လျစ်လျူရှုခံနေရဆဲ ဘ၀များ


ကျွန်တော့်အိမ်မှာ နယ်ဘက်ကနေ အိမ်အကူ လာလုပ်နေတဲ့ အသက် ၅၀ အရွယ်လောက် အန်တီစိန် ဆိုတဲ့ အန်တီကြီးရှိပါတယ်။ အိမ်အကူဆိုပေမဲ့ နေလာတာကြာတော့ မိသားစုဝင်တဦးလို ဖြစ်နေတာပါ။
တရက်မှာ သူ့ရွာက ဧည်သည်အမျိုးသားနှစ်ယောက် သူ့ဆီလာလည်ပါတယ်။ ဒါနဲ့ အိမ်ထဲဝင်ထိုင် ကြရင်း ဧည်သည်နှစ်ယောက်ထဲက တယောက်ဖြစ်တဲ့ ကိုကျော်စွာဆိုတဲ့ သူက အစ်မ သူ့ကို မှတ်မိလားဆိုပြီး သူနဲ့အတူပါလာတဲ့ ဘေးကတယောက်ကို မိတ်ဆက်ပေးပါတယ်။ အန်တီစိန်က ထိုသူရဲ့မျက်နှာကို သေချာကြည့်ရင်း
မင်း . . . မင်း . . . အောင်မော်မဟုတ်လားဆိုပြီး မေးတော့။
ဟုတ်တယ်လေ မမရဲ့ဆိုပြီး တယောက်နဲ့တယောက် ဖက်ငိုကြပါလေရော။
ငါတို့အားလုံးက မင်းသေပြီဆိုပြီး ထင်နေတာကွဲ့ဆိုပြီး ပြောလိုက်ငိုလိုက်ပါပဲ။
နှစ်ဦးလုံး ၀မ်းနည်းဝမ်းသာတွေဖြစ် ငိုကြပြောကြနဲ့ ဘေးနားက ကွန်ပျူတာကိုင်နေတဲ့ ကျွန်တော်ပါ သူ့တို့ကိုကြည့်ပြီး မျက်ရည်လည်လာမိတယ်။ ဒါနဲ့ သူတို့အေးဆေးဖြစ်သွားမှ ကျွန်တော်လည်း ဘယ်လိုတွေဖြစ်ကြတာလဲ၊ ကျွန်တော်လည်း သိရအောင် ပြောပြလို့ရရင်ပြောပြပါဦးဆိုမှ အကြောင်းစုံသိလိုက်ရတာပါပဲ။ ခုလာလည်တဲ့ ကိုအောင်မော်ဆိုတဲ့လူက အန်တီစိန်ရဲ့ တ၀မ်းကွဲမောင်။ လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က ရွာမှာလုပ်ငန်းကိုင်ငန်းမကောင်းလို့ဆိုပြီး မလေးရှား နိုင်ငံကို အလုပ်ထွက်လုပ်ခဲ့တယ်။ ကံဆိုးချင်တော့ လူလိမ်အေးဂျင့်နဲ့တိုးပြီး ဒီမှာ ပြောထားတဲ့ အလုပ်နဲ့ဟိုမှာလုပ်ရတာနဲ့က တခြားစီလုပ်ရတဲ့ အလုပ်ကအရမ်းပင်ပန်းကြမ်းတမ်း တယ်။ ရတဲ့လုပ်ခကလည်း မဖြစ်စလောက်။ ရှင်းရှင်းပြောရရင်တော့ လူကုန်ကူးခံလိုက်ရတဲ့ သဘောပါပဲ။ ဒီလိုနဲ့စာချုပ်ပြည့်ခါနီးတော့ အလုပ်ရှင်က လုပ်ခမရှင်းပေးချင်တော့ ညစ်ပတ်ပြီး ရဲတိုင်ဖမ်းခိုင်းလို့ ထောင် ၄ နှစ်နီးပါး ကျခဲ့တယ်လို့သိရတယ်။ မလေးဘာသာစကားကလည်း မပြောတတ်တော့ အင်မတန်ဒုက္ခဆင်းရဲရောက်ခဲ့တဲ့အကြောင်း ထောင်ထဲမှာ မသေရုံတမယ်နေထိုင်ခဲ့ရတဲ့အကြောင်း ၀မ်းနည်းပက်လက်ပြောရှာတယ်။ သူလို ထောင်ထဲမှာ ဒုက္ခရောက်နေသူတွေ အများကြီး ကျန်သေးတယ်လို့ သိရတယ်။
ကိုအောင်မော်ကို တရွာလုံးကသေပြီလို့သတ်မှတ်ပြီး ရက်လည်ဆွမ်းသွတ်တောင် လုပ်ခဲ့ပြီးပြီ။ ဒီထက် စိတ်ထိခိုက်စရာအကောင်းဆုံးကတော့ သူထွက်သွားတော့ မိန်းမနဲ့ကလေးနှစ်ယောက် အမေ့အိမ်မှာ ကျန်ခဲ့တယ်။ သူ့မိန်းမကလည်း သူသေပြီဆိုပြီး သူ့ဇာတိရွာကိုပြန်သွားပြီ နောက်အိမ်ထောင်ပြုသွား ပြီတဲ့။ ကိုအောင်မော် ပြောတဲ့စကားတွေ နားထောင်ပြီး ကျွန်တော့်ရင်ထဲ အရမ်းကိုနာကျင် ထိခိုက်ခံ စားခဲ့ရတယ်။ သြော် . . ဆိုးလိုက်တဲ့ ဘ၀တွေပါလား။ ဒီလိုဘ၀ပျက်သွားတာတွေ ကျွန်တော်တို့ နိုင်ငံသားတွေ ဘယ်လောက်တောင်များနေပြီလဲဆိုပြီး တွေးမိတယ်။

ဒီလိုအဖြစ်အပျက်မျိုးတွေ အများကြီးကြားဖူးပါတယ်။ နယ်မှာလယ်ယာလုပ်ငန်းတွေ မကောင်းလို့ ရှိတာလေးရောင်းချကြ ရောင်းစရာမရှိတဲ့လူက ငွေတိုးချေးစရိတ်ရှာပြီး နိုင်ငံခြားကို အလုပ်လုပ်ဖို့ ထွက်ကြတယ်။ မိန်းကလေးရော၊ ယောက်ျားလေးရော အိမ်ထောင်ရှင်တွေပါ ထွက်ကြတယ်။ တချို့က ကလေးတွေ မိဘတွေထံအပ်နှံပြီး လင်မယားနှစ်ယောက်စလုံးထွက်ကြတယ်။ ရွာလုံးကျွတ်နီးပါးထွက်တဲ့ ရွာတွေတောင်ရှိပါတယ်။ အဘိုးကြီးအို၊ အဘွားကြီးအိုနဲ့ ကလေးတွေပဲ ကျန်နေခဲ့ကြတယ်။ လူလွတ်တွေက သိပ်ပြဿနာမရှိပေမဲ့ အိမ်ထောင်ရှင်တွေကြတော့ အချိန်ကြာလာတော့ အိမ်ထောင်ရေးပြဿနာတွေတက်လာကြတယ်။ ဟိုမှာနောက်အိမ်ထောင်ပြုတဲ့ လူကပြုကြ ဒီမှာကျန်ခဲ့တဲ့လူက နောက်အိမ်ထောာင်ပြုလို့ပြုနဲ့ အိမ်ထောင်ရေးပြိုကွဲ လူမှုဒုက္ခတွေခံစားနေကြရတာ အများကြီးပါ။ ဒီလိုအချိန်မှာပဲ တုန်လှုပ်ချောက်ချားဖွယ် သတင်းတခုက ဒီဇင်ဘာလ ၅ ရက်နေ့မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အလုပ်ပြီးလို့ပြန်လာတဲ့ မြန်မာအလုပ်သမား ၁၅ ဦးကို ဓားများကိုင်ဆောင်ထားတဲ့ လူတစုက ၀င်ရောက်တိုက်ခိုက်လို့ ၅ ဦး ထိသေဆုံးခဲ့ရပြီး ၂ ဦးကလည်း အပြင်းအထန်ဒဏ်ရာရရှိပြီး အရေးပေါ်ကုသမှုခံယူနေရတယ်လို့ သိရှိပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ အလုပ် လုပ်နေတဲ့ ကရင်တိုင်းရင်သူ မနန်းဌေးဌေးဦး အသတ်ခံရတဲ့သတင်းနဲ့ မြန်မာအလုပ်သမား အမျိုးသားတဦး အိပ်ခန်းအတွင်း လည်လှီးအသတ်ခံရတဲ့သတင်းတွေ ကြားသိခဲ့ရပါတယ်။ ကြားရတဲ့သတင်းတွေဟာ တကယ့်ကို တုန်လှုပ်ချောက်ချားဖွယ် ၀မ်းနည်းကြေကွဲ ဖွယ်သတင်းတွေပဲ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ ခုလိုမြန်မာနိုင်ငံသားတွေ ရက်ရက်စက်စက်အသတ်ခံရတာ ခုမှမဟုတ်ပါဘူး။ အရင်အစိုးရလက်ထက်က ၂၀၁၃ လာရှိုးအကြမ်းဖက်မှုကြီးဖြစ်ပြီး မလေးရှားမှာ မြန်မာနိုင်ငံသားတွေ တဒါဇင်ထက်မနည်း လည်လှီးအသတ်ခံခဲ့ရ လူပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီတုန်းကလည်း အစိုးရအနေနဲ့ မိမိနိုင်ငံသားတွေအပေါ် ထိရောက်စွာ အကာအကွယ် မပေးနိုင်ခဲ့ပါဘူး။ ဆရာတော်ဘုရားများ၊ စီးပွားရေးလုပ်ငန်းရှင်များရဲ့ အကူအညီနဲ့ မလေးရောက် မြန်မာနိုင်ငံသား အလုပ်သမားအချို့ကို ပြန်ခေါ်နိုင်ခဲ့ပါတယ်။ ခုမလေးကိစ္စကလည်း မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်အရေးအခင်းနဲ့ ဆက်စပ်မှုရှိလိမ့်မယ်လို့ တွက်ဆရပါတယ်။ ဒီတခါဖြစ်တဲ့အပေါ်မှာတော့ ဘယ်သူမှ အသံထွက်မလာသေးတာ စိတ်မကောင်းဖွယ် တွေ့မြင်ရပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ နှစ်ပေါင်းငါးဆယ်ကျော် အမိန့်အာဏာနဲ့ ပြစ်ဒဏ်နှစ်ခုတွဲပြီး အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်စနစ်အောက်မှာ တိုင်းပြည်ဟာ ဘက်ပေါင်းစုံက ချွတ်ခြုံကျခဲ့ပါတယ်။ အရင်က အာရှမှာ ကျားဖြစ်ခဲ့ရာကနေ နွားအဆင့်ဖြစ်ခဲ့ရပါတယ်။ ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည် စာရင်းဝင်ခဲ့ရတယ်။ တိုင်းပြည်ရဲ့ လူဦးရေအများစုဖြစ်တဲ့ တောင်သူလယ်သမားတွေဟာ မိမိလယ်မြေတွေကို အသိမ်းခံရ၊ စိုက်ပျိုးတော့လည်း ရာသီဥတုကဖျက်၊ သီးနှံဈေးကွက်ကမကောင်းတော့ မိမိတို့နဲ့ ကိုးကွယ်မှု ဘာသာမတူတဲ့ တိုင်းတပါးမှာ မိမိအသက်ကိုပဓာနမထားနိုင်ဘဲ အဖိနှိပ်ခံ အနိုင်ကျင့်ခံပြီး ဘ၀ကို အန္တရာယ်ကြီးစွာ ဖြတ်သန်းနေရတာ တွေးလေတွေးလေ အသည်းနာမိပါတယ်။ ပြီးခဲ့တဲ့ လေးနှစ်အတွင်း မလေးရှားနိုင်ငံမှာ အသတ်ခံရတဲ့ မြန်မာနိုင်ငံသားများဟာ အယောက်နှစ်ဆယ်ကျော်ရှိခဲ့ပြီလို့ သိရပါတယ်။

နှိုင်းယှဉ်စဉ်းစားကြည့်ရအောင်ပါ၊ ယခု မလေးရှားမှာ အသတ်ခံရတဲ့သူတွေသာ အမေရိကန်နိုင်ငံ သား၊ တရုတ်နိုင်ငံသားဖြစ်ခဲ့မယ်ဆိုရင် သူတို့အစိုးရက သူ့နိုင်ငံသားတွေကို ခုလိုမျိုးမျက်နှာလွှဲခဲ ပစ်လုပ်ထားမယ်လို့ ထင်ပါသလား။ ဘယ်လိုထိရောက်စွာ ဖိအားပေးဆောင်ရွက်မယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ ကျွန်တော်တို့ ပြည်သူတွေမှာတော့ မိမိအစိုးရကတောင် ဂရုမစိုက်တန်ဖိုးမထားတော့ တိုင်းတပါးသားကတော့ ပိုလို့တောင်ဆိုးပြီပေါ့။

ကျွန်တော်တို့နိုင်ငံဘက်က လက်နက်ကြီးကျည် တရုတ်နိုင်ငံဘက်ကျရောက်တုန်းက သူတို့ဘယ်လိုတုံ့ပြန်ခဲ့လဲ။ သူတို့နိုင်ငံအထိ မြန်မာဝန်ကြီးတွေ သွားရောက်တောင်းပန်ခဲ့ရတယ်။ သူတို့နိုင်ငံသားထိတော့ ကျွန်တော်တို့နိုင်ငံသား စိုင်းနော်ခမ်းကို လူသားတယောက်ရဲ့ ဂုဏ်သိက္ခာတပြားသားမှမရှိ အောင်ဆက်ဆံပြီး ကြက်ကလေး၊ ငှက်ကလေးလို အလွယ်တကူသတ်ပစ်လိုက်ကြတာ အားလုံးမှတ်မိကြဦးမှာပါ။ ဒါတွေဟာ ကိုယ့်နိုင်ငံသား ကိုယ့်အချုပ်ခြာအာဏာကို ထိပါးလာရင်မခံဘူးဆိုပြီး တရုတ်က သူ့နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ သြဇာကို ကမ္ဘာကိုပြသလိုက်တာပါပဲ။

အရင်အာဏာရှင်တွေတုန်းက ပြည်သူကို အလေးမထားတန်းဖိုးမထားတာထားပါတော့ ယခု ပြည်သူတွေရဲ့ ဆန္ဒမဲအစစ်မှန်နဲ့တက်လာတဲ့ ပြည်သူ့အစိုးရလက်ထက်မှာ အရင်လူတွေလိုပဲ ပြည်သူကို အလေးမထား တန်ဖိုးမထားတာတွေ တွေ့မြင်နေရတာ အံ့သြစရာပါပဲ။ အစိုးရ သစ်လက်ထက် ဖားကန့်မှာ မြေစာပုံပြိုကျပြီး ပြည်သူတွေ ဆယ်ချီရာချီ သေဆုံးခဲ့တာ အကြိမ်ကြိမ်ရှိပါပြီ။ တခါမှအရေးတယူလုပ်တာ ၀မ်းနည်းကြောင်းထုတ်ပြန်တာ မတွေ့ရသလောက် ပါပဲ။ သူများနိုင်ငံကတောင် ကိုယ့်နိုင်ငံအတွက် ၀မ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။ ဘယ်လောက် ရင်နာဖို့ ရှက်ဖို့ကောင်းသလဲ။ တလောတုန်းကပဲ ချင်းတွင်းမြစ်ထဲမှာ စက်လှေမှောက်ပြီး ၀န်ထမ်းတွေရော၊ ကျောင်းသားတွေရော ပြည်သူတွေ ရာချီပြီး သေဆုံးခဲ့တယ်။ ဒါပေမဲ့ အစိုးရရဲ့ ချက်ချင်းတုံ့ပြန်ဆောင်ရွက်မှုဟာ အားရမှုမရှိဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။ ပြည်သူတွေရဲ့ ဝေဖန်မှုတွေဆူညံလာပြီး တော်တော်ကြာမှ ၀မ်းနည်းကြောင်းထုတ်ပြန်ခဲ့တာ တွေ့မြင်ရမှာပါ။

ဒါတွေကိုပြန်စဉ်းစားမိတိုင်း ကျွန်တော်တို့ ပြည်သူတွေရဲ့အသက်ဟာ တန်ဖိုးမရှိလို့များလားလို့ တွေးမိပါတယ်။ ပြည်တွင်းနေတော့လည်း ခေါင်းမမော့နိုင် ပြည်ပသွားတော့လည်း အနှိမ်ခံဘ၀။ လက်ရှိ ပြည်သူ့ဆန္ဒမဲနဲ့ တက်လာတဲ့ NLD အစိုးရအနေနဲ့ ပြည်သူကို အလေးထားတန်ဖိုးထား စေလိုပါတယ်။ ပြည်သူကို တန်ဖိုးထားမှ ပြည်သူ့အစိုးရလို့ပြောလို့ရမှာပဲ ဖြစ်ပါတယ်။ ပါးစပ်ကပဲ တန်ဖိုးထားနေလို့ မရပါဘူး။ မည်သည့်နိုင်ငံရေးစနစ်နဲ့ အုပ်ချုပ် အုပ်ချုပ်၊ ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ် ပြည်သူကိုတန်ဖိုးမထား လူရာမသွင်းတဲ့ အစိုးရတရပ်ဟာ ပြည်သူရဲ့ ဒဏ်ခတ်ခြင်းကို ခံရတယ်ဆိုတာ ရှေ့လူတွေဆီကနေ လက်ရှိအစိုးရအဖွဲ့က လူတွေသင်ခန်းစာယူသင့်ပါတယ်။

ယခုဖြစ်ပေါ်နေတဲ့ ပြဿနာတွေရဲ့အဓိကတရားခံကိုကြည့်မယ်ဆိုရင် တရားဥပဒေမစိုးမိုးမှု ဆင်းရဲမွဲတေမှု အကျင့်ပျက်ခြစားမှု ဒီသုံးချက်ကအဓိကပဲ ဖြစ်ပါတယ်။ ဒီလိုအဖြစ်ဆိုးမျိုးတွေ ပပျောက်ဖို့ ကျွန်တော်တို့နိုင်ငံက ပြည်သူတွေအားလုံး ဆင်းရဲတွင်းကနေ အမြန်ဆုံး လွတ်မြောက် အောင် လုပ်ဆောင်ကြရပါမယ်။ မိမိနိုင်ငံမှာပဲ အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းမွန်အောင် ဖန်းတီးပေးရပါမယ်။ ခုတော့ ကိုယ့်တိုင်းပြည်ကထွက်ရှိတဲ့ သဘာဝသယံဇာတတွေနဲ့ ချမ်းသာနေတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ကိုယ့်နိုင်ငံက လူငယ်လူရွယ်တွေ ကျွန်သွားခံနေရပြီး ခုလိုမျိုး ရက်ရက်စက်စက် အသတ်ခံနေရတာဟာ တွေးလေတွေးလေ အသည်းပါမက အရိုးပါနာမိပါတယ်။

အစိုးရသစ်အနေနဲ့ လက်ရှိမလေးရှားမှာဖြစ်တဲ့ကိစ္စကို ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသား ဆောင်ရွက်စေလို ပါတယ်။ လုပ်တဲ့နေရာမှာလည်း ထိရောက်ပြတ်သားဖို့ လိုပါတယ်။ မထိတထိသွားလုပ်ရင် ဟိုမှာရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေပဲ ပညာပြခံရမယ်ဆိုတာ အရင် ဖြစ်ရပ်တွေက သက်သေရှိနေပါတယ်။ NLD အစိုးရတက်လာပြီး ပြည်ပဒုတိယခရီးစဉ်အနေနဲ့ ထိုင်းနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်သွားရောက်ခဲ့ပါတယ်။ ခရီးစဉ်မှာ ထိုင်းရောက်မြန်မာလုပ်သားများနဲ့ တွေ့ဆုံခဲ့ ပါတယ်။ ထိုင်းနိုင်ငံခေါင်းဆောင်တွေနဲ့တွေ့ပြီး မြန်မာအလုပ်သမားများရဲ့ အခွင့်အရေးအပြည့်အ၀ ရစေဖို့ တောင်းဆိုခဲ့ပေမဲ့ ထိရောက်မှုမရှိခဲ့ပါဘူး။ အဆိုးဆုံးက ဒေါ်အောင်ဆန်းစုကြည်ပြန်သွားပြီး ထိုင်းရောက် မြန်မာအလုပ်သမားတွေဟာ ထိုင်းအလုပ်ရှင်များ အာဏာပိုင်များရဲ့ ပညာပြဖမ်းဆီးမှု၊ အလုပ်ထုတ်မှုတွေကို ခံခဲ့ရပါတယ်။ ပေါ့စေလိုလို့ကြောင်ရုပ်ထိုး ဆေးအတွက်ပိုလေး မဖြစ်စေဖို့ သတိထားဆောင် ရွက်စေချင်ပါတယ်။

အရင်က ကမ္ဘာမှာသခင်မျိုးဟေ့ ဒို့ဗမာဆိုပြီး ဂုဏ်သိက္ခာနဲ့နေထိုင်ခဲ့တဲ့ဟာ အာဏာရှင်တွေရဲ့ လက်ထက်မှာ တိုင်းပြည်က သူများတွေရဲ့ နင်းပြားဘ၀ ဖြစ်ခဲ့ရပါတယ်။ ဒီအခြေအနေကို လက်ရှိ NLD အစိုးရအနေနဲ့ အမြန်ဆုံး ပြန်လည်ကုစားပေးဖို့လိုပါပြီ။ ဒါမှသာ ကျွန်တော်တို့ပြည်သူတွေဟာ ကမ္ဘာ့နိုင်ငံများကြားမှာ လူရိုသေ ရှင်ရိုသေဘ၀နဲ့ ပြန်လည်ခေါင်း မော့နေနိုင်မှာပဲ ဖြစ်ပါတယ်။ မိမိနိုင်ငံသားတွေရဲ့ဘ၀တွေ လုံခြုံမှုရှိအောင် အစွမ်းကုန်ရပ်တည် ကာကွယ်ပေးရမှာက ပြည်သူ့အစိုးရရဲ့တာဝန်ပဲ ဖြစ်ပါတယ်။ ဒါမှ ပြည်သူအားကိုးအားထားရတဲ့ အစိုးရကောင်း တရပ်ဖြစ်လာမှာပါ။ ဒီလိုမှမဟုတ်ဘဲ အရင်အစိုးရလို မျက်နှာလွဲခဲပစ်လုပ်ထားမယ်ဆိုရင်တော့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ သွားရောက်အလုပ်လုပ်နေကြတဲ့ သန်းနဲ့ချီသော ကျွန်တော်တို့ နိုင်ငံသား တွေဟာ တိုင်းတပါးသားတွေရဲ့ အနိုင်ကျင့်ခံ၊ အနှိပ်စက်ခံ လူမလေး ခွေးမခန့်ဘ၀တွေနဲ့ ခုလိုမျိုး ဆက်ပြီး တန်ဖိုးမဲ့စွာ အသက်တွေစတေးနေကြရဦးမှာပဲ ဖြစ်ပါတယ်။

ကျော်ကြီး(MDY)
https://www.facebook.com/NewsWatchJournal
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.