နေပြည်တော် ဇန်န၀ါရီ ၁၈
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီနှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်မှုအပါအ၀င် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုများ၊ လူ့အခွင့် အရေးမြှင့်တင်ကာကွယ်ရေး ကဏ္ဍတွင် မြန်မာနိုင်ငံအနေဖြင့် ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်နေသည့်ကိစ္စများ၊ တည်ဆဲဥပဒေများကို နိုင်ငံတကာ စံနှုန်း နှင့်အညီ ပြန်လည်သုံးသပ်မှုများပြုလုပ်သည့်ကိစ္စနှင့် ဥပဒေကြမ်းရေးဆွဲမှု လုပ်ငန်းစဉ်များ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ အခြေအနေနှင့် ယင်းဒေသများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများ တိုးမြှင့်ဆောင်ရွက်သွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့မှုများအပေါ် အထူးအစီရင်ခံစာ တင်သွင်းသူအနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်းပြောကြားခဲ့ပြီး နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ထွက်ပေါ်နေသည့် စွပ်စွဲပြောဆိုချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ ရခိုင်ပြည်နယ်တွင် လိုအပ်သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
Myanmar State Counsellor Office

COMMENTS