လိုင်ချီးသီးကို ဗိုက်ထဲ အစာ အခံ မရှိဘဲ ကလေးငယ်တွေ စားမိရင် အန္တရာယ်ရှိ


အိန္ဒိယ မြောက်ပိုင်းမှာ တနှစ် အတွင်း ကလေး ရာကျော် သေဆုံးရပြီး အဖြေရှာမရ ဖြစ်နေတဲ့ ဖျားနာမှု တခုရဲ့ ရင်းခံ အကြောင်းကို အမေရိကန်နဲ့ အိန္ဒိယ သိပ္ပံပညာရှင်တွေ ဖော်ထုတ်လိုက်နိုင်ပါပြီ။

ဘီဟာ ပြည်နယ်မှာ ကျန်းမာသန်စွမ်းတယ်လို့ ခေါ်ဆိုနိုင်တဲ့ ကလေးငယ်တွေဟာ ရုတ်တရက် ချက်ချင်း တက်တဲ့ ရောဂါ ရပြီး သတိလစ်သွားတာတွေ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ဖြစ်ခဲ့ပါတယ်။ ဒီလို ဖြစ်တဲ့ ကလေးငယ်တွေရဲ့ တဝက်နီးပါးဟာ အသက်ပါ ဆုံးရှုံးခဲ့ကြပါတယ်။

The Lancet ဆေးပညာဂျာနယ် ပုံနှိပ်ထားတဲ့ သုတေသန တွေ့ရှိချက် အသစ်အရ ဒါဟာ ဗိုက်ထဲမှာ အစာမရှိဘဲနဲ့ နှင်းသီးလို့ မြန်မာလို ခေါ်ဆိုကြတဲ့ လိုင်ချီးသီးကို စားမိလို့ အစာအဆိပ်သင့်တာလို့ ဆိုပါတယ်။

အိန္ဒိယရဲ့ လိုင်ချီးသီး အဓိက စိုက်ပျိုးတဲ့ နေရာ ဖြစ်တဲ့ အဲဒီဒေသက ရောဂါ ခံစားခဲ့ရတဲ့ ကလေးငယ်တွေအများစုဟာ ဆင်းရဲတဲ့ မိသားစုတွေက ဖြစ်ပြီး သစ်သီးခြံတွေရှိ အပင်တွေပေါ်က ကြွေကျတဲ့ လိုင်ချီးသီးတွေကို စားခဲ့ကြတယ်လို့ ဂျာနယ်မှာ ရေးသားထားပါတယ်။

လိုင်ချီးသီးမှာ တော့(က်)ဆင်န် အဆိပ်ဓာတ်ပါရှိပြီး အဲဒီ ဓာတ်ဟာ လူ့ ခန္ဓာကိုယ်က ဂလူးကို့စ် သကြားဓာတ် ထုတ်လုပ်မှုကို တားမြစ်တယ် ဆိုပါတယ်။ ဒီအခြေအနေက ညစာမစားရသေးလို့ သွေးတွင်း အချိုဓာတ် ကျဆင်းနေတဲ့ ငယ်ရွယ်တဲ့ ကလေးတွေကို ထိခိုက်စေတယ်လို့ ရှင်းပြထားပါတယ်။

ဒီလို ဖြစ်တဲ့ ကလေးငယ်တွေဟာ ပြင်းထန်တဲ့ ဦးနှောက်ရောင်ရမ်းမှု ဖြစ်ပေါ်လာပြီး ညအချိန်မှာ အော်ဟစ်နိုးလာကာ တက်ချက် မေ့မြော သွားကြပါတယ်။

သုတေသီတွေဟာ ၂၀၁၄ ခုနှစ် မေ လ ကနေ ဇူလိုင် လ အတွင်း ဘီဟာပြည်နယ် မူဇာဖာဘာဒေသက ဆေးရုံမှာ ဒီလို ပုံစံ နေမကောင်းတဲ့ ကလေးငယ်တွေကို လေ့လာပြီးနောက် အရင် ဖြစ်ပွားခဲ့ဖူးတဲ့ တက်ပြီး သတိလစ်သွားတဲ့ လက္ခဏာတူ ရောဂါတခုနဲ့ ဆက်သွယ်မှုကို ရှာတွေ့ခဲ့ကြပါတယ်။

ကဲရစ်ဘီယဲန် ပင်လယ် ဒေသမှာ တော့(က်)ဆင်န် အဆိပ် ဓာတ် ဖြစ်စေတဲ့ ဟိုက်ပိုဂလိုင်ဆင်း အက်ဆစ်ဓာတ်ပါ သစ်သီးတမျိုးကို စားမိပြီး အဲဒီဓာတ်က ကိုယ်ခန္ဓာတွင်း သကြားဓာတ်ထုတ်မှုကို တားမြစ်တာကြောင်း အလားတူ ရောဂါမျိုး ဖြစ်ပွားခဲ့ဖူးပါတယ်။

လိုင်ချီးသီးကို စစ်ဆေးကြည့်ရာမှာလည်း ဟိုက်ပိုဂလိုင်ဆင်းဓာတ်ပါတယ်လို့ ပြောပါတယ်။

အခု ရှာဖွေတွေ့ရှိမှုကြောင့် ကျန်းမာရေး အရာရှိတွေဟာ မိဘတွေကို သူတို့ရဲ့ ကလေးငယ်တွေ ညစာ စားခြင်း ရှိ မရှိ သေချာအောင် စစ်ဆေးစေပြီး လိုင်ချီးသီး စားသုံးတဲ့ ပမာဏာကိုလည်း ကန့်သတ်ဖို့ အကြံပြုထားပါတယ်။

ဒီလို ဟိုက်ပိုဂလိုင်စီးမီးယားခေါ်တဲ့ သွေးတွင်း အချိုဓာတ်ကျဆင်းမှု ဖြစ်စေတဲ့ ရောဂါမျိုး ကလေးတွေမှာ ဖြစ်လာခဲ့ရင်လည်း အလျင်အမြန် ကုသဖို့လိုကြောင်း တာဝန်ရှိသူတွေက ဆိုထားပါတယ်။

ဒီလို အကြံပြုမှုတွေ ပြုလုပ်ပြီးနောက်ပိုင်းမှာ ဒီရောဂါဖြစ်နှုန်းဟာ တနှစ်မှာ ရာဂဏန်း ရှိရာကနေ ၅၀ အထိ ကျဆင်းသွားတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာရဲ့ သတင်းတင်ပြချက် တခုမှာ ရေးသားထားပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.