Donald Trump နဲ့ Moon Jae-in မြောက်ကိုရီးယားအရေးမှာ ပူးပေါင်းမည်


မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် အစီအစဉ် ကိစ္စအတွက် ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ လျော့ကျရေး လုပ်ဆောင်ဖို့ သူ့အနေနဲ့ မြောက်ကိုရီးယားကို သွားရောက် လည်ပတ်ဖို့ အဆင်သင့်ရှိကြောင်း တောင်ကိုရီးယား သမ္မတသစ် Moon Jae-in က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Victor Beattie က အာဆီယံ မူဝါဒ လေ့လာရေးဌာနက အကြီးတန်း သုတေသီ James Kim နဲ့ ဆက်သွယ် မေးမြန်းထားတဲ့အပေါ် အခြေခံပြီး ပေးပို့ထားတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးမှာပါ။

အင်္ဂါနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ သမ္မတသစ် မွန်ဂျေအင်းက မြောက်ကိုရီးယားနိုင်ငံနဲ့ ဆိုင်တဲ့ သူ့ရဲ့ သဘောထားကို အခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။

“အမျိုးသားလုံခြုံရေးနဲ့ဆိုင်တဲ့ ပဋိပက္ခကို အတတ်နိုင်ဆုံး အမြန်ဆုံး ဖြေရှင်းလိုကြောင်း၊ မှန်ကန်တဲ့ အခြေအနေတွေအောက်မှာ ၀ါရှင်တန်၊ ဘေဂျင်း၊ တိုကျိုတို့အပါအ၀င် ပြုံယမ်း မြို့အထိ သွားရောက်မှာဖြစ်ကြောင်း သမ္မတသစ် မွန်ဂျေအင်းက ကိုရီးယားလို ပြောသွားတာပါ။”

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ မဟာမိတ် ဆက်ဆံရေး ပိုမို အားကောင်းအောင် လုပ်ဆောင်လိုကြောင်း၊ ဒါ့အပြင် အမေရိကန်က တောင်ကိုရီးယားမှာ တပ်ဆင်ထားတဲ့ ဒုံးလက်နက်ရန် ကာကွယ်ရေး THAAD စနစ် ကိစ္စကိုလည်း အမေရိကန်နဲ့ တရုတ်နိုင်ငံတို့နဲ့ သူ့အနေနဲ့ အလေးအနက် ဆွေးနွေး ညှိနှိုင်းမှာ ဖြစ်တယ်လို့လည်း သမ္မတ မွန်ဂျေအင်းက ပြောပါတယ်။

တောင်ကိုရီးယားမှာ အဲဒီ ဒုံးလက်နက်ရန် ကာကွယ်ရေး THAAD စနစ် တပ်ဆင်တဲ့လိုက်တဲ့အတွက် တရုတ်နိုင်ငံကို အမျက် ထွက်စေခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံကို တောင်ကိုရီးယားခေါင်းဆောင်တွေ သွားရောက်တာဟာ အရင်က မကြုံဘူးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ၂၀၀၀ ခုနှစ်တုန်းက တောင်ကိုရီးယားသမ္မတ Kim Daejung သွားရောက် လည်ပတ်ခဲ့သလို ၂၀၀၇ ခုနှစ်တုန်းကလည်း သမ္မတ Roh Moo-hyun သွားရောက်ခဲ့ပါတယ်။

James Kim ဟာ ဆိုးလ်မြို့အခြေစိုက် အာဆီယံ မူဝါဒ လေ့လာရေးဌာနက အကြီးတန်း သုတေသီတဦးပါ။ သူက သမ္မတသစ် အနေနဲ့ မြောက်ကိုရီးယားကို သွားရောက်သင့်တဲ့ မှန်ကန်တဲ့ အခြေအနေတွေဟာ ဘာတွေ ဖြစ်နိုင်တယ်ဆိုတာ အခုလို ရှင်းပြပါတယ်။

“မြောက်ကိုရီးယားအပေါ် ဖိအားပေးတဲ့ တချိန်ထဲမှာပဲ ထိတွေ့ ဆက်ဆံရေးဆိုတဲ့ သမ္မတ Donald Trump ရဲ့ မူဝါဒကို ထောက်ခံကြောင်း သမ္မတ မွန်ဂျေအင်းက ပြောထားဘူးပါတယ်။ နောက်ပြီးတော့ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ ဆိုတဲ့နေရာမှာ မြောက်ကိုရီးယားဘက်က လက်ရှိ လုပ်ဆောင်နေတဲ့ နျူကလီးယားနဲ့ ဒုံးကျည် စမ်းသပ်မှုတွေ ရပ်တန့်မှ ဖြစ်နိုင်မယ်လို့လည်း သမ္မတသစ်က ပြောထားပါတယ်။

အဆုံးသတ်မှာတော့ နျူကလီးယား လုံးဝကင်းမဲ့တဲ့ ကိုရီးယားကျွန်းဆွယ် ဖြစ်လာရေးကို ဦးတည်တာပေါ့လေ။ အဲဒီလို အဆင့်ဆင့် လိုအပ်ချက်တွေကို မြောက်ကိုရီးယားက လိုက်နာတာအပြင် နျူကလီးယား ကင်းမဲ့ဇုံဖြစ်ရေးကို သဘောမတူဘူးဆိုရင်တော့ အဲဒါဟာ တွေ့ဆုံရေးအတွက် မှန်ကန်တဲ့ အခြေအနေမဟုတ်ဘူးလို့ သမ္မတသစ် မွန်ဂျေအင်းက ပြောထားပါတယ်။”

အကျင့်ပျက် ခြစားမှုတွေနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ သမ္မတဟောင်း Park Geun-hye ကို ရာထူးက ဖြုတ်ချခံရပြီးတဲ့နောက် မတူညီတဲ့ လမ်းကြောင်းကို ရွေးချယ်မယ့် ခေါင်းဆောင်သစ်ကို ရွေးကောက် တင်မြှောက်ချင်ကြတဲ့ တောင်ကိုရီးယား နိုင်ငံသားတွေ ဆန္ဒပြည့်သွားခဲ့ကြတယ်လို့လည်း James Kim က ပြောပါတယ်။

သမ္မတ မွန်ဂျေအင်းအနေနဲ့ အခုချိန်မှာ လုပ်ဆောင်ရမှာကတော့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေမှာ ပေးခဲ့တဲ့ ကတိအတိုင်း အကျင့်ပျက် ခြစားမှု တိုက်ဖျက်တာ၊ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးတာ၊ chaebol လို့ခေါ်တဲ့ စီးပွား အင်အားကြီးမားတဲ့ ကော်ပိုရေးရှင်းကြီးတွေရဲ့ သြဇာလွှမ်းမိုးမှုနဲ့ မသမာတဲ့ လုပ်ရပ်တွေကို တိုက်ဖျက်သွားရေး စတာတွေကို သဘောထား ကွဲပြားနေတဲ့ လွှတ်တော်နဲ့ လက်တွဲ လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။

ကိုဇော်ဝင်းလှိုင်/ ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.