ထီးနန်းကို အမျိုးသမီးဆက်ခံခွင့်ရှိမယ့် ဥပဒေအပြောင်းအလဲ ဂျပန်တွေ လိုလားနေ


တိုကျို၊ ဇန်နဝါရီ ၃၁ – ဂျပန်နိုင်ငံရဲ့ Chrysanthemum ထီးနန်းကို အမျိုးသမီးတစ်ဦး နောက်ဆုံးအနေနဲ့ အုပ်စိုးခဲ့တာ နှစ်ပေါင်း ၂၅၀ နီးပါးတိုင်ခဲ့ပါပြီ။

အခုလက်ရှိဂျပန်နိုင်ငံမှာ ဧကရာဇ် အကီဟီတိုက သူ မကွယ်လွန်ခင်ထီးနန်းစွန့်ဖို့ဆန္ဒရှိနေတဲ့ကိစ္စကို လိုက်လျောပေးဖို့ ဆောင်ရွက်ပြင်ဆင်မှုတွေလုပ်ဆောင်နေတာကြောင့် ဂျပန်လူမျိုးအများစုက အခုချိန်ခါဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အမျိုးသမီးထီးနန်းဆက်ခံခွင့်ရရှိရေးအတွက် နည်းလမ်းတစ်ရပ်ကို တိတိပပ ဖော်ဆောင်ရမယ့် အချိန်ဖြစ်တယ်လို့ လက်ခံယုံကြည်နေကြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက အသက် ၈၃ နှစ်အရွယ် ဧကရာဇ် အကီဟီတိုက သူ့အနေနဲ့ အသက်အရွယ်ကြီးရင့်လာတာကြောင့် နိုင်ငံတာဝန်တွေကို ပြည့်ပြည့်ဝဝ မဆောင်ရွက်နိုင်တော့ဘဲဖြစ်လာမှာကိုစိုးရိမ်နေပြီး နန်းစွန့်လိုတဲ့အကြောင်း အရိပ်အမြွက် ပြောလိုက်ပါတယ်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံး မင်းဆက်ရဲ့ ထီးနန်းဆက်ခံခွင့်ကို ထိန်းချုပ်ကွပ်ကဲပေးတဲ့ ပဒေသရာဇ် အိမ်တော်ရာဥပဒေထဲမှာ ထီးနန်းစွန့်မှုနဲ့ပတ်သက်ပြီး ပြဌာန်းချက် တစ်စုံတစ်ရာမပါရှိပါဘူး။

ဒါပေမယ့် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးဦးဆောင်တဲ့ အာဏာရပါတီက သူတို့အနေနဲ့ ဧကရာဇ်ကိုနန်းစွန့်လို့ရစေမယ့် ဥပဒေဟောင်းတစ်ရပ်ကို သုံးသပ်လေ့လာနေတယ်လို့ အခုလအတွင်းမှာ အသိပေးပြောကြားခဲ့ပါတယ်။

သဘောထားစစ်တမ်းကောက်ယူမှုတွေမှာတော့ ဂျပန်ပြည်သူအများစုက သည်ဥပဒေကို အခုတစ်ကြိမ်တည်းအတွက် အစားထိုးအသုံးပြုတာမျိုးမဟုတ်ဘဲ အမြဲတမ်းအတွက်ပြဌာန်းသွားစေလိုနေတယ်လို့တွေ့ရပါတယ်။

သဘောထားစစ်တမ်းကောက်ယူမှုကိုဖြေကြားပေးသူအများစုက ၁၉၄၇ ခုနှစ်ကတည်းကပြဌာန်းခဲ့တဲ့ ဥပဒေကို အမျိုးသမီး တွေမှာလည်း ထီးနန်းဆက်ခံခွင့်အပြည့်အဝရှိတယ်လို့ခွင့်ပြုပေးတဲ့အနေအထားထိပြောင်းလဲသင့်ကြောင်း ဖြေခဲ့ကြပါတယ်။

အစိုးရကခန့်အပ်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့က ဧကရာဇ် အကီဟီတိုကိုသာ နန်းစွန့်ခွင့်ပေးမယ့် အထူးဥပဒေတစ်ရပ်ကို အကြံပြု ထောက်ခံပေးခဲ့ပေမယ့် အမျိုးသမီးတွေကို ထီးနန်းဆက်ခံခွင့်ပြုဖို့ရှိသလားဆိုတဲ့အချက်ကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ကွန်ဆာဗေးတစ်ပါတီဝင်တစ်ဦးဖြစ်တဲ့ အာဘေးကလည်း သည်ကိစ္စကို ရှင်းရှင်းလင်းလင်း ပြောကြားထားတာမျိုးမရှိပါဘူး။

သည်ပြဿနာရပ်ဟာ အာဘေးရဲ့ အာဏာရ လစ်ဗရယ်ဒီမိုကရက်တစ်ပါတီကိုထောက်ခံတဲ့ ကွန်ဆာဗေးတစ်တွေအကြား မှာ လက်မခံနိုင်ဖွယ် ကိစ္စတစ်ရပ်ဖြစ်နေဆဲဖြစ်ပါတယ်။ သူတို့က အမျိုးသားထီနန်းဆက်ခံမှုအစဉ်အလာကို ဆက်လက် ထိန်းသိမ်းထားဖို့ စဉ်းစားထားကြပါတယ်။

လက်ရှိဧကရာဇ်ကို ထီးနန်းစွန့်ခွင့်ပေးမယ်ဆိုရင် ဧကရာဇ်ရဲ့ သားအကြီးဆုံးဖြစ်သူ အသက် ၅၆ နှစ်အရွယ် အိမ်ရှေ့စံက ဆက်ခံခွင့်ရရှိမှာဖြစ်ပါတယ်။ တကယ်လို့ အမျိုးသမီးတွေကို ထီးနန်းဆက်ခံခွင့်ပြုခဲ့မယ်ဆိုရင် အိမ်ရှေ့စံနန်းစွန့်တဲ့အခါ အိမ်ရှေ့စံရဲ့တစ်ဦးတည်းသောသမီးဖြစ်တဲ့ အခုလက်ရှိ အသက် ၁၅ နှစ်အရွယ် မင်းသမီး အိုင်ကိုက ထီးနန်းဆက်ခံရမှာဖြစ်ပါတယ်။

လက်ရှိဥပဒေအတိုင်းသာဆက်လက်ထားရှိကျင့်သုံးမည်ဆိုပါက ဆက်ခံသူဟာ အိမ်ရှေ့စံရဲ့တူဖြစ်တဲ့ တော်ဝင် မျိုးနွယ်ရဲ့တစ်ဦးတည်းသော သားယောက်ျားလေးဖြစ်သူ အသက် ၁၀နှစ်အရွယ် မင်းသား ဟီရှာဟီတိုပဲဖြစ်ပါ တယ်။

မအေးသီမွန်

[Ref: The Straits Times; 31 January 2017]
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.