အထူးစီးပွားရေးဇုန် လယ်မြေတစ်ဧကကို ကျပ်သိန်း ၉၀၀ ပေးရန် လယ်သမားများ တောင်းဆို

(ဓာတ်ပုံ၊ အထူးစီးပွားရေးဇုန်အတွက် မြေဧက(၂၅၀)တိုင်းထားသောနေရာ)
နိရဉ္စရာ၊ ဇွန် ၁၉

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကော်မတီဥက္ကဌနှင့် လယ်သမားများနှင့် တွေ့ဆုံ ရာတွင် လယ်မြေတစ်ဧကကို ကျပ်သိန်း(၉၀၀)ပေးရန် လယ်သမားများမှ တောင်းဆို ခဲ့ကြောင်းသတင်းရရှိသည်။

ကျောက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျောက်ဖြူ အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဒေါက်တာစိုးဝင်း၊ ဒုဥက္ကဌ(၁) ရခိုင် ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးကျော်အေးသိန်း၊ ဒုဥက္ကဌ(၂) ဒေါက်တာ ဦးမောင်တို့နှင့် လယ်သမားများ ဇွန်လ(၁၉)ရက် နံနက်(၉) နာရီခန့်က တွေ့ဆုံရာတွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

‘‘ လယ်မြေတစ်ဧကကို ကျပ်သိန်း(၉၀၀)၊ ဥယျာဉ်မြေတစ်ဧကကို ကျပ်သိန်း(၇၀၀)နဲ့ အစိုးရက မြေလွတ်မြေရိုင်းလို့ ခေါ်ဆိုနေတဲ့ နွားစားကျက်တွေ၊ တောင်တွေကို တစ်ဧကကို ကျပ်သိန်း(၅၀၀)ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ကျနော်တို့ လယ်သမားတွေ ဆွေးနွေးပြီး စုပေါင်းတောင်းဆိုကြတာပါ။ ကျနော်တို့ တောင်းဆိုချက် တွေကို စာနဲ့လည်းပေးလိုက်ပါတယ်’’ဟု ပထမဆုံး သိမ်းဆည်း ခံရမည့်ဧက(၂၅၀)တွင် မြေယာ(၅)ဧကပိုင်ဆိုင်သူ ဦးစောမောင်နု ကပြောသည်။

သိမ်းဆည်းမြေယာအတွက် လျော်ကြေးပေးအပ်ပြီးနောက် မြေအစားထိုးပေးရေးနှင့် မြေယာသိမ်းဆည်းခံရသူမိသားစုများ၏ ပညာရေး၊ ကျန်းမာရေး တို့ကိုလည်း တာဝန်ယူပေးရမည်ဟု တောင်းဆိုလိုက်ကြောင်း သူကဆက်လက်ပြောကြားခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် သတ်မှတ်ထားသည့် မြေယာ (၄၂၈၉.၃၂)ဧကအနက် မြေဧက(၂၅၀)သိမ်းဆည်းရန် ပထမဆုံးလျာထားခံရသော မြေယာပိုင်ရှင်များနှင့် သီးသန့်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

သိမ်းဆည်းရန်လျာထားခံရသော မြေယာဧက(၂၅၀)တွင် လယ်မြေ(၈) ဧက ပိုင်ဆိုင်သူ ပျားတဲကျေးရွာမှလယ်သမား ဦးဆူလှအောင်က‘‘ ကျနော်မှာ အဲဒီ နေရာမှာ လယ်(၈)ဧက ပါသွားတယ်။ မတိုင်းဘဲကျန်ခဲ့တာ(၃)ဧကပါ။ တစ်ချို့ဆိုရင် အဲဒီနေရာမှာပဲ အကုန်လုံးပါသွားတယ်။ လျော်ကြေးနည်းနည်း ပါးပါးနဲ့ သိမ်းယူ သွားမှာကို စိုးရိမ်မိတယ်။ လယ်သမားတွေကတော့ တောင်းဆိုချက်တွေကို စာနဲ့လည်း ပေးလိုက်တယ်။ သူတို့ကတော့ ပြောတာကတော့ တိုးတက်မှု ရှိအောင်လုပ်ပေးမယ်။ လျှော်ကြေးငွေကို အပေါ်မှာ ဆွေးနွေးရအုံးမယ်လို့ ပြောသွားတယ်’’ဟုပြောသည်။

အထူးစီးပွားရေးဇုန်အတွက် ပထမဆုံး မြေယာသိမ်းဆည်းရန် လျာထားသော မြေဧက(၂၅၀)မှာ ကျောက်ဖြူမြို့၏ တောင်ဘက် (၁၁)မိုင်ခန့် ကွာဝေးသော လမ်းဆုံ-ဓည၀တီရေတပ်စခန်းဌနာချုပ်လမ်း၏ ၀ဲယာတွင်ဖြစ်သည်။ ဇိုင်ချောင်း အနောက်ကွင်းနှင့် သဖန်းခါးမြောက်ကွင်းဖြစ်ကြောင်းသိရသည်။

၎င်းမြေဧက(၂၅၀)တွင် သိုင်းချောင်း၊ ကပ်သပြေ၊ ကန္ဒီး၊ ချောင်းဝ စသည့် ကျေးရွာ အုပ်စုများမှ လယ်သမား(၇၀)ကျော်ခန့်ပိုင်ဆိုင်ကြောင်းသိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီအနေဖြင့် အစိုးရသစ်လက်ထက် ကျောက်ဖြူခရီးစဉ် ပထအကြိမ်က ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် မြို့ခံများ၊ လယ်သမားများနှင့်တွေ့ဆုံခဲ့သည်။ ယခုဒုတိယအကြိမ်တွင် မြေဧက(၂၅၀)အတွင်းမှ လယ်သမားနှင့်သာတွေ့ဆုံ၍ ပါတီ၊ အရပ်ဘက်အဖွဲ့အစည်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ခြင်းမရှိ၍ ဝေဖန်မှုများရှိသည်။

ကျော်ဝင်း၊ ကျောက်ဖြူ
Narinjara
https://www.facebook.com/Narinjara
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.