အစိုးရသစ်လက်ထက် အမှန်တကယ်ပြောင်းလဲလာနေသည့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန

ရန်ကုန်ဆေးရုံကြီး၏ အရေးပေါ်ဌာနဆိုတာ သီးသန့်မည်သူမျှ အလည်လာသူမရှိ။ ကိုယ်တိုင်သော်ဖြစ်၍ ဒါမှမဟုတ် ကိုယ့်သွေးသားဆွေမျိုးမိတ်ဆွေ တဦးဦးရဲ့ ကျန်...


ရန်ကုန်ဆေးရုံကြီး၏ အရေးပေါ်ဌာနဆိုတာ သီးသန့်မည်သူမျှ အလည်လာသူမရှိ။ ကိုယ်တိုင်သော်ဖြစ်၍ ဒါမှမဟုတ် ကိုယ့်သွေးသားဆွေမျိုးမိတ်ဆွေ တဦးဦးရဲ့ ကျန်းမာရေးဆိုးရွားနေမှ ရောက်လေ့ရှိသောနေရာ။ ကျွန်မဆီရောက်လာတဲ့ဖုန်းက ဆေးရုံကြီး အရေးပေါ်မှာ လာစောင့်နေပါ။ ကျိုက်ထိုဆေးရုံက လွှဲလိုက်ပြီဆိုတဲ့ အငယ်ဆုံးညီမရဲ့ငိုသံပါစကား၊ ဘယ်သူဘာဖြစ်လို့လဲလို့မေးတော့ သူ့အမျိုးသား အစာအိမ်သွေးယိုစိမ့်လို့တဲ့။

ဒီလိုနဲ့ ကျွန်မလည်း ရန်ကုန်ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနကို ရောက်ခဲ့ရတာပါ။ ဆေးရုံကြီးအရေး ပေါ်ရှေ့ဆင်ဝင်အောက်မှာ တစီးဝင်တစီးထွက်နဲ့ အရေးပေါ်ကားများ နားသွားသည်မရှိ။ လာသမျှကား များမှာလည်း အကြာကြီးရပ်ထားသည်ကိုမတွေ့ရ။ ရှေ့ကား၊ နောက်ကား တန်းစီပြီးရပ်ကြ။ လူနာများ ပို့ပြီးသည်နှင့် ပြန်ထွက်သွား၍ ကားများဝင်မရ ထွက်မရအောင် ရှုပ်ထွေးနေသည်ကိုမတွေ့ရ။ စနစ်ကျလှသည်။ တစီးနှင့်တစီး နားလည်မှုထားကြတာတွေ့ရပြီး ၀င်လာသမျှ ကားများမှာလည်း မြို့ပေါင်းစုံ၊ နယ်ပေါင်းစုံ၊ ရွာပေါင်းစုံ၊ ပို့ပေးသည့်သူများကလည်း လူမှုကူညီရေးအသင်းပေါင်းစုံနှင့် မိသားစုများကိုယ်တိုင်။

ကျွန်မ စောင့်နေစဉ် လူမှုကူညီရေးအသင်း ကျိုက်ထို (AMBULANCE) အရေးပေါ်ကားရောက်လာ၍ လူနာနောက်လိုက်သွားပြီး လိုအပ်သည့်အရာများ ကူညီပေးရင်း ဆေးရုံကြီး၏ အရေးပေါ်ညတညကို ကိုယ်တိုင်တွေ့ကြုံခံစားလိုက်ရသည်။

ဝင်လာမစဲတသဲသဲဆိုသလို ရောဂါပေါင်းစုံ၊ ထိခိုက်မှုမျိုးစုံ၊ သွေးသံတရဲရဲ၊ ကျိုးတာလည်းပါ၊ ကွဲတာလည်းပါ။ သတိရတချက် မရတချက်၊ မေ့နေသူလည်းပါ။ အော်ဟစ်ညည်းညူသူများကို တွေ့ရမြင်ရသည်မှာ စိတ်မချမ်းသာ၊ ကိုယ့်အပူက သူ့အပူထက်ကြီးဖြစ်နေသော လူနာရှင်များ၏ သောကပေါင်းစုံနှင့် ဗျာများနေကြ၊ ပွဲတော်တခုရယ်လို့တော့ မတင်စားချင်ပေမဲ့ လူအများနှင့် စည်ကားနေသည်က အမှန်ပင်။

လူနာတင်ယာဉ်တစီး ထိုးဆိုက်လာသည်နှင့် လူနာတင်ရန် ၀ှီးချဲ၊ တွန်းလှည်းများ အဆင်သင့်၊ မည်သူမျှခေါ်စရာမလိုအောင် ဆေးရုံအလုပ်သမားများမှာ မိမိတာဝန်ကို လေးစားကြတာတွေ့ရသည်။ အရင် တချိန်ကလို လူနာရှင်ကို ငွေမရရင် ညစ်ချင်သောစိတ်မရှိ။ လူသစ်စိတ်သစ်နှင့် ၀ိုင်းဝန်းကူညီနေကြပုံက အားရစရာ။

ရောက်လာသမျှ လူနာများကို ရောဂါဖြစ်စဉ်မေး ဆေးကုပေးရန်အတွက် အချိန်မဆွဲ ယခင်လိုစာအုပ် မ၀ယ်ခိုင်း ခုတင်ပေါ်တင်ပြီး ပစ်မထား။ ချက်ချင်း စမ်းသပ်လုပ်စရာရှိတာ ချက်ချင်းလုပ်ပေး။ အခန်းပြောင်း သွေးစစ်၊ ဆီးစစ်၊ ဓာတ်မှန်ရိုက်၊ အာထရာ ဆောင်းရိုက်၊ ခွဲစိတ်ရမည့်လူနာချက်ချင်းခွဲ၊ အောက်ဆီဂျင်ပေးသင့်သူ ချက်ချင်းပေး တာဝန်ကျဆရာဝန်၊ ဆရာမများ၏ ဂရုစိုက်ကုသပုံတွေ့ရ၍ လူနာရှင်များ၏ စိုးရိမ်စိတ်များ ပေါ့ပါးသွားကြပြီ။ ရှိသမျှဆေး လိုသမျှဆေးကို ဆေးရုံမှ ထုတ်ပေးနေ၍လည်း အံ့သြခဲ့ရ။ ဤသည်ကား ဆေးရုံကြီး၏ပြောင်းလဲမှုတခုကို တွေ့ရ၍ နိုင်ငံတော်မှ တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်လေးစားမိသည်။ လူနာကများ၍ တာဝန်ကျဆရာဝန်များခမျာ တညလုံးမနားအား။ အရေးပေါ်ဆိုသည့်အတိုင်း ကားတိုက်၊ လူရိုက်၊ ဆိုင်ကယ်မှောက် ထိခိုက်ဒဏ်ရာများဖြစ်ပြီး လာကြသည်က ပိုများနေ။ လူနာများသလောက် လူနာပို့သူက ပို၍များတာလည်းတွေ့ရ။ တချို့လူနာများတွင် တရွာလုံးနီးပါး၊ တရပ်ကွက်လုံးနီးပါး လိုက်လာသလားတောင်ထင်ရ။ လူနာအနားဝိုင်းထား၍ တယောက်တမျိုးပြောနေကြပုံမှာ ကုသပေးရမည့် ဆရာဝန်များအတွက် အခက်တွေ့ရ။ လူနာအကြောင်း ပြောဆိုနိုင်သူတယောက်သာနေ၍ ကျန်သူများ အပြင်ထွက်ရန်ပြောတော့ မကျေနပ်ကြ။ လူနာပို့သူများ၏ နားမလည်မှုတခုကို တွေ့ရှိရခြင်းပါ။

ရာထူးအာဏာ၊ ပါဝါပြချင်သူများက တမှောက်၊ လူနာချင်းအတူတူ သူ့လူနာမှ အရေးအကြီးဆုံးဆိုသူများ၏ VIP လူနာရှင်များ၏ ဆရာဝန်၊ ဆရာမကို အပေါ်စီးမှ ဟောက်နေဟိန်းနေသူများကို တွေ့ရ။ နေရာတကာ တန်းတူညီတူစိတ်မမွေးနိုင်သူများ၏ ရောဂါတမျိုးပါ။

နာမည်ကြီး ပြင်ပဆေးရုံတခုမှ ၁၀ ရက်ကို ၁၈ သိန်း၊ သိန်း ၂၀ ကုန်ပြီး လူနာတကိုယ်လုံးရောဂါ ပိုးပျံ့နှံ့ပြီး မနိုင်တော့မှ ဆေးရုံကြီးအရေးပေါ်ကို လွှဲသည့်လူနာ။ အသက်ရှင်ရန် အခွင့်အရေးအလွန်နည်းပါးနေသည့် လူနာအတွက် လူနာရှင်များ၏ ရတက်မအေးပုံကို အားပေးနှစ်သိမ့်၊ တောင်းပန်စကားဆိုကာ ရအောင်ကုသပေးစေလိုချင်တဲ့ ဆန္ဒနဲ့ဝိုင်းဝန်းပြောဆိုနေကြသော ဆရာဝန်များ၏ မေတ္တာတရား၊ အနံ့အသက်ဆိုးတွေထွက်နေတဲ့ အနာပေါင်းများစွာနဲ့ လူနာ၏ ကိုယ်ခန္ဓာကို မရွံရှာအား၊ ဆေးကြောသန့်စင် ပေးနေကြသော ကရုဏာတရား၊ မျှော်လင့်ချက်မဲ့နေသော်ငြားလည်း လူနာခံစားနေရသော ဝေဒနာများကို သက်သာအောင် စွမ်းဆောင်ပြုစုကာ အသက်ကယ် နေပုံများ။

လူနာစောင့်များအတွက် သက်သောင့်သက်သာ နေနိုင်ရန် အရေးပေါ်အခန်းရှေ့မှာ ထိုင်ခုံများချထား ပေးပြီး အဆောက်အဦတခုလုံးကို ကြွေပြားခင်းထား၍ သန့်ရှင်းနေသည်မှာလည်း ဆေးရုံလာသူများအတွက် စိတ်ချမ်းမြေ့စရာပါ။ သန့်ရှင်းရေးဝန်ထမ်းများမှာလည်း ညဘက်ဖြစ်သော်ငြား ပြည့်နေသော အမှိုက်ပုံးများ သွန်၍ ညစ်ပေသောနေရာများကို လှည်းကျင်းတိုက် ချွတ်နေသည်ကို တွေ့ရပြန်တော့သနားနေမိပြန်ရော။
ဤနေရာတွင် လစ်ရင်လစ်သလို လုပ်တတ်သော အကျင့်မပြောင်းသူများကိုလည်း တွေ့ရ၊ အမှိုက်ပုံးရှိလျက် အမှိုက်များကို အပြင်မှာထားခဲ့သူများ၊ ကွမ်းတံတွေးထွေးထားသော အိတ်များ၊ စားပြီးသား နေကြာစေ့အခွံ များ၊ အချိုရည်ဘူးခွံကို နေရာတွင် ပစ်ချသွားခဲ့ကြတာ တွေ့ရ၍ ကိုယ်တိုင်အမှိုက်များကို သိမ်းဆည်းကာ အမှိုက်ပုံးထဲထည့်ရင်း စည်းမဲ့ကမ်းမဲ့သူများအတွက် စိတ်ဓာတ်များပြောင်းလဲရန် များစွာ လိုနေသေးတာကို စဉ်းစားမိခဲ့သေး။

အများသုံးအိမ်သာအသစ်ကြီး ဆောက်ထားပေးသည်မှာ မကြာသေးသော်လည်း အိမ်သာသွားသည့် လမ်းမှာ ရေများဝပ်နေသည်မှာ မိုးရွာထားသလားထင်ရ၊ သက်ကြီးရွယ်အိုများအတွက် ချော်လဲမည်ကို စိုးရိမ်စရာ။ လက်ဆေးရန် ဘေစင်မှာလည်းစားကြွင်းစားကျန်များ ထမင်းစေ့များ ပစ်ထားသဖြင့် ရေဆင်းပေါက်များ ပိတ်ဆို့နေ၍ ရှင်းခဲ့သေးသည်။

သန့်ရှင်းရေးဝန်ထမ်းအလုပ်ဆိုပြီး သတ်မှတ်၍ မရ။ ရှင်းသူရှင်း ၊ ပစ်သူပစ်နေသမျှ ညစ်ပတ်နေဦးမည်သာ။ ဆေးရုံသို့ လာသမျှလူအားလုံး မိမိတို့ကိုယ်တိုင် စည်းကမ်းရှိစွာ သန့်ရှင်းစွာ နေထိုင်ပါမှ ဆိုတာကို မသိကြ။ လူနာစောင့်များအပါအ၀င် ဆေးရုံသို့ ဆေးကုသရန် ရောက်လာသူများ၏ စည်းကမ်းမဲ့မှုအတွက် ပညာပေးမှုများ ဆောင်ရွက်နေသော်လည်း လိုက်နာမှုမရှိကြသလို လိုက်နာရကောင်းမှန်းလည်းမသိ။

အိမ်သာနှင့် နီးသော်လည်း အိမ်သာထဲမ၀င်၊ မှောင်ရိပ်ခို၍ အပေါ့သွားနေသူများ၊ အဆောင်နံဘေး တလျှောက် ရေမြောင်းများထဲသို့ အမှိုက်များပစ်ထား သူများကြောင့် အနံ့အသက်ပေါင်းစုံ နံစော်နေသည်များကို သန့်ရှင်းရေးလုပ်နေရသော ၀န်ထမ်းများမှာ မနားရ။ တာဝန်ရှိသော သူနာပြုဆရာမကြီးများက ပြောတော့ မကြိုက်ကြ။

အဆိုးဆုံးမြင်ကွင်းကတော့ မျက်နှာစာရှေ့ အမှိုက်ပုံထဲ ဆီးအိုးသွန်ထည့်သွားသူ၊ ဘေစင်တွင် ဆီးအိုးသွန်ထည့်သွားသူများကိုပါ တွေ့လိုက်ရခြင်းပါ။ မိမိတို့ စည်းကမ်းမဲ့သည်ကို မပြင်တတ် ဆေးရုံရှိ ၀န် ထမ်းများကို အပြစ်ဖို့ကြသည်။ လူနာစောင့်များ စည်းကမ်းရှိကြရန် လိုအပ်လှပါသည်။ မိမိတို့၏ ကျန်းမာရေး စောင့်ရှောက်ပေးသော၊ ဆေးရုံကြီးပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် မိမိတို့ ၀ိုင်းဝန်းကူညီရ မည်ဖြစ်သည်။

အမှိုက်များကို စည်းကမ်းတကျစွန့်ပစ်ခြင်း၊ မြင်သူကောက်တွေ့သူရှင်း၊ ပစ်သူကလည်း တွေ့ရာမပစ်ဆိုလျှင် ဆေးရုံကြီးဝန်းကျင်အမြဲ သန့်ရှင်းနေမှာပါ။ ပြောင်းလဲလာသည့်စနစ်တခုအောက်တွင် ကျန်းမာရေး ၀န်ထမ်းများဖြစ်သော ဆရာဝန်၊ ဆရာမဘက်က တာဝန်ကျေသည်ထက်ပိုအောင် ဆောင်ရွက်ကုသ ပေးနေကြပါလျက် မိမိတို့ဘက်ကလည်း သန့်ရှင်းရေးအတွက် စည်းကမ်းလိုက်နာပေးကြရန် လိုအပ်ပါလိမ့် မည်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် တညတာ ထိုင်စောင့်ရင်း မိုးလင်းခဲ့သော မြင်ကွင်းစုံကနေ ဆေးရုံမှာ တာဝန်ကျနေသော ဆရာဝန်၊ ဆရာမများနှင့် ၀န်ထမ်းများအားလုံးကို ရောက်လာသမျှသော လူနာအားလုံး အားကိုးကြသလို အားကိုးပြီး ရောက်လာကြသူအပေါင်းအတွက် စေတနာထားကာ လိုအပ်သမျှ ကုသပေးသည်ကို တွေ့ရ၍ ကျေနပ်ဝမ်းမြောက်မိကာ လူနာများကိုယ်စား ကျေးဇူးတင်လျက်။

အေးမွန်အိမ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

COMMENTS

Name

art,1,article,1278,cartoon variety,21,crime,50,culture,1,documentary,7,Entertainment,4,health,27,history,1,international,6394,interview,206,Live,8,LocalNews,14056,news,2842,opinion,749,photos,202,poem,114,satires,38,song,12,speech,11,sports,126,statement,58,technic,42,translate,32,video,1057,voice,74,
ltr
item
dawnmanhon: အစိုးရသစ်လက်ထက် အမှန်တကယ်ပြောင်းလဲလာနေသည့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန
အစိုးရသစ်လက်ထက် အမှန်တကယ်ပြောင်းလဲလာနေသည့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန
https://2.bp.blogspot.com/-9A_vy-PSmrk/WQ65ntqz3BI/AAAAAAAAcAM/MH-MiTFxAQIpPACbR6_u8rEH6Y7N4YnvACLcB/s400/q1.jpg
https://2.bp.blogspot.com/-9A_vy-PSmrk/WQ65ntqz3BI/AAAAAAAAcAM/MH-MiTFxAQIpPACbR6_u8rEH6Y7N4YnvACLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/05/blog-post_888.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/05/blog-post_888.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy