တကယ်ပြောင်းရင် တကယ်ကောင်း - (မောင်မှန်)


မနှစ်က စက်တင်ဘာလကတည်းက ဖျက်သိမ်းမယ်လို့ ကြွေးကြော်ထားတဲ့ မထသကို ၂၀၁၇ ဇန်န၀ါရီ ၁၅ မှာတော့ တကယ်ကြီးဖျက်သိမ်းတော့မှာ ဖြစ်ပါတယ်။ မထသဖျက်လိုက်ရင် ဘာတွေဖြစ်မလဲ။ မောင်မှန်သိသလောက်တော့ ကားလမ်းတလျှောက်လိုင်းကားတွေတားတားပြီး လက်မှတ်ထိုးခိုင်းတာလား။ ပိုက်ဆံတောင်းတာလားမသိတဲ့ လူတွေပျောက်သွားမယ်ထင်ပါတယ်။ အများပိုင်ယာဉ်လိုင်းဆိုတာကြီးက ပုံစံတမျိုးမျိုးနဲ့ ထပ်အစားထိုးရင်တော့ မသိဘူးပေါ့လေ။ ပြည်သူတွေအတွက် ဘာတွေပိုကောင်းလာမလဲ။ ရေရေရာရာတော့ မရှိလှသေးပါဘူး။

ရန်ကုန်မြို့တော်မှာ လိုင်းကားစီးခရီးသည် နှစ်သန်းကျော်ရှိသတဲ့။ ဘတ်စ်ကားယာဉ်လိုင်းပေါင်း ၃၀၀ ကျော်ရှိသတဲ့။ (အများစုကို မထသကချုပ်ကိုင်ထားပါတယ်။) ဘတ်စ်ကားပေါင်း တသောင်းကျော် ပြေးဆွဲ နေတာတဲ့။ အွန်လိုင်းဂျာနယ်တစောင်ရဲ့ အဆိုအရ လိုင်းကားတစီးဟာ မထသကို တရက် ၆၀၀၀ တရား ၀င်ပေးရပြီး ၅၀၀၀ က တရားမ၀င်ပေးရတယ်ဆိုပဲ။ မထသရဲ့ တနေ့ဝင်ငွေတွက်ကြည့်ရင် နည်းမှတ်လို့၊ သိန်းထောင်ချီဝင်နေတာ။ လူမသိသူမသိဝင်နေတဲ့ငွေပါ။ ဒါကြောင့်လည်း လိုင်းကားတွေကို အရေးယူမှုအပိုင်း အားနည်းတာဖြစ်မယ်ထင်ပါတယ်။

ခုတော့ ပြောင်းပြီပေါ့။ အဦးဆုံးမောင်မှန် သတိထားလိုက်မိတဲ့ အပြောင်းအလဲကတော့ ကားခပါ ခင်ဗျာ။ ၁၀၀၊ ၂၀၀၊ ၃၀၀ တဲ့။ အရင် တရားဝင်နှုန်းထားက (အများစု) ၅၀၊ ၁၀၀၊ ၁၅၀၊ ၂၀၀ ပါ။ ဒါကို ကားသမားတွေက နည်းမျိုးစုံနဲ့ တော်လှန်ချိုးဖျက်နေတာတော့ ကြာခဲ့ပါပြီ။ ၅၀ မရှိ၊ ၁၅၀ မရှိဘဲ ၁၀၀၊ ၂၀၀ နဲ့ ကြိတ်နေတာ ကြာပါပြီ။ ၁၀၀ ဆိုတာက တမှတ်တိုင် နှစ်မှတ်တိုင်လောက်စီးရတာပါ။ သုံးမှတ်တိုင်လောက်ဆိုရင် ၂၀၀ ပဲ။ ပြည်သူတွေသိပြီးသားပါ။ အခု ၅၀ ကို တရားဝင်ဖျက်သိမ်းလိုက်ပါပြီ။ တရား ၀င် ၁၀၀ ဆိုတာကလည်း သုံးလေးမှတ်တိုင်ပဲဖြစ်မှာပါ။ ဒီတော့ ၂၀၀၊ ၃၀၀ ပဲ ဆိုပါစို့။ ကားခဈေးတက်သွားပါတယ်။ နောက်ပြီး ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ လိုင်းကားအစီးရေရဲ့ ၂၀ ရာခိုင်နှုန်းလောက် လျော့ကျသွားမယ်လို့လည်း ဆိုပါသေးတယ်။ (ဒါက လောလောဆယ်ဖြစ်မှာပါ။ နောင်ကိုတော့ ထပ်တိုးလာမယ် ထင်ပါတယ်။) လက်ရှိပြေးနေတာ တသောင်းကျော်ဆိုတော့ ရှစ်ထောင်လောက်သာ ကျန်မယ့်သဘောပဲ။ ကားတွေ ပိုကျပ် လာဦးမယ်။ ယာဉ်နောက်လိုက်အများစုရဲ့ အဆူအငေါက်အကြိမ်းအမောင်း အရိုင်းအပျကိုရော ကျော်နိုင်၊ နင်းနိုင်ပါ့မလား။ မသေချာလှပါဘူး။ ယာဉ်မောင်းတွေကိုတော့ လစာစနစ်နဲ့ပေးချေမှာတဲ့။ ကားဖိုက်တဲ့ဘေးကတော့ ဝေးနိုင်မယ်ထင်ပါရဲ့။ လတ်တလောမှာ ကားချိန်းတဲ့ကိစ္စလည်း မဖြစ်နိုင်သေးဘူး။ (ကြာရင်တော့ မပြောတတ်ဘူး) ဒီလိုကောင်းတာလေးတွေလည်း ရှိဦးမှ။ မောင်မှန်တို့ပြည်သူတွေက ရှင်းရှင်း လေးပါ။ မိုးပျံအောင်ကောင်းတယ်ဆိုတဲ့ ဘတ်စ်ကားမျိုးကြီးတွေကိုလည်း မစီးချင်လှပါဘူး။ တော်ရုံသင့်ရုံ အန္တရာယ်ကင်းရုံဆို အဆင်ပြေပါတယ်။ အဲ ကားခကတော့ သက်သာချင်တယ်ခင်ဗျ။ သက်သာလေ ကောင်းလေပဲ။ အနိမ့်ဆုံးလုပ်ခလစာ ၃၆၀၀ သတ်မှတ်ထားတဲ့နိုင်ငံမှာ မြို့စွန်ကလာတဲ့၊ မြို့စွန်ကို သွားရမယ့် အလုပ်သမားတယောက်ဟာ ၆၀၀ အလိုလိုပြုတ်သွားပါပြီ။ ကျန်တဲ့ ၃၀၀၀ နဲ့ တနေ့စာကို ပြည်သူများ ဇယားချကြည့်လိုက်ရင် သိပါတယ်။ ဘာလုပ်နိုင်မလဲဆိုတာ၊ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အများ ပြည်သူသယ်ယူပို့ဆောင်ရေး ဘတ်စ်ကားယာဉ်လိုင်းဆိုတာကို အလေးအနက် ကြိုဆိုလိုက်ပါတယ်။ (မကြိုဆို လို့လည်း မရဘူးလေ။ ဒီကားကိုပဲ နေ့တိုင်းစီးရမှာ။ တခြား ရွေးချယ်စရာဘာမှမရှိဘူး။ ဒီတော့ ဖားထားမှဖြစ်မှာ) မင်းအစိုးရအဆက်ဆက် ပန်းပန်လျက်ပါဆိုတဲ့ မထသကတော့ နငယ်ရေးချဝစ္စနှစ်လုံး ပေါက်သွားရပါပြီ။

အစိုးရသစ်ရဲ့သိသာထင်ရှားတဲ့ ပြောင်းလဲနိုင်မှု တခုလို့ အသိအမှတ်ပြုကြရမှာပါ။ (လက်တွေ့နဲ့ချိန် ထိုး ကြည့်ဖို့ရာလည်း မကြာတော့ပါဘူး။) နောက်ထပ်ပြောင်း စေချင်တာလေး ရေးပါဦးမယ်။ ပြီးခဲ့တဲ့လပိုင်းတွေက မိုးပြာဂိုဏ်း(ပစ္စုပ္ပန်ကမ္မ ၀ါဒီဂိုဏ်း)ရဲ့အကြောင်းတွေ အတော်လေးကြားလိုက်ရ၊ ဖတ်လိုက်ရတယ်။ မိုးပြာဂိုဏ်း ဆရာတော်ဦးဥာဏက ကြေညာတာ၊ သာသနာရေးဝန်ကြီးက ပြန်ပြောတာ၊ နိုင်ငံတော်သံဃနာယကအဖွဲ့က ကြေညာချက်ထုတ်ပြန်တာ အစရှိသဖြင့်ပေါ့လေ။ မောင်မှန်ဟာ မိရိုးဖလာ ဗုဒ္ဓဘာသာပါ။ ကိုယ်တိုင်ဆန်းစစ် လေ့လာကိုးကွယ်နိုင်စွမ်းရှိတဲ့သူ မဟုတ်ပါဘူး။ အန္ဓပုထုဇဉ်မျှသာပါ။ ဒီတော့ ဘာမှမသိပါဘူး။ ဘာသာ ရေးကြောင့် တရားစွဲမယ်၊ ဖမ်းမယ်၊ ဆီးမယ်ဆိုတဲ့ ကိစ္စတွေကိုလည်း ကြောက်ပါတယ်။ (အမှန်က ဘာသာ ရေးကြောင့်မှ မဟုတ်ပါဘူး။ ဘာကြောင့်ပဲဖြစ်ဖြစ် ကြောက်ပါတယ်။ လူကြားကောင်းအောင် ပြောတာပေါ့။) မောင်မှန်မသိတဲ့ကိစ္စတွေ၊ မောင်မှန့်အရာမဟုတ်တာတွေ ငြင်းခုံ ဆွေးနွေးနေကြတာ မောင်မှန် ဘယ်ဘက်ကမှ ၀င်မပါ ပါဘူး။ ဒါပေမဲ့ အခုနည်းနည်းရေးကြည့်ပါမယ်။ အယူဝါဒနဲ့ပတ်သက်လို့တော့ မဟုတ်ပါဘူး။ မောင်မှန် နားလည်သလောက်ကလေးပါ။

မိုးပြာဂိုဏ်းဆိုတာ မဆလခေတ်ကတည်းက ရှိခဲ့တာပဲ။ ဦးဥာဏဟာ သူ့အယူအဆကို မစွန့်တဲ့အတွက် မဟနက အဓမ္မ၀ါဒီအဖြစ်ကြေညာပြီး အကြိမ်ကြိမ် အရေးယူခဲ့ပါတယ်။ (သူ့အယူအဆ မှန်တာမှားတာ မောင်မှန် မသိပါဘူး။ ဘာသဘောထားမှလည်း မရှိပါဘူး။) ခုထိဦးဥာဏက သူ့ဝါဒကို မစွန့်တဲ့အတွက် ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ကုန်တာပါ။ ဒီဝါဒကို ထပ်ဖြန့်ဖြူးရင် ထပ်အရေးယူခံရဦးမှာပါ။

ဇန်န၀ါရီ (၈) ရက်နေ့က YMCA ခန်းမမှာ ကျင်းပတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ တမန်တော်နေ့ အခမ်းအနားကို အမျိုးသားရေးဝါဒီဆိုသူတွေက နှောင့်ယှက်ဟန့်တားမှု ပြုလုပ်လိုက်တာ နာရီဝက်လောက်ပဲ အကျဉ်းရုံးပြီး ကျင်းပလိုက်ရပါတယ်။ ဒါတောင် သက်ဆိုင်ရာတာဝန်ရှိသူတွေ ရောက်လာပြီး စေ့စပ်ညှိနှိုင်းပေးလိုက်လို့ ဒီလောက်နဲ့ပြီးသွားတာ။ အချိန်မီသာရောက်မလာရင် ဘာတွေဆက်ဖြစ်မယ် မသိဘူး။ မောင်မှန် အစ္စလာမ်ဘာသာကိုလည်း ဘာမှမသိပါဘူး။ ဒါပေမဲ့လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို သိပါတယ်။ သူတပါးဘာသာရေးကို (အကြောင်းမဲ့) မစော်ကားရဘူးဆိုတာ သိပါတယ်။ အစိုးရသစ် လက်ထက် မှာ အတန်ကြာငုပ်လျှိုးနေခဲ့တဲ့ အပူနာဟာ အခုတကျော့ပြန် ပေါ်လာတာပါ။ ဒါဟာ ဘာသာရေးကိစ္စ သက်သက် မဟုတ်ပါဘူး။ အစိုးရသစ်ရဲ့တရား ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှုဖော်ဆောင်ရေးကို စိန်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။ ပြန်ပြီး သွေးတိုးစမ်းလာတာလည်း ဖြစ်ပါတယ်။ ဘာသာရေးကို အကြောင်းပြုလို့ လူထုကို အာရုံလွှဲချင်နေပုံလည်းရပါတယ်။ ဒါတွေကို မပြောင်းလဲနိုင်ရင် မထသကို ဖျက်သလို မဖျက်နိုင်ရင် ပြည်သူတွေအတွက် ရတက်အေးနိုင်မယ် မထင်ကြောင်းပါခင်ဗျာ။

မောင်မှန်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.