April 2017


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ (၃၀)ရက် ဒီနေ့ညမှာ ဥရောပ (၃)နိုင်ငံ ခရီးစဉ်ကို စတင်ထွက် ခွာမှာဖြစ်တော့မှာ ဖြစ်ပါတယ်။ ဒီနေ့ည (၇)နာရီ (၄၅)အချိန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်က ထွက်ခွာပြီး ထိုင်းနိုင်ငံကတစ်ဆင့် ဥရောပနိုင်ငံတွေဖြစ်တဲ့ ဘယ်လ်ဂျီယံ၊ အီတလီနဲ့ ဗြိတိန်နိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ ဥရောပသမဂ္ဂ( EU) ဌာနချုပ်ကို သွားရောက်မှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဦးရဲနိုင်က ပြောပါတယ်။

 နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်ရဲ့ အခုသွားရောက်မယ့် ဥရောပ(၃)နိုင်ငံခရီးစဉ်ဟာ မေလ (၁၀)ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။ ဒီဥရောပခရီးစဉ်ပြီးရင် မေလ(၁၄)ရက်နဲ့ (၁၅)ရက်မှာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် One Belt- One Road နဲ့ပတ်သက်တဲ့ နိုင်ငံတကာအဆင့် ထိပ်သီးညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။

ဓာတ်ပုံ - Myanmar State Counsellor Office
5 Plus News
https://www.facebook.com/5plusnews


မြန်မာလှေလုပ်သားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အမှု နစ်နာကြေး ဘတ်ငွေ နှစ်သိန်းခွဲနဲ့ သဘောတူခဲ့တယ်လို့ အမှုကို လိုက်ပါဆောင် ရွက်ပေးနေတဲ့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ဥက္ကဌ ဦးထူးချစ်ထံက သိရပါတယ်။

 လှေလုပ်ငန်းရှင်က ဘတ်ငွေ (၁)သိန်းခွဲကို ဒေသခံတာဝန်ရှိသူတွေရှေ့မှာ ပေးချေပြီးဖြစ်ပေမယ့် ကျန်တဲ့ ဘတ်ငွေ တစ်သိန်းကို တရားရုံးတက်မယ့်နေ့မှာ အပြီးပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။

 ဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးကို ရက်သတ္တပတ် (၂)ပတ် အတွင်း တက်ရောက်နိုင်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

 အခုလ (၂၂)ရက်က ထိုင်းနိုင်ငံမှာ ထိုင်းလူမျိုးလှေပိုင်ရှင်တစ်ဦးက အသက် (၂၁)နှစ်အရွယ် မြန်မာလှေလုပ်သားကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ၀မ်းဗိုက်ဘေး ဖောက်ထွက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - Htoo Chit
5 Plus News
https://www.facebook.com/5plusnews



အမေရိကန်ရဲ့ ဒုံးခွင်းဒုံးစနစ် တောင်ကိုရီးယားမှာ ထားတာကို တောင်ကိုရီးယားပြည်သူတွေဘက်က သူတို့ နေရပ်က စစ်မြေပြင် ဖြစ်လာမှာ စိုးတဲ့အတွက် ကန့်ကွက်မှုတွေလည်း ရှိခဲ့
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်ကိုရီးယားဟာ ဒုံးခွင်းဒုံးစနစ်အတွက် ပိုက်ဆံပေးရမယ်လို့ ပြောခဲ့ပေမယ့် နောက်ဆုံးမှာ အမေရိကန်က အဲဒီ ဒေါ်လာ ၁ ဘီလီယံတန် ဒုံးခွင်းဒုံးစနစ်အတွက် အကုန်အကျခံလိုက်တယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန် ၂ နိုင်ငံတို့ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ၂ ယောက်တို့ ဖုန်းနဲ့ ပြောဆို အပြီးမှာ အခုလို အမေရိကန်ဘက်က အကုန်အကျခံမှု အတည်ဖြစ်သွားခဲ့တာပါ။

တောင်ကိုရီးယားမြေပေါ်မှာ တည်ဆောက်ထားတဲ့ အဲဒီ ဒုံးခွင်းဒုံးစနစ်ဟာ မြောက်ကိုရီးယားဘက်က ပစ်ခတ်လာနိုင်တဲ့ ဒုံးကျည်တွေကို ပစ်ချနိုင်ဖို့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ သဘောတူညီမှုအရ အမေရိကန်က စက်ကိရိယာပိုင်းအတွက် အကုန်အကျခံရပြီး တောင်ကိုရီးယားက မြေနေရာပဲ ပေးတာ ဖြစ်ပါတယ်။

အခုလို အမေရိကန်ရဲ့ ဒုံးခွင်းဒုံးစနစ် တောင်ကိုရီးယားမှာ ထားတာကို တောင်ကိုရီးယားပြည်သူတွေဘက်က သူတို့ နေရပ်က စစ်မြေပြင် ဖြစ်လာမှာ စိုးတဲ့အတွက် ကန့်ကွက်မှုတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ဒီစနစ်အတွက် ကိရိယာတွေ တင်ဆောင်လာတဲ့ ယာဉ်တန်းကို ဆန္ဒပြသူ တရာလောက်က လမ်းဘေးတလျှောက် ကန့်ကွက်ခဲ့ကြပြီး တချို့က ယာဉ်တန်းကို ရေသန့်ဘူးတွေနဲ့ ပစ်ပေါက်လို့ ရဲတွေနဲ့ ပဋိပက္ခ ဖြစ်ခဲ့ရပါသေးတယ်။

BBC Burmese
http://www.bbc.com/burmese



ဒီကိစ္စမှာ ကုလသမဂ္ဂဟာ သံတမန်ရေးရာ ဦးဆောင်မှု မပေးနိုင်ပဲ ပေါ့ပေါ့ဆဆ လုပ်နေတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့
မြောက်ကိုရီးယားရဲ့ နျူးကလီးယားစီမံကိန်းနဲ့ ဒုံးကျည်စီမံကိန်းတွေကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ စစ်ရေးတင်းမာနေတဲ့အခြေအနေကို နိုင်ငံတကာက ဝင်ရောက် ဖြန်ဖြေပေးဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းလိုက်ပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေးတင်းမာမှု ပိုဆိုးလာနေပြီး ဒီကိစ္စမှာ ကုလသမဂ္ဂဟာ သံတမန်ရေးရာ ဦးဆောင်မှု မပေးနိုင်ပဲ ပေါ့ပေါ့ဆဆ လုပ်နေတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့ပါတယ်။

အခြေအနေဟာ စစ်ဖြစ်ဖို့အထိ အလားအလာရှိနေပြီး လူတွေ အများကြီး သေပျောက်နေချေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

ဒီအခြေအနေကို ကြားဝင်ဖို့အတွက် နော်ဝေးနိုင်ငံကို ပုပ်ရဟန်းမင်းကြီးက အကြံပြုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှု မအောင်မမြင် ဖြစ်အပြီး နာရီပိုင်းအတွင်း အချိန်မှာ ပြုလုပ်တဲ့ အီဂျစ်ခရီးစဉ် အပြန် သတင်းစာ ရှင်းလင်းပွဲ အပြီးမှာ ပုပ်ရဟန်းမင်းကြီးက အခုလို မှတ်ချက်တွေ ပေးခဲ့တာ ဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးရေးနဲ့ သံတမန်ရေး အဖြေရှာတာသည်သာလျှင် ဖြေရှင်းဖို့ နည်းလမ်းဖြစ်တယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

နောက်ဆုံး အခြေအနေမှာတော့ အမေရိကန် လေယာဉ်တင် သင်္ဘော ကားဗင်ဆင်ဟာ နောက်ထပ် စမ်းသပ်လာနိုင်တဲ့ မြောက်ကိုရီးယား ဒုံးကျည်တွေကို ကာကွယ်ဖို့ ကိုရီးယားကျွန်းဆွယ်နားကို လမ်းကြောင်း ပြောင်းပြီး ရောက်ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese


ခမောက်ဖြူ အဖွဲ့လို့ သိကြတဲ့ ဆီးရီးယား ကယ်ဆယ်ရေး အဖွဲ့က အဖွဲ့ဝင် ၈ ဦးတို့ မနေ့ စနေနေ့က လေကြောင်းတိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရပါတယ်။ သူပုန်တို့ ထိန်းချုပ်ရာ Hama ပြည်နယ်ထဲက သူတို့ရုံးကို လေကြောင်း တိုက်ခိုက်မှု ထိမှန်ခဲ့တာလို့ အဖွဲ့နဲ့ အတိုက်အခံ တက်ကြွလှုပ်ရှားသူတို့က ပြောဆိုကြပါတယ်။

Kfar Zeita က အဖွဲ့ရဲ့ ရုံးကို တိုက်ခိုက်မှု အတွင်း ထိမှန်ခဲ့တာကြောင့် လုပ်အားပေး ၈ ဦး သေဆုံးခဲ့တာမှာ ၅ ဦးရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီး တခြားသူတွေကိုတော့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်တယ်လို့ အဖွဲ့က ပြောပါတယ်။ မနေ့ စနေနေ့က တိုက်ခိုက်မှုက ဘယ်သူ့လက်ချက် ဆိုတာတော့ မသိရပါဘူး။

ဒါပေမယ့် ၆ နှစ်ကြာ ပြည်တွင်းစစ် အတွင်း Hama ပြည်နယ်လို သူပုန်တွေ ထိန်းချုပ်ရာ ဒေသတွေကို ပြန်လည် သိမ်းပိုက်နိုင်ရေး အတွက် ဒီသတင်းပတ်တွေ အတွင်းမှာဘဲ ရုရှားနဲ့ အီရန်တို့ ထောက်ပံ့ ပေးထားတဲ့ ဆီးရီးယား စစ်တပ်က ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဗုံးကျဲခံရတဲ့ ဒေသတွေက အသက်ရှင် ကျန်ရစ်သူတွေကို ဆွဲထုတ် ကယ်တင်တာမျိုး စစ်တလင်းမှာ ကယ်ဆယ်ရေး ဆောင်ရွက်ချက်တွေကြောင့် ခမောက်ဖြူ အဖွဲ့ဟာ ကမ္ဘာတလွှား လူသိများလာတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အာဖဂနစ္စတန် နိုင်ငံ Helmand ပြည်နယ် တောင်ပိုင်းမှာ အမေရိကန် မရိန်းတပ်ဖွဲ့က ပြန်လည် တပ်ချပါတယ်။ မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO တပ်ဖွဲ့ရဲ့ အာဖဂနစ္စတန် နိုင်ငံတွင်း သုံးနှစ်တာ တာဝန် ပြီးဆုံးချိန်မှာဘဲ ဘိန်းစိုက်ပျိုးတဲ့ မတည်မငြိမ် ဖြစ်နေတဲ့ ဟယ်လ်မန်းပြည်နယ်ကို အမေရိကန် မရိန်းတပ်တွေက တာဝန်လွှဲပြောင်းယူတာ ဖြစ်ပါတယ်။

ဟယ်လ်မန်း ကွပ်ကဲရေး ဌာနကို လွှဲပြောင်းပေးတဲ့ အခမ်းအနားကို မနေ့ စနေနေ့က ကျင်းပတာမှာတော့ အမေရိကန် မရိန်းတပ်ဖွဲ့ရော NATO တပ်ဖွဲ့ပါ တက်ရောက်ခဲ့ကြပါတယ်။

အမေရိကန် တပ်ဖွဲ့တွေဘက်ကတော့ တိုက်ခိုက်ရေး အစား တာလီဘန်တို့ကို ရှင်းလင်းနေတဲ့ အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေကို လေ့ကျင့် သင်တန်းပေးတာ၊ အကြံညဏ်ပေးတာနဲ့ အထောက်အကူပေးတာတွေကိုဘဲ လုပ်ဆောင်မှာပါ။ ပွင့်လင်း ရာသီ ထိုးစစ်တွေ စတင်ပြီလို့ တာလီဘန်တို့ ကြေညာပြီး နောက်တနေ့မှာဘဲ အမေရိကန် မရိန်းတပ်တွေ ဟယ်လ်မန်းပြည်နယ်မှာ တပ်ချတာ ဖြစ်ပါတယ်။

ဟယ်လ်မန်း ပြည်နယ်တွင်း ဒေသ အများစုကို တာလီဘန်တို့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးမှုတွေကနေ သူပုန်တွေ ငွေအမြောက်အများ ရနေတာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



( ရေဆိုးတွေ စွန့်ထုတ်နေတဲ့ ပိုက်လိုင်းတစ်ခုကို တွေ့ရစဉ် )Photo: Nay Thwae/RFA
မန္တလေးစက်မှုဇုန်က စည်းကမ်းမဲ့ ရေဆိုးစွန့်ထုတ်တဲ့ ကျားမင်းကြီး အရက်ချက်စက်ရုံကို စက်ရုံလည်ပတ်ခွင့် ရပ်ဆိုင်းခိုင်းထားပြီး လိုင်စင်ကိုယာယီပိတ်သိမ်းဖို့ စီစဉ်နေတယ်လို့ မန္တလေးမြို့ ဒုတိယမြို့တော်ဝန်က ပြောပါတယ်။

ပန်းရံတော်ချောင်းထဲကို ရေဆိုးစွန့်ထုတ်တဲ့အတွက် အရင်က ၂ ကြိမ်တိုင်အောင် သတိပေးခဲ့ပြီး မလိုက်နာတဲ့အတွက် အခုလို လိုင်စင်ပိတ်သိမ်းဖို့ စီစဉ်တာဖြစ်တယ်လို့ ဒုတိယမြို့တော်ဝန် ဦးရဲမွန်ကပြောပါတယ်။

"သန့်စင်ပြီးတော့ ရေဆိုးပိုက်လိုင်းထဲကို ထည့်ဖို့ ပန်းရံတော်ချောင်းထဲကို မစွန့်ပစ်ဖို့ သတိပေးထားတာ ပထမအကြိမ်မလိုက်နာဘူး၊ နောက်တစ်ခါထပ်ပြီးတော့ စည်ပင်ကပဲ စာထပ်ထုတ်တယ်၊နောက်တစ်ခါသွားစစ်တော့တွေ့တယ်၊ စာထုတ်ထားတာကို ဆက်ပြီးတော့ လည်နေတာပေါ့၊ အဲ့ဒါကို တတိယအကြိမ်မှာထပ်တွေ့လို့ လိုင်စင်ကို ဒီဟာကို ယာယီပိတ်သိမ်း ဖို့ဆိုပြီးတော့ Cabinet (အစိုးရ) ကိုတင်တော့မယ်၊ Cabinet အတည်ပြုချက် ထပ်ယူပြီးတော့ လိုင်စင်ကို ယာယီ ဒို့ဆီကနေ သိမ်းပလိုက်မှာ"

အဲဒီစက်ရုံကို ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကတည်းက ရပ်ဆိုင်းခိုင်းထားပြီး ရေဆိုးစွန့်ပစ်တဲ့စနစ်ကို စည်းကမ်းနဲ့အညီ ဆောင်ရွက်မှသာ လုပ်ငန်းပြန်လည် လည်ပတ်လုပ်ကိုင်ခွင့် ပြုသွားမယ် လို့ပြောပါတယ်။

မန္တလေးစက်မှုဇုန်မှာ ရေဆိုးစွန့်ထုတ်တဲ့ စက်ရုံ အကြီး အသေး စုစုပေါင်း ၇၀ ၀န်းကျင်ရှိပြီး အရက်ချက်စက်ရုံတွေက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ စက်ရုံတွေကထွက်လာတဲ့ ရေဆိုးတွေကို ရေဆိုးသန့်စင်တဲ့စနစ်နဲ့ စနစ်တကျစွန့်ပစ်ဖို့အတွက် ပြီးခဲ့တဲ့ မတ်လတုန်းက လုပ်ငန်းရှင်တွေကို ခေါ်ယူသတိပေးခဲ့ပြီး လက်ရှိအချိန်မှာ ရှောင်တစ်ခင် ၀င်ရောက်စစ်ဆေးတာတွေ ဆောင်ရွက်နေတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ကနေ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


မကြာသေးခင်ရက်ပိုင်းကမှ အသက်၆၀ ပြည့်လို့ ရဲချုပ်တာဝန်ကအငြိမ်းစား ယူလိုက်တဲ့ ရဲချုပ်ဇော်ဝင်းကို ပြည်ထဲရေးဝန်ကြီးဌါန ပြည်ထောင်စုဝန်ကြီးရဲ့ အထူးအကြံပေးအဖြစ် ခန့် အပ်လိုက်တယ်ပါတယ်။

အထူးအကြံပေးခန့် လိုက်တဲ့အတွက်ရဲတပ်ဖွဲ့ ယူနီဖေါင်းခြွတ်စရာမလိုပဲ ဆက်လက်တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။

လစ်လပ်သွားတဲ့ရဲချုပ်တာဝန်ကိုတော့ဘယ်သူကိုတာဝန်ပေးမလဲ မသိရ သေးပါဘူး။

ရဲချုပ်တာဝန်ကအငြိမ်းယူလိုက်တဲ့ ဦးဇော်ဝင်းဟာ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (OTS- ၆၁ ) သင်တန်းဆင်းဖြစ်သလို့ တာချီလိတ်မြို နယ် ဥက္ကဌ ကက ( ကြည်း ) စစ်ဦးစီးမှူးဒုတိယတန်း ( G-2 ) စစ်ဦးစီးတက္ကသိုလ် ( ကလော ) မှာ ဗိုလ်မှူးကြီးရာထူးနဲ့ နည်းပြတာဝန်တွေထမ်းဆောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ဒုတိယရဲချုပ်ဖြစ်လာသူပါ။

အဲဒီနောက်မှာတော့ ၂၀၁၃ ခုနှစ်မှာရဲချုပ်တာဝန်စတင်ထမ်းဆောင်ခဲ့ပြီး NLD အစိုးရလက်ထက်မှာလည်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးအဆင်ပြေသူ လို့ အစိုးရအဖွဲ့ ဝင်အချို့ က ပြောပါတယ်။
BBC Burmese


ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ ဟိုက်ဖတ်ကျေးရွာမှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံးပျက်ဆီးသွားသည်ကို တွေ့ရစဉ်
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ ဟိုက်ဖတ်ကျေးရွာမှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံးပျက်ဆီးသွားသည်ကို တွေ့ရစဉ်
Photo: Nay Zaw Naing
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ ဟိုက်ဖတ်ကျေးရွာမှာ မနေ့ နေ့လယ်လောက်က လေပြင်း တိုက်ခတ်ခဲ့ပြီး နေအိမ် ၁၀၀ လောက် ပျက်စီးသွားတယ်လို့ နမ့်စန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးနေဇော်နိုင်က ပြောပါတယ်။

အဲ့ဒီနေအိမ် အလုံး ၁၀၀ ထဲက နေအိမ် ၇၀ လောက်က ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့တယ်လို့ ဦးနေဇော်နိုင်က ပြောပါတယ်။

"မနေ့က နေ့လယ် ၁ နာရီခွဲလောက်မှာ လေပြင်းတိုက်သွားတော့ အိမ်ခြေ ၁၀၀ လောက် ပျက်စီးသွားတယ်။ အဲ့ဒီမှာ ၇၀ လောက်ကတော့ ဆိုးဆိုးဝါးဝါး ပျက်စီးရတာပေါ့နော်။ သွပ်မိုးတွေလည်း အကုန်လန်တယ်။ အိမ်တွေလည်း ပျက်စီးကုန်တယ်။ သစ်ပင်တွေလည်း အမြစ်က ကျွတ်ထွက်ပြီးတော့ မိုးကြိုးပစ် လို့ နွားတစ်ကောင်သေသွားတယ်ခင်ဗျ"

နေအိမ်ပျက်စီးသွားတဲ့ မိသားစုတွေဟာ နီးစပ်ရာဆွေမျိုးတွေအိမ်နဲ့ စာသင်ကျောင်းတွေမှာ ခဏ တည်းခိုနေရတယ်လို့ပြောပါတယ်။

သူတို့တွေ နေအိမ်ပြန်ဆောက်တဲ့အခါမှာ အထောက်အကူဖြစ်နိုင်ဖို့နဲ့ လောလောဆယ် စား၊ ၀တ်၊ နေရေးတို့အတွက် ဒေသခံ လူမှုအဖွဲ့အစည်းတွေက စုပေါင်းပြီး ကူညီနေကြတယ်လို့ သိရပါတယ်။

မန္တလေး၊ ရှမ်းပြည်နယ် ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာမိုးတိမ်တောင်တွေ ဖြစ်ပေါ်နေ တာကြောင့် ဂရုစိုက်နေကြဖို့ မိုးလေ၀သ ပညာရှင်ဒေါက်တာ ထွန်းလွင်က သတိပေးထားပါတယ်။

အဲ့ဒီမိုးတိမ်တောင်တွေကြောင့် လျှပ်စစ်လက်တာ၊ မိုးခြိမ်းတာ၊ နေရာကွက်ပြီးမိုးသည်းတာ၊ မိုးသက်လေပြင်းတိုက်တာ၊ မိုးသီးကြွေတာနဲ့ မိုးကြိုးပစ် တာတွေ ဖြစ်တတ်တယ်လို့ ဦးထွန်းလွင်က သတိပေးထားတာ ဖြစ်ပါတယ်။
RFA

ကချင်ပြည်နယ် နယ်စပ်ဂိတ်တစ်နေရာကို တွေ့ရစဉ် ကချင်ပြည်နယ် နယ်စပ်ဂိတ်တစ်နေရာကို တွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ပြီးခဲ့တဲ့၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ကချင်ပြည်နယ်က ကန်ပိုက်တီနဲ့ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး စခန်း နှစ်ခုမှာဖွင့်လှစ်ထားတဲ့ ဦးစီးဋ္ဌာန ၅ ခုကနေ အခွန်ငွေကျပ် စုစုပေါင်း ၁၃ ဘီလျံကျော် ကောက်ခံရရှိခဲ့တယ် လို့ ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။

ငြိမ်းချမ်းရေးအပြည့်အဝရခဲ့မယ်ဆိုရင် ကုန်စည်စီးဆင်းမှုတွေပိုမိုကောင်းမွန်လာနိုင်တဲ့အတွက် နိုင်ငံတော်က အခွန်ငွေတွေတိုးတက်ရရှိပြီး ဒေသဖွံ့ဖြိုးရေးတွေ ကို တိုးမြှင့်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ကချင်ပြည်နယ် ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝေလင်းက RFA ကိုပြောပါတယ်။

"ကျနော်တို့ မြန်မာကျပ်ငွေချည်းပဲပြောမယ်ဆိုလို့ရှိရင် အားလုံး ကျပ်သန်းပေါင်း ၁၃၉၆၇.၇၀ သန်းရရှိ ပြီးတော့မှ ဘီလျံနဲ့ပြောမယ်ဆိုရင်တော့ ၁၃.၉၆၇ ဘီလျံကောက်ခံရရှိတဲ့အကြောင်း ကျနော်ဖြေကြား လိုပါတယ်။ ငြိမ်းချမ်းရေးကောင်းတယ်ဆိုရင်တော့ကျနော်တို့က တားမြစ်ထိန်းချုပ်ကန့်သတ်မှုတွေလျှော့ချ မယ် ဆိုရင်တော့ ကုန်စည်စီးဆင်းမှုတွေက အများကြီးအားကောင်းလာမှာပေါ့"

အဲဒီ ၁၃ ဘီလီယံ ကျော်ဟာ နယ်စပ်ကုန်သွယ်ရေးရဲ့ ကုန်စည်စီးဆင်းမှုအပေါ်မှာ ဌာနတစ်ခုချင်းစီ အလိုက် ကောက်ခံရရှိတဲ့ အခွန်ငွေစုစုပေါင်း ပမာဏဖြစ်တယ် လို့ ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်က ကန်ပိုက်တီ နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုမှာ နယ်စပ်ကုန်သွယ်ရေး၊ အကောက်ခွန်၊ ပြည်တွင်းအခွန်၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဋ္ဌာန၊ မြန်မာ့စီးပွားရေးဘဏ် စတဲ့ ဋ္ဌာန ၅ ခုကိုဖွင့်လှစ်ပြီး အခွန်ကောက်ခံနေတာဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် နယ်မြေမလုံခြုံမှုကို အကြောင်းပြုပြီး ရွှေ၊ကျောက်စိမ်း၊ သစ်မျိုးစုံစတဲ့ သဘာဝသယံဇာတတွေအပါအဝင် တရားမဝင် ကုန်စည်မျိုးစုံကို တရုတ်ပြည်ဘက် နည်းအမျိုးမျိုးနဲ့ မှောင်ခိုသယ်ယူမှုတွေရှိနေပါတယ်။
RFA



(ကျောင်းအကျိုးတော်ဆောင်များနှင့် မဟော်သဓာအထက်တန်းကျောင်း)
နိရဉ္စရာ၊ ဧပြီ ၃၀

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယခုနှစ်တွင် ဖွင့်လှစ် သင်ကြားမည့် “ တောင်ကုတ် မဟော်သဓာ အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း” သည် မဘသ အဖွဲ့နှင့် တစ်စုံတစ်ရာ ပတ်သက်မှု မရှိကြောင်း ကျောင်းအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်က ယနေ့နံနက်က ပြောဆိုသည်။

“ဒီကျောင်းကို အမျိုးသား အကျိုး စီးပွား တိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစောထွန်းရှိန်က ရခိုင်ပြည်နယ် ၁၇ မြို့နယ်က စာမသင်နိုင်တဲ့ သူတွေကို စာသင်ပေးဖို့ ရည်ရွယ်ချက်နဲက ထူထောင်တာပါ။ မဘသ အဖွဲ့နဲ့ တစ်စုံတစ်ရာ ပတ်သက်မှု မရှိပါ။ မဘသ ဘာလဲဆိုတာတောင် ကျွန်တော်တို့ မသိပါ” ဟု ဦးခင်မောင်က ပြောသည်။

ယခုနှစ်တွင် စတင်ပြီး န၀မတန်း ကျောင်းသား ၈၀ ကို လက်ခံရန် စီစဉ်ထားကြောင်း၊ ကျောင်းသားသစ် များ ခေါ်ယူခြင်း လျှောက်လွှာကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်ရှိ ပညာရေးမှူးရုံးများသို့ အကြောင်း ကြားထားပြီ ဖြစ်ကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့က ၁၇ မြို့နယ်က ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေ စာသင်နိုင်အောင်၊ စာသင်ဖို့ အခက်အခဲရှိလို့ လမ်းဘေးကို မရောက်ရအောင် ဒီကျောင်းကို တည်ထောင်တာပါ။ ဒါကိုတောင်မှ အကောင်းမမြင်ရင် ရခိုင်သားလို့ မခံယူပါနဲ့လို့ ပြောလိုပါတယ်” ဟု ဆိုသည်။

ယခုနှစ် ကျောင်းဖွင့်ရာသီတွင် န၀မတန်း ကျောင်းသား ကျောင်းသူများကို လက်ခံရာတွင် သိပ္ပံတွဲနှင့် ၀ိဇ္ဇာတွဲ နှစ်ခုလုံးကို လက်ခံသွားမည် ဖြစ်ကြောင်း၊ လက်ခံရာတွင်လည်း ပညာထူးချွန်သူချင်း တူညီနေလျှင် မိဘဆင်းရဲသူကို ဦးစားပေးမည် ဖြစ်ကြောင်း၊ မိဘဆင်းရဲချင်းတူညီလျှင် မိဘ မစုံသူကို ဦးစားပေးမည် ဖြစ်ကြောင်း၊ မိဘ မစုံသူချင်း တူညီလျှင် ဖခင် ကွယ်လွန်သူ ဦးစားပေးမည် ဖြစ်ကြောင်း၊ ကျန်းမာ၍ ကိုယ်လက်အင်္ဂါ ပြည့်စုံပြီး ကူးစက်ရောဂါ ကင်းရှင်း ရမည် ဖြစ်ကြောင်း သိရသည်။

ကျောင်းဝင်လိုသော ကျောင်းသားများ အနေဖြင့် လျှောက်လွှာကို တောင်ကုတ်မြို့ မဟောသဓာကျောင်း ရုံးခန်းမှ အခမဲ့ ယူဆောင်နိုင်ပြီး မေလ ၁၅ ရက်နေ့ကို နောက်ဆုံးထားပြီး တင်ရမည် ဖြစ်ကြောင်း၊ လျှောက်လွှာ ရယူရန် ခက်ခဲသည့် နယ်ဝေးကျောင်းသားများသည် ဖုန်းနံပတ် ၀၉၄၂၁၇ ၂၄၆၆၄ သို့ ဆက်သွယ်ပြီး မှာယူပြီး Viber တစ်ဆင့် ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara



တူရကီသမ္မတ Recep Tayyi Erdogan
တူရကီအစိုးရက အရပ်ဖက်နဲ့ စစ်ဖက် ဝန်ထမ်းတွေ၊ ရဲနဲ့ လုံခြုံရေး တာဝန်ရှိသူတွေ အားလုံး စုစုပေါင်း လေးထောင်နီးပါးကို အလုပ်ထုတ်ပစ် လိုက်ပါတယ်။ မနှစ်က မအောင်မြင်တဲ့ အာဏာသိမ်းမှုနဲ့ ဆက်စပ် နေသူတွေကို အလုပ်ဖြုတ်ပစ်တဲ့ ပုံမျိုး တွေ့နေရပါတယ်။

စနေနေ့က ကြေညာလိုက်တဲ့ အစိုးရပြန်တမ်း အရ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်း ၁၁၂၇ ဦးထဲမှာ တရားရေး ဝန်ကြီးဌာနက ထောင်ဝန်ထမ်း တွေနဲ့ ကျွမ်းကျင် ပညာရှင်တွေအပြင် ဘာသာရေး ဆိုင်ရာ ဝန်ကြီးဌာန ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။

ဒါဟာ မနှစ်က ဇူလိုင်လ မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ပွါးခဲ့ချိန်က စပြီး တချိန်ထဲ အများဆုံး အလုပ်ထုတ်ပစ်တဲ့ အနေထားပါ။

အဲဒီအချိန်ကစပြီး အလုပ်က ယာယီ အရပ်စဲခံရတဲ့ အရပ်ဖက် ဝန်ထမ်းတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေက ဝန်ထမ်း စုစုပေါင်းက တသိန်း နှစ်သောင်းလောက် ရှိပါတယ်။ အဖမ်းခံရသူကတော့ လေးသောင်းကျော်ပါတယ်။

တူရကီ အစိုးရက စနေနေ့မှာပဲ မတွေ့ဘူးသေးသူတွေ တွေ့ဆုံဖို့ စီစဉ်ပေးတဲ့ TV dating အစီအစဉ် တွေကို ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့သလို ကွန်ပြူတာ အွန်လိုင်းမှာ စူးစမ်း ရှာဖွေလို့ ရတဲ့ Wikipedia ဝက်ဘ်ဆိုက်ကိုလည်း ကြည့်ခွင့် ပိတ်လိုက်ပါတယ်။ တူရကီဟာ အကြမ်းဖက် အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက် နေကြောင်း Wikipedia က ပြောတယ်လို့ တူရကီအစိုးရက ဆိုပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com


မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ Facebook Page ဖြစ်သည် MRTV Facebook Page ဧပြီ ၂၉ ရက် မွန်းလွဲပိုင်း၌ ဟက်ကာများ၏ နှောင့်ယှက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် သတင်းထုတ်ပြန်ရေး Page ဖြစ်သည့် MOI Web-portal Myanmar Facebook Page နှင့် MRTV Facebook Page တို့၌ သတင်းထုတ်ပြန်ထားမှုများမှ သိရသည်။

ယင်းသတင်းထုတ်ပြန်ချက်များ၌ အစိုးရအဖွဲ့၏ ထုတ်ပြန်သည့် သတင်းများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းများကို ပြည်သူများအတွက် အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်လျက်ရှိပြီး ကြည့်ရှုသူ ခြောက်သန်းကျော်ရှိသော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ Facebook ဖြစ်သည့် MRTV Facebook သည် ဧပြီ ၂၉ ရက် မွန်းလွဲ ၂ နာရီ ၃၇ မိနစ်တွင် ဟက်ကာများ၏ နှောင့်ယှက်မှုအား ခံခဲ့ရကြောင်း ဖော်ပြပါရှိသည်။

ဆက်လက်၍ ယင်းသတင်းထုတ်ပြန်ချက်များ၌ ဟက်ကာများ၏ သမဂ္ဂဥက္ကဋ္ဌဟု ဆိုသူက MRTV Facebook ၌ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ပတ်သက်သည့် မဟုတ်မမှန် ရေးသားချက် တစ်ရပ်ကို ပို့စ်တင်ခဲ့ခြင်းဖြစ်ကြောင်း ဧပြီ ၂၉ ရက် ညနေ ၃ နာရီ ၁၀ မိနစ်တွင် ယင်းပို့စ်အား ရှင်းလင်းပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

MRTV Facebook အား နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည့် ဟက်ကာများအား ဖော်ထုတ်နိုင်ရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သက်ဆိုင်ရာ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Eleven Media Group


ဧပြီ ၃၀ ။ ။ လာမည့် ၂၀၁၈ ခုနှစ်တွင် ကျင်းပမည့် ရုရှားရွေးကောက်ပွဲ၌ ၀င်ရောက်အရွေးချယ်ခံရန် စီစဉ်နေသော သမ္မတ ဗယ်လ်ဒီမာပူတင်အား အတိုက်အခံအဖွဲ့ကို ထောက်ခံသော ရုရှားပြည်သူများက ပြီးခဲ့သော စနေနေ့တွင် ဆန္ဒ ပြခဲ့ကြပြီး နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော စိန့်ပီတာစဘတ်တွင် တက်ကြွလှုပ်ရှားသူ ဒါဇင်ပေါင်းများစွာကို ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

မြို့ပေါင်းများစွာ၌ ပြုလုပ်ခဲ့သော အဆိုပါဆန္ဒပြပွဲများအား ပူတင်၏ မဟာရန်ဘက်ဖြစ်သူ သြဇာရှိသော ရေနံ လုပ်ငန်းရှင်ဟောင်း မစ်ခေးလ်ခိုဒေါကော့ဗ်စကီး တည်ထောင်ထားသည့် Open Russia အဖွဲ့မှ စီစဉ်ခြင်းဖြစ် သည်။

ဆန္ဒပြသူများသည် ပူတင်ကိုရည်ညွှန်းသည့် “ကျုပ်တို့သူ့ကို စိတ်ပျက်ငြီးငွေ့နေပြီ” ဟူသော ကြွေးကြော်သံများ ဖြင့် အော်ဟစ်ဆန္ဒပြခဲ့ကြသည်။

စိန့်ပီတာစဘတ်မြို့၌ လူပေါင်း ၂၀၀ခန့်သည် ခွင့်ပြုချက်မရဘဲ စုရုံးဆန္ဒပြခဲ့မှုကြောင့် အထိကရုဏ်းနှိမ်နင်းရေး ရဲများက ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူ ၃၀ မှ ၅၀ ခန့်ကို ဆွဲထုတ်သွားကြောင်း မျက်မြင်သက်သေများက ပြောခဲ့သည်။

Open Russia အဖွဲ့က ထိန်းသိမ်းခံရသူ ၅၀ ခန့်ရှိကြောင်း ပြောခဲ့ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား အကျဉ်းချထားမှု စောင့်ကြည့်လေ့လာရေးအဖွဲ့ OVD-Info က ထိန်းသိမ်းခံရသူ ၁၂၅ဦးကျော်ရှိကြောင်း ပြောခဲ့ သည်။ ရဲတပ်ဖွဲ့ဘက်ကမူ ထိန်းသိမ်းထားသည့် အရေအတွက်အား ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

“ပူတင်ဟာ အာဏာချုပ်ကိုင်ထားတဲ့သူပါ။ သူထွက်သွားချိန်တန်ပါပြီ။ ကျနော်တို့သူ့ကို စိတ်ပျက်ငြီးငွေ့နေပါပြီ” ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် အသက် ၃၅နှစ်အရွယ် အန်တွန်ဒါနီလော့ဗ်က ပြောခဲ့သည်။

“အရာအားလုံးဟာ ဆိုးရွားနေပါတယ်။ ပညာရေး၊ ကျန်းမာရေး နဲ့ အရာအားလုံးပဲ ဖျက်ဆီးခံလိုက်ရပါတယ်။ ကျနော် အပြောင်းအလဲတစ်ရပ် အလိုရှိပါတယ်” ဟု ၅၇နှစ်အရွယ် ဂါလီနာအေဘရာမိုဗာက ပြောခဲ့သည်။

မော်စကိုမြို့၌ပြုလုပ်ခဲ့သော အလားတူဆန္ဒပြမှုမျိုးသည် ငြိမ်းချမ်းစွာပြီးဆုံးသွားခဲ့ပြီး ဆန္ဒပြသူများက ပူတင်၏ အစိုးရရုံးများရှေ့၌ စုရုံးခဲ့ကြကာ လာမည့် ၂၀၁၈ ခုနှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ရွေးချယ်ခံမည့် ပူတင်၏ အစီအစဉ်အား ဆန့်ကျင်ကြောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။

“နောက်ရွေးကောက်ပွဲမှာ ပူတင်ထပ်ပြိုင်မှာကို ကျမအလိုမရှိတော့ပါဘူး” ဟု လက်မှတ်ရေးထိုးရန် တန်းစီ စောင့်ဆိုင်းနေသည့် အသက် ၁၆ နှစ်အရွယ် ကျောင်းသူ အန်နာဘာဇာရိုဗာက ပြောခဲ့သည်။
Mizzima - News in Burmese


ရန်ကုန်၊ ဧပြီ ၃၀။ ။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မဲကနယ်ကျေးရွာ၊ ကုန်သွယ်ရေးဇုန်ဝင်ပေါက်မှာဧပြီလ ၂၉ရက်နေ့ညနေ ၆နာရီက ထိုင်းအမျိုးသား တစ်ဦးဆီက မြန်မာငွေစက္ကူအတုများကိုဖမ်းဆီးရမိတယ်လို့သိရပါတယ်။
“ထိုင်းနိုင်ငံသားက ကုန်သွယ်ရေးဇုန်မှာရှိတဲ့ အကောက်ခွန်ကိုငါးရာတန်အတုကျပ် ခြောက်ရွက်ကိုပေးတယ်။ ကြည့်လိုက်တော့ အတုတွေဖြစ်နေတာကို ရဲစခန်းကိုအကြောင်းကြားတယ်။ ထိုင်းနိုင်ငံသားပြန်လာမယ့်
လမ်းကနေစောင့်ပြီး ကားကို ရပ်တန့်စစ်ဆေးတဲ့အချိန်မှာ ငါးရာတန်အတုကျပ် ၂၇ရွက်ကို ထပ်မိပါတယ်”လို့သင်္ဃန်းညီနောင်ရဲစခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ထိုင်းနိုင်ငံသားမောင်းနှင်လာတဲ့ 6979 နံပါတ်ပါ ခဲရောင် ဟိုင်းလတ်အမျိုးစားယာဉ်ကို မြ၀တီရဲစခန်း၊ သင်္ဃန်းညီနောင်ရဲစခန်းနဲ့ မြ၀တီမြို့မှုခင်းတပ်ဖွဲ့စု(၁၀)က ရဲတပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းပြီး ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

သင်္ဃန်းညီနောင်ရဲစခန်းက ထိုင်းနိုင်ငံသား နတခြားနိုး ကို (ပ)၁၅၆/ ၂၀၁၇ ၂၀၁၃ခုနှစ်ဗဟိုဘဏ်အက်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့အမှုဖွင့်အရေးယူထားတယ်လို့လည်းသိရပါတယ်။

နှင်းနှင်း
Kumudra


မ​ကွေးတိုင်း​ဒေသကြီး ​ရေနံလက်​ယက်​တွင်းတိမ်​လုပ်​ငန်းရှင်​များမှ ထည့်​ဝင်​လှူဒါန်းခဲ့​သော ရန်ပုံ​ငွေများဖြင့်​ ဝယ်​ယူအသုံးပြုထားသည့်​ ​မော်​​တော်​ယာဉ်​၊​ ရေယာဉ်​နှင့်​ ယန္တယားတို့အား တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေမှ ဧပြီ ၂၉ ညနေပိုင်းတွင် ကတိအတိုင်း လာ​ရောက်​အပ်​နှံသွား​ကြောင်း သတင်းရရှိသည်​။

မကွေးတိုင်းကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသို့လှူ ဒါန်းခဲ့သည်​ဆို​သော မော်တော်ယာဉ် (၄)စီး၊ ဘက်ဟိုး(၁)စီး၊ ပဲ့ထောင်ရေယာဉ်(၂)စီးတို့အား လက်ရှိမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်လွှဲအပ်ပေးခဲ့ခြင်းဖြစ်သည်​။

ရေနံတွင်းတိမ်​ ရန်ပုံ​ငွေ ၇.၄၅၉ ဘီလီယံ ​ပျောက်​ဆုံးခဲ့​ကြောင်း စစ်​​ဆေး​ပေါ်​ပေါက်​ခဲပြီး ယာဉ်​ယန္တယားများကို ​ငွေကျပ်​ (၁.၅၇) ဘီလီယံ​ကျော်​အနက်​ သိန်း(၅၀၀၀)ကျပ်​အား ပထမအရစ်​အ​နေဖြင့် မေလ ပထမပတ်တွင်လည်းကောင်း​၊ ကျန်​ရှိ​ငွေများမှာ လုပ်​ငန်းလုပ်​ကိုင်​ထားသည့်​အတွက်​ ပြန်​လည်​​ကောက်​ခံပြီး ဇူလိုင်​လ တတိယပတ်​တွင်လည်းကောင်း ပြန်လည်ပေးသွင်းသွားမည်​ဖြစ်​​ကြောင်း ဦးဘုန်း​မော်​​ရွှေမှ လက်​ရှိမ​ကွေးတိုင်​​ဒေသကြီးဝန်​ကြီးချုပ်​အား ဧပြီ ၂၇ ရက်​​နေ့က အ​ကြောင်းပြန်​စာ​ပေးပို့ ကတိပြုထားသည်။

မင်းထီ(MGY)
ဓာတ်​ပုံ-Ayng Moe Nyo
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


မြန်မာနိုင်ငံ၏ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအများစုသည် အမျိုးသားများသာရှိကြပြီး အမျိုးသမီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးမှာ အနည်းငယ်သာရှိကြသည်။ ၎င်းကဲ့သို့ အနည်းငယ်သာရှိသည့်အထဲ မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အောင်တယောက်လည်း ပါဝင်ခဲ့သည်။ ဒေါ်မွန်မွန်အောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတာဝန်စတင်ထမ်းဆောင်သည့်အချိန်မှစ၍ အများပြည်သူက ရွေးချယ်တင်မြှောက်ခဲ့သည့် ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတယောက် ဖြစ်သည်။ သူမ တာဝန်ယူသည့် အချိန်မှစတင်ပြီး မြောက်ဥက္ကလာ (င)ရပ်ကွက်တွင် ဒုစရိုက်မှုလျှော့ချနိုင်ရုံမက သန့်ရှင်း သပ်ရပ်သည့် ရပ်ကွက်တခုလည်း ဖြစ်လာခဲ့သည်။ ယင်းအပြင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးအများစုသည် ည ၇ နာရီ မှ ၉ နာရီအတွင်းသာ ရုံးထိုင်လေ့ရှိသော်လည်း ဒေါ်မွန်မွန်အောင်က တနေ့ခင်းလုံးရုံးတွင် တာဝန်ထမ်းဆောင်သည့်အပြင် ညဥ့်သန်းခေါင်ချိန်အထိ ရပ်ကွက်အတွင်း ကင်းလှည့်တတ်သူဖြစ်၍ သူမ တာဝန်ထမ်းဆောင်ချိန်မှစ၍ ရပ်ကွက်အတွင်း ကောင်း မွန်သည့်အပြောင်းအလဲဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နေပြည်တော်ရဲချုပ်နှင့် ဦးဖြိုးမင်းသိန်း၏ ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် ဂုဏ်ပြုထိုက်သော လုပ်ရပ်များနှင့် ထူးခြားကောင်းမွန် မှုများကြောင့် ဒေါ်မွန်မွန်အောင်နှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။

အစ်မ အုပ်ချုပ်ရေးမှူးတာဝန်ကို ဘယ်အချိန်ကစပြီး တာဝန်ယူခဲ့တယ်ဆိုတာလေးက စပြောပြပါဗျ။

အုပ်ချုပ်ရေးမှူးတာဝန်ကို အစိုးရသစ် လက်ထက်စပြီး တာဝန်ယူချိန်ကပေါ့။ အုပ်ချုပ်ရေးမှူးတွေ စရွေးတဲ့အချိန်က အများပြည်သူ ရွေးချယ်ချိန်ကစပြီး တာဝန်ယူခဲ့တာပေါ့။

အုပ်ချုပ်ရေးမှူးတော်တော်များများက အမျိုးသားတွေပဲလုပ်ကြတယ်။ အမျိုးသမီးအရေအတွက်က အရမ်းနည်းတယ်။ ဒီတော့ အစ်မအနေနဲ့ ဒီအလုပ်ကို ဘာကြောင့်ရွေးချယ်ခဲ့လဲ။

ဘယ်လိုကြောင့်လဲဆိုတော့ အစ်မက အရင်တုန်းက NLD မှာ လုပ်ခဲ့တယ်။ အဲဒီတော့ လုပ်ချင် တဲ့စိတ်ပဲရှိတယ်။ လုပ်ပိုင်ခွင့်မရှိဘူးလေ။ လုပ်ချင် တာတွေ အများကြီးပဲရှိတယ်လေ။ ကိုယ့်မြို့ဆိုကိုယ့် မြို့၊ ကိုယ့်ရပ်ကွက်ဆို ကိုယ့်ရပ်ကွက် ဖွံ့ဖြိုးတိုးတက်အောင် ဒါပေမဲ့ အစ်မမှာ လုပ်ပိုင်ခွင့်မရှိဘူး။ အဲဒီတော့ အုပ်ချုပ်ရေးမှူးဆိုရင် ကိုယ်လုပ်ချင်တာလေး တွေ လုပ်ပိုင်ခွင့်ရှိလာမယ်။ အများပြည်သူတွေရဲ့ ဆန္ဒကို လိုက်လုပ်ပေးလို့ရတယ်။ ဒါကြောင့် ရွေးချယ်ခဲ့တာပါ။

အုပ်ချုပ်ရေးမှူးဖြစ်လာပြီဆိုတော့ အစ်မအနေနဲ့ အများပြည်သူအကျိုးအတွက် ဘယ်လိုကိစ္စတွေ ဆောင်ရွက်ပေးခဲ့ပြီလဲ။

အုပ်ချုပ်ရေးပိုင်းဆိုတာက လူတယောက် မွေးဖွားရာနေရာကနေ ကွယ်လွန်ချိန်အထိ ဆိုင်တဲ့အတွက် လမ်းဘေးမှာ ခွေးသေကောင်လွှင့်ပစ်ထားရင်တောင် ကိုယ်ကစွန့်ပစ်ရမယ်လေ။ ဥပမာ စည်ပင်ဆို စည်ပင် အလုပ်၊ ကျန်းမာရေးဆို ကျန်းမာရေးအလုပ် ရဲဆို ရဲအလုပ်ရှိကြတယ်။ အစ်မတို့ အုပ်ချုပ်ရေးမှူးကြ တော့ အားလုံးက အုပ်ချုပ်ရေးနဲ့ဆိုင်တယ်။ ဒီဟာလေးတွေ အကုန်လုံးလိုအပ်တဲ့ဟာတွေ ကိုယ်စွမ်းရှိသလောက် လုပ်ခဲ့တယ်။

အမျိုးသမီးတယောက်အနေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးလုပ်တဲ့အခါ ဘယ်လိုအခက်အခဲတွေရှိလဲဗျ။

စ,စချင်းလုပ်တုန်းကတော့ ပါတီဆိုက်နဲ့ အုပ်ချုပ်ရေးပိုင်းက လုံးဝကိုမတူတာပါ။ မတူတော့ လုပ်ရတာ အဆင်ပြေပါ့မလား။ ပြည်သူတွေနဲ့ တကယ်ထိပ်တိုက်တွေ့ပြီး တကယ်လက်တွေ့ဆောင်ရွက်ရတာ အစိုးရဌာနတွေနဲ့ ပတ်သက်ရမယ်ဆိုတော့ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်။ ဒါပေမဲ့ တကယ်တကယ် လုပ်ကြည့်တော့ အဆင်ပြေတယ်လို့တော့ ထင်တယ်။

အုပ်ချုပ်ရေးမှူးအများစုက ညနေပိုင်းအချိန်လောက်မှပဲ ရုံးမှာရှိကြတယ်။ ကျွန်တော် သိရသလောက်ကတော့ အစ်မက ဒီမှာရုံးထိုင်ပြီး မပြန်ဘဲ မိုးလင်းမိုးချုပ်အထိ လုပ်တယ်လို့ ကြားတယ်၊ ဘယ်လိုကြောင့်လဲ။

ဘယ်လိုကြောင့်လဲဆိုတော့ အစ်မက ပရဟိတကို ၀ါသနာပါတယ်။ နာရေးကိစ္စတွေအတွက် ကိုယ့် ဟာကိုယ်ထောင်ပြီး လုပ်ခဲ့ဖူးတယ်။ လူတွေရဲ့ အခက် အခဲအရ အစ်မက ည ၇ နာရီမှဖွင့်ပြီး ည ၉ နာရီ ရုံးပိတ်မယ်ဆို လူတွေရဲ့ အခက်အခဲ ဥပမာ-မှတ်ပုံ တင်လုပ်မယ့်သူတို့၊ သေစာရင်းလုပ်မယ်၊ ပင်စင်တွေ ထုတ်မယ့်သူတို့၊ အစ်မ လက်မှတ်ပါမှ ရမယ်လေ။ ဒါမျိုးတွေ အခက်အခဲဖြစ်လို့ရှိရင် အစ်မအိမ်နဲ့ သွားလိုက်ပြန်လိုက် ဖြစ်နေမယ်။ အဲဒီတော့ ရုံးမှာပဲနေပြီးတော့ ရုံးမှာဖြစ်ပေါ်လာတဲ့ အခက်အခဲလေးတွေကို လက်မှတ်ထိုးရင် မထူးတော့ပါဘူးဆိုပြီး ဒီ့ပြင်ကိစ္စတွေပါ လုပ်မယ်၊ ရပ်ကွက်ထဲပါ ဆင်းရင်းနဲ့ မြောင်းတွေကြည့်၊ အခုလို အမှိုက်သိမ်းတဲ့အခါ ခေါင်းလောင်းလေးတွေတီးပြီး လိုက်လုပ်ရင်း နေဖြစ်တာ၊ လုပ်တော့ ပင်ပန်းတော့ ပင်ပန်းတာပေါ့။ လုပ်ရင်းနဲ့ အဆင်ပြေသွားတယ်ဆိုတော့ ပျော်တာပေါ့။

ရပ်ကွက်အုပ်ချုပ်ရေးမှူးလုပ်မယ်ဆိုတော့ မိသားစုမိဘအသိုင်းအ၀ိုင်းက ဘယ်လိုတုံ့ပြန်လဲ။

မိဘရော၊ ဆွေမျိုးတွေရော၊ အစ်မတို့အမျိုးက စစ်မျိုးတွေ၊ အစ်မက အဖေကလည်း စစ်သားပဲလေ။ မိဘရော၊ ဆွေမျိုးရော၊ သားသမီးရော ဘယ်သူမှ သဘောမတူဘူး။ သမီးတွေဆို စကားများလို့ စိတ်တိုပြီး ရိုက်တာတွေ၊ ဘာတွေတောင်ရှိတယ်။ ဒါပေမဲ့ အခုကျတော့ တဖြည်းဖြည်းကြာလာချိန်မှာတော့ အစ်မက ဆုလည်းရတယ်ဆိုတော့ အရင်က ဒီလိုမျိုး မရှိခဲ့ဘူးလေ၊ ဂုဏ်ယူစရာဖြစ်တယ်ဆိုတာ သူတို့ ဘာသာသူတို့ သိလာတယ်။ နားလည်လာပြီးတော့ အခုဆို သူတို့က ကိုယ့်အ၀တ်အစားတွေတောင် လာယူပြီး လျှော်ပေးတယ်။ ထမင်းတွေချက်ပြီး ချိုင့်နဲ့ လာပို့တယ်။

အစ်မ ဆုရတယ်ဆိုတာ ဘယ်လုပ်ဆောင်ချက်မှာ ဘယ်လိုကြောင့်ဆုရခဲ့ပြီး ဘယ်အဖွဲ့အစည်း တွေကပေးတာလဲ။

ဆုရတာက ပိုင်းလော့ပရောဂျက်ဆိုပြီး ကင်းတွေစောင့်ရတယ်။ တလပဲ စောင့်ရတာကို အစ်မတို့က ကြိုပြီးစောင်ခဲ့တာ နှစ်လကြိုစောင့်ခဲ့တာလေ။ အစ်မ စတက်ကတည်းက ပိုင်းလော့ပရော့ဂျက်မပေါ်သေးဘူး။ ရဲတွေက ညဥ့်ဦးပိုင်း ညဥ့်နက်ပိုင်းမှာ ပိုင်းလော့ပရော့ဂျက်မပေါ်ခင်ကတည်းက လှည့်နေရတာလေ။ အဲဒါကို အစ်မက ညတိုင်းကင်းလှည့်လိုက်တယ်။ လိုက်တယ်ဆိုတာကလည်း လမ်းဘေးတွေမှာ အရက်သောက်တာတို့ဆိုတော့ ရဲတွေနဲ့ကျ တခါတလေ အဆင်မပြေတာရှိတယ်။ အဲလိုလိုက်ရင်းနဲ့ ဘာတွေ ဖြစ်လာလဲဆိုတော့ ခါးပိုက်နှိုက်တွေ၊ ဆိုင်ကယ်တွေနဲ့ လုပြေးတာတို့ များသောအားဖြင့် စက်မှုဇုန်မှာ ပေါတယ်။ လကုန်ရက်တွေမှာ ကလေးတွေက လစာထုတ် ပြီးပြီ။ အဲဒီအချိန်မှာ ဆိုင်ကယ်တွေနဲ့ ချောင်းစောင့်နေတယ်။ လုပြီး ထွက်ပြေးတယ်။ အစ်မက မိုးချုပ်ပြီ ၈ နာရီဆို ကလေးတွေ အလုပ်ဆင်းတဲ့အချိန်၊ အမှောင် ရိပ်ကသွားသွားချောင်းပြီး အဲဒါတွေကို ဖမ်းတာ။ ကလေးလေးတွေက လုခံရပြီဆို ရုံးလာတိုင်ရင် ငိုနေတာပဲ၊ စိတ်မကောင်းဘူးပေါ့။ သူတို့တလလုံးရှာထားတဲ့ ပိုက်ဆံကို လုခံရတာလေ။ အဲဒါတွေ ကြုံရတော့ အစ်မ အနေနဲ့ မှတ်တိုင်တွေမှာ လာစောင့်တယ်။ အလုပ်သမလေးတွေ ပြန်လာတယ်။ ဆိုင်ကယ်နဲ့ လုပြီး ထွက်ပြေးသွားတာတို့ရှိတော့ အစ်မက ကင်းလှည့်တယ်၊ လှည့်ရင်းနဲ့ ဆိုင်ကယ်နဲ့ လုတာ ကြုံသွားတယ်။

အဲဒီကြုံခဲ့ရတဲ့ဖြစ်စဉ်က ဆုရတာလေး ပြောပေးပါဦး။

ပိုင်းလော့ပရော့ဂျက် မတိုင်ခင်ကပေါ့။ ကလေးမလေးရဲ့အိတ်ကို ဆွဲလုပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်။ အဓိကတော့ ပြည်သူလည်းပါလို့ပေါ့။ ၀ဇီရာမှာရှိတဲ့ လူငယ်လေးတွေလည်း ကောင်းတာပေါ့။ ဆိုင်ကယ်နဲ့ လုပြီးထွက်ပြေးတဲ့ လူနှစ်ယောက်က ၀ဇီရာဆိုတဲ့လမ်းက ထွက်ပေါက်မရှိဘူး။ ထွက်သွားရင် ဟိုးဘက်ထိပ်က ချောင်းပဲရှိတာ။ ဘာထွက်ပေါက်မှ မရှိဘူး။ ဒါကို မသိတဲ့အခါကျတော့ အဲဒီဘက်ထွက်ပြေးတယ်။ အဲဒီခါကျတော့ ကာလသားတွေဝိုင်းလိုက်တယ်။ သူတို့က ပြန်ခုခံတယ်။ အဲဒီတော့ ၀ါးတုတ်နဲ့ ရိုက်ရတယ်။ ၂ ယောက်လုံးက ပြန်ခုခံတော့ ၂ ယောက်လုံးကို ရိုက်ရတယ်။ ပြီးတော့ ဖမ်းပြီး ရဲလက်ကို အပ်လိုက်တယ်။ လာလုတဲ့သူတွေက သာကေတဘက်ကလို့ သိရတယ်။ နေရာအတိအကျ မရှိဘူး။ အဲဒီလို လိုက်လုခံရတဲ့သူက ၀ဇီရာဘက်က ၀န်ထမ်းကောင်မလေးတွေ အဲဒီကနေဆုရတာ။

ဆုရတာ ဘယ်အဖွဲ့အစည်းက ပေးတာလဲ။

သူတို့ပြောတာကတော့ ဒီတခုတည်း ဆောင်ရွက်ချက်ကြောင့် မဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးတွေ အားလုံး ဥပမာ-ရပ်ကွက်အတွက်ဆို ရပ်ကွက်အတွက် ရေစီးရေလာကောင်းအောင်လုပ်တာတို့ ၊ အစ်မ မအုပ်ချုပ်ခင်က ဘယ်လိုအခြေအနေရှိတယ်။ အစ်မ အုပ်ချုပ်တော့ ဘယ်လိုအခြေအနေရှိတယ်။ ဒါလေးတွေကို ဆင်းပြီး လေ့လာတယ်။ အစ်မရဲ့ အခြေအနေက လာဘ်ပေးလာဘ်ယူရှိလား၊ ပြည်သူတွေကို အစ်မက အလုပ်မလုပ်ဘဲနဲ့နေလား စုံစမ်းပြီးတော့ ဘက်စုံပုံစံမျိုးနဲ့ပေးတာလို့ ပြောတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း ပေးတယ်။ နေပြည်တော်ရဲချုပ်ကလည်းပေးတယ်။ ဦးဖြိုးမင်းသိန်းလည်း ပေးတယ်။ သုံးဆုရတာ ၁-၁၀-၂၀၁၆ က ရတာပါ။

အဲဒီလို အစ်မရဲ့ဆောင်ရွက်ချက်တွေကြောင့် အစ်မတာဝန်ယူရတဲ့ ရပ်ကွက်မှာ မှုခင်းလျော့ကျသွားသလား။

လုံးဝမရှိတဲ့ပုံစံကို ဖြစ်သွားတယ်။ အရင်တုန်းကဆို ရိုက်မှုတွေ၊ လုယက်မှုတွေက အစ်မ ကင်း စောင့်နေတာသိတဲ့အခါကျတော့ ဆေးမှုဆိုလို့ရှိရင် ဆေးအရောင်းအ၀ယ်လုပ်တဲ့သူတွေက ညဘယ် နှနာရီဆိုဝင်တာ ရပ်ကွက်အ၀င်အထွက် ဒီအုပ်ချုပ်ရေးမှူးက အမြဲတမ်းကင်းလှည့်နေတာသိတော့ ဆေး အရောင်းအ၀ယ်သမားတွေလည်း မ၀င်တော့ဘူး။ ဒါတောင် နေ့ခင်းဘက်ကို ချောင်းသေးတယ်။ အစ်မ ကလည်း လုံးဝအလစ်မပေးဘူး။ နောက်ပြီး လမ်းဘေးမှာ မူးယစ်သောက်စားနေတဲ့ ကလေးတွေ ည ၁၂ နာရီ ထိုးထိ သောက်တယ်။ ဆေးလာပို့တဲ့သူက တနာရီ နှစ်နာရီလာပို့တယ်။ ဆေးတွေနဲ့ နှစ်ပင်လိမ်ပြီးတော့ ရိုက်ပွဲတွေဖြစ်ကြတာပေါ့။ အဲဒါတွေကို ကင်းလှည့်ရင်းနဲ့ ကလေးတွေကိုတွေ့ရင် မိခင်စိတ်နဲ့ သားတို့ ဒီလိုဖြစ်ရင် ဒီလိုရှိတယ်ပြောပြတယ်။ တချို့တွေကြတော့လည်း သားက ဒါလေးကုန်ရင် ပြန်မှာပါ။ တချို့ကြတော့လည်း ဂစ်တာလေးတီးရင်းနဲ့ ဒါလေးပြီးရင် ပြန်မှာပါ။ မူးလည်းမူးနေကြတာကိုး။ အန်တီနားထောင်ပေးမယ်ဆိုတော့ အမေသီချင်းတွေ ဘာတွေဆိုကြတယ်။ ပြီးသွားရင် သားဆိုတာ အရမ်း ကောင်းတယ်၊ ပြန်တော့နော်ဆို သူတို့ဘူးလေးတွေ ကစ အရက်ဘူးလေးတွေ သားအိမ်မှာပဲ သားသောက်ဆိုပြီး အိပ်ထဲထည့်ကောက်ပေးလိုက်တယ်။ နောက် သူတို့ကိုယ်တိုင် အားနာလာတယ်။ နောက် ကိုယ့်မြင်ရင် မလုပ်တော့ဘူး။ တဖြည်းဖြည်း အစ်မက ညဥ့် နက်ပိုင်း ကင်းလှည့်ရင်း သူတို့ပါလိုက်လာကြတယ်။ မသောက်ကြတော့ဘူး။

အစ်မက ဒီလိုမျိုးကိုယ်ရောစိတ်ရောနှစ်ပြီး ဆောင်ရွက်တော့ ဖြစ်ချင်တဲ့ဆန္ဒက ဘာရှိမလဲ။

ဖြစ်ချင်တဲ့ဆန္ဒက သမိုင်းပေါ့။ အစ်မတာဝန်ယူတဲ့အချိန် အုပ်ချုပ်တာမဟုတ်ပါဘူး။ အစ်မ တာဝန်ယူတဲ့ ငါးနှစ်တာကာလအတွင်းမှာ အစ်မရပ်ကွက်က ပြောင်းလဲသွားတာလေး လူတွေက ပြောင်းလဲချင်လို့ မဲပေးတာလေ။ အစ်မက မိန်းကလေးလည်းဖြစ်တယ်။ အစ်မရပ်ကွက်က ပြောင်းလဲသွားချင်တယ်။ ကောင်း သောပြောင်းလဲခြင်းပေါ့။ ဒါလေးကို သမိုင်းတခု လေး ဖြစ်ချင်တယ်။ ဒါကြောင့်မို့ အစ်မက ကိုယ့်ရပ်ကွက်မှာ ဘာတွေလိုလဲလိုက်ကြည့်တယ်။ အမြဲတမ်းလိုအပ်တာ လိုက်ကြည့်တယ်။

အစ်မက ရပ်ကွက်အတွင်းမှာ မိခင်စိတ်နဲ့ပဲ ဆောင်ရွက်တယ်ဆိုတော့ အစ်မလိုချင်တဲ့ လူမှုအသိုက်အ၀န်းက ဘယ်လိုပုံစံဖြစ်မလဲ။

အဓိက အစ်မဖြစ်ချင်တာတော့ စည်းကမ်းပေါ့။ အစ်မတို့ရပ်ကွက်က စော်ကားတာတော့ မဟုတ်ဘူး။ ဟိုးအရင်တုန်းက စည်းကမ်းမရှိခဲ့ဘူး။ အမှိုက်ပုံတွေကစ ညစ်ပတ်နေတာ အစ်မလက်ထက်မှာ ဘယ်နားမှ အမှိုက်ပုံမရှိတော့ဘူး။ အကုန်လိုက်ရှင်းတယ်။ စည်းကမ်းလေးရှိရမယ်။ ဥပဒေကိုသိရှိပြီး ဥပဒေ ဘောင်အတွင်းက လုပ်တတ်တဲ့အကျင့်လေးရှိရမယ်။ ဘယ်အလုပ်ပဲဖြစ်ဖြစ် သမ္မာအာဇီဝနဲ့ အလုပ်ကလေး တွေလုပ်ချင်အောင် ဟိုဆေးရောင်းမှ ဒီဆေးရောင်းမှ ထမင်းစားရတာမဟုတ်ဘူး။ နှစ်လုံးထိုးတာတို့၊ ဘော လုံးလောင်းတာတို့ ဒုစရိုက်အလုပ်လုပ်ချင်စိတ် မရှိအောင် စည်းကမ်းရှိအောင် ရပ်ကွက်မှာရှိတဲ့ကလေးတွေရဲ့ မိဘကစပြီး မိဘကောင်းမှ ကလေးကောင်းမှာလေ။ အဲဒါမျိုးလေးတွေ သိရှိနားလည်အောင် ဘာသာရေးဆိုရင်လည်း အစ်မတို့ရပ်ကွက်က ဘုန်းကြီးကျောင်း ၅၈ ကျောင်း ရှိတယ်။ ဘာသာရေး နဲ့ပတ်သက်ရင် ကလေးတွေ ဓမ္မစကူးလ်ရှိတယ်။ အဲဒါ တွေသွားတယ်။ ဓမ္မစကူးလ်ကျောင်းတက်ရင် တလ ပဲရှိလို့ အဲဒီတလပဲ ခေါင်းထဲမှာအသိဝင်ဖို့မဟုတ်ဘူး။ တလပြီးလို့ ဆင်းသွားရင် ကိုယ့်အိမ်မှာရှိတဲ့သူတွေကို ပြန့်ပွားလို့ရတယ်။ အလုပ်လုပ်ရင် အလုပ်လုပ်တဲ့နေရာမှာ ကိုယ့်ရဲ့ဓမ္မစကူးလ်က အသိလေးတွေ ပြန့် ပွားလို့ရတယ်။ အဲဒါမျိုးလေးတွေ အကုန်လုံးကို ဖြစ်စေချင်တယ်။

(ကိုခက်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


စမ်းချောင်းမြို့နယ်၊ မြေ/တောင်ရပ်ကွက်၊ ဓမ္မစေတီလမ်းမပေါ် ပြည်သူ့ရင်ပြင် ဝင်ပေါက်အနီးတွင် ဧပြီလ ၂၉ ရက် မွန်းလွဲပိုင်းက တစ်သောင်းတန် ငွေအတုများ လက်ဝယ် ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူများမှာ လှိုင်သာယာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းနေ အသက် ၂၄ နှစ် အရွယ် မိုးထက်အောင်(ခ) အောင်အောင် နှင့် မနီနီဝင်း (ခ) လှသဇင် (ခ) မီးမီးဖြစ်ပြီး အနက်/လိမ္မော်ရောင် လက်ဆွဲအိတ်အတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော တစ်သောင်းတန် ၄၂ ရွက်နှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ စမ်းချောင်း မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“လင်မယား နှစ်ဦးပါ၊ ငွေစက္ကူ အတုတွေနဲ့ ဈေးဝယ်နေတယ်ဆိုတာ သတင်းရလို့ စောင့်ဖမ်းတာ၊ ငွေစက္ကူ အတု၊ အစစ် ခွဲခြား သိနိုင်အောင် CID ကိုခေါ်ပြီး စစ်ဆေး အမှုဖွင့်ခဲ့တာပါ၊ သူတို့ ဘယ်ကနေ ဘယ်လိုရတယ် ဆိုတာတော့ စစ်ဆေးနေဆဲမို့ မသိရသေးပါဘူး”ဟု စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ငွေစက္ကူအတုများနှင့်အတူ ဖမ်းဆီးရရှိသူ နှစ်ဦးကို စမ်းချောင်းမြို့မ ရဲစခန်းမှ (ပ)၁၅၂/၁၇၊ ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် အရေးယူထားသည်။

အလားတူ မတ်လ ၂၉ ရက်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၄၇)ရပ်ကွက်၊ ရသာရုံလမ်းရှိ နေအိမ်တစ်လုံးတွင် ငွေစက္ကူအတု ကျပ်သိန်းပေါင်း ၁၃၀ဝ ကျော် တွေ့ရှိမှုနှင့်ပတ်သက်၍ စွန့်ပစ်သွားသူကို စုံစမ်းရှာဖွေနေဆဲ ဖြစ်ကြောင်း၊ ယင်းအိမ်အား ၂၀၁၆ ခုနှစ် နိုဝင်ဘာလခန့်မှ စတင်ပြီး အသက် ၂၇ နှစ်အရွယ် ကိုသိန်းကျော်ဆိုသူမှ တစ်လျှင် ရှစ်သောင်းကျပ်နှုန်းဖြင့် ငှားရမ်းနေထိုင်ခဲ့ပြီး ယခုနှစ်၊ ဖေဖော်ဝါရီလခန့်ကနေ အိမ်အနီးတွင် နေထိုင်သူများအား နှုတ်ဆက်ပြီး ဆင်းသွားရာ အိမ်ရှင်မှ သန့်ရှင်းရေး လာရောက်လုပ်ကိုင်စဉ် ယင်းငွေစက္ကူ အတုများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
The Voice

ဗြိတိန်လက်ဝှေ့ကစားသမား အန်တိုနီ ဂျိုရွှာသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဝင်ဘလေ ဘောလုံးကွင်းကြီး၌ ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်းတစ်ဦးဖြစ်သူ ယူကရိန်း လက်ဝှေ့ကစားသမား ဝလာဒီမာ ကလစ်ရှ်ကိုနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ပွဲစဉ်တွင် အလဲထိုးရလဒ်ဖြင့် အနိုင်ယူကာ ကမ္ဘာ့ဟဲဗီးဝိတ်တန်း၏ ချန်ပီယံသစ်အဖြစ် ရပ်တည်လိုက်နိုင်ပြီ ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

အသက် ၂၇ နှစ် အရွယ်ရှိ ဂျိုရွှာသည် ယခုပွဲစဉ်တွင် ၎င်းဆွတ်ခူးရရှိထားသော IBF ဟဲဗီးဝိတ်တန်း ချန်ပီယံရွှေခါးပတ်ကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ခြင်းနှင့်အတူ WBA နှင့် IBO ဟဲဗီးဝိတ်တန်း ချန်ပီယံ ရွှေခါးပတ်များကိုလည်း ထပ်မံပိုင်ဆိုင်ခွင့် ရသွားခဲ့ပြီး ၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ပွဲစဉ် ၁၉ ပွဲလုံးကို အလဲထိုးရလဒ်ဖြင့် အနိုင်ရယူနိုင်ခဲ့သော စံချိန်တစ်ခုကိုပါ ဂျိုရွှာက တင်ရှိသွားနိုင်ခဲ့သည်။

ဂျိုရွှာနှင့် ကလစ်ရှ်ကိုတို့သည် ပွဲအစ ပထမပွဲချီနှင့် ဒုတိယပွဲချီတို့တွင် တစ်ဦးကိုတစ်ဦး အကဲစမ်းသည့် သဘောမျိုးသာ ထိုးသတ်ခဲ့ကြပြီး တတိယမြောက်ပွဲချီသို့ အရောက်တွင်မှ ဂျိုရွှာက တွဲလုံးလက်သီးများ ပစ်လွှတ်၍ ပွဲအရှိန်ကို မြှင့်တင်ပစ်လိုက်ခြင်း ဖြစ်သည်။

အသက် ၄၁ နှစ် အရွယ်ရှိ ကလစ်ရှ်ကိုသည် စတုတ္ထမြောက်ပွဲချီနှင့် ပဉ္စမမြောက်ပွဲချီများသို့ အရောက်တွင် ဂျိုရွှာကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီး ကလစ်ရှ်ကို၏ ပြင်းထန်အားပါသော လက်သီးချက်အချို့ကြောင့် ဂျိုရွှာမှာ လွန်စွာ အခက်တွေ့သွားခဲ့ရသည်။

ကလစ်ရှ်ကိုသည် ဆဋ္ဌမမြောက်ပွဲချီတွင် ဂျိုရွှာကို ကြိုးဝိုင်းကြမ်းပြင်ထက်သို့ လဲကျသွားသည်အထိ ဖိအားပေး ထိုးသတ်နိုင်ခဲ့ပြီး ဂျိုရွှာမှာ ၎င်း၏ ပရော်ဖက်ရှင်နယ် လက်ဝှေ့ကစားသမားဘဝ ဖြတ်သန်းမှု ပွဲစဉ်ပေါင်း ၁၉ ပွဲ အတွင်း ပထမဆုံးအကြိမ်အဖြစ် လက်ဝှေ့ကြမ်းပြင်ထက်သို့ လဲကျသွားသည့် အခြေအနေကို ရင်ဆိုင်လိုက်ရခြင်းပင် ဖြစ်သည်။

ဂျိုရွှာသည် ကြိုးဝိုင်းဒိုင်လူကြီး၏ အမှတ်စဉ်ရေတွက်မှုကို ခံယူအပြီးတွင် ပြိုင်ပွဲဆက်လက်ယှဉ်ပြိုင် ထိုးသတ်ရန် လဲကျနေရာမှနေ၍ ပြန်ထလာခဲ့ပြီး ယင်းနောက်ပိုင်း ပွဲချီများတွင်မူ ကလစ်ရှ်ကိုက ဂျိုရွှာကို အလဲထိုးဖြင့် ပွဲဖြတ်နိုင်ရေးထက် နောက်ဆုံးပွဲချီတိုင်သည်အထိ ဆွဲခေါ်ကာ အမှတ်ဆုံးဖြတ်ချက်ဖြင့် အနိုင်ယူနိုင်ရေးကို ဦးတည်သွားခဲ့ခြင်းကြောင်း ပြိုင်ပွဲမှာ အနည်းငယ် အရှိန်ပြန်လျော့သွားခဲ့သည်။

ဂျိုရွာသည် ၁၀ ချီမြောက်နှင့် ၁၁ ချီမြောက်တို့တွင် ကလစ်ရှ်ကိုကို အလဲထိုးနိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းလာခဲ့ပြီး ပွဲချီ ၁၁ ချီမြောက်၏ ထိုးသတ်ချိန် ၂ မိနစ်နှင့် ၂၅ စက္ကန့်သို့အရောက်တွင် ဂျိုရွှာ၏ ဘယ်ဖြောင့်လက်သီး ထိမှန်ချက်ကြောင့် ကလစ်ရှ်ကိုမှာ ကြိုးဝိုင်းကြမ်းပြင်ထက်သို့ လဲကျသွားခဲ့ရသည်။

ကြိုးဝိုင်းဒိုင်လူကြီးသည် ကလစ်ရှ်ကိုကို စစ်ဆေးအပြီးတွင် ပွဲကိုရပ်နားရန် ဆုံးဖြတ်လိုက်သည့်အတွက် ဂျိုရွှာက အလဲထိုးအနိုင်ရလဒ်ဖြင့် ကမ္ဘာ့ဟဲဗီးဝိတ်တန်း၏ ချန်ပီယံသစ်ဖြစ်ခွင့် ရသွားခဲ့ကာ ပွဲရပ်နားလိုက်ချိန်တွင် အမှတ်ပေးဒိုင်လူကြီး သုံးဦးအနက် နှစ်ဦးက ဂျိုရွှာကို ၉၆-၉၃၊ ၉၅-၉၃ တို့ဖြင့် အနိုင်ပေးထားပြီလည်း ဖြစ်သည်။

ဂျိုရွှာနှင့် ကလစ်ရှ်ကိုတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ပွဲစဉ်ကို ဝင်ဘလေ ဘောလုံးကွင်းသို့ ပရိသတ် ကိုးသောင်းအပြည့် တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ယင်းပွဲစဉ်ကို နိုင်ငံတကာ ရုပ်သံမီဒီယာများကလည်း နိုင်ငံပေါင်း ၁၄၀ သို့ တိုက်ရိုက်ထုတ်လွှင့် ပြသပေးခဲ့သည်။
The Voice


ရန်ကုန်မြို့တော်အတွင်း ပြေးဆွဲမည့် Water Taxi (အမြန်ရေကြောင်း တက္ကစီ) လက်မှတ်တစ်စောင်လျှင် ကျပ် ၅၀ဝ အောက်သာ ကောက်ခံမည်ဖြစ်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီလီမိတက်ထံမှ သိရသည်။

“သေချာတာကတော့ ၅၀ဝ ထက် မကျော်ဘူး။ အဲဒါကိုတော့ လုံးဝ အာမခံတယ်။ အဲဒီအောက်မှာပဲ ရှိမယ်။ ခရီး အကွာအဝေးအလိုက် သက်သာတဲ့နှုန်း သတ်မှတ်ပေးဖို့တော့ ရှိတယ်။ ၅၀ဝ ဆိုတာကတော့ နောက်ဆုံး အခြေအနေပေါ့”ဟု တင့်တင့်မြန်မာ ကုမ္ပဏီလီမိတက် စီမံကိန်းမန်နေဂျာ ဦးထွန်းနိုင်လင်းက ပြောကြားသည်။

ရေကြောင်းတက္ကစီ လက်မှတ်ခ ဈေးနှုန်းများကို ခရီးစဉ် အပိုင်းအလိုက် သတ်မှတ်မည်ဖြစ်ရာ လတ်တလော လျာထားချက်အရ ခရီးစဉ် အစအဆုံးအတွက် လက်မှတ်တစ်စောင်လျှင် ကျပ် ၅၀ဝ ထက် မပိုသောနှုန်း သတ်မှတ်ရန် ပြင်ဆင်နေကြောင်း ၎င်းက ရှင်းပြသည်။

ပထမအဆင့် အနေနှင့် လှိုင်မြစ်အတွင်း စတင် ပြေးဆွဲမည်ဖြစ်ပြီး နောက်ပိုင်းတွင် ငမိုးရိပ်ချောင်း စသည်ဖြင့် အဆင့်ဆင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တစ်ရက်တာ ပြေးဆွဲမည့် ယာဉ်အစီးရေနှင့်ဆတူ အရန်ရေယာဉ်များ ထားရှိမည်ဖြစ်ကြောင်းလည်း တင့်တင့်မြန်မာကုမ္ပဏီလီမိတက်ထံမှ ထပ်မံ သိရသည်။

“ဆယ်စီးဆွဲမယ်ဆိုရင် သေချာတယ် ဆယ်စီးထက် မနည်းတဲ့ယာဉ်ကို အရန်ထားမယ်။ တချို့နေရာမှာ ခရီးသည် ပုံ လာနိုင်တာတွေရှိမယ်။ အဲဒီနေရာကို အရန်ယာဉ်တွေနဲ့ ပြေးဆွဲပေးမှာပါ”ဟု ဦးထွန်းနိုင်လင်းက ထပ်လောင်း ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှု၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ရေယာဉ်ဆိုက်ကပ်မည့် ဆိပ်ခံများကို စစ်ဆေးမည်ဖြစ်ကြောင်း၊ ယင်းသို့စစ်ဆေးပြီးမှသာ Water Taxi ပြေးဆွဲမည့်ရက် သတ်မှတ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။

“ရက်က အရမ်း ကပ်နေပြီဆိုတာ သိပါတယ်။ ဒါပေမဲ့ စပြေးရမဲ့ရက်ကို ဝန်ကြီးချုပ်က သတ်မှတ်ပေးမှာပါ။ သူကိုယ်တိုင် ညွန်ကြားချက် ပေးမယ်လို့ ပြောထားတယ်။ ကျွန်တော်တို့ဘက်က အကောင်းဆုံးဖြစ်အောင် လိုက်လုပ်မှာပါ”ဟု ဦးထွန်းနိုင်လင်းက ဆက်လက် ပြောဆိုသည်။

လက်ရှိ အခြေအနေအရ ပြည်ပ နိုင်ငံများကဲ့သို့ မိုးပျံရထား မရှိခြင်းကြောင့် ပြည်သူများအနေနှင့် ဘတ်စ်ကားကိုသာ အားပြုရဦးမည်ဖြစ်ကြောင်း၊ ယင်း ကြောင့် YBS ဝန်ဆောင်မှု မြှင့်တင်မည်ဖြစ်ကြောင်း ဧပြီလ ၂၇ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွင် လျှပ်စစ်၊ စက်မှု၊ ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

Water taxi ပြေးဆွဲမည့်သင်္ဘောများကို ဩစတေးလျ၊ ဂျော်ဒန်၊ ထိုင်းနိုင်ငံတို့မှ ဝယ်ယူထားခြင်းဖြစ်ပြီး ပထမအဆင့် (Face-1) အဖြစ် သင်္ဘော ၂၅ စင်းမှ ၃၅ စင်အကြား ဝယ်ယူထားကြောင်း တင့်တင့် မြန်မာကုမ္ပဏီလီမိတက်ထံမှ ထပ်မံသိရသည်။

ရေကြောင်းခရီးစဉ် ပြေးဆွဲမည့် လမ်းကြောင်း အနေဖြင့် ရန်ကုန်မြစ်နှင့် လှိုင်မြစ်ကြောင်းရှိ လှိုင်သာယာမှ ပန်းဆိုးတန်းအထိ ဆိပ်ကမ်း ခုနစ်ခု၊ ငမိုးရိပ်ချောင်း တစ်လျှောက်ရှိ ဒဂုံမြို့သစ် မြောက်ပိုင်းမှ ညောင်တန်းအထိ ဆိပ်ကမ်း ၁၁ ခု လျာထားပြီး ခရီးသည် ၅၀ မှ ၁၀ဝ ကြား တင်ဆောင်နိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ ထပ်မံသိရသည်။

ရေကြောင်းတက္ကစီ ပြေးဆွဲခြင်းလုပ်ငန်း လုပ်ကိုင်နိုင်ရန် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က လုပ်ငန်းတင်ဒါ ခေါ်ယူခဲ့ရာ လျှောက်ထားသည့်ကုမ္ပဏီ ၄၀ ကျော်အနက် ပြည်တွင်းကုမ္ပဏီနှစ်ခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာတွင် တင့်တင့်မြန်မာကုမ္ပဏီက တင်ဒါ အောင်မြင်ခဲ့သည်။

=============
The Voice



ကိုယ်ပိုင် ဂြိုဟ်တု စံနစ် ပိုင်ဆိုင်ဖို့ ကြိုးစားလာ
မြန်မာ နိုင်ငံ အနေနဲ့ ကိုယ်ပိုင် ဂြိုဟ်တု စံနစ် ထားရှိ ပိုင်ဆိုင်ဖို့ စီစဉ် နေတယ် လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောလာပါတယ်။

ဒီလို ဂြိုဟ်တု စံနစ် ပိုင်ဆိုင် နိုင်ရေး အတွက် ဒုတိယ သမ္မတ တစ်ယောက် ဦးဆောင်တဲ့ ကော်မတီ တစ်ရပ် ဖွဲ့လိုက်တယ် ဆိုပြီး အစိုးရ သတင်းစာမှာ ဖော်ပြထားပါတယ်။

အဲဒီ ကော်မတီဟာ နိုင်ငံတကာ ဆက်သွယ်ရေး အဖွဲ့ ITU လို အဖွဲ့မျိုးတွေ အပါအဝင် တခြား သက်ဆိုင်တဲ့ အဖွဲ့တွေနဲ့ကြား ချိတ်ဆက်ပြီး မြန်မာ အာကာသ အေဂျင်စီ ဆိုတဲ့ အဖွဲ့ တည်ထောင် နိုင်ဖို့ ပြုလုပ် သွားမယ်လို့ ဆိုပါတယ်။

ဂြိုဟ်တု စံနစ် ထားရှိရေး စီမံကိန်းကို ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်ထဲ အကောင်အထည် ဖော်မယ်လို့ ဆိုတဲ့ အတွက် အနည်းဆုံး ၂ နှစ် လောက် အချိန်ယူ ပြင်ဆင်မယ့် အနေအထား ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ ဘဏ်စနစ် အပါအဝင်၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်း၊ ဓာတ်သတ္တု တူးဖော်တဲ့ လုပ်ငန်းနဲ့ ပညာရေး တို့လို ကဏ္ဍ တွေမှာ ဂြိုဟ်တုတွေကို အသုံးချ ဆက်သွယ် နေတာတွေ တိုးမြင့် လာနေပြီး၊ အဲဒီ ဂြိုဟ်တုတွေကို ငှားရမ်း သုံးစွဲ နေရတာ ဖြစ်ပါတယ်။

ကိုယ်ပိုင် ဆက်သွယ်ရေး ဂြိုဟ်တု စံနစ်သာ ရှိလာခဲ့ရင် ကုန်းပိုင်းရော၊ ရေပိုင်းပါ မကျန် ဝေးလံ ခေါင်သီတဲ့ အရပ် ဒေသတွေမှာပါ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနိုင် လာမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese



အကြိမ် ၃၀ မြောက် အာဆီယံထိပ်သီး အစည်းအဝေး
အကြိမ် ၃၀ မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံမှာ ပြုလုပ်ခဲ့ရာမှာ ဧပြီလ ၂၉ ရက်နေ့မှာတော့ အာဆီယံ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပါတယ်။

အခု အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အဓိက လွှမ်းမိုးခဲ့တဲ့ အကြောင်းအရာတွေကတော့ မြောက်ကိုရီးယား နျူးကလီးယားအရေး၊ တောင်တရုတ်ပင်လယ် အတွင်း ပင်လယ်ပိုင်နက် အငြင်းပွားမှု အရေးနဲ့ အာဆီယံဒေတွင်း နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုကိစ္စတွေဖြစ်ပါတယ်။

အာဆီယံရဲ့ ဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတ ဒူတာတေးက အမေရိကန် ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားတို့အကြား တင်းမာနေတဲ့ နျူးကလီးယား ပြဿနာနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ရာမှာ "အမေရိကန်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံဟာ သူတို့မှာရှိတဲ့ ကစားစရာ အရုပ်တွေနဲ့ ဆော့နေကြတယ်။ ဒါပေမယ့် သူတို့ကစားတဲ့ အရုပ်တွေဟာ အများပြည်သူကို စိတ်ဖျော်ဖြေမှု ပေးနိုင်တဲ့ အရုပ်တွေလည်း မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ လူတိုင်းကို သတိထားရပါလိမ့်မယ်။ ဒီပါဝါကစားသမားနှစ်ယောက်ကိုတင်မကဘဲ သူတို့ကို အကြံပေးနေတဲ့ နိုင်ငံတွေကိုပါ သတိထားရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ နျူးကလီးယားထိပ်ဖူးတွေရှိတဲ့ လူတွေမို့ပါပဲ" လို့ ပြောပါတယ်။

ဒါ့အပြင် "တကယ်တန်းခံရရင် အရှေ့တောင် အာရှနိုင်ငံတွေ အားလုံးလည်း ခံစားကြရမှာ ဖြစ်တယ်။ အရှေ့တောင်အာရှ ဆင်းရဲသားနိုင်ငံတွေက ပိုခံရလိမ့်မယ်" လို့လည်း သူက သတိပေးသွားပါတယ်။

ဒီလို အချိန်မျိုးမှာ ညီညွတ်ရေးဟာ အရေးကြီးတယ်လို့လည်း သူကဆိုပါတယ်။

"သေနင်္ဂဗျူဟာဆိုင်ရာ ပထဝီနိုင်ငံရေးဆိုင်ရာ စိမ်ခေါ်မှုတွေကို အခုလို ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာ အစဉ်အလာမဟုတ်တဲ့ လုံခြုံရေးပြဿနာတွေ တိုးပွားပေါ်ပေါက်နေပါတယ်။ အဲဒီအန္တရာယ်တွေကို ကျော်လွှားနိုင်ဖို့ရာအတွက် အာရှဟာ ဘက်ပေါင်းစုံက စည်းလုံးညီညွတ်နေဖို့ လိုပါတယ်"လို့ ပြောသွားတာဖြစ်ပါတယ်။

ဒီအာဆီယံထိပ်သီး အစည်းအဝေးအပြီးမှာ တရုတ်ရဲ့ ကျွန်းတုတွေကိစ္စနဲ့ တရုတ်ရဲ့ စစ်ရေးအင်အားတိုးချဲ့ထူထောင်နေတဲ့ကိစ္စတွေကို အာဆီယံထိပ်သီးတွေရဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြဖို့ ထည့်သွင်းထားတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားခဲ့ပါတယ်။ သူတို့ဟာ ကြေညာချက်မူကြမ်းကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

ဒါပေမယ့် တရုတ်သံအမတ်က အဲဒီအချက်တွေကို ဖယ်ရှားပေးဖို့ စည်းရုံးပြောဆိုနေတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။

အခုအာဆီယံထိပ်သီးအစည်းအဝေးပြီးရင် စနေနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်မယ်လို့လည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်က ကြိုတင်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် မနေ့က စနေနေ့မှာ ပူးတွဲကြေညာချက် ထွက်ပေါ်မလာခဲ့ပါဘူး။ တရုတ်နဲ့ ပတ်သက်ပြီး အာဆီယံထိပ်သီးခေါင်းဆောင်တွေအကြားမှာ သဘောတူညီမှုရခဲ့ကြပုံ မပေါ်ဘူးလို့လည်း နိုင်ငံတကာသတင်းစာတွေမှာ ရေးသားကြပါတယ်။

ဒီအာဆီယံ အစည်းအဝေးကို ကန့်ကွက်ဆန္ဒပြသူတွေလည်း ရှိခဲ့ကြပါတယ်။

အာဆီယံထိပ်သီးခေါင်းဆောင်တွေဟာ အာဆီယံနိုင်ငံတွေမှာ ရင်ဆိုင်နေကြရတဲ့ ဆင်းရဲမွဲတေမှုကျယ်ပြန့်တိုးပွားလာတဲ့ အကြောင်းကို မဆွေးနွေးကြပဲ စီးပွားရေး လုပ်ငန်းကြီးတွေ အတွက် နိုင်ငံပေါင်းစုံကော်ပိုရေးရှင်းကြီးတွေ အတွက်ပဲ ဆွေးနွေးနေကြတယ်ဆိုပြီး ကန့်ကွက်ဆန္ဒပြကြတာဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


မြဝတီ ဧပြီ ၂၉

မြဝတီမြို့တွင်အလုပ်ရှင်နှင့် တစ်ယောက်တစ်ခွန်းစကားများစဉ် အလုပ်သမား ဖြစ်သူက ဓားဖြင့်ထိုးထွက်ပြေးသွားမှုတွင် ပြစ်မှုကျူးလွန်သူကို မြဝတီမြို့မ ရဲစခန်း နယ်ထိန်းတပ်ဖွဲ့ဝင်များက နာရီဝက်အတွင်း ပိတ်ဆို့ဖမ်းဆီးရမိခဲ့ သည်။

ဆေးရုံပို့ဆောင်စဉ် သေဆုံး

ဧပြီ ၂၉ရက် နံနက် ၈နာရီခန့်ကအိမ်အမှတ်(၈/၆၃)မဟူရာလမ်း အမှတ်(၂) ရပ်ကွက် မြဝတီမြို့၌ ဓားထိုးမှုဖြစ်ပွား ကြောင်းသတင်းအရ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်နိုင်စိုးဦးစီးအဖွဲ့သွားရောက်စုံစမ်းခဲ့ရာ ဒဏ်ရာရရှိသူမှာ ဇော်မင်းထွန်း (ခ)ရှောင်တိ (၃၇နှစ်) ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူဖြစ်ကြောင်းသိရပြီး ဒဏ်ရာများ အား စစ်ဆေးရာ နောက်ကျောတွင် ဒဏ်ရာများရရှိခဲ့သဖြင့် မြဝတီခရိုင်ဆေးရုံ ကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။


ဖော်ထုတ်ဖမ်းဆီး

ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာ ဇော်မင်းထွန်း(ခ)ရှောင်တိမှာ ငွေ လွှဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး¤င်း၏အလုပ်သမားဖြစ်သူ သီဟဇော်က ဓားဖြင့် ထိုးသွားခြင်းဖြစ်ကြောင်းသိရပြီး ပြစ်မှုကျူးလွန်သူမှာ အခင်းဖြစ်နေရာမှ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် အဖွဲ့များ ခွဲကာ ပိတ်ဆို့ဖမ်းဆီးရာမှ အခင်းဖြစ်ပြီး မိနစ် ၂ဝ အကြာ ည ၈နာရီမိနစ် ၂ဝ တွင်ပြစ်မှုကျူးလွန်သူ သီဟဇော် (၁၉နှစ်)ကို မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ညဈေးတွင် ဖမ်းဆီးရမိခဲ့သည်။

သီဟဇော်အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုးသွား ၁၄ လက်မခန့်ရှိ စတီးဓားဦးချွန်တစ်ချောင်း (အရိုးကျွတ်နေ)ကို ရှာဖွေပုံစံ ဖြင့် သိမ်းဆည်းခဲ့ပြီး မြဝတီမြို့မရဲစခန်းက စစ်ဆေးလျက်ရှိကြောင်း သိရ သည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
ဓါတ်ပုံ - Police Myawaddy
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS


အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ် ဒက်စ်မွိုက်မြို့၌ ဖြစ်ပွားခဲ့သည့် လုယက်မှုတွင် ဒုက္ခသည်အဖြစ် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းအခြေချနေထိုင်သည့် မြန်မာအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း Desmoinesregister သတင်းဌာနက ဖော်ပြခဲ့သည်။

အသက် ၄၁ နှစ်အရွယ်ရှိ စတီဖင်ကင်ဆိုသူ မြန်မာအမျိုးသားသည် ဧပြီ ၂၁ ရက်က ၎င်း၏ကလေးသုံးဦးနှင့်အတူ ဇနီးဖြစ်သူအား ကားပေါ်တွင် စောင့်ဆိုင်းနေစဉ် လူလေးဦးရောက်ရှိလာပြီး လုယက်မှုဖြစ်ပွားခဲ့ကာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒက်စ်မွိုင်မြို့ ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရဲတပ်ကြပ်ကြီး Paul Parizek ကပြောကြားသည်။

“လူဆိုးတွေက ကင်ကိုသူ့ကလေးသုံးယောက်ရှေ့မှာ သေနတ်နဲ့ပစ်ခဲ့တာပါ။ သူတို့ဟာ ရိုးသားတဲ့ သာမန်အရပ်သားတွေပါ။ သူတို့မှာ ဘာအပြစ်မှမရှိပါဘူး။ ကျူးလွန်တဲ့သူတွေ အနေနဲ့ သူတို့မိသားစုမှာလည်း ဒါမျိုးပြန်ကြုံတွေ့မှာပါပဲ” ဟု ရဲတပ်ကြပ်ကြီး Paul Parizek ကပြောကြားသည်။

ထို့ပြင် အဆိုပါမှုခင်းဖြစ်ရပ်တွင် မျက်မြင်သက်သေမရှိဘဲ မုန်းတီးစရာမှုခင်း ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ရဲတပ်ကြပ်ကြီး Paul Parizek ကဆက်လက်ပြောကြားသည်။

သေဆုံးခဲ့သူ စတီဖင်ကင်တွင် ဇနီးဖြစ်သူ အက်စ်တာကင်နှင့် အသက်ရှစ်နှစ်၊ ခြောက်နှစ်နှင့် လေးနှစ်အရွယ် သားသုံးဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
Desmoinesregister သတင်းတွင် ဖော်ပြမှုအရ စတီဖင်ကင်တို့ လင်မယားသည် မြန်မာနိုင်ငံ ချင်းပြည်နယ်မှ ဇိုမီးတိုင်းရင်းသားများဖြစ်ပြီး ရွှေ့ပြောင်းအခြေစိုက် ဒုက္ခသည်များအဖြစ် အမေရိကန် ပြည်ထောင်စုသို့ ၂၀၀၉ ခုနှစ်ကတည်းက ရောက်ရှိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စတီဖင်ကင်တို့ လင်မယားသည် မလေးရှားနိုင်ငံတွင် ဦးစွာနေထိုင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံတွင်းရှိ ဇိုမီတိုင်းရင်းသား အဖွဲ့အစည်း၏ မှတ်ပုံတင်ထားရှိမှုနှင့် ထောက်ခံချက်များကြောင့် အမေရိကန်နိုင်ငံတွင် ခိုလှုံခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စတီဖင်ကင်သည် မိသားစုအတွက်သာမက အမေရိကန်ရှိ မြန်မာအဖွဲ့အစည်းများ အတွက်ပါ ကူညီတတ်သူတစ်ဦးဖြစ်ကြောင်း ဒုက္ခသည်ဦးဆောင်မှု စည်းရုံးရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Henny Ohr ကပြောကြားသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး စတီဖင်ကင်၏ ဇနီးဖြစ်သူ အက်စ်တာကင်ကို Desmoinesregister သတင်းဌာနက အင်တာဗျူး သွားရောက်ပြုလုပ်ခဲ့ရာ ၎င်းတို့လိုဖြစ်ရပ်မျိုးကို အခြားလူများ မဖြစ်ပွားစေရန် ဆုတောင်းကြောင်းနှင့် ကလေးများသည် ငယ်ရွယ်သောကြောင့် ၎င်းတို့၏ဖခင် အသတ်ခံရသည့်ဖြစ်ရပ်ကို သိနားလည်ခြင်းမရှိဘဲ ဖခင်ဖြစ်သူအား မေးမြန်းနေကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။

ကင်သေဆုံးမှုကြောင့် ဒက်စ်မွိုက်စ်မြို့ရှိ မြန်မာလူ့အဖွဲ့အစည်းအတွင်း ရိုက်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး စိုးရိမ်ထိတ်လန့်စရာဖြစ်ကြောင်းနှင့် ရေရှည်လုံခြုံမှုနှင့် အနာဂတ်အတွက်ပါ စဉ်းစားစရာ ဖြစ်ပေါ်ခဲ့ကြောင်း ဒုက္ခသည်ဦးဆောင်မှု စည်းရုံးရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Jenny Ohr ကပြောကြားသည်။
စတီဖင်ကင်သည် အလုပ်ကြိုးစားသည့် ဖခင်တစ်ဦးဖြစ်ပြီး ထိုင်းနှင့် ဂျပန်စားသောက်ဆိုင် တစ်ဆိုင်တွင် ဧည့်ကြိုအလုပ်နှင့် ဘားဆိုင်တစ်ဆိုင်တွင်လည်း ဘားမန်းအဖြစ် လုပ်ကိုင်ကာ အလုပ်နှစ်ခုလုပ်ကိုင်ကြောင်း Desmoinesregister သတင်းတွင် ဖော်ပြခဲ့သည်။

=============

Eleven Media Group


လေယာဉ်ပေါ်က ဆွဲချခဲ့တဲ့ ခရီးသည် ဒေးဗစ် ဒါအိုရဲ့ ရှေ့နေက အမေရိကန်လေကြောင်းလိုင်း ဆီကနေ လျော်ကြေးရခဲ့ပြီလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ လဆန်းပိုင်းက ဒေးဗစ်ဒေါင်ကို အမေရိကန်လေကြောင်းလိုင်း လေယာဉ်ပေါ်ကနေဆွဲချခဲ့တဲ့ ဗွီဒီယိုဖိုင် အင်တာနက်ပေါ် ပျံ့နှံ့ခဲ့ပြီးနောက် နိုင်ငံတကာက ဒေါသတကြီးတုံ့ပြန်မှုတွေ ရှိခဲ့ပါတယ်။

ဒေးဗစ် ဒါအို က အဲဒီအတွက် အမေရိကန်လေကြောင်းလိုင်းကို တရားစွဲဆိုခဲ့တာဖြစ်ပြီး လျော်ကြေး ဘယ်လောက်ရတယ်ဆိုတာကိုတော့ မပြောခဲ့ပါဘူး။

အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ဗီယက်နမ် လူမျိုးဆရာဝန် ဒေါက်တာ ဒေးဗစ်ဒါအို ဟာ O’Hare နိုင်ငံတကာလေဆိပ်မှာ Louisville ကို သွားမယ့် လေယာဉ်ပေါ်ကနေ လေကြောင်းရဲအရာရှိတွေ ဆွဲချတာခံခဲ့ရပြီးနောက် ဆေးရုံမှာ ကုသမှုခံယူခဲ့ရပါတယ်။

လျော်ကြေးငွေရရှိပြီးကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ ဒေါက်တာ ဒေးဗစ်ဒါအို ရဲ့ရှေ့နေက “လေယာဉ်နံပါတ် ၃၄၁၁ ပေါ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အတွက် အမေရိကန်လေကြောင်းလိုင်းက ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ အပြစ်မတင်ဘဲ အပြည့်အဝ တာဝန်ယူခဲ့ပါတယ်” လို့ပြောခဲ့ပါတယ်။

အမေရိကန်လေကြောင်းလိုင်းကလည်း “လေယာဉ်နံပါတ် ၃၄၁၁ ပေါ်မှာဖြစ်ခဲ့တဲ့ ကုမ္ပဏီနဲ့ ဒေါက်တာ ဒေးဗစ်ဒါအို ကြားက မကျေလည်မှုကို ပြေပြေလည်လည် ဖြေရှင်းနိုင်ခဲ့ပါပြီ” လို့ ပြောခဲ့ပါတယ်။

“ကြေညာခဲ့တဲ့အတိုင်း ကျနော်တို့ ခရီးသည်တွေအပေါ် အလေးထားဂရုစိုက်မှုတွေ အရင်ကထက် ပိုပြီးဆောင်ရွက်သွားမယ်” လို့ အမေရိကန်လေကြောင်းလိုင်းက ပြောခဲ့တယ်လို့ သိရပါတယ်။
DVB TV News


ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အကြိမ် ၃၀မြောက် အာဆီယံထိပ်သီးစည်းဝေးပွဲ တက်ရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညပိုင်းက ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံထိပ်သီးအစည်းအဝေးရဲ့ သီးသန့်အစည်းအဝေး၊ အာဆီယံနိုင်ငံ ခေါင်းဆောင်၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် အာဆီယံ ပါလီမန် ညီလာခံကိုယ်စားလှယ်များ၊ အာဆီယံလူငယ် ကိုယ်စားလှယ်များနှင့် မျက်နှာစုံညီတွေ့ဆုံပွဲများ၊ မျက်နှာစုံညီ အစည်းအဝေးများကို တက်ရောက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိလစ်ပိုင်ခရီးအတွင်း ဗီယက်နမ်ဝန်ကြီးချုပ်၊ အင်ဒိုနီးရှာသမ္မတနဲ့ ဘရူနိုင်းဘုရင်တို့နဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အင်ဒိုနီးရှားသမ္မတ မစ္စတာ ဂျိုကို ၀ီဒိုဒိုနဲ့ တွေ့ဆုံရာမှာ ရခိုင်အရေးကိစ္စ ဆွေးနွေးခဲ့ကြတယ်လို့လည်း နိုင်ငံခြားရေးသတင်းမှာ ဖော်ပြပါတယ်။

အာဆီယံထိပ်သီးစည်းဝေးပွဲအပြီး ခုချိန်ထိ ကြေညာချက် တစုံတရာ ထွက်ပေါ် မလာသေးဘဲ တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးမှုမှာ တရုတ်ရဲ့ ကန့်ကွက်မှုရှိခဲ့တယ်လို့ သတင်းထွက်နေပါတယ်။
DVB TV News


ကလေးမြို့နယ် နတ်ချောင်းကျေးရွာအုပ်စု ချောင်းခွကျေးရွာမှာနေတဲ့ လင်းမယား နှစ်ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်စုက ဧပြီ ၂၈ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးလိုက်ပါတယ်။

“ပထမ ချောင်းခွရွာက လူကုန်ကူးခံရတဲ့ မိသားစုဝင်အချို့ဆီက အကြောင်းသိရလို့ အဲ့ဒီချောင်းခွကို သွားစုံစမ်းတယ်။ အဲ့ဒီမှာ ချောင်းခွရွာက လူကုန်ကူးတဲ့ လင်မယားကို တွေ့တာနဲ့ ဖမ်းဆီးခဲ့တယ်။ လူကုန်ကူးခံရတာက စုစုပေါင်း ၁၄ ဦးလို့ သိရတယ်။ ဒါပေမယ့် ခုတော့ အဲ့ဒီ ၁၄ ဦးထဲက မိသားစုနဲ့ အဆက်အသွယ်ရနေတဲ့ လူ ၅ ဦးကိုပဲ သိထားသေးတယ်။ ကျန်တာတော့ ဆက်စုံစမ်းမှု ပြုလုပ်သွားမှာ ဖြစ်တယ်” လို့ အမှတ် ၁၄ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု တပ်ဖွဲ့စိတ် ၁ ကလေးမှ ရဲအုပ် ၀င်းလှိုင်က ပြောပါတယ်။

လူကုန်ကူးခံရသူတွေဟာ အခုနှစ် ဇန်န၀ါရီ လပိုင်းကတည်းက တဖက်နိုင်ငံကို ပို့ခံရတာဖြစ်ပြီး မိသားစုနဲ့ အဆက်အသွယ်ရသူ ၅ ဦးကတော့ တရုတ်နိုင်ငံ ရှန်တုန်းမြို့ ၀မ်းတုံမြို့နယ်အတွင်းက ဘဲမွေးမြူရေးခြံမှာ အလုပ်လုပ်နေပြီး လုပ်ခ လစာ မရရှိပဲ အလုပ်လုပ်ပေးနေရတယ်လို့ သိရပါတယ်။

“တရွာတည်း အတူနေတာ။ အဲ့ဒီ အမျိုးသမီးက တရုတ်ဘက်မှာ အလုပ်ကောင်းတယ်။ ဖုန်းအခွံကာဘာတွေ လုပ်တဲ့ စက်ရုံမှာ လူလိုတယ်။ သားကို အလုပ်လွှတ်ဖို့ ပြောတယ်။ ပို့ခ ၄ သိန်းခွဲရယ်၊ လမ်းစရိတ် ၅ သောင်းရယ်၊ စုပေါင်း ၅ သိန်းပေးရမယ်။ လစာရရင် မြန်မာငွေနဲ့ ၁ လ ၄ သိန်းရမယ်ပြောလို့ သားကို ထည့်လိုက်တာ။ ပိုက်ဆံတောင် အမျိုးသမီးဆီပေးတာ မယူပဲ မူဆယ်မှာ စောင့်နေတဲ့ သူ့ယောက်ျားပေးပါဆိုလို့ သားနဲ့ ထည့်ပေးလိုက်တယ်” လို့ လူကုန်ကူးခံရတဲ့ အမျိုးသားတဦးရဲ့ ဖခင်က ဆိုပါတယ်။

တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်ပြီး လစာမရရှိတဲ့ လူ ၅ ဦးကို လတ်တလောမှာ ကယ်ဆယ်နိုင်ခြင်း မရှိသေးသလို ကျန် အဆက်အသွယ် မရတဲ့ လူ ၉ ဦးလည်း ရှိနေတဲ့အတွက် ရဲတပ်ဖွဲ့အနေနဲ့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပြီး လူကုန်ကူးခဲ့သူ လင်မယားကတော့ နတ်ချောင်းအုပ်စု ချောင်းခွရွာနေ ပေါက်စ (ခ) ဒေါ်နယ်ထန်း နဲ့ ဇနီးဖြစ်သူ မမွဲသယ်(ခ) မဗန်ရဲမ်းမွှေးတို့ ဖြစ်တယ်လို့ သိရပါတယ်။

လူကုန်ကူးခံရသူ စုစုပေါင်း ၁၄ ဦးမှာ ချောင်းခွရွာက ၁၁ ဦးနဲ့ ဟားခါးလေးရွာက ၃ ဦး ဖြစ်ပြီး အမျိုးသမီးအချို့လည်း ပါဝင်နေပါတယ်။ အဲ့ဒီအတွက် လူကုန်ကူးသူ ပေါက်စ နဲ့ ဇနီးဖြစ်သူ မမွဲသယ်တို့ကို ရဲအုပ်ဝင်းလှိုင်က တရားလိုပြုပြီး လူကုန်ကူးပုဒ်မ ၂၅ နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်
DVB TV News


အုပ်စု အမျိုးစုံက သူတွေ ပူးပေါင်း ပါဝင်

အမေရိကန် ပြည်ထောင်စုမှာ ဒေါ်နယ် ထရမ့် သမ္မတ ရာထူး ရယူလာတာ ရက် ၁ဝဝ ပြည့် ခဲ့ပြီ ဖြစ်ပါတယ်။

ဒီ ရက် ၁ဝဝ အတောအတွင်း မစ္စတာ ထရမ့် လုပ်ဆောင် ခဲ့တာတွေကို ကြည့်ရင် ကမ္ဘာ့ ရာသီ ဥတု ပြောင်းလဲမှု ပြဿနာ အပေါ် အလေးမထားပဲ လျစ်လျူရှု ခဲ့တယ် ဆိုတဲ့ အမြင်နဲ့ ဝါရှင်တန် အပါအဝင် အမေရိကန် မြို့ကြီးတွေမှာ လူတွေ သောင်းနဲ့ချီတဲ့ ဆန္ဒပြပွဲတွေ ပြုလုပ် လာကြပါတယ်။

ဒီ ဆန္ဒပြပွဲတွေ အတွင်း လူကြီးရော၊ လူငယ်ရော၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရော၊ ဌာနေ အမေရိကန် မျိုးနွယ်စုတွေရော စသဖြင့် အုပ်စု အမျိုးစုံက သူတွေ ပူးပေါင်း ပါဝင် ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အိုဘားမား အစိုးရလက်ထက် ကျောက်မီးသွေး အပါအဝင် လောင်စာ ထုတ်လုပ်မှု အပေါ် ကန့်သတ်ချက်တွေ ချမှတ် ထားခဲ့တာ အပါအဝင်၊ ရာသီ ဥတု ပြောင်းလဲမှုကို ထိန်းချုပ် နိုင်ဖို့ ရည်ရွယ်ချက်နဲ့ တင်းကြပ် ထားတဲ့ ဥပဒေတွေကို ရက် ၁ဝဝ သက်တမ်း အတွင်း ထရမ့်က တစ်ခုပြီးတစ်ခု ဖြေလျှော့ ခဲ့ပါတယ်။

မစ္စတာ ထရမ့်ဟာ ရာသီ ဥတု ပြောင်းလဲမှု ပြဿနာ ဆိုတဲ့ လုပ်ကြံ ဖန်တီး ထားတဲ့ ယုံတမ်း စကား သဖွယ်သာ ဖြစ်တယ်လို့ ပြောခဲ့ဖူး ပါတယ်။

သူဟာ မဲဆွယ်တဲ့ ကာလ တုန်းက တော့ ရက် ၁ဝဝ အတွင်း ဘယ်လို အောင်မြင်မှုတွေ ရယူမယ် ဆိုတာကို တက်တက်ကြွကြွ ပြောခဲ့ ပေမယ့်လည်း၊ အခု အချိန်မှာတော့ "ပထမ ရက် ၁ဝဝ" ဆိုတာ သိပ်ပြီး အရေးမကြီး လှတဲ့ ပုံစံမျိုး ပြုလုပ် နေတယ်လို့ ဝေဖန်သူတွေက ပြောနေ ပါတယ်။

မစ္စတာ ထရမ့်ဟာ အမေရိကန် သမ္မတတွေ တက်ရောက် လေ့ရှိတဲ့ အိမ်ဖြူတော် သတင်းထောက်တွေနဲ့ ညစာ စားပွဲကို မတက်ပဲ၊ ပင်ဆယ်ဗေးနီးယား ပြည်နယ်မှာ သူ့ကို ထောက်ခံသူတွေနဲ့ အတူ ရက် ၁ဝဝ ပြည့် ပွဲ နွှဲ နေပါတယ်။
BBC Burmese


ပလတ်စတစ်သည် ယနေ့ခေတ်လူတို့၏ဘ၀အတွက် ပုံစံအမျိုးမျိုးဖြင့် အသုံးဝင်ပဓာနကျနေသည်။ ဒီကနေ့ လူများသည် ပလတ်စတစ်မရှိလျှင် အသက်မရှင်နိုင်ဟု ဆိုရမလိုဖြစ်နေသည်။ ကျွန်ုပ်တို့ နေ့စဉ် အသုံးပြုနေသော အသုံးအဆောင်ပစ္စည်းများနှင့် အိမ်သုံးကိရိယာအများစုတို့ကို ပလတ်စတစ်ဖြင့် ပြုလုပ်သည်။ ဥပမာ - အိတ်များ၊ ခွက်များ၊ ဇွန်းများ၊ သေတ္တာများ၊ အစားအစာထုပ်ပိုးသည့် ပစ္စည်းများ၊ အမှိုက်ပုံးများ၊ တီဗွီများ၊ တယ်လီဖုန်းဟန်းဆက်များ၊ ကွန်ပျူတာများ၊ လက်တော့များ၊ ကွန်တိန်နာများ၊ ခွေးခြေကုလား ထိုင်များ၊ ကား၊ စက်ဘီး၊ ဆိုင်ကယ်၊ အစိတ်အပိုင်းများဖြစ်ကြသည်။

သို့သော် အသုံးပြုပြီး ပလတ်စတစ်အသုံးအဆောင်များကို လွှင့်ပစ်ချိန်တွင် ပြဿနာများ စတင်လာပါသည်။ သုတေသနနှင့် လေ့လာမှုများအရ စွန့်ပစ်ပလတ်စတစ်များ၏ ၅ ရာခိုင်နှုန်းမျှကိုသာ ကမ္ဘာပေါ်ရှိ ရီဆိုင်ကယ် (recycle) စက်ရုံများတွင် ထိရောက်စွာ အသုံးပြုနေကြသည်။ အများစုမှာ မြေကြီးပေါ်တွင် စုပုံစွန့်ပစ်ကြသည်။ ထို့ပြင် ပလတ်စတစ်ပစ္စည်းအမြောက်အမြားသည် ရေလမ်းကြောင်းများ၊ မြစ်ချောင်းများအတွင်းနှင့် ပင်လယ်များအတွင်းသို့ ရောက်သွားကြသည်။ ကမ္ဘာပေါ်တွင် ထရပ်ကားတစီးစာ ပလတ်စတစ်အမှိုက်များကို မိနစ်တိုင်းပင်လယ်ထဲသို့ စုပုံစွန့်ပစ်နေကြသည်။

''သမုဒ္ဒရာထိန်းသိမ်းရေးအဖွဲ့၏အဆိုအရ အတ္တလန္တိတ်၊ ပစိဖိတ်၊ အိန္ဒိယသမုဒ္ဒရာများနှင့် မြေထဲပင်လယ်၊ ပင်လယ်နက်တို့နှင့် ထိစပ်နေသော နိုင်ငံပေါင်း ၁၉၂ နိုင်ငံတို့သည် ၂၀၁၀ ပြည့်နှစ်တွင် အစိုင်အခဲ စွန့်ပစ်ပစ္စည်း မက်ထရစ်တန် ၂ ဒသမ ၅ ဘီလီယံ ထုတ်လုပ်ခဲ့ကြသည်။ ယင်းနှစ်တွင် ပလတ်စတစ်မက်ထရစ်တန် ၈ သန်း ခန့် သမုဒ္ဒရာများအတွင်း ၀င်လာခဲ့သည်။ အစိုင်အခဲ စွန့်ပစ်ပစ္စည်း မက်ထရစ် တန် ၂ ဒသမ ၅ ဘီလီယံအနက် မက်ထရစ်တန် ၂၇၅ သန်းသည် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများဖြစ်သည်။ ကမ်းခြေနှင့် မိုင် ၃၀ အတွင်း နေထိုင်ကြသော လူ ၂ ဘီလီယံသည် ကမ်းခြေပလတ်စတစ်ပစ္စည်း မက်ထရစ်တန် သန်း ၁၀၀ ကို ဖန်တီး၊ အမှိုက်စွန့်ပစ်နေကြသည်။

၁၉၆၄ ခုနှစ်မှစပြီး ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှုသည် အဆ ၂၀ မြင့်တက်လာပြီး၊ ၂၀၁၄ ခုနှစ်တွင် တန် ၃၁၁ သန်းထိ ရှိလာသည်။ နောင်အနှစ် ၂၀ တွင် ထုတ်လုပ်မှုနှစ်ဆတိုးလာမည်ဖြစ်ပြီး၊ ၂၀၅၀ ပြည့်နှစ်တွင် လေးဆနီးပါးဖြစ်လာမည်ဟု မျှော်မှန်းထားသည်။ လိုအပ်ချက်ကြီးမားလာသော်လည်း ပလတ်စတစ်များ၏ ၅ ရာခိုင်နှုန်းခန့်ကိုသာ ထိရောက်စွာ ပြန်လည်အသုံးပြုနိုင်သည်။ ၄၀ ရာခိုင်နှုန်းသည် မြေဖို့ရာတွင် သုံးသည့်အမှိုက်ဖြစ်ပြီး သုံးပုံတပုံခန့်မှာပင် ပင်လယ်သမုဒ္ဒရာများအတွင်းသို့ ရောက်သွားကြသည်။

ကမ္ဘာ့သမုဒ္ဒရာများရှိ အမှိုက်များသည် တောရိုင်းတိရစ္ဆာန်၊ စီးပွားရေးနှင့် လူသားတို့၏ ကျန်းမာရေးကို ခြိမ်းခြောက်အန္တရာယ်ပြုနေသည်ဟု ကုလသမဂ္ဂက သတိပေးသည်။ ပင်လယ်များအတွင်းသို့ ၀င်လာကြသော အစိုင်အခဲ စွန့်ပစ်ပစ္စည်းအားလုံး၏ ၁၁ ရာခိုင်နှုန်းသည် ပလတ်စတစ်အမှိုက်များဖြစ်သည်။ ပင်လယ် သမုဒ္ဒရာများထဲရောက် ပလတ်စတစ်အမှိုက်များအားလုံး၏ ၂၀ ရာခိုင်နှုန်းသည် သင်္ဘောများနှင့် ကမ်းလွန် ရေနံတွင်းတူးစင်များမှ ဖြစ်ကြသည်။ ကျန်ပလတ်စတစ်အမှိုက်များမှာ ပင်လယ်ကမ်းခြေပေါ်တွင် လှိုင်းများက သယ်ဆောင်ပြီး ပင်လယ်သမုဒ္ဒရာများအတွင်းသို့ ရောက်လာကြသည်။ယင်းပလတ်စတစ်အမှိုက်များ ကို ၀ါးမျိုခြင်း၊ ပလတ်စတစ်အမှိုက်များနှင့် ငြိမိခြင်းတို့ကြောင့် နှစ်စဉ်လိပ်များနှင့် ငှက်များ ၁၀၀,၀၀၀ ကျော် သေဆုံးနေရသည်။ ပလတ်စတစ်များရှိ ဓာတုပစ္စည်းများသည် ရေနှင့် လေထုအတွင်းရောက်ရှိသွားသည်။ ငါးများသည် ရေထဲရှိ ဓာတုပစ္စည်းများကြောင့် အလွယ်တကူ ညစ်ညမ်းစေသည်။ မသန့်မပြန့်ဖြစ်စေသည်။ အဆိုပါ ငါးများနှင့် ရေနေသတ္တ၀ါများကို လူများက ဖမ်းယူစားသောက်ကြသည်။ ပလတ်စတစ်ပစ္စည်းများတွင် ခဲ၊ ပြဒါး၊ ကက်ဒမီယမ်ကဲ့သို့သော အဆိပ်အာနိသင်များပါဝင်သည်။ အဆိုပါ အဆိပ်ဓာတ်များကို ပင်လယ် သမုဒ္ဒရာထဲရှိ ငါးအမြောက်အမြားတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းအဆိပ်အာနိသင်များသည် အလွန် အန္တရာယ်ကြီးသည်။ ပလတ်စတစ်များတွင်ပါဝင်သော အခြားအဆိပ်အတောက်များသည် ကင်ဆာရောဂါများ၊ ပုံသဏ္ဌာန်မမှန်သော ကလေးငယ်များကို မွေးဖွားမှု၊ ကိုယ်ခန္ဓာစနစ်ဆိုင်ရာ ပြဿနာများ၊ ကလေးဘ၀ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများနှင့် တိုက်ရိုက်ဆက်စပ်နေသည်။

ကျွန်ုပ်တို့သည် ယခုအခါ ၁၉၆၄ ခုနှစ်ကထက် ပလတ်စတစ်ပစ္စည်းများကို အဆ ၂၀ ကျော်ထုတ်လုပ် နေကြသည်။ ယခုအတိုင်းသာ ပလတ်စတစ်များကို ထုတ်လုပ်စွန့်ပစ်နေလျှင် ၂၀၅၀ အရောက်တွင် ပင် လယ်ထဲ၌ ငါးထက် ပလတ်စတစ်က ပိုများနေမည်ဟု လည်းဆိုကြသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ပလတ်စတစ်အသုံးပြုမှုကို လျှော့ချရမည်။ အဟောင်းကို တတ်နိုင်သမျှ ပြန်လည်အသုံးပြုရမည်။ စွန့်ပစ်ပလတ်စတစ်ပစ္စည်းများကို ပစ္စည်းအမယ်သစ်အဖြစ် ပြောင်းလဲထုတ်လုပ်ရ မည်။ အထူးသဖြင့် အသုံးမလိုတော့သည့် ပလတ်စတစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ကြရန် အရေးကြီး သည်။

Ref: (GNLM, Alarmingly Oceans are Contaminated with plastics by San Shwe Aung မှ ကောက်နုတ် ပြန်ဆိုသည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

S.M


မြန်မာအစိုးရက နိုင်ငံပိုင် ဂြိုလ်တုစနစ် တည်ထောင်ရေးကို စတင် လုပ်ဆောင်နေတာမှာ ဂြိလ်တုစနစ် တည်ထောင်ရေး ဦးဆောင် ကော်မီတီရဲ့ ပထမအကြိမ် စည်းဝေးပွဲကို ဧပြီလ ၂၈ ရက်နေ့က နေပြည်တောင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန အစည်း အဝေး ခမ်းမမှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ဂြိုလ်တု ဆက်သွယ်ရေး စနစ်ကို Geo-stationary ပတ်လမ်း၊ Indian Ocean Region (IOR) ၆၀ ဒီဂရီ အရှေ့ တည်နေရာမှာ ရှိတဲ့ Intelsat V ဂြိုလ်တုကို အသုံးပြုပြီး တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ ရုပ်သံ လက်ခံရေးတို့အတွက် ၁၉၇၉ ခုနှစ်ကတည်း စတင် အသုံး ပြုခဲ့ကြောင်း၊ အဲဒီကနေ ၁၉၉၀ ခုနှစ်မှာ AsiaSat-1 နဲ့ ၁၉၉၈ ခုနှစ်မှာ ThaiComm 3 တို့ကိုပါ တိုးချဲ့ အသုံး ပြုခဲ့ကြောင်း ဂြိလ်တုစံနစ် တည်ထောင်ရေး ဦးဆောင် ကော်မီတီဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေက စည်းဝေးပွဲ အတွင်း ပြောကြား ခဲ့ပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်း ပြောင်းလဲလာနေတဲ့ ဆက်သွယ်ရေး လိုအပ်ချက်တွေနဲ့ လူမှုဘ၀ တိုးတက် ဖွံ့ဖြိုးရေးတို့အတွက် လိုအပ်ချက်တွေအရ မြန်မာနိုင်ငံ Space Agency အာကာသဌာန တည်ထောင်ရေးအတွက် စတင် အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း ဒုသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

၂၀၁၈ - ၂၀၁၉ ခုနှစ်တွေမှာ ဘတ်ဂျက်လျာထားပြီး အကျိုးအမြတ် တွက်ချက် သင့်သည်များကို တွက်ချက်ကာ ဥပဒေ လုပ်ထုံး လုပ်နည်းတွေနဲ့ အညီ လုံခြုံရေးကောင်းတဲ့ ဂြိုလ်တုနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေးဂြိုလ်တု ထားရှိခြင်း အားဖြင့် ကုန်းတွင်းပိုင်း၊ ရေပေါ်နဲ့ ကျွန်းတွေပေါ်အထိ တိုင်းပြည် နေရာ အနှံ့အပြားအတွက် ဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက်တွေ ကို ဖြည့်ဆည်း ပေးနိုင်မှာ ဖြစ်ပါတယ်။
VOA Burmese News


ဒေါ်အောင်ဆန်းစုကြည်နှင့် အင်ဒိုနီးရှားသမ္မတ Joko Widodo တို့ တွေ့ဆုံစဉ်။
ရခိုင်ပြည်နယ် ပဋိပက္ခဟာ ရှုပ်ထွေးပြီး အခက်အခဲတွေ ရှိပေမဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့ မြန်မာ အစိုးရဘက်က သံဓိဌာန် အခိုင်အမာ ချထားကြောင်း ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး စည်းဝေးပွဲကို တက်ရောက် လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြား ခဲ့ပါတယ်။ ဧပြီလ (၂၉)ရက် စနေနေ့က အင်ဒိုနီးရှား သမ္မတ ဂျိုကို ၀ီဒိုဒိုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားစီ တွေ့ဆုံရာမှာ ရိုဟင်ဂျာ အရေးနဲ့ ရခိုင်ပြည်နယ်က လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး Retno Marsudi က ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြပေထားပါတယ်။

အာဆီယံထိပ်သီး အစည်းအဝေး ပြင်ပ သီးခြား ဆွေးနွေးပွဲအဖြစ် မြန်မာနဲ့ အင်ဒိုနီုးရှား နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ မနေ့က ပထမဆုံး အကြိမ် တွေ့ဆုံ ခဲ့ကြတာ ဖြစ်ပါတယ်။ မိနစ်၃၀ ကြာမြင့်တဲ့ တံခါးပိတ် ဆွေးနွေးပွဲမှာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုတွေ ရှိနေတယ်လို့ စွပ်စွဲခံရတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ အခြေအနေ အကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေက ပြောဆို ခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က သတင်းထောက်တွေကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ခွဲခြား ဆက်ဆံမှုမရှိပဲ တည်ငြိမ် အေးချမ်းရေးဟာ မြန်မာနိုင်ငံ အတွက်သာ မက ဒေသတွင်းအတွက်ပါ အရေးကြီးကြောင်း အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့တယ်လို့ Retno Marsudi က ဆိုပါတယ်။

ရခိုင်ပြည်နယ် အကြပ်အတည်းနဲ့ ပတ်သက်လို့ ဖြေရှင်းရာမှာ ကျန်းမာရေး၊ ပညာရေးနဲ့ အခြား ကဏ္ဍတွေမှာ နှစ်နိုင်ငံ အစိုးရကြားမှာ ရေရှည်၊ ရေတို ပူးပေါင်း ဆောင်ရွက်ဖို့ အင်ဒိုနီးရှား ဘက်က တင်ပြခဲ့ကြောင်း သူက ပြောပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေ အတွက် ဗလီကျောင်း တကျောင်းကို အင်ဒိုနီးရှားက ကူညီ ဆောက်လုပ်ပေးမယ့် အစီအစဉ် ကိုလည်း မြန်မာအစိုးရက ခွင့်ပြုခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို ခွဲခြား ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ ပတ်သက်လို့ အင်ဒိုနီးရှား နိုင်ငံဘက်က မြန်မာ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေပေမယ့် အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ မလေးရှားကတော့ မြန်မာအစိုးရကို အကြီးအကျယ် ဝေဖန်ခဲ့ပါတယ်။ ဒါကြောင့်လည်း ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကြားမှာ အကြီးအကျယ် အငြင်း ပွားခဲ့ရကြောင်း

နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ အာရှရေးရာ လက်ထောက် ညွန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

“မြန်မာအစိုးရက ရိုဟင်ဂျာတွေအပေါ် ရက်စက်မှုတွေ လုပ်ခဲ့တဲ့ ကိစ္စမှာဆိုရင် အာဆီယံက တစုံတရာ ဖိအားပေး ပြောဆိုဖို့တောင် အကြီးအကျယ် တိုက်ပွဲ ဆင်နွှဲရသလိုမျိုး ဖြစ်ခဲ့ပါတယ်။”

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ အရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရ ကိုင်တွယ် ပုံကို နိုင်ငံတကာက ဝေဖန် နေတဲ့အပေါ်မှာ ပြန်ကြားရေး ၀န်ကြီး ဦးဖေမြင့်က အခုလို တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

“အဲဒါသည် အမေရိကားမှာ ဖြစ်တဲ့ 9/11 တိုက်သလို၊ နေရာ Target တွေ ရွေးထား ပြီးတော့ ၀င်တိုက်တဲ့ ကိစ္စကြီးပဲ။ တော်တော် ကြီးကျယ်တဲ့ တိုက်ခိုက်မှု တရပ်ပေါ့နော်။ ဒါပေမယ့် အဲဒီ အချက်ကို အာရုံ မစိုက်ဘဲနဲ့ အဲဒါကို ပြန်ပြီးတော့ တုန့်ပြန်တဲ့ ဒီ ကိစ္စတွေ အပေါ်မှာ မူတည်ပြီးတော့ပဲ သူက Humanitarian view point ကနေ ပြီးတော့ Highlight လုပ်ပြီးတော့ အဲဒီဟာကိုပဲ ပိုပြီးတော့ သတင်း ယူကြတယ်ပေါ့နော်။”

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ နှစ်ရက်ကြာ ကျင်းပတဲ့ အကြိမ် (၃၀) မြောက် အာဆီယံ ထိပ်သီး ညီလာခံကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အင်ဒိုနီးရှား အပြင် အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံက သမ္မတ Duterte၊ ဗီယက်နမ်၊ ဘရူနိုင်း စတဲ့ နိုင်ငံတွေက ခေါင်းဆောင် တွေနဲ့လည်း သီးခြားစီ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ ကိစ္စရပ်တွေ အပြင် စီးပွားရေး၊ စိုက်ပျိုးရေးနဲ့ စွမ်းအင် ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
VOA Burmese News


ဧပြီ ၂၅ - အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားဟာ ဒေါ်လာလေးသိန်းအခကြေးငွေလက်ခံပြီး ဝေါစထရိဘဏ်တစ်ခုမှာ မိန့်ခွန်းပြောဖို့ သဘောတူခဲ့တဲ့အတွက် ပြစ်တင်ဝေဖန်ခံနေရပါတယ်။

၄၄ ဦးမြောက် အမေရိကန်သမ္မတဖြစ်ခဲ့တဲ့အိုဘားမားဟာ စက်တင်ဘာလမှာ Cantor Fitz-gerald က ကျင်းပတဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခုမှာမိန့်ခွန်းပြောကြားပေး ဖို့ကမ်းလှမ်းချက်ကို လက်ခံထားတယ်လို့ အမေရိကန်မီဒီယာတွေ မှာ ဖော်ပြပါတယ်။
အိုဘားမားသမ္မတတာဝန်ပြီးဆုံးခဲ့ပြီး ရက် ၁၀ဝ မပြည့်ခင်မှာ သည် လိုလက်ခံခဲ့တာပါ။ သူက ၂၀ဝ၁ ခုနှစ်စက်တင်ဘာလ ကမ္ဘာ့ ကုန်သွယ်ရေးစင်တာတိုက်ခိုက်ခံရမှုအတွင်း ဝန်ထမ်းသုံးပုံနှစ်ပုံကျော် ဆုံးရှုံးခဲ့ရတဲ့ Cantor Fitz-gerald LP ဘဏ်ရဲ့ပွဲမှာ အဓိက ပုဂ္ဂိုလ် အဖြစ် မိန့်ခွန်းပြောကြားပေးဖို့ သဘောတူထားတာဖြစ်ပါတယ်။

သည်မိန့်ခွန်းပြောခဟာ ၂၀၁၅ ခုနှစ်အတွင်း Goldman Sachs မှာ ဟီလာရီကလင်တန် မိန့်ခွန်းသုံးကြိမ်ပြောပြီးရရှိခဲ့တဲ့ ဒေါ်လာ ၂၂၅,ဝ၀ဝ ထက် နှစ်ဆနီးပါးပိုများနေပါတယ်။

အဲသည်အချိန်က ဟီလာရီဟာ ဝေါစထရိမိန့်ခွန်းတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် မဲဆွယ်ကာလအတွင်းမှာ ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ခံခဲ့ရဖူးပါတယ်။
အိုဘားမားဟာ သမ္မတသက်တမ်းနှစ်ကြိမ်စလုံးမှာ ဘဏ်လုပ်ငန်းရေး ရာကဏ္ဍမှာ ပတ်သက်ဆက်ဆံမှုကောင်းခဲ့ပုံမရပါဘူး။ သူကဘဏ် အမှုဆောင်တွေရနေတဲ့ မြင့်မားတဲ့ဘောနပ်ဆုကြေးပမာဏကို ကန့်ကွက်ရှုတ်ချခဲ့ပြီး ၂၀ဝ၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်း အတွက်လည်း ဝေါစထရိကို အပြစ်ဖို့ခဲ့သူဖြစ်ပါတယ်။
အိုဘားမားဟာ ဇန်နဝါရီလမှာ အိမ်ဖြူတော်ကထွက်ခွာပြီးကတည်းက ဘဝမှာပျော်ပျော်နေလာပုံရပါတယ်။

သူကဖေဖော်ဝါရီလမှာ Virgin လုပ်ငန်းစုသူဌေး ရစ်ချတ်ဘရန်ဆန်နဲ့အတူ kite- surfing ရေလွှာလျှောစီးရင်းဓာတ်ပုံတွဲရိုက်ခဲ့ပါသေးတယ်။

သည်လမှာပဲ သူနဲ့ဇနီးသည် မီရှဲအိုဘားမားတို့ဟာ ပြင်သစ်ပိုလီနေး ရှားပြင်ပမှာ နာမည်ကျော်ဂီတပညာရှင် ဒေးဗစ်ဂျက်ဖန်ရဲ့ဇိမ်ခံရွက် သင်္ဘောကိုလိုက်ပါစီးနင်းနေတဲ့ပုံတွေတွေ့ရပါတယ်။

သူတို့ဟာ ဘရုစ်စပရင်းစတင်း၊ တွမ်ဟန့်ခ်နဲ့ အော်ပရာဝင်းဖရေးတို့နဲ့ အတူအားလပ်ရက်ကို ကုန်ဆုံးနေတယ်လို့သိရပါတယ်။

လွန်ခဲ့တဲ့နှစ်လကလည်း သမ္မတဟောင်းဟာ သူနဲ့မီရှဲတို့ကိုစာအုပ် နှစ်အုပ်ရေးသားပေးဖို့ သီးခြားစီအလုပ်အပ်တဲ့ Penguin Random House ရဲ့ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပါတယ်။ သည်အလုပ် အတွက် ဒေါ်လာ ၆၅ သန်းလောက်ရရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

YSD

[ref: BBC, Apr 25, 2017.]
Kumudra


စစ်ကိုင်းမြို့မ ရဲစခန်းသို့ ထောက်ခံစာလာတောင်းသူ တစ်ဦးမှ တာဝန်ကျ ဒုရဲအုပ်ရဲမေကို ပါးကိုင်၍ ချစ်လေးရာ လုပ်ပေးလိုက်ပါဟု ပြောသဖြင့် ပုဒ်မ သုံးခုနှင့် ဖမ်းဆီးခံခဲ့ရကြောင်း ၄င်းရဲစခန်းမှ သတင်းရရှိသည်။
-
ဧပြီ ၂၇ ရက်နံနက်ပိုင်း ပိုးတန်းရပ်ကွက် နေ အသက် ၂၈ အရွယ်
အမျိုးသားတစ်ဦးသည် စစ်ကိုင်းမြို့မရဲစခန်းသို့ ထောက်ခံစာ လာ
တောင်းစဉ် ရပ်ကွက်ထောက်ခံစာနှင့် မှတ်ပုံတင် မပါ၍ တာဝန်ကျ ရဲမေမှ လုပ်မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။
-
"ရဲမေပါးကို ကိုင်ပြီး အချစ်ကလေး လုပ်ပေးဟု အဲဒီကောင်က ပြောတာ။ အဲဒါနဲ့စခန်းမှူးသွားတိုင်တော့ ဖါသယ်မတွေဆိုပြီး ဆဲဆိုလို့ အမှုဖွင့်၊ဖွင့်ပြီး ဖမ်းတာပါ။ ဆေးရုံဆေးစစ်ချက် ယူရာမှာလည်း အဲဒီလူက အရက်မူးနေတယ်လို့ သိရတယ်။
-
အရင်က ရဲပြေးနဲ့ ထောင်ကျပြီး ထွက်လာရတဲ့ သူလို့ သိရပါတယ်"
ဟု စစ်ကိုင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
-
ပြစ်မှုကျူးလွန်သော အမျိုးသားကို ရဲစခန်းမှ တာဝန်ကျ ၀န်ထမ်းအား
နှောင့်ယှက်မှု၊ ညစ်ညမ်းစွာဆဲမှု၊ မိန်းမ အိနြေ္ဒပျက်စေမှု တို့ဖြင့်
ဖမ်းဆီးခဲ့ကြောင်း သိရသည်။
==============
CentralNewsMyanmar


ဝါရှင်တန်၊ ဧပြီ ၂၉ ။ ။ အမေရိကန်နိုင်ငံအတွင်း လက်နက်ကိုင်ဆောင်ခွင့်ကို စည်းရုံးဆွယ်ဟောရာ အကြီးဆုံးလော်ဘီအဖွဲ့ဖြစ်သည့် အမျိုးသားရိုင်ဖယ်အသင်း NRA အဖွဲ့ဝင်များကို အိမ်ဖြူတော်၌ ၎င်းတို့အတွက် မိတ်ဆွေကောင်း ရောက်ရှိနေပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၂၈ ရက်တွင်ပြောလိုက်သည်။

အိမ်ဖြူတော်တွင် ရောက်နေသည့် ၎င်းအနေဖြင့် လက်နက်ကိုင်ဆောင်ခွင့် အခွင့်အရေးကို မည်သည့်အခါမျှ ဆန့်ကျင်မည်မဟုတ်ကြောင်းလည်း ထရမ့်က ကတိပေးသည်။

“ခင်ဗျားတို့အသင်းအနေနဲ့ ရှစ်နှစ်လုံးလုံး လက်နက်ကိုင်ဆောင်ခွင့်ကို ပြင်ဆင်မလားဆိုပြီး စိတ်မအေး လက်မအေး နေခဲ့ရတဲ့ အချိန်ကာလ ကုန်ဆုံးပါပြီ။ ခင်ဗျားတို့အတွက် အိမ်ဖြူတော်မှာ မိတ်ဆွေမှန်၊ သူငယ်ချင်းကောင်း ရောက်လာတာပဲဖြစ်တယ်။”ဟု ဂျော်ဂျီယာတွင် ပြုလုပ်သော NRA အသင်း နှစ်ပတ်လည်ကွန်ဗင်ရှင်းတွင် ထရမ့်က ၎င်းကိုကို ရည်ညွှန်းကာ ပြောလိုက်သည်။

“ကျွန်တော်က လူတွေ လက်နက်ကိုင်ဆောင်ခွင့် လွတ်လပ်တဲ့အခွင့်အရေးကို ဘယ်တော့မှ ချိုးဖောက်မှာ မဟုတ်ဘူး။ လွတ်လပ်ခြင်းဆိုတာ အစိုးရက ပေးတဲ့ လက်ဆောင်မဟုတ်ဘူး။ ဘုရားသခင်ပေးတဲ့ လက်ဆောင်ပဲ။”ဟုလည်း ၎င်းက ဆိုသည်။

ထိုပြင် လက်နက်ကိုင်ဆောင်ခွင့်ကို တိုက်ခိုက်လိုသူများက အမေရိကန်ဖွဲ့စည်းပုံ၏ ဒုတိယပြင်ဆင်ချက်က ပေးထားသော အာမခံကို ဆန့်ကျင်ခြင်းဖြစ်ကြောင်းလည်း ၎င်းက တက်ရောက်လာသော ပရိသတ်ကို နှိုးဆော်သည်။

ထရမ့်အနေဖြင့် ၁၉၈၃ ခုနှစ် သမ္မတ ရော်နယ်ရေဂင်ပြီးလျှင် ယခင် NRA ကွန်ဗင်းရှင်းသို့ တက်ရောက်သည့် ပထမဆုံးသမ္မတလည်း ဖြစ်သည်။

Mizzima - News in Burmese


(၂၉-၄-၂၀၁၇ ရက်နေ့၊ မနီလာမြို့)

(၃၀)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ အထူးလေယာဉ်ဖြင့် ယနေ့ဒေသစံတော်ချိန် (၁၆၁၅)နာရီတွင် ပြန်လည်ထွက်ခွာရာ ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီး H.E. Ms. Paulyn Jean B. Russel-Ubial၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံးဝန်ထမ်းမိသားစုများမှ Nino Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဓာတ်ပုံ - ပြန်/ဆက်ဌာန
Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar


လဲချားမှာ နယ်မြေအခြေစိုက် စစ်တပ်က သိမ်းထားတဲ့ မြေတွေထဲက မြေဧက ၁၀၀ ကျော်ကို ဒေသခံတွေကို ပြန်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

သျှမ်းပြည်တောင်ပိုင်းလဲချားမြို့နယ် အမှတ် ၅၁၅ တပ်ရင်းကနေ တပ်တည်ဆောက်ဖို့ ဆိုပြီး ၁၉၉၀ ပြည့်နှစ်ကျော်ကာလက ဒေသခံတွေရဲ့ လယ်ယာမြေတွေကို သိမ်းယူခဲ့တာဖြစ်ပြီး အဲဒီထဲကနေမှ မြေဧက ၁၈၄ ဧက ကို ပြန်ပေးဖို့ အတွက် တပ်က တာဝန်ရှိသူတွေနဲ့ လဲချားမြို့က လွှတ်တော်ကိုယ်စားလှယ်တွေအပါဝင် ကျားခေါင်းပါတီ တာဝန်ရှိသူတွေနဲ့ ဧပြီလ ၂၈ ရက်နေ့က တွေ့ဆုံကာ တပ်မတော် တာဝန်ရှိသူတွေက မြေပြန်ပေးမဲ့ အစီစဉ်နဲ့ ပတ်သက်လို့ ပြောပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဒီမြေတွေက ကျနော်တို့ လွှတ်တော်မှာ မေးပြီးကတည်းက ကာကွယ်ရေးက ဒုတိယဝန်ကြီးက ပြန်ပေးမယ်ဆိုပြီး ကျနော်တို့ကို သီးသန့် ခေါ်ပြောပြီးနောက် အခုလို နောက်ဆက်တွဲ အစီစဉ်ပေါ်ပေါက်လာတာပါ။” လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအောင်က ပြောပါတယ်။

လဲချားမြို့ အနောက်မြောက်ဘက်က ဟိုနားဝမ်ပန် ကျေးရွာအုပ်စုနားက ဒေသခံတွေရဲ့ ရာနဲ့ချီတဲ့ မြေတွေက အသိမ်းခံရခဲ့ပြီးနောက် လွန်ခဲ့တဲ့နှစ်က တပ်တံတိုင်းကာရံဖို့လုပ်စဉ် ဒေသခံတွေ သွားလာနေတဲ့ လမ်းနယ်နိမိတ်တွေပါ ခြံစည်းရိုးနယ်နမိတ်ထဲပါ မလိုဖြစ်နေတဲ့အတွက် ကျားခေါင်းပါတီ ကိုယ်စားလှယ်တွေက လမ်းနယ်ရရှိရေးအတွက် လွှတ်တော်မှာ ပြီးခဲ့တဲ့ ၉ လပိုင်းက တင်ပြခဲ့တာပါ။

အခုလို တပ်က မြေဧက ၁၈၄ ဧက ပြန်ပေးမှာ ဖြစ်တဲ့အတွက် လမ်းနယ်နမိတ်အပြင် ဒေသခံ အချို့အနေနဲ့ သိမ်းဆည်းခံခဲ့ရတဲ့ မြေတွေကို ပြန်လည်ရရှိမယ်လို့ ယုံကြည်မျှော်လင့်နေကြပါတယ်။

တပ်ရင်း ၅၁၅ အနေနဲ့ မြေပြန်လည်လွှဲအပ်မှု အခမ်းအနားကို ဘယ်နေ့မှာ လုပ်မယ်ဆိုတာ မသိရသေးပေမဲ့ လဲချားမြို့နယ် ကျားခေါင်းပါတီဘက်ကတော့ တပ်က မြေပြန်လွှဲတာနဲ့ ပါတီကနေ ဦးဆောင်ပြီး အခမ်းအနားတစ်ရပ်ကျင်းပမယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းသျှမ်းပြည်မှာအ ကြောင်းအမျိုးမျိုးပြမြေသိမ်းမှု ကြောင့် ဒေသခံတွေရဲ့ မြေဧက ၆ သောင်းကနေ ရ သောင်းလောက်အထိ မြေသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

By: သျှမ်းသံတော်ဆင့်/စိုင်းအောင်ဆိုင်း
http://burmese.panglong.org



မြောက်ကိုရီးယား မစ်ဇိုင်းဒုံးစမ်းသပ်မှု
မြောက်ကိုရီးယားက နောက်ဆုံးအကြိမ် မစ်ဇိုင်းဒုံးစမ်းသပ်မှုနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတကို အစီရင်ခံတင်ပြထားကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ မြောက်ကိုရီးယား ရဲ့ မစ်ဇိုင်းဒုံးကတော့ ပစ်လွှတ်ပြီးသိပ်မကြာခင်မှာပဲ ကုန်းတွင်းပိုင်းမှာ ပျက်ကျခဲ့တာပါ။

အမေရိကန်သမ္မတ အိမ်ဖြူတော် ပြန်ကြားရေးရုံးက ထုတ်ပြန်တဲ့ အကျဉ်းရုံးကြေညာချက် မှာတော့ စမ်းသပ်မှုနဲ့ ပတ်သက်လို့ ကြားသိထားကြောင်း ဖော်ပြထားပါတယ်။ အိမ်ဖြူတော်က ထုတ်ပြန်ချက် ထွက်ပေါ်လာပြီး သိပ်မကြာခင်မှာပဲ၊ တရုတ်နိုင်ငံနဲ့ တရုတ်နိုင်ငံက လူအများလေးစားခံရတဲ့ သမ္မတရဲ့ ဆန္ဒတွေကို မြောက်ကိုရီးယားက မစ်ဇိုင်းဒုံး ပစ်လွှတ်စမ်းသပ်ပြီး မထေမဲ့မြင် ပြုမူလိုက်တဲ့ ဆိုးရွားတဲ့ အပြုအမူဖြစ်ကြောင်း သမ္မတ Trump က Twitter လူမှုကွန်ယက်ကနေ မှတ်ချက်ပေး ပြောဆို ခဲ့တာပါ။

တောင်ကိုရီးယား နိုင်ငံက Yonhap သတင်းဌာနကတော့ မြောက်ကိုရီးယားက ပဲ့ထိန်း တပ် မစ်ဇိုင်းဒုံးတစင်းကို ဒီကနေ့ အစောပိုင်းမှာပဲ ပစ်လွှတ်ခဲ့ တာဖြစ်ကြောင်း ဖော်ပြပါ တယ်။ မြောက်ကိုရီးယားအပေါ် အမြန်ဆုံး အရေးယူကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Rex Tillerson က ကုလသမဂ္ဂကို တိုက်တွန်းလိုက်ပြီး နာရီပိုင်း အကြာမှာပဲ မြောက်ကိုရီးယားက စမ်းသပ်မှု ပြုလုပ်ခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ အန္တရာယ်ကြီးမားလှတဲ့ လုပ်ရပ်တွေကို စွန့်လွှတ်ဖို့ ဖိအားတွေ ထပ်ပေးဖို့ လိုအပ်သလို၊ မြောက်ကိုရီးယားက ဆိုးဆိုးရွားရွား တခုခုလုပ်မလာခင်မှာ ကြိုတင်တားဆီးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ၀န်ကြီး Tillerson က တိုက်တွန်း ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် စစ်တပ် ပစိဖိတ်ဒေသ ကွပ်ကဲရေးတပ်ဖွဲ့ တပ်မှူး David Benham ကတော့ ပြုံယမ်းမြို့မြောက်ဖက်က Pukchang လေယာဉ်ကွင်းအနီးကနေ လွှတ်တင်လိုက်တဲ့ မစ်ဇိုင်းဒုံးဟာ မြောက်ကိုရီးယား ပိုင်နက်ကို မကျော်နိုင်ခဲ့ဘူးလို့ အတည်ပြုပြောဆို ခဲ့တာပါ။ မစ်ဇိုင်းဒုံးဟာ မြောက်အမေရိကကို ခြိမ်းခြောက်နိုင်စွမ်း မရှိဘူးလို့ မြောက် အမေရိက လေကြောင်းရန် ကာကွယ်ရေးတပ် NORAD က ဆုံးဖြတ်ခဲ့ကြောင်းလည်း တပ်မှူး Benham ကပြောပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com


ရန်ကုန်မြို့ကန့်တော်ကြီး ပန်းခြံအတွင်းရှိ ကန်ပတ်လမ်း တံတား တစ်စင်းလုံးကို ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အကြီးစား ပြုပြင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ သိရသည်။

ကန်တော်ကြီး ပန်းခြံအတွင်းရှိ အဆိုပါတံတားကို ၂၀၀၄ ခုနှစ်ခန့်က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး တံတားအရှည်မှာ ပေပေါင်း ၆၉၆၅ ပေခန့်ရှိသည်။၂၀၀၅ ခုနှစ်က ပေ ၁၀၂၅ အရှည်နှင့် ယခုနှစ်တွင် ပေ ၈၆၀ ခန့် အကြီးစား ပြင်ဆင်မှုပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် အကြီးစား ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကန်တော်ကြီး ပန်းခြံအတွင်းရှိ အများပြည်သူ လမ်းလျှောက်ကာ လေ့ကျင့်ခန်း ပြုလုပ်သည့် ကန်ပတ်လမ်း တံတားမှာ ၂၀၁၆ ခုနှစ် ဇွန်လက ပြန်လည်ပြင်ဆင်မှု မပြုလုပ်ရသေးသည့် နေရာမှ စင့်တန်းများ ပြိုကျသောကြောင့် ပြန်လည် ပြင်ဆင်ခဲ့ရသည်။

လက်ရှိတွင် အဆိုပါတံတား၏ အချို့ နေရာများတွင် ခိုင်ခံ့မှု မရှိသည့် အတွက် လမ်းကျွံခြင်း၊ လမ်းလျှောက်ရာတွင် အဆင်မပြေဖြစ်ခြင်းများ ကြုံတွေ့ရကြောင်း ကန်တော်ကြီးပန်းခြံတွင် အပန်းဖြေသူများက ဆိုသည်။

ကန့်တော်ကြီး ပန်းခြံအနီးတွင် နေထိုင်သူတစ်ဦးဖြစ်သည့် ကိုခန့်က “အထဲက တံတားတွေက အရင်လို မကောင်းတော့ဘူး။ လူကတော့ သွားလို့ရတယ်။ အရင်လို လှလှပပ မဟုတ်တော့ဘူး။ လမ်းလျှောက် ရတာလည်း သိပ်အဆင်မပြေတော့ဘူး” ဟု ပြောသည်။

အဆိုပါ ကန်တော်ကြီးပန်းခြံရှိ ကန်ပတ်လမ်း တံတားတစ်စင်းလုံးအား အကြီးစား ပြုပြင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ဘတ်ဂျတ် သိန်း ၅၄၀၀ သုံးစွဲသွားမည် ဖြစ်သည်။ အဆိုပါ တံတားတည်ဆောက်မှု စရိတ်အား လမ်းတံတားက ထုတ်ယူမည်ဖြစ်ပြီး လမ်းတံတားဌာနက တာဝန်ယူကာ တံတားဒီဇိုင်း ရေးဆွဲနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စိုင်းဟန်
The Ladies News



အာဆီယံခေါင်းဆောင်များအား မနီလာမြို့ ထိပ်သီးညီလာခံမှာ တွေ့ရစဉ် (29-April-2017)
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က ၄ ရက်ကြာ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN အစည်းအဝေးပွဲတွေရဲ့ နောက်ဆုံးနေ့အဖြစ် ကျင်းပနေတဲ့ ထိပ်သီး ညီလာခံမှာ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ ဖိလစ်ပိုင်သမ္မတက မိန့်ခွန်းထဲမှာ အလေးထား ပြောကြားသွားပါတယ်။

မူးယစ်ဆေးဝါး မှောင်ခိုမှုတွေဟာ ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာမဟုတ်သလို ပူးပေါင်းဆောင် ရွက်မှုတွေ၊ နိုင်ငံရေး ဆန္ဒတွေနဲ့ တိုက်ဖျက်လို့ ရနိုင်တဲ့အကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက သမ္မတ Rodrigo Duterte ကပြောဆိုခဲ့တာပါ။

မူးယစ်ဆေးဝါးကင်းစင်တဲ့ အာဆီယံဒေသအဖြစ် ထူထောင်သွားဖို့လည်း အသင်းဝင် ၁၀ နိုင်ငံက တက်ရောက်လာတဲ့ ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။ အာဆီယံ ထိပ်သီး အစည်းအဝေးအတွင်း၊ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက သြဇာချဲ့ထွင်လာနေတာကို ဝေဖန်ပြောဆိုတာမျိုး မကြားရတဲ့ အတွက်လည်း၊ တရုတ်နိုင်ငံက ဒေသတွင်းမှာ သံတမန်ရေး၊ စီးပွားရေးအရ သြဇာညောင်း လာနေတာကို ပြသတဲ့ လက္ခဏာ တခုအဖြစ်နဲ့ မြင်နေကြတာပါ။

ညီလာခံအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း တောင်တရုတ် ပင်လယ်ပြင်အရေးနဲ့ ပတ်သက်လို့ အငြင်းပွားနေတဲ့ နိုင်ငံတခုခုရဲ့ အမည်ကို မဖော်ပြတာမျိုး၊ ယေဘုယျ ဆန်ဆန် ပြောဆိုမှု မျိုးလောက်သာ တွေ့ရနိုင်တယ်လို့လည်း အကဲခတ်တွေနဲ့ မီဒီယာတွေက ခန့်မှန်းနေကြပါတယ်။

အာဆီယံ ထိပ်သီးညီလာခံ တက်ရောက်နေတဲ့ မြန်မာနိုင်ငံက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံက သမ္မတ Duterte အပြင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနိုင်ငံတွေက ခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။ ထိပ်သီးညီလာခံ မတိုင်မီ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေ မနေ့က အဆုံးသတ်ရာမှာတော့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ် ဒုံးနဲ့ နျူကလီးယား စမ်းသပ်မှုတွေ အပေါ် စိုးရိမ်ကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆို ခဲ့ကြပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com



လားရှိုးမြို့တွင် ခေတ္တခိုလှုံနေသည့် တရုတ်နိုင်ငံမှ ပြန်လည်လွတ်မြောက်လာသူ မြန်မာနိုင်ငံသားများကို နေရပ်သို့ပြန်လည်ပို့ဆောင်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ခေတ္တခိုလှုံနေသည့် တရုတ်နိုင် ငံမှ ပြန်လည်လွတ်မြောက်လာသူများကို ဧပြီ ၂၉ ရက်တွင် နေရပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 မြန်မာနိုင်ငံအတွင်းမှ လုပ်သားများမှာ တရုတ်ပြည်တွင် အလုပ်ရမည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းခံခဲ့ရရာမှ တရုတ်နိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုခံရပြီး လက်ရှိတွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ကို ပွဲစားတစ်ဦးက အလုပ်ရမယ်ဆိုပြီးခေါ်လို့ လိုက်သွားတာပါ။ တရုတ်ပြည်ထဲကို ဝင်နေတဲ့အချိန်မှာ တရားမဝင် ဝင်လာလို့ ဖမ်းတာလို့သိရတယ်။ (၄၃)ရက် အကျဉ်းချခံရတယ်။ ကျန်တာကတော့ အဆင်ပြေပါ တယ်။’’ဟု ချင်းပြည်နယ်ဘက်မှလိုက်လာသူ မထရီကလစ်ကပြောသည်။

တရုတ်နိုင်ငံမှလွတ်မြောက်လာသူများမှာ စုစုပေါင်း(၃၅၀)ဦးရှိပြီး ချင်းရွှေဟော်မှတဆင့် လားရှိုးမြို့သို့ ပို့ဆောင် ပေးရာ ချင်းရွှေဟော်နှင့် လားရှိုးမြို့ကြားရှိ ဒေသများသို့ပြန်သွားခြင်းကြောင့် ဧပြီ ၂၈ ရက်ညပိုင်းတွင် လားရှိုးမြို့ သို့ (၁၆၆)ဦးရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
“မနေ့ညက ရောက်လာကြတာပါ။ ဒီနေ့မနက် ဧပြီ ၂၉ မှာ (၁၂)ဘီး(၃)စီးနဲ့ ပြန်ပို့ပေးလိုက်ပါတယ်။ (၁၆၁)ဦး ပြန်သွားတယ်။ (၄)ဦးက မိုင်းရယ်ကိုပြန်မယ်။ တစ်ဦးက လားရှိုးကလို့သိရပါတယ်။’’ဟု လူမှုကူညီရေးအဖွဲ့မှ ကို မောင်သန်းကပြောသည်။

ဖမ်းဆီးခံရသူများမှာ ချင်းပြည်နယ်၊ ခရမ်းနှင့် တမူးဘက်မှ အများစုဖြစ်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားအပြင် အခြားသော မြန်မာနိုင်ငံအလယ်ပိုင်းမှ လိုက်ပါလာကြသူများဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/



စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်မယ့် ကိစ္စနဲ့ပတ်သက်ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ရှင်းလင်းစဉ် Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်မယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို ဒေသခံတွေထိခိုက် နစ်နာမှုမရှိအောင် အလေးထားဆောင်ရွက်မှာဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။

ဒီနေ့ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေကိုရှင်းပြရာမှာ ဝန်ကြီးက အဲဒီလို ပြောတာဖြစ်ပါတယ်။

ကျောက်ဖြူခရိုင်အတွင်းမှာရှိတဲ့ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင် စတဲ့မြို့နယ်တွေမှာ အကောင်အထည်ဖော်မယ့် အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ အဆင့်မြင့်အိမ်ရာ စီမံကိန်းတွေပါဝင်မှာဖြစ်ပြီး မြေ ဧကပေါင်း ၄၂ဝဝ ကျော်မှာ အကောင်အထည်ဖော်ဖို့ လျာထားတာဖြစ်ပါတယ်။

အဲဒီအထူးစီးပွားရေးဇုန်စီမံကိန်းကို ၂ဝ၂၈ ခုနှစ်အထိ အဆင့် ၃ ခုနဲ့ အကောင်အထည်ဖော် ဆောင်ရွက် မှာ ဖြစ်ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ပြည်တွင်းက ကုမ္ပဏီပေါင်း ၅ဝ က အဆိုပြုတင်ပြထားတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese