဖွဲ့၏ ခရီးသည်တင်ယာဉ်အစီး ၃၆ဝ၊ မထသ ခရီးသည်တင် ယာဉ်အစီး ၃၇၆ စီးတို့ဖြင့် ရန်ကုန်မြို့ ခရီး သည်ပို့ဆောင်ရေးကိုဆောင်ရွက်ခဲ့သည်။ ထိုကာလအထိ စစ်ကျန်ဘတ်စ်ကားများသာ အားထားနေရဆဲပင်ဖြစ်သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် မြို့နယ်များ၊ ရွှေ ပေါက်ကံ၊ ပုလဲမြို့သစ်၊ ပတ္တမြား မြို့သစ်စသည့် မြို့သစ်များကို တိုးချဲ့တည်ဆောက်လာရာတွင် လူဦးရေသည်လည်း ပိုမို ထူထပ်များပြားလာရာ ယခင် က သယ်ယူပို့ဆောင်ရေးယာဉ်များဖြင့် လုံလောက်မှုမရှိ တော့ဘဲ ယာဉ်လိုအပ်ချက်များရှိလာခဲ့သည်ဟု သိရပြီး စစ်ကျန်ဘတ်စ်များအပြင် ဘီအမ်ဟီးနိုးများ၊ ကေအမ်ဟီးနိုး (ရိန်းဂျား)များ၊ ကုန်တင်ယာဉ် အငယ်စားများဖြစ်သည့် ဒိုင်နာ၊ ဟိုင်းလပ် ယာဉ်များဖြင့်ပါ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို လုပ်ကိုင်လာခဲ့ကြရသည်။ အများပြည်သူ ဝန်ဆောင်မှုပေးသည့် သယ်ယူပို့ဆောင်ရေးစီမံကိန်းကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိဘဲ လိုအပ်ချက် အပေါ် လိုအပ်သလို ရေတိုနည်းလမ်းဖြင့်သာ ဖြေရှင်းခဲ့ကြ သောကြောင့် မြို့ပြသယ်ယူပို့ဆောင်ရေးသည် ဝန်ဆောင်မှု အသွင်ဖြစ်ပေါ်မလာဘဲ ဝင်ငွေရရှိရန် စီးပွားရှာဖွေသည့် နည်းလမ်းတစ်ခုဖြစ်လာခဲ့သည်ဟု မြို့ပြရေးရာကျွမ်းကျင်သူ သုတေသီများက ဝေဖန်သုံးသပ်ကြသည်။

''တစ်ချိန်က ရန်ကုန်လူဦးရေ နည်းသေးတာရယ်၊ ကားတွေ နည်းသေးတာရယ် အဆင်ပြေပေမယ့် ရန်ကုန်ကို ရွှေ့ပြောင်း အခြေချလာသူတွေ များလာတာရယ်၊ မြို့ပြ ဖွံ့ဖြိုးမှုနဲ့ မြို့ပြဧရိယာချဲ့ထွင်လာမှုတွေက သယ်ယူ ပို့ဆောင်ရေးမှာ လိုအပ်ချက်တွေ ရှိလာတယ်။ မြို့ပတ် ရထားဆိုတာကလည်း အင်္ဂလိပ်က စနစ်တကျဖော်ဆောင် ခဲ့ပေမယ့် နောက်ပိုင်း မြို့ပြချဲ့ထွင်လာမှုမှာကြတော့ မြို့ပြ ဧရိယာအနှံ့ လွှမ်းခြုံမရောက်ရှိဘူး။ မြို့ပတ်ရထား လမ်းကြောင်းတွေဟာ တချို့လူနေရပ်ကွက်တွေ၊ အိမ်တွေ ရဲ့ နောက်ဖေးလမ်းကြားတွေ၊ အမြင်မတော်တာတွေ ဖြစ်ကုန်ရော။ ဘတ်စ်ကားလိုင်းတွေကိုလည်း သက်ဆိုင်ရာ က တာဝန်ယူဆောင်ရွက်ပေးတာမျိုးမဟုတ်ဘဲ တစ်ဦး တစ်ယောက်ချင်းပိုင် ယာဉ်ပိုင်ရှင်တွေကို စုစည်းပြီး ပြေးဆွဲလာတာဆိုတော့ ဝင်ငွေရတဲ့ လမ်းပိုင်းကို ပြေးဆွဲ ချင်တဲ့သူတွေနဲ့ လိုင်းတွေများ၊ ကားလမ်းကြောင်းတွေထပ်ပြီး လမ်းကြောင်းရှုပ်ထွေးလာတယ်။ အဲလိုကနေ ယနေ့ ပြုပြင်ဖို့ တော်တော်ခက်သွားတဲ့ မြို့ပြပို့ဆောင်ရေး အခြေအနေတွေ ဖြစ်လာတာပဲ။ ဒါတွေကို စနစ်တကျနဲ့ ရေရှည်စီမံကိန်းနဲ့ဆောင်ရွက်ဖို့ဆိုတာမှာ အများပြည်သူရဲ့ စည်းကမ်းတကျ ပူးပေါင်းပါဝင်မှုလည်း လိုအပ်တယ်''ဟု ရန်ကုန်မြို့ပြပို့ဆောင်ရေးဆိုင်ရာ သုတေသနစာတမ်းပြုစု ခဲ့သူတစ်ဦးက သုံးသပ်သည်။

ရန်ကုန်မြို့ပြပို့ဆောင်ရေးတွင် ၁၉၉ဝ ပြည့်နှစ် နောက်ပိုင်းမှစတင်၍ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတွင် အသုံးပြုပြီးသော တစ်ပတ်ရစ်စီးတီးဘတ်စ်များကို တင်သွင်းလာခဲ့ပြီး အသုံးပြုလာခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ နစ်ဆန်း၊ ဟီးနိုး၊ ဖူဆို၊ အီဆူဇူး၊ ဟွန်ဒိုင်း၊ ဒေဝူး စသည်ဖြင့် နှစ်အလိုက် ယာဉ်များကို တင်သွင်းခဲ့ကြသလို ဒိုင်နာ၊ ဟိုင်းလပ်၊ စစ်ကျန်ဘတ်စ်များကိုလည်း အားထားနေရ ဆဲပင်ဖြစ်သည်။ ယင်းနောက် စစ်ကျန်ဘတ်စ်၊ ဒိုင်နာ၊ ဟိုင်းလပ်ယာဉ်များကို မြို့ပြအင်္ဂါရပ်နှင့် မညီညွတ်တော့၊ ပြေးဆွဲရန် မသင့်တော့ဟုဆိုကာ ဂျပန်နိုင်ငံမှ တစ်ပတ်ရစ် ယာဉ်ကြီးများ၊ မီနီဘတ်စ်များနှင့် အစားထိုး ပြေးဆွဲစေ ခဲ့ပြန်သည်။ အဲကွန်းဘတ်စ်၊ အထူးကားဟူ၍ အမည်အမျိုးမျိုးတပ် ပြေးဆွဲခဲ့ကြသော်လည်း ယနေ့အချိန်အထိ ခရီးသည်လိုအပ်ချက်နှင့်အညီ ပြည့်မီအောင် ပြေးဆွဲပေး နိုင်ခြင်းမရှိသေးသလို၊ အများပြည်သူကို ကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ဘေးကင်းလုံခြုံမှုရှိသော သွားလာရေး စနစ်များ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဟု မြို့ပြ ရေးရာကျွမ်းကျင်သူများက သုံးသပ်သည်။

ယင်းသို့ အဆင့်ဆင့်ကြုံတွေ့ခဲ့ရသည့် မြို့ပြပို့ဆောင်ရေးတွင် ပြုပြင်ရန်ခက်ခဲသော အခြေအနေမှ ယနေ့တွင် မ.ထ.သ အဖွဲ့အစည်းကို ဖျက်သိမ်းကာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ကြီးကြပ်ကွပ်ကဲ၍ ဘတ်စ်ကားပြေးဆွဲမှု စနစ်သစ်ကို စတင်လိုက်ခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာ အရိုးစွဲခဲ့သည့်စနစ်ဟောင်း တော်လှန်ရေးသည် အချိန်ကာလ မည်မျှကြာမြင့်မည်ကို မသိရှိသေးသော်လည်း ရန်ကုန်မြို့နေလူထုအနေဖြင့် ယခင်က ပြည်သူလူထုကို ဗဟိုမပြုသောစနစ်ကို မကြိုက်နှစ်သက်သောကြောင့် ယခု အပြောင်းအလဲကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက် ရှိသည်ဟု ဖြေကြားကြသည်။ ယင်းသို့ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် ကောင်းမွန်သောအပြောင်းအလဲများ သို့ ဦးတည်ရာတွင် အဓိကကျသောကြောင့် အစိုးရအနေဖြင့် ယင်းကို အခွင့်ကောင်းယူကာ စနစ်တကျဆောင်ရွက် သွားနိုင်ရန်လိုအပ်ကြောင်း မြို့ပြရေးရာ ကျွမ်းကျင်သူများ က ဇန်နဝါရီ ၁၆ ရက်တွင် ကြုံတွေ့ခဲ့ရသည့် ရန်ကုန်မြို့၏ ဘတ်စ်ကားစနစ်သစ် အပြောင်းအလဲနှင့် အတွေ့အကြုံများ အပေါ် သုံးသပ်ပြောကြားလျက်ရှိသည်။

(ဆုနှင်းလဲ့)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.