ခြေရာကိုဖျောက်၊ ရေကိုနှောက်လေသလော \\ မင်းဒင် \\


*** (၁)

ယခုရက်ပိုင်းများအတွင်း လူမှုသတင်းကွန်ရက် မီဒီယာမှတစ်ဆင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ ပြင်းထန်စွာ ရိုက်ခတ်ပျံ့နှံ့ခဲ့သော သတင်းဆိုးတစ်ပုဒ် ထွက်ပေါ်ခဲ့သည်။ ယင်းမှာ ၂၉၊၀၁၊၂၀၁၇ ရက်နေ့ ညနေငါးနာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal(1) အရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးကိုနီ သေဆုံးခဲ့ရသည့် ဖြစ်ရပ်ပေတည်း။

ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သော အစည်းအဝေး တစ်ခုအား ပြန်ကြားရေးဝန်ကြီးနှင့်အတူ လိုက်ပါသွားခဲ့ပြီး ရန်ကုန်လေ ဆိပ်သို့ ပြန်လည်ရောက်ရှိချိန်တွင် အသက် ၅၄ နှစ်အရွယ် ကြည်လင်း (ခေါ်) မောင်တူးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ် လုပ်ကြံခဲ့သဖြင့် ဦးကိုနီသည် အချင်းဖြစ်နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့လေသည်။ ယင်းအပြင် ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ပြီးနောက် ထွက်ပြေးခဲ့သည့် သေနတ် သမားအား လိုက်လံဖမ်းဆီးခဲ့သည့် လေဆိပ်ရှိ အငှားယာဉ်မောင်းများအနက် အငှားယာဉ်မောင်း တစ်ဦးဖြစ်သူ အသက် ၄၈ နှစ်အရွယ် ဦးနေဝင်းမှာ လည်း သေနတ်သမားက ပြန်လည် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။ ထိုသတင်းသည် လူမှုသတင်းကွန်ရက်တွင် တောမီးပမာ ပျံ့နှံသွားခဲ့ပြီး တုံ့ပြန်ရိုက်ခတ်မျိုးစုံ ပေါ်ထွက်လာခဲ့၏။ မည်သူ၊မည်သည့်အဖွဲ့၏ လက်ချက်ဖြစ် သည်ကို စေ့ငုကြ၏။ ပြည်သူလူထုအများစု ကြေကွဲဝမ်းနည်း ကြောင်း ဖော်ပြ ကြသည်နှင့် တချိန်တည်းတွင်ပင် ထိုသတင်း အတွက် ပျော်ရွှင်အားရ နေကြ သူတို့လည်း ရှိနေသည်။

*** (၂)

အဆိုပါဖြစ်ရပ်တွင် တရားခံကြည်လင်းကို လက်ရဖမ်းဆီး နိုင်သော် လည်း နောက်ကွယ်မှ ကြိုးကိုင်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ် ရှိရမည်ဟု အများစုက သံသယပွားကြသည်။ မြန်မာပြည် တွင် ဖြစ်ပွားခဲ့လေ သမျှ ဧရာမ မူးယစ်ဆေးဝါးမှုကြီးများ၊ လေးငါးလောင်းပြိုင် လူသတ်မှုကြီးများ မှာ လက်သည်တရားခံမပေါ်ဘဲ သတင်းအစအန ပျောက်သွားတတ်ခဲ့သော သာဓကများရှိခဲ့လေရာ အထက်ပါ သံသယသည် သဘာဝကျသည်ဟု ဆိုနိုင်သည်။ ထိုသံသယကို ပို၍ကြီးထွားစေသည်ကား သက်ဆိုင်ရာ တို့အနေဖြင့် ယင်းအမှုအပေါ် ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်းမရှိဟု လူအများစုက ခံယူနေကြခြင်းဖြစ်၏။ ရည်ညွန်းခဲ့သော မှုခင်းသည် နိုင်ငံတော် တည်ငြိမ်မှုကို ပျက်ပြားစေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

ဖေ့စ်ဘွတ်စာမျက်နှာများ ပေါ်တွင် ယင်းအမှုနှင့်စပ်လျဉ်း၍ အမှု မှန် ပေါ်ပေါက်စေလိုသူများက သုံးသပ် ချက်၊ ဝေဖန်ချက်အမျိုးမျိုး ဖော်ပြရေး သားနေကြချိန်တွင် ဆန့်ကျင်ဖက် အုပ်စုများမှလည်း အမှုလမ်းကြောင်း သွေ ဖည်စေရန် ရေးသားဖော်ပြနေမှု မျိုးလည်း ရှိသည်။ ဥပမာအားဖြင့်ဆိုရလျှင် အချို့သော ဖေ့စ်ဘွတ်စာမျက်နှာများ၌ ဦးကိုနီအား အန်အယ်ဒီပင် နှုတ်ပိတ် သယောင်၊ အမေရိကန် စီအိုင်အေ၏လက်ချက် ဖြစ်လေဟန်အထိ ရေး သားမှုမျိုးပင် ရှိနေလေသည်။

ထိုသို့သောသတင်းများ ပလူပျံအောင် ပေါ်ထွက်နေချိန်မှာပင် တရားခံကြည်လင်းအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စစ်ဆေးမေးမြန်းချက် ဓာတ်ပုံမိတ္တူများ ထူးဆန်းစွာ ပေါ်ထွက်လာခဲ့ လာပြန်လေသည်။ ထို စစ်ဆေးချက်များမှာ အစစ်အမှန်များ ဖြစ်ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးမှ အတည်ပြုသည်ဟု ဧရာဝတီ သတင်းဝက်ဘ် ဆိုဒ်တွင် ဖော်ပြထားပြီး ယင်းထွက်ဆိုချက်၏ လိုရင်းအတိုချုပ်မှာ အောက်ပါ အတိုင်း ဖြစ်လေသည်။

*** (၃)

တရားခံ၏အမည်မှာ ကြည်လင်း (ခေါ်) ကိုထူး၊ အသက် ၅၄ နှစ်ရှိပြီး စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စိုင်လျားကျေးရွာတွင် မွေးဖွားသည်။ ပညာအရည်အချင်း ဘုန်းကြီးကျောင်းထွက်ဟု ဆိုသည်။ လက်ရှိနေရပ်လိပ်စာမှာ အမှတ်မသိ၊ အမှတ်(၇)ကားဂိတ်အနီး၊ အိုးဘိုရပ်ကွက်၊ မန္တလေးတိုင်းဟု ဖော်ပြထားသည်။ ၁၉၈၅ ဝန်းကျင်တွင် မဟာမြတ်မုနိဘုရားကြီးအနီး၌ ရှမ်းခေါက်ဆွဲရောင်းခဲ့ကာ မုံရွာဘက်မှ ဦးစံဝင်းဆိုသူ ခိုးယူလာသော ဘုရားတစ်ဆူကို ပွဲစားလုပ်ရောင်းချပေး မှုဖြင့် ထောင် ၇ နှစ်ကျခဲ့ပြီး နှစ်နှစ်ခုနစ်လအကြာတွင် လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။ ထို့နောက် ၂၀၀၃ ခုနှစ်တွင် ရှေးဟောင်းဘုရားမှောင်ခိုမှုဖြင့် ထောင်ဒဏ် အနှစ်နှစ်ဆယ် ကျခဲ့ပြန်ပြီး ၂၀၀၄ ခုနှစ်တွင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက် ခဲ့ပြန်သည်။

ထို့နောက် မြဝတီ မဲဆောက်ဘက်တွင် ကျင်လည်ကျက်စားခဲ့ပြီး အလုပ်အကိုင် အဆင်မပြေသောကြောင့် ရန်ကုန်တက်ကာ အလုပ်ရှာမှ မဲဆောက်တွင် သိကျွမ်းခဲ့ဖူးသော မြင့်ဆွေဆိုသူနှင့် အဆက်အသွယ်ရသည်။ တစ်ရက်တွင် ထိုမြင့်ဆွေဆိုသူက ဂျာနယ်တစ်စောင်တွင် ပါလာသော လူတဦး၏ပုံကိုပြပြီး သတ်ပေးရင် ကားတစ်စီးပေးမည်ဟုဆိုကာ လူသတ်ရန် ကမ်းလှမ်းသည်။ ကြည်လင်းနှင့် မြင့်ဆွေ ဆယ်ကြိမ်နှင့်အထက် တွေ့ဆုံခဲ့ကြပြီး မြင့်ဆွေက အမည်မမှတ်မိသော ဟိုတယ်တစ်ခုတွင် တည်းခိုပြီး ကြည်လင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တည်းခိုသည်။ အခြင်းဖြစ်ပွား မည့် နေ့တွင် မြင့်ဆွေက ကြည်လင်းကို ဖုန်းဆက်ခေါ်ပြီး ရန်ကုန်လေဆိပ်သို့ အတူထွက်ခွာခဲ့သည်။ လုပ်ကြံမှု မအောင်မြင်လျှင် ကြည်လင်း၏ မိသားစုကို ဒုက္ခပေးမည်ဟု မြင့်ဆွေကခြိမ်းခြောက်သည်ဆို၏။

နောက်ဆုံးလေဆိပ်သို့ အရောက်တွင် မြင့်ဆွေမေးငေါ့ပြသော သူကို သေနတ်ဖြင့် ဦးခေါင်းကို တေ့ပစ်လိုက်သည်။ သူ့အားဖမ်းဆီးရန် ဝိုင်းအုံလာသော သူများထဲမှာ ဦးနေဝင်းဆိုသူကို သေနတ်ဖြင့်ပစ်သည်။ ကြည်လင်း အဖမ်းခံရသည်။ မြင့်ဆွေ ဘယ်ရောက်နေမှန်းမသိ၊ မြင့်ဆွေက သူ့ကိုပေးမည်ဆိုသော ကားကို မရသေး။ မြင့်ဆွေ ဖုန်းနံပါတ်ကို သူမမှတ်မိ။ ကြည်လင်း၏ ထွက်ဆိုချက်မှာ ဤတွင်နိဌိတံ၏။

*** (၄)

နဂိုကမှ ဤအမှုအပေါ် အမြင်မကြည်လင်ကြသူများမှာ တရားခံ၏ အထက်ပါ ရဲထံထွက်ဆိုချက် ပေါ်ထွက် လာပြီးသည့်နောက်တွင် ဝေဖန်သံများ ပိုမိုဆူညံလာခဲ့သည်။ စစ်ဆေးသူ ရဲအရာရှိသည် အဆိုပါအမှုကို သာမာန်ကာလျှံကာ စစ်ဆေးကြောင်း ထင်ရှားနေသည်။ ကြည်လင်း၏ ထွက်ဆိုချက်သည် ခပ်ညံ့ညံ့ ရုပ်ရှင် ဇာတ်ညွန်းတစ်ပုဒ်နှင့် အလားသဏ္ဍန်တူကြောင်း သာမန်လူပြိန်းပင် သိနိုင်သည်။ အမှုစစ်အရာရှိသည် တရားခံအား မစစ်ဆေးမီ အမှုဖြစ်ခြင်းရာ အသေးစိတ်ကို ထုံးလိုချေ ရေလိုနှောက် ထားနှင့်ရမည့် အရည်အသွေးမျိုး ရှိဟန်မတူချေ။ စင်စစ် ဦးကိုနီလုပ်ကြံခံရမှုသည် ပုဂ္ဂိုလ်ရေးအာဃာတကြောင့် ကျူးလွန်ခဲ့ခြင်းမဟုတ်ဟု အများကယူဆကြသည်။ အဘယ်ကြောင့်ဆိုပါမူ ဦးကိုနီသည် အာဏာရ အန်အယ်လ်ဒီပါတီ၏ ဥပေဒေအထောက်အကူပြု အဖွဲ့ဝင်ဖြစ်သည် သာမက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲရန် စိုက်လိုက်မတ်တတ် အားထုတ်ခဲ့သူဖြစ်သည်။ ယင်းအချက်ကြောင့်ပင် ထိုလုပ်ကြံမှုအပေါ် ပြည်သူအများ စိတ်ဝင်စားမှု ဒီရေမြင့်တက်ကာ ဝေဖန်သံများ အဆက်မပြတ် ထွက်ပေါ်နေခြင်းဖြစ်သည်။

သည်အမှုသည် သည်လိုနှင့်ပင် တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ် သွားတော့လေမည်လော။ ယင်းပြစ်မှုကို အကွက်ချစီစဉ်ပေးခဲ့ သည့် နောက်ကွယ်မှ လက်မည်းကြီးတို့ အနေဖြင့် ယင်းအမှုကို ခြေရာ လည်း ဖျောက် ရေလည်းနောက်အောင် ဖန်တီးနိုင်ကြဦး မည်လော။ နောက် ဆုံးရရှိသော သတင်းများအရ အဆိုပါလုပ်ကြံမှုကို ကုလသမဂ္ဂအပါ အဝင် နိုင်ငံတကာက ရှုတ်ချကြောင်း သတ်ဖြတ်ခံရမှုအတွက် မြန်မာ အစိုးရအနေဖြင့် တိကျစွာ စုံစမ်းစစ်ဆေးပြီး ဥပဒေနှင့်အညီ အရေးယူ ရန် တောင်းဆိုမှုများလည်း ထွက်ပေါ်လာနေသည်။

၎င်းအခြေအနေတွင် မျှော်လင့်ချက် ရောင်ခြည်တစ်ခုကား ကျန်ရှိနေသေး၏။ ယင်းကား ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် စပ်လျဉ်း၍ ထွက်ပေါ်လာသည့် တပ်မတော် သတင်းအမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ကြေညာချက်ဖြစ်၏။ ယင်းထုတ်ပြန်ကြေညာချက်တွင် -

“ဥပဒေအကြံပေးတစ်ဦး ဆုံးရှုံးရခြင်းအတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းရပါသည်။ ယင်းဖြစ်စဉ်သည် လုံခြုံရေးနှင့်ပတ်သက်၍ များစွာ ထိခိုက်စေခြင်းကြောင့် ဖြစ်စဉ်မှန် ပေါ်ပေါက်ရေး၊ ပြစ်မှု ကျူးလွန်သူများအား အမြန်ဖမ်းဆီးရမိရေးအတွက် တပ်မတော်အနေဖြင့် လုံခြုံရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်” ဟု ဖော်ပြပါရှိသည်။

*** (၅)

ယင်းထုတ်ပြန်ချက်ပါ “ပြစ်မှုကျူးလွန်သူများအား အမြန်ဖမ်းဆီး ရမိရေးအတွက် တပ်မတော်အနေဖြင့် လုံခြုံရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်သွားမည်” ဟူသော စကားရပ်မှာ အားရနှစ်လိုဖွယ် ဖြစ်ပါ၏။ အကယ်၍သာ တပ်မတော်အနေဖြင့် အဆိုပါလုပ်ကြံမှု၏ ဖြစ်စဉ်အမှန်ကို ခိုင်လုံစွာ ဖော်ထုတ်နိုင်ခဲ့ပါလျှင် မြန်မာပြည်တွင် ဧရာမပြစ်မှုကြီး မှန်သမျှ စစ်ဆေးဖော်ထုတ်နိုင်ခြင်း မရှိခဲ့သည့် အစဉ်အလာကို ချေဖျက်နိုင်ပေ လိမ့်မည်။ တစ်ချိန်တည်းမှာပင် တပ်မတော်အပေါ် ပြည်သူလူထု၏ ယုံကြည်မှု ပို၍ တိုးပွားလာပေလိမ့်မည်။ ပြည်သူလူထုကြီးကမူ အမှန်တရား ပေါ်ပေါက် လာရေးအတွက် နောက်ကွယ်မှ ကြိုးကိုင်သူများကို ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ စစ်ဆေး အပြစ်ပေးနိုင်ရေးအတွက် ကြီးစွာမျှော်လင့် စိတ်စောနေကြသည်မှာ မြေကြီးလက်ခတ်မလွဲ အလွန်သေချာလှသော အချက်ဖြစ်လေသည်။

မင်းဒင်
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.