စိတ်ဓာတ်တွေကိုအတုယူကြ -သရ၀ဏ်(ပြည်)

မြန်မာနိုင်ငံတွင်လူတွေသည် အလွယ်လမ်းကိုလိုက်ကြတာများသည် ။ ကိုရီးယားရုပ်ရှင်ဇာတ်ကားများ တီဗီစီးရီးများကိုကြည့်ကြသောအခါ ကိုရီးယားများ အပြင်းအထန်မနားမနေအလုပ်လုပ်တတ်တာ ၊ အချိန်လေးစားတာ ၊ စားချိန်စား နားချိန်နားကြတာ ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာကြတာ၊စည်းကမ်းမဲ့အမှိုက်မပစ်တာ တွေကို အတုယူမည့်အစား ကျွန်တော်တို့ ရွှေမြန်မာချစ်သူစုံတွဲများက ယောက်ကျားလေးကမိန်းကလေးကို ကုန်းပိုးတာကို အတုယူချင်ယူသည် ။

မင်းကိုငါချစ်တယ်ဟုပင်လယ်ကြီးထဲသို့ ကြည့်ပြီးအော်လိုက်တာကိုပေါတောတောအတုယူချင်ယူသည် ။ ကိုရီးယားမှာ အနုတ် ၃ ဒီဂရီလောက်ရာသီဥတုချမ်းအေးသဖြင့် အနွေးထည်းအင်္ကျီကြီးများ ၊လောင်းကုတ်ကြီးများဝတ်ကြတာကို မြန်မာပြည်နေပူပူချွေးတလုံးလုံးဖြင့်လိုက်ဝတ်ချင်ဝတ်သည် ။ အိမ်ထောင်ရေးဖောက်ပြန်ကြသည့်အဖြစ်တွေ ၊ မိန်းကလေးတန်မယ့် အရက်သောက်သည့်ပြကွက်တွေကိုအတုခိုးချင်ခိုးကြသည် ။တကယ့်အနှစ်သာရကိုအတုယူဖို့ ဆိုလျှင် အပင်ပန်းခံရသည် ။ ကြိုးစားရသည် ။ အချိန်ယူရသည် ။အခြေခံကစပြီးကြိုးစားရသည် ။ မြန်မာသည်ထိုသို့မလုပ်ချင် ။ အပေါ်ယံတွေကို အလွယ်လိုက်တာများသည် ။ အင်္ဂလိပ်ကခေတ်က အင်္ဂလိပ်များ တုတ်ကောက်နှင့် လမ်းထွက်လျှောက်တာ ၊ နောက်ပိတ်ဖိနပ်စီးတာ ၊ဒင်နာပါတီပေးတာ ၊ ဘိုဆန်ဆန်ကကြတာ ၊ မြန်မာနာမည်ရှေ့တွင်ဘိုနာမည်များတပ်ကြတာကို အတုယူကြသည် ။ အင်္ဂလိပ်ကျွန်းနိုင်ငံသေးသေးလေးသည် တကမ္ဘာလုံးကိုသိမ်းပိုက်အုပ်ချုပ်နိုင်ရခြင်း၏အဓိကအကြောင်းတရားများဖြစ်သော ၊ ခေတ်ပညာတတ်ခြင်း၊အမြင်ကျယ်ခြင်း၊သိပ္ဖံပညာ ထွန်းကားခြင်း ၊ အလုပ်လုပ်ရာတွင် စနစ်တကျရှိခြင်း၊ အချိန်လေးစားခြင်း ၊ စည်းစနစ်ကောင်းခြင်း စသောအတုယူဖွယ်အရည်အချင်းများကိုကျွန်တော်တို့ မရလိုက်တာများသည် ။ မြန်မာသည်အချိန်မလေးစားရာ၌ မြန်မာစံတော်ချိန်ဆိုသည့်အခေါ်အဝေါ်ပင် နိုင်ငံကျော်ဝေါဟာရဖြစ်နေပေသည် ။

မြန်မာနိုင်ငံ၏ခေါင်းဆောင်များအကြောင်းကိုလေ့လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပါတ်သက်၍ဖြစ်စေ ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတ်သက်၍ဖြစ်စေ အတုယူစရာအထင်ကြီးလေးစားလောက်ဖွယ် အံ့မခန်းစိတ်ဓာတ်များစွာရှိသည် ။ သို့ သော် အချို့လူများသည်စိတ်ဓာတ်တွေကိုအတုယူရမည့်အစားအပေါ်ယံတွေကိုသာ အလေးထားပြီး လိုက်နာနေကြတာလည်းယနေ့ ထက်တိုင်တွေ့ နိုင်သည် ။ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပါတ်သက်၍ လူငယ်သလောက်စာဖတ်တာ၊ အင်္ဂလိပ်စာတော်တာ၊ နိုင်ငံတော်၏ပိုက်ဆံကိုမလိုအပ်လျှင်တပြားတချပ်မှမကုန်စေချင်တာ ၊ မိသားစု အရေးအရာထက် နိုင်ငံတော်အကျိုးစီးပွားကိုပို၍အလေးထားတာ ၊
အမှန်တရားအတွက်တိုက်ပွဲဝင်ရဲတာ၊ အောက်ခြေရဲဘော်များနှင့်တတန်းတစားတည်းနေထိုင်စားသောက်လေ့ရှိသောအကျင့်များသည် ကောင်းမြတ်သောစိတ်ဓာတ်များဖြစ်သည် ။ သို့ သော်ထိုမြင့်မြတ်သောစိတ်ဓာတ်များသည် ကျင့်သုံးလိုက်နာရခက်လှသည် ။ထို့ ကြောင့်မြန်မာများကအလွယ်လမ်းလိုက်သည် ။ ဗိုလ်ချုပ်အောင်ဆန်း ပဲပြုပ်နှင့်နံပြားစားသဖြင့် ဗိုလ်ချုပ်လိုဖြစ်ချင်သူများက ပဲပြုပ်နှင့်နံပြားလိုက်စားကြသည် ။ဟိုကနေမကောင်းသဖြင့် တောင့်တကာစားခြင်းဖြစ်သည် ။ နေ့ခင်းနေ့လည်ဘက် ပူပူနွေးနွေး ပဲပြုပ်နံပြားစားခြင်းဖြစ်သည် ။ အရသာရှိပေမည် ။ ကျွန်တော်တို့ကတလွဲဆံပင်ကောင်းကာ ပဲပြုပ်နှင့်နံပြားတွေလိုက်စားကြသည် ။စားသည့်အချိန်က ညကိုးနာရီ ဆယ်နာရီခန့်  ။ မနက်တည်းကရိုက်ထားသောနံပြားများလည်းပျော့ပြီ ။ မနက်စောစော ကတည်းကပြုတ်ထားသောပဲပြုတ်များလည်း အောက်နေပြီ ။ ဒါတွေကိုစားကာဗိုလ်ချုပ်ကိုအတုခိုးကြ၏ ။ မိန်းကလေးတွေက ဒေါ်အောင်ဆန်းစုကြည် ၀တ်ပုံစားပုံကိုသာ ကြည့်၍ ဘယ်လိုလှကြောင်းဘယ်လိုချောကြောင်း ၊ ဘယ်အချိတ်ထဘီကဘယ်လိုအဆင်ဆန်းကြောင်း ၊ ဘယ်ပုဝါကဘယ်ကလာကြောင်း ဒါတွေပြောကြသည် ။ သူမ၏ သံမဏိနှင်းဆီစိတ်ဓာတ်ကိုအတုယူအားကျကာ ထိုသို့ ဖြစ်ဖို့  ကြိုးစားတည်ဆောက်ကြသူတွေအင်မတန်နည်းလှသည် ။

NLD အစိုးရ အာဏာရကာစ ၂၀၁၆ ဧပြီလထဲတွင် မြန်မာနိုင်ငံသို့  ပထမဆုံးနိုင်ငံတော်ဧည့်သည်အဖြစ် စင်္ကာပူနိုင်ငံမှဝန်ကြီးချုပ် လီရှန်လွန်း အလည်အပါတ်ရောက်လာ၏ ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးထင်ကျော် တို့ခေါင်းဆောင်သော အစိုးရ၏ပထမဆုံး နိုင်ငံတော်ညစာစားပွဲကို တနိုင်ငံလုံးကစိတ်ဝင်စားကြသည် ။ ဘာတွေကျွေးမှာလဲ ၊ဘာအဖျော်ယမကာတွေတိုက်မှာလဲ ၊ ဘာတွေနဲ့ တည်ခင်းဧည့်ခံမှာလဲ ။ ပထမဆုံး နိုင်ငံတော်ညစာစားပွဲ ( State Dinner ) ကြီးကိုဘယ်လိုကျင်းပမှာလဲ ။သံတမန်များနှင့်တကွ ၊ ရွေးကောက်ပွဲတွင်မဲရှုံးသွားသော ပါတီများ ၊ အာဏာရှင်ဟောင်းများ ၊နိုင်ငံရေးအသိုင်းအ၀ိုင်းကစိတ်ဝင်တစားစောင့်ကြည့်ကြသည် ။ အံ့သြဖွယ်ကောင်းလောက်အောင်ပင် ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရက အကုန်အကျသက်သာ၍ ရိုးရှင်းသော ညစာစားပွဲဖြင့်ဧည့်ခံသည် ။ ဗူးသီးနှင့်ကြက်သားကာလသားဟင်း ကျွေးသည် ။ ထူးခြားမှုအဖြစ် အရက်ဘီယာ လုံးဝမတိုက် ။ ယခင်က ၀ိုင်များ ၊ ဘီယာများ၊ ၀ီစကီများ ၊ နိုင်ငံခြားအရက်အကောင်းစားများ ချောင်းစီးလောက်အောင် (နိုင်ငံတော်ဘဏ္ဍာဖြင့်)စားကြသောက်ကြဧည့်ခံခဲ့တာတွေ ကို တော်လှန်ကာ ရပ်တန့် ပစ်ခဲ့ပြီဖြစ်သည် ။ အချိုပွဲတွင်လက်ဘက်ရည်တိုက်တာတွင်ပင် ခပ်ရိုးရိုး ရှမ်းလဘက်ခြောက်ခပ်ထားသောရေနွေးကြမ်း ကိုတိုက်သည်။ လစ်ပတန်လဘက်ရည်ကိုတိုက်သည် ။

ဧည့်သည်တော်လီရှန်လွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံလို၍လာခဲ့ခြင်းဖြစ်ရာ ဘာပဲကျွေးကျွေး လက်ခံသည် ။သို့ သော် မြန်မာနိုင်ငံကိုဆိုရှယ်လစ်စနစ်လိုလို စစ်အာဏာရှင်စနစ် အကြောက်တရားတို့ဖြင့် ၂၆ နှစ်တာအုပ်စိုးသွားသောအာဏာရှင်ဟောင်းကြီးဦးနေ၀င်း၏မြေးဖြစ်သူ အေးနေ၀င်းကဖေ.စ်ဘွတ်တွင်တစခန်းထလာသည် ။ နိုင်ငံတော်ညစာစားပွဲတွင် လစ်ပတန်လက်ဘက်ရည်တိုက်လိုက်ခြင်းသည် မကြားဝံ့မနာသာ ရာဇ၀တ်မှုခင်းကြီးသဖွယ် ကဲ့ရဲ့ရှုတ်ချပြီး ဂုဏ်ကျက်သရေကင်းမဲ့သည့်လုပ်ရပ် ( Such a disgrace ) ဆိုသော စာလုံးကိုသုံးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်တိုက်ခိုက်သည် ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကကြီး လက်ထက်က မြန်မာနိုင်ငံထဲတွင် မြင်းပွဲများကို ပိတ်ထားသည် ။ လူငယ်တွေစာရိတ္တထိခိုက်မှာစိုး၍ပိတ်သလိုလို ၊အရင်းရှင်တို့ ၏ ရေပေါ်ဆီအားကစားမို့ ပိတ်သလိုလို ၀ါဒဖြန့်ထားသည် ။ ဦးနေ၀င်းကိုယ်တိုင်ကတော့ အင်္ဂလန်သို့ သွားပြီးမြင်းလောင်းသည် ။ ဦးနေ၀င်းမြင်းပွဲ မှာရောက်နေသောဓာတ်ပုံသည် ထိုခေတ်က Times မဂ္ဂဇင်းမှာ ကမ္ဘာကျော်ဓာတ်ပုံအဖြစ်ပါလာသည် ။ သူ့ ဓာတ်ပုံပါသော တိုင်းမဂ္ဂဇင်းမှာ ထိုအပါတ်က မြန်မာနိုင်ငံတွင်ဖြန့်ချိခွင့်မရပဲ အပိတ်ခံရသည် ။ နိုင်ငံကဆင်းရဲနေချိန် ၊ ပြည်သူတွေ ကို လောင်းကစားအဖြစ်ပိတ်ပင်ထားချိန်တွင် တိုင်းပြည်ခေါင်းဆောင်တယောက်ကအပြောတမျိုးအလုပ်တမျိုး လုပ်ပြနေခြင်းသည် အေးနေ၀င်းပြောပြောနေသော ဂုဏ်ကျက်သရေယုတ်မှု ( Disgrace ) ဖြစ်ပါသည် ။ ဒေါ်အောင်ဆန်းစုကြည်နှင့်ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်မှာအတုယူထိုက်သောစိတ်ဓာတ်ဖြစ်ပြီး ဗိုလ်ချုပ်နေ၀င်း၏စိတ်ဓာတ်မှာ ရှောင်ရမည့်စိတ်ဓာတ်မျိုးဖြစ်ပါသည် ။

စစိအစိုးရလက်ထက်တလျှောက်လုံး လမ်းဆုံလမ်းခွများတွင် “ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအားဆန့် ကျင်ကြ “ဟုဝါဒဖြန့်ခဲ့ကြသည် ။ ထိုဝါဒဖြန့်သူများသည် နှာစေးချောင်းဆိုးလောက်မှစကာ ပုံမှန်ကျန်းမာရေးစစ်ဆေးသည်အထိ စင်္ကာပူနိုင်ငံကိုပြေးကြသည် ။စင်္ကာပူမှဆေးစစ်ကြသည် ။စင်္ကာပူမှာဆေးကုကြသည် ။စင်္ကာပူမှသေကြသည် ။ သူတို့သားသမီးများကို နိုင်ငံခြားတွင်ကျောင်းထားကြသည် ။ သူတို့စောင်းမြောင်းကဲ့ရဲ့ခဲ့သောဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ မြန်မာနိုင်ငံသို့ရောက်လာသည်မှစကာ တခါမှပြည်ပထွက်၍ဆေးကုသမခံခဲ့ပဲ ရန်ကုန်နှင့်နေပြည်တော်ဆေးရုံများတွင်ပဲ ကျန်းမာရေးနှင့်ပါတ်သက်လာလျှင် ကုသစစ်ဆေးမှုခံယူခဲ့တာလဲ အတုယူသင့်သည့်စိတ်ဓာတ်များဖြစ်သည် ။ အာဏာနှင့်ပါတ်သက်လာလျှင် အလွဲသုံးစားမလုပ်သောစိတ်ဓာတ်တခုကိုလည်းအတုယူဖွယ်ဖြစ်သည် ။

မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် ရုပ်ရှင်ကုမ္မဏီသက်တမ်းတိုးလျှောက်ထားရာတွင် လျှောက်လွှာပုံထဲတွင် ဒေါ်အောင်ဆန်းစုကြည်အမည်နှင့် လျှောက်လွှာတစောင်တွေ့ ရာ ထိုလျှောက်လွှာကိုစိတ်ဝင်စားသဖြင့် စာရေးဆရာတယောက်ကသေသေချာချာကြည့်ရှုလေ့လာခဲ့သည်ဆို၏ ။ ထိုအခါသိရသည်မှာ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ဖတ္တိ ရုပ်ရှင်ရိုက်ရန်ရုပ်ရှင်ကုမ္မဏီတခုလိုအပ်ရာ ရပ်ရှင်သရုပ်ဆောင် ကိုကျော်သူက သူတို့ မိသားစုပိုင် အမျိုးသားရုပ်ရှင်ကုမ္မဏီကို ဒေါ်အောင်ဆန်းစုကြည်အားမေတ္တာဖြင့် ပေးလှူခဲ့သည်ဆို၏ ။ ဗိုလ်ချုပ်ရုပ်ရှင်မှာသိကြသည့်အတိုင်းတော်တော်နှင့်မပြီး သဖြင့်ထိုရုပ်ရှင်ကုမ္မဏီကိုသက်တမ်းတိုးရန်လိုအပ်လာရာ နိုင်ငံ့ခေါင်းဆောင်ဖြစ်နေပြီဖြစ်သောဒေါ်အောင်ဆန်းစုကြည်သည် ရာထူးအာဏာအရှိန်အ၀ါကိုအခွင့်ထူးခံအသုံးမချပဲ သာမန်ပြည်သူတယောက်လို ပုံမှန်လမ်းကြောင်းအတိုင်းသက်တမ်းတိုးလျှောက်လွှာတင်ထားခြင်းကိုတွေ့ ခဲ့ရခြင်းဖြစ်၍ လက်ဖျားခါလောက်အောင်ချီးကျူးလိုက်နာသင့်သော စိတ်ဓာတ်များဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်းလက်ထက်ကလည်း သူစားမည့်ထမင်းဝိုင်းတွင် ဟင်းကောင်းများဖြင့်ပြင်ဆင်ထားပြီး ရဲဘော်များစားမည့်ထမင်းဝိုင်းတွင်ဟင်းကောင်းကျွေးကောင်းမရှိသည်ကို မြင်သွားပြီး ရဲဘော်တွေစားသလိုပဲ သူစားမည် ၊သူ့ ကို အထူးသီးသန့်ပြင်မပေးပါနဲ့ဟုပြောခဲ့သည့်စိတ်ဓာတ်ကို သတိရမိသည် ။ လမ်းသွားရင်းကားပျက်သည်ကိုပင် ဗိုလ်ချုပ်အောင်ဆန်းသည် မင်းနဲ့ငါဆင်းတွန်းကြတာပေါ့ဟုဆိုကာ အပါးတော်မြဲနှင့်အတူကားဆင်းတွန်းဖို့ လုပ်ခဲ့သောစိတ်ဓာတ်သည် အင်မတန်မြင့်မြတ်သောစိတ်ဓာတ်ဖြစ်သည် ။ ထိုစိတ်ဓာတ်မျိုးကိုကျွန်တော်တို့ နိုင်ငံမှလူများစုစိတ်ထဲရောက်လျှင်နိုင်ငံတိုးတက်မည် ။

ဗိုလ်ချုပ်အောင်ဆန်းသည် မှန်ရာကိုရဲရဲဝံ့ဝံ့တဲ့တိုးပြောရဲသည် ။ပြောတတ်သည် ။ မြန်မာနိုင်ငံသို့  အရှေ့တောင်အာရှမဟာမိတ်တပ်ပေါင်းစု၏စစ်သေနာပတိ နှင့်နောင်အခါ အိန္ဒယဘုရင်ခံချုပ်ဖြစ်ခဲ့သူ လော.ဒ်မောင့်ဘက်တန် အလည်လာစဉ်က မောင့်ဘက်တန်ကိုကြိုဆိုဂုဏ်ပြုပွဲတခု ရန်ကုန်မြို့ အိုးရီးယန့် အဆောက်အအုံတွင်ကျင်းပပြုလုပ်ခဲ့သည် ။ ထိုပွဲသို့ သခင်အောင်ဆန်းလဲတက်ခဲ့သည် ။ ဗြိတိသျှအရာရှိကြီးမောင့်ဘက်တန်မိန့်ခွန်းပြောသောအခါ မြန်မာနိုင်ငံရေးသမားများကိုပုတ်ခတ်ဝေဖန်သလိုရှိသောစကားတခွန်းပါသွားသည် ။ထိုစကားမှာ “ Politics is the refuge of the scoundrels (နိုင်ငံရေးဆိုတာ ယုတ်ညံ့တဲ့သူတွေရဲ့ခိုလှုံရာအရပ် ) “ ဆိုသည့်စကားဖြစ်သည် ။ထိုစကားကိုမခံနိုင်သော်လည်းမည်သူကမျှထမပြောရဲကြ ။ ဗိုလ်ချုပ်အောင်ဆန်းတယောက်သာ ဇိုးကနဲဇာတ်ကနဲထ၍

“ နိုင်ငံရေးလောကဆိုတာ လူယုတ်မာတွေခိုကိုးရာဒေသဖြစ်တယ်လို့ ဘုရင်ခံချုပ်ကြီးပြောသွားပါတယ်။ဒါဟာအနောက်နိုင်ငံမှာမှန်ကောင်းမှန်မယ်။ ကျုပ်တို့ဆီမှာနိုင်ငံရေးဆိုတာဟာပရဟိတလုပ်ငန်း ၊လောကတ္ထစရိယကျင့်တဲ့လုပ်ငန်း၊ဒါဟာဒွိဟိတ်ပုဂ္ဂိုလ်တွေ မလုပ်နိုင်ပဲ တိဟိတ်ပုဂ္ဂိုလ်များ၊ဘုရားအလောင်းများမှသာလုပ်နိုင်တဲ့လုပ်ငန်းလို့ ယူဆထားတယ် ။
အဲဒိလိုအလွန်မွန်မြတ်တဲ့အထဲမှာ တခါတရံလူယုတ်မာတွေပါကောင်းပါလာမယ်။အဲဒါကြောင့်နိုင်ငံရေးအလုပ်ဟာ မကောင်းဘူးလို့ ဆိုရတော့မှာလား ။ဥပမာတခုပြောပြပါရစေ။ဒီအိုးရီးရင့်အဆောက်အအုံကြီးဟာလူအများစုဝေးဖို့တည်ဆောက်ထားတယ် ။အစောင့်အကြပ်ကင်းမဲ့ချိန်မှာတခါတရံခွေးတွေတက်အိပ်နေကြတယ် ။အဲဒိလိုခွေးတွေတက်အိပ်နေတာကိုကြည့်ပြီး ဒီအဆောက်အအုံကြီးဟာခွေးအိပ်ဖို့ ဆောက်ထားတာပါလို့ ဆိုရင် မှန်ပါ့မလား။မမှန်ပါဘူး ။
ဒါကြောင့်နိုင်ငံရေးဟာလည်းဒီလိုပါပဲ။ အင်မတန်မွန်မြတ်ပါတယ် ။ ဒီအဆောက်အအုံကြီး ပေါ်မှာခွေးတက်အိပ်သလို လူယုတ်မာတွေလည်း အလစ်မှာနိုင်ငံရေးလောကထဲကိုဝင်လာတတ်ပါတယ် ။ အဲဒိလိုဝင်လာတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံရေးသမားစစ်တွေက ဒီလူယုတ်မာတွေကို မျက်ခြေမပြတ်ဟန့် တားဝိုင်းပယ်နိုင်သည်နှင့်အမျှ နိုင်ငံရေးလောကကြီးဟာ သန့် ရှင်းစင်ကြယ်မွန်မြတ်လာပါလိမ့်မယ်။ ဒါပဲကျုပ်ပြောချင်တာ “

ဟုပြောပြီးစင်ပေါ်မှဆင်းကာသူ့ နေရာသူပြန်ထိုင်နေသည်ဆို၏ ။ ထိုသို့ အမှန်တရားအတွက်ချက်ကျလက်ကျထပြောရဲသောဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်ကိုချီးကျူးလေးစားအတုယူရမည်ဖြစ်သည် ။ထိုနည်းတူပင်ဗိုလ်ချုပ်စကားအဆုံး၌ လူပုံအလည်တွင်ဗိုလ်ချုပ်အောင်ဆန်းကိုမဆိုင်းမတွ ထတောင်းပန်ခဲ့သော လော့မောင့်ဘက်တန်၏ လူကြီးလူကောင်းဆန်မှုကိုလည်း ကျွန်တော်တို့ချီးကျူးလေးစားအတုယူရမည်ဖြစ်သည် ။ မောင့်ဘက်တန်က ဗိုလ်ချုပ်အောင်ဆန်းထိုသို့ ပြောလိုက်လျှင် စင်ပေါ်သို့ တဖန်တက်လာ၍

“ဒီနေ့ ညစကားပြော့တဲ့အထဲမှာအစီအစဉ်ထဲမှာမပါတဲ့ သခင်အောင်ဆန်းရဲ့ မိန့်ခွန်းဟာအဖိုးအတန်ဆုံးပါပဲ ။ ကျွန်တော်ပြောမိတာကတော့ ထမင်းစားပွဲအပြီး ရယ်စရာမောစရာအနေနဲ့ ခပ်ပေါ့ပေါ့နိုင်ငံရေးလောကကိုပြက်ရယ်ပြုတဲ့စကားပြောမိပါတယ်။ အလွန်ဝမ်းနည်းမိပါတယ်။ ကျွန်တော်ပြောမိတဲ့အချက်အလက်တွေကိုရုပ်သိမ်းပါတယ်ခင်ဗျား “

ဟု လော.ဒ်မောင့်ဘက်တန်က ရှင်းပြတောင်းပန်ခဲ့သည် ။ထိုစိတ်ဓာတ်မှာချီးကျူးဖွယ်ဖြစ်သည် ။ မောင့်ဘက်တန်သည်ဗိုလ်ချုပ်အောင်ဆန်းထက်အသက် ၁၅ နှစ်ကြီးသည် ။ ရာထူးအရလည်းအလွန်ကွာသည် ။ သူက မဟာမိတ်တပ်ပေါင်းစု၏အရှေ့တောင်အာရှသေနာပတိ ၊ ဗိုလ်ချုပ်ကမြန်မာ့တပ်မတော်မှပူပူနွေးနွေးနှုတ်ထွက်ကာ နိုင်ငံရေးလောကထဲမှာ အာဏာမရသေးသောဖဆပလပါတီတွင်လုပ်ကိုင်နေရသူ ။ နိုင်ငံချင်းဆိုလျှင်လည်း အင်္ဂလန်သည် အုပ်စိုးသူသခင်နိုင်ငံ ၊ မြန်မာသည် သူ၏ကိုလိုနီကျွန်နိုင်ငံ ။ ထိုသို့အဖက်ဖက်ကကွာခြားသော်လည်း ဗိုလ်ချုပ်အောင်ဆန်းထပြောသောစကားမှာအမှန်တရားဖြစ်နေသောအခါ သူမှားသည်ကိုမှားပါသည်ဟုလူပုံအလည်တွင်ဝန်ခံရဲသောသတ္တိမှာတော်ရုံတန်ရုံစိတ်ဓာတ်မဟုတ်ပေ ။ မြန်မာနိုင်ငံအာဏာရလူကြီးအဆက်ဆက်တွင် ကိုယ်မှားသည်ကိုမှားပါသည် ဟုမောင့်ဘက်တန်လိုလူကြီးလူကောင်းဆန်ဆန် ၀န်ခံတောင်းပန်တတ်တသောဓလေ့များထွန်းကားခဲ့ပါက မြန်မာ့နိုင်ငံရေးခရီးသည်ဤမျှကြာရှည်ကြမ်းတမ်းမည်မထင် ။ယခုတော့ အကြွေးကြေအောင်ထမင်းတနပ်လျှော့စားပါဟုဆိုသူများ ၊ နယ်လှည့်ပါးရိုက်လာတာဟုဆိုသူများ ၊တပည့်တော်တို့ကတရုတ်ကိုလဲကြောက်ရပါသည်ဆိုသူများ ၊ မီးမလင်းရင်ဖယောင်တိးုင်ထွန်းနေကြပါဆိုသူများ ၊ ဓားကိုဓားချင်းလှံကိုလှံချင်းဟုဆိုသူများ ၊ တပ်မတော်ဟာပစ်ရင်တည့်တည့်ပစ်တယ် အပေါ်ကိုထောင်မပစ်ဘူးဆိုသူများ ကသူတို့အမှားသူတို့မမြင်ကြသောအခါတိုင်းပြည်နစ်နာရလေသည် ။

မြန်မာတို့သည်အတုခိုးလွယ်သောစိတ်ထားပိုင်ရှင်များဖြစ်သည် ။ သူများ နယူရီးယားဆိုကိုယ်လိုက်နယူရီးယားသည် ။ သူများဗာလင်တိုင်းလျှင်ကိုယ်လိုက်ဗာလင်တိုင်းသည် ။သူများ ဟော်လိုဝင်ညဆိုလျှင်ကိုယ်လိုက်ဟော်လိုဝင်သည် ၊သူများ အိဒ်နေ့ ဆိုကိုယ်လဲရောယောင် အမဲသားတောင်းစားသည် ။ သူများ ဟိန္ဒူမီးနင်းပွဲလုပ်လျှင်ကိုယ်လဲရောယောင်ပါသည် ။သူများဘာဝတ်သည်ဆိုလျှင်ကိုယ်နှင့်လိုက်လိုက်မလိုက်လိုက် အတုခိုးဝတ်ဆင်ကြသည် ။ တကယ်တော့ကျွန်တော်တို့သည် ကောင်းမွန်မြင့်မြတ်သောစိတ်ဓာတ်တွေကိုအတုယူကြရမည်ဖြစ်သည်။သမိုင်းတွင်ယုတ်မာညစ်ထေးခဲ့သောစိတ်ဓာတ်များကိုရှောင်ရှားကြရမည်ဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်မျိုး ၊ဒေါ်အောင်ဆန်းစုကြည်စိတ်ဓာတ်မျိုး ၊ လော.ဒ်မောင့်ဘက်တန်၏စိတ်ဓာတ်မျိုးကိုသာလက်ဆင့်ကမ်းအတုကြရမည်ဖြစ်ပါကြောင်းနှင့် ဦးနေ၀င်းစိတ်ဓာတ် ၊ အာဏာရှင်စိတ်ဓာတ် ၊ တာဝန်မဲ့သူအချို့၏စိတ်ဓာတ်နှင့်အပေါ်ယံကြော ထုံးစံဓလေ့များကို အတုယူရမည်မဟုတ်ပါကြောင်းရေးသားလိုက်ရပေသည် ။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ်
၁၃.၁.၂၀၁၇

COMMENTS

Name

art,1,article,1323,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,33,history,2,international,7728,interview,221,knowledge,9,Live,8,LocalNews,16360,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,155,statement,59,technic,58,translate,34,video,1068,voice,76,
ltr
item
dawnmanhon: စိတ်ဓာတ်တွေကိုအတုယူကြ -သရ၀ဏ်(ပြည်)
စိတ်ဓာတ်တွေကိုအတုယူကြ -သရ၀ဏ်(ပြည်)
https://3.bp.blogspot.com/-J4Ef4k7x438/WHsBjShKf2I/AAAAAAAAawQ/5ccm3JVIE_4hUPXNwtXuCEEQDGZUFk0WQCLcB/s640/q1.jpg
https://3.bp.blogspot.com/-J4Ef4k7x438/WHsBjShKf2I/AAAAAAAAawQ/5ccm3JVIE_4hUPXNwtXuCEEQDGZUFk0WQCLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/01/blog-post_762.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/01/blog-post_762.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy