အနောက်တံခါးကို လူသားတံတိုင်းဖြင့် ကာရံခြင်း


ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဘူးသီးတောင်၊ မောင်တောမြို့နယ်များရှိ ဒေသခံတိုင်းရင်းသားများနှင့် တရားမ၀င် ဘင်္ဂါလီများအကြား လူဦးရေ အချိုးအစား အဆမတန် ကွာဟနေမှုကို တိုင်းရင်းသား ကျေးရွာ သစ်များ တည်ထောင်ပေးခြင်းဖြင့် ထိန်းညှိရန် စစ်အစိုးရလက်ထက်ကတည်းကပင် ကြိုးပမ်းခဲ့ဖူးသည်။ ဘင်္ဂါလီလူဦးရေ အဆမတန် တိုးပွားနေမှုကို ဘင်္ဂလားဒေ့ရှ်နှင့် တခြားအစ္စလာမ်နိုင်ငံများသို့ ပို့ဆောင်လျှော့ချရန် စဉ်းစားတွေးခေါ်မှုများနှင့်ယှဉ်လျှင် ထိုနည်းလမ်းမှာ ပိုမိုလက်တွေ့ကျပြီး အလုပ် ဖြစ်နိုင် ခြေများသည်။ သို့သော် စစ်အစိုးရလက်ထက်က ဆောင်ရွက်ချက်များမှာ ထင်သလောက်အောင် မြင်မှုမရရှိခဲ့ပေ။ ပြည်နယ်တွင်း လူမျိုးရေး၊ ဘာသာရေးဆန်ဆန် ပဋိပက္ခများနှင့် ရင်ဆိုင်ခဲ့ရသည့် သမ္မတ ဦးသိန်းစိန် အစိုးရ၏ ၅ နှစ်သက်တမ်းတွင်လည်း ထိုနည်းလမ်းကို ပြန်လည်အကောင်အထည်ဖော်ရန် အချိန်မရသည့်အနေအထားတွင်ရှိခဲ့သည်။ လက်ရှိ NLD အစိုးရတက်လာချိန်တွင် ပြန်လည်အကောင်အထည်ဖော်ရန် ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။

မောင်တောနယ်စပ်ဒေသ၌ တိုင်းရင်းသားကျေးရွာသစ်များ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းကို န၀တစစ်အစိုးရလက်ထက် ၁၉၉၀ ပြည့်နှစ်အလွန်ကာလများတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဘ၀သစ်စီမံကိန်းဟု ခေါင်းစဉ်ပေးကာ ကျေးရွာပေါင်း ၃၀ ကျော်ကို တိုးချဲ့တည်ဆောက်ခဲ့ကြောင်း သိရသည်။ အများစုက ထိုဘ၀သစ်စီမံကိန်းကို အောင်မြင်မှုမရရှိခဲ့သည့် စီမံကိန်းအဖြစ်သာ မှတ်ချက်ပြုကြသော်လည်း နယ်စပ်ရေးရာဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးစိုင်းထွန်းညိုကတော့ အောင်မြင်မှု တချို့ရှိခဲ့ကြောင်း ပြောကြားသည်။

''အရင်ကရွာ စုစုပေါင်း ၃၉ ရွာထောင်ခဲ့ဖူးပါတယ်။ အဲဒီရွာတွေကိုတော့ နှစ်ပိုင်းခွဲပြောရမှာပေါ့။ စုစည်းရွာဆိုတဲ့ အမျိုးအစားတခုရယ်၊ ရွှေ့ပြောင်းရွာဆိုတဲ့ အမျိုးအစား တခုရယ်၊ နှစ်ခုပေါ့။ အကြမ်းဖျင်း ပြောရရင်တော့ ရွှေ့ပြောင်းရွာက ရွာ ၂၀ ဖြစ်ပြီးတော့မှ စုစည်းရွာကတော့ ၁၉ ရွာ ဖြစ်မှာပေါ့။ စုစည်းရွာက ဘာလဲဆိုတော့ ရခိုင်ဒေသမှာပဲရှိတဲ့ ပြန့်ကျဲနေတဲ့ ဟိုရွာက လေး ငါးအိမ်၊ ဒီရွာက လေး ငါးအိမ်ကို စုစည်းပြီးတော့ ရွာတည်ပေးလိုက်တယ်။ အဲဒီ စုစည်းရွာမှာနေတဲ့ ပုဂ္ဂိုလ်တွေကတော့ ဒေသခံတွေများတာပေါ့။ ရွှေ့ပြောင်းရွာဆိုတာကတော့ အဓိက,ကတော့ ရန်ကုန်ပေါ့။ ရန်ကုန်မှာရှိတဲ့ အိမ်မဲ့ယာမဲ့တွေကို သူတို့သဘောထားဆန္ဒကိုမေးတယ်။ ရခိုင်မှာ ရွာတည်ပေးမယ်။ နေမယ်ဆိုတဲ့လူတွေကို စုစည်းပြီးတော့ ရခိုင်ကို ပို့ပေးတယ်။ ပို့ပေးပြီးတော့ သူတို့အတွက် အိမ်တလုံး၊ နွား တရှဉ်း (နှစ်ကောင်)၊ လယ် ၅ ဧက စီစဉ် ပေးတယ်။ နောက်ပိုင်း ရွှေ့တဲ့ရွာတွေကျတော့ နွားမပေးတော့ဘဲနဲ့ လက်တွန်းလယ်ထွန်စက်ပေးတယ်။ အဲဒီနေရာမှာ ဒေသခံတွေနဲ့ စုစည်းထားတဲ့ စုစည်းရွာကတော့ အောင်မြင်တယ်လို့ ပြောလို့ရတယ်။ လက်ရှိအချိန်ထိလည်း တည်တံ့ခိုင်မြဲနေတာပေါ့။ ဒါပေမဲ့ ရွှေ့ပြောင်းရွာကတော့ သိပ်မအောင်မြင်ဘူး။ မအောင်မြင်ရတဲ့ အကြောင်းအရင်းက အဲဒီပုဂ္ဂိုလ်တွေဟာ ပြည်ပက လူတွေဖြစ်တယ်။ ရခိုင်ဒေသရဲ့ တော တောင်ရေမြေ သဘာဝနဲ့မရင်းနှီးဘူး။ ဘာသာစကား၊ ယဉ်ကျေးမှု မတူတာတွေလည်း ပါတာပေါ့။ အဲဒီပုဂ္ဂိုလ် တွေထဲက တချို့တ၀က်ဟာ ပေးထားတဲ့ လယ်တွေ၊ အိမ်တွေ၊ နွားတွေကို ရောင်းစားပြီးထွက်ပြေးတယ်။ ဒါတွေကတော့ အရင်တုန်းက တည်ထောင်ခဲ့တဲ့ ရွာတွေရဲ့ အခြေအနေတွေပါ''ဟု ဦးစိုင်းထွန်းညိုက ရှင်းလင်းပြောကြားသည်။

မောင်တောဒေသမှာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် လူဦးရေ အချိုးအစားကွာဟချက် ကြီးမားမှုတို့ကြောင့် ဒေသခံတိုင်းရင်းသားများ၏ လုံခြုံရေးမှာ စိုးရိမ်စရာ အနေအထား၌ရှိနေပြီး အခြားဒေသများသို့ ရွှေ့ပြောင်းအခြေချမှုများနှင့် ရင်ဆိုင်နေရသည့် ဒေသတခုလည်း ဖြစ်သည်။ ကျေးရွာအုပ်စုပေါင်း ၁၀၂ အုပ်စုရှိသည့် မောင်တောမြို့နယ်တွင် တိုင်းရင်းသားများ သီးသန့်နေထိုင်သည့် ကျေးရွာမှာ ၃၀ ကျော်သာ ရှိသည်။ လူဦးရေအားဖြင့် မောင်တောခရိုင်တွင် ခုနစ်သိန်းကျော်ရှိပြီး ဘင်္ဂါလီဦးရေမှာ ခြောက်သိန်းရှစ်သောင်း ကျော်ရှိကြောင်း သိရသည်။ ဒေသပျောက်ဆုံးတော့မည့် အနေအထားတွင်ရှိနေပြီး လူဦးရေထိန်းညှိမှုများ မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တရပ်အဖြစ် ရှုမြင်နိုင်သည်။

ပြည်ထောင်စုအစိုးရ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် တိုင်းရင်းသားကျေးရွာ ခုနစ်ရွာကို မောင်တော မြို့နယ်၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်သွားရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် အလွန်ကာလများက တည်ထောင်စဉ် ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို သင်ခန်းစာယူပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ရွာများဖြစ်အောင် တည်ထောင်သွားမည်ဟု ဦးစိုင်းထွန်းညိုက ဆက်လက် ပြောကြားသည်။ ''အဲဒီက သင်ခန်းစာယူပြီးတော့မှ ဒီတခေါက်တည်မယ့်ရွာမှာ ပြည်မက အခြေအနေမဲ့ အုပ်စုတွေကို ရွှေ့ပြီးတည်မယ်ဆိုရင် သိပ်ပြီးတော့ ရေရှည်ခံမှာ မဟုတ်ဘူး။ ရေရှည်မခံတော့ ဒေသခံတွေကို အဓိကထားမယ်ဆိုတဲ့ ပုံစံမျိုးလေးနဲ့သွားမယ်လို့ စဉ်းစားထားတယ်။ တနိုင်ငံလုံးမှာ ပျံ့နှံ့နေတဲ့ ရခိုင်တွေရှိမယ်။ ပြန်လာချင်တယ်လို့ သတင်းပို့လာလို့ရှိရင် စိစစ်မယ်။ ပြန်နေရာချထားပေးမယ်။ နောက်တခါ ကျောက်စိမ်း တွင်းတွေဘက်မှာ ရေမဆေးကျောက်ရှာတဲ့ အဖွဲ့တွေရော၊ ရေဆေးကျောက်ရှာတဲ့အဖွဲ့တွေရော အများကြီးရှိမှာပေါ့။ အဲဒီမှာ ရခိုင်လည်း ရှိမယ်။ တခြား တိုင်းရင်းသားတွေလည်းရှိမယ်။ အဲဒီက နေချင်တဲ့သူရှိရင်လည်း ရခိုင်ဒေသကို ပို့ပေးသွားမယ်။ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးသွားမယ်။ ခုလောလောဆယ် အစမ်း ခုနစ်ရွာလို့ဆိုပေမဲ့ နေချင်တဲ့သူတွေများသထက်များလာရင် ၁၀ ရွာ၊ ၁၅ ရွာလည်း ဖြစ်သွားနိုင်တယ်''ဟု ၎င်းက ပြောကြားခဲ့သည်။

ရွာတည်မည်ဟုဆိုလျှင် လောလောဆယ်တွင် စိုက်ပျိုးရေးကို အခြေခံပြီး တည်ဆောက်ရမည်ဖြစ်၍ လုပ်ကိုင် စားသောက်မည့် လယ်မြေ၊ ကျွဲ၊ နွားများကို ပြည့်စုံလုံလောက်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးသင့်သည်ဟု ဘူးသီးတောင်ဇာတိဖြစ်သည့် သမိုင်းသုတေသနပညာရှင် ပါမောက္ခဒေါက်တာအေးချမ်းက အကြံပြု ပြောကြားသည်။

''စိုက်ပျိုးရေးကိုအခြေခံတဲ့ ရွာတွေလောက်ပဲ တည်ဆောက်လို့ရဦးမယ်။ အဲဒါကြောင့် ရွာတည်ပြီးရင် အဲဒီရွာကလူတွေ လုပ်ကိုင်စားသောက်မယ့် လယ်ယာမြေ၊ ကျွဲ၊ နွား ဒါတွေအားလုံးကို ဖြည့်ဆည်းပေးရမယ်။ စ,စချင်း မျိုးစပါးတို့၊ ဘာတို့ကအစ အကုန်လုံးဖြည့်ဆည်းပေးရမယ်။ အဲဒီမှာ ဘာသာမတူ၊ လူမျိုးခြားတွေနေတဲ့ ရွာတွေကများတယ်။ တိုင်းရင်းသားတွေရဲ့အင်အားက ဆယ်ဆတဆတောင်မရှိဘူး။ အဲဒါကို သူတို့ ကိုယ်သူတို့လည်း ကာကွယ်နိုင်အောင်၊ နိုင်ငံတော်ကလည်း အကာအကွယ်ပေးနိုင်အောင် စိစစ်ပေးဖို့က အရေးကြီးဆုံးပဲလို့ ကျွန်တော် ထင်ပါတယ်''ဟု ဒေါက်တာအေးချမ်းက ပြောကြားသည်။

အသစ်တည်မည့် တိုင်းရင်းသားကျေးရွာများတွင် လူများလုပ်ကိုင်စားသောက်ရန် လယ်ယာမြေများသာမက တိရစ္ဆာန်များအတွက်လည်း စားကျက်မြေများ လိုအပ်မည်ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်အလွန်ကာလများက တည်ထောင်ခဲ့သည့်ရွာများတွင်ပေးအပ်ထားသည့် လယ်မြေ၊ ကျွဲ၊ နွား၊ နေအိမ်များကို ရောင်းချပြန် သွားမှုများရှိခဲ့ပြီး ဘင်္ဂါလီများကို ပြန်လည်ရောင်းချပစ်ခဲ့မှုများရှိကြောင်း၊ ရခိုင်လူမှုအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနာယက ဦးသန်းထွန်းက ပြောကြားသည်။

''န၀တခေတ်က ရွာတွေတည်ခဲ့တုန်း က ရန်ကုန်က အခြေအနေမဲ့တွေကို ခေါ်ယူပြီးတည်ခဲ့တာဖြစ်တယ်။ သူတို့က လယ်ယာမြေနဲ့ ရင်းနှီးတဲ့လူတွေ မဟုတ်ဘူးလေ။ ထွန်ယက်လုပ်ကိုင်စားသောက်လိုသူတွေလည်း မဟုတ်ဘူး။ အဲဒီတော့ ပထမကုလားကိုပဲ အငှားချထားတာပေါ့။ အဲဒီမှာ မနေချင်တော့ဘူး။ ပြည်မဘက်ကို ပြန်ပြောင်းချင်ပြီဆိုရင် အဲဒီလယ်တွေကို သူတို့အငှားချထားတဲ့ ကုလားတွေဆီကိုပဲ ရောင်းပေးခဲ့တယ်။ ဒါမျိုးတွေ တော်တော်တော့ရှိခဲ့တယ်။ အသေးစိတ်ပြောဖို့တော့ မလွယ်ဘူး''ဟု ဦးသန်းထွန်းက ပြောကြားသည်။

ထိုသို့ ရည်ရွယ်ချက်နှင့်ပြောင်း ပြန်ဆန်ပြီး ဘင်္ဂါလီများကို ပြန်လည်ရောင်းချသည့် အခြေအနေမျိုးဖြစ်မလာရန် ရခိုင်ပြည်နယ်ထဲက လယ်မဲ့၊ ယာမဲ့များကို ခေါ်ယူတည်ထောင်ပေးသင့်သည်ဟုလည်း ဦးသန်းထွန်းကအကြံပြုသည်။ ''ပြည်မဘက်ကလူ တွေကိုခေါ်မယ့်အစား ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေမှာ လယ်ယာလုပ်ကိုင်စားသောက်ချင်သူတွေရှိတယ်။ ဒါပေမဲ့ လယ်ယာမြေမရှိဘူး။ အလုပ်အကိုင်မဲ့နေတယ်။ အဲဒီလူတွေကို စာရင်းကောက်ခေါ်ယူပြီး ရွာတည် ပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်လာမှာပေါ့။ ဒါပေမဲ့ ဒီရွာတွေတည်ပေးတာဟာ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေရဲ့အဖြေတော့ မဟုတ်သေးဘူး။ ကုလားတွေထဲမှာ နိုင်ငံသားဖြစ်တဲ့သူတွေလည်း ရှိမယ်။ မဖြစ်တဲ့ သူတွေလည်းရှိမယ်။ ဒါကို အရင်စိစစ်သင့်တယ်။ နိုင်ငံသားမဟုတ်သူတွေလက်ထဲ ရောက်နေတဲ့လယ်မြေတွေ ကို တိုင်းရင်းသားတွေ လက်ထဲပြန်ရောက်အောင်လုပ်နိုင်မှ အဆင်ပြေမယ်လို့ ကျွန်တော်ထင်ပါတယ်''ဟု ၎င်းက ပြောကြားသည်။

ရေရှည်တည်တံ့ခိုင်မြဲသည့်ရွာများတည်ထောင်မည်ဟုဆိုလျှင် လယ်မြေ၊ ကျွဲ၊ နွားများပေးရုံဖြင့် လုံလောက်မည် မဟုတ်ပေ။ ပညာရေး၊ ကျန်းမာရေးတို့အတွက် ကျောင်း၊ ဆေးရုံများ တည်ဆောက်ပေးရန် လိုအပ်မည်ဖြစ် သည်။ အရေးကြီးဆုံးလိုအပ်ချက်မှာ အလုပ်အကိုင်အခွင့်အလမ်းများကို စဉ်ဆက်မပြတ် ဖန်တီးပေးနိုင်မည့် စက်ရုံ၊ အလုပ်ရုံများတည်ဆောက်ပေးနိုင်ရေး ဖြစ်လိမ့်မည်။ လူဦးရေကွာဟချက်မြင့်မားပြီး တပြည်နယ်လုံး အတိုင်းအတာဖြင့် သန်းကျော်နေသည့် တရားမ၀င်ဘင်္ဂါလီဦးရေက ရခိုင်ပြည်နယ်အတွက် ကြီးမားသည့်ဝန်ထုပ်ဝန်ပိုးတရပ်ဖြစ်နေသလို မြန်မာနိုင်ငံအတွက်လည်း ၀န်ထုပ်ဝန်ပိုးတရပ်ပင်ဖြစ်သည်။ အနာဂတ်ပြည်နယ်နှင့် လူမျိုးတည်တံ့ရေးအတွက်လည်း စိုးရိမ်စရာဖြစ်သည်။ ဤအချက်ကို စနစ်တကျ ဟောပြောစည်းရုံးပြီး တည်ဆောက်မည့်ရွာများတွင်နေမည့်သူများ၏ အမျိုးသားရေးဆိုင်ရာ အတွေး၊ အမြင်များ ကို မြှင့်တင်သင့်သည်။

စီမံကိန်းကာလမှာ ကနဦးနေ့ရက်များတွင်သာ ရှိသေးသည်။ အောင်မြင်မှု၊ မအောင်မြင်မှုမှာ အတိတ်တွင်ရှိ ခဲ့သည့် အတွေ့အကြုံများနှင့် လက်ရှိအင်အားစု အသီးသီးမှ ထွက်ပေါ်လာသည့်အကြံပြုသုံးသပ်ချက်များကို ပေါင်းစပ်စဉ်းစားနိုင်မှုများနှင့် ဆက်စပ်နေလိမ့်မည်။ ရည်ရွယ်ချက်အားဖြင့် ကောင်းမွန်သည့် ရည် ရွယ်ချက်အဖြစ် ယေဘုယျဆိုနိုင်သည်။ ''မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှသာလျှင် လူမျိုးပျောက်မည်'' ဟူသောဆောင်ပုဒ်မှာ ရခိုင်ပြည်နယ် လ၀ကရုံးများတွင် ကပ်ထားသည့်ဆောင်ပုဒ်ဖြစ်သည်။

ယခုတိုင်းရင်းသားကျေးရွာသစ်များ တိုးချဲ့တည်ဆောက်မည့် စီမံကိန်း၏ ရည်ရွယ်ချက်မှာလည်း လူကို လူတံတိုင်းဖြင့် ပြန်ကာရန်ဖြစ်ကြောင်း ဦးစိုင်းထွန်းညိုက ပြောကြားသည်။ တနည်းအားဖြင့် ကျိုးပဲ့ပျက်စီးနေသည့် အနောက်တံခါးကို လူသားတံတိုင်းဖြင့် ပြန်လည်ကာရံရန် ပြင်ဆင်ခြင်းလည်း ဖြစ်သည်။ ''အဓိကရည်ရွယ်ချက်ကတော့ လူကို လူတံတိုင်းနဲ့ ပြန်ကာတာပါပဲ''ဟု ဦးစိုင်းထွန်းညိုက ပြောကြားခဲ့သည်။

မင်းထင်
News Watch
https://www.facebook.com/NewsWatchJournal/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.