ဖိလစ်ပိုင်သမ္မတ ဒူတာတေးက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး နိုင်ငံတစ်ဝန်း ပြဋ္ဌာန်းမည်ဟု ခြိမ်းခြောက်


ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက တစ်နိုင်ငံလုံး၏ သုံးပုံတစ်ပုံခန့်ရှိသော နိုင်ငံတောင်ပိုင်းဒေသတွင် မေ ၂၃ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ပြဋ္ဌာန်းဖွယ်ရှိကြောင်း မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံတောင်ပိုင်းမှ အဓိက မြို့တစ်မြို့၌ IS တို့နှင့် ဆက်နွှယ်သော စစ်သွေးကြွများနှင့် လုံခြုံရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေကြစဉ် ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။

သမ္မတဒူတာတေးသည် မော်စကိုသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေစဉ် သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် အာနက်စတို အဘယ်လာက တစ်နိုင်ငံလုံးသို့ ရုပ်သံမှ ထုတ်လွှင့်သည့် သတင်းစာရှင်းလင်းပွဲမှ တစ်ဆင့် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လုံခြုံရေး ခြိမ်းခြောက်မှုများကို နှိမ်နင်းရန်အတွက် စစ်အုပ်ချုပ်ရေးတစ်ခု ကြေညာမည်ဟု ထပ်တလဲလဲပြောနေသည့် ဒူတာတေး၏ သတိပေးမှုများမှာ အမှန်တကယ် ဖြစ်လာပြီဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသော စစ်အုပ်ချုပ်ရေး အသုံးပြုခွင့် သတ်မှတ်ချက်အရ ယခုကြေညာမှုသည် ရက် ၆၀ အထိ အသက်ဝင်နေမည်ဟု သမ္မတပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။ ဖိလစ်ပိုင် တစ်နိုင်ငံလုံး၏ သုံးပုံတစ်ပုံဝန်းကျင်ရှိသော နိုင်ငံတောင်ပိုင်း မင်ဒါနာအိုဒေသတွင် လူဦးရေ သန်း ၂၀ ခန့် နေထိုင်သည်။

ဖိလစ်ပိုင်နိုင်ငံကို ဆယ်စုနှစ်နှစ်ခုကြာ အုပ်ချုပ်သွားခဲ့သည့် အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်သည် အာဏာတည်မြဲစေရန် စစ်အုပ်ချုပ်ရေးကို အသုံးပြုခဲ့သည်အတွက် စစ်အုပ်ချုပ်ရေး ကြေညာခြင်းသည် ဖိလစ်ပိုင်နိုင်ငံတွင် အထူးပင် ထိရှလွယ်သည့် ကိစ္စရပ်တစ်ခု ဖြစ်နေသည်။

ဒူတာတေးသည် မေ ၂၄ ရက် နှောင်းပိုင်းက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံခဲ့ပြီး ၎င်းအနေနှင့် ရုတ်ချည်း ပြန်လည်ထွက်ခွာရမည့် အကြောင်းကို ရှင်းပြခဲ့သည်။ “IS နဲ့ ဆက်စပ်နေတဲ့ အုပ်စုတွေဟာ ပြည်နယ်တစ်ခုကို သိမ်းပိုက်နေပြီး တိုက်ပွဲတွေ ဖြစ်နေပါတယ်။ စစ်ဆင်ရေးကတော့ လုပ်ဆောင်နေတုန်းပါပဲ။ ဒါကြောင့် ကံမကောင်းစွာနဲ့ပဲ ကျွန်တော် အခု ပြန်ရပါတော့မယ်” ဟု တွေ့ဆုံမှု၏ အစတွင် ဒူတာတေးက ပြောခဲ့သည်။

မင်ဒါနာအိုထဲရှိ လူပေါင်းနှစ်သိန်းခန့် နေထိုင်သော မာရာဝီမြို့တွင် မေ ၂၃ ရက်က အစိုးရလုံခြုံရေး တပ်ဖွဲ့များနှင့် IS နှင့် ဆက်စပ်နေသော သေနတ်သမားတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။ အစ်နီလွန်ဟာပီလွန် အမည်ရသော စစ်သွေးကြွတစ်ဦး ပုန်းအောင်းနေသည်ဟု ယူဆရသော နေအိမ်တစ်အိမ်ကို လုံခြုံရေးတပ်ဖွဲ့များက ၀င်စီးရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဟာပီလွန်သည် နာမည်ကြီး အဘူဆေယက်ပြန်ပေးဆွဲအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ IS အဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံဟာ ဒီ IS အဖွဲ့ကို တိုက်ခိုက်ဖို့အတွက် ခေတ်မီလက်နက်တွေ လိုအပ်နေပါတယ်” ဟု ဒူတာတေးက မော်စကိုတွင် ပြောကြားခဲ့သည်ဟု သိရသည်။

IS အလံနှင့် ဆင်တူသည့် အလံများအား ကိုင်ဆောင်ထားသည့် သေနတ်သမား ၁၀၀ ကျော်သည် မာရာဝီမြို့ထဲမှ ဆေးရုံနှင့် အကျဉ်းထောင်တို့ကို သိမ်းပိုက်ထားပြီး ကက်သလစ် ဘုရားကျောင်းနှင့် အဆောက်အအုံတစ်လုံးကို မီးရှို့ခဲ့သည်ဟု သိရသည်။

ထို့ပြင် အစ္စလာမ္မစ်တို့သည် ဓားစာခံများကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အစိုးရ တပ်ဖွဲ့များ ပြန်မရုပ်ပါက ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထို့ပြင် မြို့ထဲရှိ အဆောက်အအုံ အများအပြားတွင် လက်ဖြောင့်သေနတ်သမားများစွာ ပုန်းအောင်းနေသဖြင့် အစိုးရ တပ်ဖွဲ့ဝင်များသည် ၎င်းတို့ကို တိုက်ခိုက်ရန် ခက်ခဲနေသည်။ ယင်းဖြစ်စဉ်များကြောင့် ဒေသခံ ထောင်ပေါင်းများစွာသည် မြို့ထဲမှ ထွက်ပြေးခဲ့ကြပြီး သေနတ်သမားတို့၏ လက်ချက်ဖြင့် ရဲတစ်ဦးနှင့် စစ်သားနှစ်ဦး ကျဆုံးသွားပြီဟု သိရသည်။ ဖိလစ်ပိုင်လုံခြုံရေးများ ၀င်ဖမ်းရန် ကြိုးပမ်းခဲ့သည့် ဟာပီလွန်ကို အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ဆုငွေငါးသန်း ထုတ်ထားသည်။ ဟာပီလွန်သည် IS ကို သစ္စာခံကြောင်း ကြေညာထားသည့် ဖိလစ်ပိုင်စစ်သွေးကြွအုပ်စုများ ညီညွတ်စည်းလုံးစေရန် ကြိုးပမ်းနေသူဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

Ref: AFP
Eleven Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.