" နိုင်ငံတော်ရဲ့အကြီးဆုံးရတနာသိုက် "


တိုင်းပြည်တပြည်ရဲ့ တန်ဘိုးအကြီးမားဆုံးနဲ့ သုံးလို့မကုန်ခမ်းနိုင်တဲ့ အရင်းအမြစ်ဆိုတာ အဲ့ဒီတိုင်းပြည်ရဲ့ နိုင်ငံသူနိုင်ငံသားတွေပါဘဲ။ ဟုတ်ပါတယ် … မြေပေါ်မြေအောက် သဘာဝသယံဇာတတွေဆိုတာ ထုတ်ယူသုံးစွဲတာကြာလာရင် တနေ့တချိန်ချိန်မှာ ကုန်ခမ်းသွားမှာပါ။ ဒါပေမဲ့ တိုင်းပြည်ရဲ့ လူသားအရင်းအမြစ် မျိုးဆက်သစ်တွေ၊ နိုင်ငံသူနိုင်ငံသားတွေဆိုတာ ဘယ်တော့မှ မကုန်ခမ်းသွားနိုင်တဲ့ ရတနာသိုက်ကြီးနဲ့တူပါတယ်။

ဒါကြောင့်လည်း တိုင်းပြည်အပေါ်စေတနာရှိ၊ အမျှော်အမြင်ရှိတဲ့ခေါင်းဆောင်တွေဟာ သူ့တို့နိုင်ငံရဲ့ ပြည်သူပြည်သားတွေအပေါ်အလေးထား လေးစားတတ်ယုံမက တိုင်းပြည်ရဲ့ တန်ဘိုးအရှိဆုံး ပြည်သူ လူထုရဲ့အားကို ယုံကြည်ကိုးစားတတ်ကြတယ်။ ပြည်သူတွေရဲ့အင်အားတွေပိုမိုပြည့်ဝလာအောင် ပြုစု ပျိုးထောင်ပေးတတ်ကြတယ်။ နိုင်ငံသူနိုင်ငံသားတွေရဲ့အင်အားကို စုစည်းအသုံးချနိုင်ဖို့ စီမံအားထုတ်လေ့ ရှိကြပါတယ်။

ဒါပေမဲ့ ကျွန်တော်မြန်မာနိုင်ငံကတော့ ကံမကောင်းအကြောင်းမလှစွာနဲ့ ပြည်သူ့ အင်အားကို မကိုးစားမယုံကြည်ဘဲ လက်နက်နဲ့ အာဏာကိုသာ ကိုးစားအားထားတဲ့ စစ်အာဏာရှင်တွေရဲ့ သံခွာအောက်မှာ ကျရောက်ခဲ့ရတော့ နှစ်ပရိစ္ဆေဒကြာမြင့်စွာ ပြည်သူပြည်သားတွေ အင်အားချိနဲ့ ခဲ့ယုံမက ထိထိရောက်ရောက် အသုံးချခြင်းမခံခဲ့ရတာကြောင့် တိုင်းပြည်အတွက်ကြီးမားစွာဆုံးရှုံးခဲ့ရပါတယ်။ လူမှား၊ စနစ်မှားနဲ့ စီမံခန့် ခွဲမှု့အမှားတွေအောက်မှာ ပြည်သူလူထုအားတွေ အဟောသိကံဖြစ်ခဲ့တာရာစုနှစ်ဝက်ကျော်လာတော့ နောက်ဆုံးတိုင်းပြည်လည်း ဘုန်းဘုန်းလဲပြီး ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်လို့ အရာရာမှာ တခြားတိုင်းပြည်တွေနောက်မှာရောက်ခဲ့ရပြီး အဖက်ဖက်က ချွတ်ခြုံကျခဲ့ရတာမဟုတ်လား။

ဒီတော့ စစ်အာဏာရှင်အဆက်ဆက် ခေတ်ဆိုးခေတ်ပျက်တွေအောက်မှာ နိုင်ငံသူနိုင်ငံသားတွေရဲ့ အင်အားနဲ့ အရည်အသွေးတွေဆိုတာဟာ ထုတ်ဖေါ်အသုံးချခြင်းမခံရတဲ့ ရွှံ့ အလူလူးနဲ့ မြေအောက်က န၀ရတ်ကျောက်မြက်ရတနာလို အရောင်မှိန်ပြီး တန်ဘိုးမပေါ်လွင်ခဲ့ရသလို တိုင်းပြည်အတွက်လည်း ကြီးစွာဆုံးရှုံးခဲ့ရပါတယ်။

ကမ္ဘာ့ မြေပုံမှာ အစက်အပြောက်အရွယ်သာရှိပြီး သဘာဝသယံဇာတဆိုတာ မူးလို့ ရှူစရာတောင်မရှိတဲ့သူ့ နိုင်ငံကို အရှေ့တောင်အာရှရဲ့ကျားတကောင်ဖြစ်စေခဲ့တဲ့ စင်္ကာပူနိုင်ငံရဲ့ခေါင်းဆောင် လီကွမ်ယုဟာ အဲ့ဒီအချက်ကို ကောင်းကောင်းသဘောပေါက်ခဲံတာမို့ သူ့ နိုင်ငံရဲ့ အကြီးဆုံးရတနာသိုက်ကြီးကိုတူးဖေါ်အရောင်တင်ပြီး အပြည့်အ၀ အသုံးချခဲ့တာဖြစ်တယ်။

စင်ကာပူနိုင်ငံဟာ မလွှဲမရှောင်သာတဲ့အခြေအနေတရပ်ကြောင့် မလေးရှားနိုင်ငံကနေ ၁၉၆၅ ခုနှစ်မှာ ဆန္ဒမပါဘဲ ခွဲထွက်ခဲ့ရပြီး လွတ်လပ်တဲ့နိုင်ငံအဖြစ်ကို ရယူခဲ့တဲ့အခါတုံးက သဘာဝသယံဇာတဆိုတာ ဗလာနတ္တိနဲ့  အားကိုးစရာဆိုလို့ ပညာမတတ်သူလူဦးရေများတဲ့ ၁.၈၇ သန်းသာသာရှိတဲ့ လူသားအရင်းအမြစ်သာပိုင်ဆိုင်ခဲ့ရတာပါ။

င်္ခြသေ့တပိုင်း ငါးတပိုင်း သတ္တဝါဆန်းရှိတဲ့ ကျွန်းပေါက်စနိုင်ငံလေးရဲ့ဖခင် လီကွမ်ယူးဟာ သူု့ နိုင်ငံရဲ့မရှိမဲ့ရှိမဲ့ လူသားအရင်းအမြစ်ကို ဘယ်လို တယုတယတန်ဘိုးထားပြီး မြှင့်တင် အသုံးချခဲ့တယ်ဆိုတာကို လေ့လာကြည့်ရအောင်။

မလေးရှားပါလီမန်ကနေ အထုတ်ပယ်ခံရပြီးတဲ့နောက် အားကိုးအားထားစရာဆိုလို့  အများစုက အလုပ်လက်မဲ့ဖြစ်နေပြီး လူဦးရေအားဖြင့် ၂ သန်းတောင်မပြည့်တတ်တဲ့ သူ့ နိုင်ငံသားတွေကို ထမင်းအိုးတည်ပေးနိုင်ဖို့ တခုတည်းသောနည်းလမ်းက တိုင်းပြည်ကို လူ့ လုပ်အားပေါ်အခြေခံတဲ့ စက်မှု့နိုင်ငံအဖြစ်ကိုပြောင်းလဲပစ်ရမယ်ဆိုတာ လီကွမ်ယူးက ကောင်းကောင်းကြီးသဘောပေါက်ခဲ့ပါတယ်။

အိမ်နီးချင်း အာရပ်နိုင်ငံတွေရဲ့ ၀ိုင်းဝန်းသပိတ်မှောက်ဆန့် ကျင်မှု့ခံခဲ့ရတော့ အနောက်ကမ္ဘာနဲ့ အမေရိကန်နိုင်ငံတွေနဲ့ ချိတ်ဆက်ပြီးကုန်သွယ်မှု့တွေလုပ်ပြီး ထွက်ပေါက်ရခဲ့တဲ့ အစ္စရေးလ်နိုင်ငံရဲ့ နမူနာပုံစံကိုအတုယူခဲ့တယ်။ စင်္ကာပူဟာ သူ့ ရဲ့အင်အားကြီင်္း အိမ်နီးချင်း ၂ နိုင်ငံ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ ရဲ့မိတ်ဖက်သဘောမဆောင်တဲ့ဆက်ဆံမှု့တွေကို ကျော်လွှားပြီး နိုင်ငံတကာရဲ့ရင်းနှီးမြုပ်နှံမှု့တွေရအောင်ဆွဲဆောင်ဖို့ ကျိုးစားခဲ့တယ်။

အဲ့ဒီလို နိုင်ငံခြားရင်းနှီးမြုပ်နှံမှု့တွေဝင်ရောက်လာဖို့ အတွက် လူတိုင်းဘ၀ အေးချမ်းလုံခြုံမှု့ရှိဖို့ ၊ တရားဥပဒေစိုးမိုးဖို့ နိုင်ငံရေးတည်ငြိမ်ဖို့ ၊ အကျင့်ပျက်ခြစားမှု့ကင်းရှင်းဖို့ ၊ အလုပ်သမားသမဂ္ဂတွေ၊ ယူနီယံတွေရဲ့ အချိန်မတန်ခင် စွက်ဖက်မှု့တွေကန့် သတ်ခဲ့သလို၊ အခွန်ကောက်ခံမှု့ မကြီးလေးစေအောင် အထူးဂရုပြုဆောင်ရွက်ခဲ့တယ်။ လူအများစု အမြန်ဆုံးအလုပ်အကိုင်တွေရပြီး ထမင်းအိုးတွေတည်နိုင်ဖို့ အတွက် တဖက်မှာတော့ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့် အတော်များများကတော့ ဆုံးရှုံးခဲ့ရတယ်။

လီကွမ်ယူးရဲ့ ပီအေပီပါတီဟာ လွတ်လပ်တဲ့အလုပ်သမားသမဂ္ဂတွေကို ဖိအားပေးချုပ်ချယ်ခဲ့ပြီး တဖြေးဖြေးနဲ့ အစိုးရအစီအစဉ်နဲ့ ဖွဲ့ စည်းထားတဲ့ National Trade Union Congress (NTUC) ရဲ့အောက်ကို ၀င်ရောက်စေခဲ့တယ်။ တဦးချင်းဖြစ်ဖြစ်၊ အတိုက်အခံပါတီဖြစ်ပါစေ နိုင်ငံရေး၊ အုပ်ချုပ်ရေး အမျိုးသားရေး၊ ကော်ပိုရေးရှင်း ညီညွတ်မှု့ထိခိုက်နိုင်တယ်၊ ခြိမ်းခြောက်လာတယ်လို့ ယူဆခဲ့ရင် အကျဉ်းချုံးပြီးအပြစ်ဒါဏ်စီရင် ထောင်ချခဲ့တယ်။

အိန္ဒိယသမုဒ္ဒရာနဲ့ တောင်တရုပ်ပင်လယ်ကို ဆက်စပ်ပေးနေတဲ့ မလ္လကာရေလက်ကြားရဲ့ ပင်လယ်ဝမှာတည်ရှိနေတဲ့ စင်္ကာပူရဲ့ ပထဝီဝင်တည်နေရာ မဟာဗျုဟာကျနေတာကို အသုံးချပြီး ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းနဲ့ ကုန်သေတ္တာစခန်းတွေကို အကျအနတည်ဆောက်ခဲ့တယ်။ ဒါ့အပြင် ကမ္ဘာ့ အဆင့်မှီလေဆိပ်၊စက်မှု့ဇုန်ကြီးတွေနဲ့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေ အလွယ်တကူလုပ်ကိုင်နိုင်တဲ့ အခြေအနေကိုဖန်တီးပေးလိုက်တော့ ကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းဗဟိုချက်မကို သိမ်းပိုက်သလိုဖြစ်သွားခဲ့တယ်။

အဲ့ဒီလို ဆောင်ရွက်ခဲ့ရင်း ၇ နှစ်လောက်အတွင်း ၁၉ရ၂ ခုနှစ်ရောက်တော့ စင်္ကာပူရဲ့ တမျိုးသားလုံးကုန်ထုတ်လုပ်မှု့တန်ဘိုး (GDP) ဟာ ဂဏန်း ၂ လုံးထိ ခုန်တက်လာခဲ့တယ်။ အဓိက ရင်းနှီးမြုပ်နှံတဲ့နိုင်ငံတွေကတော့ အမေရိကန်၊ ဂျပန်နဲ့ အနောက်နိုင်ငံတွေပါဘဲ။

အဲ့ဒီလိုနိုင်ငံခြားရင်းနှီးမြုပ်နှံမှု့တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ပြီးတဲ့နောက်မှာ စင်္ကာပူအစိုးရဟာ သူ့ နိုင်ငံရဲ့ အကြီးဆုံးရတနာသိုက်ကြီးကို အရောင်သဖို့ လူသားအရင်းအမြစ်ဖွံ့ ဖြိုးရေး၊ လုပ်ငန်းခွင်အတတ်ပညာ တတ်မြောက်ကျွမ်းကျင်ရေးကို အာရုံစိုက်ပြီး အစွမ်းကုန်အားထုတ်ခဲ့တယ်။ စက်မှု့လက်မှု့ကျောင်းပေါင်းများစွာဖွင့်ခဲ့တယ်။ သတင်းနဲ့ နည်းပညာရပ်တွေ၊ ရေနံဓါတုနည်းပညာရပ်၊ အီလက်ထရောနစ်နယ်ပယ်၊ ဆေးဝါးနဲ့ အစားအစာထုတ်လုပ်မှု့စတဲ့နည်းပညာရပ်နယ်ပယ်တွေအတွက် ငွေကြေးတွေစိုက်ထုတ်သုံးစွဲပြီး နိုင်ငံတကာကုမ္ပဏီကြီးတွေကို မကျွမ်းကျင်သေးတဲ့သူ့ နိုင်ငံသားတွေကို နည်းပညာ၊ အတတ်ပညာတွေ သင်ကြားပေးစေခဲ့တယ်။

စက်မှု့လုပ်ငန်းခွင်တွေမှာ အလုပ်မရတဲ့ နိုင်ငံသားတွေကို အစိုးရအစီအစဉ်နဲ့ လူအင်အားအသုံးချမှု့များတဲ့ နိုင်ငံခြားခရီးသွားလုပ်ငန်း၊ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းတွေမှာ သွတ်သွင်းလုပ်ကိုင်စေခဲ့တယ်။ PET ( Pre Employment Training ) လို့ ခေါ်တဲ့ လုပ်ငန်းခွင်မ၀င်ခင်ပညာသင်ကြားခြင်း - အခြေခံမူလတန်း၊ အလယ်တန်းကနေ တက္ကသိုလ်ကျောင်းတွေအထိ ပညာရေးစနစ်မှာလည်း အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသုံး ရုံးသုံးဘာသာရပ်ဖြစ်စေခဲ့ယုံမက တခြားဘာသာမျိုးစုံနဲ့ ပေါင်းစပ်သင်ကြားတဲ့ပညာရေး (multinationals education) ကို အသုံးပြုခဲ့တယ်။

အဲ့ဒါအပြင် စင်္ကာပူအစိုးရဟာ သူ့ နိုင်ငံသားတွေ အလုပ်အကိုင်တွေရဖို့ ၊ အစဉ်အမြဲ ပြောင်းလဲတိုးတက် နေတဲ့ခေတ်ထဲမှာ နည်းပညာအတတ်ပညာနောက်မကျရစ်ဖို့ ဆိုတာ Pre Employment Training လို့ ခေါ်တဲ့ လုပ်ငန်းခွင်မ၀င်ခင်ပညာသင်ကြားခြင်းအတန်းပညာတွေနဲ့ မလုံလောက်ဘူးဆိုတာ ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၉၈ ခုနှစ် ဇွန်လမှာ လူ့အရင်းအမြစ် ၂၁ ဦးကော်မီတီကို ဖွဲ့ စည်းပြီး အသိပညာကိုအခြေခံတဲ့စီးပွားရေးဘ၀ကိုထူထောင်ဖို့  စင်္ကာပူရဲ့ လူသားအရင်းအမြစ် သဘောထားအမြင်ကိုထင်ဟပ်ဖေါ်ပြစေမဲ့အစီအမံတွေရေးဆွဲစေခဲ့တယ်။ အဲ့ဒီကော်မတီကနေ Continuing Education & Training ( CET) လို့ ခေါ်ကြတဲ့ စဉ်ဆက်မပြတ် လေ့လာသင်ကြားရေးစနစ်တရပ်ကို သူ့ နိုင်ငံသားတွေအတွက် တည်ထောင်ခဲ့တယ်။

စင်္ကာပူအစိုးရဟာ ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ မှာ လုပ်ငန်းခွင်အမျိုးအစားအလိုက် အဆင့်မှီစနစ်ကျဖို့ ၊ လုပ်ငန်းခွင်ကျွမ်းကျင်မှု့စံရည်စံညွှန်းတွေသတ်မှတ်ဖို့ ၊ သူ့ နိုင်ငံသားတွေကို လေ့ကျင့်ပေးဖို့  Work Development Agency ( WDA) ကို ဖွဲ့ စည်းခဲ့တယ်။ နှောင်မှာ WDA ဟာ Singapore Workforce Skills Qualifications (WSQ) စင်္ကာပူ လူ့ အရင်းအမြစ်၊ ကျွမ်းကျင်မှု့ အရည်အသွေးသတ်မှတ်မြှင့်တင်ရေးအဖွဲ့  လို့ လူသိများလာတယ်။ ၂၀၁၅ ခုနှစ်ရဲ့ တတိယအပိုင်း အရောက်မှာတော့ WDA ဟာ စက်မှု့လုပ်ငန်းမျိုးစုံနဲ့ လက်တွဲပြီး လုပ်ငန်းခွင်ကျွမ်းကျင်မှု့ အရည်အသွေးဆိုင်ရာ မူဘောင် ၃၄ ခု (WSQ Framework) ခုကို ရေးသားပြုစုလို့  ကျွမ်းကျင်မှု့ဆိုင်ရာ စံရည်စံညွှန်း (Competency Standards) တွေသတ်မှတ်နိုင်ခဲ့တယ်။

အဲ့ဒါအပြင် စင်္ကာပူအစိုးရဟာသူ့ နိုင်ငံသားအားလုံးအတွက်သာမက ဧည့်နိုင်ငံသားတွေ၊ နိုင်ငံခြားသားတွေအတွက်ပါ SkillsFuture Singapore (SSG) အစိုးရဘုတ်အဖွဲ့ နဲ့  သက်ကြီးပညာသင်ကြားရေးအင်စတီကျူ့ ( Institute for Adult Learning ) ကို စင်္ကာပူပညာရေးဝန်ကြီးဌာန Ministry of Education (MOE) အောက်မှာ ဖွဲ့ စည်းပေးခဲ့ပြန်တယ်။ SkillsFuture Singapore (SSG) အစီအစဉ်အောက်မှာ စင်္ကာပူနိုင်ငံသားတွေဟာ ၉၅% အစိုးရစရိတ်နဲ့  အခမဲ့နီးနီး မိမိအားသန်ရာ လုပ်ငန်းခွင်အတတ်ပညာတွေ၊ ကျွမ်းကျင်မှု့တွေသင်ကြားမြှင့်တင်နိုင်တယ်။

ကဲအခု မြန်မာနိုင်ငံဖက်လှည့်ကြည့်ကြရအောင်။ ရဟန်းရှင်လူ မိဘပြည်သူတွေရဲ့အသက်သွေးပေါင်းများစွာ ပေးဆပ်ရင်းနှီးခဲ့ရပြီးမှ စစ်အာဏာရှင်တွေ မလွှဲမရှောင်သာ ခွင့်ပြုပေးခဲ့ရတဲ့ မပီပြင်သေးတဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလမှာ မြန်မာနိုင်ငံရဲ့အခြေအနေဟာ တနိုင်ငံလုံးက သန်းပေါင်းများစွာသော အလုပ်လက်မဲ့ မြန်မာပြည်သူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေရစေဖို့ အခြေအနေတွေ အမြန်ဆုံးဖန်တီးပေးဖို့ လိုအပ်နေတယ်။

နှစ်ပေါင်း ၇၀ လောက်ကနေ စတင်လောင်ကျွမ်းခဲ့ပြီး ယနေ့ထိတိုင်တောက်လောင်နေဆဲ ပြည်တွင်း စစ်မီးလျှံနဲ့ ပြာပုံကြီးအောက်ထဲကထိုးထွက်နိုင်အောင် ကျိုးစားရာမှာ အစ္စရေးလ်ပုံစံကို အတုယူခဲ့ပြီး ညွှံတောကြီးထဲက ရုန်းထွက်ခဲ့တဲ့ စင်္ကာပူနမူနာကို မြန်မာနိုင်ငံအနေနဲ့ အတုယူသင့်တာတွေကို အတုယူရမှာဖြစ်ပါတယ်။

ဒါပေမဲ့လည်း တပုံစံထဲကို ပုံသေကားချပ် ကော်ပီမကူးသင့်ပါဘူး။ ကိုယ့်တိုင်းပြည်ရဲ့ နိုင်ငံရေး နောက်ခံသမိုင်း၊ ယဉ်ကျေးမှု့ထုံးတမ်းအစဉ်အလာ၊ တိုင်းပြည်ရဲ့ ပထဝီဝင်အနေအထား ၊ ပြည်သူ အများစုရဲ့ဆန္ဒအား စတဲ့ အခြေအနေအရပ်ရပ်ကိုထည့်သွင်းတွက်ချက်ပြီးမှ အသင့်တော်ဆုံးပုံစံ နဲ့သွားကြရမှာပါ။ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့လူသားအရင်းအမြစ်နဲ့ဆိုင်တဲ့ အရေးကြီးတဲ့အချက်တခုကို ပြောချင်ပါတယ်။
အဲ့ဒါကတော့ မြန်မာနိုင်ငံရဲ့ လူသားအရင်းအမြစ် ၈၀% ကျော်ဟာ မြို့ပြတွေမှာ ရှိမနေပါဘူး။ ကျေးလက်တောရွာတွေနဲ့ တောင်တန်းဒေသတွေ၊ တိုင်းရင်းသားဒေသတွေမှာ တည်ရှိနေတယ်ဆိုတာပါဘဲ။ ဒါကြောင့်လည်း NLD အစိုးရသစ်ရဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်ကိုရေးဆွဲရာမှာ အထက်ပါ အချက်တွေကို ခြုံငုံချမှတ်ခဲ့တယ်ဆိုတာ မြင်သာပါတယ်။

ဒီတော့ တိုင်းပြည်ရဲ့ အကြီးဆုံးရတနာသိုက်ကြီးကို အပြောမဟုတ် လက်တွေ့ တူးဖေါ်အသုံးချ လိုတယ်ဆိုရင် တောင်သူလယ်သမားတွေရဲ့ လယ်ယာလုပ်ငန်းခွင်တွေဖွုံ့ဖြိုးတိုးတက်အောင်၊ ခေတ်မှီ လယ်ယာလုပ်ငန်းဆိုင်ရာအသိပညာ အတတ်ပညာတွေကျွမ်းကျင်လာအောင် အထောက်အကူပြုပေးဖို့လိုသလို၊ စက်ရုံအလုပ်ရုံတွေ၊ နိုင်ငံခြားခရီးသွားလုပ်ငန်းစတဲ့ ၀န်ဆောင်မှု့လုပ်ငန်းတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ၊ တောင်တန်းဒေသ တိုင်းရင်းသားဒေသတွေက နိုင်ငံသားအရင်းအမြစ်တွေကို အသုံးချနိုင်ဖို့ စီမံကိန်းတွေ စနစ်တကျ ချမှတ်ကြရမှာဖြစ်ပါတယ်။

အချုပ်ပြောရရင် တိုင်းပြည်ရဲ့စီးပွားရေးဦးမော့လာဖို့ လယ်ယာလုပ်ငန်းကို ဗဟိုပြုပြီး လူအင်အားသုံး စက်မှု့လုပ်ငန်းတွေနဲ့ အတူ အသိပညာကိုအခြေခံတဲ့ စီးပွားရေးဗျူဟာ (Knowledge-Based Economy) ကို နိုင်ငံသားတွေရဲ့အင်အားကို အပြည့်အ၀အသုံးချနိုင်ဖို့ အစွမ်းကုန်ဖေါ်ဆောင်ဖို့ လိုပါကြောင်း မီးမောင်းထိုးလိုက်ပါတယ်။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
ဇန္န၀ါရီလ ၂၂ ရက်နေ့  ၂၀၁၇ ခုနှစ်
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.