""အနာဂတ်ပဉ္စမမြန်မာနိုင်ငံတော်အကြောင်း ဦးကိုနီ စင်္ကာပူမှာ ရှင်းလင်းခဲ့ပုံ"""


အေးငြိမ်း(လေးမျက်နှာ)၊ ဇန်န၀ါရီ ၃၀၊ ၂၀၁၄

ဦးကိုနီ၏ ၂၀၀၈ အခြေခံဥပဒေအကြောင်းရှင်းလင်း
ပြောပြချက်

(၁) ဒါးပြတိုက်ခံရခြင်း

မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကတည်းက ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီးတော့ ၁၉၄၇ ခုနှစ်မှာ ရေးဆွဲခဲ့ပါတယ်။ ရေးဆွဲရာမှာ ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ မြန်မာဥပဒေပညာရှင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံခြားသားဥပဒေပညာရှင်တွေပါတဲ့ ကော်မတီက ရေးတာဖြစ်ပါတယ်။ အခြေခံဥပဒေကို စရေးပြီး တစ်လနဲ့ ၃ရက်အကြာမှာ ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရပါတယ်။ အဲဒါကြောင့် ပါလီမန်ဥက္ကဌ ဦးနုက တာဝန်ယူပြီး အခြေခံဥပဒေကို ဆက်လက်ရေးဆွဲခဲ့တာ စက်တင်ဘာလ ၂၄ ရက်နေ့မှာ အတည်ပြု ပြဌာန်းနိုင်ခဲ့ပါတယ်။ အဲဒီ ၁၉၄၇ အခြေခံဥပဒေဟာ မြန်မာပြည်သူပြည်သားတွေ ဒီမိုကရေစီရဲ့ အရသာကို အပြည့်အ၀ ခံစားရနိုင်စေဘို့ အာမခံပေးထားတဲ့ ဥပဒေဖြစ်ပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရအပြီး ၂၄ ရက်အကြာမှာ ကွန်မြူနစ်တွေ တောခိုသွားခဲ့ပါတယ်။ အဲဒီကစပြီး ပြည်တွင်းစစ်မီး အစပျိုးခဲ့တာ ၁၉၅၀ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံး သူပုန်တွေလက်ကို ကျဆင်းခဲ့တာ ရန်ကုန်အစိုးရ ဖြစ်ခဲ့ရပါတယ်။ အဲဒီလောက် ဆိုးဝါးလှတဲ့ အခြေအနေမှာတောင် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဟာ နည်းနည်းမှ အတိမ်းအစောင်း မရှိခဲ့ပါဘူး။ နိုင်ငံတစ်နိုင်မှာ ဒီမိုကရေစီ ဘယ်လောက်ရှိသလဲဆိုတာ နေ့စဉ်ထုတ် သတင်းစာကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီနောက် ရွေးကောက်ပွဲ လုပ်တယ်။ သိပ်မကြာခင် ဖဆပလ နှစ်ခြမ်းကွဲတယ်။ အဲဒီနောက်တော့ အာဏာသိမ်းတယ်။ အဲဒီ ၁၃ နှစ်လောက်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေတွေ သိပ်မကောင်းတာတောင်မှ ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်ခဲ့တယ်။
အဲဒီအချိန်က မြန်မာနိုင်ငံဟာ အရမ်းချမ်းသာခဲ့တယ်။ အာဏာသိမ်းတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံတော်အရံငွေ အမေရိကန်ဒေါ်လာ ၂၂၈ သန်း ရှိတယ်။ အဲဒီခေတ်ကပိုက်ဆံနဲ့ဆို အရမ်းများတယ်။ ဆေးကုသရေးစနစ်၊ ပညာရေး စတာတွေ အရမ်းကောင်းခဲ့တယ်။ မြန်မာနိုင်ငံကို တရုတ်၊ အိန္ဒိယတို့ကလာပြီး ပညာသင်ခဲ့ရတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးကို ပိုင်ခဲ့တဲ့ ပထမဆုံးနိုင်ငံ ဖြစ်ခဲ့တယ်။ အခုအခြေအနေနဲ့ ခင်ဗျားတို့ နှိုင်းယှဉ်ကြည့်ပါ။ ၂၀၁၃၊ ၈ လေးလုံး ငွေရတုအခမ်းအနားမှာ နိုင်ငံတော်သမ္မတ အကြံပေး ဆရာကြီးဦးမြင့်က ပြောသွားတယ်။ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ ၂၀၁၁ ဂျီဒီပီ ကိုမီဘို့ နှစ် ၂၀၊ မလေးရှား၊ အင်ဒိုနီးရှား ကိုမီဘို့ ၂၈ နှစ်၊ စင်ကာပူကို မီဘို့ဆိုရင် ၄၆ နှစ် လိုက်ယူရမယ်လို့ ဆိုပါတယ်။ ဒါတောင် သူတို့က ရပ်နေပါမှ။ ဒါတောင် သူတို့ကိုမီဘို့ ရိုးရိုးလိုက်လို့မရဘူး။ အင်ဂျင်ပါဝါ အင်မတန်ကောင်းတဲ့ မော်တော်ကားနဲ့မှ လိုက်လို့ရမယ်။ ကားကလည်း ကောင်းရမယ်။ လမ်းကလည်း ခလုတ်ကန်သင်း၊ ချိုင့်ခွက်မရှိရဘူး။ မောင်းတဲ့ ဒရိုင်ဘာကလည်း ကောင်းရမယ်။ လမ်းမှာ ဘီးပေါက်ရင် ပြင်မဲ့ မက္ကင်းနစ်ကလည်း အဆင်သင့် ရှိရမယ်။

အင်မတန်ကောင်းတဲ့ မော်တော်ကားဆိုတာ ထုထည်ကြီးမားတဲ့ အရင်းအနှီးများတဲ့ စီးပွားရေးလုပ်ငန်းကို ဆိုလိုတာ၊ လမ်းကောင်းရမယ်ဆိုတာ infrastructure၊ အင်တာနက်တို့၊ လမ်းတို့၊ မီးတို့ကိုပြောတာ။ ကျွမ်းကျင်တဲ့ ဒရိုင်ဘာဆိုတာ သမ္မတတို့၊ ၀န်ကြီးတို့လို ဦးဆောင်မှုပေးတဲ့ ပုဂ္ဂိုလ်၊ ဘီးပေါက်ရင် ဖာဘို့၊ ဆီပြတ်ရင်ဖြည့်ဘို့ဆိုတာ ကဏ္ဍတိုင်း၊ ကဏ္ဍတိုင်းမှာ လိုရင်ဖြည့်ဆည်းပေးနိုင်ဘို့ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ် ပညာရှင်တွေရဲ့ ပံ့ပိုးမှုကို ဆိုလိုတာ။ အဲဒါလောက် ဘက်စုံပြည့်စုံတဲ့အခြေအနေနဲ့ လိုက်မှ ထိုင်းကို အနှစ် ၂၀ နဲ့မီမယ်။

ကျွန်တော်တို့ အင်မတန်ချမ်းသာနေတဲ့အချိန်မှာ စင်ကာပူဆိုတာ မလေးရှားတောင်ဘက်ပိုင်းက တံငါရွာကလေး အနေနဲ့ပဲ ရှိသေးတယ်။ အခု နှစ်ပေါင်း ၅၀ အတွင်း အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံ ဖြစ်သွားခဲ့ပြီ။ ကျွန်တော်တို့ဟာ အင်မတန် ကြီးကျယ်ခန်းနားတဲ့၊ ဒီမိုကရေစီအလွန်ထွန်းကားတဲ့၊ ချမ်းသာတဲ့နိုင်ငံတော်ကြီးကို အတိတ်တစ်ချိန်တုံးက ပိုင်ဆိုင်ခဲ့ တယ်။ အဲဒါကို လူငယ်ပိုင်းတွေ သိစေချင်တယ်။ အခုလူငယ်တွေက မဆလ စစ်အစိုးရလက်ထက်၊ အဲဒီနောက် အလွန်အင်မတန် ဆိုးဝါးတဲ့ စစ်အာဏာရှင်လက်ထက်မှာ ကြီးပြင်းခဲ့ရတယ်။
ကျွန်တော်တို့တိုင်းပြည်ရဲ့အဆင့် ဘယ်လောက်မြင့်တယ်ဆိုတာ အင်မတန်မှထင်ရှားတဲ့ မှတ်ကျောက်တစ်ခု ရှိခဲ့တယ်။ အဲဒါဘာလဲဆိုတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်ခဲ့တဲ့ ဦးသန့် ပဲ။ ဘာကြောင့် ဦးသန့်ကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ်ခန့်ခဲ့သလဲ။

ဦးသန့်တော်တာ မှန်တယ်။ ဒါပေမဲ့ ဦးသန့်ရဲ့နိုင်ငံဖြစ်တဲ့ ဗမာနိုင်ငံရဲ့ပုံရိပ်ဟာ သိပ်ကို ကောင်းတဲ့အတွက် မြန်မာ နိုင်ငံသားဖြစ်တဲ့ ဦးသန့်သာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ထိုက်တယ် ဆိုပြီး ရွေးလိုက်တာ။ ဒါဟာ ဘာကိုပြသလဲဆိုရင် ကျွန်တော်တို့မြန်မာပြည်ဟာ ပုံရိပ်အင်မတန်ကောင်းခဲ့တယ်ဆိုတာကို ပြတာ။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ၊ ကျွန်တော်တို့ပိုင်တဲ့ ဒီမိုကရေစီကို ဒါးပြတိုက်ခံလိုက်ရလို့ လက်လွတ်ဆုံးရှုံးသွားတာ။ အဲဒါကို ပြန်ရအောင်ယူဘို့
ကြိုးစားနေတယ်ဆိုတာ အားလုံးသိဘို့လိုတယ်။ ကျွန်တော်တို့က သူများပိုင်တဲ့ပစ္စည်းကို အတင်းအဓမ္မ တောင်းယူနေတာ မဟုတ်ဘူး။ ကျုပ်တို့ဆီက လုယူသွားတဲ့ပစ္စည်းကို ပြန်ပေးပါလို့ တောင်းနေတာ။
အခု နိုင်ငံခြားကလူတွေ ကျွန်တော်တို့ဆီလာတဲ့အခါ သူတို့က ကျွန်တော်တို့ကို ဒီမိုကရေစီ ယဉ်ကျေးမှုဆိုပြီး သွန်သင် ပေးချင်တယ်။ ဒီမိုကရေစီလိုချင်ရင် ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ ဘယ်လိုပြောရမယ် စသဖြင့်။ တကယ်တော့ ကျွန်တော်တို့ဟာ သူဌေးပဲ။ ကျွန်တော်တို့ကိုလာပြီး သူဌေးဆိုတာ ဘယ်လိုနေရတယ်၊ ဘယ်လိုထိုင်ရတယ် သင်ပေးနေစရာ မလိုဘူး။ ကျွန်တော်တို့ဟာ သူဌေး။ ဒါးပြတိုက်ခံလိုက်ရလို့သာ မွဲသွားတာ။ အခု ကျွန်တော်တို့ဆီက ဒါးပြတိုက်ခံလိုက်ရတဲ့ ပစ္စည်း ပြန်တွေ့ပြီ။ သူခိုးမိပြီ။ ကျွန်တော်တို့က ဒါးပြတိုက်ယူသွားတဲ့ ကျွန်တော်တို့ ပစ္စည်းကို ပြန်ပေးဘို့ တောင်းနေတာ။
အဲဒီတော့ ခင်ဗျားတို့တတ်နိုင်ရင် ဟောဒီမှာ ကျွန်တော်တို့ဆီက လုယူသွားတဲ့ပစ္စည်း။ အဲဒါ ပြန်လိုချင်တယ်။ အဲဒါ ရအောင်ယူပေးပါ။ ကျွန်တော်တို့ကို သူဌေးဆိုတာ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ် မသင်ပေးပါနဲ့။ အဲဒီအကူအညီမျိုး မလိုချင်ဘူး။ အဲဒါ ကူညီရာမရောက်ဘူး။ ကျွန်တော်အဲဒီလိုပဲ ပြောလိုက်တယ်။ ကျွန်တော်တို့ဟာ မရသေးတဲ့ပစ္စည်းကို တောင်း နေတာ မဟုတ်ဘူး။ ကိုယ့်မှာရှိတဲ့ပစ္စည်းကို အလုခံသွားရလို့ ပြန်တောင်းနေတာ။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားတွေက ဖက်ဒရယ်ပြည်ထောင်စု တောင်းဆိုတယ်။ အဲဒါကို ပင်လုံညီလာခံမှာကတည်းက ပြည်ထောင်စုစနစ်နဲ့သွားဘို့ သဘောတူထားတာရှိတယ်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမယ်။ အဲဒါကို မကြိုက်ရင် ၁၀ နှစ်အကြာမှာ ခွဲထွက်ခွင့်ပေးမယ်ဆိုတာ ထည့်ထား တယ်။ အခု ဦးနုအစိုးရတက်လာတော့ တိုင်းရင်းသားတွေက အဲဒါ တောင်းဆိုတယ်။ အဲဒါ ညှိတာ အတော်ပြေလည်နေပါပြီ။ ဦးနုက တိုင်းရင်းသားတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပါမယ်။ ခင်ဗျားတို့ဘက်က ခွဲမထွက်ပါဘူးလို့ ကတိပေးပါ လို့ညှိတယ်။ အဲဒီ ဆွေးနွေးပွဲတွေဟာ အောင်မြင်နေပြီ။ အဲဒီတော့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မဲ့ အစည်းအဝေးကို ၁၉၆၂ ခု၊ မတ်လ ၇ ရက်နေ့မှာ လုပ်မယ်။
မတ်လ ၂ ရက်နေ့ ညနေ ၄ နာရီမှာ ညှိနှိုင်းတာတွေ ပြေလည်နေပြီဆိုတဲ့အကြောင်း ရေဒီယိုကနေ ကြေငြာလိုက်တယ်။ အဲဒီနေ့မှာပဲ အာဏာသိမ်းလိုက်တယ်။
၁၉၆၂ မှာ အာဏာသိမ်းပြီးနောက် ၁၉၆၄ ခုနှစ်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့်ဥပဒေ ဆိုပြီးတော့ အသင်းအဖွဲ့တွေ အားလုံးကို ဖျက်ပစ်လိုက်တယ်။ ဘာအဖွဲ့မှ ဖွဲ့လို့မရတော့ဘူး။ သတင်းစာလွတ်လပ်ခွင့်ကို ရုတ်သိမ်းလိုက်တယ်။ နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာ သုံးခုစလုံးကို စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်းက ချုပ်ကိုင် လိုက်တယ်။

၁၉၆၂ ကနေ ၁၉၇၂ ကို တော်လှန်ရေးကောင်စီ စနစ်နဲ့ အုပ်ချုပ်တယ်။ အဲဒီအချိန်မှာ တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေ၀င်း ဆိုတဲ့နာမည်နဲ့ အုပ်ချုပ်တယ်။ ၁၉၇၃ နဲ့ ၁၉၇၄ က အသွင်ကူးပြောင်းရေး ကာလ။ အဲဒီနောက် ၁၉၈၈ ထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုပြီး တစ်ပါတီစနစ်နဲ့သွားတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဌ၊ နိုင်ငံတော် သမ္မတ ဦးနေ၀င်း အဖြစ်နဲ့ အုပ်ချုပ်တယ်။ ဦးနေ၀င်းတစ်ယောက်တည်းကပဲ ၂၆ နှစ်လုံးလုံး နိုင်ငံတော်အာဏာကို ကိုင်တွယ် အုပ်ချုပ်ခဲ့တယ်။

၁၉၈၈ မှာ တစ်နိုင်ငံလုံး အုံကြွမှုဖြစ်ပြီး စစ်တပ်ကအာဏာပြန်သိမ်းလိုက်ပြန်တယ်။ အဲဒီမှာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်စောမောင် တက်လာတယ်။ အစိုးရ၀န်ကြီးအဖွဲ့မှာ ၈ ယောက်ပဲရှိတယ်။ သူက အာဏာကို ကြာကြာသိမ်းမထားပါဘူးလို့ ကတိပေးတယ်။ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ဘို့ ဥပဒေပြဌာန်းတယ်။ တစ်နှစ်အတွင်းမှာ ရွေးကောက်ပွဲဥပဒေ ပြဌာန်းပေးတယ်။ ၂ နှစ်မပြည့်ခင်မှာဘဲ ရွေးကောက်ပွဲ လုပ်ပေးတယ်။ အရမ်းမြန်တယ်။

ဒါပေမဲ့ ရွေးကောက်ပွဲပြီးသွားတော့ အခြေအနေတွေ တမျိုးတဖုံ ပြောင်းသွားတယ်။ အာဏာလွှဲပေးပါမယ် လို့ အကြိမ်ကြိမ် ပြောနေတဲ့အခါကျတော့ ကျန်းမာရေးမကောင်းဘူးဆိုပြီး သူ့ကို အငြိမ်းစားပေးလိုက်တယ်။ သိပ်မကြာပါဘူး ဆုံးသွား ရှာတယ်။ ဗိုလ်စောမောင် ကျဆုံးသွားခြင်းနဲ့အတူ ကျွန်တော်တို့နိုင်ငံရေးလည်း အကြီးအကျယ် ပြောင်းလဲသွားတယ်။ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ NLD ပါတီ ရက်ရက်စက်စက် ဖိနှိပ်ခံခဲ့ရတယ်။ နိုင်ငံတော်အာဏာ အပ်နှင်းဘို့ ကိစ္စ လုံးဝနောက်ဆုတ်သွားတယ်။ အကြောင်းအမျိုးမျိုးပြပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးမယ်ဆိုပြီး အချိန်ဆွဲလိုက် တယ်။

၁၅ နှစ်နီးပါး အချိန်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးတယ်။ အဲဒီကြားကာလတစ်လျှောက်လုံး ကျွန်တော်တို့ကို အကြီးအကျယ် ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်ခဲ့တယ်။ ဘာအပြစ်မှမရှိဘဲ လူပေါင်းများစွာကို ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ချ ခဲ့တယ်။ မြန်မာနိုင်ငံသမိုင်းမှာ အဲဒီကာလဟာ လူလူချင်းအတူတူ ရက်ရက်စက်စက် အုပ်ချုပ်ခံခဲ့ရတဲ့ အဆိုးဝါးဆုံး နှစ် ၅၀ လို့ ပြောလို့ရပါတယ်။
၂၀၀၅ ခုနှစ် ကျွန်တော့်သား ကျောင်းအပ်ဘို့ စင်ကာပူကို လာတယ်။ မြန်မာပြည်လေယာဉ်ကွင်းက မထွက်မချင်း အဆင်ပြေမှ ပြေပါ့မလားလို့ ရင်လေးနေတယ်။ ဘယ်အချိန်များ ငါ့ပြန်ခေါ်ထားလိုက်လေမလဲဟဲ့။ မသွားရဘူးလို့များ ပြောတော့မလားဟဲ့။ သားကျောင်းအပ်ဘို့ ပိုက်ဆံတွေကလည်း ပါလာတယ်။ ဒီပိုက်ဆံကြောင့်များ အဖမ်းခံရတော့မလားဟဲ့ နဲ့ စိတ်ထဲမှာ အရမ်းခံစားနေရတယ်။

စင်ကာပူလေယာဉ်ကွင်း ဆင်းလိုက်တဲ့အချိန်မှာ ကျွန်တော်ဟာ တော်တော့်ကို လွတ်လပ်တဲ့ ခံစားမှုမျိုးနဲ့ ခံစားလိုက် ရတယ်။ ဗမာနိုင်ငံသားတစ်ယောက်ဟာ ဗမာနိုင်ငံမှာ ကျဉ်းကြပ်နေပြီးတော့ တစ်ခါမှ မရောက်ဖူးတဲ့၊ အင်မတန်စည်းကမ်းကြီးပါ တယ်ဆိုတဲ့၊ တံတွေးတောင် အရမ်းမထွေးရဘူးဆိုတဲ့ စင်ကာပူကိုရောက်တဲ့အခါ ကျွန်တော်ဟာ တော်တော့ကို လွတ်လပ်ပေါ့ပါး သွားတယ်။

နောက်တစ်နေ့မနက်ကျတော့ ကျွန်တော့်အတွက် အင်မတန်ပူပင်တဲ့ ဦးတင်အေးက လှမ်းဖုံးဆက်တယ်။ ဦးကိုနီ၊ ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား ဆိုတော့ကျွန်တော့်ကိုယ်ကျွန်တော် လူ ဆိုတာ အခုမှ သိရပါတယ်ဆရာ လို့ ပြန်ဖြေဖြစ်လိုက် တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားရောက်တော့မှ ဒီကလူတွေ ကျွန်တော်တို့အပေါ် တကယ်အပြည့်အ၀ လူလို ဆက်ဆံတာ ခံရတယ်။ ကျွန်တော်တို့ ကိုယ့်တိုင်းပြည်မှာကိုယ်နေခဲ့ရတာ တစ်ခါမှ လွတ်လွတ်လပ်လပ် မခံစားခဲ့ရဘူး။

(၂) နိုင်ငံတော်အာဏာကို ဘယ်သူပိုင်သလဲ
အတိုချုပ်ရရင် ပထမမြန်မာနိုင်ငံတော်မှာ နိုင်ငံတော်အာဏာကို ဘုရင်ဆိုတဲ့ပုဂ္ဂိုလ်တစ်ဦးတည်းက ယူထားတယ်။ ဒုတိယမြန်မာနိုင်ငံတော်မှာ နိုင်ငံတော်အာဏာကို အင်္ဂလိပ်အစိုးရက သိမ်းပိုက်ထားတယ်။
တတိယမြန်မာနိုင်ငံတော်ဟာ ဒီမိုကရေစီနိုင်ငံ။ ကျွန်တော်တို့ရွေးတဲ့အစိုးရက ကျွန်တော်တို့ကို အုပ်ချုပ်တယ်။
နိုင်ငံတော်အာဏာဟာ ပြည်သူလူထုလက်ထဲမှာ ရှိတယ်။
၁၉၆၂ မှာ ဦးနေ၀င်းက အာဏာသိမ်းပြီး နိုင်ငံတော်အာဏာကို အဓမ္မလုသွားတယ်။ အဲဒါ စတုတ္ထမြန်မာနိုင်ငံတော်။

အဲဒီတော့ ပထမမြန်မာနိုင်ငံတော်မှာ နိုင်ငံတော်အာဏာကို ဘုရင်တွေပိုင်တဲ့ပစ္စည်းလို့ သတ်မှတ်ထားတယ်။ ဒုတိယ မြန်မာနိုင်ငံတော်မှာ နိုင်ငံတော်အာဏာကို အင်္ဂလိပ်က သူပိုင်တဲ့ပစ္စည်းလို့ သတ်မှတ်ပြန်တယ်။ တတိယမြန်မာနိုင်ငံတော်မှာ နိုင်ငံတော် အာဏာကို ပြည်သူတွေပိုင်တယ်လို့ ခံစားရပါတယ်။ စတုတ္ထမြန်မာနိုင်ငံတော်မှာ နိုင်ငံတော် အာဏာကို စစ်တပ်က သူပိုင်တဲ့အာဏာဆိုပြီး အတင်းရောအဓမ္မပါသိမ်းသွားတယ်။

လွတ်လပ်ရေးကြေငြာစာတမ်း၊ စာမျက်နှာ ၅ မှာ မြန်မာနိုင်ငံဟာ လူတစ်ဦးတစ်ယောက်ကပိုင်တဲ့ နိုင်ငံမဟုတ်ဘူး။ မြန်မာနိုင်ငံဟာ လူတစ်စုတစ်ဖွဲ့ပိုင်တဲ့ နိုင်ငံမဟုတ်ဘူး။ မြန်မာနိုင်ငံဟာ မြန်မာနိုင်ငံသား၊ တိုင်းရင်းသားအားလုံးပိုင်တဲ့ အမွေအနှစ် သာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃ မှာ နိုင်ငံတော်အာဏာဟာ နိုင်ငံသားများထံမှာပဲ တည်တယ်။ နိုင်ငံတော် အာဏာရဲ့ ပင်ရင်းပိုင်ရှင်ဟာ နိုင်ငံသားတွေဖြစ်တယ်လို့ တိတိကျကျ ရေးထားပါတယ်။ ပုဒ်မ ၄ မှာ ဥပဒေပြုအဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့နဲ့ တရားစီရင်ရေးအဖွဲ့တို့ဟာ နိုင်ငံသားတွေပိုင်တဲ့ နိုင်ငံတော်အာဏာကို နိုင်ငံသားတွေကိုယ်စား ခံယူကျင့်သုံးတဲ့သူတွေသာ ဖြစ်တယ် လို့ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။
ဆိုလိုတာက နိုင်ငံတော်အာဏာဟာ ပြည်သူတွေပိုင်တယ်။ ပြည်သူကြိုက်တဲ့သူတွေပဲ တိုင်းပြည်ကို အုပ်ချုပ်လို့ရတယ်။ ပြည်သူမကြိုက်ရင် အချိန်မရွေး ဖြုတ်ချလို့ရတယ်။ အဲဒီမူနဲ့ ကျွန်တော်တို့နိုင်ငံကို တည်ဆောက်ခဲ့တာ။

အခု ပဉ္စမမြန်မာနိုင်ငံတော်ကို တည်ထောင်ကြမယ်ဆိုတော့ တပ်မတော်ကပဲ ရွှေ့တယ်။ ဘာနဲ့ရွှေ့သလဲဆိုတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွှေ့တယ်။
ဒါဆို အဲဒီ နိုင်ငံတော်အာဏာကို နှစ် ၅၀ ကြာသိမ်းထားတဲ့ စစ်တပ်က ပဉ္စမမြန်မာနိုင်ငံတော်ကို တည်ဆောက်ဘို့ ဘယ်အချိုးချိုးထားသလဲ။ ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံတော် ပုံစံမျိုးလား။ အဲဒါကို သုံးသပ်ဘို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သုံးသပ်ကြည့်ကြမယ်။

(၃) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ
Download link: http://www.burmalibrary.org/…/Myanmar_Constitution-2008(en&… [http://www.burmalibrary.org/docs09/myanmar_constitution-2008%28en%26bu%29-red.pdf/&h=atnh-gmtrh73ze0bk5ddq28xhpnmcy-gdxddrjcpuahpdqqrepdqwstllg_styfswlviwl9stsfznkamjvkcwflklrso3mwawobmthdtixftzzxiy0tcfmmmhqve7zdgsfniipaktywzjw&enc=azmzzi4e_zsx_azpj2m-q2m-rexhjv8tonb_ufepqdknsu_po4iwpa2sxqhbz0rsohwfgrkx7qjgjnhz45rikjfrzzwg3ol3vij0yzhll1ebvt53zbe5zngsh7w65j6tddssr6jj1pqvsqzdaple_k78vfo-ku-vimuqf_p9jplakq49ugupujk5zez2pkiy-9k&s=1_green]

ကျွန်တော်တို့ကြည့်ရမှာက အချက်တစ်ချက်တည်းပဲ။ နိုင်ငံတော်အာဏာကို ဘယ်နားမှာ ထားမလဲ။ ဘယ်သူ့ဆီမှာ ထားမှာလဲ။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံတော်၏ ဥပဒေပြုအာဏာကို ပြည်ထောင်စုလွှတ်တော်ကို အပ်နှင်းတယ်။

နိုင်ငံတော်ရဲ့ အုပ်ချုပ်မှုအာဏာ သမ္မတကို အပ်နှင်းတယ်။

တရားစီရင်ရေးအာဏာကို ပြည်ထောင်စုတရား
သူကြီးချုပ်ကိုအပ်တယ် လို့ ရေးထားပါတယ်။

အပေါ်ယံကြည့်လိုက်ရင် နိုင်ငံတော်အာဏာကို ပြည်သူကိုပဲ အပ်ထားသယောင်ယောင်။

ပုဒ်မ ၄ မှာ နိုင်ငံတော်အာဏာသည် နိုင်ငံသားများထံမှ သက်ဆင်း၍ နိုင်ငံတစ်ဝှမ်း၌ တည်သည်လို့ ရေးထားတယ်။

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာက နိုင်ငံတော်အာဏာ
ဟာ နိုင်ငံသားများကသာပိုင်တယ် လို့ ရှင်းအောင်
ရေးထားတယ်။ အခု ရေးထားပုံအရ နိုင်ငံသားများထံမှ သက်ဆင်း၍ ဆိုတော့ နိုင်ငံသားတွေပိုင်သယောင်ယောင် ပြောချင်လည်း ပြောလို့ရတယ်။ ဒါပေမဲ့ နိုင်ငံသားများထံမှ
သက်ဆင်းတယ်ဆိုတော့ သူတို့က ငြင်းမှာပေါ့။ ဟုတ်တယ်လေ၊ အရင်တုံးကတော့ မင်းတို့ပိုင်တာပဲ။ အခု ဆင်းသွားပြီ မင်းတို့ဆီမှာ မရှိတော့ဘူး။ ငါတို့ဆီရောက်နေပြီဆို ဘယ်လိုပြောမလဲ။ အဲဒီလို မရှင်းမရှင်းရေးထားတယ်။
ထားတော့၊ ဒီပုဒ်မအရ နိုင်ငံသားတွေကပိုင်တယ်လို့ ငြင်းရင်ငြင်းလို့ရသေးတယ်။ ဒါပေမဲ့ ငြင်းလို့မရတဲ့ ပုဒ်မတွေက ရှိနေတယ်။

ဥပဒေပြုအာဏာကို ပြည်ထောင်စုလွှတ်တော်က ပိုင်တယ်။ ဒါဆို ပြည်ထောင်စုလွှတ်တော်ကို ဘယ်လိုဖွဲ့ထားသလဲ။

ပြည်ထောင်စုလွှတ်တော်ဆိုတာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်းပြီး ဖွဲ့ထားတာ။ ပြည်သူ့ လွှတ်တော်ကို လွှတ်တော်အမတ် ၄၄၀ နဲ့ဖွဲ့တယ်။ အဲဒီမှာ ၃၃၀ က ပြည်သူတွေရွေးတာ။ ၁၁၀ က ကာကွယ်ရေးဦးစီးချုပ်က ခန့်တာ။ အမျိုးသားလွှတ်တော်ကို လွှတ်တော်အမတ် ၂၂၄ ယောက်နဲ့ဖွဲ့တယ်။ အဲဒီမှာ ၁၆၈ ယောက်က ပြည်သူတွေရွေးတာ။ ၅၆ ယောက်က ကာကွယ်ရေးဦးစီးချုပ်က ခန့်တာ။

လွှတ်တော်နှစ်ရပ်ပေါင်းတော့ ၆၆၄ ယောက်ရှိတယ်။ ၄၉၈ ယောက်က အရပ်သားတွေ ရွေးထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ။ ၁၆၆ ယောက်က ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းက ခန့်ထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ။
အဲဒီတော့ နိုင်ငံတော်အာဏာကို လွှတ်တော်က ပိုင်တယ်။ လွှတ်တော်အမတ် ၄ ပုံ ၃ ပုံကို ပြည်သူကပိုင်တယ်။ ၄ ပုံ ၁ ပုံကို ကာကွယ်ရေးဦးစီးချုပ်က ပိုင်တယ်။ ဆိုတော့ ပြည်သူကပိုင်တာ ဥပဒေပြုအာဏာရဲ့ ၄ ပုံ ၃ ပုံပဲပိုင်တာ။ ကျန်တဲ့ ၄ ပုံ ၁ ပုံကို တော့ ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ လူတစ်ဦးတစ်ယောက်တည်းက ပိုင်နေတယ်။ ပုဒ်မ ၁၀၉၊ ၁၄၁၊ ၁၆၁ အရ နိုင်ငံတော်အာဏာ ရဲ့ ၄ ပုံတစ်ပုံကို ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်ထဲရဲ့ လက်ထဲမှာ အပ်ထားတာ။

အကြမ်းဖျဉ်းအားဖြင့် မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ ရှိတယ်။ လွှတ်တော်မှာ အရပ်သားအမတ်ပေါင်းက ၄၉၈ ယောက်ပဲ ရှိတယ်။ ထားပါ ၅၀၀။ သန်း ၆၀ ကို ၅၀၀ နဲ့စားရင် အရပ်သား တစ်သိန်းနှစ်သောင်းမှ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ပဲ ရတယ်။ တပ်မတော်သားက ငါးသိန်းသုံးသောင်းကျော် ရှိတယ်။ စားကြည့်လိုက်ရင် စစ်သား ၃၂၀၀ ကို အမတ် ၁ ယောက် ရတယ်။ ကျွန်တော်တို့ဘက်က အရပ်သား တစ်သိန်းကျော်ကို အမတ်တစ်ယောက်ပဲရနေချိန်မှာ သူတို့က လူ ၃၀၀၀ ကျော်ကို အမတ် ၁ ယောက်နှုန်းနဲ့ လွှတ်တော်ကို စီးထားတယ်။
ဥပဒေပြုအာဏာရဲ့ လေးပုံသုံးပုံကို ကျွန်တော်တို့ရထားတယ်။ လေးပုံသုံးပုံကြီးများတောင်ဆိုပြီး ပျော်မနေပါနဲ့။ အုပ်ချုပ်ရေးအာဏာကို ဆက်ကြည့်ရအောင်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၆ မှာ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အကြီးအကဲလည်းဖြစ်သည်။ အစိုးရအဖွဲ့၏ အကြီးအကဲလည်းဖြစ်သည်။ ပုဒ်မ ၅၈ မှာ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အကြီးအကဲဖြစ်သည် တဲ့။ နောက် ပုဒ်မ ၁၉၉ မှာ အစိုးရအဖွဲ့ရဲ့ အကြီးအကဲဟာ သမ္မတဖြစ်သည် လို့ ရေးထားတယ်။

ပြည်သူရွေးတဲ့သမ္မတမှာ နိုင်ငံတော်အာဏာရှိရင် ပြည်သူမှာအာဏာရှိတာနဲ့ အတူတူပါဘဲ။ ပြည်သူရွေးကောက် တင်မြှောက်တဲ့ လွှတ်တော်မှာ နိုင်ငံတော်အာဏာရှိရင် ပြည်သူမှာအာဏာရှိတာနဲ့ အတူတူပါဘဲ။ ပြည်သူကရွေးထားတာ ဖြစ်တဲ့ အတွက် မကြိုက်ရင် ဖြုတ်ပြီးနောက်တစ်ယောက် ရွေးလို့ရတယ်။ ဒါဆိုရင် သမ္မတမှာ တကယ်အာဏာရှိသလား ကြည့်ရအောင်။
နိုင်ငံတော်သမ္မတဟာ တကယ်လို့ နိုင်ငံ့အကြီးအကဲမှန်ရင် သူ့လက်အောက်မှာ အလုပ်လုပ်တဲ့ ၀န်ကြီးတွေကို သူခန့်ရမယ်။ အရေးပါတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး နဲ့ နယ်စပ်ရေးရာ။ အဲဒီအဖွဲ့အားလုံးက လက်နက်ကိုင်တဲ့အဖွဲ့တွေ။ အဲဒီ ၀န်ကြီးသုံးဌာနရဲ့ ၀န်ကြီးရော ဒု-၀န်ကြီးကိုပါ သမ္မတက ခန့်ပိုင်ခွင့်ရှိရမယ်။
အခုတော့ အဲဒီဝန်ကြီးဌာန သုံးဌာနရဲ့ ၀န်ကြီးနဲ့ ဒု-၀န်ကြီးတွေကို ကာကွယ်ရေးဦးစီးချုပ်က ခန့်ရမယ်။ အဲဒီလို ကာကွယ်ရေးဦးစီးချုပ်က ခန့်တာကို လွှတ်တော်နဲ့ သမ္မတက ငြင်းပိုင်ခွင့်လည်း မရှိဘူး။ ဖြုတ်ပိုင်ခွင့်လည်း မရှိဘူး။ အဲဒီအတိုင်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ရေးထားတယ်။

အခု ကျွန်တော်တို့ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတကြီးသည် နိုင်ငံတော်ရဲ့ အင်မတန်မှ အရေးကြီးတဲ့ အဲဒီ ၀န်ကြီးသုံးပါးနဲ့ ဒုဝန်ကြီးတွေကို ခန့်အပ်ပိုင်ခွင့် မရှိဘူး။ အဲဒီအာဏာ ကာကွယ်ရေးဦးစီးချုပ်ကို လုံးဝဥဿုံ အပြတ်ပေးထားတယ်။
ကာလုံကို ၁၁ ယောက်နဲ့ဖွဲ့တယ်။ သမ္မတကို ဥက္ကဌ ခန့်ထားတယ်။ အဲဒီ ၁၁ ယောက်ထဲမှာ သမ္မတကို မဲပေးမဲ့သူက ၂ ယောက်ပဲရှိတယ်။ အရပ်သား ဒုသမ္မတနဲ့၊ နိုင်ငံခြားရေးဝန်ကြီး။ သမ္မတနဲ့ပေါင်းပါမှ သုံးယောက်ပဲရှိတယ်။ နောက် လွှတ်တော် ဥက္ကဌ နှစ်ယောက်က ဘယ်သူ့မဲပေးမလဲ မသိဘူး။ နောက်ထပ် ၆ ယောက်။ ကာကွယ်ရေးဦးစီးချုပ်၊ သူ့တပည့် ဒု- ကာကွယ်ရေး ဦးစီးချုပ်၊ နောက်ပြီး သူ့တပည့်တွေဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ နောက်ပြီး တပ်မတော်သား ဒု-သမ္မတ၊ ဒါလဲ သူခန့်ထားတဲ့ သူ့တပည့်ဘဲ။
ဒီတော့ ကာကွယ်ရေးဦးစီးချုပ်နဲ့ သူ့တပည့် ၅ ယောက်က ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ ပါနေတယ်။ ၁၁ မဲမှာ သူက ၆ မဲ။ ကာကွယ်ရေးဦးစီးချုပ်အောက်မှာ လုပ်ရတဲ့ သူ့တပည့် ၅ ယောက်က သူ့ကို မလွဲမသွေကို ထောက်ခံရမယ်။
ဒီတော့ မေးစရာရှိတယ်။ ကာကွယ်ရေးဦးစီးချုပ်ကို ဘယ်သူက ခန့်သလဲ တဲ့။ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်တို့ကို သမ္မတကြီးက ခန့်နိုင်တယ်။ ဒါပေမဲ့ ကာကွယ်ရေးဦးစီးချုပ်ကိုတော့ မခန့်နိုင်ဘူး။ သိပ်အံ့သြဘို့ကောင်းတယ်။ ပုဒ်မ ၃၄၂ မှာ ကာကွယ်ရေးဦးစီးချုပ်ကို ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် သမ္မတက ခန့်ရမည် တဲ့။ သမ္မတက ကာလုံက ခိုင်းတဲ့အတိုင်း အမိန့်ထုတ်ပေးရမှာ။ ကာလုံရဲ့အာဏာက ဘယ်သူ့လက်ထဲမှာလဲ။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်ထဲမှာ။ ဒီလိုဆို ကာကွယ်ရေးဦးစီးချုပ်ကို ဘယ်သူခန့်မှာလဲ။ (ဖြောင်းဖြောင်းဖြောင်းဖြောင်း)

အဲဒါ စာထဲပါတဲ့အတိုင်း ပြောပြတာ။ အုပ်ချုပ်ရေးဌာနအကြီးအကဲသည် သမ္မတ၊ နိုင်ငံတော်အကြီးအကဲသည် သမ္မတ။ ဒါ စာအုပ်ထဲမှာပါတာ။ ဒါဆို အဲဒါ ဟုတ်မဟုတ် စဉ်းစားကြည့်ရအောင်။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ဘယ်သူအုပ်ချုပ်နေသလဲ။
အနိမ့်ဆုံး ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သူ့အထက်မှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ သူ့အထက်မှာ အင်္ဂလိပ်လို GA (General Administration) လို့ခေါ်တဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရှိတယ်။ သူ့အထက်မှာ တိုင်း-ထွေ၊ အုပ်ရှိတယ်။ နောက်ပြီးတော့ ပြည်ထောင်စုအဆင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရှိတယ်။ သူ့အထက်မှာ ပြည်ထဲရေးဝန်ကြီး။ လက်တွေ့မှာ တိုင်းပြည်ကို အဲဒီ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်နေတယ်။
အဲဒီ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်မှုကို ရဲတပ်ဖွဲ့က အထောက်အကူပေးတယ်။ အမိန့်မနာခံတဲ့ ကောင်တွေ အားလုံးကို တရားစွဲမယ်။ အချုပ်ထဲထည့်မယ်၊ ထောင်ချမယ်။ လက်နက်ကိုင်ထားတဲ့ ရဲ က GA နဲ့တွဲပြီး အလုပ်လုပ်တယ်။ မြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့၊ သူတို့အထက်မှာ ရဲချုပ်နဲ့ အထက်ဆုံးမှာ ပြည်ထဲရေး ၀န်ကြီးရှိတယ်။
ဒီကနေ့ မြန်မာတစ်နိုင်ငံလုံးကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပြည်သူ့ရဲတပ်ဖွဲ့က အုပ်ချုပ်နေတယ်။ သူတို့နှစ်ယောက်ရဲ့ အထက်မှာ ပြည်ထဲရေးဝန်ကြီး ရှိတယ်။ ပြည်ထဲရေးဝန်ကြီးကို ကာကွယ်ရေးဦးစီးချုပ်က ခန့်ထားတယ်။ ဒီတော့ တိုင်းပြည်ကို တကယ်အုပ်ချုပ်နေတဲ့ ပြည်ထဲရေးဝန်ကြီးသည် သမ္မတအလိုကျ အုပ်ချုပ်မလား၊ ကာကွယ်ရေးဦးစီးချုပ် အလိုကျ အုပ်ချုပ်မလား။ အဲဒါ တိုင်းပြည်ကို ဘယ်သူတကယ်အုပ်ချုပ်နေသလဲ ဆိုတာ မြင်သာအောင် ပြောပြတာ။
စာအုပ်ထဲမှာ တိုင်းပြည်ကို သမ္မတအုပ်ချုပ်ပါတယ်လို့ (ထင်ရအောင်) ရေးထားပေမဲ့ တကယ်လက်တွေ့မှာ တိုင်းပြည်ကို သမ္မတ အုပ်ချုပ်ပါတယ်လို့ မပြောနိုင်ဘူး။
ဒါကိုကြည့်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့အုပ်ချုပ်မှုအာဏာကိုလည်း ကာကွယ်ရေးဦးစီးချုပ်ကို ပေးထားတယ်။

နောက်ဆုံး တရားစီရင်ရေးအာဏာကို ကြည့်ရအောင်။
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားစီရင်ရေးအာဏာကို တရားလွှတ်တော်ချုပ်ကို အပြည့်အ၀ အပ်နှင်းတယ်။ ဘယ်သူ့ကိုမှ ခွဲမပေးဘူး။ ဦးနေ၀င်းလက်ထက်မှာတုံးကလည်း တခြားဟာတွေသာ သူယူထားတယ်။ တရားစီရင်ရေးအာဏာကို ယူမထားဘူး။ တရားသူကြီးကိုသာ ဖိအားပေးချင်ပေးမယ်။ တရားရေးအာဏာကိုတော့ တရားရုံးချုပ်ကိုပဲ အပ်ထားတယ်။ ဒီဘက် ဗိုလ်သန်းရွှေခေတ်မှာလည်းပဲ တရားရုံးချုပ်ကိုပဲ အပ်ထားတာပဲ။ စစ်တပ်က ဘယ်တုံးကမှ တရားရေးအာဏာကို မယူခဲ့ဘူး။
အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၃ မှာ စစ်ဘက်တရားစီရင်ရေးနဲ့ပတ်သက်ရင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်။ ဆိုလိုတာက ကာကွယ်ရေးဦးစီးချုပ်ဟာ စစ်ဘက်တရားစီရင်ရေးရဲ့ တရားသူကြီးချုပ်၊ စစ်သားအားလုံးဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်အောက်မှာ ဘယ်လိုမှ လှုပ်လို့မရအောင် ထည့်ပေးလိုက်တာ။ တကယ့်ကိုပဲ အာဏာရှင်အစစ်အမှန်ဖြစ်အောင် လုပ်ပေးထားတာ။
အုပ်ချုပ်ရေးကိုလည်း ကာ/ချုပ်ပဲလုပ်၊ စစ်တပ်ကိုလည်းပဲ ကာ/ချုပ်ပဲလုပ်၊ တရားရေးကိုလည်း ကာ/ချုပ်ပဲလုပ် ဆိုတော့ ဘယ်လိုနည်းနဲ့မှ တရားမျှတတဲ့ တရားစီရင်ရေးမဖြစ်နိုင်ဘူး။ ဒါမျိုး ကမ္ဘာပေါ်မှာလည်း မရှိဘူး။ ဆိုတော့ နိုင်ငံတော် အချုပ်အချာ အာဏာ သုံးခုစလုံးကို ကာကွယ်ရေးဦးစီးချုပ်ကို တစ်မျိုးမဟုတ် တစ်မျိုးအပ်ထားတာဟာ ပြီးခဲ့တဲ့ စတုတ္ထမြန်မာနိုင်ငံတော်ကို အုပ်စိုးခဲ့တဲ့ စစ်အစိုးရက နောက် ပဉ္စမနိုင်ငံတော်ကို အုပ်စိုးဘို့ ချထားတဲ့ ဖောင်ဒေးရှင်းဘဲ။
အဲဒီဖောင်ဒေးရှင်းအတိုင်းသာသွားရင် ဘယ်တော့မှ ဒီမိုကရေစီနိုင်ငံကို မရောက်နိုင်ဘူး။
ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ စံချိန်ဟာ နိုင်ငံတော်အာဏာ ဘယ်မှာတည်သလဲဆိုတဲ့အပေါ် မူတည်တယ်။ နိုင်ငံတော် အာဏာဟာ ပြည်သူတွေလက်ထဲမှာရှိမှ ဒီမိုကရေစီနိုင်ငံအမှန်ဖြစ်မယ်။ တကယ်လို့ နိုင်ငံတော် အာဏာဟာ ပြည်သူတွေ လက်ထဲမှာမရှိဘဲ တစ်စုံတစ်ယောက်၊ တစ်စုတစ်ဖွဲ့ရဲ့လက်ထဲမှာရှိခဲ့ရင် အဲဒါ ဒီမိုကရေစီနိုင်ငံမဟုတ်တော့ဘူး။ အဲဒါကြောင့်မို့လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆောက်မဲ့ မြန်မာနိုင်ငံဟာ ဘယ်နည်းနဲ့မှ ဒီမိုကရေစီနိုင်ငံမဖြစ်နိုင်တော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ခုနက ကျွန်တော်ပြောခဲ့တဲ့ ပုဒ်မတွေအရ နိုင်ငံတော်အာဏာကို ပြည်သူကို အပ်နှင်းထားရမဲ့အစား တစ်စုံတစ်ယောက် သောသူကို အလွန်အကျွံပေးအပ်ထားတဲ့ အတွက် အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီနိုင်ငံကို ဘယ်လိုနည်းနဲ့မှတည်ဆောက်လို့ မရနိုင်တော့ဘူး။

(၄) ဒီမိုကရေစီ် မြန်မာနိုင်ငံတော်ကြီး ပေါ်ပေါက်လာအောင် ဘာလုပ်ကြရမလဲ

ဒီလိုဆို ခင်ဗျားတို့၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ နိုင်ငံတော်တည်ဆောက်တဲ့နေရာမှာ၊ နိုင်ငံရေးစနစ်တစ်ခုကို တည်ဆောက်တဲ့နေရာမှာ ဘယ်တော့မှ တစ်ဦးတစ်ယောက်တည်းနဲ့ တည်ဆောက်လို့မရဘူး။ နိုင်ငံသားအားလုံးရဲ့အပေါ်မှာ မူတည်တယ်။ နိုင်ငံသားအားလုံးဆိုတာမှာ ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံသားတွေရော၊ နိုင်ငံရပ်ခြားရောက်နေတဲ့ နိုင်ငံသားတွေမှာပါ အားလုံးမှာ တာဝန်ရှိတယ်။
မြန်မာပြည်ထဲကလူတွေပဲ အော်နေရင် အဲဒါမြန်မာနိုင်ငံထဲကလူတွေတင် အော်နေတာ ဖြစ်မယ်။ နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေကလည်း ကိုယ်လိုချင်တဲ့ မြန်မာနိုင်ငံပုံစံကို ပြောပေးဘို့လိုတယ်။ ဒီနေရာမှာ စိန်ခေါ်မှုတွေကတော့ အများကြီးပေါ့။ ဒါဆို ကျွန်တော်တို့ပိုင်တဲ့အာဏာကို ဒါးပြတိုက်ယူသွားတဲ့ဟာကို ဘယ်လိုပြန်ယူကြမလဲ တဲ့။ ဒါပေမဲ့ ဒါးပြတိုက်ယူထားလို့ ငါတို့ အာဏာကို ပြန်ပေးပါလို့ ပြောလို့ရသေးတယ်။

အခု အဲဒါကို တရားဝင်ဖြစ်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လုပ်ထားတယ်။ ဒါဆို ကျွန်တော်တို့အာဏာ ကျွန်တော်တို့ ပြန်ရအောင် ဘယ်လိုလုပ်မလဲတဲ့။ အဲဒါ အကြီးမားဆုံး စိန်ခေါ်မှု။ အဲဒီစိန်ခေါ်မှု နဲ့ ဆက်စပ်နေတဲ့ နောက်ထပ်စိန်ခေါ်မှုတစ်ခု။
အဲဒီ ဒုတိယစိန်ခေါ်မှုကို တော်တော်ခက်ခက်ခဲခဲ လုပ်ယူရလိမ့်မယ်။ အဲဒါကတော့ နှစ် ၅၀ အတွင်း တဖြည်းဖြည်းနဲ့ ယိုယွင်းပျက်စီးသွားတဲ့ ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားတွေကို ပြန်ပြင်ဘို့။ အဲဒါ အင်မတန်ခက်တဲ့အလုပ်။ အမှားကြာတော့ အမှန်ဖြစ်တယ်ဆိုတဲ့ စကားပုံရှိတယ်။ အမှားတစ်ခုဟာ အနှစ် ၅၀ လောက်ကြာသွားတဲ့အခါကျတော့ အဲဒါကို အမှန်လို့ ထင်နေတဲ့သူတွေ အများကြီးရှိတယ်။ တကယ်က အမှားဟာ အမှားပဲ။ အမှန်မဟုတ်ဘူး။

ဒါကြောင့် အမှန်တရား ပြန်ထွန်းကားအောင်၊ အမှန်တရားကိုလက်ခံပြီး အမှန်တရားကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ယဉ်ကျေးမှု ပြန်ပြီးပေါ်ပေါက်လာအောင် ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားတွေကို ဘယ်လိုပြင်ကြမလဲ။ အဲဒါဟာ ကျွန်တော်တို့ ရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတစ်ခု။
တစ်ဆက်တည်းမှာပဲ ဘာသယံဇာတမှမရှိတဲ့ ဟောသည်စင်ကာပူ ဘာကြောင့်ချမ်းသာသလဲ။ အဲဒါ လူသားအရင်း အမြစ်။ လူတွေကို ပညာတတ်တွေဖြစ်အောင် လုပ်ပေးတယ်။ ပညာရေးစနစ် ကောင်းမွန်ခြင်းရဲ့ အကျိုးကျေးဇူးကြောင့် ချမ်းသာ လာတာ။ ကျွန်တော်တို့လည်း ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေချင်ရင် ပညာရေးစနစ်ကို မြှင့်တင်ဘို့ လိုမယ်။ နှစ်ပေါင်း ၅၀ ပျက်စီးယိုယွင်းသွားတဲ့ ပညာရေးစနစ်ကို ဘယ်လိုပြန် တည်ဆောက်ကြမလဲ။
နောက်တစ်ချက်။ ဆင်းရဲချမ်းသာ ကွာဟမှု။ ဒါဟာ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။
နောက်ထပ် စိန်ခေါ်မှုတစ်ခုက တပ်မတော်ရဲ့ အခန်းကဏ္ဍ။ နိုင်ငံရေးမှာ လုံးဝပါဝင်ပတ်သက်ခွင့်မရှိတဲ့ အဖွဲ့အစည်း တစ်ခုက နှစ်ပေါင်း ၅၀ ကြာ နိုင်ငံတော်အာဏာကို အဓမ္မရယူသုံးစွဲခဲ့တယ်။ ဒီကနေ့အထိ အဲဒီနိုင်ငံတော်အာဏာဟာ သူတို့ပိုင် ပစ္စည်းဖြစ်ပြီး သူတို့ပေးမှရမယ်လို့ အထင်ရှိတဲ့သူတွေလည်း ရှိနေသေးတယ်။ အဲဒီတော့ အနာဂတ်မြန်မာနိုင်ငံတော် တပ်မတော် ရဲ့ အခန်းကဏ္ဍကို ဘယ်လိုစဉ်းစားကြမလဲ။
နိုင်ငံတကာက အကြံပေးတွေလာတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ တပ်မတော်နဲ့ ပြည်သူဆက်ဆံရေး စတာတွေ ဆွေးနွေးတော့ ပရော်ဖက်ဆာတစ်ယောက်က အင်မတန် ထူးဆန်းတဲ့ အကြံတစ်ခုပေးသွားတယ်။ ခင်ဗျားတို့က ပြည်သူလူထုကိုပဲ ပညာပေးဘို့ စဉ်းစားနေတယ်။ စစ်တပ်ကိုလည်း ပညာပေးဘို့ စဉ်းစားပါအုံး တဲ့။ သူနေရမဲ့အနေအထား။ သူ့ရဲ့ role ကို သူတို့ သဘောပေါက်နားလည်အောင် ပညာပေးဘို့လိုတယ် လို့ အကြံပေးတယ်။

ပြည်သူလူထုကို ပညာပေးဘို့ သိပ်လွယ်တယ်။ ခင်ဗျားတို့လူစုထား။ ကျွန်တော်လာပြောမယ်၊ သိပ်လွယ်တယ်။ ဒါပေမဲ့ ကျွန်တော် တပ်ထဲ ဘယ်လိုလုပ် ဟောမတုံး။ ကျွန်တော့်ကို ဘယ်သူကဖိတ်မတုံး။ အခု ကျွန်တော် တပ်နဲ့ပတ်သက်ပြီး ပြောနေတာ တပ်ကို မုန်းလို့မဟုတ်ဘူး။ မုန်းလို့လဲ မရဘူး။
စစ်တပ်ဆိုတာ နိုင်ငံတိုင်းမှာရှိတယ်။ တကယ့်ကို လူတွေက စစ်တပ်ကို ချစ်ကြတယ်။ ကျွန်တော်တို့လည်း တစ်ချိန်က ချစ်ခဲ့တာပဲ။ အရမ်းကို ချစ်တယ်။ ၁၉၅၀-၆၀ ကာလတွေတုံးက တပ်မတော်နေ့မှာ စစ်ကြောင်းတွေ ချီလာတော့ ပန်းကုံးစွပ်ကြ တာ ဘယ်သူမှခိုင်းတာမဟုတ်ဘူး။ စစ်သားတွေကို တကယ်နမ်းတယ်။ အဖွားကြီးတွေလည်း နမ်းတယ်။ အပျိုလေးတွေလည်း နမ်းတာပဲ။ တကယ့်ကို ချစ်တာ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ တကယ့်ကို စွန့်လွှတ်စွန့်စားပြီး တိုင်းပြည်အတွက် လုပ်နေတာ ဖြစ်လို့မို့။ အဲဒီလိုအနေအထားကို ပြန်ရောက်အောင် လုပ်ရမယ်။ တကယ်လူထုချစ်တဲ့ တပ်မတော်ဖြစ်အောင် ပြန်လုပ်ယူရမယ်။

အခုဆိုကြည့်လိုက်။ ဟေ့ - မဆိုင်တဲ့သူတွေ အနားမကပ်နဲ့။ မင်းကဘယ်အနားမှာနေ၊ ခင်ဗျားက ဘယ်သူ့ကို ပန်းကုံးစွပ် ဆိုပြီး အကွက်ချပြီး လုပ်နေရတယ်။ ကျွန်တော်က မုန်းလို့ပြောနေတာမဟုတ်ဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောနေတာ။ ဒါလည်းပဲ အင်မတန်ကြီးကျယ်တဲ့ စိန်ခေါ်မှုတစ်ခုပဲ။
နောက်ဆုံး အရေးအကြီးဆုံး စိန်ခေါ်မှုတစ်ခု ရှိသေးတယ်။ အဲဒါက ပြည်ထောင်စု ပြဿနာ။ မြန်မာနိုင်ငံမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်းဆိုတဲ့ တိုင်းရင်းသားတွေ စုဝေးနေတဲ့အတွက် ပြည်ထောင်စုအဖြစ် ဖွဲ့စည်းမှ ဖြစ်မယ် ဆိုတာ ဟို့ - ၁၉၄၇ ပင်လုံစာချုပ်ချုပ်ကတည်းက သဘောတူထားပြီးသား။ ဒီသဘောတူညီချက်ကို အကောင်အထည်ဖော်ဘို့ ကြိုးစားတိုင်း ကြိုးစားတိုင်းမှာ ပြဿနာပေါ်တယ်။ အဲဒါက ဖက်ဒရယ်သရဲကြီး။ သူတို့ကို ဖက်ဒရယ်ဆိုတာ အင်မတန် ကြောက်စရာကောင်းတဲ့ သရဲကြီးလို့ သူတို့ကို ရိုက်သွင်းထားတယ်။
တကယ်တော့ ဖက်ဒရယ်စနစ်ဟာ ကြောက်စရာမဟုတ်ဘူး။ အဲဒီဖက်ဒရယ်စနစ်ဟာ မကောင်းဘူး။ တစ်ပြည်ထောင် စနစ်ပဲ ကောင်းတယ်ဆိုပြီး အာဏာသိမ်း။ တိုင်းပြည်ကို နှစ် ၅၀ အုပ်ချုပ်ခဲ့တယ်။ သူပုန် ၁၉ ဖွဲ့ပေါ်လာတယ်။ တိုင်းပြည်မငြိမ်းချမ်း ဘူး။

ဖက်ဒရယ်ပေးရင် ကွဲမယ်၊ ပြဿနာတက်မယ် ဆိုတဲ့အယူအဆနဲ့ ဖက်ဒရယ်စနစ်ကောင်းတယ်ဆိုတဲ့အယူအဆ ခင်ဗျားတို့ အခု ချိန်လို့ရနေပြီ။ တစ်ပြည်ထောင်စနစ်နဲ့ နှစ် ၅၀ အုပ်ချုပ်ခဲ့တယ်။ အောင်မြင်သလား။ ပြည်တွင်းစစ် တောက်လျှောက်ဖြစ်ခဲ့တယ်။ မအောင်မြင်ဘူး။
ဒီလိုဆို ကျွန်တော်တို့မှာ ရွေးစရာနောက်ထပ် တစ်လမ်းပဲရှိတော့တယ်။ အဲဒါဟာ ပြည်ထောင်စုစနစ်။ အဲဒီ ပြည်ထောင်စုစနစ်ကလည်း အလိမ်အညာပြည်ထောင်စုစနစ်ဆိုရင် ပြည်တွင်းစစ် ရပ်မှာမဟုတ်ဘူး။ တကယ့်စစ်မှန်တဲ့ ပြည်ထောင်စုစနစ် ဖြစ်ဘို့လိုပါတယ်။ အဲဒါဟာ ကျွန်တော်တို့အတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါ။
ကျွန်တော် ဆရာဦးဖေမြင့်ပြောသွားတဲ့စကားလေးနဲ့ နိဂုံးချုပ်ပါမယ်။

ပေထားချက် - အပစ်အခတ်ရပ်စဲရေး၊ နောက်ပြီး political dialogue။ ဒီဘက် လွှတ်တော်မှာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး။ ဒါပေမဲ့ ဒါက ကျောင်းခန်းထဲမှာသင်တဲ့ သင်္ချာနည်း။ ပေးချက်ကိုပေးပြီး အဖြေကိုတွက်ခိုင်းတာ။ မှားချင်မှားမယ်။ မှန်ချင်မှန်မယ်။
ဒါပေမဲ့ အဲဒီပေးထားချက်ဆိုတာ နိုင်ငံရေးမှာကျတော့ သိပ်မအပ်စပ်ဘူး။ နိုင်ငံရေး ကစားကွက်တစ်ခုအနေနဲ့ ဆိုရင် အပ်စပ်တယ်။ ပေးထားချက်ဆိုရအောင် အစိုးရက ပြည်သူကို ဘာပေးထားသလဲ။ ဘာမှပေးမထားဘူး။ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် ပြည်သူလူထုက ပေးထားချက်ရှိမယ်။ ငါတို့လိုချင်တာ ဘာ။ အဲဒါကို ဖြစ်အောင်လုပ်ပေးနိုင်မယ်ဆိုရင် မင်းတို့ကို ငါတို့ ရွေးမယ်။ မင်းတို့ကို အုပ်ချုပ်ခွင့်ပြုမယ်။

လုပ်ရမှာ ကျွန်တော်တို့ ကိုယ်လိုချင်တာကို ပြတ်ပြတ်သားသား၊ သတ္တိရှိရှိ လုပ်ရမယ်။ ဒို့လိုချင်တာ ဒါပဲ။ အဲဒါကို မင်းတို့ လုပ်ပေးနိုင်ရင် အုပ်ချုပ်ရေးယန္တယားမှာ မင်းတို့အတွက် နေရာရှိမယ်။ လုပ်မပေးနိုင်ရင် မင်းတို့အတွက် နေရာမရှိဘူး ဆိုတဲ့ သဘောတရားကို သူတို့သိအောင်၊ သူတို့နားလည်အောင် ကျွန်တော်တို့ လုပ်ပေးရမယ်။
ပြည်တင်းရင် မင်းမခံနိုင်ဘူး ဆိုတဲ့ စကားပုံရှိတယ်။ ကျွန်တော်တို့က အတင်းခံခဲ့ရတာဆိုတော့ ကျွန်တော်တို့ စိတ်ဓာတ်တွေဟာ တဖြည်းဖြည်းနဲ့ ဟိုးအနိမ့်ဆုံးထိ ကျသွားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်ဓာတ်ကျလို့မဖြစ်ဘူး။ အခု ကျွန်တော်တို့က အသက်ကြီးလှပြီ။ ကျွန်တော်တို့ နောင်လာနောက်သားတွေ ရှိသေးတယ်။ ကျွန်တော်တို့မှာ လုပ်နိုင်တဲ့အားတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ တစ်ဦးချင်းတစ်ဦးချင်းပေါင်းလိုက်ရင် ကျွန်တော်တို့ရဲ့အသံ ကျယ်ကျယ်လောင်လောင် မြည်လာပါလိမ့်မယ်။ အဲဒါက ဘာလဲဆိုရင် -
ဟောဒီနိုင်ငံတော်အာဏာရဲ့ ပင်ရင်းပိုင်ရှင်က ငါတို့။ အဲဒီအတွက် ပိုင်ရှင်ဖြစ်တဲ့ ကျုပ်တို့လိုချင်တာကို ခင်ဗျားတို့က လုပ်ပေးပါ။ မလုပ်ပေးရင် ဖြုတ်မယ်။ ကျွန်တော်တို့က ကိုယ့်ရဲ့ role ကို ကိုယ်သိဘို့လိုတယ်။ ကျွန်တော်သူဌေး။ သူဌေးလိုနေမှ သူများလေးစားမယ်။ ကျွန်တော် သူဌေးလိုမနေလို့ရှိရင် ကျွန်တော့်ကို လေးစားမှာမဟုတ်ဘူး။

တကယ့် ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံသားတွေက သူဌေး။ တကယ့် နိုင်ငံတော်အာဏာရဲ့ ပင်ရင်းပိုင်ရှင်ပဲ။ အဲဒီတော့ နိုင်ငံတော်အာဏာရဲ့ ပင်ရင်းပိုင်ရှင်တွေက မာန်တင်းပြီး ငါတို့ဟာ တကယ့် နိုင်ငံတော်အာဏာရဲ့ ပင်ရင်းပိုင်ရှင်တွေပဲ။ ငါတို့ နိုင်ငံတော်ကို ငါတို့ ဟောသည်လို တည်ဆောက်ချင်တယ်။ အဲဒီအတိုင်းလုပ်ပေးရမှာက ခင်ဗျားတို့ နိုင်ငံရေးသမားတွေ၊ နိုင်ငံတော်အာဏာကို ယူထားတဲ့သူတွေရဲ့ တာဝန်ပဲ။ ခင်ဗျားတို့တာဝန်ကို ခင်ဗျားတို့ လုပ်ပါ။ မလုပ်နိုင်ရင် နောက်တစ်ကြိမ်မှာ ခင်ဗျားတို့အတွက် နေရာမရှိဘူး ဆိုတာကို သူတို့သိအောင် ကျွန်တော်တို့ဘက်က ကျယ်ကျယ်လောင်လောင် အသံပေးရင် ကျွန်တော်တို့လိုချင်တဲ့ “ပဉ္စမဒီမိုကရေစီ ပြည်ထောင်စုစစ်စစ် မြန်မာနိုင်ငံတော်ကြီး” ပေါ်ပေါက်လာပါလိမ့်မယ် လို့ ယုံကြည်ကြောင်းပြောရင်း နိဂုံးချုပ်ပါတယ်။
(ဖြောင်းဖြောင်းဖြောင်းဖြောင်း ဖြောင်းဖြောင်းဖြောင်းဖြောင်း . . . . . . . .)

ကျေးဇူးတင်ပါသည်။
အေးငြိမ်း

COMMENTS

Name

art,1,article,1294,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6958,interview,213,knowledge,7,Live,8,LocalNews,15068,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: ""အနာဂတ်ပဉ္စမမြန်မာနိုင်ငံတော်အကြောင်း ဦးကိုနီ စင်္ကာပူမှာ ရှင်းလင်းခဲ့ပုံ"""
""အနာဂတ်ပဉ္စမမြန်မာနိုင်ငံတော်အကြောင်း ဦးကိုနီ စင်္ကာပူမှာ ရှင်းလင်းခဲ့ပုံ"""
https://4.bp.blogspot.com/-967YRFyrMSk/WJILZyMTYXI/AAAAAAAAH1E/OCoDvjnZa_EN8C53IJaAJhH1ods5QbCdACLcB/s1600/36.jpg
https://4.bp.blogspot.com/-967YRFyrMSk/WJILZyMTYXI/AAAAAAAAH1E/OCoDvjnZa_EN8C53IJaAJhH1ods5QbCdACLcB/s72-c/36.jpg
dawnmanhon
http://www.dawnmanhon.com/2017/02/blog-post_98.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/02/blog-post_98.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy