“ဆရာဦးကိုနီ (သို့) အညာသားစစ်စစ်ကြီး”

“အခုတော့လည်း ကျွန်တော်တို့မြန်မာပြည်ရေတက်ငါးစင်ရိုင်းလိုပ ကောက်ရိုးမီးတမျှ ဟုန်းခနဲထသည်၊ ပြီးတော့တလှီ ကျွန်တော့်အသည်းထဲမှာ စွဲမြဲကာနာပြန်ပါသည် ဆိုဒါလမနစ် ရည်ဖောက်လိုက်ရင်မြည်သတဲ့ဘာသာခြားနဲ့အများကဆိုပြန်သည်၊ အဲဒါကြောင့်မခံချင်သည် ဟန်တင်လို့ပြလိုက်ချင်ရဲ့ မြန်မာမှန်သမျှလုပ်ပြစေချင်သည် . . . ဇွဲကိုပင်အတည် . . .”

Melbourne မှ Great Ocean Road သို့အသွား ကားကက်ဆက်မှ ထွက်လာသည့် သီချင်းသံကို ဆရာက အားရပါးရလိုက်ငြီးနေသည်။ ဆရာကြိုက်တတ်မှန်းသိလို့ မြန်မာသံစဉ်သီချင်းတွေ လက်ရွေးစင်ကူးပြီး Stick ထဲထည့်လာတယ်ဆိုတော့ကျေနပ်ဝမ်းသာစွာပြုံးနေလေသည်။

အဲဒီနောက်စကားပြောကြရင်း သူ့ရဲ့ Europe ခရီးစဉ်အကြောင်းရောက်သွားတော့
“Europe သွားတုန်းကလည်းဒီလိုပဲ Road Trip တွေကို ရထားတတန်ကားတတန်နဲ့သွားရတာ၊ အဲဒီတုန်းက ဆရာတော်တပါးလည်းပါတယ်။ တခြားလူတွေကတော့ ဘယ်လိုမြင်မယ်မသိ။ ဘုန်းကြီးနဲ့ ကပ္ပိယကုလားကြီးပေါ့လေ။ မနက်တိုင်ကျရင် ဆရာတော်ကို အရုဏ်ဆွမ်းကပ်ရတာပေါ့။ ပြင်သစ်မှာတုန်းကအကြောင်းကိုပြောရရင် အဲဒီမှာလုပ်တဲ့ပွဲအပြီးမှာ လူတယောက်ကအန်ကယ့်ကို မြန်မာပြည်ကမှန်းသိတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ရိုဟင်ဂျာအရေးမှာ နှုတ်ဆိတ်နေတဲ့အကြောင်းကိုလာမေးလို့ ပထမတော့ကောင်းကောင်းမွန်မွန်ပဲ အခြေအနေအရပ်ရပ်ကို ပြန်ရှင်းပြဖြစ်တယ်၊ အဲဒီနောက်ပိုင်းမှာ သူကမေးရင်းမေးရင်း တရားလွန်လာတော့ လူလည်းတော်တော်ဒေါသထွက်ပြီး အသံတွေလည်းမာ အသားတွေလည်းတုန်ပြီး မင်းသာသူ့နေရာမှာဆို ဒီလိုပဲဖြစ်မှာပဲဆိုပြီး ပြောလိုက်မိတယ်”လို့ ပြန်လည်ပြောပြနေရင်း ဆရာ့ဆီဖုန်းဝင်လာသည်။

“ဟုတ်ကဲ့ ကျွန်တော်ကိုနီပြောနေပါတယ်၊ သြော်ဟုတ်ကဲ့ရပါတယ်ခင်ဗျ။ ကျွန်တော်သြစတြေးလျကိုရောက်နေတဲ့အကြောင်းကတော့ Melbourne Law School မှာလုပ်တဲ့ . . . . . . . ”
သြစတြေးလျအခြေဆိုက်သတင်းဌာနတခုမှ ဆရာ့ကိုအင်တာဗျူးတာဖြစ်သည်။

သြစတြေးလျမလာခင်က Law School ကကိစ္စတွေပြီးရင် ငါ့တူတွေတူမတွေနဲ့ပဲလျှောက်လည်မယ်၊ စိတ်လွတ်ကိုယ်လွတ် ခရီးတွေလျှောက်သွားမယ်ဆိုတဲ့ဆရာ တကယ်တမ်းမြန်မာတွေနဲ့တွေ့ဖို့ကိစ္စ၊ မြန်မာ့အရေးဆွေးနွေးမယ့်ကိစ္စဆိုလျှင် မျက်လုံးကအရောင်တွေလက်လာတယ်၊ အားဆေးသွင်းလိုက်သလို လူကသွက်လက်လာတက်ကြွလာပြီး Sydney, Melbourne, Canberra မြို့တွေမှာ မြန်မာမိသားစုတွေ၊ မြန်မာ့အရေးတွေဆွေးနွေးရတာ မိုးလင်းမှမိုးချုပ်ဖြစ်သည်။

“ဆရာ ကျွန်တော်လည်း သြစတြေးလျရောက်တာမကြာသေး၊ ညီမလေးကလည်း ဆစ်ဒနီပြောင်းသွားတာ မကြာသေးဆိုတော့ ဆရာကျွန်တော်တို့အိမ်တွေမှာနေရတာ သက်တောင့်သက်သာမဖြစ်မှာ စိုးရိမ်တယ်”ဆိုတော့ “ငါအညာသားပါကွ၊ ကြမ်းပေါ်မှာဒီအတိုင်းတောင်အိပ်တတ်ပါတယ်ကွ”လို့ ဆရာက ပြန်ပြောလေသည်။

ပြီးတော့ ကားကက်ဆက်ဆီမှသီချင်းသံဆီ အာရုံရောက်သွားကြသည်။

“…စေတနာထားပါတော့ကွယ်အလှဖြူပြာသူဇာခင်ခင်ရယ် . . မြတ်နိုးသူရယ် .ချစ်မိုးစွေခဲ့တယ် .ဘုံကြိုးပြတ်တဲ့ဒေ၀ီနတ်မျိုးနွယ် .၊ မြတ်နိုးသူရယ် ..ရယ် ..၊ ချစ်မိုးစွေခဲ့တယ် . . . တတတယ်အယ်အယ် . . .ဘုံကြိုးပြတ်တဲ့ဒေ၀ီနတ်မျိုး . . .မျိုး . . နွယ် . . ”

အဲဒီသီချင်းကိုလိုက်ညည်းရင်းဆရာကရှင်းပြသည် “ပထမတစ်ခေါက်မှာ အသံကမစွဲဘူး၊ ဒုတိယတစ်ခေါက်မှာမှ ချစ်မိုးစွေခဲ့တယ် . . . .ဆိုတာကိုဆွဲပြီးဆိုသွားတာ သိပ်နားထောင်လို့ ကောင်းတယ်”ဆိုပြီး ရှင်းပြမှသေချာနားထောင်တော့ ဆရာပြောတဲ့အတိုင်းပင်ဖြစ်သည်။

Adelaide ရောက်ပြီး အိမ်မှာအမဲသားတွေ သိုးသားတွေကြော်စားတော့ ဆရာ့လက်ရာကိုကြိုက်တဲ့ ကျွန်တော်က“ဆရာ အဲလိုအရသာမျိုးထွက်အောင် ဘယ်လိုကြော်လဲဆိုတာ ကျွန်တော်တို့လင်မယားကို Step by Step လေးသင်ပေးပါ”လို့ပြောတော့ စိတ်ရှည်လက်ရှည်သင်ပေးရင်း သူဟင်းချက်တတ်လာတဲ့အကြောင်းကို ရှင်းပြလေသည်။

“ငယ်ငယ်ကတည်းက အမေက Train ထားတာ၊ ကျောင်းကပြန်ရောက်လာတာနဲ့ ထမင်းအိုးတည်၊ ရေခပ်၊ ပြီးရင် ဟင်းချက်၊ ညကျမှစာကျက်ရတယ်”တဲ့။

အဲဒီနောက်ဆရာ့မိသားစုအကြောင်း စကားစပ်မိသွားတော့
“မင်းညီမတွေကတော့ကွာ နှစ်ယောက်လုံးအပျိုကြီးတွေပဲလုပ်တော့မယ်ထင်ပါတယ်၊ မောင်သန့်ဇင်ကလည်း အိမ်ထောင်ကျတာမကြာသေးတော့ အန်ကယ့်မှာမြေးချီချင်နေတာကို၊ အခုတော့ တူမကမွေးတဲ့မြေးကိုပဲ အချစ်တွေပုံပေးထားရတာပေါ့”ဆိုပြီး သူ့မြေးလေးအကြောင်းတွေကို အားရပါးရပြောပြလေသည်။

နောက်နေ့လျှောက်လည်ကြရင်း ကျွန်တော့်ကားပေါ်မှာပါတဲ့အလုပ်ထဲမှာသုံးတဲ့ Spanner လေးတခုကိုတွေ့တော့ ကောက်ကိုင်ကြည့်ရင်း Hand Tools တွေအကြောင်းရောက်သွားတော့ ဆရာက“အန်ကယ့်ဆီမှာလည်း Hand Drill ကို Cord နဲ့ရော Cordless ပါရှိတယ်။ အိမ်မှာမူလီလေးဘာလေးစုပ်၊ ဟိုဟာလေးရိုက်ဒီဟာလေး ထုပေါ့”ဆိုပြီး သူ့မှာအစုံရှိကြောင်း ဂုဏ်ယူဝင့်ကြွားစွာပြောတော့ သြစတြေးလျမှာအဲလိုပစ္စည်းတွေအများဆုံးရတဲ့ Bunnings Warehouse ကိုခေါ်သွားလိုက်သည်။ နိဗ္ဗာန်ဘုံလိုပဲဆိုပြီး ပစ္စည်းတွေကိုအရမ်းကြိုက်လို့ Open end spanner set တခု အလေးခံပြီးဝယ်သွားလေသည်။ အောက်တိုဘာအလည်ပြန်ရောက်တော့ ဆရာကတခုခုကျွေးချင်တယ်ဆိုပြီး ယိုးဒယားဆိုင်မှာစားဖြစ်တော့ ကျွန်တော်ကစပြီး
“အန်တီတင်တင်အေးရေ ဆရာကသြဇီကနေ Spanner Set ကြီးပြန်ဝယ်သွားတယ်နော်”ဆိုပြီး အတို့အထောင်လုပ်လိုက်တော့ အန်တီက“ဟုတ်တယ်၊ အိမ်မှာလည်းအများကြီးဟာကို ထပ်ထပ်ပြီးဝယ်တယ်၊ နည်းတာမဟုတ်ဘူး”လို့ မြည်တွန်တောက်တီးတဲ့အခါ ဆရာကဇက်လေးပုပြီး ရယ်ဖြဲဖြဲနဲ့လုပ်နေလေသည်။

အဲဒါဟာဆရာနဲ့ နောက်ဆုံးဆုံခဲ့တာဖြစ်သည်။

(အခုတော့မီးဖိုချောင်ထဲက မီးချောင်းလေးလဲဖို့စောင့်နေတဲ့အမေ့အတွက် သားတစ်ယောက်ဘယ်တော့မှ ပြန်မလာနိုင်တော့ပြီ၊ အိမ်အောက်မှာကားပါကင်ရှိ၊ မရှိ လှမ်းမေးမယ့်သားရဲ့ဖုန်းသံကိုလည်း အမေဘယ်တော့မှကြားရတော့မှာမဟုတ်ပေ၊)

ကျန်ရစ်သူမိသားစုနှင့်ထပ်တူထပ်မျှဝမ်းနည်းကြေကွဲစွာဖြင့် . . .။

စည်သူ(သံလွင်)
ခေတ္တသြစတြေးလျ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.