နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်လူငယ်များစကားဝိုင်း (ငြိမ်းချမ်းရေးစကားဝိုင်း)

နေပြည်တော် ဇန်န၀ါရီ ၁ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်လူငယ်များစကားဝိုင်း (ငြိမ်းချမ်းရေးစကားဝိုင်း) ကို ယနေ့မွန်းလွဲ ၂ နာရီတ...




နေပြည်တော် ဇန်န၀ါရီ ၁

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်လူငယ်များစကားဝိုင်း (ငြိမ်းချမ်းရေးစကားဝိုင်း) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူး အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံကို မှီတင်းနေထိုင် သူများ အားလုံးနှင့် ကမ္ဘာသူ၊ကမ္ဘာသားများ အားလုံး ယခု ၂၀၁၇ ခုနှစ်တွင် နှလုံး စိတ်ဝမ်း အေးချမ်းကြစေ၊ ကောင်းကျိုးလိုရာဆန္ဒအ၀၀နှင့် ပြည့်စုံကြပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ပါကြောင်း။

ကျွန်မတို့ရဲ့ သန်း ၅၀ ကျော် နိုင်ငံသူ၊ နိုင်ငံသားများကြားထဲမှာဆိုလို့ရှိရင် မြောက်များစွာသော ဆန္ဒများရှိမှာဖြစ်ပါတယ်။ ဒီဆန္ဒတွေထဲက ဘယ်ဆန္ဒတွေဟာ အဓိကအကျဆုံးလဲ၊ ဘယ်ဟာတွေကို ဦးစားပေးပြီးတော့ အကောင်အထည်ဖော်ရမလဲ ဆိုတာဟာ ပြည်သူလုထုကနေပြီးတော့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတစ်ခု အတွက် အကြီးဆုံးတာဝန် တစ်ခုလည်းဖြစ်ပါတယ်။
စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။

ဘယ်ဆန္ဒတွေကို ဦးစားပေးရမလဲဆိုတာ ရွေးချယ်ဖို့ကလည်းအရေးကြီးတယ်။ ဒီဆန္ဒတွေကို ဘယ်လိုပုံစံနဲ့ ဖြည့်ဆည်းပေးရမလဲဆိုတာကို ဆုံးဖြတ်ဖို့ကလည်း အင်မတန်မှ အရေးကြီးပါတယ်။ တစ်ချို့က နည်းလမ်းက အရေးမကြီးဘူး၊ ကိုယ်လိုတာ ရလို့ရှိရင်ပြီးရောလို့ ထင်ကြပါတယ်။ ကိုယ်လိုရာ ပန်းတိုင်ရောက်လို့ရှိရင်ပြီးရော ဘယ်လို လမ်းကသွားရ သွားရဆိုပြီးတော့ ယူဆတဲ့သူများလည်း ရှိပါတယ်။ ကျွန်မတို့ အမြင်မှာတော့ လမ်းကမှားလို့ရှိရင် ပန်းတိုင်ရောက်တဲ့အခါမှာ ကိုယ်ထင်သလို မဟုတ်တာ ဖြစ်တတ်ပါတယ်။ လမ်းမှန်ကသွားမှသာလျှင် ကျွန်မတို့ လိုချင်တဲ့ပန်းတိုင်ကို တည့်တည့်မတ်မတ် မဟုတ်ရင်တောင်မှ မှန်မှန်ကန်ကန်နဲ့ရောက်မှာဖြစ်ပါတယ်။

ဒီတော့ ကျွန်မတို့ အခု ၂၀၁၇ခုနှစ်ကနေ စတင်စဉ်းစားရမှာက ကျွန်မတို့နိုင်ငံ အတွက် ဘာတွေပထမဦးဆုံး ဦးစားပေးပြီးတော့လုပ်ရမလဲဆိုတဲ့ ကိစ္စပါပဲ။ အရင်နှစ် တုန်းက ပြည်သူလူထုအများစုရဲ့ ရွေးချယ်တင်မြှောက်မှုနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ စထူထောင်ကတည်းက ကျွန်မတို့အနေနဲ့ တင်ပြထားတဲ့ကိစ္စတွေရှိပါ တယ်။ ဘာတွေကို ကျွန်မတို့ ဦးစားပေးပြီးဆောင်ရွက်မလဲဆိုတာကို ကျွန်မတို့တင်ပြ ထားပါတယ်။ အဲဒီထဲမှာ အရေးကြီးဆုံးတစ်ခုကတော့ ပြည်တွင်းငြိမ်းချမ်းရေးပါပဲ။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်သူလူထုတွေရဲ့ ဘ၀တိုးတက်ရေးဟာ ကျွန်မတို့ ဦးစားပေးထားတဲ့ ကိစ္စနှစ်ခုဖြစ်ပါတယ်။ ဒီနှစ်ခုကလည်း ဆက်နွယ်မှုရှိပါတယ်။ကျွန်မတို့ ရဲ့နိုင်ငံအေးချမ်းမှ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဘ၀တွေဟာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဘ၀တွေတိုးတက်မှလည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်မှာဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ ဒီနှစ်ခုကို အရေးကြီးဆုံး ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေ အနေနဲ့ သတ်မှတ်ထားတာဖြစ်ပါတယ်။

အခုဆိုလို့ရှိရင် ပထမနှစ်ဦးပိုင်းကနေစပြီးတော့ ကျွန်မတို့အစိုးရအဖွဲ့ တစ်နှစ် ပြည့်မယ့်အချိန်ထိ ဒီကြားထဲမှာ ၀န်ကြီးဌာန၊ အစိုးရဌာနအသီးသီးကနေပြီးတော့ တစ်နှစ်အတွင်း ဆောင်ရွက်ချက်တွေ၊ တစ်နှစ်အတွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုနည်းနဲ့ ကျော်လွှားမလဲဆိုတဲ့ ကျွန်မတို့ရဲ့ ခန့်မှန်းထားတဲ့ အစီအစဉ်တွေကို နိုင်ငံကို တင်ပြသွားမှာဖြစ်ပါတယ်။ ဒီလို ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေထဲမှာ ဦးစားပေး ပြီးတော့ ကျွန်မအနေနဲ့ ကိုယ်တိုင်တာဝန်ယူထားတဲ့ ကိစ္စတစ်ခုကတော့ ပြည်တွင်း ငြိမ်းချမ်းရေးပါပဲ။ ကျွန်မတို့အစိုးရအဖွဲ့ ဖွဲ့ပြီးတော့ များမကြာမီ မေလမှာ စပြီးတော့ ဒုတိယ ပင်လုံညီလာခံ ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပရေးအတွက် စပြီးတော့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒီလို ဒုတိယပင်လုံ ညီလာခံကြီးကျင်းပဖို့အတွက်ဆိုတာဟာ ခြေလှမ်းတွေ အများကြီး လှမ်းဖို့လိုပါတယ်။ ခြေလှမ်းအများကြီးလှမ်းဖို့ လိုတဲ့အထဲမှာတော့ တစ်နိုင်ငံ လုံး အပစ်ခတ်ရပ်စဲရေးကိစ္စပါပဲ။ အပစ်အခတ်ရပ်စဲပြီးမှ တကယ့်ငြိမ်းချမ်းရေးကို ကျွန်မတို့ရနိုင်မှာပါ။ ပစ်ရင်းခတ်ရင်းနဲ့ ငြိမ်းချမ်းရေးရတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ တကယ့် ငြိမ်းချမ်းရေးဆိုတာဟာ ဆွေးနွေးခြင်းစကားဝိုင်းမှာထိုင်ပြီးတော့ စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ ဆွေးနွေးခြင်းနဲ့သာ ကျွန်မတို့ရနိုင်မှာဖြစ်ပါတယ်။ ဘယ်ကမ္ဘာ့သမိုင်းရဲ့ ဘယ်အဖွဲ့ကိုပဲကြည့်ကြည့် နောက်ဆုံးကျတော့ ဘယ်လောက်ပဲစစ်ပွဲတွေ တိုက်ခိုက် တိုက်ခိုက် နိဂုံးချုပ်အဖြေကတော့ စကားပြောပြီးတော့ ရှာယူရတဲ့ကိစ္စပါပဲ။ စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ ညှိနှိုင်းဆွေးနွေးပြီးတော့ အဖြေယူရတဲ့ကိစ္စပဲဖြစ်ပါတယ်။

အဲ့တော့ ကျွန်မကနေပြီးတော့ ၂၀၁၇ခုနှစ်ရဲ့ အစပိုင်းဖြစ်တဲ့ ဒီနေ့မှာဆိုလို့ရှိရင် ကျွန်မတို့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ စကားတွေကို စချင်တယ်လို့ ကျမက ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စကားတွေဆိုတာဟာ အခုငြိမ်းချမ်းရေး အတွက် လုပ်ကိုင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ကျွန်မတို့ အစိုးရဖက် က အဖွဲ့များ ဆွေးနွေးတာတင် မဟုတ်ပါဘူး။

ကျွန်မတို့ ပြည်သူပြည်သားတွေနဲ့ ဆွေးနွေးခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေ အားလုံး ပါလာအောင်လို့ နောက်ပြီးတော့ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားတွေဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လိုအမြင်တွေရှိလဲ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေကို ဘယ်လိုကိုင်တွယ်ဖို့များ ရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာ ကျွန်မတို့ သိဖို့ လိုပါတယ်။ အားလုံးလက်တွဲပြီးမှ လုပ်လို့ရှိရင် အောင်မြင်မယ့် ကိစ္စတစ်ခု ဖြစ်ပါ တယ်။

ကျွန်မတို့ ဒါကို ဆွေးနွေးဖို့အတွက်ကျတော့ ဘယ်သူတွေနဲ့ စတင်ပြီးဆွေးနွေး မလဲဆိုတာကိုစဉ်းစားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံသူ/နိုင်ငံသားတွေ ဟာ အများကြီးလည်းဖြစ်တယ်။ အလွှာမျိုးုစုံလည်းဖြစ်တယ်။ တိုင်းရင်းသားလူမျိုး အမျိုး စုံလည်းဖြစ်တယ်။ အမြင်မျိုးစုံလည်းဖြစ်တယ်။ ဒီတော့ ဘယ်သူတွေအတွက် ငြိမ်းချမ်း ရေးက အရေးကြီးဆုံးလိုသလဲဆိုတော့ လူငယ်တွေအတွက် အရေးကြီးပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီလူငယ်တွေက အကြာကြီး ဒီနိုင်ငံရဲ့ တာဝန်တွေကို ဆက်ပြီးတော့ ထိန်းသိမ်းထားရမယ့် အချိန်တွေကို ရှေးရှုသွားရမှာပါ။

လူကြီးတွေဆိုတာကတော့ အနိစ္စသဘောတရားအရ သိပ်မကြာခင်ကာလမှာတော့ တာဝန်တွေကို ချရတော့မှာ ဖြစ်ပါတယ်။ ဆက်ပြီးတော့တာဝန်တွေ ထမ်းဆောင်ရမည့် လူငယ်တွေရဲ့အမြင် ဘယ်လိုရှိသလဲဆိုတာဟာ ကျွန်မတို့အတွက် အလွန်အင်မတန် အရေးကြီးပါတယ်။ အမှန်ပြောရရင်တော့ ကျွန်မက ဒါထက်ငယ်တဲ့ ကလေးတွေနဲ့ ကျွန်မက ဆွေးနွေးချင် တာပါ။ ဒါတော့ ပထမဦးဆုံး ကလေးတွေနဲ့ဆိုတော့ သိပ်အဆင်မပြေဘူး ထင်တယ် ဆိုပြီးတော့ လူငယ်တွေနဲ့စပြီးတော့(လုပ်တာဖြစ်ပြီး) နောင်တစ်ချိန် တစ်ခါမှာတော့ ကျွန်မကတော့ သတ်မှတ်ထားတဲ့အရွယ်အောက် ကလေးတွေနဲ့ပဲ ဆွေးနွေးတာမျိုးပဲ လုပ်ချင်ပါတယ်။ နောက်ပြီးတော့ စီးပွားရေးသမားတွေနဲ့ချည်းပဲ သပ်သပ် ဆွေးနွေး တာမျိုးပဲ လုပ်ချင်ပါတယ်။ ဒါမှ စီးပွားရေးသမားတွေရဲ့ နိုင်ငံရေး ငြိမ်းချမ်းရေးအပေါ်မှာ အမြင်ကိုလည်း ကျွန်မတို့သိနိုင်မယ်။

ဘယ်လို စီးပွားရေးသမားများဟာ ၀ိုင်းဝန်းပြီးတော့ ငြိမ်းချမ်းရေးအတွက် ကူညီမစ နိုင်မလဲဆိုတာလည်း ကျွန်မတို့ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ ဒီ့အပြင်လည်း ဥပမာဆိုရင် လူမှုအဖွဲ့အစည်းအသီးသီးတစ်ချို့၊ လူမှုအဖွဲ့အစည်းတွေနဲ့ အမျိုးသမီးကိစ္စတွေပဲ လုပ်နေတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ဆိုရင် အမျိုးသမီးတွေရဲ့ကဏ္ဍသက်သက်၊ နောက်ပြီး တော့ ကျွန်မတို့ပညာရေးကို အထူးအလေးထားတဲ့ အဖွဲ့အစည်းတွေနဲ့ဆိုလို့ရှိရင် ပညာရေးဘက်က ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဘယ်လိုထောက်ပံ့နိုင်မလဲစသဖြင့် အဲဒီလို ဆွေးနွေးပွဲတွေလုပ်ဖို့ အစီအစဉ်တွေရှိပါတယ်။ ဒီလိုဆွေးနွေးပွဲတွေ လုပ်ခြင်းအားဖြင့် လည်း ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားအားလုံးဟာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို သူတို့လည်း ပိုင်တယ်ဆိုတဲ့ စိတ်ရှိလာအောင်လို့ပါ။ ပိုင်ဆိုင်မှုပေါ့။

အခုခေတ်မှာဆိုလို့ရှိရင် နိုင်ငံရေးအရ အင်မတန်မှ အရေးကြီးတဲ့ စကားလုံးတစ်ခု၊ အသုံးအနှုန်းတစ်ခုက ownership ပိုင်ဆိုင်မှုပါ။ အဲ့တော့ ကျွန်မတို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုတာဟာ တစ်နိုင်ငံလုံးရဲ့ ပိုင်ဆိုင်မှု national ownership ဖြစ်ရမှာပါ။ ကျွန်မတို့ အားလုံးပိုင်ဆိုင်ဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ပိုင်ဆိုင်တယ်ဆိုတာ ကိုယ်လုပ်ချင် တိုင်း လုပ်လို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ ပိုင်ဆိုင်လို့ တာဝန်ယူရမယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ အကျိုးကိုလည်း ခံစားရမယ်၊ အကျိုးခံစားဖို့ အတွက်လည်း ကျွန်မတို့မှာ ကြိုးစားဖို့တာဝန်ရှိတယ်ဆိုတဲ့ သဘောပါပဲ။
အဲ့တော့ အခုလို နှစ်တစ်နှစ် စပြီးတော့ ဖွင့်ပြီဆိုလို့ရှိရင် ကျွန်မတို့အားလုံးဟာ အားတက်သရောလုပ်ဖို့ ကျွန်မတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အားပေးကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဆုမွန်ကောင်းတွေ တောင်းပေးကြပါတယ်။ ဒါပေမယ့် ဆုတောင်းရတာ လွယ်တယ်။ ဆုတောင်းတွေ ပြည့်အောင်လုပ်ဖို့ ဆိုတာကတော့ မလွယ်ပါဘူး။ ဆုတောင်းရင် တကယ်ပဲပြည့်ဖို့ ဆိုတာထက် ကိုယ်တောင်းတဲ့ဆုရဲ့ အကျိုးတွေဟာ ကောင်းရမယ်ဆိုတာ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မအနေနဲ့ ကောင်းကျိုးလိုရာ ဆန္ဒအ၀၀နဲ့ ပြည့်စုံပါစေလို့ ဆုပေးတာဖြစ်ပါတယ်။

တစ်ခါတစ်လေ ကိုယ်တောင်းတဲ့ဆုတွေက တကယ်ပြည့်တဲ့အခါကျတော့ ကိုယ် ထင်သလို မဟုတ်ပါဘူး။ တချို့က လူတွေက ဆုတောင်းတယ်ဆိုတာ ကိုယ်လိုချင်တာ ရလို့ရှိရင် ကိုယ်စိတ်ချမ်းသာမှာပဲဆိုတဲ့အမြင်နဲ့ ဆုတောင်းကြပါတယ်။ တစ်ခါတစ်လေ ကျတော့ ဆုတောင်းလည်းပြည့်သွားရော ကိုယ်ထင်သလို မဟုတ်ဘဲနဲ့ ၀မ်းမသာရတဲ့ အပြင် ၀မ်းနည်းရတာတွေ သောကဖြစ်ရတာတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့ နိုင်ငံသူနိုင်ငံသားများဟာ သေသေချာချာ စဉ်းစားရမှာပါ။ ကျွန်မတို့နိုင်ငံအတွက် ကျွန်မတို့ ဘာလိုချင်လဲ၊ ဘာလိုအပ်သလဲ၊ ကျွန်မတို့ ဘယ်လိုနိုင်ငံကြီးမှာ နေချင်သလဲ။ ကျွန်မတို့ရဲ့ သားစဉ်မြေးဆက်ကို ဘယ်လိုနိုင်ငံမှာ နေစေချင်သလဲဆိုတာတွေကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အဲ့ဒီလို ရေရှည်အမြင်နဲ့လုပ်မှသာလျှင် ကျွန်မတို့နိုင်ငံဟာ အောင်မြင်နိုင်မှာပါ။ ရေတို ငါဒီနှစ်တော့ ငါဒါရမှဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်လို့ ကတော့ ကျွန်မတို့နိုင်ငံရဲ့ ရှေ့ရေးအတွက် အကျိုးပြုမှာမဟုတ်ပါဘူး။

ဒီနေ့ဆွေးနွေးပွဲဟာ လူငယ် ၁၈ ယောက်နဲ့ပဲဖြစ်ပါတယ်။ အွန်လိုင်းက မေးခွန်း အချို့ကိုလည်း လက်ခံမယ်လို့ စဉ်းစားထားပါတယ်။ အချိန်ရှိတာပေါ်မှာ မူတည်ပါတယ်။ ၁၈ ယောက်ဆိုတာကတော့ ကျွန်မတို့တစ်နိုင်ငံလုံးမပြောနဲ့ လူငယ်စုအားလုံး ကိုတောင် မှ ပြည့်ပြည့်၀၀ ကိုယ်စားပြုတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ဒါအ အစပေါ့။ ကျွန်မတို့ အထဲမှာလည်း တူညီတာတွေအများကြီးရှိပါတယ်။ ဒီလိုဆွေးနွေးပွဲတွေ လုပ်တယ်ဆိုတာ ကလည်း လုပ်ဖြစ်ရတဲ့ အကြောင်းအရင်းတစ်ခုက ကျွန်မတို့ထဲမှာ တူညီတဲ့ကိစ္စတွေ အများကြီးရှိတယ်ဆိုတာက ပေါ်လွင်စေချင်လို့ပါ။ ၁၈ ယောက်ပြောတဲ့ကိစ္စတွေဟာ ဒီလို လူငယ် ၁၈ ယောက်ရဲ့ အတွေးအခေါ်၊ စိုးရိမ်မှု၊ မျှော်လင့်မှု၊ ပူပန်မှု၊ ဒါတွေဟာ လူငယ် အများကြီးရဲ့ စိတ်ထဲမှာရှိတဲ့ စိုးရိမ်ပူပန်မှုတွေ၊ မျှော်လင့်ချက်တွေနဲ့ ထပ်တူထပ်မျှ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အဲ့တော့ အချင်းချင်းကြားမှာ ပိုပြီးတော့ သွေးစည်း ညီညွတ်တဲ့ အနေအထားကိုလည်း ဖြစ်သွားစေချင်ပါတယ်။
ဒီမနက်ဆိုလို့ရှိရင် ကျွန်မတို့အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်း ရေး ဗဟိုဌာနကို ဖွင့်ဖြစ်ပါတယ်။ အဲ့တော့ ဒီလိုဖွင့်လိုက်တဲ့အခါမှာ ကျွန်မကနေပြီးတော့ ကျွန်မတို့နိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ခွဲခြားလို့ မရဘူး ဆိုတာကိုလည်း ကျွန်မတို့ ပြည်သူပြည်သားတွေကို သတိပေးခြင်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဆိုတာဟာ အပစ်အခတ်ရပ်စဲရေးနဲ့လည်း မပြီးပါဘူး။ ရေရှည်ငြိမ်းချမ်းရေး ဆိုတာဟာ ကျွန်မတို့ အချင်းချင်းကြားမှာ သင့်မြတ်မှ ဖြစ်မှာဖြစ်ပါတယ်။ တချို့က ဆိုလို့ရှိရင် ရင်ကြားစေ့ရေးလို့ပြောတယ်၊ တချို့ကတော့ သင့်မြတ်ရေးလို့ပြောတယ်။ ဘယ်လိုပဲ ပြောပြော အဓိကက ဘာလဲဆိုတော့ ကျွန်မတို့ကြားထဲမှာ ပဋိပက္ခဖြစ်စေတဲ့ ကွဲပြားမှုတွေ၊ ကွာခြားမှုတွေကို စစ်ပေးဖို့ပါပဲ။ ဒီကွာခြားမှုတွေကို ပပျောက်သွားအောင် လုပ်ဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီအဖြေကို ရှာတဲ့အခါမှာ အားလုံးက ၀ိုင်းဝန်းပြီးတော့ ပါကြ မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်မတို့အစိုးရသစ်ဟာ ပြည်သူလူထုကို မတည်နိုင်တဲ့ကတိတွေ ဘယ်တုန်းကမှ လဲ မပေးခဲ့ပါဘူး။ ပေးခဲ့တဲ့ကတိတွေလေးတွေကလဲ ခပ်ရိုးရိုးသားသား ကတိလေးတွေ ပေးခဲ့ပါတယ်။ အဲ့ဒါလည်း ကျွန်မတို့တည်ခဲ့ပါတယ်။ ထပ်ပြီးတော့လည်း တည်အောင်လို့ လုပ်သွားမှာပါ။ အရေးကြီးတာက တစ်ယောက်နဲ့ တစ်ယောက်အပေါ်မှာ ယုံကြည်မှု ရှိဖို့ပဲ ဖြစ်ပါတယ်။ ယုံကြည်မှုမရှိဘဲနဲ့ တိုးတက်မှု မရှိနိုင်ပါဘူး။ ကတိတွေ ကြီးကြီးမားမား ကြီးပေးပြီးတော့ နောက်တစ်နေ့မှာ ဖျက်လိုက်လို့ရှိရင် ဘာမှအကျိုးကောင်း မဖြစ်နိုင် ပါဘူး။ ဒါကြောင့် ကျွန်မတို့ဟာ မဖြစ်နိုင်တဲ့ကိစ္စတွေကို ပြည်သူကိုလည်း ကျွန်မတို့ ကတိမပေးပါဘူး။ ပွင့်ပွင့်လင်းလင်း ဖြောင့်ဖြောင့်မတ်မတ်နဲ့ ဆက်ဆံပါမယ်ဆိုတာ ပြောပြီးတော့ ဒီအစိုးရတာဝန်ကို ယူခဲ့တာဖြစ်ပါတယ်။

အခုထိလည်း ကျွန်မတို့ရဲ့ အစိုးရတာဝန်ထမ်းဆောင်ခဲ့တဲ့ ၉ လ အတွင်းမှာ ပြည်သူကို ပျက်ပြားခဲ့တာ မရှိပါဘူး။ ပြည်သူကိုပေးခဲ့တဲ့ ကတိတွေ ကျွန်မတို့ပျက်ပြား ခဲ့တာ မရှိပါဘူး။ ကျွန်မတို့ ဖြစ်စေချင်သလောက် ၉ လ အတွင်းမှာ ဖြစ်ခဲ့သလား ဆိုတော့ တစ်ချို့ဟာတွေကတော့ မျှော်မှန်းသလောက်မဖြစ်ပေမယ့် တစ်ချို့ကိစ္စတွေ မှာတော့ မမျှော်မှန်းဘဲနဲ့လည်း တိုးတက်မှုတွေ ရှိခဲ့ပါတယ်။ ဒါကတော့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ တခြားနိုင်ငံက သံတမန်များ၊ တခြားဒီမိုကရေစီ အပြောင်းအလဲကို ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံက သံတမန်များနဲ့ ဆွေးနွေးတဲ့အခါကျတော့ သူတို့အနေနဲ့ကတော့ ကျွန်မတို့ရဲ့ တိုးတက်မှုတွေကို အားရတယ်လို့ ပြောပါတယ်။ သူတို့ရဲ့ အတွေ့အကြုံအရဆိုလို့ရှိရင် အပြောင်းအလဲတစ်ခုဟာ စပြီးတော့ တကယ်အရှိန်အဟုန်ရဖို့ဆိုတာ နှစ်နဲ့ ချီပြီးတော့ လုပ်ယူရပါတယ်။ ကျွန်မတို့ရဲ့ အခု ၉ လအတွင်း လုပ်ဆောင်ချက်တွေကို သူတို့ရဲ့ အမြင်မှာတော့ အားရတယ်လို့ ဆိုပါတယ်။ ဒီလိုပြောတော့လည်း ကျွန်မတို့ အတွက် လည်း အားတက်စရာပါပဲ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ့်တော့ ကျေနပ်နေလို့ မဖြစ်ဘူး။ အမြဲတမ်း ထပ်ပြီးတော့ သွားနေတယ်၊ ထပ်ပြီးတော့ လုပ်နိုင်တယ်၊ ထပ်ပြီးတော့ ကြိုးစားနိုင်တယ်ဆိုတဲ့စိတ်တွေ အပြည့်အ၀နဲ့ ဆက်ပြီးတော့ လုပ်သွားပါမယ်။ ကျွန်မတို့ ဘာပဲလုပ်လုပ် ကောင်းသောအစိုးရများရဲ့ အခြေခံဖြစ်တဲ့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ မှုဆိုတဲ့ မူနှစ်ခုကိုတော့ ဆက်လက်ပြီးတော့ ဆုပ်ကိုင်သွားပါမယ်လို့ ပြောရင်းနဲ့ နိဂုံးချုပ် ပါတယ်။
အားလုံး ၂၀၁၇ ခုနှစ်မှာ ကျန်းမာ ချမ်းသာကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်း ကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒအဝဝနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းလိုက်ရ ပါတယ်။

ထို့နောက် စကားဝိုင်းသို့ တက်ရောက်လာကြသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် လူငယ်များက ငြိမ်းချမ်းအရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ လုပ်ပိုင်ခွင့်ပိုမိုရရှိရေး၊ ပြည်ထောင်စုစိတ်ဓာတ်ထား ရှိရေး၊ မတူကွဲပြားမှုကနေ ညီညွတ်မှု တည်ဆောက်နိုင်ရေး၊ ပြည်တွင်းစစ်ကြောင့် ရရှိခဲ့ သည့် စိတ်ဒဏ်ရာများကုစားနိုင်ရေး၊ ပြည်သူလူထုကို ဗဟိုပြုသည့် တရားဥပဒေဖြင့် အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် လူငယ်များပါဝင်ရေး၊ စစ်ကြောင့် ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့ရသူများအား ကူညီစောင့်ရှောက်ရေးစသည့်ကိစ္စများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် လူငယ်များက ဂါရ၀ပြု ပေးအပ်သော အမှတ်တရပန်းစည်းလက်ဆောင်အား လက်ခံပြီး လူငယ်များနှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်သည်။
အဆိုပါ စကားဝိုင်းသို့ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်စားပြု လူငယ် ၁၆ ဦး၊ မသန်စွမ်းကိုယ်စားပြု လူငယ် ၁ ဦး၊ အမျိုးသမီးကိုယ်စားပြု လူငယ် ၁ ဦး တို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Myanmar State Counsellor Office

COMMENTS

Name

art,1,article,1278,cartoon variety,21,crime,50,culture,1,documentary,7,Entertainment,4,health,27,history,1,international,6395,interview,206,Live,8,LocalNews,14060,news,2842,opinion,749,photos,202,poem,114,satires,38,song,12,speech,11,sports,126,statement,58,technic,42,translate,32,video,1057,voice,74,
ltr
item
dawnmanhon: နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်လူငယ်များစကားဝိုင်း (ငြိမ်းချမ်းရေးစကားဝိုင်း)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်လူငယ်များစကားဝိုင်း (ငြိမ်းချမ်းရေးစကားဝိုင်း)
https://3.bp.blogspot.com/-Wa9-XuPGCHk/WGkevkUWnMI/AAAAAAAAaiI/JEmObE0H4A8qaXe2AfAQJcyOntvPAkhwACLcB/s640/q1.jpg
https://3.bp.blogspot.com/-Wa9-XuPGCHk/WGkevkUWnMI/AAAAAAAAaiI/JEmObE0H4A8qaXe2AfAQJcyOntvPAkhwACLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/01/blog-post_41.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/01/blog-post_41.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy