မြန်မာနှင့် အမှိုက်


NLD အစိုးရတက်လာပြီးသောအခါ ပထမဆုံးစတင်လုပ်ဆောင်သည်မှာ အမှိုက်ကောက်ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပါဝင်ပြီး တနိုင်ငံလုံးအမှိုက် ကောက်ပြခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် အမှိုက်ကောက်သောဓလေ့မှာ ယခင်ကထက်စာလျှင် ထိုတစသည်တစ တဖြည်းဖြည်းပျံ့နှံ့လာပါသည်။ ဟိုတလောကပင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုဖြိုးမင်းသိန်းသည် ရန်ကုန်တက္ကသိုလ်ပင်မ၀င်းကြီးအတွင်း အဓိပတိလမ်းမတလျှောက် အမှိုက် ကောက်ပြခဲ့သေးသည်။

ဘောလုံးပွဲများတွင်လည်း ပွဲပြီး၍ပြန်မသွားမီ မြန်မာလူငယ်များ ကိုယ့်အမှိုက်ကိုယ် ကောက်ဖော်ရလာသော သတင်းကို စင်ကာပူမှာရော၊ မြန်မာနိုင်ငံမှာရော ကြားလာရသည်။ ရန်ကုန် မြို့လယ်လမ်းများ၏နောက်ဖေးလမ်းကြားများကို ရန်ကုန်မြို့တော်စည်ပင်မှ စတင်အမှိုက်ရှင်းလင်းနေ သောသတင်းကို ၀မ်းမြောက်ဖွယ်တွေ့ရှိရသည်။

အမှိုက်ကောက်ခြင်းသည်ကောင်း၏။ မြန်မာနိုင်ငံကို ခေတ်မီသပ်ရပ် သန့်ရှင်းသောမြို့များအဖြစ် ပြောင်းလဲမည်ဆိုလျှင် အမှိုက်ကိုစနစ်တကျ စွန့်ပစ်ကြဖို့လိုမည် ဖြစ်သည်။ အမှိုက်ကို စနစ်တကျစည်းကမ်းရှိရှိ စွန့်ပစ် ကြဖို့ အရေးကြီးသလို၊ သက်ဆိုင်ရာက အမှိုက်ပုံး များစနစ်တကျထားပေးဖို့၊ အမှိုက်များကိုအချိန်မှန်မှန်လာသိမ်းဖို့လည်း လိုအပ်ပါသေး၏။ နေရာ အတော်များများတွင် အမှိုက်ကိုစနစ်တကျစွန့်ပစ်ချင်သော်လည်း အမှိုက်ပုံးရှာမတွေ့သောပြဿနာ (၀ါ) အမှိုက်ပုံးများထားမပေးသောပြဿနာမှာ
နေရာတိုင်းလိုလိုတွင် တွေ့နေရပါသည်။

ထိုအကြောင်းတွေကိုပြောသောအခါ စီးခဲ့ဖူးသော သင်္ဘောခရီးစဉ်တခုအကြောင်း သတိရမိသည်။ အင်္ဂလန်နိုင်ငံမှ နိုင်ငံခြားသား မောင်နှမ နှစ်ဦးဖြစ်သော Ms Jane Barclay, Mr.Laurence Fleming နှင့် ကျွန်တော်တို့သုံးဦး ကချင်ပြည်နယ် ဗန်းမော်မြို့မှ မန္တလေးမြို့သို့ စီးနင်းလိုက်ပါခဲ့ကြသောခရီးစဉ်ဖြစ်သည်။

ကျွန်တော်တို့စီးခဲ့သော သင်္ဘောခရီးစဉ်မှာ တိုးရစ်များအတွက် အထူးပြေးဆွဲသောဇိမ်ခံသင်္ဘော Cruise တခု မဟုတ်ပါ။ မြန်မာ့ရေကြောင်းပိုင် ခရီးသည်တင်သင်္ဘောတစင်းသာ ဖြစ်ပါသည်။ လူရောကုန်ရော တခါ တည်းပေါင်းတင်လာသောသင်္ဘောတစီးဖြစ်ပါသည်။ အောက်ထပ်ကုန်းပတ်ခန်းတွင် ခရီးသည်များ ဖျာများ၊ ပလတ်စတစ်စများခင်း၍ တိုးတိုးဝှေ့ဝှေ့ ကျပ်တည်းစွာလိုက်ပါရပါသည်။ အပေါ်ထပ်တွင်တော့ Cabin (ခေါ်) နှစ်ယောက်ခန်းလေးများ ရှစ်ခန်းခန့်ပါရှိပါသည်။ အပေါ်ထပ်မှာ အနည်းငယ်ချောင်ချိပါသည်။ သင်္ဘောပေါ်တွင် ထမင်းဆိုင်တဆိုင်ပါပါသည်။

အိမ်သာမှာ အောက်ထပ်တွင်ရှိပါသည်။ သင်္ဘောပေါ်တွင် လူပေါင်းများစွာပါလာ သော်လည်း အမှိုက်ပုံး တခုမှမရှိပါ။ ကျွန်တော်တို့တွေ့ရသလောက် ခရီးသည်များသည် သူတို့မလိုချင်သော အမှိုက်မှန်သမျှကို မြစ်ထဲသို့ပင် စည်းကမ်းမရှိပစ်ချကြပါ သည်။ သူတို့ပစ်ချလိုက်သော အမှိုက်များတွင် ဖက်ရွက်လို၊ စက္ကူလို ပျက်စီးလွယ်သောအမှိုက်များပါသလို ပလတ်စတစ်အိတ်များလို သဘာဝပတ်ဝန်းကျင် အတွက်မပျက်စီးဘဲ ညစ်ညမ်းစေမည့်ပစ္စည်းများလည်း ပါပါသည်။ အခြားဟင်းလျာများမှ ဆီများ၊ သံဘူးများ၊ အစား အသောက် အကြွင်းအကျန်များလည်းပါပါသည်။ နိုင်ငံခြားသားများသည် အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်တတ်သောလူမျိုးဖြစ်သဖြင့် ဘယ်နေရာမှာအမှိုက် စွန့်ပစ်ရမလဲဟု ဧည့်လမ်းညွှန်ဖြစ်သော ကျွန်တော့်ကို လာမေးပါသည်။

ကျွန်တော်ကလည်း သင်္ဘောပေါ်တွင် အမှိုက်စွန့်ပစ်စရာ နေရာမမြင်သဖြင့် ကြွပ်ကြွပ်အိတ်အမည်းကြီးတလုံးကို ကျွန်တော့်အခန်းထဲတွင် ချိတ်ဆွဲလိုက်ပြီး အမှိုက်များကို ထိုအိတ်ထဲမှာပဲ စွန့်ပစ်ပါ၊ မန္တလေးကိုရောက်သည့်အခါမှ လာသိမ်းသည့် အမှိုက်သိမ်းသမားလက်ထဲထည့်ပေးပါ့မည်ဟု အာမခံ လိုက်ရသည်။ ကျွန်တော်တို့စီးလာသည့်သင်္ဘောကြီးမှာ ကသာ၊ ထီးချိုင့်၊ ကျောက်မြောင်း၊ ဆံမြိတ်ခုံ စသောမြို့ရွာများတွင် လူတင်ခြင်း လူချခြင်း၊ ကုန်တင်ကုန်ချခြင်းများပြုလုပ်ပြီး တရွေ့ ရွေ့ မြစ်ကိုစုန်လျက် ထွက်ခွာလာပါသည်။ သွားရသည့်ခရီးမှာအတော်ကို ရှည်လျားပါသည်။ တညအိပ်နှစ်ရက်ခရီးပင်ဖြစ်သည်။

အဆန်ဆိုလျှင်တော့ နှစ်ညအိပ်သုံးရက်ခရီးပင်ဖြစ်သည်။ ထိုသို့ရှိစဉ် မန္တလေးဂေါဝိန်ဆိပ်ကမ်းသို့ရောက် သောအခါ မူလထွက်ခွာလာသောနေ့ နောက်တနေ့ညနေစောင်းပြီဖြစ် သည်။ တလမ်းလုံး စားသောက်သုံးစွဲလာသောပစ္စည်းများဖြင့် ကျွန်တော်၏ အမှိုက်အိတ်မည်းမည်းကြီးမှာလည်း ပြည့်ဖောင်း လာပြီဖြစ်သည်။ စားကြွင်းစားကျန်များ၊ ကော်ဖီ၊ အအေး စသည်တို့ထည့်သောက်သော စက္ကူခွက်များ၊ တခါသုံးပန်းကန်ခွက်ယောက်များ၊ ကြွပ်ကြွပ်အိတ်များ
စသည့် သဗ္ဗရနံပေါင်းစုံလင်လှသော အမှိုက်ထုပ်ကြီး ဖြစ်သည်။
မန္တလေး ဂေါဝိန်ဆိပ်သို့ ဗန်းမော်-မန္တလေးသင်္ဘောကြီးဆိုက်သောအခါ အလုပ်သမားများ၊ လူကြိုပွဲစားများ၊ ဈေးသည်များ
ခြေချင်းလိမ်အောင်သင်္ဘောပေါ်သို့တက်
လာကြပါသည်။ သူတို့အထဲမှအချို့မှာ ခရီးသည်များ ကျန်ခဲ့သော ပစ္စည်းများထဲမှ ရေသန့်ဘူးစသော ပြန်ရောင်း၍ရသည့်ပစ္စည်းများကို ရှာဖွေယူငင် နေကြပါသည်။

ကျွန်တော်လည်း လာကြိုမည့်ကားဆရာကို ကုန်းပေါ်သို့မျှော်ကြည့်ကာ ရှာဖွေနေဆဲ အမျိုးသမီးတယောက်သည် ကျွန်တော့်အခန်းထဲမှ အမှိုက်ထုပ်ကြီးကို ဆွဲယူလိုက်ပါသည်။ ထိုခဏ၀ယ် ကျွန်တော်သည် ထိုအမျိုးသမီးအား သင်္ဘောမှ တာဝန်ပေးထားသော သန့်ရှင်းရေးသမားဖြစ်ကာ ခရီးသည်တို့၏ အမှိုက်ထုပ်များကို လိုက်လံသိမ်းဆည်းပေးနေသည်ဟုထင်မြင်ကာ အမှိုက်ထုပ်အားကိုင်တွယ်ခြင်းကို မတားမြစ်လိုက်ပါ။
သူ့တာဝန်သူထမ်းဆောင်သည်ဟုပဲ ထင်လိုက်မိပါသည်။

သို့သော် ထိုအမျိုးသမီးသည် ကျွန်တော့်အမှိုက်ထုပ်ကို ဖွင့်ကြည့်ကာ သူလိုချင်သောအဖိုးတန်ပစ္စည်း ဘာမှမတွေ့သည်နှင့် အမှိုက် အားလုံးကို မြစ်ထဲသို့သွန်ချပစ်လိုက်ပါတော့သည်။ ထိုအခါ ဗန်းမော်မှ မန္တလေးအထိ တပင်တပန်းစနစ်တကျ စွန့်ပစ်သယ်ဆောင်လာခဲ့သော ကျွန်တော်တို့အမှိုက်များမှာ ဧရာဝတီမြစ်ထဲသို့ မြင်မကောင်းအောင် ကျဆင်း စီးမျောနေပါတော့သည်။

ထိုမြင်ကွင်းကို နိုင်ငံခြားသားနှစ်ယောက်လည်းမြင်သည်ဖြစ်ရာ သူတို့လည်း မျက်စိမျက်နှာမကောင်းပါ။ ကျွန်တော်လည်း ရှက်လွန်းသဖြင့် ဘယ်လိုမျက်နှာပြရမှန်းမသိတော့ပါ။ ရှက်လွန်း ခြင်းဆိုသည်မှာ ကိုယ့်နိုင်ငံသားတွေအမှိုက်ကို အဆုံးစွန်အထိ စည်းကမ်းမရှိစွန့်ပစ်ကြပုံကို နိုင်ငံခြားသားမြင်တွေ့သွားခြင်းအတွက်သာမက၊ သူတို့နိုင်ငံတွင် ဘယ်လိုအမှိုက်ပစ်ကြသည်ကို အင်္ဂလန် ရောက်စဉ်က ကိုယ်တွေ့မျက်မြင် တွေ့ခဲ့ဖူးသောကြောင့် ဖြစ်ပါသည်။

ကျွန်တော် အင်္ဂလန်သို့ရောက်ခဲ့စဉ်က ယခုဗန်းမော်-မန္တလေး သင်္ဘောပေါ်တွင်လိုက်ပါလာသော လော့ရင့်ဖလဲမင်းနေထိုင်ရာ စိန့်လီ ယိုနာဒ်ဆိုသော ပင်လယ်ကမ်းခြေတောမြို့ကလေးသို့သွားလည်ခဲ့ပြီး သူ့အိမ်မှာပင် တည်းခိုခဲ့၏။ တခုသောညနေခင်းတွင် ကျွန်တော်နှင့် ကျွန်တော့်မိတ်ဆွေ လောရင့်စ်တို့ အမှိုက်ပစ်ရန်သွားကြ၏။ အမှိုက်များကို ပလပ်စတစ်အိတ်အမည်းကြီးထဲတွင် စုပြုံထည့်လာပြီး အိမ်အနောက်ဘက်ထောင့်ရှိ အမှိုက်ပုံးကြီးထဲသို့ သွားထည့်ရသည်။

အိမ်ခန်းများစွာကို ကွေ့ပတ်သွားရပြီး အမှိုက်အိတ်အမည်းကြီးကို အမှိုက်ပုံးကြီးထဲသို့ ပစ်ထည့်လိုက်သော်လည်း သူ့လက်ထဲတွင် ကြွပ်ကြွပ်အိတ်နှင့် အမှိုက်ထုပ်တခုကိုမပစ်ဘဲကိုင်ထားဆဲဖြစ်သည်။ ထိုကြွပ်ကြွပ်အိတ်ထဲ၌ ဘီယာဘူးခွံများပါရှိသည်။ ကျွန်တော်က ဘာ့ကြောင့် ဤအမှိုက်များကို ပုံးထဲသို့ မထည့်သေးတာလဲဟုမေးရာ ကျွန်တော့်မိတ်ဆွေက ''ဘီယာဘူးခွံတွေ၊ ပုလင်းတွေ သတ်သတ်စွန့်ပစ်တဲ့နေရာရှိတယ်။ အဲဒီမှာ သွားပစ်ရမယ်''ဟု ပြန်ဖြေ၏။

ထိုနေရာကို နောက်ထပ်ငါးမိနစ်ခန့် လျှောက်သွားရ၏။ လူတရပ်ခန့်မြင့်သော လေးထောင့်အမှိုက်ပုံးကြီးကို တွေ့ရသည်။ ထိုအမှိုက်ပုံး၌ ပုလင်းတပုလင်းဝင်သာရုံ အပေါက်ကလေးဖောက်ထားပြီး ''ပုလင်းနှင့် ဘူးခွံများသာ''ဟု ရေးသားထားသည်။ ကျွန်တော့်မိတ်ဆွေက ဘီယာဘူးခွံများကို တဘူးချင်း စိတ်ရှည် လက်ရှည် ဘူးခွံထည့်ရန်ပြုလုပ်ထားသော အပေါက်ကလေးမှ ထိုးထည့်နေသည်။ အမှိုက်ပစ်တာတောင် အမှိုက်ကသတ်သတ်၊ ဘူးခွံပုလင်းခွံက သတ်သတ်ခွဲခြားပြီး ကရိကထခံကာ စွန့်ပစ်ကြ၏။ အလွန်စည်းကမ်းရှိသော လူမျိုးပေတကားဟု စိတ်ထဲမှ ချီးမွမ်းမိခဲ့ပေသည်။

ထိုလူ၏ရှေ့မှာမှ ဂေါဝိန်ဆိပ်တွင် ထိုသို့လာကြုံရခြင်း ဖြစ်ပေသည်။
အင်္ဂလိပ်တွေ အမှိုက်ကို စည်းကမ်းတကျစွန့်ပစ်ကြတာရေးမိတော့ ဆွဇ်ဇာလန်ကမိတ်ဆွေများ အမှိုက်ပစ်ပုံကို သတိရမိပြန်သည်။ ကျွန်တော် ဆွဇ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့သို့ရောက်ခဲ့စဉ် သူတို့ဆီက အမှိုက်ပစ်ကြပုံကို လေ့လာခွင့်ရခဲ့၏။

အင်္ဂလန်၌ အမှိုက်ပစ်ပုံကိုရေးသားခဲ့ရာ၌ အင်္ဂလိပ်တို့စည်းကမ်းကြီးလှသည့်အကြောင်းကို ရေးခဲ့ပြီးပြီ။ သို့သော် ဆွဇ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဆွဇ်လူမျိုးတို့ အမှိုက်ပစ်ပုံကိုမြင်ရသောအခါ အင်္ဂလိပ်တို့စည်းကမ်းရှိသည်မှာ ဘာမှမဟုတ်သေးပါတကားဟု လက်ဖျားခါမိပါသည်။ ကျွန်တော့်မိတ်ဆွေ မစ္စတာမာနူးဟီရာလယ်က ''လာညီညီ အမှိုက်သွားပစ်ရအောင်''ဟုဆိုကာ ကျွန်တော့်ကို ကားနှင့်ခေါ်သွား၏။ ခဏကြာသောအခါ ကွင်းကြီးတခုထဲသို့ရောက်သွား၏။ ကွင်းဆိုသော်လည်း ကွန်ကရစ် ကျကျနနခင်းထားသော ကွက်လပ်ကြီး ဖြစ်သည်။ ထိုကွင်းစပ်တွင် အမှိုက်ကန်ကြီးတကန်ကို တွေ့ရ၏။

အမှိုက်ကန်၏ မျက်နှာချင်းဆိုင်ဘက်တွင် ဆိပ်ကမ်းမှ ကွန်တိန်နာလို သံသေတ္တာကြီးများကို အစီအရီတွေ့ ရသည်။ ကျွန်တော့်မိတ်ဆွေကပြော၍ ဤနေရာမှာအမှိုက်ပုံဟု သိရသော်လည်း ကျွန်တော်မြင်ဖူးနေကျ အမှိုက်ပုံများလို အနံ့အသက်များက ဆိုးဝါးမနေ။ ယင်၊ ခြင်၊ ဖြုတ် စသော အင်းဆက်များလည်း ရှိမနေပါ။ အမှိုက်လာပစ်ကြသူများအားလုံးသည် ကိုယ့် ကားနှင့်ကိုယ်မောင်းလာ၍ ကိုယ်ပိုင်ကားအစီအရီနှင့် အမှိုက်လာပစ်ကြခြင်းဖြစ်သည်။ ဤမှအထိ အံ့သြစရာ မရှိသေးပါ။

သူတို့အမှိုက်ပစ်ပုံကား ထူးဆန်းလှ၏။ အမှိုက်ဆိုပြီးရော တနေရာထဲ၌ လုံးထွေးလွှင့်ပစ်ခဲ့ခြင်းမဟုတ်ဘဲ၊ မြက် များ၊ သစ်ပင်ချုံပင် စသော ခြံထွက်အမှိုက်များကို ပင်မကန်ကြီးထဲတွင်ပစ်ကြ၏။ ပလတ်စတစ်ကို သတ်သတ်တနေရာ စွန့်ပစ်၏။ သတင်းစာစက္ကူစသည်များကို သံကန်ကြီးထဲတွင် သွားထည့်၏။ ကားတာယာအဟောင်းကို သတ်သတ် တနေရာတွင် ပစ်ရ၏။ ပုလင်းများကို သတ်သတ်သံကန်ကြီးထဲသို့ ပစ်ချရသည်။ ထိုသို့ပုလင်းများကိုစွန့်ပစ်ရာ၌ပင် ပုလင်းအညိုရောင်အတွက် သတ်သတ်တကန်၊ အဖြူက သတ်သတ်တနေရာ၊ အစိမ်းကသတ်သတ်ခွဲ တနေရာခွဲပေး ထားပေသည်။ ထိုသို့သက်ဆိုင်ရာက သတ်သတ်စီခွဲထား၍ ပြည်သူလူထုက ပစ်ချင်ရာပစ်ကြသည်မဟုတ်။

ကားပေါ်မှ အစီအရီဆင်းလာကြပြီး အိမ်မှာကတည်းက သတ်သတ်စီခွဲခြား၍ယူလာသော ပလတ်စတစ်၊ စက္ကူ၊ ပုလင်းခွံ၊ မြက်နှင့် သစ်ရွက်စသည်များကို သူ့နေရာနှင့်သူ သေသေချာချာသွား ထည့်ကြခြင်းမှာ သြချလောက်ပါပေသည်။ ဆွဇ်ဇာလန်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးပေးသောနိုင်ငံဖြစ်ရာ ၎င်းစွန့်ပစ် ပစ္စည်းအားလုံးကို ပြန်လည်သန့်စင်ပြီး အသုံးပြုသော (Recycle) စက်ရုံကို အမှိုက်ကန်အနီးမှာပင် တည်ဆောက်ထားပေသည်။

ဆွဇ်ဇာလန် အမှိုက်ကန်၌ လတ်လတ်ဆတ်ဆတ် မဂ္ဂဇင်းအဟောင်းများ၊ သတင်းစာစက္ကူများကို သန့်သန့်ရှင်းရှင်းကန်အပြည့် လာပစ်ကြသည်ကိုကြည့်ပြီး သိပ်စာဖတ်တဲ့လူမျိုးပါလား၊ သိပ်စည်းကမ်းရှိတဲ့လူမျိုးပါလား၊

ဒါကြောင့် ကမ္ဘာ့ထိပ်တန်းကို ရောက်လာတာပဲဟု တွေးမိပါသည်။
အသုံး မလိုတော့သော ရေခဲသေတ္တာများကိုလည်း အစီအရီပင် လာပုံထားကြပေသည်။ အချို့ရေခဲသေတ္တာများမှာ အကောင်းပကတိပင်ရှိသေးသည်။ ထူးဆန်းသည်မှာ ထိုသို့ရေခဲသေတ္တာများကို ဤနေရာ၌လာပစ်မည်ဆိုလျှင်
ရေခဲသေတ္တာပိုင်ရှင်က အမှိုက်ပုံတာဝန်ရှိသူများကို ''ရေခဲသေတ္တာ စွန့်ပစ်ခ တလုံးလျှင် ဆွဇ်ဖရန့် ၂၅ (ဒေါ်လာ ၂၀ ခန့်)ပေးဆောင်ရခြင်းဖြစ်သည်။ ဤသည်တို့ကား ကျွန်တော်မြင်တွေ့ခဲ့ရသော အင်္ဂလန်နှင့် ဆွဇ်ဇာလန် နိုင်ငံများမှ နေ့စဉ်အမှိုက်ပစ်ကြပုံများပင်တည်း။

လန်ဒန်ကဲ့သို့ မြို့ကြီးများတွင်မူကား အမှိုက်သိမ်းကားများဖြင့် လှည့်လည်၍ သိမ်းပေလိမ့်မည်။ သို့သော်ပြည်သူလူထုကတော့ အမှိုက်များကိုအမျိုးအစားခွဲကာ သေသေချာချာ စွန့်ပစ်ကြစမြဲ ဖြစ်ပေသည်။
ကျွန်တော်တို့နိုင်ငံတွင် အမှိုက်ယဉ်ကျေးမှုတွင် ခေတ်နောက်
ကျနေခဲ့သည်မှာကြာပေပြီ။

အမှိုက်ကို စနစ်တကျစွန့်ပစ်ရကောင်းမှန်းသိအောင် ငယ်စဉ်ကပင် ကျောင်းသင်ခန်းစာများ၌ ထည့်သွင်းသင်ကြား ခြင်းမရှိပေ။
ထို့အပြင် ကလေးအရွယ်ကတည်းက အမှိုက်စနစ်တကျ စွန့်ပစ်ဖို့၊ တွေ့ကရာနေရာတွင် အမှိုက်များကို လုံးထွေးပြီးပစ်မချဖို့ သင်ကြားပေးမှုမရှိသလောက်ဖြစ်နေကြသည်။ စနစ်တကျအမှိုက်ပစ်ချင် သူတို့အတွက်လည်း အမှိုက်ပုံးများကို သက်ဆိုင်ရာက လုံလောက်စွာ ထားရှိပေးခြင်းမရှိချေ။ အမှိုက်ကန်များရှိသော်လည်း သတ်မှတ်ချိန်အတိုင်း မှန်မှန်ကန်ကန် လာရောက်သိမ်းဆည်းမှု အားနည်းသဖြင့် မြန်မာနိုင်ငံတွင် အမှိုက်ပုံမှန်သမျှ ယင်တလောင်းလောင်း ကြွက်တစီစီနှင့် မသတီဖွယ် ရှိနေတတ်ကြသည်။ ဒါတွေကိုအခြေခံကစ၍ ပြုပြင်ပြောင်းလဲဖို့လိုပြီဖြစ်သည်။

လူမြင်ကွင်းနေရာများ၊ လမ်းပေါ်တွင် အမှိုက် ပစ်ချသွားကြသည်မှာ မြန်မာနိုင်ငံတွင် ရိုးအီနေသောမြင်ကွင်းဖြစ်သည်။ ကားအကောင်းစား ကြီးစီးလာကြသော်လည်း ကားပေါ်မှ အမှိုက်များပစ်ချသွားကြခြင်းကို မကြာခဏတွေ့ဖူး၏။ ကားပေါ်လမ်းပေါ်သို့စည်းကမ်းမဲ့ပစ်ချသော အမှိုက်ပိုင်ရှင်ကို စက်ဘီးစီးလာသောတိုးရစ်က အမှိုက်များ ကောက်ကာ ကားစီးလာသူအားပြန်လိုက်ပေးသော ဗီဒီယိုဖိုင်တခု ကြည့်လိုက်ရပေ၏။ ရယ်စရာလိုလိုဖြစ်ခဲ့ သော်လည်း စင်စစ်တွင် ရှက်စရာကိစ္စဖြစ်ပေ၏။

အမှိုက်ပစ်ခြင်းသည် လူ့အဆင့်အတန်းကိုပြခြင်းဖြစ်သည်။ အမှိုက်ကင်းသော မြို့သည် အဆင့်အဆန်းရှိသေမြို့ဖြစ်သည်။ အင်းလေးကန်သို့သွားစဉ်က မျက်နှာစာ ဘက်တန်းတွင် လှပနေသော်လည်း လူသူအသွားအလာနည်းသော အတွင်းရေလမ်း၊ လှေလမ်းများတွင် အမှိုက် များမြင်မကောင်းအောင် ပေါလောမျောနေကြတာ၊ ပစ်ထားကြတာ စိတ်မကောင်းစွာတွေ့ရလေသည်။

အမှိုက်ဆိုသည်မှာ အသုံးမ၀င်တော့သောပစ္စည်းများကို လူ့အသိုင်းအ၀ိုင်းမှ စနစ်တကျဖယ်ထုတ်ခြင်းဖြစ်သည်။ ဖယ်ထုတ်ခြင်းစနစ်ကျသောအခါ ထိုအမှိုက်သည် ကိုယ့်ဆီအမှိုက်အဖြစ် ဘယ်လိုနည်းနှင့်မျှ ပြန်မလာနိုင်တော့။ ရီဆာကယ်ပစ္စည်းအသစ်အနေနှင့်သာ ပြန်ရောက်ချင် ရောက်လာမည်ဖြစ်သည်။ ဖယ်ထုတ်ပုံနည်းမကျလျှင် အမှိုက်များသည် မိမိပတ်ဝန်းကျင်တွင် တ၀ဲလည်လည်ဖြစ်ကာ မိမိနှင့်မိမိပတ်ဝန်းကျင်ကို ပြန်လည်ဒုက္ခပေးကာ ညစ်ညူးစေမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် မြင်ရသောအမှိုက်နှင့် မမြင်ရသောအမှိုက်ဟူ၍ရှိသည်။ မြင်ရသော အမှိုက်များမှာ အားလုံးသိသည့် စွန့်ပစ်ပစ္စည်းများ၊ လူ့အသုံးအဆောင်များဖြစ်သည်။ ထိုအရာများကို မှန်ကန်စွာ ရှင်းရလင်းရပေမည်။

မမြင်ရသောအမှိုက်များကား နိုင်ငံရေးအမှိုက်များဖြစ်သည်။ နိုင်ငံအတွက် လူ့အသိုင်းအ၀ိုင်းအတွက်၊ အများကောင်းဖို့အတွက် ဘယ်နေရာမှသုံးမရသော အမှိုက်များစွာရှိ၏။ ထိုအမှိုက်များကိုလည်း ဆွဇ်ဇာလန်နိုင်ငံက အမှိုက်ပုံများတွင် ပုလင်းများစွန့်ပစ်သလို အနီသတ်သတ်၊ အစိမ်းသတ်သတ်၊ အဖြူသတ်သတ်ခွဲကာ အမှိုက်ပုံးထဲသို့ပစ်ချရပေမည်။ အနီကို အစိမ်းထဲသို့ အစိမ်းကို အနီထဲသို့၊ အဖြူကိုအစိမ်းထဲသို့၊ အဖြူကိုအနီထဲသို့ မှားယွင်းထည့်မိလျှင် ပြန်လည်သန့်စင်ရာ၌ ဒုက္ခရောက်လိမ့်မည်။ မြို့ပြ၏ညစ်ပတ်မှုကို အမှိုက်ကောက်ခြင်း။

စနစ်တကျအမှိုက်သိမ်းခြင်းဖြင့် ရှင်းလင်းသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နှစ်ပေါင်းများစွာ အနံ့ထွက်နေသော သုံးစားမရသည့်
နိုင်ငံရေးအမှိုက်ပုံများကိုလည်း သူနှင့်ထိုက်တန်ရာတွင် စွန့်ပစ်ကာအမြန်ဆုံး သန့်ရှင်းရေးလုပ်ဆောင်ရန် လိုအပ်နေပါသည်။ သာကူး အမှိုက်များ၊ ခါတော်မီအမှိုက်များ၊ မိုးကျရွှေကိုယ်အမှိုက်များ၊ အဘအကျများ၊ နီချင်ယောင်ဆောင်နေသော အစိမ်းများကိုလည်း အမှိုက်ပုံးထဲသို့ အမြန်ထည့်မှ တိုင်းပြည်တိုးတက်မည်ဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)
News Watch
https://www.facebook.com/NewsWatchJournal/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.