YBS ယာဉ်နှစ်စီးတိုက်မိ၊ ပျက်စီးမှုနည်းသော်လည်း ညှိနှိုင်းမရ၍ ယာဉ်ပိတ်မှုနာရီဝက်ကြာမြင့်


ရန်ကုန် ဖေဖော်ဝါရီ ၎

မော်တင်(လမ်းသစ်)လူကူးလမ်းဖြတ် ခုံးတံတား၏ မဟာဗန္ဓုလလမ်းအဆင်း လှေကားခြေရင်းအနီး မှတ်တိုင်ရှေ့ လမ်းလယ်ကြောတွင် ဖေဖော်ဝါရီ ၄ ရက် နံနက် ၈ နာရီ ၃၅ မိနစ်က YBS ယာဉ်လိုင်း နှစ်လိုင်းမှ ယာဉ်ကြီး၊ ယာဉ်ငယ် နှစ်စီးတိုက်မှု ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာမှ ရောက်ရှိညှိနှိုင်းပေးရာတွင် ပြေလည်မှုမရရှိသဖြင့် နာရီဝက်ခန့်ကြာ ယင်းနေရာတွင် ယာဉ်များ ဖယ်ရှားနိုင်ခြင်းမရှိဖြစ်နေသည်။ သို့ဖြစ်ရာ လိုင်းကားယာဉ်များအပါအဝင် ယာဉ်ကြီး၊ ယာဉ်ငယ်များအနေ ဖြင့် ယင်းလမ်းမကြီး၏လမ်းလယ်တုံး ဝါတန်းတစ်ဖက်ခြမ်း ယာဉ်ကြောမှ သွားလာရခြင်း၊ မှတ်တိုင်ဘက်ခြမ်း အစွန်ယာဉ်ကြော တစ်ကြောမှသာ သွားလာရခြင်းများ ကြုံတွေ့ခဲ့ရသည်ဟု ယင်းဖြစ်စဉ်ကို သွားရောက်ကြည့်ရှု သူ ယင်းနေရာအနီး အလုပ်လုပ်ကိုင် နေသူ ဦးတိုးကပြောသည်။

သခင်မြပန်းခြံမှစတင်၍ မဟာ ဗန္ဓုလလမ်းအတိုင်း ဆူးလေဘက်သို့ မောင်းနှင်သည့် Rosar မီနီဘတ် ယာဉ်ငယ် 5G/.....သည် မှတ်တိုင်တွင် ခရီးသည်တင်၊ ချပြုလုပ်ပြီး ယင်းယာဉ်ငယ်ရှေ့တွင် ရပ်ထားသော အခြားယာဉ်ရှိသဖြင့် လမ်းလယ် ကြောဘက်သို့ ဦးတည်ထွက်ချိန်တွင် ကမ်းနားလမ်းဟောင်းမှ မော်တင် (လမ်းသစ်) ကြက်လျှာစွန်းကွေ့ မဟာဗန္ဓုလလမ်း မှတ်တိုင်သို့ ဝင်ရောက်မည့် ထောက်ကြန့်-မော်တင် ခရီးစဉ်ပြေးဆွဲသော HIGER ယာဉ်ကြီး (အဝါရောင်) ယာဉ်အမှတ် 1L/...နှင့် လမ်းလယ်ကြောတွင် တိုက်မိခြင်းဖြစ်သည်။ ယာဉ်ကြီး၏ ရှေ့ပိုင်း နောက်ကြည့်မှန်ပြုတ်၍ ပျက်စီးမှုရှိခဲ့သည်။

ယင်းဖြစ်စဉ်သို့ တာဝန်ရှိသူများက ဖြေရှင်း ညှိနှိုင်းပေးသော်လည်း ပြေလည်ခြင်းမရှိဟု သွားရောက်ကြည့်ရှုသူများက ဆိုသည်။ သို့ဖြစ်ရာ နံနက် ၉ နာရီတွင် ယင်းနေရာမှ အခင်းဖြစ်ပွားသည့် ယာဉ်နှစ်စီးကို ဖယ်ရှားပြီး သက်ဆိုင်ရာမှ အရေး ယူဖြေရှင်းနိုင်ရန် ဘုန်းကြီးလမ်း-ပြည်လမ်းအတိုင်း ယာဉ်နှစ်စီးစလုံး မောင်းနှင်သွားသည်ဟု သိရသည်။

မီးပွိုင့်နှင့် ယာဉ်ထိန်းလိုအပ်ချက် ရှိနေသည့် အဆိုပါမော်တင် (ကြက်လျှာစွန်း)နေရာတွင် ယခင် စနစ်ဟောင်း ကာလခရီးသည်စောင့် ဆိုင်းတင်နေသော လိုင်းပေါင်းစုံ ယာဉ်များဖြင့် ယာဉ်ကြောပိတ်ခြင်း၊ လမ်းလယ်တွင် ခရီးသည်များ ယာဉ်ပေါ်အတက်၊ အဆင်းပြုလုပ်နေရ ခြင်း၊ ယာဉ်ကြီးဟွန်းသံများဖြင့် ဆူညံနေခြင်းများရှိခဲ့သည်။

YBS ယာဉ်လိုင်းအသစ်ပြေးဆွဲချိန် တွင်မူ မြို့တွင်းပတ် ယာဉ်လိုင်း တစ်လိုင်းနှင့် ထောက်ကြန့်သွားယာဉ်လိုင်း နှစ်လိုင်း၊ ရွှေပြည်သာသွား ယာဉ်လိုင်းတစ်လိုင်း၊ အနောက်ပိုင်း တက္ကသိုလ်(ထန်းတပင်)သွား ယာဉ်လိုင်းတစ်လိုင်း စုစုပေါင်း ယာဉ်လိုင်း ငါးလိုင်းသာ ယင်းမှတ်တိုင်တွင် ဖြတ်သန်းမှုရှိသည်။

သို့သော် ခရီးသည်များစောင့်ဆိုင်း တင်ဆောင်မှု၊ လိုင်းတူယာဉ်ကြီး၊ ယာဉ်ငယ်များ ပြိုင်တူဝင်ရောက်မှုတို့ကြောင့် ယင်းမှတ်တိုင်နေရာတွင် ယာဉ်ပိတ်ဆို့မှုများ ပြန်လည်ဖြစ်ပေါ်လျက်ရှိသည်။ ယင်းသို့ဖြစ်စဉ်မျိုး ရှိလာရာမှ ယာဉ်ချင်းတိုက်မှုဖြစ်လာ ရာတွင် YBS ယာဉ်လိုင်းအချင်းချင်း အနည်းငယ်ပျက်စီးမှုတွင် ပြေလည်အောင် ညှိနှိုင်းမှုမရ၍ နာရီဝက်ခန့် ကားလမ်းပေါ်တွင် ယာဉ်ပိတ်မှု ဖြစ်ပွားရသည်။ ယခင်စနစ်ဟောင်း ကဲ့သို့ စည်းကမ်းမဲ့ဖြစ်စဉ်များ ထပ်မံမဖြစ်ပေါ်ရန် အလေးထားစောင့်ကြည့် အရေးယူမှုများ လိုအပ်နေသည့် နံနက်လင်းပိုင်းနှင့် ည ၈ နာရီခွဲ ဝန်းကျင် ယင်းမှတ်တိုင်တွင် ကြားကားငယ်များ (အထူးသဖြင့် အရပ်အခေါ်) တိုက်လျှော ယာဉ်ငယ်များ မြင်တွေ့နေရဆဲရှိကြောင်း ကမ်းနားလမ်း ညဈေးတန်းတွင် ဈေးရောင်းချသည့် ကိုနေဝင်းထိုက် က ပြောသည်။

(မောင်စေအောင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.