ကျည်ဆန်နှင့်အုတ်ခဲ


မြန်မာပြည်သည် ထူးခြားသော နိုင်ငံဖြစ်သည် ။ အလောင်းမင်းတရားကြီးလက်ထက်က ယိုးဒယားနိုင်ငံသို့ သွားရောက်တိုက်ခိုက်ရာ မြန်မာစစ်သည်များသည် ဓားလှံလက်နက်မလုံလောက်မှုကြောင့် တောထဲတောင်ထဲတွင်အလွယ်တကူရရှိသော ၀ါးရင်းတုတ် (၀ါးကြစ်တုတ်)များဖြင့် ရန်သူကိုရင်ဆိုင်တိုက်ခိုက်အနိုင်ယူခဲ့ပါသတဲ့ ။ ဓားနှင့် ခုတ် လှံနှင့်ထိုးနေသော ရန်သူကို ၀ါးရင်းတုတ်ဖြင့်ပြန်တိုက်ရဲသောအဖြစ်သည် တော်ရုံတန်ရုံ သတ္တိ နှင့်လုပ်၍မရပေ ။မိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိမှသာလုပ်နိုင်သောကိစ္စဖြစ်သည် ။

စစ်တိုက်နေခြင်းမှာသူသေကိုယ်သေအကြိတ်အနယ်နွှဲရသောကိစ္စဖြစ်သည် ။ ထိုပွဲမျိုးတွင် ဓားကိုဓားချင်းမဟုတ်မူပဲတိုက်ရသည်မှာအတော်မလွယ်သောကိစ္စသာဖြစ်ပေလိမ့်မည် ။ မြန်မာ့သမိုင်း၏ထူးခြားမှုတစ်ခုဖြစ်သည် ။ အင်္ဂလိပ်တို့ နှင့်စစ်ဖြစ်သောအခါတွင်လည်း ခေတ်မီသေနတ်လက်နက်များကိုင်ဆောင်ထားသော အင်္ဂလိပ်နှင့် အိန္ဒိယစစ်သည်များကို မြန်မာတို့ သည်ခေတ်ခေတ်နောက်ကျနေသော ဓားလှံ လေးမြားလက် များဖြင့်ရင်ဆိုင်တိုက်ခိုက်ခဲ့သည် ။ လက်နက်အင်အားမမျှသဖြင့် ရေရှည်တွင်မြန်မာတို့ ရှုံးနိမ့်ခဲ့ကြသည် ။

မြန်မာသည် တီထွင်ဥာဏ်ရှိ၏ ။ဖြတ်ထိုးဥာဏ်ကောင်းသည် ။ လုပ်ရဲကိုင်ရဲရှိသည် ။ ကားတာယာများကို လှီးကာဖြတ်ကာ တာယာဖိနပ်ဖြစ်အောင်လုပ်ကြ၏ ။ ရေပုံးလုပ်ကြ၏ ။ ၀က်စာပုံးများလုပ်ကြသည် ။ နိုင်ငံခြားသားများမြင်တော့တအံ့တသြဖြစ်ကြရသည် ။ နိုင်ငံတကာတွင်တစ်ခါသုံးပစ္စည်းများဖြစ်သော ဂက်စ်မီးခြစ် ၊ ထီး ၊ ဖိနပ်စသည်များကို ပျက်လျှင်လွှင့်မပစ်ပဲမြန်မာတို့သည် မဖြစ်ဖြစ်အောင်ကြံဖန်ပြုပြင်သုံးစွဲကြသည် ။မီးခြစ်ဂက်စ်ထည့်သောလုပ်ငန်းသည် ကမ္ဘာတွင်မြန်မာပြည်တစ်ခုသာရှိမည်ထင်သည် ။

ကျွန်တော်တို့ငယ်စဉ်က ဘောပင်မင်ကုန်သွားလျှင်ယခုခေတ်မှာလို လွှင့်မပစ် ။ မင်ချောင်းလဲပြီးဆက်သုံးကြသည် ။ရေသန့်ဘူးခွံများ၊ အချိုရည်ဘူးအခွံများကို မီးပုံးလေးတွေဖြစ်အောင်လုပ်သူကလုပ်သည် ။ သူများနိုင်ငံတွင်အမှိုက်တောင်းထဲသို့  လွှင့်ပစ်သော ပစ္စည်းမှန်သမျှကိုမြန်မာများက တနည်းမဟုတ်တနည်းဆန်းသစ်တီထွင်ကြတာတွေ့ ရသည် ။

အုတ်ခဲနှင့်ပါတ်သက်လာလျှင်ကျွန်တော်တို့ အားလုံး နားလည်ထားသည်မှာ အုတ်ခဲသည် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဖြစ်သည် ။ တိုက်တာအဆောက်အအုံ ၊ နံရံ ၊ ရေကန်ဆောက်ခြင်း ၊ အုတ်မြစ်ချခြင်းစသည့်နေရာများတွင်သုံးသည် ။အုတ်ခဲသည်တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းဖြစ်သည် ။ အနှီအုတ်ခဲကို ရာဇ၀တ်လူဆိုး ဖမ်းဆီးရာတွင် ၊အကြမ်းဖက်မှုတိုက်ဖျက်ရာတွင်သုံးသည် ဟုကမ္ဘာပေါ်တွင်တစ်ခါမှမကြားဖူးပေ ။ မြန်မာသည်ကမ္ဘာပေါ်တွင်ပထမဆွဲသောကိစ္စများစွာရှိသည် ။ ကမ္ဘာပေါ်တွင် ပထမဆုံးလေယာဉ်ပြန်ပေးဆွဲ ( Hijack ) လုပ်ခြင်းကိုမြန်မာနိုင်ငံတွင်စတင်သည် ။

၁၉၅၄ ဇွန်လ ၂၅ ရက်နေ့ တွင် KNDO ကရင်အဖွဲ့ မှ စောကျော်အေး ၊သိန်းကျော်နှင့်အေငြိမ်းတို့က ရန်ကုန်မှစစ်တွေသို့ သွားသော UBA (Union of Burma Airways ) လေကြောင်းပိုင် လေယာဉ်ကို အအကြမ်းဖက်အပိုင်စီးခဲ့ခြင်းဖြင့် ကမ္ဘာ့ပထမဆုံးလေယာဉ်အပိုင်စီးမှုကိုကျူးလွန်ခဲ့သည် (အချို့က ထိုအချိန်ထက် ၁၂ နှစ်စော၍ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှလေယာဉ်မှူး Ted Strever ဆိုသူက အီတလီသို့ ထွက်ခွာလာသောလေယာဉ်တစ်စီးကို အပိုင်စီးခဲ့ဖူးကြောင်းပြောကြသည်လည်းရှိ၏ ) ။

မည်သို့ ဆိုစေမြန်မာတို့သည် (ကရင်တို့သည် ) လေယာဉ်ပြန်ပေးဆွဲမှုကို ကမ္ဘာတွင်အစောဆုံးကျူးလွန်ကြသူများထဲတွင်ပါဝင်ကြပေ၏ ။ ၁၉၉၀ နိုဝင်ဘာလ ၁၁ ရက်နေ့ ကလည်း ထိုင်းနိုင်ငံဘန်ကောက်မှ မြန်မာနိုင်ငံရန်ကုန်သို့သွားသောထိုင်းလေကြောင်းပိုင် A300 ဘိုးရင်းလေယာဉ်တစ်စီးကို မြန်မာကျောင်းသားနှစ်ယောက်က ဆပ်ပြာများဖြင့်ပြုလုပ်ထားသောလက်နက်အတုများဖြင့် ပြန်ပေးဆွဲဖူးသည် ။ ကမ္ဘာပေါ်တွင်ဆပ်ပြာခဲဖြင့် ပထမဆုံးလေယာဉ်အပိုင်စီးခဲ့ခြင်းဖြစ်သည် ။ မြန်မာတို့သည် ဤသို့ ဤနှယ် စွန့် ဦးတီထွင်သူများလည်းဖြစ်ပါပေ၏ ။ ၀ါးရင်းတုတ်ကိုလက်နက်အဖြစ်သုံးခြင်း၊ ဆပ်ပြာခဲကိုလက်နက်အဖြစ်သုံးခြင်းမှသည် ယခုနောက်ဆုံး အုတ်နီခဲကို လက်နက်အဖြစ်သုံးသည့်ခေတ်သို့ ရောက်ရှိလာခဲ့ပေ၏ ။

နိုင်ငံတကာတွင် လူမြင်ကွင်း၌ အကြမ်းဖက်ပစ်ခတ်မှုဖြစ်သောအခါ ထိုလူသတ်သမားကို ပစ်ခတ်ဖမ်းဆီးသူမှာ လုံခြုံရေးတာဝန်ရှိသူများသာဖြစ်လေ့ရှိသည် ။ မြန်မာနိုင်ငံတွင် ဇန်န၀ါရီ ၂၉ ရက်နေ့ ညနေ ၅ နာရီက ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင် ဦးကိုနီအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားရာ တရားခံကိုလက်ရဖမ်းဆီးသူများမှာ လေဆိပ်လုံခြုံရေးများလည်းမဟုတ် ၊ အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့ဝင်များလည်းမဟုတ် ၊ ပတ္တရောင်လှည့်လာသော ရဲတပ်ဖွဲ့ဝင်များလည်းမဟုတ် ၊ သေနတ်ကိုင်လူသတ်သမားကို အရှင်မိအောင်ဖမ်းဆီးပေးသူမှာ အုတ်ခဲကျိုးများကိုကိုင်ဆောင်ထားသော တက္ကစီယာဉ်မောင်းများသာဖြစ်သည် ။ တာဝန်သိစွာ နိုင်ငံ့သားကောင်းပီသစွာ ဒုစရိုက်သမာကိုဝိုင်းဝန်းဖမ်းဆီးပေးရာမှ ကိုနေ၀င်းဆိုသောတက္ကစီ ကားဆရာမှာသေနတ်ပစ်ခံရပြီးအသက်စွန့် ခဲ့ရသည် ။ တကယ်တော့သေနတ်ကိုင်ထားသူကို အုတ်ခဲကျိုးမျှဖြင့် တိုက်ခိုက်ဖို့ လွယ်သည်မဟုတ် ။

သိပ္ဖံနည်းကျလေ့လာမှုများအရ သေနတ်ကျည်ဆန်၏ ရွေ့ လျှားနှုန်းမှာ တစက္ကန့် လျှင် ပေပေါင်း ၂၅၀၀ (နှစ်ထောင့်ငါးရာ) ရှိသည် ။တစ်နာရီလျှင်မိုင် ၁၇၀၀ နှုန်းဖြင့်ရွေ့ လျားသည့်သဘောဖြစ်သည်။ သေနတ်ကျည်ဆန်ကိုရှောင်ဖို့ ဆိုသည်မှာ ပေ ၅၀၀ အကွာကနေမည်ဆိုလျှင် ၀.၂၀ စက္ကန့်ပဲအချိန်ရသည် ။ အိုလံပစ်တာတိုအပြေးချန်ပီယံထက် နှစ်ဆမြန်အောင် လှုပ်ရှားနိုင်မှလွတ်မည် ။ သေနတ်သမားနှင့် ပေ ၅၀၀ အကွာတွင်ရှိနေသူပင် လွတ်ဖို့ ရှောင်ဖို့  ၀.၂၀ စက္ကန့် ပဲရသည်ဆိုတော့ ။ထိုထက်နီးနီးအနားကပ်နေသူတို့မှာကား မည်သို့ မျှရှောင်၍လွတ်နိုင်စရာမရှိပေ ။ ထိုအချက်များကို ၂၉ ရက်နေ့ က လူသတ်သမားနောက်ကိုလိုက်ကြသော တက္ကစီကားဆရာများသည် မသိမဟုတ် ။ အတိအကျသိပ္ဖံနည်းကျမဟုတ်တောင် သေနတ်နှင့်ပြန်ပစ်လျှင်သေနိုင်သည်ဟူ၍ကားသိကြမည်ပင် ။သို့ သော် မတရားမှုကိုတားဆီးဖော်ထုတ်လိုသောနိုင်ငံသားကောင်းစိတ်ဓာတ်ဖြင့် အသက်စါန့် ကာ ပြေးလိုက်ဖမ်းကြခြင်းဖြစ်တန်ရာ၏ ။ ဤနေရာ၌ အသက်စွန့် သွားသော တက္ကစီဆရာကိုနေ၀င်းကိုချီးကျူးဖို့ကောင်းသလို ကိုနေ၀င်းသေနတ်ပစ်ခံရသော်လည်း ထွက်မပြေးကြပဲ ဆက်လက်ဝိုင်းဝန်းဖမ်းဆီးပေးကြသော အခြား အရပ်သားများကိုလည်း ချီးကျူးဖွယ် ၊ဂုဏ်ပြုဖွယ်ကောင်းလှသည် ။

ကျည်ဆန်သည် တစ်စက္ကန့် လျှင်ပေပေါင်း ၂၅၀၀ သွားနိုင်ပြီး အုတ်ခဲကျိုးသည် တစ်စက္ကန့် လျှင် ၁၅ ပေခန့် သာသွားနိုင်ပါသည် ။ လက်နက်၏ထိရောက်မှုချင်းအတော်ကွာပါသည် ။သို့ သော်မြင့်မြတ်သောစိတ်ဓာတ်ဖြင့် မယှဉ်နိုင်သောလက်နက်ဖြင့် ကျည်ဆန်ကို အံတုခဲ့သော အုတ်ခဲကျိုးပိုင်ရှင်များ၏စိတ်ဓာတ်ကိုလေးစားမိပါသည် ။ ကမ္ဘာမှာဘယ်သူမှ မသုံးဖူးသေးသောနည်းစနစ်ဖြင့် လူသတ်သမားတစ်ယောက် ၊သေနတ်သမားတစ်ယောက်ကို မြန်မာနိုင်ငံကဖမ်းဆီးပေးလိုက်ပေပြီ ။ သေနတ်ကိုင်ထားသူများရှက်တတ်သော် ရှက်၍လဲသေသင့်သည်သာဖြစ်သည် ။
ကျည်ဆန်နှင့် အုတ်ခဲ သည် တရားမျှတခြင်းနှင့် မတရားခြင်း၏သင်္ကေတသဖွယ်ဖြစ်လာခဲ့ပေသည် ။ အုတ်နီခဲကလေးများအားလုံးသည် အုတ်ခဲသက်သက်သာမဟုတ်တော့ပဲ တာဝန်ကြေသောနိုင်ငံ့သားကောင်းစိတ်ဓာတ်လည်းဖြစ်လာချေ၏ ။ အုတ်ခဲကိုင်သူရဲကောင်းများ မြန်မာနိုင်ငံတွင်ဆက်၍ဆက်၍ပေါ်ပေါက်လာပါစေ ။ တရားမျှတမှုကိုကိုယ်စားပြုသူတို့ ဆက်၍ဆက်၍ အနိုင်ရပါစေ ။ သေနတ်ကိုင်ထားပြီးသူရဲဘောကြောင်သူတို့ ကျဆုံးပါစေသတည်း။

သရ၀ဏ်(ပြည်)


Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.