သာယာတဲ့ လူ့ဘောင်နဲ့ လုပ်ကြံသတ်ဖြတ်မှုများ

ဇန်န၀ါရီလ ၂၉ ရက် ညနေ ၅ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရားရုံးချုပ်ရှေ့နေ၊NLD ဥပဒေအကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဦးကိုနီ ထွက်လာပါတယ်။ လာရောက်ကြိုဆိုတဲ့ မြေးလေးကို ပွေ့ချီလိုက်တယ်။

ဦးကိုနီမှာ ဇနီးဒေါ်တင်အေး တရားလွှတ်ချုပ် ရှေ့နေနဲ့ အတူနေထိုင်ပြီး သားတစ်ယောက်၊ သမီးနှစ်ယောက် ရှိပါတယ်။ သားက ကွန်ပျူတာ ဆော့ဖ်ဝဲအင်ဂျင်နီယာဖြစ်ပြီး သမီးနှစ်ယောက်မှာ ဆရာဝန်များ ဖြစ်ကြပါတယ်။ လာရောက်ကြိုဆိုတဲ့ မြေးလေးကို ပွေ့ချီလိုက်တဲ့ အချိန်မှာပဲ ပန်းရောင်အင်္ကျီ ၀တ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်က ဦးကိုနီရဲ့ နားထင်ကိုတေ့ကာ သေနတ်နဲ့ ပစ်ထည့်လိုက်ပါတော့တယ်။

“ဒိုင်း” ဆိုတဲ့ အသံနဲ့အတူ ဦးကိုနီ လဲကျသွားတယ်။ ကံအားလျော်စွာ သူ့မြေးလေး ဘာဒဏ်ရာမှ မရခဲ့ပါဘူး။ တာဝန်သိသူ ပြည်သူများက ၀ိုင်းဝန်းဖမ်းဆီးတဲ့အခါ တရားခံဟာ သေနတ်နဲ့ ရမ်းပစ်တယ်။ လူခုနစ်ဦး ဒဏ်ရာရရှိသွားပြီး တစ်ဦးကတော့ ဆေးရုံမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒီလုပ် ကြံမှုဟာ မြန်မာ့သမိုင်းမှာ နိုင်ငံရေးလုပ်ကြံမှု အနေနဲ့ အရေးကြီးတဲ့ အကြောင်းအရာ တစ်ခုလို့ မြင်ပါတယ်။

နိုင်ငံရေး လုပ်ကြံမှုတွေဟာ ဆိုးကျိုးသက်ရောက်မှု များစွာနဲ့ နောက်ဆက်တွဲ ပြဿနာများစွာကို ဖြစ်ပေါ်စေပါတယ်။ ပထမဦးဆုံး ကျွန်တော်ပြောချင်တာက ကနောင်မင်းသား လုပ်ကြံခံရမှုပါပဲ။ ဒါကို ကျွန်တော်တို့က သာမန်အာဏာ လုမှုတစ်ရပ်လို့ပဲ သဘောထားနိုင်ပါတယ်။ တကယ်တော့ ဒီထက်ပိုပြီး နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာပါတယ်။ အိမ်ရှေ့စံ ကနောင်မင်းသားကြီးမရှိတဲ့ နောက်ပိုင်းမှာ သီပေါမင်း အာဏာရယူတယ်။ အဲဒီအချိန်မှာပဲ အင်္ဂလိပ်တွေဟာ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲကို စစ်ကြေညာကာ ၀င်တိုက်တယ်။ တကယ်တန်း သေနတ်တစ်ချက်မှ မဖောက်လိုက်ရဘဲ သီပေါမင်းကို ဖမ်းဆီးသွားတယ်။

မြန်မာတွေ အင်္ဂလိပ်ကို မတိုက်နိုင်ဘူးလား။ အင်္ဂလိပ်တွေဟာ အိန္ဒိယ၊ မလေးရှား ကျွန်းဆွယ်တို့ကို သိမ်းပိုက်ထားပြီး အင်အားအင် မတန်ကြီးတာကို လက်ခံပါတယ်။ သူတို့ကိုနိုင်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ မြန်မာတို့ရဲ့ အရည်အသွေးလည်း ဂရုစိုက်ကြည့်ရင် မြင်နိုင်ပါတယ်။ ကုန်းဘောင်မင်းဆက် ၁၁ ဆက်ရှိပါတယ်။ လေးဆက်မြောက် ဆင်ဖြူရှင်လက်ထက်မှာ တရုတ်က ကျူးစစ်ဝင် ရောက်လာတယ်။ နရသီဟပတေ့ တရုတ်ပြေးမင်း လက်ထက်ကလည်း ဒီလိုပဲ တရုတ်တွေ ၀င်ရောက်ခဲ့ဖူးပါတယ်။ ဒီတစ်ခါမှာ တရုတ်စစ်သည်များဟာ နယ်စပ် ယူနန်ပြည်နယ်မှသာ မကပါဘူး။ ပီကင်းမြို့က တရုတ် ဗိုလ်ချုပ်များပင် ပါဝင်လာတယ်။

မြန်မာစစ်တပ်က တရုတ်ကို ရင်ဆိုင်တွေ့ပါတယ်။ တရုတ်စစ်သည်တွေ အင်မတန်များပါတယ်။ “တရုတ်တို့လာသည် ရိုင်ရိုင်လော ရိုင်ရိုင်လော. မြားမိုးရွာသည် ဖြိုင်ဖြိုင်လော ဖြိုင်ဖြိုင်လော”ဆိုတဲ့ ကာချင်းလိုပါပဲ။ သူတို့ရဲ့မြားဒဏ်ကို ကြံ့ကြံ့ခံရင်း မြန်မာအမြောက် စစ်သည်များဟာ အမြောက်များဖြင့် ခုခံပါတယ်။ ခဲယမ်းမီးကျောက် အမြောက်တွေရဲ့ အင်အားဟာ အင်မတန်ထိရောက်ခဲ့တယ်။ တရုတ်စစ်ဗိုလ်ချုပ်တွေ ကျဆုံးတယ်။ နောက်ဆုံး တရုတ်တို့ ဆုတ်ခွာသွားကြပါတယ်။ ဒီအကြောင်း မှတ်တမ်းကို တရုတ်ပြည် ပီကင်းပြတိုက်မှာ ယနေ့တိုင်ရှိပါသေးတယ်။ ဆိုလိုတာက မြန်မာတို့ဟာ တရုတ်လို အင်အားများတဲ့ တပ်ကို နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကနောင်မင်းသား ကျဆုံးသွားလေတော့ အင်္ဂလိပ်တပ်ကို အသာတ ကြည်အရှုံးပေးခဲ့ရတယ်။ ကနောင်မင်းသား ကျဆုံးသွားတဲ့အတွက် မြန်မာတစ်မျိုးသားလုံး အလျင်အမြန် ကျွန်ဖြစ်ခဲ့ရပါတယ်။

နောက်လုပ်ကြံခံရ သူကတော့ ဗိုလ်ချုပ်အောင်ဆန်းပါပဲ။ ၁၉၄၇ ခုနှစ် နှစ်ဦးပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်သူတွေကို ကတိပေးခဲ့ပါတယ်။ “တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေရမယ်” တဲ့။ နှစ်တစ်ရာကျော် ကျွန်ဖြစ်ခဲ့တဲ့ မြန်မာပြည်ကို လွတ်လပ်ရေး တစ်နှစ်အတွင်း ရစေမယ်ဆိုတာ အင်မတန် ခက်ခဲပါတယ်။ ဒါကို ဗိုလ်ချုပ်အောင်ဆန်းက အာမခံကာ ကတိပေးသွားတယ်။ တစ်နှစ် မပြည့်ပါဘူး။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်မှာ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်တွေ လုပ်ကြံခံရတယ်။ ဒီလို လုပ်ကြံခံခဲ့ရပေမယ့်လည်း ဗိုလ်ချုပ်ပြောထားတဲ့အတိုင်း တစ်နှစ်အတွင်း လွတ်လပ်ရေး ရခဲ့ပါတယ်။ ဒါပေမဲ့ ဆုံးရှုံးမှုကိုတော့ အစားထိုးလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတာကို ရှင်းပြပါမယ်။ ၁၉၆၅ ခုနှစ်မှာ စင်ကာပူဟာ မလေးရှားနဲ့ ခွဲထွက်ကာ လွတ်လပ်ရေး ရခဲ့ပါတယ်။ စင်ကာပူမှာ အာဏာအရှိဆုံးက ၀န်ကြီးချုပ်ဖြစ်တယ်။ ၀န်ကြီးချုပ် လီကွမ်ယူဟာ မြန်မာပြည်ကို အားကျခဲ့ပါတယ်။ သူအာဏာရလာပြီး နောက်ငါးနှစ်အတွင်း ရန်ကုန်မြို့ကို အမီလိုက်မယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမဲ့ သူသဘောကျတဲ့ ရန်ကုန်နဲ့ မြန်မာပြည်ဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာပြီး နောက်ဆုံး LDC လို့ခေါ်တဲ့ အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ရပါတယ်။ ဒီတော့ ၀န်ကြီးချုပ်လီကွမ်ယူက သူရဲ့ကက်ဘိနက်မှာ ပြောတယ်။ “မြန်မာပြည်ခုလို ဆင်းရဲသွားတာ ဘာကြောင့်လဲ သိလား။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်တွေကို လုပ်ကြံလိုက်လို့ပဲ။ ဒါကြောင့် ဘယ်သူ့ကိုမှ အလုပ်အကြံမခံရအောင် အစီအမံတွေလုပ်ရမယ်” ဆိုပြီး ပြောခဲ့ပါတယ်။

ကျွန်တော်တို့ စာပေနယ်မှာလည်း သိပ္ပံမောင်ဝ အလုပ်ကြံခံရတာဟာ စာပေအတွက် များစွာဆုံးရှုံးမှု ဖြစ်ခဲ့ပါတယ်။ ဒီအတိုင်းပဲ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဆရာဒေါက်တာ သန်းထွဋ်အောင်ကိုလည်း ကုန်းသီးနဲ့ပစ်ကာ လုပ်ကြံဖို့ ကြိုးစားဖူးပါတယ်။ ဘယ်သူ့ကိုမဆို လုပ်ကြံသတ်ဖြတ်ခံရခြင်းဟာ လူ့ဘောင်လောကအတွက် ဆိုးကျိုးသာ ဖြစ်စေပါတယ်။

ကျွန်တော်ဟာ ဆရာဦးကိုနီကို စာရေးဆရာ တစ်ယောက်လို့ပဲ မြင်ပါတယ်။ တရားခွင်မှ တိုက်ပွဲများဆိုတဲ့ သူရဲ့ပထမဦးဆုံးစာအုပ်ကို ၂၀၁၁ ခုနှစ်မှာ ကျွန်တော် အမှာစာ ရေးပေးခဲ့ပါတယ်။ သူ့စာအုပ်ကို ဖတ်ရကတည်းက သူစာရေးဆရာတစ်ယောက် မွေးဖွားလိုက်ပြီလို့ မြင်ခဲ့ပါတယ်။ သူက တရားဥပဒေဆိုင်ရာ စာအုပ်တွေ ဆောင်းပါးတွေကို ရေးခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဥပဒေဆိုင်ရာ သုံးသပ်ချက်များကို ရေးရင်း ကျွန်တော့်ကိုလည်း နိုင်ငံရေးနဲ့ ဥပဒေရေးတို့နဲ့ ပတ်သက်ပြီးရေးဖို့ တိုက်တွန်းကာ အကူအညီပေးခဲ့ပါတယ်။

သူ့မှာ ကျွန်တော်နဲ့ သဘောထား ကိုက်ညီတဲ့ အယူအဆ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက အခြေခံဥပဒေကို ပြင်ဆင်မယ့်အစား အသစ်တစ်ဖန်ရေးဆွဲဖို့ ဖြစ်တယ်။ ဒုတိယ တစ်ခုကတော့ စင်ကာပူရဲ့ ဘာသာရေး သဟဇာတဖြစ်မှု ဥပဒေ (Religious Harmony Ac) ကို အတုယူဖို့ပါပဲ။ စင်ကာပူမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်စလင်နဲ့ ဟိန္ဒူဘာသာဝင်များ ရှိတယ်။ သူတို့ဟာ အတူတကွ နားလည်သဘောပေါက်ကာ ဘာသာရေး ညီညွတ်မျှတမှုအတွက် လေးစားလိုက်နာဖို့ ဥပဒေကို ပြဋ္ဌာန်းပေးထားပါတယ်။ ကလေးငယ်လေးတွေ ဘ၀ကတည်းက လေ့ကျင့်ပျိုးထောင် ပေးထားတာကို သူခဏခဏ ပြောပါတယ်။ ဦးကိုနီဟာ အများယုံကြည် လေးစားခံရတဲ့ ပညာတတ်တစ်ယောက်ပါ။ သူဟာ မဲအနိုင်ရရှိတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်များကို ဥပဒေရေးရာကို ပို့ချပေးခဲ့သူပါ။

“လူအချင်းချင်း နှိပ်စက်ခြင်းကင်းစေဖို့ ဥပဒေကို နားလည်တတ်မြောက်ထားဖို့ လိုတယ်” ဆိုတာ သူ့ရဲ့ဆောင်ပုဒ်ပါ။ နိဂုံးအနေနဲ့ ပြောချင်တာကတော့ အကြမ်းဖက်မှုဟာ လောကကြီးကို ပျက်စီးစေတယ်။ ကျွန်တော်တို့ လူသားတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ရန်ညှိုးရန်စတွေကို ဖြေဖျောက်ပြီး ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ဖို့လိုတယ်။

အမုန်းတွေကို ဖြေဖျောက်ကာ မေတ္တာထားနိုင်မှသာ သာယာတဲ့ လူ့ဘောင်ကိုတည် ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်းပါပဲ။

Writer:
ဒေါက်တာခင်မောင်ညို

=============

Eleven Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.