“ နိုင်ငံရေးသတ္တိ ”


ရန်ကုန်မှာရှိတဲ့ မထသနဲ့ ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်ကို ဇန်နဝါရီ ၁၅ ရက်နေ့ မှာ ပြေးဆွဲခွင့် မရှိတော့ကြောင်းနှင့် အဲ့ဒီနေ့မှာ မထသကို ဖြတ်သိမ်းမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တဲ့သတင်းကို ပြီးခဲ့တဲ့ ဇန္န၀ါရီလ (၆) ရက်နေ့ က အင်တာနက်စာမျက်နှာ ပေါ်မှာ ဖတ်လိုက်ရတာမို့ ဒီဆောင်းပါးကိုရေးဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့လူသားတဦးကို အသက်အရွယ်အားဖြင့် ငယ်ပင် ငယ်ငြားပေမဲ့လည်း မြန်မာနိုင်ငံတဝှမ်းလုံးကတင်မက ကမ္ဘာကပါ အသိအမှတ်ပြုလေးစားခြင်းခံထိုက်စေတဲ့ အရည်အချင်းတွေထဲမှာ နိုင်ငံရေးသတ္တိရှိခြင်းဆိုတာဟာ အဓိကဂုဏ်ပုဒ်တခုအဖြစ်နဲ့ ပါဝင်ပါတယ်။

ကိုယ့်အသက်ကိုတောင်မငဲ့ကွက်ဖဲ အများအကျိုးအတွက်စွန့်လွှတ်ရဲတဲ့စိတ်၊ ရိုးသားတည်ကြည်တဲ့စိတ်စတဲ့ ကြီးကျယ်မြင့်မြတ်တဲ့စိတ်တွေနဲ့တန်းတူရည်တူ အဖိုးတန်တဲ့အဲ့ဒီစိတ်ဓါတ်ကတော့ တိုင်းပြည်အကျိုး ပြည်သူလူထုအကျိုးအတွက်ဆိုရင် မိမိကို အထင်လွဲမှာ အကြည်ညိုနည်းမှာ ထောက်ခံမှု့မရမှာကို မကြောက်မရွံ့ဘဲ မှန်ရာကို နိုင်ငံရေးသတ္တိရှိရှိ ပြောရဲဆိုရဲ လုပ်ကိုင်ရဲတဲ့စိတ်ဓါတ်ပါဘဲ။

ဟုတ်ပါတယ် ။ ကမ္ဘာ့သမိုင်းတလျှောက်မှာကြည့်ကြည့်၊ မြန်မာနိုင်ငံသမိုင်းကိုဘဲလေ့လာလေ့လာ နိုင်ငံရေးသမားတွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ အကြီးအကဲတွေ သန်းပေါင်းများစွာ ပေါ်ထွန်းခဲ့ဘူးပေမဲ့ အဲ့ဒီလို နိုင်ငံရေးသတ္တိရှိတဲ့နိုင်ငံရေးသမား၊ နိုင်ငံ့ခေါင်းဆောင်မျိုးဆိုတာ များများစားစား မပေါ်ထွန်းခဲ့ဘူးပါဘူး။ မြန်မာနိုင်ငံဟာ အလွန်ကံထူးလို့သာရခဲ့တာလို့ပြောနိုင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ လူမသမာတွေရဲ့လုပ်ကြံခံရပြီးတော့ လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီခေတ်ကနေ စစ်အာဏာရှင်တလျှောက်လုံးမှာ မြန်မာပြည်သူတွေ နိုင်ငံရေးစင်မြင့်ထက်မှာမြင်ခဲ့ကြုံခဲ့ကြတာက အာဏာငမ်းဖမ်းနေတဲ့နိုင်ငံရေးသမားတွေနဲ့ ပြည်သူ့အကျိုးထက် ကိုယ့်ထိုင်ခုံတည်မြဲရေး၊ မဲရရှိရေးအတွက် မရိုးသားတဲ့နည်းလမ်းတွေသုံးတတ်တဲ့ ဒုဿီလနိုင်ငံရေးသမားတွေဘဲမဟုတ်လား။

တကယ်တော့ အကောင်းနဲ့အဆိုးဒွန်တွဲနေတဲ့လောကကြီးထဲမှာ ဘယ်ခေတ်မှာမဆို နိုင်ငံရေးသမားကောင်းနဲ့ နိုင်ငံရေးသမားဆိုး ဆိုတာအမြဲရှိနေတာပါဘဲ။ ခေတ်အဆက်ဆက်မှာ အဲ့ဒီလိုရှိခဲ့ဘူးတဲ့ နိုင်ငံရေးသမားဆိုးတွေကြောင့် ဒီကနေ့ ခေတ်ထိအောင် နိုင်ငံရေးဆိုတာ လိမ်ညာလှည့်ပတ် ညစ်ပတ်ကြတဲ့ ဇါတ်ခုံတခုလို အထင်လွဲနေကြတာမဟုတ်လား။

အထူးသဖြင့် ပြီးခဲ့တဲ့နှစ် ၅၀ အတွင်းမှာ စစ်အာဏာရှင်တွေက နိုင်ငံရေးဆိုတာ မစားကောင်းတဲ့အသီးလို၊ မပတ်သက်သင့်တဲ့ကိစ္စတခုလို့ လူတွေမြင်လာအောင် သူတို့ မတရားသဖြင့်လုပ်တာတွေကို ဆန့် ကျင်ကြတဲ့နိုင်ငံရေးလှုပ်ရှားတက်ကြွမှု့သူတွေ၊ အတိုက်အခံတွေကို ရက်ရက်စက်စက်နှိပ်ကွပ်ပြီး နိုင်ငံရေးသားကြောဖြတ်ခဲ့ကြတာ လတ်လတ်ဆပ်ဆပ်ကြီးရှိပါသေးတယ်။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမှာဆိုတဲ့ အတွေးအခေါ်အမှားတွေဝင်လာအောင် နိုင်ငံရေးသင်းသပ်ခဲ့ကြတာပါ။

ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်မှာလည်း နိုင်ငံရေးသမားကောင်းတွေရှိသလို အခွင့်အရေးခြောင်းနေတဲ့ စားဖားနိုင်ငံရေးသမားတွေအများကြီးရှိခဲ့ဘူးပါတယ်။

ဒါကြောင့်လည်း ဗိုလ်ချုပ်က သူ့မိန့်ခွန်းထဲမှာ စားဖားနိုင်ငံရေးသမားတွေ ညီညွတ်တာ မလိုချင်ဘူးလို့ ဗြောင်ထုတ်ပြောခဲ့ရတာမဟုတ်လား။ နောက်ပြီး နိုင်ငံရေးဆိုတာ “ မိမိကိုယ်ကိုနံမည်ကြီးအောင်၊ ကြွယ်ဝအောင်လုပ်တတ်တာဟာ နိုင်ငံရေးမဟုတ်ဘူး။ တိုင်းပြည်ကောင်းအောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်တယ်။ ”

“ နိုင်ငံရေးဆိုတာဟာ … ကျွန်ုပ်တို့ နေ့ စဉ်နှင့်အမျှ လူ့ လောကတွင်တွေ့ ကြုံနေကြရသော ကိစ္စပင်ဖြစ်လေသည်။ တနည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ ကိစ္စဟုဆိုရပေမည်။ ကျွန်ုပ်တို့ စားမှု့၊ သောက်မှု့၊ နေမှု့၊ ထိုင်မှု့၊ သွားမှု့၊ လာမှု့ အစုစုသည် နိုင်ငံရေးပင်ဖြစ်၏။ ကျွန်ုပ်တို့ သည် နိုင်ငံရေးကို မဆင်ခြင်၊ မတွေးတောမိသေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့ နှင့်အမြဲတစေဆက်သွယ်နေ၏။” လို့  ဗိုလ်ချုပ်ကဆိုခဲ့တာပါ။

အင်္ဂလိပ်လို Politics လို့ ခေါ်တဲ့ နိုင်ငံရေးဆိုတဲ့စကားရပ်ဟာ Politikos ဆိုတဲ့ ဂရိဘာသာစကားက ဆင်းသက်လာတာဖြစ်ပါတယ်။ ပိုလစ် (Polis) ဆိုတဲ့ ဂရိစကားဟာ အင်္ဂလိပ်ဘာသာစကား(City -State) မြို့ပြ နိုင်ငံကိုဆိုလိုပါတယ်။ မြို့ပြနိုင်ငံသားဖြစ်မှု့ (Citizenship) လို့ လည်းအဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ မြို ပြနိုင်ငံနဲ့ အဲ့ဒီမြို့ပြနိုင်ငံသားတွေရဲ့ အရေးအရာကိစ္စရပ်များကို စီမံဆောင်ရွက်ခြင်းသဘော၊ အဲ့ဒီလိုဆောင်ရွက်ခွင့် လုပ်ပိုင်ခွင့်အာဏာဆိုင်ရာ၊ အကြောင်းအရာအတတ်ပညာနယ်ပယ်ကို ဂရိဘာသာစကားနဲ့ Politikos လို့ ခေါ်ဆိုခဲ့ကြပါတယ်။

ဒါကြောင့်လည်း ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသက နိုင်ငံရေးရဲ့ အဓိပ္ပါယ်ကို အောက်ပါအတိုင်းမိန့် ကြားခဲ့ပါတယ်။

“ နိုင်ငံရေးဆိုတာ အခုခေတ်မှာ နားလည်နေကြတာ လက်ရှိအုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို ဆန့် ကျင်ပြောတာကို နိုင်ငံရေးလို့ ထင်နေကြတယ်။ ဒါ နိုင်ငံရေး မဟုတ်ဘူးနော်။ နိုင်ငံရေးဆိုတာ ကိုယ့်လူမျိုး ကိုယ်တိုင်းပြည်ကောင်းစားရေး ကြီးပွားတိုးတက်ရေး ဘယ်လိုလုပ်ရင်ကြီးပွားတိုးတက်နိုင်မလဲ ဆိုတဲ့ အရေးပဲ။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ပြည်သူတွေ နိုင်ငံရေးရဲ့အနှစ်သာရနဲ့ အဓိပ္ပါယ်ကို ပိုမိုနားလည်ရှင်းလင်းအောင် အခုလို ပြောကြားခဲ့ပါတယ်။

" တစ်ချို့က နိုင်ငံရေးဆိုတာ နိုင်ငံရေးပါတီတွေ လုပ်တဲ့အလုပ်လို့ထင်ကြတယ် .. မဟုတ်ပါဘူး.. တခါတုန်းက ဖေဖေ ပြောပါတယ်.. နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်ဘူးထင်ပေမယ့် နိုင်ငံရေးဟာ ကိုယ့်ဆီရောက်လာလိမ့်မယ်..ဒါကို ရှောင်လို့မရဘူး..ဒါဘာဖြစ်လို့လဲ ဆိုတော့ ဒီနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ ကိစ္စမှန်သမျှဟာ နိုင်ငံရေးပဲ..ရှောင်လို့မရဘူးနော်..စီးပွားရေးဆိုတာလည်း နိုင်ငံရေးပဲ., လူမှုရေး ဆိုတာလည်း နိုင်ငံရေးပဲ..ဘာမဆို နိုင်ငံရေးပဲ...ဒါကြောင့်မိုလို့ ပြည်သူလူထု နိုင်ငံရေးကျွမ်းကျင်မှ နိုင်ငံတိုးတက်မှာပါ "

လွတ်လပ်ရေးမရခင်ကထဲက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနီးလာပြီဆိုရင် အာဏာရရေးသာအဓိကထားတဲ့နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးစားဖားတွေက မဲရအောင် မမှန်မကန်တဲ့နည်းလမ်းတွေသုံးတတ်ကြတယ်။ လူမျိုးရေးနဲ့ ဘာသာရေးကို အာဏာနိုင်ငံရေးမှာ ခုတုံးပြု အသုံးချလာခဲ့ကြတယ်။

ဒါကို ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးသတ္တိရှိရှိနဲ့  အောက်ပါအတိုင်း ပြောဆိုသတိပေးခဲ့တယ်။
“ ယခုဗမာပြည် ရွေးကောက်ပွဲနီးကပ်လာတာနဲ့ နိုင်ငံရေးသမားတွေက ဘုန်းတော်ကြီးများရဲ့အနားကိုကပ်ချင်ကြတယ်။ နိုင်ငံရေးသမားတွေလည်း ရွေးကောက်ပွဲနီးလာတဲ့အတွက် ဘုန်းတော်ကြီးများကို သတိရလာတယ်။ တပည့်တော်ကတော့ မကပ်ဘူး … ရှင်းရှင်းပဲ။ ”

အဲ့ဒါအပြင် … ဗိုလ်ချုပ်အောင်ဆန်းက ခေါင်းဆောင်မဲ့သူတွေမှာရှိရမဲ့စိတ်ဓါတ်နဲ့ သတ္တိအကြောင်းကို
“ ခေါင်းဆောင်လုပ်တဲ့လူတွေဟာ ကိုယ်ယုံကြည်တဲ့ကိစ္စကို … တိုင်းသူပြည်သားတွေကိုပြောရဲရမယ်။ ရှင်းပြနိုင်ရမယ်။ အသက်စွန့် သင့်တဲ့နေရာမယ် စွန့် ရဲရမယ်။ ပရိယာယ်သုံးသင့်တဲ့နေရာမယ် … သုံးရမယ်။ အချိန်အခါလိုက်ပြီး လုပ်ရမယ်။ အများယောင်လို့ ယောင်ရတယ်၊ အမောင်တောင်မှန်းမြောက်မှန်းမသိဆိုရင် ခေါင်းဆောင်မဟုတ်ဘူး။” လို့ ဘွင်းဘွင်းကြီးပြောသွားပါသေးတယ်။

ဒီဆောင်းပါးကိုနိဂုံးသပ်ရရင် စနစ်ဟောင်းကိုဖက်တွယ်ပြီး အပြောင်းအလဲကိုမလိုက်ပါလိုတဲ့ စားဖားနိုင်ငံရေးသမားတွေ မှိုလိုထနေတဲ့ မြန်မာ့ဒီမိုကရေစီ ခရီးကြမ်းမှာ တိုင်းပြည်အကျိုးနဲ့ ပြည်သူလူထုရဲ့ ရေရှည်အကျိုးစီးပွားကို ဖေါ်ဆောင်လိုတဲ့ နိုင်ငံရေးသမားကောင်းတွေ၊ ခေါင်းဆောင်ကောင်းတွေဆိုတာ နိုင်ငံရေးသတ္တိ၊ ဗျတ္တိနဲ့ ပြည့်စုံနေဖို့ လိုတယ်။

တိုင်းပြည်ရဲ့ပြဿနာ သောင်းခြောက်ထောင်နဲ့  ရှုပ်နေတာတွေရှင်းဖို့ က ... ရှုပ်နေတာကို ရှုပ်နေတယ်လို မှန်မှန်ကန်ကန်မြင်ရဲဘို့လိုသလို အဲ့ဒီအရှုပ်တွေကိုရှင်းလင်းပစ်ရဲတဲ့ နိုင်ရေးသတ္တိရှိမှာ့သာ လောကတ္ထစရိယဆောင်ရွက်တဲ့နိုင်ငံရေးသမားလို့ခေါ်နိုင်ပါလိမ့်မယ်။

မြန်မာနိုင်ငံပြောင်းလဲဖို့အတွက် လူပြိန်းကြိုက်နိုင်ငံရေးတွေနဲ့  နိုင်ငံရေးလုပ်စားမဲ့ စားဖားနိုင်ငံရေးသမား၊ အာဏာမင်၊ မဲလိုချင်တဲ့နိုင်ငံရေးသမားတွေလျှော့နည်းသွားပြီး နိုင်ငံရေးသတ္တိ ကြီးကြီးရှိတဲ့ နိုင်ငံရေးသမားတွေများများပေါ်ထွန်းလာမှသာ မြန်မာနိုင်ငံဟာ မြန်မြန်ဆန်ဆန်တိုးတက်ပြောင်းလဲလါလိမ့်မယ်ယုံကြည်နေမိပါတော့တယ်။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
ဇန္န၀ါရီလ (၉) ရက်နေ့ ၂၀၁၇ ခုနှစ်

COMMENTS

Name

art,1,article,1304,cartoon variety,22,crime,66,culture,1,documentary,7,Entertainment,8,health,32,history,2,international,7366,interview,220,knowledge,8,Live,8,LocalNews,15736,news,2842,opinion,765,photos,203,poem,116,satires,39,song,12,speech,12,sports,141,statement,59,technic,56,translate,34,video,1068,voice,76,
ltr
item
dawnmanhon: “ နိုင်ငံရေးသတ္တိ ”
“ နိုင်ငံရေးသတ္တိ ”
https://4.bp.blogspot.com/-Tch57JUX2cI/WHNNYxAXABI/AAAAAAAAas8/Q2o3o2xccTs3o133Y6lQX0iYpX0MDWDagCLcB/s400/q1.jpg
https://4.bp.blogspot.com/-Tch57JUX2cI/WHNNYxAXABI/AAAAAAAAas8/Q2o3o2xccTs3o133Y6lQX0iYpX0MDWDagCLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/01/blog-post_278.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/01/blog-post_278.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy