KNPP ကရင်နီ ၁၃ ကြိမ်မြောက် ကွန်ကရက်ပြီးဆုံး ဥက္ကဌ အဖြစ် ခွန်းအေဘယ်လ်တွိဒ် ပြန်လည်ရွေးချယ်ခံရ


မေလ ၁၁ ရက် ၂၀၁၇

သက်တမ်းရှည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNPP ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ ၏ ၁၃ ကြိမ်မြောက် ကွန်ကရက်အား ထိုင်း- ကရင်နီနယ်စပ် ညာမိုကုန်းတွင် ကျင်းပခဲ့ပြီး ဥက္ကဌ အသစ်ရွေးချယ်ရာ လက်ရှိ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်နေသူ ခွန်းအေဘယ်လ်တွိဒ် ပြန်လည် ရွေးချယ်ခံရကြောင်း သိရသည်။

NCA လက်မှတ်ရေးထိုးရေးအတွက် ဆွေးနွေးနေသည့် DPN တွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန် ယူနေပြီး UNFC တွင်လည်း ထိပ်တန်းတာဝန်ယူထားသည့် ကရင်နီ အဖွဲ့၏ ကွန်ကရက်မှာ ကွန်ကရက်အပြီး NCA လက်မှတ်ထိုးမထိုး ဆိုသည့် ကိစ္စရပ်များ ပေါ်ထွက်လာဖွယ်ရှိသည့်အတွက် စောင့်ကြည့်လေ့လာမှုများ ရှိခဲ့သော်လည်း ယခင်ဥက္ကဌကသာ အရွေးခံရခြင်းဖြစ်ကြောင်း သိရသည်။

" (၁၃) ကြိမ်မြောက် ပါတီညီလာခံမှာ၊ ဥက္ကဌဟောင်း ရဲဘော်အေဘယ်တွဒ်ကိုဘဲ တစ်ညီတစ်ညွတ်ထဲ၊ မဲခွဲရွေးချယ် ခဲ့ပါတယ်။ ကရင်နီခေါင်းဆောင်တွေဟာ၊ တန်းတူရေးကို အခြေခံတဲ့တွေ့ဆုံဆွေးနွေး ရေးကို ကြိုဆိုပါတယ်။ တဖက် သတ် ဖြစ်မဲ့ ငြိမ်းချမ်းရေးကိုတော့ သူတို့ လက်ခံနိုင်မှာမဟုတ် ပါဘူး။" ဟု ကွန်ကရက်အား လေ့လာသူအဖြစ် တက်ရောက် ခဲ့သည့် ကိုထူးချစ်က ၄င်း၏ ဖေ့ဘုပ်စာမျက်နှာ တွင် မေလ ၁၁ ရက်နေ့က ရေးသားထားသည်။

ကွန်ကရက်အား မေလ ၃ ရက်နေ့မှ စတင်ကျင်းပခဲ့ခြင်းဖြစ် ကာ မေလ ၁၀ ရက်နေ့တွင် အဆုံးသတ် ခဲ့ခြင်းဖြစ်သည်။

ကွန်ကရက် မစတင်ခင်က လက်ရှိ ပါတီ ဒုတိယ ဥက္ကဌ အဖြစ် ထမ်းဆောင်နေပြီး ယူအန်အက်ဖ်စီ ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရာယ်ကောင်စီတွင် အထွေထွေ အတွင်းရေး မှူး ရာထူး ရယူ ထားသူ ခူးဦးရယ် အရွေးခံရပါက NCA အပစ်ရပ်လက်မှတ်ရေးထိုးရေး မြန်ဆန်လာဖွယ် ရှိသည် ဟု အကဲဖြတ်မှုများ ရှိခဲ့သော်လည်း ခူးဦးရယ်မှာ ၀င်ရောက် အရွေးမခံခဲ့ပေ။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ NCA လက်မှတ်ရေးထိုးရန် အလားအလာကောင်းသည်ဟု ထုတ်ဖော်ပြော ဆိုသည့် အဖွဲ့ ၅ ဖွဲ့ စာရင်းတွင် ပါဝင်ခဲ့ပြီး လက်ရှိ သတင်းများအရ KNPPမှာ ၂၁ ပင်လုံ ဒုတိယ အကြိမ်မတိုင်မှီတွင် NCA အပစ်ရပ် လက်မှတ်ရေးထိုးရန် အလားအလာ မရှိနိုင်လောက်အောင်နည်းသွားပြီဟု ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာစောင့်ကြည့်နေသူများက ဆိုသည်။

”ကရင်နီပြည်နယ်ထဲမှာ လွန်ခဲ့တဲ့ စစ်အစိုးရအဆက်ဆက်က၊ လူအခွင့်အရေးချိုးဖေါက်တာတွေ၊ မြေယာသိမ်း ဆီးမှုတွေ၊ ဥပဒေမဲ့ ညှင်းဆဲသတ်ဖြတ်မှုတွေ၊ ဒေသခံတိုင်းရင်းသူတွေ၊ မုဒိမ်းကျင့်ခံရမှုတွေ အတင်း အဓမ္မကျေးရွာတွေပြောင်းရွေ့ ခံရမှုတွေဟာ၊ သူ့မျက်စိနဲ့ တိုက်ရိုက်မြင်ခဲ့ရတာလို့” ကရင်နီအမျိုးသားတပ်မတော်ရဲ့ ဒုတိယ၊စစ်ဦးချုပ်၊ ဗိုလ်ချုပ်အောင်မြတ်ကပြောသည်။

"ကရင်နီပြည်နယ်၊တိုးတက်ဖို့၊ ငြိမ်းချမ်းရေးရဖို့၊ ကရင်နီခေါင်းဆောင်တိုင်းက၊ စိတ်အားထက်သန်နေကြပါ တယ်။ အကောင်းဆုံးကိုတော့ သူတို့ မျော်လင့် နေပါတယ်။ ဒါပေမဲ့အဆိုး ဆုံးအတွက်လဲ သူတို့ ပြင်ဆင်ထားပုံပါတယ်။" ဟု အရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူ ကိုထူးချစ်က ဆိုသည်။

ဒေသတွင်းအခြေစိုက် ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးကမူ ‘ KNPP က ဥက္ကဌဟောင်းပဲ ဆက်အရွေးခံရ တာဆိုတော့ မူဝါဒက ကြီးကြီးမားမား ပြောင်းမဲ့ပုံမရှိဘူး။ အရင်ကလည်း တန်းတူညီမျှရှိတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တို့ နိုင်ငံရေးအရ ခိုင်မာဖို့တို့ မူကို ဆက်စွဲကိုင်မဲ့ သဘောရှိနေတဲ့ အတွက် NCA မှာ လွယ်လွယ်ကူကူနဲ့ လက်မှတ်ထိုးဖို့တော့ မလွယ်သေးဘူးလို့ ကောက်ချက်ချလို့ ရနေတယ်။ ‘ ဟု သုံးသပ်သည်။
KNPPမှ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူနေသည့် DPN အဖွဲ့မှ အစိုးရနှင့် NCA လက်မှတ်ရေးထိုးရန်အတွက် အချက် ၉ ချက် တင်ပြထားပြီး အရေးကြီးသည့် အချက်အများစုမှာ သဘောတူညီမှု မရသေးကြောင်းလည်း သိရသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှာ ၁၉၄၉ ခုနစ်တွင် ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် အပစ်ရပ် သက်တမ်းအတိုဆုံးအဖွဲ့အဖြစ် မှတ်တမ်းဝင်ထားပါသည်။

သျှမ်းသံတော်ဆင့်/ စိုင်းအောင်ဆိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.