မိသားစုရဲ့ ကျက်သရေ


အိုဘားမား မိသားစု အိမ်ဖြူတော်မှာ ၈ နှစ်တာ စံမြန်းပြီး နန်းက ခွာသွားပါပြီ။

သြဇာကြီးမားလှတဲ့ ဝါရှင်ထန်ပို့(စ်)(ထ်) သတင်းစာမှာ ဆောင်းပါးတပုဒ် ပါလာတယ်။

အိုဘားမား မိသားစုဟာ ဣနြေ္ဒသိက္ခာ၊ ရည်မွန်ယဉ်ကျေးမှုမှာ ထိပ်တန်းကပါ။ သူတို့ သင်ပြပေးခဲ့တာကို ကျုပ်တို့တတွေ သင်ယူမှတ်သားခဲ့ကြပါရဲ့လားဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ပါတယ်။

ဆောင်းပါးအတိုချုပ်ကတော့ အိုဘားမားမိသားစုဟာ အိမ်ဖြူတော်မှာ နေခဲ့စဉ်အတွင်း ဖွယ်ရာချေငံမှု၊ ရည်မွန်ယဉ်ကျေးမှုအရာမှာ မှတ်သားဖွယ် စံတရပ်ကို ချမှတ်ပေးခဲ့ကြပါတယ်။ ဣနြေ္ဒသိက္ခာ၊ သည်းခံမှုတို့မှာ သူတို့က ဧတဒဂ်အဆင့်ပါ။

သူတို့မိသားစုမှာ ဘာအပုပ်နံ့မှ မရှိခဲ့ဘူး။ လင်းခန်း (လင်ကွန်း)လို အိပ်ခန်းထဲက ပွေလီမှုလည်း မရှိဘူး။ ဗေဒင်မေး နတ်မေးလည်း မကြားရဘူး။ အဖော်အချွတ်တွေလည်း မရှိ၊ အိမ်ထောင်ကွဲတာလည်း မရှိ၊ အိမ်ထောင်ရေး ပြင်ပ အမှုပွေရာက မွေးလာတဲ့ ကလေးတွေလည်း မရှိဘူး။ (အမေရိကန် သမ္မတ ငါးယောက်မှာ အဲဒါမျိုးတွေ ရှိခဲ့တယ်။)

ဒေါသအမျက် ချောင်းချောင်းထွက်ချင်စရာ အနေအထားမှာတောင် သည်မိသားစုဟာ ဣနြေ္ဒရရ ရှိနေခဲ့ကြတယ်။

သမ္မတကို သရော်ထားတဲ့ အာဖရိက ဒေသခံ တိုင်းရင်း ဝတ်စုံ ဝတ်လိုဝတ်ပေး၊ သမ္မတကတော်ကို ဒေါက်ဖိနပ်စီးထားတဲ့ မျောက်ဝံမကြီးလို့ ရေးလိုရေး၊ ဘောလုံးပွဲ အားပေးသူတွေကလည်း သမ္မတကို ကြိုးကွင်းစွပ်ထားတဲ့ အင်္ကျီဝတ်ရင် ရယ်ရမယ်အမှတ်နဲ့ အုတ်အော်သောင်းသဲ ဝတ်လိုဝတ်။

အိမ်ဖြူတော်မှာ နေစဉ်အတွင်း သူတို့ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ ဖြစ်ရပ်တွေကလည်း တခြား သမ္မတတွေထက် သုံးဆ ပိုခဲ့ပါတယ်။

ဘာတွေပဲဖြစ်ဖြစ် သူတို့ကတော့ တခါမှ ဒေါသနဲ့ ထ မရမ်းခဲ့ပါဘူး။ လူမှုမီဒီယာမှာလည်း သူတို့ ဒေါသကို အထုတ်မဖြည်ခဲ့ကြဘူး။ သူတို့ ရန်သူတွေကိုလည်း တခါမှ မလှောင်ခဲ့၊ မကဲ့ရဲ့ခဲ့ကြဘူး။ သူတို့ကို ထိုးနှက် တိုက်ခိုက်သူတွေထက် ပြင်းထန်၊ ရက်စက်တဲ့ နည်းတွေနဲ့လည်း မတုံ့ပြန်ခဲ့ကြဘူး။

သမ္မတကတော်ကဆို ခဏခဏ ပြောတယ်။ သူတို့တွေ အောက်တန်းကျကုန်တဲ့အခါ ကျွန်မတို့တွေ အဆင့်အတန်း မြင့်လာတာပေါ့တဲ့။ ပြောသလိုလည်း သူနေခဲ့ပါတယ်။

ကျက်သရေရှိမှု အနုပညာဆိုတဲ့ စာအုပ်ရေးသူက ပြောဖူးတယ်။ စိတ်မရှည်တဲ့၊ တစစီပြိုကွဲနေတဲ့၊ အပြိုင်အဆိုင်များလှတဲ့ ကျွန်မတို့လူ့ဘောင်ဟာ သိမ်မွေ့မှု၊ နားလည်ပေးတတ်မှုတွေကို နည်းပေါင်းစုံနဲ့ ပျက်စီးအောင် လုပ်နေပါတယ်။ ခုခေတ်ပေါ် လူကြိုက်များတဲ့ ယဉ်ကျေးမှု အစဉ်အလာက နှိမ်တာ၊ အရှက်ခွဲတာ၊ ပဋိပက္ခဖြစ်တာတွေကို သဘောကျ၊ ဝမ်းသာကြည်နူးတတ်လာအောင် မီးထိုးပေးနေတယ်။

လူသားသမိုင်းမှာ သက်တမ်းအရင့်ဆုံး စာအုပ်တအုပ်ဖြစ်တဲ့ လွန်ခဲ့သော နှစ်ပေါင်း ၄၅၀၀ က အီဂျစ်မှာ ရှိတဲ့ စာအုပ်တအုပ်ထဲမှာပါတယ်။

သြဇာအာဏာ ကြီးချင်သလောက် ကြီးပါစေ။ အသိပညာရယ်၊ သိမ်မွေ့နူးညံ့မှုရယ်ကြောင့် ဂုဏ်ပြုခံရအောင် လုပ်ယူကြပါတဲ့။

အိုဘားမားမိသားစုကတော့ ခွင့်လွှတ်မှု၊ ချေငံဖွယ်ရာမှု၊ ရဲစွမ်းသတ္တိတို့ကို ကျုပ်တို့ကို သင်ပေးခဲ့ပါပြီ။ တကမ္ဘာလုံးကလည်း ကျက်သရေရှိတာကို မြင်ခဲ့ကြရပါပြီ။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၂၁၀၁၁၇)

မူရင်း ဖတ်ချင်ရင်
https://goo.gl/SBeOxq
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.