“ တပွင့်ခြွေသော် အပွင့်တစ်ကုဋေပေါ်မည် ”


ပြီးခဲ့တဲ့ ဇန္နဝါရီလ ၂၉ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာသေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတဲ့သတင်းကို ကြားရတဲ့အခါ ပြင်းစွာတုန်လှုပ်မိရသလို အထူးဝမ်းနည်းကြေကွဲရပါတယ်။ စာရေးသူက အဲ့ဒီသတင်းဆိုးကိုကြားရတဲ့အချိန်တုန်းက ခရီးထွက်နေချိန်မို့ စာရေးချိန်မရခဲ့တာကြောင့် ဒီဆောင်းပါးကို ချက်ခြင်းမရေးဖြစ်ခဲ့တာပါ။

နိင်ငံရေးအသိဖြောင့်မတ်ပြီး၊ ရိုးသားရဲရင့်တဲ့၊ သမာသမတ်ရှိတဲ့၊ရှေ့နေကြီးဦးကိုနီ အခုလို လူမြင်ကွင်းမှာ လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတာ ... မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသီလပျက်ယွင်းမှု့ သမိုင်းအမဲစက်ကြီးတစက် ထပ်မံစွန်းထင်းရခြင်းဖြစ်သလို၊အဖိုးတန်တဲ့ မြန်မာနိုင်ငံသားတယောက်ဆုံးရှုံးရခြင်းလည်းဖြစ်တယ်။

အကြောက်တရားကို ဖန်တီးပြီး အမှန်တရားကိုဖိနှိပ်မှု့တခုလည်းဖြစ်တယ်။ နိုင်ငံသားတွေရဲ့ ဘဝလုံခြုံမှု့  မရှိဘူးဆိုတာ ထင်ထင်ရှားရှားပြသလိုက်တာလည်း ဖြစ်တယ်။ လက်နက်နဲ့ အကြမ်းဖက်ဖြေရှင်းတယ်၊ ဗိုလ်ကျစီးပိုးမှု့ဆိုတာ သီလချို့ယွင်းမှု့နဲ့ ဥာဏ်ရည်နိမ့်ကျမှု့ရဲ့ ပြယုဂ်ဖြစ်ပါတယ်။

အမှန်တရားဆိုတဲ့ သစ္စာဖြူပန်းတွေဆိုတာ တပွင့်ကို ခြွေချလိုက်တန်း အပွင့်သစ်ကုဋေကုဋာဝေတတ်ပါတယ်။ အသိဥာဏ်နုံနဲ့တဲ့ လူ့ဗာလတွေ၊ အာဏာရမ္မက်ငမ်းဖမ်းနေသူတွေဟာ အဲ့ဒီသဘာဝကို နားလည်သဘောပေါက်နိုင်တဲ့ အတွေးအခေါ် အသိအမြင်မရှိလေတော့ လာရိုက်တဲ့တုတ်ကို ပြန်ကိုက်ခဲတတ်တဲ့မြွေဆိုးမြွေမိုက်လို အဆင်ခြင်တုံကင်းမဲ့စွာ ကျူးလွန်တတ်ကြပါတယ်။

ဒါကြောင့်လည်း သူတို့ထင်တာက ဦးကိုနီဆိုတဲ့ အမှန်တရားကို ရဲရဲရင့်ရင့်ထုတ်ဖေါ်ပြောဆိုနေတဲ့ သစ္စာဖြူပန်းတပွင့်ကို ခြွှေချဖျက်ဆီးလိုက်ရင် အကြောက်တရားတွေကြီးစိုးလာပြီး အမှန်တရားတွေဆိတ်သုဉ်းသွားလိမ့်မယ်လို့မိုက်မဲစွာတွေးထင်ကြပုံရတယ်။

နောက်တချက်က အဲ့ဒီသစ္စာဖြူပန်းတပွင့်ကြွေလွင့်ရတာကို လူမျိုးခြား၊ ဘာသာခြားဖြစ်တာကတကြောင်း၊ မိမိဘာသာကိုမှန်စွာမစောင့်ရှောက်တတ်တဲ့ ဝိဘဇ္ဇအမြင်မရှိကြတဲ့၊ မိရိုးဖလာဗုဒ္ဓဘာသာဝင်တချို့ရဲ့ ယိုသူမရှက် မြင်သူရှက်ရအောင် အသိတရားနိမ့်ကျသူတွေရဲ့ ယုတ်ညံ့တဲ့မှတ်ချက်ပေးမှု့တွေ၊ အတွင်းစိတ်မှာကျိတ်ပြီးဝမ်းမြောက်ပြီး အကုသိုလ်ပွားနေသူတွေရှိနေတာကလည်း မြန်မာနိုင်ငံရဲ့ ကိုယ်ကျင့်သီလနိမ့်ကျမှု့၊ နက်နက်ရှိုင်းရှိုင်း အသိဥာဏ်အမှောင်ဖုံးမှု့ကို ကွင်းကွင်းကွက်ကွက် မီးမောင်းထိုးပြနေတာလည်းဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် ရှေ့နေကြီးဦးကိုနီတယောက် မြန်မာနိုင်ငံရဲ့အိမ်အ၀င်မုဒ်ဝလို့ ပြောနိုင်တဲ့ လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံရတာကို ဘာကြောင့်ပြည်သူအများက ဘာကြောင့်ပူဆွေးကြရတာလည်း နှမြောတသလွမ်းဆွတ်ကြရတာလဲဆိုတဲ့အကြောင်းကို မြန်မာနိုင်ငံသားတိုင်းရှင်းရှင်းလင်းလင်းသိဖို့ လိုအပ်ပါတယ်။

အတ္တစွဲအစွန်းမရောက်ဘဲ မတရားမှု့နဲ့ အကြမ်းဖက်မှု့ကို လက်သင့်မခံကြတဲ့ မြန်မာနိုင်ငံသားတိုင်း ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် ရင်ဘတ်ချင်းတူတဲ့ခံစားချက်က ဥပဒေပညာရှင်ဦးကိုနီဆိုတဲ့ လူပုဂ္ဂိုလ်ကို နှမျောတသရတာထက် သူ့ရဲ့ရှင်းလင်းမှန်ကန်တဲ့ နိုင်ငံရေးအမြင်ယုံကြည်ချက်နဲ့ မယိမ်းမယိုင် ပြတ်သားတဲ့ရပ်တည်ချက်သဘောထား၊ နိုင်ငံရေးသတ္တိကိုပါဘဲ။

ဆရာဦးကိုရဲ့ရှင်းလင်းမှန်ကန်တဲ့ နိုင်ငံရေးအမြင်ယုံကြည်ချက်ဆိုတာကတော့ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရပြီးကထဲက လက်နက်ကိုင် အကြမ်းဖက်မှု့တွေနဲ့ စစ်ကျိန်စာသင့်နေတဲ့မြန်မာနိုင်ငံကို မျက်မှောက်ကာလမှာ တာရှည်ခံမဲ့  စစ်မှန်တဲ့ငြိမ်းချမ်းရေးရနိုင်ဖို့  ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတနိုင်ငံတည်ထောင်နိုင်ဖို့ အတွက် အဓိကအကျဆုံးနဲ့ အကြီးမားဆုံးအဟန့် အတားဟာ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဘဲဆိုတာနဲ့ အာဏာရှင်စိတ်တိုင်းကျရေးဆွဲခဲ့တဲ့ အဲ့ဒီအခြေခံဥပဒေကိုဖျက်သိမ်းပြီး ပြည်သူ့ဆန္ဒနဲ့ အညီ အသစ်တဖန်ပြင်ဆင်ရေးသင့်ကြောင်းကို ဥပဒေကြောင်းရာအချက်အလက်တွေနဲ မေ၀၀ါးဘဲ တိကျရှင်းလင်းစွာသိမြင်တဲ့နိုင်ငံရေးအမြင်ယုံကြည်ချက်ပါဘဲ။

နောက်တခါဆရာဦးကိုနီရဲ့ပြတ်သားတဲ့ရပ်တည်ချက်သဘောထား၊ နိုင်ငံရေးသတ္တိ ကဘာလဲဆိုတော့ အထက်မှာပြောခဲ့တဲ့ ပြည်သူအများစုလိုလားတဲ့ ဒီမိုကရေစီစနစ်ကိုဘယ်လိုမှ အာမခံမပေးနိုင်တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံကို အမြန်ဆုံးပြင်ဆင်နိုင်ရေးအတွက် တိုက်တွန်းဆော်သြရာမှာ မိမိအသက်ကိုတောင် မငဲ့ကွက်ဘဲ၊ အသိဥာဏ်အမှောင်ဖုံးနေတဲ့ အမဲရောင်အင်အားစုတွေရဲ့ ဆဲဆိုခြိမ်းခြောက်မှု့တွေကို ဂရုမထားဘဲလူနည်းစုဘာသာခြားဖြစ်နေပေမဲ့ ပြတ်သားစွာတစိုက်မတ်မတ် ရေးသားပြောဆိုတိုက်တွန်းဝံ့တဲ့ နိုင်ငံရေးသတ္တိနဲ့ ရပ်တည်ချက်သဘောထားဖြစ်ပါတယ်။

အဲ့ဒီလိုမျိုး မှန်ကန်တဲ့နိုင်ငံရေးအမြင်၊ နိုင်ငံရေးသတ္တိနဲ့ ပြတ်သားတဲ့ရပ်တည်ချက်ရှိသူဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ထဲမှာတောင် များများစားစားမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟံသာဝတီဦးဝင်းတင်တို့ ပြီးရင် ဆရာဦးကိုနီဟာ အထင်ရှားဆုံးပါဘဲ။

အာဏာကိုလက်မလွှတ်ချင်တဲ့အခွင့်ထူးဆက်ခံလိုသူတွေက သူတို့ ရဲ့ မတရားသိမ်းပိုက်ထားတဲ့ အာဏာပုလ္လင်ကို လာလှုပ်သူတွေ၊ မတရားမှု့ကိုဆန့် ကျင်သူတွေကို အတွေးအမြင်အားနည်းပြီး လူမျိုးစွဲ၊ ဘာသာစွဲပြင်းထန်တဲ့ ပြည်သူတချို့နဲ့ ဘာသာရေးမှိုင်းတိုက်ပြီး သွေးခွဲမုန်းတီးစေခဲ့ပါတယ်။

ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးဟာ ဗုဒ္ဓဘာသာကို အကာအကွယ်မပြုနိုင်သယောင် အတွေးအခေါ် အဆိပ်ခပ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း တချို့သော ဗုဒ္ဓဘာသာဝင်တွေက အစ္စလာမ်ဘာသာဝင် တဦးဖြစ်တဲ့ ဦးကိုနီရဲ့နိုင်ငံ့အကျိုးအတွက်ပြောကြားချက်တွေအပေါ် အမှန်အတိုင်းမမြင်နိုင်ဘဲ မျိုးစောင့်ဥပဒေတို့ ၊ အချုပ်အခြာအာဏာတို့ ၊ မွတ်ဆလင်နိုင်ငံဖြစ်လိမ့်မယ်တို့ စတဲ့ အကျိုးအကြောင်းမဆီလျှော်တဲ့သည်းခြေကြိုက်စကားလုံးတွေနဲ့ လမ်းမှားကိုပို့ ခဲ့ကြတယ်။

တကယ်တော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်အောက်မှာ လူမျိုးတိုင်း လူမျိုးတိုင်း၊ ကိုးကွယ်ရာဘာသာတိုင်းဟာ မျှမျှတတနဲ့ တရားဥပဒေနဲ့ အညီ အကာအကွယ်အစောင့်အရှောက် တွေရလို့ နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာအတူယှည်တွဲနေထိုင်လို့ သဟဇာတကျကျ ချစ်ချစ်ခင်ခင် နေနိုင်ပါတယ်။

ဘယ်လူ့အဖွဲ့အစည်းမှာမဆို အဖြူရောင်အင်အားစုနဲ့ အမဲရောင်အင်အားစုတွေဆိုတာ ထာဝစဉ် ဒွန်တွဲတည်ရှိလေ့ရှိပါတယ်။ အခြေခံသဘာဝအားဖြင့်တော့ အဖြူရောင်အင်အားစုတွေဟာ နိုင်ငံရေးအာဏာဆိုတဲ့ ပြည်သူအများစုရဲ့အသိဥာဏ်နဲ့ယှဉ်တဲ့ ယုံကြည်ကိုးစားမှု့ကို စွန့် လွှတ်အနစ်နာခံခြင်းတွေနဲ့ သိမ်းပိုက်လေ့ရှိပါတယ်။ အဲ့ဒါနဲ့ဆန့်ကျင်ဘက် အမဲရောင်အင်အားစုတွေကတော့ အာဏာနိုင်ငံရေးဆိုတဲ့ လုပ်ပိုင်ခွင့်၊ အုပ်ချုပ်ပိုင်ခွင့်၊ အခွင့်ထူးခံခွင့်၊ ဗိုလ်ကျပိုင်ခွင့်တွေရယူပိုင်ဆိုင်ဖို့ မိုက်မဲရမ်းကားပြီး လက်နက်အားကိုးနဲ့ သော်၎င်း၊ အကြမ်းဖက်၍သော်၎င်း အရယူလေ့ရှိကြပါတယ်။

NLD ရဲ့ ဥပဒေအကြံပေး ဦးကိုနီ ကိုလုပ်ကြံသတ်ဖြတ်တာဟာ အပြင်ဘန်းကကြည့်ရင် လူမျိုးရေးဘာသာရေး အစွန်းရောက်မှု့ကြောင့် အမုန်းတရားနဲ့ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ခဲ့တာလို့ မြင်ရပေမဲ့ အဲ့ဒီလူမဆန်တဲ့လုပ်ရပ်အဖြစ်အပျက်ရဲ့ တကယ့်အနှစ်သာရဟာ မြန်မာပြည်သူအများစုရဲ့ရည်မှန်းချက်အိမ်မက်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စရပ်ကြီးကို ဖျက်ဆီး၂လိုတဲ့ စေတနာရည်ရွယ်ချက်ဆိုးက မြစ်ဖျားခံလာတာဖြစ်တယ်။

တနည်းအားဖြင့်ပြောရရင် ... ဒီလူသတ်မှု့ဟာ ... ပြည်သူလုထုရဲ့ဆန္ဒကို နှိပ်ကွပ်သတ်ဖြတ်လိုရင်းသာဖြစ်တယ်။ အနှစ်သာရအားဖြင့်ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီစနစ်ကိုဖေါ်ဆောင်မပေးနိုင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်လုံးကို ပြင်ဆင်ဖို့ လိုတယ်ဆိုတာ ဥပဒေပညာရှု့ထောင့်ကနေ ပြည်သူတွေကိုယ်စား တစိုက်မတ်မတ်ပြောလာခဲ့တဲ့ ရှေ့နေကြီးဦးကိုနီကို သတ်ဖြတ်တာဟာ မိဘပြည်သူအများစုရဲ့ဆန္ဒကို ဆန့် ကျင်ခြေဖျက်ဖို့ အားထုတ်ခြင်းဖြစ်တယ်။

အာရုဏ်ဦးနဲ့ရောင်နီကိုကြိုနိုင်ဖို့ ကြယ်တွေကြွေရတတ်တယ်ဆိုပေမဲ့ ဒီတခါကြွေတဲ့ကြယ်ကြီးကိုတော့ နှမြောတသမိပါတယ်။ ဆရာဦးကိုနီဟာ ဆရာကြီးဟံသာဝတီဦးဝင်းတင်တို့လို ရှားပါးတါံ ထူးခြားလမ်းပြကြယ်ကြီးတလုံးမို့လို့ပါ။

ဘာသာခြားဆိုပေမဲ့ ပညာ၊ ကိုယ်ကျင့်သီလ၊ နိုင်ငံရေးသတ္တိ၊ အမှန်တရားမြတ်နိုးမှု့၊ ရိုးသာဖြောင့်မတ်မှု့၊ ဗဟုသုတ၊ စကားပြောစွမ်းရည်တွေနဲ့ ပြည့်စုံရုံမက နိုင်ငံရေးသစ္စာနဲ့ရပ်တည်ချက်မှန်တယ်။ လွယ်လွယ်နဲ့ မရတတ်တဲ့လူမျိုးဆိုတော့နိုင်ငံအတွက် နှမြောဝမ်းနည်းမိတယ်။

လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ စုစည်းတည်ထောင်ထားတဲ့ ပြည်ထောင်စုနိုင်ငံတနိုင်ငံမှာ ငြိမ်းချမ်းသာယာဖို့နဲ့ ဒုဿီလနိုင်ငံရေးသမားတွေကို အမြစ်လှန်နိုင်ဖို့ ဆိုရင် လူထုခေါင်းဆောင်ရှိနေယုံနဲ့မလုံလောက်ဖူး အသိဥာဏ်ဦးစီးပြီး၊လူမျိုးရေး ဘာသာရေးအစွန်းမရောက်တဲ့၊ ကိုယ်ကျင့်သီလအားကောင်းတဲ့၊ နိုင်ငံရေးသတ္တိကြီးကြီးရှိတဲ့ဆရာဦးကိုနီတို့ လို ပြည်သူတွေများများစားစားရှိဖို့လိုတာမို့ သစ္စာဖြူပန်းတွေတပွင့်ကြွေရင် အပွင့်တကုဋေဝေလာပါလိမ့်မယ်။

ဒီမိုကရေစီလမ်းပြကြယ်သို့ ဦးညွှတ်အလေးပြုပါ၏။
ဆရာဦးကိုနီ ငြိမ်းချမ်းတဲ့ဘုံဘဝမှာ အနားယူနိုင်ပါစေ။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
ဖေဖေါ်ဝါရီလ ၂ ရက်နေ့  ၂၀၁၇ ခုနှစ်[full-post]

COMMENTS

Name

art,1,article,1323,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,33,history,2,international,7728,interview,221,knowledge,9,Live,8,LocalNews,16360,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,155,statement,59,technic,58,translate,34,video,1068,voice,76,
ltr
item
dawnmanhon: “ တပွင့်ခြွေသော် အပွင့်တစ်ကုဋေပေါ်မည် ”
“ တပွင့်ခြွေသော် အပွင့်တစ်ကုဋေပေါ်မည် ”
https://1.bp.blogspot.com/-8UwFt1ZUvQc/WJNSRr9MzLI/AAAAAAAAa8Q/uv-erhJ6EQ0L4W73fniZVc9YTXs6hL_NgCLcB/s640/q1.jpg
https://1.bp.blogspot.com/-8UwFt1ZUvQc/WJNSRr9MzLI/AAAAAAAAa8Q/uv-erhJ6EQ0L4W73fniZVc9YTXs6hL_NgCLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/02/blog-post_93.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/02/blog-post_93.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy