မြောက်ကိုရီးယားအား အပြတ်အသတ် တုံ့ပြန်သွားမည်ဟု အမေရိကန် ဒုတိယသမ္မတ ကတိပြု


အမေရိကန်သည် မြောက်ကိုရီးယား၏ တိုက်ခိုက်မှုအား အပြတ်အသတ်နှင့် ထိထိရောက်ရောက် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဒုတိယသမ္မတ မိုက်ပင့်စ်က ဂျပန်တွင် ဆိုက်ကပ်ထားသော အမေရိကန်လေယာဉ်တင် သင်္ဘောကြီးပေါ်၌ ဧပြီ ၁၉ ရက်တွင် ကတိပြု ပြောကြားခဲ့သည်။ ပြုံယမ်း၏ ဒုံးကျည်စီမံကိန်း အလျင်အမြန် တိုးချဲ့လာမှုနှင့် နောက်ထပ် နျူကလီးယားစမ်းသပ်မှု တစ်ခုပြုလုပ်ရန် အသင့်ရှိနေမှုအပေါ် စိုးရိမ်နေသော ဒေသတွင်း မဟာမိတ်များအား အာမခံချက်ပြန်ပေးနိုင်ရန် မိုက်ပင့်စ်က အာရှသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားက ဒုံးကျည်သစ်တစ်မျိုးဟု ယူဆရသော ဒုံးကျည်တစ်မျိုးအား ပစ်လွှတ်မှု မအောင်မမြင်ဖြစ်ခဲ့ပြီး နောက်တစ်နေ့တွင် ပင့်စ်က တောင်ကိုရီးယားသို့ သွားရောက်ခဲ့ပြီး အထီးကျန် မြောက်ကိုရီးယား အစိုးရ၏ ခြိမ်းခြောက်မှုသည် မြင့်တက်လာနေကြောင်း ပြောကြားခဲ့သည်။ အရှေ့မြောက် အာရှဒေသ၏ မိုးကုပ်စက်ဝိုင်းတွင် မုန်တိုင်း အရိပ်အယောင်များ အုံ့ဆိုင်းနေစဉ် ပင့်စ်က အမေရိကန်လေယာဉ်တင်သင်္ဘော USS Ronald Reagan ပေါ်၌ တပ်ဖွဲ့ဝင်များအား ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားသည် အာရှ-ပစိဖိတ်ဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အန္တရာယ် အကြီးဆုံးနှင့် တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်ကြောင်း ပင့်စ်က ပြောကြားခဲ့သည်။

သို့သော် မည်သည့် တိုက်ခိုက်မှုကိုမဆို ၎င်းတို့က ချေမှုန်းနိုင်ပြီး သမားရိုးကျ သို့မဟုတ် နျူကလီးယား လက်နက်များ အသုံးပြုသည့် မည်သည့်တိုက်ခိုက်မှုမဆို အမေရိကန်၏ ပြတ်ပြတ်သားသားနှင့် ထိထိရောက်ရောက် တုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ မြောက်ကိုရီးယားအစိုးရ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက အစိုးရသည် ၎င်း၏ဒုံးကျည် စီမံကိန်းများအား လျှော့ချရန် ရည်ရွယ်ချက်မရှိကြောင်း သတိပေးခဲ့ပြီး စမ်းသပ်မှုများကိုလည်း အပတ်စဉ် ပြုလုပ်မည်ဟု ကတိပြုခဲ့သည်။ ထို့ပြင် အမေရိကန်က အရေးယူရန် ကြိုးစားသည့် မည်သည့်လုပ်ရပ်မဆို ကြီးမားကျယ်ပြန့်သော စစ်ပွဲနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ခြိမ်းခြောက်ခဲ့သည်။

မြောက်ကိုရီးယား၏ ယင်းခြိမ်းခြောက်မှုများကြောင့် အမေရိကန်၏ ဒေသတွင်း မဟာမိတ်များဖြစ်သော ဂျပန်နှင့် တောင်ကိုရီးယားတို့အား ထိတ်လန့်စေခဲ့သည်။ တောင်ကိုရီးယား၏မြို့တော် ဆိုးလ်သည် ကိုရီးယားကျွန်းဆွယ်အား ပိုင်းခြားထားသော စစ်ဘက်သတ်မှတ်စည်းနှင့် ခဲတစ်ပစ်စာ အကွာအဝေး၌သာ ရှိနေပြီး မြောက်ကိုရီးယား၏ တာဝေးပစ်အမြောက်က အလွယ်တကူ ပစ်ခတ်နိုင်သည့် အနေအထား၌ ရှိနေသည်။ ဂျပန်နိုင်ငံ ယိုကိုဆူကာဆိပ်ကမ်းတွင် အခြေစိုက်သော Ronald Reagan သင်္ဘောသည် အမေရိကန် အမှတ်-၇ ရေတပ်တပ်မ၏ အစိတ်အပိုင်းဖြစ်ပြီး အနောက်ပစိဖိတ်တစ်ဝန်းတွင် ပုံမှန်တပ်စွဲလေ့ ရှိသည်။ ယင်းတပ်မတွင် ပါဝင်သော နောက်ထပ်လေယာဉ်တင်သင်္ဘော USS Carl Vinson အား မြောက်ကိုရီးယား အစိုးရကို အင်အားပြသသည့်လုပ်ရပ်အဖြစ် ဂျပန်ပင်လယ် (အရှေ့ပင်လယ်) သို့ စေလွှတ်ဖွယ်ရှိသည်ဟု မျှော်လင့်ရသည်။

Writer:
Ref: AFP
Eleven Media Group
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.