February 2017

ဦးကိုနီလုပ်ကြံခံရမှု အကြမ်းဖက်မှုဆန့်ကျင်ရေးအခမ်းအနား (ဖြိုးမင်းသိန်း)
ဦးကိုနီလုပ်ကြံခံရမှု အကြမ်းဖက်မှုဆန့်ကျင်ရေးအခမ်းအနား (ဖြိုးမင်းသိန်း)
ရှေ့နေကြီး ဦးကိုနီနဲ့ ဦးနေ၀င်းတို့ ရန်ကုန် လေဆိပ် လူမြင်ကွင်းမှာ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးရမှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှု ရှုတ်ချပွဲ ဒီကနေ့ ရန်ကုန်မှာ ကျင်းပပါတယ်။ လုပ်ကြံခံရပြီး တလအကြာမှာ ပြုလုပ်တဲ့ ဒီအကြမ်းဖက်မှု ရှုတ်ချပွဲမှာတော့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်က အကြမ်းဖက်မှုတွေကို နိုင်ငံအနေနဲ့ ဘယ်လို ရပ်တည် ကိုင်တွယ်မလဲဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့် အချိန်လို့ ပြောဆိုသွားသလို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရ ဦးတင်ဦးကတော့ အကြမ်းဖက်မှုတွေ ရပ်ကြဖို့ တိုက်တွန်းသွားပါတယ်။ မသိင်္ဂီထိုက် ပြောပြပေးမှာပါ။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရပြီး တလအကြာမှာ ပြုလုပ်တဲ့ အကြမ်းဖက်မှု ရှုတ်ချပွဲ အခမ်းအနားကို ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့တာပါ။

“အကြမ်းဖက်မှုဘက်က ရပ်မှာလား၊ အကြမ်းဖက်မှုဆန့်ကျင်တဲ့ဘက်က ရပ်မှာလား။ အကြမ်းဖက်ခံရတဲ့သူတို့ဘက်က ကာကွယ်မှာလား ၊ အကြမ်းဖက်သမားတွေကို အားပေးမှာလား။ ဒါကိုတော့ ကျနော်တို့ ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့ အချိန်တန်ပြီလို့ ကျနော်ဒီနေရာက ပြောပါရစေ။”

ရှေ့နေကြီး ဦးကိုနီ၊ နောက် ဦးနေ၀င်းတို့ကို ရန်ကုန်မြို့လို နေရာမျိုးမှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့တဲ့ ဥပဒေမဲ့ လုပ်ရပ် မျိုးကို အကာအကွယ်ပေးနေစရာ အကြောင်းမရှိဘူးလို့လည်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့ပါတယ်။

“အကြမ်းဖက်ခံရတယ်ဆိုတာ ကျနော်တို့ နိုင်ငံရဲ့သမိုင်းမှာ လွတ်လပ်ရေးကြိုးပမ်းနေတဲ့ ကာလတွေကလည်း ပေါ်ခဲ့ပါတယ်။ ကြားကာလတွေမှာလည်း ကျနော်တို့ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုပေါ်ပေါက်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့ အထင်ကရ လေဆိပ်ကြီးမှာ အကြမ်းဖက်ခံရတယ်ဆိုတဲ့ အခြေအနေတခုကတော့ ကျနော်တို့ ရန်ကုန်မြို့ဟာ တရားဥပဒေမဲ့နေတဲ့ မြို့တမြို့မဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးရေးကို ရှေ့တန်းတင်ထားတဲ့ ကာလတခုမှာ တရားဥပဒေမဲ့ ပေါ်ပေါက်ခဲ့တဲ့ ကိစ္စတရပ် ဖြစ်ပါတယ်။ အကြမ်းဖက်မှုဟာ ဘယ်သူ့ကိုမှ ကောင်းကျိုးမပြုနိုင်ပါဘူး၊ ဒီလိုပဲ အကြမ်းဖက်ခံခဲ့ရတဲ့ ရှေ့နေကြီး ဦးကိုနီ ၊ အကြမ်းဖက်မှုကို လူထုနဲ့ အတူဆန့်ကျင်ခဲ့တဲ့ ကျဆုံးသွားခဲ့ရတဲ့ ကိုနေ၀င်းတို့ရဲ့ ပေးဆပ်ခဲ့မှုကို ကျနော်တို့ ဒီနေ့ ဂုဏ်ပြုတာပဲ ဖြစ်ပါတယ်။ ဒီ ဂုဏ်ပြုမှုဟာ အလွန်မင်္ဂလာရှိပါတယ်။ တရားဥပဒေစိုးမိုးရေး ကိုကြိုးပမ်းဆောင်ရွက်နေတဲ့အချိန်ကာလတခုမှာ တရားဥပဒေမဲ့ ဆောင်ရွက်နေမှုတွေကို ကျနော်တို့ အကာအကွယ်ပေးနေစရာမရှိပါဘူး။”

NLD ပါတီရဲ့ ဥပဒေ အကြံပေး ရှေ့နေကြီး ဦးကိုနီဟာ အစိုးရ အစီအစဉ်နဲ့ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ခဲ့ပြီး အပြန် ရန်ကုန်လေဆိပ် လူမြင်ကွင်းမှာ သေနတ်သမားက ပစ်ခတ်လုပ်ကြံခံရတာဖြစ်ပါတယ်။ သေနတ်သမားကို ဖမ်းဆီးရင်း လေဆိပ် အငှားယာဉ်မောင်း ဦးနေ၀င်းလည်း သေနတ်သမား လက်ချက်နဲ့ သေဆုံးခဲ့ရပါတယ်။ သေနတ်သမားကို အန္တရာယ် မမှုဘဲ ၀ိုင်းဝန်း ဖမ်းဆီးခဲ့ကြတဲ့ လေဆိပ် အငှားယာဉ်မောင်းတွေ အပါအ၀င် အများပြည်သူကိုလည်း လေးစားပါကြောင်း ဒီကနေ့ ပြုလုပ်တဲ့ အကြမ်းဖက်မှု ဆန့်ကျင်ရေး အခမ်းအနားမှာ ပြောဆိုခဲ့ကြတာပါ။ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နာယက သူရ ဦးတင်ဦးကတော့ အကြမ်းဖက်မှုတွေဟာ ဘယ်သူ့ကိုမှ ကောင်းကျိုးမပေးတာကြောင့် ရပ်ကြပါတော့လို့ အခုလို တိုက်တွန်းသွားပါတယ်။

“တော်လောက်ပါပြီ လက်နက်နဲ့ ပဋိပက္ခ ဖြေရှင်းတာ တော်လောက်ပါပြီ။ တွေ့ဆုံဆွေးနွေးအဖြေရှာပြီးတော့ ငြိမ်းချမ်းစွာဆွေးနွေးပြီးအဖြေရအောင် လုပ်ပေးကြပါစို့ ဆိုတာ ပြောချင်ပါတယ်။”

ဦးကိုနီ လုပ်ကြံခံရမှု၊ ဦးနေ၀င်း သေဆုံးမှုတို့နဲ့ ပတ်သက်ပြီး အဖမ်းအဆီးတွေ လုပ်ကြံရတဲ့ အကြောင်းရင်းတို့နဲ့ ပတ်သက်ပြီးလည်း ပြည်ထဲရေး ၀န်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ပြီးခဲ့တဲ့ သတင်းပတ် သတင်းစာ ရှင်းလင်းပွဲမှာတော့ လုပ်ကြံမှုနဲ့ ဖမ်းဆီးထားသူတွေထဲမှာ သေနတ်သမား ဦးကြည်လင်း တဦးသာ အရပ်သားဖြစ်ပြီး ကျန်တဲ့သူတွေကတော့ စစ်တပ်က အနားယူထားသူတွေ၊ ထုတ်ပယ်ခံရသူတွေ ဖြစ်ပါတယ်။ ဒီလူတွေရဲ့ ထွက်ဆိုချက် အရတော့ ဦးကိုနီကို လုပ်ကြံရတာဟာ လူငယ်သဘာဝအရ ပုဂ္ဂိုလ်ရေးအရ မကြေနပ်မှုကြောင့် ဖြစ်တယ်လို့ အာဏာပိုင်တို့ ရှင်းလင်းခဲ့တာပါ။ ဖမ်းဆီးခံထားရသူတွေဟာ အသက် ၄၀ ကျော် ၅၀ ကျော်တွေ ဖြစ်ပေမယ့် အာဏာပိုင်တို့က လူငယ်တွေလို့ သုံးနှုန်းခဲ့တဲ့ အတွက်လည်း လူထုကြားမှာ ပြောစရာ၊ ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲ နောက်ပိုင်းမှာတော့ ဦးကိုနီ လုပ်ကြံခံရမှု၊ ဦးနေ၀င်း သေဆုံးခဲ့ရမှုတို့နဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က မှတ်ချက်ပေး ပြောဆိုခဲ့သလို အခု အကြမ်းဖက်မှု ဆန့်ကျင်ရေး အခမ်းအနားလည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
VOA Burmese News


ရန်​ကုန်​အတွင်း၌ မည်သည့်အကြမ်းဖက်​မှုကိုမှ လက်​မခံကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ ဖေဖော်​ဝါရီ ၂၇ ရက်​​နေ့က ရန်​ကုန် အပြည်​ပြည်​ဆိုင်​ရာ​လေဆိပ်​တွင် ကျင်းပပြုလုပ်သော ဦးကိုနီနှင့် ဦးနေဝင်းတို့အား အောင့်မေ့ခြင်းအခမ်းအနားတွင်​​ပြောကြားသည်​။

"ရန်​ကုန်​ရဲ့လူအများဝင်​ထွက်​သွားလာ​နေတဲ့​နေရာမှာ ဦးကိုနီလိုလူမျိုးကို သေနတ်​ထုတ်​​ခေါင်းချိန်​ပြီးလုပ်​ကြံခံရတာ တရားဥပ​ဒေစိုးမိုးမှုမရှိ​ဘူးလားလို့​ မေးခွန်းထုတ်​စရာဖြစ်​​နေပါတယ်​။ အကြမ်းဖက်​တာကို ကမ္ဘာကလည်း လက်​မခံပါဘူး။မြန်​မာနိုင်​ငံမှာလည်း လက်​မခံနိုင်​ပါဘူး။ ရန်းကုန်​တိုင်းအ​နေနဲ့လည်း လက်​ခံစရာအ​ကြောင်း လုံးဝမရှိပါဘူး။ ဒါ​ကြောင့်​ ရန်​ကုန်​မှာ ဘယ်​အကြမ်​ဖက်​မှုမှ လက်​ခံမှာမဟုတ်​​ဘူးလို့ ကျွန်​​တော်​ကတိကဝတ်​ပြုပါတယ်"ဟု ဦးဖြိုးမင်းသိန်းက​ပြောသည်​။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


တနင်္ဂနွေနေ့ညက လော့စ်အိန်ဂျလိစ်မြို့၊ ဟောလီးဝုဒ်မှာကျင်းပတဲ့ ၈၉ ကြိမ်မြောက် အော်စကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ Moonlight ရုပ်ရှင်က အကောင်းဆုံးဇာတ်ကားဆုရသွားပါတယ်။ ဒါပေမဲ့လဲ ဆုရမယ်လို့ နာမည်ကြီးနေခဲ့တဲ့ La La Land ဇာတ်ကားကို အကောင်းဆုံးဇာတ်ကားဆုအဖြစ် အရင်ဆုံး မှားပြီး ကြေညာခဲ့ပြီးမှ ပြန်ပြင်ပြီးတော့ တကယ်တမ်း ဆုရတာက Moonlight ဇာတ်ကားလို့ ကြေညာရတာပါ။ အဲဒီလို ပြန်ပြင်ပြီး ကြေညာတဲ့အချိန် La La Land ဇာတ်ကားမှာ ပါဝင်သူတွေ ဆုယူဖို့အတွက် စင်ပေါ်ကိုတောင်မှ ရောက်နေကြပါပြီ။

အော်စကာဆုပေးပွဲအတွက် မဲတွေကို တာဝန်ယူ ရေတွက်ပြီး ဆုရတဲ့ စာအိတ်တွေကို ပြင်ဆင်ရတဲ့ PwC ကုမ္ပဏီက ဒီဖြစ်ရပ်အတွက် တောင်းပန်ပြီး အမှားအယွင်း ဘယ်လိုဖြစ်သွားတယ်ဆိုတာကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

အရင့်အရင်က အော်စကာတစ်ကြိုဆု အများဆုံးဝင်ခဲ့ဖူးတဲ့ Titanic, All About Eve ဇာတ်ကားတွေနဲ့တန်းတူ တစ်ကြိုဆု ၁၄ ဆု ၀င်ထားတဲ့ La La Land ဇာတ်ကားကတော့ မင်းသမီး Emma Stone က အကောင်းဆုံး မင်းသမီးသရုပ်ဆောင်ဆုနဲ့ အကောင်း ဆုံး ဒါရိုက်တာဆုအပါအ၀င် အော်စကာထူးချွန်ဆုပေါင်း ၆ ဆု ရပါတယ်။

အကောင်းဆုံး မင်းသားသရုပ်ဆောင်ဆုကို Manchester by the Sea ဇာတ်ကားက မင်းသား Casey Affleck ကရပါတယ်။ Affleck အတွက်တော့ ဒါဟာ ပထမဆုံး အော်စကာဆုပါ။ အကောင်းဆုံး ဇာတ်ပို့မင်းသားဆုကို Moonlight ဇာတ်ကားက Mahershala Ali နဲ့ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုကို Fences ဇာတ်ကားက Viola Davis တို့ အသီးသီး ရသွားကြပါတယ်။

VOA Burmese News

 Yanghee Lee

Yanghee Lee

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားကြတယ်လို့ဆိုတဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခ သည်တွေဆီကနေ ကြားခဲ့ရတာတွေဟာ သူ မျှော်လင့်ထားတာထက် ပိုပြီးဆိုးရွားနေတာကြောင့် ၀မ်းနည်းရတဲ့အကြောင်း မြန်မာ နိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee ကပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazaar ဒေသအပါအ၀င် ဒုက္ခသည်စခန်းတွေကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ မစ္စ ယန် ဟီးလီ သွားခဲ့ပြီးတဲ့နောက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ အဲဒီလိုပြောထားတာပါ။

ဒီမိသားစုတွေ တွေ့ကြုံခံစားခဲ့ရတဲ့ အကြမ်းဖက်ခံရမှု အတိုင်းအတာ ပမာဏဟာ သူ နဂိုတုန်းက ခန့်မှန်းထားတာထက် အများကြီး ပိုပြီး ဆိုးရွားတယ်လို့ မစ္စ ယန် ဟီးလီက ပြောပါတယ်။

ဒုက္ခသည်တွေနဲ့တွေ့ဆုံပြီးတဲ့နောက်မှာ မြန်မာစစ်တပ်နဲ့ အစိုးရဘက်က အကြိမ်ကြိမ်ပြောထားတဲ့ ရိုဟင်ဂျာတွေ သူတို့နေအိမ် တွေကို သူတို့ဖာသာ ပြန်ပြီးမီးရှို့တာဆိုတဲ့အချက်ကို သူ လက်မခံခဲ့ဘူးဆိုတာကို မစ္စ ယန် ဟီးလီက ပြန်ထောက်ပြထားသလို အဲဒီလိုပြောဆိုချက်ဟာ လက်တွေ့ သူကိုယ်တိုင် ကြားသိ မြင်တွေ့ရတာတွေနဲ့ ကွာခြားတာကိုလဲ ထုတ်ပြန်ချက်မှာ အသေးစိတ် ဖော်ပြထားပါတယ်။

ဒါ့အပြင် လည်ပင်းလှီးပြီးအသတ်ခံရတာ၊ ထိချင်ရာထိ ရမ်းသန်းပြီး ပစ်ခတ်တာ၊ လူတွေကို အိမ်ထဲမှာ ကြိုးနဲ့ ချည်ထားပြီး အိမ်တွေကို မီးရှို့ပစ်တာ၊ ကလေးငယ်လေးတွေကို မီးထဲပစ်ချတာတွေအပြင် လူစုလူဝေးနဲ့ မုဒိန်းကျင့်တာနဲ့ တခြား လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်တာ စတဲ့ ဆိုးရွားတဲ့အဖြစ်အပျက်တွေကို စွပ်စွဲပြောဆိုချက် တခုပြီးတခု သူကြားခဲ့ရတယ်လို့ ရေး ထားပါတယ်။

ဒီလိုဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်မဖြစ်အောင် တားဆီးဖို့နဲ့ ဖြစ်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် သီးခြားလွတ်လပ်ပြီး ဘက်မလိုက်တဲ့၊ ပြီးပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုတခုကို အမြန်ဆုံးလုပ်ဖို့ မြန်မာအစိုးရကို မစ္စ ယန်ဟီးလီက တိုက်တွန်းထားပါတယ်။ မစ္စ ယန်ဟီးလီရဲ့ ဒီ နောက်ဆုံးထုတ်ပြန်ချက်ပါ ဖော်ပြထားချက်တွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်က တုံ့ပြန်ချက်တော့ ထွက်မလာသေးပါဘူး။

VOA Burmese News


မြန်မာအစိုးရတပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားဖြစ်ပွါးနေတဲ့ စစ်ရေးပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် တရုတ်အစိုးရ အာရှရေး ရာအထူးကိုယ်စားလှယ် မစ္စတာစုန့်ကောရှမ်းကနေ UNFCခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ခေါင်းဆောင်တွေနဲ့ မနေ့ကတွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်ဘက်က ကူညီလိုကြောင်း ကမ်းလှမ်း ဆွေးနွေးလာတယ်လို့ UNFCတာဝန်ရှိသူတွေကပြောပါတယ်။ ထိုင်းအခြေစိုက်VOA သတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

UNFC ခေါ်ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့ခေါင်းဆောင်တွေနဲ့ တရုတ်အစိုးရ အာရှရေး ရာအထူးကိုယ်စားလှယ် မစ္စတာစုန့်ကောရှမ်းတို့ဟာ ထိုင်းနိုင်ငံဇင်းမယ်မြို့မှာ မနေ့က ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကြတာပါ။

ဒီတွေ့ဆုံမှုအခြေအနေနဲ့ပက်သက်လို့ UNFC တွဲဘက် အတွင်းရေးမှူး ဦးထွန်းဇော်က အခုလိုပြောပါတယ်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အာရှရေး ရာအထူးကိုယ်စားလှယ် မစ္စတာစုန့်ကောရှမ်း က ကျနော်တို့ UNFC အဖွဲ့နဲ့ လာရောက်တွေ့ဆုံတာကတော့ အဓိက ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ လာရောက်တွေ့ဆုံတာဖြစ်ပါတယ်။ သူတို့ဘက်ကတော့ အိမ်နီးချင်းနိုင်ငံတခုလည်းဖြစ်တယ်။ နယ်စပ်လည်းထိစပ်နေတဲ့ နိုင်ငံတခုအနေနဲ့ တိုင်းပြည်မှာ မငြိမ်းမချမ်းဖြစ်နေတာကို မလိုလားဘူးပေါ့နော် ။ နောက်ပြီးတော့ ဖြစ်နေတဲ့ ပဋိပက္ခကလည်း လက်နက်ကိုင် တိုင်ပွဲနည်းနဲ့ ဖြေရှင်းဖို့အတွက် အဖြေမဟုတ်ဘူးပေါ့နော် ၊ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းစေလိုတဲ့ သူတို့ သဘောထားရှိတယ်။ ကျနော်တို့လည်း ငြိမ်းချမ်းစွာအဖြေရှာလိုတဲ့ သဘောထားရှိတယ်ဆိုတဲ့အကြောင်း သူ့ကိုပြောပြတယ်။ အဓိကတော့ မြန်မာ့တပ်မတော်အနေနဲ့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းမယ့် နည်းနာကို သုံးဖို့လိုတယ်၊ ဒီအပေါ်မှာလည်း အတတ်နိုင်ဆုံးပြောပြပေးဖို့ ကျနော်တို့ဘက်က လိုလားတဲ့အကြောင်း သူ့ကို ကျနော်တို့ တင်ပြလိုက်ပါတယ်။”

လက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပွါးနေဆဲ တိုင်းရင်းသားလက်နက်အဖွဲ့တွေနဲ့ မြန်မာအစိုးရ တပ်မတော်တို့ လက်နက် ကိုင် ပဋိပက္ခအရေး ပြေလည်မှု ရရှိဖို့တရုတ်အစိုးရအနေနဲ့လိုလားကြောင်းတရုတ်အစိုးရ အာရှရေး ရာအထူးကိုယ်စား လှယ် မစ္စတာစုန့်ကောရှမ်းကနေပြောဆိုခဲ့တယ်လို့ဦးထွန်းဇော်ကအခုလိုပြောပါတယ်။

“အဓိကတော့ သူတို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ကိုလိုလားတယ်။ အဲဒီအပေါ်မှာ သူ့ဘက်ကနေပြီးတော့မှ ကြားဝင်ပြီးတော့ ကျနော်တို့ကို ညှိနှိုင်းပေးလို့ရတယ် ၊ ၂ ဘက်သဘောတူညီချက် ၂ဘက် ဖိတ်ခေါ်ချက်မှာ သူ့အနေနဲ့ ပါဝင်ဆောင်ရွက်ပေးလို့ရတယ် ဆိုတဲ့သဘောထားတော့ ရှိပါတယ် ။ ကျနော်တို့ NCA စာချုပ် မူကြမ်းလုပ်ကတည်းကနေ ကျနော်တို့ ဆွေးနွေးတဲ့ဖြစ်စဉ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ကိုယ်စားလှယ်ရော နောက်ပြီးတော့ ကုလရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ရော တောက်လျှောက်လေ့လာသူအနေနဲ့ ပါဝင်ခဲ့တာရှိပါတယ်။ ဒီ အနေအထားကိုလည်း ဆက်လက်ပြီးတော့မှ ပါဝင်ပတ်သက်နေတဲ့ အနေအထားရှိတယ်။”

မြန်မာအစိုးရနဲ့ လက်ရှိမှာNCAအပစ်ရပ်စာချုပ်ရေးထိုးရေးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၈)ဖွဲ့သာ ပါဝင်နိုင် ခဲ့ပြီး ကျန်တဲ့အဖွဲ့တွေအနေနဲ့လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဌာနချုပ်ပန်ခမ်းမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအဝေးမှာ NCA စာချုပ်မှာလက်မှတ်ထိုးတဲ့ လမ်းကြောင်းကို မရွေးချယ်ဘဲ နိုင်ငံရေးလမ်းကြောင်းသစ်ရှာဖွေဖို့ အပါအ၀င် အချက် ၉ချက်ကို သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။

ပန်ဆန်းအစည်းအဝေးဆုံးဖြတ်ချက်နဲ့ပက်သက်ပြီး တရုတ်အစိုးရ အာရှရေးရာအထူးကိုယ်စားလှယ် ကနေ မေးမြန်းခဲ့ ရာမှာ အစည်းအဝေးတက်ရောက်သူတွေ နေရပ်ကိုပြန်မရောက်သေးတဲ့အတွက် အခြေအနေအတိအကျပြောကြား နိုင်ခြင်း မရှိသေးဘူးလို့ ဦးထွန်းဇော်ကပြောပါတယ်။

တရုတ်အစိုးရအာရှရေးရာအထူးကိုယ်စားလှယ်နဲ့ မနေ့ကတွေ့ဆုံမှုမှာ မွန်ပြည်သစ်ပါတီဒုတိယဥက္ကဌနိုင်ဟံသာ ကေအိုင်အိုကချင်လွတ်လပ်ရေးအဖွဲ့က ဗိုလ်ချုပ်ဂွမ်မော်၊ KNPP ဒုဥက္ကဌ ခူဦးရယ်တို့တက်ရောက်ခဲ့ပါတယ်။

NCAလက်မှတ်မထိုးနိုင်သေးတဲ့ UNFCနိုင်ငံရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့DPNနဲ့ မြန်မာငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ တို့ဟာ လာမဲ့မတ်လ(၃)ရက်နေ့မှာတွေ့ဆုံဆွေးနွေးသွားဖို့လဲ ရှိနေပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ တရုတ်အစိုးရ အာရှရေးရာအထူးကိုယ်စားလှယ်အပါအ၀င် ကုလသမဂ္ဂကအ သိသက်သေ ပါဝင်ဖို့ UNFCဘက်ကနေဖိတ်ကြားထားတယ်လို့ UNFC တွဲဘက် အတွင်းရေးမှူးဦးထွန်းဇော်ကအခုလိုပြောပါတယ်။

“ဒီလာမယ့် စတုထ္တအကြိမ်မြောက် DPN နဲ့ ငြိမ်းချမ်းရေးကော်မရှင်တွေ့ဆုံကြမယ့်အထဲမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အထူးကိုယ်စားလှယ်တို့ ဆက်လက်ပြီးတော့မှ လေ့လာသူတွေအနေနဲ့ ပါဝင်ပေးဖို့ ကျနော်တို့ ဖိတ်ကြားထားပါတယ် အဲဒီအပေါ်မှာ အစိုးရဘက်ကလည်း တရားဝင်ဖိတ်ကြားနိုင်မယ်လို့ ကျနော်တို့ ယုံကြည်မျှော်လင့်တယ်ပေါ့နော် ။ ဒီနေ့ဆိုရင် ငြိမ်းချမ်းရေးကော်မရှင်ဘက်ကိုတော့ တရားဝင် စာရေးအကြောင်းကြားလိုက်ပြီဖြစ်ပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဖေါ်ဆောင်နေတဲ့တချိန်ထဲမှာဘဲ ရှမ်းပြည်နယ် ကချင်ပြည်နယ် ကရင်ပြည်နယ် ရခိုင်ပြည်နယ်ဘက်မှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေအကြားမှာ တိုက်ပွဲဖြစ်ပွား နေစဲ လည်းဖြစ်ပါတယ်။ ဒီလိုဖြစ်ပွါးနေဆဲ တိုက်ပွဲတွေနဲ့ တပ်မတော်ကနေ ထိုးစစ်ဆင်နေမှုဟာ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးမှာ အဟန့် အတားဖြစ်နေတယ်လို့လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ရှု့မြင်နေကြပါတယ်။

နိုင်ကွန်းအိန်
VOA Burmese News



လူစည်ကားတဲ့ ရန်ကုန်လေဆိပ်မှာ ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ပူးပေါင်းကြံစည်သူတွေအကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြသထားတဲ့ မှတ်တမ်းတွေကို လေ့လာနေသူတစ်ဦး (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)
ရန်ကုန် (Myanmar Now) – ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်လိုသူတွေကို သတိထားကြပါလို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ အထင်ကရ ခေါင်းဆောင်တွေက ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ ဆက်စပ်ပြီး တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။

လုပ်ကြံခံရသူ ထင်ရှားတဲ့ အစ္စလမ်ဘာသာဝင် ရှေ့နေ ဦးကိုနီဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သူ တစ်ယောက် ဖြစ်ပြီး ဒီအခြေခံဥပဒေအရ လွှတ်တော်အသီးသီးရဲ့ နေရာ၂၅ ရာခိုင်နှုန်းကို တပ်မတော်သားအမတ်တွေက ရွေးကောက်ပွဲ ဝင်စရာ မလိုဘဲ ရနေတာပါ။

မဘသ ခေါင်းဆောင် ဆရာတော် တစ်ပါး ဖြစ်တဲ့ ဦးဝီရသူက တခြားနိုင်ငံတွေရဲ့ လွှတ်တော်တွေမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ မလိုအပ်ပေမယ့် မြန်မာနိုင်ငံမှာတော့ လိုအပ်တယ်၊ အခြေခံဥပဒေဟာ တစ်မျိုးသားလုံးရဲ့ လုံခြုံရေးအတွက် အရေးကြီးတာကြောင့် လွှတ်တော်အတွင်းက တပ်မတော်သားကိုယ်စားလှယ် မရှိစေချင်သူ၊ အခြေခံဥပဒေကို ပယ်ဖျက်ချင်သူတွေ သတိထားကြပါလို့ သူက ရေးသားလိုက်ပါတယ်။
ဒါ့အပြင် ဦးဝီရသူက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်ကြသူတွေကို ကျေးဇူးစကား ဆိုပါတယ်။
"ဒီပွဲမှာတော့ အနာဂတ် မြန်မာ့သာသနာအတွက် စိုးရိမ်မှုတွေ ကင်းပျောက်သွားလို့ စိတ်သက်သာရာတော့ ရလိုက်တယ်၊ ကြည်လင်းကို ကျေးဇူးတင်တယ်၊ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်၊ အောင်ဝင်းခိုင်ကို ကျေးဇူးတင်တယ်၊ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်" လို့ မန္တလေးမြို့က ဦးဝီရသူက သူ့ရဲ့ အင်တာနက် လူမှု ကွန်ရက်စာ မျက်နှာမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရေးသားလိုက်ပါတယ်။

ဦးကြည်လင်းက ရန်ကုန်လေဆိပ် သေနတ်သမား၊ ဦးအောင်ဝင်းဇော်က စီစဉ်သူဖြစ်ပြီး၊ ငွေကြေး ထုတ်ပေးသူက ဦး ဇေယျာဖြိုးတို့ဖြစ်တယ်၊ သူတို့ကို ဖမ်းဆီးပြီး လူသတ်မှုနဲ့ အရေးယူထားတယ်လို့ ပြည်ထဲရေးဌာနက ဖေဖော်ဝါရီ ၂၄ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပြီး ဦးဝီရသူကတော့ "သူတို့မိသားစုတွေကို စာနာမိတယ်" လို့ ဆိုပါတယ်။

လုပ်ကြံမှုမှာ ပါဝင်တဲ့ လေဆိပ်သေနတ်သမား၊ တပ်မတော်အရာရှိဟောင်းတွေနဲ့ ဘာအဆက်အသွယ်မှ မရှိကြောင်း၊ အကြမ်းဖက်မှုမှန်သမျှကို ရှုတ်ချပြီး အကြမ်းဖက်ခံရသူ တိုင်းကိုလည်း စာနာမိကြောင်း ဦးဝီရသူက ရေးပါတယ်။

ဦးဝီရသူဟာ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာဟာ အစ္စလမ်ဘာသာရဲ့ လွှမ်းမိုးမှု အန္တရာယ် ကျရောက်နေကြောင်းကို တက်တက်ကြွကြွလှုံ့ဆော်လေ့ရှိပြီး သူ့ရဲ့ တရားပွဲများမှာလည်း ဒီအကြောင်းတွေကို အမြဲတမ်း ဟောပြောလေ့ ရှိပါတယ်။

မဘသ အတွင်းရေးမှူး မှတ်ချက်
----------------------------
Facebook ရေးသားချက်နဲ့ ပတ်သက်ပြီး ဦးဝီရသူကို Myanmar Now က ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။

မဘသ ဗဟိုအဖွဲ့ အတွင်းရေးမှူးကတော့ ဦးဝီရသူရဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ရေးသားချက်ဟာ ရေးသားသူရဲ့ ပုဂ္ဂလိက အာဘော်သာဖြစ်တယ်၊ ဦးကိုနီအသတ်ခံရ စဉ်က အဖွဲ့အနေနဲ့ ဝမ်းနည်းကြောင်း ထုတ်ပြန် ကြေညာပြီးဖြစ်တယ်လို့ ဆိုပါတယ်။

သို့သော်လည်း ဦးကိုနီလိုမျိုး အခြေခံဥပဒေပြင်လိုသူတွေကို မုန်းတီးသူ၊ သတ်ချင်သူတွေ အများအပြား ရှိတယ်လို့ မဘသ အတွင်းရေးမှူး၊ မွန်ပြည်နယ် မြစေတီဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိက ယူဆပါတယ်။
“ဦးကိုနီက မွတ်စလင်တွေ နေရာရအောင် တိုင်းပြည်ရဲ့ခြံစည်းရိုးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ခုချင်း ဖယ်ရှားနေတယ်၊ အခုချိန်မှာက တိုင်းပြည်ရဲ့အခြေအနေက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ မလိုသေးဘူး၊ ရလည်း မရသေးဘူး၊ ဒါကို ပြင်မယ်လို့ပြောနေရင် အမုန်းပွားနေဦးမှာပဲ” လို့ ဆရာတော်က ဆိုပါတယ်။

“တပ်မတော်က ဒီဟာကို ကာကွယ်စောင့် ရှောက်ရမယ့်တာဝန် ရှိတယ်၊ ပြင်ချင်ရင် တပ်နဲ့ပေါင်းပေါ့၊ ဦးကိုနီက ဒီခြံစည်းရိုးကို တစ်ချောင်းချင်းဖြုတ်နေတာ၊ ဒါ တစ်နေ့ ချောက်ကျမှာပဲ။ ပြောလို့မှ မရရင် အမျိုးချစ်တဲ့ လူတွေရော၊ ဘုန်းကြီးတွေရော လက်ခံဘူး၊ တပ်ဘက်က အတွင်းကျကျ သိထားတာတစ်ခုက အခုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို တပ်ဘက်က စောင့်ကြည့်နေတယ်”

အခြားတစ်ဘက်မှ အသံများ
----------------------------
ကိုယ်တိုင် ကျူးလွန်သတ်ဖြတ်တာ မဟုတ်ပေမယ့် သံဃာတော်တစ်ပါးအနေနဲ့ ရန်ကုန်လေဆိပ် လူသတ်သမားတွေကို အားပေးအားမြှောက်ပြုတာ၊ ချီးမွမ်းတာ၊ ထောက်ခံတာဟာ ရဟန်းရဲ့ဝိနည်းတော်အရ တတိယပါရာဇိကကျခြင်းဖြစ်တယ်၊ ရဟုန်းဘဝ ပြီးဆုံးသွားပြီး သာမန်လူတယောက်အဖြစ်သာ မှတ်ယူရမယ်လို့ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ပါဝင်သူ မန္တလေးမှ ဦးစိန္တိတက မှတ်ချက်ပေးပါတယ်။
“အဲ့ဒီလိုလုပ်တာဟာ ရဟန်းဘဝ ပြန်မရတော့ဘူး၊ ရဟန်းမဟုတ်တော့ဘူး၊ ဒါကို တာဝန်ရှိတဲ့ သံဃ အဖွဲ့အစည်းတွေ သိရမယ်၊ သိချိန်မှာလည်း သာသနာတော်ပြင်ပကို ထုတ်ရမှာ၊ အခုက ဦးဝီရသူ ကိုယ်တိုင်က သူလုပ်တာဟာ ဝိနည်းနဲ့မညီတာကို မခံယူလို့လား၊ သက်ဆိုင်တဲ့အဖွဲ့တွေကပဲ ဒီအတိုင်း ကြည့်နေတာလားတော့ တွေးစရာဖြစ်တယ်” လို့ ဦးစိန္တိတက ဆိုပါတယ်။

လူသတ်မှုကျူးလွန်ကြသူတွေကို ကျေးဇူးတင်ကြောင်း အများသိ ထုတ်ဖော်ခြင်းဟာ ရာဇဝတ် မှုကို အားပေးအားမြှောက်ပြုတဲ့သဘော သက်ရောက်ပေမယ့် ဥပဒေအရ အရေးယူနိုင်တဲ့အထိတော့ ပြစ်မှုမမြောက်ကြောင်း ဥပဒေရေးရာကျွမ်းကျင်သူတချို့က မှတ်ချက်ပြုပါတယ်။
“အမှုဖြစ်စဉ် မဖြစ်ခင်မှာ သူ့အနေနဲ့ ဒီလိုရေးသားခဲ့မယ်ဆိုရင်တော့ ဥပဒေအရ အားပေးအားမြှောက်လုပ်တာ ဆိုပြီး သူ့ကိုအရေးယူလို့ရတယ်၊ အခုက ဖြစ်စဉ်ကြီး ဖြစ်ပျက်ပြီးမှ သူက သူ့စိတ်ခံစားချက်ကို လူမှုကွန်ရက်မှာ ရေးတာ ဖြစ်တဲ့အတွက် သူ့ကို အမှုဖွင့်အရေးယူလို့ကတော့ မရဘူး” လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။

မဘသအဖွဲ့ရဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူ တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်ကလည်း ဦးဝီရသူရဲ့ ရေးသားချက်ဟာ ပုဂ္ဂိုလ်ရေး ခံစားချက်သာဖြစ်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် နေ့ကပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ဦးကိုနီသတ်ခံရမှုဟာ ပုဂ္ဂိုလ်ရေးမုန်းတီးတာကြောင့်ဖြစ်ပြီး၊ လူအချင်းချင်း အမုန်းပွားစေတဲ့ စကားတွေရပ်ကြရမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဦးကိုနီသတ်ဖြတ်ခံမှုနဲ့ပတ်သတ်ပြီး အမုန်းပွားစေတဲ့စကားများ Facebook ကွန်ရက်မှာ ပျံ.နှံ့နေတာကိုတော့ အာဏာပိုင်များက အရေးယူဆောင်ရွက်ခြင်း မပြုတာ တွေ့ရှိရပါတယ်။

လူစည်ကားတဲ့ ရန်ကုန်လေဆိပ်မှာ ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ပူးပေါင်းကြံစည်သူတွေအကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြသထားတဲ့ မှတ်တမ်းတွေကို လေ့လာနေသူတစ်ဦး (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)

ထက်ခေါင်လင်း/Myanmar Now
Myanmar Now
https://www.facebook.com/myanmarnownews


တယ်လီနော ဆက်သွယ်ရေးလုပ်ငန်းကုမ္ပဏီမှ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလအတွင်း မူခင်းများနှင့် ပတ်သက်သည့် သတင်းအချက် အလက် ၂၂ ခုကို အာဏာပိုင်အဖွဲ့အစည်းထံသို့ ထုတ်ပေးခဲ့ရကြောင်း တယ်လီနော၏ CEO MR. LARS ERIK TELLMANN ကပြောကြားသည်။

“ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ပေးတဲ့ သတင်းအချက်လက်က တကယ်တမ်းပေးသင့်တဲ့ အချက်အလက်လားဆို တာကို ပြန်ပြီးစုံစမ်းစစ်ဆေးပါသေးတယ်။ အဲဒီမှာလည်း မေတ္တာရပ်ခံပြီးတောင်းဆိုတဲ့ အချက်တွေရှိသလိုပဲ complain လုပ်တဲ့အချက်တွေရှိပါတယ်။ ၂၀၁၇ ဇန်န၀ါရီမှာ တောင်းဆိုချက် ၅၁ ချက်ရှိတဲ့အထဲကနေပြီးတော့ ကျွန်တော် တို့ ၂၂ ချက်ကို ထုတ်ပေးခဲ့ပါတယ်။ လူသတ်မှုနဲ့ ပတ်သက်တဲ့ကိစ္စ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ကိစ္စ၊ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေဆိုရင်တော့ အချက်အလက်တွေ ထုတ်ပေးခဲ့ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ ထုတ်ပေးတဲ့ အချက်အလက်တွေဟာ သမိုင်းကြောင်းအစဉ်အလာအရ ထုတ်ပေးလေ့ရှိတဲ့ အချက်အလက်ဖြစ်ပါတယ်။ လူတယောက်ကို ဖမ်းဆီးရမိဖို့ သူ့ရဲ့ ထွက်ချက်ကိုအခြေခံပြီးတော့ သတင်းအချက်အလက်တခုကို ယူတယ်ဆိုလို့ရှိရင် ထုတ်ပေးပါတယ်”ဟု ၄င်းကပြောသည်။

ထို့ပြင် “လူသတ်မှုတစ်ခု ဖြစ်တယ်။ လူသတ်မှုမဖြစ်ခင်မှာ ဒီလူဟာ နောက်ဆုံး ဖုန်းပြောဆိုထားတဲ့အချက်များရှိသလား။ ဘယ် အချိန်မှာ ဖြစ်တာလဲ။ တိုက်ရိုက်ပတ်သက်သလားဆိုတာကို တောင်းတာပါ”ဟု ၎င်းကဆက်လက်ပြောကြားသည်။

အစိုးရအနေဖြင့် တယ်လီနောထံ ယင်းသို့ သတင်းအချက်အလက်တောင်းခံနိုင်သည့် အခွင့်အရေးရှိနေကြောင်းကိုလည်း MR. LARS ERIK TELLMANN က ဆက်ပြောသည်။
“ဒါက ဆက်သွယ်ရေးဥပဒေနဲ့ တိုက်ရိုက်ဆိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေကို ဒီလုပ်ငန်းတွေကို လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ ဘယ်လောက်ရှင်းရှင်းလေး လုပ်နိုင်မလဲဆိုတာကို သိထားဖို့လိုပါတယ်။ ဒါကြောင့်မို့ တောင်းတဲ့ဒီအချက်အလက်တွေတိုင်းကို လက်တွေ့ကျကျပေးနိုင်ဖို့ အရေးကြီးပါတယ်”ဟု ၄င်းကပြောသည်။

သို့ရာတွင် တယ်လီနော်အနေဖြင့် တဦးနှင့်တဦး ဖုန်းပြောဆိုရာတွင် ကြားဖြတ်နာထောင်ခြင်း၊ အသံဖမ်းယူခြင်းမျာ လုံးဝမပြုလုပ်ကြောင်းနှင့် အာဏာပိုင်အဖွဲ့အစည်းများဘက်ကလည်း ယင်းသို့လုပ်ဆောင်ပေးရန် မတောင်းဆို ကြောင်း ၎င်းက ပြောသည်။

လင်းလင်းအောင်
Photo-Victor
News Watch
https://www.facebook.com/NewsWatchJournal/



တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တွေ့ရစဉ်။ Photo: Win Ko Ko Latt/ RFA
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို သက်တမ်းတစ်နှစ် တိုးမြှင့်ဖို့အတွက် ပြည်ထောင်စု လွှတ်တော်မှာ သဘောထားတောင်းခံရာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် က ကန့်ကွက်ခဲ့ပေမယ့် မဲစနစ်နဲ့ သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက် ပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥပဒေတွေအရသာ ကော်မရှင် ဖွဲ့စည်းခွင့်ရှိကြောင်း နဲ့ အဲဒီကော်မရှင် ဖွဲ့စည်းတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ မညီ စစ်ဆေးပေးဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးထံ တင်ပြထားတယ်လို့ ဗိုလ်မှူးချုပ်မောင်မောင် က ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို အဖွဲ့ဝင် ၃၈ ဦးနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပြီး မနက်ဖြန် တစ်နှစ်ပြည့်ပြီဖြစ်တာကြောင့် နောက်ထပ်သက်တမ်းတစ်နှစ် တိုးမြှင့်ဖို့ ဆန္ဒသဘောထား တောင်းခံတာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ စက်ခလုတ်အသုံးပြုပြီး မဲခွဲဆုံးဖြတ်ရာ သက်တမ်းတိုးဖို့ ထောက်ခံသူ ၃၃၃ ဦး၊ ကန့်ကွက်သူ ၁၈၉ ဦး၊ ကြားနေ ၆ ဦး ရှိတာကြောင့် သက်တမ်းတစ်နှစ်တိုးဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


( ဖမ်းဆီးရမိသည့် တရားမဝင်ကျောက်စိမ်းတုံးများကို တွေ့ရစဉ် )Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တရားမ၀င် ကျောက်စိမ်းအရိုင်းတုံး အလေးချိန် ကီလိုဂရမ် ၃သောင်းကျော်(တန် ၃၀ ကျော်) ဖမ်းဆီးရမိမှုနဲ့ သယ်ဆောင်လာသူ ၂၀ ကျော်ကို အမှုဖွင့်ထားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မျိုးသူရနောင် က ပြောပါတယ်။

တရားမဝင် ကျောက်စိမ်းအရိုင်းတုံးသယ်ဆောင်လို့ ဖမ်းဆီးရမိသူ အယောက် ၂၀ ကျော်ကို ကျောက်မျက်ဥပဒေ ပုဒ်မ ၄၂ ( က ) နဲ့ အမှုဖွင့်ထားတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မျိုးသူရနောင် က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဖားကန့်ဘက်ကနေ အခွန်ဆောင်ပြီး သယ်ယူလာတဲ့ ကျောက်စိမ်း ကား ၉ စီးရဲ့ အောက်ခင်းကြမ်းပြင်မှာ တရားမဝင်ကျောက်စိမ်းအရိုင်းတုံးတွေကို ဝှက်ပြီး သယ်ဆောင်လာချိန်မှာ မိုးညှင်းမြို့က နယ်မြေခံတပ်မတော် နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ တာဖြစ်ပါတယ်။

အဲဒီလို ဖမ်းဆီးရမိပြီးနောက် အုပ်ချုပ်ရေးအဖွဲ့၊ တပ်မတော်၊ ရဲတပ်ဖွဲ့ နဲ့ ကျောက်မျက် ဝန်ထမ်းတွေက အလေးချိန်၊ အရည်အသွေး စတာတွေကို စစ်ဆေးနေတာဖြစ်ပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသကနေ တရားမဝင်ကျောက်စိမ်းသယ်ယူလို့ မကြာခဏ ဖမ်းဆီးရမိမှုတွေရှိနေရာမှာ အများစုဟာ တရုတ်ပြည်ဘက် နည်းလမ်းမျိုးစုံ နဲ့ မှောင်ခို သယ်ထုတ်နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း ဝိုင်းမော်မြို့က တဆင့် တရုတ်ပြည်ဘက် တရားမဝင်သယ်ဆောင်မယ့် ကျောက်စိမ်းအရိုင်းတုံး တန်ချိန် လေးဆယ်ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/


ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရ ဦးဆောင်ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပဖို့ ရက်ပိုင်းလောက်ပဲ လိုတော့မယ့်အချိန် ငြိမ်ချမ်းရေး လုပ်ငန်းစဉ်ကို စိန်ခေါ်တဲ့ ပြောဆိုမှုတွေ၊ လှုပ်ရှားမှုတွေ ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ ဖေဖေါ်ဝါရီ ၂၂ ကနေ ၂၄ ရက်နေ့အထိ UWSA ၀တပ်ဖွဲ့ ထိန်းချုပ်ရာ ပန်ခမ်းမှာ ကျင်းပတဲ့၊ အစိုးရနဲ့ NCA စာချုပ်မှာ လက်မှတ် ထိုးမထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ မျက်နှာစုံညီ အစည်းဝေးပွဲပါ။ ဒီ အစည်းအဝေး ကနေ NCA စာချုပ်ကို လက်မခံပဲ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ နောက်ထပ် ဆွေးနွေးမှု သစ်တွေ ပြုလုပ်ဖို့ တောင်းဆိုလိုက်ပါပြီ။ ဒီ အစည်းအဝေး မတိုင်ခင် ကတည်းက UWSA အဖွဲ့ဟာ စာတန်းတစ်စောင် ရေးသားပြုစုပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ် သဘောထား၊ NCA စာချုပ်အပေါ် သဘောထား၊ ပင်လုံစိတ်ဓာတ်ဆိုတာကို အဓိပ္ပါယ် ဖွင့်ဆိုမှု ပြုလုပ်ခဲ့ပါတယ်။ ထူးခြားတာကတော့ အဲဒီအစည်းအဝေးကို အထူး ဧည့် သည်တော် နှစ်ယောက် ဖိတ်ကြားခဲ့ပြီး အဲဒီထဲက DKBA ခွဲထွက်ခေါင်းဆောင် စော ဆန်းအောင် တက်ရောက်ခဲ့ပါတယ်။ တစ်ပြိုင်နက်တည်းလိုလို အစည်းအဝေး ကျင်းပတဲ့ နေ့ရက်မှာပဲ ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်ဟာလည်း တရုတ် မီဒီယာ တစ်ခုကို လက်ခံ အင်တာဗျူးလုပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေကို ခိုင်မာတဲ့ စစ်ရေး မဟာမိတ်ဖွဲ့ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ပန်ခမ်း ထိပ်သီးအစည်း အဝေးဟာ ဘယ်လိုမျိုးလဲ၊ အဲဒီ အစည်းအဝေးရလာဒ်တွေ ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် အကောင်အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဘယ်လို ဂယက်ရိုက်ခတ်သွားနိုင်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ထိပ်သီး အစည်းအဝေးမှာ UWSA ခေါင်းဆောင် ပေါက်ယိုချန်းက အဖွင့်မိန့်ခွန်း ပြောပါတယ်။ သူပြောတာက မြန်မာနိုင်ငံထဲက ပြည်တွင်းစစ် ပဋိပက္ခပြသနာကို ၁၉၉၃ မှာ အရင် စစ်အစိုးရက အမျိုးသားညီလာ ခံနည်းနဲ့ ဖြေရှင်းခဲ့ တဲ့အကြောင်း၊ ၂၀၁၁ နောက်ပိုင်း သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ လက်ရှိ ဒေါ်အောင်ဆန်း စုကြည်ကလည်း ဖြေရှင်းဖို့ ကြိုးစားနေကြောင်း၊ ဒါပေမယ့် ပြသနာကို မဖြေရှင်းနိုင် သလို၊ ပြည်တွင်းစစ်လည်း ရပ်စဲသွားခြင်း မရှိ၊ မြန်မာ့တပ်မတော်ကလည်း ဒီကနေ့ အချိန်ထိ တိုင်းရင်းသားတွေကို စစ်ပွဲနဲ့ နှိပ်စက်နေဆဲ ဆိုပြီး စွတ်စွဲပြောဆိုခဲ့ပါတယ်။ အရင် သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်တို့က NCA စာချုပ်ကို အခြေခံတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ချမှတ် ကျင့်သုံးနေတဲ့အကြောင်း၊ အဲလို ကျင့်သုံးတဲ့အတွက် လက်နက်ကိုင် တိုင်းရင်းသားတွေ အကြား အုပ်စု သုံးစု ကွဲသွားစေတဲ့အကြောင်း၊ တိုင်းရင်းသားတွေ အတွက် အကျိုးမရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးမှုပုံစံမှာ မြန်မာတွေရဲ့ ဆွေးနွေးမှုပုံစံ၊ မြန်မာတွေက ဦးဆောင်ဦးရွက် ပြုတာတွေကို ခွင့်မပေးနိုင်တော့ဘူးလို့ ဆိုထားပါတယ်။ သူပြောဆိုတဲ့အတိုင်းလဲ နောက်ပိုင်း ထိပ်သီးအစည်းအဝေး ကနေ ကြေငြာချက် ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။

အစည်းအဝေးမှာ ပေါက်ယိုချန်း မိန့်ခွန်းမပြောခင် UWSA က ကြိုတင်ဖြန့်ဝေထားတဲ့ စာတမ်းမှာတော့ ဒီထက် ပြင်းထန်တဲ့ စကားလုံးတွေ သုံးစွဲပြီး ဒေါ်အောင်ဆန်းစုကြည်၊ NCA စာချုပ်နဲ့ မြန်မာ့တပ်မတော်ကို တိုက်ခိုက်ထား တာ တွေ့နိုင်ပါ တယ်။ ဒေါ်အောင် ဆန်းစုကြည် အစိုးရအကြီးအကဲ ဖြစ်လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင် အကောင်အထည် ဖော်တဲ့အခါ တိုင်းရင်းသားတွေက မျှော်လင့်ချက် ထားခဲ့ကြ တဲ့အကြောင်း၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာလဲ ဗမာပဲ ဖြစ်တဲ့အတွက် အရင် အစိုးရတွေနဲ့ သိပ်ပြီး မထူးခြားတဲ့အကြောင်း၊ သူအကောင်အထည်ဖော်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာလည်း တိုင်းရင်းသားတွေ အတွက် အကျိုးမရှိဘူး လို့ ဝေဖန်ထိုးနှက်ထား ပါတယ်။

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အကောင်အထည်ဖော်တဲ့ ၂၁ ရာစု ပင်လုံညီလာခံနဲ့ ပင်လုံစိတ်ဓာတ် ဆိုတဲ့ စကားလုံးကို ဝေဖန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့ ပင်လုံစိတ်ဓာတ် ဆိုတာဟာ အရင် သမိုင်းမှာ ချုပ်ဆိုခဲ့ဖူးတဲ့ ပင်လုံစာချုပ်နဲ့ ကွာခြားနေကြောင်း၊ အဓိပ္ပါယ် မတူတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ပင်လုံစိတ်ဓာတ်မှာ ခွဲထွက်ခွင့် ဆိုတာ ပါမလာတော့ကြောင်း၊ တိုင်းရင်းသား အခွင့်အရေး ဆိုတာလဲ မရှိကြောင်း၊ ဒါတောင် တိုင်းရင်းသားတွေက အဲဒီကိစ္စ ဆွေးနွေးတယ်လို့ မကြားသိရကြောင်း၊ ဒါကြောင့် ထိပ်သီးအစည်းအဝေးမှာ အဲဒီ စကားလုံးကို အဓိပ္ပါယ် ဖွင့်ဆိုဖို့ ကြိုးစားမယ် ဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။ အဲလို ဖော်ပြတဲ့အတိုင်း အပြီးသတ် ကြေငြာချက်မှာ ပင်လုံစာချုပ်နဲ့ ပတ်သက်ပြီး ၀ တပ်ဖွဲ့က ပြုစုထားတဲ့ စာတမ်းပါ ဖော်ပြချက်အတိုင်း အတည်ယူခဲ့ကြပါတယ်။

နောက်တော့ NCA စာချုပ်ကို ဝေဖန်ပါတယ်။ NCA စာချုပ်ဟာ စစ်ရေးအတွက် ချုပ်ဆိုထားတဲ့ စာချုပ်မဟုတ်သလို၊ နိုင်ငံရေးအရ သဘောတူညီချက်တွေလည်း မပါကြောင်း၊ ဟိုမရောက်သည်မရောက် စာချုပ်ပဲ ဖြစ်ကြောင်း၊ စာချုပ်ထဲမှာပါတဲ့ အချက်တွေကလည်း လိုသလို အဓိပ္ပါယ် ဖွင့်နိုင်တဲ့အကြောင်း၊ ဒါကြောင့် မြန်မာ့တပ် မတော်က NCA စာချုပ်ကို လိုရာ အဓိပ္ပါယ်ဖွင့်တာ ကြားရကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့်လဲ နောက်ပိုင်း ထုတ်တဲ့ ကြေငြာချက်မှာ NCA ကို လက်မခံပဲ အခြား အပစ်အခတ်ရပ်စဲရေး စာချုပ်၊ တစ်နည်း ဆွေးနွေးမှု အသစ်တွေနဲ့ အစားထိုးမယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးကိုတက်ဖို့ အစိုးရနဲ့ အပစ်ရပ်မထားတဲ့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေတင်မက အထူးဧည့်သည်တော်အဖြစ် DKBA ခွဲထွက်ခေါင်းဆောင် ဗိုလ်မှူးကြီးစောဆန်းအောင်၊ KNU ကရင်လက်နက်ကိုင်တပ်ဖွဲ့က တပ်မှူးတ ယာက်ဖြစ်တဲ့ ဘောကျော်ဟဲ တို့ကို ဖိတ်တာကလည်း ထူးခြားပါတယ်။ ဗိုလ်မှူးကြီး စောဆန်းအောင်ဟာ ကရင်ပြည်နယ်ဘက်မှာ တပ်မတော် အပါအ၀င် လက်နက်ကိုင် ကရင် တပ်ဖွဲ့တွေနဲ့ရော နယ်ခြားစောင့်တပ်နဲ့ပါ ပဋိပက္ခတွေ ဖြစ်ပြီး တိမ်းရှောင်နေရတဲ့သူပါ။ KNU တပ်မှူး ဘောကျော်ဟဲကလည်း KNU အနေနဲ့ NCA လက်မှတ်ထိုးတာကို သဘောမကျသူ၊ အစိုးရနဲ့ ပတ်သက်ရင် သဘောထား တင်းမာသူ အဖြစ် သတင်းထွက်ပါတယ်။ ဒီနှစ်ယောက်ကို ဖိတ်ကြားတာဟာ UWSA အနေနဲ့ မြန်မာ့တပ်မတော်၊ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်နေတယ် ဆိုတာကို အတိအလင်း ဖော်ပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။ အစည်းဝေးကို စောဆန်းအောင် လာတက်ပေမယ့် KNU တပ်မှူးကြီး ဘောကျော်ဟဲ ကတော့ လာတက်တာ မတွေ့ရပါဘူး။

နောက်ထပ် ထူးခြားတာက ထိပ်သီး အစည်းအဝေးကာလ အတွင်း ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်က တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ခိုင်မာတဲ့ စစ်ရေး မဟာမိတ် ဖွဲ့သင့်တယ်လို့ တရုတ်မီဒီယာကို ပြောဆိုလိုက်တာပါ။ လက်ရှိ ကေအိုင်အေ၊ ကိုးကန့်၊ ပလောင်၊ ရခိုင် AA ပါတဲ့ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့လိုမျိုး အင်အားကောင်းတဲ့ ၀ တပ်ဖွဲ့ပါ ပါဝင်မယ့် ပိုပြီး အင်အားတောင့်တင်းတဲ့ မဟာမိတ် တပ်ဖွဲ့မျိုးပါ။ ဒီအခြေအနေ အားလုံးကိုကြည့်လိုက်ရင် ၀ တပ်ဖွဲ့ဟာ အရင်တုန်းကလို ကိုယ့်လက်နက်ကိုယ်ကိုင်၊ ကိုယ့်ဒေသ ကိုယ်ထိန်းချုပ်ပြီး ကိုယ်လိုရာ အခွင့်အရေး ကိုယ်တောင်းနေ မယ်၊ မြန်မာ့နိုင် ငံရေးထဲ ၀င်မပါဘူး ဆိုတဲ့ သီးသန့်ဆန်တဲ့ ရပ်တည်ချက်ကနေ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စိန်ခေါ်တဲ့ ခြေလှမ်း လှမ်းလာပြီလို့ ကောက်ချက်ချနိုင်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် အကောင်အထည် ဖော်နေတဲ့ NCA ကို အခြေခံပြီး ပင်လုံညီလာခံတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပတဲ့ နည်းလမ်းကို UWSA ၀ တပ်ဖွဲ့က ပယ်ချတာ၊ အခြား တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း သူ့နောက်လိုက်ဖို့ စည်းရုံးလိုက်တာတွေဟာ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်ကို ပိုပြီး ခက်ခဲသွားစေပါလိမ့်မယ်။ ဒါ့အပြင် ၀ တပ်ဖွဲ့ ဦးဆောင်တဲ့ စစ်ရေး မဟာမိတ် အဖွဲ့တစ်ခုခု ဖွဲ့စည်းပြီး လှုပ်ရှား လာ ရင်ဖြင့် ပြည်တွင်းစစ် ပဋိပက္ခ တကျော့ပြန် ပြင်းထန်လာမယ့် အနေအထား အထိ ရောက် သွားနိုင်ပါသေးတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းမှာ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အခုထက်ပို အများကြီး ကြိုးစားအား ထုတ်ရတော့မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



မြစ်ကြီးနားကနေ ချီတက်လာတဲ့ ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နေပြည်တော်ကိုရောက်ရှိစဉ်။ Photo: Win Naung Toe/ RFA
၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ မြစ်ကြီးနားမြို့ကနေ ဘီးတပ်ကုလားထိုင်တွေနဲ့ ချီတက်လာတဲ့ ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့ဟာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိလာပါတယ်။

ညီလာခံကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်တာကြောင့် ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့ရဲ့ အစီအစဉ်ကို ပြောင်းလဲလိုက်ကြောင်း အဖွဲ့ခေါင်းဆောင် သိက္ခာတော်ရဆရာ ဦးသိန်းလွင် က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြီးအဆုံးသတ်ဖို့ ၊ တိုင်းပြည်ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမှု စားပွဲဝိုင်းမှာ ညှိနှိုင်းအဖြေရှာဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ စတဲ့ တောင်းဆိုမှုတွေ နဲ့ ချီတက်လာတာဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ မူလက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ၂၁- ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအမီ လာရောက်ကြတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခွင့်ရရှိဖို့ တင်ပြထားတယ် လို့လည်း အဖွဲ့ခေါင်းဆောင် ဦးသိန်းလွင် က ပြောပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့ကနေ နေပြည်တော်အထိ ဖြတ်သန်းခဲ့တဲ့ လမ်းတစ်လျှောက်မှာ ငြိမ်းချမ်းရေး အတွက် ပြည်သူလူထုထံက လက်မှတ်တွေ ကောက်ခံခဲ့ပြီး ငြိမ်းချမ်းရေးညီလာခံထံ တိုက်ရိုက်တင်ပြဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးတွဲလက်များ အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ က စတင်ပြီး မြစ်ကြီးနား မြို့ကနေထွက်ခွာလာတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese



(ဓာတ်ပုံ - နိရဉ္စရာ/ နောင်ခိုင်အောင်)
စစ်တွေ၊ ဖေဖော်ဝါရီ ၂၇

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင် နိုင်ငံသား စိစစ်ရာ၌ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် မညီဘဲ ပြုလုပ်ဆောင်ရွက်နေသည်ဟု ဆိုကာ စစ်တွေမြို့တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

"မောင်တောဒေသမှာ ၁၉၈၂ ဥပဒေနဲ့ မညီဘဲ နိုင်ငံသားကတ် ထုတ်ပေးနေတာတွေ့တယ်။ ဒါကြောင့် ဆန္ဒပြတာပါ။ အစိုးရက ပြည်သူကို လျစ်လျှုရှုနေတယ် ထင်တယ်"ဟု ဆန္ဒပြရာတွင် ပါဝင်သူ ဦးအောင်ဌေးက နိရဉ္စရာသို့ ပြောသည်။


ဆန္ဒပြရာတွင် ပါဝင်သူ ဒေါ်ကျော့စိန်က ရခိုင်ပြည်နယ် လဝက ဦးစီးမှူး ဦးဝင်းလွင်အား အရေးယူပေးရန် ယခုလအစောပိုင်းကလည်း စစ်တွေတွင် ပထမ အကြိမ်ဆန္ဒပြခဲ့ပြီးဖြစ်သော်လည်း ထူးခြားမှုမရှိသောကြောင့် ယခုကဲ့သို့ ထပ်မံဆန္ဒပြရခြင်း ဖြစ်သည်ဟု နိရဉ္စရာသို့ ပြောသည်။
" တရားမဝင်ဘဲ နိုင်ငံသားကတ်ထုတ်ပေးတဲ့အခါ တစ်ကြိမ် ဆန္ဒဖော်ထုတ်ခဲ့တယ်။ ဒါပေမယ့် ဂရုမစိုက်ခဲ့ဘူး။ အလေးမထားခဲ့ဘူး။ ပြည်သူလူထု၏ ဆန္ဒကို လုံးဝမလေးစားတာကြောင့် ထပ်မံဆန္ဒပြတာပါ " ဟု ဒေါ်ကျော့စိန်က ပြောသည်။

ယနေ့ ဆန္ဒပြပွဲတွင် သံဃာတော်များ အပါအ၀င် စစ်တွေဒေသခံ ၅ဝဝ ခန့် ပူးပေါင်း ပါဝင်ခဲ့သည်။
ဆန္ဒပြသူများသည် နေ့လယ် တစ်နာရီမှ ဝင်္ကဘာကွင်းမှ စတင်၍ မြို့တစ်ပတ် လမ်းလျှောက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြရာတွင် "၁၉၈၂ ခု ဥပဒေအမှန်အကန် စစ်ဆေးပေး"၊ "မြေမြိုလို့အမျိုးမပျောက် လဝကကြောင့် အမျိုးပျောက်"၊ "ဗရမ်းဗတာ လဝကအရေးယူ"စသည့် စာသားများပါသည့် ဆိုင်းဘုတ်ပိုစတာများကို ကိုင်ဆောင်ကာ ချီတက်ရာ လမ်းတစ်လျှောက် ကြွေးကြော်သံများကိုလည်း ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

အလားတူ ဆန္ဒပြကန့်ကွက်မှုကို မောင်တော၊ ဘူးသီးတောင်၊ သံတွဲမြို့တို့တွင်လည်း ပြုလုပ်ခဲ့ကြသည်ဟု သတင်း ရရှိသည်။

မဘုကေ
Narinjara
https://www.facebook.com/Narinjara



မိုဆူးလ်မြို့ အနောက်ပိုင်း ဒေသ ကို ပြန်လည် သိမ်းပိုက်မည့် စစ်ဆင်ရေး ၌ အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
    ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

    အီရတ် နိုင်ငံ ပူးပေါင်း စစ်ဆင်ရေး ညွှန်ကြားမှု ဌာန က အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့အနေဖြင့် မိုဆူးလ် မြို့အနောက်ပိုင်း ရှိ Mamun ဒေသ ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့က ထုတ်ပြန် ကြေညာ ခဲ့သည်။

ထုတ်ပြန်ချက်တွင် အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က မိုဆူးလ်မြို့ အနောက်ဘက် အစွန်းရှိ Mamun ဒေသ ကို စတင် တိုက်စစ်ဆင်ခဲ့ပြီး IS အကြမ်းဖက် တပ်ဖွဲ့ နှင့် ပြင်းထန်သည့် တိုက်ပွဲ ဖြစ်ပွားပြီးနောက်တွင် အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ သည် Mamun ဒေသ ကို ရာနှုန်းပြည့် ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အီရတ် နိုင်ငံ ဝန်ကြီးချုပ် Abadi သည် ဖေဖော်ဝါရီ ၁၉ ရက်နေ့က မိုဆူးလ်မြို့ အနောက်ပိုင်း ဒေသ ကို ပြန်လည် သိမ်းပိုက်မည့် စစ်ဆင်ရေး စတင်ကြောင်း  ကြေညာခဲ့ပြီး အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ မှ IS အကြမ်းဖက် တပ်ဖွဲ့ကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြသည်။လက်ရှိချိန်တွင် မိုဆူးလ်မြို့ အနောက်ပိုင်း ဒေသ တွင် IS အကြမ်းဖက် တပ်ဖွဲ့ဝင်ပေါင်း ၃၀၀၀ ခန့်လှုပ်ရှားနေကြောင်း သိရှိရသည်။

မိုဆူးလ် မြို့ သည် အီရတ် နိုင်ငံ အနောက်မြောက်ပိုင်း ဒေသ  မြို့တော်ဖြစ်ပြီး အီရတ် နိုင်ငံ ၏ ဒုတိယ အကြီးဆုံး မြို့လည်း ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဇွန်လပိုင်း တွင် IS အကြမ်းဖက် တပ်ဖွဲ့၏ သိမ်းပိုက်ခြင်း ကို ခံခဲ့ရပြီး အီရတ် နိုင်ငံ အစိုးရတပ်ဖွဲ့မှ ၂၀၁၆ ခုနှစ် အောက်တိုလ တွင် မိုဆူးလ်မြို့ ပြန်လည် သိမ်းပိုက်မည့် စစ်ဆင်ရေး ကို စတင်ကြောင်း ကြေညာခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့တွင် အီရတ် အစိုးရ တပ်ဖွဲ့ မှ မိုဆူးလ်မြို့ အရှေ့ပိုင်း ဒေသကို သိမ်းပိုက်မည့် စစ်ဆင်ရေး စတင်ကြောင်း ကြေညာ ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com



လာလာလန်း ရုပ်ရှင် ကလည်း အကောင်း ဆုံး အမျိုးသမီး သရုပ်ဆောင် ဆု ကို Emma Stone က ဆွတ်ခူးသွားပြီး စုစုပေါင်း အော်စကာ ၆ ဆု နဲ့ ဆု အများဆုံး ဆွတ်ခူး သွားနိုင်ခဲ့ ပါတယ်။
၂၀၁၆ ခုနှစ် အတွက် အော်စကာ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲ မှာ အကောင်းဆုံး ဇာတ်ကား ဆုကို Moonlight 'လရောင်' ဇာတ်ကားက ဆွတ်ခူး ရရှိသွား ပါတယ်။

ဇာတ်ကားဆု ကြေညာစဉ်ကို La La Land 'လာလာလန်း' ဇာတ်ကား က ရရှိတယ်လို့ မှာယွင်း ကြေညာ ခဲ့ပြီး ဆုရရှိတဲ့ အပေါ် လာလာလန်း ရုပ်ရှင် အဖွဲ့သားတွေက ကျေးဇူးတင် စကား ပြောကြား နေတုန်း မှာပဲ မှားယွင်း သွားတယ်လို့ အစီအစဉ် တင်ဆက် သူက ပြောကြားခဲ့ပြီး နောက် Moonlight ဇတ်ကားကို ဆုပေးအပ်လိုက် ပါတယ်။

မဲရေတွက် ရာမှာ တာဝန် ရှိတဲ့ စာရင်းစစ် ကုမ္ပဏီ PriceWaterhouseCooper ကနေ သူတို့ အမှား အတွက် တောင်းပန် လိုက်ပါ တယ်။

လာလာလန်း ရုပ်ရှင် ကလည်း အကောင်း ဆုံး အမျိုးသမီး သရုပ်ဆောင် ဆု ကို Emma Stone က ဆွတ်ခူးသွားပြီး စုစုပေါင်း အော်စကာ ၆ ဆု နဲ့ ဆု အများဆုံး ဆွတ်ခူး သွားနိုင်ခဲ့ ပါတယ်။

အကာင်းဆုံး အမျိုးသား သရုပ်ဆောင် ဆုကိုတော့ Casey Affleck က Manchester by the Sea ဇာတ်ကား ကနေ ဆွတ်ခူး ရရှိသွား ပါတယ်။

Viola Davis ကတော့ အကာင်းဆုံး အမျိုးသမီး ဇတ်ပို့ဆု ကို ရရှိခဲ့ပါတယ်။

လာလာလန်း ရုပ်ရှင် ကားရဲ့ ဒါရိုက်တာ အသက် ၃၂ နှစ်အရွယ် Damien Chazelle ဟာ အကောင်းဆုံး ဒါရိုက်တာ ဆုကို အဲဒီ ကားနဲ့ ဆွတ်ခူး ခဲ့ပြီး၊ အော်စကာ သမိုင်းမှာ အသက် အငယ်ဆုံး ဒါရိုက်တာ ဆု ဆွတ်ခူးသူ အဖြစ် မှတ်တမ်း ဝင်သွား ပါတယ်။

BBC Burmese
http://www.bbc.com/burmese



၂၀၁၆ ဇူလိုင်လ ၁၇ ရက်နေ့က UNFC နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရနဲ့ အပစ်ရပ်စဲရေး လက်မှတ်မထိုးရသေးတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ခေါင်းဆောင်တွေနဲ့ လာမယ့် မတ်လ ၃ ရက်နေ့မှာ တွေ့ဆုံဖို့ရှိကြောင်း နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဌာန ညွန်ကြားရေးမှူး ဦးဇော်ဌေးပြောတာကို ကိုးကားပြီး ပြည်တွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

UWSA ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ၊ ပန်ခမ်းမှာ ဖေဖော်ဝါရီလ ၂၂ ရက်ကနေ ၂၄ ရက်နေ့အထိ ထိပ်သီးစည်းဝေးပွဲ ကျင်းပခဲ့ကြတဲ့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စည်းဝေးပွဲကနေ နိုင်ငံရေး ဆွေးနွေးမှု လုပ်ဆောင်မယ့် အဖွဲ့ကို ဖွဲ့စည်းခဲ့ကြပါတယ်။

အစိုးရကိုယ်စားလှယ်တွေနဲ့ UNFC အကြား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇန်န၀ါရီလ ၁၃ ရက်နေ့က တရားဝင်မဟုတ်တဲ့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ပြီးနောက်ပိုင်း နှစ်ဖက် တွေ့ဆုံကြဖို့ ၂ ကြိမ် ကြိုးပမ်းခဲ့ဘူးပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC က တောင်းဆိုထားတဲ့ အချက် (၈) ချက်ကို အစိုးရဘက်က လက်ခံမယ်ဆိုရင် NCA တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးမယ်လို့ UNFC အဖွဲ့က ပြောထားပါတယ်။

ဒီအတောအတွင်း UNFC ခေါင်းဆောင်တွေနဲ့ တရုတ်အစိုးရကိုယ်စားလှယ်ဖြစ်တဲ့ အာရှဒေသဆိုင်ရာ ညွန်ကြားရေးမှူးတို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မနေ့က တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် တရုတ်ဘက်က ကူညီလိုတဲ့ ကိစ္စအပါအ၀င် ပန်ခမ်းမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီး စည်းဝေးပွဲအတွင်း ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေကို တရုတ်ကိုယ်စားလှယ်ဘက်က မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



အငတ်ဘေး ဒုက္ခသည်တွေ ဟာ ကျွန်းတွေ ဘက် က လာကြတာ
နိုင်ငံတကာ သတင်း ကတော့ တောင်ဆူဒန် နိုင်ငံ မှာ ပြည်တွင်းစစ် က သုံးနှစ် ကြာ လာတာ နဲ့ အမျှ စစ်ဒဏ် က ရှောင်ပုန်းရတဲ့ ဒုက္ခ နဲ့ ပြည်သူ အများစု ဟာ အငတ်ဘေးနဲ့ ရင်ဆိုင်နေကြရပါတယ်။

အဲဒီ အတွက် ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် မှ သူပုန်တွေ ထိန်းချုပ်ရာ နယ်မြေ မှ ဒုက္ခသည် တသိန်း ခန့် ကို အရေးပေါ် အကူအညီ ပေးနိုင်ဖို့ အတွက် သူပုန်တွေ နဲ့ စေ့စပ် ညှိနှိုင်း ရပါတယ်။

ကုလ ဝန်ထမ်းတွေ ကိုယ်တိုင် သွားရောက် ကူညီခွင့် မရတဲ့ အတွက် လေယာဉ် တွေ ပေါ် က ရိက္ခာ ထုပ်တွေ ပစ်ချပေးရတာပါ။

ဒါ ကို ကုလ ဝန်ထမ်းတဦး ဖြစ်တဲ့ ဂျော့ ဖိုမင်ရင် က ပြောပြရာမှာ တော့ ကျနော် တို့ မြင်တွေ့ ရသလောက် အငတ်ဘေး ဒုက္ခသည်တွေ ဟာ ကျွန်းတွေ ဘက် က လာကြတာပါ။

သူတို့ ဟာ စားစရာလည်း မရှိတဲ့ အတွက် ကြာပွင့် တွေ၊ ရေထဲက နွယ်ပင် အမြစ်တွေ ကို တောင် တနေ့တခါ ပဲ စားနေကြတာပါ။ အခြေအနေ က အတော် ဆိုးဝါးပါတယ်။ ကျနော် တို့ အနေနဲ့ ဒီလူတွေ ကို မှန်မှန် ထောက်ပံ့သွားနိုင်ဖို့ မျှော်လင့် ထားပါတယ် လို့ ပြောပါတယ်။

နိုင်းမြစ်ရဲ့ ရွှံ့ညွံ တွေ ဘက် ထွက်ပြေးခိုလှုံကြတဲ့ စစ်ပြေးဒုက္ခသည်တွေ ဟာ အခုလို ကုလ သမဂ္ဂ မှ ရိက္ခာ ဝေနေမှန်း သိရာက ရောက်လာကြတာ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေ ဘက်ကလည်း ရိက္ခာ ပံ့ပိုးမှု ရတဲ့ အပေါ် မူတည်ပြီး မိသားစုတွေ အတွက် လက်မှတ်တွေ ထုတ်ပေးပြီး တလစာ ရိက္ခာ ထောက်ပံ့ ပေးနေပါတယ်။

ဒုက္ခသည် တဦး ကဆိုရင်လည်း အိမ်မှာလည်း စားစရာ မရှိပါဘူး၊ ကျမတို့ ဟာ စစ်ဒဏ်ခံ နေရ လို့ ပြဿနာ ပေါင်းစုံ တွေ နေရပါတယ်။ ဒါကြောင်မို့ လုံလောက်တဲ့ အစားအစာ ရရင် ကျမတို့ ရဲ့ ဒုက္ခတွေ ဖြေရှင်း နိုင်မှာပါ လို့ ပြောပါတယ်။

အခုလို ကုလသမဂ္ဂ အနေနဲ့ အကူအညီ ပေးနိုင်တဲ့ အပိုင်းရှိပေမဲ့ အစိုးရ တပ်တွေ နဲ့ သူပုန်တွေ ရင်ဆိုင်တိုက်ပွဲ ဖြစ်တဲ့ အရပ်တွေ မှာ ပိတ်မိ နေတဲ့ အရပ်သားတွေ ကို တော့ မကူညီနိုင်ပါဘူး။

လက်ရှိ ဆူဒန် သမ္မတ ဆာလ်ဗာ ကီယား နဲ့ အတိုက်အခံ လည်းဖြစ် ဒုတိယ သမ္မတ လည်း ဖြစ်ဖူး တဲ့ ရီယက် မာချား တို့ အကြား မှာ အာဏာလု အငြင်းပွား ရာက တိုက်ပွဲ တွေ ဖြစ်လာပြီး သန်းနဲ့ ချီတဲ့ ပြည်သူတွေ ဟာ အိမ်နီးချင်း နိုင်ငံတွေ ဘက် ပြေးလိုပြေး၊ ပြည်တွင်းမှာ ကစင့်ကလျား နဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ဖြစ်နေတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် အလစ်တာလိသ်ဟက်ဒ် က သတင်းပို့ လိုက်ပါတယ်။

ငတ်မွတ် ခေါင်းပါးမှု ဒဏ် ခံစား နေရတဲ့ တောင်ဆူဒန် နိုင်ငံ ကို သွားရောက် ဖို့ စီစဉ် ထားကြောင်း ကက်သလစ် ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်း မင်းကြီး ဖရန်စစ် က ပြောပါတယ်။

အခု ခရီးစဉ် က ငယ်ရွယ်တဲ့ ဘုန်းတော်ကြီးတွေ ရဲ့ တိုက်တွန်းမှု ကြောင့် ဖြစ်ပြီး အင်္ဂလိကန် သာသသနာ ပိုင် ကလည်း ဘေးဒုက္ခတွေ ခံစား နေရတဲ့ တောင် ဆူဒန် ကို သွားရောက်ဖို့ တိုက်တွန်း ခဲ့ကြောင်း ပုပ်ရဟန်း မင်းကြီး က ပြောကြား ခဲ့ပါတယ်။

အခု ခရီးစဉ် ကို ဗြိတိန် နိုင်ငံက အင်္ဂလိကန် သာသနာပိုင် ဂျပ်စတင် ဝဲလ်ဘီ လည်း လိုက်ပါမှာ ဖြစ်ကြောင်း ပုပ်ရဟန်း မင်းကြီး က ပြောပါတယ်။

ဒါပေမယ့် တောင် ဆူဒန် ခရီးစဉ်ဟာ လုံခြုံရေး အားနည်းမှု ကြောင့် တစ်ရက် ထဲ သာ ကြာမြင့် မယ်လို့ ပုပ်ရဟန်း မင်းကြီး ဖရန်စစ် က ဆိုပါတယ်။

ပြည်တွင်း စစ်နဲ့ ငတ်မွတ် ခေါင်းပါးမှု ဘေးကို ကြုံတွေ့ နေရတဲ့ တောင်ဆူ ဒန် ကို သွားရောက်ဖို့ အတွက် နိုင်ငံရဲ့ ခရစ်ယာန် အကြီးအကဲ က သူ့ကိုယ် တိုက်တွန်း ပြောကြား ခဲ့ကြောင်း ပုပ်ရဟန်း မင်းကြီး က ပြောကြား သွားခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese



( ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မိုင်းဖြတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းကို တွေ့ရစဉ် )Photo: Win Ko Ko Latt/ RFA
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ဆက်လက်စွပ်စွဲပြောကြားသူတွေကို တရားဥပဒေလမ်းကြောင်းအရ အရေးယူသွားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မိုင်းဖြတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း က ပြောပါတယ်။

ဒီနေ့ ပြည်ထောင်စုလွှတ်တော်အပြီးမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း က သူ့အပေါ် စွပ်စွဲပြောဆိုမှုတွေနဲ့ပတ်သက်ပြီး သတင်းမီဒီယာသမားတွေရဲ့ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဦးကိုနီကို လုပ်ကြံရာမှာပါဝင်တဲ့ အငြိမ်းစားဒုတိယဗိုလ်မှူးကြီး အောင်ဝင်းခိုင်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းတို့ဟာ စစ်တက္ကသိုလ်အပတ်စဉ် ၃၆ ဆင်းတွေ ဖြစ်ကြပါတယ်။

ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်သူတွေထဲက ဇေယျာဖြိုးဆိုသူဟာ လက်ဖက်ရည်ဆိုင်မှာ ဦးလင်းဇော်ထွန်း၊ ဦးအောင်ဝင်းခိုင်တို့နဲ့ တွေ့ဆုံပြီး ဦးကိုနီရဲ့ လုပ်ဆောင်ချက်တွေအပေါ် ပြောဆိုဆွေးနွေးပြီး အဲဒီကတဆင့် ပုဂ္ဂိုလ်ရေးမကျေနပ်မှုတွေကြောင့် လုပ်ကြံဖို့ အစပြုခဲ့တာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ဇော်ဝင်းက ပြောကြားခဲ့ပါတယ်။

အဲဒီလက်ဖက်ရည်ဆိုင်မှာ ဆုံစဉ်က အမုန်းတရားဖြစ်လာနိုင်တဲ့ တဖက်စွန်းရောက်တဲ့ ဆွေးနွေးချက်တွေမရှိဘူးလို့လည်း ဦးလင်းဇော်ထွန်း က ပြောပါတယ်။

ဦးလင်းဇော်ထွန်းဟာ ပြည်ထဲရေးဝန်ကြီးဌာနက ခေါ်ယူစစ်ဆေးမှုခံခဲ့ရတယ်လို့လည်း ပြောပါတယ်။

ဦးလင်းဇော်ထွန်းက ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး အမှုမှန်မြန်မြန်ပေါ်ဖို့ ဆုတောင်းကြောင်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၉ ရက်က ရန်ကုန်လေဆိပ်မှာ ရောက်ရှိစဉ် သေနတ်နဲ့ အနီးကပ် လုပ်ကြံခံခဲ့ ရတာဖြစ်ပါတယ်။
ဦးကိုနီလုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ နဂါးလေး(ခ) အောင်နိုင်မြင့် တို့ကို ဖမ်းဆီးရမိထားပြီး အောင်ဝင်းခိုင် ဆိုသူက လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/


မြောက်ကိုရီးယား လုံခြုံရေးဆိုင်ရာ အကြီးတန်းတာဝန်ရှိသူငါးဦးဟာ သတင်းမှားတွေပေးတဲ့အတွက် ခေါင်းဆောင် Kim Jong Un က ဒေါသထွက်တာကြောင့် သူတို့ကို လေယာဉ်ပစ်သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်လိုက်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်း ရေးအဖွဲ့က ဒီကနေ့ပြောပါတယ်။

Kim Jong Un ရဲ့ အဖေတူအမေကွဲအကို Kim Jong Nam အဆိပ်သွင်း အသတ်ခံခဲ့ရတဲ့ဖြစ်ရပ်အပေါ် မလေးရှားနိုင်ငံက စုံစမ်း စစ်ဆေးနေချိန်မှာပဲ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့ NIS က လွှတ်တော်အမတ်တွေကို သီးခြား အစီရင်ခံ တင်ပြတဲ့ထဲမှာ အဲဒီလိုပြောသွားတာပါ။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကွာလာလမ်ပူလေဆိပ်မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်ကို မလေးရှား တာဝန်ရှိသူတွေက ဆက်ပြီး စုံစမ်းစစ်ဆေးနေပြီး တောင်ကိုရီးယားဘက်ကတော့ အဲဒီလိုသတ်ဖို့ Kim Jong Un က ညွှန်ကြားခဲ့ တာလို့ ယူဆထားပါတယ်။

မကြာသေးခင်က ရာထူးကဖြုတ်ချခဲ့တဲ့ မြောက်ကိုရီးယားလုံခြုံရေးအကြီးအကဲ Kim Won Hong ရဲ့ဌာနက အကြီးတန်း တာဝန်ရှိ သူငါးဦးကို လေယာဉ်ပစ်သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်လိုက်တာကို NIS အဖွဲ့က ပြောခဲ့တယ်လို့ တောင်ကိုရီးယား လွှတ်တော် အမတ် Lee Cheol Woo ကပြောပါတယ်။ ခေါင်းဆောင် Kim ကို သတင်းမှားတွေပေးတာကြောင့် အဲဒီလိုစီရင်လိုက်တာလို့ ဆို ပေမဲ့ ဘယ်လိုသတင်းမှားတွေ ပေးခဲ့တယ်ဆိုတာနဲ့ ဒီသတင်းကို NIS က ဘယ်လိုရခဲ့တယ်ဆိုတာ တော့ မရှင်းပါဘူး။

ဒီအတောအတွင်းမှာပဲ Kim Jong Nam ကို အာရုံကျော ထိခိုက်ပျက်စီး သေဆုံးစေတဲ့ VX ဓာတုအဆိပ်နဲ့ သတ်တာမှာ အဆိပ် ပမာဏအများအပြားကို သုံးခဲ့တာကြောင့် ဆိုးဆိုးရွားရွား အကျောသေတဲ့ဝေဒနာကို ခံစားရပြီး မိနစ် ၂၀ အတွင်းမှာပဲ သေဆုံး သွားခဲ့တယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီး Subramaniam Sathasivam က တနင်္ဂနွေနေ့မှာပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


လူထုစစ်တမ်းကောက်ယူချက်တွေမှာ အမေရိကန်သမ္မတ Donald Trump ဟာ သမ္မတသက်တမ်း တလအတွင်း ဆောင်ရွက်ပြုမူခဲ့သမျှရဲ့ ပုံရိပ်တွေအရ ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့သမ္မတတွေထဲမှာ လူကြိုက် အနည်းဆုံးဖြစ်နေပြီး အမေရိကန်မဲဆန္ဒရှင်တွေကြား နိုင်ငံရေးဆိုင်ရာ သဘောထား ကွဲလွဲမှုတွေလည်း ဆက်ဖြစ်နေတာပါ။

NBC သတင်းနဲ့ The Wall Street ဂျာနယ်တို့ရဲ့ တနင်္ဂနွေနေ့က ကောက်ယူထားတဲ့ နောက်ဆုံးစစ်တမ်းအရ အမေရိကန်တွေရဲ့ ၄၄ % ထောက်ခံပြီး ၄၈ % က မထောက်ခံပါဘူး။ ဒီစစ်တမ်းရဲ့ သုံးပုံတပုံကတော့ ထရမ့်ရဲ့ အိမ်ဖြူတော်က လှုပ်ရှားဆောင်ရွက်မှုတွေဟာ သူက သမ္မတတာဝန်နဲ့ မလျော်ကန်ဘူးလို့ ဖော်ပြကြပါတယ်။

မကြာခင်က ကောက်ယူထားတဲ့ တခြား စစ်တမ်းနှစ်ခုမှာလည်း အလားတူ ရလဒ်တွေကိုပဲ တွေ့ရပြီး Gallup ရဲ့စစ်တမ်းမှာ ထရမ့်ဟာ သူ့ရဲ့ သီတင်းလေးပတ် သက်တမ်းမှာ ပျှမ်းမျှ ၄၂ % ရကြောင်း ဖော်ပြထားပြီး Quinnipiac တက္ကသိုလ် စစ်တမ်းမှာတော့ ၃၈ % က ထောက်ခံပြီး ၅၅ % က မထောက်ခံပါဘူး။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/



ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)
    ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

    မြန်မာ - ထိုင်း အပြန်အလှန် ဗီဇာရရှိရေးကို ထိုင်းနိုင်ငံ အစိုးရက ကမ်းလှမ်းထားပြီး ဖြစ်သောကြောင့် ယင်းကဲ့သို့ နှစ်နိုင်ငံအပြန်အလှန် ဗီဇာရက်ပေါင်း ၉ဝ ရရှိရန် နိုင်ငံတော် အဆင့်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး လာစေရေး ထိုင်းနိုင်ငံ ခရီးသွား လုပ်ငန်း အာဏာပိုင် အဖွဲ့နှင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်တို့ ပူးပေါင်း လုပ်ဆောင်သွားရန် စီစဉ်ခြင်းများလည်း ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

(Xinhua)
http://www.xinhuamyanmar.com


ရွှေတြိဂံဒေသ သတင်းဌာန အနေနဲ့ ဆရာဦးကိုနီနှင့် နောက်ဆုံး အင်တာဗျုးလုပ်ခဲ့ပြီး၊ ဆရာဦးကိုနီ အမှုနောက်ဆက်တွဲကိုလည်း မျက်ခြေမပြတ်ရေးသားတင်ပြခဲ့ပါတယ်။ ယခု သတင်းစာရှင်းလင်းပွဲနောက်ပိုင်းက ကောလာဟလနဲ့ပတ်သက်ပြီး စာဖတ်သူ/ပြည်သူတွေ သိသင့်သိထိုက်တဲ့ အကြောင်းအရာများအား မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းကို ရွှေတြိဂံဒေသ သတင်းဌာနမှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ရပါတယ်။

မေး။ ။ ဦးလင်းဇော်ထွန်းပါလား ခင်ဗျာ။ ကျွန်တော်က ရွှေတြိဂံဒေသ သတင်းဌာနက အယ်ဒီတာချုပ် ကိုထွန်း(မိုင်းဖြတ်)ပါ ခင်ဗျာ။ လက်ရှိထွက်ပေါ်နေတဲ့ သတင်းနဲ့ ပတ်သက်လို့ မေးမြန်းချင်တယ်။

ဖြေ။ ။ ဟုတ်ကဲ့ မေးပါ ခင်ဗျာ။

မေး။ ။ ဆရာဦးကိုနီ အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး သံသယရှိနေတဲ့ ကိုအောင်ဝင်းခိုင် နဲ့ ဦးလင်းဇော်ထွန်းတို့ ပတ်သက်မှုတွေ ရှိတယ်လို့ သိရတယ်။ ဘယ်လို ပတ်သက်မှုမျိုးရှိတာပါလဲ ခင်ဗျ။

ဖြေ။ ။ ကိုအောင်ဝင်းခိုင်နဲ့က တစ်ပတ်စဉ်တည်း။ မိခင်တပ်ရင်း တစ်ရင်းထဲ တာဝန်ကျဖူးတဲ့ သူငယ်ချင်းပါ။

မေး။ ။ အဆက်အသွယ်ရော ဘယ်တုန်းက နောက်ဆုံးရှိခဲ့တာလဲ။ ခုရက်ပိုင်းမှာ ဦးလင်းဇော်ထွန်းနဲ့ တွဲရိုက်ထားတဲ့ပုံတွေ လူမှုကွန်ရက်မှာဘာလို့ ပျံနှံလာတာလဲ။

ဖြေ။ ။ဟောင်ကောင်ကို မိသားစုနဲ့ ပညာရေးကိစ္စသွားတာပါ။ သူတို့နဲ့ ဟောင်ကောင်လေဆိပ်မှာ Flight Cancel ဖြစ်လို့ မပြန်ဖြစ်သေးဘဲ တွေ့တာ။ သူတို့ အလုပ်ကိစ္စနဲ့ သူတို့ရောက်နေတာ။ အဲ့လိုတွေ့တာနဲ့ ဓါတ်ပုံရိုက်တာပါ။ ကျွန်တော့်မိတ်ဆွေတွေကတောင် အောင်ဝင်းခိုင်ပုံတွေ ဖျက်ဖို့ပြောကြပါသေးတယ်။ ကျွန်တော့်ဘာသာ ရိုးရိုးသားသားတင်ထားလို့ မဖျက်တာပါ။

မေး။ ။ဦးအောင်ဝင်းခိုင်က ဘယ်လိုပုံစံ ဘယ်လိုအကျင့်တွေရှိလဲဗျ။

ဖြေ။ ။ ကိုအောင်ဝင်းခိုင်ကတော့ ကျောင်းကတည်းက ပျော်ပျော်ရွှင်ရွှင် နေတတ်တယ်။ သူများကိုလည်း ကူညီတယ်။ အခုသူ တပ်ကထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့အချိန် ပြန်တွေ့တာပါ။ BBC က မေးလို့တောင် ကျွန်တော်ကတော့ သူဒီလိုမျိုး လုပ်မယ်မထင်ဘူးလို့ ပြောလိုက်တယ်။

မေး။ ။ ဦးလင်းဇော်ထွန်းနဲ့တွေ့ရင် ဘာတွေ အများဆုံးပြောဖြစ်လဲ။ ဘယ်အကြောင်းအရာတွေလဲပေါ့။

ဖြေ။ ။ကျွန်တော်ကလည်း သိပ်အားတာ မဟုတ်ပါဘူး။ စနေ၊တနင်္ဂနွေအားတဲ့ရက် ကျောင်းက တက်ရသေးတယ်။ အဲဒီမှာ အချိန်ရရင် သူတို့နဲ့အတူ လက်ဖက်ရည်ဆိုင်ထိုင် ဟိုအကြောင်းဒီအကြာင်းပြောကြတာပေါ့။ အဲဒီမှာထိုင်ရင် သူတို့နှစ်ယောက်တည်းနဲ့မဟုတ်ပါဘူး။ တခြားနိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေလည်းပါပါတယ်။ ပြောဖြစ်တာက စစ်ရေးအကြောင်းလည်းပါတယ်။ လွှတ်တော်အကြောင်းလည်းပါတယ်။ စီးပွားရေးအကြောင်း ပြောဖြစ်ကြတာပါ။

မေး။ ။ကိုအောင်ဝင်းခိုင်အနေနဲ့ အရင်က မဲဆွယ်တုန်းက ပါဝင်ပတ်သက်ဖူးတယ်ဆိုတာရော ဟုတ်ပါလား။

ဖြေ။ ။မဲဆွယ်တုန်းကလည်း မပတ်သက်ခဲ့ပါဘူး။ ကျွန်တော့်ကိုယ်စားလှယ်ကလည်း မိုင်းဖြတ်ကပါ။ ကော်မရှင်မှာလည်း တရာဝင်မှတ်တမ်းရှိပါတယ်။ BBC က မေးလို့ အခုလို ကျွန်တော့်အကြောင်း လူမှုကွန်ရက်မှာ ပျံ့တာပါ။ သူမေးတာကလည်း တစ်ပတ်စဉ်ထဲလား။ ဘာကြောင့်တပ်ကထွက်တာလဲ မေးတာပါ။ မေးတာမှ နှစ်ကြိမ်တောင်ဗျာ။ ဒုတိယအကြိမ်ဆို နဲနဲတောင် စိတ်မရှည်ချင်တော့ဘူးဖြစ်သွားတယ်ဗျ။ ထုတ်လွှင့်တဲ့အခါကျမှ အရင်တပ်ကတည်းက တာဝန်ထမ်းဆောင်မှုနဲ့ ယခုလက်ရှိ လွှတ်တော်ကိုယ်စားလှယ် တာဝန်ကို high light လုပ်ပြီးဖော်ပြသွားတာပါ။

မေး။ ။ခုလိုကောလာဟလတွေ ထွက်နေတဲ့အပေါ် ဘာပြောချင်ပါသလဲ။သက်ဆိုင်ရာက ဦးလင်းဇော်ထွန်းကို စစ်ဆေးမေးမြန်းတာတွေ ရှိသလား။

ဖြေ။ ။အခု ကောလဟလတွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေးကလည်း ခေါ်မေးပြီးပါပြီ။ ဒီဖြစ်စဉ်နဲ့က ကျွန်တော်နဲ့ ဘာမှ ပတ်သတ်မှုမရှိဘူးဆိုတာ တွေ့ရလို့ ပတ်သက်မှုမရှိကြောင်းလည်း ပြောသွားတာပေါ့။ မေးတာတွေကတော့ သူတို့နဲ့ ပတ်သတ်မှု ဘယ်လိုရှိလဲ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဘာတွေပြောကြလဲ။ ဟောင်ကောင်မှာ သွားတဲ့ အခြေအနေတွေမေးတာပါ။

မေး။ ။ ဦးလင်းဇော်ထွန်းက တပ်မတော်ကနေ ဘာလို့အနားယူလိုက်တာလဲဗျ။

ဖြေ။ ။တပ်မတော်က အနားယူတာကတော့ ရှမ်းပြည်နယ်လွှတ်တော်မှာ အရွေးချယ်ခံချင်လို့ သတင်းပို့ပြီး အနားယူတာပါ။ ကျွန်တော်က ရှမ်းအရှေ့မှာ အကြာကြီးတာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီတုန်းက ဒေသအကျိုး ပြည်သူ့အကျိုး အများကြီး ကူညီခဲ့ဖူးပါတယ်။ သေချာပေါက်လည်း နိုင်နိုင်တယ်ဆိုပြီး အရွေးခံဖို့ တပ်ကအနားယူပြီး ပါတီထဲ ၀င်ခဲ့တာပါ။ ပါတီထဲရောက်မှ ကျိုင်းတုံက အရွေးခံခွင့်မပေးဘဲ မိုင်းဖြတ်က ပြည်သူ့လွှတ်တော်နေရာ အရွေးခံဖို့ တာဝန်ပေးတာနဲ့ ၀င်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ရတာပါ။

မေး။ ။ဦးကိုနီ သေဆုံးမှုနဲ့ ပတ်သတ်ပြီး ဦးလင်းဇော်ထွန်း အမြင်ကို သိချင်ပါတယ်။

ဖြေ။ ။ဦးကိုနီ က လူတော်တစ်ယောက်ပါ။ သူက ဥပဒေရေးရာနဲ့ ပတ်သက်ပြီး တော်တော်ကို နှံနှံစပ်စပ်ရှိတဲ့သူတစ်ယောက်ပါ။ ဦးကိုနီသေဆုံးမှုနဲ့ ပတ်သက်ပြီး လူတစ်ယောက် အခုလိုဖြစ်သွားတာကို လုံးဝ စိတ်မကောင်းပါဘူး။ ဖြစ်လည်း မဖြစ်သင့်ပါဘူး။ ဒါပေမယ့် ဒီကိစ္စမှာ ကျွန်တော်ကို ကောလာဟလ ထုတ်ပြီး ကျန်တဲ့ အဖွဲ့အစည်းတွေကိုပါ သိက္ခာကျအောင် လုပ်တာတော့ မကောင်းဘူးပေါ့ဗျာ။ ရှေ့ဆက်ပြီးလုပ်လာရင်တော့ နိုင်ငံသားတစ်ယောက်အနေနဲ့ တရားဥပဒေအတိုင်း ဆက်လုပ်သွားဖို့ရှိပါတယ်။

မေး။ ။သတင်းစာရှင်းလင်းပွဲမှာ လူငယ်သဘာဝ စိတ်လိုက်မာန်ပါ ဖြစ်မှုနဲ့ အစွန်းရောက်မျိုးချစ်စိတ် ကို ပြောသွားပါတယ်။ ကိုဇေယျာဖြိုး၊ ကိုအောင်ဝင်းခိုင်တို့ အပြင် ဦးလင်းဇော်ထွန်းလည်း ပါဝင်ဆွေးနွေးကြတယ်လို့ သတင်းတွေထွက်ပေါ်နေတယ်။ ကျန် နှစ်ယောက်ကတော့ လက်တွေ့ ကျူးလွန်ခဲ့တယ်။ ဦးလင်းဇော်ထွန်းကတော့ အမတ်တယောက်အနေနဲ့အပြင် လက်ရှိနေရာအရ ဒါမျိုးကျူးလွန်မှာ မဟုတ်ဘူးလို့ ဆိုတယ်။ ဆိုတော့ တကယ်ပဲ အမုန်းစကားတွေ ပြောခဲ့လား၊ အစွန်းရောက် မျိုးချစ်စိတ်နဲ့ ပြစ်မှုကျူးလွန်ရလောက်အောင် ပြောခဲ့ဆိုခဲ့ကြသလား သိချင်ပါတယ်။

ဖြေ။ ။ကျွန်တော်တို့ ပြောကြဆိုကြတာ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး၊ စစ်ရေး၊ လွှတ်တော်အကြောင်း၊ အစိုးရအကြောင်း၊ ပါတီတွေအကြောင်းပါ။ အကြောင်းအရာအစုံပါပဲ။ ကျွန်တော့်အနေနဲ့ လွှတ်တော်အမတ်အနေနဲ့ မပြောနဲ့ သာမန်လူတစ်ယောက်အနေနဲ့တောင် ဒီလိုမျိုး လုပ်ဖို့ တွေးတောင်မတွေးမိပါဘူး။ ကျွန်တော်တို့ ပြောကြဆိုကြတာလည်း အစွန်းရောက်တဲ့ အနေအထားမျိုးလည်း မရှိပါဘူး။ သူတို့ စိတ်ထဲမှာ ဘယ်လိုရှိမယ်ဆိုတာတော့ ကျွန်တော်လည်းမသိဘူး။ သေချာတာ တစ်ခုကတော့ ဒီလိုကိစ္စမျိုး တခါမှ သူတို့မပြောဖူးဘူး။

မေး။ ။ ဒီနိုင်ငံမှာ ဘာသာရေးလူနည်းစု မူဆလင်တွေအပေါ်၊ မူဆလင်တွေရဲ့ အကျိုးစီးပွားကို ဥပဒေဘောင်တွင်းက ထုတ်ဖော်ပြောဆို ကာကွယ်သူတွေ ရှိနေကြတယ်။ ဒါက ဒီမိုကရေစီ စနစ်မှာ ဖြစ်ရိုးဖြစ်စဉ်၊ လူနည်းစုရဲ့ ကိုယ်စားပြုခွင့်ကို ဥပဒေဘောင်တွင်းက ဖြစ်နိုင်သရွေ့  အားပေးရမယ့် ကိစ္စလို့ထင်ပါတယ်။ သိချင်တာက ဦးလင်းဇော်ထွန်းအနေနဲ့ ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့  ဒီလို ဥပဒေဘောင်တွင်းက ကိုယ်စားပြုမှုမျိုးကို သဘောမတူနိုင်တဲ့ အမြင်မျိုး ရှိပါသလားခင်ဗျ။

ဖြေ။ ။ ဒီနိုင်ငံမှာဘာသာရေး လူနည်းစု အပေါ်နှိပ်ကွပ်တာမရှိပါဘူး။ ဥပဒေဘောင်ထဲက နိုင်ငံသားဆိုရင် ဥပဒေက အားလုံးကို ကာကွယ်ပေးတာပဲ။ အခြားဘာသာကို နှိပ်ကွပ်မယ်ဆိုတဲ့ စိတ်မျိုးလည်းမရှိပါကြဘူး။ ကျွန်တော့်မှာ ခရစ်ယာန်ရော အစ္စလာမ်ဘာသာဝင် မိတ်ဆွေအပေါင်းအသင်းတွေအများကြီးပါ။ လွှတ်တော်ထဲမှာ ဆွေးနွေးကျရင်လည်း ကိုယ်အမြင်မတူတာတွေကို ဆွေးနွေးပြောဆိုခွင့်ရနေတာပဲ။ ကျွန်တော်အမြင်မတူတာရှိရင်လည်း မတူတာကို ဆွေးနွေးသွားမှာပေါ့။

မေး။ ။ ဟုတ်ကဲ့ ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ဖြေ။ ။ ကျေးဇူးတင်ပါတယ်။
ရွှေတြိဂံဒေသသတင်းလွှာ


ရန်ကုန် (Myanmar Now)—ဇန်န၀ါရီ ၂၉ ရက် ညနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကလေးငယ်တစ်ဦးကို ပွေ.ချီလျက် ဟိုဒီငေးမောနေသော ဦးကိုနီအား လူသတ်သမားဦးကြည်လင်းက တစ်လှမ်းခြင်းနောက်မှကပ်လိုက်လာပြီး နှစ်စက္ကန့်မျှသာကြာသော အချိန်အတောအတွင်း ဦးကိုနီ၏နောက်စေ့ကို သေနတ်ဖြင့်တေ့ချိန်ပြီး မိမိရရပစ်ချလိုက်သည်။ ကျောပိုးအိတ်လွယ်ထားသော ဦးကိုနီသည် သမံတလင်းပေါ်တွင် နောက်လှန်လဲကျသွားသဖြင့် သူ၏မြေးငယ်မှာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာမရခဲ့ခြင်းဖြစ်သည်။

တစ်ချက်တည်းသော သေနတ်သံထွက်ပေါ်ပြီး ဦးကြည်လင်းက သူ၏ညာလက်ကို ဆန့်တန်းလျက် အနေအထားဖြင့် ထွက်ပြေးလေသည်။ အခင်းဖြစ်ပွားရာတွင်ရှိနေသော လူတစ်ချို.ထိတ်လန့်ထွက်ပြေးကြသော်လည်း အမျိုးသားတစ်ဦးက ပုဆိုးပြင်ဝတ်လျက်အနေအထားဖြင့်ပင် လက်ဗလာဖြင့် လူသတ်သမားထံ ထပ်ချပ်မကွာလိုက်သွားခဲ့သည်။

Myanmar Now ကရရှိထားသော ယခုဗွီဒီယိုမှတ်တမ်းမှာ ထိုပစ်ခတ်မှုအား ဖမ်းယူရရှိခဲ့သော လေဆိပ် CCTV မှတ်တမ်းထဲမှ အပိုင်းအစတစ်ခုသာဖြစ်သည်။ လေဆိပ် CCTV မှတ်တမ်းများတွင် သင်္ကာမကင်းဖြစ်ဖွယ်ရာကောင်းသော လူအချို.အား ရဲတပ်ဖွဲ.ကအလိုရှိလျက်ရှိသော်လည်း ၄င်းတို့၏ ဓာတ်ပုံမှတ်တမ်းများအား သက်ဆိုင်ရာအာဏာပိုင်များက ယခုတိုင် လျှို.၀ှက်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

ထိုနေ့က လေဆိပ် CCTV မှတ်တမ်းတွင် တွေ.ရသော ဒုဗိုလ်မှုးကြီးဟောင်း အောင်ဝင်းခိုင်သည် ဇန်န၀ါရီ ၃၀ ရက် ညနေတွင် နေပြည်တော်ရှိ ဥပါတသန္တိစေတီအနီးတ၀ိုက် ပျောက်ဆုံးတိမ်းရှောင်သွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဆွေဝင်း/Myanmar Now
https://www.facebook.com/myanmarnownews/




 ဖြစ်ခင်မှာ ကြိုတင် ကာကွယ် တားဆီးလို့ ရအောင် အခုလို မျိုး စိစစ်မှု လုပ်ရတာဖြစ်
ရန်ကုန် သင်္ကြန်သံချပ် တွေကို စိစစ်ဖို့ တိုင်း အစိုးရက ကော်မတီ ဖွဲ့စည်း ခဲ့ပြီး သံချပ် အဖွဲ့တွေ အနေနဲ့ စာသားတွေ အတွေ အတွက် ခွင့်ပြုချက်ယူရမှာ ဖြစ်ပါတယ်။

သံချပ်စာသား တွေမှာ ဒို့တာဝန် အရေးသုံးပါး ကို ထိခိုက် ပြောဆို တာတွေ မပါဖို့၊ လူတစ်ဦး တစ်ယောက်ကို စွပ်စွဲ ပုတ်ခတ် တာတွေ၊ ဘာသာရေး အရ ထိခိုက်နစ်နာ စေတဲ့ စကားလုံး တွေ မပါဖို့ လိုကြောင်း စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ လူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင် က ပြောပါတယ်။

နောက်တခါ လူမျိုး တစ်မျိုးနဲ့ တစ်မျိုး ထိခိုက်စေအောင် ပြောဆိုတာမျိုး၊ ရုန့်ရင်းကြမ်းတမ်း ညစ်ညမ်း တဲ့ စကားလုံးတွေ မပါဖို့ ဆိုတဲ့ အချက်တွေ ကို အခြေခံ ပြီး စိစစ် သွားမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒို့တာဝန် အရေးသုံးပါလို စကားလုံး တွေကို ကာကွုယ် တာကလည်း ဖွဲ့စည်းပုံ ဥပဒေ ရဲ့ အခြေခံ မူတွေကို လိုက်နာ စောင့်ထိန်း တာ ဖြစ်ကြောင်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် သင်္ကြန် ကာလ မတိုင်ခင် တုန်းကလည်း ဒီလိုမျိုး စိစစ် မှုတွေ လုပ်ဆောင် ခဲ့ဖူးပြီး ဒို့တာဝန် အရေးသုံးပါး ကို ထိခိုက် ပြောဆိုတာတွေ၊ တခြား ဘာသာဝင်တွေကို ထိခိုက် ပြောဆိုမှုတွေကို ကြပ်မတ် ပေးခဲ့ဖူးပါတယ်။

စိစစ်မှု လုပ်ခဲ့ပြီးတဲ့ သံချပ်တွေကို မပြုပြင်ဘဲ အသုံးပြုမယ် ဆိုရင် ဥပဒေ နဲ့ အညီ အရေးယူသွားမှာ ဖြစ်ကြောင်း ဦးဇော်အေးမောင် က ပြောပါတယ်။

ဒီမိုကရေစီ ဆိုတာက စည်းနဲ့ကမ်းနဲ့ လုပ်ဆောင်ရတာမျိုး ဖြစ်တဲ့ အတွက် အခုလို စိစစ်မှု က လွတ်လပ်စွာ ထုတ်ဖော်ခွင့် နဲ့ ဒီမိုကရေစီ ကို ထိခိုက်မှု ရှိနိုင်မှာ မဟုတ်ဘူး လို့လည်း သူက ပြောပါတယ်။

တခြား နိုင်ငံတွေမှာလည်း လူတစ်ယောက်နဲ့ တစ်ယောက် စော်ကား ပုတ်ခတ် တာမျိုးတွေကို အစိုးရ ကိုယ်တိုင်က ခွင့်ပြုထားခြင်း မရှိဘူး ဆိုတာ ကို သူ့ အနေနဲ့ နားလည် ထားတယ်လို့ ဆိုပါတယ်။

ပွဲပြီးမှ ထိခိုက် ပြောဆို ခဲ့တဲ့ သံချပ် တွေကို အရေးယူတာထက် မဖြစ်ခင်မှာ ကြိုတင် ကာကွယ် တားဆီးလို့ ရအောင် အခုလို မျိုး စိစစ်မှု လုပ်ရတာ လို့ သူက ပြောပါတယ်။

တည်ဆဲ အစိုးရ ကို ဝေဖန်တာမျိုး၊ တပ်မတော် ကို ဝေဖန်တာမျိုးတွေ အပြင် ဘယ်အဖွဲ့အစည်းကို မဆို မဟုတ်မမှန် စော်ကား ပြောဆိုမှုတွေကို အရေးယူ သွားမှာ ဖြစ်ပြီး အပြုသဘောနဲ့ ဝေဖန် မှုတွေကို ကိုတော့ လက်ခံသွားမယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese


ရှေ့နေ ဦးကိုနီနဲ့ ဦးနေ၀င်းတို့ဟာ NLD ပါတီရဲ့ တလပြည့် အခမ်းအနားကို တတ်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က ဂုဏ်ပြုပြောဆို
ရှေ့နေ ဦးကိုနီနဲ့ ဦးနေ၀င်းတို့ဟာ NLD ပါတီရဲ့ တလပြည့် အခမ်းအနားကို တတ်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က ဂုဏ်ပြုပြောဆို
လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ရှေ့နေ ဦးကိုနီနဲ့ ဦးနေ၀င်းတို့ဟာ NLD ပါတီရဲ့ သူရဲကောင်းတွေဖြစ်ကြတယ်လို့ လုပ်ကြံခံရမှု တလပြည့် အခမ်းအနားကို တတ်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုပြောဆိုလိုက်ပါတယ်။ ဦးကိုနီသေဆုံးမှုနဲ့ပတ်သတ်လို့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့်လို့ ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိနေပေမယ့် ဦးကိုနီသမီးဖြစ်သူကတော့ ကြားဖြတ်သတင်းစာရှင်းလင်းပွဲသာဖြစ်သေးတဲ့အတွက် ဝေဖန်မပြောလိုပဲ၊ နောက်ဆုံးရလဒ်အထိ စောင့်ကြည့်သွားမယ်လို့ တုံ့ပြန်ပြောထားပါတယ်။ ရှေနေဦးကိုနီနဲ့ ဦးနေ၀င်းတို့ သေဆုံးခဲ့တဲ့ တလပြည့်အမှတ်တရအခမ်းနားကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့တော်ဝင်နှင်းဆီမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ရှေ့နေဦးကိုနီနဲ့ ကိုနေဝင်းတို့ရဲ့ ၁လပြည့်အောင်မေ့ဖွယ်အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တတ်ရောက်လာပြီး၊ သူတို့နှစ်ဦးဟာ အန်အယ်ဒီပါတီရဲ့ သူရဲကောင်းတွေအဖြစ် ဂုဏ်ပြု ပြောဆိုသွားပါတယ်။

“ကျမတို့ရဲ့ အဖွဲ့ချုပ်ထဲမှာ ရှေ့နေဦးကိုနီနဲ့ ကိုနေဝင်းတို့လို ပုဂ္ဂိုလ်တွေပါခဲ့တယ်ဆိုတာဟာ ကျမတို့အတွက် အင်မတန်မှ ကျေနပ်စရာကိစ္စတခုဖြစ်ပါတယ်။ ဂုဏ်ယူစရာဖြစ်ပါတယ်။ ကျမတို့အဖွဲ့ချုပ်အနေနဲ့ ဘယ်တော့မှ မမေ့ပါနဲ့ ကျမတို့ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ရဲတဲ့အခြေအနေမှာ ၊ မလုပ်သင့်မလုပ်ထိုက်တာကို ကြောက်လို့ မလွန်ဆန်ရဲတဲ့အခြေအနေမှာ ဒီလို ကျမတို့ အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေထဲက အာဇာနည်သူရဲကောင်းများ ကျမတို့ အဖွဲ့ ရဲ့ သားကောင်းများ ၊ နိုင်ငံတော်ရဲ့ သားကောင်းများ ရှိခဲ့တယ်ဆိုတဲ့ အသိကို အမြဲတမ်းပဲ အောင့်မေ့ပြီးတော့ အင်အားဖြည့်ကြပါစေ လို့ ကျမအနေနဲ့ ဆန္ဒပြုပါတယ်။”

ဒီလို ပြောဆိုခဲ့အပြီးမှာ ကျန်ရစ်တဲ့မိသားစုဝင်တွေကို သီးခြားတွေ့ဆုံနှစ်သိမ့်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံခဲ့ပေမယ့် မနေ့ကအငြင်းပွား ဖွယ် ဝေဖန်မှုတွေရှိနေတဲ့ ပြည်ထဲရေးဘက်က ဦးကိုနီလုပ်ကြံခံရမှုအပေါ်စစ်ဆေးတွေ့ရှိမှုထုတ်ပြန်ကြေညာချက်နဲ့ပတ်သတ်လို့တော့ တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမရှိပါဘူး။ ဦးကိုနီသေဆုံးမှုနဲ့ပတ်သတ်လို့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့်လို့ ပြည်ထဲရေးဝန်ကြီးက ထုတ်ပြန်မှုနဲ့ပတ်သတ်လို့ဝေဖန်မှုတွေရှိနေတဲ့အပေါ် ဦးကိုနီသမီးဖြစ်သူဒေါက်တာရင်နွယ်ခိုင် ကတော့ ဘယ်လိုမှတ်ချက်မှမပေးလိုဘဲ စောင့်ကြည့် လိုသေးတယ်လို့ ပြောဆိုလိုက်ပါတယ်။

“နံပတ်၁ ကတော့ အမပြောရမယ်ဆိုရင် ဒါကလည်း သူတို့ အပြီးသတ် ရုံးတင်ပြီးတာတွေ မဟုတ်တဲ့အခါကျတော့ အမတို့ ဆက်ပြီးစောင့်ကြည့်ရပါမယ်။ ဆိုတော့ မိသားစုအနေနဲ့ လောလောဆယ်မှာ ဒီလောက်ပဲပြောချင်တယ် အကုန်လုံးအပြီးသတ် ရုံးတင်ပြီဆိုတဲ့အချိန်မှာတော့ မိသားစုအနေနဲ့ တခြားပြောစရာတွေ ရှိလာရင်ပြောပါမယ်။ အဆုံးသတ် အားလုံးပြီးသွားတဲ့နေ့မှ အမတို့ ကျေနပ်တယ်၊ မကျေနပ်ဘူးဆိုတာ အမတို့ ပြောပါမယ်။ ဒါအခုက ကြားဖြတ် သတင်းစာရှင်းလင်းပွဲ လို့ အမတို့ နားလည်ထားတယ်လေ။ ဆက်ပြီးတော့ Ongoing investigation လည်းဆက်ရှိနေမယ်လေ။ ရှိတဲ့အခါမှာ ဘာတွေထပ်ပြီးထွက်လာသလဲ ဆိုတာတွေအကုန်လုံး ပြီးမှပဲ ရုံးတင်ပြီဆိုတဲ့အချိန်မှာ အမတို့ ထွက်လာတဲ့အပေါ်မှာ မူတည်ပြီးအမတို့ မိသားစုတိုင်ပြင်ပြီးမှပဲ ကျေနပ်တယ်၊ မကျေနပ်ဘူးဆိုတဲ့ကိစ္စကို အမတို့ ပြောပါမယ်။ လောလောဆယ်မှာတော့အမ comment ပေးစရာမရှိပါဘူး။”

ဦးနေဝင်းဇနီးကတော့ ပြည်ထဲရေးဝန်ကြီးလုပ်ခဲ့တဲ့ ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲပြောဆိုချက်တွေဟာ စိတ်ပျက်အားလျော့စေတယ်လို့ ပြောဆိုလိုက်ပြီး တကယ်သတ်ခဲ့တဲ့ တရားခံ အစစ်ကို ဖမ်းပေးဖို့တောင်းဆိုလိုက်ပါတယ်။

“လက်တော့လက်မခံနိုင်ပါဘူး။ ဒါပေမယ့် သူတို့ပြောလိုက်တဲ့ဥစ္စာက မျှော်လင့်ချက် မဲ့သွားစေတာပေါ့နော်။ ကျမကတော့ တရားခံအစစ်ကို မိမယ်လို့ ကိုယ့်စိတ်ထဲမှာ ထင်ထားတာ အခုလိုမမိပဲနဲ့ သူတို့ဘက်က ကြေညာလိုက်တဲ့ အတွက် ကိုယ့်မျှော်လင့်ချက်တွေကတော့ ပြောက်ကွယ်သွားတာပါ။ အမဘက်ကတော့ မပြောတက်ပါဘူး ပြောလို့လည်းမဖြစ်ဘူးလေ၊ သူတို့ဘက်က အစီအစဉ်အတိုင်းပဲဆက်လုပ်ပါလို့၊ အမှုမှန်ကို ပေါ်စေချင်တယ် တရားခံကိုလည်း အမြန်ဆုံးမိစေချင်ပါတယ်၊ တကယ်လုပ်တဲ့တရားခံပေါ့နော် အဲဒါမှလည်း သူတို့သေရကျိုးနပ်မှာလေ၊ သူတို့ ကွယ်လွန်ရကျိုးနပ်မှာ။”

ဒီအမှုနဲ့ပတ်သက်ပြီး သေနတ်နဲ့ ပစ်ခတ်သူ ကြည်လင်းနဲ့ သူ့ကို အနီးကပ် ကြီးကြပ်စေခိုင်းသူ တပ်မတော်က ဗိုလ်အဖြစ်က ထုတ်ပယ်ခံရသူ အောင်ဝင်းဇော်နဲ့ သူရဲ့နောက်ကွယ်က ညီဖြစ်သူ အငြိမ်းစား ဒုဗိုလ်မှူးကြီး အောင်ဝင်းခိုင်တို့အပြင် တပ်မတော် သတင်းစုဆောင်းရေးတပ်က အငြိမ်းစား ဗိုလ်ကြီး ဇေယျာဖြိုးတို့ ပါဝင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။ ဒီထဲမှာ အငြိမ်းစား ဒုဗိုလ်မှူးကြီး အောင်ဝင်းခိုင်ကတော့မမိသေးပါဘူး။ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်အပေါ် အခြေခံပြီး လူငယ်ဘာဝ လုပ်ကြံမှု ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကပြောဆိုထားချက်အပေါ် လက်ခံစရာမရှိဘူးလို့ဝေဖန်မှုတွေ ကရှိနေကြပါတယ်။

VOA Burmese News


ဖိလစ်ပိုင်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၁ နှစ်တုန်းက အာဏာရှင် Ferdinand Marcos ကို ဖြုတ်ချနိုင်ခဲ့တဲ့ ပြည်သူ့အာဏာ တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားကို စနေနေ့က မြို့တော် Manila မှာ ကျင်းပခဲ့ရာမှာ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ပါတယ်။

၁၉၈၆ ခုနှစ်တုန်းက အာဏာရှင် Marcos ကို ဖြုတ်ချနိုင်ခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲမှာ လူပေါင်းသန်းနဲ့ ချီပြီး စုဝေးခဲ့ကြတဲ့ Manila မြို့က ပြည်သူ့အင်အား အထိမ်းအမှတ် ဒီမိုကရေစီ ရုပ်တုရှိရာကို အခု ဆန္ဒပြသူတွေ ချီတက်ခဲ့ကြတာပါ။

အဲဒီတုန်းက လူထုအုံကြွမှုဟာ နောင်မှာ ငြိမ်းချမ်းတဲ့ တော်လှန်ရေးအဖြစ် ကမ္ဘာတလွှား စံပြ နမူနာတခု ဖြစ်လာခဲ့သလို၊ နှစ်ပေါင်း ၂၀ ကြာ အဂတိလိုက်စားမှုတွေ၊ မကောင်းသတင်းတွေ၊ လူ့အခွင့်ရေး ချိုးဖောက်မှုတွေနဲ့ ပြည့်နေတဲ့ အုပ်ချုပ်မှုလည်း အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို ဖိလစ်ပိုင်မှာ နှစ်စဉ် ကျင်းပလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ အစိုးရ ကြီးမှူးကျင်းပတဲ့ အခမ်းအနားဟာ အရင်နှစ်တွေလောက် မခမ်းနားသလို၊ သမ္မတ Rodrigo Duterte ကိုယ်တိုင်လည်း ဒီအခမ်းအနားကို မတက်ရောက်ခဲ့ပါဘူး။

ဒါ့အပြင် သမ္မတဟာ ဒီစနေ၊ တနင်္ဂနွေ သီတင်းပတ်ကုန်အတွက် တောင်ပိုင်း Davao က သူ့နေအိမ်မှာ နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Duterte ဟာ မနှစ်တုန်းကပဲ Marcos ရဲ့ ကြွင်းကျန်တဲ့ ရုပ်ကလပ်ကို သူရဲကောင်းတွေရဲ့ သင်္ချိုင်းမှာ မြှုပ်နှံဖို့ ခွင့်ပြုခဲ့တာမို့ အာဏာရှင်ကို မကျေနပ်ကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို အကြီးအကျယ် ဒေါသထွက်စေခဲ့တာပါ။

Duterte ကို ထောက်ခံသူတွေကတော့ စနေနေ့မှာပဲ Manila မှာ သူတို့ရဲ့ လူထုစုဝေးပွဲကျင်းပခဲ့ပြီး Duterte ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲ အောင်မြင်စေဖို့ ဆုတောင်းခဲ့ကြတာပါ။ ဒီတိုက်ဖျက်ရေးကို မနှစ်က သမ္မတ Duterte တက်လာချိန်က စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ အခုချိန်ထိ မူးယစ်ဆေးဝါး ရောင်းဝယ်မယ်လို့ မသင်္ကာမှုနဲ့ သတ်ပစ်ခဲ့သူ အနည်းဆုံး ၂,၅၅၅ ယောက် ရှိနေပြီလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အီရတ်နိုင်ငံထဲမှာ IS စစ်သွေးကြွအဖွဲ့ဟာ Mosul မြို့ အနောက်ဘက်ပိုင်းရဲ့ နေရာတဝက်လောက်မှာ နောက်ဆုံး ခိုအောင်းနေတာဖြစ်ပြီး အဲဒီနေရာကို အမေရိကန်တပ်တွေရဲ့ အကူအညီနဲ့ သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ အီရတ်တပ်တွေဟာ အပြင်းအထန် ပြန်လည် တိုက်ခိုက်မှုကို ခံနေရတယ်လို့ အီရတ်စစ်ဘက် အရာရှိတွေက ပြောပါတယ်။

အခုအခါမှာ Mosul လေယာဉ်ကွင်းကို ပြန်သိမ်းထားတဲ့ အထူးတပ်ဖွဲ့ အများအပြားက မြို့လယ်က မြောက်ပိုင်းကို သွားနေပြီး သူတို့ဟာ တူရကီကောင်စစ်ရုံးနဲ့ တခြားအစိုးရ အဆောက်အဦးတွေကို ပြန်ပြီးသိမ်းပိုက်ဖို့ စီစဉ်ထားတယ်လို့ ဒုဗိုလ်မှူးကြီး Abdulamir al-Mohammadawi က ပြင်သစ်သတင်းဌာနကို ပြောပါတယ်။

အီရတ်တပ်တွေဟာ IS တွေ သိမ်းထားတဲ့ မြို့တွင်းကို တိုးသွားလေလေ ပြင်းထန်တဲ့ ခုခံမှုတွေနဲ့ ရင်ဆိုင်ရလေလေ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ IS တွေဟာ ဒေသခံတွေ နေနေတဲ့ အိမ်တွေကို လူသားဒိုင်းသဖွယ် အသုံးပြုပြီး ခုခံနေတယ်လို့ ပြောပါတယ်။

Mosul တိုက်ပွဲအတွက် သတင်းယူနေတဲ့ Kurd သတင်းဌာနက စစ်သတင်းထောက် အမျိုးသမီး တဦးဟာ စနေနေ့ မနက်ပိုင်းမှာပဲ သေဆုံးသွားတယ်လို့ အီရတ် Kurd သတင်းဌာနက ပြောပါတယ်။ သေဆုံးသွားတဲ့ သတင်းထောက်ဟာ Shifa Gardi ဖြစ်ပါတယ်။

RFA Burmese
http://burmese.voanews.com


တရုတ်နဲ့ နိုင်ငံရေး တင်းမာမှုကြောင့် ဖြစ်တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြော

တရုတ်နိုင်ငံမှာ ပရိသတ်တွေ အများကြီးကို စွဲဆောင်နိုင်တဲ့ တောင်ကိုရီးယား ဇာတ်လမ်းတွဲတွေ ပြတာကို တရုတ် ဝက်ဘ်ဆိုဒ် တော်တော်များများက ရပ်ဆိုင်းလိုက်ပါတယ်။

ဒီလို ရပ်ဆိုင်းတာဟာ တရုတ်နဲ့ နိုင်ငံရေး တင်းမာမှုကြောင့် ဖြစ်တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောကြောင်း တောင်ကိုရီးယားသတင်းဌာနတွေက ပြောပါတယ်။

တောင်ကိုရီးယားက အမေရိကန် ဒုံးလက်နက်စနစ်လာရောက် တပ်ဆင်မှုကို လက်ခံခဲ့တာကို တရုတ်ဘက်က မကျေနပ်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်က နျူးကလီးယား စီမံကိန်းတွေ ဆက်လုပ်နေတဲ့အတွက် ဒီလို လက်နက်စနစ်ချထားဖို့ မရှိမဖြစ် လိုနေကြောင်း တောင်ကိုရီးယားဘက်က ပြောပါတယ်။

ဒီလို လက်နက်တွေ ချထားတာဟာ ဒေသတွင်း လက်နက် အားပြိုင်မှုတွေ ဖြစ်စေပြီး တောင်ကိုရီးယားအတွက်လည်း အိမ်နီးချင်းနိုင်ငံတွေအထိ လျှို့ဝှက်ထောက်လှမ်းတာတွေ ဖြစ်လာနိုင်တယ်လို့ တရုတ်ဘက်က ဝေဖန်ထားပါတယ်။
BBC Burmese


မိမိနောက်ဘက်သို့ ထိကပ်လာသော အရာတစ်ခု၏ မူမမှန်မှုကို မသဇင် သတိထားမိလိုက်သည်။ ကျပ်ညပ်သတ်နေပြီး လှည့်လို့ လှုပ်လို့ပင်မရသည့် ဘတ်စ်ကားပေါ်တွင် ဖြစ်သည်။ မသဇင်နောက်လှည့်ပြီး စောင်းငဲ့ကြည့်ဖို့ ကြိုးစားလိုက်သည်။ နောက်ကျောဘက်ရှိ လူတစ်ဦးက အသက်ရှူသံ ခပ်ပြင်းပြင်းနှင့် သူမကို အတင်းဖိညှပ်ထားသည်။ အတင်းတိုးပြီး ရုန်းကြည့်လိုက်သည်။ မရ၊၊ တစ်ကြိမ်၊ နှစ်ကြိမ် ၊ သုံးကြိမ်မြောက် တွင်တော့ အောင်မြင်သွားသည်။ သူမမျက်စိထဲ ပြာခနဲ ဖြစ်သွားသည်။ ရှက်ရွံ့ထိတ်လန်ြ့ခင်းနှင့်အတူ ကြောက်စိတ်ပါ ဖြစ်လာသည် ။ ကာယကံရှင် ထိုလူ့မျက်နှာထံအကြည့် ရောက်သွားမိသည် အသက်လေးဆယ်ကျော် အရွယ်၊ မျက်နှာမှာ အဆီတ၀င်းဝင်းနှင့် ချွေးပြိုင်းပြိုင်းကျနေသည်။ မျက်လုံးချင်း ဆုံလိုက်ချိန်တွင် သူ့မျက်နှာပြင်တွင် အောင်မြင်ဝံ့ကြွားသည့် အပြုံးကို လှစ်ခနဲတွေ့လိုက်မိသည်။

မသဇင် မျက်ဝန်းတစ်ခုလုံး မျက်ရည်များ ၀ိုင်းလာသည်။ “မြေနီကုန်း သမားတွေ ရှေ့တိုးထားပါ” ဟု စပယ်ယာ၏ အော်သံ ကြားလိုက်သည်။ မသဇင်မြေနီကုန်း မှတ်တိုင်တွင် ဆင်းလိုက်ပြီး ချုံးပွဲချ ငိုလိုက်မိသည်။

“သွားပြီ ဒီနေ့တော့ စာမေးပွဲချိန် နောက်ကျနေပြီ၊၊ တက္ကစီ အမြန်ပြောင်း ငှားရမှာပဲ” ဟု သူမတစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ယောက်ျားဆိုလျှင် ယင်ဖိုပင် မသမ်းဖူးသေးသည့် မသဇင်ကဲ့သို့ အပျိုစင် မိန်းကလေး တစ်ဦး တွေ့ကြုံလိုက်ရသည်မှာ အခြားမဟုတ်၊ ဘတ်စ်များပေါ်တွင် အမျိုးသမီးများကို လစ်လျှင် လစ်သလို အခွင့်အရေးယူ အနှောင့်အယှက်ပေး ၊ ကာယိနြေ္ဒစော်ကားနေသည့် ‘တဏှားရူး’တစ်ဦး သို့မဟုတ်၊ အမျိုးသမီးအများစု အခေါ် ‘ထောက်လှမ်းရေး’ တစ်ဦးနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုသို့သောသူများသည် အမျိုးသမီးလေးများ၏ နောက်ကျောမှနေ၍ မဖွယ်မရာပြုမှုကြခြင်းကြောင့် ထောက်လှမ်းရေးဟု အမျိုးသမီးအများစုက အမည်သညာ မှည့်ခေါ်ထားခြင်း ဖြစ်သည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းရေး အေဂျင်စီ (JICA) ၏ လေ့လာ ဆန်းစစ်ချက်အရ ရန်ကုန်မြိှု့တွင် အကြောင်း အမျိုးမျိုးကြောင့် လမ်းများပေါ်တွင် နေ့စဉ်သွားလာနေသူသည် နှစ်သန်းရှစ်သိန်း ၀န်းကျင်ရှိသည်။ အဆိုပါ ခရီးသွားပြည်သူများထဲ၌ ကိုယ်ပိုင်ကား၊ တက္ကစီ၊ မီးရထားစီးသူ ခြောက်သိန်းခန့်ရှိပြီး သတ်မှတ်ယာဉ်လိုင်းကား အမျိုးမျိုး စီးသည့် ခရီးသွားပြည်သူ သိန်း၂၀ ကျော်ရှိသည်ဟု စစ်တမ်းတွင် ဖော်ပြ ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရေးသားထားသည်။

မြို့ပြလူနေထိုင်မှု သိပ်သည်း ထူထပ်လာသည်နှင့်အမျှ မထသ စနစ်မှ YBS စနစ်သို့ ယခုနှစ်ဆန်းပိုင်းတွင် ပြောင်းလဲလိုက်သည်။ သို့သော် YBS အရေခြုံ မထသ စနစ်များကြောင့် ရုံးတက်ရုံးဆင်းချိန်သာမက သာမန် အချိန်များတွင်ပါ ဘတ်စ်ကားများက ကျပ်မြဲတိုင်း ကျပ်နေဆဲပင်ဖြစ်သည်။ ထိုဘတ်စ်ကား ကျပ်ကျပ်များကြောင့် ကိုရွှေထောက်လှမ်းရေးများ အတွက် ငွေမကုန်သည့် အခွင့်အလမ်း ကောင်းလေးများ၊ အတွေ့အထိ ကောင်းလေးများကို ဖန်တီးပေး နေမြဲပင် ဖြစ်သည်။

မသဇင်တွေ့ ကြုံခဲ့ရသော အဖြစ်အပျက်မျိုးကို ရန်ကုန်မြို့နေ အမျိုးသမီး တိုင်းလိုလို ပုံသဏ္ဍန်မျိုးစုံနှင့် တွေ့ကြုံခဲ့ကြရသည်။ “ဒီလိုလူမျိုးတွေအတွက် ဘယ်လို မိန်းမ အမျိုးအစား ဖြစ်နေရမယ်ဆိုတဲ့ သတ်မှတ်ချက် မလိုဘူး။ ဘယ်လို အ၀တ်အစားမျိုးနဲ့ပဲ ဖြစ်ဖြစ်၊ ဘယ်လောက်ပိန်ပိန်၊ ဘယ်လောက်၀၀ ဘယ်လောက် ရုပ်ဆိုးဆိုး၊ ဘယ်လောက်ချောချော ဘာဆိုဘာ သတ်မှတ်ချက်မှ မလိုဘူး။ မိန်းမဖြစ်နေဖို့ပဲ လိုတယ်” ဟု အင်္ဂလိပ်စာပြသည့် ဆရာမလေး မ၀င့်ကလျာက ပြောသည်။

ထောက်လှမ်းရေးများသည် အများအားဖြင့် အသက် ၄၀ အထက် လူကြီးအရွယ် များသာ အများစုဖြစ်ကြောင်း၊ ထောက်လှမ်းနေကျ သူများသာ ထောက်လှမ်းရေး လုပ်ကြကြောင်း၊ စိတ်ရောဂါသည်များ လည်း ဖြစ်နိုင်ကြောင်း ကိုယ်တွေ့ကြုံဖူးသူ အများစုက ဆိုသည်။ တချို့သော မိန်းခလေးများက တွယ်ချိတ် ဆောင်ထားခြင်း ၊ ထောက်ဖိနပ် ချွန်ချွန်နှင့် တက်နင်းခဲ့ခြင်းများကို ပြုလုပ်ခြင်းဖြင့် ၄င်းတို့၏ အခက်အခဲကို လူမသိသူမသိ တိတ်တဆိတ် ဖြေရှင်းခဲ့ကြကြောင်း ကိုယ်တွေ့ကြုံသူများက ပြောသည်။

“လှည်းတန်းမှာ အဲဒီလိုထောက်လှမ်းရေး တစ်ယောက်က အဲဒီကားကျပ်ကျပ် ရပ်နေရတဲ့ အချိန် ကားပေါ်တက်လာပြီး မိန်းကလေးတွေကို မဖွယ်မရာ လိုက်လုပ်တော့တာပဲ။ သူ့ပုဆိုးကို အပေါက်ဖောက်ထားတယ်လေ။ ကျွန်မတို့ တစ်ဆောင်လုံးက သူ့ကိုလှည်းတန်း မှတ်တိုင်မှာ သတိထားမိနေ ကျ ဖြစ်နေတော့ အချင်းချင်း သတိပေးကြတယ်” ဟု ဆေးဘက်ပညာသည် တက္ကသိုလ်ကျောင်းသူက ပြောပြသည်။

ထိုသို့ထောက်လှမ်းရေးများသည် ပျိုအိုမရွေး ကျူးလွန်သည်သာမက ဗိုက်ကြီးသည်ကိုပင် မချန်ကြောင်း ကိုယ်ဝန်ဆောင် မိခင်ဖြစ်သူ UPG အိမ်သုတ်ဆေးကုမ္ပဏီက မန်နေဂျာဖြစ်သူ မသက်ထားနွယ်က ဆိုသည်။

“ကျွန်မက တစ်ရက်လေး ဘတ်စ်ကားစီးမိပါတယ်။ ကိုယ့်ကို မကူညီတဲ့ အပြင် နောက်ကနေ တင်ပါးကိုလက်ဝါးနဲ့ အပြားလိုက်ကို သေချာပွတ်ပြီး ဆင်းပြေးသွားတာ ၊ ကိုယ့်ဘေးနားမှာ ခင်ပွန်းသည်လည်း ပါတယ်။ စိတ်တိုလွန်းလို့။ ယောက်ျားကို ချက်ချင်း ပြောလိုက်ရင်လည်း ရန်ဖြစ်မှာစိုးလို့ တိတ်နေလိုက်ရတယ်” ဟုဆိုသည်။

ရန်ကုန်မြို့နေ ဘတ်စ်ကားစီးသည့် အမျိုးသမီးတိုင်းသည် ဘတ်စ်ကားပေါ် က ထောက်လှမ်းရေးများရန်ကို ရှောင်ရှားရန် နှင့် ခုခံရန် အမျိုးမျိုးသော နည်းဗျူဟာများကို မွေးရာပါ အမူအကျင့်သဖွယ် တတ်မြောက်ထားရပါသည်ဟု ကုမ္ပဏီဝန်ထမ်း မဇင်မာကဆိုသည်။

“ကျွန်မတို့က ကားပေါ်တက်လိုက်တာနဲ့ ငါဒီလူမျိုးတွေကို သတိထားရမယ်။ သတိနဲ့နေရမယ်။ ဖြစ်နိုင်ရင် တစ်ခုခုနဲ့ ဖုန်းထားရမယ်။ ယောက်ျားတွေနားမှာ မရပ်ရဘူး။ ရင်ဘတ်တွေကိုလည်း ပိုက်ဆံအိတ်နဲ့ဖြစ်ဖြစ် ကာထားမယ်” ဟု ပြောသည်။

တစ်ခါတစ်ရံတွင် ထောက်လှမ်းရေး ယောင်ဆောင်လာသည့် ခါးပိုက်နှိုက်များ လည်း ရှိကြောင်း ၊ မိန်းကလေးများ တင်ပါးကို အတင်းတိုးညှပ်ဖိထားပြီး၊ မိန်းကလေးက တစ်ဖက်လှည့်နေချိန် သို့မဟုတ် ပိုက်ဆံအိတ်ကို တင်ပါးဘက်သို့ပို့ လိုက်ချိန်တွင် အိတ်ထဲက ပိုက်ဆံကို နှိုက်သွားကြကြောင်း ဆိုကြသည်။

ခေတ်နှင့်စနစ် တိုးတက်လာမှုကြောင့် ပျိုရွယ်သူ မိန်းခလေးငယ်များက အတိုအထွာ အ၀တ်အစားများဖြင့် မည်သို့ပင် ရဲတင်း သွက်လက်နေပါစေ၊ ဘတ်စ်ကားပေါ်တွင် ထောက်လှမ်းရေးများ နှင့်တွေ့ဆုံသည့်အခါ အများသူငါ ကြားအောင် အော်ဟစ် အကူအညီတောင်းရန် ရှက်ရွံ့နေပြီး၊ တုံ့ပြန်မပြော ဆိုရဲဘဲ ခေါင်းငုံ့ခံနေကြသည်မှာလည်း မိန်းကလေးများ၏ အားနည်းချက်ပင် ဖြစ်သည်။

“ကားကျပ်မှ မဟုတ်ပါဘူး။ ကားမကျပ်လည်း ကိုယ့်ဘေးနား ထိုင်နေတဲ့လူက လည်း မသိချင်ယောင်ဆောင်ပြီး ကိုယ့်ပေါင်ကို လာကိုင်တဲ့လူလည်း ရှိတယ်။ ကျွန်မတို့က ရှက်တာရော ကြောက်တာရောပေါ့။ ကိုယ်အော်လိုက်ရင် ကိုယ့်ကို ပြန်ရိုက်သွားမလား၊ တစ်ခုခု လုပ်သွားမလားဆိုပြီး ပြန်မပြော ရဲဘူး၊ ခေါင်းငုံ့နေရတယ်ဟု ကွန်ပျုတာ တက္ကသိုလ် တတိယနှစ် ကျောင်းသူ မသီရိနွယ်ကဆိုသည်။

ဘတ်စ်ကားပေါ်က ထောက်လှမ်းရေး ပြသ၁နာကို ဖြေရှင်းနိုင်ရန် လွန်ခဲ့သော် လေးနှစ်ဝန်းကျင်က 'အကူအညီပေးမည့် ခရာ' အဖွဲ့ကို ဖွဲ့စည်းပြီး အမျိုးသမီးများကို ကိုယ်ထိလက်ရောက် ကာယိနြေ္ဒထိပါး နှောင့်ယှက်မှု ကြုံတွေ့ရပါက ခရာကိုမှုတ်ရန် တိုက်တွန်းထားပြီး စေတနာလုပ် အားပေး ၁၅၀ ဖြင့် ရန်ကုန်မြို့အတွင်း ဘတ်စ်ကား မှတ်တိုင် ရှစ်နေရာတွင် 'အကူအညီပေးမည့်ခရာ' (၀ီစီ)များနှင့် သတင်း အချက်အလက်များ ပါဝင်သည့် လက်ကမ်းစာစောင်များကို အမျိုးသမီးများအား ဝေငှခဲ့သည်။ သို့သော်လည်း မိန်းကလေးများက ထိုခရာမှုတ်ရမည့် ကိစ္စကိုလည်း ရှက်ကြပြန်သည်။

မိန်းကလေးများ ရှက်ရွံ့ကြောက်လန့်ကြမှုကြောင့်ပင် ကိုရွှေထောက် လှမ်းရေးများ မျိုးတုံးပျောက်ကွယ်ခြင်း မရှိသေးပေ။ အချို့သော ထောက် လှမ်းရေးများသည့် ဟိတ်ဟန်ကောင်းလွန်း ကြသည်။ ၄င်းတို့မပြု မူ ယောင်ဆောင်ခြင်း၊ မိန်းကလေးက တစ်စုံတစ်ရာ အနိုင့်အထက် ပြုလို ဟန်ဆောင်ခြင်း၊ တစ်ခုတုံ့ပြန်လိုက်လျှင် ပြန်လည် ဟိန်းဟောက်ပြောဆိုခြင်း များ ပြုလုပ်ကြခြင်း ကြောင့်လည်း ဖြစ်သည်။

“ကျွန်မက ရှင်သိပ်မသရမ်းနဲ့နော်လို့ အော်လိုက်တော့ သူက ကောင်မ ငါဘာလုပ်လို့လဲ၊ နင့်ဘာသာနင် ထင်နေတာဆိုပြီး ကိုယ်ကိုပြန်ပြီး အော် တယ်။ ကားပေါ်က လူတွေကလည်း သူဟန်ဆောင်ကောင်းတော့ ကိုယ်ကပဲမှားပြီး စွပ်စွဲသလိုလို မြင်သွားကြတယ်” ဟု ကိုယ်တွေ့ကြုံဖူးသူ မ၀တ်ရည်က ပြောသည်။

ဘတ်စ်ကားပေါ် ရောက်နေသူ အမျိုးသမီးတိုင်း မြင်မြင်ရာ ယောက်ျား တိုင်းကို ထောက်လှမ်းရေးများ ဖြစ်မလားဟု မလုံခြုံသည့် သံသယ စိတ်ဖြင့် ရှောင်ရှားနေရသဖြင့် ရံဖန်ရံခါ နှမချင်းစာနာတတ် သည့် ယောက်ျားလေးများနှင့် ပြသ၁နာကြုံရတတ်ကြောင်း တာဝန် ထမ်းဆောင်နေ သည့် မ၀တ်ရည်ကဆိုသည်။ “တစ်ခါကလေ ကျွန်မနောက်ကြောက မသိုးမသန့် ဖြစ်လာတော့ တံတောင်နဲ့ တအားထိုးပစ် လိုက်တာ နောက်က ကောင်လေးက သူ့အမေအတွက် ၀ယ်လာတဲ့ လက်ဖက် ရည်ပူတွေ ပြုတ်ကျကုန်ရော” ဟု မ၀တ်ရည်က ရယ်လျက်ပြောသည်။

ဘတ်စ်ကားပေါ်က ထောက်လှမ်းရေးများကိစ္စကို သာမာန်ဖြစ်နေကျ ကိစ္စတစ်ခုအဖြစ် အမျိုးသမီးအချို့က မှတ်ယူထားကြပြီး ကားကျပ်သည်က တစ်ကြောင်း၊ လိင်မှုကိစ္စပညာများ မသိထားခြင်းများကြောင့် တစ်ကြောင်း အမျိုးသမီးအများစုက တုံ့ပြန်ရန် ခက်ခဲတတ်ကြသည်။ ရှက်ရွံ့စွာ ငုံ့ခံတတ်ကြသည်။ တိတ်တဆိတ် နည်းလမ်းဖြင့် ဖြေရှင်းပြီး မိန်မချင်းသာ ရင်ဖွင့်ပြောဆိုရဲကြသည်။

"အရင်ကတော့ ကြောက်လို့၊ ဘာမှန်းမသိရှက်လို့ ခံခဲ့ကြရတယ်။ ကျွန်မတို့ ဘာလို့ခံရမှာလဲ၊ ကျွန်မတို့ဟာ သူတို့ရဲ့ Sex Object မဟုတ်ပါဘူး။ ဒါကိုသိစေချင်တာပါ" ဟု အကူအညီပေးမည့် အခရာအဖွဲ့မှ ဒေါ်ထားထား က ပြောသည်။

"ဒါဟာ အကြမ်းဖက်မှုပဲ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု။ မတရား လုပ်သူနဲ့  မတရားခံရသူ၊ ရှက်ရသူနဲ့ အမှန်တကယ် ရှက်သင့်သူ၊ ဘယ်သူက ရှက်သင့်သူမို့ အမှန်တရားကို ကျွန်မတို့ မိန်းမသားတွေ ဖုံးကွယ်မိကြတာပါလဲ။ ဘာ့ကြောင့် ကြောက်ရွံ့ အားငယ်ရမှာလဲ။ ကျမတို့ လူမှုအဖွဲ့ အစည်း တစ်ခုလုံးက ကျွန်မတို့ မိန်းမသားတွေဘက်က ယုံကြည်စွာ ရပ်တည်ပေး မယ်ဆိုရင် ကျွန်မတို့ အတွက် ဘတ်စ်ကားအပေါ်က အမှန်တရားဟာ ခုလိုပဲ အုံ့ ပုန်းဖြစ်နေမှာ မဟုတ်ပါဘူး” ဟု အင်္ဂင်္လိပ်စာပြသည့် ဆရာမလေး မ၀င့်ကလျာက အမျိုးသမီး အားလုံးအတွက် အားပေးစကား ပြောဆိုသည်။

မိမိသန့်
The Ladies News


ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဦးကျော်ဆွေ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ်
ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဦးကျော်ဆွေ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ်
Photo : Aung Thai Kha/RFA
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေနဲ့ အမှုနဲ့ ဆက်စပ်သူတွေကို လူငယ် အဖြစ် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က သုံးနှုန်းပြော ကြားမှုအပေါ် လူငယ်အဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အသက်လေးဆယ်ကျော် ငါးဆယ်နီးပါး ပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်ကို လူငယ်သဘာဝဆိုပြီး ပုံမှားရိုက်တဲ့ ကိစ္စကို သမိုင်းအမှားအနေနဲ့ မတွင်စေချင်ဘူးလို့ ရန်ကုန်လူငယ်ကွန်ရက် ဥက္ကဌ မသဉ္ဇာရွန်းလဲ့ရည် က ပြောပါတယ်။

"အသက်လေးဆယ်ကျော် ငါးဆယ်နီးပါး ဒီပုဂ္ဂိုလ်တွေဟာ လူငယ်သဘာဝ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး အဆင်ခြင်မဲ့လုပ်ကြကိုင်ကြတယ်လို့ ပုံသဏ္ဍန်အသွင်ဖမ်းပြီး လူငယ်သဘာဝဆိုပြီးစကားလုံးကို ပုံဖျက်သုံးသွားတယ်။ ဆင်သေကိုဆိတ်သရေနဲ့ဖုံးသလို ဒီကိစ္စကြီးကို လူငယ်ဆိုပြီး ပုံမှားရိုက်တယ်လို့ ကျမတို့ခံစားရတယ်။ ဒီကိစ္စမှာ လူငယ်မဟုတ်တဲ့လူကြီးတွေ ကျူးလွန်တဲ့ကိစ္စကို သမိုင်းမှာ သမိုင်းအမှားအနေနဲ့ မတွင်စေချင်ဘူး"

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူငယ်သဘောသဘာဝအရ မကျေနပ်ချက်တွေကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့တယ်ဆိုပြီး ပြောကြား ချက်အပေါ် ကန့်ကွက်တာဖြစ်ပါတယ်။

အဲဒီကြေညာချက်ကို ပြည်ထဲရေးဝန်ကြီးဌာနထံ ပေးပို့သွားမယ်လို့လည်း ပြောပါတယ်။

ရှေ့နေ ဦးကိုနီကို သေနတ်နဲ့အနီးကပ် လုပ်ကြံခဲ့တဲ့ ကြည်လင်း ဟာ အသက် ၅၃ နှစ် ရှိပြီဖြစ်ပြီး အမှုနဲ့ဆက်စပ်သူတွေဖြစ်တဲ့ အောင်ဝင်းဇော် က အသက် ၄၆ နှစ်၊ အောင်ဝင်းခိုင် က အသက် ၄၅ နှစ်၊ ဇေယျာဖြိုး က အသက် ၄၂ နှစ် ရှိပြီဖြစ်တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အသက် ၁၆ နှစ်ကနေ ၃၅ နှစ် ကြား အသက်အရွယ်ရှိသူတွေကို လူငယ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ရာဇ၀တ်မှုကျူးလွန်တာမှာ လူကြီး၊ လူငယ်၊ ကလေး စတဲ့ အသက်အရွယ်ကြောင့် ကျူးလွန်တာ မဟုတ်ဘဲ အတွေးအခေါ်၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကြောင့်သာဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးရဲ့ ပြောကြားချက်အရ လူငယ်တွေကသာ စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး ပုဂ္ဂိုလ်ရေး မကျေနပ်မှုကို လူသတ်တဲ့အထိ ဆောင်ရွက်တတ်ကြတဲ့ သဘောမျိုး သက်ရောက်နေကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
RFA


၂၆၊ဖေဖော်ဝါရီ၊ရန်ကုန်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥပဒေအကြံပေး တရားလွတ်တော်ရှေ့ နေဦးကိုနီကို လုပ်ကြံသတ်ဖြတ် သူတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က မီဒီယာတွေကို တွေ့ဆုံကာ ပြောဆိုချက်တွေပေါ်မှာ မိသားစုအနေနဲ့  ကျေနပ်မှုရှိမရှိပြောဖို့ အချိန်မတန်သေးဘူးလို့  ဦီးကိုနီရဲ့ သမီးဖြစ်သူ ဒေါက်တာ ယဉ်နွယ်ခိုင်ကပြောပါတယ်။
သည်ကနေ့ မှာ တရားလွတ်တော်ရှေ့ နေ ဦးကိုနီနဲ့ တက္ကစီယာဉ်မောင်း ဦးနေ၀င်းတို့ ကွယ်လွန်ခြင်း တလပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာကျင်းပခဲ့ပါတယ်။
အဲသည့်အခမ်းအနားမှာ ဒေါက်တာယဉ်နွယ်ခိုင်က ဖခင်လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးဆဲဖြစ်နေတာကြောင့် မိသားစုအနေနဲ့  ကျေနပ်မှုရှိမရှိကို ပြောဖို့ အချိန်မတန် သေးဘူးလို့ပြောပါတယ်။

”အခုဟာက ongoing investigation လေ။အလည်ကြီးမှာပဲ ရှိနေသေးလို့  အဲဒီအပေါ်မှာ ဘာcomment မှ မပေးချင်ပါဘူး။ အားလုံးအပြီးသတ်ရုံးတင်ပြီးမှ ကျွန်မတို့ မိသားစုရဲ့  သဘောထားက မကျေနပ်ဘူး။ ကျေနပ်တယ်ဆိုတာကို ပြောပါမယ်။အခုတော့ ပြောဖို့  အချိန်မတန်သေးဘူးလို့  ကျွန်မအနေနဲ့  ဘာမှမပြောလိုပါဘူး။” လို့  ဒေါက်တာယဉ်နွယ်ခိုင်က ပြောပါတယ်။
ဦးကိုနီလုပ်ကြံခံရပြီး တလနီးပါးအကြာ ဖေဖော်ဝါရီလ၂၅ ရက်နေ့ မှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းတို့ကသတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ နောက်ဆုံးအခြေအနေတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။
ဦးကိုနီလုပ်ကြံခံခဲ့ရတာဟာ အစွန်းရောက် မျိုးချစ်စိတ်ကြောင့်သာဖြစ်တယ်လို့  ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“တကယ်တမ်း စိစစ်တဲ့အခါမှာတော့ ဒီဟာဟာ ဘယ်လိုခေါ်မလဲ မျိုးချစ်တဲ့စိတ် အစွန်းရောက်သွားတာ၊ အစွန်းရောက်တဲ့ မျိုးချစ်စိတ်ကနေ …………. လုပ်ကြံလိုက်တယ်လို့ အစ်ကိုတို့ ဖော်ထုတ်လို့ရတယ်” လို့  ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ဦးကိုနီကို လုပ်ကြံဖို့  ဇေယျာဖြိုးနဲ့ အောင်ဝင်းခိုင်တို့ ဟာ “လူမှုကွန်ရက်မှာ တွေ့ရတဲ့ ဦးကိုနီရဲ့ ပြောဆိုလုပ်ကိုင်ချက်တွေအပေါ် လူငယ်သဘာဝအရ၊ ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့” ရာက အောင်ဝင်းခိုင်က “ဦးကိုနီကို ရှင်းပစ်မှ ကောင်းမယ်”လို့  ပြောဆိုခဲ့ရာကနေ လုပ်ကြံဖို့ စတင်ဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့  ရဲချုပ်ဇော်ဝင်းက ပြောဆိုထားပါတယ်။
ဦးကိုနီကို လုပ်ကြံမှုနဲ့ ပတ်သတ်ပြီး သေနတ်သမား ကြည်လင်း၊ လုပ်ကြံမှုမှာ ပါဝင်ပတ်သက်နေသူ အောင်ဝင်းဇော်နဲ့  ငွေပေးခိုင်းစေသူ ဇေယျာဖြိုးတို့ ကိုသာ ဖမ်းဆီးရမိထားပေမယ့် ဇေယျာဖြိုးနဲ့ အတူ ငွေပေးခိုင်းစေသူတစ်ဦးဖြစ်တဲ့ အောင်ဝင်းခိုင်ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။ အဲဒီ နောက်မှာ သည်လုပ်ကြံမှုဟာ ကွင်းဆက်ပြတ်ပြီး ရပ်တန့်သွားမှာကို နိုင်ငံရေးစောင့်ကြည့်သူတွေက စိုးရိမ်နေကြပါတယ်။

ဦးကိုနီရဲ့အမှုနဲ့ပတ်သတ်ပြီး တရားမျှတမှုကိုလိုချင်သူတွေက ရဲတပ်ဖွဲ့ရဲ့ရှင်းလင်းချက်တွေကို မချင့်မရဲခံစားနေရတာနဲ့ပတ်သတ်ပြီး ဒေါက်တာ ယဉ်နွယ်ခိုင်က

”အခု ဒီပွဲကြီးလုပ်ပြီးတော့ ဂုဏ်ပြုပေးတယ်။ ကိစ္စတိုင်းကိုတော့ ကျွန်မတို့ က စိတ်ခံစားချက်တွေနဲ့  အများကြီး တိုင်းတာနေလို့ မရဘူးလေ။ ကိုယ်ဖြစ်စေချင်တာတွေကိုပဲ အရမ်းပြောလို့ မရဘူး။ သူတို့ မှာလည်း လုပ်စရာတွေ အများကြီးရှိသေးတယ်။NLDအစိုးရဆိုတာကလည်း တကယ်လုပ်ရမယ့်ဟာတွေ အများကြီးရှိပါသေးတယ်။ ဖြစ်ချင်တာတွေပဲ ပြောနေလို့ မရပဲ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဘက်မျှပြီး တွေးပေးဖို့ တော့ လိုပါတယ်။ ” လို့  ပြောပါတယ်။

ချမ်းသာ
Photo- စစ်ထက်အောင်
Kumudra

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ဖအေတူမအေကွဲ အစ်ကို အာရုံကြောတွေ ထိခိုက်စေတဲ့ အဆိပ်နဲ့ လုပ်ကြံသတ်ခံခဲ့ရတဲ့ လေဆိပ်ဂိတ်တွေမှာ ဘယ်လိုမှ “အန္တရာယ်ရှိစေတဲ့ အရာဝတ္ထုပစ္စည်းတွေ” ရှိမနေဘူးလို့ မလေးရှားရဲက ပြောလိုက်ကြောင်း ဘီဘီစီရဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။

လုံခြုံရေးအဖွဲ့တွေက အဲဒီအခင်းဖြစ်တဲ့ နေရာကို အစောပိုင်းကတည်းက ရှင်းလင်းထားပြီးသားလို့ သိရပါတယ်။

ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေအရ ကင်ဂျုံနမ်ကို သေစေခဲ့တဲ့ အဆိပ်ဟာ “အင်မတန်ပြင်းထန်တဲ့ အကြောဆိုင်း သွက်ချာပါဒရောဂါမျိုးကို ဖြစ်စေတယ်” လို့ မလေးရှားကျန်းမာရေး ဝန်ကြီးက ပြောလိုက်ပါတယ်။ စမ်းသပ်မှုအရ မစ္စတာကင်မ်ဟာ အကြောတွေကို ပျက်စီးစေတဲ့ ပြင်းထန်တဲ့ VX အဆိပ်နဲ့ သတ်ခံခဲ့ရတာပါ။

သတ်ခံရမှုနဲ့ စပ်လျဉ်းပြီး ဖမ်းဆီးခံထားရတဲ့ အင်ဒိုနီးရှားသူ စီတီအိုက်ရှာကလည်း သူမကို ဟာသကားသရုပ်ဆောင်ဖို့ ဒေါ်လာ ၉၀ နဲ့ညီတဲ့ မလေးရှားရင်းဂစ် ၄၀၀ ပေးပြီး ခိုင်းစေခဲ့တာလို့ ဆိုပါတယ်။

ဒီ VX အဆိပ်မျိုးဟာ အကြီးအကျယ် ပျက်စီးဆုံးရှုံးစေတဲ့ လက်နက်တမျိုးလည်း ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပြီး အရေပြားပေါ်ကို တစက်ကလေး ကျရင်တောင် မိနစ်ပိုင်းအချိန်အတွင်း သေဆုံးနိုင်တယ်လို့ သိရပါတယ်။

မစ္စတာကင်မ်ဟာ လွန်ခဲ့တဲ့ ၂ ပတ်က နိုင်ငံတကာ ကွာလမ်လမ်ပူလေဆိပ်ရဲ့ KLIA2 လို့ လူသိများတဲ့ လေဆိပ်ဂိတ်မှာ လုပ်ကြံခံရတာဖြစ်ပြီး လေဆိပ်မှာ အဆိပ်ဓာတုပစ္စည်းတွေ ကင်းရှင်းဖို့အတွက် အထူးရဲအဖွဲ့တွေနဲ့ မှုခင်းဆေးပညာ ကျွမ်းကျင်သူအဖွဲ့တွေက အဆိပ်ကင်းစင်ရေးတွေအတွက် ရှင်းလင်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီလိုအဆိပ်ရှင်းလင်းမှု စိစစ်ရေး လုပ်ငန်းစဉ်ကနေ နံပါတ် ၁ လေဆိပ်ဂိတ် KLIA2 မှာ ဘာအန္တရာယ်ရှိတဲ့ ပစ္စည်းမှ မတွေ့ရှိဘူး၊ နံပါတ် ၂ KLIA2 လေဆိပ်ဂိတ်မှာ အန္တရာယ်ရှိတဲ့ ဘယ်လို အဆိပ်သင့်မှုမျိုးမှ မရှိဘူး၊ နံပါတ် ၃ KLIA2 လေဆိပ်ဂိတ်က လုံခြုံစိတ်ချရတဲ့ နေရာတခုဖြစ်တယ်ဆိုတာကို သေချာစေတဲ့ ရလဒ်တွေ ရရှိခဲ့တယ်” လို့ စုံစမ်းရေး ရဲအရာရှိ အက်ဘ်ဒူလ်စမက်မတ်က ပြောလိုက်ပါတယ်။
DVB TV News


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က မနေ့ကလုပ်ခဲ့တဲ့ ပြည်ထဲရေးသတင်းစာရှင်းလင်းပွဲဟာ မီးလောင်ရာလေပင့် လုပ်လိုက်တဲ့ပွဲဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်ရွှေဂုံတိုင်းမှာ လုပ်ခဲ့တဲ့ ဦကိုနီနဲ့ ဦးနေ၀င်း တလပြည့်အောက်မေ့ဖွယ်ပွဲ မစတင်မီ သူက သတင်းထောက်တွေကို ပြောလိုက်တာ ဖြစ်ပါတယ်။

“စိတ်မကောင်းဘူး၊ စိတ်မကောင်းဘူး ဆိုတာက သူတပ်တဲ့ ခေါင်းစဉ်က မျိုးချစ်စိတ်ပြင်းထန်ပြီးတော့ လူငယ်ဆိုတော့ ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်ပြီး လုပ်တယ်ဆိုတော့ အဲဒီနာမ၀ိသေသနတွေ မှားတယ်။ မျိုးချစ်စိတ်ဆိုတာ ဘာနဲ့ သွားတိုင်းတာလဲ၊ လူငယ်ဆိုတာတော့ ဝေလာဝေး၊ လူငယ်လည်း မဟုတ်ဘူး။ ကောင်းကောင်း ဝေဖန်ဆုံးဖြတ်နိုင်တဲ့ လူကြီးတွေကနေပြီးတော့ ကောင်းကောင်းအကြံဖန်လုပ်ပြီးတော့မှ လုပ်ကြံတဲ့ပွဲ သူတို့ဟာ လုံးဝလွဲတယ်။ ဆိုတော့ ပြည်သူလူထုက မျှော်လင့်တာကတမျိုး၊ သူတို့ပြောတာတမျိုးဆိုတော့ ဒီသတင်းစာရှင်းလင်းပွဲဟာ ပြဿနာကို ယပ်ခပ်ပြီးတော့ မီးလောင်ရာ ယပ်ခတ်ပြီးတော့ လုပ်တယ်လို့ အန်ကယ်ယူဆတယ်။”

ဒီသတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြသွားမယ်လို့လည်း သူက ပြောပါတယ်။

“အဲဒါတော့ အန်ကယ်တို့အမြင်ကတော့ နိုင်ငံတော်အတိုင်ပင်ခံကိုတော့ တင်ပြရမယ်၊ ဒါသဘာဝလည်းမကျဘူး၊ ဘာနဲ့သွားတူလဲ န၀တခေတ်က ဗိုလ်ချုပ်ခင်ညွန့် ပေးတဲ့ သတင်းစာရှင်းပွဲနဲ့ သွားတူနေတယ်။ ခင်ဗျားတို့ ကျုပ်ပြောတာ နားထောင်၊ ယုံချင်ယုံ မယုံချင်နေ ဒါပဲ၊ အဲသဘောဖြစ်နေတယ်။”

ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး မနေ့က ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ မူးယစ်ဆေးဝါးပြတိုက်မှာ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြည်ခိုင်ဖြိုး၊ မဘသ၊ ထောက်လှမ်းရေးတို့ ပတ်သက်ခြင်းမရှိဘဲ အစွန်းရောက် မျိုးချစ်စိတ်ကြောင့် ဖြစ်တာလို့ပြောကြားခဲ့တာ ဖြစ်ပါတယ်။
DVB TV News