ဘာတွေ ပြင်ကြမှာလဲ -သရ၀ဏ်(ပြည်)


မြန်မာနိုင်ငံရှေ့ရေးအတွက် စဉ်းစားသည်ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလည်းပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုလျှင် အားလုံးသိကြသည့်အတိုင်း ပုဒ်မ ၄၃၆ ပြင် ဆင်ရေးလည်းပါသည်။

သမ္မတဦးသိန်းစိန်လက်ထက်က NLD သည် ပြည်သူလူထု လက်မှတ်ငါးသန်းကောက်ခံပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို တောင်းဆိုခဲ့ဖူးသည်။ သို့သော် အကောင်အထည်ပေါ်မလာခဲ့။ ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြဋ္ဌာန်းထားသော ပုဒ်မဖြစ်သည်။ သို့သော် စစ်အစိုးရရေးဆွဲပြဋ္ဌာန်းသွားသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်း (၁၂) ပုဒ်မ ၄၃၆ သည် တရုတ်ပြည်မှ မျောက်ဘုရင် စွန်းဝူခုံးနှင့်အဖွဲ့ မဇ္ဈိမဒေသသို့ ပိဋကတ်သုံးပုံ သွားရောက်သယ်ယူသည့် Journey To The West ခရီးစဉ်ထက် ပိုမိုခက်ခဲသေးသည်။

စွန်းဝူခုံးနှင့်အဖွဲ့  တောအထပ်ထပ်တောင်အသွယ်သွယ် အတားအဆီးအခက်အခဲပေါင်းစုံကို ဖြတ်ကျော်ရသလို မြန်မာနိုင်ငံ၌ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် အတားအဆီးအခက်အခဲတွေ များလှသည်။ ပုဒ်မတခုကို ပြင်ချင်သည်ဆိုလျှင် ပထမဆုံးခြေလှမ်းအဖြစ် ပုဒ်မ ၄၃၃(က)နှင့် ၄၃၄ အရ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအဆိုကို ဥပဒေမူကြမ်းအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရမည်။

ဒါက ပထမအချက်ဖြစ်သည်။ ဒုတိယခြေလှမ်းအဖြစ် လွှတ်တော်ထဲတွင် ထိုခြေဥပြင်ဆင်ရေးအဆိုကို ထောက်ခံသူ လွှတ်တော်ကိုယ် စားလှယ် ၂၀ ရာခိုင်နှုန်းရှိရမည် ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်၏ ၂၀ ရာခိုင်နှုန်းဖြစ်သော လူ ၁၃၂ ယောက်ကထောက်ခံရန် လိုအပ်ချက်သည် ဒုတိယလိုအပ်ချက်ဖြစ်သည်။ လွှတ်တော်ထဲ၌ လူ ၁၃၂ ယောက်က မထောက်ခံခဲ့လျှင် ပြင်ဆင်ဖို့မဆိုထားနှင့် ဆွေးနွေးခွင့်ပင်ရမည်မဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မအများစု (စစ်အစိုးရက မပြင်စေလိုသည့် ပုဒ်မပေါင်း) ၉၄ ခုတိတိကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲသည့်အခါ အနည်းဆုံး ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရမည်။

ဤကား တတိယအတားအဆီးဖြစ်သည်။ စတုတ္ထအတားအဆီးက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရမည်ဟူသတည်း။ နိုင်ငံတကာတွင် ပြည်လုံးကျွတ်ဆန္ဒခံ ယူရာတွင် မဲရုံသို့ရောက်လာသော မဲစုစုပေါင်း၏ ထက်ဝက်ကျော်ရရှိသည့်အဆိုကို အတည်ယူကြစမြဲဖြစ်သည်။ (ဥပမာ-ဗြိတိန်တွင် ဥရောပ သမဂ္ဂမှ ခွဲထွက်၊ မထွက် လူထုဆန္ဒခံယူခြင်း)။ မဲရုံသို့ မဲလာမပေးကြသူများမှာ မိမိနိုင်ငံအရေးကို စိတ်ဝင်စားကြသူများမဟုတ်သဖြင့် ထိုသို့ မဲလာမပေးသူများ၏ အရေအတွက်ကိုထည့်သွင်း ရေတွက်ကြခြင်း မရှိတာ ကမ္ဘာ့ထုံးစံဖြစ်သည်။

မြန်မာနိုင်ငံတွင်တော့ ဦးသန်းရွှေကြိုးကိုင် ၍ ဦးသိန်းစိန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော (၁၉၉၃ ဇန်န၀ါရီ ၉ မှ ၂၀၀၈ ခု ဖေဖော်ဝါရီလ ၁၉ အထိ ၁၅ နှစ်ကြာ) ကမ္ဘာ့အရှည်ကြာဆုံး အမျိုးသားညီလာခံကြီးက ထူးဆန်းထွေလာ ချမှတ်လိုက်သည်မှာ ပုဒ်မ ၄၃၆(က)တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် မဲပေးခွင့်ရှိသူအားလုံး၏ ၅၀ ရာခိုင်နှုန်းကျော်က ထောက်ခံရမည်ဟူသတည်း။

မဲရုံသို့ ရောက်မလာသောသူများ၏ မဲများကိုပါ No အဖြစ် ဆန္ဒထည့်သွင်းတွက်ချက်သောနည်းဖြစ်၍ အင်မတန်ညစ်ပတ်ထားသောနည်းဖြစ်သည်။ မလာသူ၏မဲကို ကန့်ကွက်မဲအဖြစ်ယူသည်ဆိုလျှင် ကန့်ကွက်မဲထည့်လိုသူများသည် မဲရုံသို့ပင်လာစရာ မလိုတော့ချေ။ ကိုယ့်အိမ်မှာကိုယ် ထိုင်၊အိပ် နေရုံဖြင့် ကန့်ကွက်မဲပေးပြီးသားဖြစ်သွားမည်မှာ မည်သို့မျှ ယုတ္တိယုတ္တာ မရှိသောကိစ္စဖြစ်သည်။ ဤသို့ လုပ်ထားသော ပြည်သူ့ဆန္ဒခံယူပွဲမှာ ငါးခုမြောက်အတားအဆီး ဖြစ်သည်။

ဘာနှင့်တူသလဲဆိုလျှင် ကတုတ် ကျင်းနှင့်ဘန်ကာ အခိုင်အမာ ငါးထပ်ကာထားသော စည်းရိုးအနောက်တွင် ၀င်ထိုင်နေပြီး လမ်းဖွင့်ပေးထားပါတယ်ဟုလာခဲ့ပါဟု ပြောနေသူများနှင့် တူလှပေသည်။ အမျိုးသားညီလာခံနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်လို့မရအောင် ဤသို့ ညစ်ခဲ့အကွက်ဆင်ခဲ့ပါသည်။

စစ်အစိုးရ အတွက် သိပ်အရေးမပါသော အချို့သောပုဒ်မများကိုမူ လူထုဆန္ဒခံယူပွဲအထိသွားစရာမလိုဘဲ လွှတ်တော်ထဲတွင် တပ်မတော်သားအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ဆန္ဒမဲဖြင့် အတည်ပြုနိုင်သည်ဟု ၄၃၆(ခ)တွင် ရေးထားပါသည်။ အရေးပါသော ပုဒ်မ ၉၄ ခု ကို တံတိုင်း(၅)ထပ်၊ သိပ်အရေးမပါသော ကျန်ပုဒ်မများကို တံတိုင်း ၄ ထပ်ဖြင့် ကာရံထားခြင်းဖြစ်သည်။ စတုတ္ထတံတိုင်းမှာ တပ် မတော်သား ကိုယ်စားလှယ်အနည်းဆုံးတယောက်၏ သဘောတူညီချက်မရဘဲ ဘာမှပြင်ဆင်ခွင့်မရအောင် လုပ်ထားခြင်းဖြစ်သည်။ ညစ်ကွက်ကတော့ ထောင့်စေ့ပေ၏။

သို့သော် ထိုသို့ရေပက်မ၀င်အောင် ညစ်ထားသည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာနိုင်သော ပုဒ်မတခုပါဝင်နေသေးရာ သူတို့ဆွဲထားသော ဥပဒေဘောင်အတွင်းမှာပင် နိုင်ငံတော်အတွက် လုပ်လို့ရသလောက် လုပ်ခွင့်ရှိသော အချက်များကို ရှာရမည်ဖြစ်သည်။
အခြေခံဥပဒေကိုပြင်ဆင်ရန် လိုအပ်သည်။

အနည်းဆုံးတော့ပြင် ဆင်ရန်ကြိုးစားကြည့်သင့်သည်ဆိုခြင်းကို NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သဘောပေါက်လက်ခံပြီး ဖြစ်ပါလိမ့်မည်။ ကြံ့ခိုင်ရေးလွှမ်းမိုးသော လွှတ်တော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းကို ၂၀၁၅ ဇွန်လ ၁၁ နှင့် ၁၂ ရက်နေ့များက ပြည်သူများသိရှိနိုင်ရန် သတင်းစာတွင် ကြေညာထည့်သွင်းခဲ့သည်။ ဆိုလိုရင်းမှာ သူရဦးရွှေမန်း ဦးဆောင်သော ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းခဲ့ဖူးသည်။ ထိုသို့အခြေခံဥပဒေကို ဦးရွှေမန်းနှင့် ကြံ့ခိုင်ရေးပါတီဝင်လွှတ်တော်ကိုယ်စားလှယ်အများစုက ပြင်ဆင်ရန် ကြိုးစားခဲ့သည်ကို သမ္မတဦးသိန်းစိန်ဦးဆောင်သော ထိုစဉ်က အုပ်ချုပ်ရေးအဖွဲ့က လိုလားနှစ်သက်ခြင်းမရှိပါ။ အဘယ့်ကြောင့် ထိုသို့ပြောရသနည်းဆိုမူ နိုင်ငံပိုင်သတင်းစာဟူသည်မှာ အစိုးရ၏ အာဘော်ကို အဓိကထားဖော်ပြလေ့ရှိသော သတင်းစာများဖြစ်သည်။

အစိုးရဖြစ်စေ ချင်သည့်လမ်းကြောင်းကို ကြေးမုံ၊ မြန်မာ့အလင်းစသော သတင်းစာ များက ပုံဖော်ရေးသားပေးရသည်။ ထိုစဉ်က နိုင်ငံပိုင်သတင်းစာများတွင် အမျိုးသားညီလာခံကြီး ဘယ်လိုကောင်းကြောင်း၊ ပြည်သူလူထု၏ ထောက်ခံမဲ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံအတည်ပြုခဲ့ကြောင်း၊ အမျိုးသားညီလာခံကို နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၄၉ ဦး၊ ရွေးကောက်ပွဲတွင် ရွေးကောက်ခံထားရသော ကိုယ်စားလှယ် ၁၀၇ ဦး၊ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် ၂၁၅ ဦး၊ တောင်သူလယ်သမားကိုယ်စားလှယ် ၉၃ ဦး၊ အလုပ်သမားကိုယ်စားလှယ် ၄၈ ဦး၊ အသိပညာရှင်၊ အတတ်ပညာရှင်ကိုယ်စားလှယ် ၄၁ ဦး၊ နိုင်ငံ့ဝန်ထမ်းကိုယ်စားလှယ် ၉၂ ဦး၊ အခြားဖိတ်ကြားသင့်သည့်ကိုယ်စားလှယ် ၅၇ ဦး စုစု ပေါင်းအစုအဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ် ၇၀၂ ဦးနဲ့ စတင်ကျင်းပခဲ့ကြောင်း ရွှန်းရွှန်းဝေရေးသားခဲ့တာကိုတွေ့ရမှာ ဖြစ်ပါသည်။

စစ်အစိုးရထုံးစံအတိုင်း အရည်အချင်းထက် အရေအတွက်ကို အဓိကထား လူများပြီးရော လက်ညိုးထောင်ခေါင်းညိတ်သမားတွေကို နာမည်အမျိုးမျိုးတပ်ပေးပြီး ညီ လာခံထဲမှာ လူ ၇၀၂ ယောက် လျှောက်ထည့်ထားတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် နိုင်ငံ့ဝန်ထမ်းကိုယ်စားလှယ် ၉၂ ဦးဆိုတာကိုပဲ စဉ်းစားကြည့်လျှင် သိနိုင်မည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ အလုပ်ပြုတ်မှာကြောက်ရသော၊ အစိုးရက အပြစ်ရှာကာ အချိန်မရွေးအရေးယူနိုင် သော နှောင်ကြိုးနှင့်လူများဖြစ်ပါသည်။

ထိုသူများက အမျိုးသား ညီလာခံတွင် စစ်အစိုးရကို အလိုမရှိကြောင်း မည်သို့မျှ အကြံပြုရဲမည် မဟုတ်ချေ။ ထိုစဉ်က စစ်အစိုးရနှင့် ပလဲနံပသင့်နေသော လောက်ကိုင်ဒေသမှ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်သည်ပင်လျှင် အစိုးရက ဖိတ်ကြားသဖြင့် ညီလာခံကိုယ်စားလှယ် တက်လုပ် နေချေသည်။

ပြည်သူလူထုက တကယ် မဲပေးရွေး ချယ်ခဲ့သော ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ သည့်တပြည်လုံးမှ ကိုယ်စားလှယ်ကတော့ ၁၀၇ ဦးပဲပါသည်။ လူ ၇၀၀ ကျော်တွင် ရွေးကောက်ခံအမတ် ၁၀၀ ကျော်သာပါသည်ကို ကြည့်သည်နှင့် ဘယ်အချိုးချိုးတော့မည်ဆိုတာ သိနေနိုင်သောဖြစ်ရပ်ဖြစ်သည်။ ထိုညီလာခံကြီးက ၁၅ နှစ် အချိန်ဆွဲကာ သူတို့စိတ်တိုင်းကျအခြေခံဥပဒေရေးဆွဲ။

လူဦးရေ ၅၁ ဒသမ ၄သန်းပဲရှိသည်ဟု ကုလသမဂ္ဂသန်းခေါင် စာရင်းကောက်သည့်အဖွဲ့က ပြောထားသည့်နိုင်ငံတွင် လူ ၅၈ သန်းရှိသည်ဟု စာရင်းပြကာ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းသော ပြည်သူလူထုက ထောက်ခံသည်ဟု လုပ်ချခဲ့သော အခြေခံဥပဒေကြီးဖြစ်သည်။ ထားတော့ ဆိုလိုရင်းက ဦးရွှေမန်းနှင့် ပြည်ခိုင်ဖြိုးအချို့သည် ပင်လျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို ၂၀၁၅ နှစ်လယ်ပိုင်းက ကြိုးစားခဲ့ကြဖူးပါသည်။

သမ္မတ ဦးသိန်းစိန်ဦးဆောင်သော ပြည်ခိုင်ဖြိုးများက သဘောမကျကြပါ။ ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ဦးရွှေမန်း နိုင်မလား၊ ဦးသိန်းစိန်နိုင်မလားဆိုတာ တပ်မတော်က ဘယ်ဘက်ကရပ်မလဲဆိုတာအပေါ် မူတည်ပါသည်။

ထိုဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်လိုက်သောအခါ ပြင်ဆင်ချက် အများစုကို တပ်မတော်က ကန့်ကွက်မဲပေးခဲ့ခြင်းဖြင့် ဦးရွှေမန်း၏ ပြုပြင်ပြောင်းလဲရေး အားထုတ်မှုကျ ဆုံးခဲ့ရကာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လူထုဆန္ဒခံယူပွဲဥပဒေကြမ်းမှာလည်း လူထုဆန္ဒခံယူပွဲပင်ကျင်းပသည့် အခြေသို့ မဆိုက်လိုက်ဘဲ နိဋ္ဌိတံခဲ့ရလေ၏။

နိုင်ငံတိုးတက်ချင်လျှင် လက်ရှိကပေါက်တိ ကပေါက်ချာဖြစ်နေသော ဖွဲ့စည်းပုံပါအချက်များကို ပြင်ရမည်။ ဖွဲ့စည်းပုံသည်ဘုရား မဟုတ်သဖြင့် နိုင်ငံတိုင်းမှာပြင်ကြသည်။ တခါရေးဆွဲထားပြီးသည်နှင့် တသက်လုံးတည်မြဲနေသော ဖွဲ့စည်းပုံဥပဒေဆိုသည် မရှိပါ။ အချို့သော သူများက ထင်နေသည်မှာ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ခြင်းသည် နိုင်ငံကို အဖျက်လုပ်ငန်းလုပ်နေသလိုလို ထင်နေကြသည်။ သေသေချာချာ နား မလည်သောကြောင့် ပြောနေထင်နေကြခြင်းဖြစ်၏။ ပိုကောင်းသော နိုင်ငံတနိုင်ငံဖြစ်ဖို့ပြင်သင့်တာ ပြင်ကြရမည်ဖြစ်သည်။ ပြင်ရာတွင်အယူ အဆနှစ်ရပ်ဖြစ်နေ၏။

ပထမအယူအဆမှာ ယခုအခါ ဒုတိယပင်လုံ ညီလာခံခေါ်ယူပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးနေသော အဖွဲ့များနှင့် အစစအရာရာငြိမ်းချမ်းရေးသဘောတူလက်မှတ်ထိုးပြီးမှ တိုင်းရင်းသားများလိုလားချက်၊ တပ်မတော်၏ သဘောတူချက်များကို ပြင်ဆင် မည့်အပိုင်းရောက်လာပါမှ မိမိလိုလားချက်များကိုပါရော၍ ငြိမ်းချမ်းရေးရပြီးမှ ဖွဲ့စည်းပုံပြင်စေလိုသည့် အယူအဆဖြစ်သည်။

ထိုအယူအဆကြောင့်ပဲ NLD သည် ခြေဥပြင်ဆင်ရေးကို ဘာမှခြေလှမ်းမစသေးသည် လားမသိပေ။ နောက်အယူအဆတရပ်မှာ ငြိမ်းချမ်းရေးဆွေးနွေပွဲဆိုသည်မှာ အချိန်အကန့်အသတ်မရှိ ကြာရှည်သည်။ ဟိုကတပေါက် သည်ကတပေါက် ဟိုအဖွဲ့ကတမျိုး၊ သည်အဖွဲ့က တမျိုး၊ ဟိုအစည်းအဝေးကဟိုလို၊ သည်အစည်းအဝေးက သည်လိုနှင့် မပြီးနိုင်၊ မစီးနိုင်တော့။ ဒါတွေအားလုံးပြီးစီးမှရော၍ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးစားမည်ဆိုလျှင် တိုင်းပြည်အတွက် သိပ်နောက်ကျသွားလိမ့်မည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သီးခြားစီ ကိုယ့်လမ်းကြောင်းနှင့် ကိုယ်မောင်းနှင်နေရမည်ဆိုသည့် အယူအဆ ဖြစ်သည်။ ထိုအယူအဆကို စာရေးသူထောက်ခံသည်။ ငြိမ်းချမ်းရေး ဆိုသည်မှာ ကောင်းပါ၏။

သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပေါင်းများစွာနှင့် အချိန်တိုအတွင်းတွင် ဥုံဖွ-ဆိုပြီး အားလုံးပြေလည် မသွားနိုင်။ တိုင်းပြည်နဲ့ လူမျိုးကတော့ရှိနေမည်၊ အနာဂတ်သို့ သွားနေမည်သာဖြစ်သည်။
ပြင်မည်ဆိုလျှင် ဘာတွေပြင်မည်နည်း။
ဘာတွေပြင်လျှင် ပြည် ထောင်စုလွှတ်တော်ထဲတွင် တပ်မတော်က မကန့်ကွက်မည်နည်း။ ကြံ့ခိုင်ရေးလက်ထက်က ပြင်ဆင်ရန်တင်ပြခဲ့သော အချက်ကြီး ၃၀။ အသေးစိတ်အချက်ပေါင်းများစွာရှိသည်။ တပ်မတော်နှင့်သော်လည်းကောင်း၊ ယခင်စစ်အစိုးရအာဏာရှိသူများကို လည်းကောင်း နစ်နာမသွားစေနိုင်သော ပြုပြင်ပြောင်းလဲမှုအချက်များကိုတော့ တပ်မတော်သားကိုယ်စားလှယ်များက ကန့်ကွက်မည်မထင်ပေ။

ကန့်ကွက်ခဲ့ပါကလည်း တိုင်းသိပြည်သိဖြစ်မည်ဖြစ်သဖြင့် မည်သူသည် အပြောင်းအလဲကို အဟန့်အတားပြုနေသည်ကို သဲကွဲရှင်းလင်းစွာ ကမ္ဘာက သိမြင်နိုင်မည်ဖြစ်သည်။ ကြံ့ခိုင်ရေးကတင်ခဲ့သော ဖွဲ့စည်းပုံအပြောင်းအလဲ အဆိုပြုချက်တွင် စိတ်ဝင်စားစရာကောင်းသည့် အချက် လေးချက်ပါဝင်သည်။ ပထမအချက်မှာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်ခန့်ထားခြင်းကို လက်ရှိစနစ် သမ္မတကတိုက်ရိုက်ရွေးချယ်ခန့်အပ်မည့်အစား သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်မှ မဲပေးရွေးချယ်စေဖို့ ဖြစ်သည်။

ဤအချက်ကို တပ်မတော်မှ ထောက်ခံသည်ဟုဆို၏။ ဤသို့ လုပ်လျှင် ကောင်းကွက်ဆိုးကွက်ရောနေသည်။ သတ္တိရှိရှိ ဆုံးဖြတ်ကြဖို့ ဖြစ်သည်။ ကောင်းကွက်မှာ မိမိပြည်နယ်၊ မိမိတိုင်းဒေသကြီးမှ လိုလားသူကို တိုင်းနှင့် ပြည်နယ်သက်ဆိုင်ရာလွှတ်တော်များမှ တိုက်ရိုက်ရွေး ချယ်ခွင့်ရမည်ဖြစ်သည်။ ဥပမာ-ရခိုင်တွင် ရခိုင်ပါတီ အမတ်နေရာအများစုရသော်လည်း ရခိုင်ပါတီမှ ၀န်ကြီး ချုပ်ခန့်ခွင့်မရ။

ဒီမိုကရေစီပိုဆန်လာပေမည်။ အားနည်းချက်မှာ ဤသို့ ဖြစ်သည်။ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်များတွင် ရွေးကောက်ခံမဟုတ်သော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်ပါဝင်ခွင့်အချိုးမှာ ၂၅ ရာခိုင်နှုန်းထက် များကာ ၃၃ ဒသမ ၃ ရာခိုင်နှုန်း (သုံးပုံတပုံ) အထိ စစ်တပ်က ယူထားခြင်းဖြစ်သည် (ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၆၁ /ဃ)။ ထိုအခါ စစ်တပ်နှင့် မိတ်ဖက် လိုလို ဖြစ်နေသောပါတီများအဖို့  ပြည်နယ်နှင့် တိုင်းလွှတ်တော်တွင် ၁၈ ရာခိုင်နှုန်းအင်အားရှိသည်နှင့် တပ်မတော်ကိုယ်စားလှယ် ၃၃ ဒသမ ၃ ရာခိုင်နှုန်းနှင့် ပေါင်းကာ ၅၁ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ပြည်နယ်ဝန် ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ခန့်နိုင်မည်ဖြစ်သည်။

ဥပမာ ကြံ့ခိုင်ရေးလိုပါတီသည် လွှတ်တော်ထဲ တွင် ၁၈ ရာခိုင်နှုန်းမရှိသော်လည်း ၁၀ ရာခိုင်နှုန်းလောက်ရှိလျှင်ပင် တိုင်းရင်းသားပါတီငယ်များကို စည်းရုံး၍ ၁၈ ရာခိုင်နှုန်းပြည့်အောင်ဖြည့်ပြီး တပ်မတော် ၃၃ ဒသမ ၃ ရာခိုင်နှုန်းဖြင့် သူတို့ပါတီလိုလားသော ပြည်နယ်အစိုးရတရပ်၊ တိုင်းဒေသကြီး အစိုးရတရပ်ပေါ်ထွန်းအောင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပြည်ထောင်စုအဆင့် ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်တွင် တပ်မတော်သားပါဝင်မှုပင် ၂၅ ရာခိုင်နှုန်းရှိရာ ပြည်နယ်နှင့် တိုင်းလွှတ်တော်များကျမှ အဘယ်ကြောင့် ၃၃ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်နေ သလဲဆိုတာ စဉ်းစား၍ မရပေ။ လိုတာထက်ပိုသော အသာစီးရယူမှုဖြစ်၍ ထိုအချက်ကိုအရင်ပြင်သင့်သည်။ နောက်မှ ၀န်ကြီးချုပ်ကို လွှတ်တော်က ရွေးသောစနစ်ကို ပြဋ္ဌာန်းသင့်သည်။ သို့မဟုတ် နှစ်ခုစလုံးပြင်ဆင်ချက် တပြိုင်နက်တက်သင့်သည်။

ကြံ့ခိုင်ရေးမှ ပြင်ဆင်တင်သွင်းသည့်အထဲမှ ဒုတိယသတိထားမိသော အချက်မှာ ပြည်ထောင်စု တရားသူကြီးချုပ်၊ ဒုတိယပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရား သူကြီးများ၊ တိုင်းနှင့်ပြည်နယ် တရားလွှတ်တော်တရား သူကြီးများ၏ ရာထူးသက်တမ်းကို အသက်ရှစ်ဆယ် အထိ ဆောင်ရွက်ခွင့်ပြုထားခြင်းအား ငါးနှစ်သက်တမ်းသို့ လျှော့ချပေးရန် ပြင်ဆင်ချက်တင်ပြခြင်းဖြစ်သည်။

ဤကိစ္စသည်လည်း အဆိုးအကောင်းရှိ၏။ တရားသူကြီးချုပ်များကို အသက် ၈၀ အထိ ရာထူးတာဝန် ပေးထားခြင်း၏ အဓိကရည်ရွယ်ချက်မှာ တရားသူကြီးသည် အုပ်ချုပ်သူနှင့် လွှတ်တော်ကိုကြောက်စရာမလိုဘဲ မိမိတာဝန်ကို စိတ်အေးလက်အေးထမ်းဆောင်ခွင့်ရရန်ဖြစ်သည်။ တနည်းအားဖြင့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးသည် တရားစီရင်ရေးကို မလွှမ်းမိုးရန်၊ အကြောက်တရားကင်းကင်းနှင့် တရားရေးကို ကိုင်တွယ်ဆောင်ရွက်ရန်ကောင်းသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ အမေရိကန် ပြည်ထောင်စုကဲ့သို့သော သမာသမတ်ကျသောနိုင်ငံ၊ ဥပဒေစိုးမိုးသည့်နိုင်ငံတွင် ဤပြဋ္ဌာန်းချက်သည် ကောင်း၏။ အလုပ်ဖြစ်၏။

ဆင်းရဲသောနိုင်ငံများ၊ ဥပဒေစိုးမိုးမှုအားနည်းသည့်နိုင်ငံများ၊ ပွင့်လင်းမြင်သာ မှုမရှိသည့် နိုင်ငံများတွင် တရားသူကြီးတယောက်သည် အသက်ရှစ်ဆယ်ရောက်သည်အထိ တာဝန် ပေးထားလျှင် ရာထူးရထားတာကြာလာသောအခါ အာဏာနှင့်လုပ်ပိုင်ခွင့်တွင် ယစ်မူးသာယာလာတတ်ကြသည်မှာ လူ့သဘာဝဖြစ်သည်။ ထို့ကြောင့် မိမိနိုင်ငံနှင့်ကိုက်မည့် ပြင်ဆင်ချက်ကို NLD က စဉ်းစားပြင်ဆင်ရန် ဖြစ်သည်။

၂၀၁၅ ဇွန်လတွင် ကြံ့ခိုင်ရေးမှ တင်ပြချက် တတိယအချက်မှာ နာမည်ကျော်ပုဒ်မ ၄၃၆ နှင့် ဆိုင်သည်။ ၄၃၆ တွင် လွှတ်တော်၌ အခြေခံဥပဒေ ပြင်ဆင်လိုသောအခါ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံရမည်ဆိုသည်မှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းမပါဘဲ ပြင်၍မရအောင် လုပ်ထားသလိုဖြစ်နေသည်။ ဤအချက်ကို လွှတ် တော်ကိုယ်စားလှယ် ၇၀ ရာခိုင်နှုန်းကျော် သဘော တူညီချက်ဖြင့် ပြင်ဆင်နိုင်ရမည်ဟု ပြင်ဆင်ချက်အဆို တင်သည်။

ထို့အပြင် လူထုဆန္ဒခံယူပွဲတွင် မဲပေးခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော်ထောက်ခံမဲဖြင့် ဆိုသောအချက်အစား ဆန္ဒမဲပေးသူအားလုံး၏ ထက်ဝက် ကျော်ဆန္ဒမဲဖြင့်ပြင်ဆင်ရမည်ဟု အဆိုပြုခဲ့ခြင်းဖြစ်သည်။ ပုဒ်မ ၄၃၆ နှင့်ပတ်သက်၍ ဤအဆိုပြုချက်မှာ ဖြစ်သင့်ဖြစ်ထိုက်သော အဆိုပြုချက်ဖြစ်သည်။ လွှတ်တော်ထဲတွင် ပြည်သူလူထုရွေးချယ်ထားသူ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းသာရှိရာ ၇၀ ရာနှုန်း ဆိုသည်မှာ ပြည်သူ့ဆန္ဒအများစုအစစ်အမှန်ပင် ဖြစ် လေသည်။ ဤအဆိုကို ထိုစဉ်က မဲခွဲဆုံးဖြတ်သောအခါ ရှုံးနိမ့်ခဲ့လေ၏။ ဘယ်သူတွေက ကန့်ကွက်မဲပေးကြ သလဲဆိုတာ ပြောစရာလိုမည် မထင်ပေ။
စတုတ္ထအရေးကြီးသောပြင်ဆင်ချက်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို လုပ်ပိုင်ခွင့်ပိုပေး ခြင်းဖြစ်သည်။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများ၏ လုပ်ပိုင်ခွင့် အာဏာမှာ စည်ပင်သာယာအလုပ်လောက်၊ မီးသွေးဖုတ်သောလုပ်ငန်းလောက်သာရှိလေပြီး လုပ်ပိုင်ခွင့် မရှိသလောက်နည်း၏။

ကြံ့ခိုင်ရေးက တင်ပြသော ပြင်ဆင်ရေးအဆိုတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရ အား ၂၀၀၈ ဖွဲ့စည်းပုံဥပဒေဇယား ၂ မှ အရင်းအနှီး၊ အာမခံလုပ်ငန်း၊ ၀င်ငွေခွန်၊ ကုန်သွယ်ခွန်၊ ပြည်ပမှချေးငွေယူခြင်း၊ ပြည်ပမှငွေကြေးအကူအညီနှင့် အထောက်အပံ့ရယူခြင်း၊ ဟိုတယ်နှင့် တည်းခိုခန်း လုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊ မြေလွတ်မြေရိုင်း ဖော်ထုတ်ခြင်း၊ စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း၊ ပင်လယ်ကမ်းနီးငါးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မိုးလေ ၀သလုပ်ငန်း၊ မိမိဒေသတွင်းမှသယံဇာတများကို အချိုးအစားသတ်မှတ်ပေးရေး စသည်ဖြင့် အချက်ပေါင်းများစွာပါဝင်သည်။

လိုရင်းမှာ ပြည်နယ်နှင့် တိုင်းအစိုးရများကို လုပ်ပိုင်ခွင့်ပိုမိုခွင့်ပြုပေးခြင်း ဖြစ်သည်။ ပြည်နယ်များကို အာဏာခွဲဝေရေး၊ သယံဇာတ ခွဲဝေရေးဖြစ်သည်။ တိုင်းရင်းသားများ တောင်းဆိုနေကြသည်မှာလည်း အနှစ်ချုပ်လိုက်လျှင် အာဏာပိုရဖို့ သယံဇာတတွေ ပြည်နယ်သားတွေ ဒေသခံတွေ လက်ထဲမှာ သုံးခွင့်ရဖို့ဖြစ်သည်။ သို့သော် ထိုဥပဒေများ ရှေ့တွင် ပြည်ထောင်စုကပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီဆိုသည့် စကားလုံးကြီးပါဝင်နေခြင်းကို ကျွန်တော် သဘောမကျ။

ပေးကားပေး၏မရဆိုသလို ဖြစ်လာနိုင်သည်။ ပြည်နယ်များလွတ်လပ်စွာ ဥပဒေပြဋ္ဌာန်း ပါစေ။ အငြင်းအခုန်ဖြစ်လာလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ပါစေ။ ဘာမှအာဏာနှင့် လုပ်ပိုင်ခွင့်မရှိသော ရုပ်ပြအစိုးရအဖြစ်မှ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရကင်းဝေးပါစေ။
လိုရင်းအချုပ်ကိုပြောရလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို NLD က စတင်အကောင် အထည်ဖော်သင့်ပြီဖြစ်သည်။

ကြံ့ခိုင်ရေးလက်ထက်ကပင် ပြင်ဆင်ရန် ကြိုးပမ်းခဲ့ဖူးသေးရာ ပြည်သူလူထု၏ ညြေိအေန အပြည့်ရထားသော ပါတီအနေဖြင့် တုံ့ဆိုင်းမနေသင့်ပါ။ အထူးသဖြင့် ငြိမ်းချမ်းရေးရမှ ဖွဲ့စည်းပုံပြင်မည်ဆိုသော စကားကိုနားယောင်မနေဘဲ မိမိလုပ်စရာရှိတာကို ပြည်သူနှင့်အတူ ရဲရဲဝံ့ဝံ့လုပ်နိုင် ကြပါစေဟု ဆုတောင်းမျှော်လင့်ပါသည်။

သရ၀ဏ်(ပြည်)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.